← Chapters

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

Chapter 457 အောင်မြင်မှုအတွက်မဟုတ်၊ သူ့အတွက်သာ … ဖြစ်သည်

“ရက်စက်သောဘုရင်”

သေခြင်းရှင်ခြင်း ပြိုင်ကွင်း၏ ထိပ်တန်း သိုင်းပညာရှင်ဖြစ်သည်။ သူသည် လက်သီး တစ်ချက်တည်းဖြင့် နတ်ဧကရာဇ် တစ်ပိုင်း အဆင့် သိုင်းပညာရှင်တစ်ယောက်ကို သတ်ဖြတ် နိုင်သည်။

ဤမကောင်းဆိုးဝါးသည် အဆင့်တစ် အင်ပါယာရှိ ပြိုင်ကွင်းမှနေ၍ အဆင့်နှစ် အင်ပါယာရှိ ပြိုင်ကွင်းအထိ သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ ထို့နောက်တွင်မှ ကျားနက်အင်ပါယာရှိ သေခြင်းရှင်ခြင်း ပြိုင်ကွင်းသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သူ့ဘဝတစ်လျှောက်လုံး၌ သတ်ဖြတ်မှုသာ ရှိခဲ့သည်။ သူ့လက်ဖြင့် ဆွဲဖြဲခံရသည့် သိုင်းပညာရှင်ပေါင်း ထောင်နှင့်ချီ၍ ရှိလောက်သည်။

ထိုသည်မှာ ငရဲခန်းလိုပင်။ ယခုအချိန်၌ … ရှန်းလုံနှင့် ရှန်းပေါင်တို့ နှစ်ဦးလုံးသည် နဖူးမှနေ၍ ချွေးတဒီးဒီး စီးကျနေကြသည်။ သူတို့ရင်ထဲ၌ စိတ်ပျက်အားလျော့ခြင်းများ ဖြစ်တည် နေကြသည်။

“ပြီးတော့ အဲ့ဒီစီလိုက မဟာနတ်ဘုရား အင်ပါယာရဲ့ ထိပ်တန်း ရက်စက်သူလေ၊ သူက မဟာနတ်ဘုရား အင်ပါယာက တော်ဝင်မျိုးနွယ်ကို ဒါဇင်နဲ့ချီပြီး သတ်ခဲ့သေးတာ”

“အဲ့ဒီခါဇန်က စိတ်ဝိညာဉ်အရိုးကို လက်တစ်ဖက်နဲ့ ဖမ်းချုပ် ပြီးတော့ ထိပ်သီး နတ်ဘုရားကို သတ်ခဲ့တာ။ အဲ့လူရဲ့ လက်ထဲမှာ အသတ်ခံလိုက်ရတဲ့ နတ်ဧကရာဇ် တစ်ပိုင်းအဆင့်က အယောက် သုံးဆယ်ကျော်တယ်လို့ ပြောကြသေးတယ်”

“…”

ထိုသို့သောအချိန်၌ ရှန်းလုံနှင့် ရှန်းပေါင်တို့သည် သူတို့ မြင်နေရသည့် အရာကြောင့် ပိုပို၍ ထိတ်လန့်လာကြသည်။

ဤမျှ ရက်စက်ကြမ်းကြုတ်သော ထိပ်သီးပုဂ္ဂိုလ်များက ယဲ့ဖန်၏ ကျေးကျွန်များ ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

ဤသည်မှာ တကယ့်ကို မယုံနိုင်စရာကောင်းလှသည်။

အထူးသဖြင့် ရှန်းပေါင်ပင်၊ သူ၏ ခြေထောက်များက အလွန် ပျော့ခွေနေပြီး ကြမ်းပြင်ပေါ် လဲကျတော့မတတ် ဖြစ်နေသည်။

သူသည် ယဲ့ဖန်အား ငေးကြောင်ကြည့်နေမိပြီး လိပ်ပြာလွင့်မတတ် ကြောက်လန့်နေသည်။

“ငါ … ငါ သူ့ကို ဘယ်လိုရန်စလိုက်မိတာလဲ၊ သူက ဘယ်သူလဲ …”

ရှန်းပေါင်သည် ယဲ့ဖန်၏ နောက်ခံကို မခန့်မှန်းရဲသလို ခန့်မှန်းလိုစိတ်လည်း မရှိချေ။

သူသည် ခန့်မှန်းရမည်ကို ကြောက်လန့်နေပြီး သူ့ကိုယ်သူ သေမတတ် ကြောက်လန့်သွားအောင် လုပ်မိမည်ကို စိုးရိမ် နေသည်။

ထိုသို့သောအချိန်၌ သူတို့ညီအစ်ကိုသာမက လှောင်ချိုင့်ထဲမှ သဲအိတ်လေးပါ သတိလစ်မတတ် ဖြစ်နေ၏။

“ဟာ … မိုက်လိုက်တာ၊ ငါ သူ့လောက်နီးနီး တော်ကို တော်လာစေရမယ်”

ထိုအခိုက်၌ ယဲ့ဖန်သည် မထင်မှတ်ဘဲ သဲအိတ်လေး၏ ရင်ထဲမှ အထူးလေးစားအားကျရသူ တစ်ယောက် ဖြစ်လာလေတော့သည်။

သူ၏ပုံရိပ်က သဲအိတ်လေး၏ ငယ်ရွယ်သေးသော နှလုံးသားထဲ၌ စွဲထင်သွားပြီး မှတ်ကျောက်တင် နေလေတော့သည်။

ထိုသို့သောအချိန်၌ ယဲ့ဖန်နှင့် အယောက်သုံးဆယ်ကျော်သော နတ်ဆိုးများက တစ်ဖက်လှည့်၍ ရှန်းလုံထံသို့ စိုက်ကြည့် လာကြသည်။

ဝုန်း!

ထိုအကြည့်သည် ရှန်းလုံတို့ ညီအစ်ကိုနှစ်ယောက်အား မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်ယင်သွားစေသည်။

“မိတ်ဆွေ၊ မင်း င့ါအသင်းက သိုင်းပညာရှင်အားလုံးကို သတ်လုနီးပါး ဖြစ်ခဲ့တယ်”

“ဒီလက်စားချေတာကိုလည်း သတင်းပို့ထားပြီးပြီ၊ စိတ်ညစ်စရာပဲ၊ ငါတို့ ဒါကို ချေလိုက်ရင်ရော ဘယ်လိုလဲ”

ရှန်းလုံ တုန်ယင်နေသည်။ သူ့လက်ဖဝါး၌ ချွေးစေးများနှင့် ပြည့်နှက်နေပြီး ကျောပြင်၌ ချွေးအေးများဖြင့် စိုရွှဲနေသည်။

သူ ကြောက်လန့်နေ၏။ သူ့အတွက် သားသတ်အသင်းတစ်ခုလုံး အသတ်ခံလိုက်ရလည်း အရေးမကြီးချေ။

သူ အသက်ရှင်နေဖို့သာ အရေးကြီးသည်။ ယခုအချိန်၌ သူသည် ဤနတ်ဆိုးနှင့် ဘယ်သောအခါမှ ထပ်မတွေ့မိရန် မစောင့်နိုင် တော့ချေ။

သူ့စကားကို ကြားပြီးနောက် ယဲ့ဖန်၏နှုတ်ခမ်းက တွန့်ကွေး သွားသည်။

“ကျေလိုက်ရမယ် ဟုတ်လား”

ယဲ့ဖန်က ခေါင်းအသာခါ၍ ဖြောင့်မတ်သောဟန်ပန် ပေါ်လာသည်။

“ရိုးသားစမ်းပါ၊ ရိုးသားစမ်းပါ၊ တကယ်လို့ ငါသာ မင်းတို့ အားလုံးကို မသတ်ရင်၊ မင်းတို့က ငါတို့ကို သတ်မှာပဲလေ”

*ဘာ*

ထိုစကားက ရှန်းလုံနှင့် ရှန်းပေါင်ကို ဆီးထွက်ကျမတတ် ဖြစ်သွား စေသည်။

*ထွက်ပြေးရမယ်*

ညီအစ်ကို နှစ်ယောက်လုံး တုံ့ဆိုင်းမနေချေ။ ထိုသို့သောအချိန်၌ သူတို့သည် သူတို့ခန္ဓာကိုယ်၏ အမြန်နှုန်းကို တိုးမြင့်စေနိုင်သည့် ဆေးရည်ကို ထုတ်သောက်လိုက်ကြသည်။

ရွှစ်! ရွှစ်! ရွှစ်!

