← Chapters

ဟဲဝူ

Vol. 5 Ch. 47

ဟဲဝူ

Vol. 5 Ch. 47

ကျန်းယွဲ့လုက ပြတ်သားသော လူတစ်ယောက်ဖြစ်သည်။ ပီရှန်ဘုရားကျောင်းမှာ တစ်ညသာ အနားယူပြီးနောက် နောက်တစ်မနက်မှာ သူမက ထွက်ခွာလာခဲ့၏။ လူခြောက်ဆယ်ကျော်ပါသော အုပ်စုကို အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်ကြ၏။ သူတို့ထဲမှ လေးဆယ်က ကျန်းယွဲ့လုနှင့်အတူ ဝူကောရှန်လီသို့ လိုက်ပါသွားမည်ဖြစ်ပြီး ကျန်နှစ်ဆယ်က တာရွှယ်တောင်နန်းတော်သို့ သွားရောက်ကြမည်ဖြစ်သည်။

အနောက်ဘက်ဒေသမှာ ရာသီဥတုကို သိပ်ပြီးခန့်မှန်း၍မရပေ။ သူတို့အုပ်စု ပီရှန်ဘုရားကျောင်းကနေ ထွက်ခွာလာစဉ် ကောင်းကင်က အုံ့မှိုင်းနေပြီး လေနှင့်အတူ ဆီးနှင်းပွင့်များက ဝဲပျံကာ ပါလာတတ်သည်။ နေ့လယ်ပိုင်းမှာ ရာသီဥတုက ပိုမိုကောင်းမွန်လာပြီး တိမ်စိုင်များကြားကနေ နေက ဖြဲထွက်လာ၏။ အနောက်ဘက်သို့ ကီလိုမီတာ ၅၀ခန့် ထွက်လာပြီးနောက် ပတ်ဝန်းကျင်အနေအထားက သိသိသာသာ ပြောင်းလဲသွားသည်ကို သူတို့ သတိထားမိလိုက်ကြသည်။ လမ်းတစ်လျှောက်မှာရှိသော ဆီးနှင်းများက အရည်ပျော်ကျသွားပြီး သူတို့သည် နှင်းထူထပ်သော ဒေသကနေ ထွက်ခွာလာပြီဟု အချက်ပြပေးနေ၏။

မြင့်မားသော တောင်စောင်းတစ်ခုသို့ သူတို့ရောက်ရှိလာစဉ် လူတိုင်းက ရပ်တန့်ပြီး အနားယူလိုက်ကြ၏။ ကျန်းယွဲ့လုက သူမ၏ အဝေးကြည့်မှန်ပြောင်းကို ထုတ်ယူ၍ ခပ်လှမ်းလှမ်းမှာရှိသော မြေပြင်အနေအထားကို စစ်ဆေးကြည့်ရှုကာ သူမလက်ထဲရှိ မြေပုံနှင့် တိုက်ကြည့်နေ၏။

ချီရွှမ်းစုက သူ၏ သားရေအိတ်ထဲကနေ အသားခြောက်တစ်ပိုင်းကို ထုတ်ယူ၍ ပါးစပ်ထဲသို့ထည့်ကာ ကိုက်ဝါးနေ၏။ ထို့နောက် သူက ရေအေးတစ်ကျိုက်ကို မော့သောက်လိုက်၏။ ဤကဲ့သို့သော ပတ်ဝန်းကျင်မှာ အသားခြောက်များနှင့် ရိက္ခာခြောက်များသည် ကျောက်တုံးများထက် ပိုမကောင်းပေ။ သူ့မှာ စစ်တပ်သုံး အားဆေးလုံးတချို့ ပါလာသော်လည်း သူက ငွေကြေးများစွာကို မဖြုန်းတီးလိုပေ။ သူတို့သည် ဤခရီးစဉ်မှာ အလောတကြီးရှိမနေကြသောကြောင့် သူ၏ ခွန်အားကို ပြန်လည်ဖြည့်တင်းရန် သာမန်အစားအစာများကိုသာ စားသုံးလိုသည်။

