← Chapters

အခန်း (၄၉၉-၅၀၀)

Vol. 38 Ch. 499-500

အခန်း (၄၉၉-၅၀၀)

Vol. 38 Ch. 499-500

Htet Paing:

အခန်း ၄၉၉ ကောင်းကင်တာအို ရွှေမြုတေ၊ အသန်မာဆုံး ကံကြမ္မာ

ခန်းဆောင်အတွင်းတွင် ကုအန်နှင့် လီယတို့သည် ခွက်ချင်းတိုက်နေကြသည်။ လီယသည် အလွန် လျင်မြန်စွာ သောက်သုံးနေပြီး၊ ကုအန်ကို ကြည့်သော သူ၏အကြည့်သည် အတော်လေး နာကြည်းနေပုံရသည်။

ကုအန်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ဘိုးဘေးကို ဒီလောက်ထိ မလေးမစား လုပ်ရသလား"

ထိုစကားကို ကြားသည်နှင့် လီယ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူသည် စားပွဲကို ပုတ်ကာ ကျိန်ဆဲလိုက်သည်။

"မင်း ငါ့အပေါ် အခွင့်အရေး ယူပြန်ပြီ! လာ! တိုက်ကြမယ်"

ကုအန်သည် ရယ်မောလိုက်သည်။

"မင်း သေချာလို့လား"

လီယ သည် အသက်ရှူကြပ်သွားပြီး သူ၏ ဒေါသများမှာ ချက်ချင်းလက်ငင်း ပျောက်ကွယ်သွားသည်။ သူသည် မကျေမနပ်ဖြစ်သော အမူအရာဖြင့် ပြန်ထိုင်လိုက်သော်လည်း ကုအန်၏ တမင်သက်သက် ရန်စမှုသည် သူ ခံစားရသော ဖိအားများကို ကွယ်ပျောက်သွားစေခဲ့သည်။

အကယ်၍ ကုအန်သည် ဆရာသခင်ဓားအရှင်ဆိုသည့် ဟန်ပန်ကို ဆက်ထိန်းထားခဲ့လျှင်ဖြင့် ကုအန်သည် သူ့အပေါ် ဂရုစိုက်မှုများ ရှိခဲ့ရာ ကုအန်အား မည်သို့ ရင်ဆိုင်ရမည်ကိုပင် သူ မသိတော့‌ချေ။

သို့သော် ယခုတွင် ကုအန်သည် သူ့ကို ညီအစ်ကိုဆက်ဆံရေးထဲသို့ ဆွဲသွင်းလိုက်သဖြင့် သူကို ပို၍ သက်တောင့်သက်သာ ဖြစ်သွားစေသည်။

"ကုအန်၊ မင်းက တကယ်ပဲ ဘယ်သူလဲ.. ငါတို့ အဲဒီတုန်းက တောင်ကြားထဲကို အတူတူ ဝင်ခဲ့ကြတာ"

လီယသည် အသက်ပြင်းပြင်းရှူလိုက်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။ ဤသည်မှာ သူ့အတွက် အရှုပ်ထွေးဆုံးအရာ ဖြစ်ခဲ့သည်။

ပထမဆုံးအကြိမ်တွေ့ဆုံခဲ့စဉ်က သူတို့သည် လူငယ်အရွယ်သာ ရှိသေးသည်။ နေ့ရောညပါ အတူတူ ဖြတ်သန်းခဲ့သော ညီလေးသည် ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။

ယခု ပြန်စဉ်းစားကြည့်လျှင် ဆရာသခင်ဓားအရှင်၏ ကျော်ကြားမှုသည်လည်း သူ့ကို ကာကွယ်ပေးခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က၊ သူနှင့် သူ၏ အစ်မကြီး လီရွှမ်ယု (တို့သည် မိစ္ဆာကျင့်ကြံသူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ဆရာသခင်ဓားအရှင်က ဝင်ရောက် တားဆီးကာ သူတို့ကို ကယ်တင်ပေးခဲ့သည်။

ထိုအချိန်က ဆရာသခင်ဓားအရှင်သည် ဆရာသခင်ဓားအရှင်ဟု မခေါ်တွင်သေးဘဲ သစ်ရွက်ပျံဓားအမတ ဟု လူသိများခဲ့သည်။

အရာအားလုံး ချိတ်ဆက်မိသွားသောအခါတွင် လီယသည် ကုအန်ကို အပြစ်တင်ရန် အကြောင်းပြချက် ပို၍ပင် မရှိတော့ပေ။ သူသည် ယခုအခါ စူးစမ်းလိုစိတ်သာ ရှိတော့သည်။

ကုအန်က ပြန်ဖြေသည်။

"အတိတ်ဘဝတွေနဲ့ ပစ္စုပ္ပန်ဘဝတွေ၊ ပြန်လည်မွေးဖွားခြင်း ဆိုတာ အဆုံးမရှိဘူး..ဘယ်သူက သူတို့ရဲ့ ကိုယ်ပိုင် ဇာစ်မြစ်ကို အမှန်တကယ် နားလည်နိုင်မှာလဲ။ အတိတ်ကို စွဲလမ်းနေမယ့်အစား ပစ္စုပ္ပန်ကို လက်ခံပြီး အနာဂတ်ကို မျှော်ကြည့်တာက ပိုမကောင်းဘူးလား"

"ငါ ဘယ်သူလဲဆိုတာ အရေးမကြီးဘူး.. အရေးကြီးတာက မင်းရဲ့ သစ္စာစောင့်သိမှုပဲ.. ပြီးတော့ ငါ မင်းကို ကူညီခဲ့တာတွေအတွက် မင်း ဝန်ပိနေစရာ မလိုဘူး.. မင်း အနာဂတ်မှာ ဘယ်လိုလူမျိုး ဖြစ်လာမလဲဆိုတာကို ပိုပြီး စဉ်းစားစေချင်တယ်"

ကုအန်သည် လီယကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက လီယ၏ အတွေးများကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိပုံရသည်။

လီယသည် အံ့အားသင့်သွားသည်။ ကုအန်သည် သူ၏အတွေးများကို နားလည်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သို့သော် ဆရာသခင်ဓားအရှင်၏ စွမ်းအားများကို သတိရလိုက်မိသောအခါတွင် သူသည် တည်ငြိမ်သွားသည်။

အမတလမ်းစဥ်နယ်ပယ်ကိုးခု ကို ကျော်လွန်နေသော ရှင်သန်မှုမျိုးဖြစ်ရာ သူ၏ နတ်ဘုရားစွမ်းရည်နှင့် တွက်ချက်မှုများသည် သူ၏ စိတ်ကူးထက် များစွာ သာလွန်ပေသည်။

ထို့နောက်တွင် လီယသည် သူ၏ အနာဂတ်ကို စတင် ပုံဖော်လာပြီး ကုအန်က စေ့စေ့စပ်စပ် နားထောင်နေခဲ့သည်။

လီယသည် ဤဘဝတွင် သူ၏ ပထမဆုံး မိတ်ဆွေ ဖြစ်ပြီး ယခုအခါ သူတို့၏ ကျင့်ကြံမှုနယ်ပယ်သည် များစွာ ကွာခြားသွားသော်လည်း ကုအန်၏ နှလုံးသားထဲက သူ၏ နေရာသည် ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။

