အခန်း (၄၉၉-၅၀၁)
Vol. 34 Ch. 499-501
Chapter 499 ကျေးဇူးကန်း၍ ကလဲ့စားချေခြင်း
ကြယ်တာရာများကြား၌ သေးသွယ်သော ကလေးမလေး တစ်ယောက်က အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ကို ဒယီးဒယိုင် သယ်ပိုး၍ ဖြည်းညင်းစွာ ခရီးဆက်နေသည်။
တောက်! တောက်!
ထိုကလေးမလေး၏ မျက်နှာသည် သွေးမရှိသကဲ့သို့ ဖြူစုတ်နေပြီး နဖူးမှ ချွေးများ စီးကျလျက် ရှိသည်။
“စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်က ရှေ့နားမှာပဲ”
ဖန့်ယင်းသည် မျက်စိရှေ့နားမှ စိမ်းလန်းနေသော ဂြိုဟ်တစ်လုံး ကိုကြည့်ပြီး ပြုံးလိုက်မိသည်။ စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်သည် သူမကို အစွဲပြု၍ အမည်ပေးထားသော ဂြိုဟ်ဖြစ်သည်။
အစပိုင်းအခါက သူမသည် ယဲ့ဖန် ချန်ရစ်ခဲ့သော ခြေရာလက်ရာများကို လိုက်ရှာရန်အတွက် ဂြိုဟ်များအား ဖြတ်သန်းသွားလာစဉ်တွင် ဂြိုဟ်တစ်ခုလုံးနားမှ ဖြတ်သန်းမိသည်။
ထိုအချိန်က ထိုဂြိုဟ်ပေါ်၌ စိတ်ဝိညာဉ် စွမ်းအင်များ ခြောက်ခမ်းနေပြီး ဂြိုဟ်သေတစ်လုံး ဖြစ်လုနီးပါး ဖြစ်နေခဲ့သည်။ ဂြိုဟ်ပေါ်မှ သိုင်းပညာရှင်များသည် စိတ်ဓာတ်ကျလျက် ရှိနေခဲ့သည်။
ဖန့်ယင်းသည် သူမ၏ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်စွမ်းအင်ကို သုံးစွဲ၍ သေဆုံးလုဆဲဆဲ ဖြစ်နေသော ဂြိုဟ်အား စိမ်းလန်း စိုပြည်သော ဂြိုဟ်တစ်လုံးဖြစ်အောင် ပြုပြင်ပေးခဲ့သည်။
ယခုအခါတွင် စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်ပေါ်၌ သိုင်းပညာရှ င်များသည် အလွန် သန်မာနေကြပြီး အသက်ဓာတ် စွမ်းအင် ကလည်း ပေါများ၍ စိတ်ဝိညာဉ် ချီဓာတ်များကလည်း ပေါလျှံ ကြွယ်ဝလျက် ရှိသည်။
ဤအရာအားလုံးမှာ ဖန့်ယင်း၏ ကျေးဇူးကြောင့်ပင် ဖြစ်လေသည်။ ဂြိုဟ်ပေါ်မှ သိုင်းပညာရှင်များစွာ တို့သည်လည်း ဖန့်ယင်းအား ဂြိုဟ်၏ အသက်သခင် ကျေးဇူးရှင်အဖြစ် အသိအမှတ် ပြုကြလေသည်။
“ယဲ့ဖန်၊ ကျွန်မ ရှင့်ကို သေချာပေါက် သတိရလာအောင် လုပ်မယ်၊ သေချာပေါက် လုပ်ပေးမယ်”
ဖန့်ယင်းသည် သတိလစ်နေသော ယဲ့ဖန်ကိုကြည့်ပြီး ဆုံးဖြတ်ချက် ပြတ်သားစွာ ချလိုက်သည်။
ပြီးခဲ့သည့်သုံးရက်အတွင်း သူမသည် သူမ၏ မွေးရာပါ စိတ်ဝိညာဉ် စွမ်းအင်ကို အသုံးချ၍ ယဲ့ဖန်၏ နတ်ဆိုးခန္ဓာကိုယ်ကို ပြန်ပြုပြင်၍ ယဲ့ဖန်၏ နတ်ဘုရား စိတ်ဝိညာဉ်ကို ပြန်လည်ဖွဲ့စည်းရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း အကျိုးမသက် ရောက်ချေ။
စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်ပေါ်ရှိ ခရမ်းနုရောင် ပန်းပွင့်သော နွယ်ပင်တစ်မျိုးက နတ်ဘုရား စိတ်ဝိညာဉ်ကို ပြန်လည် ပြုပြင်ပေးနိုင်သော ဆေးပင်တစ်မျိုး ဖြစ်ကြောင်း သူမ သိထားသည်။
....
စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်ပေါ်၌ ကျိုးမိသားစု၏ ဆေးခန်း ရှိသည်။ ထိုအချိန်၌ မိသားစုဝင် သုံးယောက်က စကားပြော နေကြသည်။
‘အဖေ၊ အမေ၊ နတ်မိမယ် ဖန့်ယင်း ဘယ်တော့ပြန်လာမယ်လို့ အဖေတို့ ပြောတာလဲ”
ထိုလူငယ်လေးသည် ကျိုးထန်ဟု အမည်ရလေသည်။ သူသည် လှပသော ဖန့်ယင်းအကြောင်း တွေးမိသည်နှင့် အမြဲ တက်ကြွပျော် ရွှင်လာရသည်။ သူ့စကားကြောင့် ကျိုးအဘိုးအိုက သက်ပြင်းချ ကာ ခေါင်းခါပြလေသည်။
“နတ်မိမယ် ဖန့်ယင်းက ပြန်လာချင် ပြန်လာမယ် ဒါမှမဟုတ် ဘယ်တော့မှ ပြန်မလာနိုင်တာလဲ ဖြစ်နိုင်တယ်”
ထို့နောက် ကျိုးအဘိုးအိုက သူ၏ လက်မခံနိုင်သော သားကို တစ်ချက် ကြည့်လိုက်သည်။
“ကျိုးထန်၊ မင်း တစ်ခြား နတ်မိမယ်တွေရဲ့ နှလုံးသားကို ရနိုင်သေးပါတယ်။ သူက မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ် ပိုင်ရှင်ကွ၊ မင်းလို သာမန်လူ မဟုတ်ဘူး။ မင်း ဒါကို မှတ်ထားဦး”
ကျိုးအဘိုးအို၏ အသံ၌ ဒေါသများ ပါဝင်နေ၏။ အဘိုးအို၏ စကားကြောင့် လူငယ်ဖြစ်သူ ကျိုးထန်က မကျေမနပ် ဖြစ်သွားသည်။
“ဟမ့် ... ကျွန်တော့်ကို အထင်မသေးစမ်းပါနဲ့၊ တကယ်လို့ ကျွန်တော်သာ မိုနာဒိုဘုရင် ရှာနေတဲ့ အဲ့လူကိုသာ ဖမ်းနိုင်ခဲ့မယ် ဆိုရင် ကျွန်တော်က မိုနာဒိုဘုရင်ရဲ့ တပည့်ဂိုဏ်းသား ဖြစ်လာမှာ။ အဲ့လိုဆို ကျွန်တော်က နတ်မိမယ် ဖန့်ယင်းနဲ့ သေချာပေါက် ထိုက်တန်မှာဗျ”
ကာလိုဂြိုဟ်စုနယ်မြေ၏ မိုနာဒိုဘုရင်။ မကြာသေးခင်ကမှ ဂြိုဟ်များကြား၌ နတ်ဘုရား သတင်းတစ်ခု ပျံ့နှံ့လာခဲ့သည်။
ထိုသတင်းမှာကား မိုနာဒိုဘုရင်က အနက်ရောင်ဝတ်စုံနှင့် လူငယ် တစ်ယောက်အား အလိုရှိနေခြင်းပင်။ ထိုလူအား ဖမ်းနိုင်သရွေ့ စကြဝဠာဒင်္ဂါး သန်းတစ်ရာ ဆုချခံရမည်ဖြစ်ပြီး နယ်မြေတစ်ခုကို အပိုင်စားရကာ ဘုရင်အဖြစ် အသိအမှတ်ပြုခြင်း ခံရမည် ဖြစ်သလို မိုနာဒိုဘုရင်၏ အလေးပေးခြင်းကို ခံရမည် ဖြစ်သည်။
ဤသည်မှာ မည်သည့် သိုင်းပညာရှင်မဆိုအတွက် မက်လောက် သည့် မက်လုံးတစ်ခုပင်။
“မင်းကလား”
ကျိုးအဘိုးအိုသည် သူ့သားက မိုနာဒိုဘုရင် လိုက်ရှာနေသော ထိုလူအား လိုက်ရှာနိုင်မည်ဟု လုံးဝ မယုံကြည်သောကြောင့် လှောင်ပြုံးပြုံး လိုက်သည်။
ဒေါက်! ဒေါက်! ဒေါက်!
