အခန်း (၄၈၄-၄၈၆)
Vol. 33 Ch. 484-486
Chapter 484 ကမ္ဘာဦး လေလံစံအိမ်
ယခုအချိန်တွင် ကမ္ဘာဦးဂြိုဟ်တစ်ခုလုံး၌ သေခြင်းတရား အငွေ့အသက်များနှင့် ဖုံးလွှမ်း နေသည်။
မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်းကို သယ်၍ စစ်သင်္ဘောသို့ ပြန်လာနေသော နာမည်ကြီး ဂြိုဟ်သခင် တစ်ယောက်သည် ကောင်းကင်ထက်၌ ပုန်းကွယ်နေသော ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။
တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာ။
ဂြိုဟ်တစ်ခုလုံး၌ သေမင်း ရောက်ရှိလာလေသလားဟု ထင်မှတ်ရပြီး သွေးများ အိုင်ထွန်း၍ စစ်သင်္ဘောများသည်လည်း သွေးရောင်လွှမ်းသွားသည်။
ဂြိုဟ်သခင်များ၏ အလောင်းများက နေရာအနှံ့ ပျံ့နှံ့နေပြီး မကောင်းဆိုးဝါး၏ စားသောက်ခြင်းကို ခံရလေသလားဟု ထင်မှတ်မှားရသည်။
ထိုသို့သောအချိန်၌ ကမ္ဘာဦးဂြိုဟ်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။ မရေတွက်နိုင်သော သာမန်သိုင်းပညာရှင်များက ထိုသို့ခြောက်ခြားဖွယ်ကောင်းသည့် မြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြသည်။
ဂြိုဟ်ပေါ်၌ သေမင်းခေါင်းလောင်း ထိုးလေသလားဟု ထင်မှတ်မှား ရလေသည်။
တစ်ချိန်တည်းမှာပင် ကမ္ဘာဦး လေလံစံအိမ်၌။ ဤစံအိမ်သည် ကမ္ဘာဦးဂြိုဟ်ပေါ်၌ ကြောက်မက်ဖွယ် အကောင်းဆုံး အင်အားစု ဖြစ်သည်။ ထိုနေရာ၌ အနီးအနားရှိ ဂြိုဟ်များစွာမှ အသန်မာဆုံး သော အရှင်သခင်များ ရှိနေသည်။
ထိုစံအိမ်သည် တစ္ဆေအဖွဲ့အစည်းထက် အဆများစွာ ပို၍ အင်အားကြီးသည်။ ကမ္ဘာဦး လေလံစံအိမ်၌ မည်သူမျှ ပြဿနာ မရှာရဲကြချေ။
ပြဿနာရှာရဲသည့် မည်သည့် ပုဂ္ဂိုလ်ဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ ရှင်းလင်းခံရမည် ဖြစ်သည်။ ဂြိုဟ်အပြင်၌ကဲ့သို့ပင် လေလံစံအိမ်၌ လူသူများစွာတို့ဖြင့် ပြည့်နှက်လျက် ရှိသည်။
“အားလုံးပဲ ကြည့်ကြပါဦး၊ အခုဆိုရင် မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်းကို ဝယ်ယူသွားတဲ့ မိတ်ဆွေတွေ အယောက်တစ်ရာ ရှိနေပါပြီ”
“အခုဆိုရင် ကလေးငယ်က အယောက်နှစ်ဆယ်ပဲ ကျန်ပါ တော့တယ်၊ စိတ်ဝင်စားတဲ့သူတွေ မြန်မြန်လေးသာ လေလံဆွဲ ကြပါ”
“မဟုတ်လို့ကတော့ အားလုံး သူများလက်ထဲပါသွားပြီးတော့ ကိုယ် ဝယ်ချင်ရင်တောင် တအား နောက်ကျသွားလိမ့်မယ်”
ဆံပင်ဖြူနေသော အဘိုးအိုတစ်ယောက်က စင်မြင့်ပေါ်ရပ်၍ စင်အောက်ရှိ သိုင်းပညာရှင်များကို လေလံဆွဲရန် ဆွယ်နေသည်။
စင်အောက်၌ သိုင်းပညာရှင်များ ရာနှင့်ချီ၍ ရှိနေပြီး ထိုင်ခုံများ အားလုံး လူပြည့်နေသည်။
ထိုသူတို့ကြားထဲ၌ တစ္ဆေ မဟာမိတ်တပ်ထဲမှ မဟာမိတ်သခင်များ၊ အသူရာ ဂိုဏ်းသခင်များနှင့် အခြား ကြောက်မက်ဖွယ် သိုင်းပညာရှင် များလည်း ရှိနေသည်။ ထို့အပြင် နာမည်ကြီး နေရာများမှ သိုင်းပညာရှင်များလည်း ရှိနေကြသည်။
ထိုလူများအားလုံးသည် ကျန်ရှိနေသော မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်းများအား လောဘမီး တောက်လောင်နေသော အကြည့်များဖြင့် ကြည့်နေသည်။
“ကဲ … အခု ခေါ်ဈေးကတော့ စကြဝဠာဒင်္ဂါး သန်းငါးဆယ်ပါ”
*ဘာ*
အဘိုးအို၏ စကားအဆုံး၌ လူတိုင်း ထိတ်လန့်သွားကြသည်။ အစပိုင်းက ခေါ်ဈေးသည် သန်းသုံးဆယ်သာ ရှိသေးသော်လည်း ယခုအခါတွင်တော့ သန်းနှစ်ဆယ် ထိုးတက်သွားသည်။
ဒါက …
ယခုအခါတွင် သိုင်းပညာရှင်များအားလုံး လေလံဆွဲကြ လေတော့သည်။ အဆုံးသတ်ခါနီးလေ လေလံဈေးကလည်း ပိုမြင့်လာလေ ဖြစ်မည်ကို သူတို့ သိနေသည်။
“စကြဝဠာဒင်္ဂါး သန်းခြောက်ဆယ်”
“သန်းရှစ်ဆယ်”
“သန်းတစ်ရာ”
“…”
အရူးအမူး လေလံဆွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ဈေးနှုန်းက အလွန် မြင့်တက်နေပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် စကြဝဠာဒင်္ဂါး သန်းနှစ်ရာ ထိုးတက်သွားလေသည်။
ထို့နောက်တွင် …
“သန်း နှစ်ရာ့တစ်ဆယ်”
နတ်ဧကရာဇ်အဆင့်တစ်ယောက်က သန်းနှစ်ရာ့တစ်ဆယ်အထိ ဈေးခေါ်လိုက်ချိန်တွင် ဘေးပတ်လည်၌ တိတ်ဆိတ်သွားသည်။
ဤဈေးက ထိပ်ဆုံးဈေး ဖြစ်မှန်း လူတိုင်း သိနေကြသည်၊ အထူးသဖြင့် နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်အား မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်း တစ်ယောက် အတွက်နှင့် သူတို့ ရန်မစရဲကြချေ။
“ဒီ့ထက် ပိုပေးမယ့်သူ ရှိသေးလား”
အဘိုးအိုက စင်အောက်ကို တစ်ချက်ကြည့်၍ အော်ပြော လိုက်သည်။ သူ့စကားသံကြောင့် စင်အောက်၌ ပို၍ တိတ်ဆိတ်လာသည်။
“သန်းနှစ်ရာ့တစ်ဆယ် တစ်ကြိမ်”
“သန်းနှစ်ရာ့တစ်ဆယ် တစ်ကြိမ်”
“သန်းနှစ်ရာ့တစ်ဆယ် …”
သုံးကြိမ်ဟု အဘိုးအို မပြောရသေးခင်တွင် လေလံစံအိမ်၏ အပြင်ဘက်မှနေ၍ အသံကျယ်တစ်ခု ထွက်ပေါ်လာသည်။