ကုအန်သည် လီယကို များစွာ ကူညီပေးခဲ့သော်လည်း ၎င်းတို့အားလုံးသည် ကုအန်အတွက် သာမန် လုပ်ရပ်များသာ ဖြစ်သည်။

နတ်ဘုရားမြို့တော် သည် အခြားသူများ၏ အမြင်တွင် အလွန်တရာ အစွမ်းထက်သော်လည်း ကုအန်၏ လက်ထဲတွင်မူ ၎င်းကို အသုံးပြုရန် အခွင့်အရေးပင် မရှိခဲ့ပေ။

ကုအန်သည် နားထောင်ပေးရုံသာမက အမတလမ်းစဥ်နယ်ပယ်ကိုးခု၏ နယ်ပယ်ကို စေ့စေ့စပ်စပ် ရှင်းပြပေးခဲ့၏။ နယ်ပယ်တစ်ခုချင်းစီ၏ ဖန်တီးပုံကိုလည်း အသေးစိတ် ပြောပြပေးခဲ့သည်။ ထိုရှင်းပြချက်ကို နားထောင်ပြီး လီယသည် ၎င်းတို့အပေါ် တောင့်တလာမိသည်။

သူတို့သည် ရံဖန်ရံခါ ရယ်မောသံများ ထွက်ပေါ်လျက် ညဉ့်နက်သည်အထိ ဆက်လက် စကားစမြည် ပြောဆိုခဲ့ကြသည်။

လမင်းသည် ထိန်ထိန်သာလျက် ကြယ်စင်များက ဝင်းလက်တောက်ပနေသည်။ အန်ရှင်းသည် ခန်းဆောင်၏ အောက်ခြေသို့ ရောက်လာပြီး အပေါ်ထပ်ရှိ ပြတင်းပေါက်များကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။

"ဆရာသခင် ခုလိုမပျော်ဖြစ်တာ အချိန်အတော်ကြာခဲ့ပြီ"

အနီးအနားတွင် တရားထိုင်နေသော သွေးအကျဥ်းထောင်သူတော်စင်က နှုတ်ခမ်းမဲ့လိုက်သည်။ သူသည် လီယကို လုံးဝ မကြိုက်သော်လည်း ဆရာဖြစ်သူ၏ အဆောက်အအုံအောက်တွင် လီယအကြောင်း မကောင်းပြောဝံ့ပေ။

အန်ရှင်းသည် အောက်ထပ်မှ ခဏမျှ ကြည့်နေပြီးနောက် လှည့်ထွက်သွားသည်။ ရဲလန် ကွယ်လွန်သွားကတည်းက သူမသည် ကုအန်အတွက် အလွန် စိတ်ပူခဲ့ရသည်။

သူမ၏ အမြင်တွင် ဆရာသခင်၏ စိတ်ခံစားချက်များသည် ကမ္ဘာကြီးတစ်ခုလုံးထက်ပင် ပို၍ အရေးကြီးသည်။ အကယ်၍ ဆရာသခင်သာ အစွန်းရောက်သွားခဲ့လျှင်ဖြင့် ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံး ဒုက္ခရောက်သွားပေမည်။

ကံကောင်းထောက်မစွာဖြင့် ဆရာသခင်သည် အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်ဖြင့် စိတ်သဘောထား ပွင့်လင်းသည်။ မည်သည့်အရာကမျှ သူ့ကို လမ်းမှားရောက်အောင် မလုပ်နိုင်ပုံပင်။ ဤအဖြစ်အပျက်ပြီးနောက် အန်ရှင်းသည် ကုအန်အပေါ်တွင် ပို၍ လေးစားလာခဲ့သည်။

နောက်တစ်နေ့ နံနက်စောစောတွင်၊ လီယသည် ထွက်ခွာသွားခဲ့သည်။ ဓားတစ်သောင်းတောင် ရှေ့တွင် ကျွယ်လော့ဓားသခင်သည် ထွက်ခွာသွားသော လီယ၏ပုံရိပ်ကို ကြည့်ရင်း အတွေးနယ်ချဲ့နေသည်။

"သူ့ရဲ့ ကံကြမ္မာ က တကယ်ကို ပြောင်းလဲသွားခဲ့ပြီပဲ.."

ထို့နောက် သူသည် ကုအန်၏ ခန်းဆောင်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ပြီး သူ၏ နှလုံးသားထဲတွင် စူးစမ်းသိလိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

မြင့်မြတ်ဘိုးဘေး သည် မည်သည့် နယ်ပယ်မျိုးတွင် ရှိနေသနည်း။

သူ နားမလည်နိုင်ခဲ့ပေ။ သို့သော် သူကိုယ်တိုင် ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုသို့ ခြေချတော့မည်ကို တွေးမိသောအခါတွင် သူသည် စိတ်အားထက်သန်လာခဲ့သည်။

တောက်ပသော ကြယ်တာရာ ကောင်းကင်အောက်တွင် ဧရာမကျောက်တံတားကြီးတစ်ခုက စကြဝဠာကို ဖြတ်သန်းပြီး သွယ်တန်းနေသည်။ ၎င်း၏ အနားသတ်များမှာ အရောင်ခုနစ်မျိုးဖြင့် တောက်ပနေသည်။ လူနှစ်ဦးသည် တံတားပေါ်တွင် လျှောက်လှမ်းနေကြသည်။

၎င်းတို့မှာ အခြားသူများ မဟုတ်။ ယန်ရှန်းဧကရာဇ်နှင့် အန်ဟောင်တို့ပင် ဖြစ်သည်။ ယန်ရှန်းဧကရာဇ်သည် ရွှေရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ကာ ရှေ့မှ လျှောက်လှမ်းနေပြီး သူ လှုပ်ရှားလိုက်တိုင်း နဂါးစွမ်းအင်များက သူ၏ ပတ်ပတ်လည်တွင် ဝေ့ဝဲနေသည်။

အန်ဟောင်သည် နောက်မှ လိုက်ပါလာပြီး ဘယ်ညာ ကြည့်ရှုကာ သူ၏ မျက်နှာသည် အံ့ဩမှုများဖြင့် ပြည့်နှက်နေသည်။

နောက်ဆုံးတွင် သူ၏ အကြည့်သည် ရှေ့သို့ ကျရောက်သွားသည်။ ကျောက်တံတား၏ အဆုံးတွင် တောက်ပသော နေလုံးတစ်လုံးကဲ့သို့ ရွှေရွှေနီရောင်အလုံးကြီးတစ်ခု ရှိနေ၏။ ၄င်းက မျှော်လင့်ချက်ကို ကိုယ်စားပြုနေပုံရကာ ဆွဲဆောင်မှုအပြည့် ရှိနေသည်။

အန်ဟောင်၏ မျက်ဝန်းများသည် ထူးခြားသော အလင်းရောင်ဖြင့် တောက်ပလာသည်။ သူ၏ စွမ်းအားများသည် တိုးတက်လာသည်ဟုပင် ခံစားလိုက်ရသည်။