သူတို့သည် လျှပ်စီးကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားပြီး အသင်း၏ အပြင်ဘက်သို့ရောက်ရန် ပြေးထွက်သွားကြသည်။

မြန်ဆန်လွန်းသည်၊ ယခုအချိန်၌ ညီအစ်ကိုနှစ်ယောက်၏ အမြန်နှုန်းသည် အလွန် လျင်မြန်လှသည်။

လျပ်တစ်ပြက်အတွင်းမှာပင် အသင်း၏ တံခါးဝသို့ ရောက်သွား ကြသည်။ ဤမြင်ကွင်းကို ကြည့်ပြီး ယဲ့ဖန်က ပြုံးနေပြီး သူတို့ကို တားဆီးခြင်း မရှိချေ။

သို့သော် ရှန်းလုံနှင့် ရှန်းပေါင်တို့ တံခါးဝသို့ မဖြတ်နိုင်ခင်မှာပင် တံခါးဝ၌ လျှပ်စီး အတားအဆီး တစ်ခု ဝုန်းခနဲ ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲစွမ်းအင်က ညီအစ်ကို နှစ်ယောက်အား အသည်းအသန် နောက်ဆုတ်သွားစေသည်။

ဝုန်း!ဝုန်း!

နှစ်ယောက်လုံးသည် နောက်သို့ ဆယ်လှမ်းဆက်တိုက် နောက်ဆုတ်လိုက်ရပြီးနောက် နတ်ဘုရား စွမ်းအင်များ ကစဉ့်ကလျား ဖြစ်သွားသလို ခံစားလိုက်ရပြီး မျက်နှာများ မည်းမှောင်သွားကြသည်။

*ကန့်သတ်ထားတဲ့ အတားအဆီးပါလား*

သူတို့သည် အသင်းတစ်ခုလုံး အလွန် တိတ်ဆိတ်သွားပြီး ဤမျှ ထိတ်လန့်ဖွယ်ကောင်းသည့် အတားအဆီး တစ်ခု ရှိနေလိမ့်မည်ဟု ထင်မထားမိကြချေ။

နတ်ဧကရာဇ် အလယ်အလတ်အဆင့်ရှိသူ ရှန်းလုံတောင်မှ ဖောက်မထွက်နိုင်ချေ။

“အိုး ... ဒါနဲ့ စကားမစပ်၊ ငါ မင်းတို့ကို ပြောဖို့မေ့သွားလို့။ ငါ ဒီထဲ ဝင်မလာခင်တုန်းက ကိုးဆင့်ဝင်္ကပါကို ခင်းထားခဲ့တာ”

“မင်းတို့ ဒီထဲကို ဝင်လာလို့ပဲ ရတယ်၊ ထွက်သွားလို့မရနိုင်ဘူး”

ထိုစကားကိုကြားပြီး ညီအစ်ကိုနှစ်ယောက်လုံး ရင်တုန်လာ ကြသည်။

*သွားပြီ*

ညီအစ်ကိုနှစ်ယောက်လုံး သေမတတ် မျက်နှာ ဖြူရော် လာကြသည်။

“မင်း ... မင်း ဘာလုပ်တာလဲ”

ရှန်းလုံသည် အလွန် သွေးပျက်နေပြီဖြစ်သည်။ သူ ထွက်မပြေး နိုင်သလို အနိုင်လည်း မယူနိုင်ချေ။

ဤသည်က သူ့ကို ပို၍ ဖြူဖပ်ဖြူရော် ဖြစ်သွားစေသည်။

“မင်း ဘာလိုချင်လဲ၊ ငါက မင်း ပြောခဲ့တဲ့အတိုင်း ပြန်ပြောချင် ရုံလေးပါ”

*ဘာ*

ရှန်းလုံ မှင်တက်သွားသည်။

*ငါ ပြောခဲ့တဲ့စကားတဲ့လား*

ယဲ့ဖန် သူ ပြောခဲ့သလို ပြန်ပြောချင်နေသည့်စကားကို ရှန်းလုံ စဉ်းစားမရချေ။ ထိုစဉ် ယဲ့ဖန် စကားစလာသည်။

“မင်း ပြောခဲ့တဲ့စကားက ....”

ထိုသို့ပြောပြီး ယဲ့ဖန်က လက်ကိုဝှေ့ယမ်းလိုက်သည်။

“သွား ... သူ့ကို အတူတူသတ်ကြ”

ဝေါ့!

ထိုစကားကိုကြားသည်နှင့် ရှန်းလုံ သွေးအန်မတတ် ဖြစ်သွားသည်။ ထိုစကားသံ တန်ပြန် သက်ရောက်လာသောအခါ သူ့ဘဝ အဆုံးသတ်ကို သေချာ မြင်လိုက်ရလေသည်။

ဝှစ်!ဝှစ်! ဝှစ်!

တစ်ချိန်တည်းမှာပင် ယဲ့ဖန်စကား ဆုံးသည်နှင့် သူ့ဘေးပတ်လည်မှ နတ်ဆိုးများအားလုံးက ရူးသွပ်စွာ သတ်ဖြတ်ရန် ပြင်လာကြသည်။

ဝုန်း!ဝုန်း! ဝုန်း!

ကြောက်ခမန်းလိလိ လူသတ်လိုသော အငွေ့အသက်များက ရှန်းလုံနှင့် ရှန်းပေါင်ကို လွှမ်းခြုံသွားလေသည်။ ထို့အတူ ရူးသွပ်ဖွယ်ကောင်းသော တိုက်ပွဲတစ်ပွဲ စတင်လေတော့သည်။

ထို့နောက်တွင်မူ နှိပ်စက်ညှဉ်းပန်းမှု စတင်လာသည်။

ရှန်းပေါင်သည် နတ်ဧကရာဇ် အလယ်အလတ်အဆင့် ရှိပြီး ရှန်းပေါင်က နတ်ဧကရာဇ် စဦးအဆင့် ရှိလေသည်။

သို့သော် ထိုညီအစ်ကိုနှစ်ယောက်သည် နတ်ဆိုးများ၏ လက်ထဲသို့ ကျရောက်သွားပြီး မည်သို့မျှ ပြန်လည်မတိုက်ခိုက်နိုင်ချေ။

ရွှစ်!ရွှစ်! ရွှစ်!

ရဲရဲနီသော သွေးများ ပန်းထွက်လာသည်။ သွေးစများနှင့် အသားများက ဆက်တိုက် လွင့်ပျံလာသည်။

အော်ဟစ်သံများက သားသတ်အသင်းထဲ၌ ပဲ့တင်ထပ်သွားသည်။ တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်အကြာ၌

အလောင်းနှစ်လောင်းနှင့်အတူ အသားစများက ကြမ်းပြင်ပေါ် ပြုတ်ကျလာသည်။ ထို့နောက် သားသတ်အသင်းတစ်ခုလုံး ဖျက်ဆီးလိုက်ရလေသည်။

သေသွားလေပြီ။

နာမည်ကြီး သားသတ်အသင်း၏ သခင်ကြီးနှင့် ဒုတိယ သခင်ကြီးတို့၏ အလောင်း အတိုအထွာ များသာ ကျန်ရစ် တော့လေသည်။

သူတို့၏ မျက်နှာထက်၌ အလွန်အမင်း ကြောက်လန့်နေဟန်နှင့် မျှော်လင့်ချက် ပျက်သုဉ်းနေဟန်များ ထင်ဟပ်နေ၏။

အကယ်၍ ဤမြင်ကွင်းကို ကျားနက်ဂြိုဟ်မှ သိုင်းပညာရှင်များ မြင်သွားပါက သွေးပျက်သွားလောက်သည်။

ဤရက်စက်ကြမ်းကြုတ်သော လူနှစ်ယောက်က အသေဆိုးဖြင့် သေသွားကြရလိမ့်မည်ဟု မည်သူက ထင်မထားမည်နည်း။

ထိုအချိန်၌ လှောင်ချိုင့်ထဲမှ သဲအိတ်လေးသည် ကြမ်းပြင်ပေါ် ဒူးထောက်၍ ငိုကြွေးလေသည်။

“အဖေ၊ အမေ၊ ဦးလေး”

“အဖေတို့ မြင်ကြရဲ့လား”

“အဖေတို့ကို သတ်ခဲ့တဲ့ လူသတ်သမား၊ ရှောင်ချီရှို့ကို ကျွန်ပြုခဲ့တဲ့ မိစ္ဆာကောင်ကြီး သေသွားပါပြီ”

သဲအိတ်လေး၏ ရင်ထဲမှာ နာကျည်းချက်နဲ့ အမုန်းတရားများ အားလုံးသည် မျက်ရည်များအဖြစ် ပြောင်းလဲသွားပြီး ပါးပြင် ထက်သို့ စီးကျလာကြသည်။

