← Chapters

လေနှင့်နှင်းကြားမှာ ခရီးသွားခြင်း

Vol. 5 Ch. 43

လေနှင့်နှင်းကြားမှာ ခရီးသွားခြင်း

Vol. 5 Ch. 43

နောက်မနက်မှာ ကျန်းယွဲ့လုတို့အုပ်စုသည် တာအိုဘုရားကျောင်းမှ မြင်းတချို့ကိုယူပြီး ခွန်လွင်တောင်၏ နယ်နိမိတ်စည်းမျဉ်းကို ဖြတ်ကျော်ကာ အနောက်ဘက်ဒေသ၏ ပိုင်နက်နယ်မြေထဲသို့ ဝင်ရောက်လာကြသည်။

ခွန်လွင်ဒေသနှင့် အနောက်ဘက်ဒေသမှာ သူတို့ကိုယ်ပိုင် တာအိုစံအိမ်များ ရှိကြသည်။ ခွန်လွင်တာအိုစံအိမ်၏ ခေါင်းဆောင်အကြီးအကဲကို မဟာအကြီးအကဲ၏ ယုံကြည်စိတ်ချရသော လက်ရုံးများက ခန့်အပ်ထားသည်။ သို့သော်လည်း ခန်းမကိုးဆောင်နှင့် ရွှေနန်းမြင့်မျှော်စင်၏ တည်ရှိမှုကြောင့် ခွန်လွင်တာအိုစံအိမ်၏ အရေးပါပုံက အတော်လေး ထူးဆန်းနေ၏။ အခြားသော တာအိုစံအိမ်များနှင့်မတူဘဲ ၎င်းသည် အင်ပါယာနန်းတော်၏ စီမံခန့်ခွဲရေးရုံးနှင့် တူနေသည်။

အနောက်ဘက်ဒေသမှာရှိသော တာအိုစံအိမ်သည် ချီကျိုးတာအိုစံအိမ်လိုပင် ဒေသကို အစွဲပြု၍ ရှီကျိုးတာအိုစံအိမ်ဟူသော အမည်ကို ရရှိသင့်သည်။ သို့သော်လည်း တာအိုဂိုဏ်းတော်နှင့် ဗုဒ္ဓဂိုဏ်းကြား ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး ရလဒ်အနေဖြင့် ရှီကျိုးစီရင်စုတချို့သည် ဗုဒ္ဓဂိုဏ်း၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားခဲ့သည်။ အနောက်ဘက်ဒေသမှ ဗုဒ္ဓဂိုဏ်း၏ ကျယ်ပြန့်သော လွှမ်းမိုးမှုကြောင့် တာအိုဂိုဏ်းတော် လိုက်လံသိမ်းပိုက်သောဧရိယာသည် ရှီကျိုး၏ နယ်နိမိတ်ကို ကျော်လွန်ပြီး မဟာရွှမ်မင်းဆက်၏ ပိုင်နက်နယ်မြေထဲမှာ မပါဝင်တော့ပေ။ ထို့ကြောင့် ရှီကျိုးတာအိုစံအိမ်ကို အနောက်ဘက်ဒေသတာအိုစံအိမ်ဟူ၍ အမည် ပြန်ပေးခဲ့ရသည်။

အနောက်ဘက်ဒေသသို့ ဝင်ရောက်လာပြီးနောက် ဖြူဖွေးနေသော နှင်းများက တဖြည်းဖြည်း လျော့နည်းသွားပြီး တိတ်ဆိတ်ခြောက်ကပ်၍ လူသူအရောက်အပေါက်နည်းသော တစပြင်များက အစားထိုး ဝင်ယူလာခဲ့သည်။ မြေပြင်အနေအထားက ပိုမိုပြန်ပြူးလာပြီး သူတို့အုပ်စုသည် မြင်းများဖြင့် တစ်ရက်မှာ မိုင် ၁၀၀ ခန့် ခရီးနှင်နိုင်ကြသည်။ ဤမြင်းများသည် တာအိုဂိုဏ်းတော်ကနေ အဆင့်မြှင့်တင်ပေးထားသော ထူးခြားသည့် မျိုးကောင်းမျိုးသန့်များဖြစ်သည်။ ထို့ကြောင့် သူတို့သည် အပူဒဏ်နှင့် အအေးဒဏ်ကို ခံနိုင်ရည်ရှိပြီး ခရီးရှည် သွားလာနိုင်ကြသည်။

