← Chapters

အလောင်းအသွင်ပြောင်းလဲခြင်း

Vol. 5 Ch. 46

အလောင်းအသွင်ပြောင်းလဲခြင်း

Vol. 5 Ch. 46

ပီရှန်ဘုရားကျောင်းမှ ၁၄ ယောက်မြောက်လူနှင့် နောက်ဆုံးရှင်သန်ကျန်ရစ်သူက ကျန့်တင်ဖြစ်သည်။ သူ နိုးထလာပြီးနောက် အမှုခင်းဖြစ်ခဲ့သောနေ့က သူ၏ အတွေ့အကြုံကို ပြန်ပြောပြလာ၏။ အနောက်ဘက်ဒေသတာအိုစံအိမ်ကနေ ပြုစုပေးထားသော စာရွက်စာတမ်းများနှင့် သေဆုံးရုပ်အလောင်းများပေါ်က သဲလွန်စများပေါ် အခြေခံပြီး ကျန်းယွဲ့လုက ထိုညတွင် ဖြစ်ပျက်ခဲ့သည့်အရာကို အကြမ်းဖျင်း ပုံဖော်မိသွားပြီဖြစ်သည်။

သဘောတရားအရ ၎င်းသည် ညသန်းခေါင်ယံအချိန်မှာ ဖြစ်ပွားခဲ့သည့် ချောင်မြောင်းတိုက်ခိုက်မှုတစ်ရပ်ဖြစ်သည်။ ကင်းစောင့်ဖို့ အလှည့်ကျသော လူတစ်ယောက်ကလွဲလျှင် အခြားလူတိုင်းက အိပ်မောကျနေခဲ့ကြလေသည်။ ထိုမိစ္ဆာများသည် အရင်ဆုံး ကင်းစောင့်နေသည့် တာအိုဆရာကို ပစ်မှတ်ထားခဲ့ကြ၏။ မျက်နှာပေါ်မှာ သွေးသံရဲရဲ အပေါက်ငါးပေါက်နှင့် သေဆုံးနေသူဖြစ်လေသည်။ ထို့နောက် တစ်ဆက်တည်းမှာပင် မိစ္ဆာများသည် တံလှပ်ရေထင်လှည့်စားခြင်းကို ကျယ်ပြန့်သော အတိုင်းအတာဖြင့် အသုံးပြု၍ အိပ်မောကျနေသူများကို ဆက်လက်၍ အိပ်မွေ့ချကာ သူတို့ကို အိပ်မက်ထဲကနေ ရုန်းမထွက်နိုင်စေခဲ့ပေ။

မိစ္ဆာများက ဤမျှအတိုင်းအတာအထိ ပြုလုပ်ခဲ့ကြသည်မှာ သူတို့သည် နစ်နာသူများ၏ ဝိညာဉ်များကို ရိတ်သိမ်းလိုသောကြောင့်ဖြစ်သည်။ လူတစ်ယောက် သေဆုံးသွားပြီးနောက် ဝိညာဉ်က အလျင်အမြန် ပျက်ပြယ်သွားတတ်၏။ ထို့ကြောင့် လူတစ်ယောက်၏ ဝိညာဉ်ကို ရိတ်သိမ်းနိုင်ဖို့အတွက် ထိုသူ အသက်ရှင်နေစဉ် အဲဒါကို ပြုလုပ်ရမည်ဖြစ်သည်။ တံလှပ်ရေထင် လှည့်စားခြင်းသည် လူသားခန္ဓာပေါ် ပျက်စီးထိခိုက်မှု မရှိစေသော်လည်း ထိုသူကို ထုံထိုင်း၍ ယစ်မူးနေစေမည်ဖြစ်သည်။

သူတို့၏ ဝိညာဉ်က သူတို့၏ ခန္ဓာကနေ ထွက်ခွာသွားမည်ဆိုလျှင်တောင် တာအိုဆရာ ၁၂ ဦးက ချိုမြိန်သော အိပ်မက်များထဲမှာ နစ်မျောနေဆဲဖြစ်ပြီး ရုန်းမထွက်နိုင်ခဲ့ကြပေ။ ထို့ကြောင့်ပင် သူတို့၏ မျက်နှာများပေါ်မှာ အပြုံးများ ရှိနေခြင်းဖြစ်သည်။

