နတ်သက်ကြွေအင်မော်တယ်
Vol. 5 Ch. 41
ရပ်ကြည့်နေသူအများစုက လှည့်ကွက်များစွာကို တွေ့မြင်ရခြင်းမရှိချေ။ စောစောက တိုက်ခိုက်မှုမှာ သဲမုန်တိုင်းများ၊ လွင့်ပျံလာသော ကျောက်ခဲများ၊ မီးတောက်များ သို့မဟုတ် မိုးခြိမ်းသံများ ပေါ်ထွက်မလာခဲ့ချေ။ ယင်းသည် လှုပ်ရှားကွက် အနည်းငယ်မျှသာဖြစ်ပြီး အပေါ်ယံ တိုက်ခိုက်မှုတစ်ခုမျှသာ ဖြစ်သည်ဟု လူတိုင်းကို ထင်မြင်ချက် ပေးနေသည်။
ပါဝင်ပတ်သတ်သူများကသာ ကျန်းယွဲ့လု ထုတ်ဖော်ထားသည့် သိပ်သည်းပြင်းထန်သော ဖိအားကို နားလည်နိုင်သည်။
ဤအခိုက်အတန့်မှာ ရှုခိုသည် ဆုပ်လည်းစူး စားလည်းရူး အခြေအနေကို ရောက်ရှိနေသည်။ သူ၏ လက်သီးကို ပြန်ရုပ်ချင်သည် ဆိုလျှင်တောင် မရုပ်နိုင်တော့ပေ။ ရွှံ့ညွှန်ထဲမှာ ပိတ်မိနေသည်ဟု ခံစားနေရသည်။
ကျန်းယွဲ့လုက ညင်သာစွာ မေးလိုက်၏။
“ကောင်းကင်၊ မြေကမ္ဘာ၊ လူသား၊ နတ်ဘုရားနဲ့ တစ္ဆေတဲ့… အဲဒီအထဲမှာ ကောင်းကင်က ဘာလို့ ထိပ်ဆုံးမှာ ရပ်တည်နေသလဲ နင်သိလား”
အင်မော်တယ်ငါးမျိုးထဲမှာ ကောင်းကင်အင်မော်တယ်များက ထိပ်ဆုံးမှာ ရပ်တည်နေသည်ကို ကျန်းယွဲ့လုက ရည်ညွှန်းပြောဆိုခြင်းဖြစ်ကြောင်း ရှုခိုက နားလည်သဘောပေါက်သည်။ နတ်သက်ကြွေ အင်မော်တယ်များ၏ အန္တိမရည်မှန်းချက်ပန်းတိုင်က ကောင်းကင်ဘုံအင်မော်တယ်များ ဖြစ်လာဖို့ပင်။
ကျန်းယွဲ့လုက သဘာဝအလျောက် မွေးဖွားလာသော နတ်သက်ကြွေ အင်မော်တယ်တစ်ပါးဖြစ်သည်။
မဟာသူတော်စင်များသည် နတ်သက်ကြွေ အင်မော်တယ်များကို ဘာကြောင့် ဤမျှအထိ အလေးထား တန်ဖိုးထားကြသလဲ ရှုခိုတစ်ယောက် ယခုအချိန်မှသာ နားလည်သဘောပေါက်သွား၏။
ရှုခိုက စကားပြောဖို့ ဟန်ပြင်လိုက်သော်လည်း ကျန်းယွဲ့လုက သူပြောမည့်စကားကို နားထောင်ချင်စိတ် မရှိချေ။ သူမက လက်ဖဝါးထဲမှာ ဖမ်းဆုပ်ထားသည့် ရှုခို၏ လက်သီးကို ရုတ်တရက် လိမ်ချိုးလိုက်သည်။
လက်ထောက်ခန်းမသခင်အဖြစ် သူမ၏ အမိန့်အာဏာကို ဖီဆန်သည့်အတွက် အပြစ်ပေးသည့်အနေဖြင့် ရှုခို၏ လက်ကို လိမ်ချိုးလိုက်ပြီး လူတိုင်းက အရိုးကျိုးသံကို ကြားလိုက်ရ၏။
ရှုခို၏ မျက်နှာက ဖြူဖျော့သွားပြီး သူ၏ နဖူးမှာ သွေးကြောများ ဖောင်းကြွလာသည်။ သူ့မျက်နှာကနေ ချွေးစေးများ စီးကျလာသော်လည်း သူက သတ္တိကောင်းသော လူတစ်ယောက်လို အံကိုတင်းတင်းကြိတ်ပြီး နာကျင်မှုကို အသံမထွက်ဘဲ တောင့်ခံနေသည်။
