← Chapters

အခန်း (၄၇၇-၄၇၈)

Vol. 36 Ch. 477-478

အခန်း (၄၇၇-၄၇၈)

Vol. 36 Ch. 477-478

အခန်း ၄၇၇ နတ်ဆိုးနတ်ဘုရား ကမ္ဘာသို့ ဆင်းသက်ခြင်း

ကုအန်သည် ကျူးရှီး သဘောတူသည်ကို မြင်သောအခါ ကောင်းကင်တာအိုသီအိုရီကျမ်းကို သူမဘက်သို့ တွန်းပို့လိုက်သည်။ သူမသည် ချက်ချင်း ကောက်မယူဘဲ ကုအန်ကို ကြည့်ကာ "ဆရာသခင်... ကျွန်မရဲ့ မျိုးရိုးကို တကယ် သိတာလား"

ကုအန်က "တကယ်တော့ မင်းရဲ့ နောက်ခံက အရမ်း သာမန်ပါပဲ... ပြီးတော့ မင်းနဲ့ ရောထွေးနေတဲ့ ကံကြမ္မာအရှုပ်အထွေးတွေလည်း မရှိဘူး... မင်းရဲ့ အရည်အချင်းက ထူးကဲပြီး ခေတ်တစ်ခေတ်မှာ တစ်ကြိမ်သာ ပေါ်ပေါက်တတ်တယ်... ကောင်းကင်နဲ့ မြေကြီးက ကောင်းချီးပေးထားတာ...ဒါကို ထိုက်ချူစုပ်ယူခြင်းယွမ်ခန္ဓာလို့ ခေါ်တယ်"

ထိုက်ချူစုပ်ယူခြင်းယွမ်ခန္ဓာ။

ဤစကားငါးလုံးကို ကြားလိုက်ရချိန်တွင် ကျူးရှီးသည် အဝေးမှ မှတ်ဉာဏ်များ နိုးထလာသကဲ့သို့ ထိုအမည်ကို နားမလည်နိုင်စွာ လက်ခံလိုက်မိရင်း ကြောင်ငေးသွား၏။

ကုအန်က အားပေးလိုက်သည် "လုံးလရှိရှိ ကျင့်ကြံပါ... တစ်နေ့နေ့မှာ မင်းဟာ အမတလမ်းစဉ်ရဲ့ အထွတ်အထိပ်မှာ ရပ်တည်နိုင်ပြီး မင်း အခု လေးစားအားကျနေရတဲ့သူ ဒါမှမဟုတ် သူတို့ကိုတောင် ကျော်လွန်သွားတဲ့သူ ဖြစ်လာလိမ့်မယ်"

ဤသည်ကို ကြားသောအခါ ကျူးရှီးသည် 'ကျွန်မ ဆရာသခင့်ကို ကျော်လွန်နိုင်ပါ့မလား' ဟု မေးလိုစိတ် ဖြစ်သွားသည်။

သူမသည် ဤမျှလောက်ထိ ယဥ်ကျေးမှုကို မသိနားမလည်သူ မဟုတ်ပေ။ သူမသည် ထိုအကြောင်းကို သူမ၏ နှလုံးသားထဲတွင်သာ တွေးဝံ့၏။

ကုအန်သည် ကျူးရှီး၏ ကျင့်ကြံခြင်းဆိုင်ရာ အခက်အခဲများကို စတင်မေးမြန်းလေသည်။ သူမ၏ သတိထားမှု လျော့ကျသွားပြီးနောက် သူမသည် သူမ၏ ကျင့်ကြံခြင်းဆိုင်ရာ ခက်ခဲမှုများကို စတင်ဆွေးနွေးတော့၏။ ထိုအချိန်တွင် ကုအန်သည် ကောင်းကင်တာအိုသီအိုရီကျမ်း၏ ကံကြမ္မာနှင့် အမှန်တရားကို တွက်ချက်နေခဲ့သည်။

ကောင်းကင်တာအိုသီအိုရီကျမ်းသည် အမှန်တရားနှင့် ပုံရိပ်ယောင်ကြားတွင် အပြန်အလှန် ပြောင်းလဲနိုင်စွမ်း ရှိ၏။ တိုက်ပွဲတွင် ၎င်းသည် ကျူးရှီး ရရှိသော ဒဏ်ရာများကို အမှန်တကယ် မဟုတ်သကဲ့သို့ ဖြစ်စေနိုင်ပြီး သူမအား ထိခိုက်မှု မရှိသကဲ့သို့ ဒဏ်ရာရရှိမှုကို နှောင့်နှေးစေသည်။ ထို့အတူ ၄င်းသည် ရန်သူအား တိုက်ခိုက်ရန် တည်ရှိခြင်းမရှိသော မန္တန်များနှင့် နတ်ဘုရားစွမ်းရည်များကို အသုံးပြုနိုင်စွမ်းရှိပြီး ရန်သူအား အမှန်တကယ် မဟုတ်သော်လည်း ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်ဟု ယုံကြည်စေသည်။ ဤအကျိုးသက်ရောက်မှုသည် မပျောက်ကွယ်မီ အချိန်တစ်ခုအထိ ဆက်လက်တည်ရှိနေမည် ဖြစ်၏။

ဤစွမ်းအားသည် ကံကြမ္မာနှင့် မတူပေ။ ၎င်းသည် တာအို၏ အလွန်ထူးခြားသော စွမ်းအားတစ်ခု ဖြစ်သည်။ လက်ရှိတွင် ကုအန်သည် ဤတာအိုအမျိုးအစားကို မလေ့လာရသေးချေ။ သူ ၎င်းကို အလွန်စိတ်ဝင်စားနေ၏။ တစ်နာရီကြာသောအချိန်တွင် ကုအန်သည် ထွက်ခွာရန် ထရပ်လိုက်သည်။

"ဆရာသခင်... ကောင်းကင်တာအိုသီအိုရီကျမ်းကို လောလောဆယ် ဆရာ့ဆီမှာပဲ သိမ်းထားပေးပါ... ကျွန်မ လိုအပ်တဲ့အချိန်ကျမှ ဆရာ့ဆီက ပြန်တောင်းပါ့မယ်... ဘယ်လိုလဲ" ကျူးရှီးက ကောင်းကင်တာအိုသီအိုရီကျမ်းကို ကုအန်ထံ လှမ်းပေးရင်း လေးနက်စွာ ပြောလိုက်သည်။

သူမသည်လည်း ၎င်းကို လက်လွှတ်ရန် ဝန်လေးနေဆဲဖြစ်၏။ သို့သော် ကောင်းကင်တာအိုသီအိုရီကျမ်း၏ ဇာစ်မြစ်ကို သိရှိပြီးနောက် သူမသည် ထိုစာအုပ်ကို ကိုင်တွယ်ရသည်မှာ မီးတုတ်ကိုင်ထားရသကဲ့သို့ စိုးရိမ်ထိတ်လန့်မှုကို ခံစားနေရသည်။

အရေးအကြီးဆုံးမှာ ကုအန်၏ စာအုပ်၏ဇာစ်မြစ်ကို ပိုင်းခြားသိမြင်နိုင်စွမ်းသည် သူသည် စာအုပ်၏နောက်ကွယ်ရှိ ပုဂ္ဂိုလ်ထက် ပိုမိုအားကောင်းနိုင်သည်ကို ညွှန်ပြနေခြင်းလော။