အနောက်ဘက်ဒေသသို့ ဝင်ရောက်လာပြီးမှသာ လူနေကျဲပါးခြင်း၏ အဓိပ္ပာယ်ကို နားလည်နိုင်ကြသည်။ များသောအားဖြင့် သူတို့သည် နေ့တစ်ဝက်ခန့် ခရီးနှင်ပြီးလျှင်တောင် လူသူအရိပ်အယောင်ကို တွေ့မြင်ရလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့်ပင် အနောက်ဘက်ဒေသသည် အင်ပါယာနန်းတော်၏ အုပ်ချုပ်မှုအောက်တွင် အကြီးမားဆုံးပြည်နယ် ဖြစ်နေလျှင်တောင် လူဦးရေသိပ်သည်းမှုအရ အောက်ဆုံးမှာ ရပ်တည်နေခြင်းဖြစ်သည်။ ဤကဲ့သို့သော နေရာတစ်ခုမှာ ရှင်သန်ဖို့အတွက် ရုန်းကန်ရခြင်းသည် လူအချင်းချင်းကြားမှာ မဟုတ်ဘဲ သဘာဝတရားနှင့် ဖြစ်သည်။

ချီရွှမ်းစုသည် အနောက်ဘက်ဒေသကို အရင်က ရောက်ရှိခဲ့ဖူးသည်။ ထိုနေရာမှာပင် သူနှင့် သူ့ဆရာက ချောင်းမြောင်းတိုက်ခိုက်ခံရပြီး အစ်မချီနှင့် တွေ့ဆုံကာ သူ၏ ကံကြမ္မာက လုံးဝပြောင်းလဲသွားခဲ့သည်။

သူတို့ ဦးတည်နေသော နေရာသည် ယခင်က သူတို့ တည်းခိုနေထိုင်ခဲ့သည့် ဘုရားကျောင်းနှင့် မိုင် ၂၅၀ ခန့်ကွာဝေးသော ပီရှန်ဘုရားကျောင်းဖြစ်သည်။ သူတို့သည် အများသွားလမ်းကနေ သွေဖယ်လာသောကြောင့် ၎င်းက သုံးရက်တာ ခရီးစဉ်ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့သည် လာရာလမ်းတစ်လျှောက် ရပ်နားနိုင်မည့် တာအိုဘုရားကျောင်းများ၊ နားနေစရာ ဇရပ်များ၊ တည်းခိုခန်းများ သို့မဟုတ် ရွာတစ်ရွာကိုပင် တွေ့မြင်ခဲ့ရခြင်း မရှိပေ။

ထို့ကြောင့်လည်း သူတို့က စစ်တပ်သုံးအားဆေးလုံးများကို ပြင်ဆင်လာကြခြင်း ဖြစ်သည်။ ထိုဆေးလုံးများနှင့်ဆိုလျှင် သူတို့သည် မြင်းပေါ်မှာပင် စားခြင်းသောက်ခြင်းကိစ္စကို ဖြေရှင်းနိုင်သည်။ ညအချိန်ကို ရောက်လာသည့်အခါ သူတို့သည် လေကာနေရာများမှာ စခန်းချပြီး အလှည့်ကျ ကင်းစောင့်ကြသည်။ မည်သူကမှ အိပ်မောမကျရဲပေ။ သူတို့သည် အိပ်စက်မည့်အစား တရားထိုင်ကြသည်။ ကံကောင်းစွာဖြင့် သူတို့အားလုံးက အလယ်အလတ် ကျင့်ကြံမှုအဆင့်မှာရှိသော ရှန်းထျန်သက်ရှိများ ဖြစ်ကြသည်။ ထို့ကြောင့် စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့ရခြင်း မရှိပေ။

သို့သော်လည်း ကျောက်စိမ်းနေပြည်တော်၏ သက်တောင့်သက်သာရှိသော နေထိုင်မှုပုံစံနှင့် အသားကျနေသူတချို့ကတော့ ဤခရီးစဉ်က အတော်လေး ဆင်းရဲဒုက္ခများနေသည်။ သူတို့သည် ဝေဟင်ပျံသင်္ဘောစီးမည့်အစား ခြေလျင်ခရီးသွားဖို့ ဆုံးဖြတ်ခဲ့သော ကျန်းယွဲ့လု၏ ခေါင်းမာမှုနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်မိကြသည်။ လက်ထောက်ခန်းမသခင်သည် သူတို့ကို မလိုအပ်ဘဲ ဒုက္ခခံခိုင်းထားသည်ဟု တွေးမိကြသည်။

