အခန်း (၄၆၆-၄၆၈)
Vol. 32 Ch. 466-468
Chapter 466 တော်တော် စိတ်ပျက်ဖို့ ကောင်းတာပဲ
လူတစ်ယောက်က နှစ်ယောက်ကို တိုက်ခိုက်တယ်လား။
ယဲ့ဖန်က မရှောင်တိမ်းဘဲ သူတို့နှစ်ယောက်ကို ပြင်းထန်စွာ ပြန်တိုက်ခိုက်လာသည်ကိုမြင်ပြီး နတ်ဧကရာဇ် အလယ်အလတ် အဆင့် ဘုရင်နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။
“အရူး၊ လတ်စသက်တော့ နတ်ဆိုးဧကရာဇ်က ဘဝမြင့်တဲ့ အရူး ထိပ်ခေါင် ဖြစ်နေတာကိုး”
နှစ်ယောက်လုံး အလွန်အမင်း စိတ်လှုပ်ရှားလာကြသည်။ သူတို့နှစ်ယောက်လုံးသည် ယဲ့ဖန်ထက် အဆင့်ငယ် ဆယ့်လေးဆင့် ပိုမြင့်ပြီး သူတို့နှစ်ယောက် အတူတိုက်ခိုက်ပါက တိုက်ပွဲက အလွန် ပြင်းထန်ပေလိမ့်မည်။
သူတို့သည် ဤတိုက်ခိုက်မှုက အောင်မြင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေကြသည်။ ဘုရင်နှင့် နောက်လိုက်များကို ဖမ်းနိုင် မည်ဟု ယုံကြည်နေကြသည်။
ထိုသို့သောအချိန်၌ နတ်ဧကရာဇ် အလယ်အလတ်အဆင့် ဘုရင်နှစ်ယောက်သာမက ကျားနက် ဧကရာဇ်ပါ ဝမ်းသာနေ၏။
“အောင်မြင်ပြီ၊ ဟားဟားဟား … ဘဝမြင့်တဲ့ နတ်ဆိုး ဧကရာဇ်၊ တုံးအတဲ့ နတ်ဆိုးမျိုးနွယ်တွေ”
ကျားနက် ဧကရာဇ်နှင့် အခြားသူများ ကျေနပ်အားရနေကြသည်။ အကြည့်များအားလုံးက တိုက်ပွဲဆီ ကျရောက်နေသည်။
နတ်ဧကရာဇ် အလယ်အလတ်အဆင့် သိုင်းပညာရင်နှစ်ယောက်၏ သံမဏိ လက်သီးများက ယဲ့ဖန်၏ လက်ဝါးထံသို့ တစ်ပြိုင်နက် တည်း ကျရောက်သွားသည်။
ဝုန်း! ဝုန်း!
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် လေထုပါ အက်ကွဲသွားသည်။
ထိုသို့သောအချိန်၌ နတ်ဧကရာဇ် အလယ်အလတ်အဆင့် နှစ်ယောက်သည် ယဲ့ဖန်၏ အော်သံနှင့် အရိုးကျိုးသံတို့ကို ကြားရလိမ့်မည်ဟု ထင်နေကြသည်။ သူတို့၏ နှုတ်ခမ်း၌ လှောင်ရိပ်များ ယှက်သန်းနေသည်။
သို့သော် နောက်ထပ် ဖြစ်ပေါ်လာသော မြင်ကွင်းက သူတို့၏ လှောင်ပြုံးကို ချက်ချင်း အေးခဲသွားစေသည်။
ဂျွတ်! ဂျွတ်!
တဂျွတ်ဂျွတ်သံ ထွက်ပေါ်လာပြီးနောက် သူတို့၏ သံမဏိ လက်သီးများသည် နှစ်ထောင်သောင်းချီ သက်တမ်းရှိသော အဖြိုက်နက် ခဲကြီးအား ထိုးနှက်လိုက်ရသလို ခံစားမိသွားသည်။ ထိုပြင်းထန်သော တန်ပြန်အင်အားက သူတို့၏ လက်မောင်းများကို ကျိုးသွားစေသည်။
“မကောင်းတော့ဘူး”
နတ်ဧကရာဇ် အလယ်အလတ်အဆင့် နှစ်ယောက်လုံး အကြီးအကျယ် မျက်နှာပျက် သွားကြသည်။ သူတို့ စဉ်းစားချိန်မရဘဲ နောက်ပြန်ဆုတ်လိုက်ကြသည်။ သူတို့ လျင်မြန်စွာ နောက်ဆုတ်သော်လည်း ယဲ့ဖန်က ပို၍ လျင်မြန် နေသည်။
နှစ်ယောက်လုံး အသည်းအသန် နောက်ဆုတ်နေစဉ်တွင် ယဲ့ဖန်၏ လက်များက နတ်ဧကရာဇ် အလယ်အလတ်အဆင့် နှစ်ယောက်၏ လက်မောင်းများကို ရုတ်တရက် လှမ်းဖမ်း၍ ဆောင့်ဆွဲလာသည်။
သူတို့နှစ်ယောက်လုံးသည် ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်မျိုးက သူတို့ခန္ဓာကိုယ် တစ်လုံးအား လှမ်းဆွဲ၍ ဆောင့်ဝင်လာသလို ခံစားမိကြသည်။
တစ်ချိန်တည်းမှာပင် ယဲ့ဖန်၏ လက်ဝါးနှစ်ဘက်က သူတို့၏ မျက်ခုံးကြားသို့ ကျရောက်လာသည်။
“မလုပ်နဲ့”
ကြောက်လန့်တကြား အော်ဟစ်သံများ ပဲ့တင်ထပ်လာသည်။ နှစ်ယောက်လုံးသည် သူတို့အား မရဏအရိပ်အငွေ့များက ဖုံးအုပ်လာသကဲ့သို့ သေရေးရှင်ရေး အခြေအနေကို ခံစားမိလိုက်ပြီး သွေးပျက်သွားကြသည်။ သူတို့ ခုခံချင်ကြ သော်လည်း နောက်ကျသွားချေပြီ။
ဂျွတ်! ဂျွတ်!
ထိုအသံ ထွက်ပေါ်လာပြီးနောက် ယဲ့ဖန်၏ လက်သည် နတ်ဧကရာဇ် အလယ်အလတ်အဆင့် နှစ်ယောက်၏ ဦးခေါင်း ထဲသို့ ဖောက်ထွင်းသွားလေ၏။
တိတ်ဆိတ်၍သွားသည်။ ထိုသို့သောအချိန်၌ ကျားနက် ဂြိုဟ်တစ်ခုလုံး သုသာန်အလား တိတ်ဆိတ်နေသည်။
ကျားနက် ဧကရာဇ်နှင့် ထိပ်တန်း ဘုရင်များသာမက ရှောင်ချီရှို့နှင့် ဘေးပတ်လည်ရှိ ကျားနက်ဂြိုဟ်မှ သိုင်းပညာရှင်များအားလုံး မှင်တက်နေကြသည်။
သူတို့သည် မျက်ဝါးထင်ထင် မြင်လိုက်ရသည့် မြင်ကွင်းကို ယုံကြည်ရန် ခက်ခဲနေ၏။
တောက်! တောက်!
