ဝူကောရှန်လီ
Vol. 5 Ch. 48
ချီရွှမ်းစုက ရှန့်ကွမ်သွမ့်ကို ခေါ်ဆောင်၍ ကျန်းယွဲ့လုတို့ အုပ်စုနောက် လိုက်သွားသည်။ ဤတစ်ခေါက်မှာ ကျန်းယွဲ့လုသည် စခန်းချဖို့အတွက် အတော်လေး ကောင်းမွန်သည့် နေရာတစ်ခုကို ရွေးချယ်လိုက်၏။ ချီရွှမ်းစု ရောက်ရှိလာသည်ကို တွေ့မြင်သောအခါ သူမက လင်းချွမ်ကျီကို စကားခဏပြောပြီးနောက် ချီရွှမ်းစုကို သီးသန့်စကားပြောရန် အချက်ပြလိုက်၏။
ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက ဘေးတစ်ဖက်သို့ လျှောက်သွားပြီး မလှမ်းမကမ်းမှာ ရှန့်ကွမ်သွမ့်က မတ်တတ်ရပ်နေ၏။ ရှန့်ကွမ်သွမ့်က အလိုက်သိပြီး သူတို့နှစ်ယောက်ကို လုံလောက်သည့် နေရာလွတ်တစ်ခု ပေးထားသည်။
သူနှင့် ရှန့်ကွမ်သွမ့်ကြား အပြန်အလှန်ပြောဆိုခဲ့သည်ကို ချီရွှမ်းစုက အကြမ်းဖျင်း ပြန်ပြောပြလိုက်သည်။ သူတို့၏ အိတ်ထဲကနေ စိုက်ပေးရမည် မဟုတ်သောကြောင့် ထိုက်ဖျင်ဒင်္ဂါး ၅၀၀ သုံးစွဲရမည်ကို ကျန်းယွဲ့လုက ဂရုမစိုက်ပေ။ ပြင်ပရေးရာကိစ္စများအတွက် ထျန်ကန်းခန်းမမှာ ထူးခြားသော ရန်ပုံငွေတစ်ခုရှိသည်။
ကျန်းယွဲ့လုဂရုစိုက်သည်မှာ ရှန့်ကွမ်သွမ့်၏ သရုပ်သကန်သာ ဖြစ်သည်။
“အဲဒီဆရာတုက ယုံရပါ့မလား”
ချီရွှမ်းစု က ပြောလိုက်၏။
“ဒီလိုလူမျိုးတွေက ဘယ်ယုံရပါ့မလဲ… ဒါပေမဲ့ သူတို့ကို လုံလောက်တဲ့ အသပြာ ပေးထားသရွေ့ သူတို့က ခင်ဗျားအတွက် ဘာမဆိုလုပ်ပေးလိမ့်မယ်… ပုံမှန်လူတွေက ရက်စက်ကြမ်းတမ်းတဲ့ မိစ္ဆာအုပ်စုကို ရန်စရဲမှာ မဟုတ်ဘူး… ဒါပေမဲ့ ကျုပ်တို့ သူ့ကို အပြည့်အဝ ယုံကြည်ထားလို့တော့ မရဘူး… စောစောက ခင်ဗျားပြောသလိုပဲ ကျုပ်တို့က လောလောဆယ် လမ်းပြတစ်ယောက် လိုနေရုံပဲ”
ကျန်းယွဲ့လုက ခဏမျှစဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
“ကျွန်မတို့မှာ တခြားရွေးချယ်စရာလည်း ရှိမှမရှိတော့တာပဲ”
ချီရွှမ်းစုက ရှန့်ကွမ်သွမ့်ကို လက်ပြလိုက်၏။
ထိုသူက ခပ်မြန်မြန်ရောက်ရှိလာပြီး ကျန်းယွဲ့လုကို နောက်တစ်ဖန် အရိုအသေပေးလိုသည်။
“တခမ်းတနား လုပ်နေစရာမလိုဘူး”
ကျန်းယွဲ့လုက လက်ကာပြပြီး သူမ၏ မှော်သိုလှောင်ပစ္စည်းထဲကနေ ထိုက်ဖျင်ဒင်္ဂါး ၁၀၀ တန်သော ငွေစက္ကူအတန်ကြီးနှစ်ရွက်ကို ထုတ်ယူကာ ကမ်းပေးလိုက်၏။
“ဒါက စရံငွေပဲ”
