အခန်း (၄၆၀-၄၆၂)
Vol. 31 Ch. 460-462
Chapter 460 လွန်ခဲ့သော နှစ်ပေါင်း များစွာက အနက်ရောင်ဝတ်စုံနှင့်လူ
“တိုက်ပွဲ”
ထိုသို့သောအချိန်၌ ဟေးထုံ၏ လူသတ်တိုက်ကွက်နှင့် ရင်ဆိုင်နေရ သော်လည်း ရှောင်ချီရှို့သည် ရှောင်တိမ်းခြင်းလည်း မပြုသလို ခုခံချင်လည်း မပြုချေ။
သူသည် နေရာ၌ ငြိမ်သက်စွာ ရပ်နေပြီး အသွေးအသားထဲမှနေ၍ “တိုက်ပွဲ” ဟုသာ ကြွေးကြော်နေလေသည်။
ထို့အတူ သူ၏ မခုခံသောပုံစံကြောင့် ဟေးထုံက သူ့အား ထပ်ခါထပ်ခါ ပျက်ရယ်ပြုလေ၏။
“အရူး၊ တကယ့် စောက်ရူးကွာ၊ ဒီကောင်က ဟိုအမှိုက်ကောင်ရဲ့ ဦးနှောက်ဆေးတာကို ခံလိုက်ရပြီပဲ”
ဟေးထုံ၏ မျက်လုံး၌ လှောင်ရိပ်များ ယှက်သန်းနေသည်။ သူသည် ယဲ့ဖန်အား အလွန် အထင်သေးလေ၏။
သူ့မျက်လုံးထဲတွင် ယဲ့ဖန်သည် အမှိုက်ကောင်သာ ဖြစ်ပြီး သူ လမ်းညွှန်ပြခြင်း ခံရသည့် ရှောင်ချီရှို့သည်လည်း အမှိုက်ကောင် သာ ဖြစ်လေသည်။
ဝုန်း!
ထိုသို့သောအချိန်၌ ဟေးထုံ၏ ဓားရှည်သည် ပို၍ အရှိန်ပြင်း လာသည်။ ဤဓားချက်အောက်၌ သူသည် ဂြိုဟ်ကိုပင် ချိုးဖဲ့ပစ် နိုင်ပုံ ရနေသည်။ ရှောင်ချီရှို့၏ ဦးခေါင်းအား ပြင်းထန်စွာ ခုတ်ပိုင်းလာလေသည်။
“သေစမ်းကွာ”
လူသတ်လိုသော အရိပ်အငွေ့များက ပြင်းထန်လှပေသည်။
*သွားပြီ*
ဤမြင်ကွင်းကြောင့် လူတိုင်း မျက်နှာပျက်သွားသည်။
လူတိုင်းသည် ဤသို့ ပြင်းထန်သော တိုက်ခိုက်မှုအောက်၌ ရှောင်ချီရှို့ မခုခံနိုင်ဘဲ သေရမည်ဟု တွေးထင်ကာ သနားသလို ကြည့်နေကြသည်။
သို့သော် တိုက်ပွဲစင်မြင့်ထက်၌ ရှောင်ချီရှို့ ခုတ်ပိုင်းခံရလုနီးပါး ဖြစ်နေသည်ကို လူတိုင်း မြင်ရလုနီးပါး ဖြစ်နေချိန်တွင် ….
ဝုန်း!
ရှောင်ချီရှို့က မမြင်နိုင်သည့် တိုက်ခိုက်မှု လှိုင်းလုံးများကို ထုတ်ဖော် လာသည်။
ဂျွတ်!
သူ့ထံသို့ ကျရောက်လာသော ဓားရှည်၌ ရုတ်တရက် အက်ရာများ ဖြစ်ပေါ်လာ၏။ ထို့နောက်တွင် လုံးဝ အက်ကွဲသွားလေသည်။
ခွမ်း!
ထိုပြင်းထန်သော တိုက်ခိုက်မှုလှိုင်းလုံးသည် လျှပ်စီးသဖွယ် ဟေးထုံ ထံသို့ ဝင်ရောက်လာသည်။
“မကောင်းတော့ဘူး”
ဟေးထုံသည် သူ့ကို လွှမ်းခြုံလာသည့် မရဏ အငွေ့အသက်ကို ခံစားမိပြီး အကြီးအကျယ် မျက်နှာပျက်သွားသည်။
သူ ချွေးတဒီးဒီးကျ၍ ကြက်သီးမွေးညင်း ထလာသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က နောက်ဆုတ်ရန် ပြင်လိုက်သည်။
ထို့အတူ သူ နောက်ဆုတ်လိုက်သည့် အကြိမ်တိုင်း သူ့ခြေဖဝါး အောက်မှ ကြမ်းပြင်က ချက်ချင်း ပေါက်ကွဲလာသည်။
ဝုန်း! ဝုန်း! ဝုန်း!
ထိုတိုက်ခိုက်မှုလှိုင်းလုံးမှ ထွက်ပေါ်လာသော အသံသည် ဟေးထုံကို သတ်နိုင်ရုံသာမက ကောင်းကင်နှင့် မြေကြီးကိုပါ ဖျက်ဆီးနိုင်ပုံ ရနေသည်။ မယုံနိုင်စရာ ကောင်းလှပေသည်။
“မလုပ်နဲ့”
ဟေးထုံ၏ အရှိန်က အလွန်အမင်း လျင်မြန်လာသည်။ သို့သော် တိုက်ခိုက်မှု လှိုင်းလုံး၏ အရှိန်ကလည်း ထင်မထားလောက်အောင် မြန်ဆန်လွန်းသည်။
ထိုတိုက်ခိုက်မှု လှိုင်းလုံးများ၌ သူ၏ခြေထောက်များက ချက်ချင်း ကျိုးကြေသွားသည်။ အသားကို စုတ်ဖြဲသည့် အသံများက ဆက်တိုက် ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
ထို့နောက်တွင်မူ ဟေးထုံ၏ ပေါင်နှစ်ဘက်၊ ဝမ်းဗိုက်အောက်ပိုင်း၊ ရင်ဘတ်နှင့် ခေါင်းတစ်ခုလုံးတို့သည် တိုက်ခိုက်မှု လှိုင်းလုံး အောက်၌ လုံးဝဥဿုံ ကျရောက်သွား လေတော့သည်။
ရွှစ်!
သွေးမြူခိုးများက လေထဲပျံလွင့်လာသည်။ ဟေးထုံသည် တစ်ချက်ကလေး တောင်မှ မအော်ဟစ်နိုင်ဘဲ လူတစ်ကိုယ်လုံး သွေးအိုင် အဖြစ်သို့ ပြောင်းလဲသွားရလေသည်။
တိတ်ဆိတ်လို့နေသည်။ ထိုသို့သောအချိန်၌ တိုက်ပွဲကွင်းပြင် တစ်ခုလုံး အပ်ကျသံတောင် ကျရလုမတတ် တိတ်ဆိတ်နေ၏။
သတိလက်လွတ် ဖြစ်နေကြသည်။ ကျားနက် ဧကရာဇ်မှစ၍ သိုင်းပညာရှင်များအားလုံး ငေးငိုင်နေကြသည်။
*သေသွားပြီးလား*
*ဟေးထုံကလေ*
*ကျားနက်ဂြိုဟ်၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ပြီးတော့ အခုလေးတင် နတ်ဧကရာဇ် တစ်ပိုင်းအဆင့်ကို အဆင့်တက်သွား တဲ့သူကလေ*
သူ၏တိုက်ကွက်က မကျရောက်သေးခင်မှာပင် သူသည် တိုက်ခိုက်မှု လှိုင်းလုံးတစ်ခု၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ သည်တဲ့လား။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“ထင်ယောင်ထင်မှား ဖြစ်နေတာ၊ ငါ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ဖြစ်မယ်”
သိုင်းပညာရှင်တိုင်းက သူတို့၏မျက်လုံးများကို ဆက်တိုက် ပွတ်သပ်နေကြသည်။ သူတို့ အမြင်မှားသည်ဟု ထင်နေကြ လေသည်။
စင်မြင့်ပေါ်မှ သွေးအိုင်ကိုမြင်မှသာ လူတိုင်း၏ မျက်နှာထက်၌ ထိတ်လန့်နေသော အမူအရာများ ထွက်ပေါ်လာလေသည်။
*ဒါက … လတ်စသက်တော့ အမှန်တကယ်ပဲကိုး*
ဝုန်း!
