← Chapters

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

Chapter 475 မင်းက ဘယ်လိုလူစားမျိုးလ

မှော်စာလုံး။

မှော်စာလုံးသည် ကမ္ဘာခြား သိုင်းပညာရှင်များ အသုံးအများဆုံး ရတနာများထဲမှ တစ်ခု ဖြစ်လေသည်။

အင်အားကြီး ရန်သူကို သတ်ရာတွင် ဖြစ်စေ သို့မဟုတ် ထွက်ပြေးခြင်းနှင့် ပုန်းကွယ်ရာတွင် ဖြစ်စေ မှော်စာလုံးက အလွန် အရေးပါလေသည်။

ဂြိုဟ်နယ်မြေများကြားထဲတွင် မှော်စာလုံးအဆင့်အား သဘာဝလွန်အဆင့်၊ နက်နဲအဆင့်၊ မြေကမ္ဘာအဆင့်နှင့် မိုးကောင်းကင်အဆင့်ဟူ၍ ခွဲခြားထားသည်။

သာမန် သိုင်းပညာရှင်များသည် သဘာဝလွန်အဆင့်နှင့် နက်နဲအဆင့် မှော်စာလုံးများကိုသာ ထွင်းထုနိုင်သည်။

အကယ်၍ မြေကမ္ဘာအဆင့် မှော်စာလုံးများကို ရေးထိုးထွင်းထုချင်ပါက နတ်ဧကရာဇ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေမှ ဖြစ်နိုင်ပေမည်။

ထိုသို့သောအချိန်၌ ခရမ်းပြာ ဧကရာဇ်၏ စကားသံနှင့်အတူ ဂြိုဟ်သခင်အိမ်တော်မှ အိမ်စေ တစ်ယောက်က မှော်စုတ်တံနှင့် မှော်မှင်ရည်တို့အား စားပွဲတစ်ခုချင်းစီ၌ လာချပေးလေသည်။

ဤသည်ကိုကြည့်ပြီးနောက် ခရမ်းပြာ ဧကရာဇ်က ဆက်ပြောလာသည်။

“ကျွမ်းကျင်တဲ့ လူငယ်တိုင်း ကျုပ်တို့ရဲ့ မှော်စုတ်တံနဲ့ မှင်ရည်ကို သုံးပြီး အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ကြပါ”

“အလယ်အလတ် ကြီးမြတ်သော သဘာဝလွန်အဆင့် မှော်စာလုံးကို ရေးသားနိုင်တာနဲ့ နောက်တစ်ဆင့်ကို တက်နိုင်မယ်”

*ဘာ*

*အလယ်အလတ် နက်နဲအဆင့် မှော်စာလုံးလား*

ထိုစကားကို ကြားပြီးနောက် လူငယ် ပါရမီရှင်တိုင်း မသိမသာ မျက်နှာပျက်သွားကြသည်။

ယေဘုယျအားဖြင့် ပြောရမည်ဆိုလျင် အလယ်အလတ် နက်နဲအဆင့် မှော်စာလုံးအား နတ်ဧကရာဇ် တစ်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်သာ ရေးသားနိုင်ပေ၏။

ထိုမျှနှင့်မပြီးသေးချေ။

“အားလုံးပဲ ဒီတစ်ခုကို မှတ်ထားကြပါ။ လူတစ်ယောက်အတွက် အခွင့်အရေးက တစ်ကြိမ်ပဲ ရနိုင်ပါတယ်”

ခရမ်းပြာ ဧကရာဇ်၏ စကားကြောင့် လူတိုင်း ပွက်လောရိုက်သွားကြသည်။

အလယ်အလတ် နက်နဲအဆင့် မှော်စာလုံးအား တစ်ကြိမ်တည်း ရေးသားနိုင်အောင် ကြိုးစားရခြင်းသည် သူတို့ ဖယ်ထုတ်ခံရရန် ကိုးဆယ်ရာခိုင်နှုန်း သေချာနေပြီ ဖြစ်သည်။

ယခုအချိန်တွင် လူတိုင်း၏ မျက်နှာအမူအရာက အလွန် တည်နေကြသည်။ လက်ထဲမှ မှော်စုတ်တံနှင့် မှော်မှင်ရည်တို့အား ရန်သူကဲ့သို့ ကြည့်နေကြသည်။

ဉယျာဉ်တစ်ခုလုံး၌ မင်းသား ကျားလန်သာ နှုတ်ခမ်းကိုတွန့်၍ ပြုံးနေသည်။

အိမ်ရှေ့စံမင်းသား ဖြစ်သောကြောင့် သူသည် အစီအရင်၊ မှော်စာလုံး၊ ကျင့်စဉ် အစရှိသည့် အရာများကို ကလေးဘဝကတည်းမှစ၍ လေ့လာကျင့်ကြံခဲ့ရသည်။

သူ့အတွက် ဤမှော်စာလုံးက အရည်ကျိုသောက်ထားသကဲ့သို့ လွယ်ကူလှသည်။

“ကောင်းပြီ၊ ဒါဆို စမယ်”

ဝှစ်! ဝှစ်! ဝှစ်!

ခရမ်းပြာ ဧကရာဇ်၏ စကားအဆုံး၌ သိုင်းပညာရှင်တစ်ယောက်က စားပွဲပေါ်မှ မှော်စုတ်တံကို ကောက်ယူ၍ မှင်ရည်ထဲသို့ နှစ်လိုက်သည်။ ထိုသို့သောအချိန်၌ လေထုသည် အလွန် ပြင်းထန်၍ လေးလံနေ၏။

ပါရမီရှင် လူငယ်များအားလုံး၏ နဖူး၌ ဇောချွေးများ စို့တက်နေသည်။ သူတို့သည် အလွန် စိုးရိမ်တုန်လှုပ်နေကြသည်။

လက်ထဲ၌ မှော်စုတ်တံကိုကိုင်ထားပြီး ရတက်မအေး ဖြစ်နေကြသည်။

မင်းသား ကျားလန် တစ်ယောက်တည်းသာလျင် အေးအေးလူလူနှင့် မှော်စာလုံး၏ ကောက်ကြောင်းကို ဆက်၍ပုံဖော်နေသည်။

ထိုသို့သော ထီမထင်ဟန်က လူတိုင်းအား အလွန်အားကျသွားစေသည်။ သူနှင့် ဆန့်ကျင်ဘက်တွင်မူ နောက်ဆုံးခုံ၌ ထိုင်နေသော ယဲ့ဖန်က ခေါင်းကိုငုံ့ထားပြီး မှော်စုတ်တံကို မကောက်ယူသလို မှော်စာလုံး ရေးသားခြင်းလည်း မပြုဘဲ ငေးငိုင်နေသည်။

“အမှိုက်ကောင်”

ဤသည်ကိုကြည့်ပြီး ခရမ်းပြာ နတ်မိမယ်က အထင်သေးသလို လှောင်ပြုံးပြုံးလိုက်သည်။

သူမသည် သူမ၏ ခင်ပွန်းလောင်း ရွေးချယ်ပွဲ၌ လာပြိုင်သည့် နတ်ဘုရား ဆရာသခင်အဆင့်သာ ရှိသော ယဲ့ဖန်ကို အလွန် အထင်သေးမိသည်။

