တာအိုဆရာ ဆွေမျိုး
Vol. 5 Ch. 49
တာအိုအဖွဲ့အစည်းအတွင်း ဆွေမျိုးတော်စပ်မှုကို မမြင်နိုင်သလို လက်ဆုပ်လက်ကိုင်ပြ၍ မရပေ။ အမှန်တရားက ဘယ်တုန်းကမှ ထိုမျှလောက် မရိုးရှင်းခဲ့ပေ။
နောက်လိုက်တစ်ဦးထံမှ စကားလုံးတစ်ထောင်သည် ဆရာကြီးတစ်ပါးထံမှ စကားလုံးတစ်လုံးနှစ်လုံးကို မယှဉ်နိုင်ပေ။ သာမန်လူများနှင့် မိတ်ဆွေဖွဲ့ဖို့က မထိုက်တန်သော်လည်း ဆရာကြီးတစ်ပါးထံမှ မျက်နှာသာ ရရှိခြင်းသည် လူများစွာ မျှော်လင့်တောင့်တနေသည့် အရာဖြစ်သည်။
တိုင်းပြည်အတွက် ကြီးမားသော အကျိုးဆောင်မှုများစွာ ပြုလုပ်ခြင်းထက် အသေးအဖွဲကိစ္စများတွင် ဧကရာဇ်ကို အလိုလိုက် အကြိုက်ဆောင်ခြင်းက ဧကရာဇ်ထံမှ မျက်နှာသာပေးမှုကို ရရှိနိုင်သည်ဟူသော ဆိုရိုးစကား ရှိလေသည်။
အိုက်လီသည် တာအိုဂိုဏ်းတော်ကို ကူညီဖို့ ရွေးချယ်မည်ဆိုလျှင် သူမသည် အကျိုးအမြတ်များစွာကို ရရှိပေလိမ့်မည်။ သူမသည် တာအိုဆရာတစ်ဦးအဖြစ် တူညီသော ခံစားခွင့်ကို ရရှိပြီး ဝေဟင်ပျံသင်္ဘောသုံးကာ ကျောက်စိမ်းနေပြည်တော်ကို ဝင်ရောက်နိုင်မည် ဖြစ်သည်။ ကုန်သွယ်သည့်အခါ တာအိုဂိုဏ်းတော်သည် သူမ၏ ကုန်သွယ်ယာဉ်တန်းများကို ဦးစားပေးလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အခြေခံကျသော ခံစားခွင့်များဟု ဆိုနိုင်သည်။
သူမသည် တာအိုဂိုဏ်းတော်အတွက် ကြီးမားစွာ အကျိုးဆောင်ပေးမည်ဆိုလျှင် သူတော်စင်တစ်ပါး၏ ဧည့်သည်တစ်ဦးပင် ဖြစ်လာနိုင်ပြီး သူတော်စင်ဆွေမျိုးဘွဲ့ကိုပင် ချီးမြှင့်ခံရနိုင်သည်။ ဤဘွဲ့သည် သာမန် အဆင့်-၂ ထိုက်ယီ တာအိုအကြီးအကဲတစ်ဦး၏ ဂုဏ်ဒြပ်နှင့် တူညီသည်။
မြို့တော်အရှင်အနေဖြင့် အိုက်လီသည် ဤစကား၏ နောက်ကွယ်မှ သဘောတရားကို ကောင်းကောင်း နားလည်ထားပြီး ထပ်မံ၍ ရှင်းလင်းအောင် မေးလိုက်၏။
“အခုပြောနေတာ… တကယ်အမှန်ပဲလား”
“ကျွန်မ ဆုံးဖြတ်ချက်ချပေးနိုင်တယ်”
ကျန်းယွဲ့လုက သူမ၏ မှော်သိုလှောင်ပစ္စည်းထဲကနေ စာရွက်တစ်ရွက်ကို ထုတ်ယူပြီး သူတို့နှစ်ယောက်ကြား စားပွဲပေါ်မှာ တင်လိုက်သည်။
