အနောက်ဘက်က ဧည့်သည်များ
Vol. 5 Ch. 50
နောက်မနက်မှာ အိုက်လီက အထူးဧည့်သည်တစ်ဦးနှင့်အတူ ရောက်ရှိလာသည်။ ဤလူမှာ ကောက်ကောက်ကွေးကွေး အနက်ရောင်ဆံပင်နှင့် မြင့်မားသော အရပ်အမောင်းရှိပြီး သူ့ပုံစံက အလယ်ပိုင်းလွင်ပြင်ဒေသမှ လူများနှင့် အတော်လေး ကွဲပြားခြားနားနေသည်။
ကျန်းယွဲ့လုက ချီရွှမ်းစု၊ လင်းရွှမ်ကျီနှင့် ရှန့်ကွမ်သွမ့်တို့ကို ခေါ်ဆောင်ပြီး သူတို့နှင့် တွေ့ဆုံလိုက်၏။
ခဏမျှ အပြန်အလှန် နှုတ်ဆက်ပြီးနောက် အိုက်လီက ဤသူ၏ သရုပ်သကန်ကို မိတ်ဆက်ပေးလိုက်သည်။ သူ၏ အမည်မှာ အာသာဖြစ်ပြီး မွန်မြတ်သန့်စင်နန်းတော်၏ အသင်းတော်ခုံရုံးမှ ဦးစီးဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။ အာသာသည် တာအို ရာထူးအဆောင်အယောင်နှင့် ဆင်တူသော စာရွက်စာတမ်းတစ်ခုကို ထုတ်ယူကာ ကျန်းယွဲ့လုကို ကမ်းပေးလိုက်၏။
ကျန်းယွဲ့လုက သူ၏သရုပ်သကန်ကို အတည်ပြု၍ ထိုရာထူးအဆောင်အယောင်ကို အာသာထံ ပြန်ပေးလိုက်သည်။
ချီရွှမ်းစုက ဤကဲ့သို့ အဆင့်မြင့် အရေးကိစ္စများနှင့် ရင်းနှီးကျွမ်းဝင်မှုသည့်အတွက် မေးလိုက်မိ၏။
“အသင်းတော်ခုံရုံး ဆိုတာက ဘာလဲ”
ကျန်းယွဲ့လုက ရှင်းပြလိုက်၏။
“မွန်မြတ်သန့်စင်နန်းတော်က အနောက်ဘက်ကုန်းမြေတိုက်မှာ တာအိုဂိုဏ်းတော်လိုမျိုးပဲ… အသင်းတော်ခုံရုံးဆိုတာကတော့ ပေချန်ခန်းမ၊ ထျန်ကန်းခန်းမတို့နဲ့ အကြမ်းဖျင်းအားဖြင့် ဆင်တူတယ်… ဦးစီးဘုန်းတော်ကြီးတစ်ပါးက ဒီမှာဆိုရင် အဆင့်-၅ တာအိုဆရာတစ်ဦးနဲ့ အဆင့်အတန်းချင်း ဆင်တူတယ်… သူ့ရဲ့အထက်မှာ အဆင့်-၄ တာအိုအကြီးအကဲ၊ တတိယအဆင့် တာအိုအကြီးအကဲတို့နဲ့ တူညီမှုရှိတဲ့ အပိုင်ဂိုဏ်းချုပ်နဲ့ ဒေသန္တရဆရာတော်တို့ ရှိတယ်။”
“ထပ်ပြီးပြောရရင် သူတို့ရဲ့ သင်းထောက်ဘုန်းတော်ကြီးက ကျွန်မတို့ရဲ့ သာမန်သူတော်စင်တွေနဲ့ တူညီတယ်… ကွပ်ကဲရေးဘုန်းတော်ကြီးကတော့ ကျွန်မတို့ရဲ့ တန်ခိုးရှင်သူတော်စင်တွေနဲ့ တူညီတယ်… မဟာကွပ်ကဲရေးဘုန်းတော်ကြီးကတော့ မဟာသူတော်စင်နဲ့ တူတယ်… သူတို့ရဲ့ ဂိုဏ်းအုပ်ဆရာတော်တွေက ကျွန်မတို့ရဲ့ လက်ထောက် မဟာအကြီးအကဲတွေနဲ့ အဆင့်အတန်းချင်း တူညီပြီး သူတို့ရဲ့ ပုပ်ရဟန်းမင်းကြီးကတော့ ကျွန်မတို့ရဲ့ မဟာအကြီးအကဲနဲ့ တန်းတူရည်တူပဲ”
