အခန်း (၄၉၀-၄၉၂)
Vol. 33 Ch. 490-492
Chapter 490 ဖန့်ယင်း၏ စိတ်ဝိညာဉ် ပြန်လည် ဖြစ်ပေါ်လာပြီ
ကြောက်ခမန်းလိလိ မရဏ အငွေ့အသက်များက ဖန့်ယင်းအား လွှမ်းခြုံလာသည်။
“ငါ သေတော့မှာပါလား”
ဖန့်ယင်း၏ နှုတ်ခမ်း၌ စိတ်အေးချမ်းသွားပုံရသည့် အပြုံးမျိုး ဖြစ်ပေါ်လာသည်။ သူမ သေရမည်ကို မကြောက်ပါ။
သေခြင်းတရားသည် သူမအတွက် ပို၍ စိတ်သက်သာရသော အရာဖြစ်သည်။ သူမ သေသွားသည့် အခါမှသာလျင် သူနှင့် ပြန်ဆုံနိုင်မည် မဟုတ်ပါတကား။
“ယဲ့ဖန် ကျွန်မ လာပြီ၊ ငရဲကို ဖြတ်သန်းရမယ်ဆိုရင်တောင်မှ ကျွန်မ ရှင့်ကို လိုက်ရှာမယ်”
ဖန့်ယင်း မျက်လုံးကို မှိတ်လိုက်ချိန်တွင် မျက်လုံးထောင့်မှနေ၍ မျက်ရည်တစ်စက် စီးကျလာလေ၏။ ထို့နောက်တွင်မူ ဖန့်ယင်း၏ ခန္ဓာကိုယ်မှနေ၍ ကြောက်ခမန်းလိလိ အဖျက်စွမ်းအင်တစ်ခု ပျံ့နှံ့ထွက်ပေါ်လာသည်။
ကမ္ဘာဦး ကောင်းကင်သခင်၏ ဓားကဲ့သို့သော လက်ဝါးချက်က သူမအား ထိုးခွင်းတော့မည့် အချိန်တွင် ထိုအဖျက်စွမ်းအင်ကို ခံစားမိပြီး ရုတ်တရက် မျက်နှာပျက်သွားသည်။
“သေစမ်း၊ သူက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ချင်နေတာပဲ”
ကြောက်မက်ဖွယ် ကောင်းလှသည်။ ကမ္ဘာဦး ကောင်းကင် သခင်သည် ပထမဆုံးအကြိမ် သေရမည်ကို ကြောက်ရွံ့သော ခံစားချက် ဝင်လာရသည်။
မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင်မှ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းသည် အံ့ဩစရာ ကောင်းလှသည်။
*ထွက်ပြေးရမယ်*
ချက်ချင်းဆိုသလိုပင် ကမ္ဘာဦး ကောင်းကင်သည် လက်ဝါးချက်ကို ရုတ်သိမ်း၍ ကြောက်လန့်နေသော ယုန်တစ်ကောင်ကဲ့သို့ ခပ်ဝေးဝေးသို့ အသည်းအသန် ထွက်ပြေးလေ တော့သည်။
သို့သော် ထိုသို့သောအချိန်မှာပင် ကမ္ဘာတုန်လောက်သည့် ပေါက်ကွဲသံ ထွက်ပေါ်လာ လေတော့သည်။
ဝုန်း!
ကြီးမားသော အဖျက်စွမ်းအင်လှိုင်းက ကောင်းကင်၌ ပျံနှံ့ လာသည်။ ဖန့်ယင်း၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုအောက်၌ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များသည် သွေးမြူခိုးများ အဖြစ်သို့ ပြောင်းလဲသွားလေသည်။
လူဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်၊ နှစ်ထောင်။
....
မျက်စိတစ်မှိတ် အတွင်းမှာပင် လူအယောက် နှစ်ထောင်ကျော်တို့သည် ဖောက်ခွဲမှု၌ သေဆုံးသွားကြလေသည်။
ကောင်းကင်တစ်ခွင်၌ သွေးမြူခိုးများနှင့် ပြည့်နှက်နေပြီး သွေးရောင်ကြောင့် ကောင်းကင်သည် အနီရောင် ဆေးခြယ်ထားသည်ဟု ထင်မှတ်ထားရလေသည်။
မရေတွက်နိုင်သော နတ်ဘုရားမျိုးနွယ်များ ဝမ်းနည်းပူဆွေး နေကြသည်။ ကမ္ဘာဦး ကောင်းကင်သခင်တောင်မှ နောက်ကျော ဘက်၌ ပေါက်ကွဲမှုကို ခံစားလိုက်ရသည်။
ထို့နောက် သူသည် မီတာ တစ်ထောင်ကျော်သို့ လွင့်ထွက် သွားလေသည်။ ယခုအချိန်၌ သူ့တစ်ကိုယ်လုံး သွေးများနှင့် ပေကျံနေပြီး အသားများလန်၍ နောက်ကျောပြင်တစ်ခုလုံး ပေါက်ထွက် မတတ် ဖြစ်နေ၏။
သူ၏အရေပြားကို သေချာ မမြင်ရတော့ချေ။ အရိုးများတောင်မှ ထင်းခနဲ မြင်နေရသည်။ ပြင်းထန်သော နာကျင်မှုကြောင့် သူ တုန်ယင်နေလေသည်။ နဖူးမှနေ၍ ချွေးစေးများ တဒီးဒီး စီးကျလာသည်။
“အန္တရာယ် များလိုက်တာ၊ ဒီအရူးမက ငါ့ကို သေအောင် လုပ်မိတော့မလို့ပဲ”
ကမ္ဘာဦး ကောင်းကင်သခင်သည် တစ္ဆေအဖွဲ့အစည်းထံမှ ထွက်ပြေးလာနိုင်သကဲ့သို့ ခံစားမိနေပြီး မနည်းကို အသက်လု နေရသည်။
သေသွားလေပြီ၊ အကုန်လုံး သေသွားကြလေပြီ။ ဖန့်ယင်းနှင့် နတ်ဆိုးမျိုးနွယ်များအားလုံး သုတ်သင်ခံလိုက်ရလေပြီ။
နတ်ဘုရားမျိုးနွယ် စစ်တပ်၌ လူအယောက် သုံးထောင်သာ ကျန်ရစ်ခဲ့သည်။ ကြောက်မက်ဖွယ် ကောင်းလှပေဘိ။ ဤတိုက်ပွဲသည် အလွန်အမင်း ပြင်းထန် ကြမ်းကြုတ် လွန်းလှသည်။
ထိုသည်သာမကသေးချေ။ ဖန့်ယင်း၏ မွေးရာပါ စိတ်ဝိညာ ဉ်ခန္ဓာကိုယ်ကို ဖောက်ခွဲခြင်းမှ ထွက်ပေါ်လာသော သူမ၏ သွေးစက်များက အူးလန်ဂြိုဟ်အား ဖြန်းပက်သွားသည်။
ချက်ချင်းဆိုသလိုပင် အူးလန်ဂြိုဟ်တစ်ခုလုံး စိမ်းလန်းစိုပြည် လာသည်။ သစ်ပင်ပန်းပင်များ ပွင့်လန်းလာပြီး မိုးထိမတတ် မြင့်မားလာကြသည်။
အသက်ဓာတ်စွမ်းအင်များနှင့် စိတ်ဝိညာဉ် ချီဓာတ်များ အလွန်အမင်း ပေါကြွယ်ဝလာသည်။ အူးလန်ဂြိုဟ်သည် အင်မော်တယ် နယ်မြေတစ်ခုနှင့် ဆင်တူလာလေ၏။
“ဟားဟားဟား”
ထိုစဉ် ကမ္ဘာဦး ကောင်းကင်သခင်က ဟက်ဟက်ပက်ပက် ရယ်မောလာသည်။ သူ၏ခန္ဓာကိုယ်မှ နာကျင်မှုကို မေ့လျော့ပြီး စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင် ဖြစ်နေသည်။
“သေပြီ၊ ကျန်နေတဲ့ နတ်ဆိုးမျိုးနွယ်တွေနဲ့ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင်ရော အားလုံး မရှိတော့ဘူးကွ”
“ငါ စိတ်ရှုပ်သွားပြီးတော့ စကြဝဠာထဲက ထိပ်တန်း ခန္ဓာကိုယ်ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင်ကို သတ်နိုင်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး”
“ဒီမတော်တဆ ဖြစ်သွားတဲ့ကိစ္စကိုသာ အကြီးအကဲတွေ ကြားသွားခဲ့မယ်ဆိုရင် ငါတော့ နတ်ဘုရားမျိုးနွယ်ထဲမှာ နာမည်ရပြီး ခေါင်းမော့ရင်ကော့ပြီး သွားလာနိုင်တော့မှာပဲ”
ထိုသို့သောအချိန်၌ ကမ္ဘာဦး ကောင်းကင်သခင်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာသည်။ ထို့အတူ သူ့နောက်မှာ အသက်ရှင်နေသေးသည့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် အယောက်သုံးထောင်ကလည်း ကြွေးကြော်လာလေသည်။
“ပြိုင်ဘက်ကင်းလှပါပေတယ်၊ ကောင်းကင်သခင် သက်တော် ရာကျော် ရှည်ပါစေ”
“ပြိုင်ဘက်ကင်းလှပါပေတယ်၊ ကောင်းကင်သခင် သက်တော် ရာကျော် ရှည်ပါစေ”
“...”
