← Chapters

အခန်း (၄၈၃-၄၈၄)

Vol. 37 Ch. 483-484

အခန်း (၄၈၃-၄၈၄)

Vol. 37 Ch. 483-484

အခန်း ၄၈၃ ပိုမိုကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု

လွတ်ငြိမ်းရာအမတ ဆိုသည့် စကားလုံးများသည် ထျန်းချင်းနှင့် ထျန်းပိုင်တို့၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲနစ်သွားပြီး သူတို့နှစ်ဦးလုံး ဤပန်းတိုင်သို့ ရောက်ရှိရန် ဆန္ဒပြင်းပြလာကြ၏။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်မှသာ လွတ်ငြိမ်းရာအမတသည် အမှန်တကယ် မည်မျှ လက်လှမ်းမမီနိုင်သည့်အရာဖြစ်သည်ကို သူတို့ နားလည်သဘောပေါက်လာမည်သာ။

ထျန်းယောင်အာ သည် ခုနက ဘာဖြစ်သွားသည်ကို သိချင်နေသော်လည်းသူမ၏ လက်ရှိ ဦးစားပေးမှာ အဆင့်တက်ရန် ဖြစ်သည်။ သူမ မျက်လုံးများကို မှိတ်လိုက်ပြီး သူမ၏ စိတ်ကို ညှိကာ အသိဉာဏ်ပွင့်လင်းခြင်း အခြေအနေသို့ ပြန်လည် ဝင်ရောက်သွားသည်။

ကောင်းကင်ကပ်ဘေး က ဆက်လက်ဖြစ်ပွားနေဆဲပင်။

လွတ်ငြိမ်းရာအမတ ခုနစ်ဦးကို ဖိနှိမ်ခဲ့သော ကောင်းကင်မိစ္ဆာဧကရာဇ် သည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ သို့ ဘယ်တုန်းကမှ မရောက်ခဲ့ဖူးသကဲ့သို့ မည်သူမျှ သတိမထားမိဘဲ တိတ်တဆိတ် သေဆုံးသွားခဲ့သည်။

ကုအန် သည် ထျန်းယောင်အာ ကပ်ဘေးဖြတ်ကျော်နေသည်ကို ကြည့်ရင်းသူ၏ နတ်တွေး ကို ကမ္ဘာအနှံ့ ဖြန့်ကျက်ကာ မိစ္ဆာများကို သတ်ဖြတ်ရင်း တစ်ဆက်တည်းမှာပင် သေမျိုးဝိညာဉ် များကို ကယ်တင်နေခဲ့သည်။

နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ် ၏ ဟိန်းသံသည် အဆက်မပြတ် ပဲ့တင်ထပ်နေပြီး သူ၏ စွမ်းအားဖြင့် မရေမတွက်နိုင်သော သက်ရှိများကို အချိန်တိုင်း သတ်ဖြတ်နေသည်။ ဂိုဏ်းပေါင်းများစွာသည် နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ် တည်ရှိရာ နေရာသို့ အပြေးအလွှား သွားရောက်နေကြသည်။

နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ်၏ ကြောက်မက်ဖွယ် အငွေ့အသက်များ ရှိနေသော်လည်း သူတို့သည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို ကာကွယ်ရန် သူ့ကို ရင်ဆိုင်ရမည်သာ ဖြစ်သည်။ ဤသည်မှာ သူတို့၏ မြေ၊ သူတို့၏ အိမ်ဖြစ်ပြီး သူတို့တွင် ရွေးချယ်စရာ မရှိပေ။

ကုအန်သည် ဧကရာဇ်ယန်ရှန်း ကဲ့သို့သော လွတ်ငြိမ်းရာအမတများ မသေသေးဘဲ နေရာတစ်ခုတည်းတွင် စုဝေးနေကြသည်ကို သတိပြုမိလိုက်သည်။သူတို့ တစ်စုံတစ်ခုကို ဆွေးနွေးနေကြပုံရသည်။

တောင်ကြားတစ်ခုထဲတွင် လွတ်ငြိမ်းရာအမတ ခုနစ်ဦးသည် မြက်ခင်းပြင်ပေါ်တွင် တရားထိုင်နေကြပြီး သူတို့၏ အရှိန်အဝါများ အားနည်းနေကာ အချို့မှာ မီးတောက်များဖြင့်ပင် လွှမ်းခြုံနေပြီး လုံးဝ သနားစရာကောင်းသော ပုံစံများ ဖြစ်နေကြသည်။

