အခန်း (၄၉၆-၄၉၈)
Vol. 34 Ch. 496-498
Chapter 496 သေလိုက်တော့
ရွှစ်!
နောက်ထပ် ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက် ကြောက်မက်ဖွယ် လက်ချောင်း တစ်ချောင်း ပြတ်ကျသွားသည်။
“အား…”
မိုနာဒိုဘုရင်သည် အံ့အားသင့်၍ ဒေါသထွက်နေသော အသံဖြင့် ဟစ်အော်မိသွားသည်။ နတ်ဘုရား သေနာပတိ တစ်ပိုင်းအဆင့်သာ ရှိသော ယဲ့ဖန်ကြောင့် သူ ဒဏ်ရာရသွားသည်တဲ့လား။
“သေစမ်း၊ ငါ့လက်ချောင်း”
ယခုအချိန်၌ မိုနာဒိုဘုရင်၏ လက်ငါးချောင်းတွင် သုံးချောင်းသာ ကျန်ရှိတော့သည်။ ပထမ တစ်ချောင်းကို ဝိညာဉ်စား ပုရွက်ဆိတ်များက စားသုံးသွားပြီး ကျန်တစ်ချောင်းသည်ကား အဖြတ်ခံလိုက်ရလေသည်။
ထိုအဖြတ်ခံလိုက်ရသည့် နေရာမှနေ၍ သွေးများ တစက်စက် စီးကျနေပြီး အရိုးများ ထင်းခနဲ ပေါ်နေ၏။ ပြင်းထန်လှသော နာကျင်မှုက သူ့အား ရူးမတတ် ဖြစ်သွားစေသည်။
“သေပေတော့”
မိုနာဒိုဘုရင်သည် လက်သုံးချောင်းကို ဆုပ်၍ သူ၏ခွန်အားအကုန် ထုတ်သုံးပြီး ထပ်မံ၍ ယဲ့ဖန်အား ထပ်ခါထပ်ခါ ထိုးနှက်လာသည်။
ချွင်! ချွင်! ချွင်!
ယဲ့ဖန်သည် လက်တစ်ဖက်ဖြင့် ဓားကိုကိုင်ဆွဲ၍ အသည်းအသန် ခုခံလေ၏။ သို့သော် တစ်ကြိမ် တိုက်ခိုက်လိုက်တိုင်း ဓားချက်ကြောင့် သံမဏိ လက်သီး၌ ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာကာ သွေးများ တတောက်တောက် စီးကျလာ၏။
ဆယ်ကြိမ်၊ အကြိမ်နှစ်ဆယ်၊ အကြိမ် သုံးဆယ်။
…
မျက်စိတစ်မှိတ်အတွင်းမှာပင် သံမဏိ လက်သီး၌ ဒဏ်ရာများဖြင့် ပြည့်နှက်လာလေ၏။ ဤမြင်ကွင်းက ကမ္ဘာဦး ကောင်းကင် သခင်နှင့် အခြားသူများအား ဆီးထွက်ကျမတတ် ကြောက်လန့် သွားစေသည်။
ယဲ့ဖန်သည် နတ်ဘုရား သေနာပတိတစ်ပိုင်းအဆင့်လေးနှင့် မိုနာဒိုဘုရင်၏ ထိတ်လန့်ဖွယ်ကောင်းသော လက်သီးချက်ကို အကြိမ်ကြိမ် အခါခါ ထိခိုက်အောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
*မကောင်းဆိုးဝါးပဲ*
ကမ္ဘာဦး ကောင်းကင်သခင်နှင့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှ င်များ၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် ထိပ်တန်း မကောင်းဆိုးဝါး တစ်ကောင်သာ ဖြစ်လေသည်။
“အား”
ထိုသို့သောအချိန်၌ မိုနာဒိုဘုရင်၏ အော်ဟစ်သံ ပဲ့တင်ထပ် လာသည်။
“နတ်ဆိုးဧကရာဇ်၊ မင်း ငါ့ကို လုံးဝ ဒေါသထွက်လာအောင် လုပ်နေတာပဲ”
လက်သုံးချောင်းသာ ရှိသော လက်သီးက ရုတ်တရက် တိုက်ခိုက်နေရာမှ ရပ်တန့်သွားသည်။ လူတိုင်း၏ ထိတ်လန့် နေသော အကြည့်အောက်မှာပင် မိုနာဒိုဘုရင်၏ လက်က အရည်ပျော်ခါစ ပြုလာ၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် ရဲရဲတောက်နေသော သွေးရည် ကြည်များအသွင် ဖြစ်သွားလေသည်။ ထိုသည်သာ မကချေ၊ ထိုသွေးစက်များမှနေ၍ သွေးလူသားအသွင် ချက်ချင်း ပြောင်းလဲသွားသည်။
ထိုသွေးလူသားသည် မိုနာဒိုဘုရင် အစစ်အမှန် ဖြစ်လေ၏။ မရဏ အငွေ့အသက်တစ်ခုက လူတိုင်းအား လွှမ်းခြုံလာသည်။
“သေစမ်း”
ဤမြင်ကွင်းကိုမြင်ပြီး ယဲ့ဖန် မျက်နှာပျက်သွားသည်။ မိုနာဒိုဘုရင်သည် ယခင်က နတ်ဆိုးမျိုးနွယ်၏ ဘုရင်တစ်ပါး ဖြစ်ပြီး သူသည် တစ်မူထူးခြားသူ ဖြစ်လေသည်။
သူ၏ ကြောက်စရာ အကောင်းဆုံးသည်ကား ကာလို ပေါင်းစပ် ဖွဲ့စည်းခြင်းပင်။ သူသည် သူ၏ခန္ဓာကိုယ်မှ မည်သည့် အစိတ်အပိုင်းကိုမဆို သွေးခန္ဓာကိုယ်အဖြစ် ပြန်လည်ပေါင်းစပ် နိုင်သည်။
ထိုသွေးခန္ဓာကိုယ်၌ မိုနာဒိုဘုရင်၏ အတွေးများ၊ ကျင့်စဉ်များနှင့် လျှို့ဝှက်သိုင်းကွက်များ ပါရှိသည်။ အစစ်အမှန် ခွန်အားက မူလခန္ဓာကိုယ်ကဲ့သို့ မကောင်းသော်လည်း ကြောက်မက်ဖွယ် ကောင်းလှသည်။
ဤသွေးလူသားသည် လက်သုံးချောင်းသာ ရှိသော လက်သီးမှ နေ၍ အသွင်ပြောင်းထားခြင်း ဖြစ်သည်။ လက်နှစ်ချောင်း ပြတ်တောက်သွားသောကြောင့် မိုနာဒိုဘုရင် ဖွဲ့စည်းလိုက်သော ဤသွေးခန္ဓာကိုယ်တွင် လက်တစ်ဖက်နှင့် ခြေတစ်ဖက်သာ ပါရှိလေသည်။
သူ၏မျက်နှာသည် အလွန် ကျောချမ်းဖွယ်ကောင်းပြီး မလိုမုန်းတီးမှုများနှင့် ပြည့်နှက်နေ၏။ သူ၏ မီးဝင်းဝင်း တောက်နေသော မျက်လုံးတစ်စုံသည် မိစ္ဆာတစ်ကောင်ကဲ့သို့ ရက်စက်၍ သွေးဆာပုံ ပေါ်နေသည်။
“နတ်ဆိုးဧကရာဇ်၊ မင်း ပြန်မလာသင့်ဘူး၊ နတ်ဆိုးမျိုးနွယ်ဆိုတာ မရှိတော့ဘူး၊ နတ်ဘုရားမျိုးနွယ်ကပဲ မြင့်မားလာတာ။ ဒါ ဒီစကြဝဠာရဲ့ အလားအလာပဲ”
“ပြီးတော့ မင်းက မိုးကောင်းကင်ကို ဆန့်ကျင်တဲ့လမ်းကို လျှောက်နေတာ၊ မင်း ပြစ်ဒဏ်ချမှတ် ခံရလိမ့်မယ်”
မိုနာဒိုဘုရင်သည် ထပ်ခါထပ်ခါ ပျက်ရယ်ပြု၍ ယဲ့ဖန်အား သေလူတစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်နေ၏။ သူ့စကားကို ကြားပြီးနောက် ယဲ့ဖန်က မျက်လုံးကိုစင်း၍ ပြန်ကြည့် နေလိုက်သည်။
“ပြစ်ဒဏ်ချမှတ်ခံရမယ် ဟုတ်လား”
ယဲ့ဖန်က ထီမထင်ဟန်ပြုံးကာ ခေါင်းအသာခါ၍ မိုနာဒိုဘုရင်အား အထင်သေးသလို ပြန်ကြည့် လိုက်သည်။
“မိုနာဒို ကြည့်ရတာ မင်း မေ့သွားပြီထင်တယ်”
“နတ်ဆိုးတွေက နတ်ဘုရားတွေကို မရိုသေသလို မိုးကောင်းကင် ကိုလည်း ဦးမညွှတ်ဘူး။ သေခြင်း ရှင်ခြင်းကိုလည်း မကြောက် လန့်ဘူး”
“မင်းရင်ထဲက ကြောက်စိတ်က မင်းရဲ့ သေခြင်းတရားပဲ”
ဝုန်း!
ထိုစကားသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ မိုနာဒိုဘုရင်အား မှင်တက်သွားစေသည်။ သူ ထိုစကားကို မကြားရသည်မှာ အချိန် အတော်ကြာပြီ ဖြစ်သည်။ သူ မေ့လုမေ့ခင်အထိ ဖြစ်နေခဲ့သည်။
သူသည် ယခင်က ယဲ့ဖန်နှင့်အတူတူပင် ဖြစ်သည်။ နတ်ဆိုးအဖွဲ့ကို ချစ်ခင်၍ နတ်ဆိုးအဖြစ်သာ ရှင်သန်၍ နတ်ဆိုးအဖြစ်နှင့်သာ သေပွဲဝင်ချင်ခဲ့သည်။
နတ်ဆိုးမျိုးနွယ်၏ ယုံကြည်ရာသည် သူ၏ယုံကြည်ရာသာ ဖြစ်သည်။ နတ်ဆိုးမျိုးနွယ်၏ ဘဝသည် သူ့ဘဝ ဖြစ်သည်။ သို့သော် သူသည် ထိုပုဂ္ဂိုလ်နှင့် ဆုံတွေ့ပြီးကတည်းက အရာ အားလုံး ပြောင်းလဲ သွားခဲ့သည်။
“မဟုတ်ဘူး၊ ငါ နတ်ဆိုးဧကရာဇ်ရဲ့ လွှမ်းမိုးတာကို ခံလို့မဖြစ်ဘူး”
မိုနာဒိုဘုရင်က အသည်းအသန် ခေါင်းခါလိုက်သည်။ သူ့စိတ်ထဲမှ စွဲလမ်းမှုကို ဖယ်ရှားပစ်လိုက်သည်။
“အဲ့ဒီပုဂ္ဂိုလ် တစ်ယောက်တည်းကသာ ငါ့ရဲ့ ကယ်တင်ရှင်ပဲ၊ အဲ့ဒီပုဂ္ဂိုလ် တစ်ယောက်တည်းကိုပဲ နတ်ဘုရားလို့ ခေါ်ဆို ထိုက်တာ”
ထိုသို့တွေးမိပြီးနောက် မိုနာဒိုဘုရင်က ယဲ့ဖန်၏ မျက်လုံးအား သတ်ဖြတ်လိုသော အကြည့်များဖြင့် စူးစူးရဲရဲ စိုက်ကြည့် လာသည်။
“နတ်ဆိုးဧကရာဇ်၊ ငါ မင်းကို သေရွာလိုက်ပို့ပေးမယ်”
ထိုစကားအဆုံး၌ မိုနာဒိုဘုရင်၏ ပုံရိပ်သည် လှစ်ခနဲ လှုပ်ရှား၍ ယဲ့ဖန်ထံသို့ ပြေးဝင်လာသည်။
ဝုန်း! ဝုန်း! ဝုန်း!
သူ၏ တစ်ဖက်တည်းသော လက်သီးနှင့် ယဲ့ဖန်အား အပြင်းအထန် ထိုးနှက်လေ၏။ မျက်လုံး၌ သွေးရောင်များ လွှမ်းနေသည်။
“မိုနာဒို ဆမ်ဆာရာ လက်သီး”
ထိုသို့သောအချိန်၌ မိုနာဒိုဘုရင်သည် ကာလိုဂြိုဟ်စုနယ်မြေနှင့် ဘီလီယံချီသော ဝိညာဉ်များကို ချုပ်ခြယ်နိုင်သည့် လက်သီး ချက်အား ထုတ်သုံးလာသည်။
ထိုစဉ် သူ၏ လူသတ်နိုင်သော သိုင်းကွက်က ယဲ့ဖန်အား ဝါးမျိုတော့မတတ် ဖြစ်လာသည်။ မရဏ အငွေ့အသက်များက ယဲ့ဖန်ကို လွှမ်းမိုးလာသည်။
ယဲ့ဖန် ချက်ချင်း မျက်နှာပျက်သွားပြီး မိုနာဒိုဘုရင်အား တန်ပြန်ခုတ်ပိုင်းလိုက်သည်။ သို့သော် ထိုအချိန်၌ ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
ဝမ်!