ထိုကြွေးကြော်သံကြောင့် ကမ္ဘာဦး ကောင်းကင်သခင်၏ အပြုံးက ပို၍ ကြီးမားလာသည်။
ထိုစဉ် ကြောက်ခမန်းလိလိ ဓားရောင်တစ်ချက်က လေထဲမှ ဖြတ်သန်းလာသည်။ ထိုဓားသည် ကောင်းကင်ထက်မှ ဆင်းသက် လာလေသလားဟု ထင်မှတ်ရပြီး အလွန် ခြောက်ခြားဖွယ် ကောင်းလှသည်။
လေဟာနယ်တစ်ခုလုံး အက်ကွဲသွားပြီး ဟင်းလင်းပြင် နယ်မြေတစ်ခု ဖြစ်ပေါ်လာသည်။ မျက်တောင်တစ်ခတ်အတွင်း ထောင်ချီသော နတ်ဘုရားမျိုးနွယ်များ ခုတ်ပိုင်းခံလိုက်ရသည်။
ဤမြင်ကွင်းက ကမ္ဘာဦး မိုးကောင်းကင်သခင်နှင့် အခြားသူများ ထိတ်လန့်သွားကြသည်။
“ဘယ်သူလဲ”
ထောင်ချီသော နတ်ဘုရားမျိုးနွယ်များအား ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည့် ကြောက်လန့်ဖွယ် ကောင်းသည့် ပုဂ္ဂိုလ်မျိုး ရှိနေလိမ့်မည်ဟု သူတို့ ထင်မထား မိကြချေ။
ဤသည်မှာ မယုံနိုင်စရာ ကောင်းလှသည်။
ဒေါက်! ဒေါက်! ဒေါက်!
ထိုစဉ် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။ သူ၏ မျက်နှာထားသည် သုန်မှုန်လျက်ရှိသည်။ သူသည် ကောင်းကင်မှ သွေးမြူခိုးများကို စိုက်ကြည့်နေပြီးနောက် ငရဲမှ ထွက်ပေါ်လာသကဲ့သို့ အေးစက်သော လေသံဖြင့် ပြောလာသည်။
“နတ်ဆိုးတွေက … မသေဆုံးနိုင်ဘူး”
ထိုအသံအောက်၌ မယုံနိုင်စရာကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေတော့သည်။
ကောင်းကင်ရှိ နတ်ဆိုးမျိုးနွယ်များ၏ သွေးစက်များသည် ပြန်လည်စုဝေးလာပြီး နတ်ဆိုးဝိညာဉ် များအဖြစ်သို့ ပြောင်းလဲလာသည်။
ထို့အတူ ငါးယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာ။ မျက်တောင်တစ်ခတ် အတွင်းမှာပင် နတ်ဆိုး စိတ်ဝိညာဉ် အခုနှစ်ရာ ပြန်လည်ဖွဲ့စည်းလာသည်။ ထိုနတ်ဆိုး စိတ်ဝိညာဉ် များသည် သေဆုံးသွားသော နတ်ဆိုးမျိုးနွယ်၏ စိတ်ဝိညာဉ်များ ဖြစ်လေသည်။
လွန်ခဲ့သည့် ရက်များစွာက သေဆုံးသွားသည့် နတ်ဆိုးများ၏ စိတ်ဝိညာဉ်များတောင်မှ ပြန်လည် ဖြစ်ပေါ်လာသည်။
*ဒါက …*
“လုံးဝ မဖြစ်နိုင်ဘူး”
ကမ္ဘာဦး ကောင်းကင်သခင် ကြက်သီးထလာသည်။
*အဲ့ဒီ နတ်ဆိုးမျိုးနွယ်တွေက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသွားတာမို့ သူတို့ စိတ်ဝိညာဉ်တွေကပါ ပျက်စီးသွားတာလေ၊ ဘယ်လိုလုပ် ပြန်လည်မွေးဖွားနိုင်မှာလဲ*
ဤမြင်ကွင်းက သူ့အား မယုံသင်္ကာ ဖြစ်သွားစေသည်။ သို့သော် ဤသည်မှာ အစသာ ရှိသေးလေသည်။
ချက်ချင်းဆိုသလိုပင် လူတိုင်း၏ ထိတ်လန့်နေသော အကြည့်အောက်၌ အနက်ရောင်ဝတ်စုံနှင့် လူသည် နတ်ဘုရား မျိုးနွယ် သိုင်းပညာရှင် အယောက်နှစ်ရာကျော်၏ ရှေ့၌ ရပ်တန့်၍ သူတို့အား သေချာကြည့်ကာ ဖမ်းဆီးလိုက်သည်။
ထို့နောက်တွင်မူ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် အယောက် နှစ်ရာတို့ထံမှ စိတ်ဝိညာဉ် ဆွဲထုတ်ခံရသည့် အသံများ ထွက်ပေါ်လာလေသည်။
သူတို့၏ နတ်ဘုရား စိတ်ဝိညာဉ်များတောင်မှ ဆွဲထုတ်ခံ လိုက်ရလေသည်။ ထိုနတ်ဘုရား စိတ်ဝိညာဉ်များ ဆွဲထုတ်ခံရသည့် အသံများသည် ကောင်းကင်ထက်၌ ပဲ့တင်ထပ်၍ နေ၏။
ထို့နောက်တွင် ငရဲမီး ထွက်ပေါ်လာပြီး နတ်ဘုရား စိတ်ဝိညာဉ် နှစ်ရာအား လောင်မြိုက်လာ သောကြောင့် ထိုစိတ်ဝိညာဉ်များ အားလုံး အမှုန့်ဖြစ်၍ ပျောက်ကွယ်သွား လေတော့သည်။
“ဝင်ကြ”
ထိုအနက်ရောင်ဝတ်စုံနှင့်လူ၏ ခက်ထန်သော အသံအောက်၌ နတ်ဆိုး စိတ်ဝိညာဉ်များသည် စိတ်ဝိညာဉ် ဆွဲထုတ်ခံထားရသည့် နတ်ဘုရားမျိုးနွယ်များ၏ ခန္ဓာကိုယ်ထဲသို့ လှစ်ခနဲ ဝင်ရောက်သွားကြသည်။
အားလုံး ပြန်လည်ရှင်သန်လာကြပြီးနောက် ဇဝေဇဝါ ဖြစ်လာကြ လေသည်။ ထို့နောက်တွင် ကောင်းကင်ထက်မှ အနက်ရောင် ဝတ်စုံနှင့်လူကို မြင်ပြီး သူတို့အားလုံး တုန်ယင်သွားကြသည်။
“သူက …”
နှစ်ရာသော နတ်ဆိုးတို့သည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်နေကြသည်။ မျက်စိရှေ့မှ အရာက အစစ်အမှန်ဖြစ်သည်ကို သေချာ သိမြင်လာပြီးနောက် အားလုံး မျက်ရည်ဝဲ လာကြသည်။
ပြန်လည်ရှင်သန်လာသော နတ်ဆိုးနှစ်ရာတို့သည် ယဲ့ဖန်ရှေ့ ဒူးတစ်ဖက် ထောက်၍ ရင်ဘတ်ပေါ် လက်တင်ကာ တက်ကြွစွာ ဟစ်ကြွေးလာကြသည်။
“ကျွန်တော်တို့ နတ်ဆိုးတွေက သခင်ကြီးကို ကြိုဆိုပါတယ်”
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”
ဝုန်း!
