အခန်း (၅၀၃-၅၀၄)
Vol. 39 Ch. 503-504
Htet Paing:
အခန်း ၅၀၃ မင်္ဂလာရှိသော ကောင်းကင်မြင်း၊ ကံကြမ္မာစီရင်စာအုပ်
"ကုအန်!"
အမျိုးသမီးတစ်ဦး၏ အသံသည် အောက်ထပ်မှ ထွက်ပေါ်လာပြီး ကုအန်၏ အတွေးများကို ဖြတ်တောက်လိုက်သည်။ သူ အောက်သို့ ငုံ့ကြည့်လိုက်ရာ ယုယင်းယင်းက အောက်ထပ်တွင် ရပ်၍ လက်ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။
ယုယင်းယင်း၏ အမြင့်ဆုံးသက်တမ်းမှာ နှစ်ပေါင်း ၅၀၀၀ ဖြစ်သည်။ ယခင်က ကောင်းကင်မိစ္ဆာ၏ ကံတရား ဖိနှိပ်မှုကြောင့် သူမ၏ ကျင့်ကြံမှုမှာ မတိုးတက်နိုင်ခဲ့ပေ။ ကုအန်သည် သူမကို ကံတရား ဖယ်ရှားရာတွင် ကူညီပေးပြီးနောက် သူမ၏ ပင်ကိုယ်ပါရမီကို ပြန်လည်ရရှိခဲ့ပြီး ယခုအခါတွင် သူမ၏ ကျင့်ကြံမှုသည် တစ်သားတည်းဖြစ်တည်ခြင်း အဆင့် ၈ သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကုအန်က သူမကို ငုံ့ကြည့်ရင်း မေးလိုက်သည်။
"ဘာကိစ္စလဲ"
ယုယင်းယင်းက သူ့ကို မော့ကြည့်ကာပြောလိုက်သည်။
"ကျွန်မ ကြယ်တာရာပင်လယ်ဂိုဏ်း ကို ပြန်တော့မယ်"
"ကောင်းပြီလေ... ခွင့်ပြုပါတယ်"
ကုအန်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
ကုအန်၏ အထောက်အထား ပေါ်ပေါက်လာပြီးကတည်းက ဂိုဏ်းအသီးသီးသည် သူ့ကို မျက်နှာလိုမျက်နှာရ လုပ်ရန် ကြိုးစားနေကြပြီး ကြယ်တာရာပင်လယ်ဂိုဏ်းနှင့် ယုယင်းယင်း၏ မိသားစုတို့သည်လည်း သူမထံသို့ မကြာခဏ သတင်းစကားများ ပေးပို့နေကြသည်။
သူမသည် ဤကိစ္စကို အလွန် စိတ်အနှောင့်အယှက် ဖြစ်သောကြောင့် အဓိပတိဂိုဏ်းမှ ထွက်ခွာပြီး ကိုယ့်ဘာသာ လေ့ကျင့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ကြယ်တာရာပင်လယ်ဂိုဏ်းသို့ ပြန်ခြင်းမှာ အကြောင်းပြချက် သက်သက်သာ ဖြစ်ပြီး သူမသည် ကမ္ဘာအနှံ့ လှည့်လည်သွားလာရန် စီစဉ်ထားခဲ့သည်။
ကုအန် သူမကို တားမည် မဟုတ်ပေ။ ကုအန်၏ စကားကို ကြားပြီးနောက် ယုယင်းယင်းသည် တစ်စုံတစ်ခုကို ပြောဆိုရန် တွန့်ဆုတ်နေပြီး ရပ်တန့်သွားခဲ့သည်။
အောက်ထပ်မှ မော့ကြည့်လိုက်ရာ ကုအန်သည် သူလက်လှမ်းမမီနိုင်သူ ဖြစ်နေသည်ဟု ခံစားလိုက်ရသောအခါ သူမသည် စိတ်သက်သာရာ ရသွားသည်။
မင်း ပြင်ဆင်ပြီးသား ဆိုရင် ဘာလို့ အခုမှ တွန့်ဆုတ်နေတာလဲ...
ကုအန်သည် သူမ၏ အတွေးများကို ကြားနိုင်သော်လည်း ဘာမှ မပြောဘဲ သူမကိုသာ ပြုံးပြလိုက်သည်။
"ကျွန်မ အမတ ဖြစ်လာတဲ့အခါ ပြန်လာခဲ့ပါမယ်"
ယုယင်းယင်းက နှာခေါင်းရှုံ့လိုက်ပြီး ဦးညွှတ်ကာ ထွက်ခွာသွားသည်။
အနီးရှိ သစ်ပင်အောက်တွင် တရားထိုင် ကျင့်ကြံနေသော သွေးအကျဉ်းထောင်သူတော်စင်သည် တစ်ချက်သာ လှမ်းကြည့်ပြီးနောက် မျက်လုံးမှိတ်ကာ ဆက်လက် ကျင့်ကြံနေလိုက်သည်။
ကုအန်သည် ယုယင်းယင်း ထွက်ခွာသွားသည်ကို ကြည့်ရင်း ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာသည်။ သူသည် ယခင်ကကဲ့သို့ ပြုမူနေထိုင်သော်လည်း ကျင့်ကြံမှု အဆင့် ကွာခြားချက်သည် သူ့နှင့် သူ့ပတ်ဝန်းကျင်က လူများကြားတွင် ကျော်ဖြတ်မရနိုင်သော အတားအဆီး တစ်ခုက ရှိနေဆဲပင် ဖြစ်သည်။
သူတို့သည် ယခင်ကကဲ့သို့ ရင်းနှီးနေကြဆဲ ဖြစ်သော်လည်း ယခင်နှင့် ယှဉ်လျှင် တစ်စုံတစ်ခု လိုအပ်နေသလို ခံစားလာရသည်။ ဤသည်မှာ စွမ်းအားကြီးခြင်းအတွက် ပေးဆပ်ရသည့် တန်ကြေး ဖြစ်ကောင်းဖြစ်နိုင်သည်။
ကုအန်သည် အကြည့်လွှဲလိုက်ပြီး နှင်းများ ဖုံးလွှမ်းနေသော ဆေးတောင်ကြား ရှုခင်းကို ဆက်လက် ကြည့်ရှုလိုက်သည်။ နှစ်တိုင်း နှင်းကျသော်လည်း သေချာ ဂရုတစိုက် ကြည့်ရှုပါက ၊ နှင်းကျသော ရှုခင်းများသည် နှစ်တိုင်း မတူညီကြောင်း တွေ့ရှိရပေမည်။ သက်ရှိသတ္တဝါ အားလုံးကို ရစ်ပတ်ထားသည့် ရှုပ်ထွေးသော အကြောင်းအကျိုး တရားကဲ့သို့ အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။
ကုအန်သည် မကြာသေးမီက သူ၏ ကိုယ်ပိုင် သဘာဝလွန်စွမ်းအား၊ အကြောင်းအကျိုး စွမ်းအား တစ်ခုကို ဖန်တီးချင်နေခဲ့သည်။
ရန်သူများကို သတ်ဖြတ်နိုင်ပြီး မိမိကိုယ်ကို အချိန်နှင့် ဟင်းလင်းပြင်မှ သီးခြားခွဲထုတ်ထားနိုင်ကာ အခြားသူများအနေဖြင့် မိမိ၏ လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်း၍ မရနိုင်အောင် ပြုလုပ်ခြင်း ဖြစ်သည်။