သူတို့၏ သက်ရှိဝိညာဉ်များ ထုတ်ယူခံရပြီးနောက် ထိုသူက ချက်ချင်း သေဆုံးမသွားသော်လည်း စိတ်ခံစားချက် ကင်းမဲ့သွားပေလိမ့်မည်။ ဤမိစ္ဆာအုပ်စုက အငြိမ်မနေဘဲ သူတို့၏ သွေးများကို စုပ်ယူသွားခဲ့ပြီး အိပ်မက်ထဲမှာ နစ်မျောနေသူ ၁၂ ဦးစလုံးကို သွေးထွက်လွန်ကာ သေဆုံးသွားစေခဲ့၏။

ညစောင့် ကင်းသမားကို ထည့်တွက်မည်ဆိုလျှင် စုစုပေါင်း အလောင်း ၁၃ လောင်းဖြစ်သည်။

ကျန့်တင်ကတော့ သူသည် ခွန်လွင်အဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်သောကြောင့် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့၏။ ဤအဆင့်မှာ ခန္ဓာကိုယ်နှင့် ဝိညာဉ်က စတင်၍ ပေါင်းစည်းလာခဲ့ပြီဖြစ်သည်။ ထိုသို့ဖြင့် ဝိညာဉ်ကို ခန္ဓာကိုယ်အပြင်ဘက်သို့ အလွယ်တကူ မထုတ်နိုင်ဘဲ ဝိညာဉ်က ထိခိုက်ဒဏ်ရာ ရရှိသည့်အခါ ခန္ဓာကိုယ်ကလည်း နာကျင်မှုကို ပြင်းထန်စွာ ခံစားရပေလိမ့်မည်။

အခြားသော ကိုယ်ခံပညာသိုင်းသမားများကတော့ ထိုကျင့်ကြံမှုအဆင့်ကို မရောက်ရှိသေးဘဲ သူတို့၏ ဝိညာဉ်များ အလွယ်တကူ နုတ်ယူခံခဲ့ရ၏။ သို့သော်လည်း စိတ်ဝိညာဉ်စံအိမ်မှာ အပေါက်ဖောက်ခံရသည့်အခါ ပြင်းထန်သော နာကျင်မှုကြောင့် ကျန့်တင်က နိုးထလာခဲ့၏။ ထို့နောက် သူက သတ္တိကိုစုစည်းပြီး သူ့မှာရှိသမျှ အင်အားကုန်နှင့် ထွက်ပြေးခဲ့လေသည်။

သူက ခွန်လွင်အဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးသာဖြစ်သောကြောင့် သူ့ဝိညာဉ်နှင့် ခန္ဓာက စတင်ပေါင်းစည်းရုံသာဖြစ်ပြီး အပြည့်အဝ တစ်သားတည်းမကျသေးပေ။ ထို့ကြောင့် သူ ထွက်ပြေးနေစဉ် စိတ်ဝိညာဉ်စံအိမ် ပျက်စီးထိခိုက်မှုကြောင့် သူ၏ ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးလိုက်ရဆဲဖြစ်သည်။

လင်းချွမ်ကျီက ကျန့်တင်၏ ဝိညာဉ်ကို ဆင့်ခေါ်ပြီးနောက် သူ့ဝိညာဉ် နောက်တစ်ဖန် ပြန်ထွက်မသွားစေရန် သူ၏ စိတ်ဝိညာဉ်စံအိမ်ကိုပါ ပြန်လည်ပြုပြင်ပေးလိုက်သည်။ ကျန့်တင်သည် အပြည့်အဝ ပြန်ကောင်းလာဖို့အတွက် အချိန်အတော်ကြာ အနားယူရပေမည်။

ဤမိစ္ဆာအုပ်စုများသည် တကယ်ပင် ဒေသခံများမဟုတ်ကြောင်း ကျန့်တင်က အတည်ပြုပေးသည်။ သူတို့သည် နှာတံရှည်ရှည်၊ အရောင်ပါသော မျက်လုံးများနှင့် လူတစ်အုပ်စု ဖြစ်ကြသည်။

ကျန်းယွဲ့လုက နောက်ဆုံးမှာ အခြေအနေအရပ်ရပ်ကို ပုံဖော်မိသွားပြီဖြစ်သော်လည်း မဖြေရှင်းရသေးသည့် အဓိကပြဿနာတစ်ခု ကျန်နေသည်။ သူတို့က မျက်လုံးအရောင်ပါလူများကို ဘယ်မှာ သွားရှာရမလဲဆိုတာပင်။

