အခန်း (၄၈၇-၄၈၉)
Vol. 33 Ch. 487-489
Chapter 487 သူ … သူ မသေသေးဘူး
*ရူးများရူးသွားတာလား*
ယခုအချိန်တွင် ထိုလူများကို ကြည့်ပြီး ဂြိုဟ်ပြာသခင် တစ္ဆေဧကရီနှင့် ရာချီသော တစ္ဆေအဖွဲ့သား များသာမက ဘေးပတ်လည်မှ ကြည့်နေသည့် ဖြတ်သွားဖြတ်လာများပါ မှင်တက်အံ့ဩ နေကြသည်။
ထိုထိပ်သီးပုဂ္ဂိုလ်များ ဘာဖြစ်သွားသလဲ သူတို့ မသိကြသလို ဘယ်လိုလုပ် သူတို့၏ အပြုအမူက တဆစ်ချိုး ပြောင်းလဲ သွားသလဲ ဆိုတာကို မတွေးတတ်အောင် ဖြစ်နေသောကြောင့် ငေးငိုင်နေကြလေသည်။
“မဟာမိတ် ... မဟာမိတ် တပ်သခင်၊ သူက တုခီကို သတ်လိုက်တဲ့ လူသတ်သမားလေ၊ ရှင် ...”
တစ္ဆေ မဟာမိတ် တပ်သခင်သည် နတ်ဧကရာဇ် အထွတ်အထိပ် အဆင့် သိုင်းပညာရှင် ဖြစ်သောကြောင့် ခြိမ်းခြောက်ခံထားရခြင်း မဖြစ်နိုင်ပေ။
ထိုသို့ဆိုလျင် အဘယ်ကြောင့် မဟာမိတ် တပ်သခင်၏ အပြုအမူက ရုတ်ချည်း ပြောင်းလဲသွား ရသနည်း။ မယုံနိုင်စရာ ကောင်းလှပေ၏။
လန်ရှင်းအာ၏ စကားကြောင့် တစ္ဆေ မဟာမိတ်တပ်သခင် နဖူးကြောများ တွန့်လာပြီး မျက်နှာပျက် လာသည်။
သို့သော် ယဲ့ဖန်က ကမ္ဘာဦးဂြိုဟ်၏ ပြိုင်ဘက်ကင်း နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် လေးယောက်အား ခေါင်းဖြတ်ခဲ့ သည်ကို သူ့မျက်လုံးနှင့် တပ်အပ်မြင်ခဲ့ရသည်။
သူ ဘယ်လိုလုပ် ဤနတ်ဘုရား ဆရာသခင်အဆင့်လေးကို သတ်ဝံ့ပါမည်နည်း။
ဖြောင်း!
ထိုစဉ် မဟာမိတ် တပ်သခင်က ရိပ်ခနဲ လှုပ်ရှား၍ လန်ရှင်းအာ၏ မျက်နှာအား ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ထို့နောက် သူသည် လည်ဆံမွေး ထောင်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။
“လန်ရှင်းအာ မင်း ကန်းနေလား။ ဒီလူကြီးမင်းက သိပ်သိပ် ကြင်နာတတ်တာ၊ သူက ဘယ်လိုလုပ် အကြောင်းပြချက် မရှိဘဲ တုခီကို သတ်မှာလဲ”
“တုခီကိုယ်တိုင်ကိုက အမြင်မရှိတာ သေချာတယ်၊ အဲ့ဒါကြောင့် ဒီလူကြီးမင်းရဲ့ ဓားနဲ့ မတော်တဆ ထိမိပြီး သူ့ကိုယ်သူ ထိုးမိသွားတာ နေမှာ”
*ဘာ*
*ကိုယ့်ဘာသာကိုယ် ဓားနဲ့ထိုးမိပြီး သေသွားတယ် ဟုတ်လား*
ဘေးပတ်လည်မှ လူများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ဤသို့သော အူကြောင်ကြောင် ဆင်ခြေမျိုးကို သူတို့ ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
ထိုမျှနှင့်မပြီးသေးချေ။ ဘေးပတ်လည်မှ အသူရာ ဂိုဏ်းသခင်နှင့် အခြား ထိပ်သီးပုဂ္ဂိုလ်များ ကလည်း ယဲ့ဖန်အတွက် ဝိုင်းငြင်းကြလေသည်။
“ဟုတ်တယ်၊ အစောပိုင်းလေးတင် ကမ္ဘာဦး နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် လေးယောက်ကလည်း နမော်နမဲ့ နိုင်ခဲ့တာ။ ဒီလူကြီးမင်းရဲ့ ဓားနဲ့ သူတို့လည်ပင်းနဲ့ ထိမိပြီး ခေါင်းပြတ် သွားကြတယ်”
“အထူးသဖြင့် မင်းပဲ၊ မင်းကိုယ်မင်း သတ်သေသင့်တယ်၊ ဘာလို့ ဒီလူကြီးမင်းကို လာစွပ်စွဲနေတာလဲ။ တရားဥပဒေကို ရှိသေး ရဲ့လား။ ဒီမှာ ဥပဒေကော ရှိသေးရဲ့လား”
“....”
*ဟမ်*
ထိုဆင်ခြေပေးသံများသည် လန်ရှင်းအာနှင့် အခြားသူများ၏ ခေါင်းထဲတွင် မိုးကြိုးမုန်တိုင်း ဝင်မွှေသွားသလို ခံစားလိုက်ရသည်။
*ကမ္ဘာဦး နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် လေးယောက်က သူတို့ဘာသာ သူတို့ ခေါင်းကို ဖြတ်ခဲ့တယ်တဲ့လား*
ချက်ချင်းဆိုသလိုပင် လူတိုင်းနီးပါး အရာအားလုံးကို သဘောပေါက်သွားကြသည်။ အဘယ်ကြောင့် ကမ္ဘာဦး ဂြိုဟ်များ၏ ထိပ်သီးပုဂ္ဂိုလ်များက ယဲ့ဖန်ရှေ့၌ ကြောင်ရှေ့ ရောက်နေသော ကြွက်ကဲ့သို့ ငြိမ်ကုပ်နေရသလဲဆိုတာကို ရိပ်မိသွား ကြသည်။
ထိုသူသည် ထိပ်တန်း လူသတ်သမားတစ်ယောက် ဖြစ်နေခြင်းပင်။ ဤသည်ကို တွေးမိပြီးနောက် လန်ရှင်းအာနှင့် အခြားသူများ အားလုံး ကြက်သီးမွေးညင်း ထလာကြကာ ခေါင်းစခြေဆုံး အေးခဲသွားကြသည်။
*သွားပြီ*
လန်ရှင်းအာသည် သူမအပြုအမူအတွက် နောင်တရလာသည်။ ဤနတ်ဘုရား ဆရာသခင် အဆင့်လေးက ကြောက်မက်ဖွယ် လူသတ်သမားတစ်ယောက် ဖြစ်နေသည်ကို သူမ ကြိုသိခဲ့မိပါက သူမ တုခီအတွက် လက်စားချေရဲမည် မဟုတ်ပါ။
ယခုအခါတွင်တော့ နောက်ကျသွားချေပြီ။
“သေလိုက်တော့”
ယဲ့ဖန်ထံမှ ထိုစကားသုံးလုံး ထွက်လာချိန်တွင် တော်ဝင်အမိန့် ထုတ်ပြန်လိုက်သကဲ့သို့ တစ္ဆေ မဟာမိတ် တပ်သခင်နှင့် အခြားသူများ ထိတ်လန့်သွားကြသည်။
“သတ်ကြဟေ့”
ထို့နောက်တွင် တစ္ဆေ မဟာမိတ်တပ်သခင်၊ အသူရာဂိုဏ်းသခင်နှင့် အခြားသူများသည် စိတ္တဇများကဲ့သို့ လန်ရှင်းအာနှင့် သူမအဖွဲ့များ ထံသို့ ပြေးဝင်သွားသည်။
ဝုန်း! ဝုန်း! ဝုန်း!