ဆောင်းရာသီ နှင်းများကဲ့သို့ပင် နောက်ဆုံးတွင် အရည်ပျော်သွားပြီး ခြေရာလက်ရာ မကျန်ခဲ့အောင် ဖြစ်သည်။ အန်ရှင်း၊ လုံချင်းနှင့် အခြားသူများကို နှုတ်ဆက်ပြီးနောက် ယုယင်းယင်းသည် ထိုနေ့တွင်ပင် ထွက်ခွာသွားခဲ့သည်။ သူမ ထွက်ခွာသွားခြင်းသည် တပည့်အချို့ကြား ဆွေးနွေးစရာ ဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် တတိယဆေးတောင်ကြား ၌ မည်သည့် လှုပ်ရှားမှုမျှ မဖြစ်ပေါ်စေခဲ့ပေ။
ယနေ့တွင် တတိယဆေးတောင်ကြား၌ တပည့်ပေါင်း ခုနစ်ထောင် ရှိပြီး စစ်တုရင် ကစားသူများနှင့် ပန်းချီဆရာများစွာလည်း ရှိနေသဖြင့် ကျင့်ကြံမှု ကမ္ဘာငယ်လေး တစ်ခုနှင့် တူနေသည်။
လူတိုင်း ဝင်ထွက်သွားလာနေကြပြီး ဤ ကျင့်ကြံမှု ကမ္ဘာငယ်လေးတွင် ယုယင်းယင်းသည် ထင်ရှားပေါ်လွင်နိုင်ခြင်း မရှိခဲ့ပေ။ တစ်နည်းအားဖြင့် သူမ၏ထွက်ခွာမှုသည် မကြာမီအတွင်း သူမကို မေ့လျော့သွားကြလိမ့်မည်ဟုပင်။
ဆောင်းရာသီ နှင်းများသည် ပိုမို သည်းထန်စွာ ကျဆင်းလာပြီး ကျယ်ပြောလှသော မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားမတတ် ဖြစ်နေသည်။
ဆောင်းရာသီ နှင်းများ ကုန်ဆုံးသွားသည်နှင့်အမျှ နှစ်သစ်ကူးသို့ ရောက်ရှိလာခဲ့ချေပြီ။ ထိုနှစ်တွင် ကုအန်သည် နွေဦးပွဲတော်အတွက် တောင်ကြားမှ စောစောထွက်ခွာခဲ့သည်။ သူသည် ထျန်းယောင်အာ နှင့် အခြား မိန်းကလေး နှစ်ဦးတို့နှင့်အတူ ပွဲတော်ဆင်နွှဲရန်အတွက် သီးသန့်ကမ္ဘာငယ်လေး သို့ သွားရောက်ခဲ့သည်။
ယခင်က သူသည် သူမတို့ကို မေ့လျော့ထားခြင်း မဟုတ်သော်လည်း နွေဦးပွဲတော် ပြီးမှသာ သူတို့နှင့် အားလပ်ရက် ကုန်ဆုံးလေ့ရှိသည်။ ကုအန်သည် သစ်ပင်အောက်တွင် ထိုင်ကာ ဝိုင်သောက်နေပြီး ထျန်းယောင်အာ သည် သူ့ဘေးတွင် အသီးခွံ နွှာပေးနေခဲ့သည်။ ကောင်းကင်ပြာကြီးကို ကြည့်ရင်း သူတို့သည် အတူတကွ ရယ်မောနေကြ၏။
နေ့ခင်းဘက် ဖျော်ဖြေပွဲတွင် သူမတို့သည် စွန်းဝူခုန်းနှင့် အာလန်ရှန် တို့၏ တိုက်ပွဲကို သရုပ်ဆောင်ခဲ့ကြပြီး စကားပြောခန်းများလည်း ပါဝင်သည်။သူမတို့၏ ဖျော်ဖြေမှုကို ကြည့်ရင်း သူမတို့သည် သိပ်ပြောင်းလဲသွားခြင်းမရှိကြောင်း ကုအန်တစ်ယောက် ခံစားမိသည်။ ပြန်စဉ်းစားကြည့်လျှင်ဖြင့် ၊ အတွေ့အကြုံ ရင့်သန်လာခြင်းသည် ကောင်းသော အရာတော့ မဟုတ်ချေ။
ထျန်းချင်းနှင့် ထျန်းပိုင်တို့၏ ဖျော်ဖြေမှုကြီး ပြီးဆုံးပြီးနောက် ၊ ထျန်းယောင်အာသည် စင်ပေါ်သို့ တက်လာပြီး သူမ၏ သဘာဝလွန် စွမ်းအားများကို ပြသလိုက်သည်။ ကုအန် စကားမပြောလျှင်တောင် မိန်းကလေး သုံးဦးသည် မရပ်မနား စကားပြောဆိုနေကြသဖြင့် ပတ်ဝန်းကျင်၏လေထုသည် သက်ဝင်လှုပ်ရှားနေခဲ့သည်။
ကုအန်၏ စိတ်နှလုံးသည် ပိုမို တည်ငြိမ်အေးချမ်းလာသည်။ သူသည် ထျန်းယောင်အာ ကို ကြည့်ရင်း ပြုံးလိုက်ပြီး သူ၏ ကိုယ်ပိုင် အကြောင်းအကျိုး လမ်းစဉ်အကြောင်းကို စဉ်းစားနေမိသည်။
အကြောင်းအကျိုး သဘောတရား ဆိုသည်မှာ ကျင့်ကြံသူ အားလုံး ကြုံတွေ့ရမည့် အရာဖြစ်သည်။ ၎င်းသည် အရိုးရှင်းဆုံး ဖြစ်သော်လည်း အခက်ခဲဆုံးလည်း ဖြစ်၏။ ထို့ကြောင့် ကျင့်ကြံသူ အများအပြားသည် ကျင့်ကြံမှု အဆင့် မြင့်မားလာသည်နှင့်အမျှ အခြားသော ကြီးမြတ်သည့် သဘောတရားများကို လေ့လာလိုက်စားကြခြင်းဖြစ်သည်။
ကုအန်နှင့် သူ့နောက်လိုက်များသည် အကြောင်းအကျိုး လမ်းစဉ်ကို လိုက်နာကြသော်လည်း ကုအန်၏ လမ်းစဉ်သည် သူ့နောက်လိုက်များနှင့် မည်သို့ ကွာခြားသနည်း။
ဘဝအချိန်စက်ဝန်းများစွာ ဖြတ်သန်းခဲ့ပြီးနောက် ကုအန်သည် အကြောင်းအကျိုး သဘောတရားများကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။ သူ လိုအပ်နေသည်မှာ ဖန်တီးနိုင်စွမ်းပင် ဖြစ်သည်။ သူ၏ တာအိုသစ်သီးသည် သူ့ကိုယ်ပိုင် တာအိုကို မွေးဖွားပေးခဲ့ပြီး 'မယိမ်းယိုင်သော ကတိသစ္စာ' ကဲ့သို့သော သူတစ်ဦးတည်းသာ ပိုင်ဆိုင်သည့် ကြီးမြတ်သော သဘာဝလွန် စွမ်းအားများကိုလည်း ဖန်တီးပေးခဲ့သည်။
မယိမ်းယိုင်သော ကတိသစ္စာ သည် ကံကြမ္မာကို ဆုံးဖြတ်ရန် စကားလုံးများကို အသုံးပြုပြီး အကြောင်းအကျိုး သဘောတရားကို အသုံးချ၏။ ကုအန်သည် စားပွဲပေါ်ရှိ ကံကြမ္မာဆုံးဖြတ်ကလောင်တံကို ကြည့်လိုက်သည်။
