← Chapters

အခန်း (၇၈၅-၇၈၆)

Vol. 79 Ch. 785-786

အခန်း (၇၈၅-၇၈၆)

Vol. 79 Ch. 785-786

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၈၅ + ၇၈၆

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ပေမင်ဓားဂိုဏ်း၏ အမြင့်ဆုံးသော မျောင်ဖုန်းမဏ္ဍပ်အတွင်း၌ နတ်ဝိမာန်တစ်ခုပမာ လှပတင့်တယ်​နေလေသည်။ မဏ္ဍပ်အတွင်းတွင် နတ်မိမယ်တစ်ပါး နေထိုင်လေ၏။

နတ်မိမယ်ထက်ပင် ပို၍လှပသော ထိုအမျိုးသမီး၏ မျက်နှာလေးမှာ အလင်းရောင်များ ဖြာထွက်နေသည့်အလား တောက်ပနေပြီး နီရှန်နတ်မိမယ်ထက်ပင် ပို၍ လှပနေလေသည်။

သူမသည် ပန်းချီဆွဲနေ၏။ ပန်းချီကားထဲရှိ လူမှာ တုပိုင် ဖြစ်သည်။ ပန်းချီကားမှာ အလွန်တရာ အသက်ဝင်လှပြီး ဓာတ်ပုံရိုက်ကူးထားသည့်အလား ထပ်တူကျနေပေသည်။ ကြီးမားသော တစ်ကိုယ်လုံးစာ ဓာတ်ပုံကြီးတစ်ပုံကဲ့သို့ပင် တုပိုင်၏ မျက်လုံးသူငယ်အိမ်များကိုပင် အလွန် ရှင်းလင်းတောက်ပစွာ ရေးဆွဲထားလေ၏။

ပန်းချီကားထဲရှိ တုပိုင်သည် နက်နဲဆန်းကြယ်ကာ ဩဇာတိက္ကမ ကြီးမားနေပြီး မိစ္ဆာဆန်ဆန် ညှို့ယူဖမ်းစားနိုင်စွမ်းရှိကာ စိုးရိမ်ပူပန်နေပုံရလေသည်။ သူ၏ မျက်မှောင်ကြုတ်နေသော မျက်ခုံးများက သူ အလွန် စိတ်မရှည်ဖြစ်နေကြောင်းကို အခြားသူများအား အချိန်ပြည့် ပြောပြနေသည့်အလားပင်။

ပန်းချီကားထဲမှနေ၍ပင် တုပိုင်၏ အံ့မခန်း ယောက်ျားပီသသော ဆွဲဆောင်မှုအားကို ခံစားသိရှိနိုင်ပေသည်။ အမှန်တကယ်ပင် ကာမစိတ်ကြွဆေးတစ်ခွက်ကဲ့သို့ ခံစားရစေ၏။

တုပိုင်အား ဆွဲပြီးနောက်တွင် သူမက မှန်တစ်ချပ်ကို ထပ်မံ ရေးဆွဲလိုက်သည်။ ပန်းချီကားထဲရှိ အခြေအနေမှာ တုပိုင်က မှန်ထဲသို့ ကြည့်နေသည့်ပုံ ဖြစ်လေသည်။

ထို့နောက် သူမသည် မှန်ထဲရှိ ပုံရိပ်ကို ဆက်လက်ရေးဆွဲနေ၏။ သို့သော် ယခုအခေါက်၌ တုပိုင်၏ ပုံစံမဟုတ်တော့ဘဲ မိစ္ဆာတစ်ကောင် ဖြစ်နေလေသည်။ ခန္ဓာကိုယ်ပေါ်တွင် နဂါးအကြေးခွံများရှိပြီး ခေါင်းပေါ်တွင် မိစ္ဆာချိုများ ပေါက်နေသော မိစ္ဆာတစ်ကောင် ဖြစ်၏။

အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းလှပေသည်။

"အင်းးး"

ရုတ်တရက် အမျိုးသမီးက တိုးညှင်းစွာ ညည်းတွားလိုက်ပြီးနောက် သူမ၏ ဗိုက်ကို မလှမ်းမကိုင်ဘဲ မနေနိုင်တော့ချေ။ အောက်သို့ ငုံ့ကြည့်လိုက်ရာ သူမ၏ ဗိုက်မှာ အလွန် ကြီးမားနေပြီဖြစ်ပြီး ကိုယ်ဝန်လွယ်ထားရသည်မှာ ရှစ်လကျော်ပင် ရှိနေပြီ ဖြစ်သည်။

ဗိုက်ထဲရှိ ကလေးလေးမှာ အလွန် သန်စွမ်းလှပြီး ခြေထောက်သေးသေးလေးဖြင့် တစ်ချက် ကန်လိုက်တိုင်း သူမမှာ နာကျင်ရလေ၏။ ဤအမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ ပေမင်ဂိုဏ်းသခင်၏ ဇနီးဖြစ်သူ ကျီကျန်ယန် ပင်ဖြစ်သည်။

သူမသည် ကိုယ်ဝန်ရရှိလာပြီးချိန်မှစ၍ ပိုမို နုပျိုလှပလာခဲ့လေသည်။ လက်ရှိအချိန်တွင် သူမသာ နီရှန်နတ်မိမယ်နှင့် အတူယှဉ်ရပ်လိုက်ပါက ပို၍ပင် လှပနေမည်ဖြစ်ပြီး သူတို့နှစ်ဦးမှာ ညီအစ်မအရင်းများအလား ထင်ရကာ နီရှန်နတ်မိမယ်ထက် အများဆုံး နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့်သာ ပိုကြီးပုံရလေသည်။

ကျီကျန်ယန်က သူမ၏ ဗိုက်ကို ပွတ်သပ်ရင်း ညင်သာစွာ ပြောလိုက်၏။ "ကလေးလေး... မင်းက သိပ်ကို လောနေပြီလား"

အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ကျီကျန်ယန် ပြော၏။ "ဝင်ခဲ့ပါ"

ပေမင်ဂိုဏ်းသခင် နင်တောက်ရွှမ် ဝင်လာပြီး ကျီကျန်ယန်၏ အနောက်တွင် တိတ်ဆိတ်စွာ ရပ်ကာ သူမ၏ လက်ရာကို ဦးစွာ ကြည့်ရှုနေလေသည်။

နင်တောက်ရွှမ်က ပြောလိုက်၏။ "ပန်းချီကားက တကယ်ကို ကောင်းတာပဲ"

ကျီကျန်ယန်က ပြုံးလိုက်ပြီးနောက် မှန်ထဲရှိ မိစ္ဆာကို ဆက်လက် ရေးဆွဲနေလေသည်။

ကျီကျန်ယန်က စိုးရိမ်ပူပန်သည့် ဟန်ဖြင့် ပြောလိုက်၏။ "ရှင်က နောက်ဆုံးတော့လည်း ဖန်းချန်ကိုပဲ ရွေးချယ်ခဲ့တာပဲ"

နင်တောက်ရွှမ်က ပြောသည်။ "မင်းကလည်း တုပိုင်ကို ရွေးချယ်ခဲ့တာပဲလေ"

ကျီကျန်ယန်က ပြောလိုက်၏။ "သူက ကျွန်မကို ကိုယ်ဝန်ရစေနိုင်လို့လေ"

ထို့နောက် ကျီကျန်ယန်က မေးလိုက်သည်။ "ဒီကမ္ဘာလောကကြီးက နောက်ဆုံးတော့ သူတို့နှစ်ယောက်တည်းရဲ့ အရာပဲလား"

နင်တောက်ရွှမ်က ပြန်ဖြေ၏။ "ဖန်းချန်ရဲ့ အရာပါ"

ကျီကျန်ယန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။ "ရှင်က ဘာလို့ အဲဒီလို မြင်ရတာလဲ"

နင်တောက်ရွှမ်က ရှင်းပြလိုက်၏။ "တုပိုင်နဲ့ ပတ်သက်သမျှ အရာအားလုံးကို ဖောက်ထွင်းမြင်နေရပြီလေ။ သူက ဖန်းချန်ရဲ့ မျက်စိရှေ့မှာ အကြည်ရောင်လို ဖြစ်နေပြီ။ ဒါပေမဲ့ တုပိုင် ဖန်းချန်ကို မြင်ရတာကတော့ ဧရာမ နဂါးကြီးတစ်ကောင်ရဲ့ အကြေးခွံနဲ့ လက်သည်းတချို့လောက်ပဲ ရှိသေးတယ်"

ကျီကျန်ယန်က ထပ်၍ စကားမပြောတော့ဘဲ ပန်းချီကိုသာ ဆက်ဆွဲနေလိုက်၏။

နင်တောက်ရွှမ်ကလည်း ထပ်၍ စကားမပြောတော့ဘဲ ကျီကျန်ယန် ပန်းချီဆွဲနေသည်ကိုသာ တိတ်ဆိတ်စွာ ကြည့်နေတော့သည်။

အချိန်အတော်ကြာမြင့်သွားလေ၏။

ကျီကျန်ယန်က မေးလိုက်၏။ "တုပိုင်နဲ့ ဖန်းချန် ၊ သူတို့နှစ်ယောက်ထဲက ဘယ်သူက ပေမင်ဘိုးဘေးတွေရဲ့ ဟောကိန်းထဲက တာဝန်ရှင် ကောင်းကင်သခင် ဖြစ်မလဲဆိုတာကိုရော ရှင် ဆုံးဖြတ်နိုင်ပြီလား"

နင်တောက်ရွှမ်က ခေါင်းခါယမ်းလိုက်ပြီး ပြောသည်။ "ဒီလူနှစ်ယောက်စလုံးက ပေမင်ဘိုးဘေးတွေရဲ့ ဟောကိန်းတွေနဲ့ အတိအကျ ကိုက်ညီနေတော့ ဘယ်သူလဲဆိုတာကို ဆုံးဖြတ်ဖို့ နည်းလမ်းမရှိဘူး။ ဒါပေမဲ့ ငါက ဖန်းချန်ကို ရွေးချယ်ပြီးသားဆိုတော့ ထပ်ပြီး ဆုံးဖြတ်နေစရာ မလိုတော့ပါဘူး"

ကျီကျန်ယန်က ပြောလိုက်၏။ "သူတို့ကြားက အဆုံးအဖြတ်တိုက်ပွဲက မကြာခင် ရောက်လာတော့မယ်။ နောက်ဆုံးအချိန်အထိ အသက်ရှင်ကျန်ရစ်သူကမှ အစစ်အမှန် ကံတရားရဲ့သခင် ၊ ကံကြမ္မာရဲ့အရှင်သခင် ဖြစ်လာမှာပဲ"

နင်တောက်ရွှမ်က ပြောသည်။ "ငါ့ရဲ့ အမြင်ကတော့ အဲဒီအတိုင်းပဲ။ ဟောကိန်းတွေကို ဘယ်လိုလုပ် အားကိုးရမှာလဲ။ ကံတရားကို ဘယ်လိုလုပ် အားကိုးရမှာလဲ။ အဲဒါတွေ အားလုံးက မှားယွင်းနေတယ်။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာ"

ထို့နောက် နင်တောက်ရွှမ်က ထပ်မံ သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။ "သေချာတာပေါ့လေ ၊ ငါတို့ခေတ်မှာတော့ မျှော်လင့်ချက် မရှိတော့ဘူးလို့ ဆိုနိုင်ပေမယ့် မျှော်လင့်ချက်က မင်းရဲ့ ဗိုက်ထဲမှာ ရှိနေတာများလား"

