အခန်း (၄၆၃-၄၆၅)
Vol. 31 Ch. 463-465
Chapter 463 ဒီလိုဆိုလည်း လူများတဲ့ ဘက်က လူနည်းတဲ့ဘက်ကို သတ်ရတာပေါ့
“နတ်ဆိုးတွေက မသေနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော် ရာကျော် ရှည်ပါစေ”
ဤကြောက်ဒူးတုန်စေနိုင်သည့် ကြွေးကြော်သံက ဂြိုဟ်အနှံ့သို့ ပျံ့နှံ့သွားပြီး ကျားနက်ဂြိုဟ် တစ်ခုလုံးကို တိတ်ဆိတ်သွား စေခဲ့သည်။
ထိတ်လန့်၍ နေကြသည်။ ယခုအချိန်၌ ကျားနက်ဂြိုဟ်ပေါ်မှ သိုင်းပညာရှင်များအားလုံး မျက်စိရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့် နေကြသည်။
တုကူးသခင်ကြီး၊ သွေးအရိပ် ဧကရာဇ်၊ ရက်စက်သောဘုရင်။
….
ထိုအယောက်သုံး ဆယ်ကျော်၌ လူတိုင်းနီးပါးသည် ကျားနက် အင်ပါယာ၏ ထင်ပေါ်ကျော်ကြားသူများ ဖြစ်ကြပြီး သုံးယောက်လုံး ထိပ်တန်း နိုင်ငံရေးသမားများ ဖြစ်ကြလေသည်။
ယခုအချိန်၌ သူတို့သည် ကြမ်းပြင်ပေါ် ဒူးထောက်၍ ပျော်ရွှင်စွာ ကြွေးကြော်နေကြသည်။
ဤသည်မှာ အံ့ဩဖွယ်ကောင်းလွန်းလှသည်။ လူအများအား အိပ်မက် နေသကဲ့သို့ ထင်ယောင်ထင်မှား ပိုဖြစ်စေသည်က ဤထိပ်တန်း ပုဂ္ဂိုလ်သုံးယောက်သည် ကျားနက်ဂြိုဟ် ပေါ်၌ အားအနည်းဆုံး ဖြစ်သော နတ်ဘုရား ဆရာသခင်ကို ဦးညွတ် နေခြင်းပင်။
ဤမြင်ကွင်းက ဆီပူထည့်ထားသော ရေတစ်စက် ပစ်ချလိုက် သကဲ့သို့ ဂြိုဟ်တစ်ခုလုံး ပွက်လောရိုက်လာသည်။
အထူးသဖြင့် လူအုပ်ကြားထဲမှ ရွှမ်အဘိုးအိုနှင့် ရွှမ်ချင်းအာတို့ပင်။ ဆရာတပည့်နှစ်ယောက် ကြောက်လန့်နေကြသည်။
“ယဲ့ … အစ်ကိုယဲ့ … သူက …”
ဆရာတပည့် နှစ်ယောက်လုံး မယုံကြည်နိုင် ဖြစ်နေသည်။ ပြောရမည်ဆိုလျင် နတ်ဆိုး ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေဟူသော စကားလုံးက လူတိုင်းကို ဆန်ခါဖြင့် စစ်ချ သကဲ့သို့ တုန်ယင်သွားစေသည်။
“နတ်ဆိုး …. နတ်ဆိုး ဧကရာဇ်”
“သူက နတ်ဆိုးဧကရာဇ်”
ဝုန်း!
သိုင်းပညာရှင်တိုင်း သွေးပျက်လာကြသည်။ ယခင်က လူတိုင်း အလွန်အမင်း အထင်သေးခဲ့ ကြသော နတ်ဘုရား ဆရာသခင် အဆင့်လေးက ရှေးခေတ်က သာလွန်ကျော်စောပြီး မျက်မှောက် ခေတ်၌ပါ ထူးချွန်ပြောင်မြောက်သော နတ်ဆိုးမျိုးနွယ် ဖြစ်နေ လိမ့်မည်ဟု ထင်မထားခဲ့ချေ။
အခြားသူများသာမက ကျားနက် ဧကရာဇ်နှင့် ထိပ်တန်း သိုင်းပညာရှင်များအားလုံး မျက်စိပြာနေကြသည်။
“နတ်ဆိုး ဧကရာဇ် … သူ … သူ မသေဘူး”
ကျားနက် ဧကရာဇ်၌ ချွေးများ စို့တက်လာသည်။ သို့သော် ယဲ့ဖန်က သူ့ခွန်အားကို ဖုံးကွယ်ထားခြင်း မရှိဘဲ နတ်ဘုရား ဆရာသခင် အဆင့်လေးသာ ရှိသေးသည်ကို သူ အတည်ပြုပြီးနောက် အလွန်အမင်း ထိတ်လန့်နေစိတ် နေရာ၌ ဝမ်းသာပီတိစိတ်များက အစားထိုး ဝင်ရောက်လာသည်။
“ဟားဟား …”
ထိုသို့သောအချိန်၌ ကျားနက် ဧကရာဇ်က ရုတ်တရက် ထရယ် လာသည်။ သူသည် ယဲ့ဖန်ကို စိုက်ကြည့်၍ လှောင်ပြုံး ပြုံးနေသည်။
“ငါ ထင်မထားမိဘူး၊ နတ်ဆိုး ဧကရာဇ်က မသေဘဲ ပြန်လည် ဝင်စားလာမယ်လို့ ငါ ထင်မထားမိဘူး”
ကျားနက် ဧကရာဇ်၏ စကားနှင့် သူ၏ အမူအရာကို ကြည့်ပြီး ကျားနက် ဧကရာဇ်၏ ဘေးမှ ထိပ်တန်း သိုင်းပညာရှင်များအားလုံး သူ့အတွေးကို ချက်ချင်း နားလည်သွားကြသည်။ လူတိုင်း ထိတ်လန့်၍ အံ့အားသင့်သွားလေသည်။
“နတ်ဆိုး ဧကရာဇ်၊ မင်းအရင်ဘဝက ရင်ဆိုင်ဖို့ တအား ခက်ခဲတယ် ဆိုတာကိုတော့ ငါ ဝန်ခံပါတယ်”
“ဒါပေမဲ့ အခုတော့ ဘာလုပ်ရမှာလဲ”
ကျားနက် ဧကရာဇ်က အပြုံးကြီးပြုံးနေသည်။ ယဲ့ဖန်အား အဖိုးအတန်ဆုံးသော သားကောင်ကို ကြည့်သကဲ့သို့ ကြည့်နေ သည်။
“မင်းက အခု နတ်ဘုရား ဆရာသခင်အဆင့်လေးပဲ ရှိသေးတာ၊ ဒီတော့ သေးနုပ်တဲ့ ပုရွက်ဆိတ်လေးပဲ။ ငါ မင်းကို သတ်မယ်၊ ငါ မင်းကို သတ်မှာ၊ ငါ မင်းကို သတ်ချင်နေတာ၊ ငါ မင်းကို သတ်ပစ်မှာ”
“ငါက ကျန်ရစ်နေတဲ့ နတ်ဆိုးမျိုးနွယ် တစ်ချို့ကိုပဲ ဖမ်းဖို့ ကြိုးစားခဲ့တာ၊ ဒါပေမဲ့ ငါက မင်းလို ငါးကြီးမျိုးကို မိသွားတာပဲ”
*သွားပြီ*
ထို့နောက် ကျားနက် ဧကရာဇ်သည် သူ့အကြည့်ကိုလွှဲ၍ ကျားနက် ဂြိုဟ်ပေါ်ရှိ သိုင်းပညာရှင် များစွာကို ကျယ်လောင်စွာ အော်ပြော လိုက်သည်။
“ကျားနက်ဂြိုဟ်ပေါ်က လူတွေ၊ မင်းတို့တော်တော်များများ နတ်ဆိုးသတ်ဖြတ်ပွဲမှာ ပါဝင်ခဲ့ ကြဖူးတယ်”
“အခု နတ်ဆိုးမျိုးနွယ် မရှိတော့တဲ့အချိန်မှာမှ နတ်ဆိုး ဧကရာဇ် ပြန်ရောက်လာတယ်”
“ဒါက မင်းတို့အတွက် နာမည်ကောင်းရနိုင်မယ့် အခွင့်အရေး ကြီးပဲ”
ကျားနက် ဧကရာဇ်သည် ပြောရင်းနှင့် မျက်နှာထားက ပို၍ လှောင်ရိပ်သန်းလာသည်။
“လက်ရှိ နတ်ဆိုးဧကရာဇ်က နတ်ဘုရား ဆရာသခင်အဆင့်ပဲ ရှိတယ်၊ ငါတို့ထဲက ဘယ်သူမဆို သူ့ကို သတ်လို့ရတယ်”
“ငါ့လူတို့ မင်းတို့ ဘာတွေစောင့်နေတာလဲ”
“ရှေ့ကိုတိုးပြီး နတ်ဆိုး ဧကရာဇ်ကို သတ်လိုက်စမ်းပါ၊ ပြီးတော့ ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေကို တိုးမြှင့်လိုက်ကြ”
ဝုန်း!
