အခန်း (၇၈၇-၇၈၈)
Vol. 79 Ch. 787-788
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၈၇ + ၇၈၈
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ထိုအချိန်က ရန်ယဲ့ရှောင်သည် ကောင်းကင်ကြီး ပြိုကျသွားသလို ၊ တစ်ကမ္ဘာလုံး ပျက်စီးသွားသလို ခံစားခဲ့ရပြီး သူမ၏ လောကကြီးမှာ အရောင်အသွေး ကင်းမဲ့သွားခဲ့ရသည်။
သူမ၏ မိဘနှစ်ပါးစလုံးမှာ ပညာတတ်များဖြစ်ကြပြီး သူမကို ငယ်စဉ်ကတည်းက အလွန်အမင်း အလိုလိုက်ကာ အကာအကွယ်ပေးထားခဲ့ကြ၏။ အချစ်ကို တွေ့ရှိသွားပြီးနောက်တွင်မူ သူမသည် အချစ်အတွက်သာ အရာအားလုံးကို ပုံအောခဲ့ပြီး အချစ်ကိုသာ သူမ၏ အရာရာအဖြစ် သတ်မှတ်ခဲ့သည်။
သူမနှင့် စေ့စပ်ထားသူ အမျိုးသား ဖောက်ပြန်သွားခဲ့ကြောင်း သိလိုက်ရသောအခါ သူမသည် ပထမဆုံးအကြိမ်အဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ရွေးချယ်ခဲ့သည်။
သူမကို ကယ်ဆယ်နိုင်ခဲ့ပြီးနောက်တွင်တော့ သူမ၌ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ဆရာဝန်က ပြောခဲ့ပြီး ကိုယ်ဝန်မှာ နှစ်လနီးပါးပင် ရှိနေခဲ့ပြီ ဖြစ်သည်။
ကလေးအတွက် သူမ သေ၍ မရတော့ပေ။ ကလေးကို ဖျက်ချရန် တစ်ခါမျှပင် မတွေးဖူးခဲ့ချေ။
ထို့ကြောင့် သူမသည် ကလေးကို ရင်အုပ်မကွာ စောင့်ရှောက်ခဲ့ပြီး တစ်မိုးအောက် တစ်ယောက်တည်း ရပ်တည်ရသော မိခင်တစ်ဦး ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် သူမ၏ ချစ်သူကမူ အလွန်တရာ စည်းစိမ်ယစ်မူးဖွယ်ကောင်းပြီး သာယာလှပသော ဘဝကြီးကို ဖြတ်သန်းနေခဲ့၏။
တက္ကသိုလ်ရှိ သူ၏ အလုပ်မှ ထွက်ပြီးနောက်တွင် သူသည် နိုင်ငံခြား ကုမ္ပဏီအုပ်စုကြီးတစ်ခု၌ ပြည်သူ့ဆက်ဆံရေး ဒါရိုက်တာ ဖြစ်လာခဲ့သည်။
သူသည် အလွန် ထက်မြက်ပြီး အလွန်လည်း ဖောက်ပြန်တတ်သည်။ လွန်ခဲ့သော တစ်မိနစ်၌ ပရော်ဖက်ဆာတစ်ယောက် ဖြစ်နေသော်လည်း နောက်တစ်မိနစ်တွင်တော့ နှာဘူးတစ်ကောင် ဖြစ်သွားနိုင်ပေသည်။ ထို့ကြောင့် သူ၏ ပစ်မှတ်များမှာ လွဲချော်လေ့ မရှိချေ။
ထို့အပြင် သူ၌ တံဆိပ်ခေါင်း စုဆောင်းသည့် ဝါသနာ (အမျိုးသမီးများကို စုဆောင်းသည့် ဝါသနာ) ရှိသည်။ မဂ္ဂဇင်း မျက်နှာဖုံးများတွင် ပါဝင်လေ့ရှိပြီး တီဗီတွင် အင်တာဗျူး ဖြေဆိုဖူးသော လှပသည့် သူဌေးမလေးများကိုပင် သူက လက်မလွှတ်တမ်း အတူအိပ်ခဲ့သေးသည်။
သူသည် အလွန်လည်း ချမ်းသာလာခဲ့ပြီး မိုတူးမြို့တွင် စတုရန်းမီတာ နှစ်ရာကျော် ကျယ်ဝန်းသော အိမ်တစ်လုံးကို ဝယ်ယူခဲ့ကာ ၉၁၁ ကား နှင့် မာစီဒီးဘင့်ဇ်ဂျီဖိုက် ကားတို့ကို မောင်းနှင်၏။
သူ မိန်းမ မည်မျှနှင့် အိပ်ခဲ့သည်ကို မည်သူ သိနိုင်မည်နည်း။ ရန်ယဲ့ရှောင်၏ အချစ်ဆုံး သူငယ်ချင်းမလေး နှစ်ယောက်နှင့်ပင် အိပ်ခဲ့သေးသည်။
လက်ရှိအချိန်တွင် ရန်ယဲ့ရှောင်သည် သူမ၏ မိခင်ဖြစ်သူ၏ အကူအညီဖြင့် တုပိုင်နှင့် လုံးဝ အဆက်အသွယ်မလုပ်တော့ဘဲ တစ်ကိုယ်တော် မိခင်တစ်ဦးအနေဖြင့် ကြိုးစားရုန်းကန်နေခဲ့သည်။
ပညာတတ်များဖြစ်ကြသော သူမ၏ မိဘများသည် အသည်းနှလုံးမရှိသော လူယုတ်မာ တုပိုင်ကို နေ့စဉ်ရက်ဆက်လိုလို ကျိန်ဆဲခဲ့ကြပြီး နေ့တိုင်း မျက်ရည်များဖြင့်သာ မျက်နှာသစ်နေခဲ့ရ၏။
