← Chapters

အခန်း (၅၆၀)

Vol. 46 Ch. 560

အခန်း (၅၆၀)

Vol. 46 Ch. 560

“ဒီကိစ္စက ကြီးကြီးမားမား မဖြစ်လောက်ဘူးလို့ ပြောလိုက်တာလား”

“ဒီကိစ္စက သေချာပေါက် ကိစ္စကြီးပဲပေါ့။ ဒါပေမဲ့ အခွင့်အရေးကလည်း အဲဒီမှာပဲ ရှိနေတာလေ”

အားအာထိုက်မှ ဦးစွာ တုံ့ပြန်လာသည်။

“အခွင့်အရေးလာနေပြီ”

အားအာထိုက်သည် ထာရာအိမ်တော်သို့ အလျင်စလို လာရောက်ခဲ့ပြီး ရောက်ရှိသည်နှင့် တံခါးထက်မှ မိန်ဂိုဏ်းအမှတ်အသားကို ဖျက်ပစ်ရန် စီစဉ်ခဲ့သည်။ သို့သော် ထိုမိန်ဂိုဏ်းအမှတ်အသားကို မဖျက်ဆီးရသေးမီ၌ ဝူဟုန်နှင့် ရဲမက်များ ရောက်လာခဲ့လေသည်။

သို့ဖြင့် အားအာထိုက်သည် မျက်မြင်သက်သေတစ်ဦး လိုအပ်သောကြောင့် မလှုပ်ရှားနိုင်သည့် ထာရာ၏မိခင်ဖြစ်သူဆီသို့ သွားခဲ့သည်။

အဘွားအိုုကြီးသည် မနေ့ညက အဖြစ်အပျက်တွင် ဆွေမျိုးသားချင်းများကို ဆုံးရှုံးလိုက်ရရာ အလွန်တရာ နာကျင်ခံစားနေရ၏။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူမသည် အခက်အခဲများကို နှစ်ပေါင်းများစွာ ဖြတ်ကျော်ခဲ့ဖူးသူဖြစ်ရာ အသိစိတ်ရှင်းလင်းနေခဲ့သည်။

အားအာထိုက်မှ အဘွားကြီးကို မေးသည်။

“အစ်မကြီး လူသတ်သမားကို ရှင်းရှင်းလင်းလင်း မြင်လိုက်သလား”

အဘွားကြီးမှ ပြောသည်။

“ငါ သေချာမြင်လိုက်တယ်။ ငါ သူတို့ရဲ့မျက်နှာတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး”

“သူတို့က ဘယ်လိုပုံစံလဲ”

အဘွားကြီးမှ ပြောသည်။

“မျက်နှာတွေကို ဖုံးထားလို့ သေချာမမြင်လိုက်ရပေမဲ့ လူသတ်သမားက အမျိုးသမီးနှစ်ယောက်ဆိုတာတော့ သေချာတယ်။ မြွေပွေးလို အဆိပ်ပြင်းတဲ့ မိန်းမနှစ်ယောက်ပဲ”

အားအာထိုက်မှ ပြောသည်။

“အင်း… ရေးမှတ်လိုက်။ မျက်နှာကို ဖုံးထားတယ်။ အမျိုးသားနှစ်ယောက်၊ ဒေသိယစကားနဲ့ ပြောဆိုကြတယ်။ ရှန်းထောင်ဘက်က လူတွေ ဖြစ်နိုင်တယ်”

အဘွားကြီး - ဟမ်

“အမျိုးသမီးတွေလို့၊ အမျိုးသားတွေ မဟုတ်ဘူး”

အဘွားကြီးမှ ထပ်မံ ပြောဆိုသည်။ ထိုအခါ အားအာထိုက်မှ ပြောသည်။

“အင်း နားလည်ပြီ။ အမျိုးသားနှစ်ယောက်ပဲ…”

အဘွားကြီး - “ငါ အရာရှိရုံးတော်က တာဝန်ရှိသူနဲ့ တွေ့ချင်တယ်”

အားအာထိုက် - “အင်း အစ်မကြီးအနေနဲ့ အနားယူဖို့ လိုအပ်ပါတယ်။ ကောင်းပြီ၊ သခင်မကြီးကို စောင့်ကြည့်ထားကြ။ ဘယ်သူမှ မနှောင့်ယှက်စေနဲ့”