လိုအပ်သော တံဆိပ်တုံးများအားလုံး ပြည့်စုံစွာထုထားသော်လည်း နာမည်နေရာကို လစ်လပ်ထားသည့် စာရွက်ကို အိုက်လီက တစ်ချက်ကြည့်လိုက်၏။
ကျန်းယွဲ့လုက ပြောလိုက်၏။
“ဒါက… အဆင့်-၅ တာအိုဆရာတစ်ဦးအတွက် အသိအမှတ်ပြု လက်မှတ်ပဲ… အဲဒါကို ခန်းမသခင်က အကန့်အသတ်နဲ့ ထုတ်ပေးထားတာ… ဒီထဲမှာ သင့်ရဲ့ နာမည်ကို ဖြည့်လိုက်တာနဲ့ သင်က အဆင့်-၅ တာအိုဆရာတစ်ဦးရဲ့ ခံစားခွင့်ကို ရနိုင်မယ်… သင်က တာအိုဆရာ ဆွေမျိုးတစ်ဦး ဖြစ်တဲ့အတွက် တာအိုဂိုဏ်းတော်ရဲ့ ဓလေ့ထုံးတမ်းတွေကို လိုက်နာနေစရာ မလိုဘူး… သင်က အဆင့်မြင့်တာအိုဆရာတွေရဲ့ ထိန်းချုပ်တာကိုလည်း ခံရမှာမဟုတ်ဘူး… ဒီဘွဲ့မှာ အားသာချက်ပဲရှိတယ် အားနည်းချက် မရှိဘူး”
အိုက်လီက ခဏမျှနှုတ်ဆိတ်သွား၏။ ထို့နောက် သူမက တောက်ပစွာပြုံးပြီး သူမ၏ အစေခံမိန်းကလေးကို အမိန့်ပေးလိုက်၏။
“ငါတို့ရဲ့ တာအိုရောင်းရင်း ဧည့်သည်တော်တွေကို အထဲမှာ အနားယူဖို့ သွားပြီး ဖိတ်ခေါ်လာခဲ့ပါဦး။”
ထို့နောက် သူမက ကျန်းယွဲ့လုဘက်ကို လှည့်ပြီး ပြောလိုက်၏။
“ပညာရှိရှင့်… ရှင့်ရဲ့ အမိန့်ကိုဖြည့်ဆည်းပေးဖို့ ကျွန်မ အတတ်နိုင်ဆုံး ပြုလုပ်ပေးပါ့မယ်”
ကျန်းယွဲ့လုက တည့်တည့်ပင် ပြောလိုက်၏။
“ဟုတ်ပြီလေ… ဒါဆို ကျွန်မ သင့်ကို မကြာသေးခင်အတွင်း ပြုမူလှုပ်ရှားခဲ့တဲ့ မသင်္ကာစရာ အပြင်လူတွေကို ရှာဖွေပေးစေချင်တယ်… အထူးသဖြင့် အနောက်ဘက်ကုန်းမြေတိုက်ကလာတဲ့ လူတွေပေါ့”
“ရတာပေါ့ရှင်”
အိုက်လီက ကျေနပ်အားရစွာဖြင့် သဘောတူ လက်ခံလိုက်၏။
ကျန်းယွဲ့လုက ချီရွှမ်းစုကို တစ်ဖန်ကြည့်ပြီး မျက်လုံးမှိတ်ပြလိုက်၏။
ချီရွှမ်းစုက သူဝင်ပြောရတော့မည့်အချိန် ရောက်ရှိလာပြီကို ချက်ချင်းပင် နားလည် သဘောပေါက်သွား၏။
“မြို့တော်အရှင်… ကျုပ် ခင်ဗျားကို သတိပေးပါရစေ… လှေတစ်စင်းထဲမှာ ခြေချထားတာက တည်ငြိမ်မှုရှိတယ်… ဒါပေမဲ့ လှေနှစ်စင်းကို ခွနင်းမယ်ဆိုရင်တော့ မလွဲမသွေ လဲကျပါလိမ့်မယ်”
အိုက်လီ၏ အမူအရာက ပြောင်းလဲမသွားဘဲ သူမ၏ အပြုံးကို ဆက်ထိန်းထားကာ ပြောလိုက်၏။
“ဟုတ်တာပေါ့ရှင်”
ချီရွှမ်းစုက ဆက်လက်၍ မပြောဆိုတော့ပေ။
အိုက်လီက မတ်တတ်ထရပ်ပြီး ပြောလိုက်၏။