ကလေးငယ်လေးမှာ တစ်နေ့တခြား ကြီးပြင်းလာပြီး အံ့မခန်း လှပလာ၏။ အပြင်သို့ ခေါ်သွားပါက လူတိုင်း၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်ပြီး လူတိုင်း၏ ချစ်ခင်ယုယမှုကို ရရှိစေနိုင်လောက်သည့် ချစ်စရာကောင်းမှုမျိုး ပိုင်ဆိုင်ထားသည်။
ကလေးငယ်လေးက စကားမပီတပီဖြင့် ဖေဖေဟု ခေါ်လိုက်သောအခါ ရန်ယဲ့ရှောင်မှာ မျက်ရည်များ ပေါက်ပေါက်သီအောင် ကျဆင်းလာခဲ့ရသည်။
ဤသည်က ဝဋ်လည်ခြင်းပင် ဖြစ်ပေမည်။
လွန်ခဲ့သော လေးနှစ်ခန့်က နေ့တစ်နေ့တွင် မိုတူးမြို့၌ ကောလာဟလတစ်ခု ပျံ့နှံ့သွားခဲ့၏။
မီဒီယာအုပ်စုတစ်ခုမှ အလှမယ် ဥက္ကဋ္ဌတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ရှန်ဂရီလာ ဟိုတယ်တွင် ညအိပ်ခဲ့ကြသည်။ ထိုအမျိုးသားမှာ ကာမဂုဏ် အလွန်အကျွံ လိုက်စားခဲ့မှုကြောင့် သတိလစ်မေ့မြောကာ အာရုံခံစားမှုကင်းမဲ့သွားခဲ့ရသည်။
ထိုအမျိုးသားမှာ တုပိုင်ပင် ဖြစ်၏။ သူ့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။ အလှမယ် ဥက္ကဋ္ဌမှာ ယွမ် ၃၀,၀၀၀ ပေးချေပြီးနောက် ချက်ချင်းပင် ပျောက်သွားခဲ့သည်။
ဆေးရုံက အဆင့်ဆင့် ကုသပေးခဲ့ရာ ယွမ် ၃၀,၀၀၀ မှာ လျင်မြန်စွာပင် ကုန်ဆုံးသွားခဲ့၏။
တုပိုင်မှာ မိဘမဲ့တစ်ဦးဖြစ်ပြီး မိသားစုမရှိသဖြင့် သူ့ကို မည်သူကမျှ လာမကြည့်ကြချေ။
ဆရာဝန်က တုပိုင်၏ ဖုန်းကို ထုတ်ကာ အားသွင်းလိုက်ပြီးနောက် ဖုန်းနံပါတ်စာရင်းထဲတွင် ဇနီး ဟု မှတ်သားထားသော နံပါတ်တစ်ခုကို တွေ့ရှိသွားခဲ့သည်။
ထို့ကြောင့် ဆေးရုံက ထိုနံပါတ်သို့ ဆက်သွယ်ကာ ရန်ယဲ့ရှောင်ထံ အကြောင်းကြားခဲ့၏။
ထို့နောက် ရန်ယဲ့ရှောင်သည် တုပိုင်ကို ကုသရန်အတွက် သူမ၏ စုဆောင်းငွေများ အားလုံးကို ထုတ်သုံးခဲ့သော်လည်း သူက နိုးထမလာခဲ့ချေ။ ထိုအချိန်က ကလေးလေးမှာ အသက် တစ်နှစ်ပင် မပြည့်သေးပေ။
ဆေးရုံမှ ဆရာဝန်များက ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မမြင်ဖူးကြောင်း ပြောကြသည်။ တုပိုင်၌ ဦးနှောက်သွေးကြောပြတ်ခြင်း သို့မဟုတ် နှလုံးရောဂါ လုံးဝ မရှိချေ။ သူ မည်သည့်အတွက်ကြောင့် ရုတ်တရက် သတိလစ်မေ့မြောကာ အာရုံခံစားမှုကင်းမဲ့သွားရကြောင်းကို မည်သူကမျှ မသိကြပေ။
ကုသပေးနေသော ဆရာဝန်က ရန်ယဲ့ရှောင်အား မည်သည့် မျှော်လင့်ချက်မျှ ထားရှိရန် မလိုတော့ကြောင်းနှင့် သူ ဘယ်တော့မှ နိုးထလာမည် မဟုတ်ကြောင်း ပြောပြခဲ့၏။
ဤသို့ဖြင့် ရန်ယဲ့ရှောင်သည် တုပိုင်ကို ပြုစုစောင့်ရှောက်ရန်အတွက် အိမ်သို့ ခေါ်ဆောင်လာခဲ့သည်။ သူမ၏ ဘေးနားရှိ လူတိုင်းသည် သူမ ရူးနေပြီဟုဆိုကာ ကန့်ကွက်ခဲ့ကြ၏။
တုပိုင်သည် တိရစ္ဆာန်တစ်ကောင်လောက်ပင် မကောင်းချေ။ ဖောက်ပြန်နေရုံသာမက ငွေကြေးနှင့် စည်းစိမ်များတွင် ယစ်မူးနေခဲ့၏။ သို့သော် ရန်ယဲ့ရှောင်သည် ကလေးတစ်ယောက်ကို တစ်ကိုယ်တည်း မွေးဖွားခဲ့ရပြီး နေ့တိုင်း မျက်ရည်ကျနေခဲ့ရသော်လည်း ထိုလူယုတ်မာကတော့ မျက်ကွယ်ပြုထားခဲ့သည်။
ယခုအခါ ကောင်းကင်ဘုံက မျက်စိရှိသဖြင့် ဤတိရစ္ဆာန်ကို အပြစ်ပေးလိုက်ပြီဖြစ်၏။