[ဤနေရာမှာ မွန်မြတ်သန့်စင်နန်းတော်ရဲ့ ရာထူးအဆင့်ဆင့်ကို စာဖတ်သူများ အလွယ်တကူ နှိုင်းယှဉ်ကြည့်နိုင်ရန် ဖော်ပြပေးလိုက်ပါသည်။
ပုပ်ရဟန်းမင်းကြီး (အမြင့်ဆုံးရာထူး)
ဂိုဏ်းအုပ်ဆရာတော်
မဟာကွပ်ကဲရေးဘုန်းတော်ကြီး
ကွပ်ကဲရေးဘုန်းတော်ကြီး
သင်းထောက်ဘုန်းတော်ကြီး
ဒေသန္တရဆရာတော်
အပိုင်ဂိုဏ်းချုပ်
ဦးစီးဘုန်းတော်ကြီး။]
အာသာသည် သူတို့ထက်အရင် အိုက်လီနှင့် တွေ့ဆုံခဲ့သည်ဟု ချီရွှမ်းစုက ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။ မဟုတ်ပါက သူသည် ဤကဲ့သို့သော အချိန်ကိုက်မှာ ပေါ်ထွက်လာလိမ့်မည် မဟုတ်ပေ။ ဤရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် အိုက်မိသားစုသည် အနောက်ဘက်ကုန်းမြေတိုက်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်ဟူသော ကောလာဟလများက အခြေအမြစ်မရှိခြင်း မဟုတ်ချေ။
တကယ်ဆို တာအိုဂိုဏ်းတော်နှင့် မွန်မြတ်သန့်စင်နန်းတော်တို့မှာ အတိုင်းအတာတစ်ခုအထိ ထိတွေ့ဆက်ဆံမှု ရှိခဲ့ပြီး ရွှမ်အရှင်မြတ်ခေတ်အထိ ခြေရာပြန်ကောက်နိုင်သည်။ ရွှမ်အရှင်မြတ်မှာ ဆရာသုံးဦးရှိပြီး တစ်ဦးသည် အနောက်ဘက်ကုန်းမြေတိုက်များမှာ လှည့်လည်သွားလာကာ မိတ်ဆွေများစွာ ဖွဲ့လာခဲ့သည်။
ဤအချက်သည် ရွှမ်အရှင်မြတ်နှင့် နောက်ပိုင်း မဟာအကြီးအကဲများအပေါ် ကြီးမားသော လွှမ်းမိုးမှု ရှိခဲ့သည်။ သူတို့သည် မွန်မြတ်သန့်စင်နန်းတော်နှင့် ဆက်သွယ်ရန် သီးခြားသံတမန်များကို စေလွှတ်ခဲ့ကြ၏။ ထိုအင်အားစုနှစ်ခုသည် ဝေးကွာသော တစ်နေရာစီမှာရှိပြီး ငြိမ်းချမ်းမှုရှိခဲ့ကြသည်။
ထို့ကြောင့် အကျိုးစီးပွားအရ တိုက်ရိုက်ပဋိပက္ခ မရှိသရွေ့ သူတို့ကို တာအိုဂိုဏ်းတော်နှင့် အဝေးမိတ်ဆွေများဟု ဆိုနိုင်သည်။ ဗုဒ္ဓဂိုဏ်းနှင့် နတ်ဆရာဂိုဏ်းတို့ကတော့ အနီးကပ် ရန်သူများ ဖြစ်လေသည်။
ထို့ကြောင့် ကျန်းယွဲ့လုသည် ဤမွန်မြတ်သန့်စင်နန်းတော် သံတမန်အပေါ် ရန်လိုမှု များစွာမရှိဘဲ အလိုက်သင့် ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ကူးထားလေသည်။
အာသာသည် နန်းတွင်းရုံးသုံးဘာသာစကားမှာ ကျွမ်းကျင်မှုမရှိဘဲ အိုက်လီက သူ့အတွက် ဘာသာပြန်ပေးရသည်။