ထိုအသံများက ကမ္ဘာဦး ကောင်းကင်သခင်နှင့် ကျန်ရှိနေသော နတ်ဘုရားမျိုးနွယ်များအတွက် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
*သခင်ကြီး*
*နတ်ဆိုးဧကရာဇ်လား*
*ဘာက ဘယ်လို …*
ယခုအချိန်၌ ကမ္ဘာဦး ကောင်းကင်သခင်သာမက ကျန်ရှိနေသော နတ်ဘုရားမျိုးနွယ်များပါ ကြက်သီးမွေးညင်းထ၍ ကြောက်လန့် နေကြသည်။
ယဲ့ဖန်ကတော့ အခြားသူများ၏ ထိတ်လန့်မှုကို အရေးမစိုက်ချေ။ သူ့မျက်လုံးများက အင်မော်တယ် နယ်မြေနှင့် ဆင်တူနေသည့် အူးလန်ဂြိုဟ်ကိုသာ ငုံ့ကြည့်နေသည်။
“ဖန့်ယင်းရဲ့ စိတ်ဝိညာဉ် ပြန်လာခဲ့”
ယဲ့ဖန်သည် ထိုသို့ပြောပြီး မသေမျိုး ခန္ဓာကိုယ်၏ စွမ်းအ င်အနည်းငယ်ကို ထုတ်ဖော်လိုက်ပြီး လက်ထဲမှ မွေးရာပါ စိတ်ဝိညာဉ် စိတ်ဝိညာဉ် ခန္ဓာကိုယ်၏ သွေးစက်နှင့် ရောနှော လိုက်သည်။
ထို့နောက်တွင်မူ ကောင်းကင်၌ စိတ်ဝိညာဉ် စွမ်းအင်များ ပြန်၍ ရွာသွန်းလာပြန်သည်။
ယဲ့ဖန်၏ လက်ထဲမှ သွေးစက်များ စီးကျလာပြီးသည်နှင့် အူးလန်ဂြိုဟ် တစ်ခုလုံး တုန်ယင်လာသည်။ ကောင်းကင်၊ သစ်ပင်ပန်းမန်၊ ပင်လယ်နှင့် ကုန်းမြေထက် ရှိနေသော ဖန့်ယင်း၏ အသွေးအသားနှင့် သွေးစက်များက လျင်မြန်စွာ ပေါင်းစပ်လာသည်။
ထိုသွေးစက်များ တဖြည်းဖြည်းနှင့် စုဝေးလာပြီးနောက် မျက်စိတစ်မှိတ် အတွင်းမှာပင် လှပသော ကလေးမလေး တစ်ယောက် ဖြစ်ပေါ်လာသည်။
သူမသည်ကား ဖန့်ယင်းပင် ဖြစ်လေတော့သည်။
Chapter 491 နတ်ဆိုး
လှပလှသည်။ ထိုကလေးမလေးသည် မယုံနိုင်လောက်အောင် အလွန်လှပ၍ ဆွဲဆောင်မှု ရှိလှသည်။
မိခင် သဘာဝတရားက ထုဆစ်ထားသော အနုပညာ လက်ရာလေအလား ထင်မှတ်မှားရသည်။ ထိုအလှတရားသည် နတ်ဘုံနတ်နန်း၌သာ တည်ရှိသည့် အလှတရားမျိုး ဖြစ်လေသည်။
“ငါ သေသွားပြီလား”
သူမသည် အမှန်တကယ်ပင် ဖန့်ယင်း ဖြစ်လေသည်။ မိမိကိုယ်ကို ဖောက်ခွဲခဲ့သောကြောင့် အသွေးအသား တစ်ချို့အား ပြန်လည် ဖွဲ့စည်း၍ မရသောကြောင့် ကလေးမလေး တစ်ယောက်၏ ခန္ဓာကိုယ်အဖြစ်သာ ဖွဲ့စည်းနိုင်ခဲ့လေသည်။
သူမသည် သူမ၏ ချစ်စဖွယ်ကောင်းသော ခန္ဓာကိုယ်ကို ငေးကြောင် ကြည့်နေရင်းနှင့် ကောင်းကင်ထက်သို့ မော့ကြည့်လိုက် သောအခါ ဒူးထောက်နေသော နတ်ဆိုးအဖွဲ့ကို မြင်တွေ့ လိုက်ရသည်။ ထိုအခါ သူမ အလွန် ထိတ်လန့် အံ့အားသင့် သွားလေသည်။
“မသေသေးဘူး … သူတို့ထဲက တစ်ယောက်မှ မသေကြဘူး …”
ဖန့်ယင်း၏ လှပသော မျက်ဝန်းမှနေ၍ မျက်ရည်များ စီးကျလာလေသည်။ ပိုမြင့်သော ကောင်းကင်တစ်နေရာသို့ အကြည့်ရောက် သွားသောအခါ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို သူမ တွေ့လိုက်ရလေသည်။ ထို့နောက်တွင် သူမ၏ ကိုယ်လေးက ပြင်းထန်စွာ တုန်ယင်သွားလေတော့သည်။
“ယဲ့ … ယဲ့ဖန်”
ဖန့်ယင်းသည် ပါးစပ်လေးကို လက်ဖြင့်အုပ်၍ မယုံနိုင်ဟန် မျက်နှာထားဖြင့် ဖြစ်နေပြီး မျက်ရည်များ ရစ်ဝဲလာပြန်သည်။
“အသက်ရှင်နေတယ်၊ လတ်စသက်တော့ ရှင် အသက်ရှင်နေ သေးတာကိုး …”
ဖန့်ယင်း တငိုငို တရယ်ရယ် ဖြစ်နေသည်။ အရူးတစ်ယောက်ကဲ့သို့ ဝမ်းသာအားရ ငိုကြွေးနေသည်။
ယဲ့ဖန်၏ မျက်နှာက မသိမသာ ဖြူရော်နေသော်လည်း ဖန့်ယင်းကို လှမ်းကြည့်ပြီးနောက် ရွှတ်နောက်နောက်ဟန်ဖြင့် ပြုံးလာသည်။
“ဆရာမ မတွေ့ရတာ ကြာပြီနော်”
ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင် ဖန့်ယင်း၏ စိတ်ထဲမှ ဝမ်းသာ၊ ဝမ်းနည်းစိတ်အား ဖုံးဖိမရတော့ချေ။ သူမသည် ဆောင့်ကြောင့်ထိုင်ချ၍ ငိုကြွေးလေတော့သည်။
ပြီးခဲ့တဲ့ ခြောက်လလုံးလုံး ခံစားခဲ့ရသည့် ယူကြုံးမရသည့် သောကဝေဒနာနှင့် အတွေးများ အားလုံးအား မျက်ရည်များ နှင့်အတူ မျှောချလိုက်ပုံရသည်။
ဤသည်ကိုကြည့်ပြီး ယဲ့ဖန် ရင်ထဲ၌ အနည်းငယ် မချိမဆံ့ ဖြစ်လာရသည်။ ထိုသို့သောအချိန်၌ ကောင်းကင်ထက်၌ စစ်သင်္ဘောများ ရောက်ချလာလေသည်။
တစ်စီး၊ ငါးစီး၊ ဆယ်စီး၊ အစီးတစ်ရာ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် စစ်သင်္ဘော အစီးတစ်ရာကျော် ရောက်ရှိလာသည်။ ထိုစစ်သင်္ဘောများ၌ အလံတစ်ခုစီကို လွှင့်ထူထားသည်။
