အခန်း (၄၆၉-၄၇၁)
Vol. 32 Ch. 469-471
Chapter 469 နတ်မိမယ်
ကျားနက်ဧကရာဇ် ကျဆုံးသွားပြီးနောက် ထိပ်တန်း နတ်ဆိုးဘုရင် ဆယ်ယောက်သည် ထောင်သောင်းချီသော နတ်ဆိုးများကို ဦးဆောင်၍ သွေးစွန်းသော လမ်းခရီးကို ဖော်ဆောင် လေတော့သည်။
အဆင့်တစ် အင်ပါယာတိုင်း၏ တော်ဝင်မျိုးနွယ်များ ပျက်သုဉ်း သွားကြသည်။ ကြောက်မက်ဖွယ် ကောင်းသော ဂြိုဟ်နယ်မြေများ အားလုံးကို နတ်ဆိုးများ ပိုင်ဆိုင်သွားသည်။
အချိန်တိုအတွင်းမှာပင် မူလက ကျားနက် အင်ပါယာ ပိုင်ဆိုင်ခဲ့သော အဆင့်နှစ် အင်ပါယာ ခြောက်ခုနှင့် အဆင့်တစ် အင်ပါယာ ဆယ့်လေးခုတို့အား နတ်ဆိုးများက သိမ်းပိုက်သွား လေတော့သည်။
ထိုအချိန်မှစ၍ ကျားနက် အင်ပါယာအား နဂါးငွေ့တန်း အင်ပါယာဟု အမည် ပြောင်းလဲ လိုက်သည်။ ပင်မဂြိုဟ်သည် ကမ္ဘာဂြိုဟ် ဖြစ်နေဆဲပင်။ အရှင်သခင်ကတော့ ဧကရီ လင်းလန်ပင်။ ယဲ့ဖန်သည် နဂါးငွေ့တန်း စစ်နတ်ဘုရားအဖြစ် ဆက်၍ ရှိနေ၏။
ချက်ချင်းဆိုသလိုပင် အင်ပါယာအတွင်းရှိ ဂြိုဟ်ပေါင်း တစ်သောင်းကျော်မှ ကြောက်မက်ဖွယ် အင်အားစုများသည် ကမ္ဘာဂြိုဟ်ထံသို့ ဦးတည်၍ ထွက်ခွာလာကြသည်။
ကြယ်စုကြယ်ဝေးများကြား၌ သိုင်းပညာရှင်များနှင့် ပြည့်နှက် နေသည်။ သူတို့အားလုံးသည် ကမ္ဘာဂြိုဟ်သို့ ပြောင်းလာကြခြင်း ဖြစ်လေသည်။
…
သို့သော် ယဲ့ဖန်ကတော့ ထိပ်တန်း နတ်ဆိုးဘုရင် ဆယ်ယောက် နှင့်အတူ ကမ္ဘာဂြိုဟ်သို့ ပြန်လိုက်မသွားခဲ့ချေ။ သူ တစ်ယောက်တည်း စကြဝဠာထဲ၌ ခရီးဆန့်နေသည်။
“မြေပုံပေါ်က ဂြိုဟ်တွေဆီကို မကြာခင် ရောက်တော့မှာပဲ”
ခါရန် စစ်သင်္ဘောပေါ်၌ ယဲ့ဖန်သည် မြေပုံတစ်ခုကို ကိုင်၍ တစ်ကိုယ်တည်း တီးတိုးပြောနေသည်။ ထိုမြေပုံသည် အလွန် ရိုးစင်းလှသည်။
အစပိုင်း၌ သူသည် ကျားနက် ဧကရာဇ်ကို သတ်ဖြတ်ပြီးနောက် ကျားနက် ဧကရာဇ်၏ ခန္ဓာကိုယ်အား ပြာမှုန့်ဖြစ်အောင် လုပ်ခဲ့သည်။
ဤမြေပုံတစ်ခုတည်းသာ ပကတိအတိုင်း ကျန်ရစ်ခဲ့သည်။ ငရဲမီးတောင်မှ ဤမြေပုံကို လောင်ကျွမ်းအောင် မလုပ်နိုင်ပါ။
“ငါ ထင်တာသာ မှန်မယ်ဆိုရင် ဒီမြေပုံက ရှေးဟောင်း နတ်ဘုရား သားရဲရဲ့ အရေပြားနဲ့ မွမ်းမံ ပြုလုပ်ထားတာပဲ ဖြစ်မယ်”
ယဲ့ဖန်၏ မျက်လုံးများ တောက်ပလာသည်။ ဤမြေပုံကို ရှေးဟောင်း နတ်ဘုရား သားရဲရဲ့ မြေပုံနဲ့ လုပ်ထားတာဆိုလျင် ထိုအထဲမှ ပါရှိသော အရာများသည် သာမန်ထက် ထူးကဲပေ လောက်သည်။
ထိုသို့တွေးမိပြီးနောက် ယဲ့ဖန်၏ မျက်လုံးများက အလွန် မျှော်လင့်ထားသည့် အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
ခါရန် စစ်သင်္ဘောသည် စကြဝဠာထဲ၌ ဆက်လက်၍ တစ်ဟုန်ထိုး မောင်းနှင်နေ၏။ မကြာခင်မှာပင် သူသည် အဆင့်နှစ် အင်ပါယာ ဖြစ်သော ကျားလန် အင်ပါယာထဲသို့ ရောက်ရှိသွားသည်။
ဤကျားလန် အင်ပါယာသည် ကျားနက်ဂြိုဟ်တိုက်ပွဲ၌ မပါဝင်ခဲ့သော တစ်ခုတည်းသော အင်ပါယာ ဖြစ်လေသည်။ ထို့အတူ နတ်ဆိုးမျိုးနွယ်များကို စိတ်လိုလက်ရ သစ္စာခံသည့် ပထမဆုံးသော အင်ပါယာလည်း ဖြစ်ပေသည်။
ထို့ကြောင့် ယခုအချိန်တွင် ယဲ့ဖန်၏ ပန်းတိုင်ဖြစ်သည့် နတ်မိမယ်ဂြိုဟ်အား ကျားလန် အင်ပါယာအတွင်းမှ သွားမည် ဖြစ်သည်။
“အရှေ့က ဂြိုဟ်က နတ်မိမယ်ဂြိုဟ် ဖြစ်မယ်ထင်တယ်”
ထိုသို့သောအချိန်၌ ယဲ့ဖန်သည် အရှေ့ဘက် အာကာသထဲ၌ ခရမ်းရောင်ဂြိုဟ်တစ်ခုကို လှမ်းတွေ့လိုက်သည်။
လှပသည်၊ သာယာလှပလှသည်။ ထို့အပြင် ယဲ့ဖန်သည် သူ နတ်မိမယ်ဂြိုဟ်နှင့် နီးကပ်လာချိန်တွင် ဘေးပတ်လည်၌ စစ်သင်္ဘောများ ပို၍များပြားလာသည်ကို ရုတ်တရက် သတိထား မိသွားသည်။
စစ်သင်္ဘော ဆယ်စီး၊ အစီး နှစ်ဆယ်၊ အစီး ငါးဆယ်၊ အစီးတစ်ရာ။
မျက်စိတစ်မှိတ်အတွင်းမှာပင် စစ်သင်္ဘော အစီးတစ်ရာ ကျော်တို့သည် နတ်မိမယ်ဂြိုဟ်သို့ ဦးတည်၍ မောင်းနှင်လာ ကြသည်။
နတ်မိမယ်ဂြိုဟ်၌ ဂြိုဟ်များစွာတို့ကို ဆွဲဆောင်နိုင်သည့် အရာတစ်ခု ရှိနေလေသလားဟု ထင်မှတ်ရလေသည်။
ဤမြင်ကွင်းကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူ့အကြားအာရုံကို နှိုးဆွလိုက်သည်။
ထို့နောက် ဘေးပတ်လည်ရှိ စစ်သင်္ဘောများမှ သိုင်းပညာရှင် များ၏ စကားများကို နားထောင်နေ လိုက်သည်။
