← Chapters

အခန်း (၅၆၄)

Vol. 46 Ch. 564

အခန်း (၅၆၄)

Vol. 46 Ch. 564

ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်၌

နန်ပါးထျန်းသည် ချန်ကျဲ့၏ ချောက်ချခံရပြီးချိန်မှ စတင်၍ စိတ်မအေးနိုင်ဘဲ ဖြစ်နေခဲ့သည်။ နန်ပါးထျန်းသည် အဖွဲ့သားများကို ဦးဆောင်ကာ မိန်ဂိုဏ်းသားများကို မြို့အနှံ့ ရှာဖွေနေခဲ့သည်။

နန်ပါးထျန်းသည် မြို့တစ်ခုလုံးကို အထက်အောက်လှန်လှောပြီးဖြစ်သည့်တိုင် မိန်ဂိုဏ်းသားများကိုလည်း ရှာမတွေ့ခဲ့သလို စစ်သုံးပစ္စည်းများကိုလည်း ရှာမတွေ့ချေ။

နန်ပါးထျန်းသည် စိတ်ဓာတ်ပျက်ပြားလာရကာ ခေါင်းမပါသည့် ကြက်တစ်ကောင်အလား လှည့်ပတ်ပြေးလွှားနေတော့သည်။ အခြားကိစ္စများကို အချိန်ပေးရန်လည်း မတတ်နိုင်တော့သဖြင့် တစ်ဖက်ရှိ ဟွမ်ဝမ်အာသည်လည်း အနောက်ခြံဝင်းထဲတွင် အတော်လေး ငြိမ်းချမ်းသွားခဲ့သည်။

သို့သော်ငြား ငါးဖမ်းကုန်သည်အဖွဲ့တစ်ခုလုံးသည်တော့ တင်းမာလေးလံသည့် လေထုအခြေအနေဖြင့် ဝါးမြိုခြင်းခံထားရပေသည်။ သူတို့သည် နှစ်ရက်လုံးလုံး ရှာဖွေခဲ့ပြီး မျန့်ရွှေမြို့တစ်ခုလုံးနီးပါး ရှာဖွေပြီးသည့်တိုင် ဘာကိုမျှ ရှာမတွေ့ခဲ့ချေ။ စီရင်စုအုပ်ချုပ်ရေးမှူးမှ ပေးထားသည့်အချိန်မှာ နီးကပ်လာနေပြီဖြစ်ပြီး ၁၃ရက်သာလျှင် ကျန်ရစ်တော့သည်။

နန်ပါးထျန်းသည် အသည်းအသန်အခြေအနေ ဖြစ်နေခဲ့၏။

သို့သော် သူ့တွင် လုပ်ဆောင်နိုင်စွမ်း ကင်းမဲ့နေခဲ့သည်။ နန်ပါးထျန်းမှ ဘာဆက်လုပ်ရမည် မစဉ်းစားနိုင်ဘဲ ခေါင်းကုတ်နေရချိန်တွင် ထန်ဇီယွဲ့ ရောက်လာခဲ့သည်။

“ခေါင်းဆောင်ကို ဂါရဝပြုပါတယ်”

ထန်ဇီယွဲ့မှ နန်ပါးထျန်းကို အရိုအသေပြုနှုတ်ဆက်သည်။ နန်ပါးထျန်းမှ ပြန်ပြောသည်။

“ဇီယွဲ့ အခုက ဘယ်လိုအချိန်မို့လို့ ဒီလိုယဉ်ကျေးမှုထုံးတမ်းတွေကို ထိန်းသိမ်းနေရသေးတာလဲ။ မြန်မြန်လာ မြန်မြန် ငါဒီမှာ စိတ်ပူလို့သေတော့မယ်”

“ခေါင်းဆောင် အရမ်းမစိုးရိမ်ပါနဲ့။ ဇီယွဲ့က ခေါင်းဆောင်ရဲ့ပြဿနာတွေကို ဝန်လျှော့ချပေးဖို့ လာခဲ့တာပါ”

“အို ဇီယွဲ့က ငါ့ရဲ့စိုးရိမ်ပူပန်မှုတွေကို သိသလား”