အိုက်လီက ပြောလိုက်၏။
“အာသာက အဲဒီ အပြစ်သားအုပ်စုကို စုံစမ်းထောက်လှမ်းဖို့ အပိုင်ဂိုဏ်းချုပ် စေလွှတ်လိုက်တဲ့သူပဲ… အဲဒါကြောင့် သူက အနောက်ဘက်ဒေသကို ရောက်လာခဲ့တာ… ဒါပေမဲ့ သူက တစ်ယောက်တည်းဆိုတော့ အဲဒီအပြစ်သားအုပ်စုကို မယှဉ်နိုင်ဘူး… အဲဒါကြောင့် သူက တာအိုဂိုဏ်းတော်ကို အကူအညီ တောင်းချင်နေတာပဲ”
တကယ့်ကို တိုက်ဆိုင်လေသည်။
ကျန်းယွဲ့လုက ချက်ချင်းပင် ပြောလိုက်၏။
“ရန်သူနဲ့ မိမိကိုယ်ကို သိအောင်လုပ်တာက တိုက်ပွဲတစ်ရာကို အောင်နိုင်စေတယ်လို့ အရှေ့ဘက်ဒေသမှာ ဆိုရိုးစကားရှိတယ်… ကျွန်မတို့ ဒါကို မစတင်ခင် သင်ပြောနေတဲ့ အပြစ်သားတွေက ဘာလဲဆိုတာ နားလည်ချင်တယ်”
အာသာကလည်း အတော်လေး ပွင့်လင်းမှုရှိလေသည်။ သူက ဤအပြစ်သားအုပ်စု၏ မူလဇစ်မြစ်ကို ချက်ချင်းပင် ရှင်းပြလိုက်၏။ အိုက်လီက သူ့အတွက် ဘာသာပြန်ပေးလိုက်သည်။
“တာအိုဆရာတွေက သူတို့ကို မိစ္ဆာတွေလို့ ခေါ်တယ်… မွန်မြတ်သန့်စင်နန်းတော်ကတော့ သူတို့ကို အပြစ်သားတွေလို့ ခေါ်တယ်… သူတို့ကတော့ သူတို့ကိုသူတို့ သွေးသောက်မျိုးနွယ်လို့ ခံယူထားကြတယ်… သူတို့က လူသွေးကို စုပ်ယူပြီး အသက်ဆက်တဲ့အတွက် သာမန်လူတွေကတော့ သူတို့ကို သွေးစုပ်ဖုတ်ကောင်တွေလို့ ခေါ်ကြတယ်… သူတို့ရဲ့ ခန္ဓာကိုယ်က သွေးမခုန်သလို ခန္ဓာကိုယ် အပူချိန်လည်း မရှိဘူး… အဲဒါကြောင့် သူတို့က မသေမျိုးတွေ ဖြစ်တဲ့အတွက် အသက်ရှူစရာမလိုဘူး… တစ်နည်းတစ်ဖုံအားဖြင့်တော့ အရှေ့တိုင်းက ဖုတ်ကောင်တွေနဲ့ ဆင်တူတယ်”
“သွေးသောက်မျိုးနွယ်နဲ့ ဖုတ်ကောင်တွေကြား အဓိက ကွာဟချက်ကတော့ သွေးသောက်မျိုးနွယ်က လူသားတွေလို ဆင်ခြင်တုံတရားရှိတာပဲ… သူတို့က စဉ်းစားတွေးတောနိုင်တယ်၊ စကားပြောနိုင်ကြတယ်… သူတို့ရဲ့ ဘဝသက်တမ်းက ရှည်လျားတဲ့အတွက် သူတို့က အစီအရင်၊ မန္တန်တွေနဲ့ ပတ်သက်ပြီး သိမြင်နှံ့စပ်မှုရှိပြီး ကျွမ်းကျင်ပိုင်နိုင်ကြတယ်… အဲဒီ အပြစ်သားအုပ်စုက မျိုးနွယ်စုတွေဖွဲ့ပြီး နေကြတယ်… အဲလိုမျိုး မျိုးနွယ်စုပေါင်း ၁၃ စု ရှိတယ်”
