ဂမ္ဘီရဝိဇ္ဇာ
Vol. 5 Ch. 44
အခြားသော အလောင်းများ၏ အခြေအနေများက ဆင်တူနေသည်။ သူတို့အများစုသည် ရွှင်မြူးအားရနေသော အခြေအနေမှာ သွေးထွက်လွန်၍ ကောက်ကာငင်ကာ သေဆုံးခဲ့ကြသည်။
လင်းချွမ်ကျီက ပြောလိုက်၏။
“ဖုတ်ကောင်တွေက သွေးစုပ်ပေမယ့် ပုံရိပ်ယောင်တွေကို အသုံးမပြုနိုင်ဘူး… ဒါပေမယ့် တစ္ဆေတွေကတော့ ပုံရိပ်ယောင်တွေကို အသုံးပြုနိုင်တယ်… ဥပမာ မင်းတို့တွေက စွန့်ပစ်ခံထားရတဲ့ အိမ်တစ်လုံးမှာ ဒါမှမဟုတ် ရှေးဟောင်းဘုရားကျောင်းတစ်ခုမှာ ညဘက် ချောမောလှပတဲ့ အမျိုးသမီးတစ်ဦးကို တွေ့မြင်ရမယ်ဆိုရင် အဲ့ဒါ တစ္ဆေတွေဖန်တီးထားတဲ့ လှည့်စားမှုတစ်ခု ဖြစ်ဖို့များတယ်… ဒါပေမယ့် တစ္ဆေတွေမှာ ကိုယ်ကာယခန္ဓာ မရှိတဲ့အတွက် သူတို့က သွေးမစုပ်နိုင်ဘူး… လူတွေရဲ့ ယန်စွမ်းအင်ကိုပဲ စုပ်ယူနိုင်တယ်”
“မိစ္ဆာတွေကပဲ သွေးကိုစုပ်ယူပြီး ပုံရိပ်ယောင်တွေကို အသုံးပြုနိုင်စွမ်းရှိတယ်… မြေခွေးမိစ္ဆာတွေနဲ့ ကြောင်မိစ္ဆာတွေက အဲ့ဒီနေရာမှာ ကျွမ်းကျင်ကြတယ်။”
ကျန်းယွဲ့လုက ပြောလိုက်၏။
“မြေခွေးမိစ္ဆာနဲ့ ကြောင်မိစ္ဆာတွေလား… ပြဿနာက အဲ့လောက်ထိ ရိုးရှင်းမယ်လို့ ကျွန်မတော့ မထင်ဘူး”
လင်းချွမ်ကျီက ခေါင်းညိတ်၍ ပြောလိုက်၏။
“ဟုတ်ပါတယ်... တကယ်ပဲ မရိုးရှင်းဘူး”
ကျန်းယွဲ့လုက မေးလိုက်၏။
“အမှုဆောင်ချီ… ရှင်ကော ဘယ်လိုထင်လဲ”
ချီရွှမ်းစုက ပြောလိုက်၏။
“ကျုပ် နည်းနည်းတော့ သိချင်မိတယ်… အဲ့ဒီမိစ္ဆာတွေက ဒီတာအိုဘုရားကျောင်းထဲက လူတွေကို ဘာလို့သတ်ရတာလဲ… အဲ့ဒါက သူတို့လုပ်နိုင်တာကို ရိုးရှင်းစွာပြတာမဟုတ်ဘဲ ရန်စတာနဲ့ ပိုတူနေသလိုပဲ… သူတို့ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ”
“ရည်ရွယ်ချက်…”
ကျန်းယွဲ့လုက သူမ၏ လက်မှ ချီအကာကို ပယ်ဖျက်လိုက်၏။
“ကျွန်မလည်း အဲ့ဒါနဲ့ပတ်သက်ပြီး သိချင်မိတယ်… ဒီနေရာမှာ ငွေကြေးဥစ္စာမရှိဘူး… ဒီမိစ္ဆာအုပ်စုက အနောက်ဘက်ဒေသရဲ့ ဒေသခံတွေမဟုတ်ဘူး… ဒီကို အခုမှ ရောက်လာကြတာပဲ… အနောက်ဘက်ဒေသ တာအိုစံအိမ်က သူတို့ကို အရေးလုပ်နေဖို့ အချိန်မရတဲ့အတွက် မုန်းတီးမှုကို အခြေခံတဲ့ ကျူးလွန်မှုလည်း မဟုတ်နိုင်ဘူး… အဲ့ဒီ ဖြစ်နိုင်ခြေနှစ်ခုကို ဖယ်ထုတ်လိုက်မယ်ဆိုရင် ရန်စတာက ဖြစ်နိုင်ခြေ အရှိဆုံးပဲ”
“တာအိုဂိုဏ်းတော်ကို ရန်စတာက သက်သက်သေချင်နေတာပဲ”