…

သို့ဖြင့် အားအာထိုက်မှ ဝူဟုန်ကို သေဆုံးသူ၏ဆွေမျိုးနှင့် တွေ့ခွင့်မပြုဘဲ ဟန့်တားသည့်ဖြစ်ရပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ရေဆိုးရေညစ်များကို ချန်ကျိုုစစ်ထံ လောင်းချရပေမည်။ ချန်ကျိုစစ်၏ ဆားနယ်မြေများသည် အလွန် အကျိုးအမြတ်များ၏။ ဤသို့အကျိုးအမြတ်များသည့် လုပ်ငန်းများသည် မုလန်လူမျိုးများ၏အပိုင်သာ ဖြစ်သင့်သည်။

ဝူဟုန်မှ မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“သခင်ကြီးအားအာထိုက်၊ သခင်ကြီးရဲ့စကားတွေက တစ်ဖက်သတ်ပြောစကားသက်သက်ပါပဲ။ သခင်ကြီးမှာ သက်သေရှိပါသလား”

“ရှိတယ်”

အားအာထိုက်မှ လက်ခုပ်တီးလိုက်သောအခါ စိုးရိမ်ထိတ်လန့်နေဟန်သော အစေခံနှစ်ဦးကို ရှေ့သို့ခေါ်ဆောင်လာသည်။ ထိုအခါ အစေခံနှစ်ဦးသည် ချက်ချင်း ဒူးထောက်လိုက်ကြသည်။

“သူတို့က ထာရာအိမ်တော်အစေခံတွေပဲ။ သူတို့ မ‌နေ့ညက အကုန်မြင်လိုက်ကြတယ်”

အားအာထိုက်မှ သူတို့ဘက်သို့လှည့်၍ ပြောသည်။

“အရာရှိတွေက မနေ့ညက အဖြစ်အပျက်ကို သိချင်နေကြတယ်။ မင်းတို့ ပြောပြလိုက်ကြ”

အစေခံနှစ်ဦးသည် အပြန်အလှန် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ပြောသည်။

“ချန်ကျိုစစ်ပါ။ ချန်ကျိုစစ်က သခင်ကြီးတို့တစ်မိသားစုလုံးကို သတ်ခဲ့တာပါ”

ဝူဟုန် မျက်လုံးမှေးကျုံ့လိုက်သည်။

“မင်းတို့က ချန်ကျိုစစ်ကို မှတ်မိနိုင်တယ်လား”

ထိုအခါ အစေခံနှစ်ဦးသည် အလိုအလျောက်ပင် အားအာထိုက်ကို လှမ်းကြည့်လိုက်ကြသည်။ အားအာထိုက်မှ ခေါင်းညိတ်ပြရာ အစေခံနှစ်ဦးမှ ပြောသည်။

“အမည်ကျော်ကြားတဲ့ ကျားဖြူခန်းမအရှင်သခင်ကို ဘယ်သူက မသိဘဲနေမှာလဲဗျာ။ ကျွန်တော်တို့ သေချာပေါက် မှတ်မိတာပေါ့”

“အို မင်းတို့ သူ့ကို မှတ်မိတာကောင်းပါတယ်။ ငါ မင်းတို့ကို ဒါလေးမေးမယ်။ ချန်ကျိုစစ်ရဲ့ အရပ်က ဘယ်လောက်ရှည်လဲ၊ ချန်ကျိုစစ်ရဲ့အသားအရေက မဲသလား ဖြူသလား၊ မျက်ခုံးတွေ ထူသလား ပါးသလား၊ မျက်လုံးတွေကရော ကြီးသလား သေးသလား”

ဝူဟုန်မှ အစေခံနှစ်ဦးကို မေးလိုက်သည်။

“ဒါက…”

အစေခံနှစ်ဦးမှာ ရုတ်ချည်း ပါးစပ်ပိတ်သွားရကာ အားအာထိုက်ကို လှည့်ကြည့်လိုက်ကြပြန်သည်။ အားအာထိုက်သည် မျက်မှောင်ကြုတ်သွားပြီး ဒေါသတကြီး ပြောလာ၏။

“အသုံးမကျတဲ့ ငတုံးနှစ်ကောင်၊ မင်းတို့ဘယ်လိုတွေ စကားပြောနေတာလဲ။ မင်းတို့ပြောတော့ မနေ့ညက မျက်နှာဖုံးဝတ်ထားတဲ့ ချန်ကျိုစစ်ကို မြင်လိုက်တယ်ဆို။ မင်းတို့ သေချာမမြင်လိုက်ကြဘူး ဟုတ်တယ်မလား”

“ဟုတ် ဟုတ်ပါတယ် ကျွန်တော်တို့ သေချာမမြင်လိုက်ပါဘူး”

အစေခံနှစ်ဦးမှ အလောတကြီး တုံ့ပြန်လာရာ ဝူဟုန် မျက်လုံးတို့မှေးကျုံ့လိုက်သည်။ ထို့နောက် ပြောသည်။