“မြတ်စွာဘုရား၊ စစ်သင်္ဘောတွေ များလှချည်လား၊ ကြည့်ရတာ ဒီတစ်ခေါက် နတ်မိမယ်ဂြိုဟ်ရဲ့ ခရမ်းပြာ နတ်မိမယ်က ခင်ပွန်းလောင်းတစ်ယောက် ရွေးချယ်မယ်နဲ့တူတယ်။ ဒါက ကျားလန် အင်ပါယာတစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့တာပဲ”
“အဆင်မပြေဘူး … ခရမ်းပြာ နယ်မိမယ်က ကျားလန် အင်ပါယာရဲ့ ပထမဆုံး နတ်မိမယ်ပဲ၊ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက အင်ပါယာထဲက မရေတွက်နိုင်တဲ့ ပါရမီရှင်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်တယ်၊ ဒီတစ်ခေါက် အဲ့ဒီ ပါရမီရှင် လူငယ်တွေအားလုံး ဒီကိုရောက် နေမှာကို ငါ စိုးရိမ်မိတယ်”
“အင်း … ငါ့ရဲ့ နတ်မိမယ်လေး၊ ဒီတစ်ခေါက်တော့ ငါ သူနဲ့လွဲရမှာကို စိုးရိမ်မိတယ်၊ ဒါပေမဲ့ နတ်မိမယ်လေးရဲ့ အလှတရားကို တစ်သက်လုံး တွေ့ဖို့ မလွယ်ဘူးလေ”
“…”
ထိုသို့သောအချိန်၌ စစ်သင်္ဘောများပေါ်မှ သိုင်းပညာရှင်များ ပြောဆိုနေသော စကားများကို နားထောင်ပြီးနောက် ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။
*ခရမ်းပြာ နတ်မိမယ်*
*ခင်ပွန်းလောင်း ရွေးချယ်မယ်*
ယဲ့ဖန် အသာ ခေါင်းခါလိုက်သည်။ သူသည် နတ်မိမယ်ကို စိတ်မဝင်စားသော်လည်း နတ်မိမယ်ဂြိုဟ်ပေါ်မှ ရတနာများကို တော့ သူ အလွန် သိချင်မိသည်။
ထိုသို့သောအချိန်၌ ယဲ့ဖန်သည် ဘာကိုမျှ ဂရုမစိုက်ဘဲ စစ်သင်္ဘောကို ထိန်းချုပ်၍ ရှေ့သို့ ဦးတည်ကာ မောင်းနှ င်လိုက်သည်။
ဝုန်း!
သို့သော် ထိုအချိန်၌ စစ်သင်္ဘောတစ်စီး၏ စက်သံ ထွက်ပေါ် လာသည်။ ဧရာမ C အဆင့် စစ်သင်္ဘောတစ်စီးက သားရဲ တစ်ကောင်ကဲ့သို့ အရှိန်ဖြင့် မောင်းနှင်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။
“အဲ့ … အဲ့ဒါ ကျားလန် မင်းသားရဲ့ စစ်သင်္ဘောပဲ၊ မြန်မြန်လုပ်ကြ”
ထိုသို့သောအချိန်၌ ဘေးပတ်လည်မှ စစ်သင်္ဘောရှိ သိုင်းပညာရှင်များ အားလုံး အကြီးအကျယ် မျက်နှာပျက် သွားကြသည်။ အထိတ်တလန့်နှင့် သူတို့၏ စစ်သင်္ဘောများကို ထိန်းချုပ်၍ ဘေးသို့ ရှောင်တိမ်းကြသည်။
သို့သော် ထိုသို့ရှောင်တိမ်းနေလျက်နှင့် စစ်သင်္ဘောတစ်ချို့တို့သည် ဝင်တိုက်ခံရပြီး ပျက်ဆီး သွားလေသည်။
ဝုန်း! ဝုန်း! ဝုန်း!
ကြောက်ခမန်းလိလိ မီးတောက်များက ဂြိုဟ်များ၌ တောက်လောင်နေသည်။ ထိုစစ်သင်္ဘောများမှ သိုင်းပညာရှင် များသည် တစ်ချက်ကလေးပင် မအော်လိုက်ရဘဲ ထိုကြောက်မက်ဖွယ် ကောင်းသည့် C အဆင့် စစ်သင်္ဘော၏ သေသည်အထိ ဝင်တိုက်ခြင်းကို ခံလိုက်ရလေသည်။
ကြောက်မက်ဖွယ်ကောင်းလှပါဘိ။
ဤမြင်ကွင်းကြောင့် ဘေးပတ်လည်မှ လူများအားလုံး အံ့ဩသွားကြသည်။ မြင့်မြတ်သော မင်းသား ကျားလန်က ဤမျှ ရက်စက်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
သူ့လမ်း၌ ပိတ်ရပ်သည်နှင့် သေရလေသည်။ ယခုအချိန်၌ စစ်သင်္ဘောပေါ်မှ သိုင်းပညာရှင်များ အားလုံး စက္ကူစကဲ့သို့ ဖြူရော်လာကြသည်။
C အဆင့် စစ်သင်္ဘောကို ကြည့်ပြီး သူတို့သည် သရဲသဘက်ကို မြင်တွေ့လိုက်ရသကဲ့သို့ ကြောက်လန့်နေကြသည်။ C အဆင့် စစ်သင်္ဘောသည် အလွန်အမင်း ဈေးကြီးလှပြီး ထိပ်တန်း အင်ပါယာများ၏ တော်ဝင်မိသားစုများသာလျင် အသုံးပြုနိုင် သည်။
ဥပမာပြောရမည်ဆိုလျင် အစပိုင်း၌ ကျားနက် အင်ပါယာ၏ တတိယမင်းသားသည် C အဆင့် စစ်သင်္ဘောကို ထိန်းချုပ်၍ ကမ္ဘာမြေသို့ ရောက်လာခဲ့သည်။
ယခုအခါတွင်လည်း …
“ဟားဟားဟား … ပုရွက်ဆိတ်လိုကောင်တွေ၊ မင်းတို့ကောင်တွေက ခရမ်းပြာ နတ်မိမယ်ရဲ့ နှလုံးသားကို ရယူချင်တယ်ပေါ့၊ အိပ်မက်ထဲမှာပဲ ရမယ်”
ထိုစဉ် ထို C အဆင့် စစ်သင်္ဘောထံမှ မိုးခြိမ်းသံကဲ့သို့ ရယ်သံ ထွက်ပေါ်လာသည်။ အဝါရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်က စစ်သင်္ဘောထဲ၌ မားမားမတ်မတ် ရပ်နေသည်ကို လူတိုင်း တွေ့လိုက်ရသည်။ သူသည် မင်းသား ကျားလန်ပင်။
“ငါ့ကို သိတဲ့လူတွေ ငါ့ရှေ့က ဖယ်ကြစမ်း”
“ငါ့အပေါ် မကောင်းလို့ကတော့ သေရမယ်၊ ငါ့လမ်းကို တားရဲရင် အသတ်ခံရမယ်”
ကျားလန် မင်းသားသည် အနိုင်ကျင့် နှိပ်စက်တတ်သူ တစ်ယောက်ပင် ဖြစ်လေသည်။ ထို့အတူ သူ၏ စကားများက စကြဝဠာထဲရှိ စစ်သင်္ဘောအားလုံးအား အသည်းအသန် ထွက်ပြေး တိမ်းရှောင်သွားစေသည်။ သူတို့ ထိခိုက်နစ်နာသွားကြမည်ကို ကြောက်လန့်နေကြသည်။