“အားလုံးပဲ ခရီးပန်းလာကြရောပေါ့… ကျေးဇူးပြုပြီး ဒီညတော့ ကျွန်မရဲ့စံအိမ်မှာ အနားယူကြပါဦး… ရှာဖွေဖို့ အမိန့်ကို ကျွန်မ အခုပဲထုတ်ပြန်လိုက်ပါ့မယ်… အဲဒီကိစ္စကို နောက်နေ့မနက်မှာ ကျွန်မတို့ ဆွေးနွေးကြတာပေါ့”
“ရတယ်လေ”
ကျန်းယွဲ့လုက ငြင်းဆန်ခြင်း မရှိပေ။
အိုက်လီက လက်ခုပ်တီးလိုက်၏။ ချက်ချင်းပင် အစေခံမိန်းကလေးက ဧည့်ခန်းထဲသို့ ဝင်ရောက်လာပြီး ကျန်းယွဲ့လုကို အရိုအသေ ပေးလိုက်သည်။
“ပညာရှိရှင့်… ကျေးဇူးပြုပြီး ကျွန်မရဲ့ နောက်ကနေ လိုက်ခဲ့ပေးပါရှင်။”
ညအချိန်မှာ အိုက်လီသည် ကျန်းယွဲ့လု၊ လင်းချွမ်ကျီနှင့် ကျောက်ပိုင်တို့အတွက် စားသောက်ပွဲတစ်ခု ကျင်းပပေးသည်။
ချီရွှမ်းစုက တက်ရောက်ခြင်း မရှိပေ။ သူက အခြားသော ထျန်ကန်းခန်းမ တာအိုဆရာများနှင့်သာ စားသောက်လေသည်။ ဤသည်က စည်းမျဉ်းစည်းကမ်း ဖြစ်သည်။ ကျန်းယွဲ့လု၊ လင်းချွမ်ကျီနှင့် ကျောက်ပိုင်တို့ မထင်မှတ်ထားတာ တစ်ခုခုဖြစ်ပြီး အနားမှာမရှိလျှင် ချီရွှမ်းစုက ဤအုပ်စု၏ ခေါင်းဆောင် ဖြစ်လာပေလိမ့်မည်။ ဤအချက်သည် ကျန်းယွဲ့လုက ချီရွှမ်းစုအပေါ် ဘယ်လောက်ယုံကြည်ထားသလဲ ပြသနေ၏။
သာမန် တာအိုဆရာများသည် မြို့တော်အရှင်၏ ညစာတည်ခင်းဧည့်ခံပွဲသို့ မတက်ရောက်နိုင်သော်လည်း သူတို့ကို ကောင်းကောင်း ဧည့်ခံပေးထားသည်။
မြို့တော်အရှင်စံအိမ်မှာ အမှုထမ်းအစေခံများသည် အထူးသဖြင့် အလယ်ပိုင်းလွင်ပြင်ဒေသမှ စားသောက်စရာများကို ပြင်ဆင်ပေးထားသည်။ လူတစ်ယောက်အတွက် အသားနှင့် အသီးအရွက် ဟင်းအမယ်လေးမျိုး စီစဉ်ပေးထားသည်။ လူတိုင်းသည် အနောက်ဘက်ဒေသထွက်ဖြစ်သော ဆိတ်ခြေထောက်တစ်ချောင်းနှင့် ဝိုင်ကိုလည်း ရရှိလေသည်။
တာအိုဂိုဏ်းတော်မှာ အဆိပ်များကို စမ်းသပ်ဖို့အတွက် ၆လက်မခန့် ရှည်သော အပ်တစ်ချောင်းပုံစံ ထူးခြားသော ကိရိယာတစ်ခုရှိသည်။ ၎င်းကို ထုတ်ဝေပေးထားသည့် ပစ္စတိုများ၏ ပြောင်းအောက်မှာ တပ်ဆင်ထားပြီး လိုအပ်သည့်အခါ အချိန်မရွေး ထုတ်ယူနိုင်သည်။