ကျားနက်ဧကရာဇ်၏ ကြွေးကြော်သံ၌ ဆူပူထကြွလို စေဟန်များနှင့် ပြည့်နှက်နေသည်။
ချက်ချင်းဆိုသလိုပင် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များအား စိတ်အား တက်ကြွသွားစေပြီး လူတိုင်းအား ကြိုးစားလိုစိတ်များ ထက်သန်လာစေသည်။
နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်တစ်ယောက်က အရင်ဆုံး ရှေ့ထွက်လာသည်။
“ငါ တုရန်က နတ်ဆိုး သတ်ဖြတ်ပွဲပါ ပါဝင်ခဲ့တယ်၊ ဒီနေ့ ငါ နတ်ဆိုးဧကရာဇ်ကို သတ်ချင်တယ်”
ထိုသူသည် အစသာ ရှိသေးသည်။ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။
“ငါက ထူလောပဲ၊ ပြီးတော့ နတ်ဆိုး သတ်ဖြတ်ပွဲမှာလည်း ပါခဲ့ဖူးတယ်။ ဒီတစ်ခေါက်တော့ ငါ နတ်ဆိုးဧကရာဇ်ကို သတ်ချင်တယ်”
“ငါ ဖေးတမွန်က နတ်ဆိုးမျိုးနွယ်တွေကို တအားမုန်းတယ်၊ ငါ သူတို့ကို သတ်ဖို့ မစောင့်နိုင် တော့ဘူး၊ နတ်ဆိုးဧကရာဇ်ကို ငါ သတ်နိုင်မယ်လို့ မျှော်လင့်တယ်”
“….”
လူ ဆယ်ယောက်၊ အယောက်ငါးဆယ်၊ တစ်ရာ၊ တစ်ထောင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လူအုပ်ထဲမှ ကျားနက်ဂြိုဟ်၏ သိုင်းပညာရှင် တစ်ထောင်ကျော် ထွက်လာကြသည်။
ထိုသူအားလုံးနီးပါးသည် ခက်ထန်သော စရိုက်ရှိပြီး နတ်ဆိုး မျိုးနွယ်ကို မုန်းတီးကြသူများ သို့မဟုတ် နတ်ဆိုး သတ်ဖြတ်ပွဲ၌ ပါဝင်ခဲ့ကြသူများလည်း ဖြစ်လေသည်။
ယခုအခါတွင် သူတို့သည် ယဲ့ဖန်နှင့် အခြားသူများအားလုံးကို ဝိုင်းထားကာ ဟစ်ကြွေးကြသည်။
“နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ပြီး ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေကို တိုးမြှင့်မယ်ကွ”
“နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ပြီး ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေကို တိုးမြှင့်မယ်ကွ”
“….”
ထောင်ချီသော ကြွေးကြော်သံများ၌ ရက်စက်မှုများနှင့် လူသတ်လို ဟန်များနှင့် ပြည့်နှက် နေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် တိုက်ပွဲက စတင်ခါနီးလာလေသည်။
ဤမြင်ကွင်းကြောင့် ရွှမ်အဘိုးအိုနှင့် ရွှမ်ချင်းအာတို့ ဆရာတပည့် နှစ်ယောက် မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်လာသည်။
*သွားပြီ*
“အစ်ကိုယဲ့ ဒီတစ်ခေါက်တော့ ဒုက္ခရောက်ပြီ၊ သူ့နဲ့ သူ့လူတွေက သန်မာပင်မယ့် သူတို့က ကျားနက် အင်ပါယာတစ်ခုလုံးနဲ့ တိုက်ခိုက် ရတော့မှာ”
ရွှမ်ချင်းအာ၏ မျက်နှာသည် စက္ကူတစ်ရွက်ကဲ့သို့ ဖြူစုတ် နေသည်။ အဘိုးအိုသည် ပို၍ မျက်နှာပျက်နေသည်။ သူတို့သည် ယဲ့ဖန်အတွက် အလွန်အမင်း စိတ်ပူနေကြသည်။
ဝှစ်! ဝှစ်! ဝှစ်!
ထိုသို့သောအချိန်၌ ကျားနက် ဧကရာဇ်သည် ထိပ်တန်း သိုင်းပညာရှင် တစ်ဖွဲ့နှင့်အတူ ကောင်းကင်ထက်သို့ ပျံတက် သွားသည်။
ထိုထိပ်တန်း သိုင်းပညာရှင်များ၌ နတ်ဧကရာဇ် အလယ်အလတ် အဆင့် သုံးယောက်နှင့် နတ်ဧကရာဇ် စဦးအဆင့် ခြောက်ယောက် ပါဝင်နေသည်။
ထိုသူတို့သည် ကျားနက် အင်ပါယာ လက်အောက်မှ အဆင့်နှစ် အင်ပါယာတစ်ခု၏ ဘုရင်များ ပါဝင်ပြီး ကျားနက်ဂြိုဟ်၏ မကောင်းဆိုးဝါးဆန်သော သူများ ဖြစ်လေသည်။
ကျားနက် ဧကရာဇ်နှင့်အတူ ထိုထိပ်တန်း ဘုရင် ဆယ်ယောက်သည် ကောင်းကင်ထက်၌ ဝဲပျံရင်း ယဲ့ဖန်နှင့် အခြားသူ များအား အပေါ်မှ စီးမိုး၍ ကြည့်နေသည်။
“ဟားဟားဟား … နတ်ဆိုး ဧကရာဇ်၊ မင်း ဒါကိုမြင်လား။ ငါ့ဘက်မှာ ကျားနက်ဂြိုဟ်ပေါ်က ထောင်ချီတဲ့ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်တွေ ရှိတယ်၊ ပြီးတော့ ငါက မင်းကို သတ်ချင်နေတာ”
“မင်းမှာ လူက ရာကျော်လေးပဲ ရှိတာ၊ မင်း ဘယ်လို တိုက်ခိုက် မှာလဲ”
ကျားနက်ဧကရာဇ်၏ မျက်လုံး၌ လှောင်ရိပ်များ ယှက်သန်းနေ၏။ နတ်ဧကရာဇ်အဆင့်များ၏ အစွမ်းနှင့်ပင် သူတို့ ဖိနှိပ်နိုင်ပြီ ဖြစ်သည်။
သိုင်းပညာရှင် အရေအတွက်နှင့်လည်း သူတို့ ဖိနှိပ်နိုင်သည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်နှင့် အခြားသူများ သေကိုသေလိမ့်မည်ဟု ထင်နေလေသည်။
သူ့စကားကိုကြားပြီးနောက် ယဲ့ဖန်၏ နှုတ်ခမ်းထောင့်က တွန့်ကွေး လာသည်။
“မင်းတို့ဘက်က လူများတယ်၊ ငါတို့ဘက်က လူနည်းတယ် ဟုတ်လား”
“ဟုတ်တယ်”
ကျားနက် ဧကရာဇ်က ကျေနပ်စွာ ပြုံးနေသည်။
“လူများတဲ့ဘက်က နည်းတဲ့ဘက်ကို သတ်တာလေ၊ မင်း ဘယ်လိုလုပ် နိုင်မှာလဲ”
ဝုန်း!