ကိုယ်ခံပညာသိုင်းသမားများက အစားမက်ပြီး ဂမ္ဘီရဝိဇ္ဇာများက အအိပ်မက်ကြသည်။

ကိုယ်ခံပညာသိုင်းသမားများသည် အသက်ရှူလေ့ကျင့်ခန်းများကို မလေ့ကျင့်ကြသည့်အတွက် သူတို့သည် ချီသန့်စင်သူများကဲ့သို့ လေထဲကနေ အာဟာရဖြည့်တင်းမှုကို မရရှိနိုင်ချေ။ ထို့ကြောင့် သူတို့သည် အစားအစာနှင့် ဆေးဝါးများကနေသာ သူတို့၏ လိုအပ်သော အဟာရကို ထောက်ပံ့ပေးရသည်။ သူတို့က လေ့ကျင့်စဉ်နှင့် ပြန်လည်အားဖြည့်စဉ် စားသောက်ကြလေသည်။

ကိုယ်ခံပညာသိုင်းသမားတစ်ဦးသည် သာမန်လူ ဆယ့်နှစ်ယောက်စာလောက် စားနိုင်လေသည်။ သူတို့သည် အစာဖျက်နည်းစနစ်ကို မကျင့်ကြံနိုင်သည့် တစ်ခုတည်းသော လမ်းစဉ်လည်း ဖြစ်သည်။ ထို့ကြောင့် ဆင်းရဲမွဲတေသောလူများက ဤလမ်းစဉ်ကို မလိုက်နိုင်ကြပေ။

ဂမ္ဘီရဝိဇ္ဇာများက အအိပ်မက်ကြသည်။ ဂမ္ဘီရဝိဇ္ဇာတစ်ဦး အိပ်ပျော်သွားသည့်အခါ သူ၏ ဝိညာဉ်က လှည့်ပတ်သွားလာနေသည်။ သို့မဟုတ် အိပ်မက်ထဲမှာ သူ၏ ဉာဏ်ကွန့်မြူးမှုများကို အားဖြည့်နေပေလိမ့်မည်။

အိပ်မောကျသွားပြီးနောက် သူ့ခန္ဓာကိုယ်က အသေကောင်နှင့် တူသွား၏။ ဂမ္ဘီရဝိဇ္ဇာတစ်ဦးက ဒဏ်ရာအပြင်းအထန် ရရှိထားမည်ဆိုလျှင် ဒဏ်ရာကို ပြန်လည်ကုသဖို့အတွက် သူက နက်နက်ရှိုင်းရှိုင်း အိပ်မောကျဖို့ များသောအားဖြင့် ရွေးချယ်တတ်ကြသည်။ ယင်းသည် ပြန်လည်အားဖြည့်ဖို့အတွက် အစားအသောက်ပေါ်မှာသာ မှီခိုသော ကိုယ်ခံပညာသိုင်းသမားများနှင့် လုံးလုံးလျားလျား ကွဲပြားနေ၏။

လေလွင့်ကျင့်ကြံသူများက လမ်းစဉ်တစ်ခုချင်းစီ၏ အားသာချက်နှင့် အားနည်းချက်များကို ပေါင်းစပ်ထားပြီး သူတို့က အလွန်အကြူး အအိပ်မက်ခြင်း သို့မဟုတ် အစားမက်ခြင်း မရှိကြချေ။ သူတို့သည် သင့်တင့်မျှတစွာသာ စားသုံး၍ အိပ်စက်ကြသည်။

ချီရွှမ်းစုက အေးစက်၍ ခြောက်ကပ်နေသော အသားခြောက်ကို ခက်ခက်ခဲခဲနှင့် မျိုချလိုက်၏။ ကျန်းယွဲ့လုက မြေပြင်အနေအထားကို စစ်ဆေးကြည့်ပြီးနောက် အဝေးကြည့်မှန်ပြောင်းနှင့် မြေပုံကို သိမ်းဆည်းကာ သူမ၏ မြင်းဇက်ကြိုးကိုခါ၍ ရှေ့သို့နှင်လိုက်၏။

လူတိုင်းက လိုက်ပါသွားကြသည်။

မြင်းစီးသမား ၄၀က မြင့်မားသော တောင်စောင်းကနေ ဆင်းသွားပြီး သူတို့၏ ဝတ်ရုံများက လေထဲမှာ တဖျပ်ဖျပ် လွင့်နေ၏။ သူတို့၏ မြင်းခွာသံများက တခွပ်ခွပ်မြည်၍ မြေပြင်က တုန်ခါနေသည်။ သူတို့သည် နာရီဝက်သာသာ ခရီးနှင်ပြီးနောက် မြေပြင်အနေအထားက ယခင်ကဲ့သို့ တိတ်ဆိတ်ခြောက်ကပ် မနေတော့ဘဲ လမ်းများက ပိုမိုပြေပြစ်လာသည်။