လူတိုင်းက ရန်ယဲ့ရှောင်သည် ဤတိရစ္ဆာန်နှင့် လမ်းခွဲခဲ့ပြီးဖြစ်ရာ သူနှင့် မည်သို့မျှ မသက်ဆိုင်တော့ဘဲ သူ့ကို အိမ်သို့ ခေါ်ဆောင်ကာ ပြုစုစောင့်ရှောက်ရန် မလိုကြောင်း ပြောကြသည်။
သူမမှာ အလွန်လှပလွန်းသဖြင့် သမီးတစ်ယောက်ရှိနေလျှင်တောင်မှ နောက်အိမ်ထောင်ပြုရန် ပူပန်စရာ မလိုချေ။ တက္ကသိုလ်မှ လူပျိုဆရာပေါက်စ မည်မျှများများက သူမကို လိုက်ရန် တန်းစီနေကြသနည်း။ အပြင်ဘက်မှ ထူးချွန်သော လူငယ်လေးများသာမက ဟားဗတ်ဆေးကျောင်းမှ ဘွဲ့ရလာခဲ့သော တုပိုင်၏ ဆရာဝန်ကိုယ်တိုင်ကပင် ရန်ယဲ့ရှောင်အပေါ် သူ၏ နှစ်သက်မြတ်နိုးမှုကို ထုတ်ဖော်ပြောဆိုခဲ့သေးသည်။
နောက်ဆုံးတွင်တော့ သူမသည် ဤလူယုတ်မာကို အိမ်သို့ ခေါ်ဆောင်လာခဲ့သဖြင့် သူမ၏ တစ်သက်တာ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်လာရတော့သည်။
နောင်တစ်ချိန်တွင် သူမ မည်သို့ အိမ်ထောင်ပြုနိုင်မည်နည်း။ သူမ၏ ဘဝတစ်ခုလုံး ဖျက်ဆီးခံလိုက်ရခြင်းပင်။
ရန်ယဲ့ရှောင်၏ မိဘများက သူမကို အစွမ်းကုန် ဖျောင်းဖျခဲ့ကြသော်လည်း နောက်ဆုံးတွင်တော့ ကြီးမားသော ရန်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး သမီးဖြစ်သူမှာ သရဲပူးနေပြီဟုပင် ထင်မှတ်ခဲ့ကြသည်။ ထို့နောက် သူတို့က ပြတ်သားစွာပင် ရွေးချယ်ခိုင်းခဲ့၏။ ကိုမာဝင်နေသည့် တုပိုင်ကို စွန့်ပစ်မည်လား ၊ သို့မဟုတ် မိဘနှင့် သမီး ပတ်သက်မှုကို ဖြတ်တောက်မည်လားဟူ၍ပင်။
ရန်ယဲ့ရှောင်က မည်သည့်စကားမျှ မဆိုခဲ့ချေ။
သူမသည် ညင်သာပြီး စကားနားထောင်တတ်သော်လည်း အလွန် ခေါင်းမာတတ်သူလည်း ဖြစ်ပေသည်။
ဤကိစ္စက သူမ၏ တက္ကသိုလ်တွင် ဆူညံပွက်လောရိုက်သွားစေခဲ့ပြီး လူတိုင်း သိရှိသွားခဲ့ကြရာ ရန်ယဲ့ရှောင်မှာ မိုတူးမြို့မှ ထွက်ခွာခဲ့ရသည်။ သူမသည် သတိလစ်မေ့မြောနေသော တုပိုင်နှင့် အသက် တစ်နှစ်ကျော်အရွယ် ကလေးငယ်လေးကို ခေါ်ဆောင်ကာ ဟန်ကျိုးမြို့သို့ လာရောက်ခဲ့ပြီး ဤနေရာ၌ အိမ်တစ်လုံး ငှားရမ်းနေထိုင်ခဲ့၏။
တုပိုင်မှာ ကုတင်ပေါ်တွင် သတိလစ်မေ့မြောကာ အာရုံခံစားမှု လုံးဝ ကင်းမဲ့နေသော်လည်း သူ၏ ပြန်လည်သန်စွမ်းရေး ကုသစရိတ်များအတွက် လစဉ် ငွေအမြောက်အမြား ပေးချေနေရဆဲဖြစ်ပြီး မိသားစု သုံးယောက်၏ စားဝတ်နေရေးကိုလည်း သူမကသာ ရှာဖွေကျွေးမွေးနေရသည်။
ရန်ယဲ့ရှောင်သည် နေ့ခင်းဘက်တွင် ကျောင်းတွင် အလုပ်လုပ်ပြီး အလုပ်ဆင်းပြီးနောက်တွင် အပြင်ဘက်ရှိ သင်တန်းတစ်ခုသို့ သွားရောက် စာသင်ပြရသဖြင့် သူမ ရှာဖွေရရှိသော ငွေများဖြင့် မနည်း ရပ်တည်နေရ၏။
ကလေးမ တုရှောင်လေးသည် အသက် နှစ်နှစ်အရွယ်တွင် မူကြိုကျောင်းသို့ ဝင်ရောက်ခဲ့ရပြီး အသက် လေးနှစ်အရွယ် သူငယ်တန်းသို့ ရောက်သောအခါတွင် အိမ်သို့ တစ်ယောက်တည်း ပြန်လာရ၏။
သို့သော်လည်း နေထိုင်စားသောက်မှု အခြေအနေ မကောင်းမွန်လှသဖြင့် သူမသည် ရွယ်တူကလေးများထက် လူကောင်သေးနေပြီး ကျန်းမာရေးလည်း သိပ်မကောင်းလှချေ။ သူမ အအေးမိပြီး ချောင်းဆိုးတိုင်း ပြန်လည်ကောင်းမွန်လာစေရန် တစ်လ ၊ နှစ်လခန့် အချိန်ယူရသည်။
ဤကဲ့သို့သော ဘဝမျိုးကို ဖြတ်သန်းလာခဲ့ရသည်မှာ သုံးနှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ရာ ရန်ယဲ့ရှောင်မှာ အလွန်တရာ ပင်ပန်းနွမ်းနယ်နေရပြီ ဖြစ်၏။