ထို့အပြင် သူမသည် ကောင်းကင်တာအိုသီအိုရီကျမ်းအပေါ် ကုအန်၏ စိတ်ဝင်စားမှုကို အာရုံခံမိနေသည်။ သို့မဟုတ်ပါက သူသည် သူမကို ရှာဖွေရန် ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့မည် မဟုတ်ပေ။ ကုအန်က သူမကို ပြုစုပျိုးထောင်ပေးမည်ဟု ပြောကြားခဲ့ပြီးဖြစ်ရာ သူမ အဘယ်ကြောင့် ရက်ရောမှု မပြသင့်ဘဲ ရှိမည်နည်း။

ကုအန်သည် ကောင်းကင်တာအိုသီအိုရီကျမ်းကို လက်ခံရင်း ပြုံးလိုက်ပြီး သူမအား အတော်လေး အသိတရားရှိသူဟု မှတ်ယူလိုက်သည်။

ကုအန် ထွက်သွားပြီးနောက် ကျူးရှီးသည် သူမ၏ အခန်းတံခါးကို ပိတ်လိုက်ပြီး နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်ခဲ့တော့သည်။

သူမ၏ သတိကြီးသော သဘာဝကြောင့်သာမက မည်သူမဆို ဤမျှ တန်ခိုးကြီးသောပုဂ္ဂိုလ်တစ်ဦးက ကိုယ့်အား စောင့်ကြည့်နေသည်ကို သိရှိပါက ကြောက်ရွံ့မှု ခံစားရမည်သာ ဖြစ်သည်။

သူမသည် သူတို့၏ စကားဝိုင်းကို စိတ်ထဲတွင် ပြန်လည်သုံးသပ်ကြည့်ပြီး သူမ စကားမှား မပြောခဲ့ကြောင်း သေချာမှသာ အပြည့်အဝ စိတ်သက်သာရာ ရသွားသည်။

သူမသည် သူမ၏ ကုတင်ပေါ်တွင် ထိုင်ရန် ပြန်လည်နေရာယူလိုက်ပြီး သူမ၏ မျက်လုံးများက ပြတင်းပေါက်ဆီသို့ ရောက်သွားကာ အဝေးသို့ မျှော်ကြည့်ရင်း နက်နက်ရှိုင်းရှိုင်း တွေးတောနေမိသည်။

အဘယ်ကြောင့် သူမ အမြဲတမ်း ကြောက်ရွံ့နေခဲ့သနည်း။ သူမ၏ လူ့သဘာဝရ မကောင်းတာဖြစ်တော့မည်ဟု ခံစားမိနေသည်။ သို့သော် သူမသည် လူတိုင်းအနီးတွင် အလိုအလျောက် သတိရှိနေတတ်ပြီး ဖြစ်နိုင်ခြေရှိသော ဒုက္ခများအတွက် သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ ရှောင်တိမ်းရန် ဖြစ်၏။

သို့သော် ဤသည်မှာ လူ့သဘာဝပင်တည်း။ ကိုယ့်၏ ချို့ယွင်းချက်များကို သိရှိနေသော်လည်း ၎င်းတို့ကို ပြင်ဆင်ရန် မလွယ်ကူလှပေ။ ခဏအကြာတွင် သူမသည် သူမ၏ အာရုံကို ပြန်လည်စုစည်းကာ ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

ကျူးရှီးနှင့် စကားပြောပြီးနောက် ကုအန်သည် သူမအား ရက်အနည်းငယ်ကြာတိုင်း ခတ်ဆက်ဆက်ခြေလှမ်းကို လေ့ကျင့်ရာတွင် လမ်းညွှန်ပေးခဲ့ပြီး အခြားအချိန်များတွင်မူ ပန်းများ ဆေးပင်များ ခူးယူခြင်း သို့မဟုတ် ကောင်းကင်တာအိုသီအိုရီကျမ်းပါ တာအိုစွမ်းအားများကို လေ့လာခြင်းတို့ ပြုလုပ်နေခဲ့သည်။

သူသည် ဤစွမ်းအားကို တိုက်ရိုက် စုပ်ယူခြင်းမပြုဘဲ ၎င်း၏ တည်ရှိမှုကိုသာ ခံစားသိရှိကာ စကြဝဠာ၏ မမြင်နိုင်သော တာအိုစည်းမျဥ်းများအတွင်းမှ အလားတူ စွမ်းအားများကို ရှာဖွေပြီး အသိဉာဏ်ပွင့်စေခဲ့သည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် သူသည် ကောင်းကင်တာအိုသီအိုရီကျမ်း၏ နောက်ကွယ်ရှိ ပုဂ္ဂိုလိထံမှ မည်သည့်အကြံအစည်ကိုမဆို တားဆီးနိုင်ပြီး ပိုမိုသန့်စင်သော တာအိုစွမ်းအားကို ခံစားသိရှိနိုင်မည်ဖြစ်သည်။

စကြဝဠာသည် ကြီးမားလှပြီး ၎င်း၏ အခြေခံအုတ်မြစ်အဖြစ် သဏ္ဍာန်မဲ့ ထိတွေ့မရသော တာအိုစည်းမျဥ်း အမျိုးအစားပေါင်း မရေမတွက်နိုင်အောင် ရှိနေကာ စကြဝဠာနှင့် အတွင်းရှိ အရာအားလုံးကို မွေးဖွားပေးခဲ့သည်။ တာအိုစည်းမျဥ်းတစ်ခုစီသည် ကြီးမားပြီး နယ်နိမိတ်မရှိပေ။ ကုအန်သည် ကံကြမ္မာတာအိုနှင့် ကံတရားတာအိုတို့ကို လေ့လာခဲ့ဖူးသော်လည်း ဤစည်းမျဥ်းများထဲမှ တစ်ခုနှင့် နှိုင်းယှဥ်ပါက ၎င်းတို့သည် အလွန်နိမ့်ကျနေခဲ့သည်။ တာအိုနှင့် ယှဥ်ပြိုင်နိုင်လောက်အောင် အစွမ်းထက်သော နယ်ပယ်သည် မည်သို့သော နယ်ပယ်ဖြစ်မည်ကို သူ မခန့်မှန်းနိုင်ခဲ့ပေ။

ကုအန်သည် မဟာတာအိုကို စတင်နားလည်လာပြီး သူ၏ အပျော်အပါး လျှောက်သွားခြင်းများကို လျှော့ချလိုက်သည့်အချိန်တွင် အချိန်သည် ပိုမို လျင်မြန်စွာ စီးဆင်းလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ် ၄၅ နှစ်ကြာသွားခဲ့သည်။

ထိုနှစ် နွေရာသီတွင် ကုအန်သည် (ထျန်းဖုန်း)ကောင်းကင်ဖီးနစ်တောင်၏ အပြင်ဘက်ကမ္ဘာဂူသို့ ရောက်ရှိလာခဲ့သည်။ မိစ္ဆာသုံးဦးဖြစ်သော ထျန်းယောင်အာသည် အပြင်ဘက်ကမ္ဘာငယ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ဖြစ်ကာ နျန်ချူဂူမှ ဆေးအပင်များကိုလည်း ထိုနေရာသို့ ပြောင်းရွှေ့ထားခဲ့ပြီး ဖြစ်သည်။