ချီရွှမ်းစုနှင့် ကျောက်ပိုင် နှစ်ယောက်စလုံးက အတွေ့အကြုံရှိ ခရီးသွားများဖြစ်ပြီး အရာရာတိုင်းကို သင့်လျော်လျောက်ပတ်စွာ စီမံပေးကြသည်။ သူတို့နှစ်ယောက်ကပင် အချိန်အများစုမှာ အလှည့်ကျ ကင်းစောင့်ပေးပြီး ယခင်က ချီရွှမ်းစု၏ အစွမ်းအစပေါ် သံသယဝင်ခဲ့သော သူများ၏ စိတ်သဘောထားကို ပြောင်းလဲသွားစေသည်။

ကျောက်ပိုင်ပြောသည်မှာ နှင်းများမကျသည့်အတွက် သူတို့က ကံကောင်းလေသည်။ နှင်းများ သည်းထန်စွာ ကျဆင်းမည်ဆိုလျှင် ခရီးစဉ်က ပို၍ပင် ခက်ခဲကြမ်းတမ်းလာပေလိမ့်မည်။

သို့သော် ကျောက်ပိုင်က နှုတ်စီး၍ စကားနောက် တရားပါသွားပြီး နောက်တစ်နေ့မှာ ရာသီဥတုက ရုတ်ချည်းပြောင်းလဲသွားသည်။ ဤနေရာသည် ခွန်လွင်တောင်နှင့် တာရွှယ်တောင်တို့နှင့် နီးကပ်ပြီး ကုန်းမြင့်ဒေသဖြစ်ကာ အေးစက်သော ရာသီဥတုရှိသောကြောင့် အလယ်ပိုင်းလွင်ပြင်ဒေသနှင့်ယှဉ်လျှင် ဤနေရာမှာ နှင်းများက စောလျင်စွာ ကျဆင်းလာတတ်သည်။ ညနေပိုင်းအချိန်မှာ နှင်းများက စတင်ကျဆင်းလာပြီ ဖြစ်သည်။

နောက်မနက်မှာ နှင်းများက ရပ်တန့်သွားပြီး တိတ်ဆိတ်ခြောက်ကပ်နေသော တစပြင်မှာ တစ်ခွင်တစ်ပြင် ဖြန့်ကြက်ထားသည့် ကျယ်ပြောသော အဖြူရောင်လွင်ပြင်သာလျှင် ကျန်ရစ်ခဲ့လေသည်။ ကောင်းကင်နှင့် မြေကြီးအကြား အရာရာတိုင်းက ပျောက်ကွယ်သွားပုံရပြီး အစကတည်းက ဝေဝေဝါးဝါးဖြစ်နေသော လမ်းကို ဆက်လက်၍ မတွေ့မြင်ရတော့ပေ။

အဖြူရောင် နှင်းများပေါ် ကျဆင်းနေသော နေရောင်ခြည်က အတော်လေး စူးရှနေ၏။ ယခုအချိန်မှာ နေကာမျက်မှန်များနှင့် မျက်နှာဖုံးပိတ်စများက အသုံးဝင်လာသည်။ ဤပတ်ဝန်းကျင်မှာ နှင်းပြင်များက တောက်ပသောနေရောင်ကို ရောင်ပြန်ဟပ်ပေးနေပြီး မျက်လုံးကို ပျက်စီးထိခိုက်စေနိုင်သည်။ သူတို့အုပ်စုသည် မျက်လုံးကိုကာဖို့ နေကာမျက်မှန်များနှင့် အအေးဒဏ်ကို ကာကွယ်ဖို့ ခြုံထည်များကိုဝတ်ဆင်ပြီး ဆက်လက်၍ ခရီးဆက်လိုက်ကြ၏။ သူတို့သည် ကျယ်ပြောသော နှင်းခဲလွင်ပြင်ထဲမှာ သေးငယ်သော အနက်ရောင် အစက်များကဲ့သို့ ဖြစ်နေ၏။

နှင်းကြောင့် မြင်းများက ကောင်းကောင်းမပြေးနိုင်တော့ပေ။ သူတို့သည် ပုံမှန်အခြေအနေမှာ တစ်ရက်လျှင် မိုင် ၁၀၀ ခန့် ပြေးနိုင်သော်လည်း နှင်းတောထဲမှာ မိုင် နှစ်ဆယ်သုံးဆယ်ခန့်သာ သွားနိုင်ကြတော့သည်။ ထို့သိုဖြင့် သုံးရက်သာ ခရီးစဉ်က ပို၍နှောင့်နှေးသွား၏။