ရှန့်ကွမ်သွမ့်က ကျန်းယွဲ့လု၏ လက်ကောက်ဝတ်မှ မှော်သိုလှောင်ပစ္စည်းကို တစ်နည်းတစ်ဖုံအားကျစွာဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း သူက ငွေစက္ကူကို မယူပေ။ သူက ခပ်တိုးတိုး ပြောလိုက်၏။
“လေးစားရပါသော ပညာရှိခင်ဗျာ… အခုလို ပြောရတာ စိတ်မရှိပါနဲ့… လောလန်လို မြို့ကြီးပြကြီးတွေမှာပဲ ဘဏ်တွေရှိတာ… အဲ့ဒါကြောင့် ခင်ဗျားကျုပ်ကို ငွေစက္ကူအစား ဒင်္ဂါးလေးတွေနဲ့ ပေးသနားလို့များ ရမလား”
ကျန်းယွဲ့လုက ငွေစက္ကူကို သိမ်းဆည်း၍ ဝူယိုဒင်္ဂါး အထုပ်ငယ်နှစ်ထုပ်ကို ရှန့်ကွမ်သွမ့်ထံ ပစ်ပေးလိုက်၏။
ဝူယိုဒင်္ဂါးတစ်ပြားသည် ထိုက်ဖျင်ဒင်္ဂါး ဆယ်ပြားနှင့် တူညီသည်။ ထို့ကြောင့် ထိုက်ဖျင်ဒင်္ဂါး ၂၀၀ သည် ဝူယိုဒင်္ဂါး နှစ်ဆယ်နှင့် တူညီလေသည်။ ဝူယိုဒင်္ဂါးများ၏ အကြီးမားဆုံး အားသာချက်မှာ သူတို့သည် သယ်ဆောင်ရ ပိုမိုလွယ်ကူခြင်း ဖြစ်သည်။ အထူးသဖြင့် ငွေစက္ကူများကို အသုံးမပြုနိုင်သည့် ဤကဲ့သို့သော အခြေအနေမျိုးမှာ များစွာအသုံးဝင်လေသည်။
ရှန့်ကွမ်သွမ့်က ဝူယိုဒင်္ဂါးတစ်ဆယ်ဟု ရေးထိုးထားသည့် အသပြာအိတ်ငယ် နှစ်အိတ်ကို ဖမ်းယူပြီး တုန်လှုပ်သွား၏။ အသပြာအိတ်ပေါ်မှာ ထျန်ကန်းခန်းမဟုလည်း ခတ်နှိပ်ထားပြီး သူက ငွေကို ရေတွက်မကြည့်ရဲပေ။ သူက အိတ်များကိုသာ ဖမ်းယူပြီး ကျန်းယွဲ့လုကို တစ်ချက်ခိုးကြည့်လိုက်၏။
ကျန်းယွဲ့လုက သူ့ကို သတိပေးလိုက်သည်။
“မှတ်ထားနော်… နင်ယူထားတာက ထျန်ကန်းခန်းမရဲ့ အသပြာပဲ”
“ဟုတ်ပါတယ် ပညာရှိခင်ဗျာ”
ရှန့်ကွမ်သွမ့်က ဦးညွှတ်လိုက်၏။
ကျန်းယွဲ့လု၏ စကားအဓိပ္ပာယ်ကို သူကောင်းကောင်း နားလည်သဘောပေါက်သည်။ ထျန်ကန်းခန်းမ၏ ငွေကြေးကို ရယူဖို့မလွယ်ကူပေ။ ထျန်ကန်းခန်းမက သူတို့၏ ကတိကို ဖောက်ဖျက်လိမ့်မည် မဟုတ်သော်လည်း ရန်စခံရမည်ဆိုလျှင် ရက်စက်ကြမ်းတမ်းပြပေလိမ့်မည်။
ကျန်းယွဲ့လုက ချီရွှမ်းစုဘက်ကို လှည့်ပြီး ပြောလိုက်၏။
“သူ့ကို မြင်းတစ်ကောင် ပေးလိုက်”
ချီရွှမ်းစုက နာခံလိုက်၏။
ထျန်ကန်းခန်းမသည် လူတစ်ယောက်ကို မြင်းနှစ်ကောင် ထုတ်မပေးသော်လည်း လိုအပ်သည့်အခါ အသုံးပြုဖို့အတွက် မြင်းအပိုများကို ထည့်ပေးထားသည်။ ထို့ကြောင့် ရှန့်ကွမ်သွမ့်အတွက် မြင်းတစ်ကောင် စီစဉ်ပေးဖို့က အခက်အခဲမရှိပေ။
ချီရွှမ်းစုက သူ၏ လက်အောက်ငယ်သား ချောင်လီယိုကိုခေါ်ပြီး ရှန့်ကွမ်သွမ့်အတွက် ရွက်ဖျင်တဲတစ်လုံးနှင့် မြင်းတစ်ကောင် စီစဉ်ပေးခိုင်းလိုက်၏။