ရဲရဲနီသော သွေးများက နတ်ဧကရာဇ် အလယ်အလတ်အဆင့် ဘုရင်နှစ်ယောက်၏ မျက်ခုံးများကြားမှ တတောက်တောက် စီးကျလာသည်။ သူတို့၏ ခန္ဓာကိုယ်များ တောင့်တင်းနေပြီး သူတို့မျက်နှာထက်၌ အလွန်တရာ ကြောက်လန့်၍ စိတ်ဓာတ် ကျနေဟန်များ ထင်ဟပ်နေ၏။
“အဆင့်ဆယ့်လေးဆင့်တောင်လေ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ခပ်အက်အက်အသံနှစ်ခု ထွက်ပေါ်လာပြီး ထိုအသံ၌ သရဲသဘက်ကို မြင်တွေ့လိုက်ရသကဲ့သို့ မယုံနိုင်ဟန်များ ရောယှက်နေသည်။
သို့သော် ထိုသို့သောအချိန်၌ ယဲ့ဖန်၏ ဘယ်ဘက်လက်မှ အရိုးခိုက်မတိုက် အေးစက်သည့် ရေခဲချီဓာတ်များက ဘယ်ဘက်ရှိ နတ်ဧကရာဇ် အလယ်အလတ်အဆင့် ဘုရင်အား အေးခဲသွား စေသည်။
သူ၏ညာဘက်လက်မှ ကြောက်မက်ဖွယ်ကောင်းသည့် အဆိပ် ဓာတ်ငွေ့များ ထွက်ပေါ်လာပြီး ညာဘက်ရှိ နတ်ဧကရာဇ် အလယ်အလတ်အဆင့် ဘုရင်၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း စိမ့်ဝင်သွားသည်။
ထို့နောက်တွင်မူ လူတိုင်း ကြက်သီးမွေးညင်း ထစေသည့် အရာတစ်ခု ဖြစ်ပေါ်လာလေသည်။
ညာဘက်ခြမ်းရှိ နတ်ဧကရာဇ်အဆင့် ဘုရင်၏ ခန္ဓာကိုယ်သည် ချက်ချင်း ဆွေးမြည့်သွားကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် သွေးစွန်းနေသော ရွှံ့စေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ယဲ့ဖန်၏ လက်ဝါးမှနေ၍ စီးကျလာသည်။
ထို့အတူ ဘယ်ဘက်ရှိ နတ်ဧကရာဇ်အဆင့် ဘုရင်၏ ခန္ဓာကိုယ်၌ အက်ရာများ ပေါ်လာပြီး တစ်စစီ အက်ကွဲ၍ မြေကြီးပေါ်သို့ ပြုတ်ကျလာသည်။
နတ်ဧကရာဇ် အလယ်အလတ်အဆင့် နှစ်ယောက်လုံး၏ အလောင်းသည် ကိုယ်လက်အင်္ဂါ မစုံလင်ဘဲ မရှုမလှ သေဆုံးသွားကြလေသည်။
ထိုမျှနှင့် မပြီးသေးချေ။ ယဲ့ဖန်က သူ၏ သွေးများ စွန်းထင်းနေသော လက်ဝါးနှစ်ဘက်ကို ဖြန့်လိုက်သောအခါ နတ်ဧကရာဇ် အလယ်အလတ် အဆင့် ဘုရင်နှစ်ယောက်၏ နတ်ဘုရား အမြုတေနှစ်ခု ပေါ်လာသည်။
ထို့နောက် သူသည် အမြုတေကို ပါးစပ်ထဲ ကောက်ထည့်၍ သကြားလုံး ဝါးသကဲ့သို့ အေးအေးဆေးဆေး ဝါးစားလေသည်။
ဂျွတ်! ဂျွတ်! ဂျွတ်! ဂျွတ်!
နတ်ဘုရား အမြုတေကို တဂျွတ်ဂျွတ်ဝါး၍ မျိုချနေသံက သိုင်းပညာရှင်များ အားလုံးကို ကြက်သီးမွေးညင်း ထသွား စေသည်။
ဝုန်း!
ကျားနက်ဂြိုဟ်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ ကြောက်မက်ဖွယ် ကောင်းလှပါဘိ။
သိုင်းပညာရှင်အားလုံး ကြောက်လန့်နေကြသည်။ အထူးသဖြင့် ရွှမ်အဘိုးအိုနှင့် ရွှမ်ချင်းအာတို့ ဆရာတပည့်နှစ်ယောက်လုံး မှင်တက်နေ၏။
“သေပြီ … သေကုန်ပြီ”
“နတ်ဧကရာဇ်အဆင့် နှစ်ယောက်ကို တစ်ချက်တည်းနဲ့ သတ်ပစ် လိုက်တယ်၊ ဒါ … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဆရာတပည့်နှစ်ယောက်သား ထင်တောင်ထင်မထားမိကြချေ။ ဂြိုဟ်နယ်မြေများကြား၌ သူတို့ သိကျွမ်းခဲ့သော ဤလူငယ်လေးသည် ထိတ်လန့်ဖွယ်ကောင်းသော နတ်ဆိုး ဧကရာဇ် ဖြစ်နေရုံသာမက အဆင့်ငယ် ဆယ့်လေးဆင့်ကို ကျော်ဖြတ်၍ နတ်ဧကရာဇ် အလယ်အလတ်အဆင့် နှစ်ယောက်ကို ချက်ချင်း သတ်ပစ်လိုက်နိုင်နေသည်။
ဤသည်မှာ အလွန် မယုံနိုင်စရာ ကောင်းလှပေသည်။ ရှောင်ချီရှို့ တောင်မှ မနည်းကို တံတွေးမျိုချနေရလေသည်။
သူ၏ဆရာ တိုက်ခိုက်သည်ကို ယခုမှ သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ထို့အတူ ထိုတိုက်ခိုက်မှုသည် သူ့စိတ်ထဲ၌ စွဲထင်နေပြီး ဘယ်သောအခါမှ မေ့ပျောက်၍ ရနိုင်မည် မဟုတ်တော့ပါ။
“မိုက်လိုက်တာ၊ ဆရာက … တကယ် သန်မာတာပဲ”
ရှောင်ချီရှို့ကိုယ်တိုင်တောင်မှ သူ့ထက် အဆင့်ခြောက်ဆင့်ကျော် မြင့်သော သိုင်းပညာရှင်ကိုသာ သတ်နိုင်သည်။ တိုက်ပွဲဝင် စကားလုံး ကျင့်စဉ်နှင့်မှသာ သူ အဆင့်ခုနစ်ဆင့် ပိုမြင့်သောသူကို သတ်နိုင်သည်။
သို့သော် ယဲ့ဖန်ကတော့ လက်တစ်ချက် လှုပ်လိုက်ရုံနှင့် အဆင့်ငယ် ဆယ့်လေးဆင့် ပိုမြင့်သော အင်အားကြီးသည့် ရန်သူများကို ချက်ချင်း သတ်နိုင်နေသည်။
ဤသို့သော ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းက ရှောင်ချီရှို့အား အလွန်အမင်း လေးစားမိသွားစေသည်။
“နတ်ဆိုး … တကယ့် နတ်ဆိုးပဲ”
ဤမြင်ကွင်းသည် သာမန် သိုင်းပညာရှင်များကို ကြောက်လန့်စေ ရုံသာမက ကျားနက် ဧကရာဇ်အနောက်၌ ကျန်ရစ်ခဲ့သော နတ်ဧကရာဇ်အဆင့် ထိပ်တန်းဘုရင် ခုနစ်ယောက်ကိုပါ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေသည်။
ထိုအခါတွင်မှ ခြောက်ခြားဖွယ်အကောင်းဆုံးသည် ထိပ်တန်း နတ်ဆိုးဘုရင် ဆယ်ယောက် မဟုတ်ဘဲ ယဲ့ဖန်သာ ဖြစ်သည်ကို သူတို့ နားလည်သွားကြသည်။
*ပြေးရမယ်*
ချက်ချင်းဆိုသလိုပင် ကျန်ရှိနေသေးသော နတ်ဧကရာဇ်အဆင့် ထိပ်တန်း ဘုရင် ခုနစ်ယောက်လုံး ကတုန်ကယင် ဖြစ်ကာ လမ်းဘေးခွေးများကဲ့သို့ ထွက်ပြေးကြလေသည်။
ထိုစဉ် နတ်ဆိုးဘုရင် ဆယ်ယောက်က ဤသို့ ဖြစ်လာမည်မှန်း ခန့်မှန်းထားမိသည့်ပုံပင်။
ဝှစ်! ဝှစ်! ဝှစ်!