စားသောက်စရာများမှာ အဆိပ်မရှိကြောင်း စမ်းသပ်ပြီးနောက် လူတိုင်းက ယုံကြည်မှုရှိရှိဖြင့် စတင်၍ စားသောက်လိုက်ကြသည်။ အရသာသည် ကျောက်စိမ်းနေပြည်တော်မှ စားသောက်ဆိုင်များလောက် မကောင်းမွန်သော်လည်း လူတိုင်းက ကြိုက်နှစ်သက်ကြဆဲ ဖြစ်သည်။ သူတို့သည် ပြီးခဲ့သည့် နှစ်ပတ်အတွင်း ရိက္ခာခြောက်များ သို့မဟုတ် အရသာဆိုးသော စစ်တပ်သုံး အားဆေးလုံးများနှင့်သာ ဖြတ်သန်းခဲ့ရသောကြောင့် ဖြစ်သည်။ သူတို့က ဤကဲ့သို့ ကောင်းကောင်းမွန်မွန် မစားရသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
ချီရွှမ်းစု၊ ချောင်လီယိုနှင့် ရှန့်ကွမ်သွမ့်တို့က စားပွဲတစ်ဝိုင်းတည်းမှာ ထိုင်နေကြ၏။
ရှန့်ကွမ်သွမ့်က ကြက်စွပ်ပြုတ်ကို ဖြည်းဖြည်းချင်းသောက်ပြီး တီးတိုးရေရွတ်လိုက်၏။
“ကျုပ်တော့ အပြင်ရောက်ရင် မြို့တော်အရှင်စံအိမ်က စားစရာတွေက ဘယ်လောက်ကောင်းသလဲ ကြွားလုံးထုတ်မယ်လို့ တွေးထားတာ… ဒါပေမဲ့ ကျုပ်ထင်တာ မှားသွားတယ်”
“အမှန်ပဲ… ဒီဟင်းလျာတွေထဲမှာ ထူးခြားတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ထည့်ချက်ထားတယ်… အရသာက အစစ်အမှန် မဟုတ်တော့ဘူး”
ချောင်လီယိုကလည်း သဘောတူစွာဖြင့် ထောက်ခံလိုက်၏။
ချီရွှမ်းစုက သူတို့၏ စောဒကကို ကြားသောအခါ ပြုံး၍ ငေါက်လိုက်၏။
“တချို့စားစရာတွေကတော့ မဆိုးပါဘူး… မင်းတို့ကကို ဂျီးများနေတာ… သိပ်ပြီးတော့ ညည်းညူမနေကြနဲ့”
ထို့နောက် သူက အရသာအကောင်းဆုံးဟင်းလျာဖြစ်သော သူ့အတွက် ဆိတ်ခြေထောက်ကို သူတို့နှစ်ယောက်ဘက်သို့ တွန်းပို့လိုက်၏။
ချောင်လီယိုက အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။
“အမှုဆောင်ချီ… ခင်ဗျားလည်း စားမှပေါ့”
ချီရွှမ်းစုက ပြောလိုက်သည်။
“ငါ့ကို ပူမနေနဲ့… ဒီရက်ထဲ မင်းတို့တွေ အစားအသောက် ကောင်းကောင်း မစားရတာ ငါသတိထားမိတယ်… မင်းတို့တွေ အခွင့်အရေးရတုန်း ကောင်းကောင်း စားထားသင့်တယ်”
“အမှုဆောင်ချီ…ခင်ဗျားက သက်သတ်လွတ်သမားလား
ချောင်လီယိုက မေးလိုက်၏။
တာအိုဂိုဏ်းတော်မှာ လင်းချွမ်ကျီကဲ့သို့ သက်သတ်လွတ်စားပြီး လက်ထပ်ထိမ်းမြားခြင်း မရှိသော တာအိုဆရာ များစွာရှိသည်။