မြင့်မြတ်ဘိုးဘေး က မျက်လုံးဖွင့်လိုက်ပြီး သူတို့ကို ကျောခိုင်းရပ်နေသော ဝတ်ရုံဖြူနှင့် ဘိုးကြီးတစ်ဦးကို ကြည့်ကာ မေးလိုက်သည်။"ခင်ဗျားက ဘယ်သူလဲ။ ပြီးတော့ ဘာလို့ ကျုပ်တို့ကို ကယ်တင်ခဲ့တာလဲ။ ခင်ဗျားက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက မဟုတ်ဘူးထင်တယ်။"

သူသည် လွတ်ငြိမ်းရာအမတ ခုနစ်ဦးထဲတွင် အသက်အကြီးဆုံးဖြစ်ပြီး ဤဝတ်ရုံဖြူနှင့် ဘိုးကြီးကို ယခင်က တစ်ခါမျှ မမြင်ဖူးသောကြောင့် ဤသို့ ကောက်ချက်ချလိုက်ခြင်း ဖြစ်သည်။

ဤဝတ်ရုံဖြူနှင့် ဘိုးကြီး မှာ အမှန်စင်စစ် တစ်ချိန်က တတိယဆေးတောင်ကြားသို့ လာရောက်ခဲ့ပြီး ကျွယ်လော့ဓားသခင် နှင့် ရင်ဆိုင်ခဲ့သော ပြန်လည်မွေးဖွားလာသူပင် ဖြစ်သည်။

သူကလှည့်မကြည့်ဘဲ၊ ဝတ်ရုံဖြူဘိုး​ကြီးက ဖြည်းညှင်းစွာ ပြောလိုက်သည်"ကမ္ဘာကြီးက ကျယ်ပြောလှတယ်။ လွတ်ငြိမ်းရာအမတတွေတောင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ ကျုပ် ခင်ဗျားတို့ကို ကယ်ခဲ့တာက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေနဲ့ ပတ်သက်မှုတချို့ ရှိနေလို့ပါ။"

"ကျုပ် မရေမတွက်နိုင်အောင် တွက်ချက်ကြည့်ပြီးပြီ။ မျှော်လင့်ချက် မမြင်ရဘူး။ ဖြစ်နိုင်တာက ကောင်းကင်တာအို က သေမျိုးကမ္ဘာကို သန့်စင်ချင်နေပုံပဲ။ အသံမဲ့အပျက်အဆီးနယ်မြေ က အားနည်းချက်ကို အခွင့်ကောင်းယူချင်နေတာ။ ခင်ဗျားတို့ စောစောထွက်သွားပြီး တခြားလမ်းကြောင်းတွေ ရှာတာ ပိုကောင်းလိမ့်မယ်။"

ဤစကားကို ကြားသောအခါ လွတ်ငြိမ်းရာအမတများ၏ မျက်နှာများ ပြောင်းလဲသွားသည်။

ရှေးဟောင်းအမတဧကရာဇ် က လေးလံသော လေသံဖြင့် ပြောလိုက်သည် "အကြီးအကဲက ကျုပ်တို့ကို နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ်ရဲ့ လက်ထဲကနေ ကယ်တင်နိုင်တယ်ဆိုတော့ ခင်ဗျားရဲ့ နတ်ဘုရားစွမ်းရည်တွေက ကျုပ်တို့ စိတ်ကူးနိုင်တာထက် ကျော်လွန်နေမှာ သေချာတယ်။ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေသာ ပျက်စီးသွားရင် ကျုပ်တို့ ဘယ်သွားလို့ ရတော့မှာလဲ။ နယ်မြေတွေ အများကြီး ရှိပေမယ့် အားလုံးကို အထွက်အထိပ်တည်ရှိမူတွေက စောင့်ကြပ်နေကြတယ်။ ခင်ဗျား ကျုပ်တို့အတွက် ရှင်သန်ရာလမ်းတစ်ခု ညွှန်ပြပေးနိုင်မလား။"

