အခန်း (၄၉၃-၄၉၅)
Vol. 33 Ch. 493-495
Chapter 493 ကာလို၏ လက်တစ်ဖက်
“အား ….”
ထိုသို့သောအချိန်၌ ကောင်းကင်ထက်ရှိ လူများအားလုံး ထိတ်လန့်သွားကြသည်။ ကမ္ဘာဦး ကောင်းကင်သခင်ထံမှ ထိတ်လန့်တကြား အော်ဟစ်သံများကို သူတို့ ကြားနေရလေသည်။
ဆန်းကြယ် ရေခဲချီဓာတ်က သူ၏ခန္ဓာကိုယ်အား ခုတ်ပိုင်း၍ သူ၏ အသွေးအသားများကို အေးခဲ၍ အက်ကွဲလာစေသည်။
ထိပ်တန်း အဆိပ်ချီဓာတ်ကလည်း သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး ချက်ချင်းဆိုသလိုပင် သူ၏ ကြွက်သားနှင့် အရိုးများကို ပုပ်သိုး၍ ဆွေးမြည့်ပျက်စီး သွားစေသည်။
ကမ္ဘာဦး ကောင်းကင်သခင်၌ အသွေးအသားများ တစ်စထက် တစ်စ နည်းပါးလာပြီး အရိုးဖြူများသာ ထင်းခနဲ ပေါ်ထွက် လာသည်။ ပြင်းထန်သော နာကျင်မှုကြောင့် သူ မအော်ဟစ်ဘဲ မနေနိုင်တော့ချေ။
“တော် … တော်တော် သန်မာတာပဲ”
နတ်ဆိုးမျိုးနွယ် စစ်တပ်သာမက နတ်ဘုရားမျိုးနွယ် စစ်တပ်ပါ အလွန်အမင်း ထိတ်လန့်နေကြသည်။
ယဲ့ဖန်သည် နတ်ဘုရား သေနာပတိ တစ်ပိုင်းအဆင့်လေးနှင့် ဆန်းကြယ်ရေခဲချီဓာတ်နှင့် ထိပ်တန်း အဆိပ်ချီဓာတ်တို့ကို အသုံးပြု၍ ကမ္ဘာဦး ကောင်းကင်သခင်သာ ဖွဲ့စည်းနိုင်သည့် ဟင်းလင်ပြင် လှောင်အိမ်ကို ဖွဲ့စည်းနိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားမိကြချေ။
ပြောရမည်ဆိုလျင် ထိုလှောင်အိမ်၏ ဖြုံလောက်သော အရှိန်အဝါက ကမ္ဘာဦး ကောင်းကင်သခင်အား အသည်းအသန် အော်ဟစ်၍ ဒဏ်ရာအပြင်းအထန် ရစေကာ သေလုနီးပါး ဖြစ်စေနေ၏။ ဤသည်မှာ ခြောက်ခြားဖွယ် ကောင်းလွန်းလှသည်။
“မသေနိုင်ဘူး၊ ငါက ကမ္ဘာဦး ကောင်းကင်သခင်ကွ၊ ဘယ်လိုလုပ် နတ်ဘုရား သေနာပတိ အဆင့်လေးရဲ့ လက်ထဲမှာ ငါက ကျရှုံးရမှာလဲ”
ကမ္ဘာဦး ကောင်းကင်သခင်က ရူးမတတ် ဖြစ်နေပုံရသည်။ သူ၏ ပြင်းထန်သော နာကျင်မှုကို လျစ်လျူရှု၍ ဟင်းလင်းပြင် လှောင်အိမ်ကို ဆက်တိုက် တိုက်ခိုက်နေသည်။
ဂျွတ်!
ဟင်းလင်းပြင် လှောင်အိမ်ပေါ်၌ အက်ကွဲရာတစ်ခု ဖြစ်ပေါ် လာသည်။ ထို့အတူ ဆန်းကြယ်ရေခဲ ချီဓာတ်များကြောင့် ကမ္ဘာဦး ကောင်းကင်သခင်၏ ခြေထောက်တစ်ဖက်ကို စုတ်ပြဲ သွားသည်။
နောက်ထပ် လက်သီးချက်တစ်ချက်အောက်၌ ဟင်းလင်းပြင် လှောင်အိမ်၌ အက်ရာများ ထပ်၍ ဖြစ်ပေါ်လာသည်။
ထိပ်တန်း အဆိပ်ချီဓာတ်လည်း သူ့ကိုယ်ထဲ စိမ့်ဝင်လာပြီး သူ့လက်တစ်ဖက်အား ပုပ်သိုးသွား စေသည်။
ထိုသို့သောအချိန်၌ ဟင်းလင်ပြင် လှောင်အိမ်၏ အစွမ်းက နည်းသထက် နည်းလာသလို ကမ္ဘာဦး ကောင်းကင်သခင်၏ ဒဏ်ရာများကလည်း ပို၍ ဆိုးရွားလာသည်။
နောက်ဆုံးတွင် ဟင်းလင်းပြင် လှောင်အိမ် လုံးဝ ပျက်စီးသွားလေသည်။ အထဲမှ သွေးအလိမ်းလိမ်းနှင့် လူတစ်ယောက် ထွက်လာသည်။
ကမ္ဘာဦး ကောင်းကင်သခင်သည် သွေးများနှင့် ပေကျံနေပြီး ကြည့်ရဆိုးလှသည်။ သူ့၌ လက်တစ်ဖက် ခြေတစ်ဖက်သာ ရှိတော့ပြီး ကျန်အစိတ်အပိုင်းများအားလုံး ခုတ်ပိုင်းခံထားရသည်။
ခန္ဓာကိုယ် ခုတ်ပိုင်းခံထားရသဖြင့် ဒဏ်ရာများနှင့် ပြည့်နှက်နေပြီး အသားဟူ၍ မရှိတော့ဘဲ ဖြူစွတ်နေသည့် အရိုးများသာ ကျန်ရှိလေတော့သည်။
ဝေါ့!
ကမ္ဘာဦး ကောင်းကင်သခင်သည် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်မိပြီးနောက် မျက်နှာက သုန်မှုန်နေ၏။
သူသည် အလွန်အမင်း ကြောက်လန့်နေသော မျက်လုံးများဖြင့် ယဲ့ဖန်ကို ကြည့်နေမိသည်။
“ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ”
ယခုအချိန်၌ ကမ္ဘာဦး ကောင်းကင်သခင်သည် အလွန်အမင်း ကြောက်လန့်လျက် ရှိသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင် လှောင်အိမ်ဖြင့် ထပ်မံချုပ်နှောင်ခံရပါက သူ သေချာပေါက် သေသွားလောက်သည်ဟု ခံစားမိနေသည်။
*ဘယ်လိုလုပ် ရမလဲ*
*ငါ ဘယ်လိုလုပ်ရမလဲ*
ကမ္ဘာဦး ကောင်းကင်သခင်သည် စိတ်ထဲ၌ သွေးပျက် ခြောက်ခြားနေ သောကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။
ထိုစဉ် ယဲ့ဖန်၏ ခြေသံ ထွက်ပေါ်လာပြီး တည်နေရာ ရွှေ့ပြောင်း လိုက်သကဲ့သို့ ကမ္ဘာဦး ကောင်းကင်သခင်ရှေ့သို့ ရောက်ချ လာသည်။
“မင်းက သန်မာတာလား”
ထိုသို့ပြောပြီး ယဲ့ဖန်က ကမ္ဘာဦး ကောင်းကင်သခင်၏ တစ်ဖက်တည်းသော လက်မောင်းကို ဖမ်းချုပ်၍ စုတ်ဖြဲပစ် လိုက်သည်။
“အား..”