သူ ဒုတိယပြိုင်ပွဲသို့ တက်လှမ်းနိုင်ခဲ့ခြင်းက သူမအား အရှက်ခွဲလိုက်သလိုပင်။ သို့သော် ယခုအချိန်၌ ထိုမျိုးမစစ်ကောင်သည် ပြိုင်ပွဲအတွင်း အာရုံထွေပြားနေပြီး အရေးမစိုက်သလို ဖြစ်နေခြင်းကြောင့် သူမ စိတ်မတိုဘဲ မနေနိုင်တော့ချေ။

တစ်ဖက်တွင်မူ ခရမ်းပြာ ဧကရာဇ်က အသာပြုံးနေသည်။

“ရှောင်လန်၊ ဒီတစ်ခေါက်ရော ဘယ်သူ ပထမရမယ် ထင်လဲ”

*ဟင်*

ခရမ်းပြာ နတ်မိမယ် မသိမသာ မှင်တက်သွားပြီး မင်းသား ကျားလန်ကို လှမ်းကြည့်လိုက်မိသည်။

မင်းသား ကျားလန်ကို သူမ အလွန်အမင်း မကျေနပ်သော်လည်း ထိုသူ၏ ခံ့ညားမှုက သာမန်လူများထက် သာလွန်သည်ကိုတော့ သူမ ဝန်ခံရပေမည်။

“ဒီတစ်ခါတော့ ဟိုတစ်ယောက်ပဲ ဖြစ်မယ်”

ခရမ်းပြာ နတ်မိမယ် မျက်မှောင်ကြုတ်နေသည်။ သူမ စကားကို ကြားပြီးနောက် ခရမ်းပြာ ဧကရာဇ်က ခေါင်းခါလေသည်။

“အဲ့လိုချည်းလဲ မဟုတ်သေးဘူး”

*ဘယ်လို*

ခရမ်းပြာ နတ်မိမယ် မသိမသာ တောင့်ခနဲ ဖြစ်သွားပြီး သူမဖခင်အား မယုံနိုင်သလို ကြည့်လိုက်မိသည်။

“အဖေ၊ အဖေ့မှာ အလားအလာကောင်းတဲ့ ပြိုင်ပွဲဝင်တစ်ယောက် ရှိနေလို့လား”

ခရမ်းပြာ နတ်မိမယ် တအံ့တဩ ဖြစ်နေသည်။ အခြေအနေက တစ်ချက်ကြည့်ရုံနှင့် အတော်လေး သိသာနေသည်။

မင်းသား ကျားလန်၏ မှော်စာလုံး ရွေးသားမှုသည် အခြားသူများထက် ကျော်လွန်နေသည်။ ထိုသူများထဲ၌ ရွက်ပုန်းသီး ဆရာသခင်တစ်ယောက်များ ရှိနေလေသလား။

သူမစကားကြောင့် ခရမ်းပြာ ဧကရာဇ်က ထူးခြားစွာ ပြုံးလာသည်။ သူသည် ယဲ့ဖန်အား ငေးကြည့်၍ သိချင်စိတ်များဖြင့် တောက်ပနေသော မျက်လုံးများနှင့် စိုက်ကြည့်နေသည်။

“အဲ့ကောင်လေးက ဖျက်မြင်းတစ်ကောင် ဖြစ်နေလိမ့်မယ်လို့ အဖေ ခံစားနေရတယ်”

*ဟင်*

သူမဖခင်၏ စကားနှင့် အကြည့်များကြောင့် ခရမ်းပြာ နတ်မိမယ်၏ မျက်နှာထားက ရုတ်ချည်းဆိုသလို တင်းမာသွားသည်။

“အဖေက ဟို နတ်ဘုရား ဆရာသခင်အဆင့် အမှိုက်ကောင်ကို ပြောနေတာလား”

ခရမ်းပြာ နတ်မိမယ် လက်မခံနိုင်လောက်အောင် ဖြစ်နေသည်။ အလယ်အလတ် နတ်နဲအဆင့် မှော်စာလုံး ရေးသားခြင်းသည် နတ်ဧကရာဇ် တစ်ပိုင်းအဆင့်သာလျင် ရေးဆွဲနိုင်သည်။

ထိုသို့ဆိုလျင်တောင်မှ တစ်ချက်တည်းနှင့် ရေးဆွဲနိုင်ရန် ခက်ခဲလှသည်။

ယဲ့ဖန်သည် နတ်ဘုရား ဆရာသခင်အဆင့်သာ ရှိပြီး သဘာဝလွန်အဆင့် မှော်စာလုံးကို ရေးဆွဲနိုင်သည့် သတ်မှတ်အဆင့်ကိုပင် မရောက်ချေ။ ဘယ်လိုလုပ် သူက ဖျက်မြင်းတစ်ကောင် ဖြစ်နိုင်မည်နည်း။

“သမီး မယုံဘူး”

ခရမ်းပြာ နတ်မိမယ်က ပျက်ရယ်ပြု၍ နှုတ်ခမ်းစူကာ အထင်သေးနေ၏။

“အဲ့ကောင် ဒီနေရာထိ ရောက်လာရတဲ့ အကြောင်းရင်းက ကံကောင်းသွားလို့ပဲ။ သူသာ ဖျက်မြင်းတစ်ကောင် ဖြစ်နေလို့ကတော့ အနောက်ဘက်နေ နေထွက်လာဦးမယ်”

ခရမ်းပြာ နတ်မိမယ်သည် ခေါင်းတခါခါနှင့် သူမဖခင်စကားကို လက်မခံချေ။ ဤသည်ကြောင့် ခရမ်းပြာ ဧကရာဇ် သက်ပြင်းချလိုက်မိသည်။

သူ၏သမီးဖြစ်သူသည် ထူးချွန်သော်လည်း အလွန် ဘဝင်မြင့်၍ မောက်မာသောကြောင့် အရာအားလုံးကို မြင်နိုင်စွမ်း မရှိဖြစ်နေ၏။

တစ်ခဏမျှ တွေးတောပြီးနောက် ခရမ်းပြာ ဧကရာဇ်သည် ယဲ့ဖန်ကိုသာ ပြန်၍ စိုက်ကြည့်နေသည်။

“မင်းက ဘယ်လိုလူစားမျိုးလဲဆိုတာ ငါ တကယ် သိချင်မိတယ်”

ဝုန်း!

ထိုသို့သောအချိန်၌ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး ပါရမီရှင် လူငယ်တစ်ယောက် ရေးဆွဲလိုက်သော မှော်စာလုံးတစ်လုံးက ချက်ချင်း ထပေါက်ကွဲလာသည်။

ကျရှုံးသွားခြင်းပင်။ ထိုအသံ၌ ဆင့်ကဲဖြစ်ပွားနိုင်သည့် အစွမ်း ရှိနေပုံရသည်။

ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်၊ စတုတ္ထတစ်ယောက်။

…

ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ လူငယ် ပါရမီရှင်များ တစ်ယောက်ပြီး တစ်ယောက် ကျရှုံးလာကြသည်။

ထို့နောက်တွင်မူ စားပွဲတစ်ခုမှနေ၍ ကြောက်ခမန်းလိလိ မိုးပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် မှော်စာလုံးတစ်လုံး ရေးသား၍ ပြီးသွားလေသည်။

“မိုးပြာရာ အလင်းတန်း၊ မြတ်စွာဘုရား … ဒါ မြေကမ္ဘာအဆင့် မှော်စာလုံးရဲ့ သဘာဝဖြစ်စဉ်ပဲ”

