သစ်ရွက်လေးတွေထက်က မိုးရေစက်လေးတွေ
Vol. 5 Ch. 445
ဆန်းလျန်၏ စကားကြောင့် ပိုင်ယွိဖေးက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း…
“ဒီထက်ကောင်းတဲ့ အကြံ မရှိတော့ဘူး"
အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်သည့်အတွက် ပိုင်ယွိဖေးသည် ယခင်ကလောက် တက်ကြွမှု သိပ်မရှိတော့ပေ။ သို့သော် တစ်ချိန်က သိုင်းလောကသား တစ်ယောက် ဖြစ်ခဲ့သည့် အချက်ကိုတော့ မပြောင်းလဲနိုင်ပေ။ သိုင်းလောကသည် ခန့်မှန်းရခက်သည့် လောကတစ်ခု ဖြစ်သည့်တိုင် သိုင်းလောကသားများသည် သိုင်းလောသားမှန်လျှင် သိုင်းလောကကို မစွန့်ခွာနိုင်ကြပေ။
တစ်ချိန်က သိုင်းလောကတွင် နာမည်တစ်လုံးဖြင့် အောင်မြင် ကျော်ကြား ခဲ့မှုများသည် သိုင်းလောကသားတိုင်း၏ နှလုံးသားကို ပီတိ ဖြစ်စေလေသည်။
ပိုင်ယွိဖေးသည် ထင်းစည်းကို ပခုံးထက်တွင် ထမ်းလိုက်ပြီး ဆန်းလျန်ကို ချင်းရှဝတ် ကျောင်းတော် အတွင်းသို့ ခေါ်လာလေသည်။ ဝတ်ကျောင်းတော် အတွင်းထဲတွင် အလွန်မှ သန့်ရှင်း သပ်ရပ်နေပြီး ထင်းများကိုလည်း စီစီရီရီဖြင့် သပ်ရပ်စွာ ပုံထားလေသည်။ ဝတ်ကျောင်းတော် ခန်းမ အတွင်းရှိ ပရိဘောဂများမှာလည်း ဆန်းလျန် နောက်ဆုံး တစ်ကြိမ် နေထိုင်ခဲ့စဉ်က အတိုင်းပင် မပြောင်းမလဲ တည်ရှိနေလေသည်။ ပိုင်ယွိဖေးသည် ချင်းရှ ဝတ်ကျောင်းတော်ကို အသေးစိတ် ဂရုစိုက်ပြီး ပြုပြင်ထားခဲ့ဟန် ရှိလေသည်။
ပိုင်ယွိဖေးသည် ချင်းရှဝတ် ကျောင်းတော်ကို အဘယ်ကြောင့် ထိုသို့ ဂရုတစိုက် ပြုပြင် ထားခဲ့ရပါသနည်။
သူ့စိတ်ထဲတွင် တစ်နေ့သော အခါတွင်တော့ ဆန်းသခင်လေးသည် ချင်းရှဝတ် ကျောင်းတော်သို့ ကျင့်စဉ် ကျင့်ကြံရန် ပြန်လာလိမ့်မည်ဟု မျှော်လင့် ထားမိလေသည်။ ထိုသို့ ဆန်းသခင်လေး ပြန်လာသည့် အချိန်တွင် ပျက်စီးနေသည့် ချင်းရှဝတ် ကျောင်းတော်ကို သူက မတွေ့မြင် စေချင်မိပေ။
သို့သော်… ထိုအကြောင်းများကို ပိုင်ယွိဖေးက ဆန်းလျန် အပါအဝင် မည်သူ့ကိုမှ ပြောကြားခဲ့ခြင်း မရှိပါ။ ထို့ကြောင့် မည်သူကမှလဲ သိရှိခြင်း မရှိပေ။ အမှန်တော့ သူ့ဘဝတွင် အလေးစားဆုံး ပုဂ္ဂိုလ် တစ်ယောက်ကို ပြပါဆိုလျှင် ဆန်းလျန်သာ ရှိလေသည်။ အဘယ်ကြောင့် ဆိုသော် ဆန်းလျန်သည် သူ့အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ပြီး သူ့ဘဝကို ငြိမ်းချမ်းစေခဲ့သူ ဖြစ်လေသည်။