ကျားနက် ဧကရာဇ်၏ စကားသံအဆုံး၌ ထောင်ချီသော သိုင်းပညာရှင် များက ရှေ့သို့လှမ်း လာကြသည်။
လူတိုင်းသည် လက်ထဲ၌ ဓားတစ်လက်ကိုကိုင်စွဲ၍ လူသတ် လိုသော အငွေ့အသက်များဖြင့် ကောင်းကင်ထက်မှ ပျံသန်းလာ ကြသည်။ ထောင်ချီသော လူများအားလုံး လှုပ်ရှားလာပြီး ယဲ့ဖန်အား ဝိုင်းလာသည်။
ဤမြင်ကွင်းကိုမြင်သောအခါ ယဲ့ဖန်နှင့် နတ်ဆိုးအဖွဲ့များများက ရပ်မြဲတိုင်းရပ်၍ ခံစားချက်မဲ့စွာ ငြိမ်နေကြသည်။
လူတိုင်း၏မျက်နှာထက်၌ လှောင်ရိပ်များ ယှက်သန်းနေပြီး ထောင်ချီသော သိုင်းပညာရှင် များအား သေလူများကို ကြည့်သကဲ့သို့ ကြည့်နေကြလေသည်။
“ကောင်းပြီလေ၊ လူများတဲ့ဘက်က နည်းတဲ့ဘက်ကို သတ်ဖြတ် ရတာကို သဘောကျမှတော့ အဲ့အတိုင်း သတ်ရတာပေါ့”
ယဲ့ဖန်၏ စကားသံ ထွက်ပေါ်လာပြီးနောက် ကျားနက် ဧကရာဇ်နှင့် အခြားသူများအားလုံး တွေဝေသွားကြသည်။ ယဲ့ဖန်၏ စကားကို သူတို့ နားမလည်ကြချေ။
သို့သော် နောက်ထပ် ဖြစ်ပေါ်လာသော မြင်ကွင်းက သူတို့ကို သွေးပျက်သွားစေခဲ့သည်။
ဝီ! ဝီ! ဝီ!
တဝီဝီအသံထွက်ပေါ်လာပြီးနောက် အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
မည်းမှောင်သော တိမ်တိုက်များ ကောင်းကင်ကို အုပ်မိုးသွားသလို ကျားနက်ဂြိုဟ် တစ်ခုလုံး ညအချိန်သို့ ရောက်သွားသကဲ့သို့ မှောင်မိုက်သွားလေသည်။
“အဲ့ဒါ … အဲ့ဒါ ပုရွက်ဆိတ်ပဲ”
သိုင်းပညာရှင်တိုင်း မျက်ခုံး တဆတ်ဆတ်လှုပ်လာပြီး မယုံကြည်နို င်သော မျက်လုံးများနှင့် ကြည့်နေမိကြသည်။
သို့သော် လူတိုင်း ထိတ်လန့်နေကြလေသည်။
ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များက သူတို့၏ တောင်ပံများကို တဖျပ်ဖျပ်ခတ်၍ ပျံသန်းနေကြသည်။ ထို့နောက် အောက်ဘက်ရှိ ထောင်ချီသော သိုင်းပညာရှင် များထံသို့ တစ်ဟုန်ထိုး ဆင်းသက်လာသည်။
ရွှစ်! ရွှစ်! ရွှစ်!
ထောင်ချီသော သိုင်းပညာရှင်များမှနေ၍ သွေးများ ပန်းထွက် လာလေသည်။ ထိုများပြားလှသော ပုရွက်ဆိတ် အုံကြီးသည် ထိုသိုင်းပညာရှင်များ၏ ခန္ဓာကိုယ်ထဲသို့ ကျည်ဆန်များသဖွယ် ထိုးဖောက် ဝင်ရောက်သွားသည်။
သိုင်းပညာရှင်တိုင်း၏ ခန္ဓာကိုယ်၌ သွေးသံတရဲရဲနှင့် အပေါက်ရာ များနှင့် ပြည့်နှက်လာသည်။ သွေးပျက်ဖွယ် ကောင်းသော အသံများ ပဲ့တင်ထပ်လာသည်။
ထိုမျှနှင့် မပြီးသေးချေ။ ထိုပုရွက်ဆိတ်များသည် သိုင်းပညာရှင် များထံသို့ အရူးအမူး ပြေးဝင်သွားပြီးနောက် ငရဲခန်းမှ မြင်ကွင်းကို မြင်လိုက်ရသကဲ့သို့ ဆိုးရွားသော မြင်ကွင်းတစ်ခုက လူတိုင်း၏ မျက်စိရှေ့၌ ဖြစ်ပေါ်လာသည်။
Chapter 464 နတ်ဆိုးတွေ လာကြစမ်း
“အား ….”
ကျားနက်ဂြိုဟ်ပေါ်၌ ငယ်သံပါအောင် အော်ဟစ်နေသံများက ဆက်တိုက် ပဲ့တင်ထပ်၍ ထွက်ပေါ်နေသည်။
ထိုထောင်ချီသော သိုင်းပညာရှင်များအဖွဲ့၌ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားသည်ကို လူတိုင်း ထိတ်လန့်တကြား မြင်တွေ့ လိုက်ရသည်။
ဂျွတ်! ဂျွတ်!
ဝိညာဉ်စား ပုရွက်ဆိတ်များက ထိုသိုင်းပညာရှင်များ၏ အသွေး အသားများအား အားပါးတရ စား၍ သူတို့၏ ကြွက်သားများ ကြား၌ ကူးလူးနေသည်။
ဆန်းကြယ်ရေခဲချီဓာတ်၊ ထိပ်တန်း အဆိပ်ချီဓာတ်များက ထိုပုရွက်ဆိတ်များ၏ ပါးစပ်မှနေ၍ ပျံ့လွင့်လာသည်။
သိုင်းပညာရှင်အချို့သည် ကြမ်းပြင်ထက်၌ အေးခဲနေပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် အရိုးပုံ ဖြစ်သွားကြ လေသည်။
အချို့သော သိုင်းပညာရှင်များသည် ပုပ်ပွသွားပြီးနောက် အသားပုံ အဖြစ် အစားခံလိုက် ရလေသည်။
လူဆယ်ယောက်၊ လူ အယောက်တစ်ရာ၊ ထောင်သောင်းချီသော လူများ။
နောက်ဆုံးသော အော်ဟစ်သံ ထွက်ပေါ်လာပြီးနောက် ရုတ်တရက် တိတ်ကျသွားသည်။
တစ်မိနစ်ပင် မကြာသောအချိန်၌ ထိုထောင်ချီသော သိုင်းပညာရှင် များကြားတွင် အသက်ရှင်သူ ဟူ၍ မရှိတော့ချေ။
သွေးများက နေရာတိုင်း ပျံ့နှံ့နေပြီး အလောင်းများက နေရာတိုင်း၌ တောင်လိုပုံနေ၏။
တိတ်ဆိတ်နေသည်။ ထိုသို့သောအချိန်၌ ကျားနက်ဂြိုဟ်တစ်ခုလုံး တိတ်ဆိတ်နေသည်။
တဂျွတ်ဂျွတ်အသံများက လူတိုင်း၏ နားစည်ထဲသို့ ထပ်ခါထပ်ခါ လွင့်ပျံ့လာသည်။ သွေးနံ့များက တလှိုင်လှိုင်ထနေပြီး စက်ဆုပ်ဖွယ် ကောင်းလှသည်။
“ဒါက …”