ထိုသို့သောအချိန်၌ တိုက်ပွဲစင်မြင့်၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ် လာသည်။
သိုင်းပညာရှင်တိုင်းသည် ထိတ်လန့်တကြားနှင့် ရှောင်ချီရှို့နှင့် ယဲ့ဖန်တို့အား မယုံနိုင်သော အကြည့်များဖြင့် ကြည့်လာကြသည်။
“တိုက်ပွဲ”
ဤသည်မှာ ရှောင်ချီရှို့၏ ကြွေးကြော်သံ ဖြစ်သည်။ ဤသည်မှာ ယဲ့ဖန် သင်ပြပေးခဲ့သော အရာ ဖြစ်သည်။
ကြောက်မက်ဖွယ် ကောင်းလှပေသည်။ လူတိုင်း၏စိတ်ထဲ၌ ကြောက်လန့်စိတ်များနှင့် ပြည့်နှက် လာသည်။
အမြင့်ဆုံး ပွဲကြည့်စင်ရှိ ကျားနက်ဧကရာဇ်တောင်မှ သူ၏ နဂါးပုလ္လင်ပေါ်မှ ရုတ်တရက် ထရပ်လာသည်။
“ဘယ်လိုလုပ် …”
ကျားနက်ဧကရာဇ်၏ ခန္ဓာကိုယ်က တုန်ယင်လာပြီး မျက်ခုံး တဆတ်ဆတ် လှုပ်လာသည်။
ထိုသို့သောအချိန်၌ သူ မြင်ခဲ့ရသောအရာများအားလုံးကို မယုံနိုင်သလို ဖြစ်နေ၏။ သူသည်သာမက ဘေးပတ်လည်မှ ကျားနက် အင်ပါယာ၏ ထိပ်တန်း သိုင်းပညာရှင်များအားလုံး ထရပ်လာကြသည်။
ထိတ်လန့် ကြောက်ရွံ့စိတ်များကြောင့် ခေါင်းမွေးထောင် လာကြသည်။
“တိုက်ပွဲဝင်စကားလုံး၊ မြတ်စွာဘုရား၊ ဒါက ကမ္ဘာကို တုန်လှုပ်စေ ခဲ့တဲ့ တိုက်ပွဲဝင် စကားလုံးပဲ”
ထိုမှတ်ချက်ပြုသံ ထွက်ပေါ်လာသည်နှင့် ကျားနက်ဂြိုဟ်တစ်ခုလုံး ပွက်လောရိုက် သွားသည်။ လူတိုင်း၏ မျက်နှာထက်၌ မယုံနိုင်ဟန်နှင့် သွေးပျက်ဟန်များ ထင်ဟပ်လာသည်။
တိုက်ပွဲဝင်စကားလုံးသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်အခါက မိုးကောင်းကင်ကို ခြောက်ခြား စေခဲ့သော အဖွဲ့တစ်ဖွဲ့ ပေါ်ထွက်လာခဲ့သည်။
ထိုအဖွဲ့နာမည်ကား ဟေးဒီးစ်။
သူတို့သည် မကောင်းဆိုးဝါးဆန်စွာ သတ်ဖြတ်ခဲ့ကြသည်။ ဂြိုဟ်နယ်မြေ ကြား၌ မည်သူမျှ ရန်မစရဲကြချေ။
အင်မော်တယ်ဖြစ်စေ၊ နတ်ဆိုးဖြစ်စေ၊ တစ္ဆေဖြစ်စေ မျိုးနွယ် အားလုံးက ထိုအဖွဲ့အတွက် ကစားစရာသာသာအဆင့်သာ ဖြစ်လေသည်။
သူတို့သည် မြေအောက်ကမ္ဘာဟု ခေါ်တွင်သော ဂြိုဟ်နယ်မြေ တစ်ခုကို ပိုင်ဆိုင်ကြသည်။ ခြယ်လှယ်နိုင်လွန်းခဲ့သည်။
သို့သော် ရုတ်တရက် တစ်နေ့တွင် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။
ထိုသူ တီထွင်ခဲ့သော တိုက်ခိုက်မှုလိုင်းလုံး သိုင်းကွက် တစ်ခုတည်းဖြင့် မြေအောက်ကမ္ဘာ တစ်ခုလုံးကို သတ်ဖြတ်နိုင် ခဲ့သည်။ လုံးဝကို အမြစ်ဖြုတ် သုတ်သင်ခံခဲ့ရသည်။
ကောလာဟလများအရ မြေအောက်ကမ္ဘာ ပျက်ဆီးခြင်းကို မျက်ဝါးထင်ထင် မြင်ခဲ့ရသူများက ထိုမြင်ကွင်းသည် မိုးမြေနှင့် စကြဝဠာ တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်ဟု ဆိုကြသည်။
မရေတွက်နိုင်သော ဂြိုဟ်များ ပျက်ဆီးခဲ့ရသည်။ ဟိန်းသံ တစ်ခုတည်းနှင့် လူများစွာ အသတ်ခံခဲ့ရသည်။
“တိုက်ပွဲ” ဟူသည့် စကားလုံးက လောကကို ထိတ်လန့်စေခဲ့သည်။
ထိုစဉ်အခါက ကြောက်မက်ဖွယ်ကောင်းသည့် ဟေးဒီးစ်တောင်မှ အဖြစ်ဆိုးနှင့် ကြုံခဲ့ရပြီး ပျောက်ကွယ်သွားခဲ့သည်။
ထိုတိုက်ပွဲအား စကြဝဠာအတွင်းရှိ မရေတွက်နိုင်သော မျိုးနွယ်များ မှတ်မိခဲ့ကြပြီး နောင်အနာဂတ်တွင် ကျယ်ပြောသော လေးစား ကြည်ညိုအပ်သည့် သမိုင်းမှတ်တမ်းတွင်းသို့ ထည့်သွင်း ခဲ့လေသည်။
သို့သော် မြေအောက်ကမ္ဘာကို ဖျက်ဆီးခဲ့ပြီးနောက် ထိုတိုက်ပွဲဝင် ကျင့်စဉ်သည် ထပ်မံ၍ ထွက်ပေါ်မလာတော့ချေ။
ထိုအနက်ရောင်ဝတ်စုံနှင့်လူက ဘယ်သူဆိုတာကို မည်သူမျှ မသိကြပေ။ သို့သော် လူတိုင်းသည် လောကကို တုန်လှုပ် စေခဲ့သည့် “တိုက်ပွဲ” ဟူသည့် စကားလုံးကိုသာ မှတ်မိကြ လေသည်။
သို့သော် ယခုအချိန်တွင် ကျားနက်ဧကရာဇ်နှင့် အခြားသူများ အားလုံးသည် ဤနေရာ၌ တိုက်ပွဲဝင် စကားလုံး ပြန်ပေါ်လာ လိမ့်မည်ဟု မထင်မှတ်ထားကြချေ။
တိုက်ခိုက်မှု လှိုင်းလုံးတစ်ခုတည်းနှင့် ဂုဏ်သတင်းကြီးသော နံပါတ်တစ် ပါရမီရှင် ဟေးထုံ လုံးဝ ပျက်သုဉ်းသွားသည် မဟုတ်ပါတကား။
*ဒါက …*
ကျားနက်ဧကရာဇ်က ယဲ့ဖန်ကို စိုက်ကြည့်၍ တုန်ယင်နေသော လေသံဖြင့် မေးလိုက်သည်။
“မင်း … မင်းက ကျန့်ကျစ်ကြွယ်မျိုးနွယ်ရဲ့ မျိုးဆက်လား”
ထိုသို့သောအချိန်၌ လူတိုင်း မှက်တက်သွားကြသည်။
*သူက အဲ့ဒီ ကြောက်စရာကောင်းတဲ့ မျိုးနွယ်က မွေးဖွားလာ တဲ့သူလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
သူ၏ဘေးပတ်လည်မှ ထိတ်လန့်နေသော မျက်လုံးများကို ခံစားမိပြီး ယဲ့ဖန်က အသာပြုံးလိုက်သည်။
“နောင်လာနောက်သားလား”
ယဲ့ဖန် ခေါင်းအသာခါလိုက်သည်။
*မဟုတ်ဘူးတဲ့လား*
ဤသည်ကြောင့် ကျားနက် ဧကရာဇ်နှင့် အခြားသူများအားလုံး မျက်မှောင်ကြုတ်သွားသည်။
ယဲ့ဖန်က ကျန့်ကျစ်ကြွယ် မျိုးဆက်မဟုတ်သည်ကို သူတို့ နားမလည်နိုင် ဖြစ်နေကြသည်။
*ဒါဆို ဒီ “တိုက်ပွဲ” ဆိုတဲ့ စကားလုံးကို ဘယ်ကနေ သိလာတာလဲ*
သို့သော် သူတို့ မသိသည်က ယဲ့ဖန်သည် ကျန့်ကျစ်ကြွယ်၏ မျိုးဆက်မဟုတ်ဘဲ ထိုကျန့်ကျစ်ကြွယ် မျိုးနွယ်ကို တည်ထော င်ခဲ့သည့် လောကကို တုန်လှုပ်စေခဲ့သော အနက်ရောင်ဝတ်စုံနှင့်လူ ဖြစ်သည်ဟူသော အချက်ပင်။
ဤအချက်ကို ဟွမ်အာမှလွဲ၍ မည်သူမှမသိချေ။