လင်းချွမ်ကျီက မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။
“ထျန်ကန်းခန်းမမှာ ခန်းမသခင်တစ်ဦးနဲ့ လက်ထောက်ခန်းမသခင် ၉ ဦး ရှိတယ်… တခြားကျန်တဲ့ တန်ခိုးရှင်သူတော်စင် ၃၆ ပါးနဲ့ လက်ထောက်မဟာအကြီးအကဲ ၃ ဦးကလည်း ကျုပ်တို့ခန်းမသခင်ကို ထောက်ကန်ပေးထားတယ်… ပြီးခဲ့တဲ့ နှစ်ပေါင်းရာချီမှာ ကျုပ်တို့ရဲ့လက်ထဲ သေခဲ့ရတဲ့ အင်မော်တယ်တွေဆိုတာ အများကြီးပဲ”
ချီရွှမ်းစုက မေးလိုက်၏။
“သူတို့တွေက သွေးထိုးလှုံ့ဆော်ခံရတာ ဖြစ်ကောင်းဖြစ်နိုင်တယ်… ဘာပဲပြောပြော သူတို့က ဒီဒေသကို အခုမှရောက်လာတာဆိုတော့ တာအိုဂိုဏ်းတော်က ဘယ်လောက် စွမ်းအားကြီးမားသလဲ သတိထားမိမှာမဟုတ်ဘူး… အဲ့ဒါက အဓိပ္ပာယ်တော့ရှိတယ်”
လင်းချွမ်ကျီက အေးစက်စွာ ပြောလိုက်၏။
“သူတို့တွေက သွေးထိုးလှုံ့ဆော်ခံရတာပဲဖြစ်ဖြစ် လှည့်စားခံရတာပဲဖြစ်ဖြစ် သူတို့က ဒီလိုမျိုး ကြီးလေးတဲ့ပြစ်မှုကို ကျူးလွန်လာပြီဆိုမှတော့ သေကြရမယ်”
ကျန်းယွဲ့လုက တစ်စုံတစ်ရာကို ရုတ်တရက် တွေးမိသွားပြီး ပြောလိုက်၏။
“ဒါဆိုရင်တော့ မတူတော့ဘူး… နောက်ကွယ်မှာ ကြိုးကိုင်ခြယ်လှယ်သူ အမှန်တကယ်ရှိနေမယ်ဆိုရင် ပြစ်မှုကိုကျူးလွန်ခဲ့တဲ့ အဲ့ဒီမိစ္ဆာအုပ်စုက လက်နက်တွေအဖြစ် အသုံးချခံခဲ့ရရုံပဲ… နောက်ကွယ်မှာ ဘယ်သူရှိနေသလဲ၊ တာအိုဂိုဏ်းတော်နဲ့ ရန်သူတွေ ဖြစ်ချင်တာ ဘယ်သူလဲဆိုတာ ကျွန်မတို့ ရှာဖို့လိုတယ်”
ကျောက်ပိုင်က ဝင်ရောက်ပြောဆိုလိုက်၏။
“ရည်ရွယ်ချက်ဆိုမှပဲ… ဒီမိစ္ဆာအုပ်စုက တခြားသူတွေရဲ့ သွေးထိုးလှုံ့ဆော်ခံရတာလို့ ကျုပ်တို့ ယူဆမယ်ဆိုရင် အဲ့ဒီကြိုးကိုင်ခြယ်လှယ်သူရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ”
ထိုအချက်မှာ ကျန်းယွဲ့လုက တစ်စုံတစ်ရာကို အမှတ်ရသွား၏။ သူမက တစ်ဖက်သို့လှည့်ပြီး အလောင်းများကို နောက်တစ်ဖန် သေသေချာချာ စစ်ဆေးကြည့်လိုက်၏။
ချီရွှမ်းစုကလည်း ကျန်းယွဲ့လု၏ အကြည့်တိုင်း လိုက်ပါကြည့်ရှုလိုက်၏။
ကျန်းယွဲ့လုက မေးလိုက်၏။
“အမှုဆောင်ချီ… ရှင်ဘာတွေ့လဲ”
ချီရွှမ်းစုက ဖြေလိုက်၏။
“ကျုပ် အခုချိန်ထိ ဘာမှတော့ မတွေ့သေးဘူး… ဒါပေမယ့် ခန့်မှန်းမိတာတစ်ခုတော့ရှိတယ်… ဒီအလောင်းတွေမှာ တစ်ခုခု ပျောက်ဆုံးနေမလား”
ကျန်းယွဲ့လုက သူမ၏ လက်အောက်ငယ်သားများကို ချက်ချင်းပင် အမိန့်ပေးလိုက်၏။