“ခေါင်းပြတ်တစ်ရာနဲ့တင် လုံလောက်တယ်”
*ဘာ*
ထိုစကားသံသည် အလွန် ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာသဖြင့် အဘိုးအိုအား အေးခဲ တောင့်တင်း သွားစေသည်။
ရာချီသော သိုင်းပညာရှင်များအားလုံးကြား၌ ပွက်လောရိုက် လာသည်။ ပြဿနာ လာရှာခြင်းပင်။ တစ်စုံတစ်ယောက်က လေလံစံအိမ်၌ ပြဿနာရှာရဲမှတော့ ထိုသူသည် ကိုယ့်သေတွင်း ကိုယ်တူးနေသည်မှာ အသေအချာပင်။
သိုင်းပညာရှင်များအားလုံး၏ အကြည့်များက တံခါးဝသို့ ရောက်ရှိသွားပြီး သူတို့၏ မျက်နှာ၌ ထိတ်လန့်၍ မှင်တက်အံ့ဩ နေဟန်များဖြင့် ပြည့်နှက်နေသည်။ အထူးသဖြင့် အဘိုးအို၏ မျက်နှာက သုန်မှုန်နေ၏။
“ဘယ်သူလဲ၊ ထွက်သွားစမ်း”
အဘိုးအို၏ မျက်လုံးထဲ၌ ပြင်းထန်သည့် လူသတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေသည်။
ကမ္ဘာဦး လေလံစံအိမ်သည် နှစ်ရာနှင့်ချီ၍ တည်ရှိနေခြင်းဖြစ်ပြီး ဤသို့ ပြဿနာလာရှာသည့် သူတိုင်း ခြွင်းချက်မရှိ ကံဆိုးသွား ကြသည်ပင်။
ယခုအခါတွင်လည်း နောက်တစ်ယောက် ရောက်လာပြန်ချေပြီ။ အဘိုးအို၏ စကားအဆုံး၌ နီရဲရဲ အရာများက စင်မြင့်ပေါ်သို့ လွင့်ပျံလာသည်။
ဝှစ်! ဝှစ်! ဝှစ်!
ငါးခု၊ ဆယ်ခု၊ အခုတစ်ရာ။
ထိုအရာများ လွင့်ပျံလာပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာချိန်တွင် ကမ္ဘာဦး လေလံစံအိမ် တစ်ခုလုံး ပွက်လောရိုက်သွားလေသည်။
ခေါင်းပြတ်တွေပါလား။ ခေါင်းပြတ်များက တစ်ခုမက ရှိနေသည်။ ခေါင်းပြတ်တိုင်းမှ သွေးများ စိမ့်ထွက်နေပြီး မျက်နှာများသည် မသေခင်အချိန်၌ နတ်ဆိုးတစ်ကောင်နှင့် တွေ့ခဲ့ရသကဲ့သို့ ခြောက်ခြားဟန် ပြနေသည်။
ထိုဦးခေါင်းပြတ်များက မည်သူမည်ဝါများ ဖြစ်သည်ကို သတိထားမိပြီးနောက် စံအိမ်ရှိ ရာနှင့်ချီသော သိုင်းပညာရှင် များကြားတွင် အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။
“ကြိမ်ခြင်းသခင်”
“သခင်ဖိလစ်”
“ချာလီဂြိုဟ်သခင်”
“…”
ဝုန်း!
ကမ္ဘာဦး လေလံစံအိမ်တစ်ခုလုံး ပေါက်ကွဲမတတ် ဖြစ်သွား လေသည်။ ထိုခေါင်းပြတ် တစ်ရာတို့သည် ယခင်က အောင်မြင်စွာ လေလံဆွဲသွားနိုင်သည့် ဂြိုဟ်သခင် အယောက်တစ်ရာတို့၏ ခေါင်းပြတ်များ ဖြစ်နေသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ရာနှင့်ချီသော သိုင်းပညာရှင်များသာမက စင်မြင့်ပေါ်မှ အဘိုးအို သည်လည်း ထိတ်လန့်အံ့ဩ၍ ရူးမတတ် ဖြစ်နေသည်။
ဒေါက်! ဒေါက်! ဒေါက်!
ထိုသို့သောအချိန်၌ ခြေသံတစ်သံ ထွက်ပေါ်လာပြီး အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက် ကမ္ဘာဦး လေလံစံအိမ်ထဲသို့ ဝင်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။
ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းက လူတိုင်း၏ ရင်ကို နင်းထား သကဲ့သို့ ခံစားမိစေပြီး အားလုံး ပို၍ ရင်တုန်လာကြသည်။ ရင်တုန်လွန်း၍ အချိန်မရွေး ပေါက်ကွဲသွားလေမလား ထင်မှတ် ရသည်။
ထိုသည်သာမကသေးချေ။ ထိုအနက်ရောင်ဝတ်စုံနှင့် လူငယ်၏ အနောက်၌ ကလေးမလေး အယောက်တစ်ရာကျော် ပါလာ သည်ကို တွေ့လိုက်ရသည်။
ထိုကလေးမလေးများသည် ယခင်က လေလံအောင်သွားသည့် မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ် ပိုင်ရှင် သန္ဓေသားလောင်းများ ဖြစ်နေလေ၏။
*ဒါက …*
လူတိုင်း သတိလက်လွတ် ဖြစ်လာကြသည်။ သိုင်းပညာရှင်များ အားလုံး ခေါင်းထဲ ဗလာနတ္ထိ ဖြစ်နေကြ၏။ ဤလူငယ်လေးက ဂြိုဟ်သခင် အယောက်တစ်ရာကို သတ်၍ ဤစိတ်ဝိညာဉ် သန္ဓေသားလောင်းများကို ကယ်တင်လိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။
သို့ဖြစ်ပါသော်လည်း သူတို့ တွေးထင်မထားသည့်အရာကိုပင် ဤလူငယ်လေးက အကောင်အထည် ဖော်ဆောင်နိုင်ခဲ့လေသည်။
“နတ်ဘုရား ဆရာသခင်အဆင့်။ သူ … သူက နတ်ဘုရား ဆရာသခင်အဆင့်ပဲ ရှိတာပါလား”
ယဲ့ဖန်၏ ခွန်အား အစစ်အမှန်ကို သတိထားမိပြီးနောက် လေလံစံအိမ်တစ်ခုလုံး ဆူညံသွားပြန်သည်။ သို့သော် ယဲ့ဖန်က မည်သူ့ကိုမျှ ကြည့်မနေချေ။
သူ့မျက်လုံးများက စင်ပေါ်မှ အဘိုးအိုကိုသာ ကြည့်နေသည်။
“ဒီမှာ ခေါင်းပြတ်တစ်ရာ၊ ကျုပ်ကို အဲ့ဒီ စိတ်ဝိညာဉ် သန္ဓေသားလောင်းတွေ ရောင်းလိုက်”
*ဘာ*
အဘိုးအို၏ မျက်နှာက မည်းမှောင်လာသည်။ သူ၏မျက်လုံးများက မီးဝင်းဝင်းတောက်နေသည်။
“သိပ်ကောင်းတယ်၊ ဘယ်လိုနေရင် အသက်ရှင်ရမလဲ၊ သေရမလဲဆိုတာကို မသိတဲ့၊ မဆင်မခြင် လုပ်ရဲတဲ့ ပုရွက်ဆိတ် လိုကောင်။ မင်းက ငါတို့ ကမ္ဘာဦး လေလံစံအိမ်ကို ပြဿနာ လာရှာရဲတယ်ပေါ့”
အဘိုးအိုက အံကိုတင်းနေအောင် ကြိတ်ထားသည်။ ထို့နောက် အဘိုးအိုက ရုတ်တရက် ကန့်လန်ကာနောက်သို့ အရိုအသေပေး၍ ကြွေးကြော်လိုက်သည်။
“တစ်စုံတစ်ယောက်က ပြဿနာလာရှာပြီ။ ဧကရာဇ်ကို စီရင်ပေးဖို့ အကြောင်းကြားပေးပါ”
ဝုန်း! ဝုန်း! ဝုန်း!