သူတို့သည် ရိပ်ခနဲ လှုပ်ရှား၍ နတ်ဧကရာဇ်အဆင့် ဘုရင် ခုနစ်ယောက်ကို ဝိုင်းထားလိုက်ကြသည်။
“ဒီနေ့ နတ်ဆိုးတွေ ရောက်လာမှတော့ ဒီနေရာ ပျက်စီးကို ပျက်စီးရမယ်”
ထိတ်လန့်နေသော နတ်ဧကရာဇ်အဆင့် ဘုရင်ခုနစ်ယောက်ထံသို့ နတ်ဆိုးဘုရင် ဆယ်ယောက်က ပြေးဝင်သွားကြသည်။
ထိုသို့သောအချိန်၌ နတ်ဆိုး တာအိုများ ပျံ့လွင့်လာသည်။ အားလုံး ပေါက်ကွဲထွက်သွားကြသည်။
နတ်ဆိုးဘုရင် ဆယ်ယောက်သည် မည်သို့မျှပင် မခုခံနိုင်သည့် နတ်ဧကရာဇ်အဆင့် ဘုရင် ခုနစ်ယောက်ကို သတ်ဖြတ် လိုက်ကြသည်။
“အား”
အော်သံများက ဆက်တိုက် ထွက်ပေါ်လာသည်။ လူတိုင်း ထိတ်လန့်နေသော အကြည့်အောက်မှာပင် နတ်ဧကရာဇ်အဆင့် ခုနစ်ယောက်၏ အလောင်းများက ကောင်းကင်မှနေ၍ မိုးစက်များ သဖွယ် ကျလာလေသည်။
တစ်ယောက်၊ သုံးယောက်၊ ငါးယောက်၊ ခုနစ်ယောက်။
နတ်ဧကရာဇ်အဆင့် ခုနစ်ယောက်လုံး၏ အလောင်းများ မြေကြီးပေါ်သို့ ကျရောက်လာ သောအခါ ကျားနက်ဂြိုဟ်တစ်ခုလုံး တုန်ခါသွားသည်။
သန်မာလှပေသည်။ ကျားနက်ဂြိုဟ်ပေါ်ရှိ သိုင်းပညာရှင်များ၏ မျက်လုံးထဲတွင် နတ်ဆိုးများသည် ပြိုင်ဘက်ကင်းလှသည်။
ထိုသို့သောအချိန်၌ ကျားနက်ဂြိုဟ်တစ်ခုလုံးတွင် ထိပ်တန်း သိုင်းပညာရှင်ဟူ၍ ကျားနက် ဧကရာဇ်တစ်ယောက်သာ ကျန်ရစ် တော့သည်။
“သေကုန်ပြီ၊ အားလုံး … သေကုန်ပြီ”
ထိုသို့သောအချိန်၌ ကျားနက် ဧကရာဇ်သည် သူ့ရင်မှ သွေးစိမ်းရှင်ရှင် ကျနေသည်ကိုသာ ခံစားမိသည်။
သူ နှစ်ပေါင်းများစွာ ကြိုးစား၍ တည်ထောင်ခဲ့သော မင်းဆက်သည် ပျက်ဆီးသွားလေပြီ။ ဤသည်က သူ့အား မုန်းတီးမိ စေသည်။
“နတ်ဆိုး ဧကရာဇ်၊ မင်း သေပေတော့”
ကျားနက် ဧကရာဇ်သည် အရူးတစ်ယောက်ကဲ့သို့ ယဲ့ဖန်ထံ ပြေးဝင်လာသည်။ ဤသည်ကိုမြင်ပြီး နတ်ဆိုးဆယ်ယောက်က ပြေး၍ တိုက်ခိုက်ရန် ပြင်လေသည်။ သို့သော် ယဲ့ဖန်က သူတို့ကို ဟန့်တားလိုက်သည်။
ယဲ့ဖန်က ရပ်မြဲရပ်နေသည်။ သူသည် ကျားနက် ဧကရာဇ်အား အလွန် စိတ်လှုပ်ရှားဟန်ဖြင့် လှမ်းကြည့်နေလိုက်သည်။
“အဆင့်ငယ် ဆယ့်ငါးခု၊ ဒီနေ့ ငါ မင်းကို သတ်ပစ်မယ်”
ထိုသို့ပြောပြီး ယဲ့ဖန်သည် ကျားနက် ဧကရာဇ်အား ရက်စက်စွာ သတ်ဖြတ်ရက် ဆတ်ခနဲ လှုပ်ရှားလိုက်သည်။
ဝုန်း! ဝုန်း! ဝုန်း!
ထို့နောက်တွင်မူ ယဲ့ဖန်နှင့် ကျားနက် ဧကရာဇ်တို့သည် ကောင်းကင်ထက်၌ အပြင်းအထန် တိုက်ခိုက်နေကြသည်။
ကျားနက် ဧကရာဇ်သည် နတ်ဧကရာဇ် နောက်ဆုံးအဆင့် ဖြစ်သောကြောင့် မိုးကောင်းကင်ကို ဖျက်ဆီး၍ မြေကမ္ဘာကို ပြိုပျက်စေနိုင်စွမ်း ရှိသည်။
ယဲ့ဖန်တွင်မူ သူ၏ လက်တစ်ဖက် ဆန်းကြယ် အေးခဲချီဓာတ်များ ထွက်ပေါ်နေပြီး ကျန်လက်တစ်ဖက်၌ အဆိပ်ဓာတ်ငွေ့များ ထွက်ပေါ်နေသည်။
မသေမျိုး အငွေ့အသက်များက ပျံ့လွင့်နေ၏။ နတ်ဆိုးတစ်ကောင် မွေးဖွားလာသလိုပင်။ ထိပ်တန်း သိုင်းပညာရှင်နှစ်ယောက်က လေထုထဲ၌ အပြင်းအထန် တိုက်ခိုက်နေကြသည်။
တစ်ကွက်၊ ဆယ်ကွက်၊ အကွက်တစ်ရာ။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတို့သည် သိုင်းကွက် တစ်ရာကျော် တိုက်ခိုက်ပြီး ကြလေသည်။ သို့သော် ထိုစဉ်အချိန်၌ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
“နတ်ဧကရာဇ် နောက်ဆုံးအဆင့်သာဆိုတယ် သာမန်ပါပဲလား”
“တကယ်ပဲကွာ၊ ငါ တော်တော် စိတ်ပျက်မိတယ်”
ယဲ့ဖန်၏နှုတ်ခမ်း၌ လှောင်ရိပ်များ သန်းနေသည်။ သူ၏ မသေမျိုးချီဓာတ်က ကျားနက် ဧကရာဇ်၏ တိုက်ခိုက်မှုကို လွင့်ပြယ်သွားစေပြီး လက်တစ်ဖက်ကို ဖမ်းဆွဲလိုက်သည်။
ဖြောင်း! ဂျွတ်!
ချက်ချင်းဆိုသလိုပင် ပြင်းထန်သော စုတ်ဖြဲခြင်းနှင့်အတူ ကျားနက် ဧကရာဇ်၏ လက်တစ်ဖက် ပြုတ်ထွက်သွားလေတော့သည်။
Chapter 467 ကျားနက် ဧကရာဇ်၏ တကယ့် ခန္ဓာကိုယ်
“အား….”
ကျားနက် ဧကရာဇ်၏ ပါးစပ်မှနေ၍ ထိတ်လန့် ဒေါသထွက် နေသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သူသည် ပြတ်ထွက်သွားသော သူ၏လက်မောင်းကိုကြည့်၍ ဒေါသထွက်၍ နေ၏။
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး”
ကျားနက် ဧကရာဇ်သည် သူ့မျက်စိရှေ့မှ အရာအားလုံးကို မယုံကြည်နိုင် ဖြစ်နေသည်။
သူတို့ကြား၌ အဆင့်ငယ် ဆယ့်ငါးဆင့်နှင့် အဆင့်နယ်ပယ်ကြီး သုံးဆင့် ကွာခြားလေသည်။ သို့သော် ယခုအခါတွင် ယဲ့ဖန်သည် သူ၏ ခွန်အားအကုန်ကို ထုတ်မသုံးရသေးပုံ ပေါ်နေသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
အောက်ဘက်မှ လူများက ပို၍ ထိတ်လန့်နေကြသည်။ သူတို့သည် အစပိုင်း၌ ယဲ့ဖန်သည် နတ်ဘုရား ဆရာသခင်အဆင့်သာ ရှိ၍ ကျားနက်ဂြိုဟ်တွင် အားအနည်းဆုံး တည်ရှိမှုတစ်ခု ဖြစ်သည်ဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် ယခုအခါတွင် သူသည် အသန်မာဆုံးသော ကျားနက်ဧကရာဇ် ကိုတောင်မှ ဆွဲဖြဲနိုင်နေသည်။
ဤသည်မှာ အလွန် အံ့ဩဖွယ်ကောင်းလွန်းလှသည်။
“ငါ အရင်က သူ့ကို ရန်မစမိလို့ တော်သေးတယ်၊ မဟုတ်လို့ ကတော့ ပွဲသိမ်းပြီပဲ …”
ကျားနက်ဂြိုဟ်ပေါ်မှ မရေတွက်နိုင်သော သိုင်းပညာရှင်များ အားလုံး ဝမ်းသာမိနေကြသည်။ ထိုသို့သောအချိန်၌ သူတို့အားလုံး ထိုနတ်ဆိုးကို တအံ့တဩနှင့် ကြည့်နေမိသည်။
ဂါး!