"အန်ဟောင်၊ သေချာ ခံစားကြည့်.. ဒါက လောကမှာ အစွမ်းအထက်ဆုံး စွမ်းအားပဲ...ကောင်းကင်တာအိုဆီက လက်ဆောင်တစ်ခုပေါ့... လောကမှာ ပျံ့နှံ့နေတဲ့ ကောင်းကင်ဘုံဂိုဏ်း အမွေအနှစ် ဆိုတာ သူ့ရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းမျှပဲ ရှိသေးတယ်"

ယန်ရှန်းဧကရာဇ်သည် လျှောက်လှမ်းရင်း ပြောလိုက်သည်။ သူ၏ လေသံမှာ အတော်လေး လျှို့ဝှက်ဆန်းကြယ်နေပြီး သူကိုယ်တိုင် တစ်စုံတစ်ခုကို မျှော်လင့်နေသကဲ့သို့ပင်။

အန်ဟောင်က မနေနိုင်ဘဲ မေးလိုက်သည်။

"ကောင်းကင်တာအိုဆိုတာ ဘာလဲ...ကောင်းကင်တာအိုနဲ့ တာအိုက ဘာကွာခြားလဲ"

အမတနယ်မြေသို့ ဝင်ရောက်ပြီးနောက် သူသည်လည်း တာအိုကို စတင် နားလည် သဘောပေါက်လာသည်။ သူ၏ ကျင့်ကြံမှုအဆင့် မြင့်မားလာလေ တာအိုအပေါ် သူ၏ ရိုသေလေးစားမှုက ပိုမို နက်ရှိုင်းလာလေ ဖြစ်သည်။

ထိုအချိန်မှာပင် သူသည် ကောင်းကင်တာအို၏ ရှင်သန်တည်ရှိမှုကို နားမလည်နိုင် ဖြစ်နေသည်။ကောင်းကင်တာအိုသည် တာအိုကဲ့သို့ပင် နေရာတိုင်းတွင် ရှိနေသော်လည်း ကောင်းကင်တာအိုသည် ရှင်းလင်းမှု မရှိလှဘဲ မရေမတွက်နိုင်သော စည်းမျဉ်းများ ပေါင်းစပ်ထားသကဲ့သို့ ဖြစ်နေခဲ့သည်။

"ကောင်းကင်နဲ့ မြေကြီးက ကောင်းကင်တာအိုပဲ... သက်ရှိသတ္တဝါတွေက ကောင်းကင်တာအိုပဲ ...ပြီးတော့ စကြဝဠာက တာအိုပဲ... တာအိုက ကောင်းကင်တာအိုကို မွေးဖွားပေးပြီး ..ကောင်းကင်တာအိုက အရာအားလုံးကို မွေးဖွားပေးတယ် ၊ ငါ့အမြင်အရတော့.. ကောင်းကင်တာအိုဆိုတာ ကံကြမ္မာကို တုံ့ပြန်ဖို့အတွက် တာအိုကနေ မွေးဖွားလာတဲ့ စွမ်းအားတစ်ခုဆို ပိုမှန်တယ်.. သူက ပိုပြီးပြည့်စုံသလို၊ ပိုပြီးအစွမ်းထက်တယ်"

ယန်ရှင်းဧကရာဇ်သည် ပုံမှန်ခြေလှမ်းများဖြင့် လျှောက်လှမ်းရင်း တဖက်ကနေလည်း ဖြည်းညှင်းစွာ ရှင်းပြနေသည်။ အန်ဟောင်သည် နားထောင်ရင်း ထိုစကားလုံးများ၏ သဘောတရားကို စတင် နားလည်လာခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူတို့သည် နောက်ဆုံးတွင် တံတားရှည်ကြီး၏ အဆုံးသို့ ရောက်ရှိသွားပြီး ရွှေနီရောင်အလုံးကြီး၏ ရှေ့တွင် ရပ်လိုက်ကြသည်။ ဤအရာ၏ရှေ့မှောက်တွင် သူတို့သည် ကြီးမားမြင့်မားသော တောင်ကြီးတစ်လုံးရှေ့မှ သဲပွင့်လေးများကဲ့သို့ အလွန်ကို သေးငယ်လွန်းလှသည်။

ယန်ရှန်းဧကရာဇ်သည် မော့ကြည့်ရင်း ရွှေနီရောင်အလုံးကြီးကို စိုက်ကြည့်ကာ ပြောလိုက်သည် ။

"ဆက်တိုက် အုပ်စိုးခဲ့တဲ့ အမတမင်းဆက် သခင်တွေက ကောင်းကင်တာအိုကို အမြဲတမ်း နားလည် သဘောပေါက်အောင် ကြိုးစားလေ့ရှိတယ်.. သူတို့က ကောင်းကင်တာအိုကို အပြည့်အဝ နားလည်မှသာလျှင် ကျော်လွန်လွတ်မြောက်ဖို့ အရည်အချင်းကို ရရှိနိုင်မယ်လို့ ယုံကြည်ကြတယ်..

အမတမင်းဆက်ကို တည်ထောင်ခဲ့တဲ့ ပထမဆုံးဘိုးဘေး က သူ့ကိုယ်သူ အမတဘုရင်လို့ ခေါ်ဝေါ်ခဲ့ပြီး ကောင်းကင်တွေနဲ့ တန်းတူရပ်တည်ဖို့ ဆန္ဒရှိခဲ့တယ်.. ပြီးတော့ နောက်ဆက်တွဲအနေနဲ့ ကံဆိုးမိုးမှောင်ကျမှုနဲ့ တွေ့ကြုံခဲ့ရပြီး ..အမတမင်းဆက် ပျက်စီးသွားစေခဲ့တယ်...နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာ တစ်စုံတစ်ယောက်က အမတမင်းဆက်ကို ပြန်လည် တည်ထောင်ခဲ့တယ်"

"ဒါက အမတမင်းဆက်က ကောင်းကင်တာအိုရဲ့ စွမ်းအားကို ပထမဆုံးအကြိမ် တွေ့ကြုံခံစားခဲ့ရတာပဲ.. မြင်ရခြင်းမရှိ ထိတွေ့လို့မရနိုင်တဲ့ စွမ်းအားတစ်ခုက မမြင်နိုင်တဲ့ နယ်ပယ် မှာ တည်ရှိနေပြီး .. သက်ရှိသတ္တဝါအားလုံးကို ကြိုးကိုင်ခြယ်လှယ်နေတယ်ဆိုတာကို နားလည်သွားခဲ့တယ်"

အန်ဟောင်သည် စေ့စေ့စပ်စပ် နားထောင်နေပြီး သူ၏ အကြည့်သည် ရွှေနီရောင်အလုံးကြီးထဲသို့ ကျရောက်သွားသည်။ ရွှေနီရောင် မီးတောက်များမှတစ်ဆင့် သူသည် အမှောင်ထုကို မြင်တွေ့လိုက်ရသည်။ ၎င်းသည် နိဗ္ဗာန်နယ်ပယ်အဆင့်ရှိသော ကျင့်ကြံသူများကိုပင် ဖိနှိပ်မှုကိုခံစားရစေသော အမှောင်ထု ဖြစ်ပေသည်။

