အခန်း (၅၀၅-၅၀၆)
Vol. 39 Ch. 505-506
အခန်း ၅၀၅ နှစ်ပေါင်း ၁၅ ဘီလီယံ သက်တမ်း
ကုအန်သည် နောက်ဘက်မှ ကြွယ်လွော်ဓားသခင်၏ အတွေးများကို ကြားလိုက်ရသောအခါ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
ယန်ဖျင်အန်းနဲ့ အဆုံးအဖြတ် တိုက်ပွဲ ဟုတ်လား။
အကယ်၍ ယန်ဖျင်အန်းသာ ထိုအချိန်က သူဒဏ်ရာရနေသည်ကို အခွင့်ကောင်း မယူခဲ့လျှင် သူ့ကို တိုက်ပွဲတစ်ပွဲ ဘယ်လို အနိုင်ယူနိုင်မှာလဲ။
သူ့ဘဝ တစ်လျှောက်လုံးတွင် ယန်ရှန် သည် ရန်သူက သူ့ထက် အဓိက ကျင့်ကြံမှု နယ်ပယ် နှစ်ခုထက် မမြင့်သရွေ့ တိုက်ပွဲ တစ်ပွဲမျှ ရှုံးနိမ့်ဖူးခြင်း မရှိခဲ့ပေ။
သူတို့ ဝေးဝေး ရောက်သွားပြီးနောက် သွေးအကျဉ်းထောင်သူတော်စင်သည် သူပြောခဲ့သော ဓားနတ်ဘုရား အကြောင်းကို ကျွယ်လော့ဓားသခင် အား မမေးဘဲ မနေနိုင်တော့ပေ။
သူ့သခင်သည် အရာအားလုံးကို သိသော်လည်း လျှို့ဝှက်ချက်များကို ထုတ်မပြောချင်ဘဲ မသိချင်ယောင်ဆောင်နေသည်ဟု သူ ခံစားမိသည်။
သခင်က အမတလမ်းစဥ်၏နယ်ပယ်ကိုးခုအထက်တွင် ရပ်တည်နေသော အမတ တစ်ပါး ဖြစ်သည်မဟုတ်လေ။
"သူတို့က ဓားနတ်ဘုရားလို့ ခေါ်ကြတာပဲ၊ ဒါကြောင့် သူက အစွမ်းထက်မှာ သေချာတယ်။ ဒါပေမဲ့ ငါတို့ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို ကြည့်လိုက်စမ်း၊ ငါတို့ဆီမှာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ ဓားနတ်ဘုရား တစ်ပါးပါး ရှိလို့လား"
ကုအန်သည် သွေးအကျဉ်းထောင်သူတော်စင်၏ ကျောပေါ်တွင် ထိုင်ကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ ထို့နောက် သူသည် အနန္တဓားကျမ်း ကို ထုတ်ယူကာ ဓားတာအို သဘာဝလွန် စွမ်းအားကို စဉ်းစားရန် ပြင်ဆင်လိုက်သည်။
ဓားလမ်းစဉ်သည် စာအုပ်များထဲတွင် ဝှက်ထားပြီး ရန်သူများကို စိတ်တိုင်းကျ သတ်ဖြတ်နိုင်သည်။
သူ ပစ်မှတ်ထားသော ရန်သူသည် ဓားတစ်ချောင်းနှင့် တိုက်ရိုက် ရင်ဆိုင်ရမည်ဖြစ်ပြီးရှောင်တိမ်း၍ခြင်းခုခံခြင်း လုပ် မရချေ။ ၎င်း၏ စွမ်းအားကို တွက်ချက်၍ မရနိုင်ပေ။
ဤသည် အနန္တဓားကျမ်း အတွက် ကုအန်၏ မျှော်လင့်ချက် ဖြစ်ပြီး တိကျသော လှုပ်ရှားမှုများကိုမူ သေချာ စဉ်းစားရန် လိုအပ်သေးသည်။
သူ အလျင်မလိုပေ။ ဓားလမ်းစဉ် အကြောင်း တွေးတောဆင်ခြင်ရန် သူ့တွင် အချိန်များစွာ ရှိသည်။
ကုအန်၏ စကားကို ကြားသောအခါ သွေးအကျဉ်းထောင်သူတော်စင်သည် အတွေးနွံထဲသို့ ကျရောက်သွားပြီး သူ၏ သူတော်စင် ဘွဲ့ကို ပြန်လည် ပြုပြင်ရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။
သူသည် မိမိကိုယ်ကို သူတော်စင် ဟု ခေါ်ဝေါ်နေမည့်အစား ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ လေးစားမှုကို အနည်းဆုံး ရရှိသင့်သည်။
ဆယ်နှစ်ကြာပြီးနောက်။
မြင့်မြတ်နယ်မြေ ရှိ ချန်မိသားစု အိမ်တော်တွင် (၁၂) နှစ် ပြည့်တော့မည့် ချန်ချွမ်သည် ဓားသိုင်းပညာ လေ့ကျင့်နေသည်။ သူသည် အဖြူရောင် အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီကို ဝတ်ဆင်ထားပြီး ဆံပင်နက်များကို ခေါင်းနောက်တွင် မြင့်မြင့် စည်းနှောင်ထားသည်။ သူသည် ငယ်ရွယ်သေးသော်လည်း ခန့်ညားသော ရုပ်ရည်သွင်ပြင် ရှိနေပြီဖြစ်သည်။