“မင်းတို့ သေချာမမြင်လိုက်ဘူးဆိုရင် လူသတ်သမားက ချန်ကျိုစစ်ဆိုတာ ဘယ်လိုလုပ်ပြီး သေချာနေရတာလဲ”

“အဲဒါက…”

အစေခံနှစ်ဦးသည် အားအာထိုက်ကို လှည့်ကြည့်ပြန်သည်။ အားအာထိုက်မှ ပြောသည်။

“မင်းတို့ပြောတော့ မင်းတို့ ချန်ကျိုစစ်ရဲ့အသံကို ကြားခဲ့တာဆို”

အစေခံများမှ ချက်ချင်း ပြောသည်။

“ဟုတ်ပါတယ် ဟုတ်ပါတယ်။ ကျွန်တော်တို့ ချန်ကျိုစစ်ရဲ့အသံကြောင့် သိခဲ့တာပါ”

ထိုအခါ ဝူဟုန် အေးစက်စက် ရယ်မောလိုက်သည်။

“အင်း.. မင်းတို့က ချန်ကျိုစစ်ရဲ့အသံကို မှတ်မိတယ်ဆိုတော့ စမ်းသပ်မှုလေး လုပ်ကြတာပေါ့။ ကျုပ် ချန်ကျိုစစ်‌ကို ဆင့်ခေါ်လိုက်ပြီး နောက်ထပ် လူတစ်စုခေါ်လိုက်မယ်။ မင်းတို့က အဲဒီလူတွေထဲက ချန်ကျိုစစ်ရဲ့အသံကို ရွေးထုတ်ပေးပေါ့”

“ဒါက”

အစေခံနှစ်ဦးသည် ပြောစရာစကားရှာမရတော့ပေ။ အားအာထိုက်သည် မျက်မှောင်ကြုတ်လျက် ဝူဟုန်ဘက်သို့ ခေါင်းလှည့်လာကာ ဝူဟုန်ကို စူးစိုက်ကြည့်လျက် ပြောသည်။

“မင်း တမင် ပြဿနာရှာနေတာလား”

ဝူဟုန်မှ ပြောသည်။

“မဟုတ်ပါဘူးဗျာ။ ကျုပ်အမြင်မှာတော့ ခင်‌ဗျားကသာ တခြားလူတစ်ယောက်ကို ချောက်ချစွပ်စွဲဖို့ ကြိုးစားနေတာလို့ မြင်မိလို့ပါ၊ မဟုတ်ဘူးလား”

“ချောက်ချစွပ်စွဲတယ်တဲ့လား။ ဟားဟား ဟာသပဲ။ ငါတို့လို မြင့်မြတ်တဲ့အထက်တန်းလွှာ မုလန်လူမျိုးတွေက လူတစ်ယောက်ကို ချောက်ချစွပ်စွဲမတဲ့လား။ ကောင်းပြီ၊ မင်းသွားလို့ရပြီ။ မုလန်လူမျိုးတွေရဲ့အမှုကို စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းလိမ့်မယ်။ ဟန့်လူမျိုးရဲမက်တွေကို မလိုအပ်ဘူး”

ထိုအခါ ဝူဟုန်မှ အားအာထိုက်ကိုကြည့်လျက် ပြောသည်။

“ကောင်းပါပြီ။ ဒါပေမဲ့ သခင်ကြီးအားအာထိုက် ကျုပ် သခင်ကြီးကို အကြံတစ်ခုပေးခဲ့ပါရစေ။ တော်ဝင်နန်းတော်ဟာ ဥပဒေတွေ ချမှတ်ထားပါတယ်။ အဲဒါကြောင့် အပြုအမူတချို့က အရမ်း အဆင်အခြင်မမဲ့သင့်ပါဘူး”

ပြောပြီးနောက် ဝူဟုန်သည် လက်သီးယှက်အရိုအသေပြုကာ လှည့်ထွက်လာခဲ့သည်။ ဤမုလန်လူတစ်စုအပေါ် သူ၏ စိတ်ပျက်မှုသည် အထွတ်အထိပ်သို့ ရောက်သွားခဲ့ပြီဖြစ်သည်။

ဒါပေမဲ့ ဒီမုလန်လူမျိုးတွေက ဘာလို့ ကျိုစစ်ကို ပစ်မှတ်ထားနေရတာလဲ။ ကျိုစစ်က သူတို့ကို အပြစ်ပြုမိထားလို့လား။