လွန်ခဲ့သော နှစ်ပေါင်းများစွာက နတ်ဆိုးဂြိုဟ်ကြီးသည် မတည်ရှိသေးသလို နတ်ဆိုးများ သည်လည်း အတူတကွ မရှိဘဲ ဖြစ်နေခဲ့သည်။
ယဲ့ဖန်နှင့် ဟွမ်အာတို့သည် လောကထဲ၌ အမည်မဲ့ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများသာ ဖြစ်ခဲ့သည်။
တစ်ခါက ဟွမ်အာသည် တားမြစ်နယ်မြေထဲရှိ သေခြင်းရှင်ခြင်း တိုက်ပွဲမှနေ၍ နတ်ဆေးပင် တစ်ပင်ကို ရရှိခဲ့သည်။
မြေအောက်ကမ္ဘာကို ဖြတ်သန်းသွားစဉ်၌ ဟေးဒီးစ်နှင့် မရေတွက်နိုင်သော ဟေးဒီးစ် နောက်လိုက်များ၏ ကြားဖြတ် လုယူခြင်းကို ခံခဲ့ရသည်။
ထိုအချိန်က ဟွမ်အာသည် ဝန်းရံလုပ်ကြံခြင်းမှ ထိုးဖောက် လွတ်မြောက်ခဲ့သော်လည်း တစ်ကိုယ်လုံး ဒဏ်ရာဗလပွနှင့် ပြန်ရောက်လာခဲ့သည်။
ယဲ့ဖန် အလွန် ဒေါသူပုန်ထသွားခဲ့သည်။ ဟေးဒီးစ်ထံ သွားရန်အတွက် သူသည် တိုက်ပွဲဝင် ကျင့်စဉ်ကို ဖန်တီးခဲ့ပြီး ဟေးဒီးစ်ကို ဖျက်ဆီးခဲ့သည်။
သို့သော် တဖြည်းဖြည်းနှင့် ထိုတိုက်ပွဲဝင် စကားလုံး ကျင့်စဉ်သည် ယဲ့ဖန်၏ သေမင်းနတ်ဆိုး ဆုဒြာနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းလို ဖြစ်လာသည်။
ထို့ကြောင့် ယဲ့ဖန်သည် ထိုကျင့်စဉ်ကို ဖုံးကွယ်ထားလိုက်ပြီး ဘယ်သောအခါမှ ထုတ်ဖော် မပြတော့ချေ။
ဤအချက်ကို သေသွားသည့်လူများမှလွဲ၍ မည်သူမှ မသိချေ။
သို့သော် ယခုအခါ၌ လူတိုင်း ထိတ်လန့်နေကြလေသည်။ ငယ်ရွယ်သော ရှောင်ချီရှို့က ပျော်မြူးကာ ကတုန်ကယင်နှင့် တိုက်ပွဲစင်မြင့် ထက်မှ ခုန်ဆင်း၍ ရုတ်တရက် ယဲ့ဖန်ရှေ့၌ ဒူးထောက်လာသည်။
“ရှောင်ချီရှို့ ဆရာ့ကို အရှက်ရအောင် မလုပ်ဘဲ ဗိုလ်စွဲအောင် လုပ်နိုင်ခဲ့ပါပြီ”
“ဆရာ ကျေးဇူးပြုပြီး ဒီတပည့် ဂါဝရပြုတာကို လက်ခံပေးပါ”
ထိုသို့ပြောပြီး ရှောင်ချီရှို့က ယဲ့ဖန်ကို ဆက်တိုက် ဂါဝရပြု လေသည်။ ယခုအချိန်၌ သူ၏ ယဲ့ဖန်အပေါ် လေးစားစိတ်က အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ သူ့ရင်ထဲတွင် ယဲ့ဖန်သည် သူ၏ နတ်ဘုရားသာ ဖြစ်လေသည်။
ထိုသို့သောအချိန်၌ …
“မင်းက ချန်ပီယံပါလို့ ဘယ်သူပြောလဲ”
*ဘာ*
လူတိုင်း မှင်တက်သွားကြသည်။ အားလုံး လှည့်ကြည့်လိုက် သောအခါ ကျားနက် ဧကရာဇ်၏ မျက်နှာက အလွန်အမင်း သုန်မှုန်နေပြီး သူ့မျက်လုံးထဲ၌ လူသတ်လိုသော အငွေ့အသက်များ ထင်ဟပ်နေသည်ကို ရုတ်တရက် တွေ့လိုက်ရလေသည်။
“ဒီတိုက်ပွဲဝင် စကားလုံးကျင့်စဉ်က နတ်ဘုရားမျိုးနွယ်ရဲ့ ကျင့်စဉ် မဟုတ်ဘူး၊ နတ်ဆိုးကျင့်စဉ်ပဲ”
“မင်းက ပြိုင်ပွဲမှာ အနိုင်ရဖို့အတွက် တိုက်ပွဲဝင်စကားလုံး ကျင့်စဉ်ကို သုံးခဲ့တာမို့လို့ မင်းကို ဖယ်ထုတ်သင့်တယ်”
*ဟာ*
ကျားနက်ဧကရာဇ်၏ စကားလုံးများက လူအုပ်ကြားထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
ကျားနက် ဧကရာဇ် ဒေါသထွက်ပြီးရင်း ထွက်နေသည်ကို လူတိုင်း မြင်နေရသည်။ ထိုဒေါသစိတ်ကြောင့် ရှောင်ချီရှို့အား ပထမရသူ အဖြစ် မပေးဘဲ ပိတ်ပင်လိုက်ခြင်း ဖြစ်လေသည်။
Chapter 461 မျက်လုံးတစ်လုံး နတ်ဆိုး
အရှက်မဲ့လှသည်။
မြင့်မြတ်သော ကျားနက်ဧကရာဇ်က အလွန် ဒေါသထွက်နေပြီး ထိုဒေါသစိတ်ကြောင့် ဤသို့ ရှက်ဖွယ်ကောင်းသော ကိစ္စတစ်ခုကို လုပ်လိမ့်မည်ဟု လူတိုင်း ထင်မထားမိကြချေ။
သို့သော် ကျားနက် ဧကရာဇ်သည် သူ၏ဘေးပတ်လည်မှ လူတိုင်း၏ အကြည့်များကို လုံးဝ ဂရုမစိုက်ချေ။
သူ့စိတ်ထဲတွင် ယဲ့ဖန်သည် ကျန့်ကျစ်ကြွယ်မျိုးနွယ်၏ မျိုးဆက် မဟုတ်တော့ဘဲ သေလူ တစ်ယောက်သာ ဖြစ်နေလေတော့သည်။
ယဲ့ဖန်သည် သူ၏မျက်နှာကို အိုးမဲသုတ်ခဲ့သလို သူ၏ တပည့်ကိုလည်း လုယူခဲ့သည်။ ဤသည်မှာ အပြစ်တစ်ခုပင် ဖြစ်လေသည်။
ယဲ့ဖန်သည် နိမ့်ကျသော လူတစ်ယောက်သာ ဖြစ်သော်လည်း မတူညီသော စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။ ဤသည်က ဒုတိယ အပြစ်ဖြစ်သည်။
မည်သည့် အကြောင်းပြချက်ကြောင့်ပင် ဖြစ်စေကာမူ ကျားနက် ဧကရာဇ်၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် သေကိုသေရမည် ဖြစ်သည်။
ယဲ့ဖန်ကို သတ်နိုင်သရွေ့ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ပွဲဝင် စကားလုံး ကျင့်စဉ်ကို ရရနိုင်မည်ဟု တွေးမိပြီး ကျားနက် ဧကရာဇ်၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာသည်။
“ချွမ်ဖန်း”
ထိုစဉ် ကျားနက် ဧကရာဇ်က လူအုပ်ကြားထဲမှ ပါရမီရှင် တစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
ထိုသူသည် ဆီမီးဖိုင်နယ်၌ ရှောင်ချီရှို့ကို ရှုံးနိမ့်ခဲ့သော ပါရမီရှင် တစ်ယောက် ဖြစ်လေသည်။ ချွမ်ဖန်းသည် ကျားနက် ဧကရာဇ်က သူ့ကို လှမ်းခေါ်လိုက်သံကို ကြားလိုက်ချိန်တွင် မအံ့ဩဘဲ မနေနိုင် ဖြစ်သွားရသည်။
“ကျားနက်ဧကရာဇ်”
သူ အလျင်အမြန် ပြန်ဖြေလိုက်သည်။ ကျားနက်ဧကရာဇ် ထပ်ပြောလာသောစကားက သူ့အား မှင်တက်သွားစေသည်။
“ထိပ်ဆုံးလေးယောက်ထဲမှာ မင်းတစ်ယောက်ပဲ အရည်အချင်း ပြည့်မီတယ်၊ မင်းကို ဒီပါရမီရှင် တိုက်ပွဲရဲ့ ချန်ပီယံလို့ ငါ ကြေညာမယ်”
*ဘာ*