သွေးပျက်ဖွယ် တိုက်ခိုက်မှုများ အရှိန်အဟုန်ဖြင့် ဖြစ်ပေါ် လာသည်။ တစ္ဆေအဖွဲ့သား တစ်ယောက် လွင့်ထွက်သွားလေသည်။
လန်ရှင်းအာသည်လည်း တစ္ဆေ မဟာမိတ် တပ်သခင်နှင့် အသူရာ ဂိုဏ်းသခင်တို့ကြောင့် တစ်စစီ ဖြစ်သွားလေသည်။
စူးရှစွာ အော်ဟစ်သံများနှင့် သွေးညှီနံ့များက ကမ္ဘာဦးဂြိုဟ်ပေါ်၌ ရုတ်တရက် ပြည့်နှက် လာသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် လန်ရှင်းအာနှင့် တစ္ဆေအဖွဲ့အစည်း၏ သိုင်းပညာရှင်များအားလုံး လမ်းမထက်၌ အသတ်ခံလိုက်ရကာ အလောင်းပင် အပြည့်အစုံ မရှိတော့ချေ။
ဘေးပတ်လည်မှ အခြားသူများအားလုံး ထိတ်လန့် ကြောက်ရွံ့ နေကြသည်။ တစ္ဆေ ဧကရီ လန်ရှင်းအာက ဤသို့သော အဖြစ်ဆိုးမျိုးနှင့် ကြုံတွေ့ရပြီး အသေဆိုးနှင့် သေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။
တစ်ဖက်လူက “သေလိုက်တော့” ဟု ပြောလိုက်သည်နှင့် သူတို့အားလုံး အသတ်ခံလိုက်ရသည်။ ယခုအချိန်၌ ဘေးပတ်လည်မှ သိုင်းပညာရှင်များအားလုံးသည် ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်နေကြလေသည်။
သို့သော် ယဲ့ဖန်ကတော့ ဤအရာအား အသေးအဖွဲကိစ္စလေးတစ်ခု ပြုလုပ်ပြီးသွားသည်ဟုသာ သတ်မှတ်ထားပုံရသည်။ သူသည် လန်ရှင်းအာနှင့် အခြားသူများ၏ အလောင်းများကို ကြည့်ပင် မကြည့်ချေ။
သူသည် တစ်ဖက်လှည့်၍ ရာချီသော မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်းများကို လှမ်းကြည့် လိုက်သည်။
“သွားကြမယ် ကလေးတွေ၊ ငါ မင်းတို့ကို ခေါ်သွားပြီးတော့ မင်းတို့အမေကို လိုက်ရှာကြမယ်”
ထိုစကားကို ကြားသောအခါ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်းများက အံ့ဩသွားပြီးနောက် ဝမ်းသာအားရ ခေါင်းညိတ်ပြလေသည်။ ထို့နောက် အားလုံး အသွင်ပြောင်း သွားကြသည်။
မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသား လောင်းများသည် သွေးစက်အသွင်သို့ ပြောင်းလဲသွားပြီးနောက် ယဲ့ဖန်၏ လက်ဝါးပေါ်၌ သွေးအိုင်အသွင်ဖြင့် စုဝေးလာကြသည်။
ထို့နောက်တွင် ယဲ့ဖန်၏ ခန္ဓာကိုယ်က လှစ်ခနဲ လှုပ်ရှားသွားပြီး ရုတ်တရက် ပျောက်ကွယ် သွားလေသည်။
ထိုအခါမှသာ တစ္ဆေ မဟာမိတ် တပ်သခင်၊ အသူရာဂိုဏ်းသခင်နှင့် အခြား ထိပ်သီးပုဂ္ဂိုလ်များ အားလုံး စိတ်သက်သာရာ ရသွား ကြသည်။
အစောပိုင်းက လန်ရှင်းအာနှင့် အခြားသူများကို သူတို့ အရင်ဦးအောင် မသတ်ခဲ့ပါက လမ်းမထက်၌ အလောင်းများ ယခုထက်မက ပိုရှိနေလောက်သည်ကို သူတို့ ကြိုသိနေခဲ့သည်။
နတ်ဘုရားသတ်သမားပါတကား။
လူတိုင်းသည် ယဲ့ဖန် ပျောက်ကွယ်သွားရာ အရပ်သို့ ခြောက်ခြားစွာ ကြည့်နေမိကြသည်။
“အူးလန်ဂြိုဟ်ပါလား”
တစ္ဆေမဟာမိတ် တပ်သခင် မျက်မှောင်ကြုတ်သွားသည်။
“အဲ့ဒါက နတ်ဆိုး ဧကရာဇ်နဲ့ ဧကရီတို့ မွေးဖွားရာနေရာပဲ။ တစ်ခါတုန်းက အဲ့ဂြိုဟ်က စည်ပင်သာယာပြီး ဂုဏ်ဝင့်ထည် ခဲ့တာပေါ့”
“အဲ့ဒါက ငါတို့ဂြိုဟ်စုနယ်မြေရဲ့ ဂုဏ်ယူစရာလည်း ဖြစ်ခဲ့တယ်”
“ဒါပေမဲ့ အခုတော့ …”
တစ္ဆေ မဟာမိတ် တပ်သခင်သည် နတ်ဆိုးဧကရာဇ်ကို တစ်ခါမှ မမြင်ဖူးပါ။ သို့သော် နတ်ဆိုးဧကရာဇ်၏ မရေတွက်နိုင်သော ဒဏ္ဍာရီလာပုံပြင်များကို ကြားဖူးခဲ့သည်။
ယခင်က ကမ္ဘာဦး ဂြိုဟ်စုနယ်မြေသည် နတ်ဆိုးဧကရာဇ်နှင့် ဧကရီတို့ကြောင့် ဂုဏ်ယူခဲ့ကြသည်။
“ဒီတစ်ခေါက်တော့ ကမ္ဘာဦး ဂြိုဟ်နယ်မြေကြီးက ကောင်းချီးပေး ခံရတော့မယ်နဲ့ တူတယ်၊ ပြီးတော့ ငါ ပြိုင်ဘက် တစ်ယောက်နဲ့လည်း ကြုံခဲ့ရတာပဲ”
အသူရာ ဂိုဏ်းသခင် မျက်မှောင်ကြုတ်နေသည်။ ယဲ့ဖန်၏ ခွန်အားက ကြောက်မက်ဖွယ် ကောင်းသော လောကအုပ်ချုပ်သူ များနှင့် တိုက်ခိုက်ရန်ပင် လုံလောက်နေသည်ဟု သူ မသိမသာ ခံစားမိနေသည်။
ထိုစဉ် အသူရာ ဂိုဏ်းသခင် တွေဝေလာသည်။
“ဟုတ်သားပဲ၊ မင်းတို့ ဒီလူငယ်လေးကို ရင်းနှီးနေတယ်လို့ မခံစားရဘူးလား”
*ဘယ်လို*
သူ့စကားက တစ္ဆေ မဟာမိတ် တပ်သခင်တို့အား သတိပေးလိုက်သလို ဖြစ်သွားသည်။ ယခင်က သူတို့သည် ယဲ့ဖန်၏ ပုံပန်းသဏ္ဌာန်ကို သေချာ မကြည့်ခဲ့မိသော်လည်း သူတို့ ယခု သေချာ တွေးကြည့်မိသောအခါ မြင်ဖူးသလို ခံစားလာရသည်။ သို့သော် ဘယ်မှာ မြင်ဖူးမှန်းကို စဉ်းစားမရ ဖြစ်နေသည်။
ထို့နောက်တွင်မူ တစ္ဆေ မဟာမိတ် တပ်သခင်သည် တစ်ခုခုကို တွေးမိသွားဟန်ဖြင့် တုန်ယင်လာသည်။
“ငါ … ငါ မှတ်မိပြီ”
တစ္ဆေ မဟာမိတ် တပ်သခင်သည် ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ရာကို တွေးမိသွားဟန်ဖြင့် ထိတ်လန့်ခြောက်ခြားနေ၏။
သူ့ပုံစံကြောင့် ကျန်လူများအားလုံး မျက်မှောင်ကြုတ်လာသည်။
“တစ္ဆေအိုကြီး မင်း သူ့ကို တကယ် မြင်ဖူးတာလား”
အသူရာ ဂိုဏ်းသခင်က တအံ့တဩနှင့် တစ္ဆေ မဟာမိတ် တပ်သခင်ကို မေးလိုက်သည်။ သူ့စကားကြောင့် တစ္ဆေ မဟာမိတ် တပ်သခင်က မချိပြုံး ပြုံးလာသည်။
“ငါပဲ မြင်ဖူးတာ မဟုတ်ဘူး၊ လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲမစခင် အချိန်က မင်းတို့အားလုံး သူ့ရုပ်တုကို မြင်ဖူးကြတာပဲလေ …”
