← Chapters

လူ ၁၄ ယောက်

Vol. 5 Ch. 45

လူ ၁၄ ယောက်

Vol. 5 Ch. 45

ချီရွှမ်းစုက ကျန်းယွဲ့လုနှင့်အတူ ပီရှန်ဘုရားကျောင်းထဲကနေ မြောက်ဘက်သို့ ထွက်ခွာသွားပြီး လင်းချွမ်ကျီနှင့်ရှုကျန်းက တောင်ဘက်သို့ ထွက်ခွာသွားသည်။

ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက မြင်းကို ဘေးချင်းယှဉ်ကာ စီးနေကြ၏။

“ထျန်းယွမ်… ကျွန်မရဲ့ကျင့်ကြံမှုအဆင့်က ရှင့်ထက် ပိုမြင့်တယ်ဆိုပေမယ့် စစ်မှန်တဲ့ လောကအတွေ့အကြုံမှာ ကျွန်မက ရှင့်ထက်နိမ့်ကျတယ်… အဲဒါကြောင့် ကျွန်မ ရှင့်ကို ခေါ်လာခဲ့တာပဲ”

သူတို့နှစ်ယောက်တည်း ရှိနေသည့်အချိန်မှာ ကျန်းယွဲ့လုက သူ့ကိုအမှုဆောင်ချီဟု ဆက်လက်၍ မခေါ်ဆိုတော့ပေ။

စိတ်အာရုံအနည်းငယ် ပျံ့လွင့်နေသော ချီရွှမ်းစုက ပြောလိုက်၏။

“တကယ်တော့… အမှုဆောင်ပိုင်မှာလည်း စစ်မှန်တဲ့ လောကအတွေ့အကြုံတွေ အများကြီး ရှိတာပဲ”

ထိုစကားထွက်သွားသည်နှင့် တစ်စုံတစ်ရာ လွဲမှားနေသည်ကို ချီရွှမ်းစုက နားလည်သဘောပေါက်လိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။

ကျန်းယွဲ့လုက သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။

“ရှင်က ဘာကို ဆိုလိုတာလဲ… ပိုပြီးတော့ ရှင်းလင်းအောင်ပြောတာ ကောင်းလိမ့်မယ်”

ချီရွှမ်းစုက ညင်သာစွာချောင်းဟန့်လိုက်၏။

“ကျုပ်က ဒီတိုင်း… လွှတ်ခနဲ ပြောမိသွားတာပါ”

ကျန်းယွဲ့လုက လက်ထောက်ခန်းမသခင်တစ်ဦးလို ဟိတ်ဟန်ထုတ်မနေတော့ဘဲ နှာတစ်ချက်မှုတ်လိုက်၏။

“ရှင်က ရှုပ်ထွေးအောင် လုပ်နေတာလို့ ကျွန်မထင်တယ်… ကျောက်ပိုင်က အတွေ့အကြုံရှိတဲ့ ဝါရင့်ခရီးသွားတစ်ဦးပဲ… ဒါပေမဲ့ သူ့ပုံစံက ပျင်းဖို့ကောင်းတယ်… သူ့ရှေ့မှာဆိုရင် ကျွန်မက လက်ထောက်ခန်းမသခင်တစ်ဦးလို နေရလိမ့်မယ်… ရှင့်ရှေ့မှာဆိုရင်တော့ ကျွန်မပိုပြီးတော့ သက်တောင့်သက်သာ ရှိတယ်”

ချီရွှမ်းစုက မေးလိုက်၏။

“ခင်ဗျားက… ကျုပ်ရှေ့မှာ ဘာလို့ ဟိတ်ဟန် မထုတ်တာလဲ”

ကျန်းယွဲ့လုက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်၏။

“ကျွန်မတို့က မိတ်ဆွေတွေပဲ… ရှင့်ရှေ့မှာ ဟန်ဆောင်နေရတာက အဓိပ္ပာယ်မရှိဘူး… တခြားသူတွေရှေ့မှာဆိုရင်တော့ ကျွန်မရဲ့ အဆင့်အတန်းနဲ့ နာမည်ဂုဏ်သတင်းကို ဂရုစိုက်ရလိမ့်မယ်… အဲဒါက အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအတွက်တင် မဟုတ်ဘူး... ကျွန်မရဲ့ အလားအလာပေါ် တခြားသူတွေ ယုံကြည်မှုရှိနေအောင်လည်း လုပ်ရတယ်… ကောင်းမွန်တဲ့ နာမည်ဂုဏ်သတင်းကို တည်ဆောက်ထားမှပဲ သူတို့တွေက ကျွန်မဆီက အနာဂတ်အကျိုး ပြန်မျှော်ကိုးပြီး အားပေးထောက်ခံကြလိမ့်မယ်”