ထိုအလံများသည်ကား တစ္ဆေ အဖွဲ့အစည်း၊ အသူရာ၊ သေမင်း အဖွဲ့အစည်း။
…
ထိုစစ်သင်္ဘော တစ်စီးချင်းစီတိုင်းသည် ကမ္ဘာဦး ဂြိုဟ်စုနယ်မြေမှ ကြောက်မက်ဖွယ် အင်အားစုများ၏ စစ်သင်္ဘောများ ဖြစ်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာဦး ဂြိုဟ်စုနယ်မြေ၏ အင်အားစုများအားလုံးနီးပါး ဤသို့ ရောက်ရှိလာသည်။
“ဟုတ်ပြီ၊ အတော်ပဲကွ”
ကမ္ဘာဦး ကောင်းကင်သခင် တက်ကြွလာသည်။ သူသည် ထိုသူများက သူ့ဘက်မှ စစ်ကူပေးမည့်သူများဟု တွေးမိကာ စိတ်လှုပ်ရှားလာသည်။
“နတ်ဆိုးဧကရာဇ်ဖြစ်တော့ကော ဘာအရေးလဲ၊ အခု သူက နတ်ဘုရား ဆရာသခင်အဆင့်လေးပဲကို၊ ငါ့ဘက်မှာ ကမ္ဘာဦး ဂြိုဟ်စုနယ်မြေရဲ့ အင်အားစုအားလုံး ရှိနေတာပဲလေ၊ နတ်ဆိုးဧကရာဇ် သေကိုသေရမယ်”
“ဟားဟားဟား …”
ကမ္ဘာဦး ကောင်းကင်သခင်က အားပါးတရ ရယ်မောနေ၏။ ပြန်လည်မွေးဖွားလာသော နတ်ဆိုးဧကရာဇ်အား သူ သတ်ဖြတ်နိုင်ခဲ့ပါက အကြီးအကဲများ သူ့ကို ပေးအပ်မည့် ဆုလာဘ်သည်လည်း မိုးထိမက မြင့်မားလာပေတော့မည်။
ထိုသို့တွေးမိပြီးနောက် ကမ္ဘာဦး ဧကရာဇ် ပို၍ စိတ်လှုပ်ရှားလာလေတော့သည်။ သူသည်သာမက ကျန်ရှိနေသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် အယောက် နှစ်ထောင်သည်လည်း အလွန် အံ့အားသင့်လျက် ရှိသည်။
“နတ်ဆိုးမျိုးနွယ်တွေ သေရမယ်၊ နတ်ဘုရားမျိုးနွယ်က မြင့်မြတ်တယ်”
“နတ်ဆိုးမျိုးနွယ်တွေ သေရမယ်၊ နတ်ဘုရားမျိုးနွယ်က မြင့်မြတ်တယ်”
“….”
နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် အယောက်နှစ်ထော င်ကျော်တို့သည် လက်သီးလက်မောင်း တန်း၍ စစ်ကူများအား ကြိုဆိုကြလေသည်။
ကျွီ!
ထိုစဉ် တံခါးများ ပွင့်လာသည်။ စစ်သင်္ဘောထဲမှ ကြောက်လန့်ဖွယ် ကောင်းသော သိုင်းပညာရှင် တစ်ယောက် ထွက်လာသည်။ ထို့နောက်တွင်မူ မျက်စိတစ်မှိတ်အတွင်း၌ လူအယောက် တစ်သောင်းနီးပါး ထွက်ပေါ်လာသည်။
ထိုလူစုထဲ၌ ကမ္ဘာဦး ဂြိုဟ်စုနယ်မြေ တစ်ခုလုံး၏ သန်မာသော သိုင်းပညာရှင်အားလုံးနီးပါး ပါရှိလေသည်။
*ဟာ*
ဤသည်ကိုကြည့်ပြီး နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် နှစ်ထောင်တို့ အားတက်လာသည်။
“နောင်တော် တစ္ဆေအိုကြီး၊ နောင်တော် အသူရာ၊ ပင်ပန်းသွားရပြီဗျာ”
ကမ္ဘာဦး ကောင်းကင်သခင်က ပျော်ရွှင်နေဟန်ဖြင့် တစ္ဆေ မဟာမိတ် တပ်သခင်၊ အသူရာဂိုဏ်းသခင်နှင့် အခြားသူများကို နှုတ်ဆက်လေသည်။
ထိုစဉ် ထောင်သောင်းချီသော ကမ္ဘာဦး ဂြိုဟ်စုနယ်မြေ၏ အင်အားစုများသည် ကမ္ဘာဦး ကောင်းကင်သခင်ကို မကြည့်ဘဲ ကောင်းကင်ထက်ရှိ ယဲ့ဖန်ကို လှမ်းကြည့်ကာ ဒူးတစ်ဖက် ထောက်လာကြသည်။
“ကမ္ဘာဦး ဂြိုဟ်စုနယ်မြေက အင်အားစုများက နတ်ဆိုးဧကရာဇ်ကို ဂါဝရပြုပါတယ်”
ထိုအသံသည် ထိတ်လန့်ဖွယ် ကောင်းလှသည်။ ထောင်သောင်း ချီသော လူများ ဂါဝရပြုနေသည့် မြင်ကွင်းက အလွန် ထိတ်လန့်စရာ ကောင်းလှသည်။
*ဘာ*
ဤမြင်ကွင်းက ကမ္ဘာဦး ကောင်းကင်သခင်နှင့် သူ၏ နတ်ဘုရားမျိုးနွယ် စစ်တပ်အား မှင်တက်သွားစေသည်။
*မဖြစ်နိုင်ဘူး*
*မင်းတို့က ကမ္ဘာဦး ဂြိုဟ်စုနယ်မြေက နတ်ဘုရား မျိုးနွယ်တွေလေ၊ မင်းတို့က နတ်ဆိုးရှေ့မှာ ဘယ်လိုတောင် ဦးညွှတ်နိုင်ရတာလဲ*
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
*သူတို့က ကမ္ဘာဦး ဂြိုဟ်စုနယ်မြေက နတ်ဘုရား မျိုးနွယ်တွေထဲက နတ်ဘုရားတွေလေ*
နတ်ဆိုးဧကရာဇ်က ကမ္ဘာဦး ဂြိုဟ်စုနယ်မြေရှိ နတ်ဘုရား မျိုးနွယ်များအား မည်သို့မည်ပုံ သိမ်းသွင်းနိုင်ခဲ့သလဲဆိုတာကို သူ နားမလည်နိုင် ဖြစ်နေသည်။
ပြောရမည်ဆိုလျင် ကမ္ဘာဦး ဂြိုဟ်စုနယ်မြေမှ လူတိုင်းနီးပါးသည် ကလေးဘဝကတည်းက နတ်ဆိုးဧကရာဇ်၏ ဒဏ္ဍာရီလာ ပုံပြင်များကို နားထောင်ရင်း ကြီးပြင်းလာခဲ့သူများ ဖြစ်သည်။
ကမ္ဘာဦး ဂြိုဟ်စုနယ်မြေသား အားလုံး၏ ရင်ထဲတွင် နတ်ဆိုးဧကရာဇ်သည် နတ်ဘုရားသာ ဖြစ်သည်။ သူသည် လူတိုင်း၏ နတ်ဘုရားဖြစ်ပြီး အားလုံး၏ ယုံကြည်ရာလည်း ဖြစ်သည်။