ဘေးပတ်လည်မှ နံရံများ ပေါက်ကွဲသွားလေသည်။ ကြောက်မက်ဖွယ် ကောင်းသော လူရိပ်များက ကောင်းကင်ထက်မှ မွေးဖွားလာသော ရှေးဟောင်းသားရဲများသဖွယ် လေလံ စံအိမ်ထဲသို့ ဆင်းသက်လာသောကြောင့် လူတိုင်း တုန်ယင်သွား ကြသည်။
“မဟာ ကမ္ဘာဦး ဧကရာဇ် လေးပါး”
ရာနှင့်ချီသော သိုင်းပညာရှင်များ လိပ်ပြာလွင့်မတတ် ကြောက်လန့် လာကြသည်။ ကမ္ဘာဦး လေလံစံအိမ်သည် ဤကြောက်မက်ဖွယ် သိုင်းပညာရှင်များကြောင့် ဂြိုဟ်များကြား၌ အင်အားကြီး အဖွဲ့အစည်း ဖြစ်နေခြင်း ဖြစ်လေသည်။
လေးယောက်လုံးသည် နတ်ဧကရာဇ် အထွတ်အထိပ်အဆင့်များ ဖြစ်ကြပြီး ကမ္ဘာဦးဂြိုဟ်၏ ထိတ်လန့်ဖွယ် အင်အားစုများထဲမှ တစ်ခု ဖြစ်သည်။
ထို့အပြင် ထိုလူအိုကြီး လေးယောက်သည် ဂြိုဟ်ရာပေါင်း များစွာကို ထိတ်လန့်စေသည့် နတ်ဧကရာဇ် အထွတ်အထိပ် အဆင့်များ ဖြစ်နေသည်။
တစ်ယောက်ချင်းစီ၏ အင်အားက တစ္ဆေမဟာမိတ်တပ်၏ အရှင်နှင့် အသူရာ ဂိုဏ်းသခင်များ ထက်ပင် သာလွန်လေသည်။
အထူးသဖြင့် သူတို့လေးယောက်သာ အတူတူ တိုက်ခိုက်ပါက ပြိုင်ဘက်ကင်းလုနီးပါးပင်။ လောကသခင်များမှလွဲ၍ သူတို့ကို ယှဉ်နိုင်သူ မရှိချေ။
ယခုအချိန်တွင် လူတိုင်း တွေးပင်မတွေးဝံ့တော့ချေ။ နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်က နတ်ဧကရာဇ်လေးယောက်ကို ရင်ဆိုင်ရတော့မည်။
အံ့ဩစရာကောင်းလှသည်။
ယခုအချိန်၌ ထိုကမ္ဘာဦး နတ်ဧကရာဇ်လေးပါးက ယဲ့ဖန်အား သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ခက်ထန်စွာ ကြည့်နေ ကြသည်။
သူ တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ချက်ချင်း အသားပြား ဖြစ်သွား လောက်သည်။
ဤမြင်ကွင်းကို ကြည့်ပြီး စင်ပေါ်မှ အဘိုးအိုက လှောင်ပြုံးပြုံး လိုက်သည်။
“ကောင်လေး မင်းက ကိုယ့်သေတွင်း ကိုယ်တူးတာလို့ ပြောရမှာပဲ”
“မလောက်လေး မလောက်စား နတ်ဘုရား ဆရာသခင် အဆင့်လေးက ငါတို့ ကမ္ဘာဦး စံအိမ်ထဲကို ချိုးဖောက် ဝင်လာရဲတယ်”
“မင်း သိလား … ငါတို့ရဲ့ ကမ္ဘာဦး ဧကရာဇ်လေးပါးက နတ်ဧကရာဇ် အထွတ်အထိပ်အဆင့်တွေ ဒါပေမဲ့ …”
သို့သော် အဘိုးအို၏ စကားမဆုံးသေးခင်မှာပင် ရွှေရောင် ဓားကျိုး တစ်လက်က ယဲ့ဖန်၏ လက်ထဲ၌ ထွက်ပေါ်လာသည်။
Chapter 485 ခေါင်းပြတ်လေးလုံး ထပ်ပေးမယ်
ရွှေရောင်ဓားကျိုးတစ်လက်ပါလား။
ယဲ့ဖန်က ရွှေရောင်ဓားကျိုးတစ်လက်ကိုပါ ထုတ်လာသည် ကိုမြင်ပြီး လေလံစံအိမ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ထို့နောက်တွင်မူ …
“ဟားဟားဟား … တန်ပြန်တိုက်ခိုက်ချင်တာပဲ။ ဒီကောင်က ကမ္ဘာဦးဂြိုဟ်ရဲ့ နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် လေးယောက်နဲ့ ရင်ဆိုင်ချင်နေတာပါလား။ သူက တစ်ဖက်လူရဲ့ အစွမ်းအစကို တော်တော် အထင်သေးတာပဲ”
“ကျစ် … ကျစ် … ဒီကောင်လေးက ဂြိုဟ်သခင် အယောက် တစ်ရာကို ဘယ်လိုနည်းလမ်းသုံးပြီး သတ်လိုက်လဲ ငါမသိပင်မယ့် သူက ကမ္ဘာဦး နတ်ဧကရာဇ် အထွတ်အထပ်အဆင့် လေးယောက်ကို သတ်ချင်တယ်ဆိုတော့ ဒါ သူ့သေတွင်း သူ တူးနေတာပဲ”
“ဟမ့် … အရူးတစ်ယောက်က ကမ္ဘာဦး နတ်ဧကရာဇ်တွေကို ယှဉ်ချချင်နေတာပဲ။ ကမ္ဘာဦး နတ်ဧကရာဇ် လေးယောက်လုံးက နတ်ဧကရာဇ် အထွတ်အထိပ်အဆင့်တွေ၊ သူတို့ထဲက ဘယ်သူမဆို ဂြိုဟ်သခင်တွေကို ရာချီပြီး သတ်ပစ်နိုင်တယ်။ ဒါကို ဒီနတ်ဘုရား ဆရာသခင်အဆင့်လေးက ရန်လာစတယ်ပေါ့လေ”
“…”
ယခုအချိန်၌ အားလုံးသည် ယဲ့ဖန်အား အလွန်အမင်း အထင်သေးလျက်ရှိသည်။ အထူးသဖြင့် တစ္ဆေ မဟာမိတ် တပ်သခင်နှင့် အသူရာ ဂိုဏ်းသခင်တို့ပင်။ အင်အားကြီး အင်အားစုနှစ်ခုတို့၏ ခေါင်းဆောင်များ ဖြစ်သည်နှင့်အညီ သူတို့သည် ကမ္ဘာဦး နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် လေးယောက်နှင့် ယှဉ်ပြိုင်ခဲ့ဖူးသည်။
ထိုလေးယောက်ထဲက မည်သူမဆို သူတို့အား အသာလေး နှိပ်နင်းနိုင်၏။ ထိုသူတို့သည် ရာချီသော ကမ္ဘာဦးဂြိုဟ်များ ကြားထဲတွင် ထိပ်တန်း သိုင်းပညာရှင်များ ဖြစ်ကြလေသည်။ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ထိုလူအိုကြီးနှစ်ယောက်သည် ယဲ့ဖန် အဆုံးသတ်မလှမည်ကို ကြိုမြင်နေသည့်ဟန်နှင့် ခေါင်းတခါခါ ဖြစ်နေကြသည်။
ဒုန်း!