“ဒါက … ဝိညာဉ်စား ပုရွက်ဆိတ်တွေ …”
ကျားနက် ဧကရာဇ်နှင့် ကောင်းကင်ထက်မှ ဘုရင်များအားလုံး ထိတ်လန့်နေကြသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ထောင်ချီသော သိုင်းပညာရှင်များက အလောင်းပုံအဖြစ် ဝါးမျိုခံလိုက် ရသည်က မယုံနိုင်စရာကောင်းလှသည်။
“သေစမ်း၊ ဒီမျိုးမစစ်ကောင်ကို ဘယ်လိုလုပ် ဝိညာဉ်စား ပုရွက်ဆိတ်တွေက ကူညီပေးနေ ရတာလဲ”
ကျားနက်ဧကရာဇ်၏ နဖူး၌ ချွေးအေးများ စို့တက်လာသည်။ ထိုအကောင်များသည် သားလောင်း ဝိညာဉ်စား ပုရွက်ဆိတ် များသာ ဖြစ်မှန်း သူ မြင်နေရပါသည်။
သို့သော် ထိုထောင်သောင်းချီသော သားလောင်းအဆင့် ဝိညာဉ်စား ပုရွက်ဆိတ်များသည် သူ့အား ကြက်သီးမွေးညင်းထအောင် လုပ်နိုင်နေသည်။
မိစ္ဆာပင်။ ထိုအကောင်များသည် မိစ္ဆာဆန်သော ကြောက်မက်ဖွယ် သားရဲများပင်။
“အခု ဘယ်သူ့ဘက်က လူများပြီး ဘယ်သူဘက်က လူနည်းလဲ”
ထိုသို့သောအချိန်၌ ယဲ့ဖန်က ကောင်းကင်ထက်မှ ကျားနက် ဧကရာဇ်ကို မော့ကြည့်၍ လှောင်ပြုံးပြုံးနေသည်။
ကျားနက် ဧကရာဇ် မျက်နှာပြာနှမ်းနေသည်။ မျက်နှာကို ဖြတ်ရိုက်လိုက်သလို ခံစားလိုက်ရသည်။
သူသည် ယခုလေးတင် လူများသောဘက်က လူနည်းသော ဘက်ကို သတ်နိုင်သည်ဟု ပြောခဲ့သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ ထောင်ချီသော သိုင်းပညာရှင်များသည် ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များ၏ သုတ်သင် ခြင်းကို ခံလိုက်ရလေသည်။
ဤသည်က ပါးဖြတ်ရိုက်ခံလိုက်ရသလို သူ့မျက်နှာ၌ ပြင်းထန် သော နာကျင်မှုကို ခံစားရစေသည်။
“နတ်ဆိုး ဧကရာဇ် မင်းက တော်တော် မောက်မာတာပဲ”
ကျားနက်ဧကရာဇ်သည် သုန်မှုန်၍ ဖျော့တော့နေသည်။
“ငါ့မှာ အကူမရှိတော့ဘူးလို့ မင်း ထင်နေတာလား”
ထို့နောက် ကျားနက်ဧကရာဇ်က အခြားနတ်ဆိုးများကို ဝေ့ကြည့်၍ ထပ်ခါထပ်ခါ ရယ်မော လေသည်။
“နတ်ဆိုးမျိုးနွယ်က အကြွင်းအကျန် ရှိနေဦးမယ်လို့ ငါ ခန့်မှန်းထား မိပြီးသား။ အဲ့ဒါကြောင့် ငါ့ရဲ့ ကျားနက် ဖန်ဆင်းရှင်က လုံးဝ မပေါ်လာတာပေါ့”
*ကျားနက် ဖန်ဆင်းရှင်လား*
ထိုစကားလုံး လေးလုံးကို ကြားသည်နှင့် မိုးမြေနတ်ဆိုးနှင့် သွေးအရိပ်နတ်ဆိုးတို့ ချောက်ခြားသွား ကြလေသည်။
ကျားနက် အင်ပါယာအား အဆင့်သုံး အင်ပါယာဟု သတ်မှတ် ထားခြင်းသည် ကျားနက် ဧကရာဇ်က နတ်ဧကရာဇ် နောက်ဆုံး အဆင့် ဖြစ်နေသောကြောင့်ပင် မဟုတ်ချေ။ နောက်ထပ် အကြောင်းပြချက် တစ်ခုရှိသေးသည်။
ဤသည်မှာ ကျားနက် ဖန်ဆင်းရှင်ကြောင့်ပင်။ ၎င်းသည် ထောင်စုနှစ်များစွာ အမွေဆက်ခံခဲ့သည့် ကြောက်မက်ဖွယ် ကောင်းသော အင်အားစု ဖြစ်လေသည်။
၎င်းသည် ကျားနက်ဂြိုဟ်ပေါ်၌ ငြိမ်နေသော မဟာအင်အားစုကြီး ဖြစ်သည်။ ကျားနက် အင်ပါယာကြီး ဘေးအန္တရာယ် ကျရောက်မှသာ ပေါ်ထွက်လာသည်။
သို့သော် ၎င်းတို့ ပေါ်ထွက်လာသည့် အကြိမ်တိုင်း၌ လေပြင်းမုန်တိုင်း တိုက်ခတ်၍ သွေးမိုးရွာလေ့ရှိသည်။
ယခုအချိန်၌ နတ်ဆိုးနှင့် အခြားသူများ အကြီးအကျယ် မျက်နှာပျက် နေကြသည်။ ကျားနက် ဧကရာဇ်၏ ရယ်သံက ပိုပို၍ ကျယ်လောင်လာသည်။
“ငါ့ရဲ့ တော်ဝင် သံမဏိ စစ်တပ် ထွက်လာခဲ့စမ်း”
ထိုစဉ် ကျားနက် ဧကရာဇ်သည် ကောင်းကင်ထက်သို့ အချက်ပြ လိုက်သည်။
ဝီ! ဝီ! ဝီ!
ရုတ်တရက် ထိတ်လန့်ဖွယ်ကောင်းသော စစ်သင်္ဘောများသည် မည်သည့် နေရာမှ ထွက်ပေါ်လာမှန်း မသိရဘဲ ချက်ချင်း ရောက်ရှိ လာသည်။
တစ်စီး၊ ဆယ်စီး၊ အစီးတစ်ရာ။
စစ်သင်္ဘောများ တစ်ရာတိတိ ရှိနေသည်။ စစ်သင်္ဘော တစ်စီးချင်း စီတိုင်းသည် C အဆင့် စစ်သင်္ဘောများဖြစ်ပြီး နတ်ဧကရာဇ် အဆင့်ကိုပင် သတ်ဖြတ်နိုင်သည့် C အဆင့် နတ်ဘုရား အလင်းတော်မြောက်များ ပါရှိလေသည်။
ထိုသို့သောအချိန်၌ ကျားနက်ဂြိုဟ်တစ်ခုလုံး၌ ဖိနှိပ်နိုင်သော C အဆင့် စစ်သင်္ဘော အစီးတစ်ရာဖြင့် ပြည့်နှက်သွားလေသည်။
ကမ္ဘာပျက်ကိန်း ကျရောက်လာသလိုပင်။ ဤမြင်ကွင်းကြောင့် အဘိုးအိုနှင့် ရွှမ်ချင်းအာတို့၏ မျက်နှာတို့သည် အလွန်အမင်း ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။
“မြတ်စွာဘုရား … C အဆင့် စစ်သင်္ဘော အစီးတစ်ရာပါလား”
အဘိုးအို၏ ကျော၌ ချွေးအေးများဖြင့် ရွှဲစိုနေသည်။ သူသည် ယဲ့ဖန်နှင့် အခြားသူများကို သနားသော အကြည့်များဖြင့် ကြည့်လိုက်မိသည်။
