← Chapters

အခန်း (၅၆၆)

Vol. 46 Ch. 566

အခန်း (၅၆၆)

Vol. 46 Ch. 566

“ဒါဆို မင်း သူ့ရဲ့လမ်းကြောင်းကို သိထားပြီလား”

“အနောက်မြို့ကနေ စထွက်ခွာပြီး မြို့တစ်ဝက်ပတ်ပြီးတော့ အရှေ့မြို့ဂိတ်တံခါးကနေ မြို့ပြင်ထွက်ပြီး ချင်ရှန်းကို ဝင်မယ်။ ချင်ရှန်းအလွန်မှာ ဘာရှိသလဲ”

ထန်ဇီယွဲ့မှ နန်ပါးထျန်းကို မေးလိုက်သည်။ ထိုအခါ နန်ပါးထျန်းသည် အံ့အားသင့်သွားလျက် ပြောသည်။

“ရှန်းထောင်ရွာ၊ ရှန်းထောင်ရွာကူးတို့ဆိပ်ပဲ”

ထိုအခါ ထန်ဇီယွဲ့မှ စဉ်းလဲဟန်သော မျက်လုံးများဖြင့် ခေါင်းညိတ်သည်။

“စစ်လက်နက်ပစ္စည်းတွေကို ရှန်းထောင်ကူးတို့ဆိပ်ဆီ ပို့ဆောင်ပြီးရင် မျန့်ရွှေမြစ်တစ်လျှောက် မြောက်ပိုင်းကို ပို့ဆောင်နိုင်တယ်။ ပြီးတော့လည်း ရှန်းထောင်ကူးတို့ဆိပ်က ကျားဖြူခန်းမရဲ့ပိုင်နက်ပဲ။ ခေါင်းဆောင် ဒါကို တစ်ချက်ကြည့်ကြည့်ပါ”

ထန်ဇီယွဲ့သည် နန်ပါးထျန်းကို စာရွက်တစ်ရွက် ကမ်းပေးသည်။ နန်ပါးထျန်းသည် ထိုစာရွက်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

“ဒါက ဘာလဲ”

ထန်ဇီယွဲ့မှ ပြောသည်။

“ဒီရက်ပိုင်းအတွင်း ရှန်းထောင်ကူးတို့ဆိပ်ရဲ့ လှုပ်ရှားမှုတွေပါ။ လှုပ်ရှားမှုက ပုံမှန်ထက် နှစ်ဆဖြစ်နေပါတယ်။ ကူးတို့ဆိပ်ရဲ့ အလုပ်အချိန်ဇယားက အရမ်းလျှို့ဝှက်ပေမဲ့လည်း ကျွန်တော့်ကိုတော့ ဖုံးကွယ်မထားနိုင်ပါဘူး။ သင်္ဘောထွက်နှုန်းက နှစ်ဆပိုများနေပါတယ်”

“ချန်ကျိုစစ်က တကယ်ဉာဏ်များတာပဲ”

ဤသည်မှာ ချန်ကျိုစစ် ကြံစည်နေသည့်အရာဖြစ်ပြီး အစီအစဉ်သည် အလွန် အသေးစိတ်လှသည်ဟု နန်ပါးထျန်း ခံစားလိုက်ရသည်။ ထန်ဇီယွဲ့ပြောပြလာခြင်းကြောင့် မဟုတ်ခဲ့လျှင် ချန်ကျိုစစ်၏ ခေါင်းတလားများကို အသုံးပြု၍ စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ခြင်းအစီအစဉ်ကို သူစဉ်းစားမိလိမ့်မည် မဟုတ်ပေ။

ချန်ကျဲ့သည် ဤသို့အလုပ်တာဝန်ကြီးအတွက် ကြီးကျယ်ခမ်းနားသည့် ဈာပနအခမ်းအနားအား အသုံးချလိမ့်မည်ဟု နန်ပါးထျန်းသည် မည်သို့မျှ စဉ်းစားမိခဲ့လိမ့်မည် မဟုတ်ချေ။ ချန်ကျဲ့မှ ကြီးကျယ်ခမ်းနားသည့် ဈာပနအခမ်းအနားကို ကျင်းပရသည့်အကြောင်းအရင်းမှာ သူအရှက်ရ‌စေရန်အတွက်ဟုသာ တွေးထင်ခဲ့လိမ့်မည်။ တကယ်လည်း ထိုသို့တွေးထင်နေခဲ့ခြင်း ဖြစ်ပါ၏။