သူ မနေနိုင်ဘဲ မေးလိုက်သည်။ "တကယ်လို့ မမြင်နိုင် မထိနိုင်ဘူးဆိုရင် အဲ့တာက ဘာကြီးလဲ"

ယန်ရှန်းဧကရာဇ်က ပြန်ဖြေသည်။

"ဒါက ကောင်းကင်တာအိုရဲ့ စွမ်းအားကို ရရှိခဲ့တဲ့ အဓိပတိ ကျွမ်းကျင်သူတစ်ယောက်က ချန်ထားခဲ့တဲ့ ရွှေမြုတေပဲ"

"ဘယ်လို ရွှေမြုတေ ဟုတ်လား...ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ"

အန်ဟောင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူသည် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။

မည်သို့ပင်ကြည့်စေကာမူ ၎င်းသည် ရွှေမြုတေနှင့် မတူပေ။ ယန်ရှန်းဧကရာဇ်၏ အကြည့်သည် ရှုပ်ထွေးသွားပြီးသူက ပြန်ပြောလိုက်သည်။

"ဒါကို အမတမင်းဆက်က ကောင်းကင်တာအိုရဲ့ စွမ်းအားကို လိုက်လံရှာဖွေရင်း တွေ့ရှိခဲ့တာ.. မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေရဲ့ အနက်ရှိုင်းဆုံး အပိုင်းမှာ တည်ရှိနေပြီး သူ့ကို ကောင်းကင်တာအို ရွှေမြုတေလို့ ခေါ်တယ်... ခေတ်တစ်ခေတ်စီတိုင်းမှာ ကောင်းကင်တာအို ရွှေမြုတေက ငါတို့ကို အချက်အလက်တချို့ ထုတ်ဖော်ပြသလေ့ရှိတယ်.. ဒါကလည်း အမတမင်းဆက် ဆက်လက် ရပ်တည်နေနိုင်ရတဲ့ အကြောင်းရင်းပဲ...မြင့်မြတ်ခုံရုံးတောင်မှ သူတို့ ငါတို့ရဲ့ အမတမင်းဆက်ကို ဖြုတ်ချနိုင်မှာ မဟုတ်ဘူး"

"ကောင်းကင်တာအို ရွှေမြုတေကနေတစ်ဆင့်.. ငါတို့ နောက်ဆုံးမှာ သိရှိခဲ့တာက မဟာကောင်းကင် စိတ်ဝိညာဉ်နယ်မြေဟာ တစ်ချိန်က ပျက်စီးခဲ့ပြီးပြီ.. လက်ရှိ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက သူ့ရဲ့ အပိုင်းအစတစ်ခုမျှသာ ရှိသေးတယ် "

အန်ဟောင်က ထပ်မေးသည်။

"အဲဒီ အဓိပတိ ကျွမ်းကျင်သူက ဘာလို့ ကျဆုံးသွားတာလဲ..ကောင်းကင်နဲ့ မြေကြီးကိုပျက်စီးစေခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်နေတာလား"

"ငါတို့လည်း မသိဘူး ဒါပေမဲ့ ကောင်းကင်တာအို ရွှေမြုတေရဲ့ စွမ်းအားက ကုန်ဆုံးနိုင်စွမ်း မရှိဘူး ပြီးတော့ ဒီစွမ်းအားကပဲ အမတမင်းဆက်ရဲ့ ရှင်သန်မှုတွေကို အမတနယ်မြေမှာ မွေးဖွားအောင် လုပ်ပေးခဲ့တာ"

ယန်ရှန်းဧကရာဇ်က ပြန်ဖြေသည် ။

ထို့နောက် သူသည် အန်ဟောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ အန်ဟောင်သည် ယန်ရှန်းဧကရာဇ်၏ အကြည့်ကို ရင်ဆိုင်ရသောအခါ ဖိအားတချို့ကို ခံစားလိုက်ရသဖြင့် သူသည် မျက်မှောင်ကြုတ်လိုက်သည်။

ယန်ရှန်းဧကရာဇ်၏ မျက်လုံးများက တောက်လောင်နေပြီး ပြောလိုက်သည်။

"အန်ဟောင်.. မင်းက ကံကြမ္မာရဲ့ သားတော်ပဲ... မင်းထက် ကံကြမ္မာ ပိုသန်မာတဲ့သူ ဘယ်သူမှ မရှိဘူး.. ဆရာသခင်ဓားအရှင်က မင်းရဲ့ ဆရာသခင်ပဲ ပြီးတော့ မင်းက အမတမင်းဆက်ရဲ့ အသန်မာဆုံး အမွေအနှစ်ကို လက်ခံရရှိလိမ့်မယ်... မင်းဟာ ကောင်းကင်တာအိုအောက်က အသန်မာဆုံးသူ ဖြစ်လာလိမ့်မယ်...အကယ်၍ မင်းသာ ခေတ်သစ်တစ်ခုကို ဦးဆောင်မယ်ဆိုရင် နောက်ခေတ်မှာ အမတမင်းဆက်က သေချာပေါက် ပိုပြီး အားကောင်းလာလိမ့်မယ် ပြီးတော့ ငါတို့ မလုပ်နိုင်ခဲ့တာတွေကို မင်းက လုပ်နိုင်လာလိမ့်မယ်"

အန်ဟောင် ပြန်တုံ့ပြန်မည့်ဆဲဆဲ သူသည် ရုတ်တရက် ကောင်းကင်တာအို ရွှေမြုတေဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဒါဘာအသံလဲ"

အန်ဟောင်သည် လေးနက်သော အသံဖြင့် မေးလိုက်သည်။ သူ၏ အကြည့်သည် ကောင်းကင်တာအို ရွှေမြုတေအပေါ်တွင် လျင်မြန်စွာ ရွေ့လျားနေပြီး တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ပင်။

ယန်ရှန်းဧကရာဇ်က သူ့ကို ကြည့်နေရင်း သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အမြွက်များ ဖြတ်သန်းသွားသည်။ ထို့နောက် သူ၏ အမူအရာသည် ပြောင်းလဲသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"ကောင်းကင်တာအို ရွှေမြုတေကတောင် သူ့ကို ရွေးချယ်တယ် ဟုတ်လား...ဒါ ဘယ်လို ကံကြမ္မာမျိုးလဲ.. လောကကြီးထဲက အရာအားလုံးက သူ့အတွက် သီးသန့် ဖန်တီးပေးထားသလိုပဲ..."