ကုအန် ဖွင့်လှစ်ခဲ့သော ကောင်းကင်နှင့်မြေပြင်ငယ်တစ်ခုအနေဖြင့် အပြင်ဘက်ကမ္ဘာငယ်၏ ကောင်းကင်နှင့်မြေပြင် စည်းမျဥ်းများသည် ပိုမိုပြည့်စုံလာခဲ့သည်။ ထိုကမ္ဘာငယ်၏ကောင်းကင်သည် စိတ်ဝိညာဉ်စွမ်းအင်များ ကြွယ်ဝနေပြီး ထျန်းယောင်အာနှင့် အခြားသူများ၏ ကျင့်ကြံမှုအဆင့်ကို တဖြည်းဖြည်း တိုးမြင့်စေခဲ့သည်။

ယခုအခါ ထျန်းယောင်အာသည် မဟာယာနနယ်ပယ်၏ အဆင့်ကိုး သို့ ရောက်ရှိခဲ့ပြီး မည်သည့်အချိန်မဆို ကျော်လွှားတက်လှမ်းရန် အသင့်ဖြစ်နေခဲ့သည်။

ကုအန်သည် အပြင်ဘက်ကမ္ဘာငယ်အား ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်စေရန် သူမအား ကပ်ဘေးဖြတ်ကျော်မှုအတွက် အပြင်သို့ ခေါ်သွားရန် ပြင်ဆင်လိုက်သည်။

အပြင်သို့ ထွက်နိုင်ပြီဟု ကြားသောအခါ ထျန်းယောင်အာသည် အလွန် စိတ်လှုပ်ရှားသွား၏။ ထျန်းချင်းနှင့် ထျန်းပိုင်တို့ကလည်း လိုက်ပါရန် တောင်းဆိုကြပြီး ကုအန်၏ လက်မောင်းများကို တွယ်ကပ်ကာ ချွဲနွဲ့နေကြသည်။

ထျန်းချင်းသည် ရင့်ကျက်သော အမူအရာဖြင့် ကျက်သရေရှိပြီး စွဲဆောင်မှုရှိကာ အစ်မကြီးတစ်ဦးပမာ ဖြစ်နေသည်။ ထျန်းပိုင်မှာမူ ပို၍ အပြစ်ကင်းစင်သော်လည်း ချွဲနွဲ့ရတာကို နှစ်သက်ပြီး အမြဲတမ်း ငြူငြူငြင်ငြင် အသံဖြင့် ပြောဆိုတတ်၏။ ညီအစ်မနှစ်ဦးသည် ကောင်းစွာ ပူးပေါင်းလုပ်ဆောင်ကြရာ ကုအန်သည်လည်း စိတ်ပျော့သွားပြီး သူတို့ကို အပြင်သို့ ခေါ်သွားရန် သဘောတူလိုက်ရသည်။

သူတို့၏ ဆန္ဒများ ပြည့်ဝသွားသည်ကို မြင်သောအခါ ထျန်းယောင်အာသည် သူတို့ကို မောင်းထုတ်လိုက်ပြီး တစ်ယောက်တည်း ကုအန်၏ လက်မောင်းကို ဆုပ်ကိုင်ကာ "ဆရာသခင်... ကျွန်မ အဆင့်တက်လို့အောင်မြင်သွားရင် ဆရာ့အနားမှာ အမြဲတမ်း နေလို့ရမလား"

သူမသည် မြေအောက်တွင် နှစ်ပေါင်း တစ်ထောင်နီးပါး ကျင့်ကြံနေခဲ့ရသည်။ သူမ ရောက်ရှိလာစဥ်က အသက် ဆယ့်ခုနစ်နှစ်သာ ရှိသေးပြီး ယခုအခါ သူမသည် ၉၈၉ နှစ် ရှိနေပြီ ဖြစ်၏။ ကျယ်ပြန့်သော အပြင်လောကကြီးကို သူမ အဘယ်သို့ မစူးစမ်းချင်ဘဲ နေနိုင်မည်နည်း။

ကုအန်က "ဒါတော့ မဖြစ်နိုင်ဘူး... မင်း ထွက်သွားရင် ဒီကမ္ဘာငယ်ကို ဘယ်သူက ငါကို ကူပြီး စောင့်ရှောက်ပေးမှာလဲ... ထျန်းချင်းနဲ့ ထျန်းပိုင်ကိုတော့ ဒါနဲ့ပတ်သက်ပြီး ငါ မယုံကြည်နိုင်ဘူး"

ဤသည်ကို ကြားသောအခါ ထျန်းယောင်အာ၏ မျက်နှာသည် ချက်ချင်း ညှိုးကျသွားပြီး စိတ်ပျက်သွားသည်မှာ ထင်ရှား၏။

ကုအန်က သူ၏ လေသံကို ပြောင်းလိုက်ပြီး "ဒါပေမဲ့ ရံဖန်ရံခါ မင်းကို အပြင်ခေါ်ထုတ်ပြီး လမ်းလျှောက်ထွက်တာကတော့ မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး"

"ကျေးဇူးတင်ပါတယ် ဆရာသခင်"

ထျန်းယောင်အာ၏ မျက်နှာသည် အပြုံးဖြင့် ဝင်းပသွားပြီး ကုအန်အား ချက်ချင်း ကျေးဇူးတင်စကား ဆိုလိုက်သည်။

ကုအန်က သူမကို တစ်ချက် ကြည့်လိုက်သည်။ သူမ၏ အသက် နှစ် ၁၀၀၀ နီးပါး ရှိနေပြီ ဖြစ်သော်လည်း သူမသည် မိန်းကလေးငယ်တစ်ဦးကဲ့သို့ပင် ရှိနေသေး၏။ သူမသည် သာမန်လောကကို မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် တွေ့ကြုံခံစားသင့်ပေသည်။ သို့မဟုတ်ပါက ဘဝ၏ ထိုးထွင်းအမြင်များ မရှိဘဲ ပိုမိုမြင့်မားသော နယ်ပယ်သို့ ရောက်ရှိသွားခြင်းသည် သူမ၏ ခရီးလမ်းကို ခက်ခဲကြမ်းတမ်းစေနိုင်၏။

သူသည် ရှေ့သို့ ဆက်လက်လျှောက်သွားခဲ့ပြီး ထျန်းယောင်အာမှာ သူ့ဘေးတွင် ရှိနေကာ ထျန်းချင်းနှင့် ထျန်းပိုင်တို့မှာ သူတို့၏ ကြောင်သဘာဝအတိုင်း ခုန်ပေါက်ဆော့ကစားနေကြသည်။

ကုအန်သည် ထျန်းယောင်အာနှင့် စကားစမြည်ပြောရင်း သူမ၏ ပျော်ရွှင်ဖွယ် ရယ်သံများကို နားထောင်နေစဥ် သူ၏ စိတ်ခံစားချက်မှာလည်း ပိုမို တောက်ပလာခဲ့သည်။

ဘုန်း ဘုန်း ဘုန်း

ရုတ်တရက် မြေကြီး တုန်ခါလာသည်။ အပြင်ဘက်ကမ္ဘာငယိ၏ စိတ်ဝိညာဉ်စွမ်းအင်များသည် ကမ္ဘာပျက်သကဲ့သို့ ဖရိုဖရဲ ဖြစ်စပြုလာ၏။

ထိတ်လန့်သွားသော ထျန်းချင်းနှင့် ထျန်းပိုင်တို့သည် အလျင်အမြန် ရပ်တန့်လိုက်ကြပြီး ထျန်းယောင်အာမှာ မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ကမ္ဘာငယ်၏ အပြင်ဘက်မှ ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ခံစားနေရ၏။

ဤဖိအားသည် ခဏတာမဟုတ်ဘဲ အဆက်မပြတ်ဖြစ်ပေါ်နေပြီး ပို၍ ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။