ကျီကျန်ယန်က သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနူးညံ့သော လက်ကလေးကို ဆန့်ထုတ်လိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး မူလက လှပနေသော လက်ကလေးပေါ်တွင် ထူးဆန်းသော အသွင်အပြင်တစ်ခု ပေါ်လာလေ၏။

ထိုအသွင်အပြင်မှာ လူသားများ၏ အသားအရေနှင့် လုံးဝ မတူညီဘဲ အားကောင်းသော မိစ္ဆာတစ်ကောင်နှင့် ပို၍ တူနေပေသည်။ ထိုသည်က တုပိုင်၏ ရေနဂါး မဟုတ်သလို ၊ မိုဟန်၏ အရောင်ပြောင်းလဲနိုင်သော ရေနဂါးလည်း မဟုတ်ဘဲ ထူးဆန်းပြီး အားကောင်းသော မျိုးစိတ်တစ်ခု ဖြစ်လေ၏။

ကျီကျန်ယန်က ပြောလိုက်သည်။ "သူတို့ မကြာခင် ရောက်လာတော့မယ်"

နင်တောက်ရွှမ်က ပြော၏။ "ဟုတ်တယ် ၊ မကြာခင် ရောက်လာလိမ့်မယ်။ ကမ္ဘာစစ်ကြီး ဖြစ်ပွားတော့မယ်"

ကျီကျန်ယန်က မေးသည်။ "မီးနတ်ဘုရားဂိုဏ်းသခင်နဲ့ ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းတို့ ပူးပေါင်းပြီး ငါတို့ရဲ့ ပေမင်ဓားဂိုဏ်းကို တိုက်ခိုက်မယ့်ကိစ္စကို တုပိုင် သိမယ်လို့ ရှင် ထင်လား"

နင်တောက်ရွှမ်က ပြန်ဖြေ၏။ "သူ သေချာပေါက် သိလောက်ပါတယ်။ ဘာပဲဖြစ်ဖြစ် လီဝမ်ဝမ်က သူရဲ့ဘေးမှာ အချိန်အတော်ကြာ ရှိနေခဲ့တာပဲလေ"

ကျီကျန်ယန်က မေးလိုက်၏။ "ဒါဆိုရင် ဘာလို့ သူက မတားဆီးခဲ့တာလဲ"

နင်တောက်ရွှမ်က ပြောသည်။ "သူက တားဆီးလို့ မရဘူးလေ။ ပြီးတော့ သူ့စိတ်ထဲမှာ ပေမင်ဓားဂိုဏ်းက သူ့အပိုင်ပဲ"

**--**--**--**--**--**--**--**

ပင်လယ်ပြင်ပေါ်၌။

မီးနတ်ဘုရားဂိုဏ်း ၊ ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်း နှင့် ထောင်နှင့်ချီသော မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များသည် လှိုင်းလုံးများကို နင်းကာ ဆက်လက် လျှောက်လှမ်းလာနေကြ၏။

ကောင်းကင်ယံမှ အောက်သို့ ငုံ့ကြည့်လိုက်ပါက ဤမြင်ကွင်းမှာ အလွန်တရာ လှပနေသည်။

ကောင်းကင်ယံမှ ကြယ်ပွင့်လေးများ တစ်ပွင့်ပြီးတစ်ပွင့် ဖြတ်သန်းသွားသည့်အလားပင်။ ရှည်လျားသော အလင်းရောင်အရိပ်တစ်ခုကဲ့သို့ ပင်လယ်ပြင်ပေါ်တွင် လျင်မြန်စွာ လျှောတိုက်ရွေ့လျားနေကြသည်။

ပေမင်ဓားဂိုဏ်းဆီသို့ တဖြည်းဖြည်း ပို၍ နီးကပ်လာနေလေပြီ။

မိုင်တစ်ရာ။

မိုင်ငါးဆယ်။

မိုင်သုံးဆယ်။

ဆယ်မိုင်။

ရှေ့တွင်ရှိနေသည်မှာ ပေမင်ဓားဂိုဏ်း၏ စွမ်းအင်နယ်နိမိတ် ဖြစ်လေသည်။

အကယ်၍ ပေမင်ဓားဂိုဏ်း၏ ကြယ်ငါးပွင့် စွမ်းအင်အစီအရင်သာ ပျက်စီးမနေခဲ့ပါက ဤစွမ်းအင်နယ်နိမိတ်အတွင်းသို့ သူတို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ကပ်ဘေးဆိုက်သွားမည် ဖြစ်၏။

မဟာဆရာသခင်အဆင့် သိုင်းပညာရှင် တစ်ထောင်ဆိုသည်မှာ အလွန်တရာ အားကောင်းလှပေသည်။

သို့သော်လည်း ပေမင်ဓားဂိုဏ်း၏ ကြယ်ငါးပွင့် စွမ်းအင်အစီအရင်ကို အခြားကမ္ဘာမှ စွမ်းအင်ဥက္ကာပျံ ကျောက်သလင်း ဆယ့်တစ်တုံးဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ပြီး ပါဝင်သော စွမ်းအင်များမှာ ပြိုင်ဘက်ကင်းလောက်အောင် အားကောင်းလှသည်။

အခြားကမ္ဘာတစ်ခု၏ ကောင်းကင်နှင့်မြေကြီး စွမ်းအားများဖြစ်ရာ မဟာဆရာသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်နေလျှင်တောင်မှ ခုခံနိုင်စွမ်းရှိမည့် အရာမျိုး မဟုတ်ပေ။

မီးနတ်ဘုရားဂိုဏ်းမှ အကြီးအကဲတစ်ဦးက ပြောလိုက်၏။ "သွားပြီး စုံစမ်းချေ၊ ပေမင်ဓားဂိုဏ်းရဲ့ ကြယ်ငါးပွင့် စွမ်းအင်အစီအရင်က လုံးဝ ပျက်စီးသွားပြီလားဆိုတာကိုလေ"