ချက်ချင်းဆိုသလိုပင် လူတိုင်း ဆူညံပွက်လောရိုက်လာကြသည်။ မြေကမ္ဘာအဆင့် မှော်စာလုံးသည် နတ်ဧကရာဇ် အလယ်အလတ်အဆင့် သိုင်းပညာရှင်တစ်ယောက်သာ ရေးဆွဲနိုင်သည့် အရာဖြစ်လေသည်။

“တကယ်ကို တောက်ပတဲ့ မိုးပြာရောင် အလင်းတန်းပဲ၊ ဒါ … ဒါက တိုးတက်လာတဲ့ အဆင့်ပဲ၊ ဒါက အလယ်အလတ် မြေကမ္ဘာအဆင့် မှော်စာလုံးနဲ့တူတယ်၊ မြတ်စွာဘုရား … တော်တော် ကြောက်ဖို့ကောင်းတာပဲ”

ဘေးပတ်လည်မှလူတိုင်းသည် ထိုမှော်စာလုံးမှ ပျံ့လွင့်လာသော မရဏ အငွေ့အသက်များကို ခံစားမိနေသည်။ လူတိုင်း အကြီးအကျယ် မျက်နှာပျက်နေကြသည်။

အထူးသဖြင့် အလယ်အလတ် မြေကမ္ဘာအဆင့် မှော်စာလုံးကို ရေးဆွဲလိုက်သူက မင်းသား ကျားလန် ဖြစ်နေသည်ကိုမြင်ပြီးနောက် လူတိုင်း ရှက်ရွံ့သွားကြလေသည်။

ပွဲသိမ်းလေပြီ။ ဤပြိုင်ပွဲ၏ အောင်နိုင်သူက မင်းသား ကျားလန် ဖြစ်လာမည်မှာ သံသယ ဝင်စရာပင် မလိုတော့ချေ။

ဝှစ်! ဝှစ်!

ထိုသို့သောအချိန်၌ နောက်ထပ် အလယ်အလတ် မြေကမ္ဘာအဆင့် မှော်စာလုံးနှစ်ခု ထွက်ပေါ်လာပြန်သည်။

လူတိုင်း ကျရှုံးသော်လည်း သုံးယောက် အောင်မြင်ခဲ့သည်။ ယခုတစ်ခေါက်၌ လူသုံးယောက်သာ နောက်တစ်ဆင့် တက်နိုင်ခဲ့သည်။ လူတိုင်း ပြီးသွားသည်ကိုမြင်ပြီး အားလုံး၏ အကြည့်များက ယဲ့ဖန်ထံ ကျရောက်လာသည်။ ထိုအကြည့်များထဲတွင် ပွဲလှပြီဟူသော အကြည့်များ၊ အထင်သေး၍ ထေ့ငေါ့ဟန်များနှင့် ထီမထင်ဟန်များ ပါဝင်နေသည်။

ယဲ့ဖန် အလှောင်ခံရမည်ကို စောင့်နေပုံရသည်။ အထူးသဖြင့် မင်းသား ကျားလန်ပင်၊ သူ့နှုတ်ခမ်း၌ ထီမထင်ဟန် အပြုံးတစ်ခု ဖြစ်ပေါ်နေပြီး ယဲ့ဖန် ကံကောင်းဦးလေမလားဟု ကြည့်နေသည်။

ခရမ်းပြာ နတ်မိမယ်၏ ယဲ့ဖန်ကို ကြည့်နေသော အကြည့်၌လည်း အထင်သေး၍ ရွံရှာဟန်များ ပါဝင်နေ၏။

ဤသည်ကိုကြည့်ပြီး မျောက်ပိန်လေးသည် မရယ်ဘဲ မနေနိုင်တော့ဘဲ ယဲ့ဖန်ကို အသာတွန်း၍ ပြောလိုက်သည်။

“ငါ့ညီ၊ ငါ မင်းကို လိုက်ပို့မယ်၊ ဟိုဟာထက် ပိုကောင်း …”

“အရှုံးပေးလိုက်ရအောင်”

မျောက်ပိန်လေးသည် အလယ်အလတ် နက်နဲအဆင့်ကို ရေးဆွဲနိုင်သည့် ဆရာသခင်၏ အစွမ်းအစကို သိနေသည်။ ထိုသူများသည် အလွန်ကို အစွမ်းထက်လှသည်။ လူအများ၏ လှောင်ပြောင်ခြင်းကို ခံရသည်ထက် အရှုံးပေးလိုက်ရသည်က တော်ပါသေးသည်။

*အရှုံးပေးရမယ်တဲ့လား*

ထိုအခါမှသာ ယဲ့ဖန်က ခပ်ဖြည်းဖြည်း လှုပ်ရှားလာသည်။

“ကောင်းပြီလေ”

ထိုသို့ပြော၍ ယဲ့ဖန်က မတ်တပ်ထရပ်လာသည်။ ထိုစဉ် သူ့နှာခေါင်းက ခပ်ရှုံ့ရှုံ့ဖြစ်သွားပြီး ယားကျိကျိ ဖြစ်လာသည်။

“ဟပ်ချိုး”

သူ နှာထချေလိုက်သည်။ ထို့နောက် နှာချေသံကြောင့် မှော်စာရွက်ပေါ်မှ မှင်ရည်များ ပျံ့လွင့်သွားသည်။ ချက်ချင်းဆိုသလိုပင် လူတိုင်း မယုံနိုင်ရသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ လေတော့သည်။

Chapter 476 သူက မတတ်ချင်ယောင်ဆောင်နေတာ

“ဟပ်ချိုး”

ယဲ့ဖန် နှာချေလိုက်သောအါ မှင်ရည်များ ပျံ့နှံ့သွားပြီး မှော်စာရွက်ပေါ်သို့ စဉ်သွားလေသည်။

သူ၏ မပျော်မရွှင်ဟန်ကို မြင်ပြီး ဘေးပတ်လည်မှ လူတိုင်း၏ အထင်သေးဟန်များက ပို၍ ကြီးမားလာသည်။ လူ တော်တော်များများ ရယ်မိလုနီးပါး ဖြစ်နေသည်။ ထိုသို့သောအချိန်၌

ဝှစ်!

အနီရောင် အလင်းတန်းက ကောင်းကင်ထက်သို့ ထိုးတက်လာပြီး ခြံဝန်းတစ်ခုလုံး သွေးနီရောင် သန်းသွားလေသည်။ ခမ်းနား၍ ဖိနှိပ်နိုင်သော အရှိန်အဝါက ပျံ့နှံ့၍လာသည်။

ဤမြင်ကွင်းက လူတိုင်း၏ မျက်နှာထက်မှ အထင်သေးဟန်များအား လုံးဝ အေးခဲသွားစေသည်။ လူတိုင်းသည် ယဲ့ဖန်အား မျက်လုံးကျွတ်ကျမတတ် စိုက်ကြည့်နေကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုကြောက်ခမန်းလိလိ အလင်းတန်းက ယဲ့ဖန်၏ မှော်စာရွက်မှ ထွက်ပေါ်လာသည်ကို သူတို့ မြင်နေရသောကြောင့်ပင်။

ထိုမှော်စာရွက်ပေါ်၌ မှင်ရည်များ စုဝေးသွားပြီး ထူးဆန်းသော ပုံသဏ္ဌာန်တစ်ခု ဖြစ်ပေါ်နေသည်ကို လူတိုင်း တွေ့လိုက်ရသည်။