ငြိမ်းချမ်းသည့် ဘဝသည် ကြွယ်ဝ ချမ်းသာသည့် ဘဝထက် ပိုကောင်းသည်ဟု အချို့သူများက ဆိုကြသည်။
ပိုင်ယွိဖေးသည် စောရ တစ်ယောက် ဖြစ်လေသည်။ သူ့အနေဖြင့် လိုသည့် အချိန်တိုင်း ငွေကြေးများကို ခိုးယူ၍ ရနိုင်သည်။
သို့သော် ဆန်းလျန်နှင့် မတွေ့ခင် အချိန်က မင်ကျန်းတောင်မှ သခင်လေးရဲ့ လျိုယွင်က သူ့ကို လိုက်လံ သတ်ဖြတ်နေသည့် အချိန် ဖြစ်လေသည်။
ထိုအချိန်တွင် ဆန်းလျန်က သူ့အသက်ကို ကယ်တင်ပေးပြီး ဘဝသစ် တစ်ခု စတင် စေခဲ့သည်။
ထိုကျေးဇူးကို ဆပ်သည့် အနေဖြင့် ဆန်းလျန် ထွက်ခွာ သွားသည့်တိုင် သူက ဆန်းအိမ်တော်ကို နှစ်ပေါင်းများစွာ စောင့်ရှောက် ပေးခဲ့သည်။ နောက်ဆုံး ဆန်းအိမ်တော် တစ်အိမ်လုံး ကွက်မျက် သတ်ဖြတ်ခံရသည့် အချိန်တွင် ကလေးမလေး ရော့ရှီကို မရရအောင် ကယ်တင် ပေးခဲ့လေသည်။
ဆန်းလျန်က ခန်းမအတွင်းရှိ စားပွဲတစ်လုံး ရှေ့တွင် ထိုင်လိုက်သည်။
ပိုင်ယွိဖေးက မီးဖိုချောင်ရှိရာသို့ ခဏဝင်သွားပြီး အရက်အိုး တစ်အိုးနှင့် အမြည်းများ ယူလာလေသည်။
သူတို့ နှစ်ယောက်လုံးသည် တိုင်ပင် နေစရာပင် မလိုပဲ ပြိုင်တူ အရက် သောက်လိုက် ကြသည်။
နှစ်လပိုင်း အချိန်ဖြစ်သော်လည်း တောင်ပေါ် ဒေသဖြစ်သည့် အတွက် မြေပြန့်တွင် ဆယ့်နှစ်လပိုင်းတွင် အေးသလောက် ရာသီဥတုက အေးပြီး စိမ့်နေလေသည်။
နေဝင်သွားသည်နှင့် ဆီးနှင်းမိုးများက တဖွဲဖွဲ ရွာကျလာလေသည်။
လက်ရှိ အချိန်တွင် ဆန်းလျန်၏ ခေါင်းထဲတွင် အရက် သောက်ချင်စိတ် တစ်ခုသာ ရှိလေသည်။ အမြည်းမှာ ပိုင်ယွိဖေး ကြော်ထားသော မြေပဲကြော် ဖြစ်ပြီး သူငယ်ချင်း နှစ်ယောက်မှာ အမြည်းဝါးရင်း၊ အရက်သောက်ရင်း၊ စကားပြောရင်း ရှိနေကြလေသည်။
ပိုင်ယွိဖေးတိုက်သည့် အရက်မှာ သာမန် မျောက်အရက်မျှသာ ဖြစ်သော်လည်း အရသာ တော်တော် ကောင်းလေသည်။ မျောက်များက တောထဲမှ သစ်ဥသစ်ဖုများနှင့် သစ်ရွက်များကို အရည်စိမ်ကာ ကစော်ဖောက်ပြီး သူတို့နည်းသူတို့ ဟန်ဖြင့် ပြုလုပ်ထားကြသည့် အရက်ကို မျောက်အရက်ဟု ခေါ်ခြင်း ဖြစ်လေသည်။