*ရုပ်တုလား*
ထိုစကားကြောင့် လူတိုင်း၏ စိတ်ထဲတွင် မိုးကြိုးပစ်ချ လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲမစခင်အချိန်က ကမ္ဘာဦး ဂြိုဟ်စုနယ်မြေ၏ ဂြိုဟ်များအားလုံး၌ ရုပ်တုများ မရေတွက် နိုင်အောင် ရှိခဲ့သည်။ ထိုရုပ်တုအားလုံးသည် လူနှစ်ယောက်၏ ရုပ်တုများသာ ဖြစ်လေသည်။
ရုပ်တုတစ်ခုသည် နတ်ဆိုးဧကရာဇ်၏ ရုပ်တုဖြစ်ပြီး ကျန်တစ်ခုကား နတ်ဆိုးဧကရီ၏ ရုပ်တုသာ ဖြစ်သည်။
*ဒါဆို ဒီလူက …*
ယဲ့ဖန်၏မျက်နှာကို ပြန်မြင်ယောင်ရင်း လွန်ခဲ့သည့် နှစ်ရာပေါင်း များစွာက ရုပ်တု၏ မျက်နှာကို ပြန်အမှတ်ရသွားသည်။ အားလုံး၏ စိတ်ထဲ၌ ကြောက်မက်ဖွယ် အတွေးတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
“နတ်ဆိုး … နတ်ဆိုးဧကရာဇ်”
“မြတ်စွာဘုရား … သူ ပြန်လာပြီ၊ သူ ပြန်လည်မွေးဖွားလာပြီ၊ သူ … သူ မသေသေးဘူးပဲ”
*ဟာ*
ထိုသို့သောအချိန်၌ ကမ္ဘာဦး ဂြိုဟ်စုနယ်မြေ၏ ထိပ်သီးပုဂ္ဂိုလ်များ အားလုံး ရင်တုန်လာ ကြသည်။
ပျော်ရွှင် စိတ်လှုပ်ရှားသော အမူအရာများက အားလုံး၏ မျက်နှာထက်၌ ထင်ဟပ်လာ၏။ ယဲ့ဖန် ထွက်သွားရာ ဘက်ကိုကြည့်ရင်း သူတို့ ရူးမတတ် ဖြစ်လာကြသည်။
“လာကြဟေ့ … နတ်ဆိုးဧကရာဇ်နဲ့ တွေ့ကြမယ်။ ငါတို့ ကမ္ဘာဦးဂြိုဟ်စု နယ်မြေကြီးရဲ့ ထိပ်တန်း ဂုဏ်ကျက်သရေ ဆောင်သူနဲ့ တွေ့ကြမယ်”
ချက်ချင်းဆိုသလိုပင် ကမ္ဘာဦး ဂြိုဟ်ဟုနယ်မြေ၏ အင်အားစုများ အားလုံးသည် တစ်ပြိုင်နက် လှုပ်ရှား၍ အူးလန်ဂြိုဟ်သို့ ဦးတည်ထွက်ခွာလာကြသည်။
Chapter 488 နတ်ဆိုး အမျိုးသမီး ဖန့်ယင်း
အူးလန်ဂြိုဟ်၊
ယခုအချိန်၌ အူးလန်ဂြိုဟ်တွင် နေရာတိုင်း၌ သွေးများ၊ အလောင်းများနှင့် ပြည့်နှက်လျက် ရှိသည်။
သုဿန်တစ်စပြင်ကဲ့သို့ ကြောက်မက်ဖွယ် သတ္တဝါများစွာကို မြှုပ်နှံထားပြီး ဂြိုဟ်တစ်ခုလုံး သွေးများနှင့် မီးညွန့်များကြောင့် နီမြန်းနေသည်။
“သတ်ကြ”
ကောင်းကင်ထက်တွင် နတ်ဘုရားနှင့် နတ်ဆိုးများ၏ စစ်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်။
ကမ္ဘာဦး ဂြိုဟ်စုနယ်မြေမှ မရေတွက်နိုင်သော နတ်ဘုရား မျိုးနွယ်များသည် အမျိုးသမီး တစ်ယောက်နှင့် အနက်ရောင် ဝတ်စုံဝတ် သိုင်းပညာရှင်တစ်ဖွဲ့အား သည်းကြီး မည်းကြီး ဝိုင်းရံထားကြသည်။
ရွှစ်!
အနက်ရောင်ဝတ်စုံနှင့် သိုင်းပညာရှင် တစ်ယောက်၏ လက်မောင်း တစ်ဖက်သည် ပြင်းပြင်းထန်ထန် အဖြတ်ခံလိုက်ရသည်။
ထိုသူသည် နာကျင်မှုကြောင့် တုန်ယင်သွားသော်လည်း ရူးသွပ်ချင် နေပုံပေါ်သည်။ သူ၏ သံမဏိ လက်သီးတစ်ချက်ကြောင့် ကမ္ဘာဦး ဂြိုဟ်စုနယ်မြေမှ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် တစ်ယောက်၏ ဦးခေါင်း ပေါက်ကွဲထွက်သွားသည်။
တစ်ဖက်တွင် ကမ္ဘာဦးဂြိုဟ်စုနယ်မြေမှ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် လေးယောက်သည် အနက်ရောင်ဝတ်စုံနှင့် နတ်ဧကရာဇ်အဆင့် တစ်ယောက်ကို ကသုတ်ကရက် ဝိုင်းထားကြသည်။
ထိုအနက်ရောင်ဝတ်စုံနှင့် နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်သည် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေပြီး သွေးအလိမ်းလိမ်း ဖြစ်နေသည်။
သို့သော် သူ၏မျက်နှာထားသည် ကျောက်တုံးကဲ့သို့ မာထန်၍ အေးစက်ကာ ကြောက်လန့်စရာ ကောင်းသည်။
ကမ္ဘာဦး ဂြိုဟ်နယ်မြေ၏ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် လေးယောက်သည် ထိုသူနှင့် နီးကပ်လာချိန်တွင် တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်မည်ဟု ထင်နေကြသည်။
ထိုအနက်ရောင်ဝတ်စုံနှင့် နတ်ဧကရာဇ်အဆင့်သူ၏ မျက်နှာထက်၌ ရူးသွပ်မှု အရိပ်အယောင်များ မြင်နေရသည်။
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော် ရာကျော် ရှည်ပါစေ”
“သောက်နတ်ဘုရားတွေ၊ လက်လျှော့လိုက်တော့”
ဝုန်း!
ထိုအနက်ရောင်ဝတ်စုံနှင့် နတ်ဧကရာဇ်အဆင့်၏ ခန္ဓာကိုယ်မှနေ၍ ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ပြင်းထန်သော အရှိန်အဟုန်က မိုးကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်လေသည်။
ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းပင်။
ထို့နောက် ထိုအနက်ရောင်ဝတ်စုံနှင့် နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်၏ ခန္ဓာကိုယ်က ချက်ချင်း ပေါက်ကွဲသွားသည်။
“မလုပ်နဲ့”
ဘေးပတ်လည်မှ ကမ္ဘာဦး ဂြိုဟ်စုနယ်မြေ၏ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် လေးယောက်လုံး ခြောက်ခြားသွားပြီး ထွက်ပြေးချင် လာကြသည်။ သို့သော် ထိုအချိန်မှာပင် ထိတ်လန့်ဖွယ် ကောင်းသည့် ပေါက်ကွဲမှု စွမ်းအင်တစ်မျိုးက ထိုနတ်ဘုရား မျိုးနွယ် သိုင်းပညာရှင် လေးယောက်အား ချက်ချင်း ပေါက်ကွဲသွား စေလေသည်။
ဝုန်း! ဝုန်း! ဝုန်း!