သွေးများ လွင့်စဉ်လာပြီးနောက် ထိုလက်မောင်းတစ်ဖက် လွင့်ထွက်သွားလေသည်။ ကမ္ဘာဦး ကောင်းကင်သခင်သည် နာကျင်စွာ အော်ဟစ်ပြီးနောက် တုန်ယင်နေသည်။
“ဒီလက်မောင်းက အူးလန်ဂြိုဟ်အတွက်”
ဂျွတ်!
စုတ်ဖြဲသံ ထွက်ပေါ်လာပြီး ကမ္ဘာဦး ကောင်းကင်သခင် ပို၍ နာကျင်စွာ အော်ဟစ်မိလေသည်။ သူ၏ ဘယ်ဘက် ပခုံးရိုး ပြုတ်ထွက်သွားသည်။
“ဒီပခုံးရိုးက နတ်ဆိုးတွေအတွက်”
ဂျွတ်!
ခြေထောက်တစ်ဖက် ပြုတ်ထွက်သွားပြန်သည်။
“ဒီခြေထောက်က ဖန့်ယင်းအတွက်”
ထိုစဉ် လူတိုင်း ထိတ်လန့်သွားစေမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ် လာသည်။ ကမ္ဘာဦး ကောင်းကင်သခင်သည် အရေခွံနွှာခံရပြီး စုတ်ဖြဲခံ နေရသည်။
ယဲ့ဖနသည် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားတစ်ပါးနှင့် ဆင်တူနေသည်။ သူ့လက်နှစ်ဖက်လုံး၌ နတ်ဘုရား၏သွေးများ စွန်းထင်းနေပြီး သူ၏လက်ချောင်းများက နတ်ဘုရားမျိုးနွယ်၏ ကြွက်သားများကို ထိုးဖောက်နေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာဦး ကောင်းကင်သခင်၏ ခန္ဓာကိုယ်က ပွင့်ထွက်လုနီးပါး ဖြစ်နေလေသည်။
ညစ်ပတ်ပေရေ၍ သွေးအလိမ်းလိမ်းနှင့် ကြည့်ရဆိုးလှသည်။ ကမ္ဘာဦး ကောင်းကင်သခင်၏ ထိတ်လန့်တကြား အော်သံများကို နားထောင်ပြီးနောက် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် နှစ်ထောင်ကျော် တို့သည် ရေခဲရေနှင့် လောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်မိသည်။
သူတို့ ထွက်ပြေးချင်ပါသော်လည်း သူတို့၏ ခြေထောက်များက ခဲဆွဲထားသကဲ့သို့ လေးလံ၍ လုံးဝ လှုပ်၍ မရတော့ချေ။
ဂလု!
သိုင်းပညာရှင် တစ်ယောက်သည် မနည်းတံတွေးကို မျိုချလိုက် မိသလို သူ့နဖူးမှလည်း ချွေးများ တဒီးဒီး စီးကျလာသည်။
ထိုစဉ် သံမဏိ လက်သီးချက်တစ်ချက်က ကမ္ဘာဦး ကောင်းကင် သခင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံး ကျိုးကြေသွားသည်။ အရေပြားတစ်ခုလုံး စုတ်ဖြဲခံထား ရသဖြင့် ကောင်းကင်ထက်၌ အရိုးစုကြီးတစ်ခုသာ ကျန်ရစ်ခဲ့ လေသည်။
“နတ်ဆိုးဧကရာဇ်၊ နတ်ဆိုးဧကရာဇ်”
ထိုအရိုးစုသည် အလွန်အမင်း သွေးပျက်နေပြီး ယဲ့ဖန်၏ မျက်လုံးများ မကျေမချမ်း ဖြစ်နေဟန်ဖြင့် ကြည့်နေသည်။
“မင်းကြောင့် ဒီလိုဖြစ်ရတာပဲ၊ မင်း ကမ္ဘာဦး ဂြိုဟ်စုနယ်မြေက အရင်လို မင်းနယ်မြေလို့ပဲ တကယ် ထင်နေတာလား”
*ဘာ*
ကမ္ဘာဦး ကောင်းကင်သခင်၏ စကားကြောင့် နတ်ဆိုးမျိုးနွယ်များ အားလုံး မျက်နှာပျက် သွားကြသည်။ လူတိုင်း ရင်ထဲ၌ မကောင်းသော ခံစားချက်တစ်ခု ဝင်ရောက်လာသည်။
“ဟားဟားဟား ...”
ကမ္ဘာဦး ကောင်းကင်သခင်၏ ကျန်ရှိနေသော ဆံပင်များ ကျွတ်ထွက်သွားပြီးနောက် သူ့မျက်နှာတစ်ခုလုံး၌ ရူးသွပ်နေဟန် များဖြင့် ပြည့်နှက်လာသည်။
“မင်းကို အမှန်အတိုင်း ပြောပြရမယ်ဆိုရင် ငါက ကမ္ဘာဦး ဂြိုဟ်စုနယ်မြေက နတ်ဘုရားမျိုးနွယ်က အမိန့်နာခံရတဲ့ နတ်ဘုရားမျိုးနွယ် တစ်ယောက်ပဲ။ ငါ့သခင်ကြီးက နတ်ဆိုးမျိုးနွယ်တွေ မွေးဖွားလာပြီးတော့ အူးလန်ဂြိုဟ်ကို ပြန်ရောက်လာ လိမ့်မယ်လို့ ခန့်မှန်းထားတာ ကြာလှပြီ”
“အူးလန်ဂြိုဟ်က နတ်ဆိုးမျိုးနွယ်တွေ ပျက်စီးမယ့်နေရာဖြစ်သလို မင်းတို့ နတ်ဆိုးဧကရာဇ် သေရမယ့် နေရာလည်း ဖြစ်လာမှာ”
ထိုစကားကြောင့် နတ်ဆိုးမျိုးနွယ်များ အလွန်အမင်း မျက်နှာသုန်မှုန် သွားကြသည်။ သူတို့ရင်ထဲမှ မကောင်းသော ခံစားချက်သည်လည်း ပို၍ ကြီးထွားလာသည်။
တစ်ဖက်တွင်မူ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် နှစ်ထောင်ကျော် တို့သည် မျှော်လင့်ချက် ရှိလာဟန်ဖြင့် အားတက်လာကြသည်။
ဂါး!