ဒါ့အပြင် အပူချိန်က တဖြည်းဖြည်း ကျဆင်းလာနေ၏။ မြင်းများပေါ်မှာ အချိန်ကြာမြင့်စွာ နေပြီးနောက် သူတို့၏ ခြေလက်များက ထုံကျင်လာပြီး အအေးဓာတ်ကို ချေဖျက်ဖို့အတွက် သူတို့၏ ချီကို လှည့်ပတ်ရသည်။ ကံကောင်းစွာဖြင့် သူတို့သည် သေရည်တချို့ ယူဆောင်လာခဲ့ပြီး ရံဖန်ရံခါ သောက်သုံးသည့်အခါ အနွေးဓာတ်တချို့ကို ရရှိလေသည်။

ကျန်းယွဲ့လုက ဤအခွင့်အရေးကို အသုံးချပြီး သေရည်ကို ပေါ်ပေါ်ထင်ထင် သောက်သုံးနေသည်ကို ချီရွှမ်းစု သတိထားမိသည်။ နေ့တစ်ဝက်မျှနှင့် သူမ၏ သေရည်အိတ်က ဗလာကျင်းသွားပြီး ဒါတောင် သူမက ကျေနပ်အားရသည့်ပုံ မရှိသေးပေ။

ချီရွှမ်းစုမှာ အခြားသော စိုးရိမ်ပူပန်စရာများလည်း ရှိနေသည်။ ကျတ်တီးမြေမှာ လမ်းများက အစကတည်းက ဝေဝေဝါးဝါးဖြစ်နေပြီး ယခုအခါ နှင်းခဲပြင်အောက်မှာ လမ်းက လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီဖြစ်သည်။ ဘေးပတ်လည်မှာ မည်သည့်ကုန်းမြေအမှတ်အသားမှမရှိတော့ဘဲ မြင်မြင်သမျှက အဖြူရောင်သာဖြစ်နေသည်။ ဤနေရာသည် လူသူအရောက်အပေါက်မရှိဘဲ သူတို့ကို လမ်းညွှန်ပေးမည့်သူများကိုလည်း ရှာမတွေ့နိုင်ပေ။

သူတို့ လမ်းပျောက်သွားလျှင် ဘာဖြစ်မလဲ။

မြေပုံအရ ယခုအချိန်မှာ သူတို့သည် ခန်းခြောက်နေသော မြစ်ကြမ်းပြင်တစ်ခုကို ဖြတ်ကျော်သင့်ပြီဖြစ်သည်။ သို့သော်လည်း ကံဆိုးချင်တော့ တစ်နေ့လုံးနီးပါး လျှောက်လှမ်းလာပြီးနောက် သူတို့သည် နေဝင်ရီတရောအချိန်ထိ မြစ်ကြမ်းပြင်ကို မတွေ့မြင်ရသေးပေ။ မြစ်က နှင်းများဖြင့် ပြည့်နှက်သွားသည်မှာလည်း မဖြစ်နိုင်လောက်ပေ။ မည်သို့ပင်ဆိုစေ နှင်းများကျဆင်းလာသည်မှာ မကြာသေးဘဲ ဤမျှအထိ နှင်းသည်းထန်စွာ ကျဆင်းခဲ့ဖို့ မဖြစ်နိုင်ပေ။

ကျန်းယွဲ့လုက အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်နေ၏။ သူမက နောက်တစ်ခါ လမ်းပျောက်သွားပြန်ပြီဖြစ်သည်။ သူမက အမြဲတမ်း လမ်းပျောက်နေတော့မည့် အလားပင်။ နောက်ဆုံးတစ်ခေါက်တုန်းက သူမသည် ခရမ်းရောင်စံအိမ်မှာ လမ်းပျောက်သွားခဲ့သည်။ ဤတစ်ခေါက်မှာတော့ ကျယ်ပြောသော ကျတ်တီးလွင်ပြင်မှာ ဖြစ်လေသည်။

ချီရွှမ်းစုက တည်တံ့သော အမူအရာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်၏။

အချိန်တစ်ခုမှာ ထူထဲသောတိမ်စိုင်များက လွင့်မျော၍ လကို ဖုံးအုပ်သွားသည်။ ထို့နောက် လေများက ပိုမိုပြင်းထန်ကြမ်းတမ်းစွာ တိုက်ခတ်လာသည်။ အေးစက်သော လေပြင်းများသည် ဓားများကဲ့သို့ သူတို့၏ မျက်နှာများကို လာရောက်ရိုက်ခတ်နေ၏။ သိပ်မကြာခင် နှင်းပွင့်နှင်းချပ်များက လေနှင့်အတူ စတင်ရောနှောသွားပြီး သူတို့၏ မျက်နှာများက စပ်ဖျင်းဖျင်း ခံစားလာရသည်။