ကျောက်စိမ်းနေပြည်တော်ကနေ ထွက်ခွာလာပြီးနောက် ချီရွှမ်းစုသည် သူ၏ အစွမ်းအစကို ပြသထားပြီဖြစ်၏။ လက်ထောင်ခန်းမသခင်၏ လူယုံတော်အဖြစ် သူ၏ အဆင့်အတန်းမှာလည်း အခြားသူများက သူ့ကိုကြောက်ရွံ့ကြသည်။ ထို့ကြောင့် သူတို့က သူ့အမိန့်ကို မနာခံဘဲမနေရဲပေ။
ချီရွှမ်းစုက မြင်းကုန်းနှီးဘေးမှ မြက်တစ်ဆုပ်ကိုဆွဲယူ၍ မြင်းကုန်းနှီးအိတ်ထဲမှ ပဲတစ်အိတ်ကိုလည်းထုတ်ယူကာ ရောနှော၍ သူ့မြင်းကို အစာကျွေးလိုက်၏။
ဤကဲ့သို့သောအခြေအနေမှာ ရွေးချယ်စရာများစွာမရှိပေ။ နှင်းများနှင့် တိတ်ဆိတ်ခြောက်ကပ်နေသောနေရာမှာ လမ်းတစ်လျှောက် မြက်များကို ရရှိဖို့က မဖြစ်နိုင်ပေ။ ထို့ကြောင့်သူတို့သည် လုံလောက်သည့်ရိက္ခာကို ကြိုတင်ပြင်ဆင်လာရသည်။ ကံကောင်းထောက်မစွာဖြင့် ပီရှန်ဘုရားကျောင်းက သူတို့အတွက် ရိက္ခာကို ထပ်ဖြည့်ပေးလိုက်နိုင်သည်။
မြင်းကို ဂရုစိုက်ပေးပြီးသည်နှင့် ချီရွှမ်းစုက ကျောက်ခဲလိုမာကျောသောရိက္ခာခြောက်နှင့် အေးစက်နေသောရေဖြင့် သူ၏ ညစာကို စတင်လိုက်၏။
နှစ်များစွာကြာအောင် ခရီးသွားလာပြီးနောက် ချီရွှမ်းစုသည် ဤကဲ့သို့သောအခြေအနေမျိုးနှင့် အသားကျနေပြီဖြစ်သော်လည်း ကျောက်စိမ်းနေပြည်တော်၏ သက်တောင့်သက်သာရှိသော အခြေအနေနှင့် အသားကျနေပြီးသား တာအိုဆရာများအတွက်တော့ အခက်အခဲဖြစ်နေ၏။ ထို့ကြောင့် လူအတော်များများက ဆာလောင်မှုကိုဖြေဖျောက်ဖို့ စစ်တပ်သုံးအားဆေးလုံးများကို အသုံးပြုကြသည်။
ချီရွှမ်းစုက စားရင်းသောက်ရင်း ကျန်းယွဲ့လုကို တစ်ချက်ခိုးကြည့်လိုက်ပြီး သူမက ခပ်လှမ်းလှမ်းမှာတစ်ယောက်တည်းထိုင်၍ သေရည်ကို တိတ်တဆိတ်သောက်နေသည်ကို သတိထားမိလိုက်၏။ သူမ၏ မှော်သိုလှောင်ပစ္စည်းထဲမှာ သေရည်အလုံအလောက်ကို ထည့်လာသော်လည်း အခြားသူများလို အေးစက်မာကျောသော ရိက္ခာခြောက်များထည့်မလာသည့်ပုံပင်။
ကျန်းယွဲ့လုက သူ့အကြည့်ကို အာရုံခံမိပြီး ချီရွှမ်းစုကို လှည့်ကြည့်လိုက်၏။ သူက အလျင်အမြန် အကြည့်လွှဲ၍ အစားအသောက်ကိုသာ အာရုံစိုက်လိုက်သည်။
တစ်ညအနားယူပြီးနောက် သူတို့က နောက်တစ်နေ့မှာ ခရီးဆက်လိုက်ကြ၏။