ထိုကမ္ဘာဦး ဂြိုဟ်စုနယ်မြေမှ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် လေးယောက်လုံး သွေးမြူခိုးများ အဖြစ်သို့ ပြောင်းလဲသွား ကြသည်။
သွေးထွက်သံယို များလှပြီး ရက်စက်လှသည်။ ထိုသို့သောအချိန်၌ ဘေးပတ်လည်ရှိ ကမ္ဘာဦး ဂြိုဟ်စုနယ်မြေမှ နတ်ဘုရားမျိုးနွယ်များ အားလုံး ထိတ်လန့်နေကြလေသည်။
ဤနတ်ဆိုးများက ထိုမျှ အကြင်နာကင်းမဲ့လိမ့်မည်ဟု သူတို့ ထင်မထားမိခဲ့ကြချေ။ သူတို့ သေရမည်ဆိုလျင်တောင်မှ နတ်ဘုရား မျိုးနွယ်များကိုပါ မဖြစ်မနေ အပါခေါ်သွားကြသည်။
သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။
ဝုန်း! ဝုန်း! ဝုန်း!
ကောင်းကင်ထက်တွင် အနက်ရောင်ဝတ်စုံနှင့် သိုင်းပညာရှင် တစ်ယောက်သည် မောပန်းနေပြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ရန် ရွေးချယ်လာသည်။ ကောင်းကင်ထက်၌ မီးတောက်များ ထွက်ပေါ်လာ၏။
သူတို့သည် မသေဆုံးခင်၌ အရူးအမူး ကြွေးကြော် သွားကြသေးသည်။
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး။ နတ်ဆိုးဧကရာဇ် သက်တော် ရာကျော် ရှည်ပါစေ”
“သခင်ကြီး၊ ကျွန်တော်တို့ လိုက်လာပါပြီ”
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး။ နတ်ဆိုးဧကရာဇ် သက်တော် ရာကျော် ရှည်ပါစေ”
“ကျွန်တော်လည်း သခင်ကြီးကို တွေ့ဖို့အတွက် လိုက်လာပါပြီ”
“…”
ဟစ်ကြွေးသံများက ကောင်းကင်ကို ဖြိုခွင်း၍ မြေပြင်အား တုန်ဟီးသွားစေလေသည်။
တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်။
…
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဒါဇင်နှင့်ချီသော နတ်ဆိုးများက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ၍ သတ်သေ သွားကြသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာဦး ဂြိုဟ်စုနယ်မြေမှ နတ်ဘုရားမျိုးနွယ် တစ်ရာကျော်သည်လည်း သေဆုံးသွား ကြလေ၏။
ထိတ်လန့်စရာ ကောင်းလှသည်။ ဤမြင်ကွင်းများကိုကြည့်ပြီး ဘေးပတ်လည်မှ ကျန်နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ အားလုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။ အားလုံး၏ မျက်လုံးထဲ၌ အလွန်အမင်း ကြောက်လန့်နေဟန်များ ပြည့်နှက် နေ၏။
ထို့နောက်တွင် ကမ္ဘာဦး ဂြိုဟ်စုနယ်မြေမှ နတ်ဘုရားမျိုးနွယ်များ အားလုံး အူးလန်ဂြိုဟ်ပေါ် မှနေ၍ မီတာ ထောင်သောင်းချီ၍ ဆုတ်ခွာသွားကြသည်။ မတိုက်ခိုက်ဘဲ ငြိမ်နေကြ၏။
ထိုသို့သောအချိန်၌ အူးလန်ဂြိုဟ်ပေါ်ရှိ နတ်ဆိုးများသည် အသက်ကို ခပ်ပြင်းပြင်း ရှူနေကြသည်။ သူတို့၏ မျက်နှာထက်၌ ဝမ်းနည်းပူဆွေးရိပ်များနှင့် ပြည့်နှက်နေ၏။
ကောင်းကင်ထက်မှ ကျဆင်းလာသော ညီအစ်ကိုတို့၏ အလောင်းများကို ကြည့်ပြီး နတ်ဆိုးများ၏ အမည်ကို ဟစ်အော်နေကြသည်။
“ထျန်းရှာ”
“ချင်းယို”
“အဆိပ်ဧကရာဇ် …”
“…”
ထိုနတ်ဆိုးများသည် ကျဆုံးသွားသော နတ်ဆိုးများ၏ အမည်ကို ဟစ်အော်ရင်း မျက်ရည်များ စီးကျလာကြသည်။ အားလုံး၏ မျက်နှာထက်တွင် စိတ်မကောင်းဟန်များနှင့် ပြည့်နှက်နေ၏။
“ညီအစ်ကိုတို့၊ အဲ့လောက် မြန်မြန်မသွားကြနဲ့၊ ငါတို့ မကြာခင် ပြန်ဆုံမှာပါ”
“ငရဲမှာ သခင်ကြီးနဲ့ ပြန်တွေ့ကြပေါ့”
ကြိတ်မှိတ်၍ ပူဆွေးနေစိတ်များက အူးလန်ဂြိုဟ်၌ ပျံ့နှံ့လျက် ရှိသည်။ ဤမြင်ကွင်းကိုကြည့်ပြီး လူအုပ်ကြားထဲမှ နတ်ဆိုး အမျိုးသမီး၏ မျက်နှာထက်၌ မျက်ရည်များ ဆက်တိုက် စီးကျလာသည်။
သူမသည် ဖန့်ယင်းပင် ဖြစ်လေသည်။
“ယဲ့ဖန် ယဲ့ဖန်”
ယခုအချိန်၌ ဖန့်ယင်းသည် နတ်ဆိုးများကို နားလည်လာသည်။ နတ်ဆိုးသည် သူတို့၏ ယုံကြည်ရာ ဖြစ်သည်။ နတ်ဆိုးများသည် သူတို့၏ ချစ်ခင်တွယ်တာရာများ ဖြစ်သည်။
နတ်ဆိုးတိုင်းသည် နတ်ဆိုးမျိုးနွယ်အတွက်သာ မွေးဖွားရှင်သန်၍ သေဆုံးကြသည်။
“ယဲ့ဖန် ရှင် တကယ် သေသွားပြီလား”
ဖန့်ယင်းသည် ကောင်းကင်ထက်၌ ကိုယ့်ကိုရို့၍ လမ်းပျောက် နေသော ကလေးမလေးကဲ့သို့ ငိုကြွေးနေ၏။ ဤသို့ အထီးကျန်စိတ်၊ ကူကယ်ရာမဲ့စိတ်များက တစစ တိုးပွားလာသည်။
