အခန်း (၅၁၃-၅၁၄)
Vol. 40 Ch. 513-514
အခန်း ၅၁၃ မောက်မာလွန်းသော ရီထျန်းကျိ
မှိန်ဖျော့ဖျော့ ဟင်းလင်းပြင်အာကာသထဲတွင် မြူခိုးများ ထူထပ်နေပြီး နက်ဗျူလာများကို ဟိုနားတစ်စ ဒီနားတစ်စ မြင်နေရ၏။ အလင်းရောင်လာရာ လမ်းကြောင်းထဲတွင် ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခု ရှိနေပြီး ယပ်တောင်ပုံစံ ဖြန့်ကျက်ထားသော နေမင်းကိုးစင်းသည် နန်းတော်အထက်တွင် တွဲခိုနေကြသည်။
နေမင်းကိုးစင်းအောက် မြင့်မားသော စင်မြင့်ထက်ရှိ အနက်ရောင်ပလ္လင်ပေါ်တွင် ခမ်းနားထည်ဝါသော ပုံရိပ်တစ်ခု ထိုင်နေ၏။ သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး ကျယ်ပြန့်သော ခန္ဓာကိုယ်ရှိကာ ချီလင်ခေါင်းပုံစံ နတ်ဘုရားသရဖူကို ဆောင်းထားသည်။ ထိုသရဖူအောက်မှ အေးစက်ပြီး အာဏာရှိရှင်ဆန်သော မျက်နှာထားကို တွေ့မြင်ရသည်။
ဆံပင်ဖြူများသည် မျက်နှာဘေးတွင် လွင့်ပျံနေပြီး လက်တစ်ဖက်ဖြင့် ခေါင်းကိုထောက်ကာ ပျင်းရိသော ကိုယ်ဟန်အနေအထားဖြင့် နဂါးတစ်ကောင် အနားယူနေသကဲ့သို့ လေပူများကို အဆက်မပြတ် မှုတ်ထုတ်နေခဲ့သည်။
ထိုစဉ် အမှောင်ထုနက်နက်ထဲမှ လျှပ်စီးကြောင်းတစ်ခု နန်းတော်ပေါ်သို့ ကျရောက်လာပြီး အတောင်ပံပါသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ သူသည် အစိမ်းရင့်ရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး တည်ငြိမ်ခက်ထန်သော မျက်နှာထားရှိကာ ဆံပင်ရှည်များကို ဖားလျားချထားသဖြင့် ကြမ်းကြုတ်သော သရဲတစ္ဆေတစ်ကောင်နှင့် တူနေသည်။
ထိုင်နေသော ပုဂ္ဂိုလ်၏ ရှေ့မှောက်တွင် အတောင်ပံပါသော ထိုလူသည် မိုးထိအောင် မြင့်မားသော တောင်ကြီးတစ်လုံးကို ရင်ဆိုင်နေရသကဲ့သို့ သေးကွေးနေပုံပေါက်သည်။
"သခင်... ဒီစကြဝဠာထဲကို အမတနတ်ဘုရားတွေရဲ့ အင်အား ဝင်ရောက်စွက်ဖက်နေပုံရပါတယ်" အတောင်ပံပါလူက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။ အမတနတ်ဘုရားများကို သတိထားနေကြောင်း သိသာထင်ရှားသည်။
ထိုင်နေသူက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏ မျက်ဝန်းများသည် ရွှေရောင်တောက်နေပြီး ပို၍ ခမ်းနားထည်ဝါကာ လွှမ်းမိုးနိုင်စွမ်းရှိပုံ ပေါက်သွားစေသည်။
"အမတနတ်ဘုရားတွေ ဟုတ်လား။ ရယ်စရာပဲ။ ဒီမဟာကမ္ဘာလောကကြီးထဲမှာ အမတနတ်ဘုရား တစ်ပါးတည်းပဲ ရှိတယ်။ သူက ဝင်ပါမှာ မဟုတ်ဘူး။ ဒါ့အပြင် ဒီမဟာကမ္ဘာကြီးက အတိတ်တုန်းက အမတနတ်ဘုရားကို သစ္စာဖောက်ခဲ့ဖူးတယ်။ ဒီကမ္ဘာအပေါ်ထားတဲ့ အမတနတ်ဘုရားရဲ့ မကျေနပ်ချက်တွေက အလွယ်တကူ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး"
သူ့အကြည့်က စကြဝဠာ၏ နက်ရှိုင်းရာသို့ ရွေ့လျားသွားပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ ရှုခင်းများက သူ့မျက်ဝန်းထဲတွင် ထင်ဟပ်လာသည်။
ထိုစကားကို ကြားသောအခါ အတောင်ပံပါလူက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ "ဒါဆို တစ်ယောက်ယောက်က အမတနတ်ဘုရားတွေရဲ့ အမည်နာမကို အသုံးပြုပြီး ဟန်ဆောင်နေတာလို့ ဆိုလိုချင်တာလား"
ထိုင်နေသူ ရီထျန်းကျိ က ပြန်ဖြေသည်။ "ကောင်းကင်တာအိုရော အမတနတ်ဘုရားတွေရောက သူတို့ရဲ့ အင်အားကို အာဏာရှင်ဆန်ဆန် အသုံးပြုကြတယ်။ သူတို့က ဒီလို ကွေ့ဝိုက်တဲ့ နည်းလမ်းတွေကို သုံးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကောင်းပါတယ်။ သူတို့ကို မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေရဲ့ အတိမ်အနက်ကို စမ်းသပ်ခိုင်းလိုက်တာပေါ့။ ငါတို့ရဲ့ တာဝန်က လုံမျိုးနွယ် ရဲ့ လက်ကျန်တွေကို ဖမ်းဆီးဖို့ပဲ"