သဘောတရားအရ အသွေးအသားနယ်ပယ်ကို ဖြတ်ကျော်လာသည့် ယွီရှုအဆင့် ကိုယ်ခံပညာသိုင်းသမားများသည် သူတို့၏ ကိုယ်ကာယ ထိခိုက်ဒဏ်ရာများကို အလျင်အမြန် ပြန်လည်ကုသနိုင်သည်။ ရှုခိုသည် ယွီရှုအဆင့်ထက် သာလွန်သော ကွေ့ကျန်းအဆင့်မှာ ရောက်ရှိနေပြီဖြစ်သော်လည်း သူ၏ လက်က သက်သာပျောက်ကင်းလာမည့် လက္ခဏာ မပြသပေ။
ကျန်းယွဲ့လုက သူ့လက်ကို လိမ်ချိုးခဲ့စဉ် ပြန်လည်ကုသနိုင်စွမ်းရည်ကို တားဆီးရန် သူ၏ ခန္ဓာကိုယ်ထဲသို့ ထူးဆန်းသော စွမ်းအင်တစ်မျိုး ပို့လွှတ်ခဲ့သည်ကို ရှုခိုက ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။ အလွန်တရာ ထူးဆန်းစွာဖြင့် သူက ပြန်လည်တွန်းလှန်နိုင်ခြင်းပင် မရှိချေ။
ဒါက နတ်သက်ကြွေ အင်မော်တယ်တစ်ပါးရဲ့ စွမ်းအားလား။
ကျန်းယွဲ့လုက ရှုခို၏ လက်ကို ဖြည်းဖြည်းချင်း လွှတ်ပေးပြီး ပြောလိုက်၏။
“ငါ အခုနင့်ကို ရွေးချယ်စရာ နှစ်ခုပေးမယ်… ရွေးချယ်စရာ တစ်… တစ်လလောက် အနားယူပြီး ကုသလိုက်… ဒါပေမဲ့ နင် သက်သာပျောက်ကင်းသွားတာနဲ့ ငါ့ဆီကို လာပြီး အမှုထမ်းရမယ်… ရွေးချယ်စရာ နှစ်... အခုပဲ ထွက်သွား၊ ဘယ်တော့မှ ပြန်မလာခဲ့နဲ့”
ရှုခိုက သူ၏ ဘယ်ဘက်လက်ဖြင့် ကျိုးနေသော ညာလက်ကိုကိုင်၍ အတန်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် ညင်သာစွာ ပြောလိုက်၏။
“သနားညှာတာမှု ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လက်ထောက်ခန်းမသခင်… ကျုပ်က ထျန်ကန်းခန်းမရဲ့ အမှုဆောင်တစ်ဦးပါ… အဲဒါကြောင့်... ကျုပ် ခင်ဗျားရဲ့ အမိန့်ကို နာခံရမှာပါ”
ကျန်းယွဲ့လုက ဝမ်းသာမှု သို့မဟုတ် အမျက်ဒေါသ မပြသော လေသံဖြင့် ပြောလိုက်၏။
“ဒါဆိုလည်း ကောင်းတယ်”
ဤအခိုက်အတန့်မှာ ကျန်းယွဲ့လုသည် ထိုင်ချင်းရင်ပြင်မှာတုန်းက ချီရွှမ်းစု တွေ့ဆုံခဲ့ဖူးသော အမျိုးသမီးငယ်နှင့် လုံးလုံးလျားလျား ကွဲပြားသွားပြီ ဖြစ်သည်။
ရှုခိုက သူ၏ လှံဓားကို ကောက်ယူပြီး အရှုံးသမားတစ်ယောက်လို ထွက်ခွာသွားသည်။
စွန်းယုံဖုန့်က စိုးရိမ်ပူပန်စွာဖြင့် တံတွေးကို အလျင်စလို မျိုချလိုက်၏။ သူကိုယ်တိုင်က ကွေ့ကျန်းအဆင့်မှာ ရှိနေသော်လည်း သူသည် တိုက်ပွဲအတွေ့အကြုံမရှိသော ဥယျာဉ်ထဲက တာအိုဆရာတစ်ဦးမျှသာ ဖြစ်သည်။ ထို့ကြောင့် ကျန်းယွဲ့လု ပြသလိုက်သော စွမ်းပကားမှာ သူက အမှန်တကယ်ပင် စိုးရွံ့ကြောက်လန့်သွားသည်။