ယခင်တုန်းက ယဲ့ဖန် သူမသည် ကမ္ဘာနှင့်ဝေးရာသို့ တည်နေရာ ရွှေ့ပြောင်းခံလိုက်ရသလို ယဲ့ဖန်သည်လည်း သေဆုံးသွားခဲ့သည်။
ကျယ်ပြောသော စကြဝဠာအတွင်း၌ သူမသည် ယဲ့ဖန် နတ်ဆိုးဧကရာဇ် ဘဝက ချန်ရစ်ခဲ့သော ခြေရာလက်ရာများကို လိုက်ရှာခဲ့သည်။ ဤအူးလန်ဂြိုဟ်သို့ ရောက်ရှိလာချိန်တွင် နတ်ဆိုးတစ်ဖွဲ့နှင့် တွေ့ဆုံခဲ့သည်။
ထိုသို့သောအချိန်၌ နတ်ဆိုးတစ်ယောက်က အနားသို့ ရောက်လာပြီး မေးလာသည်။
“နတ်ဆိုးအမျိုးသမီး ခင်ဗျား အဆင်ပြေရဲ့လား”
များစွာသော နတ်ဆိုးတို့သည် ယဲ့ဖန် ပြန်လည်မွေးဖွားလာသော သတင်းကို သိလိုက်ရသလို ယဲ့ဖန် ထပ်၍ ကျဆုံးသွားသည့် သတင်းကိုလည်း သိလိုက်ကြရသည်။
ဖန့်ယင်းသည် ယဲ့ဖန်၏ ဆရာမတစ်ယောက် ဖြစ်ခဲ့သလို နတ်ဆိုးမျိုးနွယ်၏ နတ်ဆိုး အမျိုးသမီး တစ်ယောက်လည်း ဖြစ်လာခဲ့သည်။
ထိုအမေးကြောင့် ဖန့်ယင်းသည် မျက်နှာပေါ်မှ မျက်ရည်များကို သုတ်၍ သူမ အဆင်ပြေကြောင်း ခေါင်းညိတ်ပြလိုက်သည်။
“အဲ့ဒီ ကမ္ဘာဦး ဂြိုဟ်စုနယ်မြေက လူတွေက နတ်ဆိုး အမျိုးသမီးကြောင့် ဒဏ်ရာရသွားခဲ့ပင်မယ့် အခုလောက်ဆို ပြန်သက်သာနေပြီ ထင်တယ်”
“ဒီတစ်ခေါက် နတ်ဘုရားမျိုးနွယ်တွေရဲ့ တိုက်ခိုက်မှုက နောက်ဆုံး စမ်းသပ်မှု ဖြစ်မယ်နဲ့တူတယ်”
ထိုသို့ပြောပြီးနောက် ထိုနတ်ဆိုး၏ မျက်နှာထက်၌ စိုးရိမ်စိတ်များနှင့် ပြည့်နှက်လာသည်။
“လာမယ့်တိုက်ပွဲက နောက်ဆုံး သေခြင်းရှင်ခြင်း တိုက်ပွဲ ဖြစ်မယ်လို့ ကျုပ် ခံစားနေရတယ်။ ကမ္ဘာဦး ဂြိုဟ်စုနယ်မြေက လူတွေက ကျုပ်တို့ကို တစ်ချက်တည်းနဲ့ ရှင်းပစ်မယ်နဲ့ တူတယ်”
*တစ်ချက်တည်းနဲ့ ရှင်းပစ်မယ်တဲ့လား*
ဖန့်ယင်း၏ လှပသော မျက်လုံး၌ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
ယခုအခါ၌ သူမသည် နတ်ဧကရာဇ်အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သို့သော် ထိတ်လန့်ဖွယ် ဖိနှိပ်ချုပ်ချယ်နိုင်သည့် ပြိုင်စံရှား ခန္ဓာကိုယ်အားကိုးကြောင့် သူမ၏ ခွန်အားက အလွန် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်ခဲ့သည်။
သို့သော် ဆယ်ရက်ကျော် ရာချီသော လူများနှင့် တိုက်ခိုက်နေရ သောကြောင့် သူမ ခြေကုန်လက်ပန်း ကျလုနီးပါး ဖြစ်နေသည်။ သူမ၏ တိုက်ပွဲဝင်ခွန်အားက ကုန်ခမ်းလုနီးပါး ဖြစ်နေသည်။
နတ်ဘုရားမျိုးနွယ်များ ထပ်၍ တိုက်ခိုက်လာပါက နတ်ဆိုးအားလုံး နှင့်အတူ သူမ သေသွား လောက်သည်။
“အားလုံးကို ကောင်းကောင်း အနားယူဖို့ မှာလိုက်ပါ”
“တိုက်ပွဲက စောင့်ကြိုနေပြီ။ တိုက်ပွဲစတာနဲ့ တမလွန်ကိုသွားပြီး ယဲ့ဖန်ကို နှုတ်ဆက်ကြတာပေါ့”
ဖန့်ယင်း၏ စကား၌ သေပွဲဝင်ရန် ဆုံးဖြတ်ချက် ချထားပြီးသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။ ထိုအခါ နတ်ဆိုးက တအံ့တဩနှင့် ပြန်ကြည့်လာပြီးမှ ပြန်ပြောလိုက်သည်။
“အမိန့်အတိုင်းပါ နတ်ဆိုး အမျိုးသမီး”
ထို့နောက် ထိုနတ်ဆိုးသည် ကျန်နတ်ဆိုးများကို စီမံခန့်ခွဲရန် ထွက်သွား လေသည်။ ဖန့်ယင်းသည်လည်း အူးလန်ဂြိုဟ်၏ လမ်းမထက်သို့ ဆင်းသက်လိုက်သည်။ သူမသည် တစ်လမ်းပြီး တစ်လမ်းသို့ လျှောက်လှမ်းကာ တစ်မြို့ပြီးတစ်မြို့ကို ကျော်လွန်၍ ဖြတ်သန်း လာခဲ့သည်။
အူးလန်ဂြိုဟ်သည် ကမ္ဘာဂြိုဟ်နှင့် အလွန် ဆင်တူသည်။ ဤဂြိုဟ်မှနေ၍ ယဲ့ဖန်၏ ကိုယ်ငွေ့ကို ရနေသလိုပင်။
လမ်းဆုံလမ်းခွကို ဖြတ်လျှောက်နေရင်း ဖန့်ယင်း ထပ်မံ၍ မျက်ရည်ကျလာပြန်သည်။
“ကျွန်မ ရှင့်ရဲ့ ဒဏ္ဍာရီလာ ပုံပြင်တွေ အများကြီးကို ကြားခဲ့ရပြီးပြီ။ ရှင်က ဒီနေရာမှာ မွေးဖွားခဲ့ပြီးတော့ လေလွင့်ခွေးတွေနဲ့တောင် အစာလုခဲ့ရပြီးတော့ အိမ်ရာမဲ့တွေနဲ့ တိုက်ခိုက်ခဲ့ ရတာပဲ”
ယိုယွင်းပျက်စီးနေသော တဲစုတ်လေးတစ်ခု အရှေ့သို့ အရောက်တွင် …
“ရှင် ဒီမှာ ဧကရီ ဟွမ်အာနဲ့အတူ နေခဲ့ပြီးတော့ သေအတူ ရှင်မကွဲ နေခဲ့တာပဲ”
တောထနေသော မြေအောက် လက်ဝှေ့ခန်းမတစ်ခု အရှေ့တွင် …
“ရှင် ဒီမှာ အရူးအမူး သေမလို တိုက်ခိုက်ခဲ့ပြီးတော့ အူးလန် ဂြိုဟ်ကို နာမည်ရအောင် လုပ်ခဲ့ပြီး ဂြိုဟ်တွေကို လွှမ်းမိုးခဲ့ တာနော်”