ထိုစဉ် ကမ္ဘာဦး ကောင်းကင်သခင်၏ ဦးခေါင်းထက်မှနေ၍ ဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံသည် အမည် မသိသော ထူးဆန်းသည့် နေရာတစ်ခုမှ ဘီလီယံနှင့်ချီသော ဂြိုဟ်များကို ဖြတ်သန်း၍ ထွက်ပေါ်လာပုံရသည်။
“အရှင်ကာလို၊ ကျေးဇူးပြုပြီး ဒီလောကကြီးကို သုတ်သင်ပေးပါ”
ထိုစဉ် ထိုဟိန်းသံထွက်ပေါ်လာသောနေရာမှနေ၍ လျှပ်စီးများ လက်၍ မိုးခြိမ်းလာသည်။ ကမ္ဘာပျက်ကိန်း ဆိုက်ကပ်လာ လေသလားဟု ထင်မှတ်ရသည်။
“ဒါက ... ကောင်းကင်ခွင်း ကျီးကန်းအော်သံပဲ၊ ကာလိုဘုရင် မိုနာဒိုရဲ့ လျှို့ဝှက်သိုင်းကွက် တွေထဲက တစ်ခုပဲ”
ယဲ့ဖန်၏ မျက်နှာက အလွန်သုန်မှုန်သွားသည်။
ကာလိုဘုရင် မိုနာဒို။
ယခင်အချိန်က နတ်ဆိုးမျိုးနွယ်သည် အလွန် အင်အားကြီးခဲ့ သော်လည်း အင်မော်တယ် မျိုးနွယ်နှင့် မကောင်းဆိုးဝါးမျိုးနွယ် စသည့် မျိုးနွယ်သုံးခုကြားမှ အရှုပ်အယှက်ကြောင့် နတ်ဆိုးများ ပျက်စီးခဲ့ရသည်။
ယဲ့ဖန် ကျဆုံးသွားပြီးနောက် မိုနာဒိုဘုရင်သည် သစ္စာဖောက်၍ မရေတွက်နိုင်သော နတ်ဆိုးများကို ပြန်သတ်ခဲ့သည်။
ကမ္ဘာဦး ဂြိုဟ်စုနယ်မြေက မိုနာဒို၏ နယ်မြေအစိတ်အပိုင်းတစ်ခု ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပါ။
ထိုသို့ဆိုလျင် ယခု ထွက်လာမည့်သူက မိုနာဒိုပင် ဖြစ်လောက်သည်။ ဤသည်ကို တွေးမိပြီးနောက် ယဲ့ဖန်၏ မျက်လုံး၌ လူသတ်လိုစိတ်များဖြင့် ပြည့်နှက်လာသည်။
ထိုစဉ် ကျီးကန်း အော်သံနှင့်အတူ ကျယ်ပြောသော စကြဝဠာ၏ ဆန်းကြယ်၍ အလှမ်းဝေးသော နေရာတစ်ခုမှနေ၍ ကြောက်မက်ဖွယ် လက်တစ်ဖက်က ရုတ်တရက် ထွက်ပေါ် လာသည်။
ထိုလက်သည် လက်တစ်ဖက်တည်းနှင့် မိုးကောင်းကင်အား လှုပ်ခါနိုင်စွမ်း ရှိသည်ဟု ထင်မှတ်ရလေသည်။
ထိုလက်ကြီးသည် လျင်မြန်စွာ ရွေ့လျားလာသည်။ ၎င်းဖြတ်သန်း သွားသည့် နေရာတိုင်း၌ ဂြိုဟ်များ ပေါက်ကွဲသွားပြီး ဂြိုဟ်စု နယ်မြေ၏ အစိတ်အပိုင်းများ ပျက်သုဉ်းသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလက်ကြီးတစ်ဖက်က ကမ္ဘာဦး ဂြိုဟ်စု နယ်မြေ အပြင်ဘက်သို့ ရောက်ရှိလာသည်။
ထို့နောက် ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ အူးလန်ဂြိုဟ်သည် ၎င်း၏ ထိတ်လန့်ဖွယ် အဖျက်စွမ်းအင်ကြောင့် အက်ကွဲလာသည်။ ကမ္ဘာဦး ဂြိုဟ်စုနယ်မြေရှိ ဒါဇင်နှင့်ချီသော ဂြိုဟ်များလည်း ပေါက်ကွဲ ပျက်စီးသွားသည်။
“ဟားဟားဟား ... ရောက်လာပြီကွ၊ အရှင်ကာလိုရဲ့ လက်တစ်ဖက် ရောက်လာပြီ။ ဒါ သခင်ကြီးရဲ့ လက်မောင်းတစ်ဖက် ရောက်လာတာပဲကွ”
ကမ္ဘာဦး ကောင်းကင်သခင်က ဟားတိုကရယ်မောနေသည်။ သူသည် ဤလက်တစ်ဖက်ကြောင့် နတ်ဆိုးဧကရာဇ်သာမက နတ်ဆိုးမျိုးနွယ် အားလုံးပါ ကံဆိုးပေတော့မည်ဟု မြင်ယောင်နေ လေ၏။
“သေစမ်း၊ ဝေးဝေးသွားကြ”
ထိုစဉ် ယဲ့ဖန်က ထောင်သောင်းချီသော နတ်ဆိုးများကို အသည်းအသန် အော်၍ သတိပေး လိုက်သည်။ သူ့စကားအဆုံး၌ အရှင်ကာလို၏ လက်တစ်ဖက်က ကောင်းကင်ကိုအုပ်မိုး၍ လက်တစ်ချောင်းကို ဆန့်ကာ ကောင်းကင်ရှိ နတ်ဆိုးမျိုးနွယ် များကို တောက်ထုတ်လိုက်သည်။
ဖိနှိပ်ချုပ်ခြယ်နိုင်သော စွမ်းအင်တစ်ခု ထွက်ပေါ်လာသောကြောင့် နတ်ဆိုးမျိုးနွယ်များ ထိတ်လန့်သွားကြသည်။
ဝုန်း!
မျက်စိတစ်မှိတ်အတွင်းမှာပင် ထောင်သောင်းချီသော နတ်ဆိုးများ လွင့်ထွက်သွားကြပြီး ပေါက်ကွဲ၍ သွေးမြူခိုးများ ဖြစ်သွား ကြသည်။ လက်လေးတစ်ချောင်းက ကြက်ကလေး ငှက်ကလေး များကို သတ်လိုက်သကဲ့သို့ နတ်ဆိုးမျိုးနွယ်များအား သတ်ဖြတ် သွားလေသည်။
Chapter 494 ဖျက်ဆီးဝါးမျိုသူ
ကောင်းကင်ထက်၌ ရဲရဲနီသော သွေးများနှင့် ပြည့်နှက် သွားလေသည်။ တစ္ဆေ မဟာမိတ် တပ်သခင်နှင့် အခြားသော နတ်ဆိုးမျိုးနွယ် အယောက်တစ်သောင်းတို့အားလုံး အသတ်ခံ လိုက်ရသည်။
သူတို့ရှိနေသော လေဟာနယ်သည် ကြောက်မက်ဖွယ် ကောင်းသော လက်ချောင်းကြောင့် ပေါက်ကွဲသွားလေသည်။ လက်ချောင်း တစ်ချောင်းတည်းဖြင့် စကြဝဠာထဲရှိ အရာ အားလုံးကို သတ်နိုင်သည်ဟု ထင်မှတ်ရသည်။
*သေသွားပြီ*
*အားလုံး သေသွားပြီ*
ဤမြင်ကွင်းကြောင့် ယဲ့ဖန်၊ ဖန့်ယင်းနှင့် နတ်ဆိုးဘုရင်အဖွဲ့တို့ အလွန်အမင်း မျက်နှာသုန်မှုန် လာကြသည်။
တစ်ဖက်တွင်မူ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် အယောက် နှစ်ထောင်တို့က ဝမ်းသာအားရ ဟစ်ကြွေးလာကြသည်။
“သန်မာတယ်၊ သန်မာလွန်းတယ်၊ လူအယောက်တစ်သောင်းကို လက်ချောင်း တစ်ချောင်းတည်းနဲ့ သတ်ပစ်တယ်၊ မြတ်စွာဘုရား ဒါက နတ်ဘုရားမျိုးနွယ်ရဲ့ ကြောက်စရာ ကောင်းတဲ့ အင်အားပဲ”
“ဟားဟားဟား ... နတ်ဆိုးမျိုးနွယ်တွေ သေကုန်ပြီ၊ အားလုံး သေကုန်ပြီ”
“ထိပ်တန်း ကာလိုဘုရင်၊ မြတ်စွာဘုရား သူက ဒဏ္ဍာရီလာ ကာလိုဘုရင်ပဲ”
ချက်ချင်းဆိုသလိုပင် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် အယောက် နှစ်ထောင်ကျော်တို့ အလွန် ဝမ်းသာပျော်ရွှင် သွားကြသည်။
ကမ္ဘာဦး ကောင်းကင်သခင် သည်လည်း တုန်ယင်နေသော အသံဖြင့် ပြောလာသည်။
“ကမ္ဘာဦး ကောင်းကင်သခင်က သခင်ကြီးကို အရိုအသေ ပေးပါတယ်”
“သခင်ကြီး သူတို့အားလုံးကို သတ်ပစ်လိုက်ပါ၊ နတ်ဆိုးမျိုးနွယ် အားလုံးကို သတ်ပစ် လိုက်ပါတော့”
ထိုစကားကို ကြားပြီးနောက် ထိုကြောက်မက်ဖွယ် လက်ဝါးသည် ချက်ချင်း လှုပ်ရှားလာသည်။
ဝုန်း!