ချန်ကျိုစစ်၏ တပ်သား၂၈ဦးကို သူကိုယ်တိုင်သတ်ဖြတ်ခဲ့ခြင်း မဟုတ်သော်ငြား ထိုတပ်သားများ၏သေဆုံးမှုမှာ သူနှင့် ဆက်နွယ်နေပေသည်။ တိုက်ရိုက် မဟုတ်သော်လည်း သူ့တွင် တာဝန်ရှိသည်ဟု သတ်မှတ်နိုင်၏။ ချန်ကျဲ့မှ ဈာပနအခမ်းအနားအား လူစည်ကားသိုက်မြိုက်စွာဖြင့် အကြီးအကျယ် ကျင်းပလေရာ နန်ပါးထျန်းသည် ၎င်းမှာ သူ့ကို အရှက်ရစေရန်အတွက်ဟုသာ အလိုအလျောက် တွေးမိလိုက်လေသည်။

သို့သော် ချန်ကျိုစစ်သည် သိုးပျောက်ပြီးနောက် ခြံပြင်ခြင်းကဲ့သို့ အလွန်စဉ်းလဲသည့် ပရိယာယ်မျိုးကို လုပ်ဆောင်လာလိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။

အပေါ်ယံမှာတော့ ဈာပနအခမ်းအနားလုပ်နေပေမဲ့ တကယ်တမ်းကျ ခေါင်းတလား၂၈လုံးကို စစ်လက်နက်ပစ္စည်းတွေ ခိုးထုတ်ဖို့ အသုံးချပြီး ကောင်းကင်ဘုံကို လှည့်စားပြီး ပင်လယ်ကို ဖြတ်နေတာပဲ။ ပြီးတော့လည်း အဲဒီခေါင်းတလား၂၈လုံးကို လူအများရှေ့ စီတန်းလှည့်လည်ပြီးမှ မြို့ပြင်ကို ပေါ်ပေါ်ထင်ထင် ထုတ်သွားမှာ။

ဒီအကြံအစည်သာ အောင်မြင်သွားရင် ချန်ကျိုစစ်ကတော့ မျန့်ရွှေတစ်မြို့လုံးကို လှည့်စားနိုင်လိုက်တဲ့အတွက် သူ့ကိုယ်သူ အရမ်းဂုဏ်ယူနေတော့မှာပဲ။ သူက သခင်ကြီးယဲ့လုအပါအဝင် တစ်မြို့လုံးကို အရူးလုပ်နိုင်သွားတာ မဟုတ်လား။

စက်ဆုပ်ဖို့ကောင်းလိုက်တာ။

အရမ်းကောက်ကျစ်စဉ်းလဲတာပဲ။ ငါ သူ့ထောင်ချောက်ထဲ ကျသွားတော့မလို့။ ကံကောင်းလို့ ငါ့မှာ သူ့ရဲ့အကြံအစည်တွေကို ထိုးထွင်းသိမြင်နိုင်တဲ့ ဗျူဟာရှင် ဇီယွဲ့ရှိနေရှိနေလို့ ချန်ကျိုစစ် အမြတ်မထုတ်နိုင်အောင် ‌ကာကွယ်နိုင်တော့မယ်။

ထို့ပြင် ဤသည်မှာ သူ့အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်ပေသည်။

ချန်ကျိုစစ်က ရင်ဆိုင်ဖို့ရာ အရမ်းဉာဏ်များလွန်းတယ်။

ချန်ကျိုစစ်က သခင်ကြီးယဲ့လုနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးရှိနေတာဆိုတော့ သူ့ကိုတိုက်ခိုက်ဖို့ဆိုရင် သခင်ကြီးယဲ့လု ပါဝင်လာမှဖြစ်မယ်။

ဒါပေမဲ့ ဒီကိစ္စကို ငါသေချာကိုင်တွယ်နိုင်ရင် ချန်ကျိုစစ်က မိန်ဂိုဏ်းနဲ့ ပူးပေါင်းခဲ့တယ်ဆိုတဲ့အချက်နဲ့တင် ချန်ကျိုစစ်တော့ အဆုံးသတ်ပြီပဲ။ အဲဒီအခါကျ ချန်ကျိုစစ်မှာ အဖြတ်ခံဖို့ ခေါင်းဘယ်နှလုံးရှိမှာတဲ့လဲ။

ပြီးတော့ သခင်ကြီးယဲ့လုက ကိစ္စအများစုကို သည်းခံကောင်း သည်းခံနိုင်လောက်ပေမဲ့ မိန်ဂိုဏ်းနဲ့ပူးပေါင်းတာကိုတော့ လုံးဝ သည်းခံခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။

အဆုံးမှာတော့ ချန်ကျိုစစ်က အလွန်တရာ အသရေပျက်ရပြီး သူ့စိတ်ထဲက ရန်ငြိုးအာယာတတွေကြောင့် သူ့ကိုယ်သူ သတ်သေသွားတာတောင် ဖြစ်နိုင်သေးတယ်။