ကျားနက် ဧကရာဇ်သည် ထိပ်တန်း ဧကရာဇ် ဆယ်ယောက်အပြင် ကျားနက် ဂြိုဟ်အစောင့်အရှောက် အယောက်တစ်သောင်းနှင့် C အဆင့် စစ်သင်္ဘော အစီးတစ်ရာကို စောင့်နေခဲ့ခြင်း ဖြစ်သည်။
ဤသို့သော ကြောက်မက်ဖွယ်ကောင်းသည့် အင်အားစုကြောင့် လူတစ်ရာမျှသာ ရှိသော ယဲ့ဖန်တို့အတွက် သေစေနိုင်သည့် အခြေအနေပင်။
ဝိညာဉ်စား ပုရွက်ဆိတ်များ ထောင်သောင်းချီ၍ ရှိနေလည်း အသက်ရှင်နိုင်မည့် အကြောင်းရင်း မရှိချေ။
“ဘယ်လိုလုပ်မလဲ”
ရွှမ်ချင်းအာ၏ လှပသော မျက်နှာလေးက ဖြူရော်နေသည်။ ယခင်က ယဲ့ဖန်သည် သူမအသက်ကို ကယ်ခဲ့ဖူးသည်။ ဤနေရာ၌ အခြားသူတစ်ယောက် အသက် ဆုံးရှုံးသွားရသည်ကို သူမ မမြင်လိုပါသည်မှာ သဘာဝပင်။
စိတ်ဓာတ်ကျနေကြသည်။ သူတို့ဆရာတပည့်နှစ်ယောက် သာမက ရှောင်ချီရှို့၏ မျက်နှာကပါ ပျက်ယွင်းနေသည်။
“ဆရာ …”
ရှောင်ချီရှို့၏ မျက်လုံး၌ မျက်ရည်များ ရစ်ဝဲနေသည်။ သူ့ဆရာကို သူ ကူညီချင်သည်၊ သူ သေရမည်ဆိုလျင်တောင်မှ နောင်တမရပါ။
သို့သော် ဤသို့ ကြောက်မက်ဖွယ်ကောင်းသော အင်အားစု လက်အောက်တွင် အဆင့်နိမ့်များကို သူ သတ်နိုင်လျင်တောင်မှ သူသည် ဘာမဟုတ်သည့် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။
*ဒီလိုနဲ့ ပြီးသွားတော့မှာလား*
ကျားနက် ဂြိုဟ်မှ သိုင်းပညာရှင်များအားလုံး ယဲ့ဖန်နှင့် အခြားသူများကို လှမ်းကြည့်လာ ကြသည်။ ထို့နောက် ယဲ့ဖန်၏ ဆိုးရွားသော အဆုံးသတ်ကို ကြိုမြင်နေသကဲ့သို့ ခေါင်းတခါခါနှင့် သက်ပြင်းချ နေကြသည်။
“နတ်ဆိုးဧကရာဇ် လိမ်လိမ်မာမာနဲ့ အညံ့ခံပါ”
“အဲ့လိုမှမဟုတ်ရင် သေရမယ်”
ထိုသို့သောအချိန်၌ ကျားနက်ဧကရာဇ်က ထိပ်တန်း ဧကရာဇ် ဆယ်ယောက်ကို စောင့်နေပြီး လူတိုင်းက တအံ့တဩနှင့် ယဲ့ဖန်ကို လှမ်းကြည့်လာကြသည်။
*သေရမယ်တဲ့လား*
ထိုစကားကြောင့် ယဲ့ဖန်က ပြုံး၍ ခေါင်းခါလိုက်သည်။
“မင်းရဲ့ ကျားနက် ဖန်ဆင်းရှင်က ဘယ်မလဲ၊ ငါ မမြင်မိပါလား”
*ဟမ်*
ယဲ့ဖန်၏ အပြောကြောင့် ကျားနက် ဧကရာဇ်နှင့် အခြားသူများ မသိမသာ မှင်တက်သွား ကြသည်။
ထို့နောက် ကျားနက် ဧကရာဇ်၏ မျက်နှာ၌ လှောင်ပြောင် သရော်လိုဟန်များ ပြည့်နှက်နေသည်။
“ကောင်းပြီလေ၊ မင်းက မြင်ချင်နေမှတော့ ငါက ပြရသေးတာပေါ့၊ ငါ့ရဲ့ မြင့်မြတ်တဲ့ ကျားနက် အင်ပါယာရဲ့ အစောင့်အရှောက်တွေ”
ကျားနက် ဧကရာဇ်က အချက်ပြ၍ ခေါ်လိုက်သည်။
“ကျားနက် ဖန်ဆင်းရှင်၊ ထွက်လာခဲ့ကြ”
ဝုန်း!
ကျားနက် ဧကရာဇ်၏ အသံက ကောင်းကင်ထက် ပျံ့နှံ့သွားပြီး စစ်သင်္ဘော အစီးတစ်ရာထံသို့ ရောက်ရှိသွားသည်။
ကျွီ!
စစ်သင်္ဘော၏ တံခါးများ ပွင့်လာကြသည်။ ထို့နောက် သွေးစွန်းနေသည့် လူရိပ်များက တစ်ယောက်ပြီး တစ်ယောက် ပြုတ်ကျလာသည်။
ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်၊ အယောက် တစ်သန်း။
သွေးအလိမ်းလိမ်းနှင့် ပြုတ်ကျလာကြသည်။ သို့သော် ထိုသွေးစွန်းနေသည့် အရိပ်များကို သေချာမြင်ရသည်နှင့် လူတိုင်း မှင်တက်သွားကြသည်။
ခေါင်းတွေပါလား။
ထိုသွေးစွန်းနေသည့် လူရိပ်များသည် လူတစ်ကိုယ်လုံး မဟုတ်ဘဲ သွေးအလိမ်းလိမ်း ဖြစ်နေသည့် ခေါင်းပြတ်များ ဖြစ်နေသည်။
*ဟာ*
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။ ခေါင်းပြတ် အလုံးတစ်သောင်းက ကောင်းကင်မှနေ၍ ဖက်ထုပ်များကဲ့သို့ ပြုတ်ကျလာသည်။
ခေါင်းပြတ်များက မိုးစက်များကဲ့သို့ တဖွဲဖွဲ ကျဆင်းလာသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ထိပ်တန်း ဘုရင်ဆယ်ယောက်နှင့် ကျားနက်ဧကရာဇ်တို့ တွေဝေ ငေးငိုင် နေကြလေသည်။
“ကျားနက် စစ်သူကြီး”
“ကျားနက် ဂိုဏ်းချုပ်”
“ကျားနက် ဘုရင်”
“….”
လတ်စသက်တော့ သူတို့က ကျားနက်ဂြိုဟ်မှ နတ်ဆိုးတွေ ဖြစ်နေလေသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ထိုအချိန်တွင် ကျားနက် ဧကရာဇ်နှင့် အခြားသူများအားလုံး ငေးငိုင် နေစဉ်တွင် ခေါင်းပြတ် အားလုံးနီးပါး ပြုတ်ကျ သွားလေသည်။
ထိုခေါင်းပြတ်အားလုံး၏ မျက်နှာထက်၌ မယုံကြည်နိုင်သော အရာများကို ကြုံတွေ့ခဲ့ရသကဲ့သို့ ထိတ်လန့်တုန်လှုပ်နေသော အမူအရာများနှင့် ပြည့်နှက်နေသည်။
ဘုတ်!