ယန်ရှန်းဧကရာဇ်သည် အန်ဟောင်ကို ကြည့်ရင်း သူ၏ နှလုံးသားထဲတွင် သက်ပြင်းချနေမိသည်။ သူကိုယ်တိုင်ပင် အနည်းငယ် မနာလိုဖြစ်ရသည်။

အန်ဟောင်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို လျင်မြန်စွာ သတိပြုမိသွားသည်။ သူသည် ယန်ရှင်းဧကရာဇ်ကို ကြည့်ကာ မေးလိုက်သည်။

"အရှင်မင်းကြီး မကြားဘူးလား"

ယန်ရှန်းဧကရာဇ်က ပြန်ဖြေသည်။

"အမတမင်းဆက်ရဲ့ သခင်က ကောင်းကင်တာအို ရွှေမြုတေရဲ့ အမွေအနှစ်ကို ကံကြမ္မာကနေတစ်ဆင့် ရရှိနိုင်တယ် ဒါပေမဲ့ ခေတ်တစ်ခေတ်စီရဲ့ အဆုံးမှာ ..ကောင်းကင်တာအို ရွှေမြုတေက သူ့ရဲ့ အမွေဆက်ခံသူကို သူ့ဘာသာသူ အလိုအလျောက် ရွေးချယ်လိမ့်မယ်..ကြည့်ရတာ မင်းက သူ့ရဲ့ ရွေးချယ်ခြင်းကို ခံလိုက်ရပုံပဲ... မင်း ခုနက ဘာကြားလိုက်လို့လဲ"

အန်ဟောင်သည် ခဏမျှ တုံ့ဆိုင်းသွားပြီး ထို့နောက် ပြောလိုက်သည်။

"ကျွန်တော် အသံတစ်သံ ကြားတယ်..အဲဒါက ကျွန်တော့်ကို ထွက်ပြေးတော့တဲ့..."

အခန်း ၅၀၀ ရွေးချယ်ခံရသူ၊ နာကြည်းမှုများဖြင့် ဝန်ပိနေခြင်း

"ထွက်ပြေး ဟုတ်လား"

ယန်အမတဧကရာဇ်သည် အန်ဟောင်၏ စကားကို ကြားလိုက်ရချိန်တွင် သူသည် မျက်မှောင်ကြုတ်သွားသည်။ သူသည် ထပ်မေးလိုက်သည်။

"ဘာလို့ ပြေးရမှာလဲ ပြီးတော့ ငါတို့ ဘယ်ကို ပြေးရမှာလဲ"

အန်ဟောင် စကားပြောမည့်ဆဲဆဲ ကောင်းကင်တာအို ရွှေမြုတေသည် ရုတ်တရက် တောက်လောင်သော ရွှေရောင်မီးတောက်များဖြင့် ပေါက်ကွဲထွက်လာပြီး အန်ဟောင်၏ နဖူးဆီသို့ လျင်မြန်သော အရှိန်နှုန်းဖြင့် တိုးဝင်သွားသည်။

ချက်ချင်းဆိုသလိုပင် အန်ဟောင်၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။ သူ၏နဖူးတွင် မျက်လုံးတစ်လုံးကဲ့သို့သော ရွှေရောင် မျဉ်းကြောင်းသေးသေးလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ယန်အမတဧကရာဇ်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး ကောင်းကင်တာအို ရွှေမြုတေဘက်သို့ အလိုအလျောက် လှည့်ကြည့်လိုက်သည်။ ကောင်းကင်တာအို ရွှေမြုတေသည် သူတို့၏ ရှေ့မှောက်တွင် မလှုပ်မယှက် တည်ရှိနေပြီး ရှေးကျသော အငွေ့အသက်ကို ထုတ်လွှတ်နေကာ ၎င်းသည် ဤလောကကြီးထဲတွင် အချိန်ကြာဆုံး ဖြစ်တည်မှုကဲ့သို့ပင်။

အန်ဟောင်သည် ဘဝ၏ အနိမ့်အမြင့် အတက်အကျ ကြယ်တာရာများ၏ ရွှေ့ပြောင်းမှုတွေကို မျက်မြင်တွေ့ရှိခဲ့ပြီး အဆုံးမရှိသော အတွေ့အကြုံများက ၎င်း၏ နက်နဲလှသော ဘဝအငွေ့အသက်များကို ပုံဖော်နေခဲ့သည်။

အန်ဟောင်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူသည် စိတ်ကူးမယဉ်နိုင်သော နာကျင်မှုကို ခံစားနေရသကဲ့သို့ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေသည်။

ယန်ရှန်းဧကရာဇ်သည် သူ၏ ဘေးသို့ လျှပ်တပြက် ရောက်ရှိသွားပြီး ကူညီရန်ဟန်ပြင်လိုက်သော်လည်း အားကောင်းသော စွမ်းအားတစ်ခုက သူ့ကို တွန်းထုတ်လိုက်သည်။

သူသည် ပေပေါင်း ရာပေါင်းများစွာ လွင့်စင်သွားခဲ့ပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားကာ ဒူးထောက်လျက်သား ဖြစ်သွားသည်။ သူ၏ညာလက်တွင် သွေးများက မနားတမ်း စီးကျနေသည်ကို တွေ့လိုက်ရသည်။

ယန်ရှန်းဧကရာဇ်သည် အန်ဟောင်ကို တစ်ချက်ကြည့်လိုက်သည်။ အန်ဟောင်သည် မျက်နှာကို ငုံ့လျက် ဒူးထောက်နေဆဲပင်။ သူ၏ လက်ချောင်းများကြားမှ ချီအငွေ့အသက်များ ထွက်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေကာ အသံပင်မထွက်နိုင်ချေ။

"သူက တကယ်ပဲ ရွေးချယ်ခံရသူလား"

ယန်ရှန်းဧကရာဇ်သည် သူ့ဘာသာသူ တီးတိုး ရေရွတ်လိုက်ပြီး စိတ်ရှုပ်ထွေးနေခဲ့သည်။

သူသည် အန်ဟောင်ကို ရွေးချယ်ခဲ့ခြင်းမှာ အန်ဟောင်၏ အထူးကံကြမ္မာကြောင့် ဖြစ်သော်လည်း အခြား အကြောင်းပြချက်တစ်ခုလည်း ရှိသေးသည်။

သူသည် ဆရာသခင်ဓားအရှင်နှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်လိုခဲ့သည်။အန်ဟောင်သည် ဆရာသခင်ဓားအရှင်၏ တစ်ဦးတည်းသော ထင်ရှားသော တပည့်ရင်းတစ်ယောက် ဖြစ်ပေသည်။

သို့သော် သူ မျှော်လင့်မထားခဲ့သည်မှာ အန်ဟောင်သည် ဘာမှလုပ်စရာမလိုဘဲ ရောက်ရောက်ချင်း ကောင်းကင်တာအို ရွှေမြုတေ၏ အသိအမှတ်ပြုမှုကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။ အမတမင်းဆက်၏ သမိုင်းတစ်လျှောက် ပြန်ကြည့်လျှင် ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို သူ တစ်ခါမျှပင် မကြားဖူးခဲ့ချေ။

"အန်ဟောင်၊ မင်း တကယ်က ဘယ်သူလဲ"

အန်ဟောင်သည် ယန်အမတဧကရာဇ်၏ အသံကို မကြားနိုင်ပေ။ ဤအခိုက်အတန့်တွင် သူသည် မယုံနိုင်လောက်အောင်ပင် နာကျင်မှုကို ခံစားနေရသည်။

သူ၏ ရုပ်ခန္ဓာသည် စုတ်ပြဲမတတ် နာကျင်ခံစားနေရရုံသာမက၊ သူ၏ ဝိညာဉ်သည်လည်း ကြောက်မက်ဖွယ်ရာ ညှဉ်းပန်းနှိပ်စက်မှုကို ခံစားနေရသည်။