နန်ပါးထျန်း၏မျက်လုံးများ တောက်ပသွား၏။ ထန်ဇီယွဲ့မှ ပြုံးလျက် ပြောသည်။

“ကျွန်တော် သေချာပေါက် ခေါင်းဆောင်ရဲ့စိုးရိမ်ပူပန်မှုတွေကို သိတာပေါ့ဗျာ။ မိန်ဂိုဏ်းသားတွေကို ဖမ်းဆီးဖို့နဲ့ သူပုန်စစ်တပ်ရဲ့လက်နက်တွေကို ရှာဖွေသိမ်းယူရမယ့် တာဝန်ကြောင့် မဟုတ်ပါလား”

နန်ပါးထျန်းမှ ပြောသည်။

“အမှန်ပဲ အမှန်ပဲ။ ငါ ဒီနှစ်ရက်မှာ မင်းလည်း အနားမှာ မရှိတော့ အရမ်းစိုးရိမ်နေခဲ့တာ။ ဒါနဲ့ ဇီယွဲ့ မင်း ဒီရက်တွေထဲ ဘယ်ရောက်နေခဲ့တာလဲ”

ထန်ဇီယွဲ့မှ ပြန်ပြောသည်။

“ကျွန်တော် မျန့်ရွှေတစ်ဝိုက်ကို လှည့်လည်သွားလာပြီး သတင်းအချက်အလက်တချို့ စုဆောင်းနေခဲ့တာပါ”

“အို မင်းဘာတွေများ ရှာတွေ့ထားပြီလဲ”

နန်ပါးထျန်းမှ ထောက်ပြပြောဆိုရာ ထန်ဇီယွဲ့မှ နန်ပါးထျန်းကို ကြည့်လျက် ပြောသည်။

“ခေါင်းဆောင် လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ ခေါင်းဆောင်က မိန်ဂိုဏ်းသားသူပုန်တွေကို ရှာဖွေဖို့အတွက် ကျွန်တော်တို့ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ထောင်ကျော်ကို လှုပ်ရှားစေခဲ့ပြီးပါပြီ။ ခေါင်းဆောင်အနေနဲ့ ရလဒ်တစ်ခုခုများ ရရှိခဲ့ပါသလား”

ထိုအခါ နန်ပါးထျန်းသည် ခပ်မဲ့မဲ့ပြုံးလိုက်ပြီး ပြောသည်။

“လုံးဝပဲ”

ထန်ဇီယွဲ့မှ မေးသည်။

“ခေါင်းဆောင် ဘယ်နေရာတွေကို ရှာဖွေခဲ့လဲ”

နန်ပါးထျန်းမှ ပြန်ပြောသည်။

“မြို့ရဲ့ထောင့်တစ်ထောင့်ပါ မကျန်အောင် ရှာခဲ့ပြီးပြီ။ ဒါပေမဲ့ ဘာမှရှာမတွေ့ခဲ့ဘူး”

ထိုအခါ ထန်ဇီယွဲ့မှ ပြောသည်။

“အဲဒီလိုဆိုမှတော့ ခေါင်းဆောင် ပြဿနာကို နားမလည်သေးဘူးလား”

“ဘာပြဿနာလဲ”

နန်ပါးထျန်းသည် နားမလည်နိုင်စွာဖြင့် ထန်ဇီယွဲ့ကို ကြည့်နေခဲ့သည်။ ထန်ဇီယွဲ့သည် သူ၏ယပ်တောင်ကို ဖျတ်ခနဲ ဖြန့်ကားလိုက်ရင်း ပြော၏။

“ခေါင်းဆောင် အကျိုးရလဒ်မရှိသေးတာက အကြီးမားဆုံး အကျိုးရလဒ်ပါပဲ။ အလျင်မလိုပါနဲ့။ အရင်ဆုံး အခြေအနေကို ခွဲခြမ်းစိတ်ဖြာကြည့်ရအောင်ပါ”

“ဘာကို ခွဲခြမ်းစိတ်ဖြာရမှာလဲ”

ထန်ဇီယွဲ့မှ ဆက်ပြောသည်။

“မြို့ထဲက ခေါင်းဆောင် မရှာရသေးတဲ့နေရာတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရမှာပါ”

