← Chapters

မထင်မှတ်စွာ ရုတ်တရက် ထွက်ခွာ

Vol. 5 Ch. 447

မထင်မှတ်စွာ ရုတ်တရက် ထွက်ခွာ

Vol. 5 Ch. 447

ဆန်းလျန်၏ ကတိစကားကို ကြားသည့်တိုင် ကျိလင်နတ်သမီးက မည်သည့်စကားမှ ပြန်မဆိုပါ။ သူမက ပန်းချီကားကို ဆက်ဆွဲနေလေသည်။ ထို့နောက် သူမက အင်္ကျီလက်အတွင်းမှ ပန်းချီကား တစ်ချပ်ကို ထုတ်ယူလိုက်ပြီး သူမ ရေးဆွဲနေသည့် ပန်းချီကားနှင့် အတူတူ လိပ်လိုက်ကာ ပန်းချီကား နှစ်ချပ်လုံးကို ဆန်းလျန်ထံသို့ ပေးလိုက်လေသည်။

ထို့နောက် ကျိလင်နတ်သမီးက သူမ၏ခါးတွင် ချိတ်ထားသည့် ခရမ်းရောင် ခေါင်းလောင်းလေးကို ဖြုတ်ယူ လိုက်သည်။ ခေါင်းလောင်းလေးထံမှ သာယာသည့် ခေါင်းလောင်းသံများ ထွက်ပေါ် လာလေသည်။ ထိုခေါင်းလောင်းသံသည် ဆန်းလျန်၏ နှလုံးသား အတွင်းသို့ စီးဆင်းသွားပြီး ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။

ဆန်းလျန်သည် ကျိလင် နတ်သမီးလုပ်သမျှကို အလေးထား စောင့်ကြည့် နေမိလေသည်။ ထိုခေါင်းလောင်းလေးမှာ မှော်ဝင်ပစ္စည်း တစ်ခုဖြစ်ပြီး အကန့်အသတ်မဲ့ စွမ်းအားများဖြင့် ပြည့်နေသည်ကို ဆန်းလျန် သိလေသည်။ တိုက်ပွဲတစ်ခု အတွင်းတွင် ဆရာဘွားဘွားသာ ထိုမှော်ဝင် ခေါင်းလောင်းလေးကို အသုံးပြုမည်ဆိုပါက မည်သူမျှ ပြန်လည် ခုခံ တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ခေါင်းလောင်းလေး၏ ပုံသဏ္ဌာန်က သာမန်မျှသာ ဖြစ်ပြီး မည်သည့် ထူးခြားချက်မှ မရှိပါ။ သို့သော် ခေါင်းလောင်းလေးထက်တွင် ရေးဆွဲထားသည့် ပန်းချီများက ထူးခြားလေသည်။ ခေါင်းလောင်းလေး ထက်တွင် စီးဆင်းနေသည့် ရေများ၏ ပုံသဏ္ဌာန်ကို ရေးဆွဲထားပြီး ထိုပုံသည် ထျန်းချိန် ကာရံညီမှုနှင့် ပြည့်နှက်နေလေသည်။

ဆန်းလျန်ကတော့ ခေါင်းလောင်းလေးထက်မှ စီးဆင်းနေသည့် ရေပုံသဏ္ဌာန်သည် ဆရာဘွားဘွား ရေးဆွဲထားသည့် ထိုက်ချိယင်ယန် ပန်းချီကားထဲမှ စီးဆင်းနေသည့် ရေပုံသဏ္ဌာန်နှင့် ဆင်တူသည်ကို သတိပြုလိုက် မိလေသည်။ ထိုရေစီးဆင်းမှုများသည် ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်၏ တန်ခိုးစွမ်းအား ပြောင်းလဲ တိုးတက်မှုများကို ရေးသားထားခြင်း ဖြစ်လေသည်။

“ဒီခေါင်းလောင်းလေးက ငါနဲ့အတူ အမြဲတမ်း ရှိနေခဲ့တာ နှစ်ပေါင်း ကြာလှပါပြီ၊ အခုတော့ ငါ့အတွက် မလိုအပ်တော့ဘူး၊ ချိုင်ဝေ့ကို မင်းပဲ ပေးလိုက်ပါ”