သူမသည် ကုတင်ပေါ်သို့ တက်ကာ ကွေးကွေးလေး အိပ်လိုက်ပြီး လက်တစ်ဖက်က သတိလစ်မေ့မြောနေသော စေ့စပ်သူ၏ လည်ပင်းကို ဖက်ထားကာ ကျန်လက်တစ်ဖက်က သမီးဖြစ်သူကို ဖက်ထားလိုက်သည်။
သူမ ခဏလောက် တိတ်ဆိတ်စွာ လှဲလျောင်းချင်ရုံသာ ဖြစ်သော်လည်း အိပ်ပျော်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။ ထို့နောက် သူတို့ သုံးယောက်စလုံး ထိုသို့ပင် အိပ်ပျော်သွားကြတော့၏။
ညစာပင် မစားရသေးချေ။
**--**--**--**--**--**--**--**
ပေမင်ဓားဂိုဏ်း။
မီးနတ်ဘုရားဂိုဏ်း၏ ဒုတိယဂိုဏ်းသခင်နှင့် ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်း၏ ဒုတိယဂိုဏ်းသခင်တို့က မဟာဆရာသခင် တစ်ထောင်ကျော်ကို ဦးဆောင်ကာ ကြယ်ပွင့်များအလား ပေမင်ဓားဂိုဏ်းဆီသို့ သတ်ဖြတ်ရန် ချီတက်လာကြ၏။
တစ်ခဏချင်းမှာပင် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားရလေ၏။ ဤအဆင့် တိုက်ပွဲမျိုးသည် သေမျိုး သိုင်းပညာရှင်များ၏ တိုက်ပွဲတစ်ခုနှင့် မတူတော့ချေ။ ထိုအစား ကောင်းကင်ယံမှ ကြယ်ပွင့်များ အချင်းချင်း ဝင်တိုက်မိခြင်းနှင့် ပို၍ တူနေပေသည်။
“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”
ကမ္ဘာမြေကိုပင် တုန်ခါစေသည့် စွမ်းအားများ ၊ မြေပြိုခြင်းများနှင့် မြေပြင်အက်ကွဲခြင်း ကဲ့သို့သော မြင်ကွင်းမျိုးများ မရှိနေချေ။
ကောင်းကင်ယံမှ အောက်သို့ ငုံ့ကြည့်လိုက်မည်ဆိုပါက ပင်လယ်ပြင် တစ်ခုလုံးမှာ ဧရာမ မှန်ချပ်ကြီးတစ်ခုအလား ဖြစ်နေ၏။
နှစ်ဖက်စလုံးမှ မဟာဆရာသခင်အဆင့် ကျွမ်းကျင်ပညာရှင်ကြီးများမှာ မရေမတွက်နိုင်သော တောက်ပသည့် အလင်းရောင်များအလား ဖြစ်နေ၏။ တောက်ပသော အလင်းရောင်နှစ်ခုက အချင်းချင်း ပြင်းထန်စွာ ဝင်တိုက်မိကြသည်။
တောက်ပသော အလင်းရောင်များထဲမှ တစ်ခု မှေးမှိန်သွားခြင်း သို့မဟုတ် ကျဆင်းသွားခြင်းက အနိုင်အရှုံးကို ကိုယ်စားပြုရုံသာမက အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကိုပါ ကိုယ်စားပြုနေ၏။
အဆင့်နိမ့် သိုင်းပညာရှင်များ၏ တိုက်ပွဲများသည်တော့ ဆန့်ကျင်ဘက်အနေဖြင့် ပို၍ပင် စိတ်လှုပ်ရှားဖွယ် ကောင်းနေသေးသည်။
တောင်တန်းများ ပြိုကျခြင်း ၊ ဆူနာမီလှိုင်းလုံးကြီးများ ရိုက်ခတ်ခြင်း ၊ ကျယ်လောင်သော ပေါက်ကွဲသံကြီးများနှင့် ကမ္ဘာမြေကြီးပင် တုန်ခါနေရ၏။
သို့သော် ဤကဲ့သို့သော ထိပ်တန်း သိုင်းပညာရှင်များ၏ တိုက်ပွဲတွင်မူ မည်သည့် သိုင်းပညာရှင်ကမျှ စွမ်းအင် အနည်းငယ်ကိုပင် အလဟဿ ယိုစိမ့်မခံလိုကြဘဲ မည်သည့် တိုက်ခိုက်မှု စွမ်းအင်ကိုမဆို ရန်သူကို အပြည့်အဝ ထိမှန်ခံရစေရန် သေချာပေါက် လုပ်ဆောင်ကြသည်။
ဤကဲ့သို့သော စစ်ပွဲမျိုးက တိတ်ဆိတ်ငြိမ်သက်ပြီး လှပကာ အလွန် ရက်စက်ကြမ်းကြုတ်လှပေသည်။
တောက်ပသော အလင်းရောင်များက တစ်ခုပြီးတစ်ခု ကျဆင်းသွားကြရာ တကယ်ကိုပင် ကြယ်များ တစ်ပွင့်ပြီးတစ်ပွင့် ကြွေကျနေသည့်အလားပင်။ တစ်နာရီ၏ လေးပုံတစ်ပုံခန့် အချိန်အတွင်းမှာပင် ပေမင်ဓားဂိုဏ်းက အရေးနိမ့်လာရပြီး မဟာဆရာသခင်အဆင့် ကျွမ်းကျင်ပညာရှင် ဒါဇင်ပေါင်းများစွာ ချက်ချင်းဆိုသလို သေဆုံးသွားလေ၏။