ထို့နောက် သူသည် ခေါင်းမော့၍ ယဲ့ဖန်၏ မျက်လုံးများ အလွန်အမင်း ကျေးဇူးတင်၍ ဝမ်းသာနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

လှောင်ချိုင့်ထဲမှ ထွက်လာပြီးနောက် သူ၏ ပိန်ပါးပါး ကိုယ်လေးသည် ယဲ့ဖန်ရှေ့၌ လေးဘက်ထောက် ဝပ်တွား လာသည်။

“ရှန်းလုံကို သတ်ပြီး သွေးလက်စားချေပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်”

ထို့နောက် သဲအိတ်လေးသည် ယဲ့ဖန်အား သုံးကြိမ် ဂါဝရပြု လေသည်။ သူ ခေါင်းပြန်မော့၍ ယဲ့ဖန်အား အလွန် လေးစား၍ အားကျသော အမူအရာများဖြင့် ကြည့်လာသည်။

“ကျွန်တော် ခင်ဗျားကို ဆရာအဖြစ် အသိအမှတ်ပြုချင်ပါတယ်”

*တပည့် လက်ခံရမှာလား*

သူ့စကားကို ကြားပြီးနောက် ဘေးပတ်လည်မှ နတ်ဆိုးများ လက်ခံကြပါသည်။။ သို့သော် သူတို့၏ သခင်ကြီးက ကျေးကျွန်များသာ လက်ခံပြီး တပည့် လက်မခံသည်ကို သူတို့ သိနေကြသည်။

ထိုစဉ် ...

“မင်းနာမည် ဘယ်လိုခေါ်လဲ”

ယဲ့ဖန်သည် သဲအိတ်လေးနှင့် ပတ်သက်၍ သိချင်နေမိသည်။ သေမျိုး ခန္ဓာကိုယ်ပိုင်ရှင်က အသက် ဆယ့်တစ်နှစ် သို့မဟုတ် ဆယ့်နှစ်နှစ်သာ ရှိသေးသော်လည်း နတ်ဘုရား သေနာပတိ အဆင့်သို့ ရောက်နေလေ၏။

ဤကောင်လေး၏ ပါရမီက အံ့မခန်းပင်။

“ကျွန်တော့်နာမည်က သဲအိတ်လေးပါ၊ နာမည်အရင်းကတော့ ရှောင်ချီရှို့ပါ”

*ရှောင်ချီရှို့တဲ့လား*

ယဲ့ဖန် မျက်လုံးများ ဝင်းလက်သွားသည်။ ထို့နောက် လက်ဆန့်၍ ရှောင်ချီရှို့၏ ပခုံးကို ပုတ်လိုက်သည်။

“မင်းက ရူးသွပ်သားပဲ၊ ငါ သဘောကျတယ်”

“ပါရမီရှင် တိုက်ပွဲမှာ အနိုင်ရဖို့အတွက် မင်းကို တပည့်အဖြစ် ငါ လက်ခံတယ်”

ထိုသို့ပြောပြီးနောက် ယဲဖ့န်သည် ထိုင်ရာမှထ၍ နတ်ဆိုးများ နှင့်အတူ သားသတ်အသင်းထဲမှ ထွက်ခွာသွားသည်။

ယဲ့ဖန်၏ကျောပြင်ကို ကြည့်ပြီး ရှောင်ချီရှို့ စိတ်လှုပ်ရှားစွာ တုန်ယင်နေသည်။

“ချန်ပီယံ၊ ငါ သေသွားရမယ်ဆိုရင်တောင်မှ ငါ ဗိုလ်စွဲအောင် လုပ်မယ်”

“အောင်မြင်မှုအတွက် မဟုတ်ဘူး။ သူ့အတွက် ... ရအောင် လုပ်မယ်”

Chapter 458 ကျုပ်ရင်ထဲမှာ ဆရာ တစ်ယောက် ရှိပြီးသား

ကျားနက်ဂြိုဟ်ပေါ်၌ ပြင်းထန်သည့် သတင်းတစ်ခုက လူတိုင်းအား ထိတ်လန့် တုန်လှုပ်သွားစေခဲ့သည်။

ရက်စက်သော သားသတ်အသင်းက တစ်နေ့တည်းနှင့် ဖျက်ဆီးခံ လိုက်ရသည်။

သားသတ်အသင်းသည် ကျားနက်ဂြိုဟ်ပေါ်၌ ဆယ်စုနှစ်တစ်စုစာ တည်ရှိခဲ့ပြီး နာမည် ကျော်ကြားလေသည်။

ထိုနေရာသည် ကမ္ဘာခြား လူမိုက်များအတွက် ဆုံစည်းရာ နေရာတစ်ခုဖြစ်သည်။ ကျားနက်ဂြိုဟ်၏ ထိပ်တန်း အကြမ်းဖက် အင်အားစု ဆယ်စုထဲမှ တစ်ခုလည်း ဖြစ်လေသည်။

သို့သော် ခေါင်းဆောင်နှစ်ယောက် ဖြစ်သည့် ရှန်းလုံနှင့် ရှန်းပေါင်မှစ၍ အောက်ခြေအထိ မည်သူမျှ အသက်မရှင်ကြချေ။

သေဆုံးမှုတိုင်းက ဆိုးရွားလှသည်။ ဤသတင်းက ကျားနက်ဂြိုဟ် တစ်ခုလုံးကို ပွက်လောရိုက် သွားစေသည်။

တစ်ခဏအကြာ၌ ကျားနက်ဂြိုဟ်ပေါ်မှ သိုင်းပညာရှင် အားလုံး နီးပါးသည် မည်သူက ဤသို့လုပ်ခဲ့သလဲဆိုတာကို ခန့်မှန်းကြ လေတော့သည်။

တစ်ချိန်တည်းမှာပင် ထိုသတင်းကို ကြားပြီးသည်နှင့် အဘိုးအိုနှင့် မိန်းမပျိုလေး တစ်ယောက်တို့သည် တိတ်ဆိတ်ငြိမ်သက် သွားလေသည်။

ထိုမိန်းမပျိုလေးက ရွှမ်ချင်းအာပင်။ သူမ၏ ပျော်ရွှင်တတ်သော မျက်နှာထက်၌ အလွန် ဝေခွဲမရနိုင်ဟန်များ ထင်ဟပ်နေ၏။

“ဆရာ၊ သားသတ်အသင်းကို အစ်ကိုယဲ့ဖန်က သတ်လိုက်တာလို့ ဆရာ ထင်လား”

ယဲ့ဖန်နှင့် သားသတ်အသင်းက ရှန်းပေါင်တို့ ရန်ငြိုးရှိသွားမှန်း ရွှမ်ချင်းအာ သိပါသည်။ အထူးသဖြင့် တစ်ဖက်လူ၏ ပြင်းထန်သော စကားများကြောင့် သူမ သံသယဝင်လာရသည်။

အဘိုးအိုသည်လည်း ရွှမ်ချင်းအာကဲ့သို့ ထိတ်လန့်နေသည်။

“ဟင့်အင်း … မဖြစ်နိုင်ဘူး”

“မစ္စတာယဲ့ရဲ့ ခွန်အားက မတွေးတတ်လောက်အောင် ခက်ခဲ နက်နဲပင်မယ့် ရှန်းလုံနဲ့ အသင်းက ရာချီတဲ့ သိုင်းပညာရှင်တွေကို သတ်ဖို့က မဖြစ်နိုင်ဘူး”

အဘိုးအိုသည် မထင်ထားသော်လည်း မယုံနိုင်မကြည်နိုင် ဖြစ်နေသည်။ တကယ်တမ်းတွင် နာမည်ကြီး သားသတ်အသင်း ဖျက်ဆီးခဲ့ရသည် မဟုတ်ပါလား။

သားသတ်အသင်း ဖျက်ဆီးခံလိုက်ရသည့် သတင်းကို ပါရမီရှင်များ၏ တိုက်ပွဲသတင်းက လျင်မြန်စွာ ဖုံးအုပ်သွား လေသည်။

ကျားနက်ဂြိုဟ်၏ ပါရမီရှင် တိုက်ပွဲ သို့မဟုတ် နတ်ဆိုး သတ်ဖြတ်ပွဲသည် စတင်လာ လေတော့သည်။

ဤပါရမီရှင် တိုက်ပွဲသည် စစ်ပွဲ၌ ပါဝင်မစစ်နွှဲရသေးသည့် အသက် သုံးဆယ်အောက် လူငယ်ပါရမီရှင်များကို ရည်ညွှန်းလေသည်။