“ဒဏ္ဍာရီတွေအရဆို သူတို့ရဲ့ဘိုးဘေးက အဆုံးမဲ့ကျိန်စာမိထားတာ… သူက ထာဝရရှင်သန်ဖို့အတွက် သူ့ဘဝတစ်လျှောက်လုံးမှာ သက်ရှိလူသားတွေရဲ့သွေးကို သောက်သုံးရတယ်… နောက်ပိုင်းမှာ သူက သွေးစွမ်းအားကို ဘယ်လိုထိန်းချုပ်ရမလဲ ရှေးကျတဲ့စုန်းတစ်ဦးဆီကနေ သိရှိသွားပြီး ဒုတိယမျိုးဆက်အပြစ်သားကို ဖန်တီးခဲ့တယ်… အဲဒီ ဒုတိယမျိုးဆက်အပြစ်သားက တတိယမျိုးဆက် အပြစ်သား ၁၃ ဦးကို ဖန်တီးခဲ့တယ်… အဲဒီ တတိယမျိုးဆက် အပြစ်သားတွေက မျိုးနွယ်စု ၁၃ စုကို တည်ထောင်ပြီး နောက်ပိုင်းမှာ ပုန်ကန်ခဲ့ကြတယ်… သူတို့က ဒုတိယမျိုးဆက်အပြစ်သားကို သတ်ဖြတ်လိုက်ကြတယ်”
“လက်ရှိမှာ မျိုးနွယ်စု ၁၃ စုကို အဖွဲ့သုံးဖွဲ့ခွဲနိုင်တယ်… သူတို့က လျှို့ဝှက်ဂိုဏ်း၊ မိစ္ဆာဂိုဏ်းနဲ့ ကြားနေဂိုဏ်းတို့ပဲ… ဒီတစ်ခေါက် ကျုပ်တို့အလိုရှိနေတဲ့ ရာဇဝတ်သားတွေက ကြားနေဂိုဏ်းရဲ့ ရာဗ်နို့မျိုးနွယ်စုကပဲ”
“အဲဒီအပြစ်သားအများစုက မွေးရာပါဖြစ်တည်လာတာမဟုတ်ဘဲနဲ့ သူတို့က အသွင်ပြောင်းလဲခံထားရတာပဲ… အပြစ်သားတွေက လူသွေးကို စုပ်ယူပြီးတော့ပဲ အသက်ရှင်နိုင်ကြတယ်… သူတို့က သူတို့ရဲ့သွေးကို တခြားသူတွေရဲ့ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်မယ်ဆိုရင် အဲဒီလူတွေကလည်း အပြစ်သားတွေအဖြစ် ပြောင်းလဲသွားလိမ့်မယ်… အဲဒီပုံစံနဲ့ အပြစ်သားတွေက အဖွဲ့ဝင်အသစ်တွေကို စုဆောင်းကြတယ်… အဲလိုလူမျိုးတွေကို သူတို့က မျိုးဆက်သစ်အစေအပါးတွေလို့ခေါ်တယ်”
“သူတို့တွေက အပြစ်သားတွေအဖြစ် ပြောင်းလဲမသွားခင် ရာဗ်နို့မျိုးနွယ်စုက အဖွဲ့ဝင်တွေက အိမ်ခြေရာမဲ့တွေနဲ့ သူခိုးဂျပိုးတွေ ဖြစ်ခဲ့ကြတယ်… အဲဒါကြောင့် သူတို့က လေနဲ့အတူ အနောက်ဘက်ကုန်းမြေတိုက်တစ်ဝှမ်းမှာ ပြန့်ကျဲနေခဲ့ကြတယ်… ရာဗ်နို့မျိုးနွယ်စုရဲ့ခြေရာကို အနောက်ဘက်ကုန်းမြေတိုက်က တိုင်းပြည်တိုင်းမှာတွေ့နိုင်တယ်… ဒါပေမယ့် သူတို့ရဲ့ တည်နေရာက အပြောင်းအလဲအရမ်းမြန်တယ်… သူတို့အတော်များများက အိမ်ခြေရာခြေမရှိတဲ့သူတွေ၊ လူဆိုးလူမိုက်တွေနဲ့အတူ သွားလာကြတယ်”
“ရာဗ်နို့အဖွဲ့ဝင်အတော်များများကို တစ်နေရာတည်း တစ်ချိန်တည်းမှာ တွေ့မြင်ဖို့မလွယ်ဘူး… ဘာလို့လဲဆိုတော့ သူတို့က တစ်ကိုယ်တော်သွားလာပြီး မျိုးနွယ်တူချင်း ဆက်သွယ်ဖို့ ထူးခြားတဲ့အမှတ်အသားတွေကို အသုံးပြုတတ်လို့ပဲ… လှည့်ပတ်သွားလာနေတဲ့ ရာဗ်နို့တွေက သူတို့ရဲ့ အံ့အားသင့်စရာကောင်းတဲ့ ပုံရိပ်ယောင်လှည့်စားမှုတွေကြောင့် နာမည်ကြီးကြတယ်”