နင်တောက်ရွှမ်က ကျန်ရှိနေသော မဟာဆရာသခင်များကို ဦးဆောင်ကာ လျင်မြန်စွာ နောက်ဆုတ်သွားလိုက်သည်။
မီးနတ်ဘုရားဂိုဏ်း၏ ဒုတိယဂိုဏ်းသခင်နှင့် ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်း၏ ဒုတိယဂိုဏ်းသခင်တို့က မဟာဆရာသခင်အဆင့် ကျွမ်းကျင်ပညာရှင် တစ်ထောင်နီးပါးကို ဦးဆောင်ကာ အသည်းအသန် လိုက်လံသတ်ဖြတ်လေ၏။
တိုက်ပွဲမှာ ပို၍ပို၍ ခက်ထန်လာသည်။ နှစ်ဖက်စလုံးမှ မဟာဆရာသခင်များ အဆက်မပြတ် သေဆုံးနေရ၏။
ထိုအချိန်၌ပင် သခင်လေး ဖန်းချန်သည် ငရဲဘုံ၏ အက်ကွဲကြောင်းများကြားမှ ဖြတ်လျှောက်လာပြီး ပြိုင်ဘက်ကင်းလောက်အောင် ရှုပ်ထွေးလှသော သေမင်းဥမင်လှိုဏ်ခေါင်းအတွင်း၌ လျှောက်လှမ်းကာ ထိုငရဲမီးတောက်ကို ရှာဖွေနေ၏။ မကြာမီမှာပင် သူ ရှာတွေ့သွားသည်။
တစ်မီတာခန့်ရှိသော မြေအောက်မီးတောက်က အဆက်မပြတ် လောင်ကျွမ်းနေပြီး ယင်း၏ စွမ်းအင်များက ပေမင်ဓားဂိုဏ်း၏ စွမ်းအင်ဥက္ကာပျံ ကျောက်သလင်းတစ်ခုမှ လာခြင်းဖြစ်သည်။ ထိုငရဲမီးတောက်သည် အဆက်မပြတ်ဆိုသလိုပင် လောင်ကျွမ်းနေပြီး စွမ်းအင်ဥက္ကာပျံ၏ စွမ်းအင်ထုတ်လွှတ်မှု ဟန်ချက်ကို ဖျက်ဆီးကာ ပေမင်ဓားဂိုဏ်း၏ ကြယ်ငါးပွင့် စွမ်းအင်အစီအရင် တစ်ခုလုံးကို ဖျက်ဆီးပစ်နေခြင်း ဖြစ်သည်။
သခင်လေး ဖန်းချန်က ရှေ့သို့ လှမ်းသွားကာ သူ၏ လက်ဝါးကို ဆန့်ထုတ်၍ ငရဲမီးတောက်ကို စုပ်ယူမြိုချလိုက်၏။
သုံးစက္ကန့်မျှသာ ကြာလိုက်သည်။ ငရဲမီးတောက်မှာ တဖြည်းဖြည်း သေးငယ်လာပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။
ငရဲမီးတောက် ပျောက်ကွယ်သွားသော နေရာရှိ ကမ္ဘာမြေ အက်ကွဲကြောင်း၏ စွမ်းအင်လိုဏ်ဂူနံရံတွင် ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာ၏။
“ရွှစ်းးး” သခင်လေး ဖန်းချန်သည် ထိုအက်ကွဲကြောင်းထဲမှ ရုတ်တရက် ထွက်ပေါ်လာကာ မြေပြင်ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာပြီး ပင်လယ်အောက်ခြေတွင် ပေါ်လာသည်။
သူ၏ အရှေ့တွင် ဧရာမ ကြီးမားလှသော ပြိုင်ဘက်ကင်း စွမ်းအင်ဥက္ကာပျံကြီးတစ်ခု ရှိနေပြီး ပေမင်ဓားဂိုဏ်း၏ ကြယ်ငါးပွင့် စွမ်းအင်အစီအရင်ရှိ စွမ်းအင်ဥက္ကာပျံ ဆယ့်တစ်တုံးထဲမှ တစ်ခုပင် ဖြစ်၏။
အချိန်သည် ခေတ္တမျှ ရပ်တန့်သွား၏။ ချက်ချင်းဆိုသလိုပင် ဆယ့်တစ်ခုမြောက် စွမ်းအင်ဥက္ကာပျံမှာ ပုံမှန် စွမ်းအင်ထုတ်လွှတ်မှုအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
တစ်စက္ကန့် ကြာပြီးနောက် ပေမင်ဓားဂိုဏ်း၏ ကြယ်ငါးပွင့် စွမ်းအင်ကာကွယ်ရေး အစီအရင်မှာ တစ်ခဏချင်းအတွင်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေ၏။
ထို့နောက် ပို၍ပင် အံ့မခန်းဖြစ်စေသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
**--**--**--**--**--**--**--**
ချက်ချင်းဆိုသလိုပင် မဟာဆရာသခင်အဆင့် ကျွမ်းကျင်ပညာရှင် ၅၀၀ ကျော်ကို ဦးဆောင်ကာ အဆက်မပြတ် နောက်ဆုတ်နေသည့် နင်တောက်ရွှမ်တို့မှာ ရုတ်တရက် ရပ်တန့်သွားကြပြီး ချက်ချင်း နောက်သို့ လှည့်ကြည့်လိုက်ကြ၏။