“သူတို့ရဲ့ အားပေးထောက်ခံမှုက ကျွန်မကို ရှေ့ကိုရောက်စေမယ်… အဲဒီအခါ ကျွန်မရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းကလည်း ပိုပြီးတော့ မြင့်မားလာမယ်… ကောင်းကင်ထက်ကို ပျံတက်တဲ့အခါ အမြင့်ကိုရောက်လေ လေကပိုပြီးတော့ အားကောင်းလာလေဆိုသလိုပဲ… ကျွန်မ အမြင့်ကိုရောက်တဲ့အခါ လေက ပိုအားကောင်းလာပြီး ကျွန်မကို ကောင်းကင်နဲ့ ပိုပြီးတော့နီးစပ်အောင် တွန်းပို့လိမ့်မယ်… ဒါပေမဲ့ ဒီနာမည်ဂုဏ်သတင်းကို ကောင်းကောင်းထိန်းမထားနိုင်ဘူးဆိုရင် နတ်သက်ကြွေအင်မော်တယ်ဆိုတဲ့ ကျွန်မရဲ့အဆင့်အတန်းနဲ့တောင် ကျွန်မရဲ့ တိုးတက်မှုက အကန့်အသတ် ရှိနေလိမ့်မယ်”

“ဒီလိုမျိုး အရှိန်အဝါကို ထိန်းမထားဘဲ ကျွန်မက သူတော်စင်တွေ ဒါမှမဟုတ် မဟာသူတော်စင်တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိဖို့ မမျှော်လင့်နိုင်ဘူး… အဲဒါကြောင့် အများသူငါရှေ့မှာ ကျွန်မက ဩဇာတိက္ကမကို ထိန်းထားပြီး ကျွန်မအပေါ် လူတွေမျှော်လင့်ထားတဲ့အတိုင်း ကိုက်ညီမှုရှိတဲ့ သွင်ပြင်ဟန်ပန်ကို ထိန်းထားရတယ်… ကျွန်မက အေးတိအေးစက်နိုင်ပြီး မောက်မာတဲ့ပုံစံတောင် ဖြစ်ကောင်းဖြစ်နေနိုင်တယ်… ဒါပေမဲ့ ကျွန်မက အားနည်းတယ်၊ စိတ်ခံစားချက်လွယ်တယ် ဒါမှမဟုတ် ဆုံးဖြတ်ချက် မပြတ်သားဘူးဆိုတဲ့ပုံစံကိုတော့ ပြလို့မဖြစ်ဘူး”

ချီရွှမ်းစုက ခဏမျှမှင်တက်နေပြီးနောက် အသိစိတ်ပြန်ကပ်လာ၏။ ငယ်ရွယ်လွန်းသော သူမထံမှ ဤကဲ့သို့ မှတ်သားလောက်ဖွယ်ရာ အသိအမြင်စကားများ ကြားရလိမ့်မည်ဟု သူထင်မထားခဲ့ပေ။

သို့သော် ကျန်းယွဲ့လုပြောသည့်အတိုင်းပင် ဤကဲ့သို့သောပုံစံကို အဆက်မပြတ် ထိန်းသိမ်းထားရသည်က ပင်ပန်းစရာဖြစ်သည်။ သီးသန့်အချိန်တွေမှာ ကျန်းယွဲ့လုက ဘယ်လိုပုံစံရှိသည်ကို ချီရွှမ်းစု သိရှိထားသောကြောင့် သူမသည် သူ့ရှေ့မှာ မျက်နှာဖုံးကိုခွာချပြီး အနည်းငယ် ပေါ့ပါးစွာ နေနိုင်သည်။

ချီရွှမ်းစုက မေးလိုက်၏။

“ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တဲ့အတွက် ခင်ဗျား နောင်တရမိတာ ရှိလား”

“ဘာကို နောင်တရရမှာလဲ”