ထိုအချိန်၌ ကမ္ဘာဦး နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် လေးယောက်က ရှေ့သို့လှမ်းလာသည်။ သူတို့၏ နှုတ်ခမ်းများက တွန့်ကွေး၍ လှောင်ရိပ်သန်းနေပြီး ကြောင်က ကြွက်နှင့် ကစားနေသကဲ့သို့ ထီမထင်ပုံပေါ်နေသည်။
“ဟေ့ကောင် မင်း ဘယ်လိုသေချင်လဲ”
“ဖြည်းဖြည်းချင်း သေချင်လား၊ အရေခွံနွှာခံရပြီး သေချင်လား။ ဒါမှမဟုတ် နုတ်နုတ်စင်း ခံချင်လား။ နုတ်နုတ်စင်းပြီး အချဉ်ရည်နဲ့ တို့စားတာ ခံချင်လား”
နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် တစ်ယောက်က ယဲ့ဖန်အား ပျော်စရာကောင်းသော သားကောင်တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေလေသည်။
“ငါတို့ လေးယောက်လုံးက မင်းဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါတယ်”
မောက်မာလွန်းသည်။ ဗိုလ်ကျခြယ်လှယ်လွန်း၏။
နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် လေးယောက်၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် သေလူတစ်ယောက်သာ ဖြစ်သည်။
ထိုသို့သောအချိန်၌ ယဲ့ဖန်သည် နတ်ဧကရာဇ် အထွတ်အထိပ် အဆင့် လေးယောက်လုံးကို အရေးမစိုက်ချေ။ သူသည် စင်မြင့်ပေါ်မှ အဘိုးအိုကိုသာ လှမ်းကြည့်၍ သရော်ပြုံး ပြုံးနေသည်။
“ဘာလို့လဲ၊ ခေါင်းပြတ်တစ်ရာက မလုံလောက်သေးဘူးလား”
“ဒီလိုဆိုရင်လည်း ကျုပ် ခင်ဗျားကို ခေါင်းပြတ်လေးလုံး ထပ်ပေးမယ်”
*ဘာ*
သူ့စကားကြောင့် စင်မြင့်ပေါ်ရှိ အဘိုးအိုနှင့် ဘေးပတ်လည်မှ လူများအားလုံး မှင်တက် သွားကြသည်။
သို့သော် သူတို့ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ရွှေရောင်အလင်းတန်း တစ်ခုက ဖြတ်ပြေးသွားသည်။
ရွှစ်!
ရွှေရောင် ဓားကျိုးကို ကိုင်ဆောင်ထားသော ယဲ့ဖန်က နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် လေးယောက်ကို ခုတ်ပိုင်းလာခြင်း ဖြစ်သည်။
“သေချင်နေတာပဲ”
နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် လေးယောက်လုံး ချက်ချင်း ဒေါပွ လာကြသည်။ မလောက်လေး မလောက်စားကောင်က အရင် တိုက်ခိုက်လာမည်ဟု သူတို့ ထင်မထားမိကြချေ။
ဝုန်း! ဝုန်း! ဝုန်း!
ထို့နောက်တွင်မူ လေးယောက်လုံးသည် လက်နှစ်ဘက်လုံးကို ဆန့်တန်း၍ ယဲ့ဖန်၏ ဦးခေါင်းအား ဖိချေရန် ပြင်လာကြသည်။
လေထုတစ်ခုလုံး ထိုးခွင်းခံလိုက်ရပြီး အရှိန်အဝါက ပြင်းထန်လွန်းလှသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် လက်ရှစ်ဖက်က ရွှေရောင် ဓားကျိုးနှင့် ထိပ်တိုက်တွေ့ဆုံ သွားလေသည်။
“ပျက်စီးစမ်း”
နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် လေးယောက်သည် ရယ်မော၍ ရိပ်ခနဲ လှုပ်ရှားလာကြပြီး သူတို့၏ သန်မာသော ခန္ဓာကိုယ်နှင့် ခွန်အားအပေါ် အလွန်အမင်း ယုံကြည်မှုရှိဟန် ပေါ်သည်။
ရွှစ်! ရွှစ်! ရွှစ်!
ထိုသို့သောအချိန်၌ သွေးများ ပန်းထွက်လာပြီး နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် လေးယောက်လုံး၏ လှောင်ပြုံးများက ချက်ချင်း အေးခဲသွားလေသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”
လေးယောက်လုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။ သူတို့ လေးယောက်လုံး၏ လက်ဝါးများမှ နေ၍ သွေးများ ပန်းထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ထို့နောက် လက်ရှစ်ဖက်လုံး ရုတ်တရက် ပြတ်ကျသွားလေသည်။ ထိုမျှနှင့် မပြီးသေးချေ။ ထိုရွှေရောင် ဓားကျိုးသည် လက်ရှစ်ဖက်ကို ခုတ်ဖြတ်ပြီးနောက် အံ့ဩစရာ ကောင်းလှသည့် ပြင်းထန်သော အရှိန်အဟုန်နှင့်အတူ နတ်ဧကရာဇ် အထွတ်အထိ ပ်အဆင့် သိုင်းပညာရှင် လေးယောက်လုံးအား ခုတ်ပိုင်းလာသည်။
“မလုပ်နဲ့”
စူးရှစွာ အော်ဟစ်သံနှင့်အတူ နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် လေးယောက်လုံး၏ ခန္ဓာကိုယ်များက ရုတ်ချည်း ဆိုသလို အေးခဲတောင့်တင်းသွားကြသည်။
*ဒါက …*
ထို့နောက်တွင်မူ ကမ္ဘာဦး လေလံစံအိမ်ထဲရှိ လူတိုင်း အလွန်အမင်း မှင်တက်အံ့အားသင့် သွားရသည်။ နတ်ဧကရာဇ် အထွတ်အထိပ် အဆင့်လေးယောက်၏ လည်ပင်းမှနေ၍ သွေးများ ပန်းထွက် လာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
ဘုတ်!
