← Chapters

အခန်း (၅၂၀-၅၂၂)

Vol. 35 Ch. 520-522

အခန်း (၅၂၀-၅၂၂)

Vol. 35 Ch. 520-522

Chapter 520 အရက်

*ဟမ်*

နဂါးနက် ခန်းမ၏ အစောင့်နှစ်ယောက်က ခန်းမတံခါးကိုဖွင့်၍ ယဲ့ဖန်အား အထဲသို့ ဝင်ပါရန် တလေးတစား ဖိတ်ခေါ်နေသည်ကို မြင်လိုက်ရသောအခါ နတ်မိမယ် ခုန်လင်နှင့် အစေခံတို့ မှင်တက်သွားကြသည်။

“ဒါက …”

အမျိုးသမီး နှစ်ယောက်လုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။

နဂါးနက် အစည်းအရုံးခန်းမသည် ကပ်ဆိုးဂြိုဟ်၌သာ တည်ရှိသည် မဟုတ်ဘဲ ဂြိုဟ်ပေါင်းများစွာ၌ ခန်းမခွဲပေါင်းများစွာ ရှိလေသည်။

ခန်းမခွဲတိုင်းသည် ဂြိုဟ်များ၏ တန်ဖိုးအကြီးဆုံး ဇိမ်ခံခန်းမများထဲမှ တစ်ခုအဖြစ် တည်ရှိကြသည်။ ခန်းမထဲသို့ ထိပ်တန်း သိုင်းပညာရှင်များသာ ဝင်ခွင့်ရှိသည်။ ထို့အပြင် ဝင်ကြေးကလည်း အလွန် မြင့်လှသည်။ သို့သော် ယခုအခါတွင် …

“နတ်မိမယ်လေး၊ ဒါ … ဒီကောင်က ကျားသားစားချင်လို့ ဝက်ယောင်ဆောင်နေတာများလား၊ မဟုတ်ရင် သူ ဘယ်လိုလုပ် နဂါးနက် ခန်းမထဲကို အလွယ်တကူ ဝင်ရောက်နိုင်မှာလဲ”

အစေခံက အလွန် ပျက်ယင်းနေ‌သော မျက်နှာထားနှင့် နတ်မိမယ် ခုန်လင်အား ပြောလိုက်သည်။ သူမစကားကြောင့် နတ်မိမယ် ခုန်လင်က ခေါင်းခါပြသည်။

“မဟုတ်သေးဘူး၊ ငါ အဲ့ဒီလူမှာ တာအို စောင့်ရှောက်သူ မရှိတာကို ငါ သေချာ လေ့လာ ကြည့်ပြီးပြီ။ သူက မင်းသား ဒါမှမဟုတ် အင်အားကြီး မျိုးနွယ်စုတစ်ခုရဲ့ မျိုးဆက်သာဆိုရင် သူနဲ့အတူ လိုက်လာမယ့် သိုင်းပညာရှင်တွေ အများကြီး ရှိမှာပဲ။ သူ့လို နတ်ဘုရား ဂိုဏ်းချုပ် တစ်ပိုင်းအဆင့်ကို တစ်ယောက်တည်း လာခိုင်းမှာ မဟုတ်ဘူး”

အစေခံမလေးကလည်း နတ်မိမယ်လေး၏ စကားကို ထောက်ခံသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒီလိုဆို သူက တအား ကံကောင်းလို့ နဂါးနက် ခန်းမရဲ့ သင်္ကေတ အမှတ်အသားကို ရခဲ့တာ ဖြစ်မယ်”

“အဲ့လိုပဲ ဖြစ်မယ်”

နတ်မိမယ် ခုန်လင်သည် ယဲ့ဖန်၏ ကံကောင်းမှုကို မကျိန်ဆဲဘဲ မနေနိုင်လောက်အောင် ဖြစ်သွားရသည်။

ထို့နောက် ခန်းမဆီသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။

“ဝင်ကြေးက စကြဝဠာဒင်္ဂါး တစ်သောင်းပဲ”

နတ်မိမယ် ခုန်လင်ကိုမြင်ပြီး နတ်ဧကရာဇ်တစ်ပိုင်းအဆင့် အစောင့်နှစ်ယောက်က မထူးခြားနားဟန်ဖြင့် ပြောလာသည်။

*စကြဝဠာဒင်္ဂါး တစ်သောင်းလား*

*ဈေးကြီးလိုက်တာ*

နတ်မိမယ် ခုန်လင်က မဆင်းရဲသော်လည်း ဝင်ကြေးက စကြဝဠာဒင်္ဂါး တစ်သောင်းဟု ကြားလိုက်ရသဖြင့် သူမရင်ထဲ မချိဖြစ်သွားရသည်။

စကြဝဠာဒင်္ဂါးအား အစောင့်များထံ ထုတ်ပေးပြီးနောက် သူမ သိချင်စိတ်ဖြင့် မေးလိုက်မိသည်။

“ခုနကလူက ဘာလို့ စကြဝဠာဒင်္ဂါး မပေးသွားတာလဲ”

*အမ်*

သူမစကားကြောင့် အစောင့်နှစ်ယောက်က မှင်တက်သွားပြီးနောက် သူတို့၏ မျက်နှာထက်၌ သရော်ပြုံးများ ထင်ဟပ်လာသည်။

နတ်မိမယ် ခုန်လင်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ဘာမှပြန်မဖြေဘဲ ကြည့်နေသည်။ ပိုက်ဆံပေးပြီးနောက် နတ်မိမယ် ခုန်လင်တို့နှစ်ယောက်သည် အရှက်ရနေသော မျက်နှာနှင့် နဂါးနက် ခန်းမထဲသို့ ဝင်လာခဲ့သည်။

သူမတို့နှစ်ယောက် ဝင်သွားချိန်၌ အစောင့်ထဲမှ တစ်ယောက်သည် အခြားသူအား သွားပြောလေသည်။

“နဂါးနက်အရှင် ရောက်လာတယ်လို့ ခန်းမသခင်ကို သွားပြောလိုက်”

“ကောင်းပြီ”

ထိုသို့သောအချိန်၌ အခြား အစောင့်တစ်ယောက်က အသည်းအသန် သတင်းပို့နေကြသည်။ ထိုအကြောင်းကို ယဲ့ဖန် တစ်စက်ကလေးမျှ မသိချေ။

သူ ခန်းမထဲသို့ ဝင်လိုက်သည်နှင့် ဆူညံသံများစွာကို ကြားလိုက်ရသည်။ များပြားလှသည့် ဂြိုဟ်သခင်များက သုံး၊လေးယောက်အတူစု၍ တစ်ဝိုင်းထိုင်ကာ သားရဲသွေးဝိုင်ကို သောက်သုံးကာ နတ်သူငယ်မလေးများကို ပွေ့ဖက်နေကြသည်။

အချင်းချင်း စကားပြောဆိုနေကြသဖြင့် ရယ်သံများက အချိန်ပြည့် ထွက်ပေါ်နေသည်။

ခန်းမ အလယ်ရှိ စင်မြင့်ထက်၌ အလွန် လှပသော မိန်းမလေးများက သီချင်းသီဆို၍ ကပြ ဖျော်ဖြေလျက် ရှိသည်။

ယဲ့ဖန်သည် အထဲဝင်လာပြီးသည်နှင့် အရက်ကောင်တာဘက်သို့ တန်း၍ လှမ်းလာခဲ့သည်။

“လူကြီးမင်း ခင်ဗျား ဘာကို သောက်သုံးချင်ပါသလဲ”

စားပွဲထိုးမလေးသည် လှပသော နတ်သူငယ်မလေးတစ်ယောက် ဖြစ်သည်။ နတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်းအဆင့်သာ ရှိသောသူက ခန်းမထဲသို့ ဝင်လာလိမ့်မည်ဟု မထင်ထားသဖြင့် သူမက ယဲ့ဖန်အား သိချင်စိတ်ဖြင့် ကြည့်နေလေသည်။

သူမစကားကြောင့် ယဲ့ဖန်က လက်ဖျောက်တီးရင်း ပြောလိုက်သည်။

“ငရဲသွေးတစ်ပုလင်း”

*ငရဲသွေး*

ထိုစကားသံ ထွက်လာပြီးနောက် အရက်ကောင်တာမှ စားပွဲထိုးမလေးသာမက ဘေးပတ်လည်မှ လူများပါ အံ့ဩသွားကြသည်။

အားလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။ နေရာတော်တော်များများက လူများက ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ဝိုင်းကြည့်လာကြသည်။

ဂလု!