ကျန်းယွဲ့လုက လူအုပ်ကြီးကို နောက်တစ်ဖန် အကဲခတ်ကြည့်ပြီး မေးလိုက်၏။
“ကန့်ကွက်ချင်တဲ့သူ ရှိသေးလား”
မည်သူကမှ အသံတစ်ချက်မထွက်ရဲတော့ဘဲ တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။
ကျန်းယွဲ့လုက ခဏမျှ စောင့်ဆိုင်းပြီးနောက် သူမ၏ မျက်နှာက အပြုံးတစ်ခုအဖြစ် နောက်တစ်ဖန် ပျော့ပျောင်းသွားပြီး ပြောလိုက်၏။
“ဒါဆိုလည်း ကောင်းတယ်”
သူ့အနေဖြင့် ဩဇာအာဏာကို တည်ဆောက်ဖို့ အထူးတလည် မလိုအပ်တော့ဟု ချီရွှမ်းစုတစ်ယောက် သူ့ဘာသာသူ ခနဲ့တဲ့တဲ့ တွေးမိလိုက်သည်။ ကျန်းယွဲ့လု၏ မျက်နှာသာပေးမှု သက်သက်နှင့်ပင် အမှုဆောင်တစ်ဦးအဖြစ် သူ၏နေရာကို တည်ဆောက်နိုင်ပြီ ဖြစ်သည်။
အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပါဝင်သည့် နောက်ထပ် အမှုဆောင်လေးဦးကို ခန့်အပ်ကြောင်း ကျန်းယွဲ့လုက ဆက်လက်၍ ကြေညာလိုက်၏။ ချီရွှမ်းစုနှင့် ရှုခိုအပါအဝင် ထျန်ကန်းခန်းမ၏ အသစ်ဆက်ဆက် တည်ဆောက်လိုက်သော ယောင်ကွမ်းဌာနမှာ အမှုဆောင် အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦး ရှိလာခဲ့ပြီဖြစ်သည်။
ထိုအမှုဆောင်လေးဦးက ရှေ့သို့ တက်လှမ်းပြီး လူအုပ်ကြီးကို လေးစားသမှုပြကာ ဦးညွှတ်လိုက်၏။
မူကျင်းဟု အမည်ရသော အမျိုးသမီးက ချီရွှမ်းစုနှင့် အသက်အရွယ် တူသလောက်နီးပါးဖြစ်ပြီး အဆင့်-၅ တာအိုဆရာတစ်ဦး ဖြစ်သည်။ သူမသည် ရုပ်ရည်သွင်ပြင် ကြည့်ကောင်းသော်လည်း ယောင်္ကျားဆန်သောအော်ရာ ရှိနေသည်။ သူမသည် ပေချန်ခန်းမမှာကတည်းက ကျန်းယွဲ့လု၏ အမိန့်အောက်မှာ ရှိနေခဲ့ပြီး ယခု ထျန်ကန်းခန်းမသို့ သူမ၏ အထက်လူကြီးနှင့်အတူ လိုက်ပါလာခြင်း ဖြစ်သည်။
အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက အမှုဆောင် ၆ ဦးထဲမှာ အသက်အကြီးဆုံး ဖြစ်သည်။ သူ့နာမည်က ကျောက်ပိုင်ဖြစ်ပြီး အဆင့်-၆ တာအိုဆရာတစ်ဦး ဖြစ်သည်။ သူ့မှာ လောကဓံပါးဝနေသော မျက်နှာနှင့် ပါးပေါ်မှာ အမာရွတ်တစ်ခု ရှိနေ၏။ သူသည် ကျောက်စိမ်းနေပြည်က ပန်းခင်းထဲက တာအိုဆရာတစ်ဦးမဟုတ်ဘဲ ဒေသဆိုင်ရာ တာအိုစံအိမ်တစ်ခုမှ လာခြင်းဖြစ်သည်မှာ သိသာနေသည်။
အမှုဆောင်အဖြစ် ခန့်အပ်ခံရသော နောက်တစ်ဦးက ရှုကျန်းဟုအမည်ရသည့် တင်းမာသော မျက်နှာထားနှင့် အဆင့်-၆ လူငယ်တာအိုဆရာတစ်ဦး ဖြစ်သည်။ သူက ယခုအချိန်ထိ အသက် ၃၀ မပြည့်သေးသော်လည်း သူ၏ အထင်ရှားဆုံး သွင်ပြင်မှာ ထက်ရှသောအကြည့် ဖြစ်သည်။