သွေးများ ပန်းထွက်လာပြီးနောက် နတ်ဧကရာဇ် အထွတ်အထိပ် အဆင့် သိုင်းပညာရှင် တစ်ယောက်၏ ဦးခေါင်းက ပြတ်ကျ လာသည်။ ဤသည်မှာ အစသာ ရှိသေးလေသည်။
“ဘယ်လိုလုပ် … အဲ့ဒီဓားက …”
ဒုတိယမြောက် နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် သည် ရွှေရောင်ဓားကျိုးအား မယုံနိုင်ဟန်ဖြင့် ကြည့်နေစဉ်မှာပင် သူ၏ဦးခေါင်းသည် လည်ပင်းမှနေ၍ တိခနဲ ပြတ်ထွက် သွားသည်။ ထို့နောက်တွင် တတိယမြောက် သိုင်းပညာရှင်နှင့် စတုတ္ထမြောက် သိုင်းပညာရှင်တို့၏ ဦးခေါင်းများက အသီးသီး ပြုတ်ကျလာသည်။
ဦးခေါင်းများ တဘုတ်ဘုတ် ပြုတ်ကျလာပြီးနောက် ကမ္ဘာဦး လေလံစံအိမ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ဂလု!
တစ္ဆေခေါင်းဆောင် တစ်ယောက် မနည်းကို တံတွေးမျိုချ မိနေသည်။
*သေသွားပြီလား*
*ကမ္ဘာဦးဂြိုဟ်ရဲ့ ပြိုင်ဘက်ကင်း နတ်ဧကရာဇ် အထွတ်အထိပ် အဆင့်က လေးယောက်က နတ်ဘုရား ဆရာသခင်အဆင့်လေးရဲ့ ဓားချက်တစ်ချက်တည်းအောက်မှာ သေသွားပြီတဲ့လား*
*ဒါ ဘယ်လိုလုပ် ဖြစ်သွားတာလဲ*
လူတိုင်း မှင်တက်နေပြီးနောက် ကမ္ဘာဦး လေလံစံအိမ်တစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွား လေသည်။
ရာနှင့်ချီသော သိုင်းပညာရှင်များ၏ မျက်နှာထက်၌ အံ့အားသင့်နေ ဟန်များနှင့် ပြည့်နှက် နေသည်။ သူတို့အားလုံးသည် ယဲ့ဖန်အား သရဲသဘက်ကို မြင်တွေ့လိုက်ရသကဲ့သို့ မယုံနိုင်ဟန်ဖြင့် ကြည့်နေ ကြသည်။
အထူးသဖြင့် စင်မြင့်ပေါ်မှ အဘိုးအိုပင်။ သူသည် မိုးကြိုးပစ်ချခံ ရသကဲ့သို့ ခံစားမိနေပြီး ခေါင်းထဲ ချာချာလည်နေသည်။
ကမ္ဘာဦး လေလံစံအိမ်၏ နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် လေးယောက်က စက္ကန့်ပိုင်းအတွင်း ဓားချက် တစ်ချက်တည်းဖြင့် ခုတ်ပိုင်းရသည်တဲ့လား။ ဤသည်မှာ မယုံနိုင်စရာ ကောင်း လှသည်။
ဘုန်း!
အဘိုးအိုသည် ကြမ်းပြင်ပေါ် လဲကျသွားပြီး မျက်နှာက ပြာနှမ်း၍နေ၏။
ဒေါက်! ဒေါက်! ဒေါက်!
ထိုစဉ် ယဲ့ဖန်က စင်မြင့်ပေါ်သို့ တစ်လှမ်းချင်း လှမ်းလာသည်။ သူသည် ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ထားသောကြောင့် ထိုရွှေရောင်ဓားကျိုးမှနေ၍ နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်များ၏ သွေးစက်များက တတောက်တောက် ကျနေသည်။
ကြောက်မက်ဖွယ်ကောင်းလှသည်။ ငရဲမှနေ၍ နတ်ဆိုးတစ်ကောင် ထွက်လာလေ သလားဟု ထင်မှတ်မှားရပြီး လူတိုင်း ကြက်သီး မွေးညင်း ထလာကြသည်။
ယဲ့ဖန် စင်မြင့်ပေါ်သို့ ရောက်လာချိန်တွင် အဘိုးအိုသည် ကတုန်ကယင် ဖြစ်နေလေသည်။ သူသည် ယဲ့ဖန်ရှေ့ ဒူးထောက်၍ ခေါင်းကိုငုံ့ကာ တောင်းပန်လေတော့သည်။
“အရှင် … ကျွန်တော် မှားသွားပါတယ်၊ ကျွန် … ကျွန်တော်က ကမ္ဘာဦး လေလံစံအိမ်ရဲ့ အဖွဲ့ဝင်သာသာပဲ ရှိတာပါ၊ အဓိကလူ မဟုတ်ပါဘူး။ ကျွန်တော့်အရှင်က မကျေမချမ်းနဲ့ လက်စားချေ လာမှာ စိုးရပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့”
ထိုသို့သောအချိန်၌ အဘိုးအိုသည် တစ်ကိုယ်လုံး ဆန်ခါဖြင့် စစ်သကဲ့သို့ တုန်ယင်နေသည်။ ချွေးစေးများကလည်း နဖူးမှ တဒီးဒီး စီးကျနေ၏။ ဤသည်ကိုကြည့်ပြီး ယဲ့ဖန်၏ နှုတ်ခမ်းက တွန့်ကွေးလာသည်။
“ကျုပ် မေးတာကိုပဲ ခင်ဗျား ဖြေ”
*ဟမ်*
အဘိုးအိုသည် မသိမသာ တောင့်ခနဲ ဖြစ်သွားပြီးနောက် ခပ်သွက်သွက် ခေါင်းညိတ်ပြလေသည်။
“ဒီလူအိုကြီးကို မေးသာမေးပါ၊ လူငယ်လေး သိချင်တာမှန်သမျှ ပြောပြပါ့မယ်”
သူ့စကားကြောင့် ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
“မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်းတွေက ဘယ်ကရောက်လာတာလဲ”
“အူးလန်ဂြိုဟ်က သခင်ရှီဆီကပါ”
အဘိုးအိုသည် နည်းနည်းလေးမျှ မဖုံးကွယ်ထားရဲချေ။ ယခုအချိန်၌ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်းတို့ လာရာဒေသကို သိလိုက်ရလေပြီ။
“လွန်ခဲ့တဲ့နှစ်တွေတုန်းက အူးလန်ဂြိုဟ်ပေါ်မှာ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်နဲ့ နတ်ဆိုး အမျိုးသမီးတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူမက နတ်ဆိုးဧကရာဇ် ထားရစ်ခဲ့တဲ့ ခြေရာလက်ရာ တွေကို လိုက်ရှာနေခဲ့တာပါ”
“ကျွန်တော့်အရှင် … မဟုတ်ဘူး … ကမ္ဘာဦးဂြိုဟ် နတ်ဘုရားက အဲ့သတင်းကို ရပြီးတာနဲ့ ကမ္ဘာဦးဂြိုဟ် စစ်တပ်ကို ဦးဆောင်ပြီး အူးလန်ကို ဝိုင်းပြီးတိုက်ခိုက်ခဲ့ပါတယ်”
“အဲ့ဒီ နတ်ဆိုးအမျိုးသမီးကို ထပ်ခါထပ်ခါ ဒဏ်ရာရအောင် ပြုလုပ်ခဲ့ပါတယ်”
ထိုသို့ပြောပြီး အဘိုးအိုက စိတ်ဝိညာဉ် သန္ဓေသားလောင်း ကလေးမလေးများကို တစ်ချက် လှမ်းကြည့်လိုက်သည်။
“နတ်ဆိုး အမျိုးသမီး ဒဏ်ရာတစ်ခါရတိုင်း သွေးတွေ အများကြီး စိမ့်ထွက်လာပါတယ်။ အဲ့ဒီသွေးကို ကျွန်တော်တို့ ကမ္ဘာဦးဂြိုဟ် အဖွဲ့ဝင်တွေက စုဆောင်းပြီးတော့ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်းတွေကို ဖန်တီးခဲ့တာပါ”
နတ်ဆိုး အမျိုးသမီး၊ အူးလန်ဂြိုဟ်။
ထိုစကားများကို ကြားပြီးနောက် ယဲ့ဖန်၏ မျက်လုံးများက တောက်ပလာသည်။ အူးလန်ဂြိုဟ်သည် သူနှင့် ဟွမ်အာတို့ မွေးဖွားရာ ဇာတိဂြိုဟ်ဖြစ်သည်။ ထိုနတ်ဆိုးအမျိုးသမီး ဆိုသည်မှာ ဖန့်ယင်းပင် ဖြစ်ပေမည်။
ဤကမ္ဘာဦးဂြိုဟ်အဖွဲ့အစည်းက ဖန့်ယင်းကို ဝိုင်း၍ အရူးအမူး တိုက်ခိုက်ခဲ့သည်ကို တွေးမိပြီး ယဲ့ဖန်၏ စိတ်ထဲမှ လူသတ်လို စိတ်သည် အဆုံးမသတ်နိုင်တော့ချေ။
ဝုန်း!