ထိုသို့သောအချိန်၌ ရှေ့ဆုံးမှ E အဆင့် စစ်သင်္ဘောတစ်စီးက မင်းသား ကျားလန်၏ စကားကို ကြားပုံမရဘဲ ဂြိုဟ်များကြား၌ ဖြည်းညင်းစွာ မောင်းနှင်နေသည်။
*ဟမ်*
ဤမြင်ကွင်းကြောင့် လူတိုင်း မှင်တက်သွားသည်။ လျင်မြန်စွာ ထွက်ပြေးနိုင်ဘဲ အတိုက်ခံရမည်ကို သိသော်လည်း ကိုယ့်သေတွင်း ကိုယ်တူးနေသည့် သူတစ်ယောက် ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
*သူတော့ သွားမှာပဲ*
ထိုသို့သောအချိန်၌ ဘေးပတ်လည်မှ စစ်သင်္ဘောများရှိ သိုင်းပညာရှင်များက ခါရန် စစ်သင်္ဘောကို သနားသလို ကြည့်နေ ကြသည်။ ဝင်တိုက်ခံရတော့မည့် သနားစရာ ပိုးကောင်လေး၏ အဖြစ်ကို မြင်ယောင်သလို ကြည့်နေကြလေသည်။
“သူ့ကို တိုက်ပစ်လိုက်”
မင်းသား ကျားလန်သည်လည်း ခါရန်စစ်သင်္ဘောကို သတိထားမိ သွားသည့်ပုံပင်။ သူ့နှုတ်ခမ်း၌ လှောင်ရိပ်များ တွဲခိုနေ၏။ သူ့အမိန့်အဆုံး၌ C အဆင့် စစ်သင်္ဘောကြီးသည် ယဲ့ဖန်၏ စစ်သင်္ဘောထံသို့ ရက်စက် ကြမ်းကြုတ်သော အမူအရာဖြင့် မောင်းနှင်လာသည်။
Cအဆင့် စစ်သင်္ဘောက Eအဆင့် စစ်သင်္ဘောကို ချေမွပစ်တော့မည်။ ဤသည်က ကျားက ပုရွက်ဆိတ်ကို နင်းခြေလိုက်သလိုပင်။ အခက်အခဲမရှိသည်မှာ သေချာလှသည်။
အရှေ့ရှိ ခါရန်စစ်သင်္ဘောပေါ်၌ ထိုင်နေသော ယဲ့ဖန်ကို ကြည့်ပြီး မင်းသား ကျားလန်၏ နှုတ်ခမ်း၌ သွေးဆာနေသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
သူ၏ စစ်သင်္ဘောကြောင့် ထိုသူ တစ်စစီ ဖြစ်သွားတော့မည်ကို သူ မြင်ယောင်နေပုံရသည်။
ဝုန်း!
ကျားလန်၏ စစ်သင်္ဘောက ယဲ့ဖန်၏ စစ်သင်္ဘောကို ပြင်းထန်စွာ ဝင်တိုက်လေသည်။ ထိုသို့သော အချိန်၌ ကြောက်ခမန်းလိလိ အလင်းတန်းများ ထွက်ပေါ်လာပြီး ကျားလန်မင်းသား၏ အပြုံးအား ချက်ချင်း အေးခဲသွားစေသည်။
သူ၏ C အဆင့် စစ်သင်္ဘောက နှစ်ထောင်ချီ သက်တမ်းရှိသော သံမဏိအား ဝင်တိုက်မိသကဲ့သို့ ဖြစ်သွားသည်ကို မြင်လိုက်ရ သောကြောင့် သူ ထိတ်လန့်သွားရသည်။
ချက်ချင်းဆိုသလိုပင် သူ၏စစ်သင်္ဘော ကိုယ်ထည်၌ အက်ရာများ ထွက်ပေါ်လာသည်။
“မကောင်းတော့ဘူး”
ကျားလန် မင်းသားနှင့် သူ၏ သိုင်းပညာရှင်များ အကြီးအကျယ် မျက်နှာပျက်ကာ ဟန်မကိုယ့်နိုင်ဘဲ စစ်သင်္ဘောထဲမှ အသည်းအသန် ထွက်ပြေးကြသည်။
ဝုန်း!
ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် မီးပွားများ တောက် လာသည်။ ဘေးပတ်လည်ရှိ လူတိုင်း၏ ထိတ်လန့်နေသော အကြည့် အောက်မှာပင် C အဆင့် စစ်သင်္ဘောကြီးသည် ယဲ့ဖန်၏ စစ်သင်္ဘောကြောင့် ပျက်စီးသွားလေတော့သည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
Chapter 470 ကောင်းကင်ဘုံဓား၏ ပြောင်းလဲမှု
ပြောစရာစကား မရှိလောက်အောင်ကို တိတ်ဆိတ်နေကြသည်။
ကျားလန်၏ C အဆင့် စစ်သင်္ဘောက E အဆင့် စစ်သင်္ဘောကြောင့် ပျက်ဆီးသွားသည်ကိုမြင်ပြီး ဂြိုဟ်များကြားရှိ စစ်သင်္ဘောပေါ်မှ သိုင်းပညာရှင်များ ငေးငိုင်သွားကြလေသည်။
“ဘယ်လိုလုပ် … E အဆင့် စစ်သင်္ဘောက C အဆင့် စစ်သင်္ဘောကို ဖျက်ဆီးနိုင်တာလဲ၊ ငါ … ငါ အိပ်မက်မက်နေတာများလား”
“မြတ်စွာဘုရား … အံ့ဩဖို့ကောင်းလိုက်တာ၊ Eအဆင့် စစ်သင်္ဘောရဲ့ အကာအကွယ် စွမ်းအင်က Bအဆင့် စစ်သင်္ဘော တွေနဲ့ သေချာပေါက် ယှဉ်နိုင်တာပဲ”
“အကာအကွယ် မှော်စာလုံးပါလား၊ မြတ်စွာဘုရား … အဲ့ဒီစစ်သင်္ဘောမှာ မှော်စာလုံးတွေ ပြည့်နေတာပဲ”
“…”
ချက်ချင်းဆိုသလိုပင် ဂြိုဟ်များကြားရှိ စစ်သင်္ဘောများမှ သိုင်းပညာရှင်များကြား၌ ပွက်လောရိုက် သွားလေသည်။
အကာအကွယ် မှော်စာလုံး။
ထိုမှော်စာလုံးများသည် ထိပ်တန်း စစ်သင်္ဘောပညာရှင် တစ်ယောက်သာ ထွင်းထုနိုင်သည့် မှော်စာလုံး ဖြစ်သည်။ ထိပ်တန်း စစ်သင်္ဘောပညာရှင် ထွင်းထုသည့် မှော်စာလုံး တိုင်းသည် တစ်နှစ်ပတ်လုံး အသက်ဝင်လေသည်။
ထိုစစ်သင်္ဘော၏ တန်ဖိုးသည် D အဆင့် စစ်သင်္ဘော ထက်တောင်မှ ပို၍ တန်ဖိုးကြီးလေသည်။
ထိုသို့သောအချိန်၌ သာမန် E အဆင့် စစ်သင်္ဘောသည် သာမန်မျှ မဟုတ်တော့ဘဲ မှော်စာလုံးများနှင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ မှော်စာလုံး တစ်ရာနီးပါးလောက် ရှိပုံရသည်။
