← Chapters

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

Chapter 502 သူတို့ နိုးထလာပြီ

အားလုံး အဖြူရောင် ပြောင်းသွားလေသည်။ အရာအားလုံး ပြာဖြစ်သွားပြီး ပကတိ အေးစက်လာ၏။

မကြာခင်မှာပင် အဖြူရောင် ပိုးအိမ်ကြီး ပြန်ပွင့်လာပြီး ယဲ့ဖန်နှင့် ဖန့်ယင်းတို့ ထွက်ပေါ်လာသည်။ ဖန့်ယင်းသည် အလွန် လှပနေဆဲ ဖြစ်သည်။ သူမ၏ ဆံနွယ်များသာ အဖြူရောင်သို့ ပြောင်းလဲ သွားခြင်း ဖြစ်သည်။

သူမသည် တစ်ကိုယ်လုံး ပင်ပန်းနွမ်းလျနေပြီး သူမကိုယ်ပေါ်မှ နတ်ဘုရားစွမ်းအင်များ ပျေက်ကွယ်သွား လေတော့သည်။

“ဒါတောင် မအောင်မြင်သေးဘူးလား”

သူမသည် ယဲ့ဖန်ကိုကြည့်ပြီး မျက်နှာထက်၌ ဝမ်းနည်း ကြေကွဲဟန်များ ထင်ဟပ်လာသည်။ သူမသည် မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ကို သုံးစွဲခဲ့သော်လည်း သူမ ချစ်ရပါသော အမျိုးသားအား သတိရလာအောင် မလုပ်နိုင်သေးချေ။

တောက်!

သူမမျက်ရည်များ မှေးမှိန်သွားသည်။ သူမတစ်ကိုယ်လုံး မရဏ အငွေ့အသက်များဖြင့် ပြည့်နှက်လာသည်။

“ကျွန်မယောက္ခမက တစ်ခါပြောဖူးတယ်၊ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ကို တစ်ခြားသူဆီ လွှဲပြောင်းပေးလိုက်ရင် ကျွန်မဘဝက အဆုံးသတ်သွားနိုင်တယ်တဲ့”

ဖန့်ယင်း မချိပြုံး ပြုံးလိုက်မိသည်။ သူမသည် ယဲ့ဖန်ကို ငေးကြည့်ရင်း ခက်ခဲသည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နေပုံ ရသည်။

ဝုန်း!

သို့သော် ထိုသို့သောအချိန်၌ ခပ်လှမ်းလှမ်းမှနေ၍ စစ်သင်္ဘောများ အုံလိုက်ကျင်းလိုက် ရောက်လာကြသည်။

စစ်သင်္ဘောတိုင်းသည် D အဆင့်များ ဖြစ်ပြီး စစ်သင်္ဘောများ ဒါဇင်နှင့်ချီ၍ ရှိနေသည်။

ဝှစ်!

ထိုစဉ် စစ်သင်္ဘောတစ်စီးမှနေ၍ သိုင်းပညာရှင်တစ်ယောက် ဆင်းလာသည်။ သူ့နောက်မှနေ၍ လူထောင်ပေါင်းများစွာ လိုက်ပါလာသည်။

ထိုလူအုပ်ရှေ့မှ လူသုံးယောက်သည် နတ်ဧကရာဇ် အထွတ်အထိပ် အဆင့်များ ဖြစ်နေကြသည်။

“မင်းက … နတ်မိမယ် ဖန့်ယင်းလား”

ထိုနတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် သုံးယောက်သည် ဖန့်ယင်းကိုမြင်ပြီး ရုတ်တရက် မမှတ်မိကြချေ။

သူတို့သည် အနီးဝန်းကျင်ရှိ ဂြိုဟ်များမှ သိုင်းပညာရှင်များ ဖြစ်သည်။ ယခင်က သူတို့ ဖန့်ယင်းကို မြင်ဖူးပြီး သူမက မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင်မှန်း သိထားကြသည်။

ယခုအခါတွင် သူမကို ဆံပင်အဖြူရောင်နှင့် တွေ့လိုက်ရ သောကြောင့် အံ့အားသင့်နေကြသည်။

ဖန့်ယင်း၏ လှပသော မျက်နှာလေးက အမူအရာ ပျက်ယွင်း နေသည်။ အစပိုင်း၌ သူမသည် စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်က ခေါင်ကျ၍ အလွန် ပုန်းလျှိုးကွယ်လျှိုးနိုင်ပြီး အခြားဂြိုဟ်မှ သိုင်းပညာရှင်များ ရောက်လာခဲသည်ဟု တွေးခဲ့မိသည်။

သို့သော် ဤမျှများပြားသည့် သိုင်းပညာရှင်များ အတူတကွ ရောက်လာလိမ့်မည်ဟု သူမ လုံးဝ တွေးမထားမိချေ။ ထိုသို့သောအချိန်၌ ဖန့်ယင်းသည် ယဲ့ဖန်၏ကိုယ်ကို ရှေ့ကာပိတ် ထားပြီး ပြန်မေးလိုက်သည်။

“ရှင်တို့ ဘာကိစ္စရှိလို့လဲ”

ဦးဆောင်လာသော နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သုံးယောက်က အချင်းချင်း ပြန်ကြည့်၍ ပြောလိုက်သည်။

“မိုနာဒိုဘုရင်ရဲ့ ဂြိုဟ်စုနယ်မြေထဲက နတ်ဆိုးမျိုးနွယ်တွေကို သတ်ဖြတ်ဖို့ နတ်ဘုရားအမိန့် ရလာလို့ နတ်ဆိုးတွေကို သတ်ဖို့အတွက် ဂြိုဟ်တွေကို လိုက်စစ်ဆေးနေတာ။ နတ်မိမယ် ဖန့်ယင်း ခင်ဗျား နတ်ဆိုးမျိုးနွယ်ရဲ့ အရိပ်အယောင်ကို တွေ့မိ သေးလား”

နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သုံးယောက်သည် ဖန့်ယင်း၏ အမူအရာကို ကြည့်ရင်း တွေဝေသွားကြသည်။ ထိုစဉ် သိုင်းပညာရှင် တစ်ယောက်က ထပြောလာသည်။

“မဟုတ်သေးပါဘူး၊ စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်က ဘယ်လိုဖြစ် သွားတာလဲ၊ ဘယ်လိုလုပ် အဲ့ဒါက ပျောက်ကွယ်သွားရတာလဲ”

*ဘာ*

ထိုစကားကြောင့် ထောင်သောင်းချီသော သိုင်းပညာရှင်များ ပျာယာခတ်သွားကြသည်။ ထို့နောက် သူတို့ ခပ်လှမ်းလှမ်းသို့ လှမ်းကြည့်လိုက်သောအခါ မူလက စိတ်ဝိညာဉ် နတ်သမီးဂြိုဟ် တည်ရှိခဲ့သောနေရာ၌ ဘာမှမရှိတော့သည်ကို သူတို့ တွေ့လိုက်ရ လေသည်။

*ဒါက …*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ဂြိုဟ်တစ်ခုလုံး ဘာအစအနမှ မကျန်ဘဲ ပျောက်ကွယ်သွားခြင်းက မယုံနိုင်စရာ ကောင်းလှသည်။ ထို့နောက် ထောင်သောင်းချီသော သိုင်းပညာရှင်များသည် တစ်ဖက်ပြန်လှည့်၍ ဖန့်ယင်းကို စိုက်ကြည့် လာသည်။

“နတ်မိမယ် ဖန့်ယင်း၊ စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်က ဘာလို့ ပျောက်ကွယ်သွားလဲဆိုတာ ခင်ဗျား သိလား”