ရှန့်ကွမ်သွမ့်၏ ဦးဆောင်မှုနှင့်အတူ ကျန်းယွဲ့လုသည် ဘေးပတ်ဝန်းကျင်ကို မကြာခဏ အတည်ပြု စစ်ဆေးနေစရာ မလိုတော့ပေ။ သုံးရက်ကြာပြီးနောက် တိုင်းတစ်ပါးသား အငွေ့အသက်များနှင့် မြို့တစ်မြို့က သူတို့၏ မြင်ကွင်းထဲမှာ ပေါ်ထွက်လာသည်။
ဝူကောရှန်လီက သူတို့အုပ်စု၏ ခရီးပန်းတိုင်ဖြစ်သည်။ ၎င်းသည် တစ်ခါက အနောက်ဘက်ဒေသ၏ တိုင်းပြည် ၃၆ ခုထဲမှာ တစ်ခုဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ရှီကျိုးဟု တည်ထောင်လိုက်သော မဟာရွှမ်မင်းဆက်၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိလာခဲ့သည်။ တိုင်းပြည်ငယ်အများစုသည် အင်ပါယာ အုပ်ချုပ်ရေးယန္တရားအောက်သို့ ဝင်ရောက်လာပြီး စီရင်စုများနှင့် ခရိုင်များ ဖြစ်လာကြသည်။ ရှီကျိုး၏ အုပ်ချုပ်မှု ပြင်ပမှာရှိသော နေရာဒေသများကလည်း သူတို့ကိုသူတို့ တိုင်းပြည်ငယ်များဟု မခံယူကြတော့ပေ။ ထိုအစား သူတို့သည် မဟာရွှမ်အင်ပါယာနန်းတော်ကို သူတို့၏ ပဒေသရာဇ်အဖြစ် အသိအမှတ်ပြုပြီး အခွန်ပဏ္ဏာ ဆက်သရသည့် မြို့ပြ ပြည်နယ်ငယ်များ ဖြစ်လာကြသည်။
မဟာရွှမ်မင်းဆက်သည် ပြည်နယ်အားလုံးမှာ အုပ်ချုပ်ရေးသံတမန်ဌာနများကို တည်ဆောက်ထားသည်။ သို့သော် ရှီကျိုးမှာ သူတို့သည် ရှီကျိုးနယ်ခြားစောင့်ကွပ်ကဲရေးရုံးကို တည်ဆောက်ပြီး ယင်းသည် ဒေသန္တရ အုပ်ချုပ်ရေးရုံးနှင့် အနောက်ဘက်ဒေသစစ်မြေပြင်၏ တပ်စခန်းတစ်ခုသဖွယ် ဆောင်ရွက်ပေးလေသည်။
လောလန်မှာ စခန်းချထားသော ရှီကျိုး နယ်ခြားစောင့်ကွပ်ကဲရေးရုံးသည် ပြည်နယ်ဘုရင်ခံတစ်ဦးနှင့် ဆင်တူသည့် စစ်ရေးနှင့် နိုင်ငံရေး အခွင့်အာဏာကို ကိုင်စွဲထားသည်။ ဒါ့အပြင် နယ်ခြားစောင့်ကွပ်ကဲရေးရုံးသည် ကွပ်ကဲရေး စစ်သေနာပတိထံ တိုက်ရိုက်အစီရင်ခံ တင်ပြနိုင်သည့် သီးခြားအခွင့်အာဏာကို ရယူထားလေသည်။
ဧကရီကောင်းကျူသည် ဒေသဆိုင်ရာအုပ်ချုပ်ရေးရုံးများနှင့် အခမ်းအနားမှူးများကို ဖျက်သိမ်းပြီးနောက် ဝန်ကြီးများအဖွဲ့သည် အုပ်ချုပ်ရေးပိုင်းမှာ အမြင့်မားဆုံး အခွင့်အာဏာကို ရရှိလာပြီး တာအိုဂိုဏ်းတော်၏ ရွှေနန်းမြင့်မျှော်စင်နှင့် ဆင်တူလေသည်။
အရပ်ဘက်အရာရှိများ အုပ်ချုပ်ရေးယန္တရားကို လွှမ်းမိုးခြယ်လှယ်ခြင်းကနေ တားဆီးရန်အတွက် ဧကရီကောင်းကျူသည် ဟန်လင်းအရာရှိများသာ ဝန်ကြီးများအဖွဲ့သို့ ဝင်ရောက်နိုင်သည့် ကန့်သတ်ချက်ကို ပယ်ဖျက်ပြီး ရှေးဟောင်းစနစ်သို့ ပြန်ပြောင်းခဲ့လေသည်။ သူသည် ဝန်ကြီးများအဖွဲ့မှာ စစ်ဘက်ဆိုင်ရာ အရာရှိများကိုလည်း အမတ်များအဖြစ် ထမ်းဆောင်စေသည့် ရိုးရာဓလေ့ကို ပြန်လည်အသက်သွင်းခဲ့သည်။