နောက်ဆုံး ခေါင်းပြတ်တစ်လုံး ပြုတ်ကျသွားပြီးချိန်တွင် ကျားနက်ဂြိုဟ်၏ ကြမ်းပြင်၌ သွေးစွန်းနေသည့် ခေါင်းပြတ်များ ဖြင့် ပြည့်နှက်သွားလေ၏။
ရက်စက်လွန်းသည်၊ ကြောက်မက်ဖွယ် ကောင်းလွန်းသည်။ လူတိုင်း ခေါင်းမွေးထောင် လာကြသည်။
ကျားနက်ဂြိုဟ် သိုင်းပညာရှင်များသာမက နတ်ဆိုးများပါ ထိတ်လန့်သွားကြသည်။
ထိုသို့သောအချိန်၌ ယဲ့ဖန်က ရှေ့သို့ ဖြည်းဖြည်းလှမ်းလာ၍ ဖန်ဆင်းရှင် တစ်ယောက်၏ ခေါင်းပြတ်ကို ကောက်ယူလိုက်သည်။
သူက နှုတ်ခမ်းတွန့်ရုံပြုံး၍ ကျားနက် ဧကရာဇ်ကို လှမ်းပြော လိုက်သည်။
“ဒါ မင်းပြောတဲ့ အစောင့်အရှောက် သံမဏိ စစ်တပ်လား”
မုန်းသည်။ ထိုသို့သောအချိန်၌ ကျားနက် ဧကရာဇ်သည် ယဲ့ဖန်အား အရိုးထဲမှနေ၍ မုန်းတီးမိသည်။
“မင်းလက်ချက်ကိုး”
“မင်း ဘယ်လိုလုပ်လိုက်တာလဲ”
ကျားနက် ဧကရာဇ် အံ့ဩမိသည်။ သူ၏ ထောင်သောင်းချီသော သံမဏိ စစ်သားများသည် တိတ်တဆိတ် အသတ်ခံလိုက်ရပြီး ခေါင်းဖြတ်ခံ လိုက်ရသည်။ ဤသည်မှာ အံ့ဩစရာ ကောင်းလွန်း လှသည်။
ချက်ချင်းဆိုသလို ထိပ်တန်းဘုရင် ဆယ်ယောက်နှင့် များစွာသော ကျားနက်ဂြိုဟ်မှ သိုင်းပညာရှင်များအားလုံး ယဲ့ဖန်ကို လှမ်းကြည့် လာကြသည်။
ထိုစဉ် ယဲ့ဖန်က ပြန်ပြောလိုက်သည်။
“မင်းက သိချင်နေမှတော့ ငါကလည်း ပြောပြရတာပေါ့”
ယဲ့ဖန်က ထိုသို့ပြောပြီးသည်နှင့် လက်ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်ထက်က C အဆင့် စစ်သင်္ဘော အစီးတစ်ရာကို မော့ကြည့်၍ ပြောလိုက်သည်။
“နတ်ဆိုးတွေ လာကြစမ်း”
Chapter 465 နတ်ဆိုးတွေ မွေးဖွားလာမှတော့ နတ်ဘုရားတွေကို ဖျက်ဆီးမှာပေါ့
“လာကြစမ်း”
ယဲ့ဖန်၏ ကျယ်လောင်သော ဟစ်ကြွေးသံအဆုံး၌ ကောင်းကင်ရှိ C အဆင့် စစ်သင်္ဘော အစီးတစ်ရာမှ အနက်ရောင် လူရိပ်များက တဖွဲဖွဲ ဆင်းလာကြသည်။
ဝှစ်! ဝှစ်!
ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်၊ အယောက် တစ်သောင်း။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ကြောက်မက်ဖွယ် ကောင်းသော သိုင်းပညာရှင် အယောက် တစ်သောင်းသည် ကောင်းကင် ထက်မှ ဆင်းလာကြသည်။
ကြည်လင်နေသော ကောင်းကင်ထက်၌ အနက်ရောင်လူရိပ်များက ဖုံးအုပ်သွားသည်။ ထိတ်လန့်ဖွယ် အကောင်းဆုံးသည်ကား ထိုသိုင်းပညာရှင်များထဲတွင် အားအနည်းဆုံးက နတ်ဘုရား ဂိုဏ်းချုပ်အဆင့် ဖြစ်နေခြင်းပင်။
နတ်ဘုရား ဂိုဏ်းချုပ်အဆင့်များ အများအပြား ရှိနေလေသည်။ နတ်ဧကရာဇ် တစ်ပိုင်းအဆင့်များလည်း ရာချီ၍ ရှိနေသည်။
ပို၍ သွေးပျက်ဖွယ်ကောင်းသည်ကား ထိုသူတို့အား နတ်ဧကရာဇ် နောက်ဆုံးအဆင့် နှစ်ယောက်နှင့် နတ်ဧကရာဇ် အလယ်အလတ် အဆင့် လေးယောက်က ဦးဆောင်လာခြင်းပင်။
“အဆင့်သုံး ခရမ်းစွန် အင်ပါယာက ခရမ်းစွန် ဧကရာဇ်”
“အဆင့်သုံး အဆိပ်အင်ပါယာက အဆိပ် ဧကရာဇ်”
“အဆင့်နှစ် အင်ပါယာက သိမ်းငှက် ဧကရာဇ်”
“…”
မျက်စိရှေ့မှ ကြောက်မက်ဖွယ်ကောင်းသော လူများသည် နတ်ဆိုးများလိုပင်။
ကျားနက် ဧကရာဇ်ဖြစ်စေ၊ သူ့အနောက်မှ ထိပ်တန်း ဘုရင် ဆယ်ယောက်ပင်ဖြစ်စေ၊ လူတိုင်း ချွေးတဒီးဒီး ကျနေကြသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”
“သူတို့တွေက ကျားနက် အင်ပါယာနားက ကြောက်စရာကောင်းတဲ့ ဧကရာဇ်တွေလေ၊ သူတို့ ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ”
ကျားနက် ဧကရာဇ် တအံ့တဩ ဖြစ်နေသည်။
ခရမ်းစွန် ဧကရာဇ်နှင့် အဆိပ် ဧကရာဇ်တို့သည် ကြောက်မက်ဖွယ် ကောင်းသော သူများဖြစ်ပြီး ခွန်အားက သူ့ထက် မနိမ့်ချေ။
ထို့အတူ သူတို့၏အနောက်မှ နတ်ဧကရာဇ် အလယ်အလတ်အဆင့် လေးယောက်လုံးသည် ဂုဏ်သတင်းကြီးသော ထိပ်တန်း သိုင်းပညာရှင်များ ဖြစ်ကြလေသည်။
ကျားနက် ဧကရာဇ်သည် သူတို့ကို မုန်းတီးသော် လက်စားချေနိုင်စွမ်း မရှိချေ။
*ဘယ်လိုလုပ် …*
ထိုသို့သောအချိန်၌ ကျားနက် ဧကရာဇ်၏ မျက်လုံး၌ မုန်းတီးမှုများနှင့် ပြည့်နှက်နေပြီး မျက်နှာထားတင်းတင်းဖြင့် မေးလိုက်သည်။
“ခရမ်းစွန် ဧကရာဇ်၊ အဆိပ် ဧကရာဇ်၊ မင်းတို့ ရူးနေလား။ ငါ့ရဲ့ ကျားနက် အင်ပါယာကို တိုက်ခိုက်ပြီး ငါ့ရဲ့ ကျားနက်ဂြိုဟ် အစောင့်အရှောက်တွေကို သတ်ပစ်တယ်”
“ဘာကြောင့်လဲ”
ကျားနက် ဧကရာဇ်၏ ဒေါသသည် အထွတ်အထိပ်သို့ ရောက်ရှိ သွားလေသည်။ ထိုစကားကို ကြားသည်နှင့် ခရမ်းစွန် ဧကရာဇ်နှင့် အဆိပ်ဧကရာဇ်တို့က လှောင်ပြုံး ပြုံးလာသည်။
သူတို့နှစ်ယောက်လုံးသည် လက်မောင်းပေါ်မှ အင်္ကျီစကို ဆွဲဖြဲလိုက်သည်၊ ထိုအခါ အနက်ရောင် ဦးခွံ သင်္ကေတက ရုတ်တရက် အားလုံး၏ မြင်ကွင်းထဲသို့ ထွက်ပေါ်လာသည်။
“ဘာလို့လဲ ဟုတ်လား”
“ဘာလို့လဲဆိုတော့ သေမင်း ဦးခွံကြောင့်ပဲ”
“ဘာလို့လဲဆိုတော့ ငါတို့က နတ်ဆိုးတွေမို့လို့ပဲ”
*ဘာ*
ထိုစကားကြောင့် ကျားနက် ဧကရာဇ် မှင်တက်သွားသည်။
*နတ်ဆိုးလား*
နတ်ဆိုးမျိုးနွယ်များက အဆင့်နှစ် အင်ပါယာ၏ တော်ဝင်မျိုးနွယ် ထဲသို့ ထိုးဖောက်ဝင်ရောက် ထားရုံသာမက အဆင့်သုံး အင်ပါယာ၏ ဧကရာဇ်ကလည်း နတ်ဆိုးမျိုးနွယ်ထဲက ဖြစ်နေလိမ့် မည်ဟု သူ ထင်မထားမိပါ။
*ဒါက …*
ထိုသို့သောအချိန်၌ ကျားနက် ဧကရာဇ်နှင့် ထိပ်တန်း ဘုရင်ဆယ်ယောက်လုံး အေးစက်ကာ ကြက်သီးမွေးညင်း ထလာကြသည်။
သူတို့၏ ထိတ်လန့်နေသော အကြည့်များအောက်မှာပင် ခရမ်းစွန် ဧကရာဇ်နှင့် အဆိပ် ဧကရာဇ်တို့သည် နတ်ဧကရာဇ် အလယ်အလတ်အဆင့် သိုင်းပညာရှင် လေးယောက်နှင့် သိုင်းပညာရှင် အယောက်တစ်သောင်းတို့ကို ဦးဆောင်၍ ယဲ့ဖန် ရှေ့၌ ဒူးတစ်ဖက် ထောက်လာကြသည်။
လူတိုင်း အလွန်အမင်း ဝမ်းသာ ပီတိဖြစ်နေကြသည်။
“ခရမ်းစွန် နတ်ဆိုး ကျစ်ယုက သခင်ကြီးကို ဂါဝရပြုပါတယ်”
“အဆိပ်နတ်ဆိုး ပိုရှာက သခင်ကြီးကို ဂါဝရပြုပါတယ်”
“သိမ်းငှက်နတ်ဆိုးက သခင်ကြီးကို ဂါဝရပြုပါတယ်”
“….”