“အလောင်းတွေကို ပြန်ပြီး စစ်ဆေးကြည့်ကြ… ကိုယ်တွင်းအင်္ဂါတွေကို အဓိက အာရုံစိုက်ကြည့်… မိစ္ဆာဝါဒီတွေက အဲ့ဒါကိုသုံးပြီး ယဇ်ပူဇော်လေ့ရှိကြတယ်”
ရုပ်ကလာပ်စစ်ဆေးမှုမှာ ကျွမ်းကျင်သော ရှုကျန်းနှင့် အခြားသော လက်အောက်ငယ်သားများက ရှေ့သို့တက်လှမ်းလာပြီး အလောင်းများကို နောက်တစ်ဖန် ဂရုတစိုက် စစ်ဆေးကြည့်လိုက်ကြ၏။
ခဏနေပြီးနောက် ရှုကျန်းက ခေါင်းခါပြီး ပြောလိုက်၏။
“ကိုယ်တွင်းအင်္ဂါတွေအားလုံးက ပုံမပျက် ရှိနေတယ်”
ကျန်းယွဲ့လုက အနည်းငယ် စဉ်းစားတွေးတောသွား၏။ ထို့နောက် သူမက လင်းချွမ်ကျီကိုကြည့်ပြီး ပြောလိုက်၏။
“ကြီးကြပ်ရေးမှူးလင်းချွမ်… ကျေးဇူးပြုပြီး သူတို့ရဲ့ စိတ်ဝိညာဉ်စံအိမ်တွေကို စစ်ဆေးကြည့်ပေးပါ”
လင်းချွမ်ကျီက သူလုပ်ရမည့်တာဝန်ကို နားလည်သဘောပေါက်သွား၏။ သူက ချက်ချင်းပင် သူ၏ စိတ်အာရုံကို စုစည်းပြီး အလောင်းများ၏ စိတ်ဝိညာဉ်စံအိမ်သို့ ပို့လွှတ်လိုက်၏။
လူသားဦးခေါင်းထဲမှာ ကောင်းကင်ဘုံကိုးလွှာအလိုက် စံအိမ်ကိုးခုရှိသည်ဟု တာအိုဝါဒီများက ယုံကြည်ကြသည်။ အထက်ဒါန်ထျန်ဖြစ်သော ဦးခေါင်း၏ အလယ်ဗဟိုမှာ စိတ်ဝိညာဉ်စံအိမ်ရှိလေသည်။
ဂမ္ဘီရဝိဇ္ဇာများ၏ ကွေ့ကျန်းအဆင့်ကို မိုးကြိုးနယ်ပယ်ဟုလည်း ခေါ်ဆိုကြသည်။ ဝိညာဉ်စေလွှတ်သော ဂမ္ဘီရဝိဇ္ဇာတစ်ဦးသည် နေ့အလင်းရောင်နှင့် မိုးကြိုးဟူသော အရာနှစ်ခုကို အကြောက်ရဆုံးဖြစ်သည်။ အထူးသဖြင့် နွေဦးမိုးကြိုးက အဆိုးဝါးဆုံးဖြစ်သည်။ နွေဦးမိုးကြိုးသံသည် လူတစ်ယောက်၏ ဝိညာဉ်ကို ကြေမွပျက်စီးသွားစေနိုင်သောကြောင့်ပင်။ ခန္ဓာ၏ ကာကွယ်မှုမရှိဘဲ ဝိညာဉ်က ဆုတ်ဖြဲခံရနိုင်သည်။
ကွေ့ကျန်းအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးက အာကာသနယ်မြေဖြစ်စဉ်များကို အာရုံခံနိုင်၊ တုပနိုင်သည့် ကောင်းကင်ဘုံအချိတ်အဆက်နယ်ပယ်မှာ ရှိနေသည်။ ဤနယ်ပယ်မှာ အာဝဇ္ဇန်းနွေဦးမိုးကြိုးဟု ခေါ်ဆိုသည့် နည်းစနစ်တစ်ခုရှိပြီး ၎င်းသည် ဗုဒ္ဓကျောင်းတော်များမှ ခြင်္သေ့ဟိန်းသံနှင့် ဆင်တူသည်။
အာဝဇ္ဇန်းနွေဦးမိုးကြိုးသည် နွေဦးမိုးကြိုး၏ ထစ်ချုန်းသံကို တုပထားပြီး လူတစ်ယောက်၏ သွေးများကို ဆူပွက်စေနိုင်သည်။ ထို့ကြောင့် ၎င်းသည် ဆိုးယုတ်စိတ်ဝိညာဉ်များနှင့် တစ္ဆေသရဲများကို ချုပ်ထိန်းရာမှာ သက်ရောက်မှုအရှိဆုံးဖြစ်သည်။ ကွေ့ကျန်းအဆင့်အောက် ဂမ္ဘီရဝိဇ္ဇာများသည် ဤနည်းစနစ်ကို တုံ့ပြန်တိုက်ခိုက်နိုင်ခြင်း မရှိချေ။