ထိုစဉ် ခြေသံတစ်သံ ထွက်ပေါ်လာသည်။ ကလေးမလေး တစ်ယောက်က အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်အား ကုန်းပိုး၍ မနည်းလမ်းလျှောက်လာနေသည်ကို သုံးယောက်သား တွေ့လိုက်ရသည်။
မိသားစုသုံးယောက်လုံး မှင်တက်သွားကြသည်။ ထိုကလေးမ လေး၏ မျက်နှာကို မြင်ပြီးနောက် သုံးယောက်သား ထိတ်လန့် သွားကြသည်။
“ဖန့်ယင်း”
ဖန့်ယင်းက ကလေးမလေးတစ်ယောက်အသွင် ပြောင်းသွား လိမ့်မည်ဟု သုံးယောက်လုံး ထင်မထား မိကြချေ။ ထို့အပြင် ဤသို့ တစ်ယောက်တည်း ပြန်ရောက်လာသည်။
ယခုအချိန်၌ လူငယ်လေး ကျိုးထန်သည် အံ့ဩနေပြီး ဖန့်ယင်းထံ လှမ်းလာပြီး မျက်နှာချို သွေးလေသည်။
“နတ်မိမယ် ဖန့်ယင်း၊ နောက်ဆုံးတော့ ခင်ဗျား ပြန်လာပြီပဲ။ ကျွန်တော် အခုလေးတင် ကျွန်တော့် အဖေ၊ အမေတို့နဲ့ နတ်မိမယ်အကြောင်း ပြောနေတာ”
လူငယ်လေး ကျိုးထန်သည် ကျေနပ်ပုံပေါ်နေ၏။ သူ့စကားကြောင့် ဖန့်ယင်းက ခပ်ဖွဖွ ပြုံးလာသည်။ ထို့နောက် ကျိုးအဘိုအိုကို လှမ်းပြောလိုက်သည်။
“ဘိုးဘိုးကျိုး၊ ကျွန်မမိတ်ဆွေကို ဒီမှာ ရက်ပိုင်းလောက် ထားခဲ့မယ်လို့ စိတ်ကူးထားတယ်၊ ကျွန်မ သူ့ကို ထားခဲ့လို့ ရမလား”
ကျိုးအဘိုးအို မသိမသာ တောင့်ခနဲ ဖြစ်သွားပြီးနောက် ကသိုက်ကရိုက် ပြန်ပြောလိုက်သည်။
“နတ်မိမယ် ဖန့်ယင်းက ယဉ်ကျေးနေပါပြီ၊ ခင်ဗျားကြောင့်သာ မဟုတ်ဘူးဆိုရင် ကျုပ်တို့ မိသားစုဝင် သုံးယောက်လုံး မိစ္ဆာသားရဲတွေ သတ်တာကို ခံနေရလောက်ပါပြီ”
“ဒီနေရာက ခင်ဗျားရဲ့အိမ်ပါ၊ ခင်ဗျား ဘယ်လောက် ကြာကြာနေချင်ပါလဲ၊ ဘယ်လောက်နေဖို့ စိတ်ကူးထားပါသလဲ”
ပထမတုန်းက သူတို့ မိသားစုသုံးယောက်သည် ဤသေမျိုး စိတ်ဝိညာဉ် နတ်မိမယ်ဂြိုဟ်မှ ထွက်ခွာရန် စီစဉ်ခဲ့ကြသည်။ သို့သော် ထင်မှတ်မထားဘဲ သူတို့သည် ကောင်းကင်ထက်၌ မိစ္ဆာသားရဲများနှင့် ထိပ်တိုက် တွေ့မိပြီး သေလုနီးပါး ဖြစ်ခဲ့ရသည်။
ကံကောင်းထောက်မစွာပင် ဖန့်ယင်း ထိုနေရာနားမှ ဖြတ်သန်းသွားသည်နှင့် ကြုံသဖြင့် သူတို့အား ကူညီပေးခဲ့သည်။ ထို့ကြောင့် ယခုလက်ရှိအချိန်၌ သူတို့မိသားစု သုံးယောက်လုံးသည် ဖန့်ယင်းအား အလွန် ကျေးဇူးတင်လျက် ရှိသည်။
သူ၏စကားကြောင့် ဖန့်ယင်းက အသာပြုံးလိုက်သည်။
“ဒီလိုဆိုရင် ကျွန်မ ဒီမှာ ကျွန်မမိတ်ဆွေကို အရင်ထားခဲ့ဦးမယ်၊ ကျွန်မ ခရမ်းနုရောင်ပန်းပွင့်တဲ့ နွယ်ပင်ကို သွားခူးမလို့ပါ။ ကျွန်မ သိပ်မကြာခင် ပြန်လာခဲ့မယ်”
ဖန့်ယင်းက ပြောရင်း ယဲ့ဖန်အား ခုတင်ပေါ်၌ ညင်သာစွာ ချလိုက်သည်။ သူမ ယဲ့ဖန်ကို ခုတင်ပေါ် တင်လိုက်သည့် အခိုက်မှာပင် ကျိုးမိသားစု သုံးယောက်လုံး မိုးကြိုးပစ်ချခံရသကဲ့သို့ ဖြစ်သွားကြ လေသည်။
သူတို့သည် ယဲ့ဖန်၏ မျက်နှာကို ကြည့်ရင်း မယုံသင်္ကာ ဖြစ်နေကြလေသည်။
“သူ … သူက”
လူငယ်လေး ကျိုးထန်သည် စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးများ နီရဲလာသည်။ ဖန့်ယင်း မျက်မှောင်ကြုတ်သွားပြီး မသင်္ကာစွာ ပြန်မေးလိုက်သည်။
“ဘာဖြစ်တာလဲ”
မိုနာဒိုဘုရင်၏ အမိန့်စာနှင့် ပတ်သက်၍ ဖန့်ယင်း ဘာမှမသိချေ။ ထိုသုံးယောက်၏ အမူအရာကို ကြည့်ပြီး သူမစိတ်ထဲ၌ မသင်္ကာမဖြစ်ဘဲ မနေနိုင်တော့ချေ။
“ဟင့်အင်း … ဘာမှမဖြစ်ပါဘူး”
လူငယ်လေး ကျိုးထန်သည် သူ့စိတ်ထဲမှ ဝမ်းသာစိတ်ကို ဖုံးဖိ၍ ခေါင်းခါလိုက်ပြီး သွေးများနှင့် ပေကျံနေသော ယဲ့ဖန်ကိုကြည့်၍ ပြောလိုက်သည်။
“သူ့ဒဏ်ရာက တအားပြင်းထန်ပြီးတော့ သူ့အသားတွေတောင်မှ အက်နေလို့ပါ”
“ဟုတ်ပါတယ်၊ နတ်မိမယ် ဖန့်ယင်း သူက ခင်ဗျားနဲ့ ဘယ်လိုပတ်သက်တာလဲ”
ထိုသို့ပြောပြီး ကျိုးထန်က ဖန့်ယင်းအား စိုက်ကြည့်လိုက်သည်။ ဖန့်ယင်း ရှက်သွေးဖြာသွားပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။
“သူက ကျွန်မ လိုက်ရှာနေရတဲ့သူပဲ”
*ဘာ*
ထိုစကားကြောင့် ကျိုးမိသားစု သုံးယောက်လုံး မျက်နှာပျက် သွားကြသည်။ သို့သော် ဖန့်ယင်းက ပြီးခဲ့သည့် ခြောက်လကျော် အတွင်း လူတစ်ယောက် ချန်ထားရစ်ခဲ့သော ခြေရာလက်ရာများကို လိုက်ရှာရန်အတွက် ဂြိုဟ်ပေါင်းများစွာကို ခြေကျင်ခရီးနှင် ခဲ့သည်ကို သူတို့ သိထားကြပါသည်။
သို့သော် ယခုအခါတွင်မူ … ထိုအခိုက်တွင် ကျိုးထန်သည် ခုတင်ပေါ်မှ ယဲ့ဖန်အား မနာလိုဝန်တိုသော မျက်လုံးများဖြင့် ကြည့်နေမိသည်။