ကျန်းယွဲ့လုက ညင်သာစွာပြုံးလိုက်၏။

“ကျွန်မက ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို ရရှိချင်တယ်ဆိုရင် ပင်ပန်းဆင်းရဲမခံဘဲ… အဲဒါကို ဘယ်လိုရအောင် လုပ်နိုင်မှာလဲ… ကျွန်မက ရွှမ်အရှင်မြတ်လိုမျိုး တာအိုဂိုဏ်းတော်ကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုမှတော့ စတေးသင့်တာတချို့ကို စတေးရမှာပေါ့”

ချီရွှမ်းစုက ချီးကျူးလိုက်၏။

“ခင်ဗျားက ကျုပ်ကြုံဖူးသမျှထဲမှာ ဒုတိယမြောက် အထူးခြားဆုံး အမျိုးသမီးပဲ”

“ပထမအမျိုးသမီးက ဘယ်သူလဲ”

ကျန်းယွဲ့လုက မေးလိုက်၏။

ချီရွှမ်းစုက ခေါင်းခါ၍ နှုတ်ဆိတ်သွား၏။ သူပြောသည့် ပထမအမျိုးသမီးက အစ်မချီဖြစ်ပြီး သူက ထိုအကြောင်းကို ထုတ်ဖော်မပြောဆိုနိုင်ပေ။ တကယ်တော့ ချီရွှမ်းစုသည် အမျိုးသမီးများစွာနှင့်လည်း ထိတွေ့ဆက်ဆံဖူးခြင်း မရှိချေ။

ကျန်းယွဲ့လုက ထပ်မံ၍ မေးမြန်းမနေပေ။

ချီရွှမ်းစုက စကားလမ်းကြောင်း ပြောင်းလိုက်၏။

“ဒီတစ်ခေါက်.. ကျုပ်တို့တွေ မအောင်မြင်ဘူးဆိုရင် ဘာဖြစ်မလဲ… ကျုပ်တို့က ဆိုးဆိုးဝါးဝါးရှုံးနိမ့်ပြီး တာအိုဂိုဏ်းတော်ကို အရှက်ရစေမယ်ဆိုရင် ဘာဖြစ်မလဲ”

ကျန်းယွဲ့လုက မှင်သေသေဖြင့် ပြောလိုက်၏။

“အဓိကတာဝန်ရှိတဲ့ ကျွန်မက အပြစ်တင်ခံရပြီး ထျန်ကန်းခန်းမကနေ အထုတ်ခံရလိမ့်မယ်… ကျွန်မ ကံကောင်းမယ်ဆိုရင် ပေချန်ခန်းမကို ပြန်သွားပြီး အရင်နေရာကို ဆက်ယူရလိမ့်မယ်… ဒါမှမဟုတ် တာအိုကျမ်းစာဌာနကိုသွားပြီး တစ်ကျော့ပြန်လာခွင့်ရဖို့ စောင့်ဆိုင်းနေရလိမ့်မယ်… ကျွန်မကံဆိုးမယ်ဆိုရင်တော့ ဝိညာဉ်ငြိမ်းချမ်းရေးဌာနကို လွှဲပြောင်းခံရပြီး အဲဒီမှာ တစ်ဘဝလုံးကို ကုန်ဆုံးရလိမ့်မယ်”

“ဝိညာဉ်ငြိမ်းချမ်းရေးဌာနက ဘာလဲ… ကျုပ် အဲဒါကို ဘာလို့ မကြားဖူးတာလဲ”

ချီရွှမ်းစုက ထပ်မံ၍ မေးလိုက်၏။

ကျန်းယွဲ့လုက သူ့ကို တစ်ချက်ကြည့်ပြီး ရှင်းပြလိုက်၏။

“ဝိညာဉ်ငြိမ်းချမ်းရေးဌာနဆိုတာ သုသာန်သင်္ချိုင်းနဲ့ သက်ဆိုင်ရာ ဓလေ့ထုံးတမ်းတွေကို တာဝန်ယူထားရတဲ့နေရာပဲ… ခန်းမကိုးဆောင်ထဲမှာ စီကျိခန်းမက အဆိုးဆုံးပဲ… ဝိညာဉ် ငြိမ်းချမ်းရေး ဌာနကတော့ စီကျိခန်းမထဲမှာ အညံ့ဆုံးဌာနပဲ… အဲဒီနေရာကို ရာထူးကနေ ဖြုတ်ချခံလိုက်ရတဲ့ သူတော်စင်တစ်ပါးက ဦးဆောင်လေ့ရှိတယ်”