သို့သော် ထိုအချိန်၌ ကျားနက်ဧကရာဇ်၏ ပါးစပ်မှနေ၍ ကြောက်ခမန်းလိလိ သားရဲဟိန်းသံ တစ်သံ ထွက်ပေါ်လာသည်။
ထိုဟိန်းသံသည် ကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေပြီး ကျားနက်ဂြိုဟ် တစ်ခုလုံးအား အက်ကွဲလာစေသည်။
ထိုဟိန်းသံသည် ဂြိုဟ်တစ်ခုလုံးကို ပေါက်ကွဲသွားစေနိုင်သည်ဟု ထင်မှတ်မှားရလာလေသည်။
ထိုမျှနှင့် မပြီးသေးချေ။ လူတိုင်း၏ ကြောက်လန့်နေသော အကြည့်များအောက်မှာပင် ကျားနက် ဧကရာဇ်၏ ပါးစပ်မှ ချွန်ထက်သော အစွယ်များ ထွက်ပေါ်လာသည်။
“ဒါ … ဒါ ဘာကြီးလဲ”
ကျားနက်ဂြိုဟ်ပေါ်မှ သိုင်းပညာရှင်များအားလုံး ထိတ်လန့်ကာ ဖြူဖပ်ဖြူရော် ဖြစ်လာကြသည်။ ဤသို့ ထူးဆန်းသော အရာမျိုးကို သူတို့ ယခုမှ မြင်ဖူးခြင်း ဖြစ်လေသည်။ အသွင်ပြောင်းနေသလိုပင်။
“နှစ်သုံးထောင်၊ နှစ်သုံးထောင် ရှိခဲ့ပြီ”
ကျားနက် ဧကရာဇ်၏ မျက်လုံးသည် သွေးဆာနေသော အေးစက်စက် အကြည့်များဖြင့် တောက်ပနေ၏။
“နတ်ဆိုး ဧကရာဇ်၊ ငါ မွေးဖွားပြီးကတည်းက အခုချိန်ထိ ငါ့ခန္ဓာကိုယ် အစစ် ထွက်ပေါ်လာအောင် လုပ်နိုင်တဲ့သူက မင်း ပထမဆုံးပဲ”
“မင်း အခု သေလို့ရပြီ”
*ဘာ*
*ခန္ဓာကိုယ် အစစ်*
ကျားနက်ဂြိုဟ်ပေါ်မှ သိုင်းပညာရှင်များအားလုံး ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်နေကြသည်။
*ကျားနက် ဧကရာဇ်မှာ လျှို့ဝှက်တဲ့ ကျင့်စဉ်တွေ ဘာတွေရှိနေတာလား*
ထိုစဉ် လူတိုင်း၏ ထိတ်လန့်နေသော မျက်လုံးများအောက်တွင် ကျားနက် ဧကရာဇ်၏ ဘယ်ဘက်လက်မှ လက်သည်းများက ချက်ချင်း ရှည်ထွက်လာသည်။
ချွန်ထက်သော လက်သည်းများသည် မီတာအချို့အထိ ရှည်လျား နေသည်။ အေးစက်သော အငွေ့အသက်များကလည်း ပျံ့လွင့်လာသည်။
ထိုမျှနှင့် မလုံလောက်သေးချေ။ သူ၏ ကြွက်သားများက သိပ်သည်း လာပြီး လူတစ်ကိုယ်လုံးသည် ရုတ်တရက် နှစ်ပေမျှ ထိုးတက်သွားသည်။
သူ့နဖူး၌ “ဘုရင်” ဟူသော စာလုံးတစ်လုံး ပေါ်လာလေသည်။ သူ၏ပုံစံသည် လူအသွင်ပြောင်းထားသော ကျားတစ်ကောင်နှင့် တူလှသည်။ ကြောက်မက်ဖွယ် ကောင်းလှပါဘိ။
*ဒါက …*
လူတိုင်း မွန်းကျပ်သွားကြသည်။ ယခုအချိန်၌ သူတို့ မျက်စိရှေ့မှ ကျားနက် ဧကရာဇ်သည် နတ်ဘုရားတစ်ပါးနှင့် မတူတော့ဘဲ နတ်ဆိုးတစ်ကောင်နှင့် ပိုတူနေသည်။
“လတ်စသတ်တော့ မျိုးမစစ်ကောင်ကိုး”
ထိုအချိန်၌ ယဲ့ဖန်၏ မျက်လုံးများက လက်သွားပြီး ပျော်စရာတစ်ခုကို တွေ့လိုက်ရသကဲ့သို့ ပြုံးရယ်နေ၏။
ကျားနက် ဧကရာဇ်က နတ်ဘုရားနှင့် နတ်ဆိုးတို့ ပေါင်းဖက်၍ မွေးဖွားလာသော ဒွိမျိုးစိတ် ဖြစ်နေလိမ့်မည်ဟု သူ ထင်မထား မိချေ။
အံ့ဩစရာကောင်းလှပေ၏။ နတ်ဆိုးမျိုးနွယ်၌ ကြောက်မက်ဖွယ် ကောင်းသော ခန္ဓာကိုယ်ရှိပြီး နတ်ဘုရားမျိုးနွယ်တွင် သန်မာသော နတ်ဘုရား စိတ်ဝိညာဉ် ရှိလေသည်။
အကယ်၍ ထိုမျိုးနွယ်နှစ်ခုကိုသာ ပေါင်းစပ်လိုက်ပါက တိုက်ပွဲဝင်ခွန်အားက အလွန် အံ့အားသင့်ဖွယ် ကောင်းပေမည်။
သို့သော် နတ်ဘုရားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့ကို တားမြစ်ပိတ်ပင် ထားသည်။ နတ်ဘုရား မျိုးနွယ်များသည် နတ်ဘုရားမျိုးနွယ်များနှင့်သာ ပေါင်းဖက်နိုင်ပြီး နတ်ဆိုးများ သည်လည်း နတ်ဆိုးမျိုးနွယ် အချင်းချင်းသာ လက်ဆက်နိုင်သည်။
မျိုးနွယ်နှစ်ခုကြား၌ ကလေးရှိလာရန် မဖြစ်နိုင်ချေ။ သို့သော် ယခုအခါတွင်မူ ကျားနက် ဧကရာဇ်သည် သေချာပေါက်ကို ထူးခြားသော ကိစ္စတစ်ခု ဖြစ်နေ၏။
“သေစမ်း”
ထိုဒွိမျိုးစိတ် စွမ်းအင်က ကျားနက် ဧကရာဇ်၏ စိတ်အား နှိုးဆွပေးနေသလိုပင်။ သူ၏ မျက်လုံး၌ မကျေမချမ်း ဖြစ်နေဟန်များဖြင့် ပြည့်နှက်နေသည်။
ထိုစဉ် သူက ဟိန်းဟောက်၍ ယဲ့ဖန်ထံသို့ အရှိန်နှင့် ပြေးဝင်လာသည်။ သူ၏ အရှိန်က အဆပေါင်းများစွာ ထိုးတက် လာသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်သည် လေထုဟ မီးထတောက်သွားစေသည်။ ချွန်ထက်သော လက်သည်းများက ယဲ့ဖန်အား စုတ်ဖြဲရန် ဟန်ပြင်လာသည်။
“သေစမ်းကွာ”
ရွှစ်!