သူ့တွင် ကလောင်တံ ရှိပြီး အကြောင်းအကျိုး စကားလုံးများကို ပြောဆိုနိုင်သည်။ စာအုပ်တစ်အုပ် လိုအပ်နေခြင်း ဖြစ်နေမလော။
ဤဘဝတွင် စာရေးခြင်းနှင့် သူသည် ခွဲခြားမရအောင် ဆက်နွယ်နေခဲ့သည်။ သူသည် စာအုပ်များစွာ ရေးသားခဲ့ပြီး အချို့မှာ တရုတ် ဂန္တဝင်စာအုပ်များမှ မှီငြမ်းထားခြင်း ဖြစ်ကာ အချို့မှာ သူ့ကိုယ်ပိုင် ဖန်တီးမှုများ ဖြစ်သည်။ အကယ်၍ သူသည် သူ့ကိုယ်ပိုင် အကြောင်းအကျိုး ဒဿနကို စာအုပ်တစ်အုပ် အဖြစ် ရေးသားမည် ဆိုပါက ဖြစ်နိုင်မည်လော။
ကုအန်သည် ရုတ်တရက် 'အနောက်သို့ ခရီးသွားခြင်း' ထဲမှ ကံကြမ္မာစီရင်စာအုပ် ကို သတိရသွားသည်။ ထိုစာအုပ်တွင် ကလောင်တံ တစ်ချက် ရေးသားလိုက်ရုံဖြင့် လူတစ်ယောက်၏ အသက်ရှင်ခြင်း နှင့်သေဆုံးခြင်းကို ဆုံးဖြတ်နိုင်လေသည်။ သူ့အတွေးများ စီးဆင်းလာပြီး တဖြည်းဖြည်း တရားမှတ်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။
ခဏအကြာတွင် ရယ်မော ပြောဆိုနေကြသော ထျန်းယောင်အာ၊ ထျန်းချင်းနှင့် ထျန်းပိုင်တို့သည် ရုတ်တရက် ကုအန်၏ တာအိုအသိစိတ်ကို အာရုံခံမိသဖြင့် သူမတို့သည် ကုအန်ကို လှည့်ကြည့်လိုက်ရာ အံ့ဩတုန်လှုပ်သွားကြသည်။
ကုအန်ကို မနှောင့်ယှက်ရဲသဖြင့် သူမတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကုအန်၏ တာအိုအသိစိတ်ကို အာရုံခံရန် ကြိုးစားရင်း တရားထိုင်လိုက်ကြသည်။သီးသန့်ကမ္ဘာငယ်လေးသည် တစ်ဖန် တိတ်ဆိတ်သွားခဲ့သည်။
တလက်လက် တောက်ပနေသော ကြယ်ရောင်စုံ ကောင်းကင်အောက်တွင် လူသူကင်းမဲ့သော မြေပြင်ပေါ်၌ ယိမ်းထိုးနေသော အရိပ်မည်းတစ်ခုသည် ရှေ့သို့ ရွေ့လျားနေသည်။ ဦးဆောင်လာသူ နှစ်ဦးမှာ နတ်ဘုရားနယ်မြေ အရှင်သခင် နှင့် ကျန်းပုခု တို့ ဖြစ်ကြသည်။
ကျန်းပုခု သည် စုတ်ပြဲနေသော အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သန်မာသော ကြွက်သားများကို ဖော်ပြထားသဖြင့် အတော်လေး မျက်စိကျစရာ ဖြစ်နေသည်။ သူ့ဆံပင်နက်များသည် ပခုံးပေါ်တွင် ပေါ့ပါးစွာ ကျဆင်းနေပြီး ခါးအထိ ရောက်ရှိနေသည်။
သူ၏ မျက်လုံးများက တောက်ပနေပြီး မေးမြန်းလိုက်သည်။
"ဆရာသခင်... ကျွန်တော်တို့ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ နဲ့ ဘယ်လောက်ဝေးပြီလဲ"
နတ်ဘုရားနယ်မြေအရှင်သခင်က ပြန်ဖြေလိုက်သည်။
"အတော်လေး ဝေးကွာနေပြီ.. ငါ ဆန်းကြယ်မြို့တော် ရဲ့ စွမ်းအားကိုတောင် အာရုံမခံနိုင်တော့ဘူး...ဒီနေရာကို ရောက်လာတာ ငါတို့ ကံကောင်းတာပဲ..အတိတ်ကို လက်လွှတ်လိုက်သင့်ပြီလို့ ငါ ထင်တယ်"
မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ မှ ထွက်ခွာလာပြီးနောက် သူတို့သည် မဟာကမ္ဘာ အနှံ့ အဆက်မပြတ် ခရီးသွားခဲ့ကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က အချိန်နှင့် ဟင်းလင်းပြင် စည်းမျဉ်းများဖြင့် ပြည့်နှက်နေသော မြစ်တစ်စင်းက သူတို့ကို အမှောင်ထုထဲသို့ ဆွဲသွင်းသွားခဲ့ပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ နှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့သည်။
ထိုစကားကို ကြားသောအခါ ကျန်းပုခု ၏ မျက်ခုံးများ ဝမ်းနည်းမှုကြောင့် တွန့်ချိုးသွားသည်။သူ၏ ဆရာဦးလေးကိုလည်း လွမ်းဆွတ်မိပြီး လီယ ကိုလည်း တောင့်တနေမိပြန်သည်။
သို့သော် သူသည် ယခင်ကကဲ့သို့ အားနည်းသော လူသား မဟုတ်တော့ပေ။ သူသည် ရောက်လေရာ အရပ်တိုင်းတွင် ပိုမို သန်မာလာအောင် ကြိုးစားပေမည်။
ကောင်းကင်ယံတွင် ဖြတ်သန်းသွားလာနေသော ကြယ်စင်များကို ရုတ်တရက် မြင်လိုက်ရ၏။ဤစကြဝဠာ တစ်ခုလုံးကို လွှမ်းခြုံထားသည်မှာ ခမ်းနားထည်ဝါလွန်းလှသည်။
ထို့နောက် သူသည် အသက်ရှူမှားလောက်စရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ မရေမတွက်နိုင်သော ကြယ်ကြွေမှုများ၏ နောက်ကွယ်တွင် ကြီးမားသော မြင်းကြီးတစ်ကောင် ရှိနေပြီး ၎င်း၏ ခန္ဓာကိုယ်သည် တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေကာ မင်္ဂလာရှိသော တိမ်တိုက်များပေါ်တွင် နင်းလျှောက်လျက် သူတို့ ရှိနေသော မြေပြင်သို့ ဖြတ်ကျော်သွားသည်။
