← Chapters

အခန်း (၅၆၁)

Vol. 46 Ch. 561

အခန်း (၅၆၁)

Vol. 46 Ch. 561

ဘာ။

ယဲ့လုဖုန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားလျက် လက်ဝှေ့ယမ်းကာ အစေခံများအား ထွက်သွားရန် အချက်ပြလိုက်သည်။ ထို့နောက် ချီမုကောသို့ လှည့်ပြောသည်။

“သူတို့က ငါ့ကို ဘယ်ကိစ္စကို တရားမျှတမှုပေးခိုင်းတာလဲ”

“သခင်ကြီးကို ကျွန်တော် မတင်ပြရသေးတာပါ။ ထာရာမိသားစုရဲ့ကိစ္စပါ”

“ထာရာဆိုတာ ဘယ်သူလဲ”

“ချန်ကျိုစစ်ကို သူတို့ရဲ့သခင်ကြီးကို သတ်ပါတယ်ဆိုပြီး စွပ်စွဲခဲ့တဲ့ ထာရာမျိုးနွယ်မိသားစုပါ”

ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။

“ဪ သူတို့လား။ အခု သူတို့မိသားစုက ဘာဖြစ်လို့လဲ”

ချီမုကောမှ ပြောသည်။

“တစ်မိသားစုလုံး အသတ်ခံလိုက်ရပါတယ်”

“ဘာ။ တစ်မိသားစုလုံး အသတ်ခံရတာလား”

ယဲ့လုဖုန်း အံ့အားသင့်မှုကြောင့် မျက်လုံးပြူးကျယ်သွား၏။

ဒါက ဘယ်လိုဟာသကြီးလဲ။ တစ်မိသားစုလုံးအသတ်ခံရတယ်တဲ့လား။ အဲဒီလိုလုပ်လို့ ဘာကောင်းကျိုးရှိမှာမို့လို့လဲ”

“ဘာတွေဖြစ်ခဲ့တာလဲ။ ငါ့ကို အသေးစိတ်ပြောပြစမ်း”

ဤအခြေအနေ၌ ယဲ့လုဖုန်းသည် တည်ငြိမ်မနေနိုင်တော့ပေ။ မုလန်လူမျိုး မိသားစုတစ်စုအား သတ်ဖြတ်ခြင်းသည် အသေးအမွှားကိစ္စလေး မဟုတ်ပေ။ တကယ်တမ်း စုံစမ်းစစ်ဆေးလာပါက ဤသည်မှာ စီရင်စုအုပ်ချုပ်ရေးမှူးဖြစ်သူ၏ တာဝန်ပျက်ကွက်မှုအဖြစ် သတ်မှတ်ခံရနိုင်ပေသည်။

သူ ဤကိစ္စကို အလေးအနက်ထားရမည်။

“အဲဒီလိုဖြစ်ခဲ့တာပါပဲ။ မနေ့ညက ထာရာမိသားစုဝင်၃၆ယောက်လုံး အသတ်ခံခဲ့ရပါတယ်။ အသက်၇၀အရွယ် အဘွားကြီးတစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်”

“ဒီကိစ္စကိုသိပြီးနောက်မှာ အစိုးရရုံးတော်က စုံစမ်းစစ်ဆေးဖို့အတွက် မနက်က လူလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အားအာထိုက်နဲ့ သူ့အပေါင်းအပါတွေက လက်ဦးမှုရယူသွားပြီး အမှုလိုက်ရဲမက်တွေကို နှင်ထုတ်ခဲ့ပါတယ်။ အခု လူတွေအကုန်လုံး ကျွန်တော်တို့တံခါးဝမှာ စုဝေးပြီး တရားမျှတမှုရှာဖွေပေးဖို့ တောင်းဆိုနေကြတာပါ”

ယဲ့လုဖုန်းမှ ပြောသည်။

“တရားမျှတမှုကို တောင်းဆိုတယ်ပေါ့လေ။ အင်း ဒီကိစ္စကို လုံးဝ ပေါ့ပေါ့တန်တန် သဘောထားလို့ မဖြစ်ချေဘူး။ ရာဇဝတ်တရားသူကြီးကို ဒီကိစ္စကို သေချာစုံစမ်းစစ်ဆေးဖို့ ပြောလိုက်ပါ။ ပြီးတော့ လူသတ်သမားကို သုံးရက်အတွင်း ဖမ်းမိရမယ်။ ငါတို့ ဒေသခံမုလန်လူမျိုးတွေကို ရှင်းပြချက်ပေးဖို့ လိုအပ်တယ်”