ကောင်တာက နတ်သူငယ်မလေးက မနည်း တံတွေးမျိုချ၍ အားတောင့်အားနာနှင့် မေးလိုက်သည်။

“လူကြီးမင်း၊ ငရဲသွေးက စကြဝဠာထဲမှာ အပြင်းဆုံး အရက်ပါ၊ ရှင် … သေချာရဲ့လား”

စကြဝဠာထဲရှိ ဝိုင်များအား သားရဲသွေးဝိုင်နှင့် နတ်ဘုရား ဆေးဝိုင်ဟူ၍ ခွဲခြားထားသည်။ ထိုအထဲ၌ သားရဲသွေးဝိုင်သည် အပြင်းဆုံး ဖြစ်လေသည်။ သားရဲသွေးဝိုင်များထဲတွင် ငရဲသွေးဝိုင်သည် အပြင်းဆုံးဝိုင် ဖြစ်၏။

ဤဝိုင်အမျိုးအစားသည် တစ်ခွက်တည်းနှင့်တင် နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်အား သွေးပွက်ပွက်ဆူ၍ သေဆုံးသွားနိုင်စေသည်။

သူတော်စင်များသာ တစ်ခွက်သောက်နိုင်၏။

*အခု ဒီလူက တစ်ပုလင်း တောင်းနေတာလား*

*အရူး*

အားလုံး၏ အမြင်တွင် ယဲ့ဖန်သည် အရူးတစ်ယောက်သာ ဖြစ်သည်ဟု ထင်မှတ်နေကြသည်။

“မဟုတ်ဘူး”

ထိုစဉ် ယဲ့ဖန်က ဝိုင်ပုလင်းများ ထားရှိရာစင်သို့ လှမ်းကြည့်၍ တောက်ပနေသော မျက်လုံးများနှင့် ခေါင်းအသာခါလိုက်သည်။

*ဟမ်*

သူ့စကားကြောင့် လှပသော စားပွဲထိုးမလေး တစ်ဒင်္ဂမျှ မှင်တက်သွားသည်။

*မယူတော့ဘူးလား*

*လတ်စသက်တော့ ဒီလူက ဟိတ်ဟန်ထုတ်ချင်ယောင်ဆောင်နေတာပဲ*

ထိုသို့တွေးမိပြီးနောက် စားပွဲထိုးမလေးနှင့် ဘေးပတ်လည်မှ လူတိုင်းက ယဲ့ဖန်အား အထင်သေး စက်ဆုပ်သည့် အကြည့်မျိုးဖြင့် ကြည့်လာကြသည်။

ငရဲသွေးသည် ပြန်လည်ဖြန့်ဖြူးရခက်သည့် ဝိုင်အမျိုးအစား ဖြစ်သည်။ သူကဲ့သို့သော လူစားမျိုးက အထင်မြင်သေးစရာ ကောင်းလှသည်။

သို့သော် ယဲ့ဖန် ဆက်ပြောလိုက်သည့် စကားကြောင့် လူတိုင်း မှင်တက်သွားကြသည်။

“ငရဲသွေးဝိုင် တစ်ပုလင်းတည်း မဟုတ်ဘူး၊ နှစ်ပုလင်း ပြီးတော့ ကိုးမျိုးအဆိပ်ဝိုင်တစ်ပုလင်းပါ ထပ်ပေး”

*ဟာ*

ယဲ့ဖန်၏ စကားအဆုံး၌ ခန်းမထဲရှိ လူများအကြားတွင် ဆူညံပွက်လောရိုက်သွားလေသည်။

စကြဝဠာထဲရှိ စိတ်ဝိညာဉ် ဝိုင်အမျိုးအစား သုံးမျိုးထဲတွင် ငရဲသွေးဝိုင်သည် အဆင့်နှစ် အမျိုးအစား ဖြစ်ပြီး ကိုးမျိုးအဆိပ် သစ်သီးဝိုင်က အဆင့်သုံးအဆင့် ဝိုင်အမျိုးအစား ဖြစ်သည်။

ဤသည်ကို ဒီလူက ငရဲသွေးဝိုင်သာမက ကိုးမျိုးအဆိပ် သစ်သီးဝိုင်ကိုပါ ထပ်တောင်းနေသည်။

*ဒီ … ဒီလူက အရူးတောင် မဟုတ်ဘူး၊ ကိုယ့်သေတွင်း ကိုယ်တူးနေတဲ့ အကောင်ပဲ*

လူတိုင်း ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်နေကြသည်။ ကိုးမျိုးအဆိပ် သစ်သီးဝိုင်သည် ငရဲသွေးဝိုင်နှင့် မထူးမခြားနားပင် ဖြစ်ကာ တစ်ခွက်တည်းနှင့် နတ်ဧကရာဇ်အဆင့်ကို သေစေနိုင်သည်။

သာမန် သိုင်းပညာရှင်များအတွက်မူ ဤဝိုင်များသည် ဝိုင်ပြင်းများ မဟုတ်ဘဲ အဆိပ်ပြင်းသော အရက်များသာ ဖြစ်လေသည်။ သို့သော် ယခုအခါတွင် …

“ရူးနေပြီ၊ ဒီကောင်လေးက အသုံးအဖြုန်း ကြီးလွန်းတယ်၊ သူ ဘယ်လိုအဆုံးသတ်သွားမလဲ ငါ သိချင်မိတယ်”

“မြတ်စွာဘုရား ဒီလောက်ရူးတဲ့လူကို ငါ အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ၊ ဒီလူက ဒီမှာ သေတော့မှာလား”

“ကြည့်စမ်း၊ ဒီလူတော့ စိတ်ဝိညာဉ် ဝိုင်အမျိုးအစားနှစ်မျိုးကြောင့် မကြာခင် လောင်ကျွမ်းတော့မှာပဲ”

ဘေးပတ်လည်မှ သိုင်းပညာရှင်တိုင်းသည် ယဲ့ဖန်အား သနားဟန်ဖြင့် ကြည့်နေကြသည်။ လှပသော စားပွဲထိုး နတ်သူငယ်မလေးတောင်မှ မနေနိုင်ဘဲ သက်ပြင်းချမိကာ ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေကြသည်။

“စုစုပေါင်း … စကြဝဠာဒင်္ဂါး ၂၃၀,၀၀၀ ပါ”

လှပသော စားပွဲထိုး နတ်သူငယ်မလေးက တုန်ယင်နေသော လေသံဖြင့် ပြောလာသည်။ သူမစကားကြောင့် ယဲ့ဖန်က ခေါင်းညိတ်၍ စကြဝဠာဒင်္ဂါးများ အပြည့်ပါသော အိတ်တစ်အိတ်ကို ကောင်တာပေါ်သို့ ပစ်ပေးလိုက်သည်။

စကြဝဠာဒင်္ဂါးများကို တစ်ချက်ကြည့်၍ လှပသော စားပွဲထိုးမလေးက ကိုယ့်ကိုယ်ကိုယ် အားတင်း၍ ဝိုင်ထားရာစင်မှ ဝိုင်ပုလင်း သုံးပုလင်းကို ထုတ်ယူလိုက်သည်။

ထိုဝိုင်များမှာ ငရဲသွေးဝိုင် နှစ်ပုလင်းနှင့် ကိုးမျိုးအဆိပ် သစ်သီးဝိုင်ပင်။ ဝိုင်သည် တောက်ပ၍ နက်မှောင်နေ၏။

ထိုဝိုင်အမျိုးအစားနှစ်မျိုးသည် အလွန်ပြင်းသော ယမကာများဖြစ်ပြီး လူတိုင်း တစ်ချက် ကြည့်ရုံနှင့် တုန်ယင်သွားကြသည်။

ယဲ့ဖန်က အရေးမလုပ်ချေ။ သူသည် ထိုအချိန်၌ ဝိုင်ပုလင်းသုံးခုလုံးကို ဖွင့်၍ ကရားတစ်ခုကို ယူကာ သုံးပုလင်းကို လောင်းထည့်လိုက်သည်။

*ဟာ*

သူ၏အပြုအမူကြောင့် ခန်းမထဲမှ လူတိုင်း ထခုန်လုနီးပါး ဖြစ်သွားကြသည်။

*သုံးခုလုံးကို ရောလိုက်တာလား*

သိုင်းပညာရှင်တိုင်း ခေါင်းခြောက်လာကြသည်။ လူတိုင်းက မယုံနိုင်သော အကြည့်များဖြင့် ယဲ့ဖန်အား ဝိုင်းကြည့်လာကြသည်။

“ဒီလူက ဝိုင်တွေကို အတူရောပြီး စကြဝဠာထဲက အပြင်းဆုံး ဟုန်ယန်ဝိုင်ကို ဖန်တီးချင်နေတာလား”

“ဟုတ်သားပဲ၊ ငရဲသွေးဝိုင် နှစ်ပုလင်းနဲ့ ကိုးမျိုးအဆိပ် သစ်သီးဝိုင်၊ ဒါတွေက ဟုန်ယန်ဝိုင်ရဲ့ အဓိက ပါဝင်ပစ္စည်းတွေပဲ၊ ဒီအရူးကတော့ …”

“…”

ဟုန်ယန်ဝိုင်၊ ဤဝိုင်သည် အမည်လှသော်လည်း လူတိုင်း ကြက်သီးထသည့် အမည် ဖြစ်သည်။ ထိုဝိုင်သည် စကြဝဠာထဲ၌ နံပါတ်တစ် ဖြစ်သည်။ ၎င်းအား “ဘုရင့်ဝိုင်” ဟုလည်း လူသိများသည်။

နတ်ဘုရားဘုရင်၊ နတ်ဆိုးဘုရင်၊ မကောင်းဆိုးဝါးဘုရင်နှင့် အင်မော်တယ် ဘုရင်အောက်မှ ရှိသောသူတိုင်း သောက်မိပါက မည်သူမျှ မကယ်နိုင်ချေ။

ဤထိပ်သီး စိတ်ဝိညာဉ်ဝိုင်သည် နှစ်ထောင်ချီ၍ တည်ရှိခဲ့ခြင်းဖြစ်သည်။ ဤဝိုင်ကို မည်သူ တီထွင်ခဲ့သလဲဆိုတာကိုလည်း ဘယ်သူမှ မသိကြချေ။

ထိုစဉ် ကြည်လင်နေသော ကရားထဲမှ ဝိုင်များသည် ကြည့်နေရင်းနှင့် တဖြည်းဖြည်း အရောင်ပြောင်းလာပြီး ရဲရဲနီသော သွေးဝိုင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

သိုင်းပညာရှင်တိုင်း ကြက်သီးထသလို ခံစားလာရသည်။

ဤစိတ်ဝိညာဉ် ဝိုင်ကြောင့် ဘေးပတ်လည်မှ လူများစွာသည် အသက်ရှူနှုန်း ပြင်းထန်လာပြီး နီရဲနေသော ဝိုင်ကိုကြည့်ကာ မူးဝေလာသလို ခံစားလာရသည်။

ထိုစဉ် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ယဲ့ဖန်က တစ်ခွက်ငှဲ့ထည့်၍ သောက်လိုက်လေသည်။

Chapter 521 ဖီးနစ် ကချေသည် နတ်သမီး

“အေ့”

ယဲ့ဖန်က နီရဲနေသော ဝိုင်တစ်ခွက်ကို သောက်လိုက်ချိန်တွင် ခန်းမတစ်ခုလုံး အေးစက် သွားလေသည်။ သိုင်းပညာရှင်တိုင်း၏ မျက်နှာထက်၌ ကြောက်လန့်၍ မယုံနိုင်ဟန်များနှင့် ပြည့်နှက်နေသည်။

“တစ် … တစ်ကျိုက်တည်း သောက်ပစ်လိုက်တာလား၊ ဒီကောင်က အရက်သမားများလား”

သိုင်းပညာရှင်များအားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။ ဟုန်ယန်ဝိုင်သည် အလွန် ယစ်မူးစေနိုင်သည်ကို လူတိုင်း သိထားကြသည်။ အနံ့လေး ရရုံနှင့်တင် သွေးဆူလာစေနိုင်သည်။

တစ်စက်သောက်မိရုံနှင့်တင် နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်တစ်ယောက်သည် သွေးများ လောင်ကျွမ်းလာပေလိမ့်မည်။

တစ်ကြိမ်တည်းနှင့် တစ်ခွက်လုံး မော့သောက်ရန်ကား သူတော်စင်အဆင့် သိုင်းပညာရှင် အတွက်ပင် ခက်ခဲလေ၏။သို့သော် ယခုအခါတွင် ….

*သွားပြီ*

အားလုံးနီးပါး၏ စိတ်ထဲတွင် ယဲ့ဖန်အား သေတော့မည်ဟု ထင်နေကြသည်။ လူတိုင်းသည် ယဲ့ဖန်၏ သွေးလောင်ကျွမ်းမှုကြောင့် အော်ဟစ်သံကို ကြားရတော့မည်ဟု ထင်မှတ်ကာ မျက်ခုံးလှုပ်နေကြသည်။

တစ်စက္ကန့်၊ ငါးစက္ကန့်၊ ဆယ်စက္ကန့်။

ထူးဆန်းသည်ကား ဆယ်စက္ကန့်ကျော်သွားသော်လည်း ယဲ့ဖန်က ဘာမှမဖြစ်ချေ။ ထိုသည်သာ မကသေးချေ။ ယဲ့ဖန်က သူ့အိတ်ထဲမှ ကမ္ဘာမြေပေါ်က စီးကရက်တစ်ဘူးကို ထုတ်ယူကာ မီးညှိ၍ အေးအေးလူလူ ဆေးလိပ်သောက်နေသေးသည်။

ဤစီးကရက်သည် ကမ္ဘာမြေပေါ်၌ နောက်ဆုံးပေါ် စီးကရက် အမျိုးအစားဖြစ်သည်။ စိတ်ဝိညာဉ် ဆေးပင်မှ ဖန်တီးပြုလုပ်ထားသောကြောင့် သိုင်းပညာရှင်အား စိတ်ဝိညာဉ်ကို တက်ကြွ လာစေရန် အထောက်အပံ့ ပေးသောကြောင့် ကမ္ဘာမြေပေါ်ရှိ သိုင်းပညာရှင်အားလုံး၏ သည်းခြေကြိုက် ပစ္စည်း ဖြစ်လေသည်။

ဆေးလိပ်ငွေ့များကြားမှ ယဲ့ဖန်၏ မျက်နှာသည် အနည်းငယ် အထီးကျန်၍ ဝမ်းနည်းဟန် ပေါ်နေသည်။

မည်သူမျှ မသိသည့်အချက်မှာ ဤဟုန်ယန်ဝိုင်အား သူကိုယ်တိုင် တီထွင်ခဲ့ခြင်းဖြစ်သည် ဟူသည့်အချက်ပင်။ သူသည် တစ်ယောက်သောသူအတွက် တီထွင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုသူသည်ကား ဟွမ်အင်ပင် ဖြစ်လေတော့သည်။ ဤဟုန်ယန်ဝိုင်သည် သူနှင့် သူမတို့ အနှစ်သက်ဆုံး ဝိုင်ပင် ဖြစ်လေသည်။

“ဒီဟုန်ယန်ဝိုင်တစ်ခွက်ထဲမှာ ငါ့နှလုံးသား နစ်မြုပ်နေခဲ့တယ်၊ ကောင်မလေး မင်းတော့ လွတ်လပ်နေပြီ ထင်တယ်”

ယဲ့ဖန်သည် ဒုတိယတစ်ခွက်ကို ကောက်ယူ၍ ပန်းပွင့်လေးကဲ့သို့ ပြုံးရယ်နေသည့် မိန်းကလေး တစ်ယောက်ကို မြင်နေရသကဲ့သို့ ငေးမောနေလေသည်။

ထို့နောက် သူ အကုန်သောက်ချလိုက်သည်။ သူသည် ဝိုင်ကို သောက်နေခြင်း မဟုတ်ဘဲ ဝမ်းနည်းခြင်းနှင့် ပူဆွေးတမ်းတခြင်းများကို သောက်သုံးနေဟန် တူနေသည်။ အသွေးအသားထဲမှ ဖြစ်တည်လာသော ချစ်ခြင်းမေတ္တာကို တမ်းတနေပုံရသည်။

*ဟမ်*

ဒုတိယတစ်ခွက် ကောက်သောက်လိုက်သောအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ သိုင်းပညာရှင်တိုင်းသည် သရဲသဘက်ကို ကြည့်နေသကဲ့သို့ ယဲ့ဖန်အား ကြည့်နေကြသည်။

*ကြမ်းလိုက်တဲ့လူ*

ဝိုင်ကို အေးအေးလူလူ သောက်နိုင်သည့် ကြမ်းကြုတ်သော လူတစ်ယောက်နှင့် ကြုံနေရမှန်း သူတို့ သိသွားကြသည်။ နှစ်ခွက်သောက်ရုံနှင့်တင် အတော်လေး မူးနေနိုင်ပြီ ဖြစ်သည်။

ထိုအချိန်၌ ခန်းမထဲရှိ အလွန် လေးလံ၍ ပြင်းထန်နေ၏။

ဒေါက်! ဒေါက်! ဒေါက်!

ထိုအချိန်၌ ခြေသံများ ထွက်ပေါ်လာပြီး နတ်မိမယ် ခုန်လင်နှင့် အစေခံတို့က ဖြည်းဖြည်းချင်း လှမ်းလာနေသည်။ သို့သော် သူတို့ ရောက်လာသည်နှင့် မသိမသာ အံ့ဩသွားကြသည်။

ခန်းမအတွင်းမှ လေထုသည် အနည်းငယ် ထူးဆန်းနေပြီး လူတိုင်းက အရက်ကောင်တာရှိ ယဲ့ဖန်ကို မရည်ရွယ်ဘဲ ဝိုင်းကြည့်နေကြသည်ကို သူတို့ သတိထားမိသွားသည်။

*ဟင်*

ဤမြင်ကွင်းက နတ်မိမယ် ခုန်လင်အား မှင်တက်သွားစေခဲ့သည်။ သူမသည် အရက်နှင့် ပတ်သက်၍ ဘာမှမသိသောကြောင့် အဘယ်ကြောင့် အားလုံးက ယဲ့ဖန်ကို ဝိုင်းကြည့်နေကြသလဲ ဆိုတာကို မသိပေ။ သူမဘေးမှ အစေခံက အထင်သေးဟန်ဖြင့် ပြောလာသည်။

“နတ်မိမယ်၊ ကြည့်ရတာ ခြေသလုံးအိမ်တိုင် သိုင်းသမားက နတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်း အဆင့်ပဲ ရှိတာကို ခန့်မှန်းမိလို့ ခန်းမတစ်ခုလုံးက လူအားလုံးက သူ့ကို မကောင်းဆိုးဝါးလို ကြည့်နေတာ ဖြစ်မယ်”

သူမ၏ ရှင်းပြသော စကားကြောင့် နတ်မိမယ် ခုန်လင်က ခေါင်းညိတ်လိုက်သည်။ သူမ ထိုအကြောင်းကို ချက်ချင်း အဖတ်မလုပ်တော့ဘဲ ထိုင်စရာ နေရာရှာလိုက်ပြီး အကြိုက်ဆုံး သားကောင်ကို ရှာဖွေသကဲ့သို့ ဘေးဘီကို ဝေ့ကြည့်နေသည်။

တဖြည်းဖြည်းနှင့် လူတိုင်းက ယဲ့ဖန်အား အရက်ဂျိုးသမားဟု လက်ခံလာကြသည်။ လူများစွာတို့က တစ်ဖန် ပြန်လည် စားသောက်၍ စကားစမြည် ပြောနေကြသည်။

သိုင်းပညာရှင် တစ်ယောက်က ယနေ့ခေတ် စကြဝဠာထဲ၌ နာမည်အကြီးဆုံး ပါရမီရှင် တစ်ယောက် အကြောင်း ပြောလာသည်။ ထို့အတူ သိုင်းပညာရှင်အားလုံးက ဝံပုလွေလေး ဟူသည့် လူတစ်ယောက်အကြောင်းသာ ပြောဆိုနေကြသည်။

“ငါ ပြောဦးမယ်၊ ဝံပုလွေလေးကို ငါ့မျက်လုံးနဲ့ သေချာမြင်လိုက်ရတာကွ၊ သူက သူတော်စင် အလယ်အလတ်အဆင့် လူမိုက်တစ်ယောက်ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာကွ၊ သူ့ခွန်အားက ကြောက်ဖို့ကောင်းတယ်ကွ”

“အဲ့ဒီ ဝံပုလွေလေးက ကစားပွဲကနေ ထွက်လာပြီးတော့ ကပ်ဆိုးဂြိုဟ်ရဲ့ သူတော်စင် အကြီးအကဲ ဆယ်ယောက်ကို ရှုံးခဲ့တယ်လို့ ငါ ကြားခဲ့ရတယ်”

“အင်း … စကြဝဠာရဲ့ ငွေကြယ်ပွင့်ပဲ ထင်တယ်၊ ကြည့်ရတာ စကြဝဠာထဲမှာ နောက်ထပ် ပြိုင်ဘက်ကင်း နတ်ဆိုးတစ်ကောင် ပေါ်လာဦးမယ် ထင်တယ်”

“…”

ဧည့်သည်များအားလုံးက ဝံပုလွေလေးကို ချီးကျူး၍ အားကျနေကြသည်။ ထိုစကားများကို ကြားပြီးနောက် နတ်မိမယ် ခုန်လင်၏ မျက်လုံးသည် အရောင်တောက်လာလေသည်။

“ဝံပုလွေလေးတဲ့လား၊ ငါသာ ဒီလောက်မိုက်တဲ့သူကိုသာ ဖက်တွယ်ထားနိုင်မယ်ဆိုရင် အားလုံး အဆင်ပြေပြီပဲ”

နတ်မိမယ် ခုန်လင်က ထိုသို့ရေရွတ်ရင်း မရည်ရွယ်ဘဲ ယဲ့ဖန်ထံသို့ လှမ်းကြည့်လိုက်မိသည်။ ချက်ချင်းဆိုသလိုပင် သူမမျက်နှာထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

“အမြင်မရှိခဲ့တဲ့အတွက် ငါ့ကိုယ်ငါ အပြစ်တင်မိတယ်၊ ပြီးတော့ ခြေသလုံးအိမ်တိုင် သိုင်းသမားကို ထိပ်သီးမင်းသားတစ်ပါးလို့ ငါ အထင်မှားခဲ့မိတယ်။ ဒါကိုသာ လူတိုင်း သိသွားရင် အရှက်ရစရာပဲ”

နတ်မိမယ်ခုန်လင်သည် ယဲ့ဖန်အား အလွန်အမင်း ပျက်ရယ်ပြုလိုက်မိသည်။ သူမစိတ်ထဲတွင် နတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်းအဆင့်သာ ရှိသည့် ခြေသလုံးအိမ်တိုင် သိုင်းသမားသည် ကပ်ဆိုးဂြိုဟ်တွင် အားအနည်းဆုံးသူ ဖြစ်သည်ဟု မှတ်ထင်ထားသည်။

ယဲ့ဖန်ထက် အဆပေါင်းများစွာ သန်မာသည့် နတ်ဧကရာဇ် တစ်ပိုင်းအဆင့်တောင်မှ ခန်းမ၏အစောင့်အဖြစ် စောင့်ကြပ်နေကြသည် မဟုတ်ပါတကား။

ဖြောင်း! ဖြောင်း! ဖြောင်း!

ခန်းမ၏ စင်မြင့်ထက်သို့ အစီအစဉ် တင်ဆက်သူ တစ်ယောက် တက်လာပြီး လက်ခုပ်တီး၍ အားလုံးအား အပြုံးနှင့် စကားဆိုလိုက်သည်။

“အားလုံးပဲ တိတ်တိတ်နေပေးကြပါ၊ ကျွန်တော့်မှာ အားလုံးကို သတင်းကောင်းလေး တစ်ခု ကြေညာစရာ ရှိပါတယ်”

*ဟင်*

ဤသည်က အားလုံးအား မှင်တက်သွားစေသည်။ အစီအစဉ် တင်ဆက်သူ၏ စကားကြောင့် အားလုံး အလွန် တက်ကြွလာလေသည်။

“လူကြီးမင်းတို့ ကျွန်တော်တို့ ကံကောင်းစွာနဲ့ပဲ မိုးကောင်းကင်ရဲ့ ထိပ်တန်း အလှပိုင်ရှင် ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဖီးနစ် ကချေသည် နတ်သမီးကို ဖိတ်ခေါ်နိုင်ခဲ့ပါတယ်”

“သူမက အားလုံးကို အမှောင်ထဲက ချစ်ရသူဆိုတဲ့ သီချင်းနဲ့ ဖျော်ဖြေပါလိမ့်မယ်”

အစီအစဉ် တင်ဆက်သူ၏ စကားအဆုံး၌ ခန်းမတစ်ခုလုံး ပေါက်ကွဲမတတ် ဆူညံသွားလေသည်။

မိုးကောင်းကင်ရဲ့ ထိပ်တန်း အလှပိုင်ရှင် ဆယ်ယောက်လုံးသည် အလွန် လှပသောကြောင့် ငန်းသား စားချင်သော ဖားများစွာ ရှိကြလေသည်။

မရေတွက်နိုင်သော သိုင်းပညာရှင် နတ်မိမယ်များသည် တစ်ကိုယ်သမားများ ဖြစ်ကြသည်။ အထူးသဖြင့် ဖီးနစ် ကချေသည် နတ်သမီးပင်။ သူမသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက တင်းယန်သစ်သီးကို စားသုံးခဲ့သောကြောင့် ထာဝရ အင်မော်တယ် ဖြစ်လာခဲ့သည်။

နဂါးနက် ခန်းမ၌ ဖီးနစ်ကချေသည် နတ်သမီးပေါ်လာလိမ့်မည်ဟု အားလုံး ထင်မထားမိချေ၊ အထူးသဖြင့် အမှောင်ထဲက ချစ်ရသူကို ဖျော်ဖြေလိမ့်မည်ဟုလည်း ထင်မထားမိပေ။

ဤသည်က သိုင်းပညာရှင်အားလုံးအား ရူးမတတ် ဖြစ်သွားစေသည်။

“မြတ်စွာဘုရား၊ အမှောင်ထဲက ချစ်ရသူတဲ့လား၊ ဒါက ဖီးနစ် ကချေသည် နတ်သမီးရဲ့ နာမည်ကြီး သီချင်းပဲ။ အဲဒါက နတ်ဆိုးဧကရာဇ်အတွက် ကခုန်တဲ့ သီချင်းလို့ ပြောကြတယ်”

“လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဖီးနစ်နတ်သမီး စပေါ်လာချိန်က ဂြိုဟ်တွေကို ခရီးဆက်နေတဲ့ နတ်ဆိုးဧကရာဇ်နဲ့ ဆုံဖူးခဲ့တယ်လို့ ငါလည်း သိထားတယ်။ ဖီးနစ် နတ်သမီးက နတ်ဆိုးဧကရာဇ်ကို မြင်မြင်ချင်း ချစ်မိသွားပင်မယ့် နတ်ဆိုးဧကရာဇ်မှာ ဆိုင်သူ ရှိပြီးသား ဖြစ်နေတာလေ”

“အရူးအမူး စွဲလမ်းတာက ဆိုးဝါးတယ်ကွ၊ အဲ့ဒီအချိန်တုန်းက ဖီးနစ် ကချေသည် နတ်သမီးက နတ်ဆိုး ဧကရာဇ်နဲ့ တွေ့ခွင့်ရရုံလေးအတွက် နတ်ဆိုးဂြိုဟ်မှာ ခုနစ်ရက်နဲ့ ခုနစ်ညတိတိ စောင့်ဆိုင်းဖူးတယ်လို့ ပြောကြသေးတယ်”

“အင်း ... စိတ်မကောင်းစရာက အခု နတ်ဆိုးဧကရာဇ်က သေဆုံးသွားပြီးတော့ ဖီးနစ် ကချေသည် နတ်သမီးက အတိတ်ကို ကကွက်လေးနဲ့ပဲ အမှတ်ရနိုင်တော့တယ်”

“...”

ထိုအချိန်၌ ဘေးပတ်လည်မှ သိုင်းပညာရှင်များက ဆွေးနွေးနေကြလေသည်။ ထိုအခါ ယဲ့ဖန်၏ ခန္ဓာကိုယ်က မသိမသာ တုန်ယင်သွားသည်။

“ဖုန့်ဝူများလား”

သူ မချိပြုံး ပြုံးလိုက်မိသည်။ ထိုအချိန်က သူသည် အလွန် အင်အားတောင့်တင်း၍ ကျော်စောခဲ့ပြီး မရေတွက်နိုင်သော ဂြိုဟ်များမှ နတ်မိမယ်များ၏ လေးစားချစ်ခင်ခြင်းကို ခံခဲ့ရသည်။ ထိုနတ်သမီးများထဲတွင် ဖုန့်ဝူလည်း ပါဝင်လေသည်။

ထိုအချိန်က သူမသည် မိန်းမငယ်လေးတစ်ယောက်သာ ဖြစ်ပြီး ချစ်သူကို မျှော်လင့်နေသည့် ဖီးနစ်မလေးသာ ဖြစ်သည်။

ထိုစဉ် အားလုံးက စင်မြင့်အလယ်သို့ ဝိုင်းကြည့်လာကြသည်။ အားလုံး၏ အကြည့်အောက်၌ မီးကဲ့သို့ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် နတ်သမီးလေးတစ်ပါး ဆင်းသက်လာသည်။

သူမ၏ လှပသော ပုံရိပ်လေးက အလွန် မယုံနိုင်စရာ ကောင်းလှသည်။ ခန္ဓာကိုယ်တစ်ခုလုံးအား မီးတောက်များက ဝန်းရံထားသည်။

မီးထဲက သူတော်စင်မလေးဟုတောင် ထင်မှတ်ရပြီး အားလုံး၏ ရင်အား လောင်မြိုက် သွားစေသည်။

သူမ ဆင်းသက်လာသည်နှင့် လှပသော မျက်နှာလေးက အားလုံး၏ မျက်စိရှေ့သို့ ပေါ်ထွက်လာသည်။ အမျိုးသားတိုင်း ရင်ထဲ၌ အလွန်အမင်း တုန်လှုပ်၍ သွေးများ ပွက်ပွက်ဆူကာ နှလုံးခုန်မြန်လာသလို ခံစားလာရသည်။

သူမသည် လှပလွန်းပြီး စိတ်ဝိညာဉ်ကိုပင် ဖမ်းစားနိုင်လောက်သည်။ ဆွဲမက်စရာ ကောင်းလှပေသည်။ ခန်းမထဲရှိ အခြားသော နတ်မိမယ်များတောင်မှ အရှက်ရသလို ခံစားမိပြီး အားလုံး ခေါင်းငုံ့သွားကြသည်။

ဖီးနစ် နတ်သမီးရှေ့၌ သူတို့သည် ရုပ်ဆိုးသော ဘဲများကဲ့သို့ ခံစားမိပြီး မော်မကြည့်ဝံ့ကြချေ။

Chapter 522 အမှောင်ထဲက ချစ်ရသူသီချင်းနဲ့ ကျွန်မ ရှင့်ကို ဆုတောင်းပေးပါတယ်

“လှ ... လှလိုက်တာ”

ထိုသို့သောအချိန်၌ နတ်မိမယ် ခုန်လင်သည် ဖီးနစ် ကချေသည် နတ်သမီးအား လှမ်းကြည့်နေမိသည်။

သူမသည် အမျိုးသမီးတစ်ယောက် ဖြစ်နေတာတောင်မှ သူမ နှလုံးခုန်မြန်နေသည်ကို သူမ ခံစားမိနေသေးသည်။

သူမရှေ့တွင် နတ်မိမယ်ခုန်လင်သည် ကိုယ့်ကိုယ်ကိုယ် အလွန် ရုပ်ဆိုး၍ မခံမရပ်နိုင် ဖြစ်လွန်းသည်ဟု ထင်မိရသည်။

“အင်း ... ဒီလောက်လှတဲ့ နတ်မိမယ်လေးရဲ့ မလျှော့တမ်း ချစ်တာကို ခံရတယ်ဆိုတော့ အဲ့အချိန်တုန်းက နတ်ဆိုး ဧကရာဇ်ရဲ့ ဆွဲဆောင်မှုက မတွေးနိုင်လောက်စရာပဲ”

နတ်မိမယ် ခုန်လင်က ခေါင်းခါလိုက်သည်။ ယခုအချိန်၌ သူမတွင် ဖီးနစ် ကချေသည် နတ်သမီးကို ကြည့်ရဲသည့် သတ္တိမရှိပါ။

“ဖီးနစ် နတ်သမီး”

“ဖီးနစ် နတ်သမီး”

“...”

ထိုစဉ် ခန်းမတစ်ခုလုံး ဆူညံပွက်လောရိုက်နေသည်။ သိုင်းပညာရှင်များသည် စင်မြင့်ထက်မှ အလှမယ်ကို မော့ကြည့်ရင်း စိတ်လှုပ်ရှားမှုကြောင့် မျက်နှာက နီမြန်းလာသည်။

အားလုံး၏ ရီဝေနေသော အကြည့်အောက်၌ ဝမ်းနည်းဖွယ် သီချင်းသံက ဖြည်းဖြည်းချင်း ပျံ့လွင့်လာလေသည်။

ထို့အတူ ဖီးနစ် ကချေသည် နတ်သမီးက သီချင်းသံနှင့်အတူ ကခုန်လာသည်။ သူမ၏ စွဲမက်ဖွယ်ကောင်းသော ပုံရိပ်က မီးနတ်သမီးကဲ့သို့ တအိအိလှုပ်ယမ်းလာကာ အံ့ဩဖွယ် ကောင်းသော အကများကို ကပြလေသည်။

အားလုံး၏ မျက်လုံးများသည် ဖီးနစ် ကချေသည် နတ်သမီး၏ ကကွက်များကို တစ်စက်လေးမျှ မလွတ်လိုဟန်ဖြင့် စူးစူးစိုက်စိုက် ကြည့်နေကြသည်။

ကကွက်များအတိုင်း လူတိုင်း၏ နှလုံးခုန်သံက နိမ့်ချည်မြင့်ချည် ဖြစ်နေပုံရသည်။ ဤအကသည် နာကျင်၍ တစ်ဖက်သတ် ခံစားနေရသော အမျိုးသမီးတစ်ယောက်၏ ဘဝဇာတ်လမ်းကို ဖော်ပြနေသည်။

သူမသည် အမှောင်ထဲ ရောက်နေပုံရပြီး သူမချစ်ရသူအား နှစ်ပေါင်းများစွာ စောင့်မျှော်နေပုံရသည်။ ထိုသူက တစ်ချက်လေး ငဲ့ကြည့်သည်ကို စောင့်ဆိုင်းသည်ကို စောင့်နေမိသည်။ ထိုသူ နောက်ပြန်လှည့်လာသည်ကို စောင့်မျှော်နေသည်။

ဖီးနစ် ကချေသည် နတ်သမီး၏ လှပသော မျက်ဝန်းမှ မျက်ရည်များ စီးကျလာသည်။ မျက်ရည်များက မီးရောင်ကဲ့သို့ တောက်ပ၍ အမှောင်ညထဲ၌ လင်းလက်လာသည်။

ဤတစ်ဖက်သတ် အချစ်၊ ဤစွဲလမ်းနေသော စောင့်ဆိုင်းမှုက ပို၍လှပသလို ပို၍ ကြေကွဲ ရစေသည်။ ညတာ၌ ကခုန်ရင်း ချစ်ရသူကို ရူးသွပ်စွာ စောင့်မျှော်နေရှာသည်။

ယခုအချိန်၌ ထိုတစ်ဖတ်သတ် အချစ်ကြောင့် လူတိုင်း၏ နှလုံးသားသည် အရည်ပျော်ကျ လာသည်ဟု ခံစားမိလာသည်။

သိုင်းပညာရှင်တိုင်း မျက်ရည်ကျလာကြသည်။ စကြဝဠာတစ်ခွင် လှည့်လည်နေကြသော သိုင်းပညာရှင်များ ဖြစ်သည့်အလျောက် သူတို့သည် မျက်ရည်ဆိုတာ ဘာလဲဟု မေးရလောက် သည်အထိ မေ့လျော့နေခဲ့ကြသည်။

သို့သော် ယခုအခါတွင် ဖီးနစ်နတ်သမီး၏ ရူးသွပ်မှုနှင့် စွဲလမ်းမှုကြောင့် အားလုံး မျက်ရည်ကျလာသည်။