နောက်ဆုံးအမှုဆောင်က ယခုမှ အသက်ပြည့်ရုံသာ ရှိဦးမည့် ငယ်ရွယ်သော မိန်းကလေးတစ်ဦးဖြစ်သည်။ သူမက သူတို့အားလုံးထဲမှာ အငယ်ဆုံးဖြစ်ပြီး ထန်ပေါင့်ပေါင်ဟု အမည်ရသည်။ သူမသည် နူးညံ့သိမ်မွေ့ပြီး အဖိုးတန်သော အရုပ်တစ်ရုပ်နှင့် တူသည်။ သူမ၏ အပြစ်ကင်းစင်သောသွင်ပြင်က သူမကို ဝမ်ရှန်းတာအိုနန်းတော်ကနေ မကြာသေးခင်ကမှ ကျောင်းဆင်းလာသည်နှင့် တူနေစေသည်။ သို့သော်လည်း ဤမျှအသက်အရွယ်နှင့် အဆင့်-၆ နေရာကို တက်လှမ်းလာနိုင်သည့်အတွက် သူမမှာ ထူးခြားသော အရည်အချင်းများ ရှိနေရပေမည်။
ထို့နောက် ကျန်းယွဲ့လုသည် အမှုဆောင် ၆ ဦးအတွက် ကနဦး တာဝန်ခွဲဝေမှုကို အကြမ်းဖျင်း ချမှတ်ပေးလိုက်သည်။ ထန်ပေါင့်ပေါင်နှင့် ဒဏ်ရာရနေသော ရှုခိုက အတွင်းရေးရာကိစ္စများကို တာဝန်ယူထားသော ကြီးကြပ်ရေးမှူး စွန်းယုံဖုန့်၏ လက်အောက်မှာ ယာယီအားဖြင့် နေရမည်။ ဒဏ်ရာကနေ ရှုခို သက်သာလာသည်နှင့် ပြန်လည်ညှိနှိုင်းမည် ဖြစ်သည်။ ကျောက်ပိုင်နှင့် ရှုကျန်းက အခြားသော ကြီးကြပ်ရေးမှူး လင်းချွမ်ကျီထံမှာ အမှုထမ်းရမည် ဖြစ်သည်။
ချီရွှမ်းစုနှင့် မူကျင်းကတော့ ကျန်းယွဲ့လု၏ အမိန့်အောက်မှာ တိုက်ရိုက်ရှိနေပေမည်။
ထို့နောက် အတွင်းရေးရာကိစ္စများကို တာဝန်ယူထားသော ကြီးကြပ်ရေးမှူးစွန်းယုံဖုန့်က ရှေ့သို့တက်လှမ်းပြီး အမျိုးမျိုးသော အသေးအဖွဲ့ကိစ္စများကို စီစဉ်နေရာချပေးလိုက်သည်။ သူသည်လည်းပဲ သူ၏ ဩဇာအာဏာကို တည်ဆောက်ရပေလိမ့်မည်။
အမှုဆောင် ၆ ဦးမှာ ကိုယ်ပိုင်ရုံးခန်းများ ကိုယ်စီရှိကြသည်။ ရှုခို၊ ထန်ပေါင့်ပေါင်၊ ကျောက်ပိုင်းနှင့် ရှုကျန်းတို့က သီးခြားအခန်းများကို ရရှိကြသည်။ သို့သော်လည်း ကျန်းယွဲ့လုသည် အခန်းလေးခန်းပါဝင်သော ပင်မခန်းမကို ယူထားသောကြောင့် ချီရွှမ်းစုနှင့် မူကျင်းကတော့ ကံမကောင်းလှရှာပေ။ အခန်းတစ်ခန်းကို သူတို့၏ အထက်လူကြီးနှင့် မည်သူကမှ မျှမသုံးချင်သောကြောင့် သူမ၏ အမှုဆောင်နှစ်ဦးသည် ပင်မခန်းမ၏ အစွန်ဆုံးအခန်းမှာ နေကြရပေလိမ့်မည်။