အတောင်ပံပါလူက ဆက်ပြောသည်။ "ဒါပေမဲ့ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေထဲမှာ ကောင်းကင်တာအိုရွှေအမြုတေ ရှိနေတယ်လေ။ ဘာလို့ ငါတို့ကိုယ်တိုင် မယူတာလဲ"
ထိုင်နေသူက ထပ်မံ အဖြေမပေးတော့ဘဲ မျက်လုံးများကိုသာ မှိတ်လိုက်သည်။
နန်းတော်ကြီးမှာ တိတ်ဆိတ်သွားပြီး နေမင်းကိုးစင်းသည် ပြင်းထန်စွာ တောက်လောင်လျက် ဟင်းလင်းပြင်အာကာသထဲသို့ အဆုံးမဲ့ အလင်းရောင်များ ပေးစွမ်းနေသည်။
ရုတ်တရက် အတောင်ပံပါလူသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ ဟင်းလင်းပြင်အမှောင်ထုထဲတွင် ကြီးမားလှသော မျက်လုံးတစ်စုံက သူတို့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုမျက်လုံးများသည် စကြဝဠာ၏ မျက်လုံးများကဲ့သို့ဖြစ်ပြီး ၎င်းတို့ရှေ့တွင် နက်ဗျူလာများပင် မှေးမှိန်သွားရသည်။
"လုံမျိုးနွယ်ရဲ့ ဆက်ခံသူက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေထဲမှာ အမှန်တကယ် ရှိနေတယ်။ ပြီးတော့ သူက ကောင်းကင်အမိန့်တော်(ကောင်းကင်တာအိုသီအိုရီ) ကို ယှဉ်ပြိုင်လုယူလိမ့်မယ်" ဟု ရှေးကျပြီး အားကောင်းသော အသံတစ်သံ ပဲ့တင်ထပ်လာသည်။
ဤအသံသည် ဟယ်ချင်းစုန် ၏ အသံဖြစ်ကြောင်း ထင်ရှားသော်လည်း သက်ရှိသတ္တဝါအားလုံးကို ကမ္ဘာဥပဒေသများ ကြေညာနေသည့် အဓိပတိနတ်ဘုရားတစ်ပါးကဲ့သို့ ပိုမို အားကောင်းလှသည်
။
ထိုင်နေသူ ရီထျန်းကျိ က မျက်လုံးဖွင့်ကြည့်ပြီး လှောင်ပြောင်လိုက်သည်။ "မင်းကိုး။ မင်း အခုထိ လက်မလျှော့သေးဘူးလို့ ငါ မထင်ထားဘူး"
ဟင်းလင်းပြင်ထဲမှ ကြီးမားသော မျက်လုံးက ဆက်ပြောသည်။ "ရီထျန်းကျိ... ငါတို့ ပူးပေါင်းလို့ရတယ်။ လုံမျိုးနွယ်ဝင်တွေက ဆရာသခင်ဓားအရှင် ရဲ့ လက်အောက်မှာ ပုန်းခိုနေတာ ဖြစ်နိုင်တယ်။ အဲဒီလိုဆိုရင် မင်း သူ့ကို မရင်ဆိုင်ဘဲ နေလို့ရမှာ မဟုတ်ဘူး။ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် တောင် သူ့လက်ချက်နဲ့ ဆုတ်ယုတ်ခဲ့ရတာ။ ငါက ကောင်းကင်အမိန့်တော်ကို မြှင့်တင်မယ်။ မင်းက ရန်သူ့လက်ကျန်တွေကို ရှင်းထုတ်။ ငါတို့ရဲ့ လုပ်ရပ်တွေက ပဋိပက္ခ မဖြစ်ဘူး"
ရီထျန်းကျိ ဟု ခေါ်ဝေါ်ခံရသူသည် တုန်လှုပ်ခြင်းမရှိဘဲ ထိုမျက်လုံးများကို တည်ငြိမ်စွာ စိုက်ကြည့်နေကာ သူ၏ အတွေးများကို ခန့်မှန်း၍ မရနိုင်ပေ။
ဟင်းလင်းပြင်ကြီးသည် တိတ်ဆိတ်သွားပြန်သည်။
"လုံမျိုးနွယ် ဆက်ခံသူက ဘယ်သူလဲဆိုတာ အတိအကျ မပြောပြသရွေ့ ငါ မင်းကို အလွယ်တကူ ယုံမှာ မဟုတ်ဘူး" ရီထျန်းကျိ က နောက်ဆုံးတွင် ပြောလိုက်သည်။
ဟင်းလင်းပြင်ထဲမှ ကြီးမားသော မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားချိန်တွင် ရီထျန်းကျိ က ဆက်ပြောသည်။ "ဒါပေမဲ့ မင်းမှာ နောက်ထပ် ရွေးချယ်စရာတစ်ခု ရှိတယ်။ ကောင်းကင်တာအိုရွှေအမြုတေကို ငါ့ဆီ ပေးလိုက်။ ဒါဆိုရင်တော့ ငါ မင်းကို ကူညီဖို့ စဉ်းစားပေးမယ်"
ကောင်းကင်တာအိုရွှေအမြုတေ!
ဟင်းလင်းပြင်မျက်လုံးကြီး၏ အကြည့်များ ရုတ်တရက် အေးစက်သွားသော်လည်း ရီထျန်းကျိ က မျက်လုံးများကို ပြန်မှိတ်ထားလိုက်သည်။
နန်းတော်ပေါ်ရှိ အတောင်ပံပါလူမှာ မနေနိုင်ဘဲ ပြုံးမိလိုက်ပြီး ဟင်းလင်းပြင်ထဲမှ မျက်လုံးကြီးကို လှောင်ပြောင်သလို ကြည့်ကာ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်။
အချိန်အတော်ကြာပြီးနောက်။
ဟင်းလင်းပြင်မျက်လုံးကြီး၏ အသံ ထွက်ပေါ်လာသည်။ "အခု မဟုတ်သေးဘူး။ ကောင်းကင်တာအိုရွှေအမြုတေ ပေါ်လာတဲ့အခါ ငါ မင်းကို မတားဆီးဘူး။ ဝင်ခွင့်ပေးမယ်"
ထိုစကားကို ကြားသောအခါ ရီထျန်းကျိ ၏ မျက်နှာတွင် အာခံလိုသော အပြုံးတစ်ခု ပေါ်လာသည်။
...