ကျန်းယွဲ့လုက ဤအကြောင်းကို နားထောင်ပြီး ဖြတ်ပြောလိုက်၏။
“ကျွန်မသိရသလောက်ဆိုရင် ဒီတစ်ခေါက် မိစ္ဆာတွေက အုပ်စုဖွဲ့လှုပ်ရှားခဲ့တာပဲ”
အိုက်လီက ကျန်းယွဲ့လု၏ စကားကို အာသာထံ ဘာသာပြန်ပေးလိုက်၏။ ထို့နောက် အာသာ၏ ပြန်ဖြေစကားကို အိုက်လီက ဘာသာပြန်ပေးလိုက်၏။
“ဘာလို့လဲဆိုတော့… ဒီတစ်ခေါက် သူတို့က ခရီးသွားနေတာမဟုတ်ဘဲနဲ့ ထွက်ပြေးနေတာမို့လို့ပဲ… အနောက်ဘက်ကုန်းမြေတိုက်မှာ လူတွေရဲ့ စရိုက်လက္ခဏာကို အုပ်စု ၉ စုခွဲထားတယ်.. သူတို့က ဥပဒေရှိသူကောင်း၊ ကြားနေသူကောင်း၊ ဥပဒေမဲ့သူကောင်း၊ ဥပဒေရှိကြားနေ၊ အစစ်အမှန်ကြားနေ၊ ဥပဒေမဲ့ကြားနေ၊ ဥပဒေရှိမကောင်းဆိုးဝါး၊ ကြားနေမကောင်းဆိုးဝါးနဲ့ ဥပဒေမဲ့မကောင်းဆိုးဝါးတို့ပဲ… အဲဒီအုပ်စု ၉ စုရဲ့ အဓိပ္ပါယ်ကို ပညာရှိကျန်းက နားလည်ပြီးသားဖြစ်လိမ့်မယ်လို့ ကျုပ်ယုံတယ်”
“ရာဗ်နို့မျိုးနွယ်စုက ကြားနေဂိုဏ်းထဲမှာရှိပေမယ့် သူတို့က ဥပဒေမဲ့ကြားနေပဲ…. သူတို့က တခြားသူတွေရဲ့ လွတ်လပ်ခွင့်ကို လျစ်လျူရှုပြီး သူတို့ရဲ့ လွတ်လပ်ခွင့်ကိုပဲ ဦးစားပေးကြတယ်… သူတို့က အမိန့်အာဏာကို အထင်သေးတယ်... ကန့်သတ်ချက်တွေကို ရွံ့ရှာတယ်… ရိုးရာဓလေ့တွေကို စိန်ခေါ်ကြတယ်… သူတို့က စိတ်ကူးပေါက်ရာ လျှောက်လုပ်တတ်ကြတယ်… လူမှုကျင့်ဝတ်တွေနဲ့ ဥပဒေကန့်သတ်ချက်တွေကို လျစ်လျူရှုပြီး သူတို့ရဲ့ စိတ်ဆန္ဒကို ဖြည့်ဆည်းဖို့အတွက်သာ အာရုံစိုက်တဲ့အတွက် သူတို့ ဘာလုပ်မလဲဆိုတာ ကြိုတင်ခန့်မှန်းဖို့ခက်တယ်”
“သူတို့တွေက အချုပ်အနှောင်ကင်းမဲ့တဲ့ လွတ်လပ်ခွင့်ကို ကိုင်စွဲထားပေမယ့် အကောင်းနဲ့အဆိုး၊ အမှားနဲ့အမှန်ဆိုတာထက် သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုပဲ ရှေ့တန်းတင်ဦးစားပေးကြတယ်.. နောက်ဆုံးမှာတော့ ရာဗ်နို့မျိုးနွယ်စုက မျိုးနွယ်စု ၁၃ စုကြားမှာ မကြာမကြာ ပြဿနာရှာတတ်လာတယ်… အဲလိုနဲ့ အခြားမျိုးနွယ်စုတွေကလည်း မကျေနပ်ကြတော့ဘဲ ပြစ်တင်ကြိမ်းမောင်းပြောဆိုလာကြတယ်… ဒါပေမယ့် ရာဗ်နို့မျိုးနွယ်စုက အထင်အမြင်သေးစွာနဲ့ပဲ တုံ့ပြန်တတ်ကြတယ်… အဲလိုနဲ့ သူတို့ရဲ့ ဂိုဏ်းအဖွဲ့အစည်းတွေကြား တင်းမာမှုတွေ ပိုပြီး ပြင်းထန်လာခဲ့တယ်”
