← Chapters

အခန်း (၅၆၂)

Vol. 46 Ch. 562

အခန်း (၅၆၂)

Vol. 46 Ch. 562

အားအာထိုက်ကို မြင်သည်နှင့် ယဲ့လုဖုန်းသည် ချက်ချင်း ထရပ်ကာ အပြုံးလေးဖြင့် ပြောသည်။

“အာ ဦးလေးအားအာထိုက် ဟားဟား မတွေ့တာကြာပြီဗျာ”

ယဲ့လုဖုန်းသည် တွေ့ဆုံရခြင်းကို ဝမ်းသာမနေသော်ငြား အပြုံးတစ်ခု ဖျစ်ညှစ်ထုတ်လိုက်သည်။ ဤရွံရှာမုန်းတီးဖွယ်ကောင်း‌သော အားအာထိုက်ကို တွေ့ဆုံခြင်းငှာ အနည်းငယ် တွန့်ဆုတ်မိသော်ငြား သူသည် ဒေသခံမုလန်လူမျိုးများ၏ အကျိုးအမြတ်ကို ကိုယ်စားပြုသူ မဟုတ်ပါလော။

ဒေသခံမုလန်လူမျိုးများသည် စိတ်အားထက်သန်ကြပြီး မုလန်လူမျိုးကြီးစိုးမှု၏ စိတ်အားထက်သန်သည့် ထောက်ခံ‌အားပေးသူများ ဖြစ်ကြသည်။ ထို့အတူ သာ့ချန်ပြည်ကြီး၏ ဝန်ကြီးချုပ်ပေါ်ယန်၏ ထောက်ခံ‌အားပေးသူများဖြစ်သည်။

ယဲ့လုဖုန်းသည် ဟန့်ယဉ်ကျေးမှုပြုခြင်းကို ထောက်ခံအားပေးသူဖြစ်ရာ ဝန်ကြီးချုပ်ပေါ်ယန်၏ နိုင်ငံရေးပြိုင်ဘက်ဖြစ်သည်။ သို့‌ဖြစ်သောကြောင့် သူတို့နှစ်ဦးကြားရှိ ဆက်‌ဆံရေးမှာ မပြေပြစ်လှပေ။

သို့သော် လူနှစ်ဦးမျက်နှာချင်းဆိုင်တွေ့ဆုံပါက လိုအပ်သည့် အခြေခံအကျဆုံးသော ယဉ်ကျေးမှုကို ထိန်းသိမ်းရန်တော့ လိုအပ်မြဲဖြစ်သည်။

ယဲ့လုဖုန်းသည် အားအာထိုက်ကို အပြုံးဖြင့် ကြို‌ဆိုကာ အားအာထိုက်၏ လက်ကို တွဲကူကာ ထိုင်ခုံနေရာပေးသည်။

“ဦးလေးအားအာထိုက် ဦးလေးကို မတွေ့ရတာကြာတော့ ကျွန်တော် လွမ်းနေတာဗျ”

ထိုအခါ အားအာထိုက်မှ ပြန်ပြောသည်။

“ငါလည်း သခင်ကြီးယဲ့လုကို လွမ်းနေတာပါပဲ”

ယဲ့လုဖုန်းမှ မေးသည်။

“ဦးလေးအားအာထိုက် လုံကျင်းလက်ဖက်ရည်သောက်မလားဗျ”

အားအာထိုက်သည် လက်ဝှေ့ယမ်းလျက် ပြောသည်။

“ငါက ဟန့်လူမျိုးတွေရဲ့ လက်ဖက်ရည်နဲ့ အသားမကျပါဘူး။ သခင်ကြီးယဲ့လု ကျုပ်ဒီနေ့ ရောက်လာရတာက ထာရာမိသားစုအတွက် တရားမျှတမှုတောင်းခံဖို့ပါ”