ချီရွှမ်းစု က ပြန်ဖြေလိုက်၏။
“မဟုတ်ပါဘူး”
ချောင်လီယိုက အနည်းငယ် ရှက်ရွံ့စွာပြုံးပြီး ဆက်လက်၍ မပြောဆိုတော့ဘဲ အစားအသောက်ကိုသာ အာရုံစိုက်လိုက်လေသည်။
နောက်ဆုံးမှာတော့ မည်သည့်အရာကမှ အလဟဿ ဖြစ်မသွားပေ။ ရှန့်ကွမ်သွမ့်သည် ဆိတ်ခြေထောက်၏ အရွတ်များအားလုံးကိုပင် ကိုက်ဝါးနေ၏။
စားသောက်လို့ ပြီးစီးသွားပြီးနောက် အစေခံတစ်ဦးက ရောက်ရှိလာပြီး ဗလာကျင်းသွားသော ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းကာ လက်ဖက်ရည်ပူကို ယူဆောင်ပေးလာသည်။
ချီရွှမ်းစုက လက်ဖက်ရည်ပူကို စုပ်သောက်ပြီး မေးလိုက်၏။
“ညီအစ်ကိုရှန့်ကွမ်… ဒီမြို့တော်အရှင်က ကျုပ်တို့ရှာနေတဲ့ မိစ္ဆာတွေနဲ့ ပတ်သက်ဆက်စပ်နေမယ်လို့ ခင်ဗျားထင်လား”
“အဲဒါ ပြောဖို့တော့ ခက်တယ်”
ရှန့်ကွမ်သွမ့်က သွားကြားထိုးရင်း စကားပြောလိုက်၏။
“အိုက်မိသားစုက အတော်လေး စွမ်းအားကြီးမားတယ်… ဩဇာအာဏာကို အမှန်တကယ် ကိုင်စွဲထားတဲ့လူတွေက လူမြင်ကွင်းကနေ ရှောင်နေလိမ့်မယ်… သူတို့က ကျုပ်တို့ကို ဧည့်ခံဖို့အတွက် ငယ်ရွယ်တဲ့ မိန်းကလေးတစ်ဦးကို ရှေ့ထုတ်ပေးထားတာပဲ… အဲဒီမိန်းကလေးက ပညာရှိကျန်းကို တွေ့တဲ့အချိန်တုန်းက သူက ဖြစ်ပျက်နေတဲ့အရာကို မသိသလို ဟန်ဆောင်ခဲ့တယ်… သူက တစ်ခုခုကို…”
“တစ်ခုခုကို ဖုံးကွယ်ထားတာလား”
ချောင်လီယိုက ဝင်ရောက်ပြောဆိုလိုက်၏။
“ဟုတ်တယ်… အဲဒါက အတော်လေး မသင်္ကာစရာ ကောင်းတယ်”
ခရှန့်ကွမ်သွမ့်က သွားကြားထိုးလို့ပြီးသွားပြီး သူ့အသံက ပို၍ရှင်းလင်းလာ၏။
“သူတို့က အဲဒီမိစ္ဆာတွေကို သိထားရမယ်… ဒါပေမဲ့ သူတို့က တစ်ဖွဲ့တည်းလားဆိုတာတော့ ကျုပ် မပြောတတ်ဘူး… အိုက်မိသားစုမှာ အဲလိုမျိုး အဆက်အသွယ်တွေရှိတယ်… သူတို့က တာအိုဂိုဏ်းတော်နဲ့ ရန်သူတွေ မဖြစ်ရဲရုံပဲ”
ချီရွှမ်းစုက ခေါင်းညိတ်လိုက်၏။
“ညီအစ်ကို ရှန့်ကွမ် ပြောတာမှန်တယ်”
ရှန့်ကွမ်သွမ့်က ဘေးဘီဝဲယာကို ကြည့်ရှုပြီး မည်သူကမှ အာရုံမစိုက်နေသောအခါ သူက အသံနှိမ့်၍ ပြောလိုက်၏။
“အမှုဆောင်ချီ ခင်ဗျားက ပညာရှိကျန်းနဲ့ အတော်လေး ထူးခြားတဲ့ ဆက်ဆံရေးရှိတာ ကျုပ် သတိထားမိတယ်… ခင်ဗျားတို့ရဲ့ ဆက်ဆံရေးက ဘာပါလိမ့်… ကျုပ်ကို ပြောပြလို့ ရမလား”