နောက်ထပ် နှစ်ပေါင်း ၃၀ ကုန်ဆုံးသွားခဲ့သည်။
အသက် ၁၉၄၃ နှစ်အရွယ်ရှိ ကုအန် သည် လက်တစ်ဖက်က စိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း စာအုပ်ကို ကိုင်ရင်း ကျန်လက်တစ်ဖက်က စစ်တုရင်ရွှေ့ကာ လက်ကိုးချောင်းနတ်ဘုရားအရှင် နှင့် ကစားနေခဲ့သည်။ သူ့မျက်လုံးများက စာအုပ်ပေါ်တွင်သာ ရှိနေသည်။
ရှုံးနိမ့်လုနီးပါးဖြစ်နေသော လက်ကိုးချောင်းနတ်ဘုရားအရှင်က ကုအန် ကို မော့ကြည့်ပြီး မကျေမနပ် ပြောလိုက်သည်။ "ငါတို့ရဲ့ စစ်တုရင်ပွဲကို ဒီလောက်တောင် ပေါ့ပေါ့တန်တန် သဘောထားဖို့ လိုလို့လား"
ကုအန် က ပြန်ပြောသည်။ "ကျေးဇူးပြုပြီး... ခင်ဗျားကသာ ကျွန်တော်နဲ့ ကစားဖို့ အတင်းတောင်းဆိုခဲ့တာလေ"
မူလကောင်းကင်အလိုဆန္ဒ မှာ နိဗ္ဗာန်နယ်ပယ် မဟာကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း အဓိပတိဂိုဏ်း တွင် မဟာကျင့်ကြံသူအရေအတွက် များပြားလာခြင်းကြောင့် သူ၏ ဂုဏ်သတင်းမှာ မှေးမှိန်စပြုလာသည်။ သူသည် ခရီးသွားရာမှ ပြန်လာခဲပြီး ကုအန် ထံသို့ စာအုပ်များ ရံဖန်ရံခါ ပေးပို့လေ့ရှိသည်။ ကုအန် သည် စာအုပ်အသစ်များကို ဦးဦးဖျားဖျား ဖတ်ရလေ့ရှိပြီး သူ ဖတ်ပြီးမှသာ 'စိမ်းလန်းသော သူရဲကောင်းခရီးသွားမှတ်တမ်း' မှာ ဈေးကွက်ထဲသို့ စတင် ပျံ့နှံ့လေ့ရှိသည်။
ဒီဇာတ်လမ်းတွဲက အထူးကောင်းမွန်သည်။ ဇာတ်လိုက်က သူ့အပေါ် အငြိုးအတေးကြီးမားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့၏။ သူတို့ ပင်လယ်ပြင်မှာ တစ်ယောက်နဲ့တစ်ယောက် လိုက်လံတိုက်ခိုက်ကြရင်း နောက်ဆုံးမှာ မဟာနတ်ဆိုးကြီး တစ်ကောင်၏တိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရ၏။ နှစ်ယောက်စလုံး အဆိပ်သင့်ပြီး ကျင့်ကြံခြင်းအဆင့်တွေ ခေတ္တပျောက်ဆုံးသွားကာ လူသူမဲ့ကျွန်းတစ်ကျွန်းပေါ်မှာ သောင်တင်ရင်း အချစ်နဲ့ အမုန်းကြားမှာ ရစ်ပတ်ခဲ့ကြသည်။
တခြားဇာတ်ကောင်တွေ မပါရင်တောင် ကျွန်းပေါ်မှနတ်ဆိုးတွေနှင့်သူတို့၏ ဆက်ဆံရေးကို ကြည့်ရတာကလည်း အလွန် စိတ်ဝင်စားဖို့ ကောင်းလှသည်။
"ကျွယ်လော့ဓားသခင် က ကောင်းကင်မိန့်တော် ၈ အုပ်ကို ပိုင်ဆိုင်ထားပြီး နောက်ဆုံးတစ်အုပ်ပဲ လိုတော့တယ်။ သူက ဓားမြို့တော် ထဲမှာ စောင့်ဆိုင်းနေတယ်.... တကယ်လို့ သူသာ ရှုံးနိမ့်ခဲ့ရင် စာအုပ် ၈ အုပ်စလုံးကို လက်လွှတ်မယ်လို့ ပြောထားတယ်။ ဒါပေမဲ့ အဲဒီလိုပြောတာတောင် ကောင်းကင်အမိန့်ေတာ်ရဲ့ နောက်ဆုံးစာအုပ်က ပေါ်မလာသေးဘူး"
လက်ကိုးချောင်းနတ်ဘုရားအရှင်က သက်ပြင်းချလိုက်ပြီး ကျွယ်လော့ဓားသခင် အကြောင်း ပြောသောအခါ သူ့မျက်နှာတွင် လေးစားအားကျမှုများ ပြည့်နှက်နေသည်။
သူ့နယ်ပယ်သည် ကျွယ်လော့ဓားသခင် နှင့် ကွာခြားလွန်းလှသဖြင့် ထိုကဲ့သို့ လေးစားနေခြင်း ဖြစ်သည်။ ထို့အပြင် ကျွယ်လော့ဓားသခင် နှင့် စစ်တုရင် ကစားဖူးသဖြင့် ရင်းနှီးမှုရှိသည်ဟု ခံစားရကာ သတင်းများကို အထူးအာရုံစိုက်လေ့ရှိသည်။
ကုအန် က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။ "ဘာလဲ... ခင်ဗျားက အမတအစစ်အမှန် အမွေအနှစ်ကို အရမ်းစိတ်ဝင်စားနေတာလား။ ခင်ဗျားလည်း သွားစိန်ခေါ်ကြည့်ပါလား၊ နိုင်သွားရင် ဘယ်လိုလုပ်မလဲ"
"ငါက ဘယ်လိုလုပ် နိုင်မှာလဲ။ ငါက အချုပ်အနှောင်မဲ့အမတနယ်ပယ် မှာပဲ ရှိသေးတာ။ သူက အမတလမ်းစဉ်ရဲ့အဆင့်ကိုးမှာ ရှိနေတာလေ။ ငါ နှစ်ပေါင်း သောင်းချီ ကျင့်ကြံရင်တောင် သူ့အဆင့်ကို ရောက်ချင်မှ ရောက်မှာ" လက်ကိုးချောင်းနတ်ဘုရားအရှင်က မျက်လုံးပြူးလျက် ပြောသည်။
သူ စစ်တုရင် ဆက်မကစားချင်တော့ဘဲ စကားလမ်းကြောင်း လွှဲနေသည်ကို မြင်သဖြင့် ကုအန် က စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။ "နှစ်ပေါင်း သောင်းချီ ဟုတ်လား။ ခင်ဗျားက အဲဒီလောက်ထိ အသက်ရှည်မယ် ထင်နေတာလား"