ထိုစဉ် ကကွက်က ရပ်တန့်သွားလေသည်။ ခန်းမတစ်ခုလုံး တိတ်ကျသွား၏။

သိုင်းပညာရှင်များသည် တစ်ဖက်သတ်အချစ်၏ ဝမ်းနည်းဖွယ်ရာ အဖြစ်၌ နစ်မျောနေပြီး အချိန်အတော်ကြာသည်အထိ အတွေးထဲမှ ရုန်းမထွက်နိုင်ချေ။

လူအုပ်ကြီးသည် အတော်ကြာမှ သတိဝင်လာပြီး လက်ခုပ်တီးကြလေသည်။ ခန်းမတစ်ခုလုံး၌ ဝမ်းသာအားရ လက်ခုပ်တီးသံများနှင့် ပြည့်နှက်နေသည်။

ဇီဇာကြောင်တတ်သော နတ်မိမယ် ခုန်လင်ပင် မျက်ရည်မကျဘဲ မနေနိုင် ဖြစ်နေရသည်။

“အင်း ... သိပ်ခံစားဖို့ ကောင်းတာပဲ၊ ဖီးနစ် ကချေသည် နတ်သမီးက နတ်ဆိုး ဧကရာဇ်ကို နှစ်ပေါင်းများစွာကို စောင့်မျှော်နေတာကို ငါ မြင်နေရသလိုပဲ၊ နတ်ဆိုးဧကရာဇ် ကျဆုံးသွားတဲ့အထိ စောင့်နေခဲ့ပြီးတော့ ဘာမှလည်း ပြန်မရခဲ့ပါလား”

နတ်မိမယ် ခုန်လင်သည် မျက်ရည်များကို သုတ်ကာ အချိန်အတော်ကြာသည်အထိ စိတ်မတည်ငြိမ်သေးပေ။

ထိုသို့သောအချိန်၌ ဖီးနစ် ကချေသည် နတ်သမီးသည် သူမ၏ စံပြပုဂ္ဂိုလ် ဖြစ်လာလေသည်။

စင်မြင့်ပေါ်၌ ဖီးနစ် ကချေသည် နတ်သမီးသည် လက်ခုပ်သံများကို ဤလက်ခုပ်သံများကို ကြုံတွေ့နေကြ ဖြစ်ဟန်တူသည်။ သူမ ကိုယ်ကိုရို့၍ နောက်ဆုတ်က ထွက်သွားဟန် ပြုလိုက်သည်။

ထိုအချိန်၌ သူမ၏ အကြည့်က ကောင်တာ တစ်နေရာသို့ အကြည့်ရောက်သွားသောအခါ ချက်ချင်း တောင့်ခနဲ ဖြစ်သွားရသည်။

“သူ …”

ဖီးနစ် ကချေသည် နတ်သမီးသည် အနက်ရောင်ဝတ်စုံနှင့်လူကို ကြည့်နေမိသည်။ ထိုလူ၏ ပုံပန်းသဏ္ဌာန်သည် အလွန် ရင်းနှီးလွန်းနေသောကြောင့် သူမ ထိတ်လန့်သွားရသည်။ ထိုသူသည် သူမ နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့ရသည့်သူနှင့် တူနေသောကြောင့် သူမ အံ့ဩတုန်ယင်သွားကြသည်။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ …”

ဖီးနစ် ကချေသည် နတ်သမီးသည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်နေကြသည်။

ယဲ့ဖန် သူမဘက် ဖြည်းဖြည်းချင်း လှည့်လာပြီး ထူးဆန်းသော မျက်နှာတစ်ခုကို မြင်လိုက်ရသောအခါမှ ဖီးနစ် ကချေသည် နတ်သမီး၏ လှပသော မျက်ဝန်း၌ စိတ်ပျက်သွားဟန်များ ဖြစ်ပေါ်လာသည်။

“သူ မဟုတ်ဘူးပဲ၊ အဲ့လိုပဲ ဖြစ်နိုင်မှာပါလေ …”

ဖီးနစ် ကချေသည် နတ်သမီး မချိပြုံး ပြုံးလိုက်မိသည်။ သို့သော် စားပွဲပေါ်မှ ရဲရဲနီနေသော သွေးဝိုင်ကို မြင်ပြီး ထိုအပြုံးက အေးခဲသွားလေသည်။

“ဒါက …”

ဖီးနစ် ကချေသည် နတ်သမီး ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူမ စင်မြင်ြပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာသည်။

ဤမြင်ကွင်းကြောင့် ခန်းမတစ်ခုလုံး ပွက်လောရိုက်သွားသည်။

*သူ အောက်ဆင်းလာတယ်*

ခပ်တန်းတန်းနေ၍ တသီးတခြား နေတတ်သော ဖီးနစ် ကချေသည် နတ်သမီးဟု ခေါ်ဆိုကြသည့် နတ်မိမယ် ဖုန့်ဝူက စင်အောက်သို့ ဆင်းလာလိမ့်မည်ဟု အားလုံး ထင်မထားမိကြချေ။

ဒုတ် ဒုတ် ဒုတ်!

ထိုအချိန်၌ လူတိုင်းသည် မိမိ၏ ပြင်းထန်သော ရင်ခုန်သံကို ကြားနေရသည်ဟု ခံစားမိနေသည်။ အမျိုးသားတိုင်းသည် မိမိနှလုံးသားက အပြင်သို့ အချိန်မရွေး ခုန်ထွက်လာလေမလားဟု ထင်မှတ်နေကြသည်။

“မြတ်စွာဘုရား၊ ဖီးနစ် ကချေသည် နတ်သမီးက ငါ့ဆီကို လာနေတယ်၊ သူ … သူ ငါ့အတွက် လာတာလား၊ စိတ်လှုပ်ရှားလိုက်တာကွာ”

“ီးပဲ၊ ငါက မင်းထက် ပိုချောတာ အသိသာကြီးပဲကို၊ နတ်သမီးလေးက ငါ့ဆီ လာတာပဲ ဖြစ်ရမယ်”

“…”

ထိုသို့သောအချိန်၌ သိုင်းပညာတိုင်းသည် မျက်နှာနှင့် နားရွက်များ နီရဲ၍ သူတို့ သိက္ခာမကျစေရန် ဣန္ဒြေဆယ်နေကြသည်။ နတ်မိမယ် ခုန်လင်တောင်မှ တအံ့တဩနှင့် ပါးစပ်ကို လက်ဖြင့် အုပ်ထားမိသည်။

“နတ်မိမယ် ဖုန့်ဝူ အောက်ဆင်းလာရအောင် လုပ်နိုင်ခဲ့တဲ့ ကံကောင်းလွန်းတဲ့သူက ဘယ်သူလဲ ငါ မသိဘူး”

နတ်မိမယ် ခုန်လင်က ဖီးနစ် ကချေသည် နတ်သမီးကို ငေးကြည့်နေမိသည်။ သို့သော် ဖီးနစ် ကချေသည် နတ်သမီး ချဉ်းကပ်သွားသော လူကို မြင်လိုက်ရချိန်တွင် နတ်မိမယ် ခုန်လင် မျက်လုံး ပြူးသွားလေသည်။

“အဲ့ဒါ … ဟို ခြေသလုံး အိမ်တိုင် သိုင်းသမားပါလား”

နတ်မိမယ် ခုန်လင် ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။ ခန်းမ တစ်ခုလုံး၌ နတ်ဧကရာဇ် အဆင့်များစွာ ရှိသလို သူတော်စင်အဆင့်များစွာလည်း ရှိနေကြသည်။

သို့သော် ဖီးနစ် ကချေသည် နတ်သမီးက နတ်ဘုရား ဂိုဏ်းချုပ် တစ်ပိုင်းအဆင့်သာ ရှိသော ခြေသလုံးအိမ်တိုင် သိုင်းသမားရှေ့၌ ရပ်လိုက်သောကြောင့် နတ်မိမယ် ခုန်လင် အိပ်မက်မက် နေသည်ဟု ထင်မိသွားသည်။