ဤအခိုက်အတန့်မှာ ကျန်းယွဲ့လုက သူမ၏ မြင်းကို ရုတ်တရက် တန့်လိုက်၏။ သူမ၏ မျက်လုံးထဲမှာ ခရမ်းရောင်အလင်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။ ချီရွှမ်းစုအပါအဝင် လူတိုင်းက သူတို့၏ မြင်းများကို ရပ်တန့်လိုက်ကြသော်လည်း အနည်းငယ် ဒွိဟဖြစ်နေကြ၏။ ကွေ့ကျန်းအဆင့်မှာရှိသော လင်းချွမ်ကျီသာလျှင် တစ်စုံတစ်ရာကို သတိထားမိသည်။

သိပ်မကြာခင် ဗလတောင့်တောင့် အမျိုးသားတစ်ဦးက လူတိုင်း၏ မြင်ကွင်းထဲမှာ ပေါ်ထွက်လာပြီး သူက အသက်လုကာ ပြေးလာရသည့်နှယ်ပင်။ ခဏနေပြီးနောက် လူဆယ်ဦးကျော်က ရုတ်တရက် ပေါ်ထွက်လာ၏။ ဤလူများက မြင်းမစီးဘဲ ခြေကျင် ပြေးလိုက်လာကြ၏။

ပြေးလာသောလူက ပြဿနာကို ရှောင်လွှဲလိုပြီး သူတို့ထံ အသည်းအသန် ပြေးလာနေသည်။

ဤလူ့နောက်ကို ပြေးလိုက်လာသော လူများက မြင်းစီးလာသော လူလေးဆယ်ကျော်ကို တွေ့မြင်သောအခါ အံ့အားသင့်၍ တွေဝေရှုပ်ထွေးသွားကြ၏။ သူတို့က မြင်းစီးဓားပြများ သို့မဟုတ် ကုန်သည်ယာဉ်တန်းများနှင့် မတူပေ။

သို့သော်လည်း ဤတစ်ခေါက်မှာ သူတို့က များစွာ ဂရုစိုက်ခြင်းမရှိပေ။ ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် ရှေ့ကို ဆက်တက်လာကြသည်။

ကျန်းယွဲ့လုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သူတို့ထဲမှာ အတွေ့အကြုံရှိသော ကျောက်ပိုင်က မြင်းနှင့်အတူ ရှေ့သို့တက်ပြီး အော်ပြောလိုက်၏။

“တာအိုဂိုဏ်းတော်ရဲ့ ထျန်ကန်းခန်းမက တရားဝင် အလုပ်ကိစ္စနဲ့ ရောက်လာတယ်… အားလုံးပဲ ဘေးဖယ်ကြစမ်း”

ကျောက်ပိုင်က တမင် အော်ပြောလိုက်ပြီးနောက် ခြေကျင်ပြေးလိုက်လာသော လူများက ချက်ချင်းပင် ရပ်တန့်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးရဲခြင်း မရှိတော့ချေ။ အသက်လုကာ ပြေးလာနေသောလူက သူ့အရှိန်ကို ချက်ချင်း မရပ်တန့်နိုင်ပေ။ သူသည် အစက ဤလူအုပ်စုကို ဖြတ်ကျော်သွားချင်သော်လည်း တာအိုဂိုဏ်းတော်ဟူသော စကားကို ကြားရသည့်အချိန်မှာ သူက ရုတ်တရက် ဒူးထောက်ချလိုက်၏။ သို့သော် အရှိန်ကို မထိန်းနိုင်ဘဲ မြေပြင်မှာ လျှောတိုက်သွားပြီး နောက်ဘက်မှာ ဆယ်ပေခန့်ရှည်သော စွတ်ကြောင်းရာနှစ်ခုကျန်ရစ်ခဲ့ကာ နောက်ဆုံး သူက ကျန်းယွဲ့လု၏ မြင်းရှေ့မှာ ရပ်တန့်သွား၏။