ဤတန်ဖိုးနှင့်ဆိုလျင် A အဆင့် စစ်သင်္ဘောတစ်စီးကိုပင် ဝယ်နိုင်နေပြီ ဖြစ်သည်။
“ရူးလိုက်တာ၊ ဘယ်အရူးက E အဆင့် စစ်သင်္ဘောမှာ မှော်စာလုံးတွေ ထွင်းထုတာလဲ၊ ဒါ သဘာဝ သယံဇာတတွေကို လက်လွတ်စပယ် သုံးဖြုန်းတာပဲ”
“အားကိုးရှိမယ့်ပုံပဲ၊ ဒီကောင်လေးက နတ်ဘုရား ဆရာသခင် အဆင့်ပဲ ရှိသေးတာ။ ဒီစစ်သင်္ဘောပေါ်က မှော်စာလုံးတွေက ဘယ်က လာတာလဲတော့ ငါ မသိဘူး”
“အကာအကွယ် မှော်စာလုံးတွေ ရာနဲ့ချီပြီး ရှိနေတာပါလား။ အဲ့သလို ထွင်းထုနိုင်တဲ့ စစ်သင်္ဘော ပညာရှင်မျိုး နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံးမှာ မရှိဘူး”
“…”
ထိုသို့သောအချိန်၌ သိုင်းပညာရှင်အားလုံးသည် ယဲ့ဖန်အား မနာလိုဝန်တို၍ အားကျနေကြသည်။
ဤသို့သော စစ်သင်္ဘောနှင့်ဆိုလျင် နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင် တောင်မှ ဖျက်ဆီးနိုင်မည် မဟုတ်ပါ။
ဤသည်မှာ အသက်ကယ် ရတနာတစ်ခုပဲ ဖြစ်သည်။
ယဲ့ဖန်သည် ဘေးပတ်လည်မှလူများ၏ ထိတ်လန့်မှုကို အရေး မစိုက်ချေ။ သူသည် အခြားသူများ၏ အံ့အားသင့်မှုကို ကျင့်သားရ နေသလို ဖြစ်နေ၏။
ထို့နောက် သူသည် စစ်သင်္ဘောကို ထိန်းချုပ်၍ နတ်မိမယ်ဂြိုဟ်သို့ ဦးတည်ကာ မောင်းနှင် လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကျယ်ပြောသော စကြဝဠာ အတွင်း၌ ပျောက်ကွယ်သွား လေတော့သည်။
ယဲ့ဖန် ထွက်သွားသည်နှင့် C အဆင့် စစ်သင်္ဘောထံမှ ကောင်းကင်မီးက ချက်ချင်း တောက်လောင် လာသည်။
ကြောက်မက်ဖွယ်ကောင်းသော လူများ တစ်ယောက်ပြီး တစ်ယောက် ရှက်ကိုးရှက်ကန်းဖြင့် ထွက်လာကြသည်။ ထိုသူတို့သည် မင်းသား ကျားလန်နှင့် အခြားသူများ ဖြစ်ကြ လေသည်။
သို့သော် ယခုအချိန်တွင် မင်းသား ကျားလန်သည် ယခင်ကနှင့် ထက်ဝက်လောက်သာ တော်ဝင်ဆန်သော အရှိန်အဝါ ရှိနေသည်။
သူသည် တစ်ကိုယ်လုံး စုတ်ပြတ်၍ ဖုန်မှုန့်များနှင့် ပေကျံနေသည်။ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း၌ နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင် တစ်ယောက်က သူ့အား အသေခံ၍ မကာကွယ်ပေးပါက သူ အသားကင် ဖြစ်နေလောက်ပြီ ဖြစ်သည်။
သို့သော်ငြားလည်း သူ ခေါ်လာခဲ့သည့် လူများထဲမှ နတ်ဧကရာဇ်အဆင့် လေးယောက် ပေါက်ကွဲ၍ သေဆုံး သွားလေသည်။ ဤသည်က ကျားလန်မင်းသားအား ဒေါသထွက် သွားစေသည်။
“သောက်ခွေးမသား၊ မင်း ဒီအတွက် ပြန်ပေးဆပ်ရမယ်”
မင်းသား ကျားလန်သည် မျက်နှာပြာနှမ်း၍နေ၏။ ကျားလန် အင်ပါယာ၏အိမ်ရှေ့စံမင်းသား ဖြစ်သောသူသည် မွေးကတည်းက သူ့အထက်၌ လူတစ်ယောက်သာ ရှိခဲ့ပြီး ထောင်သောင်းချီသော လူများက သူ့ကို နာခံခဲ့ရသည်။
ဤသို့ မရှုမလှ ရှုံးရခြင်းသည် သူ့ဘဝ၌ ပထမဆုံးအကြိမ်သာ ဖြစ်သည်။ မင်းသား ကျားလန်၏ မျက်နှာပေါ်မှ အမုန်းတရားကို မြင်ပြီး သူ့ဘေးမှ အသက်ရှင် ကျန်ရစ်သော နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင် နှစ်ယောက်လုံး ခြောက်ခြားသွားကြပြီး အသည်းအသန် အကြံပေးလိုက်သည်။
“မင်းသား၊ အဲ့လူရဲ့ စစ်သင်္ဘောမှာ မှော်စာလုံးတွေ တစ်ရာလောက် ရှိနေတာ။ အဲ့လူက ရင်ဆိုင်ဖို့ မလွယ်ဘူးနော်”
*ရင်ဆိုင်ရမလွယ်ဘူး ဟုတ်လား*
ထိုစကားကြောင့် မင်းသား ကျားလန်က အထင်သေးသလို ပြုံးလိုက်သည်။
“နတ်ဘုရား ဆရာသခင် အဆင့်လေးပဲကို၊ ရင်ဆိုင်ရ မလွယ်ဘဲ နေမလား”
“အဲ့ဒီစစ်သင်္ဘောက သူ အပျက်အစီးတွေထဲမှ ရလာတာပဲ ဖြစ်မယ်၊ အဲ့ဒီ စစ်သင်္ဘောကြောင့်သာ မဟုတ်ရင် သူ သေတာ ကြာနေလောက်ပြီ”
ထိုသို့ပြောပြီးနောက် မင်းသား ကျားလန်၏ မျက်နှာထက်၌ လောဘနှင့် လူသတ်လိုဟန်များ ပေါ်လွင်လာသည်။
“သူ့စစ်သင်္ဘောကို ငါ ရကိုရမှ ဖြစ်မယ်၊ သူ့လူတွေလည်း သေကိုသေရမယ်”
“ဒီနေရာက ကျားလန် အင်ပါယာပဲ၊ ငါ့ကျားလန် အင်ပါယာရဲ့ နယ်မြေ”
ထိုသို့ပြောပြီး မင်းသား ကျားလန်၏ မျက်လုံးများသည် ဘေးနားရှိ ကမ္ဘာခြား စစ်သင်္ဘော တစ်စီးစီ အကြည့်ရောက်သွားသည်။
သူ့လူများကို ဦးဆောင်၍ ရုတ်တရက် D အဆင့် စစ်သင်္ဘောထံသို့ ရုတ်တရက် ပြေးဝင်သွားသည်။
ဝုန်း! ဝုန်း! ဝုန်း!