ထိုစာလုံး၌ စကြဝဠာ၏ ထူးခြား ဆန်းကြယ်မှုများ ပါဝင်နေသကဲ့သို့ တစ်ချက်ကြည့်ရုံနှင့် လူတိုင်းအား မူးဝေသွားစေသည် ထိုကြောက်မက်ဖွယ် အရှိန်အဝါက အားလုံးအား မျက်ခုံးလှုပ်သွားစေ၏။

“ဒါ … ဒါက မိုးကောင်းကင်အဆင့် မှော်စာလုံးပဲ”

*ဟာ*

ထိုစကားသံကြောင့် လူတိုင်း ထိတ်လန့်သွားလေသည်။ ထိုမှော်စာလုံးသည် အမြင်အားဖြင့် သော်လည်းကောင်း အရှိန်အဝါအားဖြင့် သော်လည်းကောင်း မင်းသား ကျားလန်၏ မှော်စာလံးထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်လေသည်။

ဤမိုးကောင်းကင်အဆင့် မှော်စာလုံးသည် မိုးကောင်းကင်ထက်တောင်မှ ရောက်ရှိ သွားသေးသည်။

ထိုသို့သောအချိန်၌ လူတိုင်း မှင်တက်နေကြသည်။ နှာချေသံကနေ မိုးကောင်းကင်အဆင့် မှော်စာလုံး ရေးဆွဲနိုင်သည်တဲ့လား။

ထူးဆန်းလိုက်လေခြင်း။

ယခုအချိန်၌ အားလုံးသည် ကံကောင်းသည်ဟု မခံစားမိဘဲ သူတို့ မျက်နှာဖြတ်ရိုက်ခံလိုက်ရသလို ခံစားမိသွားကြသည်။

အထူးသဖြင့် မင်းသား ကျားလန်ပင်၊ သူသည် သွေးအန်လုမတတ် ဖြစ်နေလေ၏။

“ဒါ … ဒါ ဟုတ်ကောဟုတ်ရဲ့လား”

မင်းသား ကျားလန်သည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်လောက်အောင် ဖြစ်နေလေ၏။ သူ၏ခွန်အားနှင့် အာရုံတို့ကို အပြည့်အဝ အသုံးချခဲ့သောကြောင့် သူသည် မြေကမ္ဘာအဆင့် မှော်စာလုံးကို ရေးဆွဲနိုင်ခဲ့သည်။ ထို့အတွက် လူတိုင်း၏ လေးစားအားကျခြင်းကို ခံခဲ့ရသည်။

ထိုအချိန်တွင် ဤမျိုးမစစ်ကောင်က လက်လျှော့တော့မည်ပုံနှင့် ရုတ်တရက် နှာထချေပြီး မိုးကောင်းကင်အဆင့် မှော်စာလုံးကို ရေးဆွဲနိုင်ခဲ့သည်။

*ဒီလို ဥပဒေသမျိုး ရှိသေးရဲ့လား*

*ဘယ်လိုဥပဒေသတွေ ရှိသေးလဲ*

*မိနစ်ပိုင်းအတွင်း ထွက်ပြေးတော့မဲ့ကောင်က ဘယ်လိုလုပ် မိုးကြိုးပစ်ချ မခံရတာလဲ*

စင်မြင့်အပေါ်၌ ခရမ်းပြာ နတ်မိမယ်သည် ထိတ်လန့်တကြား သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်ထားမိပြီး သူမမျက်နှာထက်၌ မယုံနိုင်ဟန်များနှင့် ပြည့်နှက်နေသည်။

မိုးကောင်းကင်အဆင့် မှော်စာလုံးသည် နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်ပင် ရေးသားထွင်းထုခြင်း မပြုနိုင်သည့် အရာပင် ဖြစ်သည်။ သို့သော် ယခုအခါတွင် တစ်စုံတစ်ယောက်က နှာချေရုံနှင့် ထိုမှော်စာလုံးကို ရေးသားနိုင်နေ၏။

“အဲ့ကောင် တော်တော် မကောင်းတာပဲ”

ခရမ်းပြာ နတ်မိမယ်သည် ထိုသို့မှတ်ချက်ပြုရင်း နဖူးကြောများ တွန့်နေသည်။ သူမ အဆင့်မတက်စေချင်ဆုံးသူက ဆက်၍ အဆင့်တက်နေသောကြောင့် သူမအား သွေးမအန်အန်အောင် လုပ်သလို ဖြစ်နေသည်။

ထိုသို့သောအချိန်၌ ယဲ့ဖန်အား ကံကောင်းသည်ဟု မထင်သူက ခရမ်းပြာ ဧကရာဇ် တစ်ယောက်တည်းသာ ရှိလေသည်။

သူ့စိတ်ထဲတွင် မုန်တိုင်းထန်နေ၏။ အစောပိုင်းတုန်းက ယဲ့ဖန် နှာချေလိုက်စဉ်တွင် သူ့ပါးစပ်နှင့် နှာခေါင်းမှ စွမ်းအင်တစ်ခု ထွက်ပေါ်လာသောကြောင့် မှင်ရည်များက မှော်စာရွက်ပေါ် အတိအကျ သွားစဉ်ခြင်းဖြစ်ကြောင်း သူ သေချာ မြင်လိုက်ရသည်။

ခွန်အားနှင့် ရှုထောင့်တို့အား ယဲ့ဖန်အား အတိအကျ ထိန်းချုပ်နိုင်နေသည်။

တောက်! တောက်!

ခရမ်းပြာ ဧကရာဇ်၏ နဖူးမှ ချွေးများ စီးကျလာသည်။ နှာချေလိုက်ရုံနှင့် မိုးကောင်းကင်အဆင့် မှော်စာလုံးကို ရေးဆွဲနိုင်သည့် ထိပ်သီးပုဂ္ဂိုလ်မျိုး ရှိနေလိမ့်မည်ဟု သူ ထင်မထားမိချေ။

ခရမ်းပြာ ဧကရာဇ်သည် စိတ်ထဲမှ ထိတ်လန့်မှုကို အတင်းချိုးနှိမ်၍ လည်ချောင်းရှင်း၍ ယဲ့ဖန်ကို ဇဝေဇဝါ စိုက်ကြည့်၍ လူအုပ်အား အော်ပြောလိုက်သည်။

“ဒုတိယပြိုင်ပွဲမှာ ယဲ့ဖန် ပထမရပါတယ်”

ထိုစကားက လူအုပ်ကြီးအား ထိတ်လန့်သွားစေသည်။

ပထမနေရာ။ ပြိုင်ပွဲသုံးပွဲ၌ သူ ပထမရနေသည်မှာ နှစ်ပွဲ ရှိနေပြီဖြစ်သည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ထိုသို့သောအချိန်၌ မင်းသား ကျားလန်နှင့် ဘေးပတ်လည်မှ လူများအားလုံး မနာလိုအားကျ၍ မုန်းတီးနေကြသည်။

မျောက်ပိန်လေးတစ်ယောက်တည်းသာလျင် ယဲ့ဖန်ကို ဖက်လုမတတ် ဖြစ်နေပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်နှာနီမြန်းနေသည်။

“ဝိုး … မိုက်တယ်ကွာ … ညီလေးယဲ့ မင်းက နဂါးငွေ့တန်း စစ်နတ်ဘုရားလိုမျိုး ကောင်းကင်ကို ပေါက်ကွဲအောင်လုပ်နိုင်ပြီးတော့ အရှိန်အဝါက ထွန်းတောက်လွန်းတာပဲ”

“ငါ တကယ် အမြင်ကျယ်သွားရပြီ”