“အာ ထာရာမိသားစုရဲ့ကိစ္စလား။ အဲဒီအကြောင်း ကျွန်တော် ကြားပြီးပါပြီ။ လူသတ်သမားက တကယ့်ကို ရဲတင်းလွန်းတာပါပဲ။ ဦးလေးအားအာထိုက် စိတ်ချထားပါ။ ကျွန်တော် စီရင်စုက စစ်သည်အင်အားအားလုံးကို မိန်ဂိုဏ်းသားတွေကို ဖမ်းဆီးဖို့ စေခိုင်းထားပြီးပါပြီ။ ညီနောင်ထာရာတို့မိသားစုအတွက် သေချာပေါက် လက်စားချေပေးမှာပါ”

ယဲ့လုဖုန်းမှ အားအာထိုက်ကို စိတ်အားထက်သန်စွာဖြင့် ပြောသည်။ အားအာထိုက်သည် တွန့်ဆုတ်သွားပြီးနောက် ယဲ့လုဖုန်းကို ကြည့်လျက် ပြောလာသည်။

“အဲဒါက မိန်ဂိုဏ်းရဲ့လက်ချက်ပါလို့ ဘယ်သူပြောသလဲ။ လူသတ်သမားက ကျားဖြူခန်းမအရှင်သခင် ချန်ကျိုစစ်ပဲ”

“မဖြစ်နိုင်တာဗျာ ဟားဟားဟား… ကျွန်တော် အမှုအကြောင်း အစီရင်ခံစာကို ဖတ်ထားပြီးပါပြီ။ မိန်ဂိုဏ်းသားတွေရဲ့လက်ချက်ပါပဲ”

ယဲ့လုဖုန်း ထပ်မံ ရယ်မောလိုက်သည်။

အားအာထိုက်သည် ယဲ့လုဖုန်းအား စူးစိုက်ကြည့်လျက် ပြောသည်။

“သခင်ကြီးယဲ့လု လှည့်ဖျားခံနေရမှာပဲ စိုးမိပါတယ်။ ဟန့်လူမျိုးတွေရဲ့ အမှုတင်ပြချက်ကို သခင်ကြီးယဲ့လုက ယုံကြည်တယ်လား။ သူတို့အားလုံးက တစ်ကျိတ်တည်းတစ်ဉာဏ်တည်းတွေ။ သခင်ကြီးယဲ့လု မင်းက ငါတို့မုလန်လူမျိုးတွေရဲ့ စီရင်စုအုပ်ချုပ်ရေးမှူးပါ၊ ဟန့်လူမျိုးတွေရဲ့ စီရင်စုအုပ်ချုပ်ရေးမှူး မဟုတ်ဘူး။ မင်း ငါတို့ဘက်ကနေ ရပ်တည်ပေးသင့်တယ်”

ထိုစကားကို ယဲ့လုဖုန်းသည် မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ ပြန်ပြောသည်။

“ဦးလေးအားအာထိုက် ဦးလေးပြောတာ မှားနေပါပြီ။ ကျွန်တော်က ဟန့်လူမျိုးတွေရဲ့ စီရင်စုအုပ်ချုပ်ရေးမှူး မဟုတ်သလို မုလန်လူမျိုးတွေရဲ့ စီရင်စုအုပ်ချုပ်ရေးမှူးလည်း မဟုတ်ပါဘူး။ ကျွန်တော်က သာ့ချန်ရဲ့ စီရင်စုအုပ်ချုပ်ရေးမှူးပါ။ သာ့ချန်ရဲ့ ဥပဒေတွေကို လိုက်နာစောင့်ထိန်းရမှာက ကျွန်တော့်ရဲ့တာဝန်ပါ”

“သာ့ချန်က ငါတို့မုလန်လူမျိုးတွေရဲ့အပိုင်ပဲ မဟုတ်ဘူးလား။ ငါတို့မုလန်လူမျိုးတွေကို ကူညီပေးတာက သာ့ချန်ရဲ့ဥပေဒေကို လိုက်နာစောင့်ထိန်းတာပဲ မဟုတ်ဘူးလား”