လက်ကိုးချောင်းနတ်ဘုရားအရှင်မှာ အလွန်စိတ်အနှောင့်အယှက် ဖြစ်သွားပြီး မတ်တတ်ရပ်ကာ လက်စွပ်ကို ခါလျက် ထွက်ခွာသွားတော့သည်။
ကုအန် က နှုတ်ခမ်းမဲ့လိုက်ပြီး ဒီလူ စစ်တုရင်ကစားရာမှာ အရှုံးကို လက်မခံတတ်ဘူးဟု တွေးလိုက်သည်။
သူ မတ်တတ်ရပ်ပြီး အခန်းအပြင်ဘက်သို့ လျှောက်သွားလိုက်သည်။ လမ်းတစ်လျှောက်တွင် သူ့ကိုမြင်သော တပည့်များနှင့် ကျင့်ကြံသူအားလုံးက အရိုအသေ ပေးကြသည်။
သူ တောင်ကြားအဝသို့ လျှောက်သွားလိုက်ရာ ထိုနေရာတွင် အမျိုးသမီးတစ်ဦး ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်ကို တွေ့လိုက်ရသည်။
ဤအမျိုးသမီးမှာ ရဲလန် ၏ တပည့် ရဲချင်းရွှယ် ဖြစ်ေလသည်။
အသက် ၁ ထောင်နီးပါး ရှိနေပြီဖြစ်သော သူမသည် နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် သို့ ရောက်ရှိနေပြီဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကဆိုလျှင် သူမသည် တိုက်ကြီးတစ်ခုလုံးတွင် လွတ်လပ်စွာ သွားလာနိုင်မည် ဖြစ်သော်လည်း ယနေ့ခေတ် အဓိပတိဂိုဏ်း တွင်မူ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံမှုသည် ပါရမီထူးချွန်သော တပည့်သစ်အချို့လောက် ဂုဏ်သတင်း မကြီးမားတော့ပေ။
အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ရဲချင်းရွှယ် သည် ကုအန် ၏ ပုံရိပ်ကို အဝေးမှ လှမ်းမြင်လိုက်သည်နှင့် ချက်ချင်းပင် ဝမ်းသာသွားသည်။ သို့သော် ရှေ့တိုးသွားရန် ပြင်လိုက်စဉ်မှာပင် သူမ ပြန်လည် တွန့်ဆုတ်သွားမိသည်။
ကလေးဘဝတုန်းက သူမသည် ကုအန် အပေါ် မလေးမစား ပြုမူခဲ့ပြီး ရန်လိုခဲ့ဖူး၏။ သူမ၏ ဆရာမှာ အလွန်စွမ်းအားကြီးသဖြင့် ကုအန် ကို မျက်နှာလိုမျက်နှာရ လုပ်စရာမလိုဟု သူမ ထင်ခဲ့ဖူးသည်။ သို့သော် ကုအန် သည် ဆရာသခင်ဓားအရှင် ဖြစ်ကြောင်း သိလိုက်ရကတည်းက သူမ မည်မျှ ရယ်စရာကောင်းခဲ့ကြောင်း နားလည်သွားခဲ့သည်။ ထိုအကြောင်းကြောင့်ပင် သူမ ကုအန် ကို မတွေ့ရဲတော့ပေ။ ဆရာဖြစ်သူ ကွယ်လွန်သွားပြီးကတည်းက သူမသည် ဤဆက်ဆံရေးကို လျှို့ဝှက်ထားခဲ့ပြီး ထုတ်မပြောခဲ့ချေ။
အကြီးအကဲခန်းမမှလွဲ၍ သူမနှင့် ကုအန် ပတ်သက်မှုကို မည်သူမျှ မသိကြပေ။ ကုအန် သူမဆီသို့ လျှောက်လာနေသည်ကို မြင်သောအခါ ရဲချင်းရွှယ် မှာ စိတ်လှုပ်ရှားပြီး စိုးရိမ်ထိတ်လန့်လာသည်။ သူမ၏ ဆရာဦးလေးက သူမ လာမည်ကို ကြိုသိပြီး သူမကို တွေ့ဖို့ သက်သက် လာခဲ့တာများလား။
သူမ၏ ဆရာဦးလေးမှာ ဆရာသခင်ဓားအရှင် ဖြစ်သောကြောင့် ထိုသို့ဖြစ်နိုင်ခြေ များသည်ဟု သူမ တွေးလိုက်မိသည်။ သို့သော် သူမ အလွန်အကျွံ တွေးနေမိခြင်း ဖြစ်မည်ကိုလည်း စိုးရိမ်နေမိသည်။ ဆရာဦးလေးနှင့် သူမ၏ ဆက်ဆံရေးမှာ သိပ်မရင်းနှီးလှသဖြင့် သူ့တွင် အလားတူ ဆက်ဆံရေးမျိုး များစွာ ရှိနိုင်လေသည်။ သူက ဂျူနီယာတိုင်းကို အထူးတလည် ဂရုစိုက်ပေးနေမည် မဟုတ်တန်ရာ။ ရဲချင်းရွှယ် သည် ထိုနေရာတွင်ရပ်ရင်း ရှေ့တိုးမရ ဆုတ်မရ အခြေအနေကြားတွင် အလွန်အမင်း စိုးရိမ်ပူပန်နေမိသည်။
အခန်း ၅၁၄ ကမ္ဘာလောကပြောင်းလဲမှုများ
ကုအန် လျှောက်လာသည်ကို မြင်သောအခါ ရဲချင်းရွှယ် သည် နှုတ်ဆက်ရန် မဝံ့မရဲ ဖြစ်နေသေးသော်လည်း အနီးနားရှိ တပည့်များကမူ အရိုအသေပေးရန်နှင့် နှုတ်ဆက်ရန် ရောက်ရှိလာကြသည်။
ယခုအခါ တတိယဆေးတောင်ကြား သည် ၎င်းတို့၏ ဂါထာမန္တန်များကို လေ့ကျင့်ရန် နေရာလိုအပ်သော ကျင့်ကြံသူ တပည့်များစွာ နေထိုင်ရာ နေရာဖြစ်လာခဲ့ပြီ ဖြစ်သည်။ ချီစုပ်ယူခြင်းအဆင့်၌ပင် နေရာလွတ် လိုအပ်သည့်အတွက် တတိယဆေးတောင်ကြား ဝန်းကျင်တွင် လူများကို အမြဲလိုလို တွေ့မြင်နေရပြီး အထူးသဖြင့် ဆေးတောင်ကြား၏ အဓိကဝင်ပေါက်ကို ကိုယ်စားပြုသော တံခါးဝအနီးတွင် ပို၍ စည်ကားလေသည်။