အင်ပါယာတိုင်းမှ ပါရမီရှင်များ ထွက်ပေါ်လာသည်။

ကျားနက်အင်ပါယာ၏ လက်အောက်၌ အဆင့်နှစ် အင်ပါယာ ခြောက်ခုနှင့် အဆင့်တစ် အင်ပါယာ ဆယ့်လေးခု ရှိသည်။ ထိုအင်ပါယာ များမှနေ၍ ပါရမီရှင်များ အသီးသီး ထွက်ပေါ် လာကြသည်။

ပါရမီရှင် တိုက်ပွဲ၌ လူပေါင်း တစ်သောင်းနီးပါး ပါဝင်ဆင်နွှဲ ကြလေသည်။

ပထမနေ့၌ လူ ငါးထောင် ထွက်သွားရသည်။ ဒုတိယနေ့၌ လူ လေးထောင် ထွက်သွားရသည်။ တတိယနေ့၌ လူရှစ်ရာ ထွက်သွား ရသည်။

ခြောက်ရက်မြောက်နေ့သို့ ရောက်လာသောအခါ ပါရမီရှင် အယောက် တစ်သောင်း၌ သုံးဆယ့်နှစ်ယောက်သာ ကျန်ရစ်လေ တော့သည်။

ထိုလူသုံးဆယ့် နှစ်ယောက်၌ ထိပ်တန်း ပါရမီရှင်အားလုံး နီးပါးသည် ကျားနက်အင်ပါယာ၏ လူငယ်မျိုးဆက်ထဲမှ ဖြစ်လေသည်။

သို့သော် သူတို့ကြားထဲမှ ဖျက်မြင်းတစ်ကောင်က ဂြိုဟ်တစ်ခု လုံးကို ထိတ်လန့်သွားစေခဲ့သည်။

ထိုသူသည် အသက် ဆယ့်တစ်နှစ် သို့မဟုတ် ဆယ့်နှစ်နှစ်သာ ရှိသေးသည့် ကောင်လေး တစ်ယောက် ဖြစ်လေသည်။

သူသည် နတ်ဘုရား သေနာပတိ အလယ်အလတ်အဆင့် ဖြစ်လေသည်။ ပထမတိုက်ပွဲမှာပင် သူသည် နတ်ဘုရား သေနာပတိ အထွတ်အထိပ်အဆင့်ကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။

ဒုတိယတိုက်ပွဲ၌ သူသည် နတ်ဘုရားဂိုဏ်းချုပ် စဦးအဆင့်ရှိသော ပထမအဆင့် အင်ပါယာတစ်ခု မင်းသားလေးပါးကို သုံးချက် တည်းဖြင့် အနိုင်ယူခဲ့သည်။

တတိယတိုက်ပွဲ၌ ဒုတိယအဆင့် အင်ပါယာဖြစ်သော နဂါးမိသားစုမှ ပထမပါရမီရှင်ကို သိုင်းကွက်ငါးကွက်ဖြင့် အနိုင်ယူခဲ့ လေသည်။

စတုတ္ထမြောက် တိုက်ပွဲ၊ တိုက်ပွဲများ တစ်ပွဲပြီးတစ်ပွဲ တိုက်သွားလေသည်။

ဤအသက် ဆယ့်တစ်နှစ်အရွယ် ကောင်လေးက ကျားနက်ဂြိုဟ် တစ်ခုလုံးကို အလွန် အံ့အားသင့် သွားစေသည်။

သူ၏ တိုက်ပွဲဝင်ခွန်အားက သာမန်ထက် တစ်မူထူးခြား လွန်းလှသည်။ နတ်ဘုရားအဆင့်များကို မည်သည့် ကြောက်လန့်မှု မှမရှိဘဲ အနိုင်ယူနိုင်ခဲ့သည်။

နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်သာလျင် သူ့ကို ထိခိုက်အောင် လုပ်နိုင်သည်။

သို့သော် ပို၍ ထိတ်လန့်စရာကောင်းသည်က သူ၏ ရူးသွပ်စရာ ကောင်းသော တိုက်ပွဲဝင် ခွန်အားပင်။ သုံးနှစ်တာ သဲအိတ်အဖြစ် နေခဲ့ရပြီးနောက် ရှောင်ချီရှို့သည် ပါရမီရှင်များကို အနိုင်ယူ၍ ထိုးဖောက်လာခဲ့သည်။

သိုင်းအဆင့်ကျော်၍ တိုက်ခိုက်လာသည်။ အစပိုင်း၌ သူသည် သိုင်းအဆင့်နှစ်ဆင့်သာ ကျော်၍ တိုက်ခိုက်နိုင်သည်။ ထို့နောက် သိုင်းအဆင့်သုံးဆင့်၊ လေးဆင့်၊ ငါးဆင့်။

နောက်ဆုံးတွင်မူ နတ်ဘုရားဂိုဏ်းချုပ် နောက်ဆုံးအဆင့်ရှိသော ပါရမီရှင် တစ်ယောက်ကို လက်သီးတစ်ချက်တည်းဖြင့် စင်မြင့်ပေါ်မှ လွင့်ထွက်သွားအောင် လုပ်နိုင်ပြီးနောက် ကျားနက် အင်ပါယာ တစ်ခုလုံး ပွက်လောရိုက်သွားလေတော့သည်။

သူ့ထက် အဆင့်ခြောက်ဆင့်သာသောသူကို ရူးချင်စရာကောင်း လောက်အောင် ဖိနှိပ်နိုင်ခဲ့သည်။ ဤသည်မှာ သေချာပေါက်ကို ပါရမီရှင်များထဲမှ ပါရမီရှင်ပင် ဖြစ်လေသည်။

“ရှောင်ချီရှို့”

“ရှောင်ချီရှို့”

“ရှောင်ချီရှို့”

တိုက်ပွဲကို ကြည့်ရှုနေသော ကျားနက်ဂြိုဟ် စစ်သည်တော်များ အားလုံး၏ စိတ်နှလုံးကို ရှောင်ချီရှို့က လွှမ်းမိုးနိုင်သွားလေသည်။

သာမန် သိုင်းပညာရှင် စစ်သည်တော်များသာမက ကျားနက် အင်ပါယာ၏ ဧကရာဇ်တောင်မှ အံ့အားသင့်၍ နေသည်။

သူသည် အမြင့်ဆုံး စင်မြင့်ထက်ရှိ နဂါးပုလ္လင်၌ ထိုင်ကာ ကိုယ်ကိုမတ်ထားသည်။ သူ၏ ပတ်လည်၌ ကျားနက် အင်ပါယာရှိ အသန်မာဆုံးသော သိုင်းပညာရှင်များ ရှိနေသည်။

ရှောင်ချီရှို့ကို ကြည့်နေစဉ်တွင် ကျားနက်ဧကရာဇ်၏ အသံ ထွက်ပေါ်လာသည်။

“ကောင်လေး မင်းနာမည်က ရှောင်ချီရှို့လား”

ကျားနက်ဧကရာဇ်၏ အသံကို ကြားပြီးနောက် ဘေးပတ်လည်ရှိ ကျားနက်ဂြိုဟ်၏ သိုင်းပညာရှင်များအားလုံး အံ့အားသင့် သွားကြသည်။

ပါရမီရှင် တိုက်ပွဲ စတင်ကတည်းက ကျားနက်ဧကရာဇ် စကားပြော လာသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။

ရှောင်ချီရှို့သည် ခေါင်းကိုမော့၍ ကျားနက်ဧကရာဇ်ကို လှမ်းကြည့် ကာ အသာ ခေါင်းညိတ် ပြသည်။

ဤမြင်ကွင်းကို ကြည့်ပြီး ကျားနက်ဧကရာဇ်က မသိမသာ ပြုံးလာသည်။

“မင်းက တော်တော် ထူးချွန်တာပဲ၊ ဒီလောက် အရွယ် ငယ်ငယ်လေးနဲ့ အဆင့်ခြောက်ဆင့်ကို ကျော်ပြီး နတ်ဘုရား ဂိုဏ်းချုပ် နောက်ဆုံးအဆင့်ကို အနိုင်ယူနိုင်ခဲ့တယ်။ မင်းရဲ့ အနာဂတ်က မခန့်မှန်းနိုင်လောက်အောင်ပါပဲ”

ကျားနက်ဧကရာဇ်၏ ချီးကျူးစကားက စစ်သည်တော်များ အားလုံးကို အားကျသွားစေခဲ့သည်။

ကျားနက်ဧကရာဇ်၏ ချီးမွမ်းစကားကို ရရှိခြင်းက ကျားနက် ဂြိုဟ်မှ စစ်သည်တော်တိုင်း မက်ခဲ့သော အိပ်မက်ပင်။