"ဆရာသခင်... ဘာဖြစ်နေတာလဲ" ထျန်းချင်းက ကုအန်ကို ကြည့်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။

ကုအန်က ကောင်းကင်ကို မော့ကြည့်ရင်း "နတ်ဆိုးနတ်ဘုရားတစ်ပါး ရောက်လာပြီ... မဟာကောင်းကင်စိတ်ဝိညာဉ်နယ်ပယ်ရဲ့ တကယ့် ကပ်ဘေးကြီး စတင်တော့မယ်"

ကုအန်သည် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်မှ ဖန်တီးခဲ့သော အပြင်ဘက်ကောင်းကင်၏ အနက်ရောင်မြို့တော်ရှေ့တွင် ရပ်နေသော နတ်ဆိုးနတ်ဘုရားကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။

နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ်။

ကုအန်သည် ဤနတ်ဆိုးနတ်ဘုရား၏ ဇာစ်မြစ်ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။ အမှန်စင်စစ် လုံကျန်း၏ အမွေဆက်ခံထားသော မှတ်ဉာဏ်များတွင် နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ်၏ ဒဏ္ဍာရီများ ရှိခဲ့ပြီး ၎င်းမှာ အလွန် ရှေးကျလှသည်။ လုံကျန်းသည် အဆုံးအစမရှိသော ကြီးမားကျယ်ပြန့်သည့် အငွေ့အသက်များ ထုတ်လွှတ်နေသော အရိုးစုများကိုသာ မြင်တွေ့ခဲ့ဖူး၏။

နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ်၏ ဘေးတွင် အလွန် အစွမ်းထက်သော အငွေ့အသက်ရှိသည့် မိစ္ဆာတစ်ကောင် ရပ်နေသည်။

ကောင်းကင်မိစ္ဆာဧကရာဇ်

အခန်း ၄၇၈ ကောင်းကင်နှင့်မြေပြင်၏ အဆုံးစွန်သော သက်တမ်း

ကုအန်သည် ကျိရှောင်ယုကြောင့် ကောင်းကင်မိစ္ဆာဧကရာဇ်ကကို သတိရမိ၏။

ကောင်းကင်မိစ္ဆာဧကရာဇ်သည် ကျိရှောင်ယုနှင့် ရန်ငြိုးရှိခဲ့ပြီး ကျိရှောင်ယု၏ မူလခန္ဓာကိုယ်သည် သူ့အား အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့ဖူး၏။

ကောင်းကင်မိစ္ဆာဧကရာဇ်သည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေအနီးသို့ ဆင်းသက်လာသည့်အချိန်တွင် ကုအန်သည် အနာဂတ်ကို တွက်ချက်ခဲ့ပြီးဖြစ်၍ နောက်ဆက်တွဲ ဖြစ်လာမည့်အရာကို သိရှိနေခဲ့သည်။ အကယ်၍ သူ ဝင်မပါခဲ့လျှင် ကောင်းကင်မိစ္ဆာဧကရာဇ်သည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေသို့ ကြီးမားသော ဘေးဒုက္ခများ ယူဆောင်လာလိမ့်မည်ဖြစ်သည်။

အကယ်၍ သူ ဝင်ပါခဲ့လျှင် အနာဂတ်တွင် ပိုမိုများပြားသော ဘေးဒုက္ခများ ပေါ်ပေါက်လာမည်ဖြစ်ပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ ပျက်စီးခြင်းကို အရှိန်မြှင့်လိုက်သကဲ့သို့ ဖြစ်သွားနိုင်ပေသည်။

မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ ကံကြမ္မာသည် မဟာကောင်းကင်နှင့်မြေပြင်၏ ကံတရားများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်၏။ တစ်နည်းဆိုရသော် ကောင်းကင်တာအိုမှ ဆုံးဖြတ်ခြင်းဖြစ်ပေသည်။

ကောင်းကင်တာအိုသည် သက်ရှိအားလုံး၏ စိတ်ဆန္ဒကို လွှမ်းမိုးပြီး သူတို့ကို ရန်လိုလာစေရန် လှုံ့ဆော်ကာ ပဋိပက္ခများ တိုးမြင့်လာစေရန် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီး၏။ ကုအန်သာ သက်ရှိအားလုံး၏ စိတ်ဆန္ဒကို ချယ်လှယ်နိုင်မည်ဆိုလျှင် ထိုအချိန်ကျမှသာ သူသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ လူများကို အမှန်တကယ် ကယ်တင်နိုင်မည်ဖြစ်၏။

သို့သော် ထိုသို့ပြုလုပ်ခြင်းသည် လူများကို ရုပ်သေးများအဖြစ် ပြောင်းလဲသွားစေပြီး သေခြင်းထက် ဆိုးရွားသော ကံကြမ္မာကို ဖြစ်ပေါ်စေမည်ဖြစ်သည်။

ထို့အပြင် ကောင်းကင်တာအိုက ဖျက်ဆီးပစ်သည်မှာ ဤခေတ်ကာလ၏ လူများကိုသာဖြစ်ပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေအား သက်မဲ့ဖြစ်သွားစေရန် ချန်ထားခဲ့ခြင်း မဟုတ်ပေ။

နှစ်များတစ်လျှောက် ကုအန်၏ တွက်ချက်နိုင်စွမ်းများသည် တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး သူ၏လုပ်ဆောင်ချက်များ၏ ရလဒ်များကိုပင် သူ ကြိုတင်မြင်နိုင်ခဲ့၏။ ဟုတ်ပါသည်။ သူသည် သူ့ထက် တန်ခိုးကြီးသောအရာများကိုမူ တွက်ချက်နိုင်စွမ်း မရှိခဲ့ပေ။

"နတ်ဆိုးနတ်ဘုရား... ဘယ်နတ်ဆိုးနတ်ဘုရားလဲ... သူက ဆရာ့ရဲ့ ပြိုင်ဘက်လား" ကုအန်၏ စကားကို ကြားသောအခါ ထျန်းပိုင်က အလိုအလျောက် မေးလိုက်သည်။

အပြင်ဘက်ကမ္ဘာငယ်သည် တုန်ခါနေဆဲဖြစ်၏။ ဤနေရာတွင် ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားများဖြင့် သီးခြားခွဲထားသော်လည်း ဤမျှလောက်ပင် ဖြစ်နေသေးရာ အပြင်ဘက် သေမျိုးကမ္ဘာတွင် ပိုမိုကြီးမားသော လှုပ်ခတ်မှုများကို တွေးကြည့်နိုင်ပေသည်။

ကုအန်က ပြန်ဖြေသည် "ငါမှာ ငါ့ကိုယ်ငါ ကာကွယ်နိုင်တဲ့ စွမ်းအားရှိတယ်... ဒါပေမဲ့ လောကကြီးတစ်ခုလုံးကိုတော့ မကာကွယ်နိုင်ဘူး... ငါတို့ လက်လှမ်းမမီနိုင်တဲ့ မမြင်နိုင် မထိတွေ့နိုင်တဲ့ စွမ်းအားတွေက အရာအားလုံးကို ချယ်လှယ်နေတယ်... အမတကျင့်ကြံခြင်းဆိုတာ အဲ့ဒီလို စွမ်းအားတွေကနေ ရုန်းထွက်ဖို့ပဲ"