မဖြစ်ဘူး၊ ငါ နည်းလမ်းရှာပြီး ကျိုစစ်ကို အသိပေးရမယ်။

အားအာထိုက်သည် ထွက်ခွာသွားသည့် ဝူဟုန်ကို ကြည့်လျက် လှောင်ရယ်လိုက်သည်။

“ဟား… ဥပဒေတဲ့။ ဥပဒေတွေဆိုတာ ငါတို့မုလန်လူမျိုးတွေက ဟန့်လူမျိုးတွေကို အုပ်စိုးဖို့ ဖန်တီးထားတဲ့ ကိရိယာတန်ဆာသက်သက်ပဲ။ ငါတို့ကို ဥပဒေက ချုပ်ထိန်းထားနိုင်မတဲ့လား။ ဟား တကယ် အသေရယ်ရတာပဲ”

အားအာထိုက်သည် ခေါင်းတရမ်းရမ်းနှင့် ရယ်မောနေခဲ့သည်။ ထို့နောက် သူ၏ဘေးရှိ လူတစ်ယောက်ကို ပြောလိုက်သည်။

“မိသားစုတိုင်းက ကိုယ်စားပြုတစ်ယောက်စီ လူစုလိုက်။ ငါနဲ့အတူ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို သွားမယ်။ ငါ တရားမျှတမှု ရှာဖွေလို့ရတဲ့နေရာ တစ်နေရာမှမရှိဘူးလို့ ငါတော့ မယုံဘူး”

…

စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၌

ယဲ့လုဖုန်းသည် မနက်စာသုံးဆောင်နေသည်။ သူ့တွင် ဟန့်လူမျိုးတို့၏ ပေါက်စီ၊ ဂျုံမုန့်ချောင်းကြော်နှင့် မွန်ဂိုလူမျိုးတို့၏ နို့အခြေခံပေါက်စီနှင့် လတ်ဆတ်သည့် နို့ဆန်ပြုတ် စသဖြင့် ရွေးချယ်စရာ အမျိုးအစားပေါင်း ဒါဇင်နှင့်ချီကာ ရှိနေသည်။

ယဲ့လုဖုန်းသည် ထိုအစားအစာများကို စိုက်ကြည့်နေခဲ့သည်။

အသက်၂၈နှစ်အရွယ်ခန့်ရှိမည့် မိန်းကလေးတစ်ဦးသည် ပုစွန်ကို အခွံခွာကာ ဆော့စ်ထဲသို့ အနည်းငယ် နှစ်လိုက်ပြီးနောက် ယဲ့လုဖုန်းကို ကျွေးသည်။

ယဲ့လုဖုန်းသည် ပုစွန်၏ချိုမြိန်မှုကို အရသာခံပြီးနောက် အစေခံမလေးတစ်ဦးပေးလာသည့် နို့ဆန်ပြုတ်တစ်ဇွန်းကို သောက်လိုက်သည်။

ဇိမ်ခံရခြင်းအား နှစ်သက်သည့် အထက်တန်းလွှာများသည် မနက်စာစားလျှင်ပင် လက်တစ်ချောင်း မလှုပ်ရှားကြချေ။

ကြွယ်ဝချမ်းသာသည့် မိသားစုတွင် မွေးဖွားလာခဲ့သူဖြစ်သည့် ယဲ့လုဖုန်းသည်လည်း ဘဝတွင် မည်သို့ဇိမ်ခံပျော်မွေ့ရမည်ကို အလိုအလျောက် သိရှိနေပေသည်။ ယဲ့လုဖုန်း မနက်စာကို အရသာခံစားသုံးနေစဉ် အပြင်ဘက်မှ အလျင်စလို ခြေသံများကို ကြားလိုက်ရ၏။ ထို့နောက် အခန်းထဲသို့ ချီမုကော ဝင်ရောက်လာသည်။

“သခင်ကြီး”

ယဲ့လုဖုန်းသည် ပါးစပ်ထဲမှ နို့ဆန်ပြုတ်ကို မျိုချလိုက်ပြီး မေးသည်။

“ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ရေးကြီးသုတ်ပျာဖြစ်နေရတာလဲ”

ထိုအခါ ချီမုကောမှ ပြောသည်။

“သခင်ကြီး ပြဿနာတက်နေပါပြီ။ အားအာထိုက်က မုလန်လူမျိုးတစ်ရာကို ‌ဦးဆောင်ခေါ်လာပြီးတော့ အိမ်တော်ရဲ့ဂိတ်တံခါးတွေကို ပိတ်ဆို့ထားပါတယ်။ ပြီးတော့ သခင်ကြီးကို သူတို့အတွက် တရားမျှတမှုရှာဖွေပေး‌ဖို့ တောင်းဆိုနေကြပါတယ်”

All Chapters