မျောက်များသည် ထိုမျှကောင်းသည့် အရက်ကို ပြုလုပ်နိုင်ခြင်းမှာ အင်မတန်မှ တော်သည်ဟု ဆိုနိုင်လေသည်။
ဆန်းလျန်သည် စားပွဲငယ်လေး ဘေးတွင် သူငယ်ချင်းဟောင်း တစ်ယောက်နှင့် အတူတူထိုင်ကာ အရက်သောက်ရင်း အတိတ်မှ ခံစားချက်များကို ပြန်လည် အောက်မေ့ နေမိလေသည်။
သူက ချင်းရှဝတ် ကျောင်းတော်မှ စတင်ခဲ့သည့် သူ့ဘဝ အကြောင်းများကို ပိုင်ယွိဖေးကို တစ်လုံး မကျန် ပြောပြနေလေသည်။ ထိုအဖြစ်အပျက်များမှာ လွန်ခဲ့သည့် အနှစ် သုံးဆယ်ကျော်က အဖြစ်အပျက်များ ဖြစ်သည့်တိုင် မနေ့တစ်နေ့က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ များကဲ့သို့ အသေးစိတ် တစ်ခုမကျန် ပြောပြနေခြင်း ဖြစ်လေသည်။
ပိုင်ယွိဖေးသည် ဆန်းလျန် ပြောသမျှကို အရက်သောက်ရင်း နားထောင် နေလေသည်။
သို့သော် သူသည် ဆန်းလျန်နှင့် သူ၏ တာအိုကျင့်စဉ် လမ်းအကြောင်း ကို တစ်လုံးမှ နားလည်ခြင်း မရှိပါ။
သူသည် သာမန် လူတစ်ယောက်မျှသာ ဖြစ်လေသည်။
သူ့ဘဝတွင် သဘာဝတရားကို သွန်လိုသွန် မှောက်လိုမှောက် ပြုလုပ်နေကြသည့် ပထမတန်းစား နတ်ဘုရား ပုဂ္ဂိုလ်များ အကြောင်းကို တစ်ခါမှ စိတ်ဝင်စားခဲ့ဖူးခြင်း မရှိပေ။
သို့ရာတွင် သူက ဆန်းလျန် ပြောသမျှကို စိတ်ရှည်ရှည်ဖြင့် နားထောင် ပေးနေလေသည်။ နားထောင် နေရင်းဖြင့်ပင် နတ်ဘုရားများနှင့် ပတ်သက်သည့် ကိစ္စများမှာ သူနားမလည် နိုင်သည့်တိုင် အလွန်မှ အံ့သြဖွယ် ကောင်းသည်ဟု တွေးနေမိလေသည်။
ဆန်းလျန်ကတော့….
အရက်တစ်ခွက် သောက်လိုက် သူ့အကြောင်း ဇာတ်လမ်းတစ်ပုဒ် ပြောပြလိုက်နှင့် ဟုတ်နေလေသည်။
ဆန်းလျန် ကြုံတွေ့ရသည့် အဖြစ်အပျက်များသည် သုံးဆယ့်သုံးနှစ် အတွင်း ကြုံတွေ့ရသည် ဆို၍သာ တော်တော့သည်။ နှစ်ပေါင်း သုံးရာ့သုံးဆယ် ဆိုလျှင်တော့ ဒုက္ခရောက်နိုင်သည်ဟု ပိုင်ယွိဖေးက တွေးနေလေသည်။