ယဲ့ဖန်၏ ရွှေရောင်ဓားကျိုးက သူ့လက်ထဲမှ လွတ်ထွက်သွားသည်။ ရုတ်ချည်းဆိုသလိုပင် လေထုထဲ၌ ကြောက်မက်ဖွယ် သွေးအစီအရင် တစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်ဓားကို ချုပ်နှောင် ထားသည်။
ထိုသွေးအစီအရင်သည် အလွန်တရာ ထူးဆန်းလှပြီး ထိုအစီအရင် မှနေ၍ နတ်ဘုရား အလင်းတန်းများ ဖြာထွက်နေသည်။
ထိုအစီအရင်သည် သက်ရှိသတ္တဝါ တစ်ကောင်ကဲ့သို့ ရွှေရောင်ဓားကျိုးအား မလှုပ်နိုင်အောင် ချုပ်နှောင်ထားကြသည်။ ထိုအစီအရင်ကြောင့် ဓားက လှုပ်တောင်မလှုပ်နိုင်ချေ။
*ဒါက …*
ယဲ့ဖန် မျက်နှာ သုန်မှုန်သွားသည်။ ထိုသွေးအစီအရင်မှ ထွက်ပေါ်လာသော အင်အားကို သူ ခံစားမိသည်။ ရွှေရောင်ဓားကျိုးသည် သွေးအစီအရင်ထဲ၌ တင်းကျပ်စွာ ချုပ်နှောင်ခံထားရသဖြင့် လေထဲတွင် မလှုပ်မယက် တန့်နေလေ၏။
“ဟားဟားဟား …”
ထိုအချိန်၌ မိုနာဒိုဘုရင်က ခြောက်ခြားဖွယ်အသံနှင့် ရယ်မောလေသည်။
“နတ်ဆိုးဧကရာဇ် မင်း မတွေးမိဘူးမလား၊ ဒီလောက် ရာစုနှစ်တွေ ကြာပြီးတဲ့နောက်ပိုင်း “ကမ္ဘာဦး ချုပ်နှောင်ခြင်း” အစီအရင်ကို နတ်ဘုရားမျိုးနွယ်တွေဆီကနေ ငါ သင်ယူခဲ့တာ”
“မင်းရဲ့ နတ်ဘုရားလက်နက်ဖြစ်ဖြစ် အင်မော်တယ်အဆင့် လက်နက်ပဲဖြစ်ဖြစ် ဒီအစီအရင်ထဲကနေ မလွတ်မြောက်နိုင်ဘူး”
“အခု အဲ့ဒီ ရွှေရောင်ဓားကျိုး မရှိမှတော့ မင်း သေလို့ရပြီ”
မိုနာဒိုဘုရင်၏ စကားကြောင့် ဘေးရှိ ကမ္ဘာဦး ကောင်းကင်သခင်နှင့် အခြားနတ်ဘုရားမျိုးနွယ်များ တက်ကြွ လာသည်။ မိုနာဒိုဘုရင်အား ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်သည့် အကြောင်းရင်းမှာ ထိုရွှေရောင် ဓားကျိုးကြောင့်သာ ဖြစ်ကြောင်း သူတို့အားလုံး သတိထားမိသည်။ ယခု ထိုဓားကို ချုပ်နှောင်ထားသဖြင့် သူ သေပွဲဝင်ရတော့မည် ဖြစ်လေသည်။
“သူ့ကိုသတ်”
“သူ့ကိုသတ်”
“…”
ယခုအချိန်၌ ကမ္ဘာဦး ကောင်းကင်သခင်သာမက နတ်ဘုရား မျိုးနွယ် သိုင်းပညာရှင် အယောက် နှစ်ထောင် တို့သည် အရူးအမူး ဟစ်ကြွေးလာကြပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းလာသည်။
ထိုစကားကြောင့် ယဲ့ဖန်က ရယ်လိုက်သည်။ သူ၏အပြုံးသည် ရက်စက်၍ ခြောက်ခြားဖွယ် ကောင်းလှသည်။
“ရွှေရောင်ဓားကျိုး မရှိရင် မင်းကို မသတ်နိုင်ဘူးလို့ ဘယ်သူ ပြောလဲ”
*ဘာ*
သူ့စကားကြောင့် မိုနာဒိုဘုရင်နှင့် နတ်ဘုရားမျိုးနွယ်များ မှင်တက် သွားကြသည်။ ယဲ့ဖန်က လက်ချည်းဗလာနှင့် ဖြစ်နေသော်လည်း ထိုသို့ပြောရဲသည့် သတ္တိရှိလိမ့်မည်ဟု သူတို့ ထင်မထား မိကြချေ။
ထိုသည်သာမကသေးချေ၊ ယဲ့ဖန်သည် လက်သီးဆုပ်လိုက်ပြီး ထိုလက်သီး၌ နတ်ဆိုးချီဓာတ်များ စုဝေးလာသည်။ ရုတ်တရက် မိုနာဒိုဘုရင် မျက်မှောင်ကြုတ်လာသည်။
“နတ်ဆိုးဧကရာဇ်၊ မင်းက ငါ့ကို နတ်ဆိုးသတ် လက်သီးသိုင်းနဲ့ သတ်ချင်နေတာလား၊ ဟာသပဲ”
“တကယ်လို့ အဲ့လက်သီးချက်က မင်းရဲ့အရင်ဘဝတုန်းက လက်သီးချက်မျိုးလို ဖြစ်နေခဲ့မယ်ဆိုရင် သာမန် လက်သီးချက်နဲ့တင် ငါ့ကို သတ်နိုင်လောက်တယ်၊ ဒါပေမဲ့ အခု မင်းက နတ်ဘုရား သေနာပတိအဆင့်ပဲ ရှိတာလေ၊ မင်း အဲ့ဒါနဲ့ တိုက်မယ်ဆိုရင်တောင်မှ ဘယ်လိုလုပ် ငါ့ကို ထိခိုက်အောင် လုပ်နိုင်မှာလဲ၊ ဟားဟားဟား …”
မိုနာဒိုဘုရင်က ဟားတိုက်ရယ်မောလာသည်။ သူ့မျက်လုံးထဲတွင် ယဲ့ဖန်သည် အသတ်ခံရတော့မည့် သိုးတစ်ကောင်သာ ဖြစ်လေသည်။
သို့သော် ထိုသို့သောအချိန်၌ ယဲ့ဖန်က လှစ်ခနဲ လှုပ်ရှား၍ မိုနာဒိုဘုရင်ထံသို့ ပြေးဝင်လာသည်။ သူ၏ နတ်ဆိုးသတ် လက်သီးကိုဝင့်၍ မိုနာဒိုဘုရင်အား ပြင်းထန်စွာ ထိုးနှက် လိုက်သည်။
“သေချင်နေတာပဲ”
မိုနာဒိုဘုရင်က ပျက်ရယ်ပြု၍ သူ့၏ သံမဏိလက်သီးချက်ဖြင့် ပြန်ထိုးလိုက်သည်။
ဘန်း! ဘန်း! ဘန်း!
လက်သီးချင်း ထိပ်တိုက်တွေ့ဆုံသွားပြီး ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် လေထုပင် အက်ကွဲလာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ယဲ့ဖန်၏ လက်သီးက ကျိုးကြေ မတတ် ဖြစ်လာလေ၏။
ထိုအခါ ကမ္ဘာဦး ကောင်းကင်သခင်နှင့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များက နတ်ဆိုးဧကရာဇ်၏ ကံကြမ္မာဆိုးကို မြင်ယောင်နေဟန်ဖြင့် ရယ်မောကြလေသည်။ ထိုအချိန်တွင် …
ဒေါင်!
ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ ထိုခေါင်းလောင်းသံကြောင့် လူတိုင်း တုန်ယင်သွားသည်။ ထိုအချိန်မှာပင် ယဲ့ဖန်၏ လက်သီးချက်က မိုနာဒိုဘုရင်၏ ဦးခေါင်းအား ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
Chapter 497 အရူး
ဒေါင်!
ထိုခေါင်းလောင်းသံသည် နတ်ဘုရား စိတ်ဝိညာဉ်အား တုန်ခါနိုင် စေပုံရသည်။ မိုနာဒိုဘုရင်၏ ခန္ဓာကိုယ် တုန်ယင်သွားလေသည်။
ထိုစဉ် ယဲ့ဖန်၏ လက်သီးချက်က သူ့ဦးခေါင်းသို့ ထိမှန်လာသည်။ မိုနာဒိုဘုရင်သည် ရုတ်တရက် ခေါင်းကိုက်သလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး မီတာ တစ်ထောင်ခန့် လွင့်ထွက်သွားကာ သွေးအန်မိ လေသည်။
ဝေါ့!