ချီမုကောမှ ပြောသည်။

“သခင်ကြီး လူသတ်သမားကို ရှာဖို့မလိုတော့ပါဘူး။ လူသတ်သမားက သူတို့ရဲ့သရုပ်မှန်ကို ထာရာအိမ်တော်ရဲ့ တံခါးမကြီးမှာ စာထွင်းချန်ရစ်ခဲ့ပါတယ်။ မိန်ဂိုဏ်းရဲ့လက်ချက်ပါ”

“မိန်ဂိုဏ်းလား”

ယဲ့လုဖုန်း မျက်မှောင်ကြုတ်သွား၏။

“သူတို့က ဒီလောက်တောင် ရဲတင်းနေကြတယ်လား”

ချီမုကောမှ ပြောသည်။

“အရမ်းကိုမှ ရဲတင်းပါတယ်။ ဒါပေမဲ့ လက်ရှိပြဿနာက လူသတ်သမားကို ဖမ်းဆီးဖို့ မဟုတ်ပါဘူး။ ပြဿနာက ဒေသခံမုလန်လူမျိုးတွေပါ။ သူတို့က လူသတ်သမားက မိန်ဂိုဏ်းမဟုတ်ဘဲ ချန်ကျိုစစ်ပါလို့ တစ်ညီတစ်ညွတ်တည်း ပြောနေကြပါတယ်”

“ချန်ကျိုစစ်ဟုတ်လား။ ချန်ကျိုစစ်က ဒီကိစ္စနဲ့ ဘာဆိုင်လို့တုန်း”

ယဲ့လုဖုန်း စိတ်ရှုပ်ထွေးသွား၏။

ကြည့်ရတာ အပြစ်ပုံချချင်နေတာပဲ။

မည်သို့ပင်ဖြစ်စေ ယဲ့လုဖုန်းသည် ဒေသခံမုလန်လူမျိုးများ၏ အကြံအစည်ကို အချိန်တိုအတွင်း နားလည်နိုင်ခဲ့သည်။ သူတို့၏ရည်ရွယ်ချက်သည် လူသတ်သမားကို ဖမ်းဆီးရန်မဟုတ်ဘဲ ချန်ကျိုစစ်ကို ကျရှုံးစေလိုခြင်း ဖြစ်သည်။

ချန်ကျိုစစ် ကျရှုံးသွားမှသာ ဒေသခံမုလန်လူမျိုးများမှာ နန်ရေကန်ဆားနယ်မြေကို အပိုင်သိမ်းပြီး အကျိုးအမြတ်ရှာနိုင်မည် ဖြစ်သည်။

သို့သော် ယဲ့လုဖုန်းသည် ချန်ကျဲ့အား အဘယ်သို့များ ကျရှုံးခံနိုင်ပါမည်နည်း။ ‌နန်ရေကန်ဆားနယ်မြေ၏ နောက်ကွယ်မှ အကျိုးအမြတ်အများစုကို ပိုင်ဆိုင်သူမှာ ယဲ့လုဖုန်းဖြစ်ကြောင်း ထိုဒေသခံမုလန်လူမျိုးများ မသိထားကြပေ။

သို့ဖြစ်ရာ ဤဒေသခံမုလန်လူမျိုးများ တပ်မက်နေသည့်အရာမှာ ယဲ့လုဖုန်း၏ပိုင်ဆိုင်မှုဖြစ်ပြီး ထိုသူတို့၏ ပစ်မှတ်မှာလည်း ယဲ့လုဖုန်းကိုယ်တိုင်ပင် ဖြစ်လေသည်။

ယဲ့လုဖုန်း မျက်လုံးမှေးကျုံ့လိုက်ပြီး ချီမုကောကို ပြောသည်။

“တရားရုံးတော်ကို သွားပြီး ထန်ဝမ်နျန်ကို ခေါ်လာခဲ့လိုက်”

“ဟုတ်ကဲ့”

“နေဦး၊ အဲဒီဝူဟုန်ကိုရောပဲ”

“ဟုတ်ကဲ့”