ပိုင်ယွိဖေးက အရက်သောက်ရင်း ဆန်းလျန်ပြောသမျှ နားထောင်နေပြီး ဆန်းလျန်ကတော့ နွေးထွေးသော အပြုံးကို ပြုံးရင်း အေးဆေးသည့် လေသံဖြင့် စကားတပြောပြော ရှိနေလေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဆန်းလျန်နှင့် ပိုင်ယွိဖေးသည် အန်းတည်းခိုရိပ်သာတွင် အရက်မူးအောင် သောက်ခဲ့ ကြဖူးသည်။ ထိုသို့ အရက်အတူတူ သောက်ရခြင်းသည် နောက်ဆုံး အခွင့်အရေး ဖြစ်မည်ဟု ပိုင်ယွိဖေး ထင်ခဲ့မိသော်လည်း ယခုတော့ ဆန်းလျန်သည် ဒဏ္ဍာရီဆန်ဆန် သူ့ရှေ့သို့ ပြန်ရောက်လာကာ ကောင်းကင်ဘုံ နန်းတော်မှ နတ်အရက်ကို သုံးဆောင်နေရင်း အရက်မူးနေသည့် နတ်ဘုရား တစ်ပါး အလားပင် ဖြစ်လေသည်။
အရက်အိုးထဲမှ အရက်များ ကုန်သွားသည့် အခါတွင်တော့ ပိုင်ယွိဖေးမှာလည်း စားပွဲပေါ်သို့ မှောက်သွားပြီ ဖြစ်လေသည်။
အပြင်ဘက်တွင် ဆီးနှင်းမိုးများက ရွာသွန်းနေဆဲ ဖြစ်ပြီး ဆန်းလျန်လည်း သူ၏ ဘဝဇာတ်ကြောင်း အကုန်လုံးကို ပိုင်ယွိဖေးကို ဇာတ်စုံ ခင်းပြီးသွားပြီ ဖြစ်လေသည်။
ပိုင်ယွိဖေးမှာလည်း ဆန်းလျန်ပြောသမျှ တစ်လုံးမကျန် နားထောင်ပြီးမှ အချိန်ကိုက် မှောက်သွားခြင်း ဖြစ်လေသည်။
ဆန်းလျန် သက်ပြင်း တစ်ချက် ချလိုက်သည်။
နောက်လဆိုလျှင် အလွန်ကြောက်စရာ ကောင်းသည့် အမှောင်မိစ္ဆာသခင်နှင့် ရင်ဆိုင် ရတော့မည် ဖြစ်လေသည်။
ပိုင်ယွိဖေး မှောက်သွားသည်နှင့် ဆန်းလျန်က ထိုင်ရာမှထကာ ဝတ်ကျောင်းတော် အပြင်ဘက်သို့ ထွက်ခွာ သွားလေသည်။
ဆီးနှင်းမိုးများသည် ဆန်းလျန်၏ ဆံပင်များကို ရွှဲရွှဲစို သွားစေလေသည်။
ချင်းရှဝတ် ကျောင်းတော်ဆီမှ မှိန်ပျပျ လင်းနေသည့် မီးခွက် အရောင်မှလွဲပြီး ပတ်ဝန်းကျင် တစ်ခုလုံးသည် မှောင်မိုက်နေလေသည်။ မှောက်မိုက်ခြင်းနှင့် အတူ တိတ်ဆိတ်ခြင်းက ကြီးဆိုးနေပြီး မိုးနှင့်အတူ ဆီးနှင်းပါ ကျနေသဖြင့် အေးခဲသွားမတတ် ရာသီဥတုက အေးစိမ့် နေလေသည်။
ချင်းရှတောင် ပတ်ဝန်းကျင်တွင် မိုးမြေစွမ်းအားများ အနည်းငယ် အပြောင်းအလဲ ဖြစ်နေသည်ကို ဆန်းလျန် သတိပြုလိုက်မိသည်။ နတ်ဘုရားတစ်ပါး၏ တန်ခိုးစွမ်းအား တစ်ခုကို ဆန်းလျန် ခံစားလိုက်ရပြီး ထိုတန်ခိုး စွမ်းအားသည် ယင်နှင့်ယန် ဘက်ညီမှုကို အနည်းငယ် အနှောင့်အယှက် ပေးနေလေသည်။
လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ဆန်းလျန်၏ ပတ်ဝန်းကျင်မှ သစ်ပင်ကြီးများ ယိမ်းထိုး လှုပ်ရှား သွားလေသည်။