စွန်းယုံဖုန့်သည် ထျန်ကန်းခန်းမသခင်၏ ဝါရင့်ကြီးကြပ်ရေးမှူးတစ်ဦး ဖြစ်ခဲ့သည်။ ဤတစ်ခေါက်မှာ ကျန်းယွဲ့လုကို ကူညီထောက်ပံ့ရန် ခန်းမသခင်သည် ထျန်ကန်းခန်းမ၏ အသစ်ဆက်ဆက်တည်ထောင်လိုက်သော ယောင်ကွမ်းဌာနသို့ သူ့ကို လွှဲပြောင်းပေးလိုက်သည်။ ဤအချက်သည် လျှောက်ထားသူများထံမှ လာဘ်စားထားခြင်းနှင့် ပတ်သက်၍ ကျန်းယွဲ့လုက စွန်းယုံဖုန့်နှင့် ထိပ်တိုက်ရင်ဆိုင် မဖြေရှင်းသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။
စွန်းယုံဖုန့်သည် ဤအတွင်းရေးရာကိစ္စများကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ပြီး လူတိုင်းကို အလုပ်တာဝန် ခွဲဝေပေးလိုက်သည်။ လူတိုင်းက သူတို့၏ သက်ဆိုင်ရာနေရာများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန် လူစုခွဲ ထွက်ခွာသွားကြ၏။ ချီရွှမ်းစုနှင့် မူကျင်းက ယောင်ကွမ်းဌာန၏ ပင်မခန်းမသို့ ကျန်းယွဲ့လုနှင့်အတူ လိုက်ပါသွားသည်။ အစွန်ဆုံးခန်းသည် မူလက ဧည့်ခန်းတစ်ခန်း ဖြစ်ခဲ့သော်လည်း ကျန်းယွဲ့လုသည် အမှုဆောင်များအတွက် ၎င်းကို အခန်းနှစ်ခန်းအဖြစ် ပြန်လည်မွမ်းမံပြင်ဆင်ခဲ့သည်။ အထဲမှာ အထူးသဖြင့် ဧည့်သည်များလက်ခံဖို့နှင့် ဆွေးနွေးမှုများ ပြုလုပ်ဖို့အတွက် သေးငယ်သော ဧည့်ခန်းတစ်ခန်းရှိနေသည်။ ပိုမိုအတွင်းကျသောဘက်မှာ ကျန်းယွဲ့လု၏ စာကြည့်ခန်းနှင့် နားနေခန်းရှိသည်။
ကျန်းယွဲ့လုက သူမ၏ အမှုဆောင် နှစ်ဦးကို သူမအနားမှာ ပေါ့ပေါ့ပါးပါးနေဖို့ အမူအရာပြကာ ပြောလိုက်၏။
“ငါတို့တွေက အသိကျွမ်းဟောင်းတွေပဲ… အဲဒါကြောင့် ထုံးတမ်းစဉ်လာအတိုင်း လိုက်နာနေစရာ မလိုဘူး”
တစ်ချိန်လုံး အမူအရာကင်းမဲ့စွာ ရှိနေခဲ့သည့် မူကျင်းက နောက်ဆုံးမှာ ပြုံးလိုက်၏။
“ဟုတ်ကဲ့ပါ ကြီးကြပ်ရေးမှူးကျန်း… သြော်.. မှားလို့ အခုက လက်ထောက်ခန်းမသခင် ဖြစ်သွားပြီပဲ… ဟင်းဟင်း”
ချီရွှမ်းစုက သူ၏ နှုတ်ခမ်းကို စေ့ထားပြီး ဘာမှမပြောချေ။
မူကျင်း၏ လေသံအရ သူမသည် ကျန်းယွဲ့လုနှင့် ရင်းနှီးသော မိတ်ဆွေများဖြစ်သည်ကို သူပြောနိုင်သည်။ မူကျင်းသည် သူ့အပေါ် မသိမသာ ရန်လိုမှုတချို့ ရှိနေပုံရသည်ကို ချီရွှမ်းစုက ခပ်ရေးရေး အာရုံခံမိသည်။
သူက ယခုမှ ရောက်ရှိလာသောကြောင့် ဤအချက်မှာ ထူးဆန်းနေသည်။
ရှုခိုက ကျန်းယွဲ့လုကို စိန်ခေါ်လိုသောကြောင့် အကြောင်းပြချက်အဖြစ် သူ့ကို အသုံးပြုလိုခဲ့သည်ကို နားလည်လက်ခံ၍ ရသော်လည်း မူကျင်းက သူ့အပေါ် ဘာကြောင့်ရန်လိုနေရတာလဲ။ သူတို့ ယခင်က မတွေ့ဆုံဖူး၊ ထိတွေ့ဆက်ဆံမှု မရှိခဲ့ဖူးပေ။ ထို့ကြောင့် ရန်လိုစိတ် ဖြစ်ပေါ်လာစရာမရှိချေ။ သူတို့နှစ်ယောက်ကြား တစ်ခုတည်းသော တူညီမှုမှာ ကျန်းယွဲ့လုသည် သူတို့နှစ်ယောက်စလုံး၏ အထက်လူကြီး ဖြစ်နေခြင်းပင်။