ထိုအခါ ချီမုကောမှ ချက်ချင်း တုံ့ပြန်သည်။ ယဲ့လုဖုန်းမှ ပြုံးရယ်လျက် ပြောသည်။

“အင်း ထန်ဝမ်နျန်ရောက်တာနဲ့ အားအာထိုက်နဲ့ သူ့လူတွေကို အထဲကို ဆင့်ခေါ်လိုက်ပါ…”

“ဟုတ်ကဲ့”

ချီမုကော နာခံသည်။

ချီမုကောထွက်ခွာသွားသည်ကို စောင့်ကြည့်နေရင်း ယဲ့လုဖုန်း မျက်မှောင်ကြုတ်လိုက်သည်။

အားအာထိုက်သည် ကိုင်တွယ်ရလွယ်ကူသူ မဟုတ်ပေ။ ဤဒေသရှိ ဒေသခံမုလန်လူမျိုးများ၏ ကိုယ်စားပြုဖြစ်သည့်အပြင် ဉာဏ်ရည်ထက်မြက်သူဟုလည်း သတ်မှတ်နိုင်သူဖြစ်ကာ ဒေသခံမုလန်လူမျိုးများအကြား ဝါရင့်သည့် လူကြီးသူမအဖြစ် ကျော်ကြားသည်။ လက်ရှိတွင် အသက်၆၇နှစ်ဖြစ်ပြီး သက်တမ်းရင့်သော အတွေ့အကြုံသည် သူ့အား မြင့်မားသည့်နေရာတွင် ရပ်တည်နိုင်စေသည်။

ဒေသခံမုလန်လူမျိုးများ၏ အကျိုးအမြတ်ကိုလည်း ကိုယ်စားပြုသည်။

တောင်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသ၏ အခြေအနေမှာ ကွာခြားသည်။ မြောက်ပိုင်းဒေသသည် ကျွန်ပြုသည့်စနစ်ကို ကျင့်သုံးကာ မုလန်လူမျိုးများသည် ကျွန်များ၏ အထက်တွင် အုပ်စိုးကြသည်။ သို့ဖြစ်ရာ ဟန့်လူမျိုးများသည် မုလန်လူမျိုးများ၏ ကျွန်များ ဖြစ်သည်။

သို့သော် တောင်ပိုင်းဒေသ၌ မုလန်လူမျိုးများသည် စည်းကမ်းတင်းကြပ်မှု လျော့နည်းသောကြောင့် ဟန့်လူမျိုးများနှင့် ရင်ကြားစေ့ရေးမူဝါဒကို ကျင့်သုံးကြသည်။ ထို့ကြောင့် ဟန့်လူမျိုးများတွင် ကိုယ်ပိုင်လုပ်ပိုင်ခွင့်အချို့ တည်ရှိကြပြီး မသမာမှုများကို အရမ်းကြီး မပြုလုပ်နိုင်ကြပေ။ သူတို့၏အကျိုးအမြတ်ကို ကိုယ်တိုင်ရှာဖွေရပေမည်။

တစ်နည်းဆိုသော် သူတို့၏ကိုယ်ပိုင်အကျိုးအမြတ်ကို ရရှိရန်အတွက် အနည်းဆုံးတော့ ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်ရမည်ဖြစ်ကာ ဘွင်းဘွင်းရှင်းရှင်း ဓားပြတိုက်ယူ၍ မရချေ။

ဤသည်မှာ မုလန်လူမျိုးများ တောင်ပိုင်းဒေသတွင် နေထိုင်ရန် ခက်ခဲရသည့် အကြောင်းအရင်းဖြစ်သည်။ အကြောင်းမှာ မုလန်လူမျိုးများသည် ဟန့်လူမျိုးများထံမှ ပစ္စည်းဥစ္စာကို ပေါ်ပေါ်ထင်ထင် လုယူရမည့်အစား အဆက်အသွယ်များကို အသုံးချ၍ အစိုးရရုံးတော်များမှတစ်ဆင့် သိမ်းယူရသည်။ ထို့ပြင် ဟန့်လူမျိုးများသည် အချိန်မရွေး နှုတ်ထွက်ခွင့်ရှိသောကြောင့် မုလန်လူမျိုးများ၏ ကျွန်အဖြစ် သတ်မှတ်မရတော့ပေ။ ထို့ကြောင့် ဆိုင်များစီမံခန့်ခွဲရာ၌ မုလန်လူမျိုးများသည် ဆိုင်ကို သိမ်းယူလိုက်နိုင်သည့်တိုင် ဟန့်လူမျိုးများကဲ့သို့ အောင်မြင်စွာ စီမံခန့်ခွဲနိုင်စွမ်းမရှိသည့် ပြဿနာများ ကြုံတွေ့ရတတ်သည်။