သူတို့သည် ရှီကျိုးပြည်နယ်၏ ပိုင်နက်နယ်မြေထဲမှာ မရှိတော့ပြီဖြစ်သော်လည်း ဤနေရာက အနောက်ဘက်ဒေသ တာအိုစံအိမ်၏ အုပ်ချုပ်မှုအတွင်းမှာ ရှိနေသေးသည်။ ထို့ကြောင့် မည်သူကမှ တာအိုဂိုဏ်းတော်ကို ရန်မစရဲပေ။

ကျန်းယွဲ့လုက အနည်းငယ်ကိုင်းညွှတ်ပြီး ထိုလူကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။

“တာအိုဂိုဏ်းတော်က အင်ပါယာနန်းတော်နဲ့မတူဘူး… ငါတို့က ဒီလိုမျိုး ဒူးထောက်အရိုအသေပေးတာကို သဘောမကျဘူး”

ဤလူက ဆံပင်များဖြူဖွေးနေသော အရပ်ပုပု လူအိုကြီးတစ်ယောက်ဖြစ်သည်။ သူ၏ မုတ်ဆိတ်နှင့် မျက်ခုံးမွေးများကပင် ဖြူဖွေးနေ၏။ သူ၏ နှာခေါင်းပေါ်မှာ အနီကွက်တစ်ကွက်လည်းရှိနေပြီး ဤစကားကိုကြားသောအခါ သူကပြောလိုက်၏။

“ကျုပ်က တာအိုဂိုဏ်းတော်ကို အမြဲတမ်း ကြည်ညိုလေးစားနေတဲ့ သူပါ… အဲဒါကြောင့် ကျုပ်ကိုကျုပ် မထိန်းနိုင် ဖြစ်သွားရတာပါ။”

ကျန်းယွဲ့လု၏ မျက်နှာက မှင်သေသေဖြင့် ရှိနေ၏။

“ငါတို့တွေက လူတွေကို ဖမ်းဆီးဖို့.. ကွပ်မျက်သုတ်သင်ဖို့ တာဝန်ယူထားတဲ့ ထျန်ကန်းခန်းမက လာတာပဲ… နင်က တာအိုဂိုဏ်းတော်ကို အရိုအသေပေးချင်တယ်ဆိုရင် ဘိုးဘေးကျောင်းတော်ကို သွားလို့ရတယ်… ဒါပေမဲ့ ဘိုးဘေးကျောင်းတော်ဆီ ခြေမချခင် အရင်ဆုံး ပေချန်ခန်းမကနေ ခွင့်ပြုချက်တော့ ယူရလိမ့်မယ်”

ထိုလူက ရုတ်တရက် တုန်ယင်သွားပြီး ဆက်လက်၍ မပြောဆိုရဲတော့ပေ။

ကျန်းယွဲ့လုက အမိန့်ပေးလိုက်၏။

“မတ်တပ်ထရပ်ပြီး ပြောစမ်း”

သူက မတ်တပ်ထရပ်ပြီး သူ့ဒူးမှာ ကပ်နေသော ရွှံ့ခဲများကို ပုတ်ချကာ တာအိုတပည့်ဂိုဏ်းသားတစ်ဦးလို အရိုအသေပေးလိုက်၏။

“ကျုပ် ရှန့်ကွမ်သွမ့်.. ထျန်ကန်းခန်းမက…”

ချီရွှမ်းစုက သူ့ကို ချက်ချင်းပင် သတိပေးလိုက်၏။

“ပညာရှိ”

ရှန့်ကွမ်သွမ့်က တုန်ယင်သွားပြီး ဆက်ပြောလိုက်၏။

“ထျန်ကန်းခန်းမက ပညာရှိကို အရိုအသေပေးပါတယ်”

သူက သူ့စကား၏ နောက်ဆုံးတစ်ဝက်တွင် အသံကိုမြှင့်ကာ အော်ပြောလိုက်၏။ သူ့နောက်ကို လိုက်လာသည့်သူများ ရှင်းရှင်းလင်းလင်း ကြားသွားစေဖို့ဖြစ်သည်။