ထိုသို့သောအချိန်၌ မိုနာဒိုဘုရင်၏ မျက်နှာသည် စက္ကူစကဲ့သို့ ဖြူရော်နေ၏။ တိတ်ဆိတ်ခြင်း၊ ယခုအချိန်၌ ကောင်းကင် ထက်တွင် တိတ်ဆိတ်ခြင်းက မင်းမူနေ၏။ ကမ္ဘာဦး ကောင်းကင် သခင်နှင့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် နှစ်ထောင်ကျော်တို့သည် တွေဝေလျက် ရှိနေသည်။
သို့သော် မျက်စိရှေ့မှ အရာအားလုံးကို သေချာမြင်လိုက်ရချိန်တွင် သူတို့သည် ထိတ်လန့်မတတ် ဖြစ်သွားကြရသည်။
“ဘာလို့ … ဘယ်လို”
သူတို့သည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်လောက်အောင် ဖြစ်နေ ကြသည်။
*ရှုံးသွားတာလား*
*မြင့်မြတ်တဲ့ မိုနာဒိုဘုရင်က နတ်ဘုရား သေနာပတိ တစ်ပိုင်းအဆင့်ပဲ ရှိတဲ့ ယဲ့ဖန်ကြောင့် သဲအိတ်လို အထိုးခံရပြီး လွင့်ထွက်သွားတယ်တဲ့လား*
*အံ့ဩစရာကောင်းလိုက်တာ*
“ကောင်းကင်ခွင်းခေါင်းလောင်း”
တစ်ချိန်တည်းမှာပင် မိုနာဒို၏ ထိတ်လန့်နေသော အသံ ထွက်ပေါ် လာသည်။ သူ့မျက်လုံးထဲတွင် ကြောက်စိတ်နှင့် လောဘစိတ် များနှင့် ပြည့်နှက်နေသည်။ သူသည် ယဲ့ဖန်အား မိုးကောင်းကင်က ပေးသနားလာသော ရတနာအား ကြည့်သကဲ့သို့ ကြည့်နေသည်။
“နတ်ဆိုးဧကရာဇ် မင်းက ကောင်းကင်ခွင်း ခေါင်းလောင်းနဲ့အတူ ပြန်လည် မွေးဖွားလာတာပဲ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
မိုနာဒိုဘုရင် မယုံနိုင်လောက်အောင် ဖြစ်နေလေ၏။ လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာတုန်းက စကြဝဠာထဲရှိ လောကအုပ်ချုပ်သူတို့ အပါအဝင် အသန်မာဆုံးသော သိုင်းပညာရှင်များသည် ကမ္ဘာဦး ထိပ်တန်း ရတနာဖြစ်သည့် ကောင်းကင်ခွင်းခေါင်းလောင်းအား မရရအောင် လုယူခဲ့ကြသည်။
ထိုအကြောင်းကြောင့်ပင် ပင်မ နတ်ဘုရား ဆယ်ပါးသည် ယဲ့ဖန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ထိုတိုက်ပွဲ၌ ယဲ့ဖန်သည် မိုးကောင်းကင်ကို ထိန်းချုပ်၍ လောက အုပ်ချုပ်သူ သုံးပါးအား ပေါက်ကွဲအောင် ပြုလုပ်၍ ကောင်းကင်ခွင်း ခေါင်းလောင်းအား လုယူသွားခဲ့သည်။
သို့သော် ယဲ့ဖန်၏ သေဆုံးမှုမှာလည်း ထိုကောင်းကင်ခွင်း ခေါင်းလောင်းကြောင့်ပင် ဖြစ်လေသည်။ သို့သော် ယခုအခါတွင်မူ …
“ငါ နားလည်ပြီ၊ ကောင်းကင်ခွင်း ခေါင်းလောင်းက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်တာပဲ။ မင်းက အရင်လောက် သန်မာတယ်ဆိုရင်တောင်မှ မင်း မလွတ်နိုင်ပါဘူး”
ထိုသို့တွေးမိပြီးနောက် မိုနာဒိုဘုရင်၏ မျက်လုံးထဲ၌ ဝမ်းသာပျော်ရွှင်နေဟန်နှင့် လောဘတက်နေဟန် အရိပ်အယောင်များက ပိုမိုများပြားလာသည်။
ရတနာတစ်ပါးပင်။ ယခုအချိန်၌ မိုနာဒိုဘုရင်၏ အမြင်တွင် ယဲ့ဖန်သည် ခေါင်းစခြေဆုံး ရတနာတစ်ခုသာ ဖြစ်လေသည်။
ဝိညာဉ်စား ပုရွက်ဆိတ်၊ သေမင်း နတ်ဆိုးဆုဒြာ၊ ပြိုင်ဘက်ကင်း ထိပ်တန်းခန္ဓာကိုယ် သုံးမျိုး၊ ကြောက်မက်ဖွယ် ရွှေရောင် ဓားကျိုးတစ်လက်၊ ထို့အပြင်ကိုမှ ကောင်းကင်ခွင်း ခေါင်းလောင်း။
ဤထိပ်တန်း ရတနာများက မိုနာဒိုဘုရင်အား အလွန် ရူးသွပ်သွားစေသည်။ ယခုအချိန်၌ ယဲ့ဖန်၏ အမူအရာက ဖြူဖျော့ နေသည်။
မိုနာဒိုဘုရင်သည် အလွန် ကြောက်လန့်ဖွယ် ကောင်းလှသည်။ သူသည် ကောင်းကင်ခွင်း ခေါင်းလောင်းကို သုံး၍ သူ၏နတ်ဘုရား ဝိဉာဉ်အား အေးခဲစေခဲ့သည်။ ဤသည်က ယဲ့ဖန်၏ စိတ်ဝိညာဉ် စွမ်းအင်ကို အလွန်အမင်း ကုန်ဆုံးစေသည်။
ဤသို့သော တိုက်ခိုက်မှုမျိုးအား ကြာရှည်သုံးစွဲ၍ မရနိုင်ချေ။
“ငါ သေတဲ့အထိ တိုက်မှပဲ ရမယ်နဲ့တူတယ်”
ထိုသို့တွေးမိပြီးနောက် ယဲ့ဖန်၏ မျက်လုံးသည် ရူးသွပ်မှုကြောင့် မီးဝင်းဝင်း တောက်လာသည်။
“ဟားဟားဟား … နတ်ဆိုးဧကရာဇ်၊ ကြည့်ရတာ ကောင်းကင်ခွင်း ခေါင်းလောင်းကို အသုံးပြုတာက ကျုပ်ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကို အေးခဲသွားအောင် လုပ်နိုင်သလို ခင်ဗျားရဲ့ စိတ်ဝိညာဉ် စွမ်းအင်ကိုလည်း ကုန်ဆုံးစေတယ်နဲ့တူတယ်”
မိုနာဒိုဘုရင်သည် ယဲ့ဖန်၏ အတွင်းစိတ်ကို သိနေသကဲ့သို့ စိုက်ကြည့်၍ ပျက်ရယ်ပြုလိုက်သည်။
“ဒီလိုဆိုမှတော့ ခင်ဗျား ခဏခဏ တိုက်ခိုက်နိုင်မလား ကျုပ် သိချင်မိတယ်”
ထိုသို့ပြောပြီး မိုနာဒိုဘုရင်က သူ့လက်သီးကိုဝင့်၍ မိုနာဒို ဆမ်ဆာရာ လက်သီးချက်ဖြင့် ယဲ့ဖန်အား ပြင်းထန်စွာ ထိုးနှက် လိုက်သည်။
ထို့နောက်တွင်မူ လူတိုင်း ထိတ်လန့်သွားရသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ သန်မာသော သိုင်းပညာရှင်နှစ်ယောက်က ကောင်းကင် ထက်၌ အပြင်းအထန် တိုက်ခိုက်နေကြသည်။
ထိုတိုက်ခိုက်မှုနှင့်အတူ ခေါင်းလောင်းသံကလည်း ထွက်ပေါ် လာသည်။
ဒေါင်!
ယဲ့ဖန်၏ ဒုတိယ လက်သီးချက်က မိုနာဒိုဘုရင်၏ ဦးခေါင်းပေါ်သို့ ကျရောက်လာသည်။
ဒေါင်!
တတိယ လက်သီးချက်။
ဒေါင်!