ဤကြီးမားသော မြင်းကြီးအောက်တွင် ကျင့်ကြံမှု အဆင့် မည်မျှပင် မြင့်မားစေကာမူ အလွန် သေးငယ်သည်ဟု ခံစားရမည် ဖြစ်ပြီး မှောင်မိုက်နေသော မြေပြင်သည် ညမှ နေ့သို့ ပြောင်းလဲသွားသကဲ့သို့ လင်းထိန်သွားခဲ့သည်။
သူတို့ နောက်ကွယ်မှ ထူးဆန်းသော တစ္ဆေဘုရင်များနှင့် လက်စားချေလိုသော ဝိညာဉ်များသည်လည်း လန့်သွားကြပြီး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။
"အဲ့ဒါ ဘာကြီးလဲ"
ကျန်းပုခု သည် နတ်ဘုရားနယ်မြေအရှင်သခင် ကို မမေးဘဲ မနေနိုင်တော့ပေ။နတ်ဘုရားနယ်မြေ အရှင်သခင် သည် သက်တမ်းအရှည်ဆုံး နေထိုင်ခဲ့ပြီး သူ့မေးခွန်းများကို အမြဲ ဖြေကြားပေးနိုင်သူ ဖြစ်သည်။
နတ်ဘုရားနယ်မြေ အရှင်သခင် သည် တိမ်တိုက်များကြားတွင် ပြင်းထန်သော အလင်းရောင် ထုတ်လွှတ်နေသည့် ကြီးမားသော မြင်းကြီးကို ရှုပ်ထွေးသော အမူအရာဖြင့် ငေးကြည့်ရင်း ပြောလိုက်သည်။
"အဲ့ဒါက ကောင်းကင်တာအို ရဲ့ မင်္ဂလာရှိတဲ့ သင်္ကေတပဲ... ကောင်းကင်မြင်းလို့ ခေါ်တယ်.. သူတို့က အထွတ်အထိပ်ပဲ..ယင် နဲ့ ယန် ကို ကျော်လွန်နိုင်ပြီး ကောင်းကင်ဘုံ အားလုံးနဲ့ မရေမတွက်နိုင်တဲ့ နယ်မြေတွေကို ဖြတ်ကျော်နိုင်တယ်.. ကောင်းကင်မြင်းကို မြင်တွေ့နိုင်တဲ့ ဘယ် သက်ရှိမဆို ကံကောင်းခြင်းနဲ့ ကောင်းချီးမင်္ဂလာတွေ ရရှိလိမ့်မယ်လို့ ပြောကြတယ်.. ငါတို့ တော်တော် ကံကောင်းပုံရတယ်"
"ကောင်းကင်မြင်းလား"
ကျန်းပုခုသည် တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် ဗဟုသုတ အတော်အတန် ရှိပြီး ဒဏ္ဍာရီလာ သားရဲများနှင့် ကြမ်းတမ်းသော သားရဲ အများအပြားကို မြင်ဖူးသော်လည်း ကောင်းကင်မြင်း ကဲ့သို့သော မင်္ဂလာရှိသော နိမိတ်ကို တစ်ခါမျှ မမြင်ဖူးပေ။
ကောင်းကင်မြင်း သည် အလွန် ခမ်းနားထည်ဝါပြီး ကောင်းကင်နှင့် မြေကြီးထက်ပင် ပိုမို ကြီးမားပုံရကာ တောင့်တမှုကို ဖြစ်ပေါ်စေသည့် မြင့်မြတ်သော အလင်းရောင်ကို ထုတ်လွှတ်နေခဲ့သည်။ ကမ္ဘာပေါ်တွင် ပြီးပြည့်စုံဆုံး ဖန်တီးမှု တစ်ခုကဲ့သို့ပင်။
ကောင်းကင်မြင်းသည် ကြယ်ကြွေမူများနောက်သို့ လိုက်ပါ ပျောက်ကွယ်သွားပြီး မြေပြင်သည်လည်း အမှောင်ထုထဲသို့ ပြန်လည် ကျရောက်သွားပြီးနောက်တွင်ပင် ကျန်းပုခု ၏ စိတ်ထဲ၌ ထိုခန့်ညားသော ပုံရိပ်က စွဲထင်ကျန်ရစ်နေဆဲပင် ဖြစ်သည်။
ဘယ်လို ဖြစ်တည်မှုမျိုးက ဒီလို မင်္ဂလာရှိတဲ့ နိမိတ်တွေကို ယဉ်ပါးအောင် လုပ်နိုင်မှာလဲ...
ကျန်းပုခုသည် ထိုအတွေး ဝင်လာပြီးနောက် ရှက်ရွံ့မိသွားသည်။
ဒီလို မင်္ဂလာရှိတဲ့ နိမိတ်ကို သူ ဘယ်လိုလုပ် စော်ကားနိုင်မှာလဲ....
သူ ခေါင်းခါယမ်းလိုက်ပြီး ခရီးဆက်လိုက်သည်။ သူတို့ နောက်ကွယ်မှ ထူးဆန်းသော တစ္ဆေများနှင့် လက်စားချေလိုသော ဝိညာဉ်များသည် ကောင်းကင်မြင်း အကြောင်း ဆက်လက် ဆွေးနွေးနေကြပြီး အံ့သြမှင်သက်မှုများနှင့် စွဲလမ်းမှုများကို ထုတ်ဖော်ပြောဆိုနေကြသည်။
နတ်ဘုရားနယ်မြေ အရှင်သခင်သည် ရှေ့ကို ဆက်လျှောက်ရင်း ပြောလိုက်သည်။
"ငါတို့ရှေ့မှာ ထူးခြားတဲ့ အခွင့်အရေး တစ်ခု စောင့်ကြိုနေတာ ဖြစ်နိုင်တယ်၊ ကောင်းကင်မြင်း က အဲ့ဒါရဲ့ နိမိတ်ပဲ"
သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ဤစကြဝဠာသို့ ရောက်ရှိလာကတည်းက သူသည် နယ်ရုပ်ဘဝမှ လွတ်မြောက်ရန် မျှော်လင့်ချက်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
ကျန်းပုခုသည် ထိုမျှလောက် ဝေးဝေး မတွေးဘဲ ပိုမို သန်မာလာရန်သာ ဆန္ဒရှိသည်။
"ငါ့ဦးလေးနဲ့ လီယ သာ ကောင်းကင်မြင်း ကို မြင်နိုင်ရင် ကောင်းမှာပဲ... ဒါပေမဲ့ သူတို့ ကံမပါရှာဘူး"
ကျန်းပုခုသည် ထိုအကြောင်း တွေးတောရင်း ရယ်ချင်မိသွားသည်။
ကြယ်တာရာ ကောင်းကင်ကြီးသည် တောက်ပသော်လည်း မြေပြင်ကို မလင်းလက်စေနိုင်ပေ။ သို့သော် အမှောင်ထုထဲတွင် လျှောက်လှမ်းနေသူများသည် အရုဏ်ဦးဆီသို့ ရှေ့ဆက်နေကြသည်။
တတိယဆေးတောင်ကြား အမ၊ ဆေးတောင်ကြား ဝင်ပေါက်။
ကုအန်သည် လက်ထဲတွင် အနက်ရောင် စာအုပ်တစ်အုပ်ကို ကိုင်လျက် လမ်းလျှောက်လာသည်။ သူသည် စာအုပ်ကို လေထဲသို့ ပစ်မြှောက်လိုက်ပြီး ပြန်ဖမ်းလိုက်ကာ ကစားရင်း ရှေ့ဆက်လျှောက်လာသည်။
"ဆရာသခင်!"