သူ၏ နတ်မိမယ်က ထိုသူကို ရှာတွေ့နိုင်လိမ့်မည်ဟု သူ ထင်မထားမိချေ။ သို့သော် စိတ်ထဲမှ အလွန် မနာလိုဖြစ်နေမှုအား ဖိနှိပ်၍ ကျိုးထန်က ဝမ်းသာအားရ ပြောလိုက်သည်။
“နတ်မိမယ် ဖန့်ယင်း၊ ခရမ်းနုရောင်ပန်းပွင့်တဲ့ နွယ်ပင်ကိုသာ သွားရှာလိုက်ပါ။ ကျွန်တော်တို့ သူ့ကို ဂရုစိုက်လိုက်ပါ့မယ်”
ထို့နောက် ကျိုးထန်က ရေခွက်ကို ကောက်ယူ၍ ယဲ့ဖန်အား ရေတိုက်မည့်ဟန်ပြုလာသည်။ ဤသည်ကို ကြည့်ပြီး ဖန့်ယင်းက ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ထိုသို့ပြောပြီး သူမ၏ ပိန်ပါးသော ခန္ဓာကိုယ်လေးနှင့် ဆေးခန်းအပြင်သို့ ထွက်သွားလေသည်။
ခရမ်းနုရောင်ပန်းပွင့်သည် ယဲ့ဖန် ပြန်သတိရလာစေရန်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်သာ ဖြစ်လေသည်။ သူမ ထိုပန်းကို မရရအောင် ရှာတွေ့မှ ဖြစ်ပေမည်။
ဖန့်ယင်း ထွက်သွားသည်နှင့် ကျိုးမိသားစု သုံးယောက်လုံး တိတ်ဆိတ်သွားသည်။ လေထုသည်လည်း အလွန်အမင်း လေးလံလာ၏။
“ဟားဟားဟား … အခက်အခဲတွေကို ကျော်ဖြတ်ရတာ သိပ်လွယ်တာပဲ၊ သူ့ကို လွယ်လွယ်ကူကူ ရှာလိုက်နိုင်ပြီ”
ကျိုးထန်က အားပါးတရ ရယ်မောသည်။ သူ့စကားကြောင့် ကျိုးလင်မယား၏ မျက်နှာက အေးစက်သွားသည်။
“ကျိုးထန် မင်း ဘာလုပ်ချင်တာလဲ”
ကျိုးအဘိုးအိုက လေသံမာမာဖြင့် မေးလိုက်သည်။
“ဘာလုပ်ချင်တာလဲ ဟုတ်လား၊ ဒီကောင်လေးရဲ့ အသက်ကို ယူပြီး မိုနာဒိုဘုရင်ရဲ့ လက်ဆောင်အဖြစ် လူလေးစားခြင်းခံရတာကို ရယူမလို့ပေါ့ဗျ”
ကျိုးထန်သည် အလွန် လောဘတက်နေပြီး ယဲ့ဖန်အား ရတနာတစ်ခုကို ကြည့်သကဲ့သို့ကြည့်နေသည်။
“ဒီလူက စကြဝဠာဒင်္ဂါး သန်းတစ်ရာတန်တယ်ဗျ၊ ဒါနဲ့တင် ကျွန်တော်တို့ မိသားစု ကြီးပွားနေပြီ”
ထို့နောက် ကျိုးထန်က သူ့မိဘများကို ကြည့်လိုက်သည်။
“အဖေ၊ အမေ၊ အဖေတို့ ကိုယ့်သားကို တစ်သက်လုံး ဆရာဝန်လုပ်ခိုင်းပြီး တစ်သက်လုံး အကျိုးမရှိတဲ့ကောင် ဖြစ်စေချင်တာလား”
ထိုစကားက လူအိုကြီးနှစ်ယောက်၏ အရှိုက်ကို ထိသွားလေသည်။ သူတို့၏ သားသည် ဆရာဝန် တစ်ယောက်သာ ဖြစ်ပြီး ဘာမှထူးခြားသူ မဟုတ်ချေ။ ဤအတိုင်း ဆက်သွားနေပါက တစ်သက်လုံး အကျိုးမရှိ ဖြစ်ရပေလိမ့်မည်။
“ဒါပေမဲ့ … ဖန့်ယင်းက အဖေတို့ မိသားစုနဲ့ စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်တစ်ခုလုံးကို ကယ်တင်ခဲ့တာလေ။ အဖေတို့က သူ့မိတ်ဆွေကို ဒီလို ဆက်ခံရင်၊ ဒါက …”
ကျိုးအဘိုးအိုက ချီတုံချတုံ ဖြစ်နေသည်။ ကျိုးထန်၏ မျက်နှာ၌ ရက်စက်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။
“ကြီးမြတ်တဲ့လူတစ်ယောက်က ရက်စက်သင့်ရင် ရက်စက်ရမှာပဲ၊ နတ်မိမယ် ဖန့်ယင်းက ဒီမျိုးမစစ်ကောင်ကို ချစ်နေတာ အသိသာကြီးကို၊ သူ သေမှဖြစ်မယ်၊ သူ သေသွားတာနဲ့ ကျွန်တော်က မိုနာဒို နတ်ဘုရားရဲ့ တပည့်ရင်း ဖြစ်လာမှာ။ ကျွန်တော့်ရဲ့ နောက်ခံနဲ့ဆို ကျွန်တော် လျော်ကြေး ပြန်ပေးနိုင်မှာပါ၊ ကျွန်တော် နတ်မိမယ် ဖန့်ယင်းကို ကျေးဇူးကြွေး ပြန်ဆပ်နိုင်မှာပဲ”
သူ့စကားကို နားထောင်ပြီးနောက် ကျိုးလင်မယားက အချင်းချင်း ကြည့်လိုက်မိပြီးနောက် ခေါင်းညိတ် လိုက်ကြသည်။ ဤအပြုအမူကို မြင်ပြီး ကျိုးထန် တက်ကြွသွားသည်။
ထို့နောက် သူသည် ဓားရှည်တစ်လက်ကို ဆွဲထုတ်၍ ခုတင်ပေါ်၌ သတိလစ်နေသော ယဲ့ဖန်ကို ပြုံး၍ ပြောလိုက်သည်။
“ကောင်လေး မင်း သေသွားပြီးရင် ယမမင်းကို ဒီလို ပြောဖို့ မှတ်ထားလိုက်။ မင်းကို သတ်တာ ငါ ကျိုးထန်လို့ ပြောဖို့ မမေ့နဲ့ဦး”
ထိုသို့ပြောပြီးနောက် ထိုဓားရှည်သည် ယဲ့ဖန်ရှိရာ ခုတင်ပေါ်သို့ ကျရောက်လာသည်။
Chapter 500 အရူးအမူး သတ်ဖြတ်ခြင်း
ကျိုးဆေးခန်းထဲမှ ဖန့်ယင်း ထွက်လာပြီးနောက် သိုင်းပညာရှင် တစ်ယောက်က သူမကို ချက်ချင်း သတိပြုမိသွားသည်။ ထို့နောက်တွင် လမ်းတစ်ဖက်တစ်ချက်၌ သိုင်းပညာရှင်များနှင့် ပြည့်နှက်သွားပြီး သူတို့၏ ကျိုးနွံစွာ ဂါဝရပြု နှုတ်ဆက်သံများနှင့် ပြည့်နှက်လာသည်။
“စိတ်ဝိညာဉ် နတ်မိမယ်ကို နှုတ်ဆက်ပါတယ်”
“ကျွန်တော့်မိသားစုနဲ့ ဂြိုဟ်ကိုကယ်တင်ခဲ့တဲ့ စိတ်ဝိညာဉ် နတ်မိမယ်ကို ကျေးဇူးတင်ပါတယ်”
“စိတ်ဝိညာဉ် နတ်မိမယ် …”