စတုတ္ထ လက်သီးချက်။
…
ထိုသို့သောအချိန်၌ ကောင်းကင်ခွင်း ခေါင်းလောင်း မြည်ဟီးလာတိုင်း ဘေးနားမှ ဖန့်ယင်းသာမက ကမ္ဘာဦး ကောင်းကင်သခင်နှင့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များပါ ငိုင်တွေသွားကြသည်။
မိုနာဒိုဘုရင်၏ ဦးခေါင်းမှ သွေးများ စိမ့်ထွက်လာသည်ကို သူတို့ မြင်နေရသည်။ အရေပြားများ လန်၍ အသားစကို မြင်တွေ့နေရသည်။
ပုံပျက်ပန်းပျက် နိုင်လှသည်။ သို့သော် သူ့မျက်နှာထက်၌ သရော်ပြုံးသာ ရှိနေ၏။
“ဟားဟားဟား … နတ်ဆိုးဧကရာဇ်၊ တိုက်လေ၊ မင်း နောက်ထပ် ထပ်ထိုးနိုင်ဦးမယ်လို့ ငါ ထင်တာပဲ”
“မင်း ခေါင်းလောင်းကို မြည်အောင် မလုပ်နိုင်တဲ့အချိန်က မင်း သေရမယ့်အချိန်ပဲ”
မိုနာဒိုဘုရင်က ယဲ့ဖန်ကို ဝါးစားမတတ် ကြည့်နေသည်။ ထိုအကြည့်၌ အထင်သေး စက်ဆုပ်ဟန်များလည်း ပါဝင်နေ၏။
“အဲ့လိုလား”
ထိုစဉ် ယဲ့ဖန်က ပျက်ရယ်ပြုဟန်ဖြင့် ပြောလိုက်ပြီး သူ့မျက်လုံး၌ ရူးသွပ်မှုများ ထင်ဟပ်နေ၏။
“စိတ်ဝိညာဉ် လောင်ကျွမ်းခြင်း စွမ်းအင်”
ထိတ်လန့်ဖွယ် ဟစ်ကြွေးသံနှင့်အတူ ကောင်းကင်ထက်၌ ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
ဒေါင်!
ထိုခေါင်းလောင်းသံသည် သာယာနာပျော်ဖွယ် ကောင်းသလို စကြဝဠာတစ်ခုလုံးအား အေးခဲသွားနိုင်စေ ပုံရသည်။
မိုနာဒိုဘုရင်၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် သူ့မျက်လုံး၌ သွေးပျက် ခြောက်ခြားဟန်များ ထွက်ပေါ်လာသည်။
“မလုပ်နဲ့”
သူ့အသံအဆုံး၌ လူတစ်ကိုယ်လုံး အေးခဲသွားသည်။
ဒုန်း!
ယဲ့ဖန်၏ လက်သီးချက်က သူ့ခေါင်းထက်သို့ ထပ်၍ ကျရောက် လာပြန်၏။
ဂျွတ်!
ရုတ်ချည်းဆိုသလိုပင် မိုနာဒိုဘုရင်၏ ဦးခေါင်းပေါ်၌ အက်ရာတစ်ခု ဖြစ်ပေါ်လာသည်။ ထိုမျှနှင့် မကသေးချေ။ သာယာနာပျော်ဖွယ် ကောင်းသော ခေါင်းလောင်းသံက အဆက်မပြတ် ထွက်ပေါ် လာ၏။
ထို့အတူ ယဲ့ဖန်က ဆက်တိုက် ထိုးနှက်လေ၏။
ဝုန်း! ဝုန်း! ဝုန်း!
ဒုတိယအကြိမ်မြောက် အက်ရာ။
တတိယအကြိမ်မြောက် အက်ရာ။
…
ထိုအချိန်၌ မိုနာဒိုဘုရင်၏ ဦးခေါင်း၌ အက်ရာများစွာ ဖြစ်ပေါ်လာပြီး ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲလုနီးပါး ဖြစ်လာ လေသည်။
ခေါင်းလောင်းသံ ရပ်တန့်သွားချိန်တွင် မိုနာဒိုဘုရင်သည် ရုတ်တရက် သတိဝင်လာပြီး ကြောက်လန့်နေသော ယုန်တစ်ကောင်သဖွယ် နောက်သို့ မီတာတစ်ရာခန့် နောက်ဆုတ် သွားသည်။
“အရူး … မင်း … မင်း တကယ် မင်းရဲ့ စိတ်ဝိညာဉ်ကို လောင်ကျွမ်းပစ်တာပဲ”
မိုနာဒိုဘုရင်သည် သူ့ဦးခေါင်း ပေါက်ကွဲလုမတတ် ဖြစ်နေသည် ကိုသာ ခံစားမိနေသည်။ သူသည် ယဲ့ဖန်အား ထိတ်လန့်၍ သွေးပျက်သော အကြည့်များနှင့် ကြည့်နေသည်။
မိမိစိတ်ဝိညာဉ်ကို လောင်ကျွမ်းစေခြင်းသည် သိုင်းပညာရှင် များအတွက် ကြောက်လန့်ဖွယ် အကောင်းဆုံး ပျက်စီးမှုတစ်ခု ဖြစ်သည်။ သေပါသေစေနိုင်လောက်၏။
စိတ်ဝိညာဉ် ထိခိုက်မှုခြင်းက ပြင်းထန်လွန်းပါက ထာဝရ အိပ်စက်သွားပြီး ပြန်လည်နိုးထလာရန် ခက်ခဲနိုင်သည်။ ဤသည်မှာ သေသည်ထက် ပိုဆိုးပေသည်။
ယဲ့ဖန်သည် သူ၏ စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေပြီး သူ့ကိုယ်သူ သတ်သေသည်အထိ ရူးသွပ်လိမ့်မည်ဟု မိုနာဒိုဘုရင် ထင်မထားမိချေ။
သို့သော် ကြောက်လန့်နေသော မိုနာဒိုဘုရင်ကိုကြည့်ပြီး ယဲ့ဖန်က ပြုံးလိုက်သည်။
“မိုနာဒို မင်း မေ့နေပြီပဲ”
“နတ်ဆိုးတွေက ဘယ်တော့မှ သေရမှာကို မကြောက်ဘူး၊ ဘယ်တော့မှလည်း လောဘမတတ်ဘူး”
“အဲ့လိုဖြစ်ခဲ့ရင် ငါ မင်းကို သတ်ပစ်မှာ”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်၏ အသိစိတ်ပင်လယ်ထဲမှ စိတ်ဝိညာဉ် လောင်ကျွမ်းခြင်း မီးတောက်များ ထွက်ပေါ်လာသည်ကို သတိထားလိုက်မိသည်။
ရှိန်လောက်သည့် အရှိန်အဝါကြောင့် မိုနာဒိုဘုရင် မှင်တက် သွားသည်။
*ထွက်ပြေးရမယ်*
ယခုအချိန်၌ မိုနာဒိုဘုရင်သည် ကြောက်လန့်၍နေ၏။ ဤအရူး လက်ထဲ၌ သူ၏ သွေးခန္ဓာကိုယ်ကို မသေစေလိုပေ။ သူသည် လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ အသည်းအသန် ထွက်ပြေးလေ တော့သည်။
“မင်းက ပြေးမလို့လား”
ယဲ့ဖန်၏ အပြုံးက ရက်စက်၍ ခက်ထန်လှသည်။ သူသည် စိတ်ဝိညာဉ် လောင်ကျွမ်းခြင်းကို အသုံးပြု၍ ကောင်းကင်ခွင်း ခေါင်းလောင်းက ထိုးနှက်လိုက်သည်။
ဒေါင်!