အခြား လွတ်ငြိမ်းရာအမတများကလည်း သူ၏ တောင်းပန်စကားကို ထောက်ခံပြောဆိုကြသည်။ အကြောင်းမှာ သူတို့သည် မြင့်မြတ်ခုံရုံး သို့မဟုတ် အမတမင်းဆက် ၏ ကံကြမ္မာစွမ်းအား နှင့် ချည်နှောင်ခံထားရသောကြောင့် ဖြစ်သည်။ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ ပျက်စီးပြီး ကံကြမ္မာစွမ်းအားများ ပျောက်ကွယ်သွားပါက သူတို့၏ ကျင့်ကြံမှုအဆင့် များ ဆိုးရွားစွာ ကျဆင်းသွားပေလိမ့်မည်။ ပိုဆိုးပါက သူတို့ လုံးဝ သေဆုံးသွားနိုင်လေသည်။

ဤသည်မှာလည်း မြင့်မြတ်ခုံရုံး အင်အားကြီးမားသော်ငြား ကောင်းကင်ကံကြမ္မာစွမ်းအား ၏ ကောင်းချီးပေးခြင်းကို ခံထားရသော အမတမင်းဆက်ကို အမြစ်ဖြတ် ရှင်းလင်းနိုင်ခြင်း မရှိသည့် အကြောင်းရင်းပင် ဖြစ်သည်။

ဝတ်ရုံဖြူဘိုးကြီးက သူတို့ကို ကျောခိုင်းထားဆဲပင်။ သူကခေါင်းခါလိုက်ပြီး ပြောသည်"ခင်ဗျားတို့ ဘာကို ရင်ဆိုင်နေရလဲဆိုတာ နားမလည်ကြဘူး။ ကောင်းကင်မိစ္ဆာမျိုးနွယ် ပဲဖြစ်ဖြစ်၊ ရွှမ်ယုမင်းဆက် က အင်အားစုတွေပဲဖြစ်ဖြစ်၊ သူတို့က မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ ပျက်စီးရခြင်းရဲ့ အဓိက အကြောင်းအရင်း မဟုတ်ဘူး။ သူတို့က အခွင့်အရေးသမားတွေ သက်သက်ပဲ။"

ဤစကားများသည် လွတ်ငြိမ်းရာအမတများကို တိတ်ဆိတ်သွားစေသည်။ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီးမှတော့ ကောင်းကင်တာအို၏ တည်ရှိမှုနှင့် ရှေးဟောင်းဒဏ္ဍာရီများတွင် အလားတူ စမ်းသပ်မှုများကို သူတို့ မည်သို့ မသိဘဲ နေနိုင်မည်နည်း။

ကောင်းကင်တာအိုက ကမ္ဘာကြီးကို ပြန်လည်စတင်လိုသောအခါ ၎င်းသည် အမျိုးမျိုးသော ကပ်ဘေးများကို ယူဆောင်လာပေလိမ့်မည်။

အချိန်အတော်ကြာပြီးနောက် ဧကရာဇ်ယန်ရှန်းက ဝတ်ရုံဖြူဘိုးကြီးရွယ်အိုကို စိုက်ကြည့်ရင်း တိတ်ဆိတ်မှုကို ဖြိုခွင်းကာ မေးလိုက်သည် "ဒါဆို၊ အကြီးအကဲ ခင်ဗျားက ဘာကို ကြံစည်နေတာလဲ။"

ဝတ်ရုံဖြူဘိုးကြီးက လှည့်လာပြီး သူ့ကို ကြည့်ကာ ပြောသည်"ကျွန်တော် လူတစ်ယောက်ကို ရှာနေတာ။"

"ဘယ်သူ့ကိုလဲ။"

"ခင်ဗျားကို ပြောလို့မဖြစ်ဘူး။"

ဝတ်ရုံဖြူဘိုးကြီး၏ အဖြေသည် ဧကရာဇ်ယန်ရှန်းကို မျက်မှောင်ကြုတ်သွားစေသည်။ သူ ဆရာသခင်ဓားအရှင် အကြောင်း တွေးမိလိုက်သည်၊ အဘယ်ကြောင့်ဆိုသော် မကြာသေးမီနှစ်များအတွင်း အပြင်ဘက်ကောင်းကင်မှ တန်ခိုးကြီးသော ပုဂ္ဂိုလ်များစွာ ရောက်ရှိလာခဲ့သည်။ သူတို့အားလုံးသည် သီးခြား ပုဂ္ဂိုလ်တစ်ဦးဦးကို ရှာဖွေနေကြခြင်းလော။

ဂရားးး

နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ်၏ ဟိန်းသံသည် အဝေးမှ ထပ်မံ ပဲ့တင်ထွက်လာသည်။ ဤတစ်ကြိမ်တွင် ပို၍ အားစိုက်နေရပုံရပြီ တစ်စုံတစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံနေရသည်မှာ ထင်ရှားသည်။