ချန်မိသားစု ခေါင်းဆောင် ချန်ရှုံ သည် ကျောက်သား လှေကားထစ်ပေါ်တွင် ရပ်နေသည်။ ဘယ်လက်ကို ခါးနောက်တွင်ထားပြီး ညာလက်ကို အရှေ့တွင်ထားကာ ကျောက်စိမ်းနှစ်တုံးကို ကိုင်ထားသည်။ သူသည် ချန်ချွမ်၏ ပုံသဏ္ဍာန်ကို ကျေနပ်အားရမှုနှင့် ချစ်ခင်မြတ်နိုးမှုများ ပြည့်နှက်နေသော မျက်နှာထားဖြင့် ကြည့်နေသည်။
ချန်ချွမ်သည် ငယ်စဉ်ကတည်းက ထူးခြားသော ပါရမီကို ပြသခဲ့သည်။ မည်သူမျှ ကျင့်ကြံမှု နည်းလမ်းများ မသင်ပေးဘဲနှင့် သူသည် ဝိညာဉ်စွမ်းအားကို ကိုယ့်ဘာသာ လေ့ကျင့်နိုင်ခဲ့ပြီး ထိုအချိန်က ချန်မိသားစု တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
ထို့အပြင် သူတော်စင်ဘုရင်၏ နောက်ကွယ်မှ အစွမ်းထက် ပုဂ္ဂိုလ်ကလည်း ချန်ချွမ်ကို ထောက်ပံ့ပေးထားသဖြင့် ချန်ချွမ်သည် ချန်မိသားစု၏ အကြီးမားဆုံး ဂုဏ်ယူစရာနှင့် မျှော်လင့်ချက် ဖြစ်လာခဲ့သည်။
ယန်ကျန့်၏ နောက်ကွယ်တွင် အစွမ်းထက် ပုဂ္ဂိုလ် နှစ်ဦး ရှိ၏။ ယင်းက မြင့်မြတ်အရှင်သခင် နှင့် ဆရာသခင်ဓားအရှင် တို့ ဖြစ်ကြ၏။ နှစ်ဦးစလုံးက ချန်မိသားစုက လက်လှမ်းမမီနိုင်သောပုဂ္ဂုလ်များပင်
"ကလေးတွေ ကြီးပြင်းလာတာ မြန်လိုက်တာ"
ချန်ရှုံသည် ချန်ချွမ်ကို စိုက်ကြည့်ရင်း ဝမ်းနည်းမှု အရိပ်အယောင် ခံစားလိုက်ရသည်။ ချန်ချွမ်သည် ချန်မိသားစုမှ ထွက်ခွာသွားမည့် အတွေးက သူ့ကို ဝန်လေးစေသည်။ အထူးသဖြင့် ချန်ချွမ်၏ မိဘများ ကြုံတွေ့ခဲ့ရသည်များကို တွေးမိသောအခါ သူသည် ကောင်လေးအတွက် ပို၍ပင် စိတ်မကောင်း ဖြစ်မိသည်။
သူသည် ရွှီလင်းကို မကြိုက်သော်လည်း မြေးဖြစ်သူ မိဘမဲ့ ဖြစ်သွားသည်ကို မမြင်လိုပေ။ ချန်ချွမ်သည် ဓားကို ပြန်သိမ်းလိုက်ပြီး ချန်ရှုံဘက်သို့ လှည့်ကာ "အဘိုး" ဟု ခေါ်လိုက်သည်။
သူသည် ရွယ်တူများနှင့် ယှဉ်လျှင် သက်ဝင်လှုပ်ရှားပုံ မရဘဲ အတော်လေး တည်ငြိမ်သည်။ သူသည် ချန်ရှုံထံသို့ လျင်မြန်စွာ လျှောက်သွားပြီး ကြည့်လိုက်ရာ ချန်ရှုံသည် မနေနိုင်ဘဲ သူ့ခေါင်းကို လှမ်းပုတ်လိုက်သည်။
"ငါ့မြေးလေးက တကယ် အံ့သြစရာ ကောင်းတယ်။ အနာဂတ်မှာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖြစ်လာမှာ သေချာတယ်။ ဘယ်နတ်ဘုရားက မင်းကို ကောင်းချီးပေးပြီး ဒီလို ယုံနိုင်စရာမရှိတဲ့ ပါရမီတွေ ပေးထားလဲ မသိဘူး" ဟု ချန်ရှုံက ပြုံးလျက် ပြောလိုက်သည်။
ချန်ချွမ်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ကျွန်တော့်ကို ကာကွယ်ပေးမယ့် နတ်ဘုရားတွေ မရှိပါဘူး။ ရှိခဲ့ရင် အမေ သေသွားမှာ မဟုတ်ဘူးလေ"
ချန်ရှုံ၏ အပြုံးသည် ချက်ချင်း အေးခဲသွားသည်။ သူသည် ခေါင်းစဉ်ကို အလျင်အမြန် ပြောင်းလိုက်ပြီး "မင်း အဲ့ဒီ ဓားသိုင်းကွက်ကို လေ့ကျင့်နေတာ လချီနေပြီ။ လှုပ်ရှားမှုတွေကို ကြည့်ရတာ မင်း ကျွမ်းကျင်နေပြီပဲ။ ဘာလို့ ဆက်လေ့ကျင့်နေသေးတာလဲ"