ကျန်းယွဲ့လုက အခြေအနေကို ဖမ်းဆုပ်ပြီးမေးလိုက်၏။
“ဒီတစ်ခေါက် သူတို့က ပြစ်ဒဏ်ကနေ လွတ်မြောက်လာခဲ့တာလား”
ကျန်းယွဲ့လုစေခိုင်းစရာမလိုဘဲ ရှန့်ကွမ်သွမ့်က သူမ၏ စကားကို ချက်ချင်းပင် ဘာသာပြန်ပေးလိုက်၏။
အာသာက ခေါင်းညိတ်၍ ခပ်တိုးတိုးလေသံဖြင့် တုံ့ပြန်ပြောဆိုလိုက်၏။ အိုက်လီက ချက်ချင်းပင် ဘာသာပြန်ပေးလိုက်လေသည်။
“ပြီးခဲ့တဲ့နှစ်ကပဲ ဘရူဂျား၊ ဂန်ဂရယ်၊ မယ်လ်ကာဗီလန်၊ နော့စ်ဖာရာတူ၊ တိုရီဒေါ၊ ထရီမီးယား၊ ဗင်ထရူး၊ လာဆွန်ဘရာနဲ့ တဇီမစ်ဆီ မျိုးနွယ်စုတွေက ပူးပေါင်းပြီးတော့ ရာဗ်နို့မျိုးနွယ်စုကို တိုက်ခိုက်ခဲ့တယ်… စစ်ပွဲက သုံးလပဲ ကြာလိုက်တယ်”
“ရာဗ်နို့မျိုးနွယ်စုက မျိုးနွယ်စုခေါင်းဆောင်နဲ့ အကြီးအကဲအများစုက အဲဒီတိုက်ပွဲမှာ သေဆုံးကုန်ကြတယ်… အသက်ရှင်ကျန်ရစ်တဲ့ အဖွဲ့ဝင်တွေကလည်း ထွက်ပြေးကုန်ကြတယ်… မွန်မြတ်သန့်စင်နန်းတော်က အခွင့်အရေးကို ချိန်ဆပြီး အသက်ရှင် ကျန်ရစ်ခဲ့တဲ့ ရာဗ်နို့မျိုးနွယ်စုတွေကို အမဲလိုက်ခဲ့ကြတယ်… အတော်များများကတော့ ပင်လယ်ရေကြောင်းကနေ ထွက်ပြေးသွားကြတယ်… ဒါပေမဲ့ တချို့တွေက အနောက်ဘက်ဒေသကို ရောက်လာတယ်”
ကျန်းယွဲ့လုက စဉ်းစားတွေးတောသွား၏။
ချီရွှမ်းစုက မေးမြန်းစုံစမ်းလိုက်သည်။
“အဲဒီမိစ္ဆာတွေက သွေးကိုပဲ သောက်သုံးကြတာဆိုရင် သူတို့က လူတွေရဲ့ ဝိညာဉ်ကို ဘာလို့ ခိုးသွားတာလဲ”
ထိုမေးခွန်းကို ဘာသာပြန်ပေးလိုက်ချိန်မှာ အာသာက အနည်းငယ် ထိတ်လန့်သွား၏။ သူက ပြန်ဖြေလိုက်ပြီး အိုက်လီက ဘာသာပြန်ပေးလိုက်သည်။
“အပြစ်သားတွေက ဝိညာဉ်တွေကို စိတ်မဝင်စားတတ်ကြဘူး… နတ်ဆိုးတွေကပဲ လူတွေရဲ့ ဝိညာဉ်တွေကို အရောင်းအဝယ် လုပ်ကြတာ… သင်ပြောတာ အမှန်ပဲဆိုရင် ထွက်ပြေးသွားတဲ့ ရာဗ်နို့မျိုးနွယ်စုဝင်တွေက နတ်ဆိုးနဲ့ အပေးအယူ လုပ်ထားပြီဆိုတဲ့ သဘောပဲ… ဒါဆို သူတို့ကို တတ်နိုင်သမျှမြန်မြန် သုတ်သင်ရှင်းလင်းဖို့ လိုနေပြီ”
သူ၏ မေးမြန်းစုံစမ်းမှုကို ကျန်းယွဲ့လုက တားဆီးဖို့ စိတ်ကူးမရှိသည်ကို တွေ့ရသောအခါ ချီရွှမ်းစုက ထပ်မံ၍ မေးလိုက်၏။