သူသည် မြင်ကွင်းများစွာကို တွေ့လိုက်ရသည်။ ၎င်းတို့အားလုံးသည် သူ၏ အကြီးမားဆုံး ကြောက်ရွံ့မှုများပင် ။

သူ၏ ဇနီးနှင့် ကလေးများသည် ကြေကွဲဖွယ်ကောင်းလောက်အောင် သေဆုံးနေသည်ကို တွေ့လိုက်ရသည်။ သူ၏ ဂျူနီယာညီမလေးသည် ဒုက္ခရောက်နေပြီး၊ ဆရာဖြစ်သူ၏ သင်္ချိုင်းကျောက်တိုင်ကိုပင် တွေ့လိုက်ရသည်။ ဤအရာအားလုံးက သူ့ကို လှုံ့ဆော်နေခဲ့သည်။

"မင်း မပြေးရင်၊ မင်းလည်း သူတို့လို ဖြစ်သွားလိမ့်မယ်"

အေးစက်သော အသံတစ်ခုက သူ၏ နားထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေပြီး၊ သူ၏ စိတ်ကို လှုံ့ဆော်နေသည်။

၃၇ နှစ် ကြာပြီးနောက်၊ နှစ်သစ်ကူးပြီးစ အချိန်

ကုအန်သည် အပြင်ဂိတ်မြို့တော်အတွင်း လမ်းလျှောက်နေပြီး၊ သွေးအကျဥ်းထောင်သူတော်စင်နှင့် လုံချင်းတို့လည်း နောက်ကနေ လိုက်ပါလာကြသည်။

လွန်ခဲ့သော ၃၀၀ ရှန်ရှင်းကျီ သည် ပင်လယ်ဗုဒ္ဓဂိုဏ်း သို့ ပြန်သွားခဲ့သည်။ ထိုအချိန်မှစ၍ လုံချင်းသည် ကုအန်၏ နောက်လိုက်တစ်ဦး လုံးလုံး ဖြစ်သွားခဲ့သည်။ကုအန် ဘယ်သွားသွား လုံချင်းတွေ့ရှိသွားသည်နှင့် သူသည် တက်ကြွစွာဖြင့် လိုက်ပါလေ့ရှိသည်။

ဤလမ်းတစ်လျှောက်တွင် လူတော်တော်များများက သူတို့ကို နှုတ်ဆက်ကြသည်။ အများစုမှာ မိတ်ဆွေများ သို့မဟုတ် တပည့်များ ဖြစ်ကြသည်။

နှစ်ပေါင်း ၄၀၀ ကျော် ကြာမြင့်ခဲ့ပြီး ဆရာသခင်ဓားအရှင် ယူဆောင်လာခဲ့သော တုန်လှုပ်မှုက နောက်ဆုံးတော့ ငြိမ်သက်သွားခဲ့ပြီပင်။ အဓိပတိဂိုဏ်းရှိ အမှောင်ခန်းမ၏ ဖိနှိပ်မှုအောက်တွင် ကုအန်သည် မည်သူမည်ဝါဖြစ်ကြောင်းကို ကောလာဟလများ မဖြန့်ဝေကြတော့သဖြင့် ဆရာသခင်ဓားအရှင်သည် ဒဏ္ဍာရီတစ်ခုအဖြစ် တစ်ဖန် ပြန်လည်ဖြစ်သွားခဲ့သည်။

သို့ဆိုတောင် ဆရာသခင်ဓားအရှင်၏ အမည် မရှိလျှင်ပင် ကုအန်သည် တတိယဆေးတောင်ကြား၏ တောင်ကြားသခင်အဖြစ် ကြီးမားသော ကျော်ကြားမှုကို ပိုင်ဆိုင်ထားဆဲပင် ဖြစ်သည်။

"ဆရာသခင်၊ ကောင်းကင်ဖြတ်ပုဆိန် က တကယ် အမွေအနှစ်တစ်ခုလား... အဲဒါ ဆရာသခင် တမင်တကာ ချန်ထားခဲ့တဲ့ လှည့်ကွက်တစ်ခု မဟုတ်ဘူးလား"

လုံချင်းက သူ၏ ခြေလှမ်းကို အရှိန်မြှင့်ကာ ကုအန်၏ ဘေးသို့ ရောက်လာပြီး စပ်စပ်စုစု မေးလိုက်သည်။

သူသည် ရံဖန်ရံခါ ကောင်းကင်ပြုပြင်စင်မြင့်သို့ သွားကာ ကောင်းကင်ဖြတ်ပုဆိန်ကို ဆွဲထုတ်ရန် ကြိုးစားလေ့ရှိသော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ သူသည် ၎င်းကို လုံးဝမှ မလှုပ်ခါနိုင်ခဲ့ပေ။

ယခုအခါ ကောင်းကင်ဖြတ်ပုဆိန်ကို ကြိုးစားသူများသည် အမွေအနှစ်ကို အမှန်တကယ် ရရှိလိုခြင်းထက် ဆရာသခင်ဓားအရှင်၏ စွမ်းအားကို ခံစားလိုကြခြင်းသာ ဖြစ်သည်။ ကုအန်က ရှေ့ကိုသာ တည့်တည့် ကြည့်ရင်း ပြန်ဖြေသည်။

"ဒါပေါ့.. မင်း အနာဂတ်မှာ ခံစားမိပါလိမ့်မယ်"

လုံချင်းသည် ဆက်လက် မေးမြန်းလိုသော်လည်း သူသည် အပေါ်သို့ ရုတ်တရက် မော့ကြည့်လိုက်သည်။ သူသာမက သွေးအကျဥ်းထောင် သူတော်စင်လည်း ထိုနည်းတူပင်။

သူတို့သည် ကောင်းကင်ယံတွင် သွားလာလှုပ်ရှားနေသော မရေမတွက်နိုင်သော ငွေရောင် ကြယ်ပျံများကို တွေ့လိုက်ရသည်။ အားလုံးသည် လားရာတစ်ခုတည်းသို့ တဟုန်ထိုး သွားနေကြရာ ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။

လမ်းမပေါ်တွင် လျှောက်လှမ်းနေသော ကျင့်ကြံသူများသည်လည်း ကောင်းကင်မှ ပုံမှန်မဟုတ်မှုများကို စတင် သတိပြုမိလာကြသည်။

"အဲဒါ ဘာကြီးလဲ"

"ဓားစွမ်းအင်လား"

"မဟုတ်ဘူး၊ အတွင်းထဲမှာ လူတွေ ရှိတယ်.. ဂိုဏ်းကြီးတစ်ခုက ကောင်းကင်ကို ဖြတ်သန်းပျံနေတာ ဖြစ်နိုင်တယ်"

"လူတွေ ဟုတ်လား... ငါတို့ ခေါင်းပေါ်ကနေ ဖြတ်ပျံသွားတာနဲ့ မတူဘူး..ကောင်းကင်ပေါ်ကနေ ဆင်းသက်လာတာနဲ့ ပိုတူတယ်"