နှင်းများက နောက်တစ်ဖန် ကျဆင်းလာပြီဖြစ်သည်။

ချီရွှမ်းစုက အပေါ်ရုံ၏ ခေါင်းခြုံကိုဆွဲတင်ပြီး သက်ပြင်းချလိုက်မိ၏။ သူသည် ကျောက်စိမ်းနေပြည်တော်သို့ရောက်သည်မှာ နှစ်လပင် မကြာသေးဘဲ သက်သောင့်သက်သာမရှိသော ရာသီဥတုနှင့် နောက်တစ်ဖန် ကြုံတွေ့ရပြီဖြစ်သည်။ ကျောက်စိမ်းနေပြည်တော်မှာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သူများကတော့ စိတ်ထဲကနေ ကောင်းကောင်းကျိန်ဆဲနေကြလောက်ပြီ ဖြစ်သည်။

သူတို့အများစု၏ မျက်နှာများက သုန်မှုန်နေကြ၏။ သို့သော်လည်း သူတို့သည် ကျန်းယွဲ့လုကို ကြောက်ရွံ့ပြီး မကျေနပ်ချက်ကို ပေါ်ပေါ်ထင်ထင် မထုတ်ဖော်ရဲကြပေ။ ယခုအချိန်မှာ တာဝန်ယူထားသည့်သူက ချီရွှမ်းစုဖြစ်မည်ဆိုလျှင် ဝေဟင်ပျံသင်္ဘောစီးမည့်အစား ကြမ်းတမ်းသော ဤလမ်းကို ရွေးချယ်သည့်အတွက် သူတို့က ကောင်းကောင်း လှောင်ပြောင်သရော်ကြပေလိမ့်မည်။

ချီရွှမ်းစုက ခဏမျှ စဉ်းစားပြီးနောက် ကျန်းယွဲ့လုဘက်ကို လှည့်ကာ ပြောလိုက်၏။

“လက်ထောက်ခန်းမသခင်… ကျုပ်တို့ နှင်းဒဏ်ကိုကာနိုင်မယ့် နေရာတစ်ခု ရှာသင့်တယ်လို့ ထင်တယ်... ရှန်းထျန်သက်ရှိတွေဖြစ်တဲ့ ကျုပ်တို့က နှင်းမုန်တိုင်းကြောင့် သေဆုံးသွားမှာ မဟုတ်ပေမဲ့ ကျုပ်တို့ရဲ့ မြင်းတွေကတော့ သေချင်သေသွားနိုင်တယ်။”

အစ်မချီအတွက် အချိန်ကြာမြင့်စွာ အလုပ်လုပ်ပေးခဲ့ပြီး ချီရွှမ်းစုသည် သူမ၏ အလေ့အကျင့်နှင့် ဟန်ပန်အမူအရာများစွာကို အမှတ်တမဲ့ ရရှိလာခဲ့သည်။

ကျန်းယွဲ့လုက သူ့လေသံကို ဂရုမစိုက်အားဘဲ ရှေ့ကိုလက်ညှိုးထိုးပြပြီး ပြောလိုက်၏။

“အဲဒီ တောင်ကုန်းနောက်ဘက်ကို သွားကြတာပေါ့”

တောင်ကုန်း၏ နောက်ဘက်မှာ သုံးပေသာသာနက်သော မြောင်းငယ်တစ်ခုရှိနေပြီး သူတို့အုပ်စုကို လေဒဏ်ကနေ ကာပေးထားနိုင်သည်။

သူတို့အုပ်စုက ညကို ဤကဲ့သို့ပင် ကုန်ဆုံးလိုက်ကြ၏။ ချီရွှမ်းစု ပြောသည့်အတိုင်းပင် သူတို့အားလုံးက ရှန်းထျန်သက်ရှိများ ဖြစ်ပြီး နှင်းမုန်တိုင်းမှာ သေဆုံးမသွားနိုင်သော်လည်း ထိခိုက်ခံစားရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ရှန်းထျန်သက်ရှိများနှင့် ဟောက်ထျန်သက်ရှိများကြား အကြီးမားဆုံးကွာခြားချက်မှာ ရှန်းထျန်သက်ရှိများသည် သာမန်နာမကျန်းမှုများကို မခံစားရခြင်းသာဖြစ်သည်။ သို့သော်လည်း သူတို့သည် ပြင်းထန်ကြမ်းတမ်းသော ရာသီဥတုမှာ သက်ရောက်မှုခံရပေဦးမည်။ ကျန်းယွဲ့လုလို ကျင့်ကြံမှုအဆင့်မှာသာ သူတို့သည် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိကြသည်။