"အမိန့်အတိုင်းပါ"

မီးနတ်ဘုရားဂိုဏ်းမှ မဟာဆရာသခင်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦး၏ ပုံရိပ်မှာ လွင့်မျောထွက်ခွာသွားလေသည်။

မကြာမီတွင် သူသည် ပေမင်ဓားဂိုဏ်း၏ စွမ်းအင်နယ်နိမိတ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် မျက်လုံးများကိုမှိတ်ကာ ကြယ်ငါးပွင့် စွမ်းအင်အစီအရင် တစ်ခုလုံးကို စတင် အာရုံခံကြည့်လေ၏။

အချိန်အနည်းငယ် ကြာပြီးနောက် သူက မျက်လုံးများကို ဖွင့်လိုက်ပြီး ပြောလိုက်သည်။ "ဟုတ်ပါတယ်၊ ကြယ်ငါးပွင့် စွမ်းအင်အစီအရင်က ဟောင်းနွမ်းယိုယွင်းနေပြီး ထောင့်တစ်နေရာက ပျောက်ဆုံးနေပါပြီ"

မီးနတ်ဘုရားဂိုဏ်း အကြီးအကဲက အမိန့်ပေးလိုက်၏။ "အဖွဲ့ဝင်အားလုံး စွမ်းအင်နယ်နိမိတ်ရဲ့ သုံးပုံတစ်ပုံအထိ ဝင်ရောက်ကြ"

မဟာဆရာသခင်အဆင့် သိုင်းပညာရှင် သုံးရာသုံးဆယ့်သုံးဦးသည် အမိန့်ရရှိသည်နှင့် တစ်ပြိုင်နက် ပေမင်ဓားဂိုဏ်း၏ စွမ်းအင်နယ်နိမိတ်အတွင်းသို့ အပြေးအလွှား ဝင်ရောက်သွားကြလေသည်။

သို့သော်လည်း နောက်တစ်စက္ကန့်တွင်ပင်။

"ရွှစ်းးး ရွှစ်းးး ရွှစ်းးး"

မျက်နှာချင်းဆိုင် ပင်လယ်ပြင်ပေါ်၌ မရေမတွက်နိုင်သော အလင်းရောင်နှင့် အရိပ်များ လင်းလက်သွားလေ၏။

ဦးဆောင်လာသူမှာ ပေမင်ဓားဂိုဏ်း၏ ဂိုဏ်းသခင် နင်တောက်ရွှမ် ဖြစ်ပြီး သူ၏နောက်တွင် လူရာပေါင်းများစွာက သိပ်သည်းစွာ ပါလာကြလေသည်။

ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များ အားလုံး ထွက်ပေါ်လာကြခြင်းဖြစ်ပြီး တုပိုင်၏ မိခင် ကျီမင်းကျစ် အပါအဝင် စုစုပေါင်း လူ ၆၉၃ ဦး ရှိလေသည်။

သို့သော်လည်း ပေမင်ဂိုဏ်းသခင်၏ ဇနီး ကျီကျန်ယန် ကတော့ ထိုအထဲတွင် မပါဝင်ချေ။

ဤမဟာဆရာသခင်အဆင့် သိုင်းပညာရှင် ခြောက်ရာကိုးဆယ့်သုံးဦးသည် လှိုင်းလုံးများပေါ်မှနေ၍ လျင်မြန်စွာ ရောက်ရှိလာကြခြင်း ဖြစ်သည်။

နှစ်ဖက်အဖွဲ့သည် ဆယ်မိုင်ခန့်အကွာမှ မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်ကြလေ၏။

နင်တောက်ရွှမ်က ပြောလိုက်သည်။ "မီးနတ်ဘုရားဂိုဏ်းက မိတ်ဆွေတွေ၊ ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းက မိတ်ဆွေတွေ၊ ငါတို့က ခြေသုံးချောင်းထောက် သုံးပွင့်ဆိုင် ရပ်တည်လာခဲ့ကြပြီး ငြိမ်းချမ်းစွာ ရှိနေခဲ့ကြတာပါ။ ဒီကနေ့ကျမှ ဘာလို့ ပူးပေါင်းပြီး ငါတို့ရဲ့ ပေမင်ဓားဂိုဏ်းကို ကျူးကျော်လာရတာလဲ"

မီးနတ်ဘုရားဂိုဏ်းမှ မဟာအကြီးအကဲက ပြောလိုက်၏။ "ဒီဟန်ချက်ညီမှုကို ဖျက်ဆီးလိုက်တာက အရှေ့ဘက် ပြည်ထောင်စုရဲ့ ဘုရင်လေး ဖန်းချန်ပဲ။ ဒီနေ့သာ ငါတို့ လှုပ်ရှားမှု မလုပ်ဘူးဆိုရင် နောင်တစ်ချိန်ကျရင် ပေမင်ဓားဂိုဏ်းနဲ့ အရှေ့ဘက် ပြည်ထောင်စုက တစ်ကမ္ဘာလုံးကို သိမ်းပိုက်ပေါင်းစည်းသွားလိမ့်မယ်"

နင်တောက်ရွှမ်က ပြန်ပြောသည်။ "ဖန်းချန်က ဖန်းချန်ပဲ၊ ပေမင်ဓားဂိုဏ်းက ပေမင်ဓားဂိုဏ်းပဲ။ နှစ်ခုက ဘာမှ မသက်ဆိုင်ဘူး"

ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်း၏ ဒုတိယဂိုဏ်းသခင်က ပြောလိုက်၏။ "အဆွေတော် နင်တောက်ရွှမ်၊ ထိပ်တန်း သိုင်းလောကကြီးက ဟန်ဆောင်မှုတွေနဲ့ ပြည့်နှက်နေတာပါ။ အခုလို ခင်ဗျားရဲ့ စကားတွေက ငါတို့ကို စော်ကားလိုက်တာပါပဲ၊ ပြီးတော့ ခင်ဗျားက ဒီစကားဝိုင်းကို အချိန်မတိုင်ခင် အဆုံးသတ်လိုက်ပြီ"