ထိုသို့အတွေးများဖြင့် နန်ပါးထျန်းသည် ထန်ဇီယွဲ့ကိုကြည့်လျက် ပြောသည်။

“ဇီယွဲ့ ငါအခု စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို သွာပြီး ချန်ကျိုစစ်ရဲ့အကြံအစည်တွေကို တင်ပြလိုက်မယ်ဆို မင်းဘယ်လိုသဘောရလဲ”

ထန်ဇီယွဲ့မှ ပြန်ပြောသည်။

“ခေါင်းဆောင် သွားတင်ပြလို့ရပါတယ်။ ဒါပေမဲ့ စီရင်စုအုပ်ချုပ်ရေးမှူးက ယုံကြည်ချင်မှ ယုံကြည်ပါလိမ့်မယ်”

“ဟမ်”

နန်ပါးထျန်းသည် နားမလည်နိုင်စွာဖြင့် ထန်ဇီယွဲ့ကို ကြည့်လိုက်သည်။ ထန်ဇီယွဲ့မှ ရှင်းပြသည်။

“ခုနက ကျွန်တော်တို့ပြောခဲ့တာတွေက မှန်းဆချက်သက်သက်ပဲ ရှိပါသေးတယ်။ စီရင်စုအုပ်ချုပ်ရေးမှူးက ချန်ကျိုစစ်ကို အတော်လေး တန်ဖိုးထားပါတယ်။ တိကျခိုင်မာတဲ့ သက်သေမရှိဘဲနဲ့တော့ စီရင်စုအုပ်ချုပ်ရေးမှူးက ချန်ကျိုစစ်ကို တိုက်ခိုက်ဖို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ အခုအချိန်မှာ ချန်ကျိုစစ်ရဲ့အကြံအစည်ကို တင်ပြမယ့်အစား နောက်သုံးရက်နေမှ တင်ပြလည်း ဘာမှ သိပ်ပြီး မကွာခြားလောက်ပါဘူး”

ထိုအခါ နန်ပါးထျန်းသည် မျက်လုံးအိမ်များကို မှေးကျုံ့လိုက်ပြီး ပြောသည်။

“ငါနားလည်ပြီ။ သူခိုးကို လက်ညစ်ပေနေချိန်မှာ ဖမ်းဆီးရသလို မယားငယ်နေသူကိုလည်း အိပ်ရာထဲမှာ ဖမ်းဆီးရမယ်၊ ဟုတ်တယ်မလား”

“အမှန်ပါပဲ”

ထန်ဇီယွဲ့မှ ပြောသည်။

နန်ပါးထျန်းမှ ပြောသည်။

“ဒါပေမဲ့ ငါတကယ် သခင်ကြီးယဲ့လုဆီ တင်ပြချင်တာကို မအောင့်အီးနိုင်တော့ဘူး။ ဒီလိုလုပ်တာက ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားလောက်မလား”

ထန်ဇီယွဲ့မှ ပြန်ပြောသည်။

“ခေါင်းဆောင် အစိုးရိမ်လွန်နေပါပြီ။ ဒါက မှန်းဆချက်ဆန်လွန်းပေမဲ့ ကျိုးကြောင်းဆီလျော်မှုလည်း ရှိပါတယ်။ စီရင်စုအုပ်ချုပ်ရေးမှူး လိုချင်တာက မိန်ဂိုဏ်းသားတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကိုပါ။ အဲဒါကြောင့် ရန်သူကို သတိသွားပေးတာမျိုး လုပ်မှာ မဟုတ်ပါဘူး။ ဘေးကနေပဲ စောင့်ကြည့်နေလိမ့်မှာပါ။ ခေါင်းဆောင်က အချိန်ကျတဲ့အခါ ချန်ကျိုစစ်ကို လက်ပူးလက်ကြပ် ဖမ်းဆီးလိုက်ရုံပါပဲ။ အဲဒါဆို စီရင်စုအုပ်ချုပ်ရေးမှူးလည်း သဘောကျလိမ့်မှာပါ”

“ကောင်းတယ်။ ဒီလိုဆိုမှတော့ ငါ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို သွားလိုက်မယ်။ ဒီတစ်ကြိမ်တော့ ချန်ကျိုစစ်တစ်ယောက် အသရေပျက်ပြီး အလောင်းမြှုပ်နှံဖို့ မြေနေရာတောင် မရှိစေရဘူးပဲ။ အဲဒီတော့မှ ငါ့နှလုံးသားထဲက အမုန်းတရားတွေ ချုပ်ငြိမ်းနိုင်မှာ”