ချွမ်ဖန်း မသိမသာ အံ့ဩသွားပြီးနောက် ပျော်ရွှင်သွားလေသည်။ ထို့နောက် သူသည် အလျင်စလို ကြမ်းပြင်ပေါ် ဒူးထောက်၍ ကျားနက် ဧကရာဇ်ကို မော့ကြည့်ကာ ကျယ်လောင်စွာ အော်ပြော လိုက်သည်။
“ကျားနက် ဧကရာဇ်ကို ကျေးဇူးတင်ပါတယ်”
ထိုသို့သောအချိန်၌ ပွဲကြည့်ပရိသတ်များသည် တိတ်ဆိတ် ငြိမ်သက်လို့နေ၏။ မည်သူမျှ အရည်အချင်းရှိသော ချန်ပီယံ အသစ်အတွက် လက်ခုပ်မတီးကြချေ။ သူတို့မျက်လုံးထဲတွင် ဤပြိုင်ပွဲသည် ယခုအခါ၌ ဟာသတစ်ခုသာ ဖြစ်နေလေသည်။
စင်အောက်၌ ရှောင်ချီရှို့၏ဒေါသသည် ထိန်းမနိုင် သိမ်းမရ ဖြစ်နေသည်။ သူသည် ယဲ့ဖန်ဘက် လှည့်၍ မျက်နှာပျက်စွာ ခေါင်းကိုငုံ့ထားသည်။
“ဆရာ၊ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် … ဆရာ့ကို စိတ်ပျက်စေခဲ့မိပြီ”
*စိတ်ပျက်စေခဲ့ပြီတဲ့လား*
ယဲ့ဖန်က အသာပြုံး၍ ခေါင်းခါပြလိုက်သည်။
“မင်း မှားနေပြီ၊ ငါ့စိတ်ထဲမှာတော့ မင်းက ချန်ပီယံ ဖြစ်ပြီးသားပဲ”
*ဟမ်*
ရှောင်ချီရှို့ တစ်ခဏမျှ တွေဝေသွားသည်။ ယဲ့ဖန်၏ ဆိုလိုရင်းကို နားလည်သွားပြီးနောက် သူ အလွန်အမင်း ဝမ်းသာသွားကာ ကြမ်းပြင်ပေါ် ဒူးထောက်၍ ယဲ့ဖန်အား ကျယ်လောင်စွာ အော်ပြော လိုက်သည်။
“ဆရာ ကျေးဇူးပြုပြီး ဒီတပည့် အရိုအသေ ပေးတာကို ခံယူပေးပါ”
ထိုသို့ပြောပြီး ရှောင်ချီရှို့က ယဲ့ဖန်ကို ထပ်ခါထပ်ခါ ဂါဝရပြု လေသည်။ ယဲ့ဖန်က ရှောင်ချီရှို့ကို ပြန်ထခိုင်းချိန်တွင် သူ့မျက်နှာလေး၌ နာကြည်းမှုများနှင့် ပြည့်နှက်နေသေးသည်။
“ဆရာ၊ ချန်ပီယံကိစ္စကရော”
သူသည် ချန်ပီယံကိစ္စကို ဂရုမစိုက်သော်လည်း အရှက်မရှိသော ကျားနက်ဧကရာဇ်ကိုတော့ အလွန်အမင်း အထင်အမြင် သေးမိသည်။
*ချန်ပီယံလား*
ယဲ့ဖန် အသာပြုံးလိုက်သည်။
“ပွဲကြီးပွဲကောင်းက အခုမှလာမှာ”
….
ထိုသို့သောအချိန်၌ ကျားနက် ဧကရာဇ်က လက်မြှောက်လာသည်။
“ချန်ပီယံကို နတ်ဆိုးဓား ချီးမြှင့်လိုက်စမ်း”
ထိုစကားကိုကြားပြီးနောက် ကျားနက်ဧကရာဇ် အနောက်မှ သိုင်းပညာရှင် တစ်ယောက်သည် ဓားသေတ္တာတစ်ခုကို အလျင်အမြန် ထုတ်လိုက်သည်။
ထို့နောက် ထိုဓားသေတ္တာ ပွင့်သွားသည်။ မြွေနဂါး၏ အရိုးဖြူဖြူ များဖြင့် ထွင်းထုထားသော အရိုးဓားတစ်လက်က လူတိုင်း၏ မျက်စိရှေ့မှောက်သို့ ထွက်ပေါ်လာသည်။
ဝုန်း!
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ထိုအရိုးဓားနှင့်အတူ ပျံ့လွင့်လာသည်။ ထို ပြင်းထန်သော အရှိန်အဝါသည် ရုတ်တရက် စင်အောက်မှ လူအားလုံးကို နောက်ဆုတ်သွားစေသည်။
လူတိုင်း တုန်လှုပ်ချောက်ချားနေကြသည်။ လူတိုင်း သွေးပျက်နေ ကြလေသည်။
နတ်ဆိုး အရိုးဓား။ နတ်ဆိုး ဧကရာဇ် ပထမဆုံး ကျော်ကြားလာစဉ် အခါက ဤလက်နက်ကို သူ အသုံးပြုခဲ့သည်။
ဤနတ်ဆိုးလက်နက်သည် အလွန် ခြောက်ခြားဖွယ် ကောင်းလှသည်။ ထိုစဉ်အခါက နတ်ဆိုးဧကရာဇ်သည် အလွန် ကြောက်မက်ဖွယ် ကောင်းသော မကောင်းဆိုးဝါးမျိုးနွယ်မှ ထိပ်သီး မြွေနဂါးတစ်ကောင်ကို သတ်ဖြတ်ခဲ့သည်။
သူသည် ငရဲမီးကိုသုံး၍ ထိုမြွေနဂါး၏ နတ်ဘုရားစိတ်ဝိညာဉ်ကို မီးမြှိုက်ကာ လေးဆယ့်ကိုးရက်ကြာ မွမ်းမံခဲ့ပြီးနောက် ထိုသားရဲ သေဆုံးသွားလေသည်။
ထို့နောက်တွင်မူ ထိုမကောင်းဆိုးဝါးမျိုးနွယ် မြွေနဂါး၏ ခြေထောက်ရိုး မှနေ၍ ဤနတ်ဆိုး အရိုးဓားကို ထွင်းထုခဲ့ခြင်း ဖြစ်သည်။ ထိုဓားအပေါ်၌ အန္တရာယ်ရှိသော အငွေ့အသက်များ ပျံ့နှံ့နေသည်။
ထိုသို့သောအချိန်၌ နတ်ဆိုး အရိုးဓားကိုကြည့်ပြီး လူတိုင်း၏ မျက်နှာထက်၌ အားကျစိတ်များ ဖြစ်ပေါ်လာသည်။
ဒေါက်! ဒေါက်! ဒေါက်!
ကျားနက် ဧကရာဇ်သည် မတ်တပ်ထရပ်၍ ရှေ့သို့ လှမ်းလာပြီး နတ်ဆိုး အရိုးဓားကို လှမ်းယူ၍ ချန်ပီယံသစ် ချွမ်ဖန်းကို ပေးလိုက်သည်။
“ချွမ်ဖန်း၊ ဒီနတ်ဆိုး အရိုးဓားက နတ်ဘုရားမျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေကို ကိုယ်စားပြုပြီး နတ်ဆိုးမျိုးနွယ်ရဲ့ အရှက်ရမှု ကို ဖော်ပြနေတာပဲ”
“မင်း နတ်ဆိုးမျိုးနွယ်ကို သတ်ဖြတ်ဖို့အတွက် ဒီဓားကို သုံးနိုင်ပြီးတော့ ငါ့နတ်ဘုရား မျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေကို တိုးမြင့်အောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ထိုစကားကိုကြားပြီးနောက် ချွမ်ဖန်းသည် သွေးပွက်ပွက်ဆူကာ နတ်ဆိုး အရိုးဓားကို လှမ်းယူ၍ လက်ကိုဝင့်ကာ ဟစ်ကြွေး လိုက်သည်။
“နတ်ဆိုးမျိုးနွယ်ကို သတ်ဖြတ်ပြီး ကျွန်တော့် နတ်ဘုရားမျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေကို တိုးမြင့်စေပါ့မယ်”
ဤမြင်ကွင်းကိုကြည့်ပြီး ကျားနက် ဧကရာဇ်က ကျေနပ်သွား ဟန်ဖြင့် ခေါင်းညိတ်လာသည်။ ထို့နောက် လက်ကိုဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။
“မျက်လုံးတစ်လုံး နတ်ဆိုးကို ချလိုက်၊ နတ်ဆိုး သတ်ဖြတ်ပွဲ စမယ်”
ထိုသို့သောအချိန်၌ တကယ့် စိတ်ဝင်စားဖွယ် အကောင်းဆုံး အချိန်ကို ရောက်လာပြီဖြစ်ကြောင်း လူတိုင်း သိလိုက်ကြသည်။
ထို့နောက် လူတိုင်း၏ အကြည့်က မိုးကောင်းကင်ထက်သို့ ရောက်ရှိ သွားသည်။
ဝီ!