သို့သော် ဤမျှနှင့် မပြီးသေးချေ။ ထို့နောက်တွင် ကျားနက်ဧကရာဇ် ထပ်ပြောလာသော စကားက လူတိုင်းအား ထိတ်လန့်၍ အံ့အားသင့်သွားစေသည်။

“ငါ မင်းကို တပည့်အဖြစ် လက်ခံဖို့ ရည်ရွယ်ထားတယ်။ မင်း အိမ်ရှေ့စံအဖြစ် တင်မြှောက်ခံရမယ်ဆိုရင်ရော မင်း အိမ်ရှေ့စံ ဖြစ်ချင်လား”

ကျားနက်ဧကရာဇ်က ရှောင်ချီရှို့ကို ပြံး၍ ပြောလိုက်သည်။ သူ သဘောကျ နှစ်သက်၍ နေသည်။

ပြောရမည်ဆိုလျင် အကယ်၍ ဤကောင်လေးသာ မင်းသား ဖြစ်သွားပါက သူ ကျင့်ကြံပြီးနောက်ပိုင်း ကျားနက် အင်ပါယာက နှစ်ထောင်ချီ၍ ပြိုလဲမသွားမည်ကို သူ သိနေသည်။

*ဟာ*

ထိုသို့သောအချိန်၌ ကျားနက်ဂြိုဟ်ပေါ်ရှိ စစ်သည်တော်များစွာ တို့သည် မနာလိုအားကျ၍ နေကြသည်။

*တော်ဝင်မျိုးနွယ်ထဲ ဝင်ခွင့်ရမယ်တဲ့*

*မင်းသားတစ်ပါးအဖြစ် ခန့်အပ်ခံရမယ်ဆိုပဲ*

ဤသည်မှာ မိုးကောင်းကင်သို့ တက်လှမ်းနိုင်မည့် လမ်းစပင်။ ကျားနက် ဧကရာဇ်၏ တပည့်အဖြစ် အသိအမှတ်ပြုခြင်း ခံယူလို၍ အသည်းအသန် သူတို့၏ ရင်သွေးများကို စေလွှတ်သည့်လူများ ရှိသော်လည်း ထိုသူတို့အားလုံးသည် ကျားနက် ဧကရာဇ်၏ ငြင်းပယ်ခြင်းကို ခံရလေသည်။

ယခုအခါတွင် ရှောင်ချီရှို့သည် ကျားနက် ဧကရာဇ်က တပည့်အဖြစ် အသိအမှတ်ပြုလိုသည့် ပထမဆုံး ထိပ်တန်း ပါရမီရှင် တစ်ယောက် ဖြစ်သည်မှာ အသေအချာပင်။

ထို့နောက်တွင်မူ သိုင်းပညာရှင် စစ်သည်တော်များ အားလုံးသည် တိုက်ပွဲစင်မြင့်ပေါ်မှ ရှောင်ချီရှို့ကို လှမ်းကြည့်လာကြသည်။

တစ်ယောက်ချင်းစီက သူ့ကို အားကျနေကြသည်။ ဤသည်မှာ အထက်သို့ တက်လှမ်းနိုင်သည့် ကောင်းမွန်သည့် အရာပင် ဖြစ်သည်။

ရှောင်ချီရှို့တောင်မှ မှင်တက်နေသည်။ ချက်ချင်းဆိုသလိုပင် သူ ပြန်ပြောလိုက်သည်။

“စိတ်မကောင်းပါဘူး၊ ကျွန်တော့်ရင်ထဲမှာ ဆရာတစ်ယောက် ရှိနေပြီးပါပြီ။ သူက ကျွန်တော့်ကို လက်ခံမယ်လို့ သဘောမတူသေးပင်မယ့် သူကလွဲပြီး ဘယ်သူမှ ကျွန်တော့် ဆရာဖြစ်ဖို့ အရည်အချင်း မရှိပါဘူး”

*ဘာ*

ရှောင်ချီရှို့၏ စကားက လူတိုင်းအား ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားစေသည်။

*ငြင်းတာလား*

*မြတ်စွာဘုရား၊ တစ်စုံတစ်ယောက်က ကျားနက် ဧကရာဇ်ကို ငြင်းပယ်ရဲ တယ်လား*

ကျားနက်ဂြိုဟ်ပေါ်မှ သိုင်းပညာရှင်များအားလုံး မှင်တက် သွားကြသည်။ ကျားနက်ဧကရာဇ်တောင်မှ မျက်နှာပျက် သွားသည်။

“ကောင်လေး၊ မင်း သေချာစဉ်းစားသင့်တယ်၊ ငါက နတ်ဧကရာဇ် နောက်ဆုံးအဆင့်ဖြစ်တဲ့ ကျားနက် အင်ပါယာရဲ့ မြင့်မြတ်တဲ့ ဧကရာဇ်ပဲ။ မင်းရင်ထဲက ဆရာက ငါ့ထက် ပိုဆိုးနိုင်သေးတယ်”

ကျားနက် ဧကရာဇ် မယုံနိုင်သလို ဖြစ်နေသည်။ ထိုကောင်လေးသည် သူ့ကို ငြင်းပယ်ရဲသည့် ပထမဆုံးသူပင်။

ထိုစကားကိုကြားသည်နှင့် ရှောင်ချီရှို့သည် ကျားနက်ဧကရာဇ်ကို တစ်ချက်သာ မော့ကြည့်၍ မခံချိမခံသာဟန် ပြုံးလိုက်ပြီး သူ့မျက်လုံး၌ အထင်သေးဟန်များ ထင်ဟပ်နေသည်။

*ပြောင်ပြောင်တင်းတင်း ဖီဆန်နေတာပါလား*

ရှောင်ချီရှို့၏ အမူအရာက ကျားနက်ဧကရာဇ်သည် ထိုသူနှင့် ယှဉ်နိုင်သည့် အရည်အချင်း လုံးဝမရှိဟု အတိအလင်း ပြောနေ သလိုပင်။

*ဟာ*

ဤမြင်ကွင်းက လူတိုင်းကို ဆူညံသွားစေခဲ့သည်။ ဤသို့သော ပါရမီရှင်လေး ရှောင်ချီရှို့ကို လေးစားအောင် လုပ်နိုင်သည့် ထိုပုဂ္ဂိုလ်က မည်သူနည်းဆိုတာကို သူတို့ တွေးမတတ်နိုင် ဖြစ်နေ ကြသည်။

အထူးသဖြင့် ကျားနက် ဧကရာဇ်၏ အိုမင်းနေသော မျက်နှာက ပြာနှမ်းနေသည်။ မျက်နှာက ပျက်ယွင်းလို့လာသည်။

ထိုသို့သောအချိန်၌ အားလုံး၏ ထိတ်လန့်နေသော အကြည့်များ အောက်မှာပင် ရှောင်ချီရှို့က တိုက်ပွဲစင်မြင့်ပေါ်မှ ခုန်ဆင်း၍ အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ထံသို့ ရုတ်ချည်း ဆိုသလို ပြေးဝင်သွားပြီး ဒူးတစ်ဖက်ထောက် လိုက်သည်။

“ဆရာ၊ ဒီရှောင်ချီရှို့က ထိပ်ဆုံး သုံးဆယ့်နှစ်ယောက်အဆင့်ကို ဝင်ခဲ့ပါပြီ။ နောက်ထပ် ငါးပွဲကို အနိုင်ရပြီးတာနဲ့ ဗိုလ်စွဲပြီးတော့ ဆရာ့ကို လေးစားခံရအောင် လုပ်ပြပါ့မယ်”

*ဘာ*

ထိုအခါမှသာ လူတိုင်းက အနက်ရောင်ဝတ်စုံနှင့်လူ တစ်ယောက်ကို တွေ့ရလေသည်။ သူသည် နတ်ဘုရား ဆရာသခင်အဆင့်သာ ရှိသေးလေသည်။

ဂြိုဟ်တစ်ခုလုံးမှ မည်သူမဆို သူ့ထက် ပိုသန်မာသည်ဟု ပြော၍ ရနိုင်သည်။ သို့သော် သိုင်းအဆင့် ခြောက်ဆင့်ပိုမြင့်သူကို အနိုင်ရခဲ့သည့် ရှောင်ချီရှို့က ထိုသူအား တကယ်ပင် ဆရာအဖြစ် အသိအမှတ်ပြုချင်နေသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လူတိုင်းသည် အထင်မှားနေကြသည်ဟု ထင်မှတ်နေကြလေ၏။