ထိုသို့သောအချိန်၌ လမ်းမထက်တွင် ဖန့်ယင်းအား ကျေးဇူးတင်စကားများ ပြောနေသော သိုင်းပညာရှင်များနှင့် ပြည့်နှက်လုနီးပါး ဖြစ်နေသည်။
ထိုသူများထဲ၌ အချို့မိသားစုသည် ဖန့်ယင်း၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည်။ အချို့သည် ဖန့်ယင်းကြောင့် ရောဂါ ပျောက်ကင်းခဲ့ရသည်။ အားလုံးနီးပါးသည် ဖန့်ယင်း၏ ကယ်တင် စောင့်ရှောက်ခြင်းကို ခံခဲ့ရသူများ ဖြစ်လေသည်။ လူတိုင်း၏ စိတ်ထဲတွင် ဖန့်ယင်းသည် အသက်သခင် ကျေးဇူးရှင်သာ ဖြစ်လေသည်။
ဤမြင်ကွင်းကိုကြည့်ပြီး ဖန့်ယင်း စိတ်ထဲနွေးထွေးသွားရသည်။ ထိုစဉ် သိုင်းပညာရှင် တော်တော်များများက သုံးယောက်၊ လေးယောက်တစ်ဖွဲ့နှုန်းဖြင့် တစ်စုံတစ်ရာအကြောင်းကို သဲသဲမဲမဲ ပြောဆိုနေကြသည်ကို သူမ သတိထားမိသွားသည်။
ဤသည်က ဖန့်ယင်းအား အလွန်အမင်း သိချင်စိတ် ဖြစ်သွားစေသည်။ သူမ အကြားအာရုံကို နှိုးဆွ၍ ထိုသိုင်းပညာရှင်များ၏ စကားဝိုင်းကို နားထောင်လိုက်သည်။
ထိုစကားဝိုင်းကို နားထောင်ပြီးသည်နှင့် ဖန့်ယင်း အကြီးအကျယ် မျက်နှာပျက် ယွင်းသွားသည်။
*မိုနာဒိုဘုရင်က အနက်ရောင်ဝတ်စုံနဲ့လူငယ်ကို လိုချင်နေ တာလား*
ထိုစကားများက ဘေးပတ်လည်မှ သိုင်းပညာရှင်တိုင်း၏ ပါးစပ်ဖျားမှ ဆက်တိုက်ထွက်ပေါ်လာပြီး သူတို့၏ အမူအရာများ ကလည်း ကျိုးမိသားစုသုံးယောက်၏ အမူအရာနှင့် တူနေသည်ကို သတိထားမိပြီး ဖန့်ယင်း ထိတ်လန့်ကာ ဒေါသထွက်သွားရသည်။
ထို့နောက် သူမသည် ကျိုးဆေးခန်းရှိရာသို့ လှစ်ခနဲ အပြေးပြန်သွား လေတော့သည်။
…
တစ်ချိန်တည်းမှာပင် ကျိုးမိသားစု၏ ဆေးခန်းထဲ၌ ကျိုးထန်၏ ဓားရှည်က လေထဲ မြောက်တက်နေပြီး သူ့မျက်လုံးများက ဓားကဲ့သို့ ထက်ရှသော ယဲ့ဖန်၏ မျက်နှာကိုကြည့်နေပြီး သရော်ပြုံး ပြုံးနေလေသည်။
“ဟေ့ကောင်၊ နတ်မိမယ် ဖန့်ယင်းက ငါ့အပိုင်ပဲ။ ကျိုးထန်ဆိုတဲ့ ငါ တစ်ယောက်တည်းကပဲ သူနဲ့ ထိုက်တန်တာကွ”
“မင်း သေလိုက်တော့”
ရွှစ်!
ခက်ထန်သော အသံနှင့်အတူ ဓားရှည်က ယဲ့ဖန်၏ ဦးခေါင်းအား ခုတ်ပိုင်းလာသည်။ ဤမြင်ကွင်းကို ကြည့်ပြီး အနောက်ဘက်ရှိ အဘိုးအို လင်မယားနှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် မကြည့်ရဲသလို ဖြစ်နေသော်လည်း သူတို့၏ မျက်လုံး များ၌ လောဘမီးများနှင့် တောက်လောင်နေ၏။
သူတို့သည် ယဲ့ဖန်၏ ဦးခေါင်း ပြတ်ကျသွားသည်ကို မြင်ယောင်နေ ပုံရသည်။ ထို့အပြင် သူတို့၏ သားဖြစ်သူက မင်းသားတစ်ပါး ဖြစ်လာပြီး လောကကြီးကို ငုံ့ကြည့်ရသည့် ပြိုင်ဘက်ကင်းသောသူ ဖြစ်လာတော့မည်ကို မြင်ယောင်နေကြသည်။
ရွှစ်!
သွေးများ ရုတ်တရက် ပန်းထွက်လာသည်။ သို့သော် မျက်စိရှေ့မှ မြင်ကွင်းကြောင့် ကျိုးမိသားစု သုံးယောက်လုံး ထိတ်လန့်သွား ကြသည်။
အဘယ်ကြောင့်ဆိုသော် ပြတ်ထွက်သွားသည်က ယဲ့ဖန်၏ ဦးခေါင်းမဟုတ်ဘဲ ကျိုးထန်၏ လက်မောင်း ဖြစ်နေသော ကြောင့်ပင်။
*ဘယ်လို*
ကျိုးထန်သည် သတိဝင်လာပြီးနောက် ကျယ်လောင်စွာ အော်ဟစ် လိုက်မိသည်။ ထို့အပြင် သူ့လက်မောင်းက ပြတ်ထွက်သွား သောကြောင့် သွေးများက အဆတ်မပြတ် စီးကျလာလေသည်။
ဒဏ်ရာက အလွန် ပြင်းထန်လှသောကြောင့် သူ ကတုန်ကယင် ဖြစ်လာရသည်။
“ဘယ်သူလဲ”
ထိုသို့သောအချိန်၌ မိသားစုဝင်သုံးယောက်လုံး ထိတ်လန့်သွား သည့်အပြင် ဒေါသပါ ထွက်သွားပြီး အိမ်ပတ်လည်အား ဝေ့ကြည့်လိုက်သည်။
ထိုစဉ် သူတို့၏ အကြည့်အောက်၌ ဖန့်ယင်း၏ သေးသွယ်သော ခန္ဓာကိုယ်လေးက အထဲသို့ လှမ်းဝင်လာ၏။
သူမ၏ လှပသော မျက်နှာသည် နှစ်တစ်သောင်း သက်တမ်းရှိသော ရေခဲတောင်ကဲ့သို့ အေးစက်၍ ဒေါသထွက်နေကြောင်း ပြသနေသည်။
“နတ် … နတ်မိမယ် ဖန့်ယင်း၊ ခင်ဗျား … ခင်ဗျား ဘာလို့ ပြန်လာတာလဲ”
ကျိုးအဘိုးအို ထိတ်လန့်သွားသည်။ ထို့နောက် သူသည် ဖန့်ယင်း ပြန်ပြောလာသည်ကို မစောင့်ဘဲ ခြံပြင်ကို လှမ်းကြည့်၍ အသည်းအသန် အော်ဟစ်လေသည်။
“လာကြဟေ့၊ မိုနာဒိုဘုရင် လိုက်ရှာနေတဲ့ အနက်ရောင်ဝတ်စုံနဲ့ လူငယ်က ဒီကို ရောက်နေတယ်”
ထိုစကားကြောင့် ဖန့်ယင်း၏ မျက်နှာလေး ပြာနှမ်းသွားသည်။ သူမ ကယ်တင်ခဲ့သော မိသားစု၌ သူမ၏ချစ်သူကို သတ်ချင်နေသည့် သားတစ်ယောက် ရှိနေလိမ့်မည်ဟု သူမ ထင်မထားမိခဲ့ချေ။
“ရှင် … သေလိုက်တော့”
ရွှစ်!