နင်တောက်ရွှမ်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "လူတိုင်းကို နောက်ဆုတ်ကြဖို့ နင်တောက်ရွှမ် တောင်းဆိုပါတယ်။ အရာအားလုံးကို ဆွေးနွေးညှိနှိုင်းမှုကနေတဆင့် ဖြေရှင်းလို့ ရပါတယ်။ ငါတို့ ပေမင်ဓားဂိုဏ်းရဲ့ စွမ်းအင်နယ်နိမိတ်က ရှေ့မှာ ရှိတယ်။ အဲဒီနယ်နိမိတ်ကို ဖြတ်ကျော်လာတာနဲ့ တစ်ပြိုင်နက် ကမ္ဘာစစ်ကြီး စတင်ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ"

မီးနတ်ဘုရားဂိုဏ်းမှ မဟာအကြီးအကဲက ပြောလိုက်၏။ "ငါတို့က ကမ္ဘာစစ်ကြီးကို လိုလားတယ်"

ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်း၏ ဒုတိယဂိုဏ်းသခင်ကလည်း ပြောသည်။ "ဟုတ်တယ်၊ ကမ္ဘာစစ်ကြီး ရောက်လာတော့မယ်ဆိုမှတော့ တားဆီးလို့ မရတော့ဘူးပေါ့"

မီးနတ်ဘုရားဂိုဏ်း၏ မဟာအကြီးအကဲက အမိန့်ပေးလိုက်၏။ "ရှေ့ကို ဆက်တက်ကြ"

ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်း၏ ဒုတိယဂိုဏ်းသခင်ကလည်း အမိန့်ပေးသည်။ "ရှေ့ကို ချီတက်"

ရုတ်တရက်ဆိုသလိုပင် မဟာဆရာသခင်အဆင့် သိုင်းပညာရှင် တစ်ထောင်သည် ပေမင်ဓားဂိုဏ်း၏ စွမ်းအင်နယ်နိမိတ်ဆီသို့ အပြေးအလွှား ချီတက်သွားကြပြီး ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင် ၆၉၃ ဦးတို့အား သတ်ဖြတ်ရန် တဟုန်ထိုး ဝင်ရောက်သွားလာကြ၏။

"ရွှစ်းးး ရွှစ်းးး ရွှစ်းးး"

မဟာဆရာသခင်အဆင့် သိုင်းပညာရှင် ၁ ထောင်ကျော်သည် ကြယ်တစ်ထောင်ကျော်ကဲ့သို့ လွင့်မျောသွားကြလေ၏။

သိုင်းလောက၏ အမြင့်ဆုံး ထိပ်တန်းကမ္ဘာစစ်ကြီး စတင်ပြီဖြစ်လေ၏။

**--**--**--**--**--**--**--**

၂၁ ရာစု ခေတ်သစ်ကမ္ဘာမြေ၊ ပန်းချီကားတစ်ချပ်ပမာ လှပကာ အလွန်တရာ စည်ကားသိုက်မြိုက်နေသော ဟန်ကျိုးမြို့၏ လူနေရပ်ကွက်တစ်ခုအတွင်း၌ ကျောက်စိမ်းလေးပမာ ဖြူဖွေးချစ်စရာကောင်းပြီး အသက် လေးငါးနှစ်အရွယ်ခန့်သာရှိသေးသော မိန်းကလေးငယ်တစ်ဦးသည် ချစ်စရာ ကျောပိုးအိတ်လေးကို လွယ်ကာ ခေါင်းငုံ့၍ အိမ်သို့ လမ်းလျှောက်ပြန်လာနေ၏။

သူမသည် အလွန်လှပလွန်းလှရာ လူအုပ်ထဲတွင်ပင် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိနေပြီး အမှန်တကယ်ပင် အရုပ်ကလေးတစ်ရုပ်နှင့် တူနေပေသည်။

သို့သော်လည်း သူမသည် အနည်းငယ် ပိန်ပါးသေးသွယ်နေပြီး ရွယ်တူကလေးများထက် ခေါင်းတစ်ဝက်ခန့် ပိုပုနေလေသည်။

သူငယ်တန်း ဆရာမက ဒူးထောက်ထိုင်ချလိုက်ပြီး ညင်သာစွာ မေးလိုက်၏။ "တုရှောင်... သမီးမေမေရော။ ဒီနေ့ သမီးကို လာမကြိုဘူးလား"

ကျောက်စိမ်းလေးပမာ ချစ်စရာကောင်းသော မိန်းကလေးငယ်က ပြန်ဖြေသည်။ "မေမေ အလုပ်များနေလို့နေမှာပါ"

သူငယ်တန်း ဆရာမက ပြောလိုက်၏။ "တီတီက သမီးကို အိမ်ပြန်ပို့ပေးရမလား"

မိန်းကလေးငယ်က ပြောလိုက်သည်။ "ရပါတယ်၊ သမီးဘာသာသမီး အိမ်ပြန်နိုင်ပါတယ်"

ဤသူငယ်တန်းကျောင်းသည် လူနေရပ်ကွက်အတွင်း၌ပင် ရှိနေသဖြင့် အန္တရာယ်တော့ မရှိလှပေ။ ထို့နောက် မိန်းကလေးငယ်သည် ဆရာမ၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ခေါင်းလေးငုံ့ကာ အိမ်သို့ ပြန်လာခဲ့လေ၏။