သို့ဖြစ်ရာ အခြေအနေသည် မုလန်လူမျိုးများမှ ဆိုင်တစ်ဆိုင်ကို သိမ်းယူလိုပါက စိတ်တိုင်းကျ ကျူးကျော်ဝင်ရောက်၍ ဆိုင်ပိုင်ရှင်အမျိုးသားကို ကျွန်တံဆိပ်ခတ်နှိပ်ကာ မုလန်လူမျိုးများ၏ ခွေးအဖြစ် ပြောင်းလဲနိုင်သည့် မြောက်ပိုင်းဒေသနှင့် များစွာ ကွာခြားပေသည်။

ထိုလူ၏ဇနီးနှင့် သမီးမိန်းကလေးများသည် သနားညှာတာခံရပါက မုလန်လူမျိုးသခင်များ၏ အိပ်ရာထက် တက်ရလိမ့်မည်။

သို့သော် တောင်ပိုင်းဒေသတွင်မူ အဘယ်သို့နည်း။

မုလန်လူမျိုးများသည် အရာရှိအဆက်အသွယ်များဖြင့် ဟန့်လူမျိုးတစ်ဦး၏ဆိုင်ကို အပိုင်သိမ်းလိုက်ပြီးနောက် သူတို့ကိုယ်တိုင် ဆိုင်ဖွင့်ကြရမည် ဖြစ်သည်။ ၎င်းမှာ အဘယ်သို့များ မျှတနိုင်ပါမည်နည်း။

ဒီတိုင်း ငုတ်တုတ်ထိုင်ပြီး ငွေသိမ်းယူ၍ မရနိုင်ချေ။

မုလန်လူမျိုးများအတွက် အလွန်အကျိုးယုတ်သည့် ထိုမူဝါဒကြောင့် ဆိုင်များကို သိမ်းယူခဲ့ဖူးသည့် မူလန်လူမျိုးအများစုသည် နောက်ဆုံးတွင် ဆိုင်ပိတ်သိမ်းလိုက်ရပြီး ပို၍ ဆင်းရဲမွဲတေသွားရလေသည်။

သို့ဖြစ်ရာ ရွေးချယ်စရာမရှိတော့သဖြင့် မုလန်လူမျိုးများသည် အတူတကွ ပေါင်းစည်းလိုက်ကြကာ နောက်ဆုံးတွင်တော့ ဉာဏ်ပညာထက်မြက်သည့် အားအာထိုက်အား ခေါင်းဆောင်တင်မြှောက်လိုက်ကြသည်။

အားအာထိုက်သည် အမှန်တကယ်ပင် အသိပညာကြွယ်ဝပြီး မုလန်လူမျိုးများအတွက် အကျိုးအမြတ်များ ရယူပေးနိုင်ခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း အားအာထိုက်သည် သူတို့အတွက် ငွေရှာပေးခြင်းငှာ သူတို့ကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။

သို့ဖြင့် သူတို့သည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သို့ ရောက်လာကြကာ တရားမျှတမှုပေးပါရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။

သူတို့၏ နာကြည်းမှုသည်တော့ သေချာပေါက်ပင် သူတို့၏မိတ်ဆွေကြီး ထာရာမိသားစုအား ချန်ကျိုစစ်မှ သတ်ဖြတ်ခဲ့ခြင်းပင် ဖြစ်ပါသည်။

မကြာမီ ချီမုကောသည် လူတစ်ယောက်နှင့်အတူ ပြန်ရောက်လာသည်။ ထိုလူမှာ ဒေသခံမုလန်လူမျိုးတို့၏ ကိုယ်စားပြုဖြစ်သူ အားအာထိုက်မှတစ်ပါး အခြားမဖြစ်နိုင်ပေ။

ယဲ့လုဖုန်းသည် ဘေးရှိ စားပွဲတွင် ထိုင်လျက် လုံကျင်းလက်ဖက်ရည်ကို အရသာခံ သောက်သုံးနေခဲ့သည်။

All Chapters