နင်တောက်ရွှမ်၏ မျက်နှာပေါ်ရှိ ယုတ်မာသည့် အပြုံးမှာ အလွန်တရာ တောက်ပသွားလေ၏။ တစ်ချိန်တည်းတွင် ကောင်းကင်ယံတွင် ကျယ်လောင်သော မိုးခြိမ်းသံကြီး ထွက်ပေါ်လာသည်။
ထို့နောက် မျက်စိဖြင့် မမြင်နိုင်သော စွမ်းအင်အမိုးခုံးကြီးတစ်ခု လျင်မြန်စွာ ဖြစ်တည်လာ၏။
မီးနတ်ဘုရားဂိုဏ်း၏ ဒုတိယဂိုဏ်းသခင်မှာ ထိတ်လန့်တုန်လှုပ်သွားပြီး အော်ဟစ်လိုက်၏။ “အမြန် ဆုတ်ကြ ၊ အမြန် နောက်ဆုတ်ကြ...”
ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်း၏ ဒုတိယဂိုဏ်းသခင်က ကောင်းကင်ကို မော့ကြည့်ကာ သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ “ငါတို့ နောက်ဆုတ်ဖို့ အရမ်းနောက်ကျသွားပြီ”
“ပူးပေါင်းကြံစည်မှုနဲ့ လောဘတွေပဲ။ အနောက်ကမ္ဘာကြီး ပြိုလဲတော့မယ် ၊ မီးနတ်ဘုရားဂိုဏ်းရဲ့ ကမ္ဘာကြီး ပြိုလဲတော့မယ် ၊ ပြီးတော့ အရှေ့ဘက်ကမ္ဘာကြီးက ထကြွလာတော့မယ်”
မီးနတ်ဘုရားဂိုဏ်းနှင့် ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းမှ မဟာဆရာသခင်များမှာ အသည်းအသန် နောက်ဆုတ်ပြေးကြပြီး လူတိုင်းက အလျင်မြန်ဆုံး ဥက္ကာပျံများအလား ကြယ်ငါးပွင့် ကာကွယ်ရေးအစီအရင် မပွင့်လာမီ လွတ်မြောက်နိုင်ရန် အပြင်းအထန် ထွက်ပြေးကြသည်။
သို့သော်လည်း တကယ်ကိုပင် နောက်ကျသွားခဲ့ပြီ ဖြစ်၏။
“ပျက်စီးခြင်း မြင်ကွင်းကို ငါ မမြင်ရတာ နှစ်ပေါင်းရာနဲ့ချီနေပြီပဲ။ တစ်ချက်လောက် ကြည့်ရတာလည်း မဆိုးပါဘူးလေ” ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်း၏ ဒုတိယဂိုဏ်းသခင်က သက်ပြင်းချလိုက်ပြီးနောက် မျက်လုံးများကို မှိတ်ကာ လက်နှစ်ဖက်ကို ဆန့်တန်း၍ ကောင်းကင်ကို မော့ကြည့်နေလိုက်၏။
“ရွှစ်းးး... ရွှစ်းးး... ရွှစ်းးး...”
ခဏအကြာတွင် ကောင်းကင်ယံမှ အပြာရောင်အလင်းတန်းများ တစ်ခုပြီးတစ်ခု လေဆာတန်းများအလား အောက်သို့ ပစ်ခတ်ကျဆင်းလာသည်။
မီးနတ်ဘုရားဂိုဏ်းမှ မဟာဆရာသခင်များ ၊ ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းမှ မဟာဆရာသခင်များမှာ မလှုပ်မယှက် ရပ်နေသည်ဖြစ်စေ ၊ အသည်းအသန် ထွက်ပြေးနေသည်ဖြစ်စေ ကောင်းကင်ကို အန်တုနိုင်သော စွမ်းအင်အလင်းတန်းများ၏ တိုက်ခိုက်မှုကို တစ်ယောက်ပြီးတစ်ယောက် ခံလိုက်ကြရသည်။
ထို့နောက် တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားကြ၏။
အခြားကမ္ဘာတစ်ခုမှ စွမ်းအင်အစီအရင်၏ ရှေ့မှောက်၌ သိုင်းပညာစွမ်းရည် မည်မျှပင် မြင့်မားနေပါစေ ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိကြချေ။
လီဝမ်ဝမ်သည်လည်း ထွက်မပြေးတော့ဘဲ ကောင်းကင်ယံကို ကြည့်ကာ မလှုပ်မယှက် ရပ်နေ၏။ သူမသည် တုပိုင်၏ စကားများကိုပင် ပြန်လည်ကြားယောင်လာမိသည်။
တုပိုင် သူမကို မလာရန် ပြောခဲ့သည်မှာ သူ ဤအရာများ ဖြစ်လာမည်ကို တစ်နည်းနည်းဖြင့် ကြိုတင် မျှော်လင့်ထားခဲ့၍လော။ သို့သော်လည်း တုပိုင်သည်လည်း သူမကို မတားဆီးနိုင်ခဲ့ချေ။
သေချာသည်မှာ တုပိုင်သာ သူမကို ပြတ်ပြတ်သားသား တားဆီးခဲ့မည်ဆိုလျှင်တော့ တားဆီးနိုင်မည် ဖြစ်၏။