နောက်ဆုံးတွင် ဖန့်ယင်းသည် အူးလန် မြို့လယ်ခေါင်ရှိ ပျက်စီး နေသော ရုပ်တုတစ်ခုရှေ့သို့ ရောက်လာသည်။ ထိုရုပ်တုသည် ယဲ့ဖန်၏ ရုပ်တုပင်။ သို့သော် ယဲ့ဖန်၏ မျက်နှာပုံစံတောင်မှ ပျက်စီးနေလေသည်။
ဖန့်ယင်းသည် ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော လက်လေးဖြင့် ယဲ့ဖန်၏ မျက်နှာကို ပွတ်သပ် လိုက်သည်။ အလွန်အမင်း ဝမ်းနည်းနေဟန်ဖြင့် ခပ်ဖြည်းဖြည်း ဆက်၍ ရေရွတ်လေသည်။
“ကျွန်မအတန်းထဲမှ ခြင်နဲ့ပတ်သက်ပြီး အလေးအနက် ပြောခဲ့တဲ့ လူတစ်ယောက်ကို ကျွန်မ အမှတ်ရမိတယ်”
“နတ်ဆိုးခြင်အဆိပ်ကို ကုပေးတဲ့အနေနဲ့ ကျွန်မကို အသားယူခဲ့တဲ့ လူဆိုးလေးကို မှတ်မိနေတုန်းပဲ”
“စားသောက်ဆိုင်ထဲမှ စိတ်ဝိညာဉ် တီးလုံးကို တီးခတ်ပြီးတော့ မာစတာလင်းရဲ့ စိတ်နှလုံးကို သိမ်းယူနိုင်ခဲ့ပြီးတော့ လူတိုင်းကို ထိတ်လန့်သွားအောင် လုပ်ခဲ့တာကို မှတ်မိသေးတယ်”
ထိုသို့ပြောပြီး ဖန့်ယင်း မျက်ရည်များ ဆက်တိုက် စီးကျလာသည်။
“ကျွန်မကိုယ်ထဲကို မိစ္ဆာ စိတ်ဝိညာဉ် သန္ဓေသား ရောက်နေခဲ့လို့ ညတွင်းချင်း အိုမင်းသွားပြီး လောကကြီးရဲ့ စွန့်ပစ်တာကို ခံရပြီးတော့ လူတိုင်းရဲ့ ရွံရှာခံခဲ့ရတာကို ကျွန်မ မှတ်မိသေးတယ်”
“ရှင်တစ်ယောက်တည်းကပဲ မရွံခဲ့သလို စက်ဆုပ်တာမျိုးလည်း မရှိခဲ့ဘူး”
“ကျွန်မကို ဒုက္ခတောထဲကနေ ကယ်ခဲ့တယ်”
ထိုသို့ပြောပြီး ဖန့်ယင်းသည် သည်းထန်စွာ ငိုကြွေးလေတော့သည်။
“ယဲ့ဖန် ကျွန်မက ရှင်ရဲ့ဆရာမ ဖြစ်ခဲ့ပင်မယ့် ဒီနေ့တော့ ကျွန်မ ရှင့်ကို ပြောချင်တာ တစ်ခု ရှိတယ်”
ထိုသို့ပြောပြီး ဖန့်ယင်းက ယဲ့ဖန်၏ ရုပ်တုကို အသေအချာ စိုက်ကြည့်၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“ကျွန်မ ရှင့်ကို ချစ်တယ်၊ ကျွန်မ ရှင့်ကို တကယ် ချစ်တာပါ”
“ကျွန်မ ရှင့်ရဲ့ ခြေရာလက်ရာကို ရှာဖို့အတွက် ဂြိုဟ်ပေါင်း များစွာကို ဖြတ်သန်းနိုင်တယ်၊ ကျွန်မ ရှင်နဲ့အတူ နေရမယ်ဆိုရင် ကြေးချွတ်သန့်စင်ဘုံကိုလည်း ကျော်ဖြတ်နိုင်တယ်”
“ကျွန်မကို စောင့်နေနော်၊ ကျွန်မ ရှင့်ဆီ လာခဲ့မယ်”
ထိုသို့ပြောပြီး ဖန့်ယင်းက ယဲ့ဖန်၏ ရုပ်တုကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။ သူမပါးထက်မှ မျက်ရည်များသည်လည်း ခြောက်သွေ့သွားလေသည်။
များပြားလှသော ကမ္ဘာဦး ဂြိုဟ်စုနယ်မြေ စစ်တပ်ကြီးကို မော့ကြည့်ပြီး ထပ်မံ၍ သတ်ဖြတ်ရဦးမည်ဟု တွေးမိလာသည်။
နောက်ဆုံး သေခြင်းရှင်ခြင်း တိုက်ပွဲကြီး စတင်လာ လေတော့သည်။
Chapter 489 နတ်ဆိုးများ၏ ဝမ်းနည်းဖွယ် စစ်ပွဲ
ဝုန်း! ဝုန်း! ဝုန်း!
ထိုသို့သောအချိန်၌ ကောင်းကင်ထက်မှနေ၍ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များစွာ ဆင်းသက်လာသည်။
ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်၊ အယောက်တစ်သောင်း။
ကမ္ဘာဦး ဂြိုဟ်စုနယ်မြေမှ နတ်ဘုရားမျိုးနွယ်များ အယောက် တစ်သောင်းနီးပါး ပါရှိလေသည်။ ထိုသူများထဲတွင် နတ်ဘုရား သေနာပတိအဆင့်များ၊ နတ်ဘုရား ဂိုဏ်းချုပ်အဆင့်များနှင့် နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်များ ပါရှိလေသည်။
ထိုထောင်သောင်းချီသော ကမ္ဘာဦး ဂြိုဟ်စုနယ်မြေမှ သိုင်းပညာရှင်များ၏ အရှေ့၌ စက္ကူကဲ့သို့ ဖြူစုတ်နေသည့် မျက်နှာထားရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ရှိနေသည်။
သူသည် နတ်ဘုရားမျိုးနွယ်များ၏ မြင့်မြတ်သော ပုဂ္ဂိုလ်ကဲ့သို့ သရဖူတစ်ခုကို ဆောင်းထားလေသည်။ သူ့ထံမှ ကြောက်မက်ဖွယ် ကောင်းသည့် အရှိန်အဝါကြောင့် ဘေးပတ်လည်မှ လေဟာနယ်တောင်မှ တုန်ခါလာရသည်။
သူသည် ကမ္ဘာဦး ဂြိုဟ်စုနယ်မြေ၏ အရှင်သခင် ကမ္ဘာဦး ကောင်းကင်သခင် ဖြစ်လေသည်။ သူ လက်တစ်ချက် မြှောက်လိုက်ရုံနှင့် ကောင်းကင်ကို ပြိုလဲစေ၍ မြေပြင်အား အက်ကွဲအောင် လုပ်နိုင်လေသည်။
“နတ်ဆိုးတွေ ထွက်လာပြီး အသေခံစမ်း”
ထျန်းဝေ့၏ ပြင်းထန်သော စကားသံအောက်၌ အူးလန်ဂြိုဟ် တစ်ခုလုံး တုန်ခါသွားသည်။
ဝှစ်!