ထျန်ကန်းခန်းမမှ ငယ်ရွယ်သော ပညာရှိတစ်ဦးကိုကြည့်ပြီး ကျန်းယွဲ့လုမှာ မြင့်မားသော အဆင့်အတန်းတစ်ခု ရှိနေသည် တစ်နည်းအားဖြင့် သူတော်စင် သို့မဟုတ် မဟာသူတော်စင်များနှင့် ပတ်သက်ဆက်စပ်နေသည်ကို တုံးအသော လူတစ်ယောက်ပင် သိရှိပေလိမ့်မည်။

ထိုသို့ဖြင့် လိုက်လာသောသူများက နောက်သို့ ဆုတ်ခွာနေသော်လည်း သူမကို ကျောခိုင်းကာ ချက်ချင်းလှည့်မပြေးရဲပေ။

ကျန်းယွဲ့လုက သူတို့ကို တားဆီးဖို့ စိတ်ကူးမရှိဘဲ လက်သာကာပြလိုက်၏။

လူတစ်ယောက်က အော်ပြောလိုက်ပြီး အခြားသူများက ချာခနဲလှည့်ထွက်ပြေးကာ ချက်ချင်းပင် ပျောက်ကွယ်သွားကြသည်။

ဤမြင်ကွင်းကိုကြည့်ပြီး ချီရွှမ်းစုက သက်ပြင်းချမိ၏။

တာအိုဂိုဏ်းတော်ကဲ့သို့ ကြီးမားသော နောက်ခံတစ်ခု၏ ကာကွယ်မှုကို ရရှိထားသည်မှာ တကယ်ပင် ကောင်းလှသည်။ ဩဇာအာဏာရှိသော နေရာတစ်ခုကနေ အခြားသူများကို အနိုင်ကျင့်ခြင်းနှင့် အနိုင်ကျင့်ခံရခြင်းက လုံးဝမတူညီသော ခံစားချက်များဖြစ်သည်။

ကျန်းယွဲ့လုက ချီရွှမ်းစုကို ရှေ့သို့လာဖို့ ရုတ်တရက် လက်ပြလိုက်၏။

“အမှုဆောင်ချီ”

ချီရွှမ်းစုက ရှေ့သို့ ခပ်မြန်မြန်တက်လှမ်းလာ၏။

ကျန်းယွဲ့လုက ညင်သာစွာ ပြောလိုက်၏။

“ကျွန်မတို့ လမ်းပြတစ်ဦး လိုနေတယ်… ဒါပေမဲ့ ဒီလူက ကျွန်မတို့ကို အရူးလုပ်မလားစိုးရိမ်ရတယ်… အဲဒါကြောင့် ရှင် သူ့ကို အကဲစမ်းမေးမြန်းသင့်တယ်”

ချီရွှမ်းစုက ကျန်းယွဲ့လု၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သဘောပေါက်သွားပြီး ခပ်တိုးတိုး ပြောလိုက်၏။

“ခင်ဗျားက ဒီဗန်းစကားကို သိနေလိမ့်မယ်လို့ ကျုပ် ထင်မထားဘူး”

ကျန်းယွဲ့လုက ခွန်းတုံ့ပြန်လိုက်၏။

“ရှင့်လောက်တော့ မကျွမ်းပါဘူး… ကဲပါ သွားတော့ ကျွန်မတို့ ရှင့်ကို ရှေ့ကနေ စောင့်နေမယ်… သူ့ကို အသုံးချလို့ အဆင်ပြေမယ်ဆိုရင် ခေါ်လာခဲ့… မဟုတ်ရင်လည်း သူ့ကို အရှက်ရအောင် လုပ်မနေနဲ့”

“ကောင်းပါပြီ”

ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။

ကျန်းယွဲ့လုက သူမ၏ ကျာပွတ်ကို လွှဲရမ်းပြီး ရှန့်ကွမ်သွမ့်ဘေးကနေ ဖြတ်ကျော်သွား၏။

အခြားသူများကလည်း သူမနောက်သို့ လိုက်ပါသွားပြီး မြင်းခွာသံများ ထွက်ပေါ်၍ မြေပြင်က တုန်ခါသွားသည်။

မြင်းစီးလျက်သား ချီရွှမ်းစုနှင့် မြေပြင်ပေါ်မှာ မတ်တပ်ရပ်နေသော ရှန့်ကွမ်သွမ့်သာလျှင် ကျန်ရစ်ခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေကြ၏။

ချီရွှမ်းစုက ပြုံး၍ ပြောလိုက်၏။

“ဟဲဝူ… ခင်ဗျား ဝူကောရှန်လီမှာ အပေါင်းအပါတွေ ဘာတွေ ရှိလား”