ထိုစဉ် ကောင်းကင်မှနေ၍ ထိတ်လန့်ဖွယ် အဖြူရောင် အလင်းတန်း ကျဆင်းလာသည်။ ထိုအလင်းတန်း ပျောက်ကွယ် သွားသည်နှင့် လှောင်ချိုင့်တစ်ခု ထွက်ပေါ်လာသည်။
ထိုလှောင်ချိုင့်ထဲ၌ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် အသားအရေနှင့် လူတစ်ယောက်ကို ရက်ရက်စက်စက် အပြစ်ပေး ထားလေသည်။
သူသည် အတော်လေး အခြေအနေ ဆိုးနေ၏။ တစ်ကိုယ်လုံး စုတ်ပြတ်၍ သွေးအလိမ်းလိမ်း ဖြစ်နေသည်။ သူ့၌ မျက်လုံး တစ်လုံးနှင့် လက်တစ်ဖက်သာ ရှိလေသည်။
“မျက်လုံးတစ်လုံး”
ကောင်းကင်ထက်ရှိ လှောင်ချိုင့်ထဲမှ လူကိုမြင်သည်နှင့် ယဲ့ဖန်၏ အကြည့်များက ခက်ထန်လာသည်။ သူ၏ရင်ထဲ၌ နာကျင်လာရသည်။
မျက်လုံးတစ်လုံး နတ်ဆိုး။ နတ်ဆိုးဂြိုဟ်၌ သွေးအဆာဆုံးနှင့် စကားအနည်းဆုံး လူတစ်ယောက် ရှိခဲ့သည်။
သူသည် နတ်ဘုရားမျိုးနွယ်၏ မျိုးဆက် ဖြစ်ခဲ့သော်လည်း နတ်ဘုရားများကြောင့် သူ့မိသားစုနှင့် ကွဲကွာခဲ့ရပြီး သူ၏ဇနီးသည်နှင့် မိသားစုဝင်များလည်း ဖျက်ဆီးခံခဲ့ရသည်။
ထိုနောက်ပိုင်းတွင် သူသည် ပျောက်ကွယ်သွားပြီး ယဲ့ဖန်၏ အရိပ်တစ်ခု ဖြစ်လာခဲ့သည်။
ယဲ့ဖန် ရှိသည့်နေရာတိုင်း၌ မျက်လုံးတစ်လုံးက နောက်လိုက် အနေဖြင့် လိုက်ပါစမြဲပင်။
မရေတွက်နိုင်သော နတ်ဘုရားနှင့် နတ်ဆိုးစစ်ပွဲများ၌ မျက်လုံး တစ်လုံးကို မဖြစ်မနေ သတ်ဖြတ်ကြသည်။ သူသည် အမြဲတမ်း ခြိမ်းခြောက်နိုင်စွမ်း ရှိသည့်သူဖြစ်သည်။
သူ့လက်တစ်ဖက်က ယဲ့ဖန်အတွက် အဖြတ်ခံခဲ့ရသည်။ သူ့မျက်လုံး တစ်လုံးက ယဲ့ဖန်အတွက် ထုတ်ယူခံခဲ့ရသည်။
ယဲ့ဖန်က သူ၏ အတိတ်ကို ယဲ့ဖန်က ပြန်ပြောင်းပြောချိန်တိုင်း ဤသွေးဆာတတ်သောလူက အမြဲတစေ ပြုံး၍ ငြိမ်သက်စွာ နေနေခဲ့သည်။
ဤနတ်ဆိုးများက သူ၏ဘဝသာ ဖြစ်လေသည်။ ယဲ့ဖန်သည် သူ၏ နတ်ဘုရား ဖြစ်သည်။
နတ်ဆိုးအရိုးဓားသည် ယဲ့ဖန်က မျက်လုံးတစ်လုံးကို ပေးခဲ့သော လက်ဆောင်တစ်ခု ဖြစ်လေ၏။
မျက်လုံးတစ်လုံးသည် အိပ်နေချိန်ဖြစ်စေ၊ စားသောက် နေချိန်ဖြစ်စေ၊ လမ်းလျှောက်နေချိန်၌ ဖြစ်စေ၊ ရန်သူများကို သတ်ဖြတ်စဉ်၌ ဖြစ်စေ နတ်ဆိုးအရိုးဓားကို တစ်ချိန်လုံး ဘဝတစ်သက်တာ ရတနာတစ်ပါးအဖြစ် မှတ်ယူ၍ ရင်ဝယ်ပိုက် ထားခဲ့သည်။
သို့သော် ယခုအခါတွင်မူ … အခြေအနေ ဆိုးရွားလှသော မျက်လုံးတစ်လုံးကို ကြည့်ပြီး ယဲ့ဖန်သည် သူ့အား မနည်း မှတ်မိအောင် ကြိုးစားယူနေရသည်။
ဝုန်း!
ထိုစဉ် လှောင်ချိုင့်က ကြမ်းပြင်ပေါ် အရှိန်နှင့် ပြုတ်ကျ လာသောကြောင့် တိုက်ပွဲစင်မြင့် တစ်ခုလုံး ကျိုးကြေသွားသည်။
ကျားနက် ဧကရာဇ်က လက်ခါလိုက်သည်။
ဂျွတ်! ဂျွတ်!
လှောင်ချိုင့် ပျက်စီးသွားပြီး အထဲမှ အနှိပ်စက်ခံထားရသည့် မျက်လုံးတစ်လုံး ထွက်ပေါ်လာသည်။
မျက်လုံးတစ်လုံး နတ်ဆိုးကိုကြည့်ပြီး ကျားနက် ဧကရာဇ်က လှောင်ပြုံးပြုံးလိုက်သည်။
“ဟီးဟီး … မျက်လုံးတစ်လုံး၊ ဘယ်လိုလဲ၊ ကောင်းကင်ထက်က ငါ့အကျဉ်းထောင်ကို သဘောကျရဲ့လား”
ထိုစကားကိုကြားသော်လည်း မျက်လုံးတစ်လုံး နတ်ဆိုးက ခေါင်းကို ငုံ့မြဲငုံ့ထားသည်။ သူ၏ နက်မှောင်သော ဆံပင်များမှနေ၍ သွေးများ တစက်စက် စီးကျနေ၏။
သူ စကားတစ်ခွန်းမျှ မပြောချေ။ ဤသည်ကို ကြိုသိနေဟန်ဖြင့် ကျားနက် ဧကရာဇ်က ပျက်ရယ်ပြုလိုက်သည်။
“မင်းလိုနတ်ဆိုးက တော်တော်လေး တုံးအပြီး သနားစရာ ကောင်းပါလား”
“ဓားလေးတစ်လက်အတွက်နဲ့ တကယ် အသေခံတယ်ပေါ့၊ ဒါ ထိုက်တန်လို့လား”
ယခင်တုန်းက ကျားနက် ဧကရာဇ်သည် မျက်လုံးတစ်လုံး၏ အရိပ်အခြေကို ခြေရာခံမိပြီး အဖြူရောင် နတ်ဆိုးအရိုးဓားကို လုယူနိုင်ခဲ့သည်။
ထိုအခါက မျက်လုံးတစ်လုံး နတ်ဆိုး၌ ထွက်ပြေးရန် အခွင့်အရေး ရှိခဲ့ပါ၏။ သို့သော် ဤဓားအတွက်နှင့် သူ သေတွင်းထဲ ခုန်ဆင်းခဲ့သည်။
ဤသည်ကို ကျားနက် ဧကရာဇ်က အလွန်အမင်း လှောင်ပြောင် ခဲ့သည်။
*အရူး*
သူ့မျက်လုံးထဲတွင် ဤနတ်ဆိုးသည် အရူးတစ်ယောက်သာ ဖြစ်သည်။ သစ္စာခံသော အထိမ်းအမှတ် အနေဖြင့် အရူး တစ်ယောက်က သူ့အသက်ကို သူ စတေးနေသည်။
ထိုစကားကြောင့် မျက်လုံးတစ်လုံး နတ်ဆိုးက ခေါင်းမော့ လာသည်။ သူ့မျက်နှာက ကြောက်မက်ဖွယ် ကောင်းသော်လည်း ပြင်းထန်သော အရှိန်အဝါများ ထင်ဟပ်နေသည်။
“ထိုက်တန်တယ်”
*ဟမ်*
ကျားနက် ဧကရာဇ်သည် တစ်ခဏမျှ တောင့်တင်းသွားပြီးနောက် သူ့နှုတ်ခမ်းထောင့်က တွန့်ကွေးလာသည်။
“ကောင်းပြီလေ၊ မင်းက ဒီဓားအတွက် သေနိုင်မှာတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”
ထိုသို့ပြောပြီး ကျားနက် ဧကရာဇ်က လက်ကိုဝင့်လိုက်သည်။
“ချွမ်ဖန်း၊ သူ့ကို သတ်လိုက်၊ ဒါဆို မင်းက နတ်ဘုရားမျိုးနွယ်ရဲ့ သူရဲကောင်း ဖြစ်လာလိမ့်မယ်”
*သတ်ဖြတ်သူ သူရဲကောင်းလား*
ဤစကားက ချွမ်ဖန်းကို အလွန် တက်ကြွသွားစေသည်။ ချန်ပီယံဘွဲ့၊ နတ်ဆိုးဓား၊ သတ်ဖြတ်သူ သူရဲကောင်း။
ဤသည်က ကောင်းကင်မှ ကျဆင်းလာသော ရတနာပင်။
“အမိန့်အတိုင်းပါ၊ ကျားနက် ဧကရာဇ်”
ချွမ်ဖန်း၏ နှုတ်ခမ်းထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်နေပြီး ဓားကိုဆွဲ၍ မျက်လုံးတစ်လုံး နတ်ဆိုးထံသို့ လျှောက်လှမ်း လာသည်။
ဒေါက်! ဒေါက်! ဒေါက်!