ထိုသို့သောအချိန်၌ ဖန့်ယင်းသည် နတ်ဆိုးဘုရင် အယောက် သုံးဆယ်နှင့် ရာချီသော နတ်ဆိုးတို့အား ဦးဆောင်၍ ကောင်းကင်ထက်သို့ ပျံသန်းလာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရားမျိုးနွယ် စစ်တပ်ရှေ့သို့ ရောက်ရှိလာ၏။ လူအယောက် တစ်ရာက အယောက် တစ်သောင်းနှင့် ယှဉ်၍ တိုက်ခိုက်ရတော့မည်။ ဤသည်မှာ သေချာပေါက် သေစေနိုင်သည့် အခြေအနေပင် ဖြစ်လေသည်။
သို့သော် ဖန့်ယင်းဖြစ်စေ၊ နတ်ဆိုးဘုရင် သို့မဟုတ် အနောက်ဘက်မှ နတ်ဆိုးများပင် ဖြစ်စေ၊ မည်သူမျှ ထိတ်လန့်ကြောက်ရွံ့ဟန် မပြချေ။ သူတို့အားလုံး၏ မျက်နှာထက်၌ သွေးဆာ၍ ရူးသွပ်ဟန်များသာ ပြည့်နှက်လျက် ရှိသည်။
“တိုက်ကြမယ်”
ဖန့်ယင်း၏ လှပသော မျက်ဝန်းလေးက ရေခဲတမျှ အေးစက်နေ၏။ သူမစကားကို ကြားပြီးနောက် ကမ္ဘာဦး ကောင်းကင်သခင်က လှောင်ပြုံးပြုံးလိုက်သည်။
“ဟီးဟီး … နတ်ဆိုးတွေ၊ ဒီနေ့က မင်းတို့ သေရမယ့်နေ့ပဲ။ ငါ မင်းတို့ရဲ့ နတ်ဆိုး ခန္ဓာကိုယ်ကို ခုတ်ပိုင်းပစ်ပြီးတော့ မင်းတို့ရဲ့ နတ်ဆိုး စိတ်ဝိညာဉ်ကို ချေဖျက်ပစ်မယ်”
“မင်းတို့ ဘယ်တော့မှ ပြန်လည်ဝင်စားခြင်း မပြုနိုင်ဘဲ လုံးဝ ပျောက်ကွယ်သွားစေရမယ်”
အလွန် အကြင်နာကင်းမဲ့လှပြီး ပြင်းထန်လွန်းသည်။ သို့သော် ယခုအချိန်၌ ကမ္ဘာဦး ကောင်းကင်သခင်၏ စကားများက နတ်ဆိုးများအား ကြောက်လန့်ခြင်း မရှိစေပါ။ ထိုအစား နတ်ဆိုးအားလုံး ရူးမတတ် ဖြစ်လာကြလေသည်။
“နတ်ဆိုးအပေါင်းတို့”
ထိုစဉ် ဖန့်ယင်းက နောက်လှည့်၍ သူမရှေ့မှ နတ်ဆိုးအားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူမ၏ လှပသော မျက်နှာထက်၌ တိုက်ခိုက်လိုစိတ်များသာ ပြည့်နှက်နေ၏။
“ရှင်တို့အနောက်က အူးလန်ဂြိုဟ်က ကြီးမြတ်တဲ့ နတ်ဆိုးဧကရာဇ် မွေးဖွားခဲ့တဲ့ ဇာတိဂြိုဟ်ပဲ၊ ဒီနေရာက နတ်ဆိုးမျိုးနွယ်ရဲ့ ယုံကြည်မှုအရင်းအမြစ်ဆိုလည်း ဟုတ်တယ်”
“ဒီနေ့ ကျွန်မတို့ နတ်ဆိုးမျိုးနွယ်အတွက် တိုက်ခိုက်ကြမယ်၊ ဒီလိုအချိန်မှာ ကျွန်မတို့ နတ်ဆိုး ဧကရာဇ်အတွက် အသက်ပေးကြမယ်”
ဖန့်ယင်း၏ စကားများက နတ်ဆိုးတိုင်းအား သွေးပွက်ပွက် ဆူလာစေသည်။ သူတို့အားလုံး လက်သီးလက်မောင်းတန်း၍ ဟစ်ကြွေးလာကြသည်။
“တိုက်မယ်”
“တိုက်မယ်”
“တိုက်မယ်”
ကျယ်လောင်သော ဟစ်ကြွေးသံများ ပျံ့နှံ့လာသည်။ ထိုသို့သော အချိန်၌ ရာချီသော နတ်ဆိုးများသည် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် အယောက် တစ်သောင်းကျော်အား အရူးအမူး တိုက်ခိုက်ရန် ဟန်ပြင်လာကြသည်။
နတ်ဘုရားမျိုးနွယ်တိုင်း မှင်တက်နေကြသည်။ နတ်ဆိုးများက ဤမျှ ရူးသွပ်ကြလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။
“သတ်ကြ”
သို့သော် ဤမျှနှင့် မပြီးသွားချေ။ ဖန့်ယင်းက လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ရာချီသော နတ်ဆိုးများက ထောင်သောင်း ချီသော နတ်ဘုရားမျိုးနွယ် စစ်တပ်ထံသို့ အရူးအမူး ပြေးဝင် လာသည်။
ရာချီမျှသာ ရှိသောလူများက ထောင်သောင်းချီသော လူများကို အရင်ဦးအောင် သတ်ချင်ကြသည်တဲ့လား။ ရူးနေသောသူများသာ ဤသို့ လုပ်ရဲကြပေမည်။
“သေစမ်း”
ကမ္ဘာဦး ကောင်းကင်သခင်၏ မျက်နှာက အလွန် သုန်မှုန်နေသည်။ ထိုနတ်ဆိုးများက ဤသို့ ရူးသွပ်လိမ့်မည်ဟု သူ ထင်မထားမိချေ။ ထို့နောက် သူ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“သတ်ကြ၊ နတ်ဆိုးတစ်ကောင်ကို သတ်ရင် စကြဝဠာဒင်္ဂါး တစ်ထောင်ရမယ်၊ နတ်ဆိုးဘုရင်ကို သတ်နိုင်ရင် တစ်သန်း ရမယ်”
“မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင်ကို သတ်နိုင်တဲ့ ဘယ်သူမဆို ဆုကြေးအနေနဲ့ ဆယ်သန်းရမယ်၊ ပြီးတော့ မင်းသား တစ်ပါးလည်း ဖြစ်လာမယ်”
ဝုန်း!
ကမ္ဘာဦး ကောင်းကင်သခင်၏ စကားများက အလွန် မက်လောက်စရာ ကောင်းလှပြီး ထောင်သောင်းချီသော နတ်ဘုရား မျိုးနွယ် သိုင်းပညာရှင်များ ရူးမတတ် ဖြစ်လာကြသည်။
များပြားလှသော သိုင်းပညာရှင်များသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ရာချီသော နတ်ဆိုး များအား ဝိုင်း၍ တိုက်ခိုက်ကြ လေတော့သည်။
ထို့နောက်တွင်မူ အူးလန်ဂြိုဟ်တစ်ခုလုံး၌ သွေးမိုးများ ရွာသွန်းလေ တော့သည်။ ကောင်းကင်ထက်မှနေ၍ အလောင်းများ တစ်လောင်းပြီး တစ်လောင်း ပြုတ်ကျလာသည်။
ဆိုးရွားလှသည်၊ ဝမ်းနည်းစရာ ကောင်းလှသည်။
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော် ရာကျော် ရှည်ပါစေ”
နတ်ဆိုးတစ်ကောင်သည် နတ်ဘုရား ဂိုဏ်းချုပ်အဆင့် သိုင်းပညာရှင် ဆယ်ယောက်၏ ဝိုင်းထားခြင်းကို ခံထားရသည်။ သူသည် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက် ပြည့်နှက်နေ သော်လည်း ဟစ်ကြွေးနေဆဲပင်။
ဝုန်း!
ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ထိုနတ်ဆိုးနှင့်အတူ ဘေးပတ်လည်မှ နတ်ဘုရား ဂိုဏ်းချုပ်အဆင့် သိုင်းပညာရှင် ဆယ်ယောက်နှင့်အတူ သေဆုံးသွားလေ တော့သည်။
ထိုအခါ ကျန်ရှိနေသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ အလွန်အမင်း ထိတ်လန့်သွားကြသည်။
ဝုန်း! ဝုန်း! ဝုန်း!