ချီရွှမ်းစုက နောက်ဆုံးမှာ နားလည်သဘောပေါက်သွား၏။

“ပြောရရင် အရင်မင်းဆက်တုန်းက ဧကရာဇ်ဂူဗိမာန်ကို စောင့်ကြပ်ဖို့ မိန်းမစိုးခေါင်းဆောင်တစ်ဦးကို နယ်နှင်ဒဏ်ပေးလိုက်တဲ့ပုံစံမျိုးပဲ။”

ကျန်းယွဲ့လုက သူ့ကို တစ်ချက်စွေကြည့်ပြီး ဆက်ပြောလိုက်၏။

“ရှင်တို့တွေ အားလုံးကတော့ လာခဲ့တဲ့နေရာကို ပြန်သွားရရုံပဲ… ရှင်က အရင်တုန်းက ဒေသဆိုင်ရာ တာအိုစံအိမ်တစ်ခုမှာ တာဝန်မထမ်းခဲ့ဘူးဆိုရင် ရှင်က ဂူဗိမာန်ကို စောင့်ကြပ်ဖို့ ကျွန်မနဲ့အတူ လိုက်လာရနိုင်တယ်… အဲဒါဆိုရင်တော့ ကျွန်မတို့တွေ အဖော်ရတာပေါ့… တာအိုဂိုဏ်းတော်အတွက် တိုက်ခိုက်ရင်း အသက်ပေးသွားတဲ့ သူရဲကောင်းဆန်တဲ့စိတ်ဝိညာဉ်တွေနဲ့ ကျွန်မတို့ရဲ့ လက်ကျန်ဘဝကို ကုန်ဆုံးရလိမ့်မယ်”

ချီရွှမ်းစု၏ မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

သူသည် ထိုနေရာမှာ ချောမောလှပသော အမျိုးသမီးတစ်ဦးနှင့် အတူရှိနေပြီး သာလွန်သူတစ်ဦးအဖြစ် သူတော်စင်တစ်ပါး သို့မဟုတ် မဟာသူတော်စင်တစ်ပါးပင် ရှိနေမည်ဖြစ်သော်လည်း ချီရွှမ်းစုသည် ဘဝကို ထိုကဲ့သို့သောပုံစံဖြင့် အဆုံးမသတ်လိုပေ။

ကျန်းယွဲ့လုက သူမ၏မြင်းကို နှင်ရင်း ပြောလိုက်၏။

“ဝိညာဉ်ငြိမ်းချမ်းရေးဌာနမှာ ရှင့်ဘဝကို မကုန်ဆုံးချင်ဘူးဆိုရင်တော့ ရှင် စိတ်ဓာတ်ကို မြင့်မြင့်ထားပြီး အဲဒီမိစ္ဆာတွေကို နှိမ်နင်းဖို့ လုပ်ရလိမ့်မယ်… အဲဒါမှပဲ ကျွန်မတို့ရဲ့အနာဂတ်က တောက်ပလာလိမ့်မယ်”

ချီရွှမ်းစုက အလောတကြီး လိုက်ပါသွား၏။

နှင်းများက တစ်ဖန် ပြန်လည်ကျဆင်းလာ၏။ ချီရွှမ်းစုသည် သူ၏ မျက်နှာကို ရိုက်ခတ်လာသည့် လေနှင့်နှင်းကိုသာ ခံစားမိသည်။ သူက ကျန်းယွဲ့လုကို ကြည့်လိုက်သည့်အချိန်မှာ သူမက ခေါင်းခြုံကို ဝတ်ဆင်ထားခြင်းမရှိဘဲ သူမ၏ ဦးခေါင်းနှင့်ခန္ဓာကိုယ်မှာ ဆီးနှင်းပွင့်များက ကပ်ငြိနေ၏။ သူက သက်ပြင်းချကာ ပြောလိုက်မိ၏။

“ကျုပ်တို့ရဲ့ခေါင်းပေါ်က နှင်းတွေကိုကြည့်ရတာ ကျုပ်တို့က အတူတကွအိုမင်းပြီး အခက်အခဲတွေအများကြီးကို ဖြတ်ကျော်လာခဲ့သလိုပဲ။