ရှန့်ကွမ်သွမ့်၏ အမူအရာက အေးစက်တောင့်တင်းသွား၏။

ချီရွှမ်းစုက ဒေသဆိုင်ရာ လမ်းဘေးဗန်းစကားကို သိရှိနေသောကြောင့်ပင်။

ဟဲဝူသည် ခရီးသွားရောင်းရင်းများကြား နှုတ်ဆက်နေကျစကားဖြစ်ပြီး အပေါင်းအပါဆိုသည်မှာ ဒေသဆိုင်ရာ ဂိုဏ်းဂဏများကို ဆိုလိုသည်။

ရှန့်ကွမ်သွမ့်သည် ဝူကောရှန်လီမှ ဒေသဆိုင်ရာ ဂိုဏ်းဝင်တစ်ဦးဖြစ်သလား ချီရွှမ်းစုက သိရှိလိုခြင်းဖြစ်သည်။

ငယ်ရွယ်သော ပညာရှိသည် အပြင်လောကနှင့်ပတ်သက်၍ အတွေ့အကြုံမရှိလောက်ဟု ရှန့်ကွမ်သွမ့်က တွေးထားသည်။ သို့သော်လည်း သူ့ရှေ့မှ ဤလူငယ်က အတွေ့အကြုံရှိသော ခရီးသွားတစ်ဦးဖြစ်ပြီး အရူးလုပ်ဖို့ မလွယ်သည်မှာ သိသာနေသည်။

“ကျုပ်မှာ ကြီးကြီးမားမား အလုပ်မရှိပါဘူး… ကျုပ်က လူလိမ်ဆရာတုတစ်ဦးပါပဲ”

ရှန့်ကွမ်သွမ့်က ပြန်ဖြေလိုက်၏။

“ကျုပ်က မျက်စိမွဲတဲ့အတွက် ခွင့်လွှတ်ပေးပါ… ဒါပေမဲ့ ကျေးဇူးပြုပြီး အရိပ်လက္ခဏာတစ်ခု ပြပေးနိုင်မလား”

ထိုလူက ချီရွှမ်းစု၏ သရုပ်သကန်ကို မေးမြန်းနေခြင်းဖြစ်သည်။

ချီရွှမ်းစုက သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်၏။

“ကျုပ်က ထျန်ကန်းခန်းမအတွက် အလုပ်လုပ်ပေးနေတဲ့ တာအိုတပည့်ဂိုဏ်းသားတစ်ဦးပဲ… ကျုပ်က တောင်ပိုင်းမှာ သွားလာလှုပ်ရှားလေ့ရှိတယ်… ဒီဘက်ကိုတော့ သိပ်မရောက်ဘူး”

ရှန့်ကွမ်သွမ့်က လက်သီးနှင့်လက်ဝါးကို ထိကပ်ပြီး ပြောလိုက်၏။

“ဒါဆို ကျုပ်တို့တွေက တောင်ပိုင်းဒေသက ခရီးသွားရောင်းရင်းတွေပေါ့”

ချီရွှမ်းစုက တုံ့ပြန်လိုက်၏။

“ဆိုပါတော့”

ရှန့်ကွမ်သွမ့်က ခဏမျှ တုံ့ဆိုင်းပြီးနောက် မေးလိုက်၏။

“ခင်ဗျားတို့ အကူအညီ လိုနေလို့လား”

ချီရွှမ်းစုက ပြောလိုက်၏။

“ကျုပ်တို့က တိုင်းတစ်ပါးသားတစ်စုကို ရှာနေတာပဲ”

တိုင်းတစ်ပါးသားဆိုသည်မှာ မဟာရွှမ်မင်းဆက်နိုင်ငံတွင် မပါဝင်သည့် ပြည်ပအနွယ်ဝင်များကို ဆိုလိုသည်။

ရှန့်ကွမ်သွမ့် တွေးတောတုံ့ဆိုင်းသွားပြီးနောက် မေးလိုက်၏။

“ရန်ငြိုးရန်စလား”

တိုင်းတစ်ပါးသားများသည် ချီရွှမ်းစုတို့နှင့် ရန်သူတွေ ဖြစ်သလား သူက သိရှိလိုခြင်းဖြစ်သည်။