ထိုစဉ် အသံတစ်သံ ထွက်ပေါ်လာပြီး အန်ရှင်း သည် သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။
ကုအန်သည် အခွင့်အရေးယူကာ လေထဲသို့ မြောက်တက်သွားသော အနက်ရောင် စာအုပ်ကို ဖမ်းယူလိုက်ပြီး အဝတ်အထဲသို့ဝက်ထားလိုက်သည်။
ဤသည်မှာ ကံကြမ္မာစီရင်သောစာအုပ်ဖြစ်ပြီး ခြားသူများထိကိုနိုင်သောအရာမဟုတ်ချေ။
အပိုင်း(၅၀၄) ဓားနတ်ဘုရား၏ ဒဏ္ဍာရီ
"ဆရာ... ဆရာ ဘယ်တွေများ ရောက်နေတာလဲ။ ဘာသံမှမပေး ဘာစာမှမထားခဲ့ဘဲနဲ့ ဘယ်လိုလုပ်ပြီး တစ်နှစ်လုံးလုံး ပျောက်သွားရတာလဲ"
အန်ရှင်းက ကုအန်ကို မျက်စောင်းထိုးရင်း ညည်းတွားလိုက်သည်။ သို့သော် သူမ၏ မျက်ဝန်းများထဲတွင်တော့ ဝမ်းသာရိပ်များ အထင်းသား ပေါ်လွင်နေ၏။
ကုအန်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
"တစ်နှစ်ပဲ ရှိပါသေးတယ်။ ငါတို့ဂိုဏ်းထဲမှာ မဟာကျင့်ကြံသူတွေ တံခါးပိတ် ကျင့်ကြံကြရင် ဒါမှမဟုတ် ခရီးထွက်ရင် ဆယ်စုနှစ်တွေ.. ရာစုနှစ်တွေအထိ ကြာတတ်တယ် မဟုတ်လား။ ပြီးတော့ မင်းကိုမင်းလည်း ပြန်ကြည့်ပါဦး... ဆရာ မရှိတာနဲ့ ဆေးတောင်ကြားကို ကောင်းကောင်း မစီမံနိုင်တော့ဘူးလား"
သူသည် သီးခြားကမ္ဘာတစ်ခုထဲတွင် ဝင်ရောက်ကာ တရားထိုင်ရင်း အသိဉာဏ်အလင်း ပွင့်နေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တစ်နှစ်ကြာ တရားထိုင်နေခဲ့မှုက အန်ရှင်းကိုသာမက မြောက်ပင်လယ်တောင်တန်းမှ ရွှမ်မင်သခင်ကြီးကိုပါ စိတ်ပူသွားစေခဲ့၏။
ထျန်းယာတောင်ကြားမှ လူများကတော့ သိပ်ပြီး ထူးထူးခြားခြား ဖြစ်မနေကြပေ။ ပြောရရင် ထိုဆေးတောင်ကြားက လီရွှမ်တောက် ပိုင်ဆိုင်ခြင်း ဖြစ်ပြီး ကုအန်က ကြီးကြပ်ပေးရုံ သက်သက်သာ ဖြစ်သည်။
တတိယဆေးတောင်ကြားနှင့် နက်နဲတောင်ကြားတို့သည်လည်း ဝရုန်းသုန်းကား ဖြစ်မနေခဲ့ကြပေ။ တပည့်အများစုက သူတို့၏ ဆရာသည် တစ်နှစ်လောက် ပျောက်သွားရုံနှင့် ဘာမှမဖြစ်နိုင်ကြောင်း ယုံကြည်ထားကြသည်။ ဒီလောကကြီးထဲမှာ ဘယ်သူကများ သူတို့ဆရာကို ထိခိုက်အောင် လုပ်နိုင်မှာတဲ့လဲ။
အန်ရှင်း ပျာယာခတ်သွားရခြင်းမှာ ကုအန် တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် မဟုတ်ဘဲ ကုအန်က ကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို စွန့်ခွာသွားမည်ကို ကြောက်ရွံ့သောကြောင့်သာ ဖြစ်သည်။
ကောင်းကင်အပြင်ဘက်တွင် ပိုမိုကျယ်ပြောသော ကမ္ဘာကြီး ရှိနေပြီး မဟာကျင့်ကြံသူ အများအပြားသည် သူတို့၏ မဟာတာအိုလမ်းစဉ်ကို ရှာဖွေရန် ထွက်ခွာသွားကြပြီး ပြန်မလာကြတော့ကြောင်း သူမ ကြားဖူးထားသည်။
သူမ၏ ဆရာကဲ့သို့ ကျင့်ကြံခြင်းအဆင့်မျိုး ပိုင်ဆိုင်ထားသူ အတွက် ကောင်းကင်စိတ်ဝိညာဥ်နယ်မြေ ထဲတွင် ဆက်နေခြင်းက စိတ်ကိုလေ့ကျင့် ပေးရုံမှလွဲ၍ အခြား အကျိုးကျေးဇူး မရှိနိုင်တော့ပေ။
ဆရာ့နောက်သို့ လိုက်ပါလာသည်မှာ ကြာပြီဖြစ်၍ အန်းရှင်းသည် လမ်းတွင် စွန့်ပစ်မခံခဲ့ချင်ပေ။
"သမီးက ကြောက်လို့ပါ... ပြီးတော့ ဆရာက ဘာမှလည်း မပြောခဲ့ဘူးလေ"အန်ရှင်းက အနည်းငယ် ဝမ်းနည်းသွားသော လေသံဖြင့် ပြောလိုက်သည်။
ကုအန်သည် သူ့တပည့်မလေးကို သမီးရင်းသဖွယ် သံယောဇဉ် တွယ်မိနေပြီဖြစ်ရာ ဆက်ပြီး စနောက်မနေတော့ဘဲ နှစ်သိမ့်ပေးလိုက်သည်။
"မပူပါနဲ့... တကယ်လို့ ဆရာက ထွက်သွားမယ် ဆိုရင်တောင် မင်းကို ပြောပြမှာပါ။ ပြီးတော့ မင်း လိုက်ချင်တယ် ဆိုရင်လည်း ခေါ်သွားမှာပေါ့"
ထိုစကားကို ကြားလိုက်ရသည့် အခါတွင်တော့ အန်ရှင်း၏ မျက်နှာလေးမှာ ဝင်းပသွားတော့သည်။
သူမက ကုအန်၏ လက်မောင်းကို ဖက်တွယ်ပြီး တောင်ကြားထဲသို့ အတင်းဆွဲခေါ်သွားရင်း တစ်နှစ်တာ ကာလအတွင်း တတိယ ဆေးတောင်ကြားတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြောပြနေတော့သည်။
ဆေးတောင်ကြားထဲတွင် လူအများအပြား ရှိနေသည့်အတွက် ပဋိပက္ခများနှင့် ရယ်စရာ ဖြစ်ရပ်လေးများက နေ့စဉ်လိုလို ဖြစ်ပျက်နေတတ်သည်။ အန်းရှင်း ပြောပြနေသည့် အကြောင်းအရာများက သိပ်ပြီး ထူးခြားလှသည်တော့ မဟုတ်ပေ။ သို့သော် ကုအန်းက သေချာ အာရုံစိုက်ပြီး နားထောင်ပေးနေခဲ့သည်။
နားထောင်ပြီးသည့်နောက် ကုအန်း စိတ်ဝင်စားမိသည့် တစ်ခုတည်းသော အရာမှာ ရွှမ်ထျန်း ပြန်ရောက်လာပြီး သူကြိုက်သည့် စာအုပ်အများအပြားကို သယ်လာခဲ့သည် ဆိုခြင်းကိုပင်။ ထိုအကြောင်းကို ပြောပြနေရင်း အန်ရှင်းက ကုအန်ကို စေ့စေ့စပ်စပ် အကဲခတ် ကြည့်ရှုနေသည်။