သာယာနာပျော်ဖွယ် ခေါင်းလောင်းသံများ ဆက်တိုက် ထွက်ပေါ်လာပြီး လေဟာနယ်၊ အချိန် စသည့် အရာအားလုံး အေးခဲသွားလေသလားဟု ထင်မှတ်ရလေသည်။
“မင်း အရူးကောင် … မလုပ်နဲ့”
မိုးကောင်းကင်၏ ခပ်ဝေးဝေး တစ်နေရာသို့ ရောက်လုဆဲဆဲ ဖြစ်နေသည့် မိုနာဒိုဘုရင် သွေးပျက်သွားလေသည်။
သူ၏ အော်သံအဆုံး၌ သူ၏ နတ်ဘုရား စိတ်ဝိညာဉ် အေးခဲသွားလေသည်။ ထိုအချိန်၌ ယဲ့ဖန်၏ လက်သီးချက်က သူ့ခေါင်းပေါ်သို့ ကျရောက်လာသည်။
အဖြူနှင့် အနီရောင် ရောစပ်နေသည့် အရည်များက မိုနာဒိုဘုရင်၏ ဦးခေါင်းမှ ပန်းထွက်လာပြီး သူ့မျက်လုံး၌ ကြောက်စိတ်များ ထင်ဟပ်နေ၏။
ဂျွတ်!
နောက်ဆုံး လက်သီးချက် ကျရောက်လာပြီးနောက် မိုနာဒိုဘုရင်၏ ဦးခေါင်းသည် ဖရဲသီးကဲ့သို့ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားလေ၏။
မိုနာဒိုဘုရင်၏ ဦးခေါင်းထဲမှ အဖြူနှင့် အနီရောင် ရောစပ်နေသည့် အရည်များ ပန်းထွက်လာပြီးနောက် သူသည် နေရာမှာတင် အသတ်ခံလိုက်ရလေသည်။
ယဲ့ဖန်၏ ကိုယ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးချီမျှင်စုများ ထွက်ပေါ်လာသည်။ သေမင်း နတ်ဆိုးဆုဒြာက မိုနာဒိုဘုရင်၏ ခေါင်းပြတ်နေသော အလောင်းအား အရူးအမူး ရစ်ပတ်သွားသည်။
နတ်ဆိုးချီမျှင်စုများသည် မြွေတစ်ကောင်ကဲ့သို့ မိုနာဒိုဘုရင်၏ ကိုယ်ထဲ၌ ကူးခတ်သွားလာနေ၏။ သူ၏ အသားကို အရည်ဖျော်၍ သူ၏အရိုးများကို ချေဖျက်သွားသည်။
နောက်ဆုံးတွင် မိုနာဒိုဘုရင်၏ ခေါင်းပြတ်အလောင်းသည် ဂျွတ်ခနဲ အသံနှင့်အတူ သန့်စင်သော နတ်ဆိုး ချီမျှင်စုများ ပြောင်းလဲသွားပြီး ယဲ့ဖန်၏ ရှူသွင်းခြင်းကို ခံလိုက်ရသည်။
Chapter 498 ကြောက်မက်ဖွယ် အရိပ်
*သေသွားပြီတဲ့လား။ မြင့်မြတ်တဲ့ မိုနာဒိုဘုရင်ရဲ့ သွေးခန္ဓာကိုယ်က ခေါင်းကွဲ သွားပြီးတော့ သူ့ခန္ဓာကိုယ်ကလည်း ပျက်စီးသွားသည် တဲ့လား*
ဤမြင်ကွင်းက ကမ္ဘာဦး ကောင်းကင်သခင်နှင့် ထောင်ချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များသည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်လောက်အောင် ဖြစ်သွားကြသည်။
ဂလု!
နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် နှစ်ထောင်ကျော်တို့သည် မနည်းကို တံတွေးမျိုချလိုက်မိကြသည်။ ယခုအချိန်၌ သူတို့သည် ယဲ့ဖန်အား မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
သူသည် နတ်ဘုရား သေနာပတိ တစ်ပိုင်းအဆင့်သာ ရှိသေးသော်လည်း ယခုအခါတွင် မိုနာဒိုဘုရင်၏ သွေးခန္ဓာကိုယ်ကို သတ်လိုက်နိုင်နေသည်။
အကယ်၍ သူသာ ယခင်ဘဝက အဆင့်သို့ ရောက်ရှိလာပါက စကြဝဠာတစ်ခုလုံးအား လက်ချည်းသက်သက်ဖြင့် ဖျက်ဆီးနိုင် လောက်သည်။
လူတိုင်း ထိုသို့တွေးမိပြီးနောက် ချက်ချင်း ကြောက်လန့်တကြား ဖြစ်လာကြသည်။ ကမ္ဘာဦး ကောင်းကင်သခင်တောင်မှ ကြက်သီးမွေးညင်း ထလာသည်။ သူ၏သခင်ကြီး မည်မျှ ကြောက်ဖို့ကောင်းကြောင်းကို သူ အသိဆုံး ဖြစ်သည်။ သူ၏သခင်ကြီးသည် သွေးခန္ဓာကိုယ်နှင့်တောင်မှ ဂြိုဟ်စုနယ်မြေ တစ်ခုလုံးကို သုတ်သင်နိုင်သည်။ သို့သော် ယခုအခါတွင် …
*ထွက်ပြေးရမယ်*
ထိုသို့သောအချိန်၌ ကမ္ဘာဦး ကောင်းကင်သခင်သည် သွေးပျက်နေပြီး သူ၏ ကျန်ရှိနေသော တစ်ခုတည်းသော ဦးခွံဖြင့် ကောင်းကင်ထက်သို့ ပျံတက်သွားသည်။
သူသည်သာမကချေ ဘေးပတ်လည်မှ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် နှစ်ထောင်ကျော်တို့သည်လည်း သည်းခြေပျက် မတတ် ထွက်ပြေးကြသည်။ ထို့နောက် ကျယ်ပြောသော အာကာသထဲသို့ ထွက်ပြေး တိမ်းရှောင်ကြလေသည်။
“ထွက်ပြေးချင်တာလား”
ထိုအချိန်၌ ယဲ့ဖန်၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး သူ၏ စိတ်ဝိညာဉ် စွမ်းအင်သည်လည်း ကုန်ခမ်းနေသည်။ သို့သော် သူ၏မျက်လုံးများက ဓားတစ်ချောင်းကဲ့သို့ အေးစက်၍ ထက်ရှနေ၏။
“အားလုံး နေခဲ့ရမယ်”
ထိုအသံနှင့်အတူ မိုနာဒိုဘုရင်ကို ဝါးမျိုခဲ့သည် နတ်ဆိုးချီမျှင်စု များက လေနှင့်အတူ လွင့်မျောသွားပြီး နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များအား ရစ်ပတ်သွားသည်။
“မလုပ်နဲ့ …”
ထိုအခါ လူတိုင်း သွေးပျက် ခြောက်ခြားသွားကြသည်။ နတ်ဆိုးချီမျှင်စုများက မြွေအသွင်ပြောင်း၍ သူတို့၏ ခန္ဓာကိုယ် ထဲသို့ တိုးဝင်လာသည်ကို မြင်လိုက်ရသည်။
နတ်ဘုရားမျိုးနွယ်များ၏ ကိုယ်တွင်း၌ နတ်ဆိုးချီမျှင်စုများက မြွေကဲ့သို့ ကူးလူးဖြတ်သန်း၍ သူတို့၏ အသားများကို စားသုံးနေသည်။ ပြင်းထန်လှသည့် နာကျင်မှုကြောင့် နတ်ဘုရား မျိုးနွယ်တိုင်း ခြောက်ခြားလာကြသည်။
“ငါ့ကြွက်သားနဲ့သွေးတွေ၊ ငါ့အရိုးတွေ … မြတ်စွာဘုရား … ဒီနတ်ဆိုးချီမျှင်စုတွေက ဘာကြီးလဲ”