နန်ပါးထျန်းမှ ပြန်ပြန်သည်။

“မရှာရသေးတဲ့နေရာတွေက အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ အိမ်တော်တွေ၊ အစိုးရရုံးတော်နဲ့ တခြားကုန်သည်အဖွဲ့တွေပဲ ရှိတော့တယ်။ တကယ့်ကို နေရာတချို့ ကျန်နေသေးတာပါပဲလား”

ထန်ဇီယွဲ့မှ ပြောသည်။

“အဲဒါကြောင့် မိန်ဂိုဏ်းက အဲဒီနေရာတွေက အဲဒီလူတွေနဲ့ ပူးပေါင်းထားတာ ဖြစ်နိုင်ခြေများပါတယ်”

“အိုး ဟုတ်တာပဲ ဟုတ်တယ် ဟုတ်တယ် ခန်းမအရှင်သခင်ထန်၊ မင်း ကျေးဇူးပြုပြီး ထိုင်နေလိုက်ပါဦး”

နန်ပါးထျန်း၏ ထိုသို့အပြုအမူတွင် ထန်ဇီယွဲ့သည် အနည်းငယ် စိတ်ကြီးဝင်သွား၏။ သို့သော် ထန်ဇီယွဲ့မှ ပြောသည်။

“နေပါဦး ခေါင်းဆောင် ဘယ်သွားမလို့လဲ”

နန်ပါးထျန်းမှ ပြန်ပြောသည်။

“ငါ့လူတွေခေါ်သွားပြီး အဲဒီနေရာတွေကို ရှာဖွေစစ်ဆေးမလို့လေ”

ထန်ဇီယွဲ့ ခေါင်းခါရမ်းလိုက်ပြီး ပြောသည်။

“ခေါင်းဆောင်က အရမ်းအလျင်လိုလွန်းနေတာ မဟုတ်ဘူးလားဗျာ။ ခေါင်းဆောင်က အဲဒီနေရာတွေကို ရှာဖွေစစ်ဆေးနိုင်မှာတဲ့လား”

“ခေါင်းဆောင် မရှာရသေးတဲ့ အဲဒီနေရာတွေ တစ်ခုချင်းစီတိုင်းက အင်အားကြီးမားတဲ့ ကိုယ်ပိုင်ကျောထောက်နောက်ခံတွေရှိပြီး နက်နက်ရှိုင်းရှိုင်း ယှက်နွယ်နေကြတာပါ။ ခေါင်းဆောင်က အတင်းဝင်ရောက်ပြီး ရှာဖွေမယ်ဆိုရင် အားလုံးကို သေလောက်အောင် အပြစ်ပြုလိုက်သလို ဖြစ်သွားလိမ့်မယ် မဟုတ်ပါလား။ တစ်ခုခုရှာတွေ့ခဲ့ရင် ခေါင်းဆောင်က လူတွေရဲ့ထောက်ခံအားပေးမှုကို ဆုံးရှုံးရမှာမို့ အကျိုးအမြတ်ထက် ဆုံးရှုံးမှုက ပိုများမှာပါ။ ပြီးတော့ သူတို့တွေလည်း အားလုံးပြင်ဆင်ထားလောက်မှာ သေချာပါတယ်။ ခေါင်းဆောင် သွားရှာခဲ့ရင်တောင်မှ အဆုံးမှာ ဘာမှရှာတွေ့နိုင်မှာ မဟုတ်ပါဘူး”

ထိုအခါ နန်ပါးထျန်းသည် မျက်မှောင်ကြုတ်သွားကာ ထိုင်ချလိုက်သည်။

“အင်း အဲဒီလိုဘာမှရှာမတွေ့နိုင်ဘူးဆိုရင် ဘာလို့ အဲဒီနေရာတွေအကြောင်းကို ပြောရတာလဲ”

ထန်ဇီယွဲ့မှ အကြံပြုသည်။

“ခေါင်းဆောင် ကိစ္စကြီးတွေကို အောင်မြင်ဖို့အတွက်ဆိုရင် အလျင်စလို မပြုမူသင့်ပါဘူး။ အတိအကျပြောရရင်တော့ ကျွန်တော်တို့ရဲ့ချဉ်းကပ်ပုံကို ပြောင်းလဲလိုက်မယ်ဆိုရင် အသုံးဝင်မယ့် သတင်းအချက်အလက်တွေကို ရလာနိုင်ပါတယ်”