စစ်ပွဲ၏ အရပ်မျက်နှာတိုင်း၌ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသည့် အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်၊ အယောက်နှစ်ဆယ်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်သည့် နတ်ဆိုး အယောက်သုံးဆယ်မျှ ရှိလာလေသည်။
ထောင်ချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ ပေါက်ကွဲ၍ သွေးမြူခိုးများ ဖြစ်သွားကြလေသည်။ အူးလန်ဂြိုဟ်တစ်ခုလုံး၌ သွေးနံ့များ လှိုင်လှိုင်ထနေ၏။
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော် ရာကျော် ရှည်ပါစေ” ဟူသည့် ဝမ်းနည်းဖွယ် ဟစ်ကြွေးသံက ထိတ်လန့်စရာ ကောင်းလောက်အောင် ပဲ့တင်ထပ်၍ ထွက်ပေါ် လာသည်။
သို့သော် ဤသည်မှာ အစသာ ရှိချေသေးသည်။
“သခင်ကြီး၊ ကျွန်တော်မျိုး နတ်ဆိုးလေပြင်း လိုက်လာပါပြီ၊ ဟားဟားဟား …”
နတ်ဆိုးဘုရင် တစ်ပါးသည် စိတ္တဇတစ်ယောက်ကဲ့သို့ နတ်ဘုရားမျိုးနွယ် စစ်တပ်ထံသို့ ပြေးဝင်သွားသည်။ သူ၏ ခန္ဓာကိုယ်က နတ်ဘုရားမျိုးနွယ် စစ်တပ်ထဲသို့ ရောက်ရှိ သွားသည်နှင့် ပေါက်ကွဲသံကလည်း ရုတ်တရက် ထွက်ပေါ် လာသည်။
ရာချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များသည်လည်း ပေါက်ကွဲ၍ သွေးမြူခိုးများ အဖြစ်သို့ ပြောင်းလဲသွားကြသည်။
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော် ရာကျော် ရှည်ပါစေ၊ ကျွန်တော်မျိုးလည်း သခင်ကြီးနောက်ကို လိုက်လာခဲ့ပါ့မယ်”
နောက်ထပ် နတ်ဆိုးဘုရင်နှင့်အတူ ရာချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များလည်း ပျောက်ကွယ်သွားကြသည်။
ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ၍ သတ်သေခြင်း၊ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ၍ သတ်သေခြင်း၊ နောက်ထပ်သော နတ်ဆိုးများက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ၍ သတ်သေကြပြန်သည်။
ယခုအချိန်၌ နတ်ဆိုး အရေအတွက်များက လျင်မြန်စွာ ကျဆင်းလာသည်။ ရှစ်ဆယ်မှ ခုနစ်ဆယ်၊ ခြောက်ဆယ်၊ ငါးဆယ်။
…
နတ်ဆိုးတိုင်းက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ၍ နတ်ဘုရား မျိုးနွယ်များကို နှိမ်နင်းကြလေသည်။ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ သွေးပျက်ကာ ထွက်ပြေးကြသည်။
များပြားလှသော ကမ္ဘာဦး ဂြိုဟ်စုနယ်မြေမှ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များသည် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြ လေတော့သည်။ အားလုံး၏ စိတ်ထဲ၌ ကြောက်စိတ်များ ဖုံးလွှမ်းနေသည်။
နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ၏ မျက်လုံးထဲတွင် နတ်ဆိုးအားလုံးသည် အရူးများသာ ဖြစ်လေသည်။ ယခုအချိန်၌ ထင်မှတ်မထားသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။
ဒါဇင်မျှသာရှိသော နတ်ဆိုးမျိုးနွယ်များက ထောင်သောင်းချီသော နတ်ဘုရားမျိုးနွယ် များနောက်သို့ အရူးအမူး လိုက်နေကြသည်။
ကျားတစ်ကောင်က ငှက်အုပ်ကို မောင်းထုတ်နေသကဲ့သို့ ခြောက်ခြားဖွယ်ကောင်းလှသည်။
ထိုစဉ် နတ်ဆိုးဘုရင် ရှန်းရှန့်က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်သောကြောင့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် တစ်ရာကျော် သေသွားပြန်သည်။
နတ်ဆိုးတစ်ရာကျော် သေသွားကြသလို နတ်ဘုရားမျိုးနွယ် များထဲမှ ငါးထောင်ကျော် သေဆုံးသွားကြသည်။ အလွန် အံ့အားသင့်ဖွယ် ကောင်းလှသည်။
အသက်ရှင်နေသေးသည့် နတ်ဘုရားမျိုးနွယ်တိုင်း မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေကြသည်။
တစ္ဆေအဖွဲ့အစည်းထဲမှ ပြန်ထွက်လာသကဲ့သို့ ကြောက်လန့် နေကြသည်။
“သေကုန်ပြီ၊ အားလုံး သေသွားကြပြီ”
ဖန့်ယင်း၏ မျက်နှာထက်၌ ဝမ်းနည်းရိပ်များ စွန်းထင်းလာသည်။ ထိုနတ်ဆိုးများက အသက်စွန့်၍ တိုက်ခိုက်သွားခဲ့ကြသည်၊ ထိုသို့ဆိုလျင် …
“ဒီတစ်ခါ ငါ့အလှည့်ပဲ”
ထိုသို့ပြောပြီး ဖန့်ယင်းသည် ဖျတ်ခနဲ လှုပ်ရှား၍ သူမကိုယ်ထဲမှ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်၏ စွမ်းအင်ကို ထုတ်ဖော်လိုက်သည်။ ထို့နောက် ကမ္ဘာဦး ကောင်းကင်သခင်ထံသို့ ပြေးဝင်သွားသည်။
ဝုန်း! ဝုန်း! ဝုန်း!
ယခုအချိန်၌ ထိပ်တန်း သိုင်းပညာရှင်နှစ်ယောက် အပြင်းအထန် တိုက်ခိုက်နေကြသည်။ လေဟာနယ်တစ်ခုလုံး အက်ကွဲလာ၏။ အူးလန်ဂြိုဟ်တစ်ခုလုံး ကမ္ဘာပျက်ကိန်းဆိုက် နေသည်ဟု ထင်မှတ်နေရသည်။
ဖန့်ယင်း၏ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်က အလွန်အမင်း ကြောက်လန့်ဖွယ် ကောင်းသည်ကိုတော့ ဝန်ခံရပေမည်။
သူမ လက်တစ်ချက် လှုပ်လိုက်ရုံနှင့် ထိတ်လန့်ဖွယ် မွေးရာပါ စိတ်ဝိညာဉဉ် စွမ်းအင်များ ထွက်ပေါ်လာပြီး ကမ္ဘာဦး ကောင်းကင်သခင်အား တိုးဝင် တိုက်ခိုက်လာသည်။
ရွှစ်! ရွှစ်! ရွှစ်!
ကမ္ဘာဦး ကောင်းကင်သခင်၏ ကိုယ်၌ သွေးစီးကြောင်းများနှင့် ပြည့်နှက်လာသည်။
“ချီးတဲ့မှပဲ”
“ကမ္ဘာဦး ဟင်းလင်းပြင်”
ကမ္ဘာဦး ကောင်းကင်သခင်၏ စကားအဆုံးတွင် ဖန့်ယင်း၏ ဘေးပတ်လည်၌ ဟင်းလင်ပြင် လှောင်အိမ်တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
ပြင်းထန်သည့် စွမ်းအင်များက ဖန့်ယင်း၏ ခန္ဓာကိုယ်အား အရူးအမူး တိုးဝင်တိုက်ခိုက်နေ၏။
ဖန့်ယင်း အားကုန်သုံး၍ ခုခံတိုက်ခိုက်သော်လည်း သူမကိုယ်ပေါ်၌ ဒဏ်ရာများစွာ ဖြစ်ပေါ်လာ ရသည်။
“ပျက်စီးစမ်း”
သူမ၏ စိတ်ဝိညာဉ် စွမ်းအင်ကို အတူတကွ စုစည်းလိုက်ပြီးနောက် ဟင်းလင်ပြင် လှောင်အိမ်ထံ ပစ်ထုတ်၍ ဖျက်ဆီးပစ်လိုက်သည်။
ထိပ်သီး သိုင်းပညာရှင်နှစ်ယောက်၏ တိုက်ခိုက်မှုကြောင့် မိုးကောင်းကင်နှင့် မြေကြီးတို့ ပျက်ဆီးလာရသည်။
နှစ်ယောက်လုံးသည် ပို၍ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ ဖန့်ယင်း၏ ကိုယ်ပေါ်၌ သွေးသံတရဲရဲနှင့် ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ သူမမျက်နှာလေးသည် ပင်ပန်းနွမ်းနယ် နေ၏။
“သေစမ်း”
ကမ္ဘာဦး ကောင်းကင်သခင်၏ လက်သီးချက်က ဖန့်ယင်း၏ ကျောပြင်ထံသို့ ပြင်းထန်စွာ ကျရောက်လာသည်။
ဂျွတ်!
သူမကျောရိုး ကျိုးသွားပြီးနောက် သူမ ကိုယ်လေးက တုန်ယင် သွားကာ လွင့်ထွက်သွား လေတော့သည်။ သွေးများက တတောက်တောက် စီးကျ၍လာသည်။
ဖန့်ယင်း သူမကိုယ်ကို ပြန်ထိန်းနိုင်ပြီးနောက်တွင် သူမ နှုတ်ခမ်းထောင့်များ သွေးများ စီးကျလာပြန်သည်။
ထိုမျှနှင့် မပြီးသေးချေ။ ကမ္ဘာဦး ကောင်းကင်သခင်က သူမကို သတ်ရန် ပြင်လာသည်။ ပြင်းထန်သည့် ဓားကဲ့သို့သော လက်ဝါးချက်က သူမရှေ့သို့ ရောက်ရှိလာသည်။
ဝုန်း!
သေခြင်းတရား ကျရောက်လာလေပြီ။