လက်ချောင်းတစ်ချောင်းအောက်မှာပင် နတ်ဆိုးမျိုးနွယ် အယောက် နှစ်ရာကျော်တို့ ပေါက်ကွဲ၍ သေဆုံးသွားကြသည်။
“ချီးတဲ့မှ”
ယဲ့ဖန်၏ မျက်နှာထားက အလွန်အမင်း သုန်မှုန်နေပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
ဝီ! ဝီ! ဝီ!
ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များက တိမ်မည်းလိပ်များကဲ့သို့ ပျံသန်း၍ ထိုကြောက်မက်ဖွယ် လက်ချောင်းထံသို့ ပျံသန်းပြေးဝင်သွားကြသည်။
ကြောက်မက်ဖွယ်ကောင်းသည့် လက်ချောင်းထံသို့ ဝိညာဉ်စား ပုရွက်ဆိတ်များ ပျံသန်းလာချိန်တွင် ထိတ်လန့်ဖွယ် ဖိအားတစ်ခုက လေထုထဲ၌ ထွက်ပေါ်လာပြီး ပုရွက်ဆိတ်များအား ဖိနှိပ်လာသည်။
ပျံသန်းနေသော ဝိညာဉ်စား ပုရွက်ဆိတ်များအားလုံး လေထဲမှာတင် တန့်နေပြီး တစ်လက်မလေး တောင်မှ မရွေ့နိုင် တော့ချေ။
*ဟမ်*
“ဝိညာဉ်စား ပုရွက်ဆိတ်လား”
ကောင်းကင်ထက်မှ ကြောက်မက်ဖွယ်ကောင်းသည့် လက်ဝါးသည် မသိမသာ တန့်သွားပြီး အံ့ဩသွားသော အသံက မည်သည့် နေရာကမှန်း မသိ ထွက်ပေါ်လာလေသည်။ ထိုလက်ဝါး၌ စိတ်ဝိညာဉ် ပါရှိပုံရသည်။
“အဲ့ဒါတွေက သားလောင်းအဆင့်ပဲ ရှိနေတာက စိတ်မကောင်းစရာပဲ”
ထိုအသံနှင့်အတူ ဖိအားတစ်ခုက ကျရောက်လာပြီး လက်ချောင်းတစ်ချောင်းက ဝိညာဉ်စား ပုရွက်ဆိတ်များအား ရိုက်ထုတ်လိုက်သည်။
ဝိညာဉ်စား ပုရွက်ဆိတ်တိုင်း ပြင်းထန်စွာ ရိုက်ထုတ်ခံ လိုက်ရပြီးနောက် တုန်ခါသွားကာ ကောင်းကင်ထက်မှ အောက်သို့ ပြုတ်ကျသွားလေသည်။
သူတို့သည် သံမဏိကဲ့သို့ မာကျော၍ ကြောက်လန့်ဖွယ် ကောင်းသော်လည်း သူတို့သည် သားလောင်းအဆင့်သာ ရှိသေးသည်။ ခွန်အားခြင်း ကွာခြားမှုက မမျှချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များ ကောင်းကင်ထက်မှ တဖြုတ်ဖြုတ် ပြုတ်ကျ သွားကြသည်။
ကျွိ! ကျွိ!
ထိုစဉ် ပုရွက်ဆိတ်လေးသည် သူ၏အတောင်ကို ထောင်၍ သွေးဆာနေသော မျက်လုံးများဖြင့် အသံပြုလိုက်သောအခါ ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များက လျင်မြန်စွာ ပေါင်းစပ်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏ ပေါင်းစပ်မှုမှနေ၍ ပုရွက်ဆိတ် ဘောလုံးတစ်လုံး ဖြစ်လာသည်။
ဝုန်း!
ထို့နောက် သူတို့သည် ဖိနှိပ်ထားသော ဖိအားအား တွန်းလှန်၍ ထိုလက်ချောင်း၏ မျက်နှာပြင်ကို အုံခဲလိုက်ကြသည်။
“မကောင်းတဲ့ သတ္တဝါတွေ”
ထိုလက်ချောင်းမှနေ၍ ဒေါသထွက်နေသောအသံက ထပ်မံ၍ ထွက်ပေါ်လာသည်။ ထိုလက်ချောင်းများ၏ အရှင်သခင်က ထိတ်လန့်သလို ဒေါသလည်း ထွက်နေပုံရသည်။
ဂျွတ်! ဂျွတ်!
မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုလက်ချောင်းသည် ထောင်သောင်း ချီသော ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ကိုက်ဖြတ် ခြင်းကို ခံလိုက်ရသည်။
အရေပြားကို အစားခံလိုက်ရပြီးနောက် အရိုးပါ ကိုက်ဝါးခံ လိုက်ရသည်။ လက်ချောင်း တစ်ချောင်းလုံးမှနေ၍ သွေးများ စီးကျလာပြီး စူးရှသော အော်ဟစ်သံလည်း ထွက်ပေါ်လာသည်။
ဤမြင်ကွင်းကြောင့် ကမ္ဘာဦး ကောင်းကင်သခင်နှင့် အခြား နတ်ဘုရားမျိုးနွယ်များ အံ့အားသင့် သွားကြသည်။
“ဝိညာဉ်စား ပုရွက်ဆိတ်တွေ၊ မြတ်စွာဘုရား … နတ်ဆိုးဧကရာဇ်မှာ ဝိညာဉ်စား ပုရွက်ဆိတ်တွေတောင် ရှိနေတာပဲ”
ကမ္ဘာဦး ကောင်းကင်သခင် သွေးပျက်သွားသည်။ သူ့အတွေးထဲ၌ မယုံကြည်နိုင်စိတ်များဖြင့်သာ ပြည့်နှက်နေသည်။
နတ်ဆိုးဧကရာဇ်၌ ပြိုင်ဘက်ကင်း ထိပ်တန်း ခန္ဓာကိုယ်သုံးမျိုး ရှိနေသည်ကို သူ တွေ့ခဲ့ပြီးပြီ ဖြစ်သည်။ ထို့အပြင် ယခုအခါတွင် ဝိညာဉ်စား ပုရွက်ဆိတ်များကိုပါ ပိုင်ဆိုင်နေပြန်သည်။
ထိုပုရွက်ဆိတ်များသည် အရွယ်ရောက်လာသည်နှင့် အင်မော်တယ် မျိုးနွယ်များ၏ ကပ်ဘေး ဖြစ်လာပေမည်။
“သခင်ကြီး၊ နတ်ဆိုးဧကရာဇ်နဲ့ အဲ့ဒီ ရူးနေတဲ့ ပုရွက်ဆိတ်တွေကို မြန်မြန်သတ်ပစ်လိုက်ပါ၊ အဲ့ကောင်တွေကို မကြီးထွားလာခိုင်းပါနဲ့၊ မဟုတ်လို့ကတော့ ကျွန်တော်တို့ နတ်ဘုရားမျိုးနွယ် ပျက်စီးသွားပါလိမ့်မယ်”
ကမ္ဘာဦး ကောင်းကင်သခင်က ထိုလက်ဝါးတစ်ဖက်အား ထိတ်လန့် တကြား အော်ပြော လေသည်။
သူ့စကားကို ကြားပြီးနောက် ထိုလက်ဝါးတစ်ဖက်သည် မသိမသာ တန့်သွားလေသည်။
*နတ်ဆိုးဧကရာဇ်လား*
ထို့နောက် ထိုလက်ဝါးသည် နောက်သို့ ပြန်ရုတ်သွားပြီးနောက် ထိတ်လန့်ဖွယ် အေးစက်စက် မျက်လုံးများ ထွက်ပေါ်လာသည်။ ထိုမျက်လုံးများသည် သွေးကဲ့သို့ ရဲရဲနီနေ၏။