ဒါ့အပြင် ကွန်ဖြူးရှပ်ဝါဒီများ ဖိနှိမ်ခံရမှုကြောင့် ဖြစ်ပေါ်လာသော ဝန်ကြီးများအဖွဲ့သည် အရပ်ဘက်အရာရှိများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများကြား သိသာရှင်းလင်းသော ကွဲပြားမှုကို ပျောက်ကွယ်သွားစေ၏။ ဝန်ကြီးအများစုက စစ်ရေးနှင့် အုပ်ချုပ်ရေး နှစ်မျိုးစလုံးကို ကျွမ်းကျင်ကြသည်။
ဝူကောရှန်လီသည် ရှီကျိုး နယ်ခြားစောင့်ကွပ်ကဲရေးရုံး၏ အုပ်ချုပ်မှုပြင်ပမှာ ရှိပြီး အနောက်ဘက်ဒေသ တာအိုစံအိမ်၏ အာဏာစက်ကနေလည်း လွတ်ထွက်နေသည်။ ထို့ကြောင့် မြို့ထဲသို့ ဝင်ရောက်သည့်အခါ ကျန်းယွဲ့လုတို့အုပ်စုသည် အစောင့်တပ်သားများထံမှာ ရန်လိုသော အကြည့်များကို ချက်ချင်းပင် ရရှိသွား၏။
သူတို့အကြား ဘာသာစကား အဟန့်အတားမှာ ရှန့်ကွမ်သွမ့်၏ ကဏ္ဍက အရေးပါလာသည်။ ဤဒေသမှာ နှစ်ပေါင်းများစွာ နေလာခဲ့ပြီးနောက် သူသည် အမျိုးမျိုးသော ဘာသာစကားများကို ကျွမ်းကျင်ပြီး လမ်းပြတစ်ဦးအဖြစ်သာမက ဘာသာပြန်တစ်ဦး အဖြစ်ပါ ဆောင်ရွက်ပေးနိုင်သည်။
ကျန်းယွဲ့လုက သူမ၏ သရုပ်သကန်ကို ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိဘဲ သူမ၏ ရာထူးအဆောင်အယောင်ကို ထုတ်ပြပြီး ဒေသခံ မြို့တော်အရှင်နှင့် တွေ့ဆုံလိုကြောင်း အစောင့်များကို သတင်းပေးရန် ရှန့်ကွမ်သွမ့်ကို စေခိုင်းလိုက်၏။
မြို့သည် တာအိုဂိုဏ်းတော်၏ အာဏာစက်အောက်မှာ မရှိလျှင်တောင် အစောင့်တပ်သားများသည် တာအိုဂိုဏ်းတော်၏ နာမည်ဂုဏ်သတင်းမှာ ကြောက်ရွံ့ထိတ်လန့်သွားပြီး သူတို့၏ အထက်လူကြီးထံ မဆိုင်းမတွ သတင်းပို့ပေးလိုက်ကြ၏။
သိပ်မကြာခင် စစ်ဦးစီးတစ်ဦး ရောက်ရှိလာပြီး သူတို့ကို မြို့ထဲသို့ ခေါ်ဆောင်မည့် အရိပ်လက္ခဏာမပြလျှင်တောင် နွေးထွေးစွာ ကြိုဆိုလိုက်၏။ မြို့တော်အရှင်က မကြာခင် ကိုယ်တိုင် ရောက်ရှိလာတော့မည်ဟုလည်း သူက ကြိုတင်အကြောင်းကြားပေသည်။
ကျန်းယွဲ့လုက ကန့်ကွက်ခြင်းမရှိဘဲ တည်ငြိမ်စွာ စောင့်ဆိုင်းနေလေသည်။ နာရီဝက်ခန့် ကြာပြီးနောက် မြို့တော်အရှင်က ရောက်ရှိလာ၏။ ချီရွှမ်းစုကို အံ့အားသင့်သွားစေသည်မှာ မြို့တော်အရှင်သည် အတော်လေးငယ်ရွယ်သည့် အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းပင်။