ကျန်းယွဲ့လုက သူ့ကိုထူးဆန်းစွာကြည့်ပြီး ပြောလိုက်၏။

“ခေါင်းပေါ်မှာနှင်းတွေကျနေတာကို အတူတကွအိုမင်းတယ်လို့ ဆိုမယ်ဆိုရင် ဒီလောကမှာ အသဲကွဲမယ့်သူ ဘယ်သူမှရှိမှာမဟုတ်တော့ဘူး”

သူတို့နှစ်ယောက်က ခဏမျှအကြည့်ချင်းဖလှယ်၍ ရုတ်တရက် ဆွံ့အသွားကြ၏။ ထို့နောက် သူတို့၏ ရှက်ရွံမှုကို ဖုံးကွယ်ဖို့အတွက် ခပ်မြန်မြန်အကြည့်လွှဲလိုက်ကြ၏။

သိပ်အကြာခင် နှင်းများမကျရောက်သည့် လမ်းဘေးကျောက်စရစ်ခဲများပေါ်မှာ သွေးကွက်တချို့ကို သူတို့က တွေ့မြင်လိုက်ရသည်။ ချီရွှမ်းစုက မြင်းပေါ်ကဆင်း၍ သွေးကွက်များကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်၏။ သူက သွေးကွက်ကို လက်ဖျားဖြင့်သပ်၍ နှာခေါင်းဝမှာ တေ့ရှူပြီးနောက် ကျန်းယွဲ့လုဘက်ကို လှည့်ကာ ပြောလိုက်၏။

“ဒါက လူသွေးပဲ”

ကျန်းယွဲ့လုက ဂမ္ဘီရအကဲခတ်နည်းစနစ်ဟု လူသိများသော အင်မော်တယ်နတ်မျက်စိကို သုံးလိုက်၍ သူမ၏ မျက်လုံးထဲမှာ ခရမ်းရောင်အလင်းတစ်ခု ဖျတ်ခနဲလက်သွား၏။ ထို့နောက် ချက်ချင်းပင် သာမန်မျက်စိဖြင့် မမြင်နိုင်သော သွေးရောင်စီးကြောင်းတစ်ခုက သူမ၏ မြင်ကွင်းထဲမှာ ပေါ်ထွက်လာပြီး ကွေ့ပတ်နေသော လမ်းကြောင်းတစ်ခုကဲ့သို့ အဝေးကို ဆန့်တန်းသွားသည်။

“ကျွန်မနောက်က လိုက်ခဲ့”

ကျန်းယွဲ့လုက ထိုစီးကြောင်းနောက်သို့ လိုက်ပါသွားပြီး ချီရွှမ်းစုကလည်း သူမ၏ နောက်ကနေ အလောတကြီး လိုက်ပါသွား၏။

သူတို့နှစ်ယောက်သည် ဤလမ်းကြောင်းအတိုင်း သုံးမိုင်ခန့် လိုက်သွားပြီးနောက် နှင်းများ အလိပ်လိုက် ဖုံးလွှမ်းနေသည့် ကျောက်ဆောင်ကမ်းခြေတစ်ခုသို့ ရောက်ရှိလာကြသည်။

ကျန်းယွဲ့လုက အရင်ဆုံး မြင်းပေါ်ကနေဆင်းပြီး ကျောက်ဆောင်ကမ်းခြေကို လက်ညှိုးထိုးကာ ပြောလိုက်၏။

“ဒီနား… တစ်နေရာရာမှာ ရှိလိမ့်မယ်”

ချီရွှမ်းစုကလည်း မြင်းပေါ်ကဆင်း၍ သူ့ကျောထက်မှ မရီးဒျာန်သစ်သားဓားကို ဆွဲထုတ်လိုက်၏။ သူက နှင်းတောထဲလျှောက်ရင်း နှင်းများထဲမှာ အလောင်းများ သို့မဟုတ် သက်ရှိ လူသားတစ်ဦးဦး ရှိနေမလား မှန်းဆ၍ မရီးဒျာန်သစ်သားဓားဖြင့် နှင်းတောထဲကို လိုက်ထိုးကြည့်နေ၏။