ထိုထိတ်လန့်ဖွယ် မျက်လုံးများသည် ယဲ့ဖန်ကို မြင်သွားသည်နှင့် တစ်ခါမှ မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။
ထို့နောက် ထိုမျက်လုံးအိမ်တွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လာသည်။ ယဲ့ဖန်ထံမှ အငွေ့အသက်အရ သူသည် နတ်ဘုရား သေနာပတိ တစ်ပိုင်းအဆင့်သာ ရှိနေသေးသည်ကို သိလိုက်ရသည့်အခါမှသာ ထိုကြောက်ရွံ့မှုများက ပျောက်ကွယ် သွားသည်။
“ကောင်းလိုက်လေခြင်း၊ သိပ်တော်တဲ့ နတ်ဆိုးဧကရာဇ်က မသေသေးဘူးပေါ့လေ”
ထိုလက်ဝါးထံမှနေ၍ မိုနာဒို၏ အသံက ထပ်မံ၍ ထွက်ပေါ် လာသည်။ သူ့စကားကို ကြားသည်နှင့် ယဲ့ဖန်က သွေးဆာနေသော အပြုံးမျိုး ပြုံးလိုက်သည်။
“မိုနာဒို၊ မင်းက နတ်ဆိုးမျိုးနွယ် ဖြစ်ပေမဲ့ နတ်ဘုရားမျိုးနွယ်တွေနဲ့ လိမ်လည်လှည့်ဖြား ပြီးတော့ နောက်လိုက်ငယ်သားတွေနဲ့ ပြည်သူတွေကို သတ်ပစ်ခဲ့တယ်၊ မင်းလိုကောင်မျိုးက သေသင့်တယ်”
ယဲ့ဖန်၏အသံ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ သူ့စကားကြောင့် သွေးကဲ့သို့ နီမြန်းနေသော မျက်လုံးက မျက်ခုံးပင့်လာသည်။ ထို့နောက် ချက်ချင်း ပျက်ရယ်ပြုလေ၏။
“ကျွတ် … ကျွတ် … နတ်ဆိုးဧကရာဇ်၊ မင်းကိုယ်မင်း အရင်ဘဝက နတ်ဆိုးဧကရာဇ်လိုမျိုး ဖြစ်နေတုန်းပဲလို့ မင်း ထင်နေတာလား။ အခု မင်းက ပြန်လည်မွေးဖွားလာတဲ့ကောင် သာသာပဲ ရှိတယ်။ ငါ မင်းကို ခွေးလိုဝက်လို သတ်ပစ်လို့တောင် ရတယ်ကွ”
ထိုသို့ပြောပြီးနောက် လက်လေးချောင်းသာ ကျန်ရှိတော့သည့် လက်ကြီးသည် ချက်ချင်း လက်သီးဆုပ်၍ ယဲ့ဖန်အား ပြင်းထန်စွာ ထိုးနှက်လာသည်။
ဝုန်း!
လေထုတစ်ခုလုံး အက်ကွဲလာပြီး မရဏ အငွေ့အသက်များက ယဲ့ဖန်အား လွှမ်းခြုံလာသည်။
ကာလိုဘုရင် မိုနာဒိုက နတ်ဆိုးဧကရာဇ်ကို သတ်ချင်နေ တာပါလား။
ကျွိ!
ထိုသို့သောအချိန်၌ ပုရွက်ဆိတ်လေးနှင့် ထောင်သောင်းချီသော ပုရွက်ဆိတ်များသည် တစ်ဖန်ပြန်၍ စုစည်းကာ ဘောလုံးအသွင် ဖွဲ့စည်း၍ ထိုလက်သီးချက်အား ပြင်းပြင်းထန်ထန် ဝင်တိုက်ခိုက် လေ၏။
ဝုန်း!
နေရောင်အား အုပ်မိုးထားသည့် လက်သီးချက်နှင့် ပုရွက်ဆိတ် ဘောလုံးတို့ အပြင်းအထန် ထိပ်တိုက်တွေ့ဆုံ သွားကြသည်။
ဂျွတ်!
ပုရွက်ဆိတ်ဘောလုံးတစ်ခုလုံး ချက်ချင်း ပြိုကွဲသွားကာ ပုရွက်ဆိတ်များ အားလုံး ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။
ပုရွက်ဆိတ်လေး၏ သံမဏိ ခန္ဓာကိုယ်တောင်မှ ကြောက်မက်ဖွယ် ကောင်းသော နတ်ဘုရား စွမ်းအင်ကြောင့် အက်ကွဲကာ သွေးများ စိမ့်ထွက်လာပြီး ဂြိုဟ်များထဲသို့ ကျဆင်းသွား လေသည်။
“ပုရွက်ဆိတ်လေး”
ဤမြင်ကွင်းကြောင့် ယဲ့ဖန် ဒေါသထွက်သွားသည်။ သို့သော် မိုနာဒို၏ လက်ကြီးသည် ယဲ့ဖန်အား အသက်ရှူချိန်ပင် မပေးဘဲ အပြင်းအထန် ထိုးနှက်လာသည်။
“နတ်ဆိုးဧကရာဇ် ခင်ဗျား သေလိုက်တော့”
မိုနာဒို၏ လက်သီးချက်က ပြင်းထန်စွာ ကျရောက်လာသည်။ သူသည် ရိုးစင်းသော လက်သီးချက် တစ်ချက်တည်းဖြင့် အသေသတ်နိုင်မည့်ဟု ယုံကြည်ချက် ရှိနေ၏။
ဝုန်း!
လက်သီးချက်က လျင်မြန်စွာ ကျရောက်လာသောကြောင့် ယဲ့ဖန်တောင်မှ ဓားကို ဆွဲမထုတ်နိုင်ဘဲ ထိုလက်သီးချက်အား မသေမျိုးစွမ်းအင်၊ ဆန်းကြယ်ရေခဲစွမ်းအင်နှင့် ထိပ်တန်း အဆိပ်စွမ်းအင်တို့ကို အသုံးပြု၍ လက်မောင်းဖြင့်သာ ခုခံလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် ထိတ်လန့်ဖွယ်ကောင်းသော မိုနာဒို၏ လက်သီးချက်က ယဲ့ဖန်၏ လက်မောင်းထံသို့ ကျရောက်လာ၏။
ထွီ!
ယဲ့ဖန် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရသည်။ သူ၏ ပြိုင်ဘက်ကင်း ထိပ်တန်း ခန္ဓာကိုယ်သုံးမျိုး၏ စွမ်းအင်များ ပျက်စီးသွားရသလို သူ၏လက်မောင်းလည်း ကျိုးသွားကာ တစ်ကိုယ်လုံး နောက်သို့ မီတာတစ်သောင်းခန့် လွင့်ထွက်သွားပြီး သွေးအလိမ်းလိမ်း ဖြစ်သွားရသည်။
“သခင်ကြီး”
“ယဲ့ဖန်”
ဤမြင်ကွင်းကြောင့် နတ်ဆိုးနှစ်ရာကျော်နှင့် ဖန်ယင်းတို့ မျက်နှာပျက်သွားကြသည်။ ဖန့်ယင်းက ယဲ့ဖန်ထံ အပြေးသွား၍ နတ်ဆိုးများက ထိုလက်သီးထံသို့ ပြေးဝင်သွားသည်။
“မိုနာဒိုဘုရင် မင်းက ကိုယ့်ဘိုးဘေးကို မေ့တဲ့ တိရစ္ဆာန်ကောင်ပဲ”
နတ်ဆိုးနှစ်ရာကျော်က အော်ဟစ်ကြိမ်းမောင်းရင်း မိုနာဒို၏ လက်တစ်ဖက်ကို အပြင်းအထန် တိုက်ခိုက်လာသည်။
ရွှစ်! ရွှစ်! ရွှစ်!