ချန်ချွမ်က ပြန်ဖြေ၏။ "ဓားလေ့ကျင့်နေရင်း ထိုးထွင်းသိမြင်မှု အများကြီး ရခဲ့ပါတယ်။ ဓားကွက်က အတူတူပဲ ဖြစ်ပေမယ့် လေ့ကျင့်နေရင်း တခြား ဓားသိုင်းပညာတွေနဲ့ ကွာခြားချက်ကို ခံစားမိလို့ပါ"
ထိုစကားကို ကြားသောအခါ ချန်ရှုံ တိတ်တဆိတ် အံ့သြသွားသည်။ သူတော်စင်ဘုရင် ချန်ထားခဲ့သော ဓားသိုင်းပညာသည် ဤမျှ နက်နဲနိုင်ပါသလား။
သူသည်လည်း ယန်ကျန့် ချန်ထားခဲ့သော ဓားသိုင်းများကို ကြည့်ဖူးပြီး သာမန် အခြေခံ ဓားသိုင်းပညာများသာ ဖြစ်သည်ဟု ထင်ခဲ့သည်။ သို့သော် သူသည် ယန်ကျန့် ၏ စကားကို နားထောင်ပြီး ချန်ချွမ်ကို ဤ ဓားသိုင်းပညာများ လေ့ကျင့်ခိုင်းခဲ့သည်။
"တကယ်လား" ချန်ရှုံ အံ့သြစွာ မေးလိုက်သည်။
ဒါက သူတော်စင်ဘုရင် ချန်ထားခဲ့တဲ့ စမ်းသပ်မှုများ ဖြစ်နေမလား။ ချန်ချွမ် စမ်းသပ်မှုကို အောင်မြင်သွားပြီ ဆိုတဲ့ သဘောလား။ သူ့မျက်လုံးများ ပိုမို တောက်ပလာပြီး ချန်ချွမ်သည် ချန်မိသားစုတွင် မကြုံစဖူး ပါရမီရှင် တစ်ဦး ဖြစ်ကြောင်း၊ ချန်မိသားစုအတွက် အပြောင်းအလဲ တစ်ခု ယူဆောင်လာပေးနိုင်သူ ဖြစ်ကြောင်း ခံစားလိုက်ရသည်။
"တကယ်... ကျွန်တော် မြင့်မားတဲ့ တောင်တန်းတွေ၊ စီးဆင်းနေတဲ့ ရေတွေ၊ အဆုံးမဲ့ သမုဒ္ဒရာတွေ၊ တောက်ပနေတဲ့ နဂါးငွေ့တန်း ဂလက်ဆီ တွေကိုတောင် မြင်ခဲ့ရတယ်၊ ပြီးတော့ မြစ်တစ်စင်းကိုတောင် မြင်ခဲ့ရသေးတယ်..."
ချန်ချွမ်သည် သူ မြင်တွေ့ကြားသိခဲ့ရသည်များကို ပြန်ပြောပြနေပြီး ချန်ရှုံသည် အဖိုးမဖြတ်နိုင်သော ရတနာ တစ်ပါးကို ကြည့်နေသကဲ့သို့ စိတ်လှုပ်ရှားမှုများ တိုးပွားလာကာ ဂရုတစိုက် နားထောင်နေသည်။
နွေဦးလေပြည် တိုက်ခိုက်နေပြီး ခြံဝင်းထဲမှ သစ်ရွက်များ လှုပ်ရှားနေကာ လှေကားထစ်ပေါ်တွင် ရပ်နေသော အဘိုးနှင့် မြေး မြင်ကွင်းသည် အလွန် လှပနေသည်။
ချန်ချွမ် ပြောပြီးသောအခါ ချန်ရှုံသည် လှိုက်လှိုက်လှဲလှဲ ခံစားချက်ဖြင့် "ငါ့မြေးလေး... မင်း တစ်ကမ္ဘာလုံး ကျော်ကြားလာမယ့် အချိန်ကို အဘိုး မစောင့်နိုင်တော့ဘူး။ မင်းက မြင့်မြတ်ခုံရုံးရဲ့ အစွမ်းထက်ဆုံး ဓားကျင့်ကြံသူ သေချာပေါက် ဖြစ်လာမှာ။ ဖရိုဖရဲ အခြေအနေတွေကို အဆုံးသတ်ပြီး အမတမင်းဆက်ကို အနိုင်ယူမယ့် တာဝန်က မင်းပခုံးပေါ်မှာ ရှိနေတာ ဖြစ်နိုင်တယ်"
ထိုစကားကို ကြားသောအခါ ချန်ချွမ် မျက်နှာ အနည်းငယ် နီသွားပြီး ခေါင်းကို ကုတ်လျက် "အဘိုးကလည်း... မြှောက်ပြောနေပါပြီ။ ကျွန်တော်က အဲ့လောက် အံ့သြစရာ မကောင်းပါဘူး"
ချန်ရှုံသည် သဘောကျစွာ ရယ်မောလိုက်ပြီး မြင့်မြတ်ခုံရုံး၏ အစွမ်းထက် ပုဂ္ဂိုလ်များနှင့် ဒဏ္ဍာရီလာ လုပ်ဆောင်ချက်များကို စတင် ပြောပြလိုက်ရာ ချန်ချွမ် လေးစားအားကျမှုများ ပြည့်နှက်သွားသည်။
သူက ဆယ်ကျော်သက်လေး တစ်ယောက်ပဲ ရှိသေးတာကိုး။ သူရဲကောင်းများကို အားကျခြင်းသည် ဆယ်ကျော်သက်များ၏ သဘာဝပင်။
အနီးရှိ အိမ်ခေါင်မိုးစွန်းမှ တစ်စုံတစ်ယောက် သူတို့ကို စောင့်ကြည့်နေသည်ကို သူတို့ သတိမထားမိကြပေ။
