အခန်း (၅၆၅)
Vol. 46 Ch. 565
“ခေါင်းဆောင် အခု မြို့ထဲမှာ ပစ္စည်းပမာဏအများကြီးကို သယ်ယူပို့ဆောင်နိုင်တဲ့ အင်အားမျိုး ဘယ်သူ့မှာရှိမယ်ထင်ပါသလဲ”
ထန်ဇီယွဲ့မှ မေးသည်။
ထိုအခါ နန်ပါးထျန်းမှ ပြောသည်။
“အတော်များများမှာ ရှိကြတာပဲ။ ငါတို့ငါးဖမ်းကုန်သည်အဖွဲ့၊ ချောင်ကုန်သည်အဖွဲ့၊ စွင်းမျိုးနွယ်ရဲ့ ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်း၊ ပြီးတော့…”
“ကျားဖြူခန်းမရဲ့ချန်ကျိုစစ်”
ထန်ဇီယွဲ့ ရယ်မောလိုက်သည်။ နန်ပါးထျန်းမှ ထပ်ပြောသည်။
“ဟုတ်တယ် ချန်ကျိုစစ်လည်း လုပ်နိုင်စွမ်းရှိတာပဲ”
ထန်ဇီယွဲ့မှ ပြောသည်။
“လွန်ခဲ့တဲ့ရက်တွေတုန်းက ကျွန်တော် ကိစ္စတစ်ခုကို စုံစမ်းနေခဲ့တာပါ။ အခုတော့ ကျွန်တော်သိသွားပြီ၊ မြို့ပြင်ထွက်တဲ့အခါ ကျွန်တော်တို့ငါးဖမ်းကုန်သည်အဖွဲ့ပဲဖြစ်ဖြစ်၊ ချောင်ကုန်သည်အဖွဲ့ဖြစ်ဖြစ်၊ ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်းဖြစ်ဖြစ် အားလုံး စစ်ဆေးခံရမှာပါ။ ဘယ်သူမှ ချွင်းချက်မရှိပါဘူး။ အဲဒါကြောင့် မိန်ဂိုဏ်းက ကျွန်တော်တို့အဖွဲ့အစည်းတွေထဲက တစ်ခုခုကို လာရှာပြီး စစ်လက်နက်ပစ္စည်းတွေကို မြို့ပြင်ပို့ဆောင်ချင်ရင်တောင် တကယ်တမ်း လုပ်ဆောင်ဖို့က အရမ်းခက်ခဲမှာပါ”
“မင်း တကယ်ပဲ ဒီလောက်အများကြီးပြောနေတာ ဘာကိုဆိုလိုချင်တာလဲ”
ထန်ဇီယွဲ့မှ ပြောသည်။
“ဒါပေမဲ့ ခေါင်းဆောင် အဲဒါကို လုပ်နိုင်တဲ့သူ တစ်ယောက်တော့ ရှိပါတယ်။ မြို့ပြင်ထွက်တဲ့အခါ စစ်ဆေးခံဖို့ မလိုအပ်တဲ့သူပါ”
“ဘယ်သူလဲ”
နန်ပါးထျန်းမှာ မျက်မှောင်တွန့်ချိုးနေလေပြီ။ ထို့နောက် ထန်ဇီယွဲ့သည် နာမည်တစ်ခုကို ဖြည်းညင်းစွာ ပြောလာခဲ့သည်။
“ချန်ကျိုစစ်”
“ချန်ကျိုစစ်လား၊ သူက ဘာလို့ စစ်ဆေးမခံရတာလဲ”
နန်ပါးထျန်း၏ မျက်ခုံးနှစ်ခုမှာ ထိစပ်လုနီးပါးပင်။
ချန်ကျိုစစ်က ဘာမို့လို့ စစ်ဆေးမခံရမှာလဲ။
ထန်ဇီယွဲ့သည် အနည်းငယ်မျက်မှောင်ကြုတ်လျက် နန်ပါးထျန်းကို ကြည့်လိုက်သည်။
ခေါင်းဆောင်က အခုထိ နားမလည်သေးဘူးလား။ ငါဒီလောက်အထိ ပြောခဲ့ပြီးတာတောင်လေ..
သာမန်ပစ္စည်းတွေကတေော့ အစစ်ဆေးခံရမှာပါပဲ။ ဒါပေမဲ့ စစ်ဆေးလို့မရတဲ့အရာတစ်ခု ရှိတယ်လေ။
ထန်ဇီယွဲ့မှ ပြောသည်။
“ခေါင်းဆောင် နောက်သုံးရက်နေရင် ချန်ကျိုစစ် စျာပနအခမ်းအနားကျင်းပမှာကို မေ့သွားပြီလား”
နန်ပါးထျန်း ခဏမျှ တွေဝေသွား၏။ ထို့နောက် ပြောသည်။
“စျာပနအခမ်းအနား.. အင်း ငါသိတယ် ဒါပေမဲ့ အဲဒါက ဘာဖြစ်လို့လဲ”
ထန်ဇီယွဲ့ သိသိသာသာ မျက်မှောင်ကြုတ်သွားတော့သည်။
ငါ စာလုံးပါ ပေါင်းပြရမှာလားပဲ။
ထန်ဇီယွဲ့သည် စာပေပညာရှင်တစ်ဦးဖြစ်သောကြောင့် သွယ်ဝိုက်ဖွဲ့နွဲ့ကာ ပြောဆိုရခြင်းကို ကြိုက်နှစ်သက်သည်။ ထိုသို့ပြောဆိုခြင်းသည် ဉာဏ်ပညာပိုမိုမြင့်မားသည်ဟု ထင်မှတ်ရစေရာ စာပေပညာရှင်များ၏ အလေ့အကျင့်တစ်ခုဖြစ်ပါ၏။
နန်ပါးထျန်းမှ မေးသည်။
“မင်း တကယ်ပဲ ဘာပြောချင်တာလဲ”
ထန်ဇီယွဲ့မှ ပြောသည်။
“စျာပနအခမ်းအနား၊ ခေါင်းတလား.. ခေါင်းဆောင် ခေါင်းတလားတွေ မြို့ပြင်ထုတ်တဲ့အခါ စစ်ဆေးမခံရပါဘူး။ ချန်ကျိုစစ်က ခေါင်းတလားတွေထဲမှာ စစ်လက်နက်ပစ္စည်းတွေကို ဖွက်ထားပြီး အလွယ်တကူ ခိုးထုတ်သွားနိုင်ပါတယ်”
“အာ ခေါင်းတလားပဲ။ လူတစ်ယောက်ရဲ့ခေါင်းတလားကို ဘယ်သူက စစ်ဆေးပါ့မလဲ။ အထူးသဖြင့် စီရင်စုအုပ်ချုပ်ရေးမှူးယဲ့လုကိုယ်တိုင် ခွင့်ပြုထားတဲ့ ကျားဖြူခန်းမ သူရဲကောင်းတွေရဲ့ ခေါင်းတလားကိုပေါ့။ စစ်ဆေးတဲ့သူက ချန်ကျိုစစ်နဲ့ ရန်သူလုပ်လိုက်တာဖြစ်ပြီး သခင်ကြီးယဲ့လုကို မျက်နှာပျက်စေတာပဲ မဟုတ်ပေလား။ အဲဒါကြောင့် ဘယ်သူကများ ချန်ကျိုစစ်တို့ကျားဖြူခန်းမရဲ့ ခေါင်းတလားကို စစ်ဆေးတဲ့အထိ မိုက်မဲပါ့မလဲ”
“အဲဒီလိုဆို ခေါင်းတလားကို သုံးပြီး စစ်လက်နက်ပစ္စည်းတွေ ဖွက်တာက တကယ် အဆင်ပြေတဲ့နည်းလမ်းပဲ။ အဲဒီနည်းလမ်းနဲ့ လူအများကို လှည့်စားပြီး မြို့ပြင်ကို ပစ္စည်းတွေ ပို့ဆောင်နိုင်လိမ့်မယ်”
သေချာစဉ်းစားတွေးတောပြီးနောက် နန်ပါးထျန်းမှ ပြောသည်။
“ကောင်းပြီလေ ချန်ကျိုစစ်၊ မင်းက မိန်ဂိုဏ်းကို ကူညီပြီး စစ်လက်နက်ပစ္စည်းတွေ ပို့ဆောင်ပေးတဲ့အထိ အရမ်းတွေ သတ္တိကောင်းနေတယ်ပေါ့လေ။ ဒီတစ်ခေါက်တော့ ချန်ကျိုစစ် မင်း သေချာပေါက် သေရမယ်”
ထိုသို့ပြောလျက် နန်ပါးထျန်းသည် ထရပ်လိုက်သည်။ ထို့နောက် အော်ပြော၏။
“တစ်ယောက်ယောက်လာစမ်း”
ထိုအခါ ထန်ဇီယွဲ့မှ အမြန်ပြောလာ၏။
“ခေါင်းဆောင် အခု ဘာလုပ်မလို့ပါလဲ”
“အင်အားသုံးပြီး ကျားဖြူခန်းမကို ရှာဖွေစစ်ဆေးမလို့လေ။ ဒီတစ်ကြိမ်တော့ ငါ အဲဒီကောင်ကို သေချာပေါက် လက်ပူးလက်ကြပ် ဖမ်းပြမယ်”
ထန်ဇီယွဲ့မှ ပြောသည်။
“ခေါင်းဆောင် ဘယ်လိုလုပ်ပြီး အဲဒီလိုဖမ်းဆီးဖို့ တွေးရတာပါလဲ။ ပြီးတော့ စျာပနအခမ်းအနားနေ့က နောက်သုံးရက်နေမှလေ။ ဒီကြားထဲမှာ အများကြီး ပြောင်းလဲနိုင်ပါသေးတယ်။ ချန်ကျိုစစ်ရဲ့ ဉာဏ်များပုံမျိုးနဲ့ဆို စစ်လက်နက်ပစ္စည်းတွေကို ကျားဖြူခန်းမထဲမှာ ဖွက်မထားလောက်ပါဘူး။ ကျွန်တော်တို့ အခုသွားရှာရင် သူ့ကို သတိပေးလိုက်သလိုဖြစ်သွားပြီး လက်ဗလာနဲ့ ပြန်လာရပါလိမ့်မယ်။ ကျွန်တော်တော့ ဒီလိုသွားရှာဖွေမှာကို အားမပေးပါဘူး”
ထန်ဇီယွဲ့၏စကားတွင် နန်ပါးထျန်း မျက်မှောင်ကြုတ်သွား၏။
“ဒီနည်းလမ်းကို အားမပေးတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ငါတို့က ချန်ကျိုစစ် စစ်လက်နက်ပစ္စည်းတွေကို မြို့ပြင်ထုတ်တာကို ဒီတိုင်းထိုင်ကြည့်နေရမှာလား။ နောက်ဆုံးကျ ငါတို့ပဲ အပြစ်တင်ခံရပြီး သခင်ကြီးယဲ့လုရဲ့ သေဒဏ်ပေးခံရမှာကိုလေ”
ထန်ဇီယွဲ့မှ ပြောသည်။
“သေချာပေါက် ဘာမှမလုပ်ဘဲ နေလို့တော့ မရဘူးပေါ့။ ခေါင်းဆောင် ကျွန်တော်တို့ဘက်က အသေချာဆုံးဖြစ်ချင်တယ်ဆိုရင် ချန်ကျိုစစ် ဘာဆင်ခြေမှ မပေးနိုင်အောင်လို့ လူရှေ့မှာ ပေါ်ပေါ်ထင်ထင်နဲ့ လက်ဦးမှုယူပြီး လှုပ်ရှားဖို့လိုအပ်ပါတယ်”
“အဲဒါကြောင့် ခေါင်းဆောင် အခုလုပ်ရမှာက ဒီနှစ်ခုပဲရှိတယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်။ တစ်အချက် ဒီကိစ္စကို သခင်ကြီးယဲ့လုကို တင်ပြရပါမယ်။ နှစ်အချက် ချန်ကျိုစစ် သံသယမဝင်အောင်လို့ လမ်းတွေထဲမှာ ရှာဖွေတာကို အရှိန်မလျှော့ဘဲ ဆက်လက်လုပ်ဆောင်ရပါမယ်။ သုံးအချက် စျာပနအခမ်းအနားနေ့ကျရင် မြို့ဂိတ်တံခါးမှာ ခေါင်းတလားတွေကို လူပုံအလယ်မှာ ဖွင့်ပြီး စစ်ဆေးရပါမယ်။ အဲဒီလိုမှ သူ့ရဲ့မျက်နှာဖုံးနောက်ကွယ်က အပြုအမူတွေကို လူတိုင်း မြင်တွေ့နိုင်သွားမှာပါ။ ဒါဆို ချန်ကျိုစစ်လည်း သေဒဏ်ကနေ မလွတ်မြောက်နိုင်တော့ပါဘူး”
ထိုစကားအဆုံး၌ နန်ပါးထျန်း တိတ်ဆိတ်သွားခဲ့သည်။
စီရင်စုအုပ်ချုပ်ရေးမှူးကို တင်ပြဖို့က မဖြစ်မနေ လိုအပ်လို့လား။
“မင်းရဲ့ ဒီသတင်းအချက်အလက်က သေချာရဲ့လား”
နန်ပါးထျန်းသည် ထန်ဇီယွဲ့ကို ကြည့်လျက် သူအစိုးရိမ်ဆုံးသော မေးခွန်းကို မေးလိုက်သည်။
ဒီသတင်းအချက်အလက်က ယုံကြည်စိတ်ချရရဲ့လား။
မဟုတ်ရင် ငါ သခင်ကြီးယဲ့လုကို တင်ပြလိုက်ပြီးမှ ချန်ကျိုစစ်က အပြစ်ကင်းနေခဲ့ရင် ငါက ညံ့ဖျင်းတဲ့ပုံပေါက်မသွားဘူးလား။
ထိုအခါ ထန်ဇီယွဲ့သည်လည်း နန်ပါးထျန်းကို ပြန်ကြည့်လိုက်ပြီး ပြောသည်။
“ခေါင်းဆောင် ဒီလောကမှာ အပြည့်အဝ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်ဆိုတာ ဘယ်မှာရှိပါ့မလဲ။ ဒါပေမဲ့ ခေါင်းဆောင် ကျွန်တော် ဒီကိစ္စကို နှစ်ရက်ကြာ စုံစမ်းခဲ့ပါတယ်။ ပြီးတော့ ဒီ၁၅ရက်အတွင်းမှာ ချန်ကျိုစစ်တစ်ယောက်တည်းကပဲ စစ်လက်နက်ပစ္စည်းတွေကို စစ်ဆေးမခံရဘဲ မြို့ပြင်ကို ပို့ဆောင်နိုင်မယ်ဆိုတာက လုံးဝ သေချာလုနီးပါးပါပဲ”
“ပြီးတော့ ချန်ကျိုစစ်မှာ စစ်လက်နက်ပစ္စည်းတွေကို ပို့ဆောင်နိုင်လောက်မယ့် စွမ်းရည်ရှိပါတယ်”
နန်ပါးထျန်းမှ မျက်မှောင်ကြုတ်လျက် ပြောသည်။
“ချန်ကျိုစစ်မှာ မိန်ဂိုဏ်းနဲ့ ပူးပေါင်းရဲတဲ့သတ္တိ ရှိပါ့မလား။ အကယ်၍ သခင်ကြီးယဲ့လုသိသွားရင် သူ အသက်ရှင်နိုင်မှာ မဟုတ်တာကိုလေ”
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“ခေါင်းဆောင် ချန်ကျိုစစ်နဲ့ ဆက်ဆံလာတာ အချိန်ကြာခဲ့ပါပြီ။ ချန်ကျိုစစ်က ကြောက်တတ်တဲ့သူလို့ ခေါင်းဆောင်ထင်ပါသလား”
“ရှန်းထောင်ရွာက လူမသိသူမသိဘဝကနေ မျန့်ရွှေမြို့ကို ရောက်လာပြီး သူတစ်ဦးတည်းရဲ့ စွမ်းဆောင်ရည်နဲ့ ယီးဟုန်ဂေဟာကို မွှေနှောက်လို့ သူ့ညီမကို ကယ်တင်သွားတယ်။ ပြီးတော့ သူဖုန်းစားဂိုဏ်းက ဖုန်းစန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ကျန်းချွမ်ကိုလည်း သတ်ခဲ့တယ်။ ဖုန်းရွှမ်ကိုလည်း အနိုင်ယူခဲ့တယ်။ တစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ဘာမှမဟုတ်တဲ့လူတစ်ယောက်ကနေ မျန့်ရွှေရဲ့ ကုန်သည်အဖွဲ့စနစ်ထဲမှာ တတိယအင်အားအကြီးမားဆုံးသူ ဖြစ်လာခဲ့တယ်။ ခေါင်းဆောင် တကယ်ပဲ ချန်ကျိုစစ်ကို ငကြောက်ကောင်လို့ ထင်တာပါလား”
“ကံကြမ္မာက ရဲရင့်သူတွေကို မျက်နှာသာပေးတတ်ပါတယ်။ ပြီးတော့ ချန်ကျိုစစ်က လောင်းကြေးထပ်ဖို့အတွက် ဘယ်တုန်းကမှ သတ္တိမနည်းခဲ့ဖူးဘူး”
“ပြီးတော့လည်း သူ့ရဲ့အပြုအမူတွေက ထူးဆန်းပါတယ်။ အဲဒီတပ်သား၂၈ယောက်က သူ့အပေါ် သစ္စာရှိတာမှန်ပေမဲ့ ဒီစျာပနကို သူစီစဉ်တာ အရမ်းချဲ့ကားလွန်းနေပါတယ်။ ဒီစျာပနအခမ်းအနားကို လူမသိမှာ စိုးရိမ်နေတဲ့အတိုင်းပါပဲ။ အဲဒါက ဘာကိုဆိုလိုတာဖြစ်မလဲ။ အဲဒါက လူမြင်ကွင်းမှာ တစ်ခုခုကို ဖုံးကွယ်တဲ့ နည်းလမ်းပါပဲ။ ဒီလို ရဲမက်စစ်သည်တွေလည်း ရှိနေတဲ့ လူမြင်ကွင်းကြီးမှာ စစ်လက်နက်ပစ္စည်းတွေကို မြို့ပြင်ထုတ်လိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာမဟုတ်ပါဘူး ဟုတ်တယ်မလား”
“ပြီးတော့ ချန်ကျိုစစ် မှာယူထားတဲ့ ခေါင်းတလားဆိုင်က ခေါင်းတလားတွေကို ကျွန်တော် စစ်ဆေးပြီးပြီ။ အဲဒီခေါင်းတလားတွေက နေရာကျယ်လွန်းနေတယ်။ အကယ်၍ စစ်လက်နက်ပစ္စည်းတွေကို ခေါင်းတလားထဲ ထည့်မယ်ဆိုရင် အတော်လေး ဝင်ဆံ့နိုင်ပါတယ်။ သာမန်ခေါင်းတလားဆိုရင် အဲဒီလောက် နက်နေအောင် လုပ်ဖို့မလိုဘူးလေ”