“ပြီးတော့ ခင်ဗျားနောက်က ဘယ်သူလဲ”

ဦးဆောင်လာသော နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်၏ မျက်နှာသည် အေးစက်၍ နေ၏။

ဘာရယ်ကြောင့်မှန်း မသိသော်လည်း စိတ်ဝိညာဉ် နတ်သမီးဂြိုဟ် ပျောက်ကွယ်သွားခြင်းက ဖန့်ယင်းနှင့် ဆက်စပ်မှု ရှိနေလိမ့်မည်ဟု သူ ခံစားနေမိသည်။

သူ့စကားကိုကြားပြီးနောက် အားလုံး၏ မသင်္ကာဖြစ်နေသော အကြည့်များကိုကြည့်ပြီး ဖန့်ယင်းက မချိပြုံး ပြုံးလိုက်သည်။

“ကြည့်ရတာ ကျွန်မတို့ ဒီမှာ သေတော့မလား မသိဘူး”

သူမ၏ စိတ်ဝိညာဉ်စွမ်းအင်ကလည်း ယဲ့ဖန်ကို ကယ်တင်လိုက် ရသောကြောင့် ကုန်ခမ်းနေသည်။ ထို့အပြင် ယဲ့ဖန်ကလည်း သတိမရသေးချေ။ ဤအခြေအနေ၌ သူမတို့ သေနိုင် လောက်သည်။

ထိုစဉ် အမြင်အာရုံကောင်းသော သိုင်းပညာရှင်တစ်ယောက်က ဖန့်ယင်းနောက်မှ ယဲ့ဖန်ကို ချက်ချင်း တွေ့သွားပြီး အကြီးအကျယ် မျက်နှာပျက်လာသည်။

“ဆရာ သူ့နောက်က လူက မိုနာဒိုဘုရင် အလိုရှိနေတဲ့သူပါ”

ထိုစကားကြောင့် လေထုသည် တောက်လောင်လာလေသည်။ သိုင်းပညာရှင်တိုင်း၏ မျက်နှာထက်၌ လောဘနှင့် ရူးသွပ်စိတ်များ ဖြစ်ပေါ်လာသည်။ ထိုသို့သောအချိန်၌ သူတို့သည် လက်ထဲမှ ဓားများကို ချက်ချင်း ဆွဲထုတ်လာကြသည်။ ဖန့်ယင်းအား ခက်ထန်သော မျက်နှာထားများဖြင့် ကြည့်နေကြသည်။

ဤသည်ကိုကြည့်ပြီး ဖန့်ယင်းသည် မျက်နှာပျက်ယွင်း၍ ယဲ့ဖန်၏ ခန္ဓာကိုယ်ကို ကောက်ပွေ့၍ ဖျတ်ခနဲ လှုပ်ရှား၍ ထွက်ပြေးရန် ပြင်လိုက်သည်။

ထိုစဉ် ဒရမ်ကဲ့သို့ အသံထွက်ပေါ်လာသည်။

ဒုန်း!

ထိုအသံသည် အလွန် ထိတ်လန့်ဖွယ်ကောင်းလှသည်။ ဟင်းလင်ပြင် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသလား မှတ်ရသည်။

“ဒါက …”

ဖန့်ယင်းသည် မယုံနိုင်သော မျက်နှာထားလေးဖြင့် ယဲ့ဖန်ကို ငေးကြည့်လိုက်မိသည်။ ထိုဒရမ်ကဲ့သို့သော အသံက ယဲ့ဖန်၏ နှလုံးခုန်သံ ဖြစ်နေသည်ကို သိလိုက်ရသဖြင့် သူမ ထိတ်လန့် သွားရသည်။

ဒုတ်! ဒုတ်! ဒုတ်!

ယဲ့ဖန်၏ နှလုံးသားက ထပ်မံ၍ ခုန်လာပြန်သည်။ ထိုအသံတွင် လောက၏ တာအိုသဘောတရားများ ပါဝင်နေသည်ဟု ထင်မှတ်ရပြီး ထိုနှလုံးခုန်သံမှ အသံလှိုင်းများ ထုတ်လွှင့်နေ သောကြောင့် ထောင်သောင်းချီသော သိုင်းပညာရှင်များ ရင်တုန်လာကြသည်။

“မြန်မြန် သူတို့ကို ထွက်မပြေးစေနဲ့”

“နတ်မိမယ်ဖန့်ယင်းက အဲ့ဒီနတ်ဆိုးမျိုးနွယ်နဲ့ ပူးပေါင်းပြီး သူတို့အားလုံးကို သတ်ပစ်လိုက်ပြီ”

နတ်ဧကရာဇ် အထွတ်အထိပ်အဆင့်သုံးယောက်က ဝမ်းသာအားရ ဖြစ်သွားပြီး သူတို့နောက်မှ လူများအား အော်ဟစ်၍ သတိပေး လိုက်သည်။

ထိုစကားကိုကြားပြီးနောက် သိုင်းပညာရှင်တစ်ယောက်က ယဲ့ဖန်နှင့် ဖန့်ယင်းထံသို့ အရှိန်နှင့် ပြေးဝင်လာသည်။ သူ၏အရှိန်က အလွန်လျင်မြန်လွန်းသည်။

ထိုအချိန်၌ ဖန့်ယင်း အကြီးအကျယ် မျက်နှာပျက်သွားသည်။

*ပွဲသိမ်းပြီပဲ*

ယခုအချိန်တွင် သူမက စွမ်းအင်ကုန်ခမ်းနေသောကြောင့် ထိုသူနှင့် အသေအကျေ တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။ ထောင်သောင်းချီသော သိုင်းပညာရှင်များကို ရင်ဆိုင်ရန်က ပို၍မဖြစ်နိုင်ချေ။

ထို့အပြင် ထိုသိုင်းပညာရှင်များအားလုံးသည် ရက်စက်သော အမူအရာများဖြင့် ပြေးဝင်လာကြသည်။ ထို့အတူ ဓားကိုဝင့်၍ ဖန့်ယင်းအား ခုတ်ပိုင်းလာသည်။

ထိုအချိန်၌ ဖန့်ယင်း၏ မျက်နှာက ပို၍ ပြာနှမ်းလာသည်။ ထိုစဉ် ယဲ့ဖန်၏ နှလုံးသားက ထပ်မံ၍ ပြင်းထန်စွာ ခုန်လာပြန်သည်။ ထို့နောက် ဖန့်ယင်း ထိတ်လန့်သွားရသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။

ဒုတ်! ဒုတ်! ဒုတ်!

ထိုနှလုံးခုန်သံနှင့်အတူ ပြေးဝင်လာသည့် သိုင်းပညာရှင်အားလုံး ရုတ်တရက် နှလုံးပေါက်ကွဲ၍ သွေးများ ပန်းထွက်လာသည်။

တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သိုင်းပညာရှင် အယောက် နှစ်ဆယ်ကျော်တို့သည် နှလုံးပေါက်ကွဲ၍ သေသွားကြသည်။ အလောင်းများက လေဟာနယ်ထဲ လွင့်ပျံနေသဖြင့် ခြောက်ခြားဖွယ် ကောင်းလှသည်။

ထိုအခါ တစ်လောကလုံး တိတ်ဆိတ်သွားလေသည်။ နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် သုံးယောက်နှင့် ထောင်သောင်းချီသော သိုင်းပညာရှင်များ မျက်လုံးပြူး နေကြသည်။

*နှလုံးခုန်သံက သိုင်းပညာရှင် အယောက်နှစ်ဆယ်ကျော်ကို သတ်နိုင်တယ်တဲ့လား၊ ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“ချီးတဲ့မှ ဒီကောင်က နတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံတာပဲ”

နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် သုံးယောက်လုံး မျက်နှာပျက်နေကြသည်။ နတ်ဆိုးစွမ်းအင်မှ သာလျင် ဤသို့ ရှိန်လောက်သည့်စွမ်းအင်မျိုး ရှိသည်ကို သူတို့ သိနေကြသည်။

“သူ့ကိုသတ်၊ သူ့ခေါင်းကို အရင်ဖြတ်နိုင်တဲ့ ဘယ်သူမဆို မိုနာဒိုဘုရင်ရဲ့ တိုက်ရိုက်တပည့် ဖြစ်လာမှာ”

ထိုအော်သံအဆုံး၌ ဘေးပတ်လည်မှ သိုင်းပညာရှင်များ ရူးမတတ် ဖြစ်လာကြသည်။ သူတို့သည် ဖန့်ယင်းနှင့် ယဲ့ဖန်ထံသို့ အရူးအမူး သတ်ဖြတ်လိုဟန်ဖြင့် ပြေးဝင်လာသည်။

ထိုစဉ် မယုံနိုင်လောက်သည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေ၏။

ဒုတ်! ဒုတ်! ဒုတ်!