ချီရွှမ်းစု၏ စိတ်ထဲ အတွေးတစ်ခု ဝင်ရောက်လာ၏။
'မူကျင်းက ကျန်းယွဲ့လုရဲ့ မျက်နှာသာပေးမှုကိုရဖို့ ငါနဲ့ ယှဉ်ပြိုင်ချင်နေတာလား။’
လက်အောက်ငယ်သားများအနေဖြင့် အထက်လူကြီး၏ မျက်နှာသာပေးမှုကို ရယူလိုကြသည်မှာ ယုတ္တိတန်သည်။ သူတို့နှစ်ယောက်စလုံးက ကျန်းယွဲ့လုထံ တိုက်ရိုက်အမှုထမ်းနေသောကြောင့် မူကျင်းက သူ့ကို ပြိုင်ဘက်တစ်ယောက်အဖြစ် ရှုမြင်မည်ဆိုလျှင် သဘာဝကျသည်။
ချီရွှမ်းစုသည် ကျန်းယွဲ့လုကို မျက်နှာလိုမျက်နှာရလုပ်ဖို့ စိတ်ကူးမရှိသော်လည်း သတိကို လျှော့မချလိုက်ချေ။ သူက မူကျင်းကို နောက်တစ်ဖန်ကြည့်လိုက်ပြီး သူ့အကြည့်မှာ သံသယတစ်စွန်းတစ်စ ပါဝင်လာသည်။
လျှို့ဝှက်အဖွဲ့အစည်း ချင်းဖျင်အသင်းတော်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ချီရွှမ်းစုသည် ကြီးမားသောအန္တရာယ်ကို စွန့်စားပြီး ဤတစ်ခေါက် ကျောက်စိမ်းနေပြည်တော်ကို ရောက်ရှိလာခဲ့သည်။ သူက တောက်ပသောအနာဂတ်ကို ရည်မှန်းထားပြီး သတိကြီးကြီးထားနေရသည်။ တစ်ယောက်ယောက်က သူ့ကိုမကောင်းကြံလာရဲမည်ဆိုလျှင် သူကလည်း တုံ့ပြန်တိုက်ခိုက်ဖို့ ဝန်လေးနေမည်မဟုတ်ချေ။ မည်သို့ပင်ဆိုစေ သူက ရွှမ်အရှင်မြတ်လို စိတ်သဘောထား ကြီးမားသူမဟုတ်ပေ။
ကျန်းယွဲ့လုက ချီရွမ်းစုကို တစ်ချိန်လုံးစောင့်ကြည့်နေပြီး သူ့အပေါ် မူကျင်း၏ ရန်လိုမှုကိုလည်း သတိထားမိသည်။ ထို့ကြောင့် ချီရွှမ်းစုက မူကျင်းကို သာမန်ကာလျှံကာတစ်ချက်ကြည့်လိုက်စဥ်မှာ ဓားအိမ်ထဲကနေ ဖျတ်ခနဲထွက်လာပြီး အလျင်အမြန်ပြန်ဝင်သွားသော ဓားတစ်လက်လို သူ့မျက်လုံးအကြည့်ထဲက သံသယကို ကျန်းယွဲ့လုက ထက်မြက်စွာ အာရုံခံမိလိုက်သည်။
သူမက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ညွှန်ကြားလိုက်၏။
“မူကျင်း… တာဝန်ကျအခန်းကိုသွားပြီး ဒီကနေ့ရဲ့ စာရွက်စာတမ်းတွေကို သွားယူပေးပါဦး… ငါ စောစောက စိတ်လောနေလို့ အဲဒီမှာကျန်ခဲ့တယ်”
မူကျင်းက အသိအမှတ်ပြု ခေါင်းညိတ်ပြလိုက်၏။ ထွက်မသွားခင် သူမက ချီရွှမ်းစုကို တစ်ချက်စိုက်ကြည့်သွားသေးသည်။