မျက်လုံးအရောင်ပါလူများဟူသော အမည်က ရွှေပြည်သစ်အင်ပါယာကနေ ဆင်းသက်လာခဲ့သည်။ ရွှေပြည်သစ်အင်ပါယာသည် ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့စဉ်က လူများကို အတန်းအစားလေးမျိုး ခွဲခြားခဲ့သည်။ မျက်လုံးအရောင်ပါလူများက ဒုတိယအတန်းအစားတွင် ရှိလေသည်။

နောက်ဆုံးမှာတော့ ရွှေပြည်သစ်အင်ပါယာသည် အလယ်ပိုင်းလွင်ပြင်ဒေသကနေ ဆုတ်ခွာပြီး မြက်ခင်းလွင်ပြင်ဒေသသို့ ရွှေ့ပြောင်းအခြေချခဲ့သည်။ ယခင် သူတို့၏ လက်အောက်ခံဖြစ်ခဲ့သော ရုတိုင်းပြည်ကလည်း ရွှေပြည်သစ်အင်ပါယာ၏ လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့သည်။

သို့သော်လည်း မျက်လုံးအရောင်ပါလူများဟူသော အမည်က ကျန်ရစ်ခဲ့ပြီး အလယ်ပိုင်းလွင်ပြင်ဒေသနှင့် မြက်ခင်းလွင်ပြင်ဒေသတို့၏ အပြင်ဘက် အနောက်ဘက်ကုန်းမြေတိုက်မှ လာရောက်သူများကို များသောအားဖြင့် ရည်ညွှန်းခေါ်ဆိုကြသည်။

“ကျယ်ပြောတဲ့ အနောက်ဘက်ဒေသမှာ အဲဒီမိစ္ဆာအုပ်စုကို ကျွန်မတို့ ဘယ်လိုသွားရှာရမလဲ။”

ကျန်းယွဲ့လုက လူတိုင်းကို မေးလိုက်သော်လည်း သူမက ချီရွှမ်းစုကို အလိုလို ကြည့်မိသွား၏။

ချီရွှမ်းစုက ပြောလိုက်၏။

“အနောက်ဘက်ဒေသက ယဉ်ကျေးမှုအမျိုးမျိုးနဲ့ လူမျိုးစုမျိုးစုံ ပေါင်းဆုံနေတဲ့နေရာပဲ… ဒါပေမဲ့ မျက်လုံးအရောင်ပါလူတွေက ဒေသဆိုင်ရာ ဓလေ့ထုံးတမ်းတွေနဲ့ ဘာသာစကားကို ခံယူထားကြပြီ… အဆက်မပြတ် သွေးနှောပြီးတဲ့နောက် ရုပ်ရည်သွင်ပြင် ကွာဟချက်ကတောင်မှ သိပ်ပြီးတော့ မထင်ရှားတော့ဘူး။”

“ကျန့်တင် ပြောပုံအရဆို… ပီရှန်ဘုရားကျောင်းကို တိုက်ခိုက်ခဲ့တဲ့ မျက်လုံးအရောင်ပါ ဒီလူအုပ်စုက ရုပ်ရည်သွင်ပြင်အရ တကယ့်ကို ကွဲထွက်နေတာပဲ… သူတို့တွေက သင်္ဘောကြီးတွေနဲ့ လင်းနန်နဲ့ ကျန်းနန်ဒေသကို ရောက်လာတဲ့ မျက်လုံးအရောင်ပါလူတွေနဲ့ မကွာခြားလောက်ဘူး။”

“မဟာရွှမ်မင်းဆက်က ကျုပ်တို့ရဲ့ နယ်စပ်ဒေသကို ပိတ်ချထားတာမဟုတ်ဘဲ ပင်လယ်ရေကြောင်း ကုန်သွယ်မှုကို အားပေးအားမြှောက် ပြုထားတယ်… အဲဒါကြောင့် တိုင်းတစ်ပါးသား ကုန်သည်အတော်များများက သမုဒ္ဒရာကိုဖြတ်ပြီး ဒီကို ရောက်လာကြတယ်… ကမ်းရိုးတန်းတစ်လျှောက် စည်ကားတဲ့ ဆိပ်ကမ်းတွေမှာ မျက်လုံးအရောင်ပါ လူတွေကို တွေ့မြင်နေကျပဲ။”

“ဒါပေမဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှု ထွန်းကားလာတဲ့အတွက် ကုန်းတွင်းပိုင်း ကုန်သွယ်ရေးက ဆုတ်ယုတ်လာခဲ့တယ်… ရှီကျိုးနဲ့ အနောက်ဘက်ဒေသကို ရောက်လာတဲ့ အနောက်ဘက်ကုန်းမြေတိုက်က မျက်လုံးအရောင်ပါ လူအများစုက ဒီဒေသမှာ သွားလာနေကျ အတွေ့အကြုံရှိ ခရီးသွားတွေပဲ။”

“ဒီမိစ္ဆာအုပ်စုကတော့… ဒီနယ်မြေနဲ့ အကျွမ်းမဝင်တဲ့ မျက်နှာသစ်တွေ ဖြစ်ရမယ်… အဲဒါကြောင့် သူတို့က သဲလွန်စတွေ ချန်ရစ်ခဲ့မိမှာပဲ… အနောက်ဘက်ဒေသ တာအိုစံအိမ်က စစ်ပွဲကြောင့် ဒီမိစ္ဆာအုပ်စုကို စုံစမ်းစစ်ဆေးဖို့ အချိန်မရခဲ့ဘူး… ဒါပေမဲ့ ဒေသဆိုင်ရာ ဂိုဏ်းဂဏတွေမှာ သူတို့နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရှိနေလောက်တယ်... အဲဒီ ဂိုဏ်းဂဏတွေထဲမှာ အနောက်ဘက်ကုန်းမြေတိုက်နဲ့ ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံမှု ရှိတဲ့သူတွေက အရေးကြီးဆုံးပဲ။”

ရှုကျန်းက မေးလိုက်၏။

“အဲဒီ မျက်လုံးအရောင်ပါလူတွေက ဒေသဆိုင်ရာ ဂိုဏ်းဂဏတွေနဲ့ ဘာထိတွေ့ဆက်ဆံမှုမှ မရှိဘဲ တောတောင်ထဲမှာပဲ ပုန်းအောင်းနေမယ်ဆိုရင်ကော…”

ချီရွှမ်းစုက ပြောလိုက်၏။

“သူတို့က တောတောင်ထဲမှာပဲ ပုန်းအောင်းနေမယ်ဆိုရင် ကုန်သည်ယာဥ်တန်းတွေကို တိုက်ခိုက်ဖို့ လိုမှာမဟုတ်ဘူး… တောတောင်ထဲမှာ အသပြာကို စားစရာအဖြစ် အသုံးပြုလို့မရဘူး... သူတို့က ငွေကြေးကို သုံးစွဲချင်တယ်ဆိုရင် လူနေထူထပ်တဲ့ နေရာတချို့ကို သွားရလိမ့်မယ်။”

“အမှုဆောင်ချီ ပြောတာမှန်တယ်။”

ကျန်းယွဲ့လုက ချီရွှမ်းစုကို အသိအမှတ်ပြု တစ်ချက်ကြည့်ပြီး အမိန့်ပေးလိုက်၏။

“ငါ့ဆီကို… မြေပုံတစ်ချပ် ယူလာခဲ့”

မူကျင်းက ကျန်းယွဲ့လု၏ ရှေ့မှာ မြေပုံတစ်ချပ်ကို ချက်ချင်းပင် ဖြန့်လိုက်လေသည်။

ကျန်းယွဲ့လုက မြေပုံပေါ်မှာ ပီရှန်ဘုရားကျောင်း၏ တည်နေရာကို အရင်ဆုံးရှာဖွေပြီး ထို့နောက် မြေပုံပေါ်က အမှတ်အသား လမ်းကြောင်းအတိုင်း သူမ၏ လက်ညှိုးကို ဖြည်းဖြည်းချင်းရွှေ့လိုက်၏။ နောက်ဆုံးမှာ သူမ၏ လက်ညှိုးက ဝူကောရှန်လီဟု ခေါ်ဆိုသော နေရာတစ်ခုမှာ ရပ်တန့်သွားလေသည်။

ဝူကောရှန်လီသည် ကျယ်ပြောသော အနောက်ဘက်ဒေသမှာ ပါဝင်သည့် မြို့တော်တစ်မြို့ဖြစ်သော်လည်း ရှီကျိုးပြည်နယ် အတွင်းမှာ မရှိပေ။ ထို့ကြောင့် ၎င်းသည် မဟာရွှမ်မင်းဆက်၏ အုပ်ချုပ်မှုအောက်မှာ ရှိမနေပေ။