ပေပေါင်းများစွာ ရှည်လျားသည့် ချွန်ထက်သော လက်သည်း များသည် ယဲ့ဖန်၏ ဦးခေါင်းထက်မှ လေထုကို ထိုးခွင်းလာပြီး ယဲ့ဖန်ထံသို့ ကျရောက်လာလေသည်။
“စိတ်ဝင်စားစရာပဲ”
ယဲ့ဖန် ပို၍ စိတ်လှုပ်ရှားလာသည်။ သူ လက်သီးကိုဆုပ်၍ ချွန်ထက်သော လက်သည်းများကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ဝုန်း!
လက်သီးနှင့် ချွန်ထက်သော လက်သည်းများ ထိပ်တိုက်တွေ့ဆုံ သွားလေသည်။ ယဲ့ဖန် အနည်းငယ် ထိတ်လန့်သွားပြီးနောက် အနောက်သို့ မီတာတစ်ရာခန့် လွင့်ထွက်သွားသည်။
တောက်! တောက်!
ရဲရဲနီသော သွေးများက သူ၏ သံမဏိလက်သီးမှ စီးကျလာသည်။ ဖြူစွတ်နေသော အရိုးများ ထွက်ပေါ်လာ၏။ တစ်ချက်တည်းနှင့် သူ ဒဏ်ရာရသွားလေသည်။
“ဒါက …”
ထိပ်တန်း နတ်ဆိုးဘုရင် ဆယ်ယောက်လုံး မျက်နှာပျက် သွားကြသည်။ ကျားနက် ဧကရာဇ်က အသွင်ပြောင်း ပြီးနောက် ဤမျှ ကြောက်မက်ဖွယ် ကောင်းလာလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
ထိုတိုက်ခိုက်မှုကြောင့် နတ်ဧကရာဇ် နောက်ဆုံးအဆင့်တောင်မှ သေသွားနိုင် လောက်သည်။ မယုံကြည်နိုင်စရာ ကောင်းလှ ပေသည်။
“ဟားဟားဟား … နတ်ဆိုး ဧကရာဇ်၊ မင်းတော့ သေပြီသာမှတ်”
ထိုသို့သောအချိန်၌ ကျားနက် ဧကရာဇ်က အားရပါးရ ရယ်မောပြီး ယဲ့ဖန်အား သတ်ဖြတ်ရန် တစ်ဖန်ပြန်၍ ပြေးဝင်လာသည်။
ဝှစ်! ဝှစ်! ဝှစ်!
ထိုသို့သောအချိန်၌ ကြောက်လန့်ဖွယ် ကောင်းသည့် လူနှစ်ယောက်က လေထုထဲ၌ အပြင်းအထန် တိုက်ခိုက်နေ ကြသည်။
နတ်ဆိုးသွေးများ ပန်းထွက်လာသည်။
ကောင်းကင်ထက်ရှိ ယဲ့ဖန်၏ ကိုယ်ပေါ်၌ ဒဏ်ရာများ ပို၍ပို၍ များပြားလာသည်ကို လူတိုင်း မြင်လာရသည်။
ရွှစ်! ရွှစ်!
ကျားနက် ဧကရာဇ်၏ ချွန်ထက်သော လက်သည်းများက ယဲ့ဖန်၏ အသွေးအသားကို တစ်စစီ စုတ်ဖြဲပစ်နေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ယဲ့ဖန်တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြင့် ပေကျံ လာသည်။ ဒဏ်ရာများ၌ သွေးများ ပန်းထွက်၍ အသားစများ စုတ်ပြဲနေ၏။
“သခင်ကြီး”
“ဆရာ”
“အစ်ကိုယဲ့”
ဤမြင်ကွင်းကြောင့် ထိပ်တန်း နတ်ဆိုးဘုရင် ဆယ်ယောက်၊ ရှောင်ချီရှို့နှင့် ရွှမ်ချင်းအာတို့ အကြီးအကျယ် မျက်နှာပျက် သွားကြသည်။
ထိုစဉ် ကျားနက် ဧကရာဇ်၏ ချွန်ထက်သော လက်သည်းများက ယဲ့ဖန်၏ နှလုံးသားရှိရာသို့ ဖောက်ဝင်သွားသည်။ ကျားနက်ဂြိုဟ် တစ်ခုလုံး တိတ်ဆိတ်သွားသည်။
“မလုပ်နဲ့”
နတ်ဆိုးတို့ထံမှ ဝမ်းခေါင်းသံနှင့် ဟစ်အော်သံများ ထွက်လာ လေသည်။ နတ်ဆိုးတိုင်း မခံမရပ်နိုင်ဖြစ်ကာ ကောင်းကင်ထက်သို့ ပျံသန်းရန် ဟန်ပြင်လာသည်။
ထိုစဉ် ရင်ဘတ်တွင်းသို့ ထိုးဖောက်ခံလိုက်ရသည့် ယဲ့ဖန်က အသာအယာ လက်ကာပြလာ၏။
*ဟင်*
နတ်ဆိုးများ ရုတ်ခနဲ ရပ်တန့်သွားသော်လည်း အားလုံးက အလွန်အမင်း စိုးရိမ်နေကြသည်။ ဤမြင်ကွင်းကိုကြည့်ပြီး ကျားနက် ဧကရာဇ်က ပြုံးလိုက်သည်။
ပျော်ရွှင်၍ လူမဆန်စွာ ပြုံးနေသော အပြုံးပင်။
“နတ်ဆိုး ဧကရာဇ်၊ ငါ့လက်ထဲ အသတ်ခံရတာက ဘယ်လို ခံစားရလဲ”
“မင်းရဲ့ အရင်ဘဝနဲ့ကော ဘာတတ်နိုင်မှာလဲ၊ အခု မင်း အရင်လို သေရမှာလဲလေ၊ ဟားဟားဟား …”
ကျားနက် ဧကရာဇ်၏ မျက်နှာထားသည် အလွန် ရက်စက်ဟန် ပေါ်နေသည်။
ထိုစကားကိုကြားပြီးနောက် ယဲ့ဖန်သည် နှုတ်ခမ်းထောင့်မှ သွေးစကို သုတ်လိုက်သည်။ ထို့အပြင် သူသည် နှလုံးသားထဲသို့ ဖောက်ထွင်းခံရသည်ကို ဂရုမစိုက်ချေ။
“အသတ်ခံရလုနီးပါးပါကွာ”
*ဘာ*
ယဲ့ဖန်၏စကားကြောင့် ကျားနက် ဧကရာဇ် မသိမသာ အံ့အားသင့်သွားသည်။
“ဘာဖြစ်တာလဲ”
ဘာရယ်ကြောင့်မှန်း မသိသော်လည်း ကျားနက် ဧကရာဇ်၏ စိတ်ထဲ၌ နေရထိုင်ရခက်သော ခံစားချက်တစ်မျိုး ပေါ်ပေါက် လာသည်။
ယဲ့ဖန်၏ ထိုးဖောက်ခံရသည့် နှလုံးသားကို သူ ကြည့်လိုက်မိသည်။
*သူ့နှလုံးသားတစ်ခုလုံး ထိုးဖောက်ခံထားရတာလေ၊ ဘာလို့ သူက ဘာမှမဖြစ်သလို ဖြစ်နေတာလဲ*
သို့သော် ထို့နောက်တွင်မူ ကျားနက် ဧကရာဇ် အကြီးအကျယ် မျက်နှာပျက်သွားသည်။ သူ ထိုးဖောက်လိုက်သည့် နှလုံးသားက အလျင်အမြန် ပြန်လည် ကောင်းမွန်လာသည်ကို သူ ရှင်းလင်းစွာ ခံစားမိလာသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ကျားနက် ဧကရာဇ်၏ မျက်နှာထားက ပို၍ ပျက်ယွင်းလာသည်။ ထို့အပြင် ယဲ့ဖန် ထပ်ပြောလာသောစကားက သူ့အား လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေသည်။
“မကြောက်ပါနဲ့၊ မင်းရဲ့ ချွန်ထက်တဲ့ လက်သည်းတွေကို ငါရဲ့ မသေမျိုး ခန္ဓာကိုယ်နဲ့ ပေါင်းစည်းလိုက်ရုံလေးပါ”
“အဲ့ဒါလေးပါပဲ”
*ဘာ*
ထိုစကားကိုကြားပြီး ကျားနက် ဧကရာဇ် ရူးသွပ်သွားသည်။ သူ၏ ချွန်ထက်သော လက်သည်းများကို ပြန်ကြည့်၍ ယဲ့ဖန်၏ နှလုံးသားအား နောက်တစ်ကြိမ် ဖျက်ဆီးချင် လာသည်။
ထိုစဉ် သူ့လက်မောင်းအား ယဲ့ဖန်က လှမ်းဖမ်းလာပြီး ဤသို့ ပြောလိုက်သည်။
“ကဲကဲ နှုတ်ဆက်ပါတယ်၊ သွားပေတော့”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်က သူ့လက်ကို လှည့်လိုက်သည်။
ဂျွတ်!