အခန်းထဲမှာ ကျန်းယွဲ့လုနှင့် ချီရွှမ်းစုသာ ကျန်ခဲ့တော့သည့်အချိန်မှာ ကျန်းယွဲ့လုက သူအနားကို လျှောက်လာပြီး ခေါင်းငုံ့ထားသော ချီရွှမ်းစုကို ရုတ်တရက် ပြောလိုက်၏။
“သူ့အဆင့်နဲ့ ဖက်ပြိုင်မနေနဲ့”
ချီရွှမ်းစုက ထိတ်လန့်သွား၏။ သူက သူမကို မော့ကြည့်ပြီး အံ့အားသင့်စွာဖြင့် မေးလိုက်၏။
“လက်ထောက်ခန်းမသခင်… ခင်ဗျား ဘာကိုပြောတာပါလိမ့်”
ကျန်းယွဲ့လုက ပြုံးပြီး ပြန်ဖြေလိုက်၏။
“ငါက လူကဲခတ်တော်တယ်… ဒီနေ့ ခေါ်ယူစုဆောင်းထားတဲ့ လူ ၁၀၀ နီးပါးထဲမှာ နင်နဲ့ ရှုခိုကပဲ ငါ့ရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်တယ်… မူကျင်းက နင့်ရဲ့ပြိုင်ဘက် မဟုတ်ဘူး… ဒါပေမဲ့ သူက ငါ့လက်အောက်မှာ အမှုထမ်းနေခဲ့တာ ကြာခဲ့ပြီ… အဲဒါကြောင့် သူ့ကို အရှက်မရစေချင်ဘူး”
ချီရွှမ်းစုက စိုးရိမ်ပူပန်နေသည့် အချိန်မှာ ချီးကျူးစကား ကြားလိုက်ရသဖြင့် ဝမ်းသာသွားသော ပုံဖြင့် ပြောလိုက်၏။
“လက်ထောက်ခန်းမသခင်… ခင်ဗျား ကျုပ်ကို မြှောက်ပြောနေတာပဲ”
ကျန်းယွဲ့လုက ပြောလိုက်၏။
“ငါတို့တွေပဲရှိတဲ့အချိန်မှာ ငါ့ရဲ့ဘွဲ့ကို ခေါ်စရာမလိုဘူး… အရင်ကအတိုင်း ထန်ထိုက်ချုးလို့ပဲ ခေါ်… နောက်ပြီး ငါ့ရှေ့မှာ ရိုကျိုးသလို ကြောက်ရွံ့သလို လုပ်မနေနဲ့… မဟုတ်ရင် နင်က ငါ့ကို အရူးတစ်ယောက်လို ဆက်ဆံနေတယ်လို့ ငါထင်ရလိမ့်မယ်”
“ကောင်းပါပြီ… အမိထန်ထိုက်”
ချီရွှမ်းစုက ဆက်လက်၍ ဦးမညွှတ်တော့ဘဲ နာခံလိုက်၏။
ကျန်းယွဲ့လုက ဆက်ပြောလိုက်သည်။
“မောင်လေးထန်ထိုက်… ဒါက လမ်းကြားထဲမှာ မဟုတ်ဘူး… ငါတို့တွေက ကျောက်စိမ်းနေပြည်တော်မှာ ရှိနေတာ… အဲဒါကြောင့် အကုန်လုံးက စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာရတယ်… နောက်ပြီး နင့်ရဲ့ ပြိုင်ဘက်က မူကျင်း မဟုတ်သလို ရှုခိုလည်း မဟုတ်ဘူး”
ထိုအခိုက်အတန့်မှာ ကျန်းယွဲ့လု၏ တာအိုအစောင့်က ရောက်ရှိလာပြီး ခန်းမသခင်က သူမနှင့် တွေ့ဆုံလိုကြောင်း အစီရင်ခံတင်ပြလိုက်သည်။
ကျန်းယွဲ့လုက မည်သည့်စကားမှ မဆိုတော့ဘဲ လှည့်ထွက်သွား၏။
ချီရွှမ်းစုက ခဏမျှစဉ်းစားပြီးနောက် သူ၏ လက်အောက်ငယ်သားများနှင့် သွားရောက်တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့သည် ကျန်းယွဲ့လု၏ အစွမ်းအစမှာ ကြောက်ရွံ့သွားပြီး သူတို့၏ မကျေနပ်မှုကို ပေါ်ပေါ်ထင်ထင် မပြသရဲသော်လည်း သူတို့က ချီရွှမ်းစုကို အထင်မြင်သေးနေပေဦးမည်။ သူတို့သည် သူ့ကို ကျန်းယွဲ့လု၏ ပျော်တော်ဆက်ကောင်လေးဟုပင် ကင်ပွန်းတပ်ထားနိုင်သည်။