ကုအန်သာ သူမ၏ စိတ်အကြံအစည်များကို မကြားနိုင်လျှင် သူမက ဝိညာဉ်အာရုံကို အသုံးပြုပြီး ချောင်းကြည့်နေသည်ဟု သံသယဝင်မိပေလိမ့်မည်။
လမ်းတစ်လျှောက်တွင် ကုအန်ကို မြင်လိုက်ရသည့် ကျင့်ကြံသူများနှင့် တပည့်များ အားလုံးက စိတ်လှုပ်ရှားစွာဖြင့် နှုတ်ဆက်ကြပြီး ဂါရဝပြုကြသည်။ ကုအန် သူ့အဆောင်သို့ ပြန်ရောက်သည့် အချိန်အထိ တောင်ကြားတစ်ခုလုံး ပွက်လောရိုက်သွားခဲ့ရ၏။
သူသည် စားပွဲတွင် ဝင်ထိုင်လိုက်ပြီး အနက်ရောင် မျက်နှာဖုံးတပ်ထားသည့် စာအုပ်ကို ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်သည်။ မျက်နှာဖုံးပေါ်တွင် အနက်ရောင် ကြေးခွံပုံစံများ ရှိနေပြီး ထိတွေ့ကိုင်တွယ်လိုက်သည့်အခါ ထူးဆန်းနက်နဲကာ ကြည့်ရသည်မှာ အနည်းငယ် ခြောက်ခြားဖွယ် ကောင်းနေသည်။
၎င်းက အကြောင်းအကျိုးကို ကိုင်တွယ်နိုင်သည့် ရတနာတစ်ခု ဖြစ်သောကြောင့် ကုအန်က တမင်တကာပင် ကြီးကျယ်ခမ်းနားသည့် ပုံစံမျိုး ဖန်တီးထားခြင်း ဖြစ်သည်။
ကံကြမ္မာဆုံးဖြတ်ကလောင်တံ နှင့် မတူညီသည့် အချက်မှာ ဤရတနာကို လွတ်ငြိမ်းရာဝိညာဉ်အမတ၏ တာအိုဆန္ဒဖြင့် ပုံဖော်ထားခြင်း ဖြစ်သည်။ ၎င်း၏ အဆင့်က ပိုမြင့်မားသလို အခုမှ ပုံဖော်ထားခြင်း ဖြစ်သည့်အတွက် ဆက်လက်ပြီး ကြီးထွားနိုင်စွမ်းလည်း ရှိသေးသည်။ ကုအန်အနေဖြင့် အကြောင်းအကျိုး တာအိုလမ်းစဉ်ကို အသုံးပြုပြီး ၎င်းကို အဆက်မပြတ် ပြုစုပျိုးထောင်ပေးရန် လိုအပ်သည်။
ယခု ကုအန် လုပ်ရမည်မှာ ၎င်းအတွက် နာမည်တစ်ခု ရေးထိုးပေးရန် ဖြစ်သည်။
"ဘယ်လို နာမည်မျိုး ပေးရင် ကောင်းမလဲ"
ကုအန် က ညာဘက်လက်ကို စားပွဲပေါ်တင်ကာ လက်ချောင်းများဖြင့် ခပ်ဖွဖွ ခေါက်ရင်း နက်နဲစွာ စဉ်းစားနေလိုက်သည်။ အပြင်ဘက်မှ နေရောင်ခြည်များ တဖြည်းဖြည်း နီရဲလာသည့် အချိန်ရောက်မှသာ သူ အကြံတစ်ခု ရသွားတော့သည်။ သူသည် ကံကြမ္မာ ကလောင်တံကို ကောက်ကိုင်လိုက်ပြီး အနက်ရောင် စာအုပ်ပေါ်တွင် စတင် ရေးသားလိုက်၏။
အနန္တ...ဓား...ကျမ်း...
နောက်ဆုံး စုတ်ချက်ကို ရေးဆွဲပြီးသွားသည့် အခါတွင်တော့ စာလုံးသုံးလုံးသည် ရွှေရောင်အလင်းများ ဖြာထွက်လာပြီး စာအုပ်မျက်နှာဖုံးထက်သို့ မီးမြှိုက်သကဲ့သို့ စွဲထင်သွားကာ ရွှေရောင် စာလုံးကြီးများ ဖြစ်ပေါ်လာတော့သည်။
အနန္တဓားကျမ်း!
ကုအန် က သူ၏ ရှေးဦးဖရိုဖရဲခန္ဓာကိုယ်နှင့် အကန့်အသတ်မဲ့စွမ်းအားများကို တွေးတောမိပြီး ဤစာအုပ်ကို အကန့်အသတ်မဲ့သော အလားအလာများ၊ အရာအားလုံးကို လုပ်ဆောင်နိုင်စွမ်းများနှင့် ပြည့်စုံစေရန် ရည်ရွယ်ထားသည်။ 'ဓား' ဆိုသည့် စကားလုံးကို ထည့်သွင်းရခြင်းမှာ သူ၏ ဓားတာအိုလမ်းစဉ်ကို မစွန့်လွှတ်ချင်သောကြောင့် ဖြစ်သည်။ သူသည် ဓားတာအိုနှင့် အကြောင်းအကျိုး စွမ်းအားတို့ကို ပေါင်းစပ်ပြီး စကြာဝဠာများကိုပါ ပိုင်းဖြတ်နိုင်မည့် အကြောင်းအကျိုး ဓားတာအို တစ်ခုကို ဖန်တီးချင်သည်။
အနန္တဓားကျမ်းသည် တုန်ခါသွားပြီးနောက် လေထဲသို့ မြောက်တက်သွားကာ ကောင်းကင်နှင့် မြေကြီးကြားမှ အကြောင်းအကျိုး စွမ်းအားများကို စုပ်ယူလိုက်သည်။ ချက်ချင်းဆိုသလိုပင် ထိုက်ချန်တိုက်ကြီး တစ်ခုလုံးမှ အကြောင်းအကျိုး တရားများ အားလုံးက စာအုပ်ထဲတွင် လင်းလက်သွားကြသည်။
၎င်း၏ သက်ရောက်မှု အတိုင်းအတာသည် ပိုမို ဝေးကွာကျယ်ပြန့်လာပြီး ကောင်းကင်ဝိညာဉ် ကမ္ဘာကြီး တစ်ခုလုံးကိုပါ ရောင်ပြန်ဟပ်သွားစေသည်။
လွတ်ငြိမ်းရာအမတအဆင့်သို့ ရောက်ရှိထားသည့် ဖြစ်တည်မှုတိုင်း ရုတ်တရက် ရင်တုန်သွားကြသည်။ သို့သော် သူတို့ မျက်လုံးဖွင့်ကြည့်လိုက်သည့် အခါတွင်တော့ ဘာထူးခြားမှုကိုမှ မတွေ့ရသလို မည်သည့် အကြောင်းအကျိုးတရားကိုမှလည်း အာရုံခံမရပေ။
တိမ်များ မြူများ ဖုံးလွှမ်းနေသည့် ခန်းမကြီး တစ်ခုထဲတွင်...
မြင့်မြတ်အရှင်သခင် သည် လှေကားထစ်များပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။ အောက်ဘက်တွင်တော့ အပြာရောင် တလက်လက် တောက်ပနေပြီး မှိန်ဖျော့ဖျော့ ကြယ်ရောင်များ ခိုအောင်းနေသည့် လှပသော ရေကန်တစ်ခု ရှိနေသည်။
မြင့်မြတ်အရှင်သခင်က မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူက လက်ချောင်းများဖြင့် တွက်ချက်ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမှ တွက်ချက်၍ မရချေ။
"ခေတ်ကာလတစ်ခုရဲ့ အဆုံးသတ်... စည်းမျဉ်းတွေ ဆုတ်ခွာသွားပြီး အရာရာက ပိုပြီး အန္တရာယ် များလာပြီပဲ..."