နတ်ဆိုးချီမျှင်စုများက မြွေအသွင်ပြောင်း၍ သူတို့၏ အသွေးအသား သာမက ကြွက်သားများနှင့် အရိုးများကိုပါ စားသုံးလိမ့်မည်ဟု မည်သည့် နတ်ဘုရားမျိုးနွယ်ကမှ ထင်မထား မိကြချေ။
ထိုအချိန်တွင် ကောင်းကင်တစ်ခုလုံးသည် သားသတ်ကွင်းကဲ့သို့ ဖြစ်နေပြီး သေခါနီး ဝက်များ အော်ဟစ်နေသကဲ့သို့ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
နောက်ဆုံးတွင် အော်ဟစ်သံများ ရုတ်ချည်းဆိုသလို တိတ်ဆိတ်သွားပြီး နတ်ဘုရားမျိုးနွယ်များအားလုံး လေထဲ၌ အေးခဲတောင့်တင်းသွားကြသည်။ သူတို့ထဲတွင် နတ်ဘုရား သေနာပတိအဆင့်များ၊ နတ်ဘုရား ဂိုဏ်းချုပ်အဆင့်များနှင့် နတ်ဧကရာဇ် အဆင့် သိုင်းပညာရှင်များ ပါဝင်ကြသည်။
သို့သော် ယခုအချိန်၌ အားလုံး၏ မျက်နှာထက်၌ ထင်ဟပ်နေသော ကြောက်စိတ်က ဖုံးဖိမရချေ။ ထို့နောက်တွင် သူတို့၏ ကိုယ်ပေါ်၌ အက်ကြောင်းရာများ ထွက်ပေါ်လာသည်။
လေတိုးသံနှင့်အတူ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် အယောက် နှစ်ထောင်ကျော်တို့သည် ကွဲကြေသွားသော ကြွေထည်များ ကဲ့သို့ တစ်စစီ ဖြစ်သွားကြပြီးနောက် ပြာဖြစ်ကာ လေနှင့်အတူ ပျောက်ကွယ် သွားလေတော့သည်။
ကောင်းကင်ထက်ရှိ သိုင်းပညာရှင်များအားလုံး သေဆုံးသွား ကြလေပြီ။
ရှေ့ဆုံးမှ မြန်လွန်းသည့်အရှိန်ဖြင့် ပြေးထွက်သွားသော ကမ္ဘာဦး ကောင်းကင်သခင်သည် အတော်ဝေးသည့် နေရာသို့ ရောက်ရှိ နေချိန်တွင် ရုတ်တရက် နောက်ပြန်လှည့် ကြည့်မိပြီးနောက် သွေးပျက်သွားလေ၏။
စက္ကန့်ပိုင်းအတွင်းမှာပင် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် အယောက် နှစ်ထောင်ကျော်လုံး ပြာဖြစ်သွားကြလေသည်။ ဤသည်မှာ အလွန် ရက်စက်လွန်းသည့် နတ်ဆိုးနည်းလမ်းပင်။
“မကောင်းတော့ဘူး”
ထို့နောက် ကမ္ဘာဦး ကောင်းကင်သခင်သည် အူးလန်ဂြိုဟ်မှနေ၍ ရွှေရောင် ဓားတစ်လက် ပျံသန်းလာသည်ကို တွေ့လိုက်ရသဖြင့် ကြောက်လန့် တကြား အော်ဟစ်လိုက်မိသည်။ ထိုဓားက သူ့အား ပြင်းထန်စွာ ခုတ်ပိုင်းလာသည်။
“မလုပ်နဲ့”
ကမ္ဘာဦး ကောင်းကင်သခင်သည် ကြောက်လန့်၍ ခွေးပြေး ဝက်ပြေး ထွက်ပြေးလေ၏။ သို့သော် မရဏ အငွေ့အသက်များက သူ့အား လွှမ်းခြုံလာသည်။
ရွှစ်!
ရွှေရောင် အလင်းတန်း ဖြတ်ပြေးသွားပြီးနောက် ကမ္ဘာဦး ကောင်းကင်သခင်၏ ဦးခေါင်းသည်လည်း ပြတ်ထွက်သွားပြီး သွေးများ ပန်းထွက်လာသည်။ သူ၏ မျက်လုံးထဲတွင် ကြောက်စိတ် များ ဖုံးလွှမ်းနေ၏။
ထို့နောက် ကမ္ဘာဦး ကောင်းကင်သခင်၏ ဦးခေါင်းထဲမှနေ၍ နတ်ဘုရား အမြုတေ ထွက်ပေါ်လာပြီး ထိုအမြုတေအား ယဲ့ဖန် လှမ်းယူလိုက်သည်။
ဝေါ့!
ရန်သူများအားလုံးကို ရှင်းလင်းပြီးချိန်တွင် ယဲ့ဖန်တွင် သွေးအနက်ရောင်များ အန်လေတော့သည်။ သူ၏ မျက်နှာ သည်လည်း ပြာနှမ်းနေ၏။
မိုနာဒိုဘုရင်ကို သတ်ခဲ့စဉ်က စိတ်ဝိညာဉ်အား လောင်ကျွမ်းခဲ့ သောကြောင့် ယခုအခါတွင် သူ အကြီးအကျယ် ထိခိုက်ပျက်စီး သွားရသည်။
“ငါ့စိတ်ဝိညာဉ်စွမ်းအင်က တအား ပြင်းထန်လာပြီးတော့ နတ်ဆိုးခန္ဓာကိုယ်က တောင့်မခံနိုင်တော့ဘူး”
ယဲ့ဖန်၏ ဖြူဖျော့နေသော မျက်နှာထက်မှ ချွေးစေးများ စီးကျလာသည်။ ထို့နောက် သူသည် ကမ္ဘာဦး ကောင်းကင်သခင်၏ နတ်ဘုရား အမြုတေကို မျိုချလိုက်သည်။
ဝုန်း!
နတ်ဘုရားအမြုတေမှ နတ်ဘုရားစွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာ ပြီးနောက် ယဲ့ဖန်၏ မျက်လုံးအိမ် တစ်ခုလုံး မည်းနက်သွားပြီး လူတစ်ကိုယ်လုံးသည်လည်း သတိလစ် မေ့မျောသွား လေသည်။ ယဲ့ဖန် တစ်ကိုယ်လုံး ကောင်းကင်ထက်မှ ပြုတ်ကျလာတော့သည်။
“ယဲ့ဖန်”
ဖန့်ယင်း မှင်တက်သွားသည်။ ထို့နောက် သူမ ကသိုက်ကရိုက် ပြေး၍ ယဲ့ဖန်အား ဖမ်းပွေ့ထား လိုက်သည်။
သူမ၏ ခန္ဓာကိုယ်သည် သေးသွယ်နေပြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှု ပြုလုပ်ခဲ့သောကြောင့် သူ၏ စိတ်ဝိညာဉ် စွမ်းအင်ကို အတော်လေး ဆုံးရှုံးထားသည်။
ယခုအချိန်၌ ယဲ့ဖန်ကို သယ်ပိုးထားခြင်းကပင် သူမအတွက် အတော်လေး ပင်ပန်းနေရသည်။
“ယဲ့ဖန် ရှင် အဆင်ပြေမှဖြစ်မယ်၊ ရှင် အဆင်ပြေသွားမှာပါ”
ဖန့်ယင်း၏ မျက်နှာလေးမှ မျက်ရည်များ အဆက်မပြတ် စီးကျလာသည်။ ယဲ့ဖန်သည် စိတ်ဝိညာဉ် လောင်ကျွမ်းပြီး ထိခိုက်သွားရုံသာမက ပြီးခဲ့သည့် တိုက်ပွဲကြောင့် သူ၏ နတ်ဆိုး ခန္ဓာကိုယ်ပါ အက်ကြောင်းထပ်လာသည်ကို သူမ သိလိုက်ရသည်။
ထိုအခါ သူမမျက်ဝန်းမှ သွေးမျက်ရည်များ စီးကျလာသည်။ ဤသည်ကြောင့် ဖန့်ယင်း ရှက်ရွံ့သွားရသည်။
ထို့နောက် သူမသည် ယဲ့ဖန်၏ ရွှေရောင်ဓားနှင့် ဝိညာဉ်စား ပုရွက်ဆိတ်ကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး ယဲ့ဖန်က ပိုး၍ ကောင်းကင်၌ ခက်ခက်ခဲခဲ ပျံသန်းလိုက်သည်။ ထို့နောက် စကြဝဠာအတွင်းသို့ ခရီးဆက်လေသည်။
….