အရာရာတိုင်းက အစပထမမှာ ရုန်းကန်ကြရသည်။ စစချင်းအခက်အခဲများကို ဖြတ်ကျော်ပြီးနောက် လူတိုင်းက ကြမ်းတမ်းသော အခြေအနေများနှင့် တဖြည်းဖြည်း အသားကျလာကြ၏။ သိပ်မကြာခင် သူတို့သည် လမ်းမှန်ကို ရှာတွေ့ပြီး လေနှင့်နှင်းကို အံတုကာ ဆယ်ရက်ကြာအောင် ခရီးဆက်ခဲ့ကြ၏။ နောက်ဆုံးမှာတော့ ကိုးလပိုင်းအစောပိုင်းမှာ သူတို့သည် ပီရှန်တာအိုဘုရားကျောင်းသို့ ရောက်ရှိသွားကြသည်။

၎င်းသည် ဝေးလံခေါင်ဖျားသောနေရာမှာ တည်ရှိပြီး ပီရှန်ဘုရားကျောင်းတွင် ခြံဝန်းနှစ်ခုသာပါကာ အတော်လေး ရိုးရှင်းနေသည်။ ရှေ့မှာရှိသော ပင်မခန်းမဆောင်သည် ရှေးဦးမူလတာအိုဘိုးဘေးကို ပူဇော်ထားရာနေရာဖြစ်ပြီး နောက်ဘက်မှာရှိသော လူနေဆောင်မှာ စုစုပေါင်း အခန်း ၃၀ မပြည့်ပေ။ များသောအားဖြင့် ထိုနေရာမှာ တာအိုဆရာဆယ်ဦးဝန်းကျင်က အခြေချနေထိုင်ခဲ့ကြပြီး အနောက်ဘက်ဒေသတာအိုစံအိမ်အတွက် ကင်းစခန်းတစ်ခုသဖွယ် ဖြစ်သည်။

သို့သော်လည်း ထိုတာအိုဆရာများက ညတွင်းချင်း သတ်ဖြတ်ခံခဲ့ရသည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီးမှာ အနောက်ဘက်ဒေသတာအိုစံအိမ်သည် ထိုအမှုကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် လူတချို့ကို စေလွှတ်ခဲ့သည်။ သို့သော်လည်း လူအင်အား မလုံလောက်မှုကြောင့် သူတို့သည် ဆက်လက်၍ မစုံစမ်းနိုင်ခဲ့ပေ။ သူတို့သည် ထိုအမှုကိစ္စကို ဘိုးဘေးကျောင်းတော်ထံသာ အစီရင်ခံတင်ပြပြီး ထျန်ကန်းခန်းမမှ လူများရောက်မလာခင်အထိ ရုပ်ကလာပ်များကို စောင့်ကြပ်ရန် လူနှစ်ယောက်သာ ချန်ထားခဲ့ရသည်။

ထျန်ကန်းခန်းမမှလူများ ရောက်လာသည်ကို တွေ့ရသောအခါ တစ်ချိန်လုံး ရင်ထိတ်ထိတ်ဖြင့် ရှိနေခဲ့သော အစောင့်နှစ်ဦးက နောက်ဆုံးမှာ စိတ်သက်သာစွာ သက်ပြင်းချနိုင်သွားသည်။

သူတို့သည် တာအိုဘုရားကျောင်းမှာ အစာငတ်ခြင်း သို့မဟုတ် အေးခဲခြင်းတို့နှင့် ကြုံတွေ့ရလိမ့်မည် မဟုတ်သော်လည်း အလောင်းများနှင့် တစ်ချိန်လုံးရှိနေပြီး ထိုမိစ္ဆာများ ပြန်ရောက်လာမလား စိုးရိမ်နေရခြင်းက သူတို့အတွက် တကယ်ကို ဖိစီးနှိပ်စက်မှုဖြစ်သည်။

ကျန်းယွဲ့လုက အချိန်ဖြုန်းမနေဘဲ ရုပ်အလောင်းများကို စစ်ဆေးကြည့်ရှုရန် အစောင့်နှစ်ယောက်ကို လမ်းပြခိုင်းလိုက်၏။

ပိတ်စအဖြူဖြင့် ဖုံးအုပ်ထားသော ရုပ်အလောင်းများကို ရှေးဦးမူလတာအိုဘိုးဘေး၏ ရုပ်တုအောက် ပင်မခန်းမမှာ ခင်းကျင်းထားလေသည်။ ကျန်းယွဲ့လုက ဘယ်ဘက်ကနေစတင်ပြီး ပိတ်စဖြူကိုလှပ်ကာ ဖြူဖပ်ဖြူရော် အလောင်းတစ်လောင်းကို ပေါ်ထွက်လာစေ၏။ သေဆုံးခဲ့သည်မှာ အချိန်တချို့ကြာသွားခဲ့ပြီဖြစ်လျှင်တောင် အေးစက်သောရာသီဥတုကြောင့် ရုပ်အလောင်းက ပျက်စီးယိုယွင်းမသွားပေ။