ထိုစစ်သင်္ဘောသည် ချက်ချင်းဆိုသလို ပျက်စီးလုနီးပါး ဖြစ်သွားလေသည်။ ငယ်သံပါအောင် အော်ဟစ်သံ ထွက်ပေါ်လာပြီး ထိုစစ်သင်္ဘောပေါ်မှ သိုင်းပညာရှင်များ အသတ်ခံလိုက် ရလေသည်။
စစ်သင်္ဘောကို လုယူနိုင်ပြီးနောက် မင်းသားကျားလန်သည် သူ၏လူများကို ဦးဆောင်၍ နတ်မိမယ်ဂြိုဟ်သို့ ပြန်၍ ဦးတည် လိုက်သည်။
…
နတ်မိမယ်ဂြိုဟ်။
ယဲ့ဖန်သည် ဂြိုဟ်ပေါ်သို့ ဆင်းသက်လာပြီးနောက် မြေပုံအရ ရတနာတည်ရှိရာကို တွေ့ရှိပြီးနောက် သူ မမှင်တက်ဘဲ မနေနိုင် ဖြစ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ရတနာသိုက်၏ ဝင်ပေါက်သည် နတ်မိမယ်ဂြိုဟ်၏ ပင်မအိမ် ဖြစ်နေသောကြောင့်ပင်။
ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ငယ်ရွယ်သော ပါရမီရှင် များသည် အစိုးရဌာနထဲသို့ ဝင်သွားသည်ကို သူ တွေ့လိုက်ရသည်။
ထိုလူများအားလုံးသည် လူသစ်စုဆောင်းမှု ညီလာခံသို့ တက်ရောက်ရန် လာကြမှန်း သိသာလှသည်။
“လူကြီးမင်း၊ ခင်ဗျားလည်း ညီလာခံကို လာတာလားဗျ”
ယဲ့ဖန် ငေးငိုင်နေစဉ် ဂြိုဟ်သခင်၏ အိမ်တော်မှ အုပ်ချုပ်ရေးမှူး တစ်ယောက် ယဲ့ဖန်ကို မေးလာသည်။
ထိုအုပ်ချုပ်ရေးက ယဲ့ဖန်ကို ခေါင်းစခြေဆုံး ကြည့်လာသည်။ တစ်ဖက်လူက နတ်ဘုရား ဆရာသခင်အဆင့်သာ ရှိသည်ကို သတိထား မိပြီးနောက် သူ၏ မျက်လုံး၌ အထင်သေးဟန်များ ထင်ဟပ်လာသည်။
သို့သော် သူသည် နွေးထွေးစွာ ပြုံးပြလိုက်သည်။ သူ့စကားကြောင့် ယဲ့ဖန်က မျက်တောင်တစ်ချက် ခပ်၍ ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ၊ ကျုပ်နောက် လိုက်ခဲ့ပေးပါ”
လက်ရှိတွင် ထိုအုပ်ချုပ်ရေးမှူးက ဦးဆောင်၍ ယဲ့ဖန်အား နတ်မိမယ်အိမ်တော်ထဲသို့ ခေါ်သွားလေသည်။ အိမ်တော်သည် အလွန် ကြီးမားလှသည်။
နောက်ဖေး ဉယျာဉ်တော်၌ ဂြိုဟ် ကျောက်သားစားပွဲများနှင့် ခုံများ ခင်းကျင်းထားပြီး ပါရမီရှင် လူငယ်များသည် သုံးယောက် သို့မဟုတ် လေးယောက်တစ်ဖွဲ့အဖြစ် အတူတူ ထိုင်နေကြသည်။
အုပ်ချုပ်ရေးမှူးသည် ယဲ့ဖန်အား အစွန်အဖျားကျသော ထောင့်တစ်နေရာသို့ ခေါ်လာပြီး သူ့ကို လျစ်လျူရှုလေတော့သည်။ သူ့မျက်လုံးထဲတွင် နတ်ဘုရား ဆရာသခင်အဆင့်များသည် ဟာသတစ်ခုသာ ဖြစ်၍ အာရုံစိုက်ရန် မထိုက်တန်ဟု သတ်မှတ်ထားလေသည်။
သို့သော် ယဲ့ဖန်က သူ့ကို အရေးမစိုက်ချေ။ သူသည် ရတနာကိုသာ အာရုံစိုက်သည်။ ထို့နောက် နတ်ဘုရား စိတ်ဝိညာဉ်ကို မသိမသာ ဖြန့်ကျက်၍ ဂြိုဟ်သခင်၏ အိမ်တော်တစ်ခုလုံးကို လေ့လာလိုက်သည်။
ထိုစဉ် ယဲ့ဖန်၏အမူအယာ ပြောင်းလဲသွားလေသည်။ သူသည် ရတနာရှိရာသို့ ဝင်ပေါက်အား တွေ့ရှိသွားသည်။ ထိုဝင် ပေါက်သည် သီးသန့် အခန်းငယ်တစ်ခန်း ဖြစ်နေလေသည်။
ထိုသီးသန့် အခန်းငယ်ထဲ၌ ဝင်ပေါက် ရှိနေသည်။ ထိုသည်သာမ ကသေးချေ၊ ထိုအခန်းငယ် ပတ်လည်၌ ရှေးဟောင်း အကာအရံများ အလွှာများစွာ ရှိနေသည်ကို ယဲ့ဖန် တွေ့လိုက် ရသည်။
ယဲ့ဖန်က နတ်ဘုရား စိတ်ဝိညာဉ်ဖြင့် အထဲသို့ ဖောက်ဝင်ချင် လျင်တောင်မှ မဖြစ်နိုင်ချေ။ ထို့အပြင် သူသည် ထိုရှေးဟောင်း အကာအရံများကြောင့် အပြင်းအထန် ထိခိုက်၍ တားမြစ်ခံ ရနိုင်သည်။
“နတ်မိမယ်မှာ အဲ့ဒီ သေစေနိုင်တဲ့ အကာအရံကို ဖြိုဖျက်စေနိုင်တဲ့ သော့ချက်တစ်ခု ရှိမယ့်ပုံပဲ”
ယဲ့ဖန် မျက်ခုံးပင့်လိုက်မိသည်။ ရုတ်တရက် သူ့အင်္ကျီလက်ထဲမှ ကောင်းကင်ဘုံ ဓားလက်ကိုင်က အရူးအမူး တုန်ခါလာသည်။
ဂြိုဟ်သခင်၏ အိမ်တော်ထဲ၌ ၎င်း အသည်းအသန် တောင့်တ နေသည့် အရာတစ်ခု ရှိနေသည်ဟု ထင်မှတ်ရလေသည်။
*ဟမ်*
ယဲ့ဖန် မသိမသာ မျက်နှာပျက်သွားသည်။ ဤကောင်းကင်ဘုံ ဓားလက်ကိုင်အား ပုရွက်ဆိတ် အသိုက်ထဲမှ သူ ရရှိခဲ့ချိန်မှစ၍ ဓားလက်ကိုင်သည် ယခုမှ ပထမဆုံးအကြိမ် တုံ့ပြန်လှုပ်ရှား လာခြင်း ဖြစ်သည်။
အကယ်၍ ထိုရတနာကို လက်ဝယ်ရရှိလာပါက ဤဆန်းကြယ် သော ကောင်းကင်ဘုံ ဓားလက်ကိုင်၏ အစွမ်းအား ထင်မှတ်မထားနိုင် လောက်အောင် တိုးတက်လာလိမ့်မည်ဟု ယဲ့ဖန် ခံစားမိနေသည်။
“အဲ့ဒါကို ဘယ်လိုနည်းလမ်းနဲ့ပဲ ဖြစ်ဖြစ် ရအောင်လုပ်မှရမယ့်ပုံပဲ”
ယဲ့ဖန်၏ မျက်လုံးများ လင်းလက်လာပြီးနောက် နတ်မိမယ်၏ အကာအရံကို ချိုးဖောက်နိုင်မည့် သော့အား မည်သို့ရအောင် လုပ်ရမလဲဟု သူ တွေးနေမိသည်။