ဤသည်ကို ကြားသောအခါ မိစ္ဆာသုံးဦးလုံး အတွေးနက်သွားကြ၏။ ထျန်းယောင်အာက သတိဖြင့် "ဒါဆိုရင်... ကျွန်မ အဆင့်တက်ဖို့ အပြင်ထွက်လို့ ရသေးလား"

ကုအန်က ပြုံးလိုက်သည်။ "ရတာပေါ့... နောက်ရက်နေရင် ငါမင်းကို ခေါ်သွားမယ်"

ထျန်းယောင်အာ၏ မျက်နှာမှ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားမှုများ အစားထိုးဝင်ရောက်လာသည်။ သူမသည် နိဗ္ဗာနနယ်ပယ်သို့ သူမ၏ တက်လှမ်းမှုအတွက် အလွန် စိတ်အားထက်သန်နေခဲ့သည်။

ထျန်းချင်းနှင့် ထျန်းပိုင်တို့သည်လည်း နိဗ္ဗာနနယ်ပယ်ကို အလားတူ မျှော်လင့်နေကြ၏။ သို့သော် ထျန်းယောင်အာထက် အရည်အချင်း နည်းပါးသဖြင့် သူတို့၏ တက်လှမ်းမှုသည် နောက်ထပ် နှစ်ပေါင်းရာနှင့်ချီ၍ စောင့်ဆိုင်းရန် လိုအပ်ဦးမည်ဖြစ်သည်။

ဘုန်း

မြေကြီး တုန်ခါသွားပြီး အဓိပတိဂိုဏ်းပင်လျှင် ထိတ်လန့်တုန်လှုပ်သွားကြ၏။

ကျိရှောင်ယုသည် သူမ၏ အိမ်ထဲမှ ထွက်လာပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ အနက်ရောင်ချီငွေ့ လှိုင်းလုံးကြီးများသည် ကောင်းကင်ထိပ်မှ အဆက်မပြတ် ကျဆင်းလာကာ ဖိနှိပ်လွှမ်းမိုးသော အငွေ့အသက်များဖြင့် ကောင်းကင်ယံကို ဖြတ်သန်းသွားသည်မှာ နတ်ဆိုးတစ်ပါး ကမ္ဘာပေါ် ကျရောက်လာသကဲ့သို့ပင် ဖြစ်၏။

သူမသည် တည်ရှိမှုတစ်ခုကို အာရုံခံမိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။ နေလမြေအောက်လောကဧကရာဇ်သည် သူမ၏ ဘေးတွင် ပေါ်လာပြီး သူ၏ မျက်နှာထားမှာ တည်ကြည်လေးနက်နေကာ "သူ လာပြီ"

သူ ရည်ညွှန်းလိုက်သူကို အမည်တပ် ပြောဆိုရန် မလိုအပ်ပေ။ ကျိရှောင်ယု သိနှင့်ပြီးဖြစ်၏။

ဆေးဝါးတောင်ကြားအတွင်း၌ လူတိုင်းသည် ကောင်းကင်ယံရှိ ထူးဆန်းသော ဖြစ်ရပ်များအကြောင်း ဆွေးနွေးနေကြသည်။ အိမ်တွင်း၌ တရားထိုင်နေသော တပည့်များသည် အပြင်သို့ ထွက်လာကြပြီး ဉာဏ်ပညာခန်းမဆောင်ရှိ ကျားကစားသူများသည်လည်း သူတို့၏ ကစားပွဲကို စိတ်ဝင်စားမှု လျော့ကျသွားကြသည်။ အခြေအနေကို အခွင့်ကောင်းယူလျက် လက်ကိုးချောင်းနတ်ဘုရား ကသည် ကျားကွက်ကို ပြောင်းလဲလိုက်ပြီးနောက် ကောင်းကင်သို့ မျက်မှောင်ကြုတ် ကြည့်လိုက်သည်။

တိုးမြင့်လာသော အနက်ရောင်ချီငွေ့များသည် ကောင်းကင်မှ လောင်းချလိုက်သော ပင်လယ်ကြီးတစ်ခုပမာ ပြင်းထန်စွာ လိမ့်တက်နေပြီး ကြည့်ရှုသူအားလုံးကို အံ့အားသင့်စေ၏။

နဂါးတစ်ကောင်၏ ဟိန်းသံသည် စူးရှစွာ မရပ်မနား ထွက်ပေါ်လာသည်။ နဂါး၏ အရိပ်ကို မည်သူမျှ မမြင်တွေ့မီတွင် အခြားသော ဟောက်သံများနှင့် စူးရှသော အော်သံများက နောက်မှ လိုက်ပါလာသည်။

အပြင်ဘက်ကောင်းကင်ဘုံတွင် ကြီးမားလှသော နတ်သားရဲကြီးများသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေအတွက် ခုနစ်ရက်ကြာ တိုက်ပွဲဝင်နေခဲ့ကြပြီး မြင့်မြတ်ခုံရုံးနှင့် အမတမင်းဆက်တို့၏ ကြီးမားသော ကြိုးပမ်းမှုများဖြင့် ထောက်ပံ့ပေးထား၏။

မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ အထက်တွင် ဧရာမအနက်ရောင် ဝဲဂယက်များ တစ်ခုပြီးတစ်ခု ပေါ်လာပြီး အဆုံးမရှိသော ကောင်းကင်မိစ္ဆာများ ပျံသန်းထွက်လာကြသည်။

အဝေးဆုံးသော အရပ်တွင် ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ကြီးတစ်ခု ချဥ်းကပ်လာသည်။ သူ့အား ပတ်ရစ်နေသော နဂါးများကဲ့သို့ မီးလှိုင်းများဖြင့် ဝန်းရံလျက်ရှိပြီး ခြေတစ်လှမ်းစီတိုင်းသည် စကြဝဠာကို ဟင်းလင်းပြင်အဖြစ်သို့ တုန်ခါသွားစေနိုင်၏။

သူသည် စကြဝဠာ၏ အရုဏ်ဦးမှ ရှေးအကျဆုံး နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ ထင်ရပြီး အဆုံးမရှိ ကျယ်ပြောလှသော အငွေ့အသက်ကို ထုတ်လွှတ်နေ၏။ သူ၏ ခြေအောက်မှ တုန်ခါမှုများကို သာမန်မျက်စိဖြင့် မြင်နိုင်ပြီး တာအိုကိုယ်တိုင်ပင် တုန်လှုပ်သွားသကဲ့သို့ ဖြစ်နေသည်။

သူ၏ ပုံပန်းသဏ္ဌာန်သည် ချက်ချင်းပင် ဖျက်ဆီးခြင်းကို အမှတ်ရစေပြီး အားလုံးကို အလွန်အမင်း ကြောက်ရွံ့စေ၏။ မြင့်မြတ်ခုံရုံးမှ ကျင့်ကြံသူများ ဖြစ်စေ အမတမင်းဆက်မှ အမတဝိညာဉ်များ ဖြစ်စေ သူ၏ ရောက်ရှိလာမှုကို ကြည့်ရင်း အလိုအလျောက် ထိတ်လန့်မှုကို ခံစားလိုက်ရသည်။

၄င်းသည် နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ်ပင်ဖြစ်၏။

သူ၏ ပခုံးပေါ်တွင် ဖုန်မှုန့်ကဲ့သို့ သေးငယ်ပုံရသော နောက်ထပ် ပုံရိပ်တစ်ခု ရှိနေသေးရာ အမှန်စင်စစ် ကောင်းကင်မိစ္ဆာဧကရာဇ်ပင် ဖြစ်သည်။