လူအုပ်ထဲမှ အဘိုးနှင့် ရွှမ်ချင်းအာတို့သည်လည်း အနက်ရောင် ဝတ်စုံနှင့် လူကိုမြင်သည်နှင့် အကြီးအကျယ် မျက်နှာပျက် သွားကြသည်။

“လက်စသက်တော့ မစ္စတာယဲ့ ဖြစ်နေတာကိုး”

သူတို့နှစ်ယောက်သည် ယဲ့ဖန်ကို ဤနေရာ၌ တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားကြချေ။ ရှောင်ချီရှို့က ယဲ့ဖန်အား ဆရာအဖြစ် အသိအမှတ် ပြုချင်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိချေ။

ထို့နောက်တွင်မူ လူတိုင်းသည် ကျားနက် ဧကရာဇ်ကို လှမ်းကြည့်မိကြသည်။ သို့သော် ကျားနက် ဧကရာဇ်၏ သုန်မှုန်နေသော အမူအရာကိုကြည့်ပြီး သူတို့ ချွေးတဒီးဒီး ကျလာ လေတော့သည်။

Chapter 459 တိုက်ပွဲ

ရှက်ဖွယ်ကောင်းလိုက်လေခြင်း။

ထိုသို့သောအချိန်၌ ကျားနက်ဧကရာဇ်သည် စိတ်ထဲ၌ အလွန်အမင်း ဒေါသူပုန်ထနေလေသည်။

ရှောင်ချီရှို့၏ စိတ်ထဲ၌ ကျားနက်ဂြိုဟ်၏ မြင့်မြတ်သော ဧကရာဇ် ဖြစ်သည့် နတ်ဧကရာဇ် နောက်ဆုံးအဆင့် သိုင်းပညာရှင် ဖြစ်သော သူသည် အားအနည်းဆုံး နတ်ဘုရား ဆရာသခင် အဆင့်ရှိ သောသူနှင့် မယှဉ်နိုင်ဘဲ ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိချေ။

ဤသည်က သူ့ကို အလွန် အံ့အားသင့်သွားစေသည်။

ယခုအချိန်၌ ကျားနက်ဧကရာဇ်သည် အလွန် မခံချိမခံသာဖြစ်၍ အေးစက်နေသည်။

“မင်း ဘယ်သူလဲ”

ကျားနက် ဧကရာဇ်သည် အနက်ရောင်ဝတ်စုံနှင့်လူကို စိုက်ကြည့် လိုက်သည်။ ထိုစကားအဆုံး၌ လူတိုင်းနီးပါးက ယဲ့ဖန်ကို စိုက်ကြည့် လာသည်။

ယဲ့ဖန်က တင်ပုလ္လင်ချိတ်၍ ငြိမ်သက်စွာ ထိုင်နေပြီး မျက်လုံးမှိတ် ထားပုံရသည်။ သူသည် ဘေးပတ်လည်မှ လူတိုင်း၏ အာရုံစိုက်ခံ နေရခြင်းကို ဂရုမစိုက်သည့်ပုံပေါ်သည်။

“ကမ္ဘာဂြိုဟ်က ယဲ့ဖန်”

*ကမ္ဘာဂြိုဟ်တဲ့လား*

ထိုနေရာနာမည်ကို ကြားလိုက်ရသည်နှင့် လူတိုင်း မျက်မှောင်ကြုတ် သွားကြသည်။ ကမ္ဘာဂြိုဟ်က ဘာလဲဆိုတာကို မည်သူမှ မသိကြသည်မှာ သိသာလှသည်။

ကျားနက် ဧကရာဇ်သည် ယဲ့ဖန်က သေးငယ်သော နေရာတစ်ခုမှ ဘာမဟုတ်သည့် လူ့ငနုံလေးသာ ဖြစ်မည်ဟု တွေးလိုက်မိသည်။

ထိုသို့သောအချိန်၌ ဧကရာဇ်၏ နှုတ်ခမ်းထက်၌ လှောင်ရိပ်များ ယှက်သန်းလာသည်။

“ရှောင်ချီရှို့က မင်းကို ဆရာအဖြစ် လေးစားကြည်ညိုချင်ပင့်မယ့် ငါ့ကိုတော့ မကြည်ညိုချင်ဘူး ဖြစ်နေတယ်၊ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် လောင်းကစားလုပ်ကြရင် မကောင်းဘူးလား”

*ဟမ်*

ထိုစကားကို ကြားပြီးနောက် ယဲ့ဖန်က ဖြည်းညင်းစွာ မျက်လုံးဖွင့် လာပြီး ကျားနက် ဧကရာဇ်အား မထီလေးစားသည့် အပြုံးနှင့် ကြည့်လာသည်။

“ဘယ်လိုလောင်းမှာလဲ”

“ရှောင်ချီရှို့က ထိပ်တန်း ပါရမီရှင်ပဲ၊ ငါ သဘောကျတယ်။ သူက မင်းကို ဆရာအဖြစ် လေးစား ကြည်ညိုပင်မယ့် အဲ့ဒါက အလကားပဲ”

ကျားနက် ဧကရာဇ်က ယဲ့ဖန်ကို အထင်သေးလေသည်။

“နောက်ပြီးတော့၊ တကယ်လို့ မင်း ဗိုလ်စွဲချင်ရင် မင်း ပြိုင်ပွဲ ငါးပွဲ နိုင်ဖို့လိုအပ်တယ်။ မင်းက ရှောင်ချီရှို့ကို နည်းပြ၊ ငါက အခြား တစ်ယောက်ကို နည်းပြမယ်။ တကယ်လို့ နောက်ဆုံးမှာ ရှောင်ချီရှို့က အနိုင်ရသွားမယ်ဆိုရင် ငါ့ကို သူ ဆရာအဖြစ် တင်ခိုင်းမယ့်ကိစ္စကို လက်လျှော့ လိုက်မယ်”

“တကယ်လို့ ငါက တစ်ခြားတစ်ယောက်ကို အနိုင်ရအောင် သင်ပေးနိုင်ပြီးတော့ ရှောင်ချီရှို့က ရှုံးသွားမယ်ဆိုရင်တော့ ရှောင်ချီရှို့က ငါ့ကို ဆရာတင်ကိုတင်မှရမယ်”

“ဘယ်လိုလဲ”

*ဘာ*

ထိုစကားကို ကြားပြီးနောက် သိုင်းပညာရှင်များအားလုံး မှင်တက် သွားကြသည်။ ကျားနက် ဧကရာဇ်က ရှောင်ချီရှို့အပေါ် လက်လျှော့ လိုက်လိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။

ရှောင်ချီရှို့ ရှုံးသွားစေရန်အတွက် ပါရမီရှင်တစ်ယောက်ကို သင်ပြ ပေးမည်၊ ရှောင်ချီရှို့ ရှုံးသွားပါက ယဲ့ဖန်က နောက်ဆုတ်ရ မည်ဖြစ်ပြီး ရှောင်ချီရှို့က ဧကရာဇ်ကို ဆရာတင်ရပေမည်။

*ဒါက …*

ထိုအခိုက်တွင် လူတိုင်းက ယဲ့ဖန်ကို စိုက်ကြည့်နေပြီး သူက နတ်ဘုရား ဆရာသခင် အဆင့်လေးသာ ဖြစ်နေသည်ကို ခံစားမိပြီး လူတိုင်းက ခေါင်းတခါခါ ဖြစ်နေကြလေသည်။

လူတိုင်း၏အမြင်တွင် ယဲ့ဖန် သေချာပေါက် ရှုံးလိမ့်မည်ဟု ထင်နေကြသည်။

“ရတယ်လေ”

ထိုစဉ် ယဲ့ဖန်က အသာပြုံး၍ ခေါင်းညိတ်၍ ကတိပေးလိုက်သည်။ ဤမြင်ကွင်းကြောင့် လူတိုင်း အလန့်တကြား ဖြစ်သွားကြသည်။

*ရူးနေပြီ*

လူတိုင်းသည် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြလေသည်။

*ဒီလူက သူ့အမြင်နဲ့ နည်းလမ်းတွေက ကျားနက် ဧကရာဇ်ထက် ပိုအစွမ်းထက်လိမ့်မယ်လို့ ထင်နေတာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ထိုအခါ ကျားနက် ဧကရာဇ်က ပြုံးလာလေသည်။ သူသည် ပါရမီရှင် ရှောင်ချီရှို့က သူ့လူ ဖြစ်လာသည်ကို မြင်နေသကဲ့သို့ ဟက်ဟက်ပက်ပက် ရယ်လာသည်။