ကုအန် ပင် ဖြစ်သည်။
မူလဘူတနှောင်ဖွဲ့ကင်းအမတတစ်ပါး သူ့ရှေ့တည့်တည့် ရောက်နေလျှင်တောင် ယခုအချိန်တွင် သူ့အရှိန်အဝါကို အာရုံခံနိုင်မည် မဟုတ်ပေ။
ချန်ချွမ်၏ ဘဝကို ကြည့်ရင်း ကုအန်သည် ရှောင်ချွမ် မြေးဖြစ်သူနှင့် အချိန်ကုန်ဆုံးခဲ့သော မြင်ကွင်းကို သတိရမိသည်။ ထိုအချိန်က ရှောင်ချွမ်သည် ရယ်မောနေပြီး သူ့တွင် ထိုကဲ့သို့ ကောင်းမွန်သော အဘိုးမျိုး ရှိလျှင် မည်မျှ ကောင်းလိုက်မည်နည်းဟု ပြောခဲ့ဖူးသည်။
"အခု မင်း အိမ်မက် ပြည့်သွားပြီပဲ" ကုအန် ပြုံးလိုက်သည်။
ချန်ချွမ်၏ အတွင်းစိတ်ကိုလည်း သူ ကြားလိုက်ရသည်။ ဒီကောင်လေးက အရင်ဘဝကထက်တောင် ရည်မှန်းချက် ပိုကြီးနေပါလား။
အဲ့လို ဆိုမှတော့ မင်းရဲ့ စီနီယာ အစ်ကိုကြီး ဖြစ်တဲ့ ငါက မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။ ဘာပဲပြောပြော မင်းက ငါ့အတွက် မင်းဘဝ တစ်ခုလုံးကို ပေးဆပ်ခဲ့တာပဲလေ။
ကုအန်သည် ညာလက်ကို မြှောက်ပြီး ချန်ချွမ်ထံသို့ လက်အင်္ကျီစကို ဝှေ့ယမ်းလိုက်သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် တာအိုအသိစိတ် တစ်ခုသည် နူးညံ့သော လေပြည်အဖြစ် ပြောင်းလဲသွားပြီး ချန်ချွမ်ထံသို့ တိုးဝင်သွားကာ သူ့ဆံပင်နက်များနှင့် အဖြူရောင် ဝတ်ရုံများကို လွင့်ပျံသွားစေသည်။
ချန်ချွမ်သည် မျက်လုံး ပြူးကျယ်သွားပြီး ကြောင်တောင်တောင် ဖြစ်သွားသည်။
ချန်ရှုံသည် သူ့၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိထားမိပြီး "မြေးလေး... ဘာဖြစ်လို့လဲ"
ချန်ချွမ်က "ဘာမှ မဖြစ်ပါဘူး၊ ထိုးထွင်းသိမြင်မှု အသစ် တစ်ခုခု ရလိုက်တယ် ထင်လို့ပါ"
"တကယ်လား။ ဒါဆို ဆက်စဉ်းစားလေ။ အဘိုး မင်းရဲ့ ကျင့်ကြံမှုကို မနှောင့်ယှက်တော့ပါဘူး" ချန်ရှုံ အလျင်အမြန် ဘေးဖယ်လိုက်သည်။
ဒါကို မြင်တော့ ချန်ချွမ် ချက်ချင်း မျက်လုံးမှိတ်ပြီး သူ့၏ ထိုးထွင်းသိမြင်မှုများထဲတွင် နစ်မြောသွားသည်။
ချန်ရှုံသည် သူ့နှင့် ဆယ်လှမ်းခန့် အကွာတွင် ရပ်နေပြီး အနည်းငယ် ကြောင်ငေးသော အမူအရာဖြင့် ကြည့်နေသည်။ ချန်ရှုံ၏ မျက်လုံးထဲတွင် ချန်ချွမ် ပတ်လည်ရှိ နေရောင်ခြည်သည် ပိုမို တောက်ပလာပြီး အချိန်မရွေး ကောင်းကင်ဘုံသို့ တက်လှမ်းသွားနိုင်သည့် ဒဏ္ဍာရီလာ အမတ တစ်ပါးကဲ့သို့ ဖြစ်နေသည်။
ကုအန်သည် ခေါင်မိုးစွန်းပေါ်တွင် ဆက်လက် ရပ်နေပြီး ချန်ချွမ်ကို ငုံ့ကြည့်နေသည်။
ရုတ်တရက်။
[ကျန်ကူမင် သည် သင့်အပေါ် ရန်ငြိုးထားပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ သူ့အပေါ် သက်တမ်း စစ်ဆေးမှု အသုံးပြုလိုပါသလား]
ကုအန် မျက်ခုံးပင့်လိုက်သည်။ သူသည် လူများစွာနှင့် တွေ့ဆုံခဲ့ဖူးသောကြောင့် သာမန် နေ့ရက်များတွင်လည်း သက်တမ်း ကြိုတင်သိမြင်မှုများကို အစပျိုးလေ့ရှိသော်လည်း ထိုသူ အားလုံးနီးပါးသည် သူ့ကို မကျေနပ်ကြရုံသာ ဖြစ်သည်။
သူ့ကို သတ်ချင်နေသူနှင့် မကြုံရတာ ကြာပြီ။
စိတ်ဝင်စားစရာပဲ!