ဝတ်ရုံဖြူဘိုးကြီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်"မိစ္ဆာနတ်ဘုရား ရွှမ်ဟွမ်ကို စိန်ခေါ်ဖို့ ကြိုးစားတာ ရပ်လိုက်တော့။ ခင်ဗျားတို့ထဲက ဘယ်သူမှ သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ပြီးတော့ သူ့နောက်ကွယ်မှာ ပိုပြီး မြင့်မားတဲ့ တည်ရှိမှုတစ်ခုက ထောက်ပံ့ပေးနေတယ်။ ခင်ဗျားတို့ သူ့ကို တစ်နည်းနည်းနဲ့ ရှင်းလင်းနိုင်ခဲ့ရင်တောင် ဒါက ပိုကြောက်စရာကောင်းတဲ့ ကပ်ဘေးတစ်ခုကိုပဲ ဆင့်ခေါ်မိလိမ့်မယ်။အဲ့ဒီအခါကျရင် ကျုပ်လည်း ထွက်ပြေးရုံပဲ ရှိတော့တယ်။"

ပိုမိုကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု။

ဤစကားကို ကြားသောအခါ၊ လွတ်ငြိမ်းရာအမတများအားလုံး မျက်နှာ ဖြူဖျော့သွားကြသည်။

နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ် တစ်ယောက်တည်းကပင် သူတို့ကို စိတ်ပျက်အားငယ်စေရန် လုံလောက်နေပါက သူ့နောက်ကွယ်မှ ကြိုးကိုင်နေနိုင်သော ပုဂ္ဂိုလ်သည် မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်နိုင်မည်နည်း။

"အကြီးအကဲက ဆရာသခင်ဓားအရှင်ကို သိလား။" လွတ်ငြိမ်းရာအမတများထဲမှ တစ်ဦးက မနေနိုင်ဘဲ မေးလိုက်သည်။

ဆရာသခင်ဓားအရှင်၏ အမည်သည် ကမ္ဘာအနှံ့ ပဲ့တင်ထပ်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း သူသည် ပေါ့ပေါ့ဆဆ သိပ်မလှုပ်ရှားတတ်သောကြောင့် သူ၏အကြောင်းကို ရှားရှားပါးပါးသာ ပြောဆိုကြသည်။ သို့တိုင် အဆင့်မြင့် ကျင့်ကြံသူများအတွက်မူ သူ၏ တည်ရှိမှုကို လျစ်လျူရှုရန် ခက်ခဲလှသည်။

ဆရာသခင်ဓားအရှင်၏ အမည်ကို ကြားသောအခါ၊ ဝတ်ရုံဖြူနှင့် သက်ကြီးရွယ်အို၏ မျက်နှာအမူအရာ သိမ်မွေ့စွာ ပြောင်းလဲသွားသည်။ သူ ပြန်ဖြေသည်၊ "ကျုပ် သူ့ကို မသိဘူး။ဒါပေမဲ့ သူ့ရဲ့ ခန့်ညားမှုကို တစ်ခါ မြင်ဖူးတယ်။ သူလည်း အမတလမ်းစဉ်ရဲ့ လမ်းစဥ်ကိုးခု ကို ကျော်လွန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ ခင်ဗျားတို့ သူ့အကြောင်း နည်းနည်းပဲ ပြောတာ အကောင်းဆုံးပဲ။ မဟာအကြောင်းတရားနဲ့ အကျိုးဆက် တွေမှာ ပတ်သက်မိတာမျိုး မဖြစ်အောင်ပေါ့။ သူ့ကို ဝင်ပါခိုင်းဖို့ တောင်းဆိုတာကတော့ ပိုတောင် မလုပ်သင့်ဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ နောက်ပိုင်း ရင်ဆိုင်ရမယ့် ပြိုင်ဘက်တိုင်းက သူနဲ့ တော်တော်လေး အစွမ်းတူတဲ့သူတွေ ဖြစ်လာနိုင်လို့ပဲ။"

လွတ်ငြိမ်းရာအမတများ လုံးဝ မျှော်လင့်ချက် ကုန်ဆုံးသွားပြီး နားမလည်နိုင်စွာ မော့ကြည့်နေကြသည်။ ကောင်းကင်ပေါ်ရှိ ထူထပ်သော မိုးတိမ်နက်ကြီးများသည် ဖိနှိပ်နေပြီး နေကို ကွယ်၍ မျှော်လင့်ချက် တစ်စုံတစ်ရာ မမြင်ရတော့ချေ။