ဆန်းလျန်၏ မြင်ကွင်း အတွင်းသို့ မိန်းမပျို တစ်ယောက် ဝင်ရောက် လာလေသည်။
ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ ထပ်မံတွေ့ဆုံ ဖြစ်ကြပြန်လေပြီ။
ဇင်ယောင်တောင်မျက်ခုံး၊ ချိုမြသည့်အပြုံး၊ ကြည်လင် တောက်ပသည့် မျက်ဝန်းများဖြင့် သဘာဝ ဆန်လွန်းသော မိန်းမပျို၏ အလှတရားကို မည်သည့် စကားလုံးဖြင့် ပုံဖော် ပြောဆိုရမှန်းပင် ဆန်းလျန် မသိပေ။
ကျောက်ရှောင်ယွီသည် ယနေ့ညတွင် တစ်မူ ထူးခြားနေသည်ဟု ဆန်းလျန် ခံစား လိုက်ရလေသည်။ သူမ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဆန်းလျန်၏ နှလုံးသားသည် အားနည်း သွားသလို ခံစားနေရလေသည်။
“ရှောင်ယွီ၊ မင်း ဒီလိုလုပ်လိုက်တော့ မင်းနဲ့ မင်းအစ်မကြားက ဆက်ဆံရေးက အခြေအနေတွေ ဆိုးကုန်မှာပေါ့”
ဆန်းလျန်က နူးညံ့သည့် လေသံဖြင့် ကျောက်ရှောင်ယွီကို ပြောလိုက်သည်။
ဆန်းလျန်သည် ထုန်ထျန်း တန်ခိုးစွမ်းအားကို ကျင့်ကြံ အောင်မြင်ထားသည့် တိုင်အောင် ကျောက်ရှောင်ယွီနှင့် ဝေးရာသို့ ပြေးပုန်းရန်မှာ မည်သည့် နည်းနှင်မှ မဖြစ်နိုင်ပေ။
“ရှင့်အတွက် ကူညီပေးတာ မဟုတ်ဘူး ဆိုရင်တောင်မှ ကျွန်မတို့ ညီအစ်မ သံယောဇဉ်က ရေစက် ကုန်ခဲ့တာ ကြာပါပြီ"
ကျောက်ရှောင်ယွီက မပီပြင်သည့် အပြုံးတစ်ပွင့်ကို ပြုံးရင်း ပြောလိုက်လေသည်။
ထိုကဲ့သို့ ရိုးရှင်းသည့် စကားလုံးလေးများကပင် ဆန်းလျန်၏ နှလုံးသားကို ထိခိုက် လှုပ်ရှား သွားစေလေသည်။
ကျောက်ရှောင်ယွီက သူ့ကို ချစ်စကားဆိုလိုက်ခြင်း မဟုတ်သည့်တိုင် ကျောက်ရှောင်ယွီ၏ ချစ်ခြင်း မေတ္တာများကို ဆန်းလျန် ရှောင်ရှားနိုင်ခြင်း မရှိတော့ပါ။
ဆန်းလျန်သည် မည်သည့်စကားမှ ပြန်ပြောနိုင်ခြင်း မရှိတော့ဘဲ ကျောက်ရှောင်ယွီကိုသာ တိတ်ဆိတ်စွာဖြင့် ငေးကြည့် နေခဲ့လေသည်။
ကျောက်ရှောင်ယွီ၏ နူးညံ့သည့် နှုတ်ခမ်းလေးများသည် ဆန်းလျန်၏ နှုတ်ခမ်းများဆီသို့ တိုးကပ် လာလေသည်။ မိုးနှင့်မြေတွင် အသံတိတ် စကားလုံးများ တစ်လုံးချင်း ထွက်ပေါ် လာလေသည်။ ထိုစကားလုံးများမှာ မန္တန် အလင်းချေဖျက်ခြင်း ကျမ်းစာမှ စကားလုံးများ ဖြစ်ပြီး ဆန်းလျန်သည် စာလုံး တစ်လုံးချင်းစီကို မှတ်မိနိုင်ရန် ကြိုးစားလိုက်လေသည်။