အားအာထိုက်သည် မျက်နှာအမူအရာကို ပုံမှန်အတိုင်း ထိန်းသိမ်းထားလျက် ယဲ့လုဖုန်းကို ကြည့်နေခဲ့သည်။ သို့သော် သူ၏အတွင်းစိတ်မှာတော့ မြေခွေးအိုကြီးတစ်ကောင်ကဲ့သို့ ဖြစ်ပေသည်။

မင်းက ငါ့ကို ခက်ခဲအောင်လုပ်မယ်ပေါ့လေ ဟမ်။ အဲဒီလိုလုပ်လို့ ဘာများကွာခြားသွားမှာတဲ့လဲ။ အဲဒီနန်ရေကန်ဆားနယ်မြေက ငါ့လက်ထဲ ရောက်မလာရင် မင်း လက်ဝါးကြီးအုပ်ထားမှာပဲပေါ့။

ငါ့စိတ်ထဲ ဘာမှမသိဘူးထင်နေတာလား။

ယဲ့လုဖုန်းမှ ပြောသည်။

“ဦးလေးအားအာထိုက်ရဲ့ ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က သာ့ချန်ရဲ့စီရင်စုအုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်တာကြောင့် သမာသမတ်ကျဖို့ လိုအပ်ပါတယ်။ ဦးလေး အကျပ်ကိုင်တာကြောင့်နဲ့ ကျွန်တော်အနေနဲ့ ဥပဒေကို ဥပေက္ခာမပြုနိုင်ပါဘူး။ အဲဒါကြောင့် အရာအားလုံးမှာ သက်သေရှိဖို့ လိုအပ်ပါတယ်။ ချန်ကျိုစစ်က လူသတ်သမားလို့ ဦးလေးပြောခဲ့တယ်နော်၊ ဦးလေးမှာ သက်သေရှိပါသလား”

အားအာထိုက်မှ ပြောသည်။

“ရှိတယ်…”

ယဲ့လုဖုန်းမှ ကြားဖြတ်ပြောသည်။

“ဪ အဲဒီလိမ်ပြောနေတဲ့ အစေခံနှစ်ယောက်ကိုတော့ သက်သေမတင်သွင်းနဲ့တော့နော်။ တကယ်တမ်းကျ ကျွန်တော်တို့ မနေ့ညက အဖြစ်အပျက်အကြောင်းစုံကို ထာရာရဲ့မိခင်ကို မေးလို့ရတယ်လေ။ အဲဒီကနေမှ လူသတ်သမားအစစ်ကို ရှာလို့ရပါတယ်”

“သခင်ကြီးယဲ့လု မင်းဘာလို့ ဟန့်လူမျိုးတွေကို ကူညီပြီး ငါတို့မုလန်လူမျိုးတွေကို အခက်တွေ့အောင် လုပ်နေရတာလဲ”

အားအာထိုက် မျက်မှောင်ကြုတ်ထား၏။ ယဲ့လုဖုန်းသည် အားအာထိုက်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

“ဦးလေးအားအာထိုက် ကျွန်တော် ဘယ်သူ့ကိုမှ ဘက်မလိုက်ပါဘူး။ ကျွန်တော်က သက်သေအထောက်အထားကိုပဲ ကြည့်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရာဇဝတ်တရားသူကြီးထန်ဝမ်နျန်လည်း ရောက်နေပါတယ်။ လူသတ်သမားနဲ့ပတ်သက်ပြီး ရာဇဝတ်တရားသူကြီးပြောတာကို နားထောင်ကြည့်ရအောင်ပါ”

ယဲ့လုဖုန်းမှ ချီမုကောကို မျက်လုံးအချက်ပြလိုက်ရာ ချီမုကောမှ ချက်ချင်း ပြောသည်။

“ကျွန်တော် အခုချက်ချင်း သွားခေါ်လိုက်ပါ့မယ်”