မရဏ အရိပ်အငွေ့များက အဘိုးအိုကို အရိုးကွဲမတတ် အေးခဲသွားစေသည်။ သူသည် ကြမ်းပြင်ပေါ် ဝပ်တွား၍ သနားညှာတာရန် ထပ်၍ တောင်းပန်လေသည်။
ရွှစ်!
သို့သော် ထိုအချိန်မှာပင် သွေးများပန်းထွက်လာသည်။ ထို့နောက် အဘိုးအို၏ ဦးခေါင်းက ကြမ်းပြင်ပေါ်သို့ လိမ့်ဆင်းလာလေသည်။ သူသည် နေရာမှာတင် ချက်ချင်း အသတ်ခံလိုက် ရလေပြီ။
Chapter 486 အပြောင်းအလဲ မြန်လွန်းသည့် အင်အားစုများ
ကမ္ဘာဦးဂြိုဟ်ပေါ်သို့ စစ်သင်္ဘောများ ဆင်းသက်လာသည်။ ထိုစစ်သင်္ဘောများပေါ်၌ ဂြိုဟ်ပြာ ဟူသည့် အလံများ တပ်ဆင် ထားသည်။
ဤမြင်ကွင်းကြောင့် ဂြိုဟ်ပေါ်ရှိ သိုင်းပညာရှင်များ မှင်တက် သွားကြသည်။
“ဂြိုဟ်ပြာ တစ္ဆေဧကရီမလား၊ ဘာလို့ ဒီကြောက်စရာ ကောင်းတဲ့မိန်းမက ရောက်လာတာလဲ”
များစွာသော သိုင်းပညာရှင်တို့သည် လန်ရှင်းအာ၏ ရက်စက် ကြမ်းကြုတ်သော အမည်နာမကို ကြားဖူးနားဝ ရှိသည်။ သူမသည် ဆွဲဆောင်မှုရှိ၍ ညှို့ဓာတ်ပြင်းသလို အမျိုးသား အချစ်တော်များ မရေတွက်နိုင်အောင် ရှိသည်ဟု နာမည်ကျော်ကြားလေသည်။
တုခီသည် သူမ အချစ်ဆုံး တစ္ဆေအဖွဲ့အစည်းထဲမှ အမျိုးသား အချစ်တော် ဖြစ်သည်။
ကျွီ!
လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်မှာပင် စစ်သင်္ဘောတစ်စီး၏ တံခါး ပွင့်လာသည်။ ထိုစစ်သင်္ဘောထဲမှ အေးစက်၍ စွဲမက်ဖွယ်ရာကောင်းသော အမျိုးသမီး တစ်ဦးသည် ရာချီသော တစ္ဆေအဖွဲ့အစည်း၏ သိုင်းပညာရှင်များကို ဦးဆောင်၍ ဆင်းလာသည်။
“လူသတ်သမားက ကမ္ဘာဦး လေလံစံအိမ်မှာပဲ။ သွားကြမယ်”
တစ္ဆေ ဧကရီ လန်ရှင်းအာ၏ စကားအဆုံး၌ ရာချီသော သိုင်းပညာရှင်များက ကမ္ဘာဦး လေလံစံအိမ် ရှိရာအရပ်သို့ ပြေးထွက် သွားကြသည်။
ဤအပြုအမူကြောင့် ဘေးပတ်လည်မှ သိုင်းပညာရှင်များ မှင်တက်သွားကြသည်။ ထိုအခါမှသာ တစ္ဆေဧကရီ လန်ရှင်းအာက လူသတ်ရန် ရောက်လာခြင်းဖြစ်ကြောင်း သိသွားကြလေသည်။
ထို့နောက်တွင်မူ ဘေးပတ်လည်မှ သိုင်းပညာရှင်များစွာတို့သည် ကမ္ဘာဦး လေလံစံအိမ်ဆီသို့ အပြေးသွားကြလေတော့သည်။
မည်သို့သောလူစားမျိုးက ကိုယ့်သေတွင်းကိုယ်တူး၍ တစ္ဆေ ဧကရီကို ရန်စလေသလဲဆိုတာကို သူတို့ တွေ့ဖူးချင် နေကြသည်။
ရွှစ်!