မျောက်ပိန်လေးသည် ဤမျှ ကံကောင်းသည့်သူမျိုး တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ယဲ့ဖန်ကတော့ မချိပြုံး ပြုံးနေလေသည်။ နှာချေရုံနှင့် အနိမ့်ဆုံးအဆင့် မှော်စာလုံးကို ရေးဆွဲနိုင်မည်ဟု သူ ထင်ထားခဲ့သည်။

သူ မိုးကောင်းကင်အဆင့် မှော်စာလုံးကို ရေးဆွဲနိုင်လိမ့်မည်ဟု ထင်မထားခဲ့မိပါ။ သူ ကူကယ်ရာမဲ့သလို ခံစားမိနေသည်။

“ကဲ …”

ထိုစဉ် ခရမ်းပြာ ဧကရာဇ်က ထပ်ပြောလာသည်။

“ဒီနေ့ တတိယပွဲစဉ်ကို လူလေးယောက်ပဲ တက်နိုင်ခဲ့တယ်။ သူတို့ကတော့ မင်းသားကျားလန်၊ တပသီ သခင်လေး၊ ဟန်သခင်လေးနဲ့ ယဲ့ဖန်တို့ပဲ”

ခရမ်းပြာ ဧကရာဇ်၏ စကားအဆုံး၌ မင်းသားကျားလန်၊ တပသီ သခင်လေးနှင့် ဟန်သခင်လေးတို့က စင်မြင့်ပေါ် တက်လာကြသည်။

ဤသည်ကိုကြည့်ပြီး မျောက်ပိန်လေးက ယဲ့ဖန်ကို တွန်းထုတ်လေသည်။ မကြာခင်မှာပင် လေးယောက်လုံး စင်မြင့်ပေါ် ရောက်လာလေသည်။

ထို့နောက်တွင် ခရမ်းပြာ ဧကရာဇ်က ယဲ့ဖန်ကို သေချာကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“တတိယပြိုင်ပွဲက ကျင့်စဉ်တစ်ခု ဖန်တီးတာ ဒါမှမဟုတ် ပြုပြင်မွမ်းမံဖို့ပဲ”

“ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ သိုင်းပညာရှင်တိုင်းရဲ့ ခွန်အားတွေ၊ ကြုံတွေ့ရတဲ့ အတွေ့အကြုံနဲ့ အခွင့်အရေးတွေက မတူဘူး။ အဲ့ဒါက ရှေ့စီနီယာတွေ ချန်ထားခဲ့တဲ့ ကျင့်စဉ်တွေက နောက်မျိုးဆက်အတွက် အသုံးတည့်ချင်မှ တည့်လာသလို ဖြစ်လာတယ်။ အဲ့ဒါကြောင့်ပဲ ကျုပ်က ကျုပ်တို့နဲ့ အသင့်တော်ဆုံး ကျင့်စဉ်ကို ဖန်တီးတာပဲဖြစ်ဖြစ်၊ ပြုပြင်မွမ်းမံတာပဲဖြစ်ဖြစ် လုပ်စေချင်ခဲ့တာ”

“ပြီးတော့ လူတစ်ယောက်ရဲ့ ကျင့်စဉ် ဖန်တီးခြင်း ဒါမှမဟုတ် မွမ်းမံခြင်းရဲ့ အောင်မြင်မှုက အဲ့ဒီလူ ဘယ်လောက် လုပ်နိုင်သလဲဆိုတာပေါ် မူတည်တယ်”

ခရမ်းပြာ ဧကရာဇ်၏ စကားကို လူတိုင်း ခေါင်းညိတ်ထောက်ခံကြသည်။ ယဲ့ဖန်တောင်မှ လက်ခံမိသည်။

သူသည် သေမင်း နတ်ဆိုးဆုဒြာကို မရခင်က ကျင့်စဉ် ကိုးခုကို ဖန်တီးခဲ့သည်။ ထိုကျင့်စဉ်များအား သူ အဆင့်တက်လာသည်နှင့်အမျှ တဖြည်းဖြည်း ဖယ်ထုတ်ခဲ့ရသည်။

မထင်မရှားနှင့် ကြောက်မက်ဖွယ်ကောင်းသည့် သေမင်းနတ်ဆိုး ဆုဒြာကို သူ ပိုင်ဆိုင်လာမှသော ယနေ့အခြေအနေသို့ သူ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

ယဲ့ဖန် အလွန် ကြောက်မက်ဖွယ် ကောင်းနေရခြင်း၏ အကြောင်းပြချက်မှာ သူသည် ကျင့်စဉ်များကို ဖန်တီး၍ မွမ်းမံပြုပြင်ခဲ့သောကြောင့်ဟု ပြော၍ ရနိုင်သည်။ ကျင့်စဉ်တစ်ခု ဖန်တီးနိုင်ရုံနှင့် မျိုးနွယ်တစ်ခုကို တိုးတက်လာစေနိုင်သည်။

“တတိယပြိုင်ပွဲမှာ လေးယောက်ထဲက တစ်ယောက် ဖန်တီးထားတဲ့ ဒါမှမဟုတ် မွမ်းမံ ပြုပြင်ထားတဲ့ ကျင့်စဉ်က ကျန်တဲ့သူထက် သာလွန်နေရင် အဲ့လူက ချန်ပီယံပဲ”

ခရမ်းပြာ ဧကရာဇ် စကားအဆုံး၌ ရုတ်တရက် အစေခံအချို့က ယဲ့ဖန်တို့ လေးယောက်၏ အရှေ့မှ စားပွဲပေါ်သို့ စာရွက်နှင့် စုတ်တံများ လာချပေးသည်။

“နောက်ဆုံးပြိုင်ပွဲ စမယ်”

ခရမ်းပြာ ဧကရာဇ်၏ စကားအဆုံးတွင် တပသီ သခင်လေးနှင့် ဟန်သခင်လေးတို့က စုတ်တံကို ကောက်ကိုင်၍ အသည်းအသန် ကြိုးစားကြသည်။

စုတ်တံနှင့် စာရွက်ကိုယူ၍ သူတို့ တီထွင်ထားသည့် သို့မဟုတ် မွမ်းမံလိုသည့် ကျင့်စဉ်ကို ချရေးကြလေသည်။

မင်းသားကျားလန်တစ်ယောက်တည်းသာ မလှုပ်ရှားသေးချေ။ သူသည် ယဲ့ဖန်ကို စိုက်ကြည့်၍ လှောင်ပြုံးပြုံးနေ၏။

“ဟေ့ကောင် ဒီတစ်ခေါက် ချန်ပီယံက ငါပဲ ဖြစ်မှာ။ ငါ အနိုင်ရတာနဲ့ မင်းရဲ့ သေမင်းလည်း ရောက်လာလိမ့်မယ်”

မင်းသား ကျားလန်၏ ခက်ထန်သော အသံထွက်ပေါ်လာသည်။ မင်းသား ကျားလန်၏ ယဲ့ဖန်ကို သတ်ဖြတ်ချင်စိတ်က ပြင်းထန်မှန်း သိသာလှသည်။

ယဲ့ဖန်က မင်းသား ကျားလန်ကို ကြည့်ရုံသာ ကြည့်နေသည်။ ထိုအကြည့်က အတောင်ဖြန့်၍ ခုန်ပေါက်နေသော ပုရစ်ကောင်ကို ကြည့်နေသည်နှင့် ဆင်တူလှသည်။

“ချီးတဲ့မှ … မင်း စောင့်နေလိုက်”