ထိုစဉ် သူ့ဘေးရှိ စားပွဲဝိုင်းမှ စကားသံများ ပျံ့လွင့်လာသည်။
“ခရမ်းပြာ နတ်မိမယ်က နှစ်ထောင်နဲ့ချီပြီး ကျင့်ကြံခဲ့တာ ဒါပေမဲ့ ငါတို့ နတ်မိမယ်ဂြိုဟ်ရဲ့ နတ်မိမယ်လေးက ကျားလန်အင်ပါယာရဲ့ ပထမဆုံးသော ဧကရီပဲ။ ဘယ်လောက်များတဲ့ ပါရမီရှင်တွေ သူ့ကို လိုက်ပိုးပန်းပြီးတော့ အငြင်းခံရသလဲတောင် ငါ မသိတော့ဘူး”
“ဒီတစ်ခေါက် သူ့ဖခင်ဖြစ်တဲ့ ခရမ်းပြာ ဧကရာဇ် ကိုယ်တိုင်ကိုယ်ကျ ရောက်လာပြီး သူ့အတွက် သားမက်လောင်း ရွေးချယ်ချင်တာလို့ ပြောကြတယ်”
“ဒီတစ်ခေါက် လူသစ် စုဝေးခန့်အပ်ပွဲရဲ့ ချန်ပီယံက မိန်းမလှလေး တစ်ယောက်ကို ထွေးပွေ့နိုင်ရုံ တင်မကဘဲ ခရမ်းပြာ ဧကရီရဲ့ အမွေအနှစ်ကို မြင်တွေ့ခွင့်ရဖို့အတွက် သီးသန့်အခန်းငယ်ထဲ ဝင်ခွင့်ရမယ်လို့ ပြောကြတယ်”
*ဟမ်*
*သီးသန့်အခန်းငယ်ထဲ ဝင်ခွင့်ရမယ် ဟုတ်လား*
ထိုစကားများကို ကြားပြီးနောက် ယဲ့ဖန်၏ နှုတ်ခမ်းက တွန့်ကွေး လာသည်။
ထိုစဉ် ပါရမီရှင် လူငယ်တစ်စုက အပြင်မှနေ၍ အသည်းအသန် ဝင်လာကြသည်။ သူတို့သည် အလွန် ကြောက်လန့်ဖွယ် ကောင်းသော တစ်စုံတစ်ရာ၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရပုံ ပေါ်သည်။
ထိုစဉ် လူငယ်တစ်ယောက်က ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင်များကို ဦးဆောင်၍ ဂြိုဟ်သခင်၏ အိမ်တော်ထဲသို့ ဝင်လာလေသည်။ ထိုအခါတွင် အိမ်တော်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
ထိုသူသည်ကား မင်းသား ကျားလန်ပင်။
Chapter 471 ဆုလာဘ်များ
မင်းသား ကျားလန်သည် ယခုအချိန်၌ အဝတ်အစား လဲထားပြီးသား ဖြစ်လေသည်။ သို့သော် မီးလောင်ထားသော အသားအရေက သူ့အား ချုံးချုံးကျ၍ မောပန်းနွမ်းနယ်နေဟန် ပေါက်နေစေသည်။
မင်းသား ကျားလန်ကို မြင်ပြီးနောက် ဘေးပတ်လည်မှ လူတိုင်း ချက်ချင်း တိတ်ကျသွားသည်။ သူတို့၏ မျက်နှာထက်၌ သွေးပျက်၍ ကြောက်လန့်နေဟန်များ ထင်ဟပ်လာသည်။
မင်းသား ကျားလန်သည် အဆိပ်ပြင်းသော ကင်းမြီးကောက် တစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသည်ဟု ထင်ရ လေသည်။ လူများစွာတို့က တီးတိုး ပြောနေကြသည်။
“ထူးဆန်းလိုက်တာ မင်းသား ကျားလန်ရဲ့ စစ်သင်္ဘောက C အဆင့် စစ်သင်္ဘောလေ၊ အဲ့ဒါနဲ့ဆို သူ ရောက်သင့်တာ ကြာနေပြီ မဟုတ်ဘူးလား၊ ဘာလို့ သူက အခုမှ ရောက်လာတာလဲ”
“ဟီးဟီး … မင်း မသိဘူးလား။ ငါ ခုနလေးတင် သတင်းတစ်ခု ရလာတာ၊ ဒီမင်းသား ကျားလန်က လမ်းမှာ စက်ပျက် သွားတယ်လေ”
*ဟမ်*
*စက်ပျက်တယ်*
ထိုသိုင်းပညာရှင်၏ စကားက ဘေးပတ်လည်ရှိ လူများ၏ သိချင်စိတ်ကို တိုးမြင့်သွားစေသည်။ လူတိုင်း တီးတိုး မေးလာကြသည်။
“ပြောစမ်းပါဦးကွာ၊ ဘာတွေ ဖြစ်နေတာလဲ၊ မင်းသား ကျားလန်ကို ရှုံးအောင် လုပ်နိုင်တဲ့ သူတစ်ယောက်ယောက် ရှိနေတာလား”
“ဟုတ်တယ်၊ အင်ပါယာတစ်ခုလုံးမှာ ကျားလန် ဧကရာဇ်ကလွဲရင် မင်းသားကို အားလုံး ရိုသေလေးစားရတယ်လေ။ ဘယ်သူက ဒီလောက် သတ္တိကောင်းပြီး သူ့ကို ရန်စရဲရတာလဲ”
*ဘေးနားက ငကြောက်တွေက သိချင်လိုက်တာ လွန်ပါလေရော*
ဤမြင်ကွင်းကြောင့် ထိုသိုင်းပညာရှင်က အသာပြုံး၍ ပြီတီတီနှင့် ပြောလာသည်။
“မင်းသား ကျားလန် နတ်မိမယ်ဂြိုဟ်ကို ရောက်ခါနီးတော့မယ် အချိန်တုန်းက သူ့ရဲ့ C အဆင့် စစ်သင်္ဘောကို သုံးပြီး E အဆင့် စစ်သင်္ဘောကို ဖျက်စီးချင်ခဲ့တယ်လို့ ငါ သတင်းကြားခဲ့ရတယ်။ နောက် ဘာဆက်ဖြစ်သွားမယ်ထင်လဲ”
*C အဆင့် စစ်သင်္ဘောက E အဆင့် စစ်သင်္ဘောကို ဖျက်ဆီးချင်တာလား*
လူတိုင်း ငြိမ်ကျသွားပြီးနောက် ပြန်ပြောလာကြသည်။
“ပြောနေစရာ လိုသေးလို့လား၊ အဲ့ဒီ E အဆင့် စစ်သင်္ဘောပဲ တစ်စစီ ပျက်ဆီးသွားမှာပေါ့ကွ”
လူတိုင်း ထိုသို့တွေးထင်ထားကြသော်လည်း ထိုသိုင်းပညာရှင်၏ အမူအရာကိုမြင်ပြီးနောက် မျက်မှောင်ကြုတ်သွားကြသည်။
*မဟုတ်လို့လား*
“မှားတယ်”
ထိုသိုင်းပညာရှင်က အသာပြုံးလာသည်။
“အဲ့ဒီ E အဆင့် စစ်သင်္ဘောကြောင့် မင်းသား ကျားလန်ရဲ့ C အဆင့် စစ်သင်္ဘောက ပျက်ဆီးသွားတာ”
“အဲ့ဒီ E အဆင့် စစ်သင်္ဘောမှာ အကာအကွယ် မှော်တစ်လုံးတွေ ရာနဲ့ချီပြီး ရှိနေတာ။ မင်းသား ကိုယ်တိုင်တောင်မှ အာကာသထဲ လွင့်ထွက်မတတ် ဖြစ်သွားရတာ”
*ဟမ်*