နာရီ အနည်းငယ်ကြာပြီးနောက် ကုအန်၏ အကူအညီဖြင့် ထျန်းယောင်အာသည် သူမ၏ ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။ သူမ၏ အတိုင်းမသိ ဝမ်းသာစိတ်လှုပ်ရှားမှုကြောင့် သူမ၏ အဝတ်အစားများ ပေါက်ကွဲထွက်သွားရာ ကုအန် လန့်သွားပြီး သူမ၏ ပုံစံအမှန် မပေါ်အောင်၊ သူ၏ မန္တာန်စွမ်းအားကို ချက်ချင်း အသုံးပြု၍ သူမကို လွှမ်းခြုံလိုက်သည်။

ကုအန်သည် ထျန်းယောင်အာ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်နေသည်ကို ရုတ်တရက် သတိထားမိလိုက်ပြီး"သူမ ဒါကို တမင်သက်သက် လုပ်တာများလား" ဟု စိတ်ထဲတွင် တွေးလိုက်မိသည်။

အခန်း ၄၈၄ ခွဲခွာခြင်း

သူသည် လူကြီးလူကောင်းတယောက်ဖြစ်ပြီး လိုအပ်သည်ထက် ပိုမကြည့်ပေ။

ထို့အပြင် သူ၏ ကျင့်ကြံမှုအဆင့်ဖြင့် တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် မမေ့နိုင်စရာ ဖြစ်နေသည်။

ထျန်းချင်းနှင့် ထျန်းပိုင်တို့ကလည်း ကုအန်၏ မျက်နှာအမူအရာကို အကဲခတ်နေကြသည်။ သူ၏ မျက်နှာ မပြောင်းလဲသည်ကို မြင်သောအခါအမျိုးသမီးနှစ်ဦးသည် စိတ်ချင်းဆက်သွယ်၍ ပြောဆိုနေကြသည်။

"ဆရာသခင် သဘောကျမယ် ထင်လား။"

"သူ သဘောမကျလောက်ဘူးထင်တယ်နော်။ သူ ဘာမှတောင် မတုံ့ပြန်ဘူး။"

"သူ ဘယ်လောက် တုံ့ပြန်မှု မရှိလေလေ၊ အဲ့ဒါက သူ စိတ်လှုပ်ရှားနေတယ်ဆိုတာ ပိုပြလေပဲ။"

"တကယ်လား။ ငါတို့ နောက်တစ်ခါ အဆင့်တက်ရင် ဒီလိုပဲ လုပ်သင့်လား။"

"ဒါဆို ငါတို့ရဲ့ ခန္ဓာကိုယ်ပုံစံတွေ မတူသင့်ဘူး။ ဒါမှ ဆရာသခင်က ဆန်းသစ်တယ်လို့ ခံစားရမှာ။"

သူတို့၏ စိတ်ချင်းဆက်သွယ် ပြောဆိုမှုကို ကြားသောအခါ၊ ကုအန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

သူတို့က ငါ့ကို ဘယ်လိုလူမျိုးလို့ ထင်နေကြတာလဲ။

ကုအန် သူတို့ကို နားမလည်နိုင်တော့ပေ။ သူ့၏ ခန္ဓာကိုယ်ကို အမြဲတမ်း တပ်မက်နေသော ကျန်းချောင် အပါအဝင် ဖြစ်သည်။

သူ၏ ညီမငယ်ပင် ထိုသို့ပင်။ သို့သော် သူမကိုမူ သူ နားလည်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် သေမျိုးကမ္ဘာမှ ဤအဆင့်ထိ အတူတကွ လျှောက်လှမ်းလာခဲ့ကြသော ငယ်သူငယ်ချင်းများ ဖြစ်ကြပြီး သူတို့၏ ချစ်ခင်တွယ်တာမှုသည် သဘာဝအတိုင်း ဖွံ့ဖြိုးလာခဲ့ခြင်း ဖြစ်သည်။

တစ်ယောက်ချင်းစီ ကိုယ့်အတွေးနှင့်ကိုယ်ပင်။ ထျန်းယောင်အာ သူမ၏ ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်အောင် စောင့်ဆိုင်းနေခဲ့သည်။