ကျန်းယွဲ့လုကလည်း ဒီတိုင်းမနေဘဲ ချီရွှမ်းစုကို တုပကာ အနီးနားမှာ လိုက်လံရှာဖွေနေ၏။

ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ချီရွှမ်းစုက ပျော့ပျောင်းသော တစ်စုံတစ်ရာကို သစ်သားဓားဖြင့် ထိုးမိသွားသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။ သူက မရီးဒျာန်သစ်သားဓားကို ဓားအိမ်ထဲသို့ အလျင်အမြန် ပြန်ထည့်ပြီး နှင်းထဲသို့ လက်နှစ်ဖက်နှိုက်ကာ စမ်းကြည့်လိုက်၏။

သိပ်မကြာခင် ချီရွှမ်းစုက နှင်းထဲကနေ ခန္ဓာကိုယ်တစ်ခုကို ဆွဲထုတ်ယူလိုက်၏။ ထိုလူက တာအိုဆရာတစ်ဦးလို ဝတ်စားထားပြီး သူမျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်၍ ခန္ဓာကိုယ်ပေါ်မှာ သွေးကွက်များ ရှိနေသည်။ သူက အသက်သုံးဆယ် ဝန်းကျင်ခန့် ရှိပေမည်။

ချီရွှမ်းစု လှမ်းမခေါ်ရသေးခင် ကျန်းယွဲ့လုက ရောက်ရှိလာပြီး ထိုသူ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်၏။

“သူက ကိုယ်ခံပညာသိုင်းသမားတစ်ဦးပဲ… မသေသေးဘူး”

ချီရွှမ်းစုက ပြောလိုက်၏။

“ကျုပ်တို့တွေ ပီရှန်ဘုရားကျောင်းက ၁၄ ယောက်မြောက် လူကို ရှာတွေ့ပြီနဲ့တူတယ်… သူက ပီရှန်ဘုရားကျောင်းထဲကနေ ထွက်ပြေးနိုင်ခဲ့ပြီး ဒီကို ရောက်လာတာဖြစ်မယ်… အဲဒါကြောင့် သူ့ကို နှင်းတွေအုပ်နေတာပဲ… တော်သေးတယ် သူက ကိုယ်ခံပညာသိုင်းသမားတစ်ဦး ဖြစ်နေလို့… မဟုတ်ရင် အေးခဲပြီး သေသွားမှာ။”

ကျန်းယွဲ့လုက ထိုလူ့ထံ ချီတချို့ကို ပို့လွှတ်ပေးလိုက်ပြီး အသားရောင် အနည်းငယ် သန်းလာစေ၏။ သို့သော်လည်း သူက နိုးထမလာပေ။

သူမက တည်တံ့သော မျက်နှာထားဖြင့် ပြောလိုက်၏။

“သူ့အသက်ရှူသံက အားပျော့နေတယ်… ဒါပေမဲ့ သေဦးမှာတော့ မဟုတ်ဘူး… သူက သတိလစ်နေရုံပဲ... ဝိညာဉ်မျောဝေဒနာကို ခံစားနေရတဲ့ပုံပဲ”

အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်ခြင်းကြောင့် ဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းက ခန္ဓာကိုယ်ထဲကနေ ထွက်ခွာသွားသည့်အခါ ဝိညာဉ်လွင့်မျောဝေဒနာကို ခံစားရတတ်သည်။ ၎င်းသည် နစ်နာသူ၏ စိတ်ကို ရှုပ်ထွေးအောင်လုပ်ပြီး သက်ရှိအလောင်းတစ်လောင်းကဲ့သို့ စိတ်ခံစားချက် ကင်းမဲ့သော အခြေအနေဖြင့် ကျန်ရစ်ခဲ့စေသည်။

ကျန်းယွဲ့လု၏ မျက်လုံးထဲမှာ ခရမ်းရောင်အလင်းတစ်ခု ဖျတ်ခနဲလက်သွား၏။ သူမက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ကျွန်မ ထင်တာမမှားရင် သူက ဝိညာဉ်ရဲ့ သုံးပုံတစ်ပုံနဲ့ စိတ်ဝိညာဉ်ရဲ့ နာမ်ခုနစ်ပါးထဲက သုံးပါးကို ဆုံးရှုံးထားရတာပဲ… အဲဒါကြောင့် သူက သတိမလည်နိုင်တာ”