ထိုသိုင်းပညာရှင်၏ စကားကြောင့် လူတိုင်း မှင်တက်သွား ကြသည်။
*ဖျက်ဆီးခံလိုက်ရတယ်*
*ရာနဲ့ချီတဲ့ မှော်စာလုံးတွေ*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
စက္ကန့်ပိုင်းအတွင်းမှာပင် ဘေးပတ်လည်မှ သိုင်းပညာရှင်များ အားလုံး ငေးငိုင်သွားကြသည်။ E အဆင့် စစ်သင်္ဘော၌ ရာနှင့်ချီသော မှော်စာလုံးများ ဘယ်လိုလုပ် ရှိနေသလဲ ဆိုတာကို သူတို့ မတွေးတတ်လောက်အောင် ဖြစ်နေပြီး ထိုစစ်သင်္ဘော၏ ပိုင်ရှင်က ရူးနေသည်ဟု ထင်မိနေကြသည်။
လူတိုင်းသည် မယုံနိုင်သော မျက်နှာထားများနှင့် ဖြစ်လာကြသည်။ ထိုစဉ် မျောက်တစ်ကောင်ကဲ့သို့ ပိန်ပါးသော သိုင်းပညာရှင် တစ်ယောက်က ယဲ့ဖန်၏ စားပွဲထံသို့ လှမ်းလာပြီး ထိုင်ချ လာသည်။
ထို့နောက် သူက ခေါင်းတခါခါနှင့် ရယ်မောလေ၏။
“မဖြစ်နိုင်တာတွေ၊ အခုခေတ်လူတွေက တော်တော် ကြွားဝါ တတ်တာပဲ၊ ငါက စစ်သင်္ဘော ပညာရှင်တစ်ယောက်ပဲ၊ ရာနဲ့ချီတဲ့ အကာအကွယ် မှော်စာလုံးတွေကို ငါ ထွင်းထုချင်တယ်။ ဒါပေမဲ့ အဲ့ဒါက ထိပ်တန်း ပညာရှင်တစ်ယောက်အတွက်တောင်မှ နှစ်တစ်ရာလောက် အချိန်ယူရမှာ”
“သာမန်လူတွေက ဘယ်လိုလုပ် E အဆင့် စစ်သင်္ဘောမှာ အဲ့လောက် အချိန်ယူမှာလဲ”
ထိုသို့ပြောပြီးနောက် ထိုသိုင်းပညာရှင်က ယဲ့ဖန်ကိုပြုံး၍ မေးလိုက် သည်။
“ငါ့ညီရော ဘယ်လိုမြင်လဲ”
ထိုသိုင်းပညာရှင်သည် မျောက်တစ်ကောင်၏ မျက်နှာကျရှိပြီး မျောက်ပိန်လေးဟု ခေါ်ကြသည်။ သူသည် အလွန် နောက်ကျမှ ရောက်လာသည့်အပြင် သူ၏ခွန်အားကလည်း သာမန်မျှသာ ရှိသောကြောင့် ယဲ့ဖန်၏ စားပွဲ၌ နေရာချထားပေးခြင်း ဖြစ်သည်။
သူသည် ထိုင်လိုက်သည်နှင့် တစ်စုံတစ်ယောက်က ကြွားလုံး ထုတ်နေမည်ဟု ထင်မထားမိချေ။ သူ့စကားကြောင့် ယဲ့ဖန်က ပြုံးရုံသာပြုံး၍ ဘာမှမပြောချေ။
ယဲ့ဖန်၏ အမူအရာကိုကြည့်ပြီး မျောက်ပိန်လေးက တစ်ခုခု ပြောချင်လာသည်။ သို့သော် ထိုအချိန်၌ သိုင်းပညာရှင် ဆယ်ယောက်ကျော်နှင့်အတူ အဘိုးအိုတစ်ယောက်က ဂြိုဟ်သခင် ၏ အိမ်တော်ထဲမှ ထွက်လာပြီး မင်းသား ကျားလန်အား နှုတ်ဆက်လေသည်။
သူတို့ အနားသို့ ရောက်မလာခင်မှာပင် သိုင်းပညာရှင်များစွာက ဒူးတစ်ဖက် ထောက်လာကြသည်။
“ဒီ ခရမ်းပြာ လူအိုကြီးက မင်းသားကို ကြိုဆိုပါတယ်”
*ခရမ်းပြာတဲ့လား*
ထိုအဘိုးအိုသည် ခရမ်းပြာ နတ်မိမယ်၏ ဖခင်ဖြစ်သူ ခရမ်းပြာ ဧကရာဇ်ပင်။ ဤမြင်ကွင်းကြောင့် မင်းသား ကျားလန်က ပြုံးလာသည်။
“ခရမ်းပြာ ဧကရာဇ်၊ ဒီလောက်ထိ ယဉ်ကျေးဖို့ မလိုပါဘူးဗျာ၊ ဒီနေ့ပြီးရင် ခင်ဗျားနဲ့ ကျုပ်က မိသားစု ဖြစ်လာတော့မှာပဲလေ”
*ဟမ်*
မင်းသား ကျားလန်၏ စကားများက မောက်မာ၍ အထက်စီး ဆန်လှသည်။ သူ၏ ရည်ရွယ်ချက်က နတ်မိမယ်ကို အရယူလိုခြင်း ဖြစ်မှန်း သိသာလှသည်။ ထို့အပြင် သူသည် ဘေးပတ်လည်မှ သိုင်းပညာရှင်များကို ငဲ့ပင်မကြည့်ချေ။ ချက်ချင်းဆိုသလိုပင် သူ့စကားကြောင့် သိုင်းပညာရှင်များစွာ မျက်နှာပျက်သွားကြသည်။
ခရမ်းပြာ ဧကရာဇ်တောင်မှ မသိမသာ မျက်နှာပျက် သွားသော်လည်း ပြုံး၍ ပြန်ပြောလိုက်သည်။
“မင်းသား ကျေးဇူးပြုပြီး အထဲကို ကြွပါဦး”
ထို့နောက် ခရမ်းပြာဧကရာဇ်က ဦးဆောင်၍ မင်းသားနှင့် အခြားသူများကို အထဲသို့ ခေါ်သွားလေသည်။
သူတို့နှစ်ယောက် မြင်ကွင်းမှပျောက်သွားသည်နှင့် ဥယျာဉ်ထဲ၌ ဒေါသတကြီး ပြောဆိုနေသံများ ထွက်လာသည်။ မင်းသား ကျားလန်၏ အကြည့်ကို လူတိုင်း မကျေနပ်မှန်း သိသာလှသည်။
ဤမြင်ကွင်းကြောင့် မျောက်ပိန်လေးသည်လည်း ဒေါသထွက် လာသည်။
“ဟမ့်၊ ဒီမင်းသား ကျားလန်က တော်တော် မောက်မာတာပဲ၊ ငါ့ကိုယ်ငါ သန်မာပြီး ခွန်အားကြီးတယ်လို့ တွေးပြီးတော့ နတ်မိမယ်ရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်မယ်လို့ ငါ ထင်နေခဲ့တာ၊ ဒါက ရူးမိုက်တဲ့ အိပ်မက်တစ်ခု ဖြစ်နေခဲ့တာပဲ”
သူ့စကားကို ကြားပြီးနောက် ယဲ့ဖန် မသိမသာ မှင်တက်သွားသည်။
“ဒီသားမက်လောင်း ရွေးချယ်ပွဲအတွက် ဘာတွေ ယှဉ်ပြိုင်ရမှာလဲ”
“ငါ့ညီ မင်း မသိဘူးလား”
မျောက်ပိန်လေးက ယဲ့ဖန်ကို စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။
“ခရမ်းပြာ ဧကရာဇ်ပဲဖြစ်ဖြစ်၊ ခရမ်းပြာ နတ်မိမယ်ပဲဖြစ်ဖြစ်၊ သူတို့အားလုံးက ကျင့်စဉ်၊ ဝင်္ကပါနဲ့ မှော်စာလုံးတွေကို အသည်းအသန် လေ့လာလိုက်စားကြတယ်”