ဖန့်ယင်းသည် ခက်ထန်သော အသံနှင့်အတူ သူမ၏ ကျောက်စိမ်း သဖွယ် လက်ဖဝါးကိုဝင့်၍ မွေးရာပါ စိတ်ဝိညာဉ်စွမ်းအင်ကို နှိုးဆွ၍ ကျိုးအဘိုးအိုအား လျှပ်စီးကဲ့သို့ ပြင်းထန်စွာ ခုတ်ပိုင်း လိုက်သည်။
ရွှစ်!
ကျိုးအဘိုးအို၏ နဖူး၌ သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် တောင့်ခနဲ ဖြစ်သွားပြီးနောက် ခန္ဓာကိုယ်က နှစ်ပိုင်းပိုင်း ခံလိုက်ရလေ၏။ ရဲရဲနီသော သွေးများနှင့် ကိုယ်တွင်း ကလီစာများက နေရာအနှံ့သို့ လွင့်စဉ်လာသည်။
*ဒါက …*
ကျိုးထန်နှင့် ကျိုးအဘွားအိုတို့ မှင်တက်၍ နားဝေတိမ်တောင် ဖြစ်သွားကြသည်။ သူတို့ကို ကယ်ဆယ်ခဲ့သူက ဖန့်ယင်းဖြစ်သည် ဟူသည့်အချက်ကို သူတို့ မေ့လျော့နေသည်မှာ အတော်ကြာနေပြီ ဖြစ်သည်။
ဖန့်ယင်းသာမရှိပါက သုံးယောက်လုံး အရိုးစုများ ဖြစ်နေပြီး အသက်ရှိတော့မည် မဟုတ်ပါ။
ထိုစဉ် ကျိုးထန်နှင့် ကျိုးအဘွားအိုသည် ဆေးခန်းအပြင်သို့ ပြေးထွက်၍ အရူးအမူး အော်ဟစ်ကြပြန်သည်။
“လာကြပါဦး၊ နတ်မိမယ် ဖန့်ယင်းက လူသတ်နေပြီ၊ အနက်ရောင်ဝတ်စုံနဲ့လူ ပေါ်လာပြီ”
“မိစ္ဆာမ … နတ်မိမယ် ဖန့်ယင်းက မိစ္ဆာမပဲ ပြီးတော့ သူက စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်ကို ဖျက်ဆီးချင်နေတယ်”
ထိုအော်သံများက စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်တစ်ခုလုံးနီးပါးသို့ ပဲ့တင်ထပ်သွားလေ၏။ သူတို့ အသံအဆုံး၌ သွေးစီးကြောင်းနှစ်ခု ဖြစ်ပေါ်လာသည်။
ရွှစ်! ရွှစ်!
ကျိုးအဘွားအိုနှင့် ကျိုးထန်တို့ ဦးခေါင်းများ မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။ နှစ်ယောက်လုံးသည် မျက်လုံးများ ပြူးကျယ်နေသည်။ ထိုမျက်ဝန်းထဲ၌ လောဘစိတ်၊ နောင်တရစိတ်၊ မလိုမုန်းတီးစိတ်နှင့် ရူးသွပ်စိတ်များ ပြည့်နှက်နေ၏။
ထိုသူနှစ်ယောက် သေဆုံးပြီးချိန်၌ သိုင်းပညာရှင်တစ်ယောက်က လျှပ်စီးသဖွယ် ခြံဝန်းအပြင်ဘက်သို့ ရောက်ရှိလာသည်။
တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာ။
…..
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရာချီသော သိုင်းပညာရှင် များသည် ခြံဝန်းအပြင်ဘက်၌ စုဝေးရောက်ရှိလာပြီး ခြံဝန်းထဲသို့ အတင်း ဝင်ရောက်လာကြသည်။
သူတို့အားလုံး၏ အကြည့်များက ခုတင်ထက်ရှိ ယဲ့ဖန်ထံသို့ ကျရောက်နေသည်။ ယဲ့ဖန်၏ မျက်နှာက မိုနာဒိုဘုရင် အလိုရှိကြောင်း ထုတ်ပြန်ထားသည့် အနက်ရောင်ဝတ်စုံနှင့် လူငယ်၏ မျက်နှာနှင့် တစ်ထေရာတည်း တူနေသည်ကို သတိထားမိပြီးနောက် အားလုံး တက်ကြွပျော်ရွှင်သွားကြသည်။
“နတ်မိမယ် ဖန့်ယင်း ဒီအနက်ရောင်ဝတ်စုံနဲ့လူငယ်ကို ထားခဲ့ပါ၊ ခင်ဗျား ထွက်သွားလို့ရတယ်”
“နတ်မိမယ် ဖန့်ယင်း ကျုပ်တို့ ခင်ဗျားနဲ့ ယှဉ်မတိုက်ချင်ဘူး။ ဒါပေမဲ့ ဒီအနက်ရောင်ဝတ်စုံနဲ့ လူငယ်ကတော့ သေကို သေမှရမယ်”
“မြန်မြန်ထွက်သွား၊ မဟုတ်လို့ကတော့ ခင်ဗျားက ကျုပ်တို့ ကျေးဇူးရှင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျုပ်တို့ ခင်ဗျားကို သတ်ပစ်မယ်”
“…”
ဥစ္စာဓနနှင့် ကျော်ကြားမှုတို့အောက်၌ လူသားဆန်သည့် စိတ်ထားများ ပျောက်ဆုံးသွားလေတော့သည်။ သိုင်းပညာရှင်များ အားလုံးသည် သူတို့အပေါ် ဖန့်ယင်း သနားကြင်နာခဲ့သမျှအား မေ့လျော့သွားကြသည်။
အားလုံး၏ မျက်လုံးထဲ၌ လောဘနှင့် ရူးသွပ်မှုများသာ ရှိနေသည်။
ဒေါက်! ဒေါက်! ဒေါက်!
ထိုသို့သောအချိန်၌ ဖန့်ယင်းသည် ဘေးပတ်လည်မှ စကားများကို မကြားသကဲ့သို့ ဆေးခန်းထဲ ပြန်ဝင်သွားပြီး ယဲ့ဖန်အား ကျော၌ သယ်ပိုးကာ သူမ၏ မွေးရာပါ စိတ်ဝိညာဉ်ချီဓာတ်များနှင့် ပြုတ်မကျအောင် တင်းကျပ်စွာ ချည်နှောင်လိုက်သည်။
ထို့နောက် အခန်းပြင်သို့ ပြန်ထွက်လာပြီးနောက် မျက်စိရှေ့မှ လူအုပ်အား လှမ်းကြည့်လိုက်သည်။
ထိုသူများထဲ၌ သူတို့၏ ကလေးများကို သူမ ကယ်တင်ပေးခဲ့သည့် လူများလည်း ရှိသည်။ သူမကြောင့် အသက်ပြန်ရှင်လာသည့် လူကြီးများလည်း ရှိသလို မိသားစုလိုက် သူမ၏ ကယ်တင်ခြင်းကို ခံရသည့် သူများလည်း ရှိသည်။
သို့သော် ယခုအခါတွင် မည်သည့်ခြွင်းချက်မှ မရှိဘဲ လူတိုင်း၏ မျက်လုံးထဲ၌ လောဘမီးများ တောက်လောင်လျက် ရှိနေသည်။
ထိုစဉ် ဖန့်ယင်း၏ မျက်နှာထားက အလွန်အေးစက်လာပြီး လှပသော မျက်ဝန်းထဲ၌ ရက်စက်၍ လူသတ်လိုစိတ်များ ပြည့်နှက်လာသည်။ ထို့နောက် ရေခဲသမျှ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
“သူက ကျွန်မ ချစ်ရတဲ့ အမျိုးသားပဲ”
“ရှင်တို့ သူ့ခေါင်းကိုလိုချင်ရင် ကျွန်မ အရင်သေသွားမှပဲ ရမယ်”
“ကျွန်မ အကျိုးသင့် အကြောင်းသင့် ပြောပြီးသွားပြီ၊ အခုချိန်ကစပြီး ကျွန်မလမ်းကို လာပိတ်တဲ့ ဘယ်သူမဆို သေမယ်”
ဖန့်ယင်း၏ စကားကြောင့် ရာချီသော သိုင်းပညာရှင်များ မျက်နှာပျက်သွားကြသည်။ သူတို့ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားသော်လည်း ချက်ချင်းဆိုသလိုပင် လောဘစိတ်၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။
လူတိုင်းသည် ဖန့်ယင်း၏ ကျောပေါ်မှ ယဲ့ဖန်ကို စိုက်ကြည့်၍ အော်ဟစ်လာကြသည်။
“သတ်ကြ”
စက္ကန့်ပိုင်းအတွင်းမှာပင် ရာချီသော သိုင်းပညာရှင်များသည် ဖန့်ယင်းထံသို့ ပြေးဝင်လာကြသည်။
ရွှစ်! ရွှစ်! ရွှစ်!