သူငယ်တန်းဆရာမသည် သူမ၏ သေးသွယ်သော ကျောပြင်လေးကို သံယောဇဉ်ဖြင့် ကြည့်နေမိသည်။ ဤမိန်းကလေးငယ်လေးမှာ တကယ်ကို သနားစရာကောင်းလှပြီး အလွန် ထက်မြက်သော်လည်း အပေါင်းအသင်းမလုပ်ဘဲ အမြဲတမ်း အထီးကျန်ဆန်နေတတ်၏။

ကျောင်းဆင်းချိန်ရောက်တိုင်း အခြားကလေးများကို မိဘများက လာကြိုကြပြီး အချို့ဆိုလျှင် မိဘများနှင့် အဘိုးအဘွားများပါ အတူတကွ လာရောက်ကြသော်လည်း သူမကတော့ အချိန်အများစုတွင် အိမ်သို့ တစ်ယောက်တည်းသာ ပြန်ရလေ့ရှိသည်။

ထို့ပြင် သူမသည် အလွန်လှပလွန်းသဖြင့် အခြားမိန်းကလေးများ၏ မနာလိုမှုကိုလည်း မကြာခဏ ခံရတတ်ပေသည်။

သူမ၏ ကျန်းမာရေးမှာ သိပ်မကောင်းလှသဖြင့် အသက်ငါးနှစ်အရွယ် ရှိနေပြီဖြစ်သော်လည်း လေးနှစ်အရွယ်သာ ရှိသေးပုံရလေ၏။

သူမသည် ပုံမှန်အားဖြင့် စကား လုံးဝမပြောတတ်သဖြင့် လူအများက သူမအား အော်တစ်ဇင်ရောဂါ ရှိနေသည်ဟုပင် သံသယဝင်ကြလေသည်။ သို့သော်လည်း သူမ ရေးဆွဲထားသည့် ပန်းချီကားများကို ကြည့်လိုက်သည်နှင့် သူမ၏ ရင်တွင်းခံစားချက်များ မည်မျှ ကြွယ်ဝပြီး သူမ မည်မျှ ထက်မြက်ကြောင်းကို သိရှိနိုင်ပေသည်။

ဆရာမတိုင်းက သူမကို အလွန်သဘောကျကြသော်လည်း သူမကတော့ အခြားသူများနှင့် ဆက်ဆံလိုစိတ် မရှိပေ။

မိန်းကလေးငယ်လေးသည် လမ်းကိုသာ စိုက်ကြည့်ရင်း ခေါင်းငုံ့ကာ အိမ်သို့ လမ်းလျှောက်လာခဲ့၏။ ရုတ်တရက် ဘေးနားမှ ကောင်လေးတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။ "တုရှောင်၊ တုရှောင်၊ အဖေမရှိတဲ့ ကလေးရိုင်းမလေး"

ထိုကောင်လေးမှာ သူမနှင့် တစ်တန်းတည်းဖြစ်သော ရွှီခန်း အမည်ရသည့် ကောင်လေးပင် ဖြစ်၏။ သူက သူမထက် အသက် ခြောက်လခန့် ပိုကြီးသော်လည်း အလွန် ထွားကြိုင်းသည်။

သူက သူမထက် ခေါင်းတစ်ဝက်ခန့် ပိုရှည်ပြီး ကိုယ်အလေးချိန်မှာလည်း သူမထက် နှစ်ဆခန့် ပိုလေးပေသည်။

တုရှောင်လေးမှာ အလွန်လှပပြီး အပေါင်းအသင်းမလုပ်ဘဲ နေတတ်သဖြင့် အတန်းထဲမှ မိန်းကလေးများက သူမကို မနာလိုဖြစ်ကြပြီး ယောကျ်ားလေးများကလည်း သူမ၏ အာရုံစိုက်မှုကို ရရှိစေရန်အတွက် သူမကို မကြာခဏ အနိုင်ကျင့်တတ်ကြလေသည်။ အထူးသဖြင့် ဤဆိုးသွမ်းသော ကောင်လေးပင် ဖြစ်၏။

သူ၏ စကားများကို ကြားလိုက်ရသောအခါ တုရှောင်လေးမှာ နှုတ်ခမ်းလေးများ တုန်ရီသွားပြီး နားကိုပိတ်ကာ သူ့ကို လျစ်လျူရှု၍ အိမ်သို့ အမြန်ဆုံး လျှောက်လာခဲ့သော်လည်း ငိုလုနီးပါး ဖြစ်သွားသည်။

ထိုအခြေအနေကို မြင်သောအခါ ဆိုးသွမ်းသော ကောင်လေးက သူမထံ ပြေးသွားပြီး အသံကျယ်ကြီးဖြင့် အော်ပြောလိုက်၏။ "တုရှောင်၊ တုရှောင်က အဖေမရှိတဲ့ ကလေးရိုင်းမလေး"

"တုရှောင်၊ တုရှောင်က အဖေမရှိတဲ့ ကလေးဆိုးမလေး"

ထို့နောက် သူက လက်နှစ်ဖက်ကို ဆန့်တန်းကာ မိန်းကလေးငယ်၏ လမ်းကို ပိတ်ဆို့ထားလိုက်ပြီး ဖြတ်သွားခွင့် မပြုချေ။

တုရှောင်လေးက ခေါင်းမော့ကာ အော်ဟစ်လိုက်သည်။ "ငါ့မှာ အဖေရှိတယ်၊ ငါ့မှာ အဖေရှိတယ်။ ငါ့အဖေ နာမည်က တုပိုင်ပဲ"

ထို့နောက် သူမ၏ သေးငယ်သော ခန္ဓာကိုယ်လေးမှာ ရှေ့သို့ တိုက်ရိုက် ပြေးဝင်သွားပြီး အရပ်ရှည်ကာ တောင့်တင်းသော ကောင်လေး၏ မျက်နှာကို ကုတ်ခြစ်ပစ်လိုက်ရာ ချက်ချင်းဆိုသလိုပင် သွေးထွက်နေသော ကုတ်ရာဆယ်ချက်ခန့် ထင်ကျန်သွားလေတော့သည်။

ရုတ်တရက် ထိုကောင်လေးမှာ လုံးဝ မှင်တက်သွားပြီး အချိန်အတော်ကြာမှသာ အံ့သြထိတ်လန့်ဖွယ်ကောင်းလောက်အောင် အသံပြဲကြီးဖြင့် အော်ငိုလိုက်လေ၏။

"မေမေ... မေမေ..."