ကုအန်၏ အကူအညီကြောင့်လည်း ထျန်းယောင်အာ ဤမျှ လျင်မြန်စွာ အဆင့်တက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ကပ်ဘေးဖြတ်ကျော်ခြင်းသည် ရက်ပေါင်းများစွာ ကြာမြင့်ခြင်းမှာ ထူးဆန်းသည့် ကိစ္စ မဟုတ်ပေ။

သူတို့ ညနေစောင်းအထိ စောင့်ဆိုင်းလိုက်ကြပြီးနောက် ထျန်းယောင်အာ နောက်ဆုံးတွင် သူမ၏ အရှိန်အဝါကို တည်ငြိမ်သွားစေနိုင်ခဲ့သည်။

သူမ ထရပ်လိုက်ပြီး ဝတ်ရုံဖြူတစ်ထည်ကို ဝတ်ဆင်ထားကာ ကုအန်ထံသို့ ပြေးဖက်လိုက်၏။

"တော်ပြီ အခုကစပြီး မင်းလည်း နိဗ္ဗာန်နယ်ပယ် တန်ခိုးရှင်တစ်ယောက် ဖြစ်နေပြီ။ နည်းနည်းတော့ ဂုဏ်သိက္ခာ ထိန်းသိမ်းသင့်တယ်" ကုအန်က ခပ်တင်းတင်း ပြောလိုက်သည်။

ထျန်းယောင်အာက မော့ကြည့်ပြီး တခစ်ခစ် ရယ်မောရင်း "မထိန်းဘူး။ ကျွန်မ ဒီလိုပဲ နေချင်တာ ကျွန်မရဲ့ ဆရာသခင်ကို ထာဝရ တွယ်ကပ်နေရမယ်ဆိုရင်တောင် ကျွန်မ ဆန္ဒရှိတယ်။"

"ထာဝရ တွယ်ကပ်နေမယ်။ မင်း မပင်ပန်းဘူးလား။" ကုအန်က ပြုံးရင်း ခေါင်းခါလိုက်သည်။

ထျန်းယောင်အာက မျက်တောင်ခတ်ပြီး မေးလိုက်သည် "နှစ်တစ်ရာ ကြိုးစားကြည့်ရင်ရော။"

နှစ်တစ်ရာ

ကုအန်၏ မျက်နှာ တွန့်သွားပြီး၊ သူမကို ချက်ချင်း တွန်းထုတ်လိုက်သည်။

ထျန်းချင်းနှင့် ထျန်းပိုင်တို့ ရောက်လာပြီး သူမ အခု ဘယ်လိုခံစားရသလဲဟု မေးကြသည်။

ထျန်းယောင်အာသည် အလွန် စိတ်လှုပ်ရှားနေပြီး နိဗ္ဗာန်နယ်ပယ်၏ ပြောင်းလဲမှုများအကြောင်း စတင် ပြောပြတော့သည်။ ထျန်းချင်းနှင့် ထျန်းပိုင်တို့က ဂရုတစိုက် နားထောင်နေကြပြီး ကုအန်မှာမူ ပြန်ရန် မလောဘဲ မိစ္ဆာများကို ဆက်လက် ရှင်းလင်းနေခဲ့သည်။

ဤနေ့တစ်ဝက်တာ ကာလအတွင်း သူ ရိတ်သိမ်းခဲ့သော အသက် သည် နှစ်တစ်ဘီလီယံနီးပါး ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ သူသာ သမားရိုးကျ နည်းလမ်းများဖြင့် ကျင့်ကြံရမည်ဆိုပါက ဤသည်မှာ နှစ်ပေါင်း ရာနှင့်ချီ ကြာမြင့်ပေလိမ့်မည်။

ကုအန် တိတ်တဆိတ် လှုပ်ရှားနေသောကြောင့် ကောင်းကင်မိစ္ဆာဂိုဏ်း သည် ကမ္ဘာကြီးကို ခေတ္တမျှ မှောက်လှန်နိုင်ခြင်း မရှိသေးဘဲ နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ်၏ သတ်ဖြတ်နည်းလမ်းများသည်လည်း ကောင်းကင်နှင့် မြေကြီးကို ထိန်းသိမ်းထားရန်အလို့ငှာ သိပ်ပြီး ကြမ်းတမ်းရိုင်းစိုင်းခြင်း မရှိပေ။

ညဘက် ကျရောက်သောအခါ။

ထျန်းယောင်အာနှင့် အမျိုးသမီးနှစ်ဦးကို အပြင်ဘက်ကမ္ဘာငယ် သို့ ပြန်ပို့ပြီးနောက် ကုအန် နောက်ဆုံးတွင် တတိယဆေးတောင်ကြား သို့ ပြန်ရောက်လာခဲ့သည်။