ချီရွှမ်းစု၏ လက်အောက်ငယ်သားများအားလုံးက အခန်းတစ်ခန်းထဲမှာ စုစည်းနေကြသည်။ ထိုနေရာမှာ ချီရွှမ်းစုအတွက် ထားပေးသော စားပွဲတစ်လုံးပင် ရှိနေသည်။ သူဝင်ရောက်လာသည့်အချိန်မှာ လူတိုင်းက သူတို့၏ လုပ်လက်စကို ရပ်တန့်ပြီး သူ့ကို ဦးညွှတ်လိုက်ကြ၏။
သူတို့သည် ချီရွှမ်းစုကို အပြည့်အဝ လက်မခံထားသော်လည်း အထူးသဖြင့် ရှုခိုကို သာဓကထားပြီး သူတို့က မကျေနပ်မှုကို ပေါ်ပေါ်ထင်ထင် မပြသရဲပေ။ ဒါ့အပြင် အဆင့်အတန်းများကို ဘေးချိတ်ထားမည်ဆိုလျှင် ချီရွှမ်းစု၏ လူမှုဆက်ဆံရေးကပင် သူတို့ မဆန့်ကျင်နိုင်သည့်အရာဖြစ်သည်။ ဒါ့အပြင် ကြီးကြပ်ရေးမှူးစွန်းသည် ချီရွှမ်းစုနှင့် နှစ်ရှည်လများ သိကျွမ်းလာခဲ့သလို ရင်းနှီးဖော်ရွေစွာ စကားပြောဆိုနေသည်ကို သူတို့ထဲမှတချို့က တွေ့မြင်ထားခဲ့သည်။ ချီရွှမ်းစု ပြန်ထွက်လာသည့်အချိန်မှာ ကြီးကြပ်ရေးမှူးစွန်းက အပြင်သို့ ကိုယ်တိုင်ပင် လိုက်ပါပို့ဆောင်ပေးခဲ့ပြီး သူတို့၏ ရင်းနှီးသော ဆက်ဆံရေးကို ဖော်ပြနေသည်။
ထို့ကြောင့် သူ့ကို မျက်နှာလိုမျက်နှာရလုပ်လိုသော လူတချို့ကလွဲလျှင် လူတိုင်းသည် ချီရွှမ်းစုကို ဝတ်ကျေတန်းကျေ ပျူငှာစွာ ဆက်ဆံပြီး ခပ်တန်းတန်း လေးစားမှုကို ထိန်းထားကြသည်။ ချီရွှမ်းစုက အထက်လူကြီးတစ်ယောက်လို ဟိတ်ဟန်ထုတ်မည်ဆိုလျှင် သူက သူ၏ လက်အောက်ငယ်သားများနှင့် ပို၍ပင် ဝေးကွာသွားပေလိမ့်မည်။
ချီရွှမ်းစုက မောက်မာဝင့်ကြွားတတ်သူ မဟုတ်ပေ။ ထိုသို့ဖြင့် သူက ပြန်လည်ဦးညွှတ်ပြီး ပြောလိုက်၏။
“အဆင့်-၇ တာအိုဆရာတစ်ဦးအနေနဲ့ အမှုဆောင်ရာထူးနဲ့ ကျုပ်က မထိုက်တန်ဘူးဆိုတာ သိပါတယ်… ဒါကြောင့် ခင်ဗျားတို့ရဲ့ နောက်ပိုင်းထောက်ပံ့ပေးမှုအတွက် ကျုပ်က နက်နက်ရှိုင်းရှိုင်းကျေးဇူးတင်ရလိမ့်မယ်… ကျုပ် ခင်ဗျားတို့အားလုံးကို ကျေးဇူးတင်စကား ကြိုပြောထားချင်တယ်”
ယခင်က ချီရွှမ်းစုသည် ရှုခိုကို လှောင်ပြောင်ထေ့ငေါ့ပြောဆိုခဲ့သည့်အတွက် သူက ပေါင်းသင်းရခက်ခဲသော အထက်လူကြီးဖြစ်မည်ဟု လူတိုင်းက တွေးထင်ထားခဲ့ကြသည်။ သို့သော်လည်း ကွဲလွဲဆန့်ကျင်နေသော သူ၏ ကိုယ်နှုတ်အမူအရာနှင့် လက်ရှိနှိမ့်ချမှုမှာ သူ့အပေါ် သူတို့၏ ထင်မြင်ချက်များကို အတော်များများက ပြန်လည်သုံးသပ်လာရတော့သည်။