မိုနာဒို၏ လက်ပေါ်၌ ဒဏ်ရာများစွာ ထွက်ပေါ်လာ၏။ ထို့အတူ ဤအပြုအမူကြောင့် မိုနာဒိုဘုရင် ဒေါသူပုန်ထသွားသည်။
“ဟမ့် … ဘိုးဘေးကို မေ့တယ် ဟုတ်လား”
“ကျွတ် ကျွတ် … ငါ့ဘုရင်က အခု နတ်ဘုရားပဲ၊ နတ်ဆိုး မဟုတ်တော့ဘူး။ မင်းတို့လို နတ်ဆိုးအကြွင်းအကျန်တွေ အားလုံး သေသင့်တယ်”
ထိုသို့ပြောပြီး မိုနာဒို၏ လက်တစ်ဖက်က နတ်ဆိုးနှစ်ရာအား အားနှင့် ရိုက်ထုတ်လိုက်သည်။
ဝုန်း! ဝုန်း! ဝုန်း!
နတ်ဆိုးတစ်ကောင်၏ ခန္ဓာကိုယ် ပေါက်ကွဲသွားသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် နတ်ဆိုးနှစ်ရာကျော်တို့၏ ခန္ဓာကိုယ်များ ကျိုးကြေသွားသည်။ ထိုသည်သာမကချေ၊ နတ်ဆိုး နှစ်ရာကျော်၏ စိတ်ဝိညာဉ်များ ခွဲထွက်လာကြလေ၏။ သူတို့သည် သူတို့၏ နတ်ဆိုး ဝိညာဉ်များကို လောင်မြှိုက်၍ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲချင်နေကြသည်။
ထိုသို့သောအချိန်၌ ယဲ့ဖန်၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
“ငါ ဧကရာဇ်ရဲ့ အမိန့်ကို နာခံကြ”
ထိုအသံ၌ အဆုံးမရှိသော မှော်စွမ်းအင်များ ပါဝင်နေပုံရသည်။ နတ်ဆိုးနှစ်ရာကျော်တို့၏ စိတ်ဝိညာဉ်များက ယဲ့ဖန်၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပြေးဝင် ပူးကပ်သွားပြီး အနက်ရောင် အရိုးခွံပုံစံများ ဖြစ်သွားကြသည်။
ထိုသည်မသာမကချေ၊ ယဲ့ဖန်၏ အသံ၌ သေဆုံးသွားသော တစ္ဆေ မဟာမိတ်တပ်သခင်နှင့် ကျန်နတ်ဆိုးများ အားလုံး၏ စိတ်ဝိညာဉ်များ ချက်ချင်း စုဝေးလာပြီး ယဲ့ဖန်၏ ကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ယဲ့ဖန်၏ ကိုယ်ပေါ်၌ ဆေးမင်ကြောင်ထိုးထားသကဲ့သို့ အနက်ရောင် အရိုးခွံ ပုံသဏ္ဌာန်များနှင့် ပြည့်နှက်နေသည်ကို အားလုံး တွေ့လိုက်ရသည်။
မိစ္ဆာတစ်ကောင်ကဲ့သို့ ကြောက်လန့် ခြောက်ခြားဖွယ် ကောင်းလှသည်။ ထို့နောက်တွင် ထိုအနက်ရောင် အရိုးခွံ ပုံသဏ္ဌာန်များ တောက်ပလာပြီး ယဲ့ဖန်ထံမှ မရဏ အငွေ့အသက်များ စိမ့်ဝင်ပျံ့နှံ့လာသည်။
Chapter 495 မင်းကိုခုတ်မယ့်ဓားလေ
ကျောချမ်းဖွယ် ကောင်းလှသည်။
ယခုအချိန်၌ အရိုးခွံ ပုံသဏ္ဌာန်များနှင့် ပြည့်နှက်နေသော ယဲ့ဖန်သည် ငရဲမှထွက်လာသော မိစ္ဆာကောင်ကဲ့သို့ ခြောက်ခြား ဖွယ် ကောင်းလှသည်။
မရဏ အငွေ့အသက်များလည်း ပြည့်နှက်နေသည်။
ထိုသို့သောအချိန်၌ ယဲ့ဖန်၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ နတ်ဆိုးများစွာ ဝင်ရောက်လာသောလည်း မိုနာဒိုဘုရင်၏ လက်သီးချက်သည် ယဲ့ဖန်အား အပြင်းအထန် ဒဏ်ရာရသွားစေခဲ့သည်။
တကယ်တမ်းတွင် သူသည် နတ်ဘုရား သေနာပတိ တစ်ပိုင်းအဆင့်သာ ရှိသေးသည် မဟုတ်ပါ တကား။
ယခုအချိန်၌ ယဲ့ဖန်သည် အဆင့်ငယ် ဆယ့်ခြောက်ဆင့်သာသော ရန်သူကို ခုန်ကျော်၍ တိုက်ခိုက်နိုင်သော်လည်း မိုနာဒိုဘုရင်သည် နတ်ဆိုးမျိုးနွယ်၏ ထိပ်တန်း သိုင်းပညာရှင် တစ်ယောက် ဖြစ်သည်။
အထူးသဖြင့် သူသည် နတ်ဘုရားမျိုးနွယ်ထဲသို့ ဝင်ရောက် သွားပြီးနောက် သူ၏ခွန်အားက တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။
ကြောက်မက်ဖွယ် ကောင်းလှသည်။ နတ်ဘုရား သေနာပတိ တစ်ပိုင်းအဆင့်လေးနှင့် ဤသို့ ပြင်းထန်သော လက်သီးချက်ကို တောင့်ခံနိုင်သည်ကပင် ဆန်းကြယ်လွန်းနေပြီ ဖြစ်သည်။
“ဟားဟားဟား ...”
ထိုစဉ် ကမ္ဘာဦး ကောင်းကင်သခင်သည် ယဲ့ဖန်၏နှုတ်ခမ်းထောင့်မှ သွေးစက်များကိုမြင်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။
“နတ်ဆိုးဧကရာဇ်၊ မင်း ပြန်လည်မွေးဖွားလာပြီး နောက်ပိုင်း ဘာဖြစ်လာမလဲဆိုတာကို မတွေးနိုင်ခဲ့ဘူးမလား။ အရင်လို မဟုတ်ဘဲ မင်းက ငါ့သခင်ကြီး သတ်တာကို ခံရတော့မှာ”
“ဒီကျယ်ပြောတဲ့ စကြဝဠာထဲမှာ နတ်ဆိုးမျိုးနွယ်ဆိုတာ မရှိတော့ဘူး။ ဒါ နတ်ဘုရားတွေရဲ့ ကမ္ဘာပဲကွ၊ ဟားဟားဟား ...”