ချီရွှမ်းစုက မေးလိုက်၏။

“ပြောရမယ်ဆိုရင် သူက အခုချိန်မှာ အသိစိတ်ကင်းမဲ့နေတာပေါ့”

“အင်း… ဟုတ်တယ်”

ကျန်းယွဲ့လုက မတ်တတ်ထရပ်လိုက်၏။

“ဒီအကြမ်းဖက်မှုမှာ သူကလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ကျွန်မထင်တယ်… ဒါပေမဲ့ ဝမ်းတွင်းဗီဇတုံ့ပြန်မှုနဲ့ လွတ်မြောက်ခဲ့တယ်… ကျွန်မတို့တွေ သူ့ကို ဘုရားကျောင်းဆီ ပြန်ခေါ်သွားဖို့လိုတယ်… အဲဒါမှ လင်းချွမ်ကျီက သူ့ကို အသေးစိတ် စစ်ဆေးကြည့်ပေးနိုင်မယ်… ဂမ္ဘီရဝိဇ္ဇာတွေက အဲဒီနေရာမှာ ပိုပြီးတော့ ကျွမ်းကျင်ပိုင်နိုင်ကြတယ်”

ချီရွှမ်းစုက အလောင်းကို မြင်းကျောပေါ်တင်ပြီး ကျန်းယွဲ့လုနှင့်အတူ ထွက်ခွာလာခဲ့သည်။ သူတို့သည် လာလမ်းအတိုင်းပြန်လာပြီး ပီရှန်ဘုရားကျောင်းသို့ ပြန်လည်ရောက်ရှိလာ၏။ သူတို့ထွက်ခွာခဲ့သည့်အချိန်အတွင်း ပီရှန်ဘုရားကျောင်းက ဘေးကင်းလုံခြုံနေခဲ့သည်။ မိစ္ဆာအုပ်စုက ပြန်လည်ရောက်ရှိမလာခဲ့ပေ။

ကျန်းယွဲ့လုသည် ဤတစ်ခေါက်မှာ သူမနှင့်အတူ ရှန်းထျန်သက်ရှိ ၆၀ ကျော်ကို ခေါ်ဆောင်လာခဲ့သောကြောင့်လည်း ဖြစ်သည်။ သူတို့အားလုံးက သတိရှိနေကြပြီး ကွေ့ကျန်းအဆင့် ဆရာသခင်များပင်လျှင် ဤအုပ်စုကို လျှော့တွက်ရဲလိမ့်မည် မဟုတ်ပေ။

သိပ်မကြာခင် လင်းချွမ်ကျီနှင့် ရှုကျန်းကလည်း ဘုရားကျောင်းသို့ ပြန်လည်ရောက်ရှိလာ၏။ ကျန်းယွဲ့လုက ၁၄ ယောက်မြောက်လူ၏ အခြေအနေကို လင်းချွမ်ကျီအား ပြောပြလိုက်သည်။ လင်းချွမ်ကျီက သူ၏ ဉာဏ်ကွန့်မြူးမှုကို အသုံးချကာ ထိုသူ၏ စိတ်ဝိညာဉ်စံအိမ်ကို စစ်ဆေးကြည့်ရှုပြီး သူရှာတွေ့သည်ကို တင်ပြလိုက်၏။

“ဒီမိစ္ဆာတွေရဲ့ ဝိညာဉ်ခိုးယူပုံက အတော်လေးအရိုင်းဆန်တယ်... သူတို့က စိတ်ဝိညာဉ်စံအိမ်မှာ အပေါက်ဖောက်ပြီး သက်ရှိဝိညာဉ်ကို အဲဒီက‌နေ ဆွဲထုတ်ယူတာပဲ... မိစ္ဆာတွေက ဒီလူ့ရဲ့ စိတ်ဝိညာဉ်စံအိမ်ကိုလည်း အပေါက်ဖောက်ခဲ့တယ်... ဒါပေမဲ့ ဘာ့ကြောင့်ရယ်မသိပေမဲ့ မိစ္ဆာတွေက သူ့ဝိညာဉ်ကို နုတ်မယူခင် ဒီလူက လွတ်မြောက်သွားနိုင်ခဲ့တယ်... ဒါပေမဲ့ စိတ်ဝိညာဉ်စံအိမ်ရဲ့ ပျက်စီးထိခိုက်မှုကြောင့် သူ့ရဲ့ဝိညာဉ်က မတည်ငြိမ်တော့ဘူး... အဲဒါကြောင့် ပြေးရင်းလွှားရင်း သူ့ဝိညာဉ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးသွားခဲ့ရတာဖြစ်လောက်တယ်”