သို့သော်လည်း ဤကဲ့သို့သော နည်းလမ်းများသည် ချီသန့်စင်သူများအပေါ် သက်ရောက်မှု အနည်းငယ်သာရှိပြီး နတ်သက်ကြွေအင်မော်တယ်များအပေါ် အသုံးဝင်မှု မရှိသလောက်နီးပါးပင်။ လမ်းစဉ်ကြီး အတော်များများထဲမှာ နတ်သတ်ကြွေအင်မော်တယ်များက အားနည်းချက် မရှိသလောက်နီးပါးဖြစ်ပြီး ချီသန့်စင်သူများက ဒုတိယနေရာမှာ ရှိနေသည်။ အခြားသော လမ်းစဉ်ကြီးများမှာ အားနည်းချက်နှင့် အားသာချက်များ အသီးသီးရှိနေကြသည်။
သို့သော်လည်း ကွေ့ကျန်းအဆင့်၏ မိုးကြိုးနယ်ပယ်သို့ ရောက်ရှိလာပြီးနောက် ဂမ္ဘီရဝိဇ္ဇာတစ်ဦးသည် နေ့အလင်းရောင်နှင့် မိုးကြိုးတို့ကို ဆက်လက်၍ ကြောက်စရာ မလိုတော့ချေ။ သူတို့သည် နေ့ဘက်မှာပင် ဝိညာဉ်စေလွှတ်နိုင်ကြသည်။ သူတို့သည် မိုးကြိုးဖြင့် တိုက်ရိုက်ထိခတ်မခံရသရွေ့ သူတို့ကို လုံးဝထိခိုက်စေလိမ့်မည် မဟုတ်ပေ။ သူတို့သည် သဘာဝအရ ချုပ်ထိန်းခံထားရသော်လည်း အနည်းဆုံးတော့ တုံ့ပြန်တိုက်ခိုက်နိုင်ခွင့် ရှိနေသေးသည်။
လူသားခန္ဓာကိုယ်ထဲမှာ သွေးကြောဆုံမှတ် ၁၂၀၀ ကျော်ရှိပြီး ထိုအထဲမှာ ရေကန်များနှင့်တူသည့် အဓိကသွေးကြောဆုံမှတ် ၃၆၅ ခု ရှိနေသည်။ ပင်မဒါန်ထျန် ၃ ခုသည် ကျယ်ပြောသော သမုဒ္ဒရာ ၃ စင်းနှင့်တူပြီး ပင်မမရီးဒျာန် ၁၂ ခုနှင့် ထူးခြားဆန်းကြယ်သွေးကြောမ ၈ ခုဖြင့် ချိတ်ဆက်နေလေသည်။ မရီးဒျာန်များနှင့် အခြားသော သွေးကြောမများက ကြီးမားသောကွန်ရက်တစ်ခုကို ဖြစ်ပေါ်စေပြီး ချီများက အထဲမှာ မြစ်တစ်စင်းလို အတောမသတ် လှည့်ပတ်စီးဆင်းနေသည်။
ကွေ့ကျန်းအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးသည် သွေးကြောဆုံမှတ် ၁၈၃ ခုကို စုဖွဲ့နိုင်ပြီး ထိုအဆင့်မှာ ဂမ္ဘီရဝိဇ္ဇာတစ်ဦးကတော့ ဉာဏ်ကွန့်မြူးမှု ၁၈၃ ခုကို ရရှိနိုင်သည်။
ဂမ္ဘီရဝိဇ္ဇာတစ်ဦးက ယန်ရှန်နယ်ပယ်သို့ မရောက်ခင် ဆုံးရှုံးသွားသော ဉာဏ်ကွန့်မြူးမှုတစ်ခုကို ပြန်လည်မရယူနိုင်ပေ။ ၎င်းကို ဆုံးရှုံးသွားမည်ဆိုလျှင် အပြီးတိုင် ဆုံးရှုံးသွားပေလိမ့်မည်။ ဂမ္ဘီရဝိဇ္ဇာတစ်ဦးအတွက်တော့ ဉာဏ်ကွန့်မြူးမှုများသည် ကိုယ်ခံပညာသိုင်းသမား၏ သွေးကြောဆုံမှတ်များနှင့် တူသည်။ နတ်ဘုရားဂုဏ်နယ်ပယ်မှာ ကိုယ်ခံပညာသိုင်းသမားတစ်ဦးက သွေးကြောဆုံမှတ်များထဲတွင် ခန္ဓာနှင့်စိတ်ဝိညာဉ်ကို စုဖွဲ့နိုင်ကြသည်။ ထိုနည်းတူစွာပင် ဒြပ်ဝတ္ထုများကို ဖန်တီးနိုင်သည့် ဒြပ်ဖန်နယ်ပယ်မှာ ဂမ္ဘီရဝိဇ္ဇာတစ်ဦးသည် ဉာဏ်ကွန့်မြူးမှုတစ်ခုကို ရုပ်ပိုင်းဆိုင်ရာတစ်စုံတစ်ရာအဖြစ် ပြောင်းလဲပစ်နိုင်သည်။ ဉာဏ်ကွန့်မြူးမှုတစ်ခုကို ဖျက်ဆီးခြင်းသည် သွေးကြောဆုံမှတ်တစ်ခုကို ဖျက်ဆီးခြင်းနှင့်တူသည်။ ထိုသို့ပြုလုပ်ခြင်းက အသက်ကို မသေစေနိုင်သော်လည်း ဂမ္ဘီရဝိဇ္ဇာ၏ ကျင့်ကြံမှုအဆင့်ကို ပျက်စီးထိခိုက်စေပေလိမ့်မည်။
လင်းချွမ်ကျီက ကွေ့ကျန်းအဆင့်၏ မိုးကြိုးနယ်ပယ် ဂမ္ဘီရဝိဇ္ဇာတစ်ဦးဖြစ်ပြီး နေ့ဘက်မှာပင် ဝိညာဉ်စေလွှတ်နိုင်သည်။ သူ့ဝိညာဉ်ကိုစုစည်း၍ ခန္ဓာကိုယ်အပြင်ဘက်မှာ ပယ်ဖျက်ကာ ဉာဏ်ကွန့်မြူးမှုများအဖြစ် ပြောင်းလဲနိုင်သည်။ ထိုသို့ဖြင့် သူသည် ဉာဏ်ကွန့်မြူးမှု ၁၃ ခုကို ထုတ်ပြီး အလောင်း ၁၃ လောင်းထဲသို့ စေလွှတ်လိုက်၏။
ဥပမာ.. အတွေ့အကြုံရှိသော စုံစမ်းရေးမှူးတစ်ဦးသည် အလောင်းကိုကြည့်ခြင်းအားဖြင့် ထိုသူက ပြုတ်ကျပြီးသေဆုံးသလား သို့မဟုတ် သေဆုံးပြီးမှ ပစ်ချခံရသလား ဆုံးဖြတ်နိုင်လေသည်။
ထိုနည်းတူစွာပင် ဂမ္ဘီရဝိဇ္ဇာများက ဝိညာဉ်ရှာဖွေခြင်းအတတ်မှာ ကျွမ်းကျင်ပိုင်နိုင်ကြသည်။ သူတို့သည် စိတ်ဝိညာဉ်စံအိမ်ထဲရှိ သဲလွန်စများကိုကြည့်ပြီး ဝိညာဉ်က သေဆုံးပြီးနောက် သူ့ဘာသာသူ ပျက်ပြယ်သွားသလား သို့မဟုတ် အတင်းအကျပ် နုတ်ယူခံသွားရသလား အကဲဖြတ်နိုင်ကြသည်။
ခဏနေပြီးနောက် လင်းချွမ်ကျီက သူ၏ ဉာဏ်ကွန့်မြူးမှုများကို ပြန်လည်ရုပ်သိမ်းလိုက်၏။ သူ့မျက်နှာအမူအရာက တည်ကြည်လေးနက်နေပြီး သူရှာတွေ့ထားသည်များကို အစီရင်ခံ တင်ပြလိုက်၏။
“လက်ထောက်ခန်းမသခင် ပြောတာက မှန်ပါတယ်… ဒီလူတွေရဲ့ စိတ်ဝိညာဉ်စံအိမ်ထဲမှာ ပျက်စီးထိခိုက်ထားတဲ့ လက္ခဏာတွေရှိနေတယ်… သူတို့ရဲ့ ဝိညာဉ်တွေက အတင်းအကျပ် နုတ်ယူခံထားရတာပဲ”
ကျန်းယွဲ့လုက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဒါက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်ရုံတင်မဟုတ်ဘဲ ဝိညာဉ်ရိတ်သိမ်းမှုတစ်ခုပါ ဖြစ်နေတာကိုး”