မင်းသား ကျားလန်သည် ယဲ့ဖန်၏ အကြည့်ကို အလွန် မုန်းတီးလှသည်။ သူ ပြိုင်ပွဲ၌ အနိုင်ရပြီးသည်နှင့် ထိုခွေးမသား၏ မျက်လုံးကို ဖောက်ထုတ်ပစ်မည်ဟု သူ ကျိန်ဆိုလိုက်သည်။

ထို့နောက် မင်းသား ကျားလန်သည် ယဲ့ဖန်ကို ဂရုမစိုက်တော့ဘဲ စုတ်တံကို ကောက်ကိုင်၍ အေးအေးဆေးဆေး ချရေးလေသည်။

ထို့နောက် စာရွက်ပေါ်မှ အလင်းတန်းများ ထွက်ပေါ်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။ စာရွက်ပေါ်ရှိ ထိုစာလုံးများမှ ကြောက်မက်ဖွယ် အရိပ်အငွေ့များ စိမ့်ထွက်လာ၏။

ကြောက်မက်ဖွယ် အကောင်းဆုံးသည်ကား မင်းသား ကျားလန်ပင်။ သူ၏ ရေးသားမှုတစ် ခုချင်းစီတိုင်းက စာရွက်ပေါ်၌ တောက်ပလာသည်။

သူသည် မိုးကောင်းကင်နှင့် ဆန့်ကျင်၍ လောကနိယာမများကို ဆွဲငင်နိုင်သည့် ကျင့်စဉ်တစ်ခုကို ရေးသားနေသလားဟု ထင်မှတ်ရလေသည်။

ရေးသားမှုတစ်ခုတိုင်း၌ စကြဝဠာ၏ ထူးခြား ဆန်းကြယ်မှုများ ပါဝင်နေသည်။ မင်းသား ကျားလန် စုတ်တံကို ပြန်ချလိုက်သည်နှင့် လောက၏ သဘာဝ နိယာမများ ရုတ်တရက် မြင့်တက်လာသည်။

Chapter 477 ကျားနှစ်ကောင်

ဝုန်း!

မင်းသား ကျားလန် ရေးသားပြီးသည်နှင့် အနီရောင် အလင်းတန်းက မိုးကောင်းကင်ထိ ထိုးတက်သွားလေသည်။

စာရွက်တစ်ခုလုံး လေထဲ မျောလွင့်နေသည်။ စာရွက်ပေါ်ရှိ စာလုံးတိုင်းမှ အနီရောင် အလင်းတန်းများ ဖြာထွက်နေသောကြောင့် ဉယျာဉ်တစ်ခုလုံး အနီရောင်သန်းနေ၏။

ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိတ်လန့်ဖွယ်ကောင်းလှသည်။

ထိုစာရွက်ပေါ်မှ ဖိနှိပ်နိုင်သော အရှိန်အဝါကို ခံစားမိသောကြောင့် ဉယျာဉ်ထဲရှိ လူများအားလုံး ကတုန်ကယင် ဖြစ်လာကြသည်။

၎င်းသည် ကျင့်စဉ်တစ်ခု မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းလှသည့် နတ်ဘုရား လက်နက်တစ်ခုကဲ့သို့ အလွန် စိုးထိတ်စရာ ကောင်းလှသည်။

“ဒါ … ဒါက မိုးကောင်းကင်အဆင့် နတ်ဘုရားကျင့်စဉ်ပဲ”

လူငယ် ပါရမီရှင်တိုင်း ခြောက်ခြားလာကြသည်။

မိုးကောင်းကင်အဆင့် နတ်ဘုရား ကျင့်စဉ်သည် ကျားလန် အင်ပါယာတစ်ခုလုံးတွင်တောင်မှ ပုံတူအနည်းငယ်သာ ရှိလေသည်။

ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းလှအောင် ပြိုင်ဘက်ကင်းလှသည့် ပညာရပ်တစ်ခု ဖြစ်သည်။

မိုးကောင်းကင်အဆင့် နတ်ဘုရား ကျင့်စဉ်တစ်ခုသည် နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံးကို အောင်မြင်စည်ပင်လာအောင် လုပ်ရန် လုံလောက်နေပြီဖြစ်သည်။

ယခုအခါတွင် မင်းသား ကျားလန်က အသက်ငယ်ငယ်လေးနှင့် မိုးကောင်းကင်အဆင့် ကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်နေသောကြောင့် အံ့အားသင့်စရာ ကောင်းလှသည်။

ငယ်ရွယ်လွန်းသော မင်းသား ကျားလန်ကို တစ်ချက်ကြည့်ပြီးနောက် မိုးကောင်းကင်အဆင့် နတ်ဘုရား ကျင့်စဉ်မှ အဆုံးမရှိသော ဖိအားများကို ခံစားမိကာ ပါရမီရှင် လူငယ်တိုင်း ကြက်သီး တဖြန်းဖြန်း ထလာကြသည်။

နတ်ဆိုးဆန်လှသည်။ သူသည် မိုးကောင်းကင်ကို လှုပ်ခါနိုင်သည့် ကံဇာတာပါလာသော နတ်ဆိုးမင်းသားသာ ဖြစ်ပေမည်။ ခရမ်းပြာ ဧကရာဇ်နှင့် ခရမ်းပြာ နတ်မိမယ်တို့တောင်မှ မှင်တက်သွားရသည်။

“ဒီကောင်လေးက ပါရမီက အကန့်အသတ် မရှိပါလား။ နောင် သူရလာမယ့် အောင်မြင်မှုက သေချာပေါက်ကို ကျားလန်အင်ပါယာထက် ကျော်လွန်နိုင်မှာပဲ”

ခရမ်းပြာ ဧကရာဇ်က ထိတ်လန့်တကြား မှတ်ချက်ပြုလေသည်။ ခရမ်းပြာ နတ်မိမယ်၏ မျက်နှာ၌ ထိတ်လန့်နေဟန်များ ပြည့်နှက်နေသည်။ မင်းသားကျားလန်၏ အကန့်အသတ်မဲ့ တိုက်ပွဲဝင် ခွန်အားက လူတိုင်းကို ထိတ်လန့်သွားစေသည်ကိုတော့ ဝန်ခံရပေမည်။

ဘေးပတ်လည်မှ လူများအားလုံး ထိတ်လန့်အံ့အားသင့်နေသည်ကိုမြင်ပြီး မင်းသား ကျားလန် မပြုံးဘဲ မနေနိုင် ဖြစ်သွားရသည်။

“ခမည်းတော် ငါ့အတွက် ပြင်ပေးခဲ့တဲ့ ဒီမိုးကောင်းကင်အဆင့် နတ်ဘုရားကျင့်စဉ်က တကယ် အသုံးဝင်တာပဲ”

ဤမိုးကောင်းကင်အဆင့် နတ်ဘုရားကျင့်စဉ်သည် သူ ဖန်တီးခဲ့ခြင်း မဟုတ်ဘဲ ဘိုးဘွားပိုင် ကျင့်စဉ်ဖြစ်သည်ကို သူ တစ်ယောက်တည်းသာ သိလေသည်။

ဤနတ်ဘုရားကျင့်စဉ်သည် ကျားလန် တော်ဝင်မျိုးနွယ်၏ လျှို့ဝှက်သိုင်းကျမ်းဖြစ်ပြီး တစ်ခါမျှ ထုတ်ဖော်ပြခြင်း မရှိခဲ့ချေ။