ထို့နောက်တွင် ကျားနက် ဧကရာဇ်၏ အကြည့်များက ပါရမီရှင် များစွာကြားထဲသို့ ကျရောက် လာသည်။

နောက်ဆုံးတွင် သူသည် နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ် အဆင့်ရှိသော ပါရမီရှင် တစ်ယောက်ကို မျက်စိကျသွားလေသည်။

“ဟေးထုံ၊ မင်း … ဒီဧကရာဇ်အတွက် တိုက်ခိုက်ရမယ်”

*ဟေးထုံတဲ့လား*

ထိုနာမည်ကို ကြားသည်နှင့် လူတိုင်း ထိတ်လန့်သွားကြသည်။ ထိုသူသည် ကျားနက်ဂြိုဟ်၏ တော်ဝင်မျိုးနွယ်ထဲမှ တစ်ယောက် ဖြစ်လေသည်။

လက်ရှိ ကျားနက် တော်ဝင်မျိုးရိုးထဲ၌ အသက်အငယ်ဆုံးနှင့် အရည်အချင်း အရှိဆုံးသောသူ ဖြစ်သည်။

ပါရမီရှင်တိုက်ပွဲအတွက် အနိုင်အရနိုင်ဆုံးသောသူပင်။

သူသည် ကျားနက် ဧကရာဇ်ကို ကိုယ်စားပြုသည့်အတွက် ပါရမီရှင် တိုက်ပွဲ၏ ချန်ပီယံက သူ ဖြစ်နိုင်ရန် သေချာလုနီးပါးပင်။

ကျားနက်ဂြိုဟ်၏ သိုင်းပညာရှင်တိုင်းက ယဲ့ဖန်အား သနားသလို ကြည့်လာလေသည်။

နတ်ဘုရား ဆရာသခင်အဆင့်လေးက ရှောင်ချီရှို့ကို နည်းပြပြီး ဟေးထုံကို အနိုင်ယူ၍ ဗိုလ်စွဲနိုင်မည်တဲ့လား၊ ဒါ ရူးချင်စရာ ကောင်းလှသည်။

ထိုသို့သောအချိန်၌ ကျားနက်ဧကရာဇ်က ဟေးထုံကို ရှေ့သို့တိုးလာရန် ပြောလိုက်ပြီး သင်ပြပေးလေသည်။

ကျားနက် ဧကရာဇ်၏ ညွှန်ပြချက်ကြောင့် ဟေးထုံ၏ အလျင်က မြင့်တက်လာပြီး မျက်လုံးနှင့် မြင်ရခက်လောက်သည်အထိ ဖြစ်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။

ထိပ်သို့ လျင်မြန်စွာ ရောက်လာသည်။ အခြားတစ်ဖက်တွင်မူ ယဲ့ဖန်နှင့် ရှောင်ချီရှို့ကိုကြည့်ပြီး လူတိုင်း ခေါင်းတခါခါ ဖြစ်နေကြသည်။

ယဲ့ဖန်က ရှောင်ချီရှို့ကို ဘာမှမသင်ပြပေးချေ။ နောက်ဆုံးတွင် ရှောင်ချီရှို့က ပထမတိုက်ပွဲ၌ ပါဝင်ရချိန် နီးလာချိန်တွင် သူက ဂရုမစိုက်သလို ပြောလာသည်။

“တိုက်ပွဲ”

*တိုက်ပွဲ ဟုတ်လား*

*ဒီတစ်လုံးပဲလား*

ကျားနက်ဂြိုဟ်၏ သိုင်းပညာရှင်များအားလုံး မျက်နှာသုန်မှုန် သွားကြသည်။ ယဲ့ဖန်က လူဖျင်းမှန်း သူတို့ သိထားသော်လည်း ဤမျှ လူဖျင်းလူညံ့ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။

*ရှောင်ချီရှို့ကို တစ်ခွန်းတည်း ပြောပြီး နည်းပြပေးတယ်*

*တကယ့် အမှိုက်ကောင်ပဲ*

ထိုသို့သောအချိန်၌ လူတိုင်းက ယဲ့ဖန်ကို အထင်သေးစွာ ကြည့်နေသည်။ ရှောင်ချီရှို့ တစ်ယောက်တည်းကသာ မီးဝင်းဝင်း တောက်နေသော မျက်လုံးဖြင့် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြ လေသည်။

ဝှစ်!

တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လာကြသည်။ ထို့နောက်တွင်မူ ပါရမီရှင် တိုက်ပွဲ ပြန်လည် စတင်လာသည်။

ပထမတိုက်ပွဲ၌ သုံးဆယ့်နှစ်ယောက်ထဲမှ ချက်ချင်းဆိုသလို တစ်ဝက်နီးပါး အဖြုတ်ခံလိုက်ရပြီး ဆယ့်ခြောက်ယောက်သာ ကျန်ရစ်ခဲ့ လေသည်။

ရှောင်ချီရှို့နှင့် ဟေးထုံတို့က တတ်နိုင်သမျှ တိုးတက်အောင် ကြိုးစားလာကြသည်။ ရှောင်ချီရှို့က သူ၏ ကိုယ်ပိုင် ကြမ်းကြုတ်သော တိုက်ခိုက်မှုအပေါ်၌သာ မှီခိုနေရပြီး ယဲ့ဖန်၏ ညွှန်ကြားချက်များက သူ့အတွက် အကျိုးသက်ရောက်မှု မရှိချေ။

ကျားနက် ဧကရာဇ်၏ ညွှန်ကြားချက်အောက်၌ ဟေးထုံသည် ပိုပို၍ သန်မာလာနေသည်။ ရန်သူကို သတ်မိလုနီးပါး ဖြစ်လာ လေသည်။

ထို့နောက် ဒုတိယတိုက်ပွဲ စတင်လာသည်။

ကျားနက် ဧကရာဇ်က ဟေးထုံကို ပိုဂရုစိုက်၍ ညွှန်ကြား သင်ပြလာသည်။ ဟေးထုံတစ်ယောက် ပိုပို၍ လွှမ်းမိုးလာ နိုင်သည်။

ထိုအချိန်၌ ယဲ့ဖန်၏ ရှောင်ချီရှို့ကို သင်ပြပေးသော စကားက ယခုထိ တစ်ခွန်းတည်းပင်။

“တိုက်ပွဲ”

ဒုတိယတိုက်ပွဲ စတင်လာပြီးနောက် ဆယ့်ခြောက်ယောက်မှနေ၍ ရှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။

တတိယတိုက်ပွဲ၌ ရှစ်ယောက်မှနေ၍ လေးယောက်သာ ကျန်ခဲ့သည်။

….

ထိုသို့သောအချိန်၌ ရှောင်ချီရှို့နှင့် ဟေးထုံတို့သည် အလွန် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါဖြင့် သူတို့၏ ပြိုင်ဘက်များကို ဆက်တိုက် အနိုင်ယူ၍ နောက်တစ်ဆင့်သို့ တက်တက်လာသည်။

သို့သော် ကျားနက်ဧကရာဇ်၏ ညွှန်ပြမှုက ပိုပို၍ ထက်မြက် လာ၏။ စကားတစ်ခွန်းတိုင်း၌ ဟေးထုံ၏ အရှိန်အဝါက ပိုတိုးတက် လာသည်။

ဟေးထုံသည် လေးယောက်မြောက် ပြိုင်ဘက်ကို အနိုင်ယူလိုက် ပြီးနောက် နောက်ဆုံးတိုက်ပွဲ ဖြစ်သည့် ပဥ္စမမြောက်တိုက်ပွဲသို့ တက်ရောက်သွားသည်။

ဝုန်း!