ဝိညာဉ်ရိတ်သိမ်းခြင်းသည် သတ်ဖြတ်ခြင်းဆိုင်ရာ မှော်အစီအရင်တစ်ခုနှင့် ပတ်သက်နေသော နည်းစနစ်တစ်ခုဖြစ်သည်။ သတ်ဖြတ်ပြီးနောက် သေဆုံးသူ၏ ဝိညာဉ်ကို ထူးခြားသော သိုလှောင်အိုးတစ်ခုထဲမှာ ထည့်သိမ်းမည်ဖြစ်သည်။
ဤသည်မှာ တစ္ဆေသရဲများ မွေးမြူသည့် တာအိုနည်းလမ်းနှင့် ကွဲပြားလေသည်။ သေဆုံးပြီးနောက် ဝိညာဉ်က ကောင်းကင်ဆီပြန်သွားပြီး စိတ်ဝိညာဉ်က မြေကမ္ဘာဆီပြန်သွားကာ အလောင်းသုံးဖော်က တစ္ဆေအဖြစ် ပြောင်းလဲသွားမည်ဟု တာအိုကျမ်းစာတစ်ခုမှာ ဖော်ပြထားသည်။
လူသားများမှာ အထက်ဒါန်ထျန်၊ အလယ်ဒါန်ထျန်နှင့် အောက်ဒါန်ထျန်ဟူ၍ အဓိက ဒါန်ထျန် ၃ ခု ရှိသည်။ ဒါန်ထျန်တစ်ခုချင်းစီမှာ နတ်တစ်ပါး(ကိုယ်စောင့်နတ်)ကိန်းအောင်းနေပြီး အားလုံးကိုခြုံငုံ၍ အလောင်းသုံးဖော်ဟု ခေါ်ဆိုကြသည်။
လူသားခန္ဓာက လှောင်ချိုင့်တစ်ခုနှင့် တူသည်။ လူသွေးသည် အလောင်းသုံးဖော်ကို ခန္ဓာကိုယ်ထဲမှာ ချုပ်ထိန်းထားပြီး သူတို့က မလွတ်မြောက်နိုင်ကြပေ။ ထို့ကြောင့် ထိုလူသေဆုံးပြီးမှသာ အလောင်းသုံးဖော်က ထွက်ခွာနိုင်ကြသည်။
လူသားခန္ဓာ၏ ချုပ်ထိန်းမှုမရှိသည့်အခါ အလောင်းသုံးဖော်သည် အမွှေးနံ့သာ ပူဇော်မှုကို ခံယူနိုင်၊ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကို သိမ်းဆည်းထားနိုင်သည့် တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ မပြည့်စုံသော မှတ်ဉာဏ်ကြောင့် တစ္ဆေသည် ဝိညာဉ်နှင့်မတူဘဲ မကောင်းသော လူသားစိတ်ဆန္ဒများစွာကို သယ်ဆောင်ထားသည်။ ထို့ကြောင့် တစ္ဆေတစ်ကောင်က လူရူးတစ်ယောက်နှင့်တူသည်။ ထို့ကြောင့်ပင် စွမ်းအားကြီးမားသော တစ္ဆေများက လူသားများကို မကြာခဏ ထိခိုက်အောင် လုပ်တတ်ကြခြင်း ဖြစ်သည်။
လူတစ်ယောက် သေဆုံးပြီးမှသာ အလောင်းသုံးဖော်သည် တစ္ဆေတစ်ကောင်အဖြစ် လွတ်လပ်စွာ ကျက်စားသွားလာနိုင်သောကြောင့် တစ္ဆေသည် ထိုသူအရွယ်မတိုင်ခင် သေဆုံးဖို့ကို မျှော်လင့်နေတတ်ပြီး လူသားကို တိတ်တဆိတ်တိုက်ခိုက်ကာ စိတ်ဝိညာဉ်ရှင်သန်မှုကို ဖျက်ဆီးတတ်ကြသည်။ များသောအားဖြင့် လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က ပိုမိုမြင့်မားလာလေ အလောင်းသုံးဖော်က ပို၍ စွမ်းအားကြီးမားလာလေပင်။ ထို့ကြောင့် အင်မော်တယ်တစ်ပါးသာလျှင် ထာဝရရှင်သန်နိုင်ကြသည်။