ချီရွှမ်းစုက ပြန်မေးလိုက်၏။
“ညီကိုရှန့်ကွမ်… ခင်ဗျားဘာလို့ ဒီကိစ္စကို မေးတာလဲ”
ရှန့်ကွမ်သွမ့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ပညာရှိကျန်းမှာ တာအိုဆရာဆွေမျိုး အထောက်အထား လက်မှတ်ရှိတာ ကျုပ်မြင်တယ်… ကျုပ်က ခင်ဗျားတို့အားလုံးကို လမ်းပြပေးထားတယ်ဆိုမှတော့ ကျုပ်လည်း အကျိုးဆောင်မှုတချို့ ပြုလုပ်ပေးထားတယ်လို့ ဆိုနိုင်တယ်မလား… အဲလိုမျိုး အထောက်အထား လက်မှတ်တစ်ခုရအောင် ခင်ဗျား ကျုပ်ကို ကူညီပေးနိုင်မလား… ကျုပ်အတွက် အဆင့်အတန်းမြင့်မားတဲ့ လက်မှတ်တွေ မလိုပါဘူး… အဆင့်-၉ တာအိုဆရာတစ်ဦး ဆိုရင်လည်း ဖြစ်တယ်”
ချီရွှမ်းစုက ငေါက်လိုက်၏။
“ခင်ဗျားက ပညာရှိကျန်းကိုကျတော့ သွားမပြောရဲဘဲ ကျုပ်ဆီကို ရောက်လာတယ်ပေါ့လေ… ဟမ့်”
ရှန့်ကွမ်သွမ့်က ချောင်းဟန့်ကာ ပြောလိုက်၏။
“တာအိုဆရာတစ်ဦး မဟုတ်ရင်လည်း တာအိုအစေပါးတစ်ဦး ဆိုရင်ရော ဘယ်လိုလဲ”
“ခင်ဗျားဘာလို့ တာအိုယုံကြည်သူတစ်ဦးပဲ မလုပ်ရတာလဲ”
ချီရွှမ်းစုက မေးလိုက်၏။
“တာအိုဂိုဏ်းတော်မှာ အသက်မပြည့်သေးတဲ့ ကလေးတွေကိုပဲ တာအိုအစေပါးတွေလို့ ခေါ်တာ… ခင်ဗျားက ဒီအသက်အရွယ်ကြီးနဲ့ တာအိုအစေပါး လုပ်မယ်ဆိုရင် တခြားသူတွေ ခင်ဗျားကို လှောင်ရယ်ကြလိမ့်မယ်”
ရှန့်ကွမ်သွမ့်က ရုတ်တရက် သူ၏ မုတ်ဆိတ်ဖြူကို ဆွဲပြီး ပြောလိုက်၏။
“တာအိုယုံကြည်သူလား… အမ်း.. အနည်းဆုံးတော့ အဲဒီနာမည်မှာလည်း တာအိုပါနေတာပဲ”
ချီရွှမ်းစုက ရယ်ရခက် ငိုရခက် ဖြစ်သွား၏။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်မှာ ပြောပိုင်ခွင့် မရှိဘူး… ဒါပေမဲ့ ကျိဝေခန်းမကနေ နှစ်စဉ်နှစ်တိုင်း ဆုံးဖြတ်တဲ့ တာအိုဆရာဆွေမျိုးနေရာအတွက် တိကျတဲ့ ကန့်သတ်ချက်တွေ ရှိတယ်လို့ ကျုပ်ကြားဖူးတယ်… ခွင့်ပြုချက်ကလည်း အဆင့်ဆင့်နဲ့ အတော်လေး တင်းကျပ်ထားတယ်… သူတို့က ပြီးစလွယ် ခန့်အပ်လိုက်မယ့်အစား အဲဒီနေရာကို လစ်လပ်ထားဖို့ ပိုပြီးလိုလားကြတယ်… နောက်ပြီး ပြင်ပမိစ္ဆာတွေကို ဖမ်းဆီးနှိမ်နင်းတဲ့နေရာမှာ ခင်ဗျားက အကျိုးမဆောင်နိုင်သရွေ့ ပညာရှိကျန်းက သဘောတူမှာ မဟုတ်ဘူး”