ကျားနက် ဧကရာဇ်၏ နောက်ဆုံးကျန်ရှိသော လက်တစ်ဖက် သည်လည်း ပြုတ်ထွက်သွား လေတော့သည်။
သို့သော် ဤသည်မှာ အစသာ ရှိပေသေးသည်။ အားလုံး၏ ထိတ်လန့်နေသော မျက်စိရှေ့၌ ယဲ့ဖန်၏ ကိုယ်ပေါ်မှ ဒဏ်ရာများသည် ပြန်လည် ပျောက်ကင်းလာသည်။
ထို့အပြင် သူသည် ရက်စက်သော ရှေးဟောင်းသားရဲကဲ့သို့ ကျားနက် ဧကရာဇ်အား အရူးအမူး ဆွဲဖြဲနေ၏။
ဂျွတ်!
သူ၏ပခုံးရိုး ပြုတ်ထွက်သွားသည်။
ရွှစ်!
သူ၏ ဝမ်းဗိုက်သည်လည်း ပြင်းထန်စွာ ပေါက်ထွက်သွားသည်။
….
သွေးပျက်ဖွယ်ကောင်းသည့် ဆွဲဖြဲသံများက ကျားနတ် ဧကရာဇ်ထံမှ ဆက်တိုက် ထွက်ပေါ်လာသည်။ ကျားနက် ဧကရာဇ်၏ ငယ်သံပါအောင် အော်ဟစ်သံများကလည်း ဆက်လက် ထွက်ပေါ်လျက် ရှိသည်။
ထိတ်လန့်ဖွယ်ကောင်းလှသည်၊ သွေးဆာလွန်းလှသည်။
ထို့နောက်တွင်မူ ကျားနက်ဂြိုဟ်တစ်ခုလုံးရှိ အသန်မာဆုံးသော ကျားနက် ဧကရာဇ်သည် အသေဆိုးနှင့် သေသွားလေတော့သည်။
Chapter 468 အဲ့ဒီပုဂ္ဂိုလ်
ထိုသို့သောအချိန်၌ ကျားနက် ဧကရာဇ်၏ သွေးများက ကျားနက်ဂြိုဟ်တစ်ခုလုံးသို့ စီးဆင်းနေသည်။ နတ်ဘုရား သွေးမိုး ရွာသွန်းထားလေသလားဟု ထင်မှတ်ရလေသည်။
ထိုပူနွေးသော သွေးများက ကျားနက်ဂြိုဟ်ပေါ်ရှိ သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်ပေါ်သို့ တဖွဲဖွဲ ရွာသွန်းလာသည့်အခါ၌ အားလုံး ထိတ်လန့်တုန်ယင်သွားကြသည်။
“တော် … တော်တော် ရက်စက်တာပဲ”
သိုင်းပညာရှင်များ အားလုံးသည် ကောင်းကင်ထက်ရှိ ယဲ့ဖန်အား သရဲသဘက်အား ကြည့်သကဲ့သို့ ထိတ်လန့်တကြား ကြည့်မိ သွားသည်။
အသွင်ပြောင်းလဲပြီးနောက် ကျားနက် ဧကရာဇ်သည် အလွန် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုး ခန္ဓာကိုယ်နှင့် နတ်ဘုရားတို့၏ သာမန်မဟုတ်သော နတ်ဘုရား စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ခဲ့သည်။
သို့သော် ယခုအခါတွင် သူသည် ကြက်ပေါက်လေးကဲ့သို့ ယဲ့ဖန်၏ နုပ်နုပ်စင်းခြင်းကို ခံနေရသည်။ ဤသည်မှာ အလွန် အံ့ဩဖွယ်ကောင်းလှသည်။
ထိုသို့သောအချိန်၌ ခြေထောက်တစ်ဖက် လွင့်ပျံသွားပြီးနောက် ကျားနက် ဧကရာဇ်၌ ခန္ဓာကိုယ် တစ်ဝက်သာ ကျန်ရစ်လေ တော့သည်။
သူသည် ဆိုးဆိုးရွားရွားကို အခြေအနေ ဆိုးနေသည်။ ပြင်းထန်သော နာကျင်မှုက သူ့အား ရူးမတတ် ဖြစ်စေသည်။
“နတ်ဆိုး ဧကရာဇ်၊ မင်း နောင်တရလာလိမ့်မယ်၊ ငါ ဘယ်သူလဲ ဆိုတာကို တစ်နေ့ မင်း သိလာလိမ့်မယ်၊ မင်း ဘယ်သူ့ကို ရန်စမိလဲဆိုတာကို မင်း သိလာလိမ့်မယ်ကွ ...”
ကျားနက် ဧကရာဇ် ဟစ်ကြွေးလာသည်။ သူ၏ မျက်လုံးထဲတွင် မုန်းတီးမှုနှင့် မကျေမချမ်း ဖြစ်နေဟန်များနှင့် ပြည့်နှက်နေ၏။
“မင်းရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် မင်း အဲ့ဒီပုဂ္ဂိုလ်ကို ခံနိုင်မှာ မဟုတ်ဘူး။ မင်းမှာ သူ့ကို ရန်စနိုင်တဲ့ အစွမ်းအစ မရှိဘူးကွ”
*အဲ့ဒီ ပုဂ္ဂိုလ်တဲ့လား*
ထိုစကားကိုကြားပြီး ယဲ့ဖန် တစ်ဒင်္ဂမျှ တောင့်တင်းသွားသည်။
“ဟီးဟီး ... အဲ့ဒီပုဂ္ဂိုလ်က ဘယ်သူလဲဆိုတာကို မင်း မသိချင်ဘူးမလား”
“ဒါပေမဲ့ ဒါကိုတော့ မှတ်ထားလိုက်၊ ဒီနေ့ ငါ့ရဲ့သေဆုံးမှုက မင်းရဲ့ ကံဆိုးခြင်းရဲ့ အစပဲကွ။ ဟားဟားဟား ...”
နောက်ဆုံးတွင် ကျားနက် ဧကရာဇ်သည် အရူးတစ်ယောက်ကဲ့သို့ အရူးအမူး ရယ်မောလေသည်။ ဤမြင်ကွင်းကြောင့် ယဲ့ဖန်၏ မျက်လုံး၌ အေးစက်စက် အလင်းတန်းများ ဖြတ်ပြေးသွားသည်။
“မင်းလို နှစ်မျိုးစပ်ကောင်ကို မွေးထုတ်နိုင်မှတော့ အဲ့ဒါကလည်း အကောင်ကြီးတဲ့ နှစ်မျိုးစပ်ကောင်ကြီး ဖြစ်ရမယ်”
“ဒီနေ့ ငါ မင်းကို စုတ်ဖြဲနိုင်တယ်၊ ဒီတော့ နောက်နေ့တွေမှာလည်း ငါ သူ့ကို သတ်ဦးမှာ”
ထိုသို့ပြောပြီး ယဲ့ဖန်၏ လက်ဝါးသည် လျှပ်စီးသဖွယ် ကျားနက် ဧကရာဇ်အား တစ်စစီ စုတ်ဖြဲလေတော့သည်။
*ဘာ*
ကျားနက် ဧကရာဇ်၏ မျက်လုံး၌ ကြောက်စိတ်နှင့် စိတ်ဓာတ်ကျ ဟန်များ ရောယှက်လာသည်။
ဂျွတ်!