ဓားရောင်များက ယဲ့ဖန်နှင့် ဖန့်ယင်းအား လွှမ်းခြုံလာသည်။ ဖန့်ယင်း၏ မျက်ဝန်းသည်လည်း ဓားကဲ့သို့ အေးစက်နေ၏။ သူမ ရှေ့သို့ တစ်လှမ်းချင်း လှမ်းလိုက်သည်။
သူမလက်ထဲမှ မွေးရာပါ စိတ်ဝိညာဉ်ချီဓာတ်ဖြင့် ဖန်တီးထားသည့် ကျာပွတ်သည် လျှပ်စီးသဖွယ် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သတ်ဖြတ်လာသည်။
“သတ် … သတ် … သတ်”
ရူးသွပ်နေကြသည်၊ သွေးဆာနေကြသည်။
သိုင်းပညာရှင်တစ်ယောက် ခေါင်းပြတ်သွားသည်။ ဆိုးရွားလှသည့် သတ်ဖြတ်ပွဲက အတောမသတ် တော့ချေ။
ယခုအချိန်၌ ခြံဝန်းတစ်ခုလုံးသည် သားသတ်ကွင်းကဲ့သို့ ခြေပျက် လက်ပျက်များ၊ ကိုယ်တွင်းကလီစာ များနှင့် နေရာတိုင်း ပျံ့နှံ့နေသည်။
ရွှစ်!
နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်တစ်ယောက် ကိုယ်နှစ်ခြမ်း ကွဲသွားလေသည်။
မွေးရာပါ စိတ်ဝိညာဉ်ချီဓာတ်ဖြင့် ဖန်တီးထားသည့် ကျာပွတ်သည် လှစ်ခနဲ ဖြတ်ပြေးသွားပြီး ဒါဇင်နှင့်ချီသော သိုင်းပညာရှင်များ၏ ဦးခေါင်းများအား ဖြတ်တောက်သွားလေသည်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းပင်။
ဖန့်ယင်းသည် အပြည့်အဝ နေမကောင်းသေးသော်လည်း ကြောက်ခမန်း လိလိ ဖိနှိပ်နိုင်သည့် အရှိန်အဝါက ပျံ့နှံ့ထွက်ပေါ် လျက် ရှိသည်။
မည်သူမျှ မခုခံနိုင်ဘဲ တစ်ယောက်ပြီးတစ်ယောက် သေဆုံး သွားကြသည်။ သူမ လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်ပြီး နောက်ဆုံးသော သိုင်းပညာရှင်၏ ခန္ဓာကိုယ်ကို ဖြတ်တောက် လိုက်သည်။
ခြံဝန်းတစ်ခုလုံး၌ အလောင်းများနှင့် ပြည့်နှက်နေပြီး သွေးနံ့များ လှိုင်လှိုင်ထနေ၏။
ဤသည်က အစသာ ရှိသေးမှန်း ဖန့်ယင်း သိနေသည်။ ထို့နောက် သူမသည် ယဲ့ဖန်ကို သယ်၍ ခြံဝန်းအပြင်သို့ ချက်ချင်း ထွက်လာခဲ့သည်။
ရုတ်တရက် ဘေးပတ်လည်၌ သိုင်းပညာရှင်များ စုပြုံ၍ ရောက်နေသည်ကို သူမ တွေ့လိုက်ရသည်။ စိတ်ဝိညာဉ် နတ်မိမယ်ဂြိုဟ်မှ သိုင်းပညာရှင်များအားလုံးသည် သူမတို့အား သတ်ဖြတ်ရန် ရောက်လာကြလေသည်။
လူရိပ် တစ်ရိပ် ရပ်နေသည်ကို အားလုံး တွေ့လိုက်ရသည်။
Chapter 501 ဆံပင် အဖြူရောင် ပြောင်းသွားခြင်း
လူအုပ်ကြီးက များပြားလွန်းလှသည်။ ဖန့်ယင်း ခြံဝန်းအပြင်သို့ ထွက်လိုက်သည်နှင့် လူပေါင်းများစွာတို့ကို တွေ့လိုက်ရသည်။ အနည်းဆုံး လူအယောက်တစ်သောင်းနီးခန့် ရှိလောက်သည်။
လူအုပ်ကြီးသည် ကျိုးမိသားစု၏ ခြံဝန်းမှနေ၍ မိုင်ပေါင်းများစွာ ရှည်လျားစွာ ရှိနေသည်။
စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်၌ နေထိုင်သူများအားလုံး ရောက်နေ ကြသည်။ သိုင်းပညာရှင်မှအစ ကလေးအဆုံး ရောက်ရှိ နေကြသည်။ အားလုံး၏ မျက်လုံး၌ လောဘစိတ်များနှင့် ဖုံးလွှမ်းနေ၏။
“နတ်မိမယ်ဖန့်ယင်း အဲ့ဒီ အနက်ရောင်ဝတ်စုံနဲ့လူကို မြန်မြန်ချ လိုက်ပါ၊ အဲ့လိုဆို ခင်ဗျားကို ချမ်းသာပေးမယ်”
ထိုသိုင်းပညာရှင်၏ မျက်လုံးများက ခက်ထန်နေသည်။ စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်က ဂြိုဟ်သေတစ်ခု ဖြစ်လာခဲ့ပြီး သူ၏ ဂြိုဟ်သခင်က မည်မျှ စိတ်ပျက်လက်ပျက်နှင့် နေ့တိုင်း ဒူးထောက်၍ မိုးကောင်းကင်အား ဤဂြိုဟ်ကို သနားညှာတာ ပေးပါရန် ဆုတောင်းခဲ့ချိန်ကို သူ မေ့လျော့နေခဲ့သည်။
ဖန့်ယင်း၏ ကျေးဇူးက မည်မျှ ကြီးမားကြောင်း သူ မေ့လျော့ သွားသည်။ ယခုအချိန်တွင် ထိုကျေးဇူးတရားက သူ၏စိတ်ထဲမှ သတ်ဖြတ်လိုစိတ်ကို မလွှမ်းမိုးနိုင်တော့ချေ။
သူသည်သာမကချေ၊ စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်၏ သိုင်းပညာရှင် တစ်သောင်းကျော်တို့သည်လည်း လက်သီးလက်မောင်းတန်း၍ ကြုံးဝါးလေသည်။
“သူ့ကိုသတ်”
“သူ့ကိုသတ်”
“သူ့ကိုသတ်”
သံပြိုင်ဟစ်အော်သံနှင့်အတူ သိုင်းပညာရှင် တစ်သောင်းကျော် တို့သည် ရူးသွပ်မတတ် ဖြစ်နေကြသည်။
ထိုသို့သောအချိန်၌ ဖန့်ယင်း၏ နှလုံးသားသည် သူမမျက်ဝန်းကဲ့သို့ အေးစက်လာသည်။ သူမ ယခုအချိန် ဘာပြောပြော အသုံးမဝင်ကြောင်း သူမ သိနေသည်။
မည်သည့် သနားကြင်နာစိတ်ကမှ လူသားတို့၏ လောဘတရားကို တောင့်မခံနိုင်ပါ။
ထို့နောက် ဖန့်ယင်းသည် ယဲ့ဖန်ကိုသယ်၍ သိုင်းပညာရှင် တစ်သောင်းကျော်ရှိရာဆီသို့ တစ်လှမ်းခြင်း လှမ်းလာသည်။
ထိုသို့ခြေလှမ်း လှမ်းလာသောအခါ သိုင်းပညာရှင်များ လှုပ်လှုပ် ရှားရှား ဖြစ်လာသည်။
“သတ်”
ထိုသို့သောအချိန်၌ ဖန့်ယင်းအား ထောင်သောင်းချီသော သိုင်းပညာရှင်များက ဝိုင်းဖမ်းလာကြသည်။
….