ရှန့်ကွမ်သွမ့်က သက်ပြင်းချကာ ပြောလိုက်၏။
“အဲဒါဆိုလည်း ထားလိုက်ပါတော့လေ”
သူတို့ အပြန်အလှန် စကားပြောဆိုနေစဉ် ကျန်းယွဲ့လုက ပြန်လည် ရောက်ရှိလာ၏။ သူမ၏ မျက်နှာက မှင်သေသေဖြင့် ရှိနေပြီး သူမ၏ စိတ်ခံစားချက်ကို ခန့်မှန်းဖို့ မလွယ်ပေ။
လူတိုင်းက တစ်ပြိုင်နက်တည်း ထရပ်လိုက်ကြ၏။
ကျန်းယွဲ့လုက တစ်ခမ်းတနားလုပ်မနေရန် လက်ကာပြလိုက်ပြီး ထို့နောက် ချီရွှမ်းစုနှင့် အကြည့်ချင်း ဆုံလိုက်၏။
ချီရွှမ်းစုက မတ်တတ်ထရပ်၍ ကျန်းယွဲ့လုနှင့်အတူ အပြင်ဘက်သို့ လိုက်ပါသွား၏။ သူတို့နှစ်ယောက် ထွက်ခွာသွားသည်နှင့် အခန်းထဲမှာ တီးတိုးပြောဆိုသံများ ထွက်ပေါ်လာသည်။ အဓိကအားဖြင့် သူတို့နှစ်ယောက် ဆက်ဆံရေးနှင့် ပတ်သက်၍ ထင်မြင်ယူဆချက်များ ဖြစ်လေသည်။
အဆောက်အအုံ၏ အပြင်ဘက်မှာ အေးစက်သော လေပြည်နှင့်အတူ ညက တည်ငြိမ်အေးချမ်းနေ၏။
ချီရွှမ်းစုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
“ခင်ဗျား ညစာစားပွဲက ဝိုင်ကို သဘောကျတယ်မလား”
“အဲဒီ… စပျစ်ဝိုင်နဲ့ ပတ်သက်ပြီး ကျွန်မ သိပ်မသိဘူး… အဲဒါက ချိုလည်းချိုတယ် ခါးလည်းခါးတယ်… ထူးခြားတဲ့အရသာပဲ”
ကျန်းယွဲ့လုက ပြုံး၍ ပြောလိုက်၏။
“ကျွန်မက ဒီလို ညစာစားပွဲမျိုးတွေနဲ့ အသားမကျဘူး… အဲဒီကို တက်ရောက်ခဲ့တာက လူမှုဆက်ဆံရေးနဲ့ အကူအညီတောင်းဖို့ သက်သက်အတွက်ပဲ”
ချီရွမ်းစုက စကားလမ်းကြောင်းပြောင်းလိုက်၏။
“အိုက်မိသားစုက ယုံကြည်စိတ်ချရရဲ့လား”
“လောလောဆယ်တော့ သူတို့ကို ယုံလို့ရပါတယ်”
ကျန်းယွဲ့လုက များစွာသောက်ထားသောကြောင့် မူးဝေနေသလားမသိရဘဲ သူမ၏ နားထင်စပ်ကို လက်ဖြင့်ပွတ်သပ်နေ၏။
“ဘယ်လိုပဲဖြစ်ဖြစ် အိုက်မိသားစုက တာအိုဂိုဏ်းတော်ကိုတော့ ပေါ်ပေါ်ထင်ထင်ဆန့်ကျင်ရဲမှာ မဟုတ်ဘူး”
“ရှန့်ကွမ်သွမ့် ပြောတာလည်း အဲဒါပဲ”
သူနှင့် ရှန့်ကွမ်သွမ့်အကြား အပြန်အလှန်ပြောဆိုခဲ့သည့်စကားကို ချီရွမ်းစုက အကြမ်းဖျင်းပြန်ပြောပြလိုက်၏။
ကျန်းယွဲ့လုက ရယ်မောကာ ပြောလိုက်၏။