မြင့်မြတ်အရှင်သခင်က လက်ရှိ အခြေအနေကို တွေးမိရုံဖြင့် ကြီးမားသော ဖိအားများကို ခံစားလိုက်ရပြီး ရေရွတ်လိုက်မိသည်။
လတ်တလောတွင် လျှို့ဝှက်ဆန်းကြယ်သော အင်အားစု အများအပြားသည် ကောင်းကင်အပြင်ဘက်တွင် ပေါ်ပေါက်လာပြီး အသံမဲ့ပျက်စီးခြင်းနယ်မြေကို တိုက်ခိုက်နေကြသည်။ ကောင်းကင်ဘုံ အတွင်း၌လည်း မည်သူမည်ဝါမှန်း မသိရသော လွမ်ငြိမ်းရာအမတများ အများအပြား ရှိနေပြီး ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ တစ်ခုလုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည့် တာအိုစောင့်ရှောက်ဓားသခင် ဆိုသူလည်း ရှိနေသေးသည်။
မြင့်မြတ်ခုံရုံး၏ မြင့်မြတ်အရှင်သခင် တစ်ဦး အနေဖြင့် အခြေအနေကို မထိန်းချုပ်နိုင်သည့် ဤခံစားချက်မျိုးကို သူ အလွန် မုန်းတီးသည်။ ၎င်းက သူ့ကို စွမ်းအားမဲ့သလို ခံစားရစေပြီး မျှော်လင့်ချက် မမြင်ရအောင် ဖြစ်စေ၏။
ဟိုးယခင် ကျော်လွန်ခဲ့သော အချိန်ကာလများဆီက ကမ္ဘာကြီးကို လွှမ်းမိုးခဲ့သူများ ပျောက်ကွယ်သွားခဲ့သလိုမျိုး မြင့်မြတ်ခုံရုံး၏ ကံတရားကလည်း ကုန်ဆုံးတော့မည်လော။
မြင့်မြတိအရှင်သခင်သည် စိတ်ရှုပ်ထွေးမှုများထဲတွင် နစ်မြုပ်နေခဲ့သည်။ မှုန်ဝါးဝါး အမြင်များကြားတွင် ခန်းမကြီး၏ အဝေးတစ်နေရာမှ လူရိပ်တစ်ခု လျှောက်လှမ်းလာသည်ကို သူ မြင်လိုက်ရသည်။
"အရှင်မင်းကြီး..."
မြင့်မြတ်အရှင်သခင်သည် အိပ်မက်မက်နေသကဲ့သို့ တစ်ကိုယ်တည်း ရေရွတ်လိုက်မိလေသည်။
လောကကြီးထဲမှ လွတ်ငြိမ်းရာအမတများ ထိတ်လန့်တုန်လှုပ်နေကြချိန်တွင် သာမန်ပြည်သူများကတော့ ထူးခြားမှုကို သတိမထားမိကြပေ။ မြင့်မြတ်ခုံရုံးနှင့် အမတမင်းဆက်တို့သည် ယခင်အတိုင်း တိုက်ခိုက်နေကြဆဲ ဖြစ်သော်လည်း လွန်ခဲ့သော နှစ်ရာပေါင်းများစွာနှင့် ယှဉ်လျှင် သာမန်လူသားများ ထိခိုက်မှု နည်းပါးလာပြီ ဖြစ်သောကြောင့် လောကကြီးထဲတွင် ငြိမ်းချမ်းသော နေရာအများအပြား ရှိနေဆဲဖြစ်သည်။
နောက်တစ်နေ့ မိုးသောက်ယံ၌။
ကုအန်သည် လှေကားထစ်များမှ ဆင်းလာပြီး တပည့်များနှင့်အတူ လေ့ကျင့်ရေး ကွင်းပြင်သို့ ဝင်ရောက်လာသည်။ သူ မရှိသည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်ရာ နောက်ရက် အနည်းငယ်အတွင်း ဆေးဖက်ဝင် အပင်များ ရိတ်သိမ်းရန် အလုပ်ရှုပ်တော့မည် ဖြစ်သည်။
နာရီဝက်ခန့် အကြာတွင် ကုအန်သည် သွေးကျဥ်းထောင်သူတော်စင်ကို စီးနင်းလျက် ထျန်းယာတောင်ကြားသို့ သွားရန် ပြင်ဆင်လိုက်သည်။ သူတို့ အဓိပတိဂိုဏ်းမှ ထွက်ခွာလာခါစမှာပင် လူရိပ်တစ်ခု သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုသူမှာ ကျွယ်လော့ဓားသခင်ပင် ဖြစ်သည်။
ကျွယ်လော့ဓားသခင်က ကုအန်ကို ကြည့်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။
"စီနီယာ... ကျွန်တော် ပြောစရာ ရှိလို့ပါ။ မနေ့က ထူးခြားတာ တစ်ခုခုများ ခံစားမိလိုက်သေးလား"
ကုအန်က မသိချင်ယောင်ဆောင်ကာ ပြန်မေးလိုက်သည်။
"မသိပါဘူး... ဘာအကြောင်း ပြောချင်လို့လဲ"
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အသံမဲ့ပျက်စီးခြင်းနယ်မြေထဲမှာ ဓားစွမ်းအင် တစ်ခု ခဏတာ ပေါ်လာခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ ကျွန်တော်လည်း အံ့သြရုံပဲ ရှိခဲ့တာပါ။ ဒါပေမဲ့ ဒီနှစ်တွေ အတွင်းမှာ ကျွန်တော်နဲ့ ဂိုဏ်းတူတွေ အဲဒီ ဓားစွမ်းအင်အကြောင်း ဆွေးနွေးရင်းနဲ့ အတော်လေး ကြောက်စရာကောင်းတဲ့ အချက်ကို သိလိုက်ရတယ်"
ကျွယ်လော့ဓားသခင်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
ဓားစွမ်းအင်ကနေတဆင့် ဆက်သွယ်တာလား။
ခြေရာခံမခံရအောင်လို့များလား။
မဟာဟုန်ဓားကောင်းကင်မှာ လျှို့ဝှက်ချက် တစ်ခုခု ရှိနေတာပဲ။
ကုအန်က တွေးတောရင်း ထပ်မေးလိုက်သည်။ "အတိအကျက ဘာလဲ"
နွားအသွင် ပြောင်းထားသည့် သွေးကျဥ်းထောင်သူတော်စင် သည်လည်း စပ်စုချင်သည့် မျက်နှာထား ဖြစ်ပေါ်လာသည်။ ကျွယ်လော့ဓားသခင်၏ ကျင့်ကြံခြင်း အဆင့်က နက်နဲမှန်း သိထားသည့်အတွက် သူ ဘယ်တော့မှ သွားပြီး ပြဿနာမရှာရဲပေ။
ကျွယ်လော့ ဓားသခင်က ခဏလောက် တွေဝေနေပြီးမှ ပြောလိုက်သည်။
"ဒီကိစ္စက မဟာဟုန်ဓားကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေနဲ့ သက်ဆိုင်နေပါတယ်။ မဟာဟုန်ဓားကောင်းကင်ကို ဖန်တီးခဲ့တဲ့ မူလဘိုးဘေးကို မဟာဟုန်နယ်ပယ်မှာတော့ ဓားနတ်ဘုရားလို့ ခေါ်ဝေါ်ကြပါတယ်။ သူက မြင့်မြတ်ဓားဘိုးဘေးရဲ့ တစ်ဦးတည်းသော တပည့်ရင်း ဖြစ်သလို ဓားတာအိုသူတော်စင်ဘိုးဘေးကို အနိုင်ယူဖူးတဲ့ တစ်ဦးတည်းသော သူလည်း ဖြစ်ပါတယ်။ ဓားတာအိုသူတော်စင်ဘိုးဘေး ကျဆုံးသွားပြီးတဲ့ နောက်မှာ သူ့ရဲ့ စိတ်နေသဘောထားက လုံးဝ ပြောင်းလဲသွားခဲ့တယ်။