ကုအန် နီးကပ်လာလေ ရဲချင်းရွှယ် မှာ ပို၍ စိတ်လှုပ်ရှားလာလေဖြစ်ပြီး သူမ၏ ကိုယ်ပိုင်အသက်ရှူသံနှင့် နှလုံးခုန်သံမှလွဲ၍ ဘာကိုမှ မကြားရတော့ပေ။
သူမသည်လည်း သူမ၏ ဂိုဏ်းခွဲအတွင်း၌ အာဏာရှိသူတစ်ဦး ဖြစ်ပြီး ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများက ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် တည်ငြိမ်ရင့်ကျက်စေခဲ့သော်လည်း ယခုအချိန်၌ သူမ အဘယ်ကြောင့် ဤမျှ စိတ်လှုပ်ရှားနေရသနည်း။
သူမ နားမလည်နိုင်ဖြစ်ကာ မိမိကိုယ်ကို တိတ်တဆိတ် အပြစ်တင်နေမိသည်။
"ရောက်မှတော့ ဘာလို့မဝင်တာလဲ။ မင်းရဲ့ ဆရာဦးလေးက ကိုယ်တိုင်ထွက်ကြိုမှရမှာလား။ မင်းဝင်လာတာက ဂိုဏ်းချုပ် ထက်တောင် ပိုခမ်းနားနေပါသေးလား"
ကုအန် ၏ ပေါ့ပါးသော ရယ်သံက သူမနားထဲသို့ ရောက်ရှိလာသဖြင့် သူမ လန့်ဖျပ်သွားကာ မော့ကြည့်လိုက်မိပြီး သူ့အကြည့်နှင့် ဆုံသွားသည်။ သူမသည် အလျင်အမြန် လက်နှစ်ဖက်ကို မြှောက်၍ ဂါရဝပြုလိုက်ပြီး တုန်ယင်သောအသံဖြင့် "ဂါရဝပြုပါတယ် ဆရာဦးလေး... ကျွန်မ..."
"သွားကြစို့။ ဒီနေ့ ငါအားနေတယ်။" ကုအန် က ပြုံး၍ ပြောလိုက်သည်။
ရဲလန် မကွယ်လွန်မီက သူမ စိတ်အပူဆုံးအရာမှာ ရဲချင်းရွှယ် ပင်ဖြစ်သည်။ ရဲချင်းရွှယ် သည် ရဲလန် ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့သော တပည့်ဖြစ်ပြီး ၎င်းတို့၏ တူညီသော မျိုးရိုးအမည်က ထိုအချက်ကို သက်သေပြနေသည်။
"သွားမယ်...ဘယ်ကိုလဲ" ရဲချင်းရွှယ် က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူမ၏ ဆရာဦးလေးက သူမကို မှတ်မိနေသေးပြီး ယခင်ကကဲ့သို့ပင် နူးညံ့သိမ်မွေ့သော သဘောထားဖြင့် ဆက်ဆံနေသေးသဖြင့် သူမ၏ စိတ်နှလုံးသည် မမျှော်လင့်ဘဲ ကြည်နူးသွားရသည်။ သူမ၏ ဆရာသခင် ကွယ်လွန်သွားပြီးနောက် ဆရာ့၏ ဂိုဏ်းတူအစ်ကိုဖြစ်သူက သူမအပေါ် ကြင်နာတော့မည် မဟုတ်ဟု ထင်မှတ်ခဲ့ဖူးသည်။
"မင်းရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့လေ"
ကုအန် က ပြန်ဖြေပြီး ဆေးတောင်ကြားအပြင်ဘက်သို့ စတင်လျှောက်လှမ်းလိုက်သည်။
ရဲချင်းရွှယ် တစ်ခဏမျှ ကြောင်အသွားပြီးနောက် သူ၏ ခြေလှမ်းများနောက်သို့ အလျင်အမြန် လိုက်ပါသွားသည်။
သူမသည် ကုအန် ၏ ဘေးသို့ အမီလိုက်ကာ မေးလိုက်သည်။ "ဒါပေမဲ့ ကျွန်မ ပြဿနာတွေကို မပြောပြရသေးဘူးလေ... ဆရာဦးလေး ဘယ်လိုလုပ် သိတာလဲ"
ကုအန် က သူမကို တစ်ချက်ကြည့်ကာ ရယ်မောလိုက်သည် "မင်းလည်း ကျင့်ကြံသူပဲ၊ မင်း အားကျရတဲ့ အမတတွေက အနာဂတ်ကို မသိနိုင်ဘူးလို့ ထင်နေတာလား"
ရဲချင်းရွှယ် တုန်လှုပ်သွားသည်။ ထို့နောက် ကုအန် သည် သူမအား ဂိုဏ်းချုပ်မြို့တော်ဆီသို့ ခေါ်ဆောင်ကာ ပျံသန်းသွားလေသည်။ သူတို့၏ ပျံသန်းမှုမှာ သိပ်မမြန်လှပေ။ လမ်းတစ်လျှောက်တွင် သူက ပြီးခဲ့သည့် နှစ်များအတွင်း သူမ မည်သို့နေထိုင်ခဲ့ကြောင်း မေးမြန်းခဲ့သဖြင့် သူမ၏ စိတ်နှလုံးထဲမှ တင်းကြပ်မှုများ လျင်မြန်စွာ လျော့ပါးသွားခဲ့သည်။
သတိထားနေမှုကို လျှော့ချလိုက်ပြီးနောက် ရဲချင်းရွှယ် သည် သူမ ကြုံတွေ့နေရသော အခက်အခဲများကို စတင်ပြောပြလာသည်။ သူမ၏ တပည့်သည် အလွန်ထူးချွန်ပြီး ပါရမီပါသဖြင့် မဟာကျင့်ကြံသူတစ်ဦး၏ မျက်စိကျခြင်းကို ခံခဲ့ရကာ ထိုသူက သူမ၏တပည့်ကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားခဲ့သည်။ စည်းရုံး၍မရသောအခါ ထိုသူက သူမ၏တပည့်ကို ပြန်ပေးဆွဲသွားခဲ့သည်။ သူမသည် ကျန်ချင်း ၏ အကူအညီကို ရယူလိုသော်လည်း ကျန်ချင်း မှာ နှစ်ပေါင်းရာချီကြာအောင် ခရီးထွက်နေသဖြင့် ရှာဖွေရန် နည်းလမ်းမရှိ ဖြစ်နေခဲ့သည်။