“ဒါဆိုရင် မွန်မြတ်သန့်စင်နန်းတော်က ဒီနေရာကို ဘာလို့ ဦးစီးဘုန်းတော်ကြီး တစ်ပါးပဲ စေလွှတ်လိုက်တာလဲ”
အာသာ၏ အမူအရာက အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်သွားပြီး အိုက်လီကနေတစ်ဆင့် သူက ပြောလိုက်၏။
“ဘာလို့လဲဆိုတော့ တာအိုဂိုဏ်းတော်ရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် ဖိတ်ခေါ်ချက်မရှိဘဲ အပိုင်ဂိုဏ်းချုပ်နဲ့ အထက် ဘယ်သူကမှ တာအိုဂိုဏ်းတော်ရဲ့ ပိုင်နက်နယ်မြေထဲကို မဝင်ရောက်ဘူးဆိုတဲ့ တာအိုဂိုဏ်းတော်နဲ့ မွန်မြတ်သန့်စင်နန်းတော်ကြား သဘောတူညီချက်ကြောင့်ပဲ… ပြောရမယ်ဆိုရင် မွန်မြတ်သန့်စင်နန်းတော်ရဲ့ ခွင့်ပြုချက်မရှိဘဲ အဆင့်-၄ နဲ့ အထက်မှာရှိတဲ့ တာအိုဆရာတွေကလည်း မွန်မြတ်သန့်စင်နန်းတော်ရဲ့ ပိုင်နက်နယ်မြေထဲကို ဝင်ရောက်ခွင့်မရှိဘူး”
“မလိုလားအပ်တဲ့ နားလည်မှုလွဲစရာတွေ မဖြစ်စေဖို့အတွက် မွန်မြတ်သန့်စင်နန်းတော်က ဒီတစ်ခေါက် ကျုပ်တို့ ဦးစီးဘုန်းတော်ကြီးလေးဦးကိုပဲ စေလွှတ်ခဲ့တယ်… ကျုပ်ရဲ့ အပေါင်းအပါ သုံးဦးကတော့ လမ်းမှာ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြပြီ… သူတို့ထဲကနှစ်ယောက်က ရာဗ်နို့မျိုးနွယ်စုရဲ့ လက်ချက်နဲ့ သေသွားတာပဲ… တစ်ယောက်ကတော့ ဒေသခံအင်အားစုတွေရဲ့ ပစ်ခတ်မှုတွေကြားမှာ သေခဲ့ရတယ်”
ချီရွှမ်းစုက အနောက်ဘက်ကုန်းမြေတိုက်နှင့်ပတ်သက်၍ ဗဟုသုတမရှိဘဲ ကျန်းယွဲ့လုကို လှည့်ကြည့်လိုက်၏။
ယခင်က မွန်မြတ်သန့်စင်နန်းတော်နှင့် ထိတွေ့ဆက်ဆံမှု ရှိထားသော ကျန်းယွဲ့လုက ဤကဲ့သို့သော ကိစ္စများတွင် ချီရွမ်းစုထက် ပိုမိုသိရှိထားသည်။ သူမက ခေါင်းညိတ်ပြလိုက်၏။
“ဒီလိုမျိုး သဘောတူညီချက်တစ်ခု တကယ်ပဲ ရှိတယ်… ရုနိုင်ငံအပါအဝင် အနောက်ဘက်ဒေသ တိုင်းပြည်တွေက မွန်မြတ်သန့်စင်နန်းတော်ရဲ့ တရားစီရင်မှု အောက်မှာရှိတယ်… မဟာရွှမ်ပိုင်နက်နယ်မြေထဲမှာ တာအိုဂိုဏ်းတော် ရှိသလိုပဲ ဝူကောရှန်လီက လောလောဆယ် အနောက်ဘက်ဒေသ တာအိုစံအိမ်ရဲ့ တရားစီရင်မှုအောက်မှာ မရှိတော့ပေမဲ့ အဲဒီသဘောတူညီချက်ကို ထုတ်ပြန်တုန်းက ဒီနေရာက တာအိုဂိုဏ်းတော်ရဲ့ ပိုင်နက်နယ်မြေ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့တယ်”