နောက်ဆုံးတွင် သူ၏မျက်ခုံးအား ယဲ့ဖန်၏ လက်ဝါးက ပြင်းထန်စွာ ရိုက်နှက်လာသည်။ သူ၏ မျက်လုံးများ အေးခဲကာ ငြိမ်သက်သွား လေသည်။
ကျားနက် ဧကရာဇ် သေသွားလေပြီ။
ယဲ့ဖန်က ကျားနက် ဧကရာဇ်၏ နတ်ဘုရား အမြုတေကို ဆွဲထုတ်လိုက်ချိန်တွင် ကျားနက်ဂြိုဟ်ပေါ်ရှိ သိုင်းပညာရှင်များ အားလုံး အပြင်းအထန် တုန်လှုပ်သွားကြသည်။
လူတိုင်း ကြက်သီးမွေးညင်းထကာ ကောင်းကင်ထက်မှ ယဲ့ဖန်ကို မော့ကြည့်၍ ဒူးထောက်လိုက် ကြသည်။
“ကျွန်တော်မျိုးတို့ နတ်ဆိုး ဧကရာဇ်ကို အရိုအသေပေးပါတယ်”
ထိုအသံသည် ကမ္ဘာတုန်စေလောက်သည်။ ထိုအခါမှစ၍ ကျားနက်ဂြိုဟ် တစ်ခုလုံးကို နတ်ဆိုးများ အုပ်စိုးသွား လေတော့သည်။
….
တစ်ချိန်တည်းမှာပင် ကျားနက်ဂြိုဟ်နှင့် ထောင်သောင်းချီသော ဝေးသော ဂြိုဟ်များအကျော်၌ နဂါးတစ်ကောင် ပုံသဏ္ဌာန်ရှိသော ဂြိုဟ်တစ်လုံး ရှိနေသည်။ ထိုဂြိုဟ်သည် နဂါးနက်တောင် ဂြိုဟ်နယ်မြေကြီး၏ ပင်မဂြိုဟ်ပင် ဖြစ်လေသည်။
နဂါးငွေ့တန်း အင်ပါယာဖြစ်စေ၊ ကျားနက် အင်ပါယာဖြစ်စေ၊ ထိုအင်ပါယာအားလုံးသည် နဂါးနက်တောင် ဂြိုဟ်နယ်မြေကြီး၏ အစိတ်အပိုင်းများ ဖြစ်လေသည်။
ထိုနဂါးဂြိုဟ်ပေါ်၌ နန်းတော်တစ်ခု တည်ရှိသည်။ ထိုနန်းတော်၌ အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်က ကြမ်းပေါ်ခင်းရန် ခေါက်လိပ်နိုင်သည့် မွေ့ရာတစ်ခုပေါ်၌ ငြိမ်သက်စွာ ထိုင်နေသည်။
ထိုသူသည် မျက်လုံးကိုမှိတ်၍ ကျင့်ကြံနေသည်။ ထိုသူ၏ ပတ်လည်၌ အနက်ရောင် ချီမျှင်စုများ ရစ်ဝဲနေ၏။ နောက်ဆုံးတွင် ထိုချီမျှင်စုများသည် အနက်ရောင် မြွေတစ်ကောင်အသွင် ပြောင်း၍ သူ၏ မျက်ခုံးကြားထဲသို့ တိုးဝင်လာသည်။
ထို့နောက်တွင်မူ သူ၏မျက်ခုံးကြား၌ နဂါးသဏ္ဌာန် မှော်စာလုံး တစ်လုံး ပေါ်လာသည်။ ထိုအနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်း အရွယ် အမျိုးသားသည် မသန့်စင်သော လေများကို ပြန်ရှူထုတ်၍ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
သူ့မျက်လုံးတွင်း၌ အနက်ရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ ထူးဆန်းလှပေသည်။
“အဲ့ဒီပုဂ္ဂိုလ်ရဲ့ နတ်ဆိုးကျင့်စဉ်တွေထဲက ပထမတစ်ဝက်ကိုတော့ ငါ ကြိုးစားပမ်းစားနဲ့ အောင်အောင်မြင်မြင် ကျင့်ကြံပြီးသွားပြီပဲ”
“ကျင့်စဉ်ရဲ့ ဒုတိယအပိုင်းကို သူ ဘယ်အချိန် ပို့လာမလဲ ငါ မသိဘူး”
အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား မျက်မှောင်ကြုတ်နေသည်။ ထို့နောက် သူသည် အရှေ့မှ ကျောက်ပြာ စင်မြင့်ကို ဝေ့ကြည့်လိုက်သည်။
ထိုကျောက်ပြာစင်မြင့်ပေါ်၌ စိတ်ဝိညာဉ် မီးအိမ်များ ရှိနေလေသည်။ သို့သော် စိတ်ဝိညာဉ် မီးအိမ်တော်တော်များများက ငြိမ်းနေပြီ ဖြစ်သည်။ စိတ်ဝိညာဉ် မီးအိမ်နှစ်ခုသာ အစိမ်းရောင် မီးတောက်များ တောက်လျက်ရှိသည်။
ထိုသို့သောအချိန်၌ ကျားနက် ဧကရာဇ် သေဆုံးသွားပြီး သူ၏ နတ်ဘုရား စိတ်ဝိညာဉ် သေဆုံးသွားလေသည်။
ကျောက်ပြာစင်မြင့်ထက်ရှိ စိတ်ဝိညာဉ် တစ်ခုသည်လည်း တစ်ခဏမျှ တောက်နေပြီးနောက် ချက်ချင်း ငြိမ်းသွားသည်။
*ဘာ*
ဤမြင်ကွင်းကြောင့် အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချက်ချင်း မျက်နှာပျက်ကာ ဒေါသထွက်နေသည်။
“မဟုတ်ဘူး”
စူးရှသော အော်သံကြောင့် နန်းတော်တစ်ခုလုံး တုန်ခါသွားလေ၏။
ဝှစ်! ဝှစ်! ဝှစ်!