“ယောကျ်ား... ရှင်က နောက်ဆုံးတော့လည်း ကျွန်မကို နည်းနည်းလေးတော့ သဘောကျသေးတာပဲလေ။ ဒါပေမဲ့ နည်းနည်းလေးပါပဲ” လီဝမ်ဝမ်က ညင်သာစွာ ပြောလိုက်၏။
“ဝုန်းးး”
တောက်ပကာ အလွန်တရာ စူးရှလှသော စွမ်းအင်အလင်းတန်းတစ်ခုက ကောင်းကင်ယံမှ ဆင်းသက်လာပြီး သူမ၏ ခေါင်းပေါ်သို့ တည့်တည့် ကျဆင်းလာတော့မည်ဖြစ်သည်။
“လာစမ်းပါ ၊ လာခဲ့စမ်း” လီဝမ်ဝမ်က ပြောလိုက်သည်။ “ငါက ဆရာ့ဆီကနေ မထွက်ခွာရသေးခင် သေရတော့မှာလား။ ကမ္ဘာကြီးရဲ့ အမှန်တရားကိုတောင် ငါ မစူးစမ်းရသေးဘူး ၊ ပြီးတော့ ငါ့ယောကျ်ားရဲ့ အဆုံးသတ်ကိုလည်း မမြင်ရသေးဘဲနဲ့ ဒီလိုပဲ သေရတော့မှာလား။ ဒါပေမဲ့လည်း ကိစ္စတော့ မရှိပါဘူးလေ”
“ဟူးးး”
စွမ်းအင်များက လီဝမ်ဝမ်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်သွား၏။ သို့သော်လည်း သူမသည် ပျောက်ကွယ်မသွားခဲ့ဘဲ လုံးဝ သတိလစ်မေ့မြောသွားခဲ့ရုံသာ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မီးနတ်ဘုရားဂိုဏ်းနှင့် ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းမှ မဟာဆရာသခင်အဆင့် ကျွမ်းကျင်ပညာရှင် ရာပေါင်းများစွာစလုံးလည်း နောက်ဆုံးတွင် သတိလစ်မေ့မြောသွားကြ၏။
သိုင်းလောက ကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီဖြစ်၏။
ပေမင်ဓားဂိုဏ်းနှင့် သခင်လေး ဖန်းချန်တို့ အောင်ပွဲရသွားပြီဖြစ်၏။
မီးနတ်ဘုရားဂိုဏ်းနှင့် ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းတို့သည် နင်တောက်ရွှမ်နှင့် ဖန်းချန်တို့၏ ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်သော ထောင်ချောက်အတွင်းသို့ ကျရောက်သွားခဲ့ကြပြီး မဟာဆရာသခင် တစ်ထောင်ခန့် ရှင်းလင်းခံခဲ့ကြရသည်။
ယခုအချိန်အထိ ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းနှင့် မီးနတ်ဘုရားဂိုဏ်းတို့သည် သူတို့၏ ထိပ်တန်း သိုင်းပညာစွမ်းအားများ၏ ရာခိုင်နှုန်း ၇၀ ခန့်ကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။
**--**--**--**--**--**--**--**
အိပ်မက်စနစ်က ပြော၏။ “စနစ်ရှင်... နောက်ထပ် ရက်ပေါင်း တစ်ရာ့သုံးဆယ့်လေးရက် ကျန်ပါသေးတယ်”
ကမ္ဘာကြီး ပျက်စီးသွားတော့မည့်အချိန်ကို နောက်ပြန်ရေတွက်နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်၏။
တုပိုင်က ပြော၏။ “ဒီ ရက်ပေါင်း တစ်ရာ့သုံးဆယ့်လေးရက်အတွင်းမှာ သခင်လေး ဖန်းချန်ကို အနိုင်ယူပြီး သူ့ရဲ့ အရှေ့ဘက် ပြည်ထောင်စုကို ဖျက်ဆီးပစ်ရမယ်။ ပြီးတော့ အမြင့်ဆုံးတာဝန်ကို ပြီးမြောက်အောင် လုပ်ရမယ်ပေါ့လေ”
အိပ်မက်စနစ်က ပြန်ဖြေသည်။ “မှန်ပါတယ်”
တုပိုင် ဆက်ပြောလိုက်၏။ “ရက်ပေါင်း တစ်ရာ့သုံးဆယ့်လေးရက်အတွင်းမှာ ပေမင်ဓားဂိုဏ်းကိုပါ ငါ ဖျက်ဆီးရမယ်”
“မှန်ပါတယ်” အိပ်မက်စနစ်က ပြော၏။
တုပိုင်က ပြောလိုက်၏။ “ဒီတိုက်ပွဲမှာ ဖန်းချန်ရဲ့ ခြောက်သိန်းခြောက်သောင်းသော စစ်တပ်ကို ငါ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ငါ့ရဲ့ လျှို့ဝှက်ချက် ဖဲချပ်တွေ အားလုံးကို သူက ဖောက်ထွင်းမြင်နေရသလိုပဲ။ ပြီးတော့ ငါ့အတွက်တော့ သူက ဧရာမ နဂါးကြီးတစ်ကောင်ရဲ့ အကြေးခွံနဲ့ လက်သည်းတချို့လောက်ကိုပဲ ထုတ်ပြနေသလို ခံစားရတယ်”