ထို့နောက် နန်ပါးထျန်းသည် လက်အောက်ငယ်သားများအား အပြေးမြန်သည့် မြင်းတစ်စီး စီစဉ်ရန် ရုတ်ချည်း စေခိုင်းလိုက်သည်။ ထို့နောက် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သို့ ထွက်ခွာသွားတော့သည်။

နန်ပါးထျန်းထွက်ခွာသွားပြီးနောက်၌ ထန်ဇီယွဲ့သည် သူခုနက နန်ပါးထျန်းကို ပေးခဲ့သည့် စာရင်းစာရွက်ကို ပြန်သိမ်းဆည်းလိုက်သည်။ သူ၏မျက်လုံးများမှာ ရန်လိုသည့်အငွေ့အသက်များ ထင်ဟပ်နေခဲ့၏။

ချန်ကျိုစစ် ငါတို့ရဲ့တိုက်ပွဲ စတင်ပြီ။

နောက်ဆုံးတစ်ကြိမ်က တောအုပ်ထဲ၌ ထန်ဇီယွဲ့သည် ချန်ကျဲ့နှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့ဖူးပြီး ချန်ကျဲ့သည် သူ့အား ထိုးဖောက်မြင်နိုင်ခဲ့သည်။

သူ၏အစီအစဉ်များသည်လည်း ချန်ကျဲ့ရှေ့မှောက်တွင် အကုန် ပေါ်သွားခဲ့လေရာ ထန်ဇီယွဲ့အတွက် သက်ရောက်မှုပြင်းထန်ခဲ့သည်။

ထန်ဇီယွဲ့သည် ဗျူဟာရှင်တစ်ဦးဖြစ်သောကြောင့် ဥာဏ်ပညာယှဉ်ပြိုင်ရခြင်းအား နှစ်ခြိုက်သည်။ ပြိုင်ဘက်အား ဥာဏ်ပညာအားဖြင့် အနိုင်ယူရခြင်းသည် ထန်ဇီယွဲ့ကို စိတ်လှုပ်ရှားစေသည်။ သူ၏ဥာဏ်ပညာရှေ့မှောက်တွင် ရုန်းကန်နေရသည့် ပြိုင်ဘက်ကို မြင်တွေ့ရခြင်းသည် သိုင်းပညာစွမ်းအားဖြင့် မည်သို့မျှ မရရှိနိုင်သည့် စိတ်ကျေနပ်သာယာမှုမျိုးကို ပေးစွမ်းနိုင်ပေသည်။

ထန်ဇီယွဲ့သည် ဦးနှောက်မှ ခြေလက်များကို ထိန်းချုပ်သည်ဟူသည့် အယူအဆကို ယုံကြည်သူဖြစ်သည်။

နန်ပါးထျန်းသည် မျန့်ရွှေတွင် ပြိုင်ဘက်ကင်းကာ အနှိုင်းမဲ့သည့် အင်အားအာဏာကို ပိုင်ဆိုင်သူတစ်ဦးဖြစ်သည့်တိုင် နန်ပါးထျန်း၏ နည်းဗျူဟာအများစုကို ထန်ဇီယွဲ့မှ ရေးဆွဲပေးထားခြင်း ဖြစ်သည်။ ထန်ဇီယွဲ့သည် နည်းဗျူဟာချမှတ်ခြင်းအရာ၌ မရှိမဖြစ် လိုအပ်သူဖြစ်ပေသည်။

ထန်ဇီယွဲ့သည် နန်ပါးထျန်းယုံကြည့်ရသည့် ဦးနှောက်ဖြစ်ပါ၏။

ထို့ပြင် ထန်ဇီယွဲ့သည် မိမိကသာ နန်ပါးထျန်းကို ညွှန်ကြားနေသူအဖြစ် အမြဲ ခံယူထားခဲ့ခြင်း ဖြစ်သည်။

သူသည် မျန့်ရွှေတွင် နံပါတ်တစ် ဥာဏ်ပညာအရှိဆုံးသူဖြစ်ပြီး ဥာဏ်ပညာနှင့်ပတ်သက်ပါက မည်သူ့ကိုမျှ မကြောက်ရွံ့ပေ။

သို့သော် ထိုတစ်ကြိမ်ကမူ သူသည် ချန်ကျိုစစ်၏ အကြံအစည်တွင် ကျရှုံးခဲ့ရသည်။ သူ၏ ရှန်းထောင်ကူးတို့ဆိပ်တွင် လျိုစုန့်အား ချောက်ချကြံစည်မှုသည် အပြစ်အနာအဆာ လုံးဝနီးပါး ကင်းမဲ့သည့် အစီအစဉ်ဖြစ်ခဲ့သည်။ သို့သော် ချန်ကျိုစစ်ထံတွင် ကျဆုံးသွားခဲ့ရသည်။

All Chapters