ဤအမျိုးသမီးမှာ အညိုရောင်ဆံပင်၊ ပေါ်လွင်သောနှာတံ၊ နက်ရှိုင်းသော မျက်လုံးများနှင့် တောင့်တောင့်ဖြောင့်ဖြောင့် ပြေပြစ်သော ခန္ဓာကိုယ်အချိုးအစား ရှိသည်။ သူမသည် ကျန်းယွဲ့လုနှင့် အရပ်အမောင်းချင်း တူညီသလောက် ဖြစ်သော်လည်း သူတို့၏ ရုပ်ပိုင်းဆိုင်ရာက သိသိသာသာ ကွာခြားနေသည်။
မြို့တော်အရှင်ဘေးမှာ မတ်တတ်ရပ်နေလျှင် ကျန်းယွဲ့လုသည် တစ်နည်းတစ်ဖုံအားဖြင့် ပိုမို နူးညံ့သိမ်မွေ့သွားသည်ဟု ထင်ရသည်။
သူတို့ ထင်မှတ်ထားသည့်အတိုင်း မြို့တော်အရှင်၏ မျိုးရိုးနာမည်က အိုက် ဖြစ်ပြီး သူမ၏ နာမည်က အိုက်လီ ဖြစ်သည်။
အိုက်လီက ကျန်းယွဲ့လုနှင့် တွေ့ဆုံပြီး မဟာရွှမ်မင်းဆက် နန်းတွင်းရုံးသုံးစကားဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ပြောလိုက်၏။
“လေးစားရပါသော ပညာရှိရှင်… ကျွန်မ ရှင့်ကို ဧည့်သည်တော်အဖြစ် ကျွန်မရဲ့ စံအိမ်ဆီ ဖိတ်ခေါ်လိုပါတယ်… ဒါပေမဲ့ အရှင့်ရဲ့ အခြွေအရံတွေက အရမ်းကို...”
လူတိုင်း အံ့အားသင့်သွားရသည်မှာ အိုက်လီသည် နန်းတွင်းရုံးသုံး ဘာသာစကားကို ပြောဆိုသည့်အခါ အင်ပါယာနေပြည်တော်လေသံ ပေါက်နေခြင်းပင်။ ထိုအချက်သည် သူမက ဤနယ်စွန်နယ်ဖျား အနောက်ဘက်ဒေသမြို့မှာထက် နေပြည်တော်မှာ မွေးဖွားလာသော ချမ်းသာကြွယ်ဝသည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်ဟု ထင်မှတ်ရစေလေသည်။
ကျန်းယွဲ့လုက ပြောလိုက်၏။
“အမှုဆောင်ချီနဲ့ လမ်းပြက ကျွန်မနဲ့ မြို့ထဲကို လိုက်ခဲ့ရမယ်… ရှင်တို့ ကျန်တဲ့သူတွေကတော့ ကြီးကြပ်ရေးမှူး လင်းချွမ်ရဲ့ အမိန့်ကိုနာခံပြီး ဒီမှာ နေခဲ့ရမယ်”
လင်းချွမ်ကျီက ခေါင်းညိတ်၍ ခပ်တိုးတိုး ပြောလိုက်၏။
“လက်ထောက်ခန်းမသခင်… ဂရုစိုက်ပါ”
ချီရွှမ်းစုက စကားမပြောသော်လည်း သူခါးမှာ ချိတ်ဆွဲထားသော ဓားနှင့် သေနတ်ကို အာရုံစိုက်လိုက်၏။ သူက ရှန့်ကွမ်သွမ့်ကို တစ်ချက်ကြည့်ပြီး ထိုလူကြီးက တည်ငြိမ်နေသည်ကို တွေ့လိုက်ရ၏။
သူတို့သုံးယောက်သည် အိုက်လီနှင့်အတူ မြို့ထဲသို့ ဝင်ရောက်လာပြီး မြို့တော်အရှင်စံအိမ်သို့ ဦးတည်လိုက်ကြ၏။