သူသည် ချက်ချင်းပင် ၎င်းအပေါ် သက်တမ်း စစ်ဆေးမှု ပြုလုပ်ရန် ရွေးချယ်လိုက်သည်။
[အထီးကျန်ဓားကံကြမ္မာ ကျန်ကူမင် (မူလဘူနှောင်ဖွဲ့ကင်းအမတ အလယ်အလတ် အဆင့်) ၃၁၈,၇၂၆,၃၀၉ / ၁၅,၀၀၀,၀၀၀,၀၀၀]
သက်တမ်း နှစ်ပေါင်း ၁၅ ဘီလီယံ ဟုတ်လား။
မူလဘူနှောင်ဖွဲ့ကင်းအမတ။
ကုအန်၏ နတ်ဘုရား အာရုံသည် စကြဝဠာ တစ်ခွင်ကို ချက်ချင်း ဖြန့်ကျက်လိုက်သော်လည်း ဤ မူလဘူနှောင်ဖွဲ့ကင်းအမတ ကို ဖမ်းယူနိုင်ခြင်း မရှိပေ။ အသံမဲ့အပျက်အဆီးနယ်မြေ တွင် မူလဘူနှောင်ဖွဲ့ကင်းအမတများ အမှန်တကယ် ရှိသော်လည်း လက်ချောင်းဖြင့် ရေတွက်၍ ရနိုင်လောက်အောင် နည်းပါးသည်။ သူတို့ အားလုံးသည် ကမ္ဘာလောကနှင့် အဆက်အသွယ်ဖြတ်ပြီး သီးသန့် ကျင့်ကြံနေကြသည်။
ဒီလူက စကြာဝဠာပြင်ပက လာတာများလား။
ကုအန် အတွေးနွံထဲ ရောက်သွားပုံရပြီးနောက် ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော် ထဲသို့ ပြန်လည် ရောက်ရှိသွားသည်။ မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် အိတ်ကပ်ထဲမှ အနန္တဓားကျမ်း ကို ထုတ်ယူလိုက်သည်။
အခန်း ၅၀၆ ဓားတစ်လက်
ကုအန်သည် အနန္တဓားကျမ်းကို ယူပြီး သူ ပုံမှန် ထိုင်လေ့ရှိသော လှုပ်ကုလားထိုင်ဆီသို့ လျှောက်သွားသည်။
သူ ရောက်လာသည်ကို မြင်သောအခါ ဥယျာဉ်ဘေးတွင် တရားထိုင် ကျင့်ကြံနေသော ရွှီလင်သည် ချက်ချင်း မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်သည်။
ပင်လယ်နက်နဂါးငါးကြင်းသည် ပိုမို ရဲရင့်၏။ ဘာပဲပြောပြော သူက ကုအန်နှင့် ရင်းနှီးနေပြီ ဖြစ်သည်။ သူသည် အနားသို့ တိုးကပ်လာပြီး စပ်စုစွာ မေးလိုက်သည် "အနန္တဓားကျမ်း ဟုတ်လား။ အဲ့ဒါ ဘာစာအုပ်လဲ"
"တားမြစ်ထားတဲ့ စာအုပ်တွေ ဆက်မဖတ်နဲ့တော့၊ မြန်မြန် ကျင့်ကြံကြ ငါ စာဖတ်တာ မနှောင့်ယှက်နဲ့" ကုအန် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
သခင်ဖြစ်သူက ပုံမှန်လို နူးညံ့သိမ်မွေ့ခြင်း မရှိသည်ကို တွေ့လိုက်ရသဖြင့် ပင်လယ်နက်နဂါးငါးကြင်းသည် အလျင်အမြန် ထွက်ပြေးသွားသည်။
ကုအန်သည် ကံကြမ္မာဆုံးဖြတ်ကံလောင်တံကို ထုတ်ယူလိုက်သည်။ သူသည် အနန္တဓားကျမ်းကို လက်တစ်ဖက်ဖြင့် ဖွင့်လိုက်ပြီး စုတ်တံအဖျားကို စာမျက်နှာပေါ်သို့ ချိန်ရွယ်ကာ ကိုင်ထားလိုက်သည်။ ဤသည် သူ အနန္တဓားကျမ်းကို ပထမဆုံး အကြိမ် အသုံးပြုခြင်း ဖြစ်ပြီး မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ ရန်သူသည် စကြာဝဠာပြင်ပမှ ဖြစ်နိုင်ပြီး သူတို့ကို အနိုင်ယူနိုင်မလား ဆိုတာ မသေချာပေ။
အသတ်ခံရပြီးရင်ရော အသက်ရှင်နိုင်ဦးမလား။
သူသည် ထိုအရာများကို ဆက်မတွေးတော့ဘဲ သူ့၏ ကိုယ်ပိုင် အကြောင်းအကျိုး စွမ်းအားကို အနန္တဓားကျမ်းပေါ်တွင် အာရုံစိုက်လိုက်သည်။
စကြဝဠာအတွင်း၌ မရေမတွက်နိုင်သော နက်ဗျူလာတိမ် များ ပြန့်ကျဲနေပြီး အချို့မှာ ပြေးလွှားနေသော ဧရာမလူကြီးများနှင့် တူကာ အချို့မှာ ဖန်ဆင်းရှင်၏ လက်ဖဝါးနှင့် တူပြီး၊ အချို့မှာ လျှို့ဝှက်ဆန်းကြယ်ပြီး ကြမ်းတမ်းသော သားရဲများနှင့် တူနေသည်။ ရောင်စုံစုံလင်ပြီး ထူးဆန်းနေသည်။