ကြောက်တတ်၊ ရွံတတ်သော အမျိုးသမီးအများစုနှင့်မတူဘဲ ကျန်းယွဲ့လုက တည်ငြိမ်သောဣန္ဒြေဖြင့် အလောင်း၏ မေးကို ကိုင်လှုပ်ကြည့်လိုက်၏။

သို့သော်လည်း သူမ၏ လက်ဘေးပတ်လည်မှာ ဒြပ်စင်ငါးမျိုးချီအကာ ခပ်ပါးပါးတစ်လွှာရှိနေသည်ကို ချီရွှမ်းစုက သတိထားမိလိုက်သည်။ သူမသည် သေဆုံးသွားသောရုပ်အလောင်းများမှာ လုံးဝမဖြုံခြင်းတော့မဟုတ်ဟု ပြသနေ၏။

ကျန်းယွဲ့လုက မေးလိုက်၏။

“ရှင်တို့တွေ ဘယ်လိုထင်လဲ”

စကားနည်းသော ရှုကျန်းက ဝင်ပြောလိုက်၏။

“ဒီလူက သွေးထွက်လွန်ပြီးသေထားတာပဲ… သူ့လည်ပင်းကအရာတွေက သွားစွယ်တွေနဲ့ကိုက်ခံထားရတဲ့ပုံပဲ…အဲဒါက ဖုတ်ကောင်တစ်ကောင်ရဲ့လက်ချက်ဖြစ်နိုင်တယ်”

“ဖုတ်ကောင်တွေက ကုန်သည်ယာဥ်တန်းတွေကို မတိုက်ခိုက်တတ်ဘူး”

လင်းချွမ်ကျီက ဝင်ရောက်ပြောဆိုလိုက်၏။ လင်းချွမ်ကျီသည် တစ္ဆေနှင့်ဖုတ်ကောင်များ မွေးမြူခြင်းမှာ ကျွမ်းကျင်ပိုင်နိုင်သော ကွေ့ကျန်းအဆင့် ဂမ္ဘီရဝိဇ္ဇာတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူသည် ဖုတ်ကောင်များနှင့်ပတ်သက်၍ သိမြင်နှံ့စပ်မှုအရှိဆုံးဖြစ်သည်။

သူက ဆက်ပြောလိုက်၏။

“သေဆုံးပြီးတဲ့နောက် ဝိညာဥ်က ကောင်းကင်ဆီပြန်သွားရတယ်… စိတ်ဝိညာဥ်က မြေကမ္ဘာဆီပြန်သွားရတယ်… အလောင်းသုံးဖော်ကတော့ တစ္ဆေအဖြစ် ပြောင်းလဲသွားရတယ်… ရုပ်အလောင်းကို ကောင်းမွန်တဲ့မြေကွက်တစ်ခုမှာ မြုပ်နှံပြီး မြေကမ္ဘာစွမ်းအင်နဲ့အားဖြည့်ပေးမယ်ဆိုရင် အဲဒါက ဖုတ်ကောင်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲနိုင်တယ်.. ဖုတ်ကောင်တွေက ယန်ဓာတ်လွန်ကဲသတ္တဝါတွေပဲ… သူတို့မှာ ဝိညာဥ်နဲ့ အလောင်းသုံးဖော်မရှိတဲ့အတွက် သူတို့ရဲ့အတိတ်ဘဝက မှတ်ဉာဏ်တွေပါမလာတော့ဘူး… အဲဒါကြောင့် သူတို့က ဗီဇအသိစိတ်ပေါ်ပဲမှီခိုပြီး တုံ့ပြန်လှုပ်ရှားတတ်ကြတယ်”

ရှုကျန်းက မေးလိုက်၏။

“ဖုတ်ကောင်မွေးမြူခြင်းမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့လူတချို့က သူတို့ကိုထိန်းချုပ်ပြီး အဲဒီအမှုတွေကို ကျူးလွန်ခဲ့ကြတာများလား။”