ဤခြေသံက နတ်ဆိုးခေါင်းလောင်း ထိုးသံလိုပင်။
Chapter 462 သခင်ကြီး
“နောက်ဆုံးတော့ ငါ သေတော့မှာပါလား”
ချွမ်ဖန်း၏ ခြေသံများကို နားထောင်ရင်း မျက်လုံးတစ်လုံး နတ်ဆိုး၏ မျက်နှာထက်၌ စိတ်သက်သာရာရသွားဟန် ပေါ်လာ သည်။
နှစ်ပေါင်းရာနှင့်ချီ၍ နတ်ဘုရားနှင့် နတ်ဆိုးများ မရေတွက် နိုင်အောင် စစ်ဖြစ်ပွားခဲ့ကြသည်။
သို့သော် ထိုနှစ်ပေါင်းရာချီသော ကာလသည် နတ်ဆိုးမျိုးနွယ်များ အတွက် သေချာပေါက် အိပ်မက်ဆိုးတစ်ခုပင် ဖြစ်သည်။
နတ်ဆိုးဧကရာဇ်သည် နတ်ဆိုးများကို ဦးဆောင်၍ ကမ္ဘာဦး ချောက်နက်၌ နတ်ဘုရား မျိုးနွယ်များနှင့် စစ်တိုက်ခဲ့သည်။ ထိုပုဂ္ဂိုလ်သည် အဓိက နတ်ဘုရား ဆယ်ပါးကို သတ်ဖြတ်ခဲ့ ပြီးနောက် လောကသခင် သုံးယောက်ကို ဖျက်ဆီးခဲ့သည်။
ထို့နောက် ကောင်းကင်ခွင်း ခေါင်းလောင်းကို ရယူခဲ့သည်။ သို့သော် နတ်ဆိုးမျိုးနွယ်များအတွက် အိပ်မက်ဆိုးက ထိုအခါမှ စတင်လာခြင်း ဖြစ်သည်။
နတ်ဆိုးဧကရာဇ်သည် ကောင်းကင်ခွင်း ခေါင်းလောင်း၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရပြီး လောကသခင်သုံးယောက်၏ ရုတ်တရက် ပူးပေါင်း တိုက်ခိုက်ခြင်းကို ခံလိုက်ရကာ ကမ္ဘာဦး ချောက်နက်ထဲသို့ ကျသွားခဲ့သည်။
နတ်ဆိုးမျိုးနွယ်များ ရှုံးနိမ့်သွားသည်။ ထိုအခါမှစ၍ နတ်ဆိုး သတ်ဖြတ်ပွဲကြီး စတင်လေသည်။
နတ်ဆိုးဂြိုဟ်ကြီးသည် အတွင်းရော အပြင်ဘက်မှပါ ပြိုကွဲ၍ နတ်ဆိုးများ ပျက်စီးကိန်း ဆိုက်လေသည်။
ထို့အတူ မျက်လုံးတစ်လုံး နတ်ဆိုးသည် လွန်ခဲ့သော နှစ်ရာနှင့်ချီစဉ် ကတည်းက၊ နတ်ဆိုး ဧကရာဇ် ကမ္ဘာဦးချောက်နက်၌ အသတ်ခံ လိုက်ရချိန်မှစကာ သူ၏နှလံးသားက သေဆုံးသွား လေတော့သည်။
“သခင်ကြီး”
မျက်လုံးတစ်လုံး စိတ်ထဲတွင် ထိုပုဂ္ဂိုလ်၏ မျက်နှာက အမြဲ ထင်ဟပ်လျက် ရှိသည်။ ထိုသူသည် အေးစက်သည်၊ နတ်ဆိုးဆန်သည်။
သူသည် နတ်ဆိုးများ၏ ရင်ထဲတွင် အလွန် ယုံကြည်အားထား ရသောသူ ဖြစ်သည်။
မျက်လုံးတစ်လုံးသည် သူ နတ်ဆိုးဂြိုဟ်သို့ ပြန်ရောက်၍ ထိုပုဂ္ဂိုလ်နှင့် ပြန်ဆုံသည်ဟု အကြိမ်ပေါင်းများစွာ အိပ်မက် မက်ခဲ့သည်။
ထိုသူကို အဖော်ပြု၍ သွေးများကို ရေလုပ်ချိုး၍ သူ့ကို အဖော်ပြု၍ ဂြိုဟ်နယ်မြေများ ခရီးဆန့်ခဲ့သည်။
ထိုအချိန်သည် သူ့ဘဝ၏ အကောင်းဆုံးအချိန်များ ဖြစ်လေသည်။ ယခုအချိန်တွင်တော့ အားလုံး ပြီးဆုံးသွားလေပြီ။
“နတ်ဆိုး အရိုးဓား”
“သခင်ကြီးရဲ့ ဓားအောက်မှာ သေရမယ်ဆိုရင် မျက်လုံးတစ်လုံး ကျေနပ်ပါတယ်”
ထိုသို့တွေးပြီး မျက်လုံးတစ်လုံးသည် မျက်လုံးကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။ သူ၏ တစ်လုံးတည်းသော မျက်လုံးမှနေ၍ မျက်ရည်တစ်စက် စီးကျလာသည်။
ထိုသို့သောအချိန်၌ ချန်ပီယံ ချွမ်ဖန်းက မျက်လုံးတစ်လုံးရှေ့သို့ ရောက်ရှိလာသည်။ သူသည် အဖြူရောင် နတ်ဆိုး အရိုးဓားကို ဆွဲကိုင်ထားပြီး သူ၏မျက်နှာထားက နီမြန်းနေသည်။
“နတ်ဘုရားမျိုးနွယ် ပြည်သူတို့၊ ဒီနေ့ ကျုပ်က နတ်ဆိုး ဧကရာဇ်ရဲ့ ဓားကို သုံးပြီး ကျန်တဲ့ နတ်ဆိုးမျိုးနွယ်တွေကို သတ်ပစ်မယ်”
“နတ်ဆိုးမျိုးနွယ်ရဲ့ သွေးနဲ့ ကျုပ်တို့ နတ်ဘုရားမျိုးနွယ်ရဲ့ အင်အားကို တိုးချဲ့ပစ်မယ်”
ချွမ်ဖန်းသည် သူရဲကောင်း တစ်ယောက်သဖွယ် ဟစ်ကြွေး လိုက်သည်။ ထိုသို့ပြောပြီးနောက် သူ၏လက်မောင်းကို ပြင်းထန်စွာ လွှဲယမ်းလိုက်သည်။
ရွှစ်!