“ဒီတော့ ဒီသားမက်လောင်း ရွေးချယ်ပွဲအတွက် စစ်ဆေးမှုတွေက ကိုယ့်ရဲ့ခွန်အား မဟုတ်ဘူး၊ ကျင့်စဉ်အကြောင်း၊ ဝင်္ကပါနဲ့ မှော်စာလုံးနဲ့ ပတ်သက်တာတွေပဲ”
“ဘာပဲဖြစ်ဖြစ် တိုက်ခိုက်ရတာထက် သာပါသေးတယ်၊ ငါတို့လို လူတွေက မင်းသား ကျားလန်လို လူမျိုးရဲ့ ပြိုင်ဘက် ဖြစ်လာမှာလေ”
ဤသည်ကိုကြားပြီး ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ မှန်ပေသည်။ အကယ်၍ တိုက်ခိုက်ရမည် ဆိုပါက ဤသိုင်းပညာရှင် အဖွဲ့များထဲမှ မည်သူကမှ မင်းသားကျားလန်နှင့် တိုက်ခိုက်ရဲမည် မဟုတ်ချေ။
ယဲ့ဖန်၏ အမူအရာကိုကြည့်ပြီး မျောက်ပိန်လေး၏ မျက်နှာ၌ ညစ်ကျယ်ကျယ် အမူအရာမျိုး ထင်ဟပ်လာသည်။
“ဘာလဲ၊ ငါ့ညီကရော ခရမ်းပြာ နတ်မိမယ်ကို ကြွေနေတာလား”
*ကြွေနေတာတဲ့လား*
ယဲ့ဖန် ပြုံး၍ ခေါင်းခါလိုက်သည်။
“ငါ နတ်မိမယ်ကို စိတ်မဝင်စားဘူး၊ ငါက သူ့ရဲ့ သီးသန့် အခန်းငယ်ကိုပဲ စိတ်ဝင်စားတာ”
“ဟားဟားဟား … ငါ့ညီရေ၊ မင်းမှမဟုတ်ဘူး၊ ငါတို့အားလုံး နတ်မိမယ်ရဲ့ အိပ်ခန်းကို စိတ်ဝင်စားကြတာကွ”
မျောက်ပိန်လေးက ယဲ့ဖန်သည် နတ်မိမယ်၏ အိပ်ခန်းကို စိတ်ဝင်စားနေသည်ဟု ထင်မိသွားသည်။ သူ၏ ဆိုလိုရင်းကို မျောက်ပိန်လေး အထင်လွဲသွားမှန်း သိသော်လည်း ယဲ့ဖန်သည် ပြန်ရှင်းပြရမည်ကို စိတ်မပါသောကြောင့် ငြိမ်နေလိုက်သည်။
တဖြည်းဖြည်းနှင့် အချိန်ကုန်လာသည်။ မကြာခင်မှာပင် ဉယျာဉ်တစ်ခုလုံး၌ လူသစ်စုဝေးပွဲ၌ ပါဝင်မည့် သိုင်းပညာရှင် များနှင့် ပြည့်နှက်နေသည်။ ထို့နောက်တွင် အိမ်တော်၏ ပင်မတံခါးပေါက် ပိတ်သွားလေသည်။
ဒေါက်! ဒေါက်! ဒေါက်!
အိမ်တော်ထဲမှနေ၍ ခြေသံများ ထွက်ပေါ်လာသည်။ လူငယ် ပါရမီရှင်များအားလုံး စိတ်လှုပ်ရှားလာကြသည်။ သားမက်လောင်း ရွေးချယ်ပွဲ စတင်တော့မည်ဖြစ်ကြောင်း အားလုံး သိနေကြသည်။
လူတိုင်း၏ မျှော်လင့်စောင့်စားနေသော အကြည့်များအောက်၌ မင်းသား ကျားလန်၊ ခရမ်းပါ ဧကရာဇ်နှင့် လှပ၍ ဆွဲဆောင်မှုရှိသော နတ်မိမယ်တို့က ဖြည်းဖြည်းချင်း လှမ်းလာ လေသည်။
ထိုအချိန်၌ သိုင်းပညာရှင်အားလုံးက နတ်မိမယ်ကို စိုက်ကြည့် လာသည်။ လူတိုင်း၏ မျက်လုံး၌ တပ်မက်စိတ်နှင့် ရာဂစိတ်များနှင့် ပြည့်နှက်နေသည်။
ခရမ်းပြာ နတ်မိမယ်သည် ကျားလန် အင်ပါယာ၏ ပထမဆုံး နတ်မိမယ်ဖြစ်ပြီး မရေတွက်နိုင်သော လူငယ်ပါရမီရှင်များ၏ အိပ်မက် နတ်သမီးလေး ဖြစ်ပေသည်။
သူမကို လက်ထပ်သည့် မည်သူမဆို ဧကရာဇ်၏ သားမက်တော် ဖြစ်လာရုံသာမက နတ်မိမယ်၏ အမွေအနှစ်ကို မျှယူနိုင်ပြီး နတ်မိမယ်ဂြိုဟ်များကို ဆက်ခံနိုင်သောကြောင့် တစ်ချက် တည်းနှင့် အမြင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
သာမန်လူများနှင့် မတူဘဲ ယဲ့ဖန်၏ အကြည့်များက ခရမ်းပြာ နတ်မိမယ်၏ ခါးမှ ကျောက်စိမ်း ဆွဲပြားကို စိုက်ကြည့်နေသည်။ ထိုဆွဲပြားသည် အခန်း၏ သော့ပင် ဖြစ်သည်။
“အားလုံးပဲ”
ထိုသို့သောအချိန်၌ ခရမ်းပြာ ဧကရာဇ်သည် ရှေ့သို့ တက်လှမ်း၍ ဉယျာဉ်ထဲမှ ပါရမီရှင် လူငယ်များကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
“သမီးတော်အတွက် ဖိတ်ကြားတဲ့ စုဝေးပွဲမှာ ပါဝင်ဖို့ လာရောက်တဲ့ အားလုံးကို နတ်မိမယ်ဂြိုဟ်ကနေ ကြိုဆိုပါတယ်”
“ဒီပွဲကနေ ကျုပ်ရဲ့ သမီးတော်အတွက် ခင်ပွန်းတစ်ယောက် ရွေးချယ်မယ်၊ နောက်ဆုံးအထိ အနိုင်ရတဲ့ ဘယ်သူမဆို ကျုပ်ရဲ့ နတ်မိမယ်ဂြိုဟ်က ရှေးဟောင်း အမွေအနှစ်ကို ရရှိမယ် ပြီးတော့ နောက်တက်မယ့် နတ်မိမယ်ဂြိုဟ်ရဲ့ အရှင်သခင် ဖြစ်ခွင့်လည်းရမယ်”
“အဲ့ဒါအပြင် ဒီလူအိုကြီးက စကြဝဠာသုံး ဒင်္ဂါးကို မင်္ဂလာလက်ဖွဲ့အဖြစ် ပေးဦးမှာ။ C အဆင့် စစ်သင်္ဘောတစ်စီး၊ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ကျေးကျွန် ဆယ်ယောက်နဲ့ မြေကမ္ဘာအဆင့် သိုင်းကွက် ဆယ်ခုကိုလည်း ပေးအပ်မယ်”
ဝုန်း!
ခရမ်းပြာ ဧကရာဇ်၏ စကားများကို ကြားပြီးနောက် ဉယျာဉ်တစ်ခုလုံး ပွက်လောရိုက်သွားသည်။
*ချမ်းသာလိုက်တာ*
ခရမ်းပြာ ဧကရာဇ်က ဤမျှ များပြားသည့် ဆုလာဘ်များကို ပြင်ဆင်ထားလိမ့်မည်ဟု မည်သူမှ ထင်မထားမိကြချေ။
ယခုအချိန်၌ လူတိုင်း၏ မျက်လုံးများက တောက်ပလာကာ ကြိုးစားရန် အသင့်ဖြစ်လာကြသည်။