အပေါ်ထပ် မတက်မီ သူ ကျိရှောင်ယု ၏ တည်ရှိမှုကို ခံစားမိလိုက်သည်။

ကျိရှောင်ယု၏ ကျင့်ကြံမှုအဆင့်သည် အမတလမ်းစဉ်နယ်ပယ် သို့ တက်လှမ်းနေပြီ ဖြစ်ပြီး၊ ကမ္ဘာဦးတာအိုအဆောင်ဖွဲ့ တွင် စုဆောင်းထားသော စွမ်းအားသည် မည်သည့်အချိန်မဆို ပေါက်ကွဲထွက်နိုင်နေသည်။

သူ ဆက်မနေတော့ဘဲ အပေါ်ထပ်သို့ တန်းတက်ကာ အိမ်ထဲသို့ ဝင်ပြီး စားပွဲတွင် ထိုင်ကာ စာအုပ်တစ်အုပ် ကောက်ယူ ဖတ်ရှုနေလိုက်သည်။

ယနေ့ ကောင်းကင်မိစ္ဆာများစွာကို ရှင်းလင်းပြီး သေမျိုးဝိညာဉ်များစွာကို ကယ်တင်ခဲ့ရသောကြောင့် သူ ကျေနပ်မှုကို ခံစားရပြီး ထို့ကြောင့် စာဖတ်ရန် စိတ်ပါနေခဲ့သည်။

မိနစ်သုံးဆယ်ကြာသောအခါ တံခါးအပြင်ဘက်မှ ခြေသံများ ကြားလာရသည်။ ကုအန် လက်ဝှေ့ယမ်းလိုက်ရာ တံခါး ပွင့်သွားပြီး ကျိရှောင်ယု ဝင်လာသည်။

သူမသည် တံခါးဝတွင် ရပ်နေပြီး လရောင် သူမအပေါ်သို့ မကျရောက်ဘဲ၊ အရိပ်တစ်ခုကဲ့သို့ ပေါ်နေသည်။

ကုအန်က သူမကို မော့ကြည့်ပြီး မေးလိုက်သည် "မင်း အဆင်သင့် ဖြစ်ပြီလား။"

ကျိရှောင်ယု၏ မျက်နှာသည် တည်ငြိမ်နေပြီး သူမက ပြောသည်၊ "ကောင်းကင်မိစ္ဆာဧကရာဇ် နဲ့ တိုက်ပွဲက သူနဲ့ ကျွန်မကြားက ကတိတစ်ခုပဲ။ ကျွန်မရဲ့ နှလုံးသားထဲက ရှုံးနိမ့်ခြင်းမိစ္ဆာတွေကို ကျော်လွှားဖို့ သူ့ကို အနိုင်တိုက်ရမယ်။"

"ဒါပေမဲ့ မင်းက ပြန်လည်မွေးဖွားခြင်း စည်းမျဉ်းတွေနဲ့ ချည်နှောင်ခံထားရတာ။ မင်း သူ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး" ကုအန်က စိုးရိမ်ဟန်ဆောင်ပြီး မေးလိုက်သည်။

သူ ကျိရှောင်ယု၏ ကံကြမ္မာကို စတင် တွက်ချက်လိုက်သည်။

အမှန်တကယ်ပင် အနာဂတ်သည် ထပ်မံ ပြောင်းလဲသွားချေပြီ။

ကုအန် တွက်ချက်မိသည်မှာ ကျိရှောင်ယု သည် ကောင်းကင်မိစ္ဆာဧကရာဇ် နှင့် မတွေ့ဆုံခဲ့ရသောကြောင့် သူမသည် နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ် ကို တိုက်ခိုက်ခြင်းဖြင့် အဆုံးသတ်သွားပေလိမ့်မည်။ ထို့အပြင် သူမကို ပစ်မှတ်ထားသော ပိုမို အစွမ်းထက်သည့် ပုဂ္ဂိုလ်များ ရှိလာပေလိမ့်မည်။ ၄င်းတို့က သူမကို ပြန်လည်မွေးဖွားခြင်း စည်းမျဉ်းများ ထဲမှ အတင်းအကျပ် ဆွဲထုတ်လိုကြသည်။