သို့သော် ဤသည်ကို ကမ္ဘာဦး ကောင်းကင်သခင်က နားမလည်ပေ။ သူသည် တစ္ဆေ မဟာမိတ် တပ်သခင်နှင့် အခြားသူများ ရှိရာဆီသို့ ပြေးလာပြီး အသည်းအသန် အော်ပြောလေသည်။
“တစ္ဆေအိုကြီး၊ ခင်ဗျား ဘာသောက်ချိုးချိုးနေတာလဲ၊ ခင်ဗျားတို့က နတ်ဘုရားတွေလေ၊ သူက နတ်ဆိုးလေ … နတ်ဆိုး”
*နတ်ဆိုးတဲ့လား*
ထိုစကားကို ကြားပြီး တစ္ဆေ မဟာမိတ် တပ်သခင်နှင့် အခြားသူများအားလုံး လှောင်ရယ်သော မျက်နှာထားများ ဖြစ်လာကြသည်။
“ဒီလိုဆိုလည်း ဒီနေ့ကစပြီး ငါ ပြောင်းလဲပစ်မယ်”
ထိုသို့ပြောပြီး တစ္ဆေ မဟာမိတ် တပ်သခင်သည် သူ၏ နတ်ဘုရား ဝတ်စုံကို အားနှင့် စုတ်ဖြဲလိုက်သည်။
ဝတ်စုံတစ်ခုလုံး ချက်ချင်း စုတ်ပြဲသွားပြီးနောက် ကောင်းကင်၌ လွင့်ပျံ့သွားလေသည်။ ထိုအခါ အတွင်းဘက်မှ အနက်ရောင်ဝတ်စုံ ထွက်ပေါ်လာသည်။ ဤသည်မှ အစသာ ရှိသေးသည်။
“ပြောင်းလဲပစ်မယ်ကွ”
“ပြောင်းလဲပစ်မယ်ကွ”
“…”
ထောင်ချီသော အဖွဲ့သားများသည် ချီဓာတ်များကို ထုတ်ဖော်၍ ဟစ်ကြွေးလာကြသည်။ နတ်ဘုရားဝတ်စုံများ ဆက်တိုက် စုတ်ပြဲသွားပြီး အနက်ရောင် နတ်ဆိုးဝတ်ဆုံများ ထွက်ပေါ်လာ၏။
ထောင်ချီသော မိစ္ဆာများ ငရဲမှ ထွက်လာလေသလားဟု ထင်မှတ်ရပြီး ခြောက်ခြားဖွယ် ကောင်းလှသည်။
ဝုန်း!
ဤမြင်ကွင်းကြောင့် ကမ္ဘာဦး ကောင်းကင်သခင်နှင့် နှစ်ထောင်သော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်တို့ လိပ်ပြာလွင့် မတတ် ထိတ်လန့်သွားကြသည်။
“အယောင်ဆောင်တွေ၊ ဒီခွေးမသားအားလုံးက အယောင်ဆောင် တွေပဲ၊ မြတ်စွာဘုရား”
ကမ္ဘာဦး ကောင်းကင်သခင်၏ နဖူးထက်မှနေ၍ ပဲစေ့အရွယ် ချွေးများ တတောက်တောက် ကျလာသည်။
နတ်ဆိုးဧကရာဇ် သေဆုံးသွားသည်မှာ နှစ်ရာချီ ကြာမြင့်ပြီ ဖြစ်သော်လည်း သူ ပြန်လည်မွေးဖွားလာချိန်၌ ဤမျှ သိမ်းပိုက်နိုင်စွမ်း ရှိနေဦးမည်ဟု သူ ထင်မထားမိခဲ့ချေ။
“သေအောင်လုပ်ရမယ်၊ သူ့ကို သေအောင် လုပ်မှရမယ်၊ မဟုတ်လို့ကတော့ ကမ္ဘာဦး ဂြိုဟ်စုနယ်မြေကြီး သိမ်းသွင်းခံ ရလိမ့်မယ်။ နတ်ဘုရားမျိုးနွယ် တစ်ခုလုံး သိမ်းသွင်းခံ ရလိမ့်မယ်”
ထိုသို့သောအချိန်၌ ကမ္ဘာဦး ကောင်းကင်သခင်၏ ယဲ့ဖန်အား သတ်ဖြတ်လိုစိတ်က အတောမသတ်နိုင်တော့ချေ။
ထိုစဉ် ယဲ့ဖန်က ရှေ့သို့လှမ်းလာပြီး ကမ္ဘာဦး ကောင်းကင် သခင်ထံသို့ ချဉ်းကပ်လာသည်။ ထို့နောက် သူသည် လက်ဝါးကို ဖြန့်၍ နတ်ဘုရား အမြုတေ လေးခုကို ထုတ်ပြလိုက်သည်။
“ဒါ … ဒါက ငါ့လက်အောက်က ကမ္ဘာဦး နတ်ဧကရာဇ် အထွတ်အထိပ် လေးယောက်ရဲ့ အမြုတေတွေပဲ”
ထိုနတ်ဘုရား အမြုတေလေးခုမှ အငွေ့အသက်ကို ခံစားမိပြီးနောက် ကမ္ဘာဦး ကောင်းကင်သခင် မျက်ခုံးလှုပ် လာသည်။
*မယုံနိုင်စရာပဲ*
သူ့မျက်စိရှေ့မှ အရာကို သူ မယုံနိုင်လောက်အောင် ဖြစ်နေ၏။ ကမ္ဘာဦး နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် လေးယောက်လုံး သေသွားပြီတဲ့လား။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ဂျွတ်!
ယဲ့ဖန်က နတ်ဘုရား အမြုတေတစ်ခုကို ပါးစပ်ထဲပစ်ထည့်၍ အားပါးတရ ဝါးစားနေပြီး ကမ္ဘာဦး ကောင်းကင်သခင်အား သေလူတစ်ယောက်ကို စိုက်ကြည့်သကဲ့သို့ ကြည့်နေသည်။
“မင်းက ငါ့ကျေးကျွန်တွေကို သတ်ခဲ့တယ်၊ ငါ့ကျေးကျွန်တွေကို ဖျက်ဆီးခဲ့တယ်”
ယဲ့ဖန်သည် ပြောပြီးသည်နှင့် နတ်ဘုရား အမြုတေကို မျိုချလိုက်သည်။ သူ၏ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တက် လာပြီး နတ်ဘုရားဆရာသခင် အထွတ်အထိပ်အဆင့်သို့ ချက်ချင်း အဆင့်တက်သွားသည်။
ထိုမျှနှင့်မပြီးသေးချေ၊ ယဲ့ဖန်က ကျန်ရှိသော နတ်ဘုရား အမြုတေသုံးခုကို ဆက်၍ ဝါးစားလိုက်ကာ ကမ္ဘာဦး ကောင်းကင်သခင်အား စိုက်ကြည့်မြဲ စိုက်ကြည့်နေ၏။
“ဒီနေ့ မင်းရဲ့ နတ်ဘုရားသွေးကို သုံးပြီး ငါ့နတ်ဆိုးမျိုးနွယ်တွေ ရခဲ့ရတဲ့ အရှက်ကို ဆေးကြောပစ်မယ်”
“မင်းရဲ့အသက်နဲ့ နတ်ဘုရားမျိုးနွယ်ကို သွေးကြွေးပြန်ဆပ်မယ်”
ဝုန်း!