အတော်ကြာ စဉ်းစားပြီးနောက် သူမသည် ကုအန် ထံသို့ အကူအညီတောင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ကုအန် သည် သူမ အမှန်အတိုင်း ပြောနေမှန်း သိသလို၊ ကောင်းကင်တာအို ၏ ကြောက်မက်ဖွယ်ကောင်းသော သဘောသဘာဝကိုလည်း စိတ်ထဲတွင် အံ့သြမိလိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်းရာချီက အဓိပတိဂိုဏ်း အတွင်းရှိ မြင့်မြတ်သော မိသားစုများသည် သူနှင့် ကံတရား ဆက်နွယ်နေသူ မည်သူ့ကိုမဆို ဉာဏ်ဆင်ကြံစည်ရဲမည် မဟုတ်ပေ။ သို့သော် ယခုအခါ ထိုမိသားစုကြီးများ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် သူ (ကုအန်) က ကောင်းကင်တာအို ကို ကြောက်ရွံ့နေသည်ဟု ယုံကြည်နေကြပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ်တော့မည် မဟုတ်ဟု ထင်မြင်နေကြသည်။
ဟုတ်ပါ၏။ သူတို့သည် သတိထား၍ လှုပ်ရှားနေဆဲဖြစ်ပြီး ရဲချင်းရွှယ် ကိုတော့ ထိခိုက်အောင် မလုပ်ရဲကြပေ။ အကယ်၍ ဆရာသခင်ဓားအရှင် သာ တကယ် အရေးယူရန် ဆုံးဖြတ်လိုက်ပါက ဤဆက်နွယ်မှုကို သူတို့ မသိရှိပါဘူးဟု ဟန်ဆောင်ငြင်းဆိုနိုင်ရန် ဖြစ်သည်။
ချင် အမည်ရှိသော ဤမိသားစုသည် အဓိပတိဂိုဏ်း အတွင်း၌ ကြီးမားသော အာဏာကို ချုပ်ကိုင်ထားပြီး ဂိုဏ်းခွဲတစ်ခု၏ ခေါင်းဆောင်ပင်လျှင် ချင်မျိုးရိုး အမည်ခံထားသည်။ သူတို့သည် မိစ္ဆာပညာတစ်ခုကို တတ်မြောက်ထားကြပြီး ကြီးမားသော ကံကြမ္မာ ပါလာမည့် ပါရမီရှင် ကိုးဆယ့်ကိုးယောက်ကို စုဆောင်းကာ ၎င်းတို့၏ ကံတရားနှင့် ပါရမီအားလုံးကို အခြားတစ်ဦးထံသို့ လွှဲပြောင်းပေးခြင်းဖြင့် ကောင်းကင်အမိန့်တော် ကို ယှဉ်ပြိုင်နိုင်မည့် အသန်မာဆုံး ချင်မိသားစုဝင် တစ်ဦးကို ဖန်တီးရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။
ချင်မိသားစု၏ ရှေးဘိုးဘေးသည် ကျင့်ကြံမှုအဆင့် မထင်ရှားသော်လည်း ကောင်းကင်စျန်အမတနှင့် မြေလျောက်အမတများကို ပိုင်ဆိုင်ထားခြင်းကြောင့် လူသိများသော ဆန်းကြယ်ဓမ္မနတ်အမတတစ်ပါး ဖြစ်သည်။ ချင်မိသားစုက ဤအမတများကို အဓိပတိဂိုဏ်း အတွင်းသို့ ဝင်ရောက်ခွင့်ပြုလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော စည်ကားသိုက်မြိုက်မှုများသည် သူတို့၏ ဂုဏ်သတင်းကို များစွာ မြင့်တက်စေခဲ့သည်။
ချင်မိသားစု၏ မိစ္ဆာပညာသည် သဘာဝကျကျပင် လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး ၎င်းတို့သည် အဓိပတိဂိုဏ်း အတွင်း၌ ထိုသို့သော လုပ်ရပ်များကို မကျူးလွန်ရဲကြပေ။ ထို့ကြောင့် ရဲချင်းရွှယ် ၏ တပည့်ကို ပင်လယ်ရပ်ခြားရှိ သီးခြားကျွန်းတစ်ကျွန်းသို့ ပြောင်းရွှေ့ထားခဲ့သည်။
ရဲချင်းရွှယ် ပြောပြပြီးသွားသောအခါ သူမသည် ကုအန် ကို အသနားခံသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
သူမအတွက်မူ ချင်မိသားစုသည် မလှုပ်ခါနိုင်သော ဧရာမ အင်အားစုကြီးတစ်ခု ဖြစ်သည်။ သူမသည် သူမ၏ အဆက်အသွယ်အားလုံးကို အသုံးပြုခဲ့ပြီး စည်းကမ်းထိန်းသိမ်းရေးခန်းမ သို့ပင် တိုင်ကြားခဲ့သော်လည်း ကြိုးပမ်းမှုအားလုံးသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။ သူမ သတိပေးချက်များလည်း လက်ခံရရှိခဲ့သော်လည်း အကြောင်းတစ်ခုခုကြောင့် ချင်မိသားစုသည် သူမကို အရေးယူခြင်း မရှိခဲ့ပေ။
ကုအန် သည် ရှေ့ဆက်လျှောက်နေပြီး သူ၏အကြည့်က ရှေ့လမ်းခရီး၌ စူးစိုက်နေကာ လေပြည်က သူ၏ဝတ်ရုံကို တဖျပ်ဖျပ် လှုပ်ခတ်နေစေသည်။
သူက ပြောလိုက်သည် "ချင်းရွှယ်၊ အဓိပတိဂိုဏ်း အတွင်းက ပြောင်းလဲမှုတွေက သိသာထင်ရှားတယ်လို့ မင်း ခံစားရလား။ ဒီလောကကြီးရဲ့ ပြောင်းလဲမှုတွေက သိသာလာလား။"