ချီရွှမ်းစုက ပြန်ဖြေလိုက်၏။

“ကျုပ်တို့လူ ၁၃ ယောက်ကို သတ်သွားတယ်… အဲဒါကြောင့် သူတို့ကို ရှင်းထုတ်ပစ်ရမယ်”

ချီရွှမ်းစုတို့အုပ်စုသည် တိုင်းတစ်ပါးသားများကို မည်သူ့ကိုမျှ အသက်ရှင်လျက်မထားဘဲ သတ်ဖြတ်လိုသည်ဟု ဆိုလိုသည်။

ရှန့်ကွမ်သွမ့်က ရုတ်တရက် မေးလိုက်၏။

“ဟိုအမျိုးသမီးရဲ့ နာမည်က…”

ချီရွှမ်းစုက ဖြေပေးလိုက်၏။

“ပညာရှိကျန်း..”

ရှန့်ကွမ်သွမ့်က ကျန်းယွဲ့လု၏ နောက်ခံကို ချက်ချင်းပင် နားလည်သဘောပေါက်သွားပြီး လွှတ်ခနဲ မှတ်ချက်ပြုလိုက်၏။

“ဒါကြောင့်ကို… တကယ်ပါပဲ”

'တကယ်ပါပဲ’ ဟူသောစကားသည် အတွေ့အကြုံရှိ ခရီးသွားရောင်းရင်းများ အချင်းချင်းကြား အသိအမှတ်ပြုသည့် ဝေါဟာရဖြစ်သည်။

ရှန့်ကွမ်သွမ့်က ချီရွှမ်းစုကို အသိအမှတ်ပြုလိုက်ပြီး ထိုသူကို အထင်သေးရဲခြင်း သို့မဟုတ် လှည့်စားရဲခြင်း မရှိတော့ဟု သွယ်ဝိုက်ကာ ဖော်ပြသည်။

ချီရွှမ်းစုက လမ်းဘေးဗန်းစကားကို မသုံးတော့ဘဲ ပုံမှန်အတိုင်း ပြောလိုက်၏။

“ညီကို… ခင်ဗျားကို ကျုပ် တည့်တည့်ပဲပြောမယ်… ခင်ဗျား ကျုပ်တို့ကို ကူညီပေးမယ်ဆိုရင် ထိုက်သင့်တဲ့ တန်ဖိုးကို ရစေမယ်”

ရှန့်ကွမ်သွမ့်က ခါးခါးသီးသီး လက်ကာပြပြီး ပြောလိုက်၏။

“အဲဒါက သတ်ဖြတ်မှုတွေနဲ့ ပတ်သက်နေမယ်ဆိုရင် ကျုပ်ကို မခေါ်ပါနဲ့”

ချီရွှမ်းစုက ရှင်းလင်းအောင် ထပ်ပြောလိုက်၏။

“အဲဒါကို ကိုင်တွယ်မှာက ကျုပ်တို့ပဲ… ခင်ဗျား လုပ်ပေးရမှာက ကျုပ်တို့ကို လမ်းပြဖို့ပဲ… ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား ထိုက်ဖျင်ဒင်္ဂါး ၂၀၀ ရမယ်… ဒါပေမဲ့ ခင်ဗျား အောင်အောင်မြင်မြင် လမ်းပြနိုင်မယ်ဆိုရင်တော့ နောက်ထပ် အပိုဆောင်း ထိုက်ဖျင်ဒင်္ဂါး ၃၀၀ ကို ရမယ်”

ရှန့်ကွမ်သွမ့် ချက်ချင်းပင် စိတ်ဝင်စားသွားသည်။

“အို… ထိုက်ဖျင်ဒင်္ဂါး ၅၀၀ တောင်လား… အခုပဲ အပေးအယူဖြစ်ပြီလို့ မှတ်လိုက်တော့ဗျာ။”

အပြင်လောကမှာ ရှင်သန်မှုသည် လူတစ်ယောက်၏ ငွေကြေးဥစ္စာအရင်းအမြစ်ပေါ် ကြီးမားစွာမှီခိုနေသည်။ ချမ်းသာကြွယ်ဝမှုနှင့်ယှဥ်လျှင် အကြောက်တရားက ဒုတိယနေရာမှာရှိနေသည်။

All Chapters