ထိုစဉ် နတ်ဘုရား အမြုတေသုံးခုလုံး သူ၏ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားကာ ယဲ့ဖန်၏ အရှိန်အဝါသည် တစ်ဟုန်ထိုး မြင့်တက်လာပြီး နတ်ဘုရား ဆရာသခင် အထွတ်အထိပ်အဆင့်သို့ ချက်ချင်း အဆင့်တက်သွားပြီးနောက် နတ်ဘုရား သေနာပတိ တစ်ပိုင်းအဆင့်သို့ ရောက်ရှိသွား လေသည်။
ထိတ်လန့်ဖွယ်ကောင်းလှသည်။ လွှမ်းမိုးနိုင်လွန်းသည်။
ကမ္ဘာဦး ကောင်းကင်သခင်တောင်မှ ထိတ်လန့်တုန်လှုပ်သွားသည်။
“မဖြစ်နိုင်ဘူး၊ သူက နတ်ဘုရား သေနာပတိ တစ်ပိုင်းအဆင့်ကို ရောက်သွားတယ်ဆိုရင်တောင်မှ ငါ့ထက် အဆင့်ငယ် ဆယ့်ခြောက်ဆင့် နိမ့်နေသေးတာပဲလေ။ သူ ငါနဲ့ တိုက်ခိုက်နို င်လိမ့်မယ်လို့ ငါ မယုံဘူး”
ကမ္ဘာဦး ကောင်းကင်သခင်သည် စကြဝဠာထဲ၌ အဆင့်ငယ် ဆယ့်ခြောက်ဆင့်ကို ကျော်လွန်၍ ရန်သူအား တိုက်ခိုက်နိုင်သည့်သူ ရှိသည်ဟု တစ်ခါမှ မကြားခဲ့ဖူးချေ။
နတ်ဆိုးဧကရာဇ်ဆိုလျင်တောင်မှ မဖြစ်နိုင်ပါ။
ကမ္ဘာဦး ကောင်းကင်သခင်သည် ဘာကိုမျှ မစဉ်းစားတော့ဘဲ လှစ်ခနဲ လှုပ်ရှား၍ ယဲ့ဖန်အား သတ်ဖြတ်ရန် ပြေးဝင်သွားသည်။
ယဲ့ဖန်၏ ဘေးပတ်လည်မှ လေထုသည် ကြောက်မက်ဖွယ် ကောင်းသော လက်သီးချက် အောက်၌ အက်ကွဲလာလေသည်။ မရဏ အရိပ်အငွေ့များက ယဲ့ဖန်ကို လွှမ်းခြုံလာသည်။
ဤမြင်ကွင်းကိုကြည့်ပြီး ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံပြုံး၍ ထိုလက်သီးချက်ကို တန်ပြန်ထိုးနှက် လိုက်သည်။
ဝုန်း!
သံမဏိ လက်သီးချက်နှစ်ချက် ထိပ်တိုက်တွေ့ဆုံသွားပြီး ထိုလက်သီးချက် များမှနေ၍ ထိတ်လန့်ဖွယ် စွမ်းအင်များ ပျံ့နှံ့လာသည်။
နှစ်ထောင်သော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များနှင့် ထောင်သောင်းချီသော နတ်ဆိုးမျိုးနွယ် သိုင်းပညာရှင်များ ချက်ချင်း နောက်သို့ ဆုတ်ခွာလိုက်ရသည်။
ထိုအချိန်မှာပင် ဂျွတ်ခနဲ အသံထွက်ပေါ်လာပြီး ကမ္ဘာဦး ကောင်းကင်သခင် မျက်နှာပျက် သွားလေ၏။
Chapter 492 မင်းကို မြည်းစမ်း ကြည့်ခိုင်းမယ်
ဂျွတ်!
အရိုးကျိုးသံ ထွက်ပေါ်လာပြီးနောက် ကမ္ဘာဦး ကောင်းကင် သခင်၏ လက်မောင်းတစ်ဖက် ချက်ချင်း ကျိုးသွားသည်ကို လူတိုင်း ထိတ်လန့်တကြား မြင်တွေ့လိုက်ရသည်။
ထို့နောက် ကမ္ဘာဦး ကောင်းကင်သခင်သည် မီတာတစ်ရာခန့် လွင့်ထွက်သွားပြီးမှ ဟန်ချက် ထိန်းနိုင်လေသည်။
တိတ်ဆိတ်သွားလေသည်။ ထိုသို့သောအချိန်၌ ကောင်းကင် တစ်ခုလုံး ငြိမ်သက်၍ တိတ်ဆိတ်နေ၏။
ယခုအချိန်၌ နှစ်ထောင်သော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် များဖြစ်စေ၊ ထောင်သောင်းချီသော နတ်ဆိုးများ ဖြစ်စေ အားလုံး မှင်တက်နေကြသည်။
အဆင့်ငယ် ဆယ့်ခြောက်ဆင့်ကို ကျော်ဖြတ်၍ ကမ္ဘာဦး ကောင်းကင် သခင်၏ လက်မောင်း တစ်ဖက်ကို လက်သီး တစ်ချက်တည်းဖြင့် ကျိုးအောင် လုပ်နိုင်ခြင်းက မယုံနိုင်စရာ ကောင်းလှသည်။
တစ္ဆေ မဟာမိတ်တပ်သခင်နှင့် အခြားသူများအားလုံး အလွန်အမင်း ဝမ်းသာသွားကြသည်။
“နတ်ဆိုးဧကရာဇ်က အရင်ဘဝက ဒီလိုအဆင့်တုန်းကထက် ပိုသန်မာနေတာပဲ”
မြတ်စွာဘုရား။
ထိုသို့သောအချိန်၌ တစ္ဆေ မဟာမိတ် တပ်သခင်နှင့် အခြားသူများ၏ ရင်ထဲ၌ ယဲ့ဖန်၏ ပုံရိပ်သည် ပို၍ မြင့်တက်လာလေတော့သည်။ တစ်ဖက်တွင်မူ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် နှစ်ထောင်တို့ အလွန် ကြောက်လန့်နေကြလေ၏။
သူတို့ခေါင်းဆောင်၏ ခွန်အားကို သူတို့ အသိဆုံး ဖြစ်လေသည်။ သူ၏ခွန်အားသည် အလွန် မြင့်မား၍ ကမ္ဘာဦး ဂြိုဟ်စုနယ်မြေကို လွှမ်းမိုးနိုင်သည့် ထိပ်တန်းပုဂ္ဂိုလ် ဖြစ်သည်။
သို့သော် ယခုအခါတွင် သူသည် နတ်ဘုရား သေနာပတိ တစ်ပိုင်းအဆင့်သာ ရှိသောသူ၏ လက်အောက်၌ ဖိနှိပ်ခံလိုက်ရသည်က အိပ်မက်ဆိုးကဲ့သို့ မယုံနိုင်စရာ ကောင်းလှသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”
ကမ္ဘာဦး ကောင်းကင်သခင်၏ နဖူးမှ ချွေးများ တတောက်တောက် ကျလျက်ရှိသည်။ သူ၏ မျက်နှာက ဖြူရော်နေပြီး သူ့စိတ်ထဲမှ အကြောက်တရားသည် ခန္ဓာကိုယ်မှ နာကျင်မှုထက် ပို၍ ပြင်းထန်နေသည်။
လူတစ်ယောက်၏ တိုက်ပွဲဝင်ခွန်အားက ဤအတိုင်းအတာထိ လွန်ကဲနိုင်သည်ဟု သူ တစ်ခါမှ မကြားခဲ့ဖူးပါ။ ဤသည်မှာ အတော်လေးကို လူမဆန်လှပေ။
“သေရမယ်၊ သူ့ကို ဘယ်နည်းနဲ့ဖြစ်ဖြစ် သေအောင်လုပ်ရမယ်၊ မဟုတ်လို့ကတော့ သူ့အရင်ဘဝက အခြေအနေအထိ သူ ပြန်တိုးတက်လာခဲ့ရင် ဒီကျယ်ပြောတဲ့ စကြဝဠာ တစ်ခုလုံးမှာ ပြိုင်ဘက်ရှိလာတော့မှာ မဟုတ်ဘူး”