ကြွေးကြော်သံများက ကျားနက် ဂြိုဟ်တစ်ခုလုံးကို တုန်လှုပ် သွားစေသည်။
*နတ်ဆိုးတွေတဲ့*
*နတ်ဧကရာဇ် နောက်ဆုံးအဆင့် နှစ်ယောက်၊ နတ်ဧကရာဇ် အလယ်အလတ်အဆင့် လေးယောက်နဲ့ အားလုံးက နတ်ဆိုးတွေ ပါလား*
ထိုနတ်ဆိုးခြောက်ယောက်၏ အနောက်မှ တစ်သောင်းသော သိုင်းပညာရှင်များကလည်း ဝမ်းသာအားရ ဟစ်ကြွေးလာသည်။
“ကျွန်တော်တို့က နတ်ဆိုးတွေနဲ့ သခင်ကြီးကို ပြန်တွေ့ရဖို့ စောင့်နေခဲ့တာပါ”
ထိုသို့သောအချိန်၌ ဤထောင်သောင်းချီသော လူများ၏ အရိုအသေ ပေးနေသော ထိတ်လန့်ဖွယ် မြင်ကွင်းကိုကြည့်ပြီး လူတိုင်း ထိတ်လန့်သွားကြသည်။
ကျားနက်ဂြိုဟ်ပေါ်မှ သိုင်းပညာရှင်များအားလုံး မှင်တက် နေကြသည်။
နတ်ဘုရား ဆရာသခင်အဆင့်လေးက ကျားနက်ဂြိုဟ်တစ်ခုလုံးကို ရိုက်ချသွားနိုင်မည်ဟု သူတို့ ထင်မှတ်မထားမိကြချေ။
ပထမ၌ ရှောင်ချီရှို့၊ ထို့နောက် သွေးအရိပ် ဧကရာဇ်နှင့် အခြားသူများ။ ယခုအခါတွင် အဆင့်သုံး အင်ပါယာနှင့် အဆင့်နှစ် အင်ပါယာမှ ဧကရာဇ်များတောင်မှ ရောက်လာကြလေသည်။
ဤသည်မှာ အလွန် အံ့ဩစရာ ကောင်းလှသည်။
“ဒါ … ဒါက နတ်ဆိုးတွေလား”
“နတ်ဆိုး ဧကရာဇ်လည်း ဒီရောက်နေပြီးတော့ နတ်ဆိုးတွေလည်း စုစည်းနေကြပြီ၊ သူ အော်ပြောလိုက်တာနဲ့ ကျန်တဲ့ နတ်ဧကရာဇ် ရှစ်ယောက်က သူ့ကို ကာကွယ်ကြတယ်”
ဤထိတ်လန့်ဖွယ်ကောင်းသည့် စည်းလုံးမှုက နတ်ဘုရား မျိုးနွယ်တိုင်းကို တုန်ယင်သွားစေသည်။
ထိုသို့သောအချိန်၌ ယဲ့ဖန်နှင့် အခြားသူများသည် ဘေးပတ်လည်မှ ထိတ်လန့်နေသော နတ်ဘုရားမျိုးနွယ်များကို အရေးမစိုက်ချေ။ သူတို့သည် အချင်းချင်း ပြန်ဆုံတွေ့ကြ သောကြောင့် ဝမ်းသာ စိတ်ဖြင့် မျက်ရည်ကျနေကြသည်။
ယဲ့ဖန်က ခရမ်းစွန်နှင့် အခြားသူများကို ပြန်ထရန် ဖေးမ လိုက်သည်။ လူတိုင်းသည် ရက်စက် ကြမ်းကြုတ်လှသည်။ ယခုအချိန်၌ နတ်ဆိုးနယ်မြေ ဆယ်ခုမှ နတ်ဆိုးများ ပြန်လည်ဆုံ တွေ့ကြလေပြီ။
“သခင်ကြီး၊ နတ်ဆိုး သုတ်သင်ခြင်း စစ်ပွဲအပြီးမှာ ကျွန်တော်တို့ ခြောက်ယောက်က ကျွန်တော်တို့ ညီအစ်ကိုတွေဆီကနေ ခွဲထွက် ပြီးတော့ အင်ပါယာ ဂြိုဟ်နယ်မြေထဲမှာ ပုန်းလျှိုးကွယ်လျှိုး နေရုံပဲ တတ်နိုင်ခဲ့တယ်”
ခရမ်းစွန်၏ မျက်လုံး၌ မျက်ရည်များ ရစ်ဝဲနေပြီး သူ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေသည်။
“နှစ်ရာနဲ့ချီပြီး ကြာတဲ့အခါကျမှ နတ်ဆိုးမျိုးနွယ်ရဲ့ အင်အားကို ပြန်လည် ဖော်ထုတ်ဖို့အတွက် ကျွန်တော်တို့ အင်ပါယာကို လုယူပြီး နတ်ဆိုးမျိုးနွယ် တစ်သောင်းရှိတဲ့ စစ်တပ်ကို ဖွဲ့စည်းခဲ့ ပါတယ်။”
“သခင်ကြီးရဲ့ သေမင်း ဦးခွံအမိန့်ကို နောက်တစ်ခါ ရရှိလာမယ်လို့ ကျွန်တော် ထင်မထားခဲ့မိဘူး”
ကျစ်ယုနှင့် ပိုရှာနှင့် ကျန်နတ်ဧကရာဇ်အဆင့် နတ်ဆိုးတို့သည် သူတို့လက်မောင်းထက်၌ သေမင်း ဦးခွံ ထွက်ပေါ်လာချိန်တွင် ဝမ်းသာသွားကြသည်။
သူတို့ခြောက်ယောက်လုံး ငိုကြွေးခဲ့သည်။ နှစ်ရာချီ၍ သည်းခံခဲ့ရပြီး နှစ်ရာချီ၍ တမ်းတ သတိရခဲ့ရသည်။ ယခုအခါတွင် ထိုအရာများအားလုံး ချက်ချင်း ပျောက်ကွယ်သွားလေပြီ။
သူတို့သည် ယဲ့ဖန်နှင့် ကျန်နတ်ဆိုးများကို ပြန်တွေ့ရန်အတွက် အရူးအမူး ခရီးနှင်ခဲ့ကြသည်။ ယခုအခါတွင်တော့ ဒီကို ရောက်လာနိုင်ခဲ့သည်။
ထိုသို့သောအချိန်၌ နတ်ဆိုးဘုရင် ဆယ်ယောက်တို့သည် အချင်းချင်း လက်ဖဝါးများ တင်းကြပ်စွာ ဆုပ်ကိုင်ထားကြပြီး တူညီသော နတ်ဆိုးသွေးများက ပွက်ပွက်ဆူ၍ တူညီသော နတ်ဆိုး စိတ်ဝိညာဉ်များက တုန်ခါနေသည်ကို ခံစားမိနေကြသည်။
နတ်ဆိုးများ မွေးဖွားသည့်နောက်တွင်တော့ သူတို့သည် နတ်ဘုရား များကို ဖျက်ဆီးပစ်မှာပင်။
ထို့နောက် ယဲ့ဖန်နှင့် နတ်ဆိုးဘုရင် ဆယ်ယောက်တို့သည် ကျားနက် ဧကရာဇ်နှင့် အခြားသူများကို လှမ်းကြည့်လာကြသည်။