ယဲ့ဖန်၏ နှလုံးသားက ခပ်မြန်မြန် ခုန်လာသည်။ ဟင်းလင်းပြင် တစ်ခုလုံး တုန်ယင်သွားသည်။ ထိုအသံလှိုင်းကြောင့် သိုင်းပညာရှင် တစ်ယောက် ပေါက်ကွဲကာ သွေးမြူခိုးများ ဖြစ်သွားလေသည်။ ထို့နောက်တွင် နောက်ထပ် သိုင်းပညာရှင်များ သေဆုံးသွား ကြသည်။

ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။

တစ်ခဏအတွင်းမှာပင် ထောင်ချီသော သိုင်းပညာရှင်များ နှလုံးပေါက်ကွဲ၍ သေသွားကြသည်။ များပြားလှသော အလောင်းများက စကြဝဠာထဲ လွင့်မျောနေ၏။ ထိုအချိန်တွင် အသက်ရှင်နေသေးသော သိုင်းပညာရှင်များအားလုံး ကြောက်လန့် သွားကြသည်။

သိုင်းပညာရှင်တိုင်းသည် ဓားကိုင်ထားသော်လည်း ရှေ့သို့တိုး မလာရဲချေ။ သူတို့၏ နဖူးမှ ချွေးများ တဒီးဒီး စီးကြလာ၏။

လူတိုင်းသည် ယဲ့ဖန်အား နတ်ဆိုးတစ်ကောင်ကို ကြည့်သကဲ့သို့ ထိတ်လန့်တကြား ကြည့်နေမိသည်။ သို့သော် ထိုမျှနှင့် မပြီးသေးချေ။

ယဲ့ဖန်ထံမှ အလင်းတန်းများ ထွက်ပေါ်လာသည်။ ဖန့်ယင်း ထိတ်လန့်အံ့ဩသွားပြီးနောက် ပျော်ရွှင်သွားသည်။

“သူတို့ နိုးလာပြီပဲ”

ထိုအလင်းတန်းများသည် အနက်ရောင် အရိုးခွံများမှ ထွက်ပေါ် လာခြင်းဖြစ်သည်။ ထိုအချိန်၌ အနက်ရောင် ဦးခွံများ လင်းလက်လာပြီး စကြဝဠာတစ်ခွင်လုံး နေ့တာသို့ ရောက်ရှိ နေသကဲ့သို့ ထွန်းလင်းလာ၏။

ထို့နောက်တွင်မူ ထိတ်လန့်ဖွယ်ကောင်းသည့် ဝိညာဉ်များက ယဲ့ဖန်၏ကိုယ်တွင်းမှ ထွက်လာကြသည်။

ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထောင်ချီသော နတ်ဆိုး စိတ်ဝိညာဉ်များ ထွက်ပေါ်လာပြီး ယဲ့ဖန်နှင့် ဖန့်ယင်းကို အလယ်တွင်ထား၍ ကာကွယ်ပေးလာသည်။ ထို့နောက် ကမ္ဘာတုန်လှုပ် မတတ်အသံဖြင့် ကြုံးဝါးလာ၏။

“ဘယ်ကောင်က ငါ့သခင်ကြီးကို ထိခိုက်အောင် လုပ်ချင်တာလဲ”

Chapter 503 နှုတ်ဆက်ပါတယ် ယဲ့ဖန်

မှင်တက်နေကြသည်။ ထိုသို့သောအချိန်၌ ထောင်သောင်းချီသော သိုင်းပညာရှင်များအားလုံး အလွန် မှင်တက်သွားကြသည်။

မျက်စိတစ်မှိတ်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုး စစ်တပ်ကြီး ထွက်ပေါ်လာလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။

အထူးသဖြင့် ထိုနတ်ဆိုးစစ်တပ်ထဲ၌ မြေကမ္ဘာနတ်ဆိုး ငါးယောက်က နတ်ဧကရာဇ် အထွတ်အထိပ် အဆင့် ဖြစ်နေ သည်ကို သူတို့ တွေ့လိုက်ရသည်။

နတ်ဧကရာဇ်အဆင့် ရှိသော နတ်ဆိုးများက အယောက် လေးဆယ်ကျော် ရှိနေသည်။ ထို့အပြင် နတ်ဘုရား ဂိုဏ်းချုပ် အဆင့်ရှိသည့် နတ်ဆိုးများကလည်း များပြားစွာ ရှိနေပြန်သည်။

ဤသို့ ခြောက်ခြားဖွယ်ကောင်းသည့် မြင်ကွင်းကြောင့် နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် သုံးယောက်နှင့် ထောင်သောင်းချီသော သိုင်းပညာရှင်များအားလုံး သွေးပျက်သွား ကြသည်။

“နတ်ဆိုးတွေ၊ နတ်ဆိုးတွေက ဘယ်လိုလုပ် ဒီလောက် များနေရတာလဲ”

နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်တိုင်း၏ ရင်ထဲ၌ ကြောက်စိတ် များဖြင့် ပြည့်နှက်လာသည်။ ကြောက်ခမန်းလိလိ နတ်ဆိုးစွမ်းအင် များကြောင့် သူတို့သည် ဆီးထွက်ကျမတတ် ကြောက်လန့် လာကြသည်။

သို့သော် ထိုမျှနှင့် မပြီးသေးချေ။

“ငါ့သခင်ကြီးကို ထိခိုက်အောင် လုပ်တယ်ပေါ့လေ၊ သေပေတော့”

ထိုအသံနှင့်အတူ သောင်းချီသော နတ်ဆိုးများသည် နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် သုံးယောက်နှင့် ထောင်သောင်းချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များထံသို့ ပြေးဝင် သွားကြသည်။

“သတ် သတ် သတ်”

ထိုသို့သောအချိန်၌ ကောင်းကင်ထဲ၌ သွေးများဖြင့် နီရဲလာသည်။ နတ်ဘုရားနှင့် နတ်ဆိုးတို့၏ စစ်ပွဲကြီး စတင်လာလေတော့သည်။ သို့သော် စစ်ပွဲအတွင်း၌ နတ်ဘုရားမျိုးနွယ်များ လိပ်ပြာလွင့် မတတ် ကြောက်လန့်လာကြသည်။

ထိုနတ်ဆိုး စိတ်ဝိညာဉ်များသည် ငရဲမှထွက်လာ‌သော နတ်ဆိုးများ ကဲ့သို့ တစ်ယောက်ချင်းစီက အလွန် အင်အားကြီး လွန်းလှသည်။ အင်အားကြီးသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ တစ်စစီ စုတ်ဖြဲခံလိုက်ရသည်။

နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် သုံးယောက် တောင်မှ ဝိုင်းတိုက်ခံရသောကြောင့် တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။

ထို့အတူ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ၏ အရေအတွက် သည်လည်း ရုတ်ချည်းဆိုသလို ကျဆင်းလာသည်။

လေးထောင်၊ သုံးထောင်၊ နှစ်ထောင်။

…

မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် အယောက်ငါးထောင်၌ သုံးထောင် အသတ်ခံလိုက်ရသည်.