နတ်ဆိုး အရိုးဓားသည် လျှပ်စီးသဖွယ် မျက်လုံးတစ်လုံး နတ်ဆိုး၏ လည်ပင်းကို ပြင်းထန်စွာ ခုတ်ပိုင်းလာသည်။ ဓားမှနေ၍ ကြောက်ခမန်းလိလိ စွမ်းအင်များ ထွက်ပေါ်လာပြီး ထိုစွမ်းအင် များက လေထုကိုပင် ထိုးခွင်းနိုင်ပုံရသည်။
ထိုသို့ပြင်းထန်သော လူသတ်လိုသည့် အရိပ်အငွေ့ကို ခံစားမိ ပြီးနောက် မျက်လုံးတစ်လုံး၏ နှုတ်ခမ်း၌ အပြုံးတစ်ခု ဖြစ်ပေါ် လာသည်။
“သခင်ကြီး၊ ကျွန်တော် လာပြီ”
ထိုသို့ပြောပြီး မျက်လုံးမှိတ်ထားလျက်နှင့် သေခြင်းတရားကို စောင့်ကြိုနေလိုက်သည်။
ရွှစ်!
ခုတ်ပိုင်းလိုက်သည့် အသံထွက်ပေါ်လာပြီး သွေးများ ပန်းထွက် လာသည်။ ကြမ်းပြင်ပေါ်သို့ ဦးခေါင်းတစ်လုံး ပြုတ်ကျလာ၏။
ထိုသို့သောအချိန်၌ ပွဲကြည့်ပရိသတ်များအားလုံး တိတ်ကျ သွားသည်။ ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ် နေ၏။
အဘယ်ကြောင့်ဆိုသော် မျက်လုံးတစ်လုံး နတ်ဆိုးသည် ငြိမ်သက်စွာ ရှိမြဲရှိနေစဉ် ဖြစ်သည်ကို လူတိုင်း တွေ့နေရပြီး ချွမ်ဖန်း၏ ဦးခေါင်းသာ ပြတ်ကျလာသည်ကို တွေ့လိုက်ရ သောကြောင့်ပင်။
သူ၏လည်ပင်းမှနေ၍ သွေးများက ပန်းထွက်နေသည်။
နတ်ဆိုး အရိုးဓားက ကြမ်းပြင်ပေါ် ပြုတ်ကျလာသည်။ ခေါင်းပြတ် နေသော ချွမ်ဖန်း၏ အလောင်းကလည်း လဲကျလာ၏။
*ဘယ်လိုလုပ် …*
သူ၏ ဦးခေါင်းပြတ်၌ မယုံသင်္ကာဟန်ဖြင့် ပြည့်နှက်နေသည်။
ဓားအား မျက်လုံးတစ်လုံး နတ်ဆိုးထံသို့ သူ ဝှေ့ယမ်း လိုက်ခဲ့ပါသည်၊ သို့သော် အကြောင်းပြချက် တစ်ချို့ကြောင့် နတ်ဆိုးအရိုးဓားသည် လမ်းကြောင်းမှားကာ သူ့လည်ပင်းကို ပြန်ခုတ်သွားခဲ့သည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ချွမ်ဖန်းသည် သူ သေသွားသည့်တိုင်အောင် ဘာဖြစ်သွားခဲ့သလဲ ဆိုတာကို နားမလည်ခဲ့ချေ။
*ဟာ*
ထိုသို့သောအချိန်၌ တိုက်ပွဲစင်မြင့်တစ်ခုလုံးအောက်မှ မရေတွက် နိုင်သော ကျားနက်ဂြိုဟ်မှ သိုင်းပညာရှင်များ ဆူညံစွာ ထအော် လာသည်။
လူတိုင်းသည် သရဲသဘက်ကို မြင်တွေ့လိုက်ရသည့်အလား ထိတ်လန့်နေကြသည်။
*ကိုယ့်ကိုယ်ကိုယ် သတ်သေတာပဲ*
ချွမ်ဖန်းသည် စကားကြီး စကားကျယ် ပြောဆိုပြီးနောက် သူ့ကိုယ်သူ သတ်သေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
ဤသည်မှာ မယုံနိုင်စရာ ကောင်းလွန်းလှသည်။
ထိုနေရာ၌ မျက်လုံးတစ်လုံး နတ်ဆိုးသာ ရှိနေလေသည်။ သူ့မျက်စိ ရှေ့မှ မြင်ကွင်းကို ရုတ်တရက် မြင်လိုက်ရပြီးနောက် သူ ထိတ်လန့် သွားသည်။
“သခင်ကြီး၊ သခင်ကြီးတစ်ယောက်တည်းကပဲ နတ်ဆိုးဓားကို ထိန်းချုပ်နိုင်တာ”
“ဒါက …”
ချက်ချင်းဆိုသလိုပင် မျက်လုံးတစ်လုံး နတ်ဆိုးသည် စိတ်လှုပ်ရှားမှုကြောင့် ကတုန်ကယင် ဖြစ်လာသည်။
သို့သော် ထိုသို့သောအချိန်၌ သိုင်းပညာရှင် အဖွဲ့တစ်ဖွဲ့နှင့် စောင့်ဆိုင်းနေသော ကျားနက် ဧကရာဇ်သည် ရုတ်တရက် ထရပ် လာသည်။
သူတို့၏ မျက်လုံးများက ကြမ်းပြင်ပေါ်မှ ချွမ်ဖန်း၏ အလောင်းကို ကြည့်လိုက် အဖြူရောင် နတ်ဆိုးအရိုးဓားကို ကြည့်လိုက် ဖြစ်နေကြပြီး ထိတ်လန့်ဒေါသထွက်နေကြသည်။
“သေစမ်း၊ ကျန်နေသေးတဲ့ နတ်ဆိုးမျိုးနွယ်တွေ ဒီကို ရောက်နေပြီ”
“ဘယ်သူလဲ၊ ထွက်လာခဲ့စမ်း”
ကျားနက် ဧကရာဇ်၏ မျက်လုံးများက စုံချည်ဆန်ချည် ဖြစ်နေပြီး လူသတ်လိုသော အငွေ့အသက်များက ကြောက်ခမန်းလိလိ ပြည့်နှက်နေ၏။
*နတ်ဆိုးမျိုးနွယ်တဲ့လား*
ထိုစကားကိုကြားပြီး တိုက်ပွဲစင်မြင့်အောက်ရှိ ကျားနက်ဂြိုဟ်မှ သိုင်းပညာရှင်များအားလုံး မျက်နှာပျက်သွားကြသည်။
ထိုစဉ် ခြေသံတစ်သံ ထွက်ပေါ်လာသည်။
ဒေါက်! ဒေါက်! ဒေါက်!
ထို့နောက် လူတိုင်း၏ ထိတ်လန့်သော အကြည့်အောက်၌ ပုံရိပ် တစ်ခုက စင်မြင့်ပေါ် တက်လာသည်။ သူ စင်မြင့်ပေါ်သို့ ရောက်လာသည့်အခိုက်မှာပင် …
ရွှီ!
နတ်ဆိုးအရိုးဓားထံမှ လေချွန်သံကဲ့သို့ အသံသဲ့သဲ့ ထွက်ပေါ်လာပြီး ထိုနတ်ဆိုးဓားသည် ချစ်ရသောသူကို ပြန်တွေ့ရသကဲ့သို့ ထိုလူ၏လက်ထဲသို့ ပြေးဝင်သွားသည်။
ထိုအခိုက်မှာပင် အနှီပုဂ္ဂိုလ်ကို သေချာမြင်လိုက်ရချိန်၌ လူတိုင်း မျက်နှာပျက်သွားကြသည်။
*သူကိုး*
ထိုပုဂ္ဂိုလ်က အားအနည်းဆုံး … ယဲ့ဖန်ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မထားမိချေ။
*ဟင်*
ချက်ချင်းဆိုသလိုပင် ဘေးပတ်လည်၌ ဆူညံပွက်လော ရိုက်လာ ကြသည်။ အထူးသဖြင့် လူအုပ်ထဲမှ အဘိုးအို တစ်ယောက်နှင့် ရွှမ်ချင်းအာတို့နှစ်ယောက်လုံး အလွန် ထိတ်လန့်နေကြသည်။
“နတ်ဆိုးလား၊ အစ်ကိုယဲ့က လတ်စသက်တော့ … နတ်ဆိုး ဖြစ်နေတာပဲ”
ရွှမ်ချင်းအာ၏ မျက်နှာလှလှလေး၌ ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။
“အစ်ကိုယဲ့က တစ်နေ့ညတုန်းက သူ ကျားနက်ဂြိုဟ်ကို သတ်ဖို့ လာတာလို့ ပြောခဲ့တယ်၊ ဆိုတော့ သူက … ကျားနက် ဧကရာဇ်ကို သတ်တော့မှာပဲ”
ယခင်တုန်းက ယဲ့ဖန် ပြောဖူးသည့် စကားများကို ပြန်တွေးမိပြီး ရွှမ်ချင်းအာနှင့် အဘိုးအိုတို့ ကြက်သီးမွေးညင်းထကာ တုန်ယင် လာကြသည်။
“မင်းကိုး”
ထိုသို့သောအချိန်၌ ကျားနက်ဧကရာဇ်သည် မျက်မှောင်ကြုတ် နေပြီး သူ့မျက်နှာ၌ လူသတ်လိုဟန်များနှင့် ပြည့်နှက်လာသည်။
သူ့ကို မျက်နှာပျက်အောင် လုပ်ခဲ့သည့်သူက နတ်ဆိုး ဖြစ်နေ လိမ့်မည်ဟု သူ ထင်မထားမိချေ။ ထိတ်လန့်နေသော ကျားနက် ဧကရာဇ်ကို ကြည့်ပြီး ယဲ့ဖန်က အသာပြုံးလိုက်သည်။
“စိတ်လှုပ်ရှားမနေနဲ့ဦး၊ ဒါက အစပဲ ရှိသေးတယ်”
*ဘာ*
ကျားနက် ဧကရာဇ်နှင့် သိုင်းပညာရှင်များအားလုံး ယဲ့ဖန်၏ ဆိုလိုရင်းကို နားမလည်ကြချေ။ ထိုသို့သောအချိန်၌ …
ဝှစ်!