မန္တန်အလင်း ချေဖျက်ခြင်း ကျမ်းသည် ဗုဒ္ဓဘာသာတွင် လူသိများသည့် ကျမ်းစာ တစ်ခု ဖြစ်ပြီး ဗောဓိသကျကိုယ်တိုင် အတည်ပြု ပေးထားခဲ့သည့် နက်နဲသည့် ကျမ်းစာတစ်ခု ဖြစ်လေသည်။
ဆန်းလျန်သည် ကျောက်ရှောင်ယွီကို ငြင်းပယ်နိုင်စွမ်း မရှိတော့ပါ။
သို့သော် ကျောက်ရှောင်ယွီသည် သူ့ကို အလွန်မှ ချစ်မြတ်နိုးသူ တစ်ယောက် ဖြစ်သည့်တိုင် သူ့အနားတွင် နေ့ရောညပါ အတူတူ ပါရမီ ဖြည့်ပေးနိုင်မည့် မိန်းကလေးမျိုး မဟုတ်သည်ကိုတော့ ဆန်းလျန် ကောင်းစွာ နားလည်ထားလေသည်။
နောက်ဆုံးတော့ ကျောက်ရှောင်ယွီသည် ကျောက်ရှောင်ယွီသာ ဖြစ်လေသည်။
ဆန်းလျန်သည် ကဝေမလေး တစ်ယောက်ကဲ့သို့ ပြုစားတတ်သည့် နတ်မိမယ်လေး တစ်ပါးနှင့် ရုန်းမထွက်နိုင်စွာ ပတ်သက်ခဲ့မိပြီ ဖြစ်လေသည်။
မိုးရွာနေသည်ကိုပင် ဆန်းလျန် မေ့လျော့ သွားခဲ့ရပြီ။
တာအိုကျင့်စဉ်လမ်း ဆိုသည်က တစ်ခါတလေလည်း ခံစားချက် ကင်းမဲ့တတ်ပြီး တစ်ခါတလေမှာတော့ ခံစားချက် ပြင်းထန် တတ်သည်ကို ဆန်းလျန် ရှင်းလင်းစွာ နားလည် သွားခဲ့ပြီ။
ညသည် ကုန်ဆုံးသွားပြီ ဖြစ်လေသည်။
နှင်းမိုးများလည်း ဆဲသွားပြီ ဖြစ်ပြီး အရှေ့ဆီမှ နေရောင်ခြည် ထွန်းလင်းလာပြီ ဖြစ်လေသည်။ ညက ရွာသွန်းခဲ့သည့် မိုးရေစက်များကြောင့် သစ်ရွက်လေးများနှင့် မြက်ပင်လေးများ ထက်တွင် ရေစက်လေးများ တွဲခိုနေကြလေသည်။ ထိုရေစက်လေးများ ပေါ်သို့ နေရောင်ခြည် ဖြာကျသည့်အခါ အိပ်မက်ဆန်စွာ လှပ လွန်းလှလေသည်။
ပိုင်ယွိဖေးသည် စားပွဲတွင် မှောက်နေဆဲ ဖြစ်လေသည်။ မျက်လုံးများလည်း မပွင့်သေးပေ။
သို့သော်… ဆန်းလျန်ကတော့ ထွက်ခွာ သွားခဲ့ပြီ ဖြစ်လေသည်။
သူတို့ အရက်အတူတူ သောက်ခဲ့ကြသည့် စားပွဲငယ်သည် သန့်ရှင်း သပ်ရပ် နေလေသည်။ ထိုစားပွဲထက်တွင် ကဗျာတစ်ပုဒ် ရေးထွင်း ထားသည်ကို တွေ့နိုင်လေသည်။
"အရက်ခွက်ကို ကိုင်ရင်း သီချင်းတွေဆို
လူတစ်ယောက်ရဲ့ ဘဝဆိုတာ
သစ်ရွက်လေးတွေ ထက်က မိုးရေစက်လေးတွေ လိုပါပဲ…
အတိတ်က ရှည်လျားခဲ့ပေမယ့်…
အနာဂတ် နေ့ရက်တွေကတော့ သိပ်မကျန်တော့ဘူးလေ…"
***