“ဒီကိစ္စက မွန်မြတ်သန့်စင်နန်းတော်နဲ့ ပတ်သက်နေတယ်ဆိုမှတော့ ဘယ်လိုဆက်ပြီး လုပ်ဆောင်ရမလဲ… ခန်းမသခင်ဆီကနေ နောက်ထပ်ညွှန်ကြားမှု ကျွန်မ ထပ်ယူဖို့လိုတယ်”
ထိုသို့ပြောပြီးနောက် ကျန်းယွဲ့လုက သူမ၏ မှော်သိုလှောင်ပစ္စည်းထဲကနေ မိခင်-ကလေးအဆောင်ကို ထုတ်ယူ၍ ခန်းမသခင်နှင့်ဆက်သွယ်ကာ ခန်းမထဲကနေ ထွက်ခွာသွားသည်။
သိပ်မကြာခင် ကျန်းယွဲ့လုက ပြန်လည်ရောက်ရှိလာပြီး ပြောလိုက်၏။
“ခန်းမသခင်က ဒီမိစ္ဆာတွေကို နှိမ်နင်းသုတ်သင်ဖို့ မွန်မြတ်သန့်စင်နန်းတော်နဲ့ ပူးပေါင်းဖို့ သဘောတူညီပေးလိုက်တယ်… ဒါပေမဲ့ အဲဒါမတိုင်ခင် ဒီမိစ္ဆာအုပ်စုက ဘယ်နေရာမှာပုန်းအောင်းနေတယ်ဆိုတာ အကြမ်းဖျင်းတည်နေရာတစ်ခု ဆုံးဖြတ်ဖို့လိုတယ်”
အိုက်လီက ချက်ချင်းပင် ထပ်ပြောလိုက်၏။
“ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် မြို့ထဲမှာရှိတဲ့ စစ်သည်ထက်ဝက်ကို ကျွန်မ စုစည်းပေးနိုင်တယ်… သူတို့တွေက ဝူကောရှန်လီရဲ့ ပိုင်နက်နယ်မြေထဲမှာ ရှိနေသရွေ့ သူတို့ရဲ့ တည်နေရာကို ကျွန်မ ရှာဖွေဖော်ထုတ်နိုင်လိမ့်မယ်”
ကျန်းယွဲ့လုက အာသာကို ထပ်မံကြည့်ရှုပြီး မေးလိုက်၏။
“ရှင့်ကို အရှေ့ဘက်ဒေသကို လွှတ်လိုက်တယ်ဆိုမှတော့ ရှင်က ဒီနေရာက ဒေသခံတွေရဲ့ ကျွန်မတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိထားမှာပေါ့… ရှင်က ဘယ်ကျင့်ကြံမှု အဆင့်မှာလဲ”
အာသာက မဟာရွှမ်မင်းဆက် နန်းတွင်းဘာသာစကားကို အတော်အတန် နားလည်သဘောပေါက်သည်။ သူက အထစ်ထစ်အငေါ့ငေါ့နှင့် ထူးဆန်းသောလေသံဖြင့် ပြန်ပြောလိုက်၏။
“ကျုပ်က ကွေ့ကျန်းအဆင့်မှာရှိတယ်”
ကျန်းယွဲ့လုက ထပ်မံ၍ မေးမြန်းလိုက်၏။
“ပြောရမယ်ဆိုရင် ရှင့်လို ကျင့်ကြံမှုအဆင့်မှာရှိတဲ့လူက အပိုင်ဂိုဏ်းချုပ်တစ်ဦး ဖြစ်နေရမှာပေါ့… ရှင်က ဘာလို့ ဦးစီးဘုန်းတော်ကြီးတစ်ဦး ဖြစ်နေရတာလဲ”
အာသာက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါပြလိုက်၏။
“ဘာလို့လဲဆိုတော့… ကျုပ်က အမှားတစ်ခု ပြုလုပ်ထားခဲ့မိလို့ပဲ။”
အာသာသည် ရှုခိုနှင့် ပုံစံချင်း ဆင်တူမည်ဟု ချီရွှမ်းစုက ထင်မြင်မိသည်။ ကံဆိုးစွာနှင့် ရှုခိုက ဤခရီးစဉ်မှာ ပါမလာခဲ့ပေ။ မဟုတ်ပါက သူတို့နှစ်ယောက်က မိတ်ဆွေဖွဲ့နိုင်ပေလိမ့်မည်။