မိန်းကလေးငယ်လေးသည်လည်း အော်ဟစ်ငိုယိုရင်း မျက်ရည်များကို အသည်းအသန် သုတ်ကာ အိမ်သို့ ပြေးဝင်သွားလေသည်။

အိမ်တံခါးဝသို့ ရောက်သောအခါ သူမသည် ငိုနေဆဲဖြစ်ပြီး တံခါးဖွင့်ရန် သော့ကို ထုတ်ယူလိုက်၏။ သူမမှာ အသက်ရှူမဝလောက်အောင် ငိုကြွေးနေပြီး ကြီးမားသော မျက်လုံးလေးများမှ ပုလဲလုံးများကဲ့သို့ မျက်ရည်များ အဆက်မပြတ် ကျဆင်းနေကာ နုနယ်လှပသော မျက်နှာလေးပေါ်တွင် မျက်ရည်များ ရွှဲနစ်နေသဖြင့် တံခါးကိုပင် မဖွင့်နိုင်လောက်အောင် ဖြစ်နေလေသည်။

နောက်ဆုံးတွင် တံခါးကို ဖွင့်နိုင်သွားပြီးနောက် သူမသည် ကျောပိုးအိတ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ကာ အခန်းတစ်ခန်းထဲသို့ ပြေးဝင်သွားပြီး ကုတင်ပေါ်ရှိ အမျိုးသားတစ်ဦး၏ ရင်ခွင်ထဲသို့ ပစ်ဝင်ကာ ငိုကြွေးလေတော့သည်။ "ဖေဖေ၊ ဖေဖေ... ကလေးတွေက သမီးကို အနိုင်ကျင့်ကြတယ်။ သူတို့က သမီးမှာ အဖေမရှိဘူးလို့ ပြောကြတယ်။ ရှောင်ရှောင့်မှာ အဖေရှိတယ်၊ ရှောင်ရှောင့်မှာ အဖေရှိတယ်"

**--**--**--**--**--**--**--**

ခေတ်သစ်ကမ္ဘာမြေ၊ ဟန်ကျိုးမြို့၏ ခရိုင်တစ်ခုအတွင်း၌ တုရှောင်သည် ကုတင်ပေါ်ရှိ ဖခင်ဖြစ်သူကို ဖက်ကာ အသံကျယ်လောင်စွာ ငိုကြွေးနေ၏။ သူမသည် အချိန်အတော်ကြာသည်အထိ ငိုကြွေးပြီးနောက် ပင်ပန်းနွမ်းနယ်ကာ အိပ်ပျော်သွားလေတော့သည်။

နှစ်နာရီ ကြာပြီးနောက် တံခါး ပွင့်လာလေ၏။

ကိုယ်ကျပ်စကတ်ကို ဝတ်ဆင်ထားပြီး အလွန်တရာ ကျော့ရှင်းကာ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် အမျိုးသမီးတစ်ဦး ဝင်လာသည်။

အမျိုးသမီး၏ အသံမှာ အလွန် ညင်သာသော်လည်း အလွန် ပင်ပန်းနေပုံရကာ ပြောလိုက်လေ၏။ "ရှောင်ရှောင်လေး... မေမေ့ကို ခွင့်လွှတ်ပါနော်။ ဒီညလည်း မေမေ အလုပ်ဆင်းတာ နောက်ကျသွားပြန်ပြီ"

သူမက နားကပ်နှစ်ရံကို အရင် ချွတ်လိုက်သည်။ ထိုအရာနှစ်ခုကပင် သူမကို ပို၍ ဝန်ပိစေသည့်အလားပင်။ ထို့နောက် အောက်သို့ငုံ့ကာ ဒေါက်မြင့်ဖိနပ်ကို ချွတ်လိုက်၏။

အောက်သို့ ငုံ့လိုက်ချိန်တွင် ပေါ်လာသော ခါးနှင့် တင်ပါး အကွေးအကောက်လေးများမှာ ရိုးရိုးလေးနှင့် ရစ်မူးချင်စရာ ကောင်းလှပေသည်။ ဤအချိန်တွင် ရိုက်ကူးထားသော မြင်ကွင်းကို လူမြောက်မြားစွာ၏ ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများ၏ နောက်ခံဓာတ်ပုံအဖြစ် အသုံးပြုနိုင်ပြီး တစ်သက်တာလုံး စိတ်ကူးယဉ် အိပ်မက်မက်နေနိုင်ပေသည်။

ဒေါက်မြင့်ဖိနပ်များကို ချွတ်ပြီးနောက် သူမက ခြေထောက်များကို ပွတ်သပ်လိုက်လေ၏။

သူမသည် အိမ်စီးဖိနပ်ကိုပင် မစီးတော့ဘဲ ပိုးသားခြေအိတ်အပါးလေးဖြင့် ကြမ်းပြင်ပေါ်သို့ နင်းကာ ရေသန့်တစ်ခွက် ငှဲ့လိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်လျက် ဖြည်းညင်းစွာ သောက်လိုက်သည်။

သူမ မည်မျှပင် အိပ်ချင်နေပါစေ ရေသောက်သည့် အမူအရာလေးကအစ ကျော့ရှင်းကာ ဆွဲဆောင်မှု ရှိလှပေသည်။

သူမ၏ မျက်နှာလေးမှာ အလွန် သေသပ်လှပပြီး ကျက်သရေရှိရုံသာမက ဉာဏ်ရည်ထက်မြက်သည့် ဆွဲဆောင်မှုများလည်း အပြည့်အဝ ရှိနေ၏။