“ဘယ်လိုမျိုးလဲ”

ထန်ဇီယွဲ့သည် သူ့ကိုယ်သူ ယပ်တောင်ဖြင့် အကြိမ်အနည်းငယ် ယပ်ခပ်လိုက်ပြီးနောက် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို တစ်ငုံယူသောက်လိုက်သည်။ ထို့နောက် ပြောသည်။

“ကျွန်တော်တို့ မိန်ဂိုဏ်းရဲ့ လက်နက်ထုတ်လုပ်ရတဲ့အကြောင်းအရင်းကို စဉ်းစားကြည့်ရအောင်”

“မြောက်ပိုင်းဒေသသူပုန်တပ်ကို ထောက်ပံ့ဖို့လေ”

နန်ပါးထျန်းမှ ပြောသည်။ မြောက်ပိုင်းဒေသ၌ သူပုန်စစ်တပ်သည် အပြင်းအထန် တိုက်ခိုက်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ လက်နက်ထုတ်လုပ်ရသည့်အကြောင်းအရင်းမှာ မြောက်ပိုင်းသူပုန်တပ်ကို ထောက်ပံ့ရန်အတွက်ဖြစ်ကြောင်း မည်သူက မသိဘဲ ရှိပါမည်နည်း။ ထန်ဇီယွဲ့၏ ဤမေးခွန်းမှာ အနည်းငယ် ဆန်းကြယ်လှပေသည်။

ထန်ဇီယွဲ့မှ ပြန်ပြောသည်။

“မှန်ပါတယ်။ မြောက်ပိုင်းသူပုန်စစ်တပ်ကို ထောက်ပံ့ဖို့အတွက်ပါ။ အဲဒါကြောင့် ခေါင်းဆောင် မြောက်ပိုင်းဒေသတိုက်ပွဲရဲ့ လက်ရှိအခြေအနေက ဘာပါလဲ”

နန်ပါးထျန်းမှ ပြောသည်။

“မိန်ဂိုဏ်းက အတော်လေး အင်အားကြီးမားတယ်။ သူတို့က မုလန်လူမျိုးတွေနဲ့ ပါးကိုက်နားကိုက် တိုက်ခိုက်နေကြတာ။ လက်ရှိအခြေအနေကတော့ ရပ်နေတယ် ပြောရမှာပဲ”

ထန်ဇီယွဲ့မှ ဆက်ပြောသည်။

“ဟုတ်ပါတယ် ရပ်နေတာပါ ခေါင်းဆောင်။ အခု မြောက်ပိုင်းဒေသက လက်နက်တွေကို ပမာဏအများကြီး လိုအပ်နေတာပါ။ ဒါပေမဲ့ မိန်ဂိုဏ်းက ထုတ်လုပ်တဲ့လက်နက်တွေကတော့ မြောက်ပိုင်းဒေသကို ထောက်ပံ့ဖို့ဆိုတာ သံသယဝင်စရာ မရှိပါဘူး။ သူတို့အတွက်က နှောင့်နှေးလို့ မဖြစ်တဲ့အခြေအနေပဲ။ တစ်လ၊နှစ်လလောက်ပဲ အချိန်ဆွဲထားလိုက်ရင် ပြီးတော့ ပို့ဆောင်ရမယ့်အချိန်ကိုပါ ထည့်တွက်မယ်ဆိုရင် အဲဒီစစ်လက်နက်ပစ္စည်းတွေ မြောက်ပိုင်းဒေသကို ရောက်ဖို့က နှစ်ဝက်လောက် ကြာသွားပါလိမ့်မယ်။ အဲဒီအခါကျရင် သူတို့လည်း အရေးနိမ့်နေလောက်ပါပြီ”

“အဲဒီအခြေအနေက မိန်ဂိုဏ်းအနေနဲ့ လုံးဝ ခံနိုင်ရည်မရှိတဲ့ အခြေအနေပါ။ အဲဒါကြောင့် မိန်ဂိုဏ်းက အခုလက်ရှိမှာ အရမ်းကိုမှ အလျင်လိုနေတယ်လို့ ကျွန်တော် သုံးသပ်မိပါတယ်”