ကျန်းယွဲ့လုက မြေပုံပေါ်က အမှတ်ကို တဆတ်ဆတ်ထောက်ပြပြီး ပြောလိုက်၏။

“ဒါက ဒီနေရာကနေဆိုရင် အနီးဆုံး မြို့ကြီးပဲ… မျက်လုံးအရောင်ပါလူတွေ စုဝေးနေထိုင်နိုင်တဲ့ နေရာလည်း ဖြစ်တယ်… အဲဒီကို သွားကြတာပေါ့”

လင်းချွမ်ကျီက မေးလိုက်၏။

“ဒီအလောင်းတွေကိုကော ကျုပ်တို့ ဘယ်လိုလုပ်ရမလဲ”

ကျန်းယွဲ့လုက ညွှန်ကြားလိုက်၏။

“သူတို့ကို ဒီနေရာမှာ မီးသင်္ဂြိုဟ်ပြီး အရိုးပြာတွေကို တာရွှယ်တောင်နန်းတော်ဆီ ပြန်ယူသွားလိုက်… ပြီးရင် ဝိညာဉ်ငြိမ်းချမ်းရေးဌာနကို အကြောင်းကြားခိုင်းလိုက်… ဒီတာအိုဆရာတွေက တာအိုဂိုဏ်းတော်အတွက် အသက်ပေးခဲ့တာပဲ… အဲဒါကြောင့် သူတို့က အနာဂတ်မျိုးဆက်တွေ အရိုသေပေးတာကို ရဖို့ထိုက်တန်တယ်”

လင်းချွမ်ကျီက ခေါင်းညိတ်၍ ရှုကျန်းဘက်ကို လှည့်ပြောလိုက်၏။

“အမှုဆောင်ရှု… အလောင်းတွေကို သယ်ယူသွားပြီး အဲဒီမှာ တစ်ခုချင်းခွဲ မီးသင်္ဂြိုဟ်ဖို့ အဖွဲ့တစ်ဖွဲ့ကိုဦးဆောင်လိုက်… သူတို့ရဲ့ နာမည်တွေကို ချရေးပေးလိုက်… နောက်ပြီး အလောင်းအသွင်ပြောင်းလဲတာကို သတိထား… မီးသင်္ဂြိုဟ်တဲ့အခါ အလောင်းတွေက သေရာကနေ ထလာတတ်တယ်… ဒီလူတွေက သွေးဖောက်ထုတ်ခံထားရတာဆိုတော့ မီးသင်္ဂြိုဟ်တဲ့အချိန်မှာ ပြဿနာတချို့ ပေါ်လာနိုင်တာကို ထည့်တွက်ထားရမယ်။”

ရှုကျန်းက တည်ကြည်လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပါပြီ… လူကြီးမင်း။”

ယခု လူတိုင်းက ဘေးဘက်အဆောင်ထဲမှာ ရှိနေကြပြီး အလောင်းများကို ပင်မအဆောင်ထဲမှာ ထားလေသည်။ ထို့ကြောင့် ရှုကျန်းက လူတစ်စုကို ဦးဆောင်ပြီး ထွက်ခွာသွား၏။

ကျန်းယွဲ့လုက ပြောလိုက်၏။

“နောက်ပြီးကျရင် ကျွန်မတို့ အဖွဲ့နှစ်ဖွဲ့ ခွဲရလိမ့်မယ်… တစ်ဖွဲ့က မိစ္ဆာတွေကို စုံစမ်းထောက်လှမ်းဖို့အတွက် ဝူကောရှန်လီကို သွားရမယ်… ကျန်တစ်ဖွဲ့ကတော့ နစ်နာသူတွေရဲ့ အရိုးပြာတွေကိုယူပြီး ကျန့်တင်နဲ့ အနောက်ဘက်ဒေသ တာအိုစံအိမ်က တပည့်ဂိုဏ်းသားနှစ်ဦးကိုခေါ်ပြီး တာရွှယ်တောင်နန်းတော်ကို ပြန်သွားရလိမ့်မယ်။”

ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားကြ၏။ မိစ္ဆာများနောက်သို့ လိုက်လံစုံစမ်းခြင်းက အန္တရာယ်များမည်ကို လူတိုင်းက သိရှိထားကြသည်။ ပြောရမည်ဆိုလျှင် တာရွှယ်တောင်နန်းတော်သို့ ပြန်သွားခြင်းက ပိုကောင်းသည့် ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

ကျန်းယွဲ့လုက လူတိုင်းကို အကဲခတ်ကြည့်ပြီး သူတို့၏ အမူအရာများကို တွေ့မြင်လိုက်ရ၏။

“ကြီးကြပ်ရေးမှူး လင်းချွမ်ရယ်.. အမှုဆောင်ချီရယ်၊ အမှုဆောင်ကျိုးရယ်က ဝူကောရှန်လီကို ကျွန်မနဲ့ လိုက်ရလိမ့်မယ်… အမှုဆောင်မူနဲ့ အမှုဆောင်ရှုကတော့ အလောင်းတွေကို မီးသင်္ဂြိုဟ်ပြီး ကျန်တဲ့သူတွေကို တာရွှယ်တောင်နန်းတော်ဆီ ပြန်ခေါ်သွားဖို့ တာဝန်ယူလိုက်… အဲဒီကနေ ကျွန်မအမိန့်ကို စောင့်နေကြ”

လူတိုင်းက အမိန့်ကို နာခံလိုက်ကြ၏။

ကျန်းယွဲ့လုက သူမကို ဂရုစိုက်ပေးပြီး သူမထိခိုက်မည်ကို စိုးရိမ်သည်ဟု မူကျင်းက တွေးလိုက်၏။ ထို့ကြောင့် ကျန်းယွဲ့လုက သူမကို ပီရှန်ဘုရားကျောင်းမှာ နေခဲ့ခိုင်းပြီး တာရွှယ်တောင်နန်းတော်သို့ ပြန်သွားခိုင်းခြင်းဖြစ်သည်။ သို့သော်လည်း လက်ထောက်ခန်းမသခင်က အမှုဆောင်ချီအား သိသိသာသာ မျက်နှာသာပေးနေသည်ကို လူတချို့က ခံစားမိကြသည်။ မည်သို့ပင်ဆိုစေ လက်ထောက်ခန်းမသခင်သည် သူမ၏ လူယုံများကို သူမဘေးမှာ ထားပေးလိမ့်မည်။

နောက်ခဏ၌ ကျန်းယွဲ့လုတို့အုပ်စုက ဝူကောရှန်လီသို့သွားမည့် သူတို့၏ ခရီးစဉ်နှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးလိုက်ကြ၏။

ဝူကောရှန်လီကို အိုက်မိသားစုက ထိန်းချုပ်ထားသည်။ အိုက်မိသားစု၏ ဘိုးဘေးများသည် အနောက်ဘက်ဒေသမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်လာခဲ့သည့် အရှည်ကြာဆုံး မျိုးရိုးနာမည်နှင့် မျက်လုံးအရောင်ပါလူများ ဖြစ်ကြသည်။ အနောက်ဘက်ဒေသမှ ဒေသခံများနှင့် လက်ထပ်ထိမ်းမြား၍ သွေးနှောပြီးနောက် သူတို့သည် ဒေသဆိုင်ရာ ယဉ်ကျေးမှုများကိုခံယူကာ အလယ်ပိုင်းလွင်ပြင်ဒေသမှာ အသုံးများသည့် မျိုးရိုးနာမည်တစ်ခုကို ယူလိုက်ကြ၏။ 'အိုက်' ဟူသော အမည်သည် သူတို့၏ မူလမျိုးရိုးနာမည်မှ ပထမစာလုံးကို ယူထားခြင်းဖြစ်သည်။

အိုက်မိသားစုသည် အနောက်ဘက်ကုန်းမြေတိုက်နှင့် ရင်းနှီးသော စီးပွားရေးအဆက်အသွယ်များ ရှိထားပြီး သူတို့သည် အနောက်ဘက်တိုင်းပြည်များ၏ ဘာသာစကားများကို ကျွမ်းကျင်ကြသည်။

အငိုက်မမိစေရန် အမျိုးမျိုးသော အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားသည်က ပိုကောင်းလေသည်။

ထိုစဉ် ခြံဝင်းထဲကနေ အော်သံတစ်သံ ထွက်ပေါ်လာ၏။

“အလောင်းတွေ ထလာနေပြီ”