ကောင်းကင်မိစ္ဆာဧကရာဇ်ကသည် သူ၏ လက်များကို ရင်ဘတ်တွင် ပိုက်ထားလျက် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေဘက်သို့ လှောင်ပြောင်သရော်သော အကြည့်ဖြင့် ကြည့်နေခဲ့သည်။

ရွှေရောင်အလင်းတန်းတစ်ခုသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေအတွင်းမှ ပေါက်ကွဲထွက်လာပြီး ရပ်တန့်သွားရာ ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်းမှာ ဧကရာဇ်ယန်ရှင်းဖြစ်ပြီး သူ၏ နောက်တွင် ရွှေရောင်စက်ဝိုင်းတစ်ခု နေနှင့်လထက် ပိုမိုတောက်ပသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေ၏။

ဧကရာဇ်ယန်ရှင်းသည် အဝေးရှိ နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ်ထံသို့ ကြည့်လိုက်ပြီး သူ၏ မျက်လုံးများသည် သတိကြီးစွာ ထားမှုများဖြင့် ပြည့်နှက်နေသည်။

သူသည် ကြီးမားလှသော ဖိအားကို ခံစားရ၏။

နောက်ထပ် လွတ်ငြိမ်းရာအမတတစ်ဦးဖြစ်သူ မြင့်မြတ်အရှင်သခင်သည်လည်း မြင့်မြတ်ခုံရုံး၏ ကျင့်ကြံသူကြားတွင် ပေါ်ထွက်လာသည်။ သူသည် လျင်မြန်စွာ တွက်ချက်နေပြီး သူ ကောက်ချက်ချလေလေ သူ၏ မျက်နှာထားမှာ ပိုမို တင်းမာလာလေ ဖြစ်သည်။

"လူကြီးမင်းတို့... မတွေ့တာ ကြာပြီပဲ... ဘာလို့ ရှန့်ထျန်းကို မတွေ့ရတာလဲ"

ကောင်းကင်မိစ္ဆာဧကရာဇ်၏ အသံသည် ဟင်းလင်းပြင်တစ်ခွင် ပဲ့တင်ထပ်သွားပြီး မြင့်မြတ်ခုံရုံးနှင့် အမတမင်းဆက်မှ လွတ်ငြိမ်းရာအမတများနှင့် နတ်တွေးအစစ်အမှန်အမတများအားလုံး၏ နားထဲသို့ ရောက်ရှိသွားရာ မျက်နှာအမူအရာများ ရုတ်တရက် ပြောင်းလဲသွားစေသည်။ ဤသည်မှာ သူတို့အားလုံး ကောင်းကင်မိစ္ဆာဧကရာဇ်ကို သိရှိကြကြောင်း ရှင်းရှင်းလင်းလင်း ပြသနေ၏။

"ကောင်းကင်မိစ္ဆာဧကရာဇ်..." မြင့်မြတ်နတ်ဘုရားတစ်ဦးက အံကြိတ်ကာ ပြောလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ အလွန် ဆိုးရွားနေသည်။

ဘုန်း။

နောက်ထပ် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီး နားကွဲလုမတတ် ဖြစ်သွားကာ မြင့်မြတ်ခုံရုံးမှ ကျင့်ကြံသူများနှင့် အမတမင်းဆက်မှ အမတဝိညာဉ်များအား ထိတ်လန့်တကြားဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။

အကန့်အသတ်မရှိ ခမ်းနားထည်ဝါသော မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် ပေါက်ကွဲမှုတစ်ခုက တိုက်ကြီးတစ်တိုက်ကို ဖျက်ဆီးလိုက်ပြီး တိမ်ပင်လယ်များ ပြန့်ကျဲသွားကာ ကြောက်မက်ဖွယ် မိစ္ဆာချီငွေ့များသည် အပြင်ဘက်ကောင်းကင်ဘုံဆီသို့ စမ်းရေပန်းကဲ့သို့ ထိုးတက်သွားသည်။

အမတမင်းဆက်မှ အမတဝိညာဉ်တစ်ဦး၏ မျက်နှာသည် ဆိုးရွားစွာ ရှုံ့မဲ့သွားပြီး အံကြိတ်ကာ ကျိန်ဆဲလိုက်သည် "ကောင်းကင်မိစ္ဆာဂိုဏ်း... ငါ အစကတည်းက ပြောသားပဲ... ငါတို့ အဲ့ဒီတုန်းက မြင့်မြတ်ခုံရုံး နဲ့ ပူးပေါင်းပြီး သူတို့ကို ရှင်းပစ်ခဲ့သင့်တာ"

နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ်နှင့် ကောင်းကင်မိစ္ဆာဧကရာဇ်တို့က အပြင်မှ ဖိအားပေးလာပြီး ကောင်းကင်မိစ္ဆာဂိုဏ်းကလည်း အချိန်ကောင်းကို အခွင့်ကောင်းယူကာ သက်ရှိအားလုံးကို ဖျက်ဆီးနေသဖြင့် မြင့်မြတ်ခုံရုံး နှင့် အမတမင်းဆက် နှစ်ခုလုံး ကြီးမားသော ဖိအားကို ခံစားနေရသည်။

ဧကရာဇ်ယန်ရှင်း၏ မျက်နှာထားသည်လည်း အေးစက်သွားပြီး သူ၏ အကြည့်သည် မြင့်မြတ်အရှင်သခင်ထံသို့ ကျရောက်သွားသည်။ မြင့်မြတ်အရှင်သခင်သည်လည်း သူ့ကို အလားတူ ကြည့်လိုက်၏။ သူတို့၏ မျက်လုံးများ ဆုံသွားပြီးနောက် နှစ်ဦးလုံး နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ်ထံသို့ အာရုံပြန်လှည့်လိုက်ကြသည်။

ကုအန်သည် တတိယဆေးတောင်ကြားသို့ ပြန်လာပြီး တောင်ကြားဝဆီသို့ လျှောက်သွား၏။ မော့ကြည့်လိုက်ရာ ညနေစောင်းသို့ ရောက်နေပြီကဲ့သို့ ထင်ရသည်။ အမှောင်တိမ်တိုက်များ လိမ့်တက်နေပြီး နီရဲသော အလင်းရောင်များ ပျံ့နှံ့နေကာ မီးတောက်များနောက်တွင် ကြယ်များ မရေမတွက်နိုင်အောင် ကြွေဆင်းနေသည်သည်မှာ ကြေကွဲဖွယ် ကောင်းသော်လည်း ခမ်းနားလှသော မြင်ကွင်းဖြစ်နေသည်။

အဓိပတိဂိုဏ်းသည် ဂိုဏ်း၏ အကာအကွယ်အစီအရင်ကို ဖွင့်လှစ်ထားခဲ့ပြီးဖြစ်၏။ ထိုက်ချန်းတိုက်၏ အစွန်းများတွင် ကြီးကျယ်ခမ်းနားသော အစီအရင်တစ်ခု မြေပြင်မှ ထွက်ပေါ်လာသည်။ ၎င်းမှာ ထိုက်ချန်းမင်းဆက်မှ ပင်လယ်ရပ်ခြားမှ ဝယ်ယူထားသော အစီအရင်တစ်ခု ဖြစ်သည်။ ၎င်းကို ဖြန့်ကျက်ရန် နှစ်ပေါင်း နှစ်ရာ ကြာမြင့်ခဲ့သော်လည်း ပြီးမြောက်သွားသည့်အချိန်တွင် ထိုက်ချန်းတိုက်တစ်ခုလုံးကို ကာကွယ်ပေးနိုင်ခဲ့သည်။ ဤလုပ်ရပ်ကြောင့် လီရွှမ်တောက်သည် လူများ၏ နှလုံးသားကို ရရှိခဲ့သည်။

ကုအန် ဆေးတောင်ကြားသို့ ဝင်ရောက်ပြီး မကြာမီတွင် တပည့်များစွာက သူ့ကို ဝန်းရံလာကြသည်။

"ဆရာသခင်... ဘာဖြစ်နေတာလဲ"

"ဂိုဏ်းကြီးတွေကြားက ပဋိပက္ခတွေက ငါတို့ ထိုက်ချန်းတိုက်အထိ ရောက်လာတာများလား"

"မိုက်မဲလိုက်တာ... ဒီလှုပ်ရှားမှုက အပြင်ဘက်ကောင်းကင်ဘုံက လာတာ ရှင်းနေတာပဲ... ကောင်းကင်မိစ္ဆာတွေ တိုက်ခိုက်တာ ဖြစ်ရမယ်"

"ဒီလိုမျိုး နှစ်ပေါင်းရာနဲ့ချီပြီး မဖြစ်ခဲ့ဖူးဘူး... ဒီတစ်ခါတော့ အဓိပတိဂိုဏ်း ထိခိုက်နိုင်တယ်"

"ဆရာသခင်... ဆရာ့ရဲ့ တာအိုအဆင့်က မြင့်မားတယ်... ကျွန်တော်တို့ကို ပြောပြပါ"

တပည့်များ၏ မေးခွန်းများ မိုးရွာသကဲ့သို့ ရင်ဆိုင်ရသောအခါ ကုအန်က "ဒါက ကောင်းကင်နဲ့မြေကြီးရဲ့ ကပ်ဘေးကြီးတစ်ခု အမှန်ပဲ... အရင်က ဖြစ်ခဲ့တာတွေက ရန်ဖြစ်မှု သေးသေးလေးတွေပဲ... ဒါကမှ တကယ့် ကပ်ဘေးအစစ်အမှန်ပဲ... ဒါပေမဲ့ အဓိပတိဂိုဏ်းကတော့ အချိန်တိုအတွင်း ခြိမ်းခြောက်ခံရမှာ မဟုတ်သေးဘူး... မင်းတို့ ကျင့်ကြံတာကိုပဲ ဆက်လုပ်သင့်တယ်... ဒီမှာ အံ့ဩတကြီး ကြည့်နေတာက အချည်းနှီးပဲ"

သူ၏ စကားကို ကြားသောအခါ တပည့်များအားလုံး အနေရခက်သွားပြီး လူစုခွဲလိုက်ကြသည်။

ကုအန် ရှေ့သို့ ဆက်သွားနေစဥ် ကျွယ်လော့ဓားသခင်က သူ့ထံ ချဥ်းကပ်လာပြီး "အကြီးအကဲ... အပြင်ဘက်ကောင်းကင်ဘုံက နတ်ဆိုးနတ်ဘုရားရဲ့ ဇာစ်မြစ်ကို သိလား"

ကုအန် ခြေလှမ်းများ ရပ်တန့်သွားပြီး သူ့ကို ကြည့်ကာ "မင်း သိသလား... ဒါဆို ပြောပြလေ"

ကျွယ်လော့ဓားသခင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး "ဒါက မိစ္ဆာနတ်ဘုရား ရွှမ်ဟွမ်ပဲ... ရှေးအခါက စကြဝဠာထဲက မဟာကောင်းကင်နဲ့မြေပြင်အားလုံးဟာ မဟာကောင်းကင်နဲ့မြေပြင်တစ်ခုတည်းမှာပဲ ရှိခဲ့ကြတယ်လို့ ဆိုကြတယ်... အဲ့ဒီတုန်းက တန်ခိုးကြီးတဲ့ပုဂ္ဂိုလိတွေ မရေမတွက်နိုင်အောင် ရှိခဲ့ပြီး အဓိပတိခန္ဓာကိုယ်တွေ တစ်ခုပြီးတစ်ခု ပေါ်ထွက်ခဲ့တယ်... နတ်ဘုရားမျိုးနွယ်လို့ ခေါ်တဲ့ မျိုးနွယ်တစ်ခု ရှိခဲ့ပြီး အရွယ်ရောက်ရုံမျှနဲ့ ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားကို ရရှိကြတယ်... နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ်ဟာ နတ်ဘုရားမျိုးနွယ်ထဲက ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ... သူဟာ အလောင်းကောင် မပျက်မစီး ကျန်ရစ်ခဲ့တဲ့ လူအနည်းငယ်ထဲက တစ်ဦးလည်း ဖြစ်တယ်... ကျွန်တော် သိသလောက်တော့ သူဟာ အသံမဲ့အပျက်အဆီးနယ်မြေထဲက တားမြစ်ထားတဲ့ တည်ရှိမှုရဲ့ ထိန်းချုပ်မှုအောက်ကို ကျရောက်သွားခဲ့တယ်... ဒါက ကောင်းကင်မိစ္ဆာဧကရာဇ်ရဲ့ နောက်ကွယ်မှာ ပိုပြီး အစွမ်းထက်တဲ့ပုဂ္ဂိုလ်တစ်ဦး ရှိနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ"

စကားဆုံးသောအခါ သူ ကုအန်ကို ကြည့်လိုက်သော်လည်း သူ၏ မျက်နှာအမူအရာတွင် မည်သည့် ပြောင်းလဲမှုကိုမျှ မတွေ့ရပေ။

ထင်သည့်အတိုင်းပင်။

ဤအကြီးအကဲသည် အရာအားလုံးကို သိရှိနေ၏။

ကျွယ်လော့ဓားသခင်၏ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားသည်။ သူသည် ကောင်းကင်မိစ္ဆာဧကရာဇ်ကို မကြောက်ပေ။ သို့သော် နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ်၏ သရုပ်မှန်ကို သိရှိပြီးနောက် သူ ကြောက်ရွံ့လာခဲ့သည်။

သူ မည်မျှပင် မိမိကိုယ်မိမိ ယုံကြည်မှု ရှိနေပါစေ သူကိုယ်တိုင်က ရှုံးနိမ့်ခြင်းမရှိသောလူတယောက်ဟု မသတ်မှတ်ခဲ့ပေ။

ကုအန် သက်ပြင်းချကာ "ကောင်းကင်နဲ့မြေကြီးက ကပ်ဘေးတစ်ခုကို ကြိုဆိုလိုက်ရပြီ... တချို့က သူတို့ရဲ့ တာဝန်ကို ဖြည့်ဆည်းဖို့ ကြိုးစားကြပြီး တချို့ကတော့ ဖရိုဖရဲအခြေအနေကနေ အမြတ်ထုတ်ဖို့ ကြိုးစားကြတယ်... ပြောပါဦး... ဒီလိုမျိုး ပြန်လည်မွေးဖွားခြင်း သံသရာတွေက ဘယ်တော့များမှ အဆုံးသတ်မှာလဲ"

ဤသည်ကို ကြားပြီးနောက် ကျွယ်လော်ဓားခင် မှင်တက်သွားသည်။ သူသည် ကုအန်၏ စကားများကို နက်နက်ရှိုင်းရှိုင်း တွေးတောနေမိသည်။

ကုအန်သည် ကောင်းကင်တာအိုအပေါ်တွင် ပူဆွေးမြည်တမ်းနေခြင်း ဖြစ်သည်။ လူသားများတွင် သက်တမ်း ကန့်သတ်ချက် ရှိသကဲ့သို့ ကောင်းကင်နှင့်မြေကြီးတွင်လည်း ရှိပုံရ၏။

သူသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေအတွက် ဖျက်ဆီးခံရမည့် အခင်းအကျင်းပေါင်း သန်းနှင့်ချီ၍ မြင်တွေ့ခဲ့ရပြီး ရလဒ်မှာလည်း လျင်မြန်စွာ တိုးပွားနေဆဲ ဖြစ်သည်။

ကျွယ်လော့ဓားသခင်သည် ကောင်းကင်တာအိုအကြောင်းကို မစဥ်းစားမိခဲ့ပေ။ သူ ထင်လိုက်သည်မှာ ကုအန်သည် နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ်၏ နောက်ကွယ်ရှိ ပုဂ္ဂိုလ်အပေါ် မကျေနပ်မှုကို ဖော်ပြနေခြင်းဟု ဖြစ်သည်။

"ကျားကစားပွဲရဲ့ အပြင်ဘက်မှာ ကျားကစားသမားတိုင်းဟာလည်း ကျားကွက်တစ်ခုပါပဲ... မင်းရဲ့ ဓားတာအိုက ပိုမြင့်တဲ့ အဆင့်ကို တက်လှမ်းချင်တယ်ဆိုရင် ဘယ်တာအိုကိုမှ မှီခိုမနေဘဲ မင်းရဲ့ ကိုယ်ပိုင်လမ်းကို ဖောက်လုပ်ရလိမ့်မယ်" ကုအန်သည် ထိုစကားများကို ချန်ထားခဲ့ပြီး သူ၏ တဲအိမ်ဆီသို့ ဆက်လက်လျှောက်သွား၏။

ကျွယ်လော့ဓားသခင် မျက်မှောင်ကြုတ်လိုက်ပြီး ကိုယ်ပိုင်လမ်းကို ဖောက်လုပ်ရန် မည်မျှ ခက်ခဲသည်ကို စဥ်းစားနေမိသည်။ လူတိုင်းသည် ဓားသူတော်စင်ဘိုးဘေး မဟုတ်ကြပေ။ သူ၏ သူတော်စင်နှလုံးသားဓားတာအိုသည် အမှန်တကယ်ပင် သူ၏ ကိုယ်ပိုင်လမ်းအဖြစ် သတ်မှတ်ရမည် ဖြစ်သည်။ သူသည် တစ်ချိန်က ဓားတာအိုမြစ်သို့ သွားရောက်ခဲ့ဖူးပြီး ထိုနေရာတွင် သူတော်စင်နှလုံးသားဓားတာအိုသည် မဟာတာအိုနှင့်အတူ ထာဝရ တည်ရှိနေခဲ့သည်။

သူတော်စင်နှလုံးသားဓားတာအိုကို ကျော်လွှားလိုကြောင်း အမြဲတစေ ပြောဆိုနေသော်လည်း ၎င်းနှင့် မည်မျှ ကွာဝေးနေသည်ကို သူ၏ နှလုံးသားထဲတွင် သိရှိနေ၏။ သူသည် သူ၏ ကျင့်ကြံခြင်းလမ်းစဥ်ပေါ်ရှိ သံကွင်းများကို ချိုးဖျက်ရန် သူတော်စင်နှလုံးသားဓားတာအိုကို အသုံးချလိုခြင်းသာ ဖြစ်သည်။

သူသည် ကုအန်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း သူ၏ မျက်လုံးများမှာ စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။

မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေသည် ပြာမှုန့်အဖြစ်သို့ ပြောင်းလဲတော့မည် ဖြစ်သည်။ လွတ်ငြိမ်းရာအမတကို ကျော်လွန်သွားခဲ့သော ဤသူသည် မည်သို့ ပြုလုပ်မည်နည်း။ သူ ဝင်ရောက် ကာကွယ်မည်လော သို့မဟုတ် ပဋိပက္ခမှ ခပ်ခွာခွာ နေမည်လော။

တောင်ကြားရှိ တပည့်များကို ကြည့်ရန် ခေါင်းလှည့်လိုက်စဥ် ကုအန်သည် ဤနေရာရှိ အရာအားလုံးကို စွန့်ပစ်မည်မဟုတ်ကြောင်း နိမိတ်တစ်ခုက သူ့ကို ပြောပြနေခဲ့သည်။

ဤသည်မှာ သူ တတိယဆေးတောင်ကြားတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရာမှ ရရှိခဲ့သော သူ၏ လေ့လာတွေ့ရှိချက် ဖြစ်၏။

ကုအန်သည် အဆောက်အအုံ၏ အောက်ခြေသို့ ရောက်ရှိလာပြီး ကျိရှောင်ယုနှင့် နေလမြေအောက်လောကဧကရာဇ်တို့ လေ့လာကြည့်ရှုနေဆဲ ဖြစ်သည်ကို သတိပြုမိလိုက်သည်။ သူ နှုတ်ဆက်ရန် လက်မြှောက်လိုက်၏။

ကျိရှောင်ယုက ကုအန်ကို ကြည့်ပြီး "ဒီဘဝမှာ ကျွန်မရဲ့ သက်တမ်း ကုန်ဆုံးတော့မယ် ထင်တယ်"

ကုအန် ရပ်တန့်သွားပြီး အံ့ဩစွာဖြင့် "ဘာဖြစ်လို့လဲ... မင်းက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက မဟုတ်ဘူးလေ... ဒီတော့ ဒီလောက်ကြီးမားတဲ့ တာဝန်ယူစိတ် ရှိနေမှာ မဟုတ်ဘူး မဟုတ်လား"

ကျိရှောင်ယုက "ကောင်းကင်မိစ္ဆာဧကရာဇ်က ကျွန်မရဲ့ မူလခန္ဓာကိုယ်ရဲ့ သူသေကိုယ်သေကျမ်းကျိန်ရန်သူပဲ... သူ ပေါ်လာတဲ့အခါ ကမ္ဘာဦးတာအိုအစီအရင်ရဲ့ စွမ်းအားကလည်း လှုပ်ရှားလာပြီး ရင်ဆိုင်တိုက်ခိုက်ဖို့... ဖြစ်နေတယ်"

နေလမြေအောက်လောကဧကရာဇ်သည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေ၏။ သူသည် ကျိရှောင်ယု ဤဘဝကို အဆုံးသတ်စေရန် ကြာမြင့်စွာကပင် မျှော်လင့်ခဲ့သော်လည်း အဆင့်အတန်း ကွာခြားမှုကြောင့် သူ့အား မဆင်မခြင် မလုပ်ဆောင်နိုင်စေခဲ့ပေ။

ကုအန် မျက်လုံးများ ကျဥ်းမြောင်းသွားပြီး "ဒါဆို မင်းမှာ နောင်တတွေ ဒါမှမဟုတ် ဆန္ဒတွေ ရှိသေးလား"

ကျိရှောင်ယု၏ မျက်လုံးများတွင် ဝမ်းနည်းမှု မရှိဘဲ တည်ငြိမ်နေသည်။ သူမ ကုအန်ကို ကြည့်ကာ "ဒီဘဝနဲ့ အရင်ဘဝမှာ... ရှင့်အတွက် ကျွန်မ မတူညီဘူးလား"

All Chapters