“သူက အဆင့်-၉ တာအိုဆရာဖြစ်ချင်တာလား… အဲဒါက မဖြစ်နိုင်တာတော့မဟုတ်ဘူး… ငါတို့က ဒီမိစ္ဆာအုပ်စုကို အောင်အောင်မြင်မြင်ချေမှုန်းသုတ်သင်နိုင်သရွေ့ သူ့ကို အဆင့်-၉ ဘွဲ့ပေးဖို့ ငါအာမခံပေးနိုင်တယ်… ဒါပေမယ့် အပိုထပ်ဆောင်း ထိုက်ဖျင်ဒင်္ဂါးသယ ၃၀၀ ကိုတော့ ပေးမှာမဟုတ်တော့ဘူး… သူထပ်မေးလာမယ်ဆိုရင် သူ့ကို အဲတိုင်းသာပြောလိုက်… အသပြာကိုယူမလား… အဆင့်အတန်းကို ယူမလား သူ့သဘောပဲ”
“ကောင်းပါပြီ”
ချီရွှမ်းစုက သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်၏။
ထို့နောက် သူတို့နှစ်ယောက်ကြားမှာ ခဏမျှတိတ်ဆိတ်သွားကြ၏။ နောက်ဆုံးမှာတော့ ကျန်းယွဲ့လုက မေးလိုက်၏။
“ထျန်းယွမ်... နင့်စိတ်ထဲမှာ တစ်ခုခုရှိနေတဲ့ပုံပဲ”
ချီရွှမ်းစုက ငြင်းဆန်ခြင်းမရှိပေ။
“ဟုတ်ပါတယ်”
“နင်… လက်စားချေဖို့ကိုတွေးနေတာလား”
ကျန်းယွဲ့လုက မေးလိုက်၏။
ကျန်းယွဲ့လုက အဲဒါကို အမှတ်ရနေဦးမည်ဟု ချီရွှမ်းစုထင်မှတ်မထားပေ။ တစ်ခါတရံမှာ မုသားတစ်ခုကို ဖုံးကွယ်ဖို့အတွက် နောက်ထပ် အခါများစွာ လိမ်ညာရတတ်သည်။ သူက ရွေးချယ်စရာမရှိဘဲ ပြောလိုက်ရ၏။
“ဟုတ်ပါတယ်”
ကျန်းယွဲ့လုက ချီရွမ်းစုကို ကြည့်ပြီး ကမ်းလှမ်းလိုက်၏။
“နင် အကူအညီလိုမယ်ဆိုရင် ပြောသာပြောလိုက်… ငါ့ကို အားနာနေစရာ မလိုဘူး”
ခပ်မှိုင်းမှိုင်း လရောင်က အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ် ဖြာဆင်းနေပြီး သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းကို နူးညံ့သိမ်မွေ့၍ ဝေဝါးနေစေ၏။ သူမသည် နောက်ခဏ၌ လေနှင့်အတူ လွင့်ပါပြီး အဝေးကို ပျံသန်းသွားတော့မည့်အလား ထင်ရသည်။
ချီရွှမ်းစုက ခဏမျှ ငိုင်ကျသွား၏။ သူ အသိစိတ် ပြန်ကပ်လာသည့် အချိန်မှာ ခေါင်းညိတ်၍ သူမကို ကျေးဇူးတင်စကား ပြောလိုက်၏။
“ကျေးဇူးတင်စရာ မလိုပါဘူး… ငါတို့က မိတ်ဆွေတွေပဲ”
ကျန်းယွဲ့လုက ခပ်တိုးတိုး ပြောလိုက်၏။
ချီရွှမ်းစုက မှင်တက်သွားသော်လည်း သူက အပြုံးဖြင့် တုံ့ပြန်လိုက်၏။
“ဟုတ်တာပေါ့… အမိထန်ထိုက် ကျုပ်တို့က မိတ်ဆွေတွေပဲ။”