တစ်ချိန်တည်းမှာပင် လူတိုင်းသည် ကမ္ဘာဦး လေလံစံအိမ်သို့ မရောက်ခင်မှာပင် မျက်စိရှေ့မှ လေလံစံအိမ်ကိုကြည့်ပြီး တစ္ဆေ ဧကရီ လန်ရှင်းအာက မထီမဲ့မြင်ဟန်ဖြင့် ပြုံးလိုက်သည်ကို တွေ့လိုက်ရလေသည်။
“သောက်ကောင်၊ နင်ကများ တုခီကို သတ်ရဲတယ်ပေါ့၊ နင် ဘယ်ပြေးမလဲ ငါ သိချင်မိတယ်”
ထိုသို့ပြောပြီး သူမသည် ရာနှင့်ချီသော သိုင်းပညာရှင်များအား အချက်ပြ၍ ကမ္ဘာဦး လေလံစံအိမ်ထဲသို့ ဝင်ရန် ပြင်လိုက်သည်။
ထိုစဉ် အားလုံး အထဲမဝင်ရသေးခင်မှာပင် လေလံစံအိမ်ထဲမှနေ၍ သရဲသဘက်နှင့် ကြုံတွေ့ခဲ့ရသည့်အလား ထိတ်လန့်နေသည့် မျက်နှာထားနှင့် ခေါင်းပြတ်တစ်လုံးက အပြင်သို့ လွင့်ထွက် လာသည်။
ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် လေလံစံအိမ်ထဲမှနေ၍ လူများစွာတို့ ပြေးထွက်လာ ကြသည်။ ထိုသူများကြားထဲ၌ တစ္ဆေ မဟာမိတ်တပ်သခင်နှင့် အသူရာ ဂိုဏ်းသခင်ကဲ့သို့သော ထိပ်သီးပုဂ္ဂိုလ် များလည်း ပါဝင်နေသည်။
သို့သော် သူတို့၏ မျက်နှာများက စက္ကူကဲ့သို့ ဖြူရော်နေ၏။ သွေးပျက်မတတ် ကြောက်စရာကောင်းသည့် တစ်စုံတစ်ရာနှင့် ကြုံတွေ့ခဲ့ရလေသလားဟု ထင်မှတ်ရသည်။
*ဒါက …*
တစ္ဆေ ဧကရီ လန်ရှင်းအာနှင့် လူတိုင်း မှင်တက်သွားကြသည်။ ထိုအချိန်တွင် မဟာမိတ် တပ်သခင်နှင့် အခြားသူများက သူတို့ကို သတိထားမိသွားသည်။
“ဂြိုဟ်ပြာသခင်၊ ခင်ဗျားက ဘာလို့ ဒီရောက်နေတာလဲ”
တစ္ဆေ မဟာမိတ်တပ်သခင် မျက်မှောင်ကြုတ်သွားသည်။ အထူးသဖြင့် လန်ရှင်းအာနှင့်အတူ ပါလာသော ရာချီသည့် သိုင်းပညာရှင်များ၏ ခက်ထန် ကြမ်းကြုတ်သည့် အကြည့်များကို ကြည့်ပြီး သူ့မျက်နှာ မည်းမှောင်လာသည်။
မဟာမိတ် တပ်သခင်ကို မြင်ပြီးနောက် တစ္ဆေဧကရီ လန်ရှင်းအာသည် အလျင်အမြန် ကိုယ်ကိုရို့၍ အရိုအသေ ပေးလိုက်သည်။ ထို့နောက် သူမ ပြန်ပေးလိုက်သည်။
“မဟာမိတ် တပ်သခင်၊ အဖွဲ့သား တုခီက စနေဂြိုဟ်ပေါ်မှာ အသတ်ခံ လိုက်ရပါတယ်၊ ကျွန်မ လူသတ်သမားကို လိုက်ဖမ်း နေတာပါ”
*ဘာ*
ထိုစကားက တစ္ဆေ မဟာမိတ် တပ်သခင်ကိုသာမက ကျန်ရှိနေသော ရာချီသည့် သိုင်းပညာရှင်များကိုပါ မှင်တက် သွားစေသည။
တစ္ဆေအဖွဲ့အစည်းသည် ကမ္ဘာဦး လေလံစံအိမ်ပြီးလျင် ဒုတိယ အင်အားကြီးသော အဖွဲ့အစည်းဖြစ်ပြီး နှစ်ရာချီ၍ ရန်မစရဲသည့် အဖွဲ့အစည်း ဖြစ်ခဲ့သည်။ အဖွဲ့အစည်း၏ အဖွဲ့သားများ တစ်ခါမှ အသတ်မခံရဖူးချေ။
ထို့အတူ ထိုသို့ရန်စရသူများလည်း မြေကြီးထဲ ရောက်သွားပြီ သဖြင့် ဤသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးတာနှင့် အတူတူပင် ဖြစ်လေသည်။
“ဟမ့် … တစ္ဆေအဖွဲ့အစည်းရဲ့ အဖွဲ့သားတွေကို သတ်ရဲတယ် ပေါ့လေ၊ ကျုပ် စိတ်မရှည်ချင် တော့ဘူး”
“ဘယ်သူလုပ်တာလဲ၊ အဲ့ဒီတရားခံကို မင်း သိလား”
တစ္ဆေ မဟာမိတ်တပ်သခင်ထံမှ လူသတ်လိုသည် အငွေ့အသက်များ ပျံ့နှံ့လာသည်။ အထူးသဖြင့် အင်အားစု တော်တော်များများ၏ ခေါင်းဆောင်များ ဤသို့ရောက်နေ သောကြောင့် သူ့သဘောထားကို သူ ပြမှဖြစ်ပေမည်။
သူသည်သာမကချေ၊ သူ့ဘေးမှ အသူရာဂိုဏ်းသခင်ကလည်း ကျန်ရှိသော အင်အားစုများရှေ့၌ မျက်နှာရချင်သောကြောင့် ဝင်ပြောလိုက်သည်။
“လန်ရှင်းအာ၊ အဲ့လူကို လိုက်ရှာကြရအောင်၊ ကျုပ်တို့ ခင်ဗျားကို ကူညီဖို့ ဆုံးဖြတ်လိုက်ပြီ။ အဲ့လူက ဘယ်သူဖြစ်ဖြစ် သေကိုသေရမယ်”
“မှန်တယ်၊ ဂြိုဟ်နယ်မြေက အင်အားစုအားလုံး ရောက်လာလို့ ကျုပ်တောင် တွေဝေ သွားရတယ်၊ အခု ကျုပ် ရန်သူတွေကို ကူတိုက်ပေးမယ်။ တစ်စုံတစ်ယောက်က သေချင်နေမှတော့ ကျုပ် သူ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
“အဲ့ဒါ ဘယ်သူလဲ၊ သူ ဘယ်မှာလဲ”
“…”
နာမည်ကြီး သိုင်းပညာရှင်များက တစ်ယောက်ပြီး တစ်ယောက် ပြောဆိုလာကြသည်။ သူတို့၏ စကားကိုကြားပြီး တစ္ဆေဧကရီ လန်ရှင်းအာ၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာပြီး အသည်းအသန် ပြန်ပြောလိုက်သည်။
“အားလုံးကို ကျေးဇူးတင်ပါတယ်”
“အဲ့ဒီလူက စနေဂြိုဟ်က မိုးကောင်းကင် စားသောက်ဆိုင်မှာ သူ့ကို သတ်ခဲ့တာပါ။ သူက ကမ္ဘာဦး လေလံစံအိမ်ကို သွားတယ်လို့ ပြောကြတယ်”
“သူက တစ်ကိုယ်လုံး အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီးတော့ ဒီကို မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင်ကြောင့် လာတယ်လို့ သိရတယ်။ သူ့ကို တစ်ယောက်ယောက် မြင်မိကြလား”
တိတ်ဆိတ်သွားသည်။ တစ္ဆေ ဧကရီ လန်ရှင်းအာ၏ စကားအဆုံး၌ ဘေးပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားသည်။
*အနက်ရောင်ဝတ်စုံနဲ့ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ် ပိုင်ရှင်ကြောင့် လာတယ်*
ယခုအချိန်၌ တစ္ဆေ မဟာမိတ် တပ်သခင်ဖြစ်စေ၊ အသူရာ ဂိုဏ်းသခင် ဖြစ်စေ၊ နာမည်ကြီး အင်အားစုများ၏ ခေါင်းဆောင် များဖြစ်စေ၊ အားလုံး၏ စိတ်ထဲ၌ လူတစ်ယောက်ကို တွေးမိ သွားသည်။
*အဲ့ဒီ … နတ်ဘုရား ဆရာသခင်အဆင့် ကောင်လေးများလား*
ဂလု!