မကြာမီ၌ ချီမုကောသည် ထန်ဝမ်နျန်နှင့် ဝူဟုန်တို့ကို ခေါ်လာခဲ့သည်။

ဝူဟုန်ကိုမြင်လိုက်သည်နှင့် အားအာထိုက်သည် မျက်မှောင်ကြုတ်သွားရကာ ရင်ထိတ်သွားခဲ့၏။ ထိုလူငယ်လေးသည် မဟုတ်မမှန်စကားများ ဆိုလိမ့်မည်မဟုတ်ကြောင်း အားအာထိုက် သိနေခဲ့သည်။

“ငယ်သား ထန်ဝမ်နျန်၊ ဝူဟုန် သခင်ကြီးယဲ့လုကို ဂါရဝပြုပါတယ်”

သူတို့နှစ်ဦး အရိုအသေပြုနှုတ်ဆက်လိုက်သည်။

ယဲ့လုဖုန်းမှ သူတို့ကိုကြည့်ပြီး ပြောသည်။

“အင်း ရောက်လာပေးလို့ မင်းတို့ကိုကျေးဇူးတင်ပါတယ်။ အခြေအနေက ဒီလိုပါ။ ဒီက ဦးလေးအားအာထိုက်က ထာရာမိသားစုကို သတ်ဖြတ်ခဲ့တဲ့ လူသတ်တရားခံကို သေချာမသိဘူးဖြစ်နေတယ်လေ။ မင်းတို့နှစ်ယောက်က ရာဇဝတ်တရားသူကြီးနဲ့ ရာဇဝတ်သားဖမ်းဆီးရေးအရာရှိတွေဆိုတော့ ဒီအမှုက မင်းတို့ရဲ့စီရင်ပိုင်ခွင့်လက်အောက်မှာပဲ။ အဲဒါကြောင့် ဒီအမှုရဲ့တရားခံက ဘယ်သူလဲဆိုတာ ငါတို့ကို ပြောပြပေးပါ”

“ဟုတ်ကဲ့”

နှစ်ယောက်မှ ပြန်တုံ့ပြန်သည်။ ထို့နောက် ထန်ဝမ်နျန်မှ ပြောသည်။

“သခင်ကြီးယဲ့လု ဒီအမှုကို ရာဇဝတ်သားဖမ်းဆီးရေးအရာရှိဝူဟုန်က ဦးဆောင်ပြီး စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပြီး တရားရုံးတော်က နောက်မှ ကြားသိခဲ့ရတာပါ။ အဲဒါကြောင့် ရာဇဝတ်သားဖမ်းဆီးရေးအရာရှိဝူဟုန် ပြောတာက ပိုကောင်းပါလိမ့်မယ်”

ထိုအခါ ဝူဟုန်သည် ချက်ချင်း အရိုအသေပြုလိုက်ရင်း ပြောသည်။

“ကောင်းပါပြီ။ ဒါဆို ကျွန်တော်ရှင်းပြပါရစေ။ တိုင်ကြားမှုကို လက်ခံရရှိပြီးတော့ ကျွန်တော်တို့ရုံးတော်က ချက်ချင်း လှုပ်ရှားခဲ့ပါတယ်။ အခင်းနေရာကို တတ်နိုင်သမျှ အမြန်ဆုံးသွားရောက်ခဲ့ပါတယ်။ အခင်းနေရာရဲ့ အခြေအနေ အနေအထားတွေအရ ထာရာမိသားစုသတ်ခဲ့တဲ့ တရားခံက ဓားသိုင်းသမားဖြစ်ပါတယ်”

“ဓားသိုင်းသမားတဲ့လား”

ယဲ့လုဖုန်း အားအာထိုက်ကို ကြည့်လိုက်သည်။ ချန်ကျိုစစ်သည် လှံကို အသုံးပြုကြောင်း လူတိုင်းသိထားပေသည်။

အားအာထိုက်မှ ပြောသည်။

“အဲဒါက ချန်ကျိုစစ်ရဲ့လှည့်ကွက်ဖြစ်နိုင်တာပဲ”