ဆန်းလျန်က ခေါင်းလောင်းလေးကို လေးလေးစားစားဖြင့် လှမ်းယူလိုက်သည်။ ခေါင်းလောင်းလေးသည် လုံးဝ အလေးချိန်မရှိဘဲ သူ့လက်ထဲတွင် ပေါ့ပါး နေလေသည်။

“ဆရာဘွားဘွား၊ အစ်မနဲ့ သွားမတွေ့တော့ဘူးလား”

“ချိုင်ဝေ့က လိမ္မာတဲ့ ကလေးပါ၊ နောင်တစ်ချိန် ကျရင်တော့ သူနဲ့ ပြန်ဆုံချင် ဆုံကြဦးမှာပေါ့၊ အခုတော့ သွားမတွေ့တော့ဘူး၊ လျန်လေး… ငါပြောတာ မင်းနားလည်တယ် မဟုတ်လား”

ဆန်းလျန်သည် ဆရာဘွားဘွား ကျိလင်ကို အမြဲတမ်း နားလည်ခဲ့သူ ဖြစ်လေသည်။

ဂိုဏ်းတူအစ်မ ကူးချိုင်ဝေ့သည် နတ်ဘုရားတစ်ပါး ဖြစ်လာရန် အတွက် မျှော်လင့်ချက်လုံး၀ ရှိသူတစ်ယောက် မဟုတ်ပေ။ သို့သော်… ဆရာဘွားဘွားကတော့ သူမအပေါ်တွင် မျှော်လင့်ချက် အပြည့်ထားကြောင်း သက်သေပြခဲ့သည်။ ထို့ကြောင့် သူမ တန်ဖိုးထားရသည့် မှော်ဝင် ပစ္စည်းလေးကို ကူးချိုင်ဝေ့ကို ပေးရန် အတွက် ဆန်းလျန်ကို မှာကြားခဲ့ခြင်း ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် ဆန်းလျန် နားလည်လိုက်သည်မှာ ဆရာဘွားဘွားသည် သူနှင့် အစ်မ ကူးချိုင်ဝေ့ အပေါ်တွင် တန်းတူညီမျှ မေတ္တာစေတနာ ထားသည်ဆိုသည့် အချက်ပင် ဖြစ်လေသည်။ တပည့်များ၏ အရည်အချင်းကို မကြည့်ဘဲ တပည့်များ အပေါ်တွင် တူညီသည့် စိတ်ထားဖြင့် ဂရုစိုက်တတ်သူ ဖြစ်လေသည်။

ဆန်းလျန်သည် ဆရာဘွားဘွား၏ လုပ်ရပ်များအတွက် မည်သို့ ကျေးဇူးတင်ရမှန်း မသိတော့သလို ကျေးဇူး ပြန်ဆပ်ရန်လည်း လက်ရှိ အချိန်တွင် မလုပ်ဆောင်နိုင်သေးပေ။

“လျန်လေး နားလည်ပါပြီ…”

သူက ဆရာဘွားဘွားကို တိုးလျစွာဖြင့် စကား ပြန်ပြောလိုက်သည်။

ကျိလင်နတ်သမီးက ဆန်းလျန်ကို ပြုံး၍ ကြည့်နေလေသည်။

သူမ၏ခန္ဓာကိုယ်သည် မြူခိုးများကဲ့သို့ ဝေဝါးသွားပြီး ကောင်းကင်ထက်ရှိ လေထုထဲတွင် အစိမ်းရောင်နှင့် ခရမ်းရောင် အလင်းတန်းနှစ်ခုကို တွေ့မြင် လိုက်ရလေသည်။ အလင်းတန်း နှစ်ခုသည် တစ်ဟုန်ထိုး စီးဆင်းသွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးသည် ပြင်းထန်လွန်းသည့် တန်ခိုးစွမ်းအား ရိုက်ခတ် မှုများကြောင့် တုန်လှုပ် သွားရလေသည်။

အစိမ်းရောင်နှင့် ခရမ်းရောင် အလင်းတန်း နှစ်ခုသည် ကောင်းကင်ထက်တွင် ဆယ့်ငါးမိနစ်ခန့် လှည့်ပတ် နေခဲ့လေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ဝိညာဉ်စွမ်းအား ဖိအားများ မြင့်မားလာပြီး ချင်းရွှမ်နတ်တံခါးမှ ဆရာသခင်များနှင့် တပည့်များမှာ ဆက်လက် ကျင့်ကြံခြင်းများ မပြုလုပ်နိုင်တော့ပေ။

ကျီဖူတောင်ထိပ်တွင် ထူးဆန်းသည့် နိမိတ် လက္ခဏာများ ထင်ဟပ် လာလေသည်။

တောက်ပနေသည့် ကြယ်စင်များ…

တစ်ရှိန်ထိုး စီးဆင်းနေသည့် စမ်းရေ…

စကြဝဠာ အမှောင်ထု…

ဆရာဘွားဘွားသည် အနှေးနှင့်အမြန် လောကကို ကျော်လွန် သွားတော့မည်ကို ဆန်းလျန် သိနေပြီးသား ဖြစ်လေသည်။ သို့သော် ယခုကဲ့သို့ ရုတ်တရက်ကြီး ထွက်ခွာ သွားလိမ့်မည်ဟုတော့ ထင်မှတ် မထားခဲ့မိပေ။ အရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက် သွားခဲ့လေပြီ။

တစ်ခါတစ်ရံတွင်…

ဘဝတွင် ချစ်ခင် မြတ်နိုးသူများနှင့် ခွဲခွာရခြင်းများသည် ကြိုတင် ပြင်ဆင်ချိန်ပင် မရှိဘဲ ရုတ်တရက် ကြုံတွေ့ ရတတ်လေသည်။

လောကတွင် မည်သည့်အရာမှ ခန့်မှန်း၍ မရနိုင်ကြောင်းနှင့် ကြိုတင် မျှော်လင့်၍လည်း မဖြစ်နိုင်ကြောင်းကို ဆရာဘွားဘွားက ရုတ်တရက် ခွဲခွာသွားခြင်းဖြင့် ဆန်းလျန်ကို သင်ကြား ပေးခဲ့သည်။

ဆန်းလျန် ရင်ထဲတွင် ဖော်မပြနိုင်သည့် ခံစားချက်များနှင့် ပြည့်နေပြီး ကောင်းကင်ထက်မှ အလင်းတန်း နှစ်ခု ပျောက်ကွယ် သွားသည်အထိ ငေးကြည့်နေမိလေသည်။

ထို့နောက်တွင်တော့…

ဆန်းလျန် ကျီဖူတောင်ထိပ်မှ ဆင်းလာခဲ့သည်။

ဂိုဏ်းတူ အစ်မ ကူးချိုင်ဝေ့သည် တောင်ခြေရှိ ဝိညာဉ် မြစ်ကမ်းနံဘေးတွင် သူ့ကို စောင့်နေလေသည်။

ဆန်းလျန်က အစ်မဖြစ်သူ၏ လက်လေးကို အသာကိုင်လိုက်ကာ ခရမ်းရောင် ခေါင်းလောင်းလေးကို သူမ လက်အတွင်းသို့ ထည့်ပေး လိုက်လေသည်။

သို့သော် စကားတစ်ခွန်းမှ မဆိုမိပေ။

လင်ထိုင် တာအိုပြိုင်ပွဲက နီးကပ်လာနေပြီ ဖြစ်လေသည်။

ရေသည် သက်ရှိများ၏ မူလအစ ဖြစ်လေသည်။

ကမ္ဘာဦး တည်စကပင် ပင်လယ် သမုဒ္ဒရာများက တည်ရှိနေပြီး လူသားများ၏ သမိုင်းကြောင်း တစ်လျှောက် ရေနှင့် ကင်းလွတ်သည် ဟူ၍ မရှိစကောင်းပေ။

ပင်လယ်ပြင်သည် ငြိမ်သက်နေသည့် အချိန်တွင်တော့ အပြာရောင် ပိုးသားစတစ်စနှင့် ဆင်တူလေသည်။ အဆုံးမဲ့ လှပမှုနှင့် နူးညံ့မှုကို တိတ်တဆိတ် ဖော်ပြနေသယောင် ထင်ရသည်။

လေပြင်းမုန်တိုင်း တိုက်ခတ်သည့် အချိန်တွင်တော့ ပင်လယ်ပြင်သည် အလွန်ပြင်းထန်ပြီး ကောင်းကင်ကိုပင် ဖယ်ရှား ပစ်တော့မည့် မိစ္ဆာတစ်ကောင်အလား ထင်မှတ်ရလေသည်။

ယခုတော့ ကောင်းကင်ထက်တွင် အနက်ရောင် တိမ်တိုက်များဖြင့် ပြည့်နေလေသည်။ မုန်တိုင်း ကျတော့မည့် လက္ခဏာပင် ဖြစ်လေသည်။ ဆန်းလျန်က ကောင်းကင်ထက်သို့ မော့ကြည့် လိုက်သည်။ ကောင်းကင်ထက်တွင် ဦးချိုနှစ်ခုပါရှိသည့် နဂါးခေါင်းကြီး တစ်ခုကို မြင်တွေ့ လိုက်ရသည်။

လေပြင်းများက တိုက်ခတ်နေပြီး မြင့်မားသော လှိုင်းတံပိုးကြီး များကလည်း မြို့တံတိုင်းကြီး တစ်ခုအလား ထင်မှတ် ရလေသည်။ သို့သော် လှိုင်းတံပိုးများသည် ဆန်းလျန်၏ အင်္ကျီစကို ထိမိသည်နှင့် ဆန်းလျန်ကို မထိခိုက်မိအောင် ရှောင်ကွင်း သွားကြလေသည်။

နဂါးကြီးထံမှ အလွန်မာနကြီးသည် ဟိန်းသံကြီး ထွက်ပေါ်လာလေသည်။

ပင်လယ် ရေလှိုင်းများသည် နိမ့်လိုက်မြင့်လိုက် ဖြစ်နေပြီး ရိုးရှင်းသည့် သဘာဝ အလှတရားသည် စာဖွဲ့၍ပင် မမီနိုင်ပေ။

ထိုနဂါးကြီးမှာ ဆန်းလျန် ခေါ်ဆောင်လာသည့် ရေနဂါးကြီးပင် ဖြစ်လေသည်။ ဆန်းလျန်က ရေနဂါးကြီးကို ချင်းရွှမ် နတ်တံခါးတည်ရှိရာ ပင်လယ်ထဲတွင် နေခွင့် ပေးထားခဲ့လေသည်။

သူက သုံးလပိုင်းတွင် လင်ထိုင်ဖန်း ကျွမ်းတေင်ကို နဂါးကြီးကိုစီးပြီး သွားရောက်ရန် ရည်ရွယ် ထားလေသည်။

ဆန်းလျန်က နဂါးကြီး၏ ဦးခေါင်းထက်ဆီသို့ ပျံသန်း သွားလေသည်။

မရေမတွက်နိုင်အောင် များပြားလွန်းသည့် လှိုင်းလုံးကြီးများ တလိမ့်လိမ့် တက်လာပြီး မိုးခြိမ်းသံများလည်း ထွက်ပေါ် လာလေသည်။ ကောင်းကင်ထက်တွင် လျှပ်စီးများက အဆက်မပြတ် လင်းလက် နေကြသည်။

မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးလက်ခြင်းက နာကျင်ခြင်းကို မဖြစ်စေနိုင်ပါ။ သို့သော် သူ၏ ဦးခေါင်းထက်တွင် စီးနင်း လိုက်ပါလာသည့် ဆရာသခင် အနှောင့်အယှက် ဖြစ်မည်ကို နဂါးကြီးက စိတ်ပူ နေမိလေသည်။ ထို့ကြောင့် မိုးကြိုးနှင့် လျှပ်စီးများကို တတ်နိုင်သမျှ ရှောင်ရှားကာ ခရီး နှင်နေလေသည်။

ဆန်းလျန်သည် ရေနဂါးကြီး၏ ဦးခေါင်းထက်တွင် ရပ်နေပြီး မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ပေ။

ထိုအချိန်မှာပင် လျှပ်စီးတစ်ချက် လက်ခနဲ ဖြစ်သွားသည့် အတွက် နဂါးကြီးသည် ရုတ်တရက် သူ၏ မျက်လုံးများကို ယောင်ယမ်းကာ မှိတ်လိုက် မိလေသည်။

***

All Chapters