အိပ်မက်စနစ်က ပြောသည်။ “မှန်ပါတယ်”
တုပိုင်က ပြောလိုက်၏။ “ငါ့ဆီမှာ ကျောင်းလုံ စစ်သင်္ဘော တစ်စင်းတည်းပဲ ရှိတယ်။ ပင်လယ်ကို ဖြတ်ပြီး အရှေ့ဘက် ပြည်ထောင်စုကို ဖျက်ဆီးပစ်ချင်တယ်ဆိုရင် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့တဲ့ သူ့ရဲ့ ရေတပ်ကို အရင် ဖျက်ဆီးပစ်ရမှာပဲ”
“ဟုတ်တယ်။ ပင်လယ်ကိုဖြတ်ပြီး စစ်ချီဖို့ဆိုရင် ဖန်းချန်ရဲ့ ကမ္ဘာ့အဆင့် ရေတပ်ကို အရင် ဖျက်ဆီးရပါမယ်” အိပ်မက်စနစ်က ပြော၏။
တုပိုင် မေးသည်။ “သူ့ဆီမှာ စစ်သင်္ဘော ဘယ်နှစ်စင်း ရှိသလဲ”
“စစ်သင်္ဘောကြီးတွေချည်းပဲ တစ်ရာကျော် ရှိပါတယ်” အိပ်မက်စနစ်က ပြော၏။ “စနစ်ရှင်ရဲ့ မှတ်ဉာဏ်တွေအပေါ် အခြေခံပြီး ကျွန်တော် ခန့်မှန်းရသလောက်ဆိုရင် သူ့ရဲ့ ရေတပ်အရွယ်အစားက ၁၉ ရာစု ဂရိတ်ဗြိတိန် အင်ပါယာထက်တောင် သာလွန်နေသေးတယ်”
တုပိုင်က ပြောလိုက်၏။ “ငါ့ဆီမှာ စစ်သင်္ဘော တစ်စင်းပဲ ရှိတယ် ၊ အချိန်ကလည်း အရမ်း ကပ်နေပြီ။ စစ်သင်္ဘောသစ် ထပ်တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး”
အိပ်မက်စနစ်က ပြောသည်။ “ဟုတ်တယ်။ စနစ်ရှင်ဆီမှာ စစ်သင်္ဘော တစ်စင်းပဲ ရှိတယ် ၊ အဲဒါနဲ့ သူ့ရဲ့ ဧရာမရေတပ်ကြီးကို အနိုင်ယူပြီးမှ ပင်လယ်ဖြတ်ကျော် စစ်ချီတာကို အကောင်အထည်ဖော်ရမှာပါ”
တုပိုင်က ပြောလိုက်၏။ “ကျစ်... သောက်ကျိုးနည်းပဲ”
ထိုအချိန်တွင် ပုတိုသော ပုံရိပ်တစ်ခုက အပြေးအလွှား ဝင်လာ၏။
အဂ္ဂိရတ်ပညာရှင်စစ်ခုန်းယဲ့သည် တုပိုင်ထံသို့ ထပ်မံ ရောက်လာပြန်ပြီး အလွန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “သခင်... ကြည့်ပါ ၊ ကြည့်ပါဦး”
သူ ကမ်းပေးလိုက်သောအရာမှာ သေနတ်တစ်လက် ဖြစ်၏။ ယခုတစ်ကြိမ် အရှေ့ဘက် ပြည်ထောင်စုနှင့် တိုက်ပွဲတွင် သူ အပြည့်အဝ အောင်ပွဲခံနိုင်ခဲ့ပြီးနောက် တုပိုင်သည် သေနတ်ပေါင်း ၁၀၀,၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့လေသည်။
ယခု စစ်ခုန်းယဲ့ ဆက်သလိုက်သည်မှာ ထိုသိမ်းဆည်းရမိထားသည့် သေနတ်များကို ပြုပြင်မွမ်းမံထားသည့် သေနတ်ပင် ဖြစ်၏။
“ကျွန်တော်တို့ အပြာရောင် ကျောက်သလင်း ကိရိယာကို သေးငယ်သွားအောင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါပြီ။ ဒါကြောင့် အခု သခင် မြင်တွေ့နေရတာက အလွန်သေးငယ်တဲ့ ကျောက်သလင်း အမြောက်လေးပါပဲ” စစ်ခုန်းယဲ့က ဆက်ပြော၏။ “ဒါကြောင့် သူ့ကို ကျောက်သလင်း အမြောက် ၊ ဒါမှမဟုတ် ကျောက်သလင်း မှော်သေနတ်လို့ ခေါ်လို့ရပါတယ်။ ပြီးတော့ အလင်းတန်း ချိန်ရွယ်မှု ကိရိယာလည်း ပါဝင်ပါသေးတယ်”
တုပိုင် ကျောက်သလင်း မှော်သေနတ်ကို ယူလိုက်ပြီး ကျောက်သလင်း လေဆာ ချိန်ရွယ်မှု ကိရိယာကို ဖွင့်ကာ နှစ်ကီလိုမီတာ အကွာအဝေးရှိ ပစ်မှတ်တစ်ခုဆီသို့ ချိန်ရွယ်လိုက်၏။ ပြီးနောက် ခလုတ်ကို အားကုန် ဆွဲညှစ်လိုက်သည်။
“ဝုန်းးး”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၈၇ + ၇၈၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team