တစ္ဆေ မဟာမိတ် တပ်သခင် မနည်း တံတွေးမျိုချလိုက်မိသည်။ သူ၏နဖူးမှ ချွေးများ တဒီးဒီး စီးကျလာကာ တုန်တုန်ယင်ယင်နှင့် တစ္ဆေ ဧကရီ လန်ရှင်းအာကို ပြန်မေးလိုက်သည်။
“ဂြိုဟ်ပြာသခင် … လန်ရှင်းအာ၊ သူက အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီး မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင်အတွက် လာတာ သေချာလား”
*ဟမ်*
ဤစကားကြောင့် တစ္ဆေ ဧကရီ လန်ရှင်းအာ မျက်မှောင်ကြုတ် သွားသည်။ တစ္ဆေ မဟာမိတ် တပ်သခင်နှင့် အခြားသူများ၏ အမူအရာကို သူမ ဘယ်လိုလုပ် နားမလည်ဘဲ နေမည်နည်း။
တစ္ဆေဧကရီ လန်ရှင်းအာ ပြန်ပြောတော့မည့်အချိန်တွင် အနက်ရောင်ဝတ်စုံနှင့် လူငယ် တစ်ယောက်သည် မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်းတစ်ဖွဲ့နှင့်အတူ လေလံစံအိမ်ထဲမှ ဖြည်းဖြည်းချင်း ထွက်လာသည်။
“သူပဲ”
ထိုအခိုက်၌ တစ္ဆေဧကရီ လန်ရှင်းအာသည် တုခီကို သတ်ခဲ့သူက ထိုသူဖြစ်မှန်း တပ်အပ် ပြောနိုင်သွားသည်။
“မြန်မြန်၊ အဲ့အနက်ရောင်ဝတ်စုံနဲ့လူပဲ။ သူ့ကို ဝိုင်းထားလိုက်”
တစ္ဆေဧကရီ လန်ရှင်းအာ၏ စကားအဆုံး၌ တစ္ဆေအဖွဲ့သားများက လှစ်ခနဲ လှုပ်ရှားလိုက် ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ဖန်နှင့်အခြားသူများကို ဝိုင်းထားလိုက်လေသည်။
ထိုအချိန်တွင် ယဲ့ဖန်အား လူသတ်လိုသော အရိပ်အငွေ့များက အတောမသတ်နိုင်အောင် ဖုံးအုပ်ထားသည်။
“ဟဲ့ကောင်လေး … နင် တုခီကို သတ်ခဲ့တယ်မလား”
ထို့နောက် တစ္ဆေဧကရီ လန်ရှင်းအာက ယဲ့ဖန်ကို စူးစိုက်ကြည့်၍ ဒေါသတကြီး အော်ဟစ်၍ မေးလိုက်သည်။ သူမစကားကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။
“နင်းခြေခဲ့တဲ့ ပုရွက်ဆိတ်တွေက များလွန်းလို့၊ ခင်ဗျား ဘယ်တစ်ကောင်ကို ပြောချင်တာလဲ”
*ဟာ*
သူ့စကားကြောင့် ဘေးပတ်လည်၌ ပွက်လောရိုက်သွားသည်။ မောက်မာလှသည်။ မထီမဲ့မြင် ပြုမူလွန်း၏။
နတ်ဘုရား ဆရာသခင်အဆင့်လေးက တစ္ဆေဧကရီ လန်ရှင်းအာရှေ့၌ ကလန်ကဆန် လုပ်ရဲလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။ ဤသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးနေသည်နှင့် မထူးမခြားနားပင်။
ထိုအခါတွင် လန်ရှင်းအာက ဟားတိုက်ရယ်မောလာသည်။
“မဆင်မခြင် ပြောရဲတဲ့ ပုရွက်ဆိတ်လိုကောင်ပဲ”
လန်ရှင်းအာ၏ လှပသော မျက်နှာထက်၌ လူသတ်လိုဟန်များ ဖုံးလွှမ်းလာသည်။
“ငါ့ရဲ့ တစ္ဆေ မဟာမိတ် တပ်သခင်လည်း ဒီမှာရှိနေတယ်။ ကမ္ဘာဦး ဂြိုဟ်နယ်မြေက အင်အားစုတွေလည်း ဒီရောက်နေတာ။ မင်းက ငါတို့လူတွေကို သတ်ခဲ့မှတော့ မင်း ဘယ်လိုသေချင်လဲ”
*မင်း ဘယ်လိုသေချင်လဲတဲ့လား*
ယဲ့ဖန်၏ နှုတ်ခမ်းက တွန့်ကွေးလာပြီး တစ္ဆေ မဟာမိတ်တပ်သခင် ရှိနေသော လူတစ်စုအား ဝေ့ကြည့်လိုက်သည်။
ထိုအကြည့်တစ်ချက်အောက်မှာပင် တစ္ဆေမဟာမိတ် တပ်သခင်နှင့် အခြားသူများအားလုံး ကြက်သီးထကာ တုန်ယင်သွားလေသည်။
ထို့နောက်တွင်မူ တစ္ဆေမဟာမိတ်တပ်သခင်နှင့် အသူရာ ဂိုဏ်းသခင်တို့ကဲ့သို့သော ထိပ်သီးပုဂ္ဂိုလ်များနှင့် အခြားသူများက လှစ်ခနဲပြေး၍ ယဲ့ဖန်နောက်၌ ရပ်လိုက်ကြသည်။
ထို့နောက် အားလုံးက လန်ရှင်းအာကို လက်ညှိုးထိုးကာ စိတ်ဆိုးသည့်အသံဖြင့် ပြောလာသည်။
“ရဲတင်းတဲ့ ဂြိုဟ်ပြာသခင်၊ မင်း လူမဟုတ်ဘူးလား။ ဒီလူကြီးမင်းက ဒီလောက် ခံ့ညားတာ။ သူ လူလေးတစ်ယောက် လောက် သတ်မိတာ ဘာဖြစ်လို့လဲ”
“ဟုတ်တယ်၊ ဒီလူကြီးမင်းက သိပ်ကြည်နူးတတ်တဲ့အပြင် ခံ့ညားပြီးတော့ ပြိုင်ဘက်ကင်းတာ၊ လူတစ်ယောက် မပြောနဲ့၊ မင်းတို့အားလုံးကို သတ်တော့ကော ဘာဖြစ်သလဲ”
“ရက်စက်ပြီး အဆိပ်ပြင်းတဲ့ဟာမ၊ လန်ရှင်းအာ … မင်းက ဒီလိုခံ့ညားတဲ့ လူကြီးမင်းကို လူတွေအများကြီးနဲ့ ဝိုင်းထားတယ် ပေါ့လေ။ မင်းက တကယ်ကို လူမဟုတ်ဘူးပဲ၊ စိတ်မကောင်း စရာပါလား”
“ဟမ့်၊ မင်းက ဒီကောင်လေးကို အနိုင်ကျင့်ချင်တယ်ဆိုရင် ငါတို့ သူ့ကို ဝင်ကူညီမှဖြစ်မယ်”
“…”
ထိုသို့သောအချိန်၌ ထိပ်သီးပုဂ္ဂိုလ်တိုင်းက လန်ရှင်းအာကို လက်ညှိုး ငေါက်ငေါက်ထိုး၍ ကြိမ်းမောင်းနေကြသည်။
ဤသို့သော အသည်းအသန် အော်ဟစ်သံနှင့် အမူအရာတို့ကြောင့် ဂြိုဟ်ပြာသခင်ဖြစ်သူ တစ္ဆေဧကရီ လန်ရှင်းအာတစ်ယောက် မှင်တက်သွားလေသည်။
*ဒီထိပ်သီးပုဂ္ဂိုလ်တွေ ဘာဖြစ်သွားတာလဲ*
ရန်သူကို သတ်ပစ်မည်ဟု ကြိမ်းဝါးခဲ့သော အင်အားစုများက ယခုအခါတွင် တစ်ဖက်လူဘက် ပါနေသည်။
ဤသို့ အပြောင်းအလဲမြန်သည့်သူများကြောင့် လန်ရှင်းအား မျက်မှောင်ကြုတ်သွားသည်။