ထိတ်လန့်ဖွယ် လူရိပ်များ တဖွဲဖွဲ ရောက်ရှိလာသည်။ တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်၊ အယောက်သုံးဆယ်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ကြောက်မက်ဖွယ် ကောင်းသော လူရိပ်သုံးဆယ်ကျော် ရောက်ရှိလာကြသည်။
ကြောက်မက်ဖွယ် ကောင်းသော လူရိပ်တစ်ခုဆီတိုင်းက များစွာသော နောက်လိုက်များကို ခေါ်ဆောင်လာသည်။
ထိုလူများကိုမြင်ပြီး ကျားနက်ဧကရာဇ်သာမက ကျားနက်ဂြိုဟ်မှ သိုင်းပညာရှင်များအားလုံး အကြီးအကျယ် မျက်နှာပျက် သွားကြသည်။
“တုကူးသခင်ကြီး”
“သွေးအရိပ်ဘုရင်”
“ရက်စက်သောဘုရင်”
“…”
တစ်ယောက်ချင်းစီက ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ ငရဲမှ နတ်ဆိုးများ ထွက်လာသကဲ့သို့ ဖြည်းဖြည်းချင်း ထွက်ပေါ် လာကြသည်။
“မင်း၊ မင်းက နတ်ဆိုးလား”
ကျားနက် ဧကရာဇ် မယုံနိုင်အောင် ဖြစ်နေသည်။ နတ်ဆိုးများက အင်ပါယာတွင်း ထိုးဖောက် ဝင်ရောက်နေမှန်း သူ သိထား သော်လည်း အင်ပါယာ၏ ထိပ်တန်း သိုင်းပညာရှင်များ တစ်ယောက်ပြီး တစ်ယောက်က နတ်ဆိုးများ ဖြစ်နေကြ လေသည်။
“သေစမ်း၊ မင်းတို့က နတ်ဆိုးခေါင်းဆောင်တွေ၊ အားလုံး သေစမ်းကွာ”
ကျားနက် ဧကရာဇ် ဒေါသထွက်၍နေသည်။ ထိုသို့သောအချိန်၌ …
တောက်! တောက်!
မျက်လုံးတစ်လုံး နတ်ဆိုး၏ မျက်လုံးမှနေ၍ မျက်ရည်များ စီးကျလာသည်။
“ဆိုးသွမ်းတဲ့ အစ်ကိုကြီး၊ သွေးအရိပ်၊ ရက်စက်သောဘုရင်၊ စီလို …”
သူသည် အရိုးထဲထိ မှတ်မိနေသော နာမည်များကို ခေါ်လိုက်သည်။ နာမည်တစ်ခုချင်းစီက သူ့အား သွေးပွက်ပွက်ဆူစေသည်။
ဤသည်မှာ သူ၏ ညီအစ်ကိုများ ဖြစ်သည်။ သေခြင်းရှင်ခြင်း အခြေအနေများ၌ ကျောမခိုင်း၌ ယှဉ်တွဲ ရှိနေခဲ့သော ညီအစ်ကိုများ ဖြစ်သည်။
နောက်ဆုံးတွင် မျက်လုံးတစ်လုံး နက်ဆိုးက အနက်ရောင်ဝတ်စုံနှင့် လူကို စူးစိုက်ကြည့် နေသည်။ သူ့ခန္ဓာကိုယ်က တုန်ယင်လာသည်။ ခပ်အက်အက်အသံနှင့် ကတုန်ကယင် ပြောလိုက်သည်။
“သခင်ကြီး … သခင်ကြီး”
ထိုသို့သောအချိန်၌ မျက်လုံးတစ်လုံး နတ်ဆိုး ငိုကြွေးလုနီးပါး ဖြစ်နေ၏။ သူ၏ အသွေးအသားထဲထိ မှတ်မိနေသော သူ၏ သခင်ကြီး။ သူ မသေချေ။ ထို့အပြင် သူ ပြန်ရောက်လာလေပြီ။
“ဟားဟားဟား …”
မျက်လုံးတစ်လုံး နတ်ဆိုးက ငိုလိုက်ရယ်လိုက် ဖြစ်နေသည်။
ရာနှင့်ချီ၍ စိတ်ဓာတ်ကျခဲ့ရသည်၊ နှစ်ရာနှင့်ချီ၍ အရှက်ခွဲ ခံခဲ့ရသည်။ ယခုအချိန်တွင်တော့ အားလုံး ပြီးဆုံးသွားလေသည်။
နတ်ဆိုးမျိုးနွယ်များ၏ တစ်ဖန် ပြန်လည် တိုးတက်လာမှုနှင့် အင်မော်တယ် မျိုးနွယ်တို့၏ အကြောက်တရားနှင့် စိတ်ဓာတ်ကျ နေပုံကို သူ မြင်ယောင်နေမိသည်။
ထိုသို့သောအချိန်၌ မျက်လုံးတစ်လုံး နတ်ဆိုး၏ မျက်နှာ၌ ခက်ထန်သော အမူအရာများ ဖြစ်ပေါ်လာသည်။
ထို့နောက် သူ့ကိုယ်ထဲမှ နတ်ဘုရား သံချွန်များကို သူ တစ်ခုပြီးတစ်ခု ဆွဲဖြုတ်လိုက်သည်။ အသားထဲမှနေ၍ သွေးများ စီးကျလာသည်။ သို့သော် သူသည် ထိုအရာကို လျစ်လျူရှုကာ တစ်ကိုယ်လုံးအား ချုပ်နှောင်ထားခြင်းမှ ရုန်းထွက်လေသည်။
ထို့နောက်တွင် သူ့တစ်ကိုယ်လုံး သွေးများဖြင့် ပေကျံလို့နေ၏။ သို့သော် သူ့မျက်နှာပေါ်မှ တက်ကြွမှုများက ပျောက်ကွယ် မသွားချေ။
ဒုန်း!
မျက်လုံးတစ်လုံး နတ်ဆိုးသည် ယဲ့ဖန်ရှေ့ ဒူးတစ်ဖက်ထောက်ကာ ရင်ဘတ်ပေါ် လက်တင်၍ စိတ်လှုပ်ရှားစွာ ဟစ်ကြွေးလိုက်သည်။
“မျက်လုံးတစ်လုံး နတ်ဆိုးက သခင်ကြီးကို ဂါဝရပြုပါတယ်”
“နတ်ဆိုးတွေက မသေနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော် ရာကျော် ရှည်ပါစေ”
ဝုန်း!
ထိုထိတ်လန့်ဖွယ် ကောင်းသော ကြွေးကြော်သံက အခြားသူ တိုင်း၏ နားထဲတွင်တော့ မိုးကြိုးပစ်ချလိုက်သလိုပင်။
ထိုမျှနှင့် မလုံလောက်သေးချေ။
မိုးမြေနတ်ဆိုး၊ သွေးအရိပ်နတ်ဆိုး၊ မြေကမ္ဘာ နတ်ဆိုးဘုရင်နှင့် အခြားသူများအားလုံး ယဲ့ဖန်နောက်၌ ဒူးထောက်၍ ကျားနက် ဂြိုဟ်၏ မိုးကောင်းကင် တစ်ခုလုံး တုန်ခါစေသည်အထိ ကြွေးကြော်ကြလေသည်။
“နတ်ဆိုးတွေက မသေနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော် ရာကျော် ရှည်ပါစေ”
ဂြိုဟ်များ တုန်ခါလာကြသည်။ နတ်ဆိုးတို့၏ နေ့ရက်များ ရောက်ရှိ လာလေပြီ။