ယခုအခါတွင် သူသည် ထိုသိုင်းကျမ်းကို တစ်ခါမျှ ကူးယူရေးသားလိုက်ရုံနှင့် အားလုံးအား ထိတ်လန့်အောင် လုပ်နိုင်နေသည်။

ဤသည်ကိုတွေးမိပြီးနောက် မင်းသားကျားလန်သည် မနေနိုင်ဘဲ ယဲ့ဖန်ကို လှမ်းကြည့်ကာ သိသိသာသာ လှောင်ပြုံးပြုံးလိုက်သည်။

“ဟီးဟီး … မျိုးမစစ်ကောင်လေး၊ ဒီမင်းသားက မိုးကောင်းကင်အဆင့် နတ်ဘုရားကျင့်စဉ်ကို ဖန်တီးခဲ့တယ်။ မင်းလိုခွေးကောင်မျိုးက ငါ့ကို ဘယ်တော့မှ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး”

“ကြည့်လိုက်စမ်း၊ မင်းရဲ့သေမင်းက ဒီကို ရောက်လာပြီကွ”

မင်းသားကျားလန်၏ လှောင်ပြုံးက ပို၍ထင်ရှားလာသလို သူ၏ လူသတ်လိုသော အရှိန်အဝါကလည်း ပို၍ ပြင်းထန်လာသည်။

ထိုစဉ် မင်းသားကျားလန်၏ ကျင့်စဉ်သည် ကျန်လူသုံးယောက်အပေါ် အတော်လေး ဖိအားပေးနိုင်ပုံရသည်။

တပသီသခင်လေးနှင့် ဟန်သခင်လေးတို့သည် ထိုဖိအားကြောင့် မျက်နှာများ နီမြန်းလာကြသည်။

ရေးသားနေသည့် သူတို့လက်များသည် တုန်ယင်နေကြပြီး အလွန် အားစိုက်ထားရပုံပေါ်သည်။

ဝုန်း!

ထိုစဉ် တပသီသခင်လေးသည် အာရုံလွင့်ပြားသွားပုံရပြီး စားပွဲပေါ်ရှိ စာရွက်သည် ချက်ချင်း ထပေါက်ကွဲလေသည်။

ပြင်းထန်လှသော ပေါက်ကွဲအားကြောင့် သူသည် လွင့်ထွက်သွားကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ပါးစပ်အပြည့် သွေးတစ်လုပ် အန်မိသွားသည်။

ကျဆုံးသွားလေပြီ။ ဤသည်မှာ အစပိုင်းသာ ရှိသေးသည်။ ထို့နောက်တွင် ဟန်သခင်လေး မွမ်းမံပြုပြင်နေသော မြေကမ္ဘာအဆင့် ကျင့်စဉ်သည် သူ၏ ထိန်းချုပ်မှုမှ လွတ်ထွက်သွား လေသည်။

စုတ်ပြဲသံများ ထွက်ပေါ်လာပြီးနောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ ကျင့်စဉ် ရေးသားထားသော စာရွက်သည် တစ်စစီ စုတ်ပြဲ၍ အမှုန့် ဖြစ်သွားသည်။

မအောင်မြင်တော့ချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သိုင်းပညာရှင်နှစ်ယောက် ရှုံးနိမ့်သွား လေတော့သည်။

ဝုန်း!

ဉယျာဉ်ထဲရှိ လူများအားလုံး အုတ်အော်သောင်းနင်း ဖြစ်လာကြသည်။ ကျန်သူများ ရှုံးနိမ့်သွားသဖြင့် မင်းသားကျားလန်နှင့် ယဲ့ဖန်တို့သာ ကျန်ရစ်တော့သည်။

အကယ်၍ ယဲ့ဖန် ရှုံးနိမ့်သွားပါက သို့မဟုတ် မိုးကောင်းကင်အဆင့် ကျင့်စဉ်ကို မဖန်တီးနိုင်ပါက ဤပြိုင်ပွဲ၏ အနိုင်ရသူသည် မင်းသားကျားလန် ဖြစ်သွားပေတော့မည်။

ထိုသို့သောအချိန်၌ ဉယျာဉ်ထဲရှိ လူများအားလုံး ယဲ့ဖန်ကို လှမ်းကြည့်နေကြသည်။ သို့သော် ထိုအကြည့်များ၌ သူတို့၏ ရယ်ချင်စိတ်ကို အောင့်အည်းသည်းခံနေဟန်များ ပါဝင်နေ၏။

ရွှီ! ရွှီ!

ယဲ့ဖန်က လေချွန်နေရင်း ခပ်အေးအေး ရေးသားနေသည်ကို အားလုံး တွေ့လိုက်ရသည်။ သူသည် ပျော်ရွှင်ကျေနပ်နေပုံရပြီး ကစားပွဲတစ်ခုကို အေးအေးလူလူ ကစားနေပုံ ပေါ်နေသည်။

“ဒီလူ …”

လူတိုင်း မျက်မှောင်ကြုတ်လာကြသည်။ ဤမျိုးမစစ်ကောင်က ထိုမျှ သွေးနထင်ကြီး နေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။

ထိုသည်သာမကသေးချေ။ ယဲ့ဖန်က စုတ်တံကိုကိုင်ပြီး စာရွက်ပေါ်၌ သာမန်ကာလျှံကာ ရေးသားပြီးနောက် စုတ်တံကို ပြန်ချထားလိုက်သည်ကို အားလုံး တွေ့လိုက်ရလေသည်။

*ပြီးသွားပြီလား …*

*ချီး … ဒါပဲလား … ပြီးသွားပြီလား*

လူတိုင်း ဒေါပွလာကြသည်။ ယဲ့ဖန်၏ စာရွက်ပေါ်မှ မည်သည့် အလင်းတန်းများ ဖြာထွက်မလာသဖြင့် သာမန် နတ်ဘုရားကျင့်စဉ်ပင် မဟုတ်သည်မှာ သိသာလှသည်။

“ဟားဟားဟား …”

ထိုသို့သောအချိန်၌ ယဲ့ဖန်ကိုကျင့်ပြီး မင်းသား ကျားလန်သည် ပြုံးရယ်လာသည်။

“ဘယ်အဆင့်ထဲမှာမှ မပါဘူး၊ အမှိုက်ပဲ၊ ဒီအမှိုက်ကောင်က အမှိုက်လိုဟာကို ရေးတယ်၊ ဟားဟားဟား … ရယ်ရလွန်းလို့ အူတောင်နာတယ်”

မင်းသား ကျားလန်သည် အားရပါးရ ပြုံးရယ်နေသည်။ ယဲ့ဖန်ကိုကြည့်နေသည့် လူတိုင်း၏အကြည့်များ၌ အထင်သေး၍ လှောင်ပြောင်သရော်မှုများ ပါဝင်နေသည်။

သူတို့စိတ်ထဲတွင် ခွေးသာသာအဆင့်သာ ရှိသော ယဲ့ဖန်သည် အမှန်ပင် အဆင့်မရှိလှပြီး သူ ရေးသားသော အရာသည်လည်း မစင်လောက်သာ ရှိနေသည်ဟု တွေးနေကြသည်။

“သာမန်ပါပဲ”

ခရမ်းပြာ နတ်မိမယ်၏ မျက်နှာထက်၌ အလွန်အမင်း အထင်သေး စက်ဆုပ်ဟန်များ ထင်ဟပ်နေ၏။

သူမသည် ခေါင်းခါ၍ ယဲ့ဖန်အား စိုက်ကြည့်ရင်း အချိန်ကုန်သလို ခံစားမိနေသည်။ ခရမ်းပြာ ဧကရာဇ်တစ်ယောက်တည်းသာ မျက်မှောင်ကြုတ်နေသည်။