"စိတ်မပူနဲ့ အဓိပတိဂိုဏ်း ရှိနေတာပဲ..အဓိပတိဂိုဏ်းက အသန်မာဆုံးဂိုဏ်း မဟုတ်ပေမယ့်.. ဒါပေမဲ့ သေချာပေါက် လုံခြုံတယ်.. ဒီနှစ်တွေအတွင်း၊ မြင့်မြတ်ခုံရုံးနဲ့ အမတမင်းဆက်တို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတယ်.. ဒါပေမဲ့ စစ်မီးက အဓိပတိဂိုဏ်းဘက်ကို ဘယ်တော့မှ ကျရောက်မလာခဲ့ဘူး"

ကျင့်ကြံသူများသည် တက်ကြွစွာ ဆွေးနွေးနေကြသည်။ ကုအန်သည် သူတို့ကို လှမ်းကြည့်လိုက်ပြီးနောက် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းကာ ရှေ့သို့ ဆက်သွားလိုက်သည်။

သွေးအကျဥ်းထောင် သူတော်စင်နှင့် လုံချင်းတို့လည်း လိုက်ပါလာကြပြီးထိုကြယ်ပျံများ၏ ဇာစ်မြစ်ကို စတင် ဆွေးနွေးခဲ့ကြသည်။

သွေးအကျဥ်းထောင် သူတော်စင်၏ နတ်ဘုရားအာရုံအရ ထိုကြယ်ပျံများသည် အမှန်တကယ်တွင် ဓားစွမ်းအင်ဖြင့် ဖုံးအုပ်ထားသော လူတစ်စု ဖြစ်ကြောင်းနှင့် သူတို့သည် အပြင်ဘက်လောက မှ လာရောက်ကြောင်းကို ခံစားသိရှိခဲ့သည်။ ဤသည်က လုံချင်းကို အပြင်ဘက် လောကအပေါ် ပို၍ပင် စူးစမ်းသိလိုစိတ် ပြင်းပြစေသည်။

လုံချင်းသည် ဝိညာဉ်စွမ်းအင်ကို ကျင့်ကြံနိုင်ခြင်း မရှိသေးသော်လည်း၊ သူအသက်ကြီးလာသည်နှင့်အမျှ သူသည် လောကအပြင်ဘက်မှ လာကြောင်းနှင့် တာဝန်တစ်ခုက သူ့ကို စောင့်ကြိုနေကြောင်းကို ခံစားမိလာသည်။

ယခုတွင်မူ သူသည် သိပ်ပြီး စိုးရိမ်ပူပန်ခြင်း မရှိတော့ဘဲ ဘဝကို စတင် ပျော်မွေ့လာခဲ့သည်။ သူ၏ တာဝန်ကို သိရှိသွားသည်နှင့် တစ်ပြိုင်နက်ဤသို့သော ဘဝမျိုးသည် သူ၏ ကျန်ရှိသော ဘဝအတွက် ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်လာလိမ့်မည်ဟု သူ ကြိုတင် ခံစားမိနေသည်။

ကုအန်သည် ထိုဓားကျင့်ကြံသူအုပ်စု၏ ဇာစ်မြစ်ကို တစ်ချက်ကြည့်ရုံဖြင့် ထွင်းဖောက် မြင်လိုက်ရသည်။

မဟာဟုန်ဓားကောင်းကင်!

ကျွယ်လော့ဓားသခင်မှ ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။ မဟာဟုန် ဓားကောင်းကင်သည် ထိုက်ချန်တိုက်ကြီး အနီးရှိ ပင်လယ်ဧရိယာတွင် ဂိုဏ်းတစ်ခု တည်ထောင်ရန် ပြင်ဆင်နေပြီး၊ ကုအန်ကို အချိန်မရွေး ထောက်ပံ့ရန် အသင့်ပင်။

ကုအန်သည် ဤအပေါ်တွင် သိပ်အာရုံမစိုက်ခဲ့ပေ။ သူ့အနေဖြင့် ပို၍ စိတ်ဝင်စားသည်မှာ အခြားအရာတစ်ခု ဖြစ်သည်။

၎င်းမှာ ရှောင်ချွမ် ၏ တာအိုပျက်သုဉ်းခြင်း သက်စောင့်တံဆိပ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး တစ်နည်းအားဖြင့် ရှောင်ချွမ်သည် မဟာကောင်းကင် စိတ်ဝိညာဉ်နယ်မြေ တွင် မွေးဖွားတော့မည် ဖြစ်သည်။

ဘယ်နှနှစ် ကြာခဲ့ပြီကိုပင် မသိနိုင်တော့ချေ။ ကုအန်သည် နောက်ဆုံးမှာတော့ ရှောင်ချွမ်ကို စောင့်ဆိုင်းနိုင်ခဲ့ပြီပင်။

သူ၏ ဂျူနီယာညီလေးနှင့် မကြာမီ ပြန်လည် ဆုံတွေ့ရတော့မည်ကို တွေးမိသည်နှင့် ကုအန်သည် အလွန် ပျော်ရွှင်သွားပြီး သီချင်းပင် ထညည်းနေမိသည်။

ကုအန်၏ စိတ်ခံစားချက်များ ကောင်းမွန်နေသည်ကို မြင်လိုက်ရသောအခါတွင် လုံချင်းက သူတို့ ယခုလေးတင် တွေ့လိုက်ရသော ဓားကျင့်ကြံသူများ၏ ဇာစ်မြစ်ကို ရဲဝံ့စွာ မေးလိုက်သည်။

"အနာဂတ်မှာ အပြန်အလှန် ဆက်ဆံဖို့ အခွင့်အရေးတွေ အများကြီး ရှိလာဦးမှာပါ"

ကုအန်သည် ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။

သူသည် ယခုအခါ ဉာဏ်အလင်းရ ဆရာသခင်တစ်ဦးနှင့် ပိုပိုတူလာသည်။ အရာအားလုံးကို သိသော်လည်း ဖွင့်မပြောဘဲ လူများကို သူတို့ကိုယ်တိုင် တွေ့ကြုံခံစားစေသည်။

အမှန်စင်စစ် အနာဂတ်ကို ကြိုတင်မြင်နိုင်ပြီး ကံကြမ္မာကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရသည့် ဤခံစားချက်သည် အတော်လေး ကောင်းမွန်လှသည်။

ထိုအချိန်မှာပင်။

တောင်တန်းများကြားတွင် တောင်စောင်း တစ်ဝက်တွင် သစ်သားအိမ်တစ်လုံး တည်ရှိနေသည်။ စုံတွဲတစ်တွဲသည် ချောက်ကမ်းပါးရှေ့တွင် ရပ်ရင်း စိမ်းလန်းသော တောင်များနှင့် ကြည်လင်သော ရေပြင်ကို ငေးကြည့်နေသည်။

အမျိုးသမီးသည် သူမ၏ လက်ထဲတွင် ကလေးငယ်တစ်ယောက်ကို ပွေ့ချီထားသည်။ သူမ၏ ရင်ခွင်ထဲမှ သားလေးကို ငုံ့ကြည့်လိုက်ရာ၊ သူမ၏ လှပသော မျက်နှာသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားသည်။

ဇနီးသည် သည် သူမ၏ ဘေးမှ ခင်ပွန်းဖြစ်သူဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"လင်ပန်း၊ ရှင့် ကလေးကို နာမည် မပေးရသေးဘူးနော်.. ရှင့် ပြန်သွားဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား"