ဤနတ်ဘုရားနှင့် နတ်ဆိုးစစ်ပွဲကြီးသည် ခြောက်သွေ့သော ပေါင်းပင်များနှင့် ဆွေးမြည့်နေသော သစ်ကိုင်းများကို ချိုးခြေနေသည်နှင့် ဆင်တူလှသည်။

နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်တိုင်း စိတ်ဓာတ်ကျနေကြသည်။

မရေတွက်နိုင်သော ထိတ်လန့်ဖွယ်ကောင်းသည့် ဂြိုဟ်များကို ချေမှုန်းနိုင်သည့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် ငါးထောင် ပါသော စစ်တပ်ကြီးသည် အနက်ရောင်ဝတ်စုံနှင့် လူငယ်နှင့် ဆုံသောအခါ အများစုသည် ခဏလေးအတွင်း သေဆုံးသွား ရလေသည်။

ဤသည်မှာ မယုံနိုင်စရာ ကောင်းလွန်းလှသည်။ ဖန့်ယင်းတောင်မှ ထိတ်လန့်သွားသည်။

ထိုနတ်ဆိုးများအားလုံး ပို၍ သန်မာလာမှန်း သူမ ထင်ရှားစွာ မြင်နေရသည်။ မွေးရာပါ စိတ်ဝိညာဉ် စွမ်းအင်ကို စုပ်ယူထားခဲ့ သောကြောင့် သူတို့၏ ခွန်အားများ မြင့်တက်လာပုံရသည်။

ရွှစ်!

ထိုစဉ် ဝိုင်းတိုက်ခံရခြင်းမှ လွတ်မြောက်လာသည့် နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် တစ်ယောက်သည် မည်သို့မျှ ပြန်လည်မခုခံနိုင်ခင်မှာပင် မြေကမ္ဘာနတ်ဆိုးတစ်ကောင်ကြောင့် ပေါက်ကွဲ ပျက်စီးသွားလေသည်။

သို့သော် ဤသည်မှာ အစသာရှိသေးသည်။ ဒုတိယမြောက် နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်သည် ထွက်ပြေးရန် ဟန်ပြင်နေစဉ်မှာပင် မြေကမ္ဘာနတ်ဆိုး တစ်ကောင်က တစ္ဆေကဲ့သို့ လှစ်ခနဲ ပေါ်လာပြီး လက်သည်းများ ဖြင့် သူ့နှလုံးသားအား ဖောက်ထုတ်လေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် နတ်ဧကရာဇ် အထွတ်အထိ ပ်အဆင့် နှစ်ယောက်၏ အလောင်းများက စကြဝဠာထဲသို့ လွင့်မျောသွားလေ၏။

နောက်ဆုံးကျန်ရစ်ခဲ့သော နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်နှင့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် အယောက်နှ စ်ထောင်တို့ စိတ်ဓာတ်ကျသွားကြသည်။

“ဘာလုပ်ရမလဲ၊ ငါတို့ ဘာလုပ်နိုင်တော့မှာလဲ”

နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။ သူ ကြောက်လန့်၍ နေသည်။ ဤသို့ဖြစ်လာမည်မှန်း သူ ကြိုသိခဲ့ပါက ဤအနက်ရောင်ဝတ်စုံနှင့် လူငယ်လေးအား သူ ရန်စခဲ့မည် မဟုတ်ပါ။

သို့သော် ယခုအချိန်တွင် သူ့ကိုဖမ်းမိမည့်အစား နတ်ဘုရား မျိုးနွယ်များက နတ်ဆိုးများကြောင့် အသတ်ခံနေရသဖြင့် သူ သွေးပျက်နေသည်။

သို့သော် နတ်ဘုရားနှင့် နတ်ဆိုးတို့၏ စစ်ပွဲက မပြီးသေးချေ။ မျက်စိတစ်မှိတ် အတွင်းမှာပင် နောက်ထပ် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် တစ်ထောင်ကျော် အသတ်ခံလိုက်ရပြန်သည်။

ထိုသို့သောအချိန်၌ ကောင်းကင်ယံ၌ နတ်ဘုရားတို့၏ သွေးများနှင့် ပြည့်နှက်နေပြီး အလောင်းများက စကြဝဠာထဲ၌ တောင်လိုရာလို ပုံနေလေသည်။ နတ်ဘုရားမျိုးနွယ်တိုင်း စိတ်ဓာတ်ကျ နေကြသည်။

ဝုန်း! ဝုန်း! ဝုန်း!

ထိုစဉ် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိသည့် စစ်သင်္ဘောများက အရှိန်အဟုန်ဖြင့် ရောက်ရှိလာကြသည်။

မျက်စိတစ်မှိတ်အတွင်း၌ စစ်သင်္ဘော အစီးတစ်ရာ ထွက်ပေါ် လာသည်။ စစ်သင်္ဘောတိုင်း၌ နဂါးငွေ့တန်း ဟူသည့် အလံများ လွင့်ထူထားကြသည်။ ဤသည်မှာ နဂါးငွေ့တန်း အင်ပါယာ၏ စစ်တပ်ကြီးပင်။

“အတော်ပဲ၊ အဲ့ဒါ နဂါးငွေ့တန်း အင်ပါယာရဲ့ စစ်တပ်ပဲ။ ဟားဟားဟား ... ဒီတစ်ခါတော့ အဲ့ဒီ သောင်းချီတဲ့ နတ်ဆိုးစိတ်ဝိညာဉ်တွေ သေတော့မှာ”

တစ်ယောက်တည်း ကျန်ရှိတော့သည် နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်နှင့် ထောင်ချီသော နတ်ဘုရားစစ်တပ်တို့ အလွန်အမင်း အံ့အားသင့်သွားကြသည်။

သူတို့ မျှော်လင့်ချက် မဲ့နေချိန်၌ နတ်ဘုရားမျိုးနွယ် စစ်တပ်တစ်တပ် ရောက်ရှိလာလိမ့်မည်ဟု ထင်မထားမိကြချေ။

“တိုက်ပွဲကွ၊ တိုက်ကြမယ်ဟေ့ ... တိုက်”

“နဂါးငွေ့တန်းစစ်တပ်မှာ အနည်းဆုံး လူနှစ်သောင်းကျော် ပါမှာပဲ၊ ငါတို့ နတ်ဆိုးတွေရဲ့ တိုက်ခိုက်တာကို ဟန့်တားနိုင်တာနဲ့ အဲ့ကောင်တွေ သေမှာပဲ”

ထိုစဉ် တစ်ယောက်တည်း ကျန်ရှိတော့သည် နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်က ကျန်နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များကို ဟစ်အော်ပြောလိုက်သည်။

သူ့စကားကြောင့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ စိတ်အားတက်ကြွလာကြသည်။ အားလုံးက နတ်ဆိုးများကို အပြင်းအထန် တိုက်ခိုက်လာကြသည်။

ထိုသို့သောအချိန်၌ နဂါးငွေ့တန်း အင်ပါယာ၏ ရာချီသော စစ်သင်္ဘောများက အနားသို့ ရောက်ရှိလာသည်။

စစ်သင်္ဘော၏ တံခါးများ ပွင့်လာပြီး သိုင်းပညာရှင်များ ထွက်လာကြသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် လူအယောက် နှစ်သောင်းကျော် ထွက်ပေါ်လာ၏။

သူတို့၏ ဖိနှိပ်နိင်သော အရှိန်အဝါကြောင့် စကြဝဠာတစ်ခုလုံးကို ဟန့်တားနိုင်လောက်သည်။ နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်နှင့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များအားလုံး အလွန်အမင်း အားတက်သွားကြသည်။

ထို့နောက် နဂါးငွေ့တန်း အင်ပါယာ၏ စစ်တပ်အား ဝမ်းသာအားရ အော်ပြောလိုက်သည်။

“နဂါးငွေ့တန်း အင်ပါယာက မိတ်ဆွေတို့၊ ကျုပ်တို့ကို ဒီနတ်ဆိုးတွေ သတ်ဖို့အတွက် ကူညီပေးပါ”

“မိုနာဒိုဘုရင် လိုက်ရှာနေတဲ့ အနက်ရောင်ဝတ်စုံနဲ့လူက သူတို့ကြားထဲမှာ ရှိနေတယ်။ သူတို့အားလုံးကို သတ်ပြီးတော့ မိုနာဒိုဘုရင်ရဲ့ ဆုလာဘ်ကို ရယူရအောင်။ ဟားဟားဟား ...”

နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်နှင့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များအားလုံး ကျေနပ်အားရနေကြသည်။ သို့သော် သူတို့စကားအဆုံး၌ နဂါးငွေ့တန်း အင်ပါယာ၏ စစ်တပ်က ဤသို့ ကြွေးကြော်လာသည်။

“ငါ့သခင်ကြီးကို ထိခိုက်အောင် လုပ်တယ်လား၊ သေလိုက်တော့”

သံပြိုင်ထွက်ပေါ်လာသော အသံများက ကြောက်မက်ဖွယ်ကောင်းလှပြီး ဂြိုဟ်များကိုပင် ပေါက်ကွဲသွားနိုင်စေသည်ဟု ထင်မှတ်ရသည်။

*ဘာ*

ထိုအခါ နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်နှင့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ အားလုံး ထိတ်လန့်တကြား ဖြစ်သွားကြသည်။

နဂါးငွေ့တန်း အင်ပါယာ၏ စစ်တပ်က နတ်ဆိုးစိတ်ဝိညာဉ်များနှင့် ပူးပေါင်းသွားသည်ကို မြင်လိုက်ရသလို ထိုနဂါးငွေ့တန်း အင်ပါယာ စစ်တပ်၏ နတ်ဆိုးဝတ်စုံကိုမြင်ပြီး သူတို့ ခေါင်းပူ သွားကြသည်။

*နတ်ဆိုးတွေပဲ*

*ဒီနဂါးငွေ့တန်း အင်ပါယာရဲ့ စစ်တပ်က နတ်ဘုရားမဟုတ်ဘဲ နတ်ဆိုးတွေ ဖြစ်နေပါလား*

နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် စိတ်ဓာတ်ကျသွားပြီး မျက်နှာ ပြာနှမ်းလာသည်။ နတ်ဘုရားမျိုးနွယ်တို့၏ နဂါးငွေ့တန်း အင်ပါယာအား နတ်ဆိုးများက စိုးမိုးနေလိမ့်မည်ဟု သူ ထင်မထားမိချေ။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များအားလုံးသည်လည်း ကြောက်လန့်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်သာမက နတ်ဘုရား စိတ်ဝိညာဉ်ပါ တုန်ယင်နေ၏။ သူတို့ ကယ်တင်ရှင်ဟု ထင်မှတ်နေသူများက သူတို့ကို သတ်မည့်သူများ ဖြစ်နေလိမ့်မည်ဟု ထင်မထားမိကြပေ။

“သတ်”

ထိုအသံအဆုံး၌ နတ်ဆိုးတစ်သောင်းကျော်နှင့် နဂါးငွေ့တန်း အင်ပါယာ၏ အယောက်နှစ်သောင်း ကျော်သော စစ်တပ်တို့က သူတို့ထံ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။

ဝုန်း! ဝုန်း! ဝုန်း!

လေဟာနယ်များ ပေါက်ကွဲလာပြီး မျက်စိတစ်မှိတ်အတွင်း၌ နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်နှင့် ထောင်ချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များအားလုံးသည် အရိုးပင် မကျန်ရစ်ဘဲ အသတ်ခံလိုက်ရလေသည်။

ထို့နောက်တွင် နတ်ဆိုး သုံးသောင်းကျော်လုံးသည် သတိလစ်နေသော ယဲ့ဖန်ထံသို့ လှမ်းလာကြသည်။

“သခင်ကြီး”

နတ်ဆိုးတိုင်း၏ မျက်နှာထက်၌ အလွန် ယူကြုံးမရဟန်များ ပြည့်နှက်နေသည်။ ယဲ့ဖန် သတိလစ် မေ့‌မြောသွားလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။ ထို့နောက်တွင် လင်းလန်က ဖန့်ယင်းအား တင်းကျပ်စွာ ဖက်၍ ငိုလေသည်။

“ရှောင်ယင်း နင့်ဆံပင် ...”

လင်းလန်၏ မျက်နှာထက်မှ မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းလာသည်။ ကမ္ဘာမြေမှ ကွဲကွာသွားပြီးနောက် ဖန့်ယင်းအား စကြဝဠာထဲ၌ ဖြူဖွေးသော ဆံပင်များနှင့် တွေ့ရလိမ့်မည်ဟု သူမ ထင်မထားမိပါ။

“အစ်မ လင်းလန်၊ ညီမ အဆင်ပြေပါတယ်”

ဖန့်ယင်းက လင်းလန်ကို ပြန်ဖက်၍ ငိုကြွေးလေ၏။ သူမစိတ်ထဲတွင် ယဲ့ဖန်နှင့် လင်းလန်သည် သူမ အချစ်ရဆုံးသူများ ဖြစ်လေသည်။ ယခုအချိန်၌ သူမရင်ထဲမှ ဝမ်းနည်းကြေကွဲစိတ်များ ပွင့်အန်လာလေသည်။

ဖန့်ယင်းသည် အချိန်အတော်ကြာ ငိုကြွေးပြီးနောက် ယဲ့ဖန်ကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။

“အစ်မလင်းလန်၊ ယဲ့ဖန်ကို ကျွန်မ သွားပြီလို့ ပြောပေးပါ”

*သွားမယ် ဟုတ်လား*

လင်းလန်၏ မျက်နှာထက်၌ စိုးရိမ်နေဟန်များ ထင်ဟပ်လာပြီး ဖန့်ယင်း၏ ကျောက်စိမ်းကဲ့သို့ လက်လေးကို လှမ်းဆွဲလိုက်သည်။

“ရှောင်ယင်း နင် ဘယ်သွားမလို့လဲ”

“ကျွန်မ အမေ့ကို သွားရှာမလို့၊ ကျွန်မရဲ့ စိတ်ဝိညာဉ်က ပျောက်ကွယ်တော့မယ်၊ သူပဲ ကျွန်မကို ကုသပေးနိုင်မယ် ထင်တာပဲ”

ဖန့်ယင်းက မပြုံးချင်ပြုံးချင်ပြုံး၍ ယဲ့ဖန်ကို ငေးကြည့်နေသည်။

“ယဲ့ဖန် အဆင်ပြေပါတယ်၊ အချိန်တန်ရင် သူ နိုးလာမှာပါ”

“သူ့ကို ကျွန်မကို လိုက်မရှာခိုင်းပါနဲ့။ အနာဂတ်ဆိုတာ ရှိလာခဲ့ရင် ကျွန်မ သူ့ဆီ ပြန်လာခဲ့ပါ့မယ်”

ထိုသို့ပြောပြီး ဖန့်ယင်းသည် ယဲ့ဖန်ကို ထပ်မကြည့်ရဲတော့ချေ။ သူမသည် မျက်နှာအား တစ်ဖက် လှည့်လိုက်ပြီး မျက်ရည်များ ကျလာသည်။

သူမသည် လင်းလန်နှင့် အခြားသူများကို လက်ပြနှုတ်ဆက်၍ စကြဝဠာထဲသို့ ခရီးဆက်လေသည်။

“ရှောင်ယင်း”

လင်းလန် ကျိတ်ငို၍ ဖန့်ယင်းကို အော်ခေါ်လိုက်သည်။ သို့သော် ဖန့်ယင်းက ပြန်လှည့်မကြည့်ချေ။ သူမ ပြန်လှည့်မကြည့် ရဲခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသာ ပြန်လှည့်ကြည့် မိပါက သူနှင့်အတူ နေချင်လာပြီး ထွက်သွားချင်စိတ် မရှိတော့ မည်ကို စိုးရိမ်သောကြောင့်ပင်။

မွေးရာပါ စိတ်ဝိညာဉ်ခန္ဓာကိုယ်အား လွှဲပြောင်းပေးလိုက်ပါက သူမ၏ အသက်ဓာတ်စွမ်းအင် ပြတ်တောက်သွားမည်ကို သူမ တစ်ယောက်တည်းသာ သိလေသည်။

တစ်နှစ်အတွင်း သူမ သေသွားနိုင်သလို တစ်ရက်အတွင်းလည်း သေသွားနိုင်သည်။ သူမ မသေခင် အိုမင်းသွားသည့်မျက်နှာအား ယဲ့ဖန်ကို မမြင်စေလိုပါ။ သူ့အတွက် အမှတ်တရကောင်းများသာ သူမ ချန်ထားရစ်လိုသည်။

“နှုတ်ဆက်ပါတယ် ယဲ့ဖန်၊ ကျွန်မအချစ်ရဆုံးသော အမျိုးသားကို ကျွန်မ နှုတ်ဆက်ခဲ့ပါတယ်”

ကြည်လင်သော မျက်ရည်စက်များ ကျဆင်းလာပြီးနောက် ဖန့်ယင်း၏ ပုံရိပ်လေး ပျောက်ကွယ် သွားလေ၏။

Chapter 504 အမျိုးသမီးတစ်ဦး

အဆုံးအစမဲ့သော စကြဝဠာထဲ၌ အမှောင်ထုသာ ကြီးစိုးလျက် ရှိသည်။ ထိုစကြဝဠာထဲ၌ ဖန့်ယင်းသည် ဖြည်းညင်းစွာ တစ်လှမ်းချင်း လျှောက်နေ၏။

သူမ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက အလွန် လေးလံနေပြီး တစ်လှမ်းလှမ်းလိုက်တိုင်း သူမ၏ အသက်ဓာတ်စွမ်းအင် ပျောက်ဆုံးသွားလေမလား ထင်မှတ်ရသည်။

ပင်ပန်းလို့နေ၏။ ထိုသို့သောအချိန်၌ ဖန့်ယင်းသည် အလွန် ပင်ပန်းနွမ်းနယ်ကာ စိုးရိမ်ကြောင့်ကြလျက် ရှိသည်။

ဘေးပတ်လည်ရှိ လေဟာနယ်မှ အေးစက်မှုနှင့် အမှောင်ထုသည် သူမအား ဝါးမျိုလုမတတ် ဖြစ်နေသည်။

“ငါ သေရတော့မှာလား”

ဖန့်ယင်း မချိပြုံး ပြုံးလိုက်မိသည်။ သူမ တောင့်မခံနိုင်တော့မှန်း သူမ သိနေသည်။

ဘုတ်!

နောက်ဆုံးတွင် ဖန့်ယင်းသည် ပြိုလဲကျသွားပြီး သူမ၏ ချစ်စဖွယ် ခန္ဓာကိုယ်လေးသည် စကြဝဠာ၏ အမှောင်ထုထဲ၌ မျောလွင့်သွားသည်။

သူမ မျက်လုံးထောင့်မှနေ၍ မျက်ရည်များ တစ်စက်ပြီး တစ်စက် စီးကျလာသည်။ အမှတ်တရ အဖြစ်အပျက်များအား သူမ ဆက်တိုက် မြင်ယောင်နေမိသည်။

ထိုစဉ်အခါက သူမသည် ကျန်းရှီ မြူနီစီပယ် အထက်တန်း ကျောင်း၏ ဆရာမတစ်ယောက်သာ ရှိသေးသည်။ သူမသည် အလွန် သာမန်ရိုးကျဆန်သော သာမန်လူသား တစ်ယောက် အဖြစ်သာ ရှိနေခဲ့သည်။

နောက်ပိုင်းတွင် သူ ပေါ်လာပြီး သူမအား ဆွဲဆောင်သွားနိုင်ခဲ့သည်။

သူ၏ ဆန်းကြယ်မှု၊ သူ၏ ထူးခြားပုံများ။

အဖြစ်အပျက်တိုင်းက သူမနှလုံးသားအား ဆွဲငင်သွားပြီး နောက်ပိုင်းတွင် သူမခန္ဓာကိုယ်ထဲသို့ မိစ္ဆာ စိတ်ဝိညာဉ် သန္ဓေသားလောင်း အထည့်ခံလိုက်ရပြီး ညတွင်းချင်း အိုမင်းရင့်ရော် သွားခဲ့သည်။

ဖခင်ဖြစ်သူက သူမကို စွန့်ပစ်ခဲ့သလို တစ်လောကလုံးက သူမကို ရွံမုန်းခဲ့ကြသည်။ သူမသည် တစ်လောကလုံး၏ ပစ်ပယ်ခြင်းကို ခံခဲ့ရသော်လည်း သူ တစ်ယောက်တည်းကသာ သူမကို နွေးထွေးသော အကြည့်များဖြင့် ကြည့်ခဲ့သည်။

သူမ ရင်ထဲနွေးထွေးလာရသည်။ ထိုသို့သောအချိန်၌ ဖန့်ယင်း၏ မျက်နှာတစ်ပြင်လုံးသည် မျက်ရည်များဖြင့် ရွှဲစိုနေ၏။ ထို့နောက် သူမသည် လက်မောင်းကြားမှ အနက်ရောင် အင်္ကျီစတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအင်္ကျီစသည် ယဲ့ဖန်၏ အဝတ်အစားမှ အစလေး ဖြစ်သည်။

ဖန့်ယင်းသည် သူ့ကို ဖက်ထားသကဲ့သို့ ထိုအင်္ကျီစလေးအား တင်းကျပ်စွာ ပွေ့ပိုက်ထားမိပြီး မျက်ရည်များနှင့် ပြည့်နှက်နေသော မျက်နှာထက်၌ အားရကျေနပ်သော အပြုံးလေး တစ်ပွင့် ပွင့်လန်း လာသည်။

“ယဲ့ဖန် … တကယ်လို့များ နောင်ဘဝဆိုတာရှိခဲ့ရင် ကျွန်မ ရှင့်မိသားစုရဲ့ အိမ်နီးချင်း မိသားစုက ကလေးမလေး ဖြစ်ချင်တယ်။ မွေးကတည်းက ရှင်နဲ့အတူ အဖော်ပြုပေးချင်တယ်၊ ရှင်နဲ့အတူ ကြီးပြင်း လာချင်တယ်၊ ရှင့်လက်ကို တွဲပြီး ရှင်နဲ့အတူ အိုမင်းသွားချင်တယ်”

ထိုသို့ပြောပြီး ဖန့်ယင်းက သူမမျက်လုံးများကို မှိတ်ထားလိုက်ကာ သေခြင်းတရားကို စောင့်မျှော် နေလိုက်သည်။

ဂါး!

ထိုစဉ် ကျယ်ပြောသော စကြဝဠာအတွင်းတွင် သားရဲ တစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ် လာသည်။ ထို့နောက် ရက်စက်ကြမ်းကြုတ်လှသည့် သွေးဝံပုလွေများက ရဲရဲတောက် နေသော မျက်လုံးများဖြင့် ဖန့်ယင်း၌ ချဉ်းကပ်လာသည်။

သူတို့သည် အရသာရှိသည့် သားကောင်အနံ့ကို ရလိုက်၍ ရောက်လာခြင်း ဖြစ်သည်။

တစ်ကောင်၊ ငါးကောင်၊ ဆယ်ကောင်။

သွေးဝံပုလွေအုပ်သည် တစ်ကောင်လျင် နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင် တစ်ယောက်နှင့် ညီမျှလေသည်။ ထိုအကောင် များကြောင့် ဂြိုဟ်တစ်ခုလုံး သုတ်သင်ခံ ရလောက်သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သွေးဝံပုလွေများက ဖန့်ယင်းအား ဝိုင်းရံထားကြသည်။ ဝံပုလွေတိုင်း၏ မျက်လုံး များသည် သွေးဆာနေဟန်များဖြင့် ပြည့်နှက်နေသည်။ သွေးစ သွေးနများ ပေကျံနေသော ပါးစပ်မှနေ၍ သွားရည်များ စီးကျ နေ၏။

ထို့နောက် အူသံနှင့်အတူ များပြားလှသည့် သွေးဝံပုလွေများက ဖန့်ယင်းအား ခုန်အုပ်လာကြသည်။ ထိုသွေးဝံပုလွေများကြောင့် လေထုသည် အက်ကွဲလုနီးပါး ဖြစ်နေပြီး မရဏ အရိပ်အငွေ့ များက ဖန့်ယင်းကို လွှမ်းခြုံလာသည်။

“ယဲ့ဖန် ကျွန်မ ရှင့်ကို ချစ်တယ်”

ဖန့်ယင်းသည် သူမ၏ လက်ကျန်အင်အားကို သုံး၍ သူမရင်ထဲက စကားကို ဟစ်အော် ပြောဆို လိုက်သည်။ သူမ မျက်လုံးကို မဖွင့်သလို နောင်တလည်း မရချေ။

သူမစိတ်ဝိညာဉ်ထဲထိ စွဲထင်မှတ်သားထားသော ထိုစကားများကို ဟစ်အော်လိုက်ပြီး နောက်ဖြစ်လာမည့် ကိစ္စကိုသာ စောင့်မျှော် နေလိုက်သည်။

ထိုစဉ် ဖန့်ယင်း၏ အော်သံအဆုံး၌ ဘေးပတ်လည်မှ သွေးဝံပုလွေများ ချက်ချင်း အေးစက် တောင့်တင်း သွားသည်။ သွေးဝံပုလွေများ၏ မျက်လုံးထဲတွင် ကြောက်စိတ်များ ဖုံးလွှမ်းလာသည်။

ထို့နောက် သူတို့၏ သံမဏိကဲ့သို့ မာကျောသည့် ခန္ဓာကိုယ်များသည် ကြွေထည်များကဲ့သို့ အက်ရာထင် လာသည်။ လေတိုးသံနှင့်အတူ သွေးဝံပုလွေများအားလုံး ချက်ချင်း အက်ကွဲ၍ ပြာဖြစ်သွားပြီးနောက် ပျောက်ကွယ်သွားလေတော့သည်။

“ဒါက …”

ဖန့်ယင်း ထိတ်လန့်သွားရသည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက် သောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် တစ်ကိုယ်လုံး မိုးကြိုးပစ်ခံထိသလို ခံစားလိုက်ရသည်။

*သေမင်း နတ်ဆိုး ဆုဒြာ ပါလား*

သွေးဝံပုလွေများကို ရှင်းလင်းလိုက်သည့် သိုင်းကျင့်စဉ်သည် ယဲ့ဖန်၏ သေမင်းနတ်ဆိုးဆုဒြာနှင့် တစ်ထပ်တည်း တူညီနေ၏။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ဖန့်ယင်း ထိတ်လန့်တကြား ဖြစ်နေစဉ်တွင် ထူးဆန်းသော ပုံရိပ်တစ်ခုက သူမမျက်စိရှေ့သို့ ရောက်ရှိ လာသည်။ ထိုသူသည် အမျိုးသမီးတစ်ဦး ဖြစ်နေသည်။

သူမသည် ဗီသွာလျှော်ဖြင့် ရက်လုပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ဘုရင်မတစ်ပါးကဲ့သို့ ကျက်သရေရှိ၍ တော်ဝင်ဆန်လှသည်။ သူမ၏ လှပသော မျက်နှာက တုန်လှုပ်နေ၏။

သူမသည် လူလတ်ပိုင်းအရွယ်သို့ ရောက်နေတာတောင်မှ သူမ၏ လှုပ်ရှားမှုတိုင်းနှင့် အပြုံးတိုင်းက သူမအား ပို၍ ကျက်သရေ ရှိအောင် ပံ့ပိုးပေးနေ၏။

“အမေ …”

ထိုအံ့အားသင့်စရာကောင်းသည့် အမျိုးသမီးကိုမြင်ပြီး ဖန့်ယင်း ထိတ်လန့်သွားသည်။ သူမ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်နေ၏။

သူမ ကမ္ဘာမှနေ၍ တည်နေရာရွှေ့ပြောင်းခံရစဉ်က ထူးဆန်းသော နေရာတစ်ခုသို့ မရည်ရွယ်ဘဲ ရောက်ရှိသွားသည်။ ထိုနေရာ၌ အမျိုးသမီး တစ်ယောက် ရှိနေ၏။ သူမသည်ကား … ယခုမျက်စိရှေ့၌ ရှိနေသည့် သူမ အမေပင်။

ထိုအမျိုးသမီးသည် အလွန်တရာမှကို ပဟေဠိဆန်လှသည်။ ဖန့်ယင်း တစ်ခါမှ သူမ တိုက်ခိုက်သည်ကို မမြင်ခဲ့ဖူးချေ။ သို့သော် သူမသည် စကြဝဠာထဲရှိ အရာအားလုံးကို ထိုးထွင်း လုပ်ဆောင်နိုင်ပုံရသည်။

“မိန်းကလေး သူ့အတွက် မင်း ဒီလိုလုပ်ဖို့ ထိုက်တန်လို့လား”

ထိုအမျိုးသမီးသည် ဖန့်ယင်း၏ ဖြူစွတ်နေသော ဆံပင်များကြောင့် ဆတ်ခနဲ ဖြစ်သွားပြီး သနားသလိုကြည့်ကာ မချိပြုံး ပြုံးနေသည်။ သူမစကားကြောင့် ဖန့်ယင်း ခေါင်းညိတ်ပြ လိုက်သည်။

“ထိုက်တန်တယ်”

“သူ့အတွက် တစ်ခါပဲ အသက်ရှင်ခွင့်ရပြီး ကိုးခါသေရမယ် ဆိုရင်တောင်မှလား၊ သူ့အတွက် နတ်ဘုရား စိတ်ဝိညာဉ် ကွယ်ပျောက် သွားမယ်ဆိုရင်တောင်မှ ထိုက်တန်လို့လား”

ထိုအမျိုးသမီးသည် တလက်လက် တောက်ပနေသော မျက်ဝန်းများဖြင့် ဖန့်ယင်းအား စိုက်ကြည့် နေသည်။

ဖန့်ယင်းက ဘာမျှပြန်မပြောဘဲ ခေါင်းသာ တဆတ်ဆတ် ညိတ်ပြနေသည်။ သူမ မျက်ဝန်းမှ ထင်ဟပ်နေသည့် ခိုင်မာ ပြတ်သားသော ဆုံးဖြတ်ချက်ကြောင့် ထိုအမျိုးသမီး၏ ရင်ထဲ၌ တုန်လှုပ်သွားရသည်။

ထိုသို့သောအချိန်၌ ထိုအမျိုးသမီး၏ နှုတ်ခမ်းထက်မှ အပြုံးက ပို၍ပီပြင်လာသည်။ ဖန့်ယင်းအား ပို၍ ချစ်ခင်သည့် မျက်ဝန်းများဖြင့် ကြည့်လာ၏။

“အဲ့ဒီငတုံးလေးက ချောမောပြီး သူ့ရဲ့ကံတရားက မညံ့ဖျင်း သွားတာကို ငါ ဝန်ခံရမှာပဲ”

ထိုအမျိုးသမီး၏ နှုတ်ခမ်းထက်၌ ဂုဏ်ယူသည့်အပြုံးမျိုး ဖြစ်ပေါ်လာသည်။

“အမေ … အမေ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ”

ဖန့်ယင်းက ထိုအမျိုးသမီးကို မသင်္ကာဟန်ဖြင့် ကြည့်နေမိသည်။ သူမ သိသလောက်ဆိုလျင် ဤအမျိုးသမီးသည် ထူးဆန်းသော နေရာမှ အပြင်သို့ မထွက်သည်မှာ နှစ်ရာချီခဲ့ပြီ ဖြစ်သည်။ သို့သော် ယခုအခါတွင် သူမက ရုတ်တရက် ဤနေရာသို့ ရောက်လာနေ၏။

“တကယ်တော့ ငါ မင်းနောက်ကို လိုက်နေခဲ့တာ”

ထိုအမျိုးသမီးက ပြုံးမြဲပြုံးနေ၏။ သူမက ဖန့်ယင်း၏ ဖြူဖွေးနေသော ဆံနွယ်များကို ညင်သာစွာ ပွတ်သပ်၍ ကြင်နာစွာ ပြောလိုက်သည်။

“ငါ မင်းနောက်လိုက်ပြီး မင်း အဲ့ကောင်လေးရဲ့ ခြေရာလက်ရာကို လိုက်ရှာဖို့ ဂြိုဟ်တွေကို ခရီးဆက်နေတာကို ကြည့်နေခဲ့တာ”

“အူးလန်ဂြိုဟ်ပေါ်က တိုက်ပွဲမှာလည်း ငါ ရှိနေခဲ့တယ်”

“စိတ်ဝိညာဉ် နတ်သမီးဂြိုဟ်ပေါ်က တိုက်ပွဲတုန်းကလည်း ငါ ရှိနေခဲ့တာပဲ”

*ဘယ်လို*

ထိုစကားကြောင့် ဖန့်ယင်း မသိမသာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူမ ပို၍ ဇဝေဇဝါ ဖြစ်လာရသည်။

“အမေ ဘာလို့လဲ”

ဤအမျိုးသမီးက သူမနှင့် အတူရှိနေသော်လည်း ဘာကြောင့် တစ်ခါမှ ပေါ်မလာခဲ့ရသလဲဆိုတာကို သူမ နားမလည်နိုင် ဖြစ်နေ၏။

“ဘာလို့လဲ ဟုတ်လား”

ထိုအမျိုးသမီးက ခပ်ဖွဖွ ပြုံး၍ သူမ၏ ရင်သွေးကို ကြည့်သကဲ့သို့ တုန်နေအောင် ချစ်သည့် အကြည့်များနှင့် ဖန့်ယင်း၏ မျက်ဝန်းကို စိုက်ကြည့်လာသည်။

“မင်းအတွက် ပြီးတော့ သူ့အတွက်ကြောင့်လေ”

ထိုစကားက ဖန့်ယင်းရင်ထဲ၌ မိုးခြိမ်းသံကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူမ မှင်တက် သွားလေသည်။

သေမင်း နတ်ဆိုးဆုဒြာကို ယဲ့ဖန် တတ်မြောက်သလို ဤတော်ဝင်ဆန်သော အမျိုးသမီးကလည်း တတ်မြောက်နေ၏။

သူတို့နှစ်ယောက်ကြား၌ မည်သို့သော ပတ်သက်မှုမျိုး ရှိနေသနည်း။

ဤသည်ကို တွေးတောမိပြီးနောက် ဖန့်ယင်း စိတ်လှုပ်ရှား လာသည်။

“အမေ … အမေ ယဲ့ဖန်ကို သိတာလား”

*ယဲ့ဖန်*

ထိုစကားနှစ်လုံးက အမျိုးသမီး၏ အရှိုက်ကို ထိသွားပုံရပြီး သူမ မျက်နှာထက်၌ မခံစားနိုင်ဟန်နှင့် ကြေကွဲဝမ်းနည်းရဟန်များ ထပ်ဟပ်လာသည်။

“ငါ သူ့ကို သိတယ်၊ ဒါပေမဲ့ သူကတော့ ငါ့ကို မသိဘူး”

ထိုတော်ဝင်ဆန်သည့် အမျိုးသမီးသည် ကောင်းကင်ယံ၏ နောက်ကွယ်ရှိ လောကကြီးကို မြင်နေရဟန်ဖြင့် ကောင်းကင်အား မော့ကြည်နေသည်။

“သူ မွေးကတည်းက ငါ သူ့ကို သိတာ။ သူ အူးလန်ဂြိုဟ်ပေါ်မှာ အမှိုက်တွေ ကောက်စားနေခဲ့တာကိုလည်း ငါ စောင့်ကြည့် နေခဲ့တယ်။ လမ်းမထက်မှာ သူ့သွေးတွေ ပျံ့ကျဲနေခဲ့တာကိုလည်း ငါ ကြည့်နေခဲ့တယ်။ သူ့နာမည် ကျော်ကြားလာခဲ့ချိန်တုန်းကလည်း ငါ သူ့ကို စောင့်ကြည့်နေခဲ့တယ်။ ပြီးတော့ သူ စကြဝဠာကြီးကို စိုးမိုးနိုင်ခဲ့ချိန်တုန်းကလည်း ငါ သူ့ကို ကြည့်နေခဲ့တာပဲ”

“လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက သူ ကမ္ဘာဦး ချောက်နက်ထဲ ကျသွားခဲ့ချိန်တုန်းကလည်း ငါ အဲ့အတိုင်း ကြည့်နေခဲ့တာပဲလေ”

“ဒါက …”

ဖန့်ယင်း အလွန်တရာ မှင်တက်သွားရသည်။ ဤအမျိုးသမီး၏ နောက်ခံကို သူမ မသိမသာ ခန့်မှန်းမိသော်လည်း ပို၍သာ အံ့အားသင့်လာရသည်။

ထိုအမျိုးသမီးသည် ဖန့်ယင်း၏ အတွေးကို သိနေပုံရသည်။ သူမက တစ်ဖက်လှည့်လာသောအခါ သူမ၏ မျက်နှာက မျက်ရည် များဖြင့် စိုစွတ်နေ၏။

“ဟုတ်တယ်၊ ငါ မင်းကို အမေလို့ ခေါ်ခိုင်းခဲ့တာက ဘာကြောင့်လဲဆိုတော့ ငါက မင်းရဲ့ … ယောက္ခမ ဖြစ်နေလို့ပဲ”

All Chapters