ကမ္ဘာဦး ကောင်းကင်သခင်က ဟားတိုက်ရယ်မောလေသည်။ နတ်ဆိုးဧကရာဇ် ကျဆုံး သွားသည်ကို တွေ့ခွင့်ရခြင်းသည် နတ်ဘုရားမျိုးနွယ်တိုင်း၏ ဘဝတွင် ဂုဏ်အယူရဆုံး အချိန် ဖြစ်လာမည်မှာ အသေအချာပင်။
သူသည်သာမက ဘေးပတ်လည်ရှိ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် နှစ်ထောင်ကျော်တို့၏ မျက်နှာထက်တွင် ရက်စက် ကြမ်းကြုတ်၍ ရူးသွပ်နေဟန်များ ထင်ဟပ်နေ၏။
မိုနာဒိုဘုရင်၏ လက်သီးချက်ကြောင့် ယဲ့ဖန် ပေါက်ကွဲ သွားသည်ကို သူတို့ မြင်ယောင်ပြီး နေပုံရသည်။
ထိုသို့သောအချိန်၌ မိုနာဒိုဘုရင်၏ လက်လေးချောင်းသာပါသော လက်ဝါးချက်က ထပ်မံ ကျရောက်လာပြန်သည်။ နားကွဲမတတ် ပေါက်ကွဲသံလည်း ထွက်ပေါ်လာ၏။
“နတ်ဆိုးဧကရာဇ်၊ အဲ့အချိန်တုန်းက ခင်ဗျား မဟာနတ်ဆိုးသခင် လေးပါး၊ မဟာနတ်ဆိုးနတ်ဘုရား ခြောက်ယောက်၊ မဟာနတ်ဆိုးဘုရင် ရှစ်ယောက်၊ ကောင်းကင်ဘုံ နတ်ဆိုး သုံးဆယ့်နှစ်ယောက်၊ ခုနစ်ဆယ့် နှစ်ယောက်သော မြေကမ္ဘာ နတ်ဆိုးတွေနဲ့ ဘီလီယံချီတဲ့ နတ်ဆိုးစစ်တပ်ကို ချိပ်ပိတ်ခဲ့တယ်”
“ဒါပေမဲ့ ခင်ဗျား ဘာလို့ ကျုပ်ကို ချိပ်မပိတ်ခဲ့တာလဲ”
မိုနာဒိုဘုရင်၏ လက်ဝါးထက်မှနေ၍ မိုနာဒိုဘုရင်၏ အသံက ကြောက်ခမန်းလိလိ ထွက်ပေါ် လာသည်။ ဤကိစ္စက သူ့အား နာကျည်း၍ မလိုမုန်းတီးဖြစ်သလို ခံစားမိစေခဲ့သည်။
“မင်းကို ချိပ်ပိတ်ရမယ် ဟုတ်လား”
ယဲ့ဖန်က လက်မောင်းကို လှုပ်ခါလိုက်သောအခါ အရိုးခွံ ပုံသဏ္ဌာန်များက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ယဲ့ဖန်သည် နှုတ်ခမ်းထောင့်မှ သွေးကိုသုတ်၍ မိုနာဒို၏ လက်ဝါးကို အေးစက်သော အကြည့်များဖြင့် ကြည့်နေသည်။
“အဲ့အချိန်တုန်းက မင်းက နတ်ဘုရားတွေနဲ့ အဆက်အသွယ် ရှိနေပြီးတော့ မင်းက နတ်ဆိုးဖြစ်နေတာတောင် အင်မော်တယ် တွေနဲ့ အဆက်အသွယ် ရှိခဲ့တယ်”
“မင်းက ဂုဏ်ပကာသနအတွက် လောဘတက်ပြီး သစ္စာဖောက် ခဲ့တယ်၊ မင်းကို ဘာလို့ ချိပ်ပိတ်ခဲ့ရမှာလဲ”
“အဲ့အချိန်တုန်းက မင်းကို မသတ်ခဲ့မိတာနဲ့ မင်းရဲ့ ကာလိုဂြိုဟ်စု နယ်မြေကို မဖျက်ဆီးခဲ့မိတာကို ငါ နောင်တရတယ်”
*ဘာ*
ကမ္ဘာဦး ကောင်းကင်သခင်နှင့် အခြားသူများသည် ယဲ့ဖန် ဤမျှ ဘဝင်မြင့်လိမ့်မည်ဟု ထင်မထားမိကြချေ။ ကာလိုဘုရင် မိုနာဒို အလွန် ဒေါသထွက်လာ၏။
“ကောင်းပြီလေ၊ သိပ်အကြောမာတဲ့ နတ်ဆိုးဧကရာဇ်ပဲ”
“မင်းတို့ နတ်ဆိုးမျိုးနွယ်ရဲ့ အရိုးက ဒီလောက် မာနေမှတော့ ငါက မင်းရဲ့အရိုးတွေကို ချိုးပစ်ပြီး မင်းရဲ့ ကြွက်သားတွေကို ဖျက်ဆီးပစ်ရတာပေါ့”
မိုနာဒိုဘုရင်၏ အသံ ထွက်ပေါ်လာပြီးနောက် သံမဏိ လက်သီးကို ဝင့်၍ ယဲ့ဖန်ကို ထပ်ထိုး လိုက်သည်။
ဝုန်း!
ထိုလက်သီးချက်၌ မိုနာဒိုဘုရင်၏ ခွန်အားအကုန် ပါဝင်နေပြီး မိုးကောင်းကင်အား ပေါက်ကွဲစေနိုင်၏။
“ယဲ့ဖန်”
ဖန့်ယင်း၏ မျက်နှာလေးသည်လည်း စက္ကူကဲ့သို့ ဖြူရော်လာသည်။ ထိုအခါ ယဲ့ဖန်က သူမလက်လေးကို အသာပုတ်လိုက်သည်။ ထို့နောက် ချက်ချင်း ရှေ့သို့ လှမ်း၍ လက်ကို လှုပ်ခါလိုက်သည်။
“ကောင်းကင်ဘုံ” ဟု ရေးထိုးထားသည့် ရွှေရောင်ဓားတစ်လက်က ရုတ်တရက် သူ့လက်ထဲမှ ထွက်ပေါ်လာသည်။
ထို့အပြင် ဆန်းကြယ်ရေခဲ ချီဓာတ်၊ ထိပ်တန်းအဆိပ်ချီဓာတ်နှင့် မသေမျိုး ချီဓာတ်တို့ကပါ ဓားပတ်လည်၌ ရစ်ဝဲလာသည်။
ရုတ်တရက် ပြိုင်ဘက်ကင်း ခန္ဓာကိုယ်သုံးမျိုး၏ စွမ်းအင်က ရွှေရောင်ဓားကျိုး၏ ထက်ရှသော ဓားသွားထဲသို့ စိမ့်ဝင်သွားသည်။
“ဒါက …”
ဤမြင်ကွင်းက မိုနာဒို၏ လက်သီးချက်ကို မသိမသာ တန့်သွားစေသည်။ ဘာရယ်ကြောင့်မှန်း မသိသော်လည်း မိုနာဒို ဘုရင်သည် ထိုကောင်းကင်ဘုံဟူသည့် ရွှေရောင်ဓားကျိုး မှနေ၍ ထိတ်လန့်ဖွယ် အငွေ့အသက်များ ထုတ်လွှင့်နေသည်ဟု ခံစားနေ မိသည်။
ထိုခံစားချက်က သူ့အား ထိတ်လန့်သွားစေသည်။
“မသေမျိုး ခန္ဓာကိုယ်၊ ဆန်းကြယ် ရေခဲခန္ဓာကိုယ်၊ ထိပ်တန်း အဆိပ်ခန္ဓာကိုယ်၊ မင်း … မင်း ပြိုင်ဘက်ကင်း ထိပ်တန်းခန္ဓာကိုယ် သုံးခုကို ပေါင်းစပ်ထားတာလား”
ထိတ်လန့်သွားလေသည်။ ထိုသို့သောအချိန်၌ မိုနာဒိုဘုရင်သည် အလွန် ထိတ်လန့် ခြောက်ခြားလာ၏။
ဤစကြဝဠာထဲ၌ ပြိုင်ဘက်ကင်း ထိပ်တန်း ခန္ဓာကိုယ်သုံးခုကို ပေါင်းစပ်သည့်သူ တစ်စုံတစ်ယောက် ရှိနေလိမ့်မည်ဟု သူ တစ်ခါမှ မကြားဖူးခဲ့ချေ။
ဤသည်မှာ မဖြစ်နိုင်သည့် ကိစ္စပင်။ ထိုသည်သာမကချေ။