ကမ္ဘာဦး ကောင်းကင်သခင်သည် မျက်ခုံး တဆတ်ဆတ် လှုပ်လျက်ရှိနေသည်။ ထို့နောက် သူ့မျက်လုံး၌ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ယဲ့ဖန်ထံသို့ ချက်ချင်း ပြေးဝင်လာပြန်သည်။
“ဟင်းလင်ပြင် ချုပ်နှောင်ခြင်း”
ကမ္ဘာဦး ကောင်းကင်သခင်၏ အသံအဆုံး၌ ယဲ့ဖန်၏ ဘေးပတ်လည်၌ ဟင်းလင်းပြင် လှောင်အိမ်တစ်ခု ထွက်ပေါ်လာပြီး ထိုလှောင်အိမ်ထဲမှ ပြင်းထန်သော မရဏ အငွေ့အသက် များက ယဲ့ဖန်အား သည်းကြီးမည်းကြီး ထိုးနှက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်၌ သွေးစီးကြောင်းများ ဖြစ်ပေါ်လာသည်။ ထို့အတူ ယဲ့ဖန်၏ ကိုယ်ပေါ်၌ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်။
ဤသည်ကိုမြင်ပြီး နတ်ဆိုးတိုင်း ရင်တုန်လာကြသည်။
“မလုပ်နဲ့”
ယဲ့ဖန်က ဟင်းလင်းပြင် လှောင်အိမ်ထဲမှ မထွက်နိုင်ဘဲ ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။ အကယ်၍ ဤသို့ဆက်ဖြစ်နေပါက သူ သေသွားမည်မှာ အသေအချာပင်။
ထိုသို့သောအချိန်၌ နတ်ဆိုးတိုင်းက ယဲ့ဖန်ရှိရာသို့ ပြေးလာပြီး ယဲ့ဖန်အား ကယ်ချင်နေကြသည်။ တစ်ဖက်တွင်မူ နတ်ဘုရားမျိုးနွယ်များက တက်ကြွနေပြီး ချက်ချင်း လှုပ်ရှား၍ ထိုနတ်ဆိုးများကို တားဆီးလိုက်သည်။
“သေစမ်းကွာ”
ထိုစဉ် ကမ္ဘာဦး ကောင်းကင်သခင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက်တွင်မူ ထိုဟင်းလင်ပြင် လှောင်အိမ်တစ်ခုလုံး ပျက်စီးသွားလေသည်။
*သေသွားပြီ*
ဤမြင်ကွင်းကိုကြည့်ပြီး ကောင်းကင်တစ်ခုလုံး ငြိမ်သက်သွား သည်။ နတ်ဆိုးတိုင်း မျက်နှာပျက်ယွင်းနေကြသည်။
မြင့်မြတ်သော နတ်ဆိုးဧကရာဇ်က ဤသို့သော ချုပ်နှောင်ခြင်းထဲ၌ အလွယ်တကူ ကျဆုံးသွားလိမ့်မည်ဟု သူတို့ မယုံကြည်ပါ။
“မဟုတ်ဘူး၊ သခင်ကြီးက အဲ့လောက် လွယ်လွယ်ကူကူ သေသွားမှာ မဟုတ်ဘူး။ ဒါ … မဖြစ်နိုင်ဘူးကွ”
နတ်ဆိုးများ၏ မျက်နှာထက်၌ မယုံနိုင်ဟန်များနှင့် ပြည့်နှက် နေသည်။ နတ်ဘုရားမျိုးနွယ် များကမူ အံ့အားသင့် နေကြလေသည်။
“ပြိုင်ဘက်ကင်းလှပါပေတယ်၊ ကောင်းကင်သခင် သက်တော် ရာကျော် ရှည်ပါစေ”
သူတို့ ဝမ်းသာအားရ ဟစ်ကြွေးလာကြသည်။ နတ်ဆိုးဧကရာဇ် သေဆုံးသွားပါက ကျန်ရှိနေသော နတ်ဆိုးများသည် အယောက် တစ်သောင်းကျော်လျင်တောင်မှ ကမ္ဘာဦး ကောင်းကင်သခင်၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။
လူသတ်လိုသော အငွေ့အသက်များက နတ်ဆိုးမျိုးနွယ်များအား ချက်ချင်း လွှမ်းခြုံလာသည်။ နတ်ဘုရားမျိုးနွယ်များ၏ ဟစ်ကြွေးသံကို နားထောင်ပြီး ကမ္ဘာဦး ကောင်းကင်သခင်က အားပါးတရ ပြုံးလိုက်သည်။
“ဒီကောင်က အဆင့်ငယ် ဆယ့်ခြောက်ဆင့်ကို တကယ် ကျော်ပြီး တိုက်နိုင်မယ်လို့ ငါ တကယ် ထင်ခဲ့မိတာ၊ လတ်စသက်တော့ ဒီလောက်ပါပဲလား”
ကမ္ဘာဦး ကောင်းကင်သခင်သည် ဝမ်းသာစိတ်ကြောင့် တုန်ယင်နေသည်။ ပြန်လည် မွေးဖွားလာသော နတ်ဆိုးဧကရာဇ်ကို သတ်နိုင်ခဲ့သောကြောင့် သူသည် နတ်ဘုရားမျိုးနွယ် တစ်ခုလုံး၏ သူရဲကောင်း ဖြစ်လာပေတော့မည်။ ထိုအခါဆိုလျင် သူသည် အမြင့်၌ နေနိုင်တော့မည် ဖြစ်သည်။
ထို့နောက် သူသည် နတ်ဆိုးမျိုးနွယ် အယောက်တစ်သောင်းအား သတ်ချင်သည့်ဟန်ဖြင့် လှမ်းကြည့်လိုက်သည်။
သို့သော် ထိုသို့သောအချိန်၌ ရုတ်ချည်းဆိုသလို တိတ်ဆိတ် သွားသည်။ ကောင်းကင်တစ်ခုလုံး ထပ်မံ၍ တိတ်ကျ သွားပြန်သည်။ ကြွေးကြော်နေသော နတ်ဘုရားမျိုးနွယ်များနှင့် ဝမ်းနည်းနေသော နတ်ဆိုးမျိုးနွယ်များ အားလုံး လုံးဝကို တိတ်နေကြသည်။
သူတို့၏ မျက်လုံးများက ကမ္ဘာဦး ကောင်းကင်သခင်၏ အနောက်ဘက်သို့ အကြည့်ရောက် နေကြသည်။ အနောက်ဘက်၌ မယုံနိုင်စရာကောင်းသည့် အရာတစ်ခုခု ရှိနေသကဲ့သလို့ လူတိုင်း မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေကြသည်။
“မကောင်းတော့ဘူး”
ချက်ချင်းဆိုသလိုပင် ကမ္ဘာဦး ကောင်းကင်သခင်သည် တစ်ကိုယ်လုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုခံစားချက်သည် ရှေးဟောင်း သားရဲကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသည့် ခံစားချက်နှင့် ဆင်တူလှသည်။
သူ နောက်လှည့်ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်စုံနှင့်လူက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူကား ယဲ့ဖန်ပင်။
“မင်း … မင်း မသေပါလား”
ကမ္ဘာဦး ကောင်းကင်သခင်သည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေသည်။ သူသည် ထပ်၍ မတွေးနိုင်တော့ဘဲ လက်ကို ဝှေ့ယမ်းလိုက်ပြန်သည်။