သူမ၏ ခင်ပွန်းသည် အနက်ရောင် အဝတ်အစားများကို ဝတ်ဆင်ထားပြီး၊ ခန့်ညားသော မျက်နှာ ရှိကာ သူ၏ နားထင်စပ်တွင် အနည်းငယ် ဖြူဖွေးနေသော ဆံပင်အချို့ ရှိနေသည်။ အမျိုးသားသည် အသက်ကြီးပုံ မပေါ်သော်လည်း သူ၏အသွင်အပြင်တွင် လောကဓံကို ဖြတ်သန်းခဲ့ရသည့် ခံစားမှုတစ်ခု ရှိနေသည်။

"သူ မွေးဖွားလာလို့ပဲ ငါ ပြန်သွားရမှာ လင်အာ .. မင်း နားလည်သင့်တယ်၊ ငါတို့ ပြန်မသွားရင် ငါတို့ မိသားစု သုံးယောက် ဘယ်တော့မှ ငြိမ်းချမ်းမှု ရမှာ မဟုတ်ဘူး..အဲဒီ ရန်သူတွေက ငါတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး"

အနက်ရောင်ဝတ်စုံကို ဝတ်ထားသော အမျိုးသားက လေးလံသော လေသံဖြင့် ပြောလိုက်သည်။

သူ၏ အမည်မှာ ချန်လောဖြစ်ပြီး၊ ဇနီးဖြစ်သူ၏ အမည်မှာ ရွှီလင် ဖြစ်သည်။ သူတို့ စကားပြောနေရင်း သူတို့ အချင်းချင်း ပိုမို နီးကပ်သွားကြသည်။ ရွှီလင်က သူ၏ ပခုံးပေါ်တွင် မှီလိုက်ရင်း စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"မြင့်မြတ်နယ်မြေမှာ ကျွန်မတို့အတွက် နေရာ တကယ်ပဲ မရှိတော့ဘူးလား..ဒါမှမဟုတ် ကျွန်မတို့ မြင့်မြတ်နယ်မြေကနေ ထွက်သွားကြမလား"

ချန်လောသည် သက်ပြင်းချလိုက်သည်။

"အပြင်ဘက်က ပိုပြီး ပရမ်းပတာနိုင်ပြီး အန္တရာယ်များတယ်..နောက်ခံ မရှိဘဲ၊ ငါတို့ရဲ့ မဟာယာနနယ်ပယ် ကျင့်ကြံမှုအဆင့်နဲ့တောင်မှ ငါတို့သားကို ကာကွယ်ဖို့ ဘယ်လောက် ခက်ခဲလိုက်မလဲ.. ပြန်သွားကြရအောင်.. အဆိုးဆုံးကွာ ငါ အမေ့ရှေ့မှာ ဒူးထောက်ပြီး အမှားကိုဝန်ခံလိုက်ရုံပဲ..မင်းက ငါ့ကလေးကို မွေးပေးခဲ့ပြီးပြီပဲ ဒါကြောင့် သူ မင်းကို အခက်တွေ့အောင် လုပ်လိမ့်မယ်လို့ ငါမထင်ဘူး"

"ဒါပေမဲ့.." ရွှီလင်သည် တုံ့ဆိုင်းနေသည်။

ချန်လောသည် လှည့်လိုက်ပြီး သူမ၏ ပခုံးများကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။

"လင်အာ၊ ငါ့ကို ယုံပါ.. ငါ သေသွားရင်တောင်၊ ငါ မင်းနဲ့ ငါတို့ ကလေးကို ကာကွယ်ပေးမယ်... မင်း ထပ်ပြီး ထိခိုက်နာကျင်တာကို ငါ မမြင်ချင်တော့ဘူး ပြီးတော့ ငါတို့သားလေးကို နာကြည်းမှုတွေနဲ့ ဝန်ပိပြီး ကြီးပြင်းလာမှာကို လုံးဝ မလိုချင်ဘူး"

ရွှီလင်၏ လက်ထဲက ကလေးငယ်က မျက်လုံးပွင့်လာပြီး ကြည့်နေသည်မှာ သူမ၏ နှလုံးသားကို အရည်ပျော်သွားစေသည်။

"ဟုတ်တယ်၊ ငါတို့ သူ့ကို နာကြည်းမှုတွေ ထမ်းပိုးခွင့် မပေးနိုင်ဘူး..."

ရွှီလင်က သူမကိုယ်သူမ နားချရင်း တီးတိုး ရေရွတ်လိုက်သည်။

ချန်လော ပြုံးကာ ပြောလိုက်သည်။

"ဒီကောင်လေးကို မြင်လိုက်တဲ့ အခိုက်အတန့်မှာ ငါ ကံကောင်းခြင်းတွေကို ခံစားလိုက်ရတယ်... စိတ်မပူပါနဲ့ ငါ့အဖေက မြင့်မြတ်အရှင်သခင် ဆီက အခုလေးတင် ပြန်ရောက်လာတယ်လို့ ငါကြားတယ်...သူ မိသားစုကို စောင့်ကြပ်နေတာနဲ့ ငါ့အမေ သေချာပေါက် မဆင်မခြင် ပြုမှုရဲမှာမဟုတ်ဘူး"

ရွှီလင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ဇနီးဖြစ်သူသည် သဘောတူခဲ့သဖြင့် ချန်လောသည် စိတ်သက်သာရာရသွားပြီး ဇနီးသည်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။

"ငါ ကျိန်ဆိုတယ်၊ ငါ မင်းကို တည်ငြိမ်တဲ့ ဘဝနဲ့ နေထိုင်ခွင့်ရအောင် လုပ်ပေးမယ်.. ပြီးတော့ မင်းရဲ့ ဂိုဏ်းပျက်စီးခဲ့ရတာကိုလည်း လက်စားချေပေးမယ်"

ချန်လောသည် မိုးကုတ်စက်ဝိုင်းကို စိုက်ကြည့်ရင်း လေးနက်စွာဖြင့် ပြောလိုက်သည်။

ရွှီလင်သည် အနည်းငယ် တုန်လှုပ်သွားပြီး ပြန်မဖြေသော်လည်း၊ သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။

မျက်နှာချင်းဆိုင် တောင်တန်းတောအုပ်ထဲမှ ဗျိုင်းဖြူများ ပျံသန်းထွက်လာပြီး မိုးကုတ်စက်ဝိုင်းဆီသို့ သူတို့၏ တောင်ပံများကို ခတ်ရင်း "လူ" ဆိုသည့် စာလုံးပုံစံကို ဖော်ကျူးနေသည်။

နေရောင်ခြည်သည် သူတို့အပေါ်သို့ ကျရောက်နေသည်မှာ နတ်ဗျိုင်းများအလား ထင်မှတ်ရပြီး မျှော်လင့်ချက်ကို ပုံဖော်နေသကဲ့သို့ ၎င်းတို့အားလုံးသည် ကမ္ဘာမြေကြီး၏ အစွန်းအ‌ဆုံးဆီသို့ ပျံသန်းသွားကြလေသည်။

All Chapters