ဝူဟုန်မှ ဆက်ပြောသည်။

“မဖြစ်နိုင်ပါဘူး။ ကျွန်တော် တရားခံဓားသိုင်းသမားရဲ့ ခြေရာလက်ရာတွေကို စစ်ဆေးပြီးပါပြီ။ သဲလွန်စအများစုက အဲဒါက ဓားသိုင်းအသုံးပြုတဲ့ ဂိုဏ်းအဖွဲ့အစည်းတစ်ခုခုရဲ့ လက်ချက်လို့ ညွှန်ပြနေပါတယ်။ ပြီးတော့ တရားခံရဲ့ သိုင်းပညာက စွမ်းအင်ပြောင်းလဲခြင်းအဆင့်ပါ။ တရားခံက စွမ်းအင်ပြောင်းလဲခြင်းအဆင့် ဓားသိုင်းသမားတစ်ယောက်ပါ”

အားအာထိုက်မှ ပြောသည်။

“ချန်ကျိုစစ်ကလည်း စွမ်းအင်ပြောင်းလဲခြင်းအဆင့်ပဲလေ”

ဝူဟုန်မှ ဆက်ပြောသည်။

“ပြီးတော့ အခင်းနေရာမှာ ကျန်ခဲ့တဲ့ ခြေရာတွေအရ တရားခံက အမျိုးသမီးဖြစ်ပြီး နှစ်ယောက်ပါ။ တရားခံနှစ်ယောက်စလုံးက အရွယ်အစားတူညီတဲ့ ဖိနပ်တွေကို ဝတ်ဆင်ထားပါတယ်။ အဲဒါကြောင့် တရားခံနှစ်ယောက်ရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်က အတူတူလောက်ပဲလို့ သတ်မှတ်နိုင်ပါတယ်။ အမျိုးသားတစ်ယောက်ရဲ့ ခြေရာလက်ရာ လုံးဝ မတွေ့ရှိခဲ့ပါဘူး”

“ဒါက…”

အားအာထိုက်သည် ပြောစရာစကား ရှာမရတော့သဖြင့် တိတ်သွားခဲ့သည်။

ထို့နောက် ဝူဟုန်မှ ပြောသည်။

“ပြီးတော့ လူသတ်သမားက အခင်းနေရာမှာ စာရေးချန်ထားခဲ့ပါတယ်။ သခင်ကြီးယဲ့လု ကြည့်လို့ရအောင် ကျွန်တော် ပုံကူးယူလာခဲ့ပါတယ်။ ပြေပြစ်လှပတဲ့ လက်ရေးလက်သားအရ အမျိုးသမီးလက်ရေးဆိုတာ ထင်ရှားပါတယ်။ ချန်ကျိုစစ်ရဲ့လက်ရေး မဟုတ်ပါဘူး။ ဒီမှာ ကျွန်တော့်မှာ နှိုင်းယှဉ်ကြည့်ဖို့အတွက် ချန်ကျိုစစ်ရဲ့လက်ရေးနမူနာ ရှိပါတယ်”

ယဲ့လုဖုန်းမှ ထပ်လောင်းပြောဆိုသည်။

“အင်း လက်ရေးနဲ့ပတ်သက်ရင် ငါအတော်လေး နားလည်တတ်ကျွမ်းတယ်။ ဒီလက်ရေးတွေက လူတစ်ယောက်တည်းက ရေးထားတာ လုံးဝ မဟုတ်ဘူး”

“နောက်ဆုံးအနေနဲ့ ဒီလောက်အမှုအကြီးကြီးဖြစ်သွားခဲ့တာတောင် သေဆုံးသူတွေရဲ့မိသားစုက လူရှေ့ထွက်မလာတာကို ထူးဆန်းတယ်လို့ ထင်မိပါတယ်။ အဲဒါကြောင့် သေဆုံးသူရဲ့မိခင်ကို အမှန်အတိုင်း သက်သေထွက်ဆိုပေးဖို့အတွက် ဖိတ်ခေါ်သင့်တယ်လို့ အကြံပြုချင်ပါတယ်”

All Chapters