ကောင်းကင်ဘုံသက်ရှိတစ်ဦးပင်လျှင် နောက်ဆုံးမှာ သေခြင်းတရားကို မလွဲမသွေ ရင်ဆိုင်ရပေလိမ့်မည်။ ထို့ကြောင့်ပင် အင်မော်တယ်တစ်ပါးဖြစ်လာဖို့အတွက် အလောင်းသုံးဖော်ကို သတ်ဖြတ်ပြီး ပိုးကောင်ကိုးကောင်ကို ဆွဲထုတ်ရခြင်းဖြစ်သည်။
ဤသည်မှာ တစ္ဆေများကို ထိန်းချုပ်၍ရနိုင်သည့် အကြောင်းအရင်းလည်း ဖြစ်သည်။ ထို့ကြောင့် တစ္ဆေမွေးမြူခြင်းကို လွဲမှားသော အယူဝါဒ သို့မဟုတ် သေဆုံးသူကို မလေးမစား ပြုမူခြင်းဟု မသတ်မှတ်ကြပေ။ သို့သော်လည်း ဝိညာဉ်ကို အတင်းအကျပ်နုတ်ယူပြီး ၎င်းကို ကောင်းကင်နှင့် မြေကြီးထံ ပြန်မသွားနိုင်အောင် ပြုလုပ်ခြင်းသည် လွဲမှားသော မိစ္ဆာအယူဝါဒဖြစ်သည်။
ဤအသိပညာကို တာအိုဂိုဏ်းတော်မှ လျှို့ဝှက်ထားခြင်းမရှိဘဲ ဝမ်ရှန်းတာအိုနန်းတော်၏ အခြေခံသင်ရိုးများမှာ ထည့်သွင်းသင်ကြားပေးသည်။ ထို့ကြောင့် များစွာရှင်းပြစရာမလိုဘဲ လက်ရှိအခြေအနေ၏ အတိမ်အနက်ကို လူတိုင်းက နားလည်သဘောပေါက်သွားကြပြီ ဖြစ်၏။
ဤအကြမ်းဖက်မှု၏ အဓိကရည်ရွယ်ချက်မှာ နစ်နာသူများ၏ သက်ရှိဝိညာဉ်များကို ရယူဖို့ ဖြစ်နေသည်။
ထျန်ကန်းခန်းမနှင့် ပေချန်ခန်းမသည် ယခင်က ဤကဲ့သို့ ဆင်တူသောအမှုကိစ္စများစွာကို ကိုင်တွယ်ဖြေရှင်းထားခဲ့ပြီးသား ဖြစ်သည်။ သက်ရှိဝိညာဉ်များ ပါဝင်ပတ်သက်လာသည်နှင့် ထိုအမှုသည် မိစ္ဆာဝါဒများ၊ ယဇ်ပူဇော်ခြင်းများနှင့် ပတ်သက်ဆက်စပ်နေဖို့ ဖြစ်နိုင်ခြေများသည်။ ထိုမိစ္ဆာဝါဒီများကို သနားညှာတာမှုမရှိဘဲ အမြစ်ပြတ် သုတ်သင်ရမည်ဖြစ်၏။ မိစ္ဆာဝါဒီအများစုက ဆင်ခြင်တုံတရားမရှိဘဲ လုပ်ဆောင်တတ်ကြပြီး သူတို့က သေကြေပျက်စီး ထိခိုက်မှုများစွာကို အလွယ်တကူ ကျူးလွန်နိုင်ကြသည်။
ကျန်းယွဲ့လုက မျက်မှောင်ကြုတ်၍ အနောက်ဘက်ဒေသတာအိုစံအိမ်မှ အစောင့်နှစ်ဦးကို မေးလိုက်၏။
“သေဆုံးသွားတဲ့ ဒီတာအိုဆရာတွေက ဘယ်လမ်းစဉ်တွေကို လိုက်စားကြသလဲ”
သူတို့ထဲမှ တစ်ယောက်က ပြန်ဖြေလိုက်၏။
“သူတို့က… ဂမ္ဘီရဝိဇ္ဇာ ၆ ဦး၊ ကိုယ်ခံပညာသိုင်းသမား ၄ ဦး၊ ချီသန့်စင်သူ ၂ ဦးနဲ့ လေလွင့်ကျင့်ကြံသူ ၂ ဦးပါ။”
“ဂမ္ဘီရဝိဇ္ဇာ ၆ ဦး…”
လင်းချွမ်ကျီက ရုတ်တရက် တစ်စုံတရာကို တွေးမိသွားပြီး ပြောလိုက်၏။
“သူတို့က ပီရှန်ဘုရားကျောင်းကို တိုက်ခိုက်ခဲ့တာ မထူးဆန်းတော့ဘူး… ရှေးကျတဲ့ အင်မော်တယ်တွေက ဂမ္ဘီရဝိဇ္ဇာတွေရဲ့ ဝိညာဉ်တွေကို ပိုပြီးတော့ နှစ်သက်သဘောကျလေ့ရှိတယ်… သူတို့က တခြားဝိညာဉ်တွေထက် ပိုပြီးတော့ အာဟာရဖြစ်လို့ပဲ”