သွေးနံ့များက စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်တစ်ခုလုံး၌ ပျံ့နှံ့လျက် ရှိသည်။ ဂြိုဟ်ပေါ်၌ ကြေးချွတ်သန့်စင်ဘုံကဲ့သို့ အလောင်းများနှင့် အသားစများက နေရာအနှံ့ ပျံ့ကျဲနေ၏။
သိုင်းပညာရှင်တစ်ယောက် ဆွဲဖြဲခံလိုက်ရသည်။ သိုင်းပညာရှင် တိုင်းသည် မသေဆုံးခင်၌ မိစ္ဆာတစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရသကဲ့သို့ မျက်လုံးထဲ၌ ကြောက်စိတ်များဖြင့် ပြည့်နှက်လျက် ရှိနေခဲ့သည်။
အလောင်းများက တောင်လိုပုံလာပြီး သွေးများက ပင်လယ်ထဲသို့ စီးဆင်းနေသည်။
ရွှစ်! ရွှစ်! ရွှစ်!
စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်မှ ဂြိုဟ်သခင်၏ အသန်မာဆုံးသော အဖွဲ့သာ အသက်ရှင်နေပြီး ယခုအချိန်၌ သူတို့ နောက်ဆုတ် နေရသည်။ သူတို့သည် စက္ကူကဲ့သို့ ဖြူရော်နေကြလေသည်။
တစ်နာရီအတွင်း ဖန့်ယင်းကြောင့် သိုင်းပညာရှင် တစ်ဝက်ကျော် အသတ်ခံလိုက်ရသဖြင့် အားလုံး မယုံနိုင်သလို ဖြစ်နေကြသည်။
“မိစ္ဆာမ၊ မင်း … မင်းက ကြောက်စရာကောင်းတဲ့ မိစ္ဆာမပဲ”
စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်မှ သိုင်းပညာရှင်တစ်ယောက်က ထအော်လေသည်။ သူတို့ရှေ့၌ သွေးများ ပေကျံနေသော ကလေးမလေး တစ်ယောက်က ယဲ့ဖန်ကို ကျော၌ပိုး၍ ဖြည်းဖြည်းချင်း လျှောက်လာနေသည်။
ဖန့်ယင်းသည် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေ သော်လည်း သူမ၏ မျက်လုံးများက တောက်ပလျက် ရှိနေသည်။ သူမ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အပြာရောင် ချီဓာတ်များက သူမကိုယ်ထဲမှ ထွက်ပေါ်လာသည်။
ထိုချီဓာတ်သည် နတ်ဆိုးတစ်ကောင်၏ လက်မောင်းနှင့် သဏ္ဌာန်တူလှပြီး သိုင်းပညာရှင် တစ်ယောက်အား ပြင်းထန်စွာ ဆွဲစုတ်လေ၏။
ကောင်းကင်ထက်မှ ကျဆင်းလာသော အလောင်းများကြောင့် ကြက်သီးမွေးညင်း ထလာရသည်။ သိုင်းပညာရှင် တစ်ယောက် သေဆုံးသွားတိုင်း အားကောင်းသော အသက်ဓာတ်စွမ်းအင် ထွက်ပေါ်လာပြီး ထိုစွမ်းအင်ကို ဖန့်ယင်း၏ခန္ဓာကိုယ်မှ စုပ်ယူသွားသည်။
*နတ်ဆိုးပဲ*
ယခုအချိန်၌ သူမသည် နတ်မိမယ် မဟုတ်တော့ဘဲ နတ်ဆိုးအမျိုးသမီး တစ်ယောက် ဖြစ်လာလေသည်။
“သူက ကျွန်မဘဝပါလို့ ကျွန်မ ပြောခဲ့တယ်လေ”
“သူ့ကို နတ်ဘုရားတွေက လာသတ်ရင် အဲ့နတ်ဘုရား သေရမယ်။ သူ့ကို အင်မော်တယ်တွေက လာသတ်မယ်ဆိုရင် အဲ့ဒီ အင်မော်တယ် တွေ သေစေရမယ်”
ဖန့်ယင်း၏ မျက်လုံးများသည် သားရဲများကဲ့သို့ ကြမ်းကြုတ် လှသည်။
ထိုသို့ပြောပြီးနောက် စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်၏ ထိတ်လန့်နေသော သိုင်းပညာရှင်များ၏ မျက်လုံးအောက်မှာပင် ဖန့်ယင်းသည် ယဲ့ဖန်ကို ကျောပိုး၍ ကောင်းကင်ထက်သို့ တစ်လှမ်းချင်း လှမ်းသွားလေသည်။
ထို့နောက် သူမသည် ရပ်တန့်လိုက်ပြီး အောက်ဘက်ရှိ စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်ပေါ်မှ လူများကို ငုံ့ကြည့်၍ ခက်ထန်စွာ ကြည့်လိုက်သည်။
“စိတ်ဝိညာဉ် ယဇ်ပူဇော်ခြင်း”
ထိုစကားသံအဆုံး၌ စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်တစ်ခုလုံး တုန်ခါ လာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သစ်ပင်ပန်းမန်များ အားလုံး ခြောက်သွေ့ညှိုးနွမ်းသွားသည်။
သိုင်းပညာရှင်များ၏ ကိုယ်ထဲမှ စိတ်ဝိညာဉ်ချီဓာတ်များ တိုးထွက်လာပြီး သူတို့၏ အသွေးအသားများ ကျုံ့သွားပြီး သူတို့၏ နတ်ဘုရား စွမ်းအင်များ ယိုယွင်းဆုတ်ယုတ်လာသည်။
ထိုသည်သာမကချေ စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်တစ်ခုလုံး၏ မြေဆီလွှာများ အက်ကွဲလာပြီး ဂြိုဟ်တစ်ခုလုံး၏ စိတ်ဝိညာဉ်ချီဓာတ်များ စုပ်ယူခံလိုက်ရကာ ကမ္ဘာပျက်ကိန်း ဆိုက်လာလေသည်။
“မလုပ်နဲ့”
ဤမြင်ကွင်းကိုကြည့်ပြီး ဂြိုဟ်သခင်နှင့် သိုင်းပညာရှင်များအားလုံး တုန်လှုပ်ခြောက်ခြားလာသည်။
စိတ်ဝိညာဉ်ချီဓာတ်ကို စုပ်ယူခြင်း။
ဖန့်ယင်းက ဂြိုဟ်တစ်ခုလုံးပေါ်ရှိ အရာအားလုံးမှ စိတ်ဝိညာဉ် ချီဓာတ်များကို ပြန်လည် ရုတ်သိမ်းနေမှန်း သူတို့ သိလိုက် ကြသည်။
အရာအားလုံး၏ စိတ်ဝိညာဉ် ချီဓာတ်များ ရုတ်သိမ်းခံလိုက်ရပါက လူတိုင်း သေဆုံးသွားမည်ဖြစ်ပြီး အားလုံး အမှုန့်ဖြစ်သွား ကြပေမည်။
ထိုအခါမှသာ သိုင်းပညာရှင်များအားလုံး ကြောက်လန့် လာကြသည်။ ဂြိုဟ်သခင်နှင့် သိုင်းပညာရှင်များ အားလုံး ဒူးထောက် ဝပ်တွား၍ ဖန့်ယင်းအား တောင်းပန်ကြလေသည်။
“နတ်မိမယ် ဖန့်ယင်း၊ ရပ်လိုက်ပါ၊ အခု ရပ်လိုက်ပါတော့၊ ကျွန်တော်တို့ကို စာနာပေးပါ”
“မလုပ်ပါနဲ့၊ ကျွန်တော်တို့ မှားမှန်း သိပါပြီ။ ကျွန်တော်တို့ အဲ့ဒီလူကို ထပ်မဖမ်းရဲတော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို လွှတ်ပေးပါ”
“နတ်မိမယ် ဖန့်ယင်း၊ ခင်ဗျား တကယ် မိစ္ဆာမဖြစ်ချင်လို့လား၊ ဒါ မိစ္ဆာတွေ လုပ်တဲ့အလုပ်နော်၊ ခင်ဗျား သဘာဝတရားရဲ့ အပြစ်ပေး တာကို ခံရလိမ့်မယ်”
“...”