“အလျင်လိုတယ်တဲ့လား။ သူတို့က အလျင်လိုနေတယ်ပေါ့။ ငါက ပိုပြီး စိုးရိမ်ထိတ်လန့်နေရတယ်ကွ”

နန်ပါးထျန်းမှ အော်ပြောရာ ထန်ဇီယွဲ့မှ ပြန်ပြောသည်။

“ခေါင်းဆောင် အခု ကျွန်တော်တို့လုပ်ရမှာက ဘယ်သူက ဟန်မပျက်ထိန်းထားနိုင်မလဲဆိုတာကို စောင့်ကြည့်ဖို့ပါပဲ။ ပြီးတော့ သူတို့လည်း အလျင်လိုနေတာကြောင့်မို့လို့ ဟာကွက်ပေါ်ထွက်လာမှာပါ”

“ဟာကွက်တဲ့လား ဘယ်လိုဟာကွက်လဲ”

နန်ပါးထျန်းသည် သိချင်စိတ်ပြင်းပြလာခဲ့သည်။ ထန်ဇီယွဲ့မှ ရှင်းပြသည်။

“ခေါင်းဆောင် သူတို့အလျင်လိုနေပုံမျိုးနဲ့ဆိုရင် လက်နက်တွေကို မြို့ပြင်ပို့ဖို့အတွက် မဖြစ်မနေ နည်းလမ်းရှာရမှာပါ။ သူတို့မှာ နှောင့်နှေးဖို့ မတတ်နိုင်ပါဘူး။ မြောက်ပိုင်းဒေသရဲ့ တိုက်ပွဲကြီးအမီ လက်နက်တွေ ရောက်ရှိနိုင်အောင်လို့ နောက်အကျဆုံးမှ နောက်လဝက်အတွင်းမှာ သူတို့လှုပ်ရှားလာပါလိမ့်မယ်။ ဆိုလိုတာက သူတို့ဘက်က လှုပ်ရှားမယ်ဆိုရင် နောက်လဝက်အတွင်းအတွင်းမှာ ဖြစ်လိမ့်မယ်လို့ ဆိုလိုတာပါ”

ထိုအခါ နန်ပါးထျန်း ခေါင်းညိတ်လိုက်သည်။ လက်နက်များ မြို့ပြင်ပို့ဆောင်မည့် အစီအစဉ်ကို နောက်လဝက်အတွင်း လှုပ်ရှားလာလိမ့်မည်။ ထိုအချိန်တွင် လက်နက်များသယ်ယူပို့ဆောင်မည့် ကြာချိန်ကို ပေါင်းထည့်တွက်ပါက သူပုန်စစ်တပ်နှင့် မုလန်လူမျိုးတို့၏ တိုက်ပွဲကြီးအမီ နောက်တစ်လ၊နှစ်လအတွင်း လက်နက်များ မြောက်ပိုင်းဒေသသို့ ရောက်ရှိနိုင်ပေလိမ့်မည်။

ထန်ဇီယွဲ့မှ ဆက်ပြောသည်။

“အခု မျန့်ရွှေစီရင်စုတစ်ခုလုံးက ညမထွက်ရအမိန့်အောက်မှာ ကျရောက်နေတာ။ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ရဲ့ စစ်သည်တွေနဲ့ ဂိုဏ်းအဖွဲ့အသီးသီးက အဖွဲ့သားတွေကလည်း မြို့ဂိတ်တံခါးကြီးလေးခုမှာ အဆက်မပြတ် စောင့်ကြပ်နေသေးတယ်။ အဲဒီလိုအစောင့်တင်းကြပ်ပုံမျိုးနဲ့ဆို မိန်ဂိုဏ်းက အင်အားသုံးပြီး မြို့ပြင်ထွက်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ပို့ဆောင်ဆက်သွယ်ရေးအတွက် တာဝန်ရှိတဲ့ မိန်ဂိုဏ်းသားတွေကိုလည်း စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က ဖမ်းမိထားတယ်။ ဆိုလိုတာက မိန်ဂိုဏ်းက မြို့ပြင်ထွက်ချင်တယ်ဆိုရင် ပြင်ပအကူအညီကို မလွဲမသွေ ယူရမှာပါ”

All Chapters