ကျားနက်ဧကရာဇ်၏ ညွှန်ပြမှုအောက်၌ ဟေးထုံသည် ချက်ချင်း အဆင့်တက်သွားသည်။ နတ်ဘုရား ဂိုဏ်းချုပ်အဆင့်မှနေ၍ နတ်ဧကရာဇ် တစ်ပိုင်းအဆင့်သို့ ရောက်သွားလေသည်။

*ဟာ*

ဤမြင်ကွင်းက လူတိုင်းကို အကြီးအကျယ် မျက်နှာပျက် သွားကြသည်။

ဟေးထုံ အဆင့်တက်သွားရသည့် အကြောင်းရင်း၌ ကျားနက် ဧကရာဇ်က အဓိကနေရာ၌ ပါဝင်နေကြောင်း သူတို့ သိနေကြသည်။

ထိုစဉ် လူတိုင်းက ယဲ့ဖန်ကို လှမ်းကြည့်၍ ခေါင်းခါနေကြသည်။ တိုက်ပွဲလေးပွဲလုံး၌ ယဲ့ဖန်က စကား လေးခွန်းသာ ပြောခဲ့သည်။

“တိုက်ပွဲ”

“တိုက်ပွဲ”

“တိုက်ပွဲ”

“တိုက်ပွဲ”

လူတိုင်း၏ စိတ်ထဲတွင် ရှောင်ချီရှို့ တိုက်ပွဲလေးပွဲလုံး နိုင်လာရသည့် အကြောင်းရင်းက ယဲ့ဖန်၏ ညွှန်ပြချက်နှင့် လားလားမျှ မသက်ဆိုင်ဟု ထင်နေကြသည်။

ထိုသူသည် အမှိုက်သာသာပင်။ သူသည် ဘာကိုမှ မညွှန်ပြပဲ “တိုက်ပွဲ” ဟုသာ ပြောခဲ့သည်။

“နောက်ဆုံးတိုက်ပွဲမှာကော သူက ညွှန်ပြပေးမှာလား ဒါမှမဟုတ် တိုက်ပွဲလို့ပဲ ပြောဦးမှာလား”

ကျားနက်ဂြိုဟ်၏ သိုင်းပညာရှင်တစ်ယောက်က လှောင်ပြောင် ဟန်နှင့် ယဲ့ဖန်ကို သရော်သလို ကြည့်နေသည်။

လူတိုင်း၏ စိတ်ထဲတွင် ရှောင်ချီရှို့ဘာသာ တိုက်ခိုက်သည်က သူ၏ ညွှန်ပြချက်ထက် ပိုကောင်းသေးသည်ဟု တွေးထင်နေ ကြလေသည်။

ထိုစဉ် ရှောင်ချီရှို့သည် တိုက်ပွဲစင်မြင့်ပေါ် လှမ်းရန်ပြင်နေပြီး နောက်ဆုံး တိုက်ပွဲကို စတင်ရန် ပြင်လိုက်သည်။

ယဲ့ဖန်က မျက်တောင်ခတ်၍ ရှောင်ချီရှို့အား ကျယ်လောင်စွာ အော်ပြောလေသည်။

“တိုက်ပွဲ”

ထိုအသံသည် ပေါက်ကွဲသွားလေမလား ထင်မှတ်ရသည်။ ရှောင်ချီရှို့ စိတ်ထဲ၌ ထိုစကားလုံးများက စွဲထင်လာသည်။ ရှောင်ချီရှို့ တစ်ကိုယ်လုံး မိုက်ခနဲ ဖြစ်သွားသည်။

တစ်ခဏအကြာ၌ ယဲ့ဖန် ပြောလိုက်သည့် “တိုက်ပွဲ” ဟူသော စကားလုံးက ရှေ့စကားလုံး လေးလုံးနှင့် ပေါင်းစပ်သွားသည်ကို သူ ခံစားလိုက်ရသည်။

ထို့နောက်တွင်မူ ထိုထူးဆန်းသည့် “တိုက်ပွဲ” သူသော စကားလုံးက သူ့စိတ်ထဲ၌ စွဲထင်သွားသည်။

အံ့ဩစရာကောင်းလှသည်။ ရှောင်ချီရှို့သည် သတိဝင်လာ သောအခါ တစ်ဖက်သို့လှည့်၍ ယဲ့ဖန်အား ဒူးထောက်၍ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

“ဆရာ့ ညွှန်ပြမေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒီရှောင်ချီရှို့က သေချာပေါက် သတ်ပစ်မှာပါ”

*ဘာ*

ဤမြင်ကွင်းကြောင့် ဘေးပတ်လည်မှ လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*ဒီကောင်လေး ရူးများရူးသွားတာလား*

လူတိုင်း မယုံနိုင်သလို ဖြစ်နေကြသည်။

တိုက်ပွဲစင်မြင့်ထက်၌ ယခုလေးတင် နတ်ဧကရာဇ် တစ်ပိုင်း အဆင့်သို့ အဆင့်တက်သွားသည့် ဟေးထုံသည် ခံ့ညားထည်ဝါ လျက် ရှိသည်။

ပြီးခဲ့သည့် တိုက်ပွဲ၌ သူသည် တစ်ချက်တည်းဖြင့် သူ့ပြိုင်ဘက်ကို နှစ်ခြမ်းကွဲသွားအောင် လုပ်ခဲ့သည်။

ယခုအခါ၌ ဤနောက်ဆုံးတိုက်ပွဲတွင် ရှောင်ချီရှို့ကို သူ သတ်နိုင်မည်ဟု ယုံကြည်ချက် ရှိနေသည်။

“ငါတစ်ယောက်တည်းကပဲ မြင့်မြတ်တဲ့ ကျားနက်ဧကရာဇ်ရဲ့ အလေးပေး ခံရတာနဲ့ ထိုက်တန်တာကွ”

ဟေးထုံ၏ မျက်လုံးများက လူသတ်လိုသည့် အရိပ်အသက် များဖြင့် မီးဝင်းဝင်းတောက်နေပြီး ရှောင်ချီရှို့အား ဓားရှည်နှင့်ချိန် လိုက်သည်။

“ဟေ့ကောင်လေး၊ လာအသေခံစမ်း”

ဝုန်း!

နောက်ဆုံး တိုက်ပွဲပါတကား။ ထိုသို့သောအချိန်၌ သိုင်းပညာရှင် တိုင်း သွေးပွက်ပွက် ဆူလာကြသည်။

ရှောင်ချီရှို့သည် စင်မြင့်ထက်၌ လှစ်ခဲ လှုပ်ရှားလိုက်သည်။ သူ၏ မျက်လုံးများက ဂရုမစိုက်ဟန် ထင်နေပြီး သူ့စိတ်ထဲ၌ “တိုက်ပွဲ” ဟူသည့်စကားလုံးက ဖယ်ရှားမရနိုင် ဖြစ်နေသည်။

ယဲ့ဖန်က ထိုစကားလုံးကို သူ့သွေးသားထဲ တံဆိပ်ခတ်နှိပ် လိုက်ပုံရပြီး သူ့ကိုယ်တွင်းထဲမှ ဆဲလ်တိုင်းက တိုက်ခိုက်လို စိတ်ကြောင့် ပွက်ပွက်ဆူလာလေသည်။

“သေစမ်း”

ရှောင်ချီရှို့ တိုက်ခိုက်လာသည့်အခိုက်မှာပင် ဟေးထုံ၏ နှုတ်ခမ်း၌ လှောင်ပြုံးတစ်ခု ထင်ဟပ်လာပြီး သူ၏ဓားရှည်ကို ဝင့်၍ ရှောင်ချီရှို့အား ချက်ချင်း ခုတ်ပိုင်းလာသည်။

ရွှစ်!

ဓားရှည်က ပြင်းထန်စွာ ကျရောက်လာသည်။ နတ်ဧကရာဇ် သိုင်းပညာရှင် တစ်ယောက်သာ ဤဓားချက်ကို ရှောင်ချင်ပါက အလွန် ခက်ခဲလှပေသည်။

ကျားနက် ဧကရာဇ်၏ မျက်နှာထက်၌ ကျေနပ်နေသော အရိပ်အယောင်များ ပေါ်လွင်နေသည်။

ဤသိုင်းကွက်က ရှောင်ချီရှို့အား ရှုံးနိမ့်သွားစေရန်အတွက် လုံလောက်နေပြီး တစ်ဖက်လူအား ဒူးထောက်၍ အသိအမှတ် ပြုကာ သစ္စာခံလာနိုင်စေမည်ဟု တထစ်ချ တွက်ထားလေသည်။

ထိုသို့သောအချိန်၌ ရှောင်ချီရှို့သည် ယဲ့ဖန် ပြောခဲ့သော “တိုက်ပွဲ” ဟူသည့် စကားလုံးက သူ့စိတ်ထဲ၌ ပို၍ ပြင်းထန်လာသည်ကိုသာ ခံစားမိနေသည်။

သူသည် ဓားချက်ကို မရှောင်တိမ်းသလို “တိုက်ပွဲ” ဟူသည့် စကားလုံးက သူ့သွေးနှင့် ဆဲလ်တိုင်းသို့ စီးဝင်သွားပြီးနောက် သူ့ပါးစပ်ဖျားမှနေ၍ ထွက်ပေါ်လာသည်။

“တိုက်ပွဲ”

ရှောင်ချီရှို့သည် မိုးခြိမ်းသကဲ့သို့ ဟစ်ကြွေးလိုက်သည်။ ထို့နောက်တွင် လူတိုင်း ထိတ်လန့် အံ့ဩသွားရသည့် မြင်ကွင်း တစ်ခု ပေါ်ထွက်လာသည်။

All Chapters