ဓားတာအိုကို မြှင့်တင်ဖို့အတွက် သူက အစွန်းရောက် နည်းလမ်းတွေကို သုံးလာပြီး ဓားဆန္ဒတွေနဲ့ ဓားတာအိုတွေကို အရူးအမူး ဝါးမြိုပါတော့တယ်။ သူက လျင်မြန်စွာပဲ စွမ်းအားကြီးလာပြီး တစ်ချိန်တုန်းကဆိုရင် စကြာဝဠာ တစ်ခုလုံးရဲ့ ရန်သူတော်ကြီး ဖြစ်လာခဲ့ကာ မဟာကမ္ဘာကြီး အများအပြား ပူးပေါင်း တိုက်ခိုက်တာကိုတောင် ခံခဲ့ရဖူးပါတယ်"
"သူပျောက်ဆုံးသွားတာ နှစ်တွေအများကြီး ကြာခဲ့ပြီဖြစ်လို့ အသက်ရှင်နေလား သေဆုံးသွားလား ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဖြတ်ခနဲ ပေါ်လာခဲ့တဲ့ ဓားစွမ်းအင်က အရမ်းကို ရှုပ်ထွေးလွန်းလှပါတယ်။ အဲဒါက ကျွန်တော့်ကို စိတ်ရှုပ်ထွေးပြီး ကြောက်ရွံ့ တုန်လှုပ်စေခဲ့တယ်။ သူ့ရဲ့ ဓားစွမ်းအင်ကပဲ အဲဒီလို ဖြစ်စေနိုင်တာပါ။ မနေ့ကလည်း ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ဂိုဏ်းတူ လွတ်ငြိမ်းရာအမတတွေ အားလုံး ရင်ထဲမှာ တုန်လှုပ်သွားတာကို ခံစားလိုက်ရတယ်။ ဓားနတ်ဘုရား လောကကြီးထဲကို ပြန်ရောက်လာပြီလို့ ကျွန်တော်တို့ သံသယ ဖြစ်နေကြတယ်"
"သူက စီနီယာ့ကို ပစ်မှတ်ထားနေတာလည်း ဖြစ်နိုင်တယ်"
ပြောပြီးသည်နှင့် ကျွယ်လော့ဓားသခင်က ကုအန်ကို တင်းမာသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
ဒီကောင်က မိုးမကြောက် မြေမကြောက် ကောင်မျိုးပဲ။ စစ်ခုံရုံး ကိုတောင် ဂရုမစိုက်တတ်တဲ့ သူက တစ်စုံတစ်ယောက်ကို အခုလို သတိထားနေတာမျိုး ကုအန် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ကုအန်က မေးလိုက်သည်။ "အသံမဲ့ပျက်စီးခြင်း နယ်မြေက နတ်ဘုရားဧကရာဇ်နဲ့ ယှဉ်ရင် မင်းတို့ မဟာဟုန် ဓားကောင်းကင်က ဓားနတ်ဘုရားက ဘယ်လောက် စွမ်းထက်လဲ"
ကျွယ်လော့ဓားသခင် ပြောသော ဓားစွမ်းအင်ကို ကုအန်လည်း ခံစားမိလိုက်သည်။ ၎င်းက အလွန် ကြမ်းတမ်းပြီး လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ကာ ဓားတာအို မြစ်ထဲသို့ ဝင်ရောက်သွားပုံရသည်။
ဓားတာအိုမြစ် ဆိုသည်မှာ စည်းမျဉ်းများ၏ ပုံရိပ်ယောင် ဖြစ်ပြီး စကြာဝဠာနှင့် သီးခြား လွတ်လပ်သော အခြား ပြင်ညီတစ်ခုတွင် တည်ရှိသည်။
ထိုဓားစွမ်းအင်၏ ပိုင်ရှင်က ဓားနတ်ဘုရား ယန်ဖင်းအန် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကျွယ်လော့ ဓားသခင် ပြောတာသာ မှန်မယ်ဆိုရင် ဒါက တကယ် ဖြစ်နိုင်ချေ ရှိပါသည်။ ဘာကြောင့်လဲဆိုတော့ ကုအန် ကိုယ်တိုင်လည်း ထိုဓားစွမ်းအင်က အလွန် ရှုပ်ထွေးပြီး နတ်ဆိုးစိုးမိုးခြင်းအရိပ်အငွေ့များ ပါဝင်နေသည်ကို အာရုံခံမိလိုက်သောကြောင့် ဖြစ်သည်။
ကျွယ်လော့ ဓားသခင်က ခေါင်းခါရင်း ပြောလိုက်သည်။
"အဲဒီလို နှိုင်းယှဉ်မှုမျိုးကို ကျွန်တော် ဘယ်လိုလုပ် သိနိုင်မှာလဲ။ ကျွန်တော့် အဆင့်နဲ့ မမီပါဘူး"
ကုအန်က ရယ်မောလိုက်ပြီး "ကောင်းပြီ... ငါ သိပြီ။ မင်း ဖယ်ပေးတော့"
ထိုစကားကို ကြားလျှင် ကျွယ်လော့ဓားသခင်က အလျင်အမြန်ပင် လမ်းဖယ်ပေးလိုက်သည်။ သွေးကျဥ်းထောင်မဟာသူတော်စင်က ခွာသံ တခွပ်ခွပ်ဖြင့် ရှေ့သို့ ဆက်လျှောက်သွားတော့သည်။
ကျွယ်လော့ဓားသခင်သည် အဝေးသို့ ထွက်ခွာသွားသော ကုအန်၏ ကျောပြင်ကို ငေးကြည့်ရင်း ကုအန်း၏ ဂရုမစိုက်သော အမူအရာကြောင့် ကုအန်သည် ဓားတာအိုသူတော်စင်ဘိုးဘေး ဖြစ်သည်ဟု ပို၍ပင် ယုံကြည်လာတော့သည်။
"ဒဏ္ဍာရီတွေထဲမှာတော့ ဓားနတ်ဘုရားက ဓားတာအိုသူတော်စင်ဘိုးဘေး ကို အနိုင်ယူခဲ့တယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ ဓားသိုင်းအရှင်သခင်က ဘာလို့ ဓားနတ်ဘုရားကို အရေးမစိုက်တာလဲ။ ဇာတ်လမ်းတွေက လုပ်ကြံ ဖန်တီးထားတာများလား"
ကျွယ်လော့ဓားသခင်က တိတ်တဆိတ် တွေးတောနေမိသည်။ ဖြစ်နိုင်ချေ အများကြီး ရှိသည်ဟု သူ ခံစားလိုက်ရသည်။
မည်သို့ပင်ဖြစ်စေ မဟာဟုန် ဓားကောင်းကင်ကို တည်ထောင်ခဲ့သူက ဓားတာအိုသူတော်စင်ဘိုးဘေး မဟုတ်ဘဲ ဓားနတ်ဘုရား ဖြစ်၏။ မဟာဟုန်ဓားကောင်းကင်၏ ဆက်ခံသူ ဓားသခင်များက သူတို့ဂိုဏ်းကို အသန်မာဆုံး ဖြစ်စေချင်ကြသည်မှာ သဘာဝပင် ဖြစ်ရာ သူတို့၏ ဂိုဏ်းတည်ထောင်သူ ဆရာသခင်ကို တမင်တကာ မြှောက်ပင့် ပြောဆိုထားကြခြင်း ဖြစ်နိုင်သည်။
ဓားနတ်ဘုရားနှင့် ဓားတာအိုသူတော်စင်ဘိုးဘေးတို့ နောက်တစ်ကြိမ် တိုက်ခိုက်ကြဦးမည် ဆိုသည့် အတွေးက ကျွယ်လော့ဓားသခင်၏ စိတ်လှုပ်ရှားမှုကို အစားထိုး ဝင်ရောက်လာစေပြီး ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားတော့သည်။