ဓားအလင်းတန်း တစ်ခုသည် စကြဝဠာကို ဖြတ်သန်းသွားပြီး ၎င်း၏ ထိပ်ဖျားတွင် လူရိပ်နှစ်ခု ရပ်နေသည်။ တစ်ဦးမှာ ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော အရပ်ရှည်ပြီး ရဲရင့်သည့် အမျိုးသား တစ်ဦး ဖြစ်ကာအခြား တစ်ဦးမှာ ခါးကုန်းအဘိုးအို တစ်ဦး ဖြစ်သည်။
ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသားသည် သလင်းကျောက် သရဖူ ဆောင်းထားပြီး မျက်ခုံးများမှ ထက်မြက်မှုများ ထွက်ပေါ်နေကာ မျက်လုံးများထဲတွင် ဓားနှစ်ချောင်း ရောင်ပြန်ဟပ်နေသဖြင့် သူ့အကြည့်ကို ပိုမို ခန့်ညားထည်ဝါစေသည်။
သူ့ဘေးမှ အဘိုးအိုသည် သူ့ပခုံးလောက်သာရှိသည်။ သူသည် သစ်သား တောင်ဝှေး တစ်ချောင်း ကိုင်ထားပြီး ပါးပြင်ပေါ်တွင် မီးခိုးရောင် အစက်အပြောက် အချို့ ရှိကာ သမင်ဦးချိုကဲ့သို့ ဦးချိုနှစ်ချောင်းသည် သူ့၏ ဖြူဖွေးနေသော ဆံပင်များကြားမှ ထိုးထွက်နေသည်။
"သခင်... တကယ်ပဲ နတ်ဘုရားဧကရာဇ် ကိုယ်စား လှုပ်ရှားတော့မှာလား။ နတ်ဘုရားဧကရာဇ် တောင် မနိုင်တဲ့ ဖြစ်တည်မှု ဆိုတာ သာမန် မဟုတ်လောက်ဘူးနော်" သမင်ဦးချိုနှင့် အဘိုးအိုက ပြောလိုက်သည်။ မျက်ခုံးများ တွန့်ချိုးနေပြီး မျက်လုံးများတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။
ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသားမှာ ကျန်ကူမင် ဖြစ်သည်။ သူက "အဲ့လောက် ရိုးရှင်းရင် နတ်ဘုရားဧကရာဇ်က ငါ့ကို ရှာမှာ မဟုတ်ဘူး။ သူ့ရဲ့ အဆင့်အတန်းက နယ်နိမိတ်တံခါးကို ဖြတ်ကျော်ဖို့ ခက်ခဲစေတယ်။ ငါက ပိုမြင့်တဲ့ အဆင့်ကို ရောက်ချင်ရင် သူ့ကိုပဲ အားကိုးရမယ်။ ငါ့ရဲ့ ကန့်သတ်ချက်တွေကို ခံစားနေရပြီ"
"ငါ နောက်ထပ် နှစ်ပေါင်းများစွာ အသက်ရှင်နိုင်ပြီး မသေနိုင်သလောက် ဖြစ်နေပေမယ့် ပိုမြင့်တဲ့ အဆင့်ကို မရောက်နိုင်တော့ဘူးလို့ ခံစားနေရတယ်"
သမင်ဦးချိုနှင့် အဘိုးအို တိတ်ဆိတ်သွားသည်။ သူလည်း သူ့သခင်ကို ပိုမို သန်မာစေချင်သော်လည်း ထိုစကြဝဠာသို့ သွားရမည့် အတွေးက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။
"ပြိုင်ဘက်က မူလဘူတနှောင်ဖွဲ့ကင်းအမတ အဆင့်ကို မကျော်လွန်သရွေ့ ငါ့ ပြိုင်ဘက် ဖြစ်လာဖို့ မဖြစ်နိုင်ဘူး။ သူ တကယ် အဲ့လောက် စွမ်းအားကြီးရင် ကောင်းကင်ဝိညာဉ်နတ်ဘုရား က အဲ့ဒီလို ဖြစ်တည်မှုမျိုး ဆက်ပြီး ကြီးထွားလာအောင် ခွင့်ပြုထားမှာ မဟုတ်ဘူး" ကျန်ကူမင် က တည်ငြိမ်စွာ ဆက်ပြောသည်။
သူ့အကြည့်များသည် စကြဝဠာနှင့် အချိန်ကာလကို ဖြတ်ကျော်ပြီး ကျယ်ပြန့်သော ကောင်းကင်နှင့်မြေကြီးပေါ်သို့ ရောက်ရှိသွားပုံရသည်။
သမင်ဦးချိုနှင့် အဘိုးအိုက သက်ပြင်းချလိုက်ပြီး "ကောင်းကင်ဝိညာဉ်နတ်ဘုရား က တကယ် စွမ်းအားကြီးတယ်။ မဟာတာအိုဖရိုဖရဲ ဖြစ်နေချိန်မှာတောင် သူက အဲ့ဒီနေရာကို ကာကွယ်ပေးထားခဲ့တယ်။ အဲ့ဒီမှာ ကြီးမားတဲ့ လျှို့ဝှက်ချက် တစ်ခု ရှိနေပုံရတယ်"
"ဒါဆို ငါတို့နဲ့ မဆိုင်တော့ဘူး၊ နတ်ဘုရားဧကရာဇ် ကလည်း အဲ့လို အကြောင်းအကျိုး ကိစ္စတွေမှာ ဝင်ပါမှာ မဟုတ်ဘူး"
ကျန်ကူမင် ၏ စကားများကြောင့် သမင်ဦးချိုနှင့် အဘိုးအို ခေါင်းညိတ်လိုက်သည်။ တားမြစ်ချက်ကို ချိုးဖောက်မိမည် စိုးရိမ်သဖြင့် သူသည် ကောင်းကင်ဝိညာဉ်နတ်ဘုရား အကြောင်း ဆက်မပြောတော့ပေ။
ထိုအချိန်တွင် သူတို့ ခြေထောက်အောက်မှ ဓားအလင်းတန်း ရုတ်တရက် ရပ်တန့်သွားပြီး ပျောက်ကွယ်သွားသည်။ အရာအားလုံး ရုတ်တရက် ဖြစ်ပျက်သွားသဖြင့် သမင်ဦးချိုနှင့် အဘိုးအိုသည် ကျန်ကူမင် ကို လှည့်ကြည့်လိုက်သည်။