ဤနေရာရှိ ပြောင်းလဲမှုကြောင့် နန်းတော်ထဲမှ သိုင်းပညာရှင် များစွာအား ရုတ်ချည်းဆိုသလို ထိတ်လန့်သွားကြသည်။
သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် လူအယောက် သုံးဆယ်ကျော် ရောက်လာလေသည်။
အားလုံးနီးပါးသည် နတ်ဧကရာဇ် နောက်ဆုံးအဆင့်များ ဖြစ်ကြပြီး ရှေ့ဆုံးမှာ ထိတ်လန့်ဖွယ် ကောင်းသော လူအိုကြီး လေးယောက်သည် နတ်ဧကရာဇ် အထွတ်အထိပ်များ ဖြစ်နေ ကြသည်။
အရှိန်အဝါများက ခြောက်ခြားဖွယ်ကောင်းလှသည်။
ထိုထိတ်လန့်ဖွယ်ကောင်းသော လူများသည် ရောက်လာသည်နှင့် ချက်ချင်း ဒူးထောက်လာ ကြသည်။
“နယ်မြေသခင် ဘာများဖြစ်လို့ပါလဲ”
လူအယောက် သုံးဆယ်ကျော်တို့သည် မယုံကြည်နိုင် ဖြစ်နေ ကြသည်။ သူတို့၏ နယ်မြေသခင်သည် စိတ်လှုပ်ရှားခြင်း မရှိသည်မှာ နှစ်ထောင်ချီ ကြာခဲ့ပြီ ဖြစ်သည်။ သို့သော် ယခုအခါတွင် …
ထိုစကားကို ကြားသည်နှင့် အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်း အရွယ် အမျိုးသားသည် ဘာမှမပြောဘဲ ငြိမ်းသွားသော စိတ်ဝိညာဉ် မီးအိမ်ကို ကြည့်နေသည်။
တိတ်ဆိတ်မှုက သိုင်းပညာရှင်အားလုံး၏စိတ်အား ပူပန်သွား စေသည်။ သူတို့ ဤနေရာသို့ ရောက်လာပြီးနောက် သူတို့၏ နယ်မြေသခင် စိတ်ထဲ၌ သွေးမိုးများ ရွာနေသည်ဟု ခံစားမိနေသည်။
အချိန်အတော်ကြာပြီးနောက်။
“ကျားလေး … သေသွားပြီ”
*ဘယ်လို*
အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားအဆုံး၌ သိုင်းပညာရှင် အယောက်သုံးဆယ်ကျော်လုံး မျက်နှာပျက် သွားကြသည်။
ကျားလေး ဆိုသည်မှာ ကျားနက် ဧကရာဇ်ကို ဆိုလိုခြင်း ဖြစ်သည်။ ခက်ထန်သော နတ်ဧကရာဇ် နောက်ဆုံးအဆင့်သို့ ရောက်နေသည့် ကျားနက် ဧကရာဇ်က ဘယ်လိုကြောင့် သေသွားရသနည်း။
ထိုသို့သောအချိန်၌ သိုင်းပညာရှင် အယောက်သုံးဆယ်ကျော်လုံး စိတ်ဝိညာဉ် မီးအိမ်ကို လှမ်းကြည့်လိုက်မိကြသည်။
ငြိမ်းနေသော စိတ်ဝိညာဉ် မီးအိမ်ကိုမြင်ပြီး အားလုံး ရှက်ရွံ့သွား ကြလေသည်။
“အဲ့ဒီနှစ်က အဲ့ဒီပုဂ္ဂိုလ်က ဒီဂြိုဟ်နယ်မြေကြီးထဲမှာ နတ်ဘုရားနဲ့ မကောင်းဆိုးဝါး ရှစ်ဆယ့်ရှစ်ယောက်ကို ထားခဲ့တယ်”
“ငါတို့က အင်မော်တယ်တွေ၊ နတ်ဆိုးတွေနဲ့ တစ္ဆေတွေ အထက်မှာရှိတဲ့ အသန်မာဆုံးသော မျိုးနွယ်ပဲ။ စိတ်မကောင်း စရာက ဒီလောက် နှစ်တွေကြာလာတဲ့အချိန်မှာ နတ်ဘုရားနဲ့ နတ်ဆိုးတွေရဲ့ ပဋိပက္ခကြောင့် ရှစ်ဆယ့်ခြောက်ယောက် သေဆုံးသွားခဲ့တယ်။ ငါနဲ့ ကျားလေးပဲ ကျန်ရစ်ခဲ့တယ်”
အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာက အလွန်အမင်း သုန်မှုန်လာသည်။ သတ်ဖြတ်လို ဟန်များက သူ့မျက်လုံး၌ အထင်းသား ပေါ်လွင်လာသည်။
“ကျားလေးက ငါ့ညီပဲ”
“သူ့ကို ဘယ်သူပဲ သတ်သတ်၊ အဲ့ကောင်ရဲ့ အလောင်းကို ခုတ်ထစ်ပြီး အရေခွံနွှာပစ်မယ်လို့ ငါ နဂါးနက် ကျိန်ဆိုတယ်”
အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ရူးသွပ်မတတ် ကြွေးကြော်သံ ထွက်ပေါ်လာသည်။
ဂါး!
ကြောက်လန့်ဖွယ်ကောင်းသော နဂါးနက်တစ်ကောင်၏ ဝိညာဉ်က သူ့နောက်ကျောမှ ထွက်ပေါ်လာသည်။
ထိုဝိညာဉ်သည် အစစ်အမှန် နဂါးတစ်ကောင်ကဲ့သို့ နက်မှောင် နေ၏။ ကြေးခွံများက ထင်ရှား၍ ဖျက်ဆီးမရနိုင်သော အရှိန်အဝါကို ထုတ်ဖော်နေသည်။
၎င်း၏သွားများကလည်း ချွန်ထက်၍ ကြောက်မက်ဖွယ် ကောင်းသော ဦးခေါင်းကလည်း တစ်ချက်ကြည့်ရုံနှင့် လူတို့အား တုန်ယင်သွားစေနိုင်သည်။
နဂါးတစ်ကောင် ငရဲမှ ထွက်လာလေသလားဟု ထင်မှတ် ရလေသည်။ ကြောက်မက်ဖွယ် ကောင်းလှပေ၏။
“နယ်မြေ အငွေ့အသက်”
ဤမြင်ကွင်းကိုမြင်ပြီး သိုင်းပညာရှင် သုံးဆယ်ကျော်လုံး သွေးပျက်ကာ မှင်တက်၍ ချွေးတဒီးဒီး ကျလာကြသည်။
နဂါးနက်၏ ရက်စက်သော လက်တုံ့ပြန်မှုကို သူတို့ အသိဆုံး ဖြစ်သည်။ တစ်ဖက်လူသည် ဒေါသထွက်နေသောကြောင့် နဂါးနက်တောင် ဂြိုဟ်နယ်မြေတစ်ခုလုံး မိုင်ထောင်သောင်းချီ သေဆုံး၍ ကောင်းကင်၌ သွေးနံ့များနှင့် ပြည့်နှက်လာတော့မည်ဟု ခံစားမိလာသည်။
“စစ်ဆေးကြစမ်း၊ ကျားနက် အင်ပါယာဆီ သွားစုံစမ်းဖို့ တစ်ယောက် ယောက်ကို ချက်ချင်း လွှတ်လိုက်၊ ကျားလေးကို သတ်ခဲ့တဲ့ လူသတ်သမားကို သေချာစုံစမ်းလာခဲ့”
အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားက သိုင်းပညာရှင် အယောက်သုံးဆယ်ကျော်ကို အော်ဟစ်၍ အမိန့်ပေး လိုက်သည်။
သူ့စကားကိုကြားပြီးနောက် လူအယောက် သုံးဆယ်ကျော်လုံး တုန်ယင်သွားကာ အသည်းအသန် အမိန့်နာခံကြောင်း ပြော၍ ထွက်သွား လေသည်။
ထိုအခါမှသာလျင် နဂါးနက်၏ နတ်ဘုရား နှလုံးသားထဲမှ ဒေါသသည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။
“ကျာလေး သေသွားတဲ့သတင်းက အဲ့ပုဂ္ဂိုလ်ဆီ ရောက်သွားမယ် ထင်တယ်”
“မဟုတ်လို့ကတော့ အဲ့ပုဂ္ဂိုလ် ရောက်လာရင် နဂါးနက်တောင် ဂြိုဟ်နယ်မြေ တစ်ခုလုံး ရှင်းလင်းခံရလိမ့်မယ်”
ထိုသို့တွေးပြီးနောက် နဂါးနက်သည် နဂါး သင်္ကေတတစ်ခုကို တရိုတသေ ထုတ်ယူ၍ ဖိချေလိုက်သည်။
ဂျွတ်!
မှော်စာလုံး ကျိုးပျက်သွားပြီး ခပ်ဖျော့ဖျော့ အလင်းတန်းတစ်ခုက နန်းတော်တွင်း၌ ဖြတ်သန်းသွားသည်။ ထိုအလင်းတန်း၏ နောက်ကွယ်၌ ဂြိုဟ်များ၌ ရစ်ဝဲနေသော ဧရာမ ရှေးဟောင်း နဂါးတစ်ကောင် ရှိနေသည်။
ထိုနဂါးသည် အလွန် ကြီးမား၍ ၎င်း၏ အကြေးခွံတစ်ခုချင်းစီက ဂြိုဟ်တစ်လုံးနှင့် နှိုင်းယှဉ်၍ ရနေသည်။
ထိုသွေးပျက်ဖွယ်ကောင်းသော ဖိနှိပ်နိုင်မှုသည် အလင်းတန်းထဲမှ နေ၍ ဖြာထွက်နေ၏။
ထိုပုဂ္ဂိုလ်ဆိုသည်က လူသား မဟုတ်ဘဲ နဂါးတစ်ကောင်သာ ဖြစ်နေမည်ဟု မည်သူမျှ ထင်ထားမိကြမည် မဟုတ်ပါ။
ထိုသည်သာ မကသေးချေ။ အကယ်၍ ယဲ့ဖန်သာ ဤကြမ်းကြုတ်သော ဧရာမ ရှေးဟောင်း နဂါးကို မြင်ပါက သူ ထိတ်လန့်သွား လောက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုနဂါး၏ ဦးခေါင်းသည် နတ်ဆိုးနဂါး၏ ဦးခေါင်းနှင့် ဆင်တူနေကာ အေးစက်၍ မကောင်းဆိုးဝါး ဆန်လှသည်။