သူမ၏ အလှတရားမှာ မွေးရာပါဖြစ်ပြီး တစ်လက်မမျှပင် ပြုပြင်ထားခြင်း မရှိချေ။ အပြင်ဘက်ရှိ ခွဲစိတ်ပြုပြင်ထားသော အလှမယ်များနှင့် လုံးဝကွာခြားပြီး ထို အင်တာနက်ပေါ်မှ နာမည်ကြီး မျက်နှာများထက် အဆပေါင်းများစွာ ပို၍ ဆွဲဆောင်မှု ရှိလေသည်။

သူမ၏ အလှတရားမှာ ဉာဏ်ရည်ဉာဏ်သွေးနှင့် အနုပညာ အငွေ့အသက်များ ပြည့်နှက်နေပေသည်။

ဆွဲဆောင်မှုရှိသည်၊ ညို့ယူဖမ်းစားနိုင်စွမ်းရှိသည်၊ ကျော့ရှင်းသည်၊ ညင်သာသည်၊ ထို့အပြင် ခေါင်းမာသည်။

အမျိုးသမီးက ညင်သာစွာ ပြောလိုက်၏။ "ရှောင်ရှောင်၊ မေမေ့ကို စိတ်ဆိုးနေပြန်ပြီလား။ မေမေ့ကို ခွင့်လွှတ်ပါနော်။ မေမေက ကျောင်းမှာ အလုပ်လုပ်ရုံတင်မကဘူး၊ ပိုက်ဆံရဖို့အတွက် အတန်းတွေပါ သွားသင်နေရလို့ သမီးကို လာမကြိုနိုင်ခဲ့တာပါ"

သို့သော် သူမ သမီးဖြစ်သူ၏ အဖြေကို မကြားရချေ။

အမျိုးသမီးက မတ်တပ်ရပ်ကာ မြေပြင်ပေါ်ရှိ ချစ်စရာ ကျောပိုးအိတ်လေးကို ကောက်ယူလိုက်ပြီး ဘယ်ဘက်ရှိ အခန်းထဲသို့ ဝင်သွားလေသည်။

သူမ၏ သမီးငယ်လေး၏ သေးငယ်နုနယ်သော ခန္ဓာကိုယ်လေးမှာ အမျိုးသားဖြစ်သူ၏ ရင်ခွင်ထဲတွင် ကွေးကွေးလေး အိပ်ပျော်နေပြီး မျက်နှာပေါ်တွင် မျက်ရည်များ တွဲခိုနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရ၏။

ရုတ်တရက် အမျိုးသမီး၏ မျက်လုံးများမှာလည်း မျက်ရည်များ ဝဲတက်လာပြီး ကုတင်ပေါ်တွင် ထိုင်ကာ အမျိုးသား၏ မျက်နှာကို ကြည့်နေမိလေသည်။

အမျိုးသားမှာ တုပိုင်ပင် ဖြစ်၏။ သူ သတိလစ်မေ့မြောကာ အာရုံခံစားမှုကင်းမဲ့သွားပြီးနောက်တွင် အလွန် ပိန်ကျသွားခဲ့ပြီး သူ၏ ကြွက်သားများလည်း စတင် ကျုံ့ဝင်လာ၏။

ဤအမျိုးသားမှာ သူမ၏ ပထမဆုံးအချစ်၊ ပထမဆုံးအနမ်း၊ ပထမဆုံးညပင် ဖြစ်လေသည်။

သူ၏ အထီးကျန်ဆန်မှု၊ နက်နဲဆန်းကြယ်မှု၊ လေးနက်မှု၊ ဆွဲဆောင်မှုရှိမှုနှင့် သူ၏ မျက်ဝန်းမှ အကြည့်တိုင်းကပင် အနုပညာ အငွေ့အသက်များ ပြည့်နှက်နေသည့်အလားပင်။

သူမ ဆယ်ကျော်သက်အရွယ်ကတည်းက ဤအမျိုးသား၏ ဆွဲဆောင်မှုနောက်သို့ ပါသွားခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် သူတို့နှစ်ဦး ချစ်ကြိုက်ခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး၏ ပထမဆုံး အချစ်များ ဖြစ်လာခဲ့ကြ၏။

မူလက သူတို့နှစ်ဦး တစ်သက်လုံး ပျော်ရွှင်စွာ နေထိုင်သွားနိုင်မည် ဖြစ်သည်။ အမျိုးသားဖြစ်သူက ပါရဂူဘွဲ့အတွက် လေ့လာရင်း တက္ကသိုလ်တွင် စာသင်ကြားပေးနေခဲ့သည်။

လူတိုင်းက ဤချစ်သူစုံတွဲလေးကို အားကျခဲ့ကြပြီး ရွှေမင်းသားလေးနှင့် ကျောက်စိမ်းမင်းသမီးလေးအလား အလွန် လိုက်ဖက်ညီသည့် စုံတွဲတစ်တွဲ ဖြစ်ခဲ့ကြသည်။

ငွေအများကြီး မရှာနိုင်သော်လည်း စားဝတ်နေရေးအတွက် ပူပန်ရန် မလိုခဲ့ချေ။ သို့သော်လည်း ဤအမျိုးသားမှာ စူးစမ်းလိုစိတ်များနှင့် စွန့်စားလိုစိတ်များ အပြည့်အဝ ရှိနေခဲ့၏။

ယခင်က သူမ၏ ညင်သာမှုနှင့် ဆွဲဆောင်မှုရှိမှုတို့က သူ့ကို ထိန်းချုပ်ထားနိုင်ခဲ့သေးသည်။ သို့သော်လည်း အရက်၏ လွှမ်းမိုးမှုအောက်တွင် သူ ဖောက်ပြန်ခဲ့သည်။

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၈၅ + ၇၈၆ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters