← Chapters

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

Chapter 508 ကောင်းကောင်း နေနေတယ်ပေါ့လေ ဟုတ်လား

ဝုန်း! ဝုန်း! ဝုန်း!

ထိုသို့သောအချိန်၌ ကမ္ဘာပေါ်၌ ပေါက်ကွဲသံများ ထွက်ပေါ် လာသည်။ ကြောက်မက်ဖွယ် ကောင်းသည့် နဂါးလက်သည်း များက မြင်မြင်ရာကို ဆွဲစုတ်နေ၏။

လေထုသည် အစိတ်စိတ် အမြွှာမြွှာ အက်ကွဲလာလေသည်။

နတ်ဆိုးနဂါးသည် ကြောက်လန့်နေသော ယုန်တစ်ကောင်ကဲ့သို့ အော်ဟစ်၍ ထွက်ပြေးနေသည်။

“အောင်မလေး … အောင်မလေး … အောင်မလေး”

“ညီငယ်လေး မင်းက ဒီအစ်ကိုကြီးကို သတ်တော့မလို့လား၊ ဒီအစ်ကိုကြီးနဲ့ မင်း အတူရှိနေတုန်းက မင်း ဘယ်လောက်များတဲ့ အင်မော်တယ် နဂါးမလေးတွေကို သိမ်းပိုက်နိုင်ခဲ့လဲ၊ မင်းက သိပ်ထူးခြားလွန်းလို့ အော်ဟစ်ခဲ့ရတာလေ၊ အခု မင်းက ဒီလို ရိုင်းပျတော့မယ်ပေါ့”

နတ်ဆိုးနဂါးသည် ထွက်ပြေးရင်း ပါးစပ်မှ တွေ့ကရာ ပြောဆိုနေသည်။

“မင်း တွေးတောင် မတွေးချင်ဘူးလား၊ မင်း ကောင်းကင်ထက်မှာ ရှိနေတုန်းက မင်း ပေါက်ကွဲမတတ် ဖြစ်လာရင် ကောင်မလေး တွေဆီ မင်းကို ခေါ်သွားပေးတာ ဘယ်သူလဲ၊ ဘယ်သူက မင်းကို အချစ်ရှိရာဆီ ခေါ်သွားပေးလဲ၊ အရှက်မရှိတဲ့ အမှိုက်ကောင်”

ထိုသို့သောအချိန်၌ ဧရာမ နဂါးကြီးသည် ပေါက်ကွဲနေလေသည်။ သူ၏ မူလနဂါးစိတ်ဝိညာဉ်က ဤမျှ ပေါ့ပေါ့တန်တန်နှင့် အရှက်မရှိ ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိချေ။

ရှက်စရာ ကောင်းလိုက်လေခြင်း။

“အား … ငါ မင်းကို အရှင်လတ်လတ် အရေခွံနွှာပစ်မယ်ကွ”

ထိုစကားအဆုံး၌ နဂါးလက်သည်းများက နတ်ဆိုးနဂါး၏ စိတ်ဝိညာဉ်ကို ဆွဲဖြဲလာသည်။ နတ်ဆိုးနဂါး တုန်ယင်သွားပြီး သူ၏ စိတ်ဝိညာဉ်သည်လည်း နဂါးလက်သည်းကြောင့် စုတ်ပြဲကာ အတော်လေး ပါးလျှလာသည်။

“ရုပ်ချောတာ တော်တော်ဆိုးတာပဲ”

“အစ်ကိုကြီး အမှောင်သခင်၊ ဦးလေး အမှောင်သခင်၊ ဘိုးဘေး အမှောင်သခင်၊ မင်း နောက်တစ်ခါ ထပ်မလှုပ်ရှားရင် ဒီနဂါးချောလေး ရှုံးချင်ယောင်ဆောင်ရလိမ့်မယ်၊ ကျုပ် ငိုမိတော့မယ် …”

နတ်ဆိုးနဂါးသည် သနားစဖွယ် မျက်နှာထားနှင့် ကမ္ဘာမြေပေါ်ရှိ အမှောင်သခင်ကို ဆက်တိုက် အကူအညီ တောင်းနေ၏။

ထိုစကားကြောင့် နတ်ဆိုးဘုရင် အမှောင်သခင်က လက်ခလယ် နှစ်ချောင်းကို ပိုမြင်သာအောင် ထောင်ပြ၍ လှုပ်ပြလေသည်။

နတ်ဆိုးနဂါးသည် အလွန် ဒေါသထွက်လာသောကြောင့် သွေးအန် မတတ် ဖြစ်လာရသည်။ ယဲ့ဖန်နှင့် လင်းလန်က အမှောင်သခင်အား အမိန့်ပေးနိုင်ပြီး သူ့အလှည့်ကျမှ ဘာကြောင့် ပြော၍မရသလဲ ဆိုတာကို နားမလည်နိုင် ဖြစ်နေ၏။

*ငါက သိပ်ချောနေလို့များလား*

*ဒါပေမဲ့ ဒီလိုချောနေတာက ငါ့အပြစ်မို့လို့လား*

ဝုန်း! ဝုန်း! ဝုန်း!

နတ်ဆိုးနဂါး တွေးတောနေစဉ် နဂါးလက်သည်းများက သူ့ထံ ထပ်၍ ကျရောက်လာသဖြင့် သူ ငယ်သံပါအောင် အော်ဟစ်မိ သွားသည်။

သူ၏ စိတ်ဝိညာဉ်က ပို၍ပါးလျလှသဖြင့် နတ်ဆိုးနဂါးသည် အားနည်းသထက် နည်းလာလေသည်။ ထိုစဉ် ဧရာမနဂါး၏ ခက်ထန်သောအသံ ထွက်ပေါ်လာပြီး နဂါးလက်သည်းချက် ကလည်း နတ်ဆိုးနဂါးထံသို့ ကျရောက်လာသည်။

“သေလိုက်တော့”

ထိုတိုက်ခိုက်မှုသည် အလွန် ပြင်းထန်လှသည်။ နတ်ဆိုးနဂါးသည် တစ်ကိုယ်လုံး မရဏ အရိပ်အငွေ့များ ဖုံးလွှမ်းသွားသလို ခံစားလိုက်ရလေ၏။

“ငါ့ညီငယ်လေးကြောင့် ငါ အသတ်ခံရတော့မှာလား၊ ဒီလိုဆိုရင်တော့ ငါ ကမ္ဘာပေါ်မှာ ညီငယ်လေးကြောင့် အသတ်ခံ ရတဲ့ ပထမဆုံးသူ ဖြစ်လာမှာပဲ”

နတ်ဆိုးနဂါးသည် မချိပြုံး ပြုံးလိုက်ရမိသည်။ ယခုအခါတွင် ရှောင်တိမ်းရန်လည်း အလွန် နောက်ကျသွားလေပြီ။

ထိုစဉ် လက်သီးချက်တစ်ချက်က နဂါးလက်သည်းအား ထိုးနှက် လာသည်။

ဝုန်း!

နဂါးလက်သည်း နောက်သို့ယိုင်သွားသည်။ ထိုသို့ တိုက်ခိုက်လာ သူမှာကား နတ်ဆိုးဘုရင် အမှောင်သခင်ပင် ဖြစ်လေသည်။

ဤသည်ကိုမြင်ပြီး နတ်ဆိုးနဂါးသည် သေမင်းခံတွင်းဝမှ လွတ်မြောက်လာသကဲ့သို့ စိတ်အေးသွားလေသည်။

“အမှောင်သခင်လေး ကျေးဇူးအများကြီး တင်ပါတယ်။ နောက်ဆိုရင် ဒီနဂါးချောလေးက မင်းကို ပျံသန်းပြီး တင်ခေါ်သွား ပါ့မယ်”

ထိုသို့ပြောပြီး နတ်ဆိုးနဂါးက ဘေးကင်းရာ ကမ္ဘာမြေထံသို့ လှစ်ခနဲ ပြန်ပြေးလာလေသည်။ ကောင်းကင်ထက်၌ ဧရာမ နဂါးကြီးသည် အမှောင်သခင်၏ လက်သီးနှစ်ဖက်ကို စိုက်ကြည့် နေသည်။

“မင်းက ငါ့ကို တားချင်တာလား”

အမှောင်သခင်က ပြန်မဖြေချေ။ ထိုအစား လက်ခလယ်သာ ထောင်ပြလိုက်သည်။

*ီးပဲ*

ဧရာမ နဂါးကြီးသည် မျက်မှောင်ကြုတ်လာပြီး ဒေါပွနေ၏။

“ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ မင်း သေလိုက်တော့”

ထို့နောက် ဧရာမ နဂါးကြီး၏ လက်သည်းများက အမှောင်သခင်၏ လက်သီးထံသို့ ကျရောက်လာသည်။

ဝုန်း! ဝုန်း! ဝုန်း!

ထိုအခါ ကမ္ဘာမြေပေါ်မှ လူတိုင်း ထိတ်လန့်လာကြသည်။ ဧရာမ နဂါးကြီးနှင့် အမှောင်သခင်၏ လက်နှစ်ဖက်တို့ အပြင်းအထန် တိုက်ခိုက်နေကြသည်ကို သူတို့ မျက်ဝါးထင်ထင် တွေ့မြင် နေရသည်။

သန်မာလွန်းလှသည်။ ကြောက်မက်ဖွယ် ကောင်းလှသည်။

သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုသည် လေထုအား ထိုးခွင်း၍ တောင်ကိုပြိုကျစေပြီး ပင်လယ်ရေအား မြင့်တက်လာအောင် လုပ်နိုင်သည်ဟု ထင်မှတ်ရလေ၏။

ထိုသို့သောအချိန်၌ ကမ္ဘာတစ်ခုလုံးသည် ကမ္ဘာပျက်ကိန်း ဆိုက်သကဲ့သို့ တုန်ခါနေ၏။ အားလုံး မျက်နှာ သုန်မှုန်နေကြသည်။

ဝုန်း! ဝုန်း! ဝုန်း!

သန်မာသောသူနှစ်ယောက်သည် ဆက်လက်၍ အပြင်းအထန် တိုက်ခိုက်နေကြသည်။ အမှောင်သခင်၏ လက်သီး၌ အက်ရာများ ထင်ဟပ်လာသည်ကို အားလုံး တွေ့မြင်လိုက်ရသလို ဧရာမ နဂါးကြီး၏ ကိုယ်၌လည်း ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေ သည်ကိုလည်း တွေ့လိုက်ရသည်။

နှစ်ယောက်လုံးက လက်ရည်တူနေသည်။ နတ်ဆိုးများအားလုံး အလွန် ထိတ်လန့်သွားကြသည်။ ဤဧရာမနဂါးကြီးက အလွန် သန်မာလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။ လက်သည်းနှစ်ဖက် တည်းနှင့်တင် အမှောင်သခင်အား ဖိနှိပ်ထားနေနိုင်သည်။

ဝုန်း!

အမှောင်သခင်၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ဧရာမ နဂါးကြီး၏ လက်သည်းနှစ်ဖက်လုံး တုန်ခါသွားပြီး သွေးများ စီးကျလာသည်။

နဂါးကြီး၏ မျက်လုံး၌ အလွန် ထိတ်လန့်သွားဟန်များနှင့် ပြည့်နှက် သွားသည်။ ဤဂြိုဟ်ငယ်လေးပေါ်၌ သူ့အား ပြန်တိုက်ခိုက် နိုင်သော တစ်စုံတစ်ယောက် ရှိနေလိမ့်မည်ဟု သူ ထင်မထားမိချေ။

“မင်းက သန်မာပါတယ်၊ နတ်ဘုရား ဘုရင်တွေထက်တောင်မှ သန်မာသေးတယ်”

ဧရာမ နဂါးကြီး၏ အသံ ထွက်ပေါ်လာသည်။

“မင်းခန္ဓာကိုယ်က ဒီနေရာမှာ ချိတ်ပိတ်ခံထားရတာ စိတ်မကောင်း စရာပဲ၊ ဒီလက်သီးနှစ်ဖက် တည်းနဲ့ဆိုရင် မင်းက ငါ့ပြိုင်ဘက် မဟုတ်သေးဘူး”

ထိုသို့ပြောပြီးနောက် ဧရာမနဂါးကြီး၏ ခန္ဓာကိုယ်က အပြင်းအထန် လူးလွန့်ကူးခတ် လာသည်ကို အားလုံး တွေ့လိုက် ရသည်။

ဝှစ်!

နဂါးကြီး၏ အမြီးက အမှောင်သခင်၏ လက်သီးများအား အရှိန်နှင့် ရိုက်ထုတ်လိုက်သည်။

ဝုန်း!

အမှောင်သခင်၏ လက်သီးနှစ်ဖက်လုံး လွင့်ထွက်သွားပြီး သွေးများ စီးကျလာသည်။ လက်ပေါ်၌ အက်ရာများ ထင်ဟပ်လာ၏။

အမှောင်သခင် ထိခိုက်သွားမှန်း အားလုံး သိလိုက်ကြသည်။ ကမ္ဘာမြေပေါ်ရှိ နတ်ဆိုးတိုင်း အလွန် မျက်နှာပျက်သွားကြသည်။ အမှောင်သခင်တောင်မှ ဤဧရာမနဂါးကို မနိုင်ပါက …

ထိုအချိန်၌ အမှောင်သခင် ဒေါသထွက်သွားလေသည်။ သူသည် ကမ္ဘာ့မြေမျက်နှာပြင်ကို လက်ဖြင့်ထောက်၍ သူ့ခန္ဓာကိုယ်အား ချိပ်ပိတ်ထားခြင်းမှ လွတ်မြောက်ရန် ကြိုးစားလာသည်။

သို့သော် စည်းတံဆိပ်က အလွန် သန်မာလှသဖြင့် သူ လွတ်မြောက်ရန် ခက်ခဲနေ၏။

ဝုန်း!

ထိုစဉ် ဧရာမနဂါးသည် အမြီးဖြင့် အမှောင်သခင်၏ လက်မောင်းကို ပြင်းထန်စွာ ရိုက်ပုတ် လာပြန်သည်။

အမှောင်သခင်၏ လက်မောင်းသည် ကမ္ဘာ့မြေမျက်နှာပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားလေသည်။ ဤမြင်ကွင်းကိုမြင်ပြီး အားလုံး တွေဝေသွားကြသည်။

အမှောင်သခင် ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။

ထိုအချိန်တွင် အားလုံးသည် ကောင်းကင်ထက်မှ ဧရာမနဂါးကို မော့ကြည့်ပြီး စိတ်ဓာတ်ကျ လာကြသည်။

“ဟားဟားဟား … ကမ္ဘာဂြိုဟ်ပေါ်က ပုရွက်ဆိတ်တွေ … မင်းတို့က ငါ့သခင်ကြီးရဲ့ ပြိုင်ဘက် မဟုတ်ဘူးကွ၊ ဘယ်တော့မှ အဲ့လိုဖြစ်လာမှာ မဟုတ်ဘူး”

နဂါးနက် ဧကရာဇ်နှင့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များက လှောင်ရယ်လာသည်။ သူတို့ကိုယ်သူတို့ ကမ္ဘာမြေပေါ်ရှိ နတ်ဆိုးများကို သုတ်သင်နိုင်တော့မည်ဟု ထင်မှတ်ပြီး ကျားနက် ဧကရာဇ်အတွက် လက်စားချေနိုင်ပြီဟု ထင်နေကြသည်။

အမှောင်သခင်က ပြန်ထလာရန် ကြိုးစားနေသည်ကိုမြင်ပြီး ဧရာမနဂါးက ခက်ထန်သော အကြည့်များဖြင့် သရော်လာသည်။

“မင်းလက်သီးက ငါ့ပြိုင်ဘက် မဟုတ်ဘူး။ မင်းရဲ့ စည်းတံဆိပ်က ဒီလောက် ပြင်းထန်မှတော့ ငါ မင်းကို ကူပေးရမှာပေါ့”

ထိုစကားအဆုံး၌ ဧရာမ နဂါး၏ အမြီးက အမှောင်သခင်၏ လက်ကို ထပ်မံ၍ ရိုက်ပုတ်လာသည်ကို မြင်လိုက်ရသည်။

အားလုံး မျက်နှာပျက်သွားသည်။

အကယ်၍ နဂါးအမြီးက အမှောင်သခင်ကို ထပ်ထိသွားပါက အမှောင်သခင်၏ လက်မောင်းနှစ်ဖက်လုံး လုံးဝ ပျက်စီးသွား ပေလိမ့်မည်။

စည်းတံဆိပ်က အလွန် သန်မာလှပြီး ဘယ်အချိန်မှ ကျိုးပျက် လာမလဲ ဆိုတာကို မည်သူမျှ မသိချေ။

“မလုပ်နဲ့”

“နတ်ဆိုးဘုရင်”

ကမ္ဘာမြေပေါ်ရှိ နတ်ဆိုးများအားလုံး ထိတ်လန့်သွားကြသည်။ သူတို့အားလုံး ပြေးဝင်၍ တားဆီးချင်ကြသည်။ သို့သော် သူတို့သည် ထိုနဂါးအမြီးအောက်၌ သေးနုပ်သော ပုရွက်ဆိတ် များသာ ဖြစ်လေသည်။

အားလုံး စိတ်ဓာတ်ကျနေကြသည်။ နတ်ဆိုးဘုရင် အမှောင် သခင်၏ လက်မောင်းနှစ်ဖက်လုံး လုံးဝ ပျက်စီးတော့ မည်ကို မြင်ယောင်နေကြသည်။

စည်းတံဆိပ်ကြောင့် ထွက်ပြေးရန်လည်း မလွယ်ကူချေ.

ဝုန်း!

ချက်ချင်းဆိုသလိုပင် နဂါးအမြီးက အမှောင်သခင်ထံသို့ ကျဆင်းလာသည်။ လူတော်တော် များများသည် မကြည့်ရက် တော့အောင် ဖြစ်နေ၏။ ထိုစဉ် စကားသံ တိုးတိုး ထွက်ပေါ် လာသည်။

“ကောင်းကောင်းနေနေတယ်ပေါ့လေ ဟုတ်လား”

အမှောင်သခင်၏ လက်သီးပေါ်၌ အနက်ရောင်ဝတ်စုံနှင့်

Chapter 509 နဂါးစိတ်ဝိညာဉ် နေခဲ့စမ်း

“ကောင်းကောင်းနေနေတယ်ပေါ့လေ ဟုတ်လား”

ထိုခက်ထန်သော စကားသံအဆုံး၌ အမှောင်သခင်၏ ဧရာမ လက်သီးထက်၌ ပိုးကောင်လေးကဲ့သို့ သေးငယ်ပုံရသည့် အနက်ရောင်ဝတ်စုံနှင့် လူရိပ်တစ်ခု မတ်တပ်ရပ် နေသည်ကို တွေ့လိုက်ရသည်။

သို့သော် သူ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက အားလုံးကို တုန်ယင်သွား စေသည်။ ထိုသူကိုမြင်ပြီးနောက် နတ်ဆိုးများအားလုံး စိတ်အားတက်ကြွလာကြသည်။

“သခင်ကြီး”

ဤသို့သော သေရေးရှင်ရေး အခြေအနေမျိုး၌ ယဲ့ဖန် သတိရလာ လိမ့်မည်ဟု ကမ္ဘာမြေပေါ်ရှိ နတ်ဆိုးများအားလုံး ထင်မှတ် မထားမိချေ။

*ဒါက …*

ထိုသို့သောအချိန်၌ နတ်ဆိုးများအားလုံး၏ မျက်နှာသည် မျှော်လင့်ချက်တို့ဖြင့် တောက်ပလာ၏။ သူတို့၏ တစ်ခု တည်းသော မျှော်လင့်ချက်ကို မြင်တွေ့သွားပုံရသည်။

နဂါးနက် ဧကရာဇ်သည် တစ်ခါမျှတွေဝေသွားပြီးနောက် လှောင်ရယ်လေသည်။

“ပုရွက်ဆိတ်လိုကောင်တွေ၊ နောက်ထပ် ပုရွက်ဆိတ်လိုကောင်က သေချင်လို့ လာစမ်းတာပဲ။ ကြောက်စရာကောင်းတဲ့ အမှောင် သခင်ရဲ့ လက်သီးကတောင်မှ ငါ့သခင်ကြီးရဲ့ ပြိုင်ဘက်မဟုတ်တာ။ ဒီလို သေးနုပ်ပြီး ပုရွက်ဆိတ်လို အားနည်းတဲ့ကောင်ကို ငါ့သခင်ကြီးက အသာလေး ပုတ်လိုက်ရုံနဲ့တင် သူ သေသွား လောက်တယ်”

နဂါးနက် ဧကရာဇ်နှင့် အခြားသူများသည် ယဲ့ဖန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြလေသည်။

ဧရာမ နဂါးကြီးတောင်မှ မသိမသာ အံ့အားသင့်သွားသည်။ ဘာရယ်ကြောင့်မှန်း မသိသော်လည်း ဤပုရွက်ဆိတ်ကဲ့သို့ သေးနုပ်သည့် လူသားတစ်ယောက်ထံမှ မရဏ အငွေ့အသက်များ ရနေသည်ဟု သူ့စိတ်ထဲ၌ ခံစားမိနေသည်။

“မဖြစ်နိုင်ပါဘူး”

ဧရာမ နဂါးကြီးသည် ထိုယုတ္တိမရှိသော အတွေးကို ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။

နတ်ဆိုးဘုရင် အမှောင်သခင်တောင်မှ ရှုံးနိမ့်သွားသောကြောင့် ပုရွက်ဆိတ်ကဲ့သို့ သေးနုပ်သော လူသားတစ်ယောက်က သူ၏ နဂါးအမြီး ရိုက်ချက်ကို တောင့်ခံနိုင်လိမ့်မည်ဟု သူ လုံးဝ မယုံကြည်ပါ။

“မင်းတို့အားလုံး သေလိုက်တော့”

ရုတ်တရက် ဧရာမ နဂါးကြီး၏ မျက်လုံးထဲ၌ ကြမ်းကြုတ် ခက်ထန်၍ လူမဆန်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။

ကျောချမ်းဖွယ်ကောင်းသည့် နဂါးအမြီးက ယဲ့ဖန်နှင့် အမှောင်သခင်၏ လက်သီးထံသို့ ကျရောက်လာသည်။

နဂါးအမြီး၏ ရိုက်ချက်က အလွန် ပြင်းထန်၍ အားကောင်းလှ သောကြောင့် ကမ္ဘာမြေ၏ လေဟာနယ်တောင်မှ အက်ကွဲ လာရသည်။ ထိုနဂါးအမြီးသည် ယဲ့ဖန်နှင့် အမှောင်သခင်၏ လက်သီးထံသို့ ဥက္ကာပျံကဲ့သို့ ရောက်ရှိလာသည်။

ထိုမြင်ကွင်းက အားလုံးကို မှင်တက်သွားစေသည်။ ပို၍ မှင်တက်ဖွယ် ကောင်းသည်က ယဲ့ဖန်၏ အပြုအမူပင်။

သူသည် အမှောင်သခင်၏ လက်သီးပေါ်၌ နှုတ်ခမ်းတွန့်ရုံ ပြုံး၍ သူ၏ လက်သီးချက်ကို ထုတ်ဖောက်ကာ တာအိုအနှစ်သာရ လေးမျိုးကို ထုတ်ဖော်လိုက်သည်။ ထို့နောက် နဂါးအမြီးအား ပြန်လည်၍ ထိုးနှက်လိုက်သည်။

*ဟမ်*

ဤမြင်ကွင်းက နဂါးနက် ဧကရာဇ်နှင့် အခြားသူများအား ပွက်လောရိုက်သွားစေသည်။

*လက်သီးချက်လေးတစ်ချက်က ဧရာမ နဂါး၏ အမြီးရိုက်ချက်ကို ခုခံနိုင်မယ်တဲ့လား*

*အရူး …‌ တော်တော်ရူးတဲ့ အရူးပဲ*

ထိုသို့သောအချိန်၌ နဂါးနက် ဧကရာဇ်နှင့် အခြားသူများသည် ယဲ့ဖန်ကို အလွန်အမင်း အထင်သေးသွားပြီး ဤမျှ နုံဖျင်းသည့် အရူးမျိုး တစ်ခါမှ မမြင်ဖူးဟု တွေးတောနေကြသည်။

ထိုသို့သောအချိန်၌ ယဲ့ဖန်၏ လက်သီးချက်နှင့် နဂါးအမြီးတို့ ထိပ်တိုက်တွေ့သွားသဖြင့် ပေါက်ကွဲသံ ထွက်ပေါ်လာသည်။

ဧရာမနဂါး၏ အမြီးက ယဲ့ဖန်၏ လက်သီးချက်ကြောင့် လွင့်ထွက် သွားသည်ကို အားလုံး မြင်လိုက်ကြရသည်။

တိတ်ဆိတ်သွားလေသည်။ တစ်လောကလုံး တိတ်ကျသွား၏။

အားလုံးသည် ယဲ့ဖန်၏ လက်သီးကို တစ်ချက်ကြည့်ပြီးနောက် ဧရာမ နဂါးကြီးကို လှမ်းကြည့်လိုက်သောအခါ ၎င်း၏အမြီးရှိ ကြေးခွံများကြားမှနေ၍ သွေးများ တတောက်တောက် စီးကျနေ သည်ကို မြင်လိုက်ရသဖြင့် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်သွားကြ လေသည်။

*ဒဏ်ရာရသွားတာလား*

*ဒီကြောက်စရာကောင်းတဲ့ ဧရာမနဂါးက ယဲ့ဖန်ရဲ့ လက်သီး ချက်ကြောင့် ဒဏ်ရာရ သွားတာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“မဖြစ်နိုင်ဘူး”

နဂါးနက် ဧကရာဇ်၏ မျက်လုံးများသည် အံ့ဩစရာကောင်းသည့် တစ်စုံတစ်ရာကို တွေ့မြင်လိုက်ရသကဲ့သို့ ပြူးကျယ်နေ၏။

“ဘယ်လိုလုပ် သူ့လက်သီးက ဧရာမနဂါးရဲ့ အမြီးကို ထိခိုက်အောင် လုပ်နိုင်တာလဲ၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ဧရာမနဂါး၏ အမြီးက ယဲ့ဖန်ထက် အဆပေါင်းများစွာ ကြီးမားသည်။ သို့သော် ယခုအခါတွင် ထိုအမြီးက ယဲ့ဖန်၏ လက်သီးချက်ကြောင့် ဒဏ်ရာရသွားလေသည်။ ဤသည်မှာ အိပ်မက်ဆိုး တစ်ခုကဲ့သို့ မယုံနိုင်စရာ ကောင်းလွန်းလှ၏။

ဧရာမနဂါးကြီးတောင်မှ တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူ၏မျက်လုံးထဲ၌ အလွန် ထိတ်လန့်၍ မကျေမချမ်း ဖြစ်နေဟန်များ ယှက်သန်းနေ၏။

သူသည် အမြီးပိုင်းက အလွန်အမင်း နာကျင်နေသည်ကိုသာ ခံစားရပြီး ထိုတိုက်ခိုက်မှုကြောင့် သူ၏ ကြေးခွံများ ကျွတ်ကျ သွားသည်။

*မဖြစ်နိုင်ဘူး*

ထိုစဉ် ယဲ့ဖန်က လှစ်ခနဲ လှုပ်ရှားလိုက်သည်။ သူ၏ခန္ဓာကိုယ် ပတ်လည်၌ ပြိုင်ဘက်ကင်း ထိပ်တန်းခန္ဓာကိုယ် လေးမျိုး၏ ချီဓာတ်များက ရစ်ပတ်နေသည်။

သူ၏ပုံစံသည် လောကနတ်ဘုရားတစ်ပါးက ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာဟန်နှင့် ဆင်တူနေသည်။ အတိုင်းမသိ ကြောက်မက်ဖွယ် ကောင်းလှ၏။

“မင်းက ငါ့နဂါးကို ဖမ်းချင်တာလား”

“ငါ့ညီအစ်ကိုကို အနိုင်ကျင့်ရဲတယ်ပေါ့”

“မင်းက ငါ့ကမ္ဘာမြေကို ဖျက်ဆီးချင်တာလား”

ယဲ့ဖန်သည် ဧရာမနဂါးကြီးကို စိုက်ကြည့်၍ တစ်ခွန်းချင်း ပြောနေသည်။ ထိုပုံစံက ပုရွက်ဆိတ်က ဆင်တစ်ကောင်ကို ပြောနေဟန်နှင့် သဏ္ဌာန်တူလှပြီး အလွန် ရယ်ချင်စရာ ကောင်းလှသည်။

သို့သော် မည်သူမျှ အော်မရယ်ရဲပါ၊ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် မယုံနိုင်စရာ ကောင်းသည့် မြင်ကွင်းကို မြင်လိုက်ရသဖြင့် ရင်တုန်နေသောကြောင့်ပင် ဖြစ်လေသည်။

“မင်း … သေလိုက်တော့”

ယဲ့ဖန်၏ ထိုစကားသံအဆုံး၌ သူသည် ကောင်းကင်ထက်သို့ ပျံတက်၍ ဧရာမ နဂါးကြီးရှိရာသို့ ပြေးဝင်လာသည်။

*ဘာ*

*သူ့ဘက်က စတိုက်တာလား*

လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်နေကြသည်။ ဧရာမ နဂါးကြီးတောင်မှ ဒေါသူပုန် ထသွားလေသည်။

*ငါ့စိတ်ကို လာဆွနေတာပဲ*

ဤကျယ်ပြောသော စကြဝဠာ၌ ပြိုင်ဘက်ကင်းခဲ့သည့် သူလို နတ်နဂါးတစ်ကောင်က ပုရွက်ဆိတ်ကဲ့သို့ သေးနုပ်သော လူသား တစ်ယောက်၏ ရန်စခြင်းကို ခံလိုက်ရသဖြင့် အလွန် အမျက်ထွက် နေ၏။

ထို့နောက် ဧရာမ နဂါးကြီးသည် သူ၏ အမြီးကို လှုပ်ယမ်း၍ ယဲ့ဖန်အား နောက်တစ်ကြိမ် ရိုက်ပုတ်လိုက်ပြန်သည်။

ဝုန်း! ဝုန်း! ဝုန်း!

ထိုစဉ် အားလုံး အံ့ဩသွားရသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ် လာသည်။ ယဲ့ဖန်၏ လက်သီးနှင့် ဧရာမ နဂါးကြီးတို့၏ အမြီးတို့ ထပ်ခါထပ်ခါ ထိပ်တိုက် ရင်ဆိုင်မိလေသည်။ အကြိမ်တိုင်း၌ ကောင်းကင်ထက် မှနေ၍ နဂါးကြီး၏ သွေးများ စီးကျလာသည်။

ကောင်းကင်တစ်ခုလုံး၌ နဂါးကြီး၏ သွေးစက်များက မိုးစက်သဖွယ် ရွာသွန်းနေ၏။ အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။

သေးငယ်သော လူသားတစ်ယောက်က ဧရာမ နဂါးတစ်ကောင်ကို ထိခိုက်အောင် လုပ်နိုင်သည်တဲ့လား။ မယုံနိုင်စရာ ကောင်းလွန်း လှသည်။

နဂါးကြီးသည်လည်း အလွန် ထိတ်လန့်နေ၏။ ယဲ့ဖန်၏ လက်သီးချက် တစ်ချက်တိုင်း၌ ကြောက်မက်ဖွယ် အားအင်များ ပါဝင်နေသည်ဟု သူ ခံစားမိနေသည်။

သူ၏အမြီးသည် အက်ကွဲ၍ သွေးများ စီးကျနေပြီး ကြေးခွံများလည်း ကျွတ်ကျနေသည်။ အမြီးမှ နာကျင်မှုသည် သူ့အား ရူးမတတ် ဖြစ်သွားစေသည်။

သူ၏ နဂါးခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲမတတ် ခံစားနေရသည်။ သွေးများက ကောင်းကင်ထက်၌ ပျံ့လွင့်၍နေ၏။

“ချီးတဲ့မှ၊ သေးနုပ်တဲ့လူသား မင်းက ငါ့ကို လုံးဝ ရန်စနေတာပဲ”

နဂါးကြီးသည် ဖျတ်ခနဲ လူးလွန့်၍ ယဲ့ဖန်ထံသို့ ပြေးဝင်လာသည်။ သူ၏ သွေးများ ပေကျံနေသည့် ပါးစပ်ကို ကျယ်လောင်စွာဟ၍ အစွယ်များဖြင့် ယဲ့ဖန်ကို ကိုက်ဖြတ်ရန် ပြင်လာသည်။

ဧရာမ နဂါးကြီးသည် ယဲ့ဖန်အား ဝါးမျိုချင်နေလေသည်။

“ကောင်းသားပဲ”

သို့သော် ဤသည်ကိုမြင်ပြီး ယဲ့ဖန်က မအံ့ဩချေ။ သူသည် ကိုယ်ကိုမတ်၍ ထိုအစွယ်များထံသို့ ပြေးဝင်သွားသည်။

ဂျွတ်!

ထိုစဉ် ယဲ့ဖန်၏ လက်သီးချက်ကြောင့် နဂါးကြီး၏ အစွယ်များ အက်ရာထင်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။ ချက်ချင်း ဆိုသလိုပင် နဂါးကြီး၏ အစွယ်များ တစ်ချောင်းပြီး တစ်ချောင်း ကျွတ်ထွက် သွားလေသည်။

ထိုသို့သောအချိန်၌ ဧရာမနဂါးကြီး၏ မျက်လုံး၌ အလွန် ကြောက်လန့် နေဟန်များ ထင်ဟပ်လာသည်။

သူသည် မယုံနိုင်ဟန်များဖြင့် ယဲ့ဖန်အား နတ်ဆိုးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ကြည့်နေလေသည်။

*ထွက်ပြေးရမယ်*

ထိုသို့သောအချိန်၌ ဧရာမနဂါးကြီးသည် ထွက်ပြေးချင်နေ၏။ သူ၏ကိုယ်ကို လူးလွန့်၍ အဝေးသို့ ပျံတက်သွားလေသည်။ သို့သော် ယဲ့ဖန်က ဤသို့ဖြစ်လာမည်ဟု ကြိုမြင်ထားပုံ ရသည်။

“ထွက်ပြေးချင်တယ်ပေါ့”

“နဂါးစိတ်ဝိညာဉ် နေခဲ့စမ်း”

*ဘာ*

ဧရာမ နဂါးကြီး သွေးပျက်သွားသည်။ မရဏ အငွေ့အသက်များက ၎င်းကို ရစ်ပတ်လာသကဲ့သို့ ခံစားမိပြီး ကိုယ်ကိုလူးလွန့်၍ အသည်းအသန် ထွက်ပြေးလေသည်။

သို့သော် ထိုသို့သောအချိန်၌ ယဲ့ဖန်၏ လက်ဝါးက ဧရာမ နဂါးကြီး၏ ခန္ဓာကိုယ်ကို စုတ်ဖြဲလာသည်။

“အား …”

ငယ်သံပါအောင် အော်ဟစ်လိုက်သည့် အော်သံနှင့်အတူ နဂါး စိတ်ဝိညာဉ် တစ်ခု စုတ်ပြဲသွား လေတော့သည်။

Chapter 510 ညီအစ်ကိုတဲ့လား

“အား”

စိတ်ဝိညာဉ် စုတ်ဖြဲခံရသည့် အသံနှင့်အတူ ဧရာမ နဂါးကြီး၏ ခန္ဓာကိုယ်တွင်းမှ ဖောက်ထွင်း မြင်ရနိုင်သည့် နဂါးစိတ်ဝိညာဉ် တစ်ခု ထွက်ပေါ်လာသည်။

“အား …”

ဧရာမ နဂါးကြီးသည် နာကျင်မှုကြောင့် တုန်ယင်နေသည်။ ဂြိုဟ်များကို ရစ်ပတ်နိုင်သည့် နဂါးကြီး၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်လာလေသည်။ ထိုအခိုက်တွင် နေအဖွဲ့အစည်း တစ်ခုလုံး အဆုံးသတ်တော့လေမလားဟု ထင်မှတ်နေရသည်။

ဧရာမ နဂါးကြီး၏ မျက်လုံး၌ ကြောက်စိတ်များနှင့် ပြည့်နှက် နေသည်။

“ဒါ ဘာသိုင်းကျင့်စဉ်လဲ၊ ဘယ်လိုလုပ် ဒါက ငါ့နဂါးစိတ်ဝိညာဉ်ကို ဆွဲထုတ်နိုင်တာလဲ”

သူသည် မျက်စိရှေ့မှ အဖြစ်အပျက်အား လက်ခံရခက်နေ၏။ သူ့စိတ်ထဲ၌ ကြောက်လန့်၍ သွေးပျက်နေဟန်များဖြင့် ပြည့်နှက် နေသည်။

ထိုသို့သောအချိန်၌ နဂါးနက် ဧကရာဇ်နှင့် အခြားသူများ အလွန်အမင်း ထိတ်လန့်နေကြသည်။

ပုရွက်ဆိတ်ကဲ့သို့ သေးနုပ်သော လူသားတစ်ယောက်က ဧရာမ နဂါးတစ်ကောင်၏ စိတ်ဝိညာဉ်ကို လက်တစ်ဖက်တည်းဖြင့် ဆွဲထုတ်နိုင်ခြင်းက လူတိုင်းအား ကြက်သီးမွေးညင်း ထသွား စေသည်။

ထိုစဉ် ယဲ့ဖန်၏ လက်တစ်ဖက်က ဧရာမ နဂါးကြီး၏ စိတ်ဝိညာဉ် တစ်ခုလုံးကို အပြီးတိုင်း ဆွဲထုတ်လိုက်နိုင်သဖြင့် အဖြူရောင် အလုံးလေးတစ်လုံးက လေထဲ ဝဲပျံလာသည်။

ထိုအထဲ၌ သေးငယ်သော နဂါးတစ်ကောင် ရှိနေသည်။ ၎င်း၏ အစွယ်နှင့် လက်သည်းများကို အနက်ရောင် ချီမျှင်စုများက ရစ်ပတ်ထားသည်။ ထိုအချိန်၌ ၎င်းသည် အနက်ရောင် ချီမျှင်စုများ ကြားထဲမှ ရုန်းမထွက်နိုင်ချေ။

“မဟုတ်ဘူး ငါ့ကို လွှတ်ပေးစမ်း”

ထိုနဂါးစိတ်ဝိညာဉ်သည် ၎င်း၏ ခန္ဓာကိုယ်ထဲမှ ကွဲထွက်လာ ရသဖြင့် အလွန်အမင်း ကြောက်လန့်ကာ အသည်းအသန် ရုန်းကန်နေ၏။ နဂါးစိတ်ဝိညာဉ်၏ မျက်လုံးများက ယဲ့ဖန်ကို စူးစိုက်ကြည့်နေသည်။

“လူသား ငါ့ကို လွှတ်ပေးစမ်း၊ ငါက မရေတွက်နိုင်တဲ့ ကမ္ဘာခြား အင်အားစုကျင့်စဉ်တွေကို ကျင့်ကြံထားတာ။ မင်း ငါ့ကို လွှတ်ပေး သရွေ့ ငါ မင်းကို အဲ့ဒီကျင့်စဉ်တွေ ပေးမယ်”

“ပြီးတော့ ငါ့မှာ ရတနာတွေ အများကြီးရှိတယ်၊ ငါ မင်းကို အားလုံး ပေးမယ်လေ”

နဂါးစိတ်ဝိညာဉ်သည် အလွန် ကြောက်လန့်နေ၏။ စကြဝဠာကို စိုးမိုးနိုင်သည့် အရှင်သခင် ဖြစ်သည့်အလျောက် သူသည် သေးနုပ်သော လူသားတစ်ယောက်၏ လက်ထဲမှ အသေမ ခံလိုချေ။

ထိုစကားကိုကြားပြီးနောက် ယဲ့ဖန်က ခပ်ဖွဖွ ပြုံးလေသည်။

“မင်းက မကောင်းဆိုးဝါး မျိုးနွယ်ပဲလေ။ မကောင်းဆိုးဝါး မျိုးနွယ်ထဲက တစ်ကောင်က နတ်ဆိုးတစ်ကောင်ကြောင့် စိတ်ဝိညာဉ် စုတ်ဖြဲခံရပြီး လေးဆယ့်ကိုးရက် တိတိ အရှင်လတ်လတ် သန့်စင်ခံရပြီးတော့ အသေဆိုးနဲ့ သေသွားခဲ့ဖူး တာကို မင်း သိသင့်တယ်”

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် နဂါးစိတ်ဝိညာဉ် ကတုန်ကယင် ဖြစ်လာသည်။

*မကောင်းဆိုးဝါးမျိုးနွယ်ထဲက မကောင်းဆိုးဝါးတစ်ကောင်လား*

*လေးဆယ့်ကိုးရယ် သန့်စင်ခံရတယ်*

*ဒါက …*

နဂါးစိတ်ဝိညာဉ်သည် ချက်ချင်းဆိုသလို တွေးမိသွားပြီးနောက် ထိတ်လန့်ကာ တုန်လှုပ်သွားလေသည်။

*အဲ့ဒါ မကောင်းဆိုးဝါး မျိုးနွယ်ရဲ့ ထိပ်တန်း အကျော်အမော် မျက်လုံးခြောက်လုံးနဲ့ ဇီးကွက်သားရဲပဲ*

ထိုစဉ်အခါက ဇီးကွက်သားရဲသည် နတ်ဆိုးဧကရာဇ်ကို ရန်စမိ သောကြောင့် ၎င်း၏ စိတ်ဝိညာဉ်သည် နတ်ဆိုးဧကရာဇ်၏ စုတ်ဖြဲခြင်းကို ခံရပြီး လေးဆယ့်ကိုးရက်ကြာ မွမ်းမံခံရပြီး သေဆုံးသွား ခဲ့ရသည်။

ထိုအချိန်က မျက်လုံးခြောက်လုံးနှင့် သားရဲ၏ အော်သံသည် စကြဝဠာ တစ်ခွင်သို့ ပဲ့တင်ထပ်ခဲ့သည်။ နောက်ဆုံးတွင် ၎င်း၏ စိတ်ဝိညာဉ်သည် သေသည်အထိ မွမ်းမံခံလိုက် ရလေ၏။

၎င်း၏အရိုးများတောင်မှ ဆွဲထုတ်ခံရပြီး နတ်ဆိုးဧကရာဇ်၏ နတ်ဆိုး အရိုးဓားအဖြစ် မွမ်းမံခြင်း ခံခဲ့ရသည်။

နတ်ဆိုးဧကရာဇ်သည် နဂါးစိတ်ဝိညာဉ်၏ ဘဝတွင် အရိပ်မည်း တစ်ခု ဖြစ်လေသည်။ သို့သော် ယခုအခါတွင် မျက်စိရှေ့ရှိ လူသားသည် …

“နတ်ဆိုးဘုရင် … နတ်ဆိုးတွေ၊ ဒီလိုဆို မင်းက … နတ်ဆိုးဧကရာဇ်ပဲ”

ထိုအချိန်တွင် နဂါးစိတ်ဝိညာဉ်သည် ယဲ့ဖန်ကို စိုက်ကြည့်၍ တုန်လှုပ်နေ၏။

*နတ်ဆိုးဧကရာဇ်လား*

*မြတ်စွာဘုရား၊ ဒီသေးနုပ်တဲ့ လူသားက အရင်အချိန်တုန်းက ဇီးကွက်သားရဲကို မွမ်းမံခဲ့တဲ့ အရူးတဲ့လား*

နဂါး စိတ်ဝိညာဉ်သည် မိုးကြိုးပစ်ချခံရသကဲ့သို့ ခံစားလိုက် ရသည်။ သူသည်သာမကချေ၊ နဂါးနက် ဧကရာဇ်နှင့် အခြားသူ များပါ ထိုသို့ ခံစားမိနေသည်။

သူတို့သည် ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် လှမ်းကြည့်၍ မနည်းကို တံတွေးမျိုချ နေရသည်။

လောကအုပ်ချုပ်သူ သုံးပါးကို တိုက်ခိုက်၍ စကြဝဠာကြီးကို စိုးမိုးခဲ့သည့် အလွန်တရာ ကြောက်စရာကောင်းသည့် နတ်ဆိုး ဧကရာဇ်က လတ်စသတ်တော့ သူ ဖြစ်နေတာကိုး။

နဂါးနက် ဧကရာဇ်နှင့် ထောင်ချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် များသည် ကြက်သီးမွေးညင်း ထကာ ချွေးပြန်လာ ကြပြီး နောက်လှည့်၍ ထွက်ပြေးရန် မစောင့်နိုင်ကြတော့ချေ။

“အရှင် နတ်ဆိုးဧကရာဇ်၊ ကျုပ် … ကျုပ် မှားသွားပါတယ်၊ ခင်ဗျား ကျုပ်ကို လွှတ်ပေးသရွေ့ ကျုပ် ခင်ဗျားရဲ့ စီးတော်ယာဉ်အဖြစ် နေပါ့မယ်။ ကျုပ် ခင်ဗျားကို သခင်အဖြစ် အသိအမှတ်ပြုပြီး အညံ့ခံပါ့မယ်”

ယခုအချိန်၌ နဂါးစိတ်ဝိညာဉ်သည် ယဲ့ဖန်အား အဆက်မပြတ် တောင်းပန်နေလေသည်။ ထို့နောက် သူသည် လက်သည်းကို တစ်ချက်လှုပ်လိုက်သောအခါ အနက်ရောင် နဂါးသဏ္ဌာန် ကျောက်စိမ်းနှင့် မရေတွက်နိုင်သော လက်နက်များက နဂါးစိတ်ဝိညာဉ်အတွင်းမှ ထွက်လာပြီး ယဲ့ဖန်ရှေ့သို့ ရောက်လာသည်။

“ဒီနဂါးပုံစံ ကျောက်စိမ်းက ဒီစကြဝဠာကြီးထဲမှာ ကျုပ် လေ့ကျင့်ပေးခဲ့တဲ့ နဂါးနက် အစောင့်အရှောက်ရဲ့ သင်္ကေတပဲ၊ သူတို့ တစ်ယောက်ချင်းစီက နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေရဲ့ ခန္ဓာကိုယ်နဲ့ တူညီပြီး နတ်ဘုရားတွေထက် သန်မာပြီး နတ်ဆိုးတွေ ထက် ပိုကြမ်းကြုတ်တယ်”

“နဂါးပုံစံ ကျောက်စိမ်းကို တွေ့တာက အရှင်သခင်ကို တွေ့တာနဲ့အတူတူပဲ။ ငါ့ကိုသာ လွှတ်ပေးရင် ဒီရတနာတွေအားလုံးက မင်းအတွက်ပဲ”

အနက်ရောင် ချီမျှင်စုကြားထဲမှ နဂါးစိတ်ဝိညာဉ်သည် တုန်ယင်၍ နေ၏။ သူသည် ယဲ့ဖန်အား သွေးပျက်မတတ် ခြောက်ခြားဟန်နှင့် ကြည့်နေသည်။ သူ့စကားကြောင့် ယဲ့ဖန်၏ နှုတ်ခမ်းက တွန့်ကွေး လာသည်။

“လက်ဆောင်အတွက် ကျေးဇူးပဲ”

“စိတ်မကောင်းစရာက မင်း သေရမှာက သေရမှာပဲ”

*ဘာ*

နဂါးစိတ်ဝိညာဉ် ကြောက်လန့်တကြား ဖြစ်ကာ ဖြူဖတ်ဖြူရော် ဖြစ်သွားလေသည်။ သူ အရာအားလုံး ပေးလိုက်သော်လည်း ယဲ့ဖန်က သူ့ကို သတ်ချင်နေဦးမည်ဟု သူ ထင်မထားမိချေ။

“ဘာလို့လဲ၊ ငါ မင်းကို အကုန်ပေးပြီးပြီလေ၊ မင်း ဘာလို့ ငါ့ကို မလွှတ်ပေးသေးတာလဲ”

နဂါးစိတ်ဝိညာဉ်သည် အင်တင်တင် ဖြစ်နေလေ၏။ သို့သော် ယဲ့ဖန် ဆက်ပြောလာသော စကားကြောင့် သူ အေးခဲမတတ် ဖြစ်သွား လေသည်။

“ဒီနဂါးက ငါ့ညီအစ်ကိုပဲ၊ မင်း သူ့ကို ဖျက်ဆီးဖို့လာတာက ငါ့ကို သတ်တာနဲ့ အတူတူပဲ”

“မင်း ရတနာတွေ အများကြီး ထုတ်ပေးရင်တောင်မှ မင်း မလွတ်နိုင်ဘူး”

ယဲ့ဖန်၏ အသံသည် အေးစက်၍ ရက်စက်သောကြောင့် နဂါး စိတ်ဝိညာဉ်သည် စိတ်ဓာတ်ကျသွားသည်။

နတ်ဆိုးနဂါးသည် ထိုစကားကို ကြားပြီးနောက် ကတုန်ကယင် ဖြစ်လာသည်။

*ညီအစ်ကိုတဲ့လား*

သူ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သော်လည်း မရေတွက်နိုင်သည့် မျိုးနွယ်များနှင့် သတ္တဝါများ၏ အထင်သေး စက်ဆုပ်ခြင်းကိုသာ သူ ခံခဲ့ရသည်။

သို့သော် ယဲ့ဖန်သည်သာ သူ့ကို ပထမဆုံးအကြိမ် အလေးထား သည့်သူ ဖြစ်သည်။ သူ့အား ညီအစ်ကိုအဖြစ် သတ်မှတ်သည့် ပထမဆုံးသောသူ ဖြစ်သည်။ ဤသည်ကို တွေးမိပြီးနောက် နတ်ဆိုးနဂါး၏ မျက်လုံး၌ မျက်ရည်များ ရစ်ဝဲလာသည်။

ယဲ့ဖန်က ထိုနဂါးစိတ်ဝိညာဉ်ကို သတ်ပစ်ချင်သည့် အကြောင်း ရင်းမှာ သူ့အတွက် ဖြစ်ကြောင်း သူ သိလေသည်။

သူသည်သာ ပင်မ စိတ်ဝိညာဉ်ဖြစ်ပြီး ထိုနဂါးစိတ်ဝိညာဉ်သည် ဒုတိယ စိတ်ဝိညာဉ်သာ ဖြစ်လေသည်။ ပင်မ စိတ်ဝိညာဉ်နှင့် ဒုတိယ စိတ်ဝိညာဉ်သည် တစ်ခုတည်းအဖြစ်သာ ဖြစ်သင့် လေသည်။

“ညီအစ်ကိုတဲ့လား”

နတ်ဆိုးနဂါး၏ မျက်လုံး၌ အရေးမစိုက်ဟန်များ ရှိမနေဘဲ အထီးကျန်၍ စိတ်ပိုင်းဖြတ် ထားဟန်များသာ ထင်ဟပ်နေသည်။

ထိုစဉ် ကောင်းကင်ထက်ရှိ နဂါးစိတ်ဝိညာဉ်အား ငရဲမီးက လောင်မြှိုက်နေ၏။

“အား”

နဂါးစိတ်ဝိညာဉ်သည် အသည်းအသန် ရုန်းကန်နေ၏။ ၎င်း၏ စိတ်ဝိညာဉ် အစိတ်အပိုင်းတစ်ခုတိုင်း လောင်မြိုက်နေသလို ခံစားနေရသည်။ ဤနာကျင်မှုသည် စိတ်ဝိညာဉ်ကို ထိခိုက် စေသဖြင့် အသည်းခိုက်မတိုက် နာကျင်ရလေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် နဂါးစိတ်ဝိညာဉ်သည် အငွေ့ပျံ သွားပြီး ပျောက်ကွယ် သွားလေသည်။ သေသွားလေပြီ။ ဧရာမ နဂါးကြီး၏ စိတ်ဝိညာဉ် ပျောက်ကွယ်သွားလေပြီ။

ဤမြင်ကွင်းက နဂါးနက် ဧကရာဇ်နှင့် ထောင်ချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များအား ဆီးထွက်ကျမတတ် ကြောက်လန့် သွားစေသည်။

သူတို့ ထွက်ပြေးချင်သည်။ သို့သော် များပြားလှသည့် နတ်ဆိုးများက သူတို့အား ဝိုင်းထားကြသည်။ သူတို့ နည်းနည်း လေးမျှ မလှုပ်နိုင်ချေ။

ထို့နောက် နဂါးနက် ဧကရာဇ်နှင့် ထောင်ချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များသည် ယဲ့ဖန်ရှေ့၌ ဒူးထောက်လာကြသည်။

“အရှင် နတ်ဆိုး ဧကရာဇ်၊ ကျွန်တော် … ကျွန်တော်တို့က နဂါးနက် အစောင့်အရှောက်ရဲ့ အစိတ်အပိုင်းတစ်ခုပါ၊ ခင်ဗျားလက်ထဲက ကျောက်စိမ်းပြားနဲ့ဆိုရင် ကျွန်တော်တို့က ခင်ဗျားရဲ့ သစ္စာအရှိဆုံး အစေခံတွေပါ”

ထိုသို့ပြောပြီး နဂါးနက် ဧကရာဇ်နှင့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များက ယဲ့ဖန်ကို ဦးညွတ်လာကြသည်။ အားလုံး ကတုန်ကယင် ဖြစ်နေကြသည်။ အားလုံး၏ စိတ်ထဲ၌ ကြောက်စိတ်နှင့် ခြောက်ခြားစိတ်များဖြင့် ပြည့်နှက်နေ၏။

သူတို့ကိုကြည့်ပြီး ယဲ့ဖန်က ခေါင်းခါလိုက်သည်။

“စိတ်ဝိညာဉ် သေဆုံးတာထက် သေမင်းနဲ့တွေ့ရတာ ပိုကောင်းတာပေါ့”

ထိုစကားကြောင့် နဂါးနက် ဧကရာဇ်နှင့် အခြားသူများ ကြောက်လန့် သွားကြသည်။ ထို့နောက် နတ်ဆိုးများက လျှပ်စီးကဲ့သို့ ပြေးဝင်လာကြသည်။

အမှောင်သခင်၏ လက်သီးချက်များက နဂါးနက် ဧကရာဇ်အား ထပ်ခါထပ်ခါ ထိုးနှက်နေသည်။ ထိုသို့သောအချိန်၌ နတ်ဘုရားနှင့် နတ်ဆိုးစစ်ပွဲသည် ဆက်လက် ဖြစ်ပွားလျက် ရှိသည်။

သွေးပျက်ဖွယ် ကောင်းသော နတ်ဆိုးစစ်တပ်ကြီးသည် နတ်ဘုရား မျိုးနွယ်များအား အရူးအမူး သတ်ဖြတ်နေကြသည်။

ထိုသို့သောအချိန်၌ နတ်ဘုရားမျိုးနွယ်များ ငယ်သံပါအောင် အော်ဟစ်နေကြရသည်။ တစ်ခဏကြာသော် ထောင်ချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များအားလုံး သုတ်သင်ခံ လိုက်ရ သည်။

နဂါးနက် ဧကရာဇ်သည် အမှောင်သခင်၏ လက်သီးချက်အောက်၌ ပေါက်ကွဲ၍ သေဆုံးသွား လေသည်။

ထို့နောက် ယဲ့ဖန်က သူ့လက်ကို တစ်ချက်ဝှေ့လိုက်သည်။ ထိုအခါ နဂါးနက် ဧကရာဇ်နှင့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များ၏ နတ်ဘုရား အမြုတေများအားလုံး သူ့လက်ထဲသို့ ရောက်ရှိလာ လေတော့သည်။

စာစဉ် (၃၄) ဤတွင် ပြီးပါပြီ။

All Chapters