တစ်ချိန်တည်းမှာပင် စကြဝဠာ၏ ထူးခြားဆန်းကြယ်သော တစ်နေရာ၌ မြူခိုးများနှင့် ပိတ်ဆိုင်းနေသော တစ်နေရာ၌ တောင်တစ်လုံးကဲ့သို့ ခြောက်ခြားဖွယ် အရိပ်ကြီးတစ်ခု ရှိနေသည်။ ထိုသူ၏ လက်နှစ်ဖက်လုံး၌ လက်ချောင်းများ မရှိချေ။
ထိုအချိန်၌ ယဲ့ဖန်ကြောင့် သွေးခန္ဓာကိုယ် သေဆုံးသွားချိန်တွင် ထိုကြောက်လန့်ဖွယ် အရိပ်၏ လက်မောင်းတစ်ဖက်သည် ချက်ချင်း အက်ကွဲ၍ ပြတ်ထွက်သွားလေသည်။
“အား…”
ထိုအရိပ်ထံမှ ခြောက်ခြားဖွယ် အော်ဟစ်သံတစ်သံ ထွက်ပေါ် လာသည်။ ထို့အတူ သူ့မျက်နှာသည်လည်း ပျက်ယွင်းနေ၏။
“သေစမ်း၊ ငါ့သွေးခန္ဓာကိုယ်”
ဤစကြဝဠာထဲ၌ သူ၏ သွေးခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်သည့် နတ်ဆိုးတစ်ကောင် ရှိနေလိမ့်မည်ဟု သူ ထင်မထားမိချေ။
“ဒါ နတ်ဆိုးဧကရာဇ် များလား”
ထိုအရိပ်သည် ထိတ်လန့်တုန်လှုပ်၍ ဒေါသထွက်နေ၏။ ထို့နောက် သူ မျက်မှောင်ကြုတ်၍ အရှေ့သို့ လှမ်းကြည့်လိုက်သည်။
“စိတ်ဝိညာဉ်တွေ လာကြစမ်း”
ထိုအော်သံအဆုံး၌ ဟင်းလင်းပြင် အက်ကွဲသွားပြီးနောက် မိုနာဒိုစွမ်းအင် အနည်းငယ် ထွက်ပေါ်လာပြီး ဖွဲ့စည်းပြောင်းလဲ လာသည်။ သို့သော် ထိုစွမ်းအင်သည် အလွန်း ပါးလျှလွန်း၏။ ထို့နောက် ခပ်ဖျော့ဖျော့ အသံထွက်ပေါ်လာသည်။
“ကောင်းကင်ခွင်းခေါင်းလောင်း”
ထိုစကားလုံး နှစ်လုံး ပြောပြီးနောက် ထိုမိုနာဒိုစွမ်းအင်သည် ချက်ချင်း ပျောက်ကွယ်သွားလေသည်။
“ဒါ ... ဒါ ဘယ်လိုဖြစ်တာလဲ”
ထိုအရိပ်၏ မျက်လုံးများက မယုံနိုင်ဟန်ဖြင့် ပြူးကျယ်လာသည်။ ဤစကြဝဠာထဲ၌ သူ၏ နတ်ဆိုးစွမ်းအင်ကို သုတ်သင်ဖျက်ဆီး၍ ထွက်ပြေးလွတ်မြောက်နိုင်သော သူတစ်ယောက် ပေါ်လာသည်။ ဤသည်မှာ အံ့ဩစရာ ကောင်းလွန်းလှသည်။
“သေစမ်း၊ ဘာဖြစ်သွားတာလဲ၊ ငါ့နတ်ဆိုးစွမ်းအင်က ဘယ်လိုလုပ် ချေမှုန်းခံလိုက်ရတာလဲ”
“ကောင်းကင်ခွင်းခေါင်းလောင်းလည်း ရှိနေတယ် ...”
သူ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်၍ တွေးတောနေသည်။ ရုတ်တရက် အတွေးတစ်ခုက သူ့စိတ်ထဲ ဝင်ရောက်လာ၏။
“ကောင်းကင်ခွင်း ခေါင်းလောင်းဆိုတော့ ... အဲ့ဒီ ကောင်းကင်ခွင်း ခေါင်းလောင်းများ ဖြစ်နေမလား”
ထိုသို့တွေးမိပြီးနောက် ထိုအရိပ်သည် ထိတ်လန့်၍ ကြောက်ရွံ့ လာလေသည်။
“ကောင်းကင်ခွင်းခေါင်းလောင်းက နတ်ဆိုးဧကရာဇ်နဲ့အတူ ကမ္ဘာဦး ချောက်နက်ထဲမှာ အတူတူ ပျောက်ဆုံးသွားတာလေ။ တကယ်လို့ တကယ်ပဲ ပြန်ပေါ်လာတာက အဲ့ဒါဆိုရင် နတ်ဆိုးဧကရာဇ်လည်း ... ပြန်လည်မွေးဖွားလာတာပဲ”
ယခုအချိန်၌ ထိုအရိပ်သည် ကြက်သီးမွေးညင်း ထလာလေသည်။
“လာကြစမ်း”
သူ့အသံအဆုံး၌ နတ်ဘုရားမျိုးနွယ်များ ရောက်ရှိလာသည်။ ထိုသူများသည် ရောက်လာသည်နှင့် ဒူးထောက်၍ အရိုအသေ ပေးလာကြသည်။
“သခင်ကြီး”
ထိုလူများကိုကြည့်ပြီး ထိုအရိပ်က ကျန်ရှိသောလက်တစ်ဖက်ကို လှုပ်ယမ်းလိုက်သည်။ ထိုအခါ အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်၏ ပုံရိပ် ထွက်ပေါ်လာသည်။
“သွား ... ဒီပုံကို အူးလန်ဂြိုဟ်ပတ်လည်က ဂြိုဟ်နယ်မြေ အားလုံးကို ပေးလိုက်၊ ဒီလူကို တွေ့တဲ့ ဘယ်သူမဆို စကြဝဠာဒင်္ဂါး သန်းတစ်ရာအဖြစ် ဆုချမယ်၊ ပြီးတော့ သူတို့ကို ဆွေမျိုးတော် အဖြစ် လက်ခံမယ်လို့ ကြေညာလိုက်”
“ပြီးတော့ အဲ့ဒီဂြိုဟ်စုနယ်မြေထဲက နတ်ဆိုးမျိုးနွယ်တွေကို လိုက်ရှာပြီး အားလုံးကို သတ်ပစ်လိုက်”