ချီရွှမ်းစုက ဝင်ရောက်ပြောဆိုလိုက်၏။
“ဒါဆို ပီရှန်ဘုရားကျောင်းမှာ နေထိုင်ခဲ့တာက လူ ၁၄ ယောက် ဖြစ်ရမှာပေါ့… ဒါပေမယ့် ဒီနေရာမှာ အလောင်း ၁၃ လောင်းပဲရှိတယ်… လူတစ်ယောက် ပျောက်နေတယ်။”
ကျန်းယွဲ့လုက အနောက်ဘက်ဒေသတာအိုစံအိမ်မှ အစောင့်နှစ်ဦးကို လှည့်ကြည့်လိုက်၏။
အစောင့်နှစ်ဦးက ပူဆွေးဝမ်းနည်းသော အမူအရာများဖြင့် ပြောလိုက်ကြ၏။
“ကျုပ်တို့တွေလည်း မသိပါဘူး… ထျန်ကန်းခန်းမက လူတွေ ရောက်လာတဲ့အထိ ဒီနေရာမှာ စောင့်နေဖို့ ကျုပ်တို့ကို မှာထားတာ… ကျုပ်တို့ ဒီကိုရောက်တဲ့အချိန်မှာ အလောင်း ၁၃ လောင်းပဲ ရှိတယ်။”
ကြီးကြပ်ရေးမှူးအဖြစ် ထမ်းဆောင်လာသည်မှာ ကြာခဲ့ပြီဖြစ်သော လင်းချွမ်ကျီက ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။ သူက မကျေနပ်သောလေသံဖြင့် ပြောလိုက်၏။
“အနောက်ဘက်ဒေသတာအိုစံအိမ်က တော်တော် နမော်နမဲ့နိုင်တာပဲ… လူတစ်ယောက်ပျောက်ပြီး သေလားရှင်သလား မသိရတာတောင်မှ သူတို့တွေက စုံစမ်းစစ်ဆေးမှု မလုပ်ကြဘူး… အဲ့ဒါကို အမှုတွဲထဲမှာတောင် ထည့်ရေးမထားဘူး”
“သူတို့လုပ်ခဲ့တာက ကျုပ်တို့ ရောက်လာကို စောင့်တာပဲ… အမှုခင်းဖြစ်တဲ့ အချိန်တုန်းက သူတို့သာ ပျောက်နေတဲ့လူကို ရှာဖို့ လူတချို့ စေလွှတ်ပေးမယ်ဆိုရင် ပီရှန်ဘုရားကျောင်းမှာ ဖြစ်ပျက်ခဲ့တာကို ရှာဖွေဖော်ထုတ်နိုင်လောက်မှာ”
ကျန်းယွဲ့လုက သက်ပြင်းချပြီး ပြောလိုက်၏။
“အခုမှ ဒါကို ပြောနေလည်းအပိုပဲ… ငါတို့ရဲ့ ပထမဦးစားပေးက ပျောက်နေတဲ့လူကိုရှာဖို့ ဖြစ်သွားပြီ… သူ့ဆီမှာ ဒါတွေအားလုံးရဲ့ သဲလွန်စ ရှိနေနိုင်တယ်”
လင်းချွမ်ကျီက ပြောလိုက်၏။
“လက်ထောက်ခန်းမသခင်… အမိန့်ရှိပါ”
ကျန်းယွဲ့လုက ညွှန်ကြားလိုက်၏။
“မိခင်-ကလေးအဆောင်ကို ပြင်ထားကြ… အမှုဆောင်ချီနဲ့ ကျွန်မနဲ့က တစ်တွဲသွားမယ်… ကြီးကြပ်ရေးမှူးလင်းချွမ်နဲ့ အမှုဆောင်ရှုက တစ်တွဲသွားပြီး ရှာဖွေကြ… ဘယ်လိုအခြေအနေနဲ့ပဲ ကြုံရကြုံရ ပီရှန်ဘုရားကျောင်းကနေ 25 မိုင်အတွင်းမှာပဲ ရှာဖွေရမယ်… တခြားသူတွေကတော့ ဒီမှာနေခဲ့ပြီး အမှုဆောင်ကျိုးနဲ့ အမှုဆောင်မူရဲ့ အမိန့်ကိုနာခံကြ”
လူတိုင်းက တပြိုင်နက်တည်း တုံ့ပြန်လိုက်ကြ၏။
“ကောင်းပါပြီ… လက်ထောက်ခန်းမသခင်။”