ထိုမျှနှင့် မပြီးသေးချေ။ အားလုံး၏ မနာလို အားကျနေသော အကြည့်အောက်၌ ဖီးနစ် ကချေသည် နတ်သမီးက ယဲ့ဖန်ကို ပြုံးပြလေသည်။

“လူကြီးမင်း ကျွန်မ ဒီမှာ ထိုင်လို့ရမလား”

*တကယ်ကြီးလား*

*ဖီးနစ် ကချေသည် နတ်သမီးက ဒီလူအတွက် တကယ် အောက်ကိုဆင်းလာတာလား*

ထိုသို့သောအချိန်၌ ခန်းမတစ်ခုလုံး တစ်ဖန် ပြန်၍ ဆူညံလာပြန်သည်။ ဖီးနစ် ကချေသည် နတ်သမီးက နတ်ဘုရား ဂိုဏ်းချုပ် တစ်ပိုင်းအဆင့်သာ ရှိသော အားအနည်းဆုံး သိုင်းပညာရှင်အတွက်နှင့် စင်မြင့်ပေါ်မှ ဆင်းလာလိမ့်မည်ဟု အားလုံး ထင်မထားမိချေ။

ထိုအချိန်၌ အားလုံးက ယဲ့ဖန်ကို ဝိုင်းကြည့်နေကြသည်။ အကြည့်နှင့်ပင် လူသတ်နိုင်မည် ဆိုပါက ယဲ့ဖန် ယခုချိန်လောက်၌ ဒဏ်ရာဗလပွနှင့် သေနေလောက်လေပြီ။

သို့သော် ထိုအရာအားလုံးကို ယဲ့ဖန်က အရေးမလုပ်ချေ။ သူက ဖီးနစ် ကချေသည် နတ်သမီးကို နက်နက်နဲနဲ ကြည့်လိုက်သည်။

“ထိုင်ပါ”

သူ့စကားကြောင့် ဖီးနစ် ကချေသည် နတ်သမီးက ပြုံး၍ ယဲ့ဖန်ဘေး၌ ဝင်ထိုင်လေသည်။ ထို့နောက် သူမ၏ လှပသော မျက်ဝန်းများက စားပွဲပေါ်ရှိ နီရဲနေသော ဟုန်ယန်ဝိုင်ဆီသို့ အကြည့်ရောက်သွားသည်။ ထို့နောက် ထိုမျက်ဝန်းများက ရီဝေလာသည်။

“ဒီလောက် နှစ်တွေအကြာကြီး ကုန်လွန်ပြီးတဲ့ နောက်ပိုင်း တစ်စုံတစ်ယောက်က ဒီဝိုင်ကို ထပ်သောက်နေလိမ့်မယ်လို့ ကျွန်မ ထင်မထားမိဘူး”

ထိုသို့ပြောပြီးနောက် ဖီးနစ် ကချေသည် နတ်သမီးက လှပသော မျက်ဝန်းများနှင့် ယဲ့ဖန်၏ မျက်နှာကို စိုက်ကြည့်၍ တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။

“ကောင်လေး … လူကြီးမင်း ကျွန်မတို့ ဆုံဖူးကြသလား”

*ဟမ်*

ထိုစကားကြောင့် လူတိုင်း မျက်ခုံးလှုပ်သွားသည်။

*စကားစမြည် ပြောနေတာလား*

သူတို့၏ နတ်သမီးလေးက ထိုသူကို အလွန် စိတ်ပါဝင်စားစွာ စကားပြောလိမ့်မည်ဟု အားလုံး ထင်မထားမိကြချေ။ ဤသည်က လူတိုင်းအား အလွန် အားကျသွားစေသည်။

ယဲ့ဖန်က ထိုသို့ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားပုံ ရသည်။ သူသည် ဟုန်ယန်ဝိုင်ကို ငှဲ့ထည့်၍ သုံးခွက်မြောက် သောက်ယူလိုက်သည်။

ထို့နောက် အသက်ပြင်းပြင်းရှူ၍ ဝေခွဲမရသော မျက်လုံးများနှင့် ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

“ကျုပ် အတိတ်ဘဝတုန်းက တွေ့ခဲ့တာ ဖြစ်ရင်ဖြစ်မှာပေါ့”

*အတိတ်ဘဝ*

ဖီးနစ် ကချေသည် နတ်သမီးက ပြုံးလိုက်သည်။ ထိုအပြုံး၌ ဝမ်းနည်းခြင်း၊ ရူးသွပ်ခြင်းနှင့် ကြေကွဲခြင်းတို့ ပျော်ဝင်နေ၏။

“ကျွန်မ လူကြီးမင်းလေး ပြောတဲ့ အတိတ်ဘဝကို သဘောကျတယ်”

“ကျွန်မ ရှင့်ဝိုင်ကို သောက်လို့ရမလား”

ဖီးနစ် ကချေသည် နတ်သမီးက ဟုန်ယန်ဝိုင်ကို လက်ညှိုးထိုးပြလိုက်သည်။ ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်နှင့် ဖီးနစ် ကချေသည် နတ်သမီးက ဟုန်ယန်ဝိုင်ကို တစ်ခွက်ငှဲ့ ထည့်လိုက်သည်။

ထိုစဉ် သလင်းကျောက်ကဲ့သို့ ကြည်လင်သော မျက်ရည်များက သူမမျက်ဝန်းထဲမှ စီးကျ လာလေသည်။

“တစ်ချိန်တုန်းက အဲ့ဒီလူက ဟုန်ယန်ဝိုင်ကို ကျွန်မကိုယ်ကျွန်မ မထိခိုက်စေဘဲ သောက်တတ်အောင် သင်ပေးခဲ့တယ်”

ထို့နောက် ဖီးနစ် ကချေသည် နတ်သမီးက ခွက်ထဲသို့ အနီရောင် သစ်သီးတစ်လုံး ကောက်ထည့်လိုက်သည်။ ထို့နောက် လှပသော မျက်လုံးများက နှလုံးသားထဲမှ အလွန်အမင်း လွမ်းဆွတ်ရသူအား တမ်းတ၍ ငေးကြည့်နေသကဲ့သို့ ကောင်တာစားပွဲအား ကြည့်နေသည်။

“သူ ထွက်သွားခဲ့တာ နှစ်ပေါင်း ရှစ်ရာလေးဆယ့်နှစ်နှစ် ရှိခဲ့ပြီ။ နှစ်တိုင်း ကျွန်မ ကမ္ဘာဦး ချောက်နက်ဆီသွားပြီး သူနဲ့ ဟုန်ယန်ဝိုင်ကို အရက်ခွက် ပြိုင်တူမြှောက်ပြီး ဆုတောင်းစကား ပြောတယ်”

“သူအကြိုက်ဆုံးဝိုင်က ဟုန်ယန်ဝိုင်ပဲ”

ထိုသို့ပြောပြီး ဖီးနစ် ကချေသည် နတ်သမီးက မျက်လုံး မှိတ်လိုက်သောအခါ လက်ကျန် မျက်ရည်စများက လိမ့်ဆင်းသွားလေသည်။

“ဒီနှစ်ရဲ့ ဟုန်ယန်ဝိုင်ကို ခပ်စောစော သောက်လိုက်မိတယ်၊ အမှောင်ထဲက ချစ်ရသူ သီချင်းနဲ့ ကျွန်မ ရှင့်ကို ဆုတောင်းပေးပါတယ်”

ထို့နောက် ဖီးနစ် ကချေသည် နတ်သမီးက ခွက်ကိုမြှောက်၍ ယဲ့ဖန်နှင့် ခွက်ချင်းတိုက်လိုက်သည်။

All Chapters