ကျန်းယွဲ့လုက မေးလိုက်၏။

“အဲဒီ လွင့်မျောသွားတဲ့ဝိညာဉ်ကို ရှင် ပြန်ပြီး ခေါ်ပေးနိုင်မလား”

လင်းချွမ်ကျီက ပြောလိုက်၏။

“သူ့ဝိညာဉ်က မိုင် ၃၀ ပတ်လည်အတွင်းမှာ ရှိနေသရွေ့ သူ့ရဲ့ခန္ဓာကိုယ်ကို လမ်းညွှန်မှုအဖြစ် သုံးပြီး အဲဒီ လွင့်မျောနေတဲ့ဝိညာဉ်ကို ကျုပ် ပြန်ခေါ်ပေးနိုင်တယ်”

အိမ်မက်စေနယ်ပယ်မှာရှိသော ဂမ္ဘီရဝိဇ္ဇာတစ်ဦးက ဝိညာဉ်ပြန်ခေါ်ခြင်းကို ပြုလုပ်နိုင်ကြသည်။ ထို့ကြောင့် မိုးကြိုးနယ်ပယ်မှာ ရှိနေသော လင်းချွမ်ကျီလို ဂမ္ဘီရဝိဇ္ဇာ တစ်ဦးအတွက် ပို၍ပင် လွယ်ကူပေမည်။

ကျန်းယွဲ့လုက ပြောလိုက်၏။

“ကျွန်မတို့ သူ့ကို ပီရှန်ဘုရားကျောင်းကနေ ၂၅ မိုင် အကွာလောက်မှာ တွေ့ခဲ့တာဆိုတော့ အဲဒီအတိုင်းအတာအတွင်းမှာ သေချာပေါက် ရှိနေလိမ့်မယ်။”

လင်းချွမ်ကျီက ခေါင်းညိတ်၍ သူ၏ အင်္ကျီလက်အိုးထဲကနေ အဝါရောင်စမစက္ကူလေးရွက်ကို ထုတ်ယူပြီး အလျှင်းသင့်သလို ပစ်ထုတ်လိုက်၏။ စမစက္ကူလေးရွက်က မတူညီသော ဦးတည်ဘက်များဖြင့် လေထဲမှာ လွင့်မျောသွား၏။ ထို့နောက် သူက ဘယ်ဘက်လက်၏ လက်ခလယ်နှင့် လက်သူကြွယ်ကို ကွေးညွှတ်ကာ ထိုလက်ချောင်းနှစ်ချောင်း၏ လက်သည်းခွံများကို လက်မဖြင့် ဖိလိုက်၏။

“လွင့်မျောနေသောဝိညာဉ်… သင့်အား ကျွန်ုပ် အမိန့်ပေးသည်။ ယခု ချက်ချင်း ပြန်လာလော့။”

သူစကားဆုံးသည်နှင့် လေပြင်းတစ်ချက် တိုက်ခတ်၍ အဝါရောင်စမစက္ကူလေးရွက်က အလိုအလျောက် မီးဟုန်းဟုန်း ထတောက်လာ၏။

မတ်တပ်ရပ်နေဆဲ ကျန်းယွဲ့လုကလွဲလျှင် အခြားလူတိုင်းက နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြ၏။ လင်းချွမ်ကျီ၏ ကြီးမားသော အင်္ကျီလက်စနှစ်ဖက်က အငွေ့တထောင်းထောင်း ထနေသော်လည်း သူက ဣန္ဒြေရနေဆဲဖြစ်သည်။

ထိုကဲ့သို့ ၁၅ မိနစ် ကြာသွားပြီးနောက် လေပြင်းက တဖြည်းဖြည်းငြိမ်သက်၍ အဝါရောင်စမစက္ကူများက လောင်ကျွမ်းပြာကျသွား၏။ ထိုသို့ အပြီးမှာ ညည်းတွားသံတစ်သံကို သူတို့ကြားလိုက်ရသည်။

နောက်ဆုံး ရှင်သန်ကျန်ရစ်သူက ဖြည်းဖြည်းချင်း နိုးထလာခဲ့လေပြီ။

All Chapters