လင်းချွမ်ကျီက စဥ်းစားတွေးတောကာပြောလိုက်၏။

“အဲဒါက ဖြစ်တော့ဖြစ်နိုင်တယ်… ဒါပေမဲ့ တာအိုဂိုဏ်းတော်က ဖုတ်ကောင်တွေနဲ့ တစ္ဆေသရဲတွေမွေးမြူတာကို တင်းတင်းကျပ်ကျပ်ကန့်သတ်ထားတယ်… တာအိုဂိုဏ်းတော်က တပည့်ဂိုဏ်းသားတွေတောင် အဲဒါကို ကျင့်ကြံဖို့က အင်မတန်ခက်ခဲတယ်… အဲဒါကြောင့် အပြင်လူတွေက အဲလောက်ထိ ကျွမ်းကျင်ပိုင်နိုင်အောင် ဘယ်လိုလုပ် ကျင့်ကြံနိုင်မှာလဲ”

သူတို့ပြောနေစဥ် ကျန်းယွဲ့လုက ဒုတိယအလောင်းပေါ်က ပိတ်စဖြူကို ဖယ်ရှားပြီး အဆင့်-၇ တာအိုဆရာတစ်ဦး၏ ရုပ်အလောင်းကို ပေါ်ထွက်လာစေ၏။ သေဆုံးသူ၏ အမူအရာက ကြောက်စရာကောင်းနေ၏။ သူသည် ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို တွေ့မြင်ခဲ့ရသည့်အလား သူ့မျက်နှာက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပုံပျက်ပန်းပျက် တွန့်လိမ်နေ၏။ သူ့မျက်နှာပေါ်မှာ အပေါက်ငါးပေါက်ရှိပြီး ပါးနှစ်ဖက်၊ မျက်လုံးနှစ်လုံးနှင် နဖူးပေါ်မှာ ဖြစ်လေသည်။

ကျန်းယွဲ့လုက ထိုအပေါက်ငါးပေါက်ကို သူမ၏ လက်ငါးချောင်းနှင့် အပ်ကြည့်လိုက်၏။

ချီရွှမ်းစုက ရင်ထဲမှာ လှုပ်ခတ်သွားပြီး ပြောလိုက်၏။

“အဲ့ဒါက… ယင်သတ်ဖြတ်နည်းစနစ်နဲ့ နည်းနည်းဆင်တူတယ်”

ယင်သတ်ဖြတ်နည်းစနစ်က ဂမ္ဘီရအတတ်တစ်ခုဖြစ်သည်။ ကျွမ်းကျင်ပိုင်နိုင်သွားသည့်အခါ လက်သည်းများကို စင်တီမီတာ ၃၀ ကျော်အထိ ထုတ်နိုင်ပြီး ထိုးဖောက်နိုင်သည့် ဓားတိုများနှင့် ဆင်တူလေသည်။ အစ်မချီက ဤနည်းစနစ်မှာ ကျွမ်းကျင်ပိုင်နိုင်သည်။

ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒါက… အတော်လေးတော့ ဆင်တူတယ်”

သူမက တတိယမြောက် ရုပ်အလောင်းပေါ်မှ ပိတ်စဖြူကို ဖယ်ရှားလိုက်၏။ သေဆုံးသူ၏ လည်ပင်းပေါ်မှ ဒဏ်ရာက အတော်လေးသိသာထင်ရှားနေ၏။ သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေသော်လည်း သေဆုံးသူသည် ကျေနပ်အားရနေသည့် အခြေအနေမှာ သေဆုံးခဲ့သည့်အလား သူ့မျက်နှာပေါ်တွင် မသိမသာ အပြုံးတစ်ခု ရှိနေသည်။

ကျန်းယွဲ့လုက ခပ်တိုးတိုး ပြောလိုက်၏။

“ဖုတ်ကောင်တွေမှာ ဒီလိုမျိုး အစွမ်းအစမရှိဘူး”

လင်းချွမ်ကျီက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။

“သေဆုံးသူက တံလျှပ်ရေထင်လှည့်စားခြင်းမှာ ကျဆင်းသွားခဲ့တဲ့ပုံပဲ… ဖုတ်ကောင်တွေမှာ ဝိညာဉ်နဲ့ အသိစိတ်မရှိတဲ့အတွက် စွမ်းအားကြီးမားတဲ့ ဖုတ်ကောင်တွေတောင်မှ ဒီလိုမျိုး ပုံရိပ်ယောင်နည်းစနစ်ကို အသုံးချနိုင်မှာ မဟုတ်ဘူး”

(တံလျှပ်ရေထင်လှည့်စားခြင်း - ပုံရိပ်ယောင်အတတ်တစ်ခု။ illusion ကို မြန်မာမှုပြုထားခြင်းဖြစ်သည်။)

ကျန်ရှိနေသော အလောင်းများပေါ်မှ ပိတ်စအဖြူများကို ဖယ်ရှားဖို့ ကျန်းယွဲ့လုက လူတိုင်းကို အချက်ပြလိုက်၏။

All Chapters