“မစ္စတာယဲ့၊ ခင်ဗျားရဲ့ ကျင့်စဉ်က ဘယ်လိုမျိုးလဲ”

သူ အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။

*ငါ ထင်ထားတာများ မှားနေတာလား*

ထိုသို့သောအချိန်၌ သူတောင်မှ မသိမသာ မပြတ်မသား ဖြစ်လာရသည်။ သို့သော် ယဲ့ဖန်သည် ဘေးပတ်လည်မှ အခြားသူများ၏ အထင်သေးဟန်ကို အရေးမလုပ်ပုံ ပေါ်နေသည်။

“ဒါက ကလေးထိန်းကာရန်နဘေပေါ် အခြေခံထားတဲ့ ကျုပ်ရဲ့ ကျင့်စဉ်ပဲ”

*ကလေးထိန်း ကာရန်နဘေပေါ် အခြေခံထားတဲ့ ကျင့်စဉ်တဲ့လား*

*မင်း နောက်မနေတာ သေချာရဲ့လား*

မည်သူမျှ မယုံကြချေ။ ထိုစဉ် ယဲ့ဖန်က မျောက်ပိန်လေးအား လက်ယပ်ခေါ်လိုက်သည်။ ရုတ်တရက် မျောက်ပိန်လေးက စိတ်အားထက်သန်စွာ ပြေးတက်လာသည်။

“ဒါကို ကျယ်ကျယ် ဖတ်ပြလိုက်”

*ဟမ်*

မျောက်ပိန်လေး တောင့်ခနဲ ဖြစ်သွားပြီး စာရွက်အား တစ်ခဏမျှ စိုက်ကြည့်နေပြီးမှ ယဲ့ဖန်၏ ဆိုလိုရင်းကို နားလည်သွားလေတော့သည်။

မျောက်ပိန်လေးသည် စိတ်ကိုထိန်း၍ စာရွက်ကို ကောက်ယူလိုက်ကာ ခပ်ကျယ်ကျယ် ဖတ်လိုက်သည်။

“ကျားနှစ်ကောင်၊ ကျားနှစ်ကောင်၊ မြန်မြန်ပြေး၊ မြန်မြန်ပြေး၊ နှစ်ကောင်လုံး၌ အမြီးမရှိ၊ နားရွက်မရှိ၊ ထူးဆန်းလှသည် … ထူးဆန်းလှ၏ ….”

မျောက်ပိန်လေးသည် ဖတ်၍ပြီးသွားသည်နှင့် သူ့မျက်နှာတစ်ခုလုံးသည် မျောက်ဖင်နီ၏ တင်ပါးကဲ့သို့ နီနေ၏။

သူသည် ကျင်းတစ်ကျင်းတူး၍ ပြေးပုန်းချင်စိတ်ကို ထိန်းမရတော့ချေ။ သူသည် ယဲ့ဖန်အား မကျေမနပ် ဖြစ်နေသော မျက်လုံးများဖြင့် ကြည့်နေမိသည်။

*ဒီခွေးမသားက … ထူးဆန်းတယ်*

တိတ်ဆိတ်လို့နေ၏။ မျောက်ပိန်လေးသည် ကလေးထိန်း သီချင်းကို ဖတ်ပြီးသွားသည်နှင့် ဥယျာဉ်ထဲမှ လူတိုင်းသည် မိုးကြိုးပစ်ချခံရသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် …

“ဟားဟားဟား …”

ဟားတိုက်ရယ်မောသံများ ထွက်ပေါ်လာသည်။ ပါရမီရှင် လူငယ်အားလုံးနီးပါးသည် လူးလိမ့်၍ ရယ်မောနေကြလေသည်။

“ရယ်ရလွန်းလို့ သေတော့မယ်ကွာ … ကျားနှစ်ကောင် … လှဲနေတယ် … ငါ့ကောင်တွေက တအား တော်လွန်းတယ်ကွာ”

“ချီးတဲ့မှ … ကလေးထိန်း သံစဉ်ကို ကျင့်စဉ်အဖြစ် ပြောင်းတယ်တဲ့လား၊ ရယ်ရလွန်းလို့ အူတောင်နာတယ်ကွာ၊ ဩချရတယ် … ဒါ တကယ့်ကို ကမ္ဘာ့အံဖွယ်ပဲဟေ့”

“…”

လူငယ် ပါရမီရှင်တိုင်း ယဲ့ဖန်အား လူပြက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။ အထူးသဖြင့် မင်းသား ကျားလန်ပင်၊ သူသည် ရယ်ရလွန်း၍ မျက်နှာပေါ်ရှိ ကြွက်သားများတောင် နာသလို ခံစားလာရသည်။

ခရမ်းပြာ နတ်မိမယ်၏ မျက်နှာသည်လည်း မည်းမှောင်နေ၏။ ရှက်ဖွယ်ကောင်းလှသည်။ ပြိုင်ပွဲ၌ ယဲ့ဖန် ပါဝင်ယှဉ်ပြိုင်ခြင်းသည် သူမအတွက် အကြီးမားဆုံး ရှက်စရာကိစ္စပင် ဖြစ်သည်ဟု ခံစားနေမိသည်။

သို့သော် လူတိုင်း အူတက်မတတ် ရယ်နေကြစဉ်တွင် မိုးကြိုးပစ်ချသံ ထွက်ပေါ်လာလေသည်။

ဝုန်း!

ကောင်းကင်အထက်မှ မြွေဖြူကဲ့သို့ ငွေရောင်လျှပ်စီးတန်းများ ဆင်းသက်လာပြီး မျောက်ပိန်လေး လက်ထဲမှ ကလေးထိန်း ကာရန်နဘေ စာရွက်အား ပြဲသွားစေသည်။

ထိုလျှပ်စီးကြောင့် မျောက်ပိန်လေး သေမတတ် ကြောက်လန့်သွားသည်။ သူသည် စာရွက်အား ချက်ချင်း လွှင့်ပစ်လိုက်သည်။

သို့သော် ထိုသို့သောအချိန်၌ လူတိုင်း အလွန်အမင်း ထိတ်လန့်သွားရမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ထိုကလေးထိန်း ကာရန်နဘေ ကျင့်စဉ်စာရွက်သည် အသက်ရှိသကဲ့သို့ လေထဲ မျောလွင့်နေ၏။ ထို့အတူ လျှပ်စီးများကလည်း ဆက်တိုက် ကျရောက်လာသည်။

ပထမတစ်ကြိမ်၊ ဒုတိယတစ်ကြိမ်၊ တတိယတစ်ကြိမ်။

…

မျက်စိတစ်မှိတ်အတွင်းမှာပင် လျှပ်စီးကိုးခုက ကျင့်စဉ်စာရွက်ပေါ် ပြင်းထန်စွာ ကျရောက်လာသပြီး အလင်းတန်းများ ဖြာထွက်လာ၏။

ကြောက်ခမန်းလိလိ ဖိနှိပ်လွှမ်းမိုးနိုင်မှုက ဉယျာဉ်ထဲရှိ လူများအားလုံးကို လဲကျ၍ မလှုပ်နိုင်အောင် ပြုလုပ်နိုင်နေသည်။

“ဒါ … ဒါ ရှေးဟောင်း နတ်ဘုရား ကျင့်စဉ်ပဲ”

All Chapters