ကျန်ကူမင် တစ်ကိုယ်လုံး တုန်ရီနေပြီး မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
"သခင်... ဘာဖြစ်လို့လဲ" သမင်ဦးချိုနှင့် အဘိုးအိုက စိုးရိမ်တကြီး မေးလိုက်သည်။
"မြန်မြန်... ထွက်ပြေး..." ကျန်ကူမင် ၏ နဖူးတွင် ချွေးစေးများ ပြန်လာပြီး ခက်ခက်ခဲခဲ ပြောလိုက်သည်။
ထွက်ပြေးရမယ် ဟုတ်လား။
သမင်ဦးချိုနှင့် အဘိုးအို လန့်သွားပြီး ပတ်ဝန်းကျင်ကို အလိုအလျောက် ကြည့်လိုက်သည်။ သူသည် နတ်ဘုရား အာရုံကို ဖြန့်ကျက်လိုက်သော်လည်း မည်သည့် အန္တရာယ်ကိုမျှ အာရုံမခံမိပေ။
သူ ကျန်ကူမင် ကို ထပ်ကြည့်လိုက်သည်။ ကျန်ကူမင် မူလဘူတကောင်းကင်ကပ်ဘေး ခံယူစဉ်ကပင် ဤမျှ စိတ်လှုပ်ရှားနေသည်ကို သူ တစ်ခါမျှ မမြင်ဖူးပေ။
"သခင်..." သမင်ဦးချိုနှင့် အဘိုးအို ထိတ်လန့်သွားပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေသည်။ ဘာဖြစ်သွားသည်ကိုပင် သူ မသိလိုက်ပေ။
"ဓားတစ်ချောင်း... မင်း မမြင်ဘူးလား...."
ကျန်ကူမင် ခက်ခက်ခဲခဲ ပြောလိုက်၏။ သူမျက်လုံးများ နီရဲနေပြီး ရှေ့ကို စိုက်ကြည့်လိုသက်သည်။
သမင်ဦးချိုနှင့် အဘိုးအိုသည် သူ့အကြည့်နောက်သို့ လိုက်ကြည့်လိုက်သော်လည်း ဘာမှ မမြင်ရပေ။
"ဘယ်မှာလဲ။ ကျွန်တော်တို့နဲ့ ဘယ်လောက် ဝေးလဲ" သမင်ဦးချိုနှင့် အဘိုးအိုက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ငါတို့ အရှေ့တည့်တည့်မှာ..."
ကျန်ကူမင် ၏ အဖြေသည် သမင်ဦးချိုနှင့် အဘိုးအို၏ ကျောရိုးတလျှောက် စိမ့်တက်သွားစေပြီး ချောက်နက်ထဲ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူ့တွင် လွတ်ငြိမ်းရာအမတကျင့်ကြံမှု အဆင့် ရှိသော်လည်း ဘာမှ မမြင်ရပေ။ သူ့သခင် လိမ်ပြောမည် သို့မဟုတ် အာရုံမှားနေသည်ဟု သူ မယုံကြည်ပေ။ သူ့ကျင့်ကြံမှု အဆင့်က ထိုဓားကို အာရုံခံနိုင်လောက်အောင် မလုံလောက်ခြင်းသာ ဖြစ်နိုင်သည်။
"ထွက်ပြေးကြရအောင်" သမင်ဦးချိုနှင့် အဘိုးအို အံကြိတ်ကာ ပြောလိုက်သည်။
ကျန်ကူမင် ၏ မျက်လုံးအိမ်များ တုန်ရီနေသည်။ သူ ပြန်မဖြေနိုင်တော့ပေ။ ယခုအချိန်တွင် ကျန်ကူမင် ၏ ရှေ့၌ ဖော်ပြ၍ မရနိုင်လောက်အောင် ကြီးမားသော ဓားကြီးတစ်ချောင်း လေထဲတွင် ပျံဝဲနေပြီး ဓားသွားထိပ်ဖျားသည် ပေတစ်ရာအောက် နီးကပ်နေသည်။ အဝေးက ကြည့်လျှင် သူတို့သည် ဤ ဓားကြီး၏ ဘေးတွင် ကပ်လျက် ရှိနေသကဲ့သို့ ထင်ရသည်။ ဓား၏ အရှည်နှင့် အရွယ်အစားကို မသိရဘဲ ၎င်း၏ ရှေ့တွင် သူတို့သည် ဖုန်မှုန့်ထက်ပင် သေးငယ်နေသည်။
ဤဓားသည် မိုးပြာရောင်ဖီးနစ်ဓား ၏ ပုံရိပ်အတိုင်းပင်။ မျက်စိကျိန်းလောက်သော အလင်းရောင် မထုတ်လွှတ်သော်လည်း ကျန်ကူမင် အပေါ် အဆုံးမဲ့ ဖိအားများ ပေးနေသည်။
ကျန်ကူမင် သည် သေခြင်းတရား နီးကပ်လာသည်ကို အာရုံခံမိလိုက်၏။
ကြောက်မက်ဖွယ် ကောင်းသော အကြောင်းအကျိုး စွမ်းအားသည် ဤဓားမှ ထွက်ပေါ်လာပြီး ဒီရေလှိုင်းကဲ့သို့ သူ့ကို လွှမ်းခြုံထားသည်။ သူသည် ကိုယ်ပိုင် ဓားဆန္ဒဖြင့် ခုခံရန် ကြိုးစားသော်လည်း လုံးဝ တားဆီးနိုင်ခြင်း မရှိပေ။ ဓားသွားထိပ်ဖျားသည် ဆက်လက် တိုးဝင်လာနေသည်။