တကယ်ပဲ ဒုက္ခများလိုက်တာ။

သူ ကျိရှောင်ယုကို ကောင်းကင်မိစ္ဆာဧကရာဇ် ကိစ္စ ဖြေရှင်းပေးခဲ့သော်လည်း ထိုသို့ ပြုလုပ်ခြင်းဖြင့် သူသည် ပိုမို ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု၏ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားခဲ့သည်။

"ပြန်လည်မွေးဖွားခြင်း စည်းမျဉ်းတွေကြောင့်မို့လို့ပဲ ကျွန်မ သူ့ရဲ့ ပြိုင်ဘက် မဟုတ်ရင်တောင် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး။ အဆိုးဆုံးကတော့ ကျွန်မ ယင်ယန်နယ်မြေ ကို ပြန်နှင်ထုတ်ခံရရုံပဲရှိမှာပါ" ကျိရှောင်ယုက တည်ငြိမ်စွာ ပြန်ဖြေသည်။

ကုအန်က အနာဂတ်ကို တိုက်ရိုက် ထုတ်ဖော်ပြော၍ မဖြစ်သောကြောင့် သူ မေးလိုက်သည်"ကောင်းကင်မိစ္ဆာဧကရာဇ်ရဲ့ နောက်ကွယ်မှာ တခြား ပုဂ္ဂိုလ်တွေ ရှိနေမှာ မင်း မကြောက်ဘူးလား"

ကျိရှောင်ယုက တံခါးပိတ်လိုက်ပြီး စားပွဲဆီ လျှောက်လာသည်။ သူမ ကုအန်ကို ကြည့်ပြီး ပြောလိုက်သည် "နတ်ဆိုးနတ်ဘုရား ရွှမ်ဟွမ် ပေါ်လာတာက နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ ပိုအစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ ရှိနေတယ်ဆိုတာကို ညွှန်ပြနေတယ်။ ဒါပေမဲ့ ဒါက ကျွန်မနဲ့ မဆိုင်ဘူး။ ကျွန်မက သက်ရှိအားလုံးကို ကယ်တင်ရမယ့် တာဝန်ကို ထမ်းပိုးထားတာ မဟုတ်ဘူး။"

သူမ ရှေ့သို့ ကိုင်းလိုက်ပြီး သူမ၏ ညာလက်ကို ကုအန်ဆီ မြှောက်လိုက်သည်။

ကုအန် ရှောင်ရှားနိုင်ခဲ့သော်လည်း နှုတ်ဆက်ခွဲခွာရမည့် အငွေ့အသက်ကို ခံစားမိသောကြောင့် သူ မရှောင်ရှားရန် ရွေးချယ်လိုက်သည်။

ကျိရှောင်ယုက စားပွဲကို ဖြတ်ပြီး သူ၏ ကော်လံကို ဆွဲကိုင်လိုက်သည်။ သူမ၏ မျက်လုံးများက ရှုပ်ထွေးနေပြီး ပြောလိုက်သည် "တကယ် ထူးဆန်းတယ်။ ငါတို့ နှလုံးသား နာကျင်စရာ ဇာတ်လမ်းမျိုးလည်း မဖြတ်သန်းခဲ့ရဘူး၊၊ အတူတူ ဒုက္ခအခက်အခဲတွေလည်း မရင်ဆိုင်ခဲ့ရဘူး။ ငါတို့ အတူတူ ကုန်ဆုံးခဲ့တဲ့ နေ့ရက်တွေက သိပ်ကို သာမန်ဆန်ခဲ့တာ ဒါပေမဲ့ ဘာလို့ ငါ မင်းကြောင့် စိတ်လှုပ်ရှားပြီး အရင်က ဘယ်တုန်းကမှ မခံစားခဲ့ဖူးတဲ့ ခံစားချက်တွေ ခံစားနေရတာလဲ။"

ကုအန်က ခေါင်းစောင်းပြီး မေးလိုက်သည် "မင်းက ငါ့ကို မေးနေတာလား။ ငါလည်း သိချင်နေတာ ငါ အရမ်း ရုပ်ချောနေလို့များလား။"

ပုံမှန်ဆိုလျှင် ကျိရှောင်ယုက သူ့ကို မျက်စောင်းထိုးလောက်ပြီဖြစ်သော်လည်း သို့သော် သူမ အခု ဒီလို သေးဖွဲသော ကိစ္စများကို ဂရုစိုက်နေနိုင်သည့် စိတ်အခြေအနေတွင် မရှိပေ။

All Chapters