ထိပ်တန်း နတ်ဧကရာဇ် ဆယ်ယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြသည်။
*ဘယ်လိုလုပ်ကြမလဲ*
*ဘာတွေ ဖြစ်နေတာလဲ*
အခြား နတ်ဧကရာဇ်အဆင့် ဘုရင်ကိုးယောက်လုံး စက္ကူကဲ့သို့ ဖြူရော်နေကြသည်။ သူတို့ စိုးထိတ် နေကြသည်။
ထိပ်တန်း နတ်ဆိုးဆယ်ယောက်နှင့် နတ်ဆိုး အယောက် တစ်သောင်းတို့သည် သေချာပေါက်ကို သေစေနိုင်သည့် အခြေအနေပင်။
လူတိုင်း ကြောက်လန့်ကာ ချွေးတဒီးဒီး ကျနေကြသည်။ ကျားနက် ဧကရာဇ်တစ်ယောက်သာ မျက်လုံးများက အေးစက်၍ ခက်ထန်နေ၏။
“ပျာယာမခတ်ကြနဲ့၊ ဓားပြတွေကို ဖမ်းမယ်ဆိုရင် သူတို့ရဲ့ ဘုရင်ကို အရင်ဖမ်းမှရမယ်”
“အခု နတ်ဆိုး ဧကရာဇ်က နတ်ဘုရား ဆရာသခင် အဆင့်ပဲ ရှိတယ်၊ သူ့ကို ဖမ်းမိတာနဲ့ ကျန်တဲ့ နတ်ဆိုးမျိုးနွယ်တွေကို ဖမ်းနိုင်ပြီ”
“အဲ့အခါကျရင် ငါတို့ သူတို့ကို နဂါးနက်တောင် ဂြိုဟ်နယ်မြေစုကြီးဆီ လွှဲပေးကြမယ်၊ အဲ့လိုဆိုရင် ငါတို့ရဲ့ အဆင့်အတန်း တစ်ချက်တည်းနဲ့ ထိုးတက်သွားမှာ”
*ဟမ်*
ကျားနက် ဧကရာဇ်၏ စကားများက အလွန်အမင်း မောက်မာသော်လည်း ကျန်နတ်ဧကရာဇ် ကိုးယောက်အား ဆွဲဆောင်သွားနိုင်သည်။
မှန်၏။ ယနေ့ အခြေအနေအရ စစ်ဖြစ်ရုံအပြင် အသတ်ခံ ရနိုင်ရုံသာ ရှိသည်။ ဆယ်ယောက်လုံး အချင်းချင်း ကြည့်နေ ကြသည်။
ထို့နောက် နတ်ဧကရာဇ်အဆင့် ဆယ်ယောက်လုံး ယဲ့ဖန်ထံသို့ လျှပ်စီးသဖွယ် ပြေးဝင်သွား ကြသည်။
ဝှစ်! ဝှစ်! ဝှစ်!
ထိုသို့သောအချိန်၌ သူတို့၏ အရှိန်က အလွန် လျင်မြန်လှသည်။ ကျားနက် ဧကရာဇ်နှင့် ကျန် ရှစ်ယောက်က နတ်ဆိုးဘုရင် ဆယ်ယောက်ထံသို့ ပြေးဝင်သွားသည်။
ကျန် နတ်ဧကရာဇ် အလယ်အလတ်အဆင့် နှစ်ယောက်က ယဲ့ဖန်အား ရုတ်တရက် တိုက်ခိုက်လာသည်။
အရှိန်အဝါက မိုးကောင်းကင်သို့ ထိုးတက်မတက် ပြင်းထန် လှသည်။ ပြင်းထန်သော တိုက်ပွဲတစ်ခု ကျရောက်လာသည်။
ဤသည်မှာ လူတိုင်း ထင်မထားသော တိုက်ခိုက်မှုဖြစ်သည်။ ထွက်ပြေးမည့်အစား နတ်ဧကရာဇ်အဆင့် ဆယ်ယောက်က အရင်ဦးစွာ တိုက်ခိုက်၍ သတ်လိမ့်မည်ဟု လူတိုင်း ထင်မ ထားမိချေ။
ချက်ချင်းဆိုသလိုပင် ကျားနက်ဂြိုဟ်ပေါ်မှ လူအားလုံး ပွက်လော ရိုက်သွားသည်။
“သေစမ်းကွာ”
တစ်ချိန်တည်းမှာပင် နတ်ဧကရာဇ် အလယ်အလတ်အဆင့် နှစ်ယောက်က ယဲ့ဖန်ထံသို့ ပြေးဝင်လာပြီး လက်သီး နှစ်လုံးက ယဲ့ဖန်ထံသို့ ရှေ့ဆင့်နောက်ဆင့် ကျရောက်လာသည်။
ဝုန်း! ဝုန်း!
ဤသည်မှာ နတ်ဧကရာဇ် အလယ်အလတ်အဆင့် နှစ်ယောက်၏ လက်သီးချက် ဖြစ်သည်။ ထိုအင်အားက လေထုကိုပင် ထိုးခွင်းနိုင်သည်။
ဤမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ လူတိုင်း ထိတ်လန့်သော်လည်း ယဲ့ဖန်က မအံ့ဩချေ။
သူသည် မထိတ်လန့်ပဲ သံမဏိ လက်သီးချက် နှစ်ချက် ကျရောက်လာသည်ကို ကြည့်နေသည်။ ထို့နောက် ယဲ့ဖန်သည် လက်နှစ်ဘက်လုံးကို ဆန့်ထုတ်၍ နတ်ဧကရာဇ် အလယ်အလတ် အဆင့် နှစ်ယောက်၏ လက်သီးချက်ကို ခုခံ လိုက်သည်။
*ဟင်*
ဤမြင်ကွင်းကြောင့် လူတိုင်း ပွက်လောရိုက်သွားသည်။ ယဲ့ဖန်က ထွက်မပြေးဘဲ ပြန်တိုက်ချင်နေလိမ့်မည်ဟု မည်သူမျှ ထင်မထား မိချေ။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*သွားပြီပဲ*
သိုင်းပညာရှင် အားလုံးနီးပါးက ယဲ့ဖန် သေလိမ့်မည်ဟု ထင်နေကြသည်။
သူသည် နတ်ဘုရား ဆရာသခင် နောက်ဆုံးအဆင့်သာ ဖြစ်ပြီး နတ်ဧကရာဇ် အလယ်အလတ် အဆင့်နှင့် အဆင့်ငယ် ဆယ့်လေးခုမျှ ကွာခြားလေသည်။
ထို့အပြင် နတ်ဧကရာဇ် အလယ်အလတ်အဆင့် နှစ်ယောက်ကို သူ မည်သို့ ခုခံနိုင်မည်နည်း။
လူတိုင်း၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် ယဲ့ဖန်၏ လက်ဝါးနှစ်ဘက်က နတ်ဧကရာဇ် အလယ်အလတ်အဆင့် နှစ်ယောက်၏ လက်သီးချက်နှင့် ပြင်းထန်စွာ ထိပ်တိုက် တွေ့သွားလေသည်။
စာစဉ် (၃၁) ဤတွင် ပြီးပါပြီ။