လင်းချွမ်ကျီ၏ အမူအရာက ပြောင်းလဲသွားပြီး အပြင်ဘက်သို့ ထွက်ခွာသွား၏။

ကျန်းယွဲ့လုက မတ်တပ်ရပ်နေဆဲဖြစ်သော်လည်း ချီရွှမ်းစုကို တစ်ချက်ကြည့်ပြီး လင်းချွမ်ကျီနောက်သို့ လိုက်သွားဖို့ မျက်နှာရိပ်ပြလိုက်၏။

ဘာကြောင့်ရယ်မသိ ချီရွှမ်းစုသည် ကျန်းယွဲ့လု၏ မျက်နှာရိပ်မျက်နှာကဲကို အမြဲတမ်း တိတိကျကျ နားလည်နေသည်။ သူက မအူမလည်လုပ်မနေဘဲ လင်းချွမ်ကျီနောက်သို့ လိုက်ပါသွားလေသည်။

သူတို့နှစ်ယောက် နောက်ဖေးခြံဝင်းထဲသို့ ရောက်လာသည့်အချိန်မှာ ထိုနေရာတွင် ထင်းမီးပုံအတော်များများ စုပုံထားသည်ကို တွေ့မြင်လိုက်ရ၏။ သူတို့ကို မီးရှို့ထားပြီဖြစ်သော်လည်း မီးများက သာမန်မီးတောက်မဟုတ်ဘဲ ထူးဆန်းသော သွေးနီရောင်မီးတောက် ဖြစ်နေသည်။

အလျှံညီးညီး မီးတောက်များကြားမှာ မီးသင်္ဂြိုဟ်ခံရမည့် အလောင်းအတော်များများက မတ်တပ်ထရပ်လာ၏။ သူတို့က အံကိုကြိတ်၍ ဟိန်းဟောက်နေကြပြီး ချောက်ချားစရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။

ဤအခြေအနေကိုကြည့်ပြီး လင်းချွမ်ကျီက မည်သည့်ဂါထာမန္တန် အစီအရင်ကိုမှ အသုံးပြုခြင်းမရှိပေ။ ထိုအစား သူ့ပစ္စတိုကို ဆွဲထုတ်ပြီး မီးပုံထဲကနေ ခုန်ထွက်လာတော့မည့် အလောင်းတစ်လောင်း၏ ဦးခေါင်းကို ချိန်ပစ်ထည့်လိုက်၏။

သေနတ်သံနှင့်အတူ အလောင်း၏ ဦးခေါင်းတစ်ခုလုံးက ပေါက်ကွဲထွက်သွား၏။ သွေးများက အဘက်ဘက်ကို ဖိတ်စင်ပြန့်ကျဲသွားသည်။

ကြီးကြပ်ရေးမှူး လင်းချွမ်ကျီသည် ငှက်စိမ်းပစ္စတိုမဟုတ်ဘဲ ထိုက်ဖျင်ဒင်္ဂါး ၈၀၀တန်သည့် နတ်နဂါးပစ္စတိုကို အသုံးပြုနေသည်ကို ဘေးမှာရပ်နေသော ချီရွှမ်းစုက သတိထားမိသည်။ သေနတ်က မီးပွင့်သွားသည့်အချိန်မှာပင် ပြောင်းဝကနေ မီးခိုးများ အူထွက်လာပြီး လင်းချွမ်ကျီ၏ သေနတ်ကိုင်ထားသော လက်က ခဏမျှ တုန်ခါသွား၏။

ဂမ္ဘီရဝိဇ္ဇာများက များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာ မသန်မာသော်လည်း မည်သို့ပင်ဆိုစေ လင်းချွမ်ကျီက ကွေ့ကျန်းအဆင့် ရှန်းထျန်သက်ရှိတစ်ဦးဖြစ်သည်။ သူသည် ကောင်းကင်ဘုံသက်ရှိတစ်ဦးအဖြစ် တက်လှမ်းဖို့ ခြေတစ်လှမ်းသာလိုတော့သည်။ ထို့ကြောင့် သေနတ်၏ ကန်အားက ဘယ်လောက်ပြင်းသလဲ ပြသပေးနေ၏။

လင်းချွမ်ကျီက အလောင်းတစ်လောင်းကို ရှင်းပစ်လိုက်ပြီးနောက် သူက ကျည်ပြန်ဖြည့်လိုက်၏။ အခြားသူများကလည်း သူ့ပုံစံကိုတုပပြီး သူတို့၏ ငှက်စိမ်းပစ္စတိုများကို ဆွဲထုတ်ကာ အခြားသောအလောင်းနှစ်လောင်းကို ပစ်ထည့်လိုက်ကြ၏။