ထိုသို့သောအချိန်၌ ဂြိုဟ်တစ်ခုလုံးတွင် တောင်းပန်သံ၊ ကြောက်လန့်သံ၊ အော်ဟစ်ငိုယိုသံနှင့် ကြိမ်းမောင်းသံများက အဆက်မပြတ် ထွက်ပေါ်လာသည်။ သို့သော် ကောင်းကင်ထက်မှ ဖန့်ယင်းသည် တုတ်တုတ်မျှ မလှုပ်ချေ။
သူမသည် အရာအားလုံး၏ စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်ယူနေပြီး သူမမျက်ဝန်းများက ရီဝေနေသည်။
“သူ့အတွက်ဆိုရင် ကျွန်မ နတ်သမီးကနေ နတ်ဆိုးအဖြစ် လိုလိုလားလားနဲ့ကို ဖြစ်ချင်တယ်”
“ကျွန်မ ပေးထားခဲ့တာတွေ ပြန်ပေးတော့”
ထိုစကားသံအဆုံးတွင် စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်ပေါ်၌ အက်ရာများ ပေါ်ပေါက်လာသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်တစ်ခုလုံး၌ ပင့်ကူမျှင်ကဲ့သို့ အက်ရာများ သွေးပျက်ဖွယ်ကောင်းအောင် ထွက်ပေါ်လာ၏။
သိုင်းပညာရှင်များ ထွက်ပြေးချင်နေကြသည်။ သို့သော် စိတ်ဝိညာဉ် ချီဓာတ်များ စုပ်ယူခံထားရ သောကြောင့် သူတို့ကိုယ်များသည် လေထဲပျံတက်လိုက်သည်နှင့် ချက်ချင်း ပြန်ပြုတ်ကျလာသည်။
သိုင်းပညာရှင်များအားလုံး၏ ကြွက်သားများသည် ကျုံ့နေပြီး အရေပြားများကလည်း အက်ရာထင် လာသည်။
ဝှစ်!
သိုင်းပညာရှင်တစ်ယောက် ပြာဖြစ်သွားလေသည်။ ထို့နောက်တွင် ဒုတိယတစ်ယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။
....
နောက်ဆုံးတွင် စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်တစ်ခုလုံး ပေါက်ကွဲသွားသည်။ လူသားအားလုံးနှင့် သက်ရှိများအားလုံး အသက်ဓာတ်စွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ဖန့်ယင်း၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
အမြစ်ပြတ် သုတ်သင်ခြင်းပင်။ စိတ်ဝိညာဉ် နတ်သမီးဂြိုဟ် တစ်ခုလုံး အမှုန့်ဖြစ်သွားပြီး သတ္တဝါများ အားလုံး အရိုးပင် မကျန်ရစ်တော့ချေ။
ထို့အပြင် စိတ်ဝိညာဉ်ချီဓာတ်များကို အာဟာရအဖြစ် စုပ်ယူလိုက် သောကြောင့် ဖန့်ယင်း၏ သေးသွယ်သော ကိုယ်လုံးလေးသည် ပြန်လည် ကြီးထွားလာသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် အရွယ်ရောက်ပြီးသား ခန္ဓာကိုယ်အဖြစ်သို့ ပြန်လည်ရောက်ရှိ သွားလေသည်။
ထိုအချိန်၌ ဖန့်ယင်းသည် ယဲ့ဖန်ကို ပွေ့ဖက်၍ လေဟာနယ်ထဲ ထိုင်ချလိုက်သည်။ သူမ၏ ကျောက်စိမ်းကဲ့သို့ လက်ချောင်း လေးများဖြင့် ယဲ့ဖန်၏ ဓားကဲ့သို့ ထက်ရှသော မျက်နှာအား ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထို့နောက် သူမ ငိုကြွေးလေ တော့သည်။
တောက်! တောက်!
သူမ မချိပြုံးပြုံးလိုက်မိသည်။ သူမ ယဲ့ဖန် သတိရလာအောင် မည်သို့လုပ်ရမလဲ မသိ ဖြစ်နေ၏။ သူ့အတွက်ဆိုလျင် သူမ သေရဲသည်ကိုသာ သူမ သိသည်။
ထိုစဉ် ဖန့်ယင်းကို ကိုယ်ကိုကိုင်း၍ သူမ၏ နွေးထွေး၍ နီမြန်းသော နှုတ်ခမ်းလေးဖြင့် ယဲ့ဖန်၏ နှုတ်ခမ်းကို နမ်းလိုက်သည်။
သူမခန္ဓာကိုယ်တွင်းမှ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ချီ စွမ်းအင်များက သူမနှုတ်ခမ်းမှတစ်ဆင့် ဖြတ်သန်းသွားသည်။
ခန္ဓာကိုယ်နှစ်ခုက အတူတကွ ပူးယှက်နေကြပြီး ချီစွမ်းအင်များက သူတို့နှစ်ယောက်အား ဖြည်းညှင်းစွာ ရစ်ပတ်လာသဖြင့် ဧရာမ အစိမ်းရောင် ပိုးအိမ်ကြီးနှင့် အသွင်တူလာသည်။
အကယ်၍ ဤမြင်ကွင်းကိုသာ ထိပ်တန်း သိုင်းပညာရှင် တစ်ယောက်သာ တွေ့မြင်သွားပါက ထိတ်လန့်သွားလောက်သည်။ အဘယ်ကြောင့်ဆိုသော် ဖန့်ယင်းသည် သူမ၏ ပြိုင်ဘက်ကင်း ခန္ဓာကိုယ်၏ စွမ်းအင်အရင်းအမြစ်ကို ယဲ့ဖန်ထံသို့ လွှဲပြောင်းပေး နေသောကြောင့်ပင်။
အကယ်၍ ဤအခြင်းအရာသာ အောင်မြင်သွားပါက ဖန့်ယင်းသည် မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်၏ စွမ်းအင်ကို ဆုံးရှုံးရ ပေလိမ့်မည်။ ထို့အပြင် ယဲ့ဖန်က မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်လာပေမည်။
စကြဝဠာ၏ သမိုင်းတစ်လျှောက်၌ ဤမျှ ရူးသွပ်ရဲသူ မရှိချေ။ တဖြည်းဖြည်းနှင့် ဧရာမ အစိမ်းရောင် ပိုးအိမ်ကြီးသည် အဖြူရောင်သို့ ပြောင်းလဲသွားလေသည်။ အသက်ဓာတ် စွမ်းအင်များသည် ပိုးအိမ်အတွင်းရှိ ယဲ့ဖန်၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင် ပျောက်ကွယ်သွားလေသည်။
နောက်ဆုံးတွင်မူ အစိမ်းရောင် ပိုးအိမ်ကြီးသည် နှင်းကဲ့သို့ အဖြူရောင်အတိ ပြောင်းလဲသွားသည်။ ဖန့်ယင်း၏ ဆံနွယ်များ သည်လည်း အဖြူရောင် ပြောင်းသွားလေ၏။