ရဲချင်းရွှယ် မှာ ဇဝေဇဝါဖြစ်သွားပြီး ကုအန် က အဘယ်ကြောင့် ထိုကဲ့သို့သော မေးခွန်းကို ရုတ်တရက် မေးလာသည်ကို နားမလည်နိုင် ဖြစ်သွားသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူမက ပြောလိုက်သည်။ "ပြောင်းလဲမှုတွေက သဘာဝအတိုင်း သိသာပါတယ်။ လောကမှာရှိတဲ့ အရာအားလုံးက ပြောင်းလဲနေကြတာပဲ မဟုတ်ဘူးလား။ နေရာတိုင်းမှာ မှောင်မိုက်တဲ့ ထောင့်တွေ ရှိသလို ကျွန်မတပည့်ရဲ့ အတွေ့အကြုံကတော့ ခြွင်းချက်တစ်ခုပါပဲ၊ အဲဒါက အဓိပတိဂိုဏ်း အပေါ်ထားတဲ့ ကျွန်မရဲ့ သံယောဇဉ်ကို မထိခိုက်စေပါဘူး။"
ကုအန် က သူမကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ရဲချင်းရွှယ် က ကုအန် သည် သူမ၏ အဖြေကို ကျေနပ်သည်ဟု ထင်မြင်ကာ သူမ၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်လာသည်။ ဆရာဦးလေး ရှေ့ထွက်လာပြီဖြစ်၍ သူမ၏ တပည့်အတွက် သေချာပေါက် မျှော်လင့်ချက် ရှိလာပြီဖြစ်သည်။
ရက်ပေါင်းများစွာ သူမကို လွှမ်းခြုံထားသော ဖိအားများ ပျောက်ကွယ်သွားပြီး သူမ၏ ဆရာဦးလေး ကို မည်သို့ ကျေးဇူးဆပ်ရမည်ကို စတင်စဉ်းစားနေမိသည်။
နာရီဝက်ခန့် ကြာပြီးနောက် ကုအန် နှင့် သူမတို့သည် ဂိုဏ်းမြို့တော်ရှိ အကြီးအကဲခန်းမ သို့ နောက်ဆုံးတွင် ရောက်ရှိလာကြသည်။ ဤနေရာသည် အဓိပတိဂိုဏ်း ၏ အာဏာဗဟိုချက်ဖြစ်ပြီး ၎င်း၏ သြဇာလွှမ်းမိုးမှုသည် ဂိုဏ်းချုပ်ခန်းမထက်ပင် ပိုမိုကြီးမားသည်။
အကြီးအကဲခန်းမ ၏ ကြီးမားသော တံခါးများရှေ့တွင် ဆယ်မီတာအမြင့်ရှိသော ချီလင်ကျောက်ရုပ်တုကြီး နှစ်ခုရှိပြီး သက်ရှိများကဲ့သို့ ခမ်းနားထည်ဝါကာ လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားကို ပေးစွမ်းနေသည်။
ကမ္ပည်းပြားပေါ်ရှိ စာလုံးသုံးလုံးကို ကြည့်ရင်း ရဲချင်းရွှယ် ပြန်လည် စိတ်လှုပ်ရှားလာသည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ရဲလန် နှင့်အတူ ကိစ္စတစ်ခုဖြင့် ဤနေရာသို့ သူမ ရောက်ဖူးခဲ့ပြီး ခန်းမထဲရှိ အရေးပါသော ပုဂ္ဂိုလ်များသည် သူတို့၏ အရှိန်အဝါဖြင့် သူမအပေါ် နက်ရှိုင်းသော အထင်ကြီးမှုကို ချန်ထားရစ်ခဲ့ဖူးသည်။
တံခါးစောင့်တပည့်သည် ကုအန် တည့်တည့်လျှောက်လာသည်ကို မြင်သောအခါ မသိစိတ်ဖြင့် မေးခွန်းထုတ်ရန် ပြင်လိုက်သည်။
သူ ခြေတစ်လှမ်းလှမ်းလိုက်ချိန်တွင် အသံတစ်ခု သူ့နားထဲသို့ ရောက်ရှိလာပြီး သူ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားကာ ဒူးထောက်ကျသွားသည်။
သူတစ်ယောက်တည်း မဟုတ်ပေ၊ အခြား တံခါးစောင့်တပည့်များလည်း ဒူးထောက်လိုက်ကြပြီး ကုအန် ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။
ရဲချင်းရွှယ် သည် သူတို့ ရုတ်တရက် ဒူးထောက်လိုက်သည်ကို မြင်သောအခါ သူမ၏ဆရာဦးလေး၏ အထောက်အထားကို သူတို့ မှတ်မိသွားပြီဖြစ်ကြောင်း အလိုအလျောက် ခန့်မှန်းမိလိုက်သည်။
ကုအန် သည် ခန်းမထဲသို့ တည့်တည့်ဝင်သွားပြီး လမ်းတစ်လျှောက်တွင် သူ့ကိုမြင်သော တပည့်နှင့် ကျင့်ကြံသူတိုင်းလည်း ဆက်တိုက်ဆိုသလို ဒူးထောက်ကြလေသည်။ အချို့က သူ့ကို မှတ်မိကြသော်လည်း အများစုမှာ ထိတ်လန့်သွားကြခြင်း သို့မဟုတ် အချက်ပြခံရခြင်းကြောင့် ဖြစ်သည်။
ရဲချင်းရွှယ်ပင်လျှင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိပြီး တစ်စုံတစ်ယောက်က လမ်းတစ်လျှောက် ကုအန် ကို တိတ်တဆိတ် စောင့်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူမသည် ဂိုဏ်း၏ အကိုင်းအခက်များထဲမှ အနက်နဲဆုံး ဂိုဏ်းခွဲတစ်ခုကို သတိရလိုက်သည်။
အမှောင်ခန်းမ
"ကုအန်၊ ဘာကိစ္စရှိလို့ ဒီကိုရောက်လာတာလဲ?"
အသံတစ်ခု ထွက်ပေါ်လာပြီး ကုကျုံး(ဂိုဏ်းဘိုးဘေး) သည် ပြုံးရွှင်သော မျက်နှာထားဖြင့် သူ့ကို လာရောက်နှုတ်ဆက်သည်ကို တွေ့လိုက်ရသည်။
သူသည် ကုအန် နှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိသည့် အကြီးအကဲ အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ ကုအန် ၏ ဆရာသခင်ဓားအရှင် ဟူသော အထောက်အထ မပေါ်ပေါက်သေးခင် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကိုးရာခန့်ကတည်းက သူတို့ အချင်းချင်း သိကျွမ်းခဲ့ကြခြင်း ဖြစ်သည်။
ကုအန် က ပြုံး၍ ပြောလိုက်သည် " ငါ အကြီးအကဲတွေ အားလုံးနဲ့ တွေ့ရမယ်။ စီစဉ်လိုက်ပါ"
ကုကျုံး၏ ရင်ဘတ်ထဲတွင် နှလုံးခုန်သံ မြန်သွားသည်။ ကုအန် သည် ယခင်က ဤကဲ့သို့သော တောင်းဆိုမှုကို တစ်ခါမျှ မပြုလုပ်ဖူးသဖြင့် သူ၏ ပထမဆုံး အတွေးမှာ ပြင်းထန်သော ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့ပြီ ဟူ၍ဖြစ်သည်။ ပြီးတော့ အဲဒါက ကိစ္စကြီးတစ်ခု ဖြစ်ပေလိမ့်မည်။
သူ ဆက်မမေးရဲတော့ဘဲ ချက်ချင်းပင် စီစဉ်ရန် ထွက်သွားလေသည်။
ရဲချင်းရွှယ် သည် ကုအန် ၏ ဩဇာအာဏာ လွှမ်းမိုးပုံကို ကြည့်ရင်း သူ့ကျောပြင်ကို လေးစားစွာ ငေးကြည့်နေမိသည်။ ယခု သူမကြည့်နေသော အကြည့်သည် အတိတ်က သူမ အမုန်းဆုံးဖြစ်ခဲ့ဖူးသော အကြည့်မျိုး (သူမ၏ ဆရာသခင်က ကုအန် ကို ကြည့်ခဲ့သည့် အကြည့်မျိုး) ဖြစ်နေသည်ကိုပင် သူမ သတိမထားမိတော့ပေ။
တစ်ယောက်ပြီးတစ်ယောက် အကြီးအကဲများသည် လေထဲမှ ပေါ်ထွက်လာကြပြီး ကိုယ်ထင်ပြသည်နှင့် တပြိုင်နက် ကုအန် ကို ချက်ချင်း ဂါရဝပြုကြသည်။ ကုအန် က သူတို့ကို အာရုံမစိုက်သည်ကို မြင်သောအခါ သူတို့လည်း စိုးရိမ်ပူပန်လာကြသည်။
ကုအန် သည် သူ၏ နူးညံ့သိမ်မွေ့သော အမူအရာနှင့် စေ့စပ်သေချာသော ယဉ်ကျေးမှုတို့ကြောင့် လူသိများပြီး လေးစားခံရသူဖြစ်သော်လည်း အကယ်၍ သူသာ ဤယဉ်ကျေးမှုများကို လျစ်လျူရှုလိုက်ပါက အကြီးအကဲများသည် ဆရာသခင်ဓားအရှင် ထံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားကြရလေသည်။
အကြီးအကဲအများအပြားသည် ဤနေရာမှ ထွက်ပြေးရန်ပင် စဉ်းစားခဲ့ကြသော်လည်း ကုအန် ကို ပြစ်မှားမိမည်ကို ကြောက်ရွံ့နေကြသည်။
သူတို့၏ စိတ်နှလုံးထဲတွင် တွေးတောနေကြသည်။ ဘယ်လိုအရာမျိုး အတိအကျ ဖြစ်ပျက်ခဲ့တာလဲ။
ပြင်ပရန်သူများ၏ ကျူးကျော်မှုလား သို့မဟုတ် အဆင်ခြင်မဲ့သော လူမိုက်တစ်ယောက်ယောက်က ဆရာသခင်ဓားအရှင် ကို ရန်စခဲ့မိတာလား။
သူတို့၏ မျက်လုံးများသည် ရှောင်လွှဲမရဘဲ ရဲချင်းရွှယ် အပေါ်သို့ ကျရောက်သွားသည်။ ဆရာသခင်ဓားအရှင် က ဤအမျိုးသမီးကို ခေါ်ဆောင်လာသည်ဆိုလျှင် အကြောင်းပြချက်တစ်ခု ရှိကိုရှိရမည်ပင်။