လက်နက်ခဲယမ်းများကို ဘယ်လိုအသုံးပြုရမလဲ ဝမ်ရှန်းတာအိုနန်းတော်မှ သင်ကြားပေးခဲ့ပြီးသားဖြစ်သည်။ ဝမ်ရှန်းတာအိုနန်းတော်ကနေ အောင်မြင်စွာ ကျောင်းဆင်းလာသောမည်သူမဆို ပစ္စတိုကိုဖြစ်စေ၊ သေနတ်အရှည်ကိုဖြစ်စေ အသုံးပြုတတ်ကြသည်။

တာအိုဂိုဏ်းတော်၏ ပစ္စတိုများသည် ယမ်းနှင့်ခဲသီး တွဲလျက်ပါရှိသော ကျည်ဆန်ကိုအသုံးပြုသည့်အတွက် သီးခြားစီခွဲထည့်ရသောပြဿနာကိုဖြေရှင်းနိုင်သည်။ ချီစွမ်းအားကိုဖျက်ဆီးရန်၊ ဆိုးယုတ်မိစ္ဆာများကိုနှိမ်နင်းရန်၊ အစီအရင်များကို ချေဖျက်ရန်နှင့် ချပ်ဝတ်တန်ဆာများကိုဖောက်ထွင်းရန် ကျည်ဆန်များပေါ်မှာ မတူညီသော အစီအရင်အင်းကွက်များကို ရေးထွင်းထားလေ့ရှိသည်။

ဤတစ်ခေါက်မှာ သူတို့သည် စိတ်ဝိညာဉ်သတ်ဖြတ်ကျည်ဆန်များကို အသုံးပြုလိုက်ကြ၏။ ပစ္စတိုများဖြင့် စုပြုံပစ်ခတ်မှုအောက်မှာ အလောင်းနှစ်လောင်းက ခဏမျှသာ ရုန်းကန်ပြီးနောက် မီးပုံထဲသို့ တစ်ဖန် ပြန်လဲကျသွား၏။

လင်းချွမ်ကျီက ထျန်ကန်းခန်းမမှ အတွေ့အကြုံမရှိသော အဖွဲ့ဝင်သစ်များကို အနည်းငယ် စိတ်ပျက်နေ၏။ သို့သော်လည်း ဝါရင့်များအားလုံးသည် တစ်ခါတုန်းက လက်သင်များဖြစ်ခဲ့သည်ကို သူ နားလည်သဘောပေါက်ထားသည်။ သူက သူတို့ကို ဆူပူကြိမ်းမောင်းခြင်းမရှိဘဲ ညွှန်ကြားလိုက်၏။

“မက်မွန်သစ်သားတချို့ ယူလာပြီး မီးပုံထဲကို ပေါင်းထည့်လိုက်… အဲဒါက အလောင်းအသွင်ပြောင်းလဲတာကို တားဆီးပေးနိုင်တယ်… အဲဒါက ဝမ်ရှန်းတာအိုနန်းတော်ရဲ့ အခြေခံသင်ကြားမှုထဲမှာ ပါတယ်မဟုတ်ဘူးလား။”

ရှုကျန်းက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။

“နားလည်ပါပြီ… ကြီးကြပ်ရေးမှူးလင်းချွမ်”

မက်မွန်သစ်သားများကို တာအိုအဖွဲ့အစည်းမှာ တွင်ကျယ်စွာ အသုံးပြုကြပြီး တာအိုဘုရားကျောင်းတိုင်းက ယင်းကို ဆောင်ထားလေ့ရှိကြသည်။

သိပ်မကြာခင် လူတိုင်းက မက်မွန်သစ်သားများကို ယူလာပြီး မီးကို တစ်ဖန် စမွှေးလိုက်ကြ၏။ ဤတစ်ခေါက်မှာ အလောင်းများက အသွင်ပြောင်းလဲခြင်း မရှိတော့ပေ။ မီးတောက်များက ပုံမှန်အရောင်တိုင်းဖြစ်ပြီး တဖြောက်ဖြောက်မြည်သံသာလျှင် ထွက်ပေါ်နေတော့သည်။

All Chapters