ဟင်းလင်ပြင် လှောင်အိမ်တစ်ခုက ယဲ့ဖန်အား ထပ်မံ၍ ချုပ်နှောင်လာသည်။ မရဏ စွမ်းအင်များကလည်း ယဲ့ဖန်ကို ထပ်၍ တိုက်ခိုက်ပြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ဖန်၏ ခန္ဓာကိုယ်က ထပ်မံ၍ ထက်ခြမ်းကွဲသွားပြန်၏။
“သေပြီလား၊ ဒီတစ်ခါ တကယ် သေသွားပြီလား”
ကမ္ဘာဦး ကောင်းကင်သခင် မျက်ခုံးလှုပ်နေသည်။ သူ ဘေးပတ် ပတ်လည်ကို ဝေ့ကြည့်နေသည်။
ထိုစဉ် သူ၏ မျက်စိရှေ့တည့်တည့်မှာပင် အနက်ရောင် မြူခိုးများက လျင်မြန်စွာ ဖွဲ့စည်းဖြစ်ပေါ် လာသည်။ ထို့နောက် ယဲ့ဖန် ပြန်ပေါ်လာလေ၏။
“ခွေးမသား ဒါ … ဒါ မသေမျိုး ခန္ဓာကိုယ်ပဲ”
ကမ္ဘာဦး ကောင်းကင်သခင် အလွန် ထိတ်လန့်သွားသည်။ နှစ်ကြိမ်တိုင်တိုင် အသတ်ခံရ သော်လည်း မသေမှတော့ အဖြေကား တစ်ခုသာ ရှိတော့သည်။
ထိုအဖြေသည်ကား နတ်ဆိုးဧကရာဇ်၌ မသေမျိုး ခန္ဓာကိုယ် ရှိနေခြင်းသာ ဖြစ်လေသည်။
ယခုအချိန်၌ ကမ္ဘာဦး ကောင်းကင်သခင်သာမက နတ်ဘုရား မျိုးနွယ် သိုင်းပညာရှင် အယောက်နှစ်ထောင်တို့ပါ ကြက်သီးထလာကြသည်။
မသေမျိုး ခန္ဓာကိုယ်နှင့် နတ်ဆိုးဧကရာဇ်သည် တွေးကြည့် ရုံနှင့်တင် ခေါင်းမွေးထောင် သွားလောက်အောင် ကြောက်လန့်ဖွယ် ကောင်းလှသည်။
“သူ့ကိုသတ်၊ သူ့ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သတ်ရမယ်”
ကမ္ဘာဦး ကောင်းကင်သခင် အရူးအမူး အော်ဟစ်နေသည်။ ထို့နောက်တွင် ဟင်းလင်ပြင် လှောင်အိမ်များက ယဲ့ဖန်အား ထပ်မံ၍ ချုပ်နှောင်လာပြန်သည်။
ထိုအချိန်၌ လူတိုင်း ထိတ်လန့်သွားလောက်သည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ယဲ့ဖန်သည် ဟင်းလင်ပြင် လှောင်အိမ်ကြောင့် ထပ်ခါထပ်ခါ ဒဏ်ရာရ၍ သေဆုံးလေသည်။
သုံးကြိမ်၊ ငါးကြိမ်၊ ဆယ်ကြိမ်၊
…
အကြိမ်နှစ်ဆယ် ရောက်သည်အထိ ယဲ့ဖန်၏ ခန္ဓာကိုယ်သည် ပြန်လည် ဖွဲ့စည်းလာသလို ကမ္ဘာဦး ကောင်းကင်သခင်ကလည်း သူ့အား ထပ်ခါထပ်ခါ ချုပ်နှောင်လေသည်။
ဝုန်း! ဝုန်း! ဝုန်း!
သို့သော် ယခုအခေါက်တွင်တော့ ဟင်းလင်ပြင် လှောင်အိမ်၏ စွမ်းအင်များက ယဲ့ဖန်ကို ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင် တော့ချေ။ ထိုအစား ယဲ့ဖန်က လက်သီးကိုဝင့်၍ ထိုးနှက်လိုက်သည်။
ဘန်း!
လှောင်အိမ်တစ်ခုလုံး ကျိုးကြေသွားသည်။ ယဲ့ဖန်က ကမ္ဘာဦး ကောင်းကင်သခင်ကို စိုက်ကြည့်၍ ခြောက်ခြားဖွယ် ကောင်းလောက်အောင် ပြုံးနေလေသည်။
“ဟင်းလင်းပြင် လှောင်အိမ်တဲ့လား”
“မင်းကိုလည်း အဲ့အရသာကို စမ်းမြည်းခိုင်းရမယ်”
*ဘာ*
ကမ္ဘာဦး ကောင်းကင်သခင်သာမက ဘေးပတ်လည်မှ လူများ အားလုံး ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွားကြသည်။
သူတို့ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် ဆန်းကြယ် ၕေခဲချီဓာတ်နှင့် ထိပ်တန်းအဆိပ် ချီဓာတ်များက ကမ္ဘာဦး ကောင်းကင်သခင်အား ချက်ချင်း ရစ်ပတ်လာသည်။
မျက်တောင် တစ်ခတ်အတွင်း၌ ထိုချီဓာတ်များက ထိတ်လန့်ဖွယ် ဟင်းလင်ပြင် လှောင်အိမ် တစ်ခုအသွင် ဖွဲ့စည်းလာ၏။
ထိုလှောင်အိမ်အား ဆန်းကြယ် ရေခဲချီဓာတ်နှင့် ထိပ်တန်း အဆိပ်ချီဓာတ်တို့ဖြင့် ဖွဲ့စည်း တည်ဆောက်ထားခြင်း ဖြစ်ပြီး ကမ္ဘာဦး ကောင်းကင်သခင်အား အထဲ၌ ချုပ်နှောင် ထားလေသည်။
“ဒါ … ဒါ ဆန်းကြယ် ရေခဲချီဓာတ်နဲ့ ထိပ်တန်း အဆိပ် ချီဓာတ်ပဲ”
ထိတ်လန့်နေ၏။ ယခုအချိန်၌ ကမ္ဘာဦး ကောင်းကင်သခင် အလွန် ထိတ်လန့်နေ၏။
ယဲ့ဖန်သည် မသေမျိုး ခန္ဓာကိုယ်သာမက ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်နှင့် ထိပ်တန်းအဆိပ် ခန္ဓာကိုယ်တို့ပါ ပိုင်ဆိုင် ထားသည်ကို ယခုအခါမှသာ သူ သတိထားမိသွားလေသည်။ အစောပိုင်းက သူသည် ဟင်းလင်ပြင် လှောင်အိမ်နှင့် အကြိမ်ကြိမ် ပိတ်လှောင်ခြင်းကို ခံယူနေရသည့် အကြောင်းရင်းကိုလည်း သူ ရိပ်မိသွားသည်။
သူ လေ့လာနေခြင်းသာ ဖြစ်သည်။ ဆန်းကြယ်ရေခဲချီဓာတ်နှင့် ထိပ်တန်း အဆိပ်ချီဓာတ်ကို သုံး၍ ဟင်းလင်းပြင် လှောင်အိမ်အား မည်သို့ ဖွဲ့စည်းရမလဲဆိုတာကို နားလည်အောင် လေ့လာ နေခြင်းသာ ဖြစ်လေသည်။
“မလုပ်နဲ့”
ကမ္ဘာဦး ကောင်းကင်သခင် ကြောက်လန့်တကြား အော်ဟစ် လိုက်သည်။ သူ့မျက်နှာ၌ ကြောက်စိတ်နှင့် မျှော်လင့်ချက် မဲ့နေဟန်များ ဖုံးလွှမ်းလာသည်။
ထိုသို့သောအချိန်၌ ဟင်းလင်းပြင် လှောင်အိမ်မှနေ၍ ဆန်းကြယ် ရေခဲချီဓာတ်နှင့် ထိပ်တန်း အဆိပ်ချီဓာတ်များ ချက်ချင်း ထွက်ပေါ်လာသည်။
ထို့နောက် ကမ္ဘာဦး ကောင်းကင်သခင်၏ ခန္ဓာကိုယ်အား တစ်စစီ ဖြစ်အောင် ခုတ်ပိုင်း လေတော့သည်။
သေမင်း နတ်ဘုရား ရောက်ရှိလာလေသည်။