မြို့တော်က အတော်လေး စည်ကားသက်ဝင်ပြီး ကြွယ်ဝမှုရှိသည်ကို လမ်းတစ်လျှောက်မှာ သူတို့ သတိထားမိလိုက်ကြသည်။ ဤမြို့သည် ရှီကျိုးမှာ အကြီးမားဆုံးမြို့တော်ဖြစ်သော လောလန်လောက် မခမ်းနားဘဲ ကျောက်စိမ်းနေပြည်တော်ကို မယှဉ်နိုင်သော်လည်း ၎င်းသည် အလယ်ပိုင်းလွင်ပြင်ဒေသရှိ သာမန်စီရင်စုများ၊ ခရိုင်များနှင့် မတိမ်းမယိမ်းမှာ ရှိပေမည်။
မြို့တော်အရှင်၏ စံအိမ်က အတွင်းပိုင်းမြို့တော်မှာ တည်ရှိလေသည်။ ၎င်းသည် တစ်ခါက ဝူကောရှန်လီတိုင်းပြည်၏ တော်ဝင်နန်းတော်ဖြစ်ခဲ့ပြီး ကျယ်ပြန့်သော နေရာတစ်ခုကို သိမ်းပိုက်ထားကာ အတော်လေး အထက်တန်းကျစွာဖြင့် အလှဆင် စီခြယ်ထားသည်။
ယခုအချိန်မှာ ထိုနေရာကို အိုက်မိသားစုက ပိုင်ဆိုင်ပြီး မြို့တော်အရှင်က အမျိုးမျိုးသော အရေးကိစ္စများကို ကိုင်တွယ်ဆောင်ရွက်သည့် အုပ်ချုပ်ရေးရုံး အဖြစ်သာမက အိုက်လီမိသားစု တစ်ခုလုံး၏ ဂေဟာအဖြစ်ပါ အသုံးချထားလေသည်။
အိုက်လီ၏ လမ်းညွှန်မှုဖြင့် သူတို့သုံးယောက်သည် အတွင်းပိုင်းမြို့တော်သို့ အတားအဆီးမရှိ ဝင်ရောက်လာပြီး မြို့တော်အရှင်စံအိမ်သို့ ရောက်လာကြ၏။
အိုက်လီက ရောင်စုံမှန်စီရွှေချများဖြင့် စီခြယ်ထားသော ကြီးမားသည့် ဧည့်ခန်းတစ်ခုထဲမှာ သူတို့သုံးယောက်ကို ဧည့်ခံလေသည်။ ကြော့ရှင်းလှပသော အစေခံအမျိုးသမီးတစ်ဦးက အလယ်ပိုင်းဒေသမှ အဆင့်မြင့်လက်ဖက်ရည်ဖြင့် ဧည့်ခံပြီး ချင်းစီဟုခေါ်သော မြစိမ်းရောင် ခွက်ယောက်များကိုပင် ထုတ်ယူထားသည်။ ဤသည်မှာ အလျင်စလို ပြင်ဆင်၍ ရနိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။
အိုက်လီ၏ နန်းတွင်းရုံးသုံးဘာသာစကား ကျွမ်းကျင်မှုကို ကြည့်ခြင်းအားဖြင့် အိုက်မိသားစုသည် ဒေသဆိုင်ရာယဉ်ကျေးမှုများကို လက်ခံကျင့်သုံးထားပြီမှာ သိသာပြီး အရှေ့ပိုင်းယဉ်ကျေးမှုနှင့် အနောက်ပိုင်းယဉ်ကျေးမှု၏ ပေါင်းစပ်မှုကို ပြီးပြည့်စုံစွာ ထင်ဟပ်ပြသပေးနေသည်။
ငယ်ရွယ်သော မြို့တော်အရှင်က အလယ်ပိုင်းဒေသ၏ ဓလေ့ထုံးတမ်းများကို ကောင်းကောင်းသိကျွမ်းနေ၏။ အိမ်ရှင်အနေဖြင့် သူမသည် လက်ဖက်ရည်ခွက်ကို မယူပေ။ ကျန်းယွဲ့လုကလည်း လက်ဖက်ရည်သောက်ဖို့ စိတ်ကူးမရှိဘဲ လိုရင်းကို တန်းပြောလိုက်၏။
“မြို့တော်အရှင်… ဒီတစ်ခေါက် ကျွန်မရောက်လာတာ အကူအညီ တောင်းဖို့ပဲ”
အိုက်လီက ပြန်ပြောလိုက်၏။
“ဩဇာအာဏာ ကြီးမားလှတဲ့ တာအိုဂိုဏ်းတော်က ပညာရှိရှင့်… ကျွန်မက အရေးမပါအရာမရောက်တဲ့ မြို့တော်အရှင်လေးပါ… ရှင် ကျွန်မဆီက ဘာများ အကူအညီ လိုအပ်လို့ပါလဲ။”