“ပြိုင်ဘက်ကင်း ခန္ဓာကိုယ် သုံးမျိုးအပြင် ဝိညာဉ်စား ပုရွက်ဆိတ်တွေ၊ ပြီးတော့ နတ်ဘုရား သေနာပတိ တစ်ပိုင်းအဆင့်လေးနဲ့ အဆင့်ငယ် ဆယ်ခြောက်ဆင့်ကို ကျော်လွန်ပြီး နတ်ဘုရားစွမ်းအင်ကို ချေဖျက်နိုင်တယ်၊ ဒီ ခွေးမသားကတော့ …”
မိုနာဒိုဘုရင်သည် ထိတ်လန့်သွားသလို ဒေါသလည်း ထွက်နေ၏။ သူ့အရှေ့မှ နတ်ဆိုးဧကရာဇ်သည် ယခင်ဘဝကထက် အဆပေါင်း များစွာ ပို၍ သန်မာနေသည်ကို သူ ယခုမှ သတိပြုမိသွားသည်။
အကယ်၍ သူသာ ဆက်လက် ကြီးပြင်းလာပါက နတ်ဆိုး မျိုးနွယ်သည် ပို၍ မြင့်တက် လာပေမည်။ ထိုသို့ဆိုလျင် ကျန်မျိုးနွယ်များအားလုံး ပျက်စီးသွားပေလိမ့်မည်။
“မင်းက သေရတော့မှာကွ၊ ငါ မင်းကို သတ်ကိုသတ်ပစ်မှ ဖြစ်မှာ”
မိုနာဒိုဘုရင်၏ စကားအဆုံး၌ သံမဏိ လက်သီးချက်က ယဲ့ဖန်ထံ ကျရောက်လာသည်။ ဤလက်သီးချက်က ယခင်လက်သီးချက် များထက် ပို၍ ပြင်းထန်လှသည်။
ထိုလက်သီးချက် ကျရောက်လာသည်နှင့် လေထုအား ထိုးခွင်း ဖျက်ဆီး လာ၏။
ကမ္ဘာဦး ကောင်းကင်သခင်နှင့် အခြားသူများ မှင်တက်နေကြသည်။ ဤလက်သီးချက်က မိုနာဒိုဘုရင်၏ အားအပြင်းဆုံး လက်သီးချက်မှန်း သူတို့ သိနေပါသည်။
ပြင်းထန်လှသော ဖိအားကြောင့် ယဲ့ဖန်၏ ဆံပင်များ လွင့်စဉ်သွားသည်။ ထိုဖိအားကြောင့် သူ၏ပါးများပင် အလွန် နာကျင်လာရသည်။
သို့သော် ယဲ့ဖန်၏ အမူအရာသည် စိတ်ပျက်၊ ဝမ်းနည်းခြင်းမရှိဘဲ တည်ငြိမ်နေ၏။
ကောင်းကင်ထက်မှ မိုနာဒိုဘုရင်၏ လက်သီးချက်ကိုကြည့်ပြီး သူ၏ ရွှေရောင်ဓားအား အနည်းငယ် ဝင့်၍ လွှဲလိုက်သည်။
ထိုဓားချက်သည် အားပျော့ပုံရသည်။ ကမ္ဘာဦး ကောင်းကင် သခင်နှင့် အခြားသူများ ရုတ်တရက် တွေဝေနေပြီးမှ ချက်ချင်း တက်ကြွပျော်ရွှင်သွားသည်။
*သေမှာပဲ*
*ဒီလိုပျော့ဖတ်ဖတ် ဓားချက်လေးနဲ့ မိုနာဒိုဘုရင်ရဲ့ လက်သီး ချက်ကို ခုခံချင်တာလား*
*ရူးနေတာပဲ ဖြစ်မယ်*
“သေမှာ၊ ဒီမကောင်းဆိုးဝါး နတ်ဆိုး ဧကရာဇ်က နောက်ဆုံးတော့ သေတော့မှာပါလား”
ကမ္ဘာဦး ကောင်းကင်သခင်သည် လှောင်ပြုံးပြုံးလိုက်သည်။ သူ အမုန်းတီးဆုံးနှင့် အကြောက်လန့်ရဆုံးသူက သူ့မျက်စိရှေ့မှာတင် ပျောက်ကွယ်တော့မည် ဖြစ်သဖြင့် သူ စိတ်လှုပ်ရှားက ကတုန်ကယင် ဖြစ်လာသည်။
ကျန်သော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များသည်လည်း မျက်လုံးအား တတ်နိုင်သမျှ ပြူးကျယ်ထားကြသည်။
နတ်ဆိုးဧကရာဇ် ကျဆုံးခန်းကဲ့သို့သော ဂုဏ်ဝင့်ဖွယ် အချိန်အခါအား သူတို့ လက်လွှတ်မခံ လိုကြချေ။
“သေလိုက်တော့”
မိုနာဒို ဘုရင်၏ အသံထွက်ပေါ်လာသလို သူ၏ လက်သီးချက်နှင့် ရွှေရောင်ဓားကျိုးတို့ ထိပ်တိုက် တွေ့သွားလေ၏။
ရွှစ်!
သို့သော် ထိုအချိန်၌ သွေးစက်များ လွင့်စဉ်ထွက်လာသောကြောင့် လူတိုင်း မယုံနိုင် လောက်အောင် ဖြစ်သွားကြသည်။ ထိုသွေးစက် များက သံမဏိ လက်သီးမှ လွင့်စဉ်ထွက် လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။
*ဘာ*
ဓားချက်သည် မိုနာဒိုဘုရင်၏ လက်သီးကိုသာမက အရိုးထဲအထိပါ ထိုးစိုက်နေ၏။
“အား”
မိုနာဒိုဘုရင်သည် ထိတ်လန့်ဒေါသထွက်ကာ လက်သီးအား ပြန်ရုတ်လိုက်သည်။ ထိုအချိန်တွင် ကမ္ဘာဦး ကောင်းကင်သခင်နှင့် အခြားသူများ မယုံသင်္ကာ ဖြစ်နေကြသည်။
*ဒဏ်ရာရသွားတာလား*
ယဲ့ဖန်ကဲ့သို့ နတ်ဘုရား သေနာပတိ တစ်ပိုင်းအဆင့်က မိုနာဒိုဘုရင်အား ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိချေ။
“ဒါ … ဒါ ဘယ်လိုဓားကြီးလဲ၊ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
မိုနာဒိုဘုရင်၏ အံ့ဩ၍ ဒေါသထွက်နေသောအသံ ထွက်ပေါ်လာ၏။ ထိုအသံထဲတွင် အလွန် မှင်တက်၍ ကြောက်လန့် နေစိတ်များ ပြည့်နှက်နေ၏။
“ဒါလား … မင်းကို ခုတ်ဖြတ်မယ့်ဓားလေ”
စကားအဆုံး၌ ယဲ့ဖန်က လှစ်ခနဲ လှုပ်ရှား၍ ထိုလက်သီးထံသို့ ပြေးဝင်သွဦးသည်။ ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သံမဏိ လက်သီးအား ထပ်ခါထပ်ခါ ခုတ်ပိုင်းလေ တော့သည်။
ထိုသို့သောအချိန်၌ လူတိုင်း ထိတ်လန့်ရသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။
ရွှစ်! ရွှစ်!
သွေးများ ပန်းထွက်လာပြီး မိုနာဒိုဘုရင်၏ လက်တစ်ဖက်၌ ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်လာသည်။
လက်တစ်ဖက်၌ ဓားကို ဆွဲကိုင်ထားသော ယဲ့ဖန်သည် နတ်ဘုရားများကို သတ်ပြီး ပြန်လာဟန်နှင့် သဏ္ဌာန်တူနေ၏။ သူ၏ အမူအရာသည် အလွန် ရက်စက်ကြမ်းကြုတ်လှသည်။
စာစဉ် (၃၃) ဤတွင် ပြီးပါပြီ။