ကျန်ကူမင် သည် ထွက်ပြေး၍ မရသလို တုံ့ပြန်တိုက်ခိုက်၍လည်း မရပေ။ သူသည် အစွမ်းကုန် ပြန်လည် ခုခံရုံသာ တတ်နိုင်တော့သည်။ သို့သော် သူ ပြန်လည် ခုခံလေလေ ဖိအား ပိုများလေ ဖြစ်နေသည်။
ယခု သူ စကားပင် မပြောနိုင်တော့ပေ။ သူ့၏ အာရုံထဲတွင် သမင်ဦးချိုနှင့် အဘိုးအို ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ကျန်ကူမင် ပြန်မဖြေနိုင်သည်ကို မြင်သောအခါ သမင်ဦးချိုနှင့် အဘိုးအိုသည် ပိုမို ပြင်းထန်စွာ တုန်ရီလာပြီး ပိုမို ထိတ်လန့်သွားသည်။ မည်သည့် စွမ်းအားက သူ့သခင်ကို ဤအခြေအနေထိ ရောက်အောင် တွန်းပို့နိုင်သနည်း။
သူသည် ရွေးချယ်စရာ နှစ်ခုကြား ဗျာများနေ၏။ ထွက်ပြေးသင့်သလား သို့မဟုတ် နေခဲ့ပြီး သခင်နှင့် အတူ လိုက်ပါသင့်သလား။
သူ နေခဲ့လျှင်တောင် ဘာမှ ကူညီနိုင်မည် မဟုတ်ပေ။
သူဤမျှ စွမ်းအားမဲ့သလို တစ်ခါမှ မခံစားခဲ့ရဖူးပေ။
ရုတ်တရက်
ကျန်ကူမင် ၏ မျက်လုံးများ ပြူးကျယ်သွားပြီး "မြန်မြန်..."
သူ စကားတစ်လုံး ပြောလိုက်သည်နှင့် စကြဝဠာ တစ်ခုလုံး တိတ်ဆိတ်သွားသည်။ သမင်ဦးချိုနှင့် အဘိုးအိုသည် သူ့ကို မျက်လုံးပြူးကာ စိုက်ကြည့်နေသည်။
ကျန်ကူမင်မှာ ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော ကြယ်များ အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤ ကြယ်များသည် ကျန်ကူမင် ၏ ဓားဆန္ဒများ ဖြစ်ကြပြီး ၎င်းတို့လည်း ပျောက်ကွယ်နေကြသည်။
သမင်ဦးချိုနှင့် အဘိုးအိုသည် မျက်လုံးပြူးကာ ကြည့်နေပြီး ပါးစပ် အလိုအလျောက် ဟသွားသည်။
မူလဘူတနှောင်ဖွဲ့ကင်းအမတ တစ်ပါး ဒီတိုင်း သေသွားတာလား။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
[သင်သည် ကျန်ကူမင် (မူလဘူတနှောင်ဖွဲ့ကင်းအမတ အလယ်အလတ် အဆင့်) ထံမှ သက်တမ်း ၁,၄၄၀,၀၉၀,၈၇၂ နှစ် ကို အောင်မြင်စွာ သိမ်းယူလိုက်ပြီ ဖြစ်သည်]
အကြောင်းကြားစာ တစ်ခု ကုအန်၏ ရှေ့တွင် ပေါ်လာပြီး သူ့ကို လန့်သွားစေသဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ စိတ်လှုပ်ရှားသွားသည်။
တကယ် အလုပ်ဖြစ်တာပဲ!
သက်တမ်း ၁.၄ ဘီလီယံကျော် တစ်ခါတည်း ရလိုက်တာ!
နှစ်တစ်ရာ ဆေးပင်စိုက်တာထက်တောင် သာလွန်နေသေးတယ်။
အရေးကြီးဆုံး အချက်မှာ ကုအန်သည် ရန်သူ့ရှေ့သို့ ကိုယ်တိုင် သွားရောက်ခြင်း မရှိဘဲ အကြောင်းအကျိုး စွမ်းအားကို အသုံးပြုကာ သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခင်က သူ့ကိုယ်ပွားများ သို့မဟုတ် ရုပ်သေးရုပ်များက သက်တမ်း သိမ်းယူရာတွင် မကူညီနိုင်ခဲ့သဖြင့် သူသည် အကြောင်းအကျိုး စွမ်းအားနှင့် ပတ်သက်ပြီး တွန့်ဆုတ်နေခဲ့သည်။
ဆိုလိုသည်မှာ သူသည် အရိပ်ထဲတွင် ပုန်းခိုပြီး ရန်သူများ၏ သက်တမ်းကို မညှာမတာ ရိတ်သိမ်းနိုင်ပြီ ဟူသည့် သဘောလော။ ကုအန်၏ ရင်ခုန်သံ မြန်ဆန်လာ၏။ စိတ်မထိန်းနိုင်တော့ချေ။
ထိုအခိုက်အတန့်တွင် သူသည် ဖြစ်နိုင်ချေ အများအပြားကို စိတ်ကူးယဉ်မိပြီး မကောင်းသော အတွေးများပင် စိတ်ထဲ ပေါ်လာသည်။ ထိုအချိန်တွင် ကုအန်သည် တစ်စုံတစ်ရာကို သတိပြုမိလိုက်ပြီး မျက်နှာထား အနည်းငယ် ပြောင်းလဲသွားကာ ချက်ချင်း မတ်တတ်ရပ်ပြီး ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော် တံခါးပေါက်ဆီသို့ လျှောက်သွားလိုက်သည်။