ကျန်းယွဲ့လုက ချီရွှမ်းစုကို တစ်ချက်လှမ်းကြည့်လိုက်၏။
ချီရွှမ်းစုက တုံ့ပြန်ကာ ပြောဆိုလိုက်၏။
“ဘာပဲပြောပြော… ဒါက တာအိုဂိုဏ်းတော်ရဲ့ ပိုင်နက်နယ်မြေ မဟုတ်တော့ပါဘူး… ဧည့်သည်အနေနဲ့ ဒေသဆိုင်ရာ အရှင်သခင်ဆီကနေ အကူအညီတောင်းရတာ အကျိုးသင့်အကြောင်းသင့် ရှိပါတယ်… ပွင့်ပွင့်လင်းလင်းပြောရရင် ကျုပ်တို့က မိစ္ဆာတစ်အုပ်စုကို ရှာဖွေနေတာပါပဲ”
“မိစ္ဆာလား…”
အိုက်လီ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှု အကြည့်တစ်ခု ပေါ်ထွက်လာပြီး အဲဒါက အစစ်အမှန် ဟုတ်မဟုတ် ပြောဖို့ခက်သည်။
“မြို့တော်အရှင်… သင် အဲဒါကို တကယ်သတိမထားမိလို့များလား”
အစ်မချီ၏ သင်ကြားပြသမှုကြောင့် အမူအရာကို ထိန်းချုပ်ရမှာ ကျွမ်းကျင်ပိုင်နိုင်သော ချီရွှမ်းစုကလည်း အံ့အားသင့်သယောင် ဟန်ဆောင်လိုက်၏။
“တိုင်းတစ်ပါးသား မိစ္ဆာတစ်အုပ်စုက အနောက်ဘက်ဒေသကို ဝင်ရောက်လာပြီး ကုန်သည်ယာဉ်တန်းတွေကို တိုက်ခိုက်ခဲ့တယ်… ပစ္စည်းဥစ္စာတွေကို လုယက်တယ်… လူတွေကိုလည်း သတ်ဖြတ်တယ်… တာအိုဆရာ ၁၃ ဦး သတ်ဖြတ်ခံလိုက်ရချိန်မှာတော့ သူတော်စင်တွေက ဒေါသချောင်းချောင်းထွက်ပြီး အဲဒီ ဥပဒေမဲ့ မိစ္ဆာအုပ်စုကို အမြစ်ပြတ်သုတ်သင်ရမယ်လို့ အမိန့်တော် ရှိလိုက်တယ်။”
ထို့ကြောင့်ပင် ကျန်းယွဲ့လုက ချီရွှမ်းစု ကို စကားပြောခိုင်းထားခြင်း ဖြစ်သည်။
ချီရွှမ်းစုသည် သူမ၏ အားနည်းချက်ဖြစ်သော သရုပ်ဆောင်သည့်နေရာမှာ ကျွမ်းကျင်ပိုင်နိုင်သည်ကို သူမ သိရှိထားသည်မှာ ကြာခဲ့ပြီဖြစ်သည်။
အိုက်လီ၏ မျက်နှာပေါ်ရှိ အံ့အားသင့်မှု အနည်းငယ်သည် ကြီးမားသော တုန်လှုပ်မှုအဖြစ် ပြောင်းလဲသွား၏။
“အို တကယ့်ကို ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာပဲ”
ချီရွှမ်းစုက တည်တံ့စွာဖြင့် ထပ်ပြောလိုက်၏။
“မြို့တော်အရှင်… အဲဒါကြောင့်လည်း ကျုပ်တို့ ခင်ဗျားရဲ့ အကူအညီကို လိုအပ်တာပါ”
အိုက်လီက ခဏမျှ ငြိမ်သက်သွားပြီးနောက် ပြောလိုက်၏။
“ကျွန်မက မြို့တော်အရှင် ဆိုပေမယ့် စီးပွားရေးသမား တစ်ဦးဆိုလည်း ဟုတ်တယ်… အဲဒါကြောင့် မေးပါရစေ… ကျွန်မ ဘာပြန်ရနိုင်မလဲ”
ကျန်းယွဲ့လုက ထပ်မံ၍ ပြောလိုက်၏။
“သင်က တာအိုဂိုဏ်းတော်ရဲ့ မိတ်ဆွေဖြစ်ခြင်းကို ရနိုင်လိမ့်မယ်။”