← Chapters

အခန်း (၅၆၈)

Vol. 46 Ch. 568

အခန်း (၅၆၈)

Vol. 46 Ch. 568

“ဒါပေမဲ့ မင်းပြောပုံအရဆိုရင် ချန်ကျိုစစ် မကောင်းတဲ့ရည်ရွယ်ချက်ရှိတာက ငါခွင့်ပြုဆုံးဖြတ်ထားတဲ့အရာ ဖြစ်မသွားပေဘူးလား။ ဒါပေမဲ့ ခေါင်းဆောင်နန် မင်းပြောတဲ့အကြောင်းအရာက သေချာရဲ့လား။ ကျိုစစ်ကို အထင်လွဲနေမိဦးမယ်နော်”

ယဲ့လုဖုန်းမှ နန်ပါးထျန်းကို ကြည့်၍ ပြောသည်။

ထိုအခါ နန်ပါးထျန်းသည် လက်သီးဆုပ်လျက် ပြန်ပြောသည်။

“သခင်ကြီး ကျွန်တော့်ဘက်က ၈၀ရာခိုင်နှုန်းသေချာနေတာကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော်လည်း သခင်ကြီးကို လာတင်ပြရဲမှာ မဟုတ်ပါဘူး”

ထိုစကားတွင် ယဲ့လုဖုန်းသည် မျက်လုံးတို့မှေးကျုံ့လျက် အခြေအနေကို ချိန်ဆနေခဲ့သည်။ ခဏကြာပြီးနောက်တွင်မူ နန်ပါးထျန်းကို ကြည့်ပြီး မေးသည်။

“အဲဒီတော့ မင်းက ဘာလုပ်ဖို့စီစဉ်ထားလဲ”

နန်ပါးထျန်းမှ ပြန်ဖြေသည်။

“သေချာပေါက် လက်ပူးလက်ကြပ် ဖမ်းသင့်တာပေါ့။ နောက်သုံးရက်ကြာလို့ ချန်ကျိုစစ် ဈာပနအခမ်းအနားကို စီတန်းလှည့်လည်တဲ့ လမ်းမှာ အလစ်တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။ ခေါင်းတလားတွေကို လူပုံအလယ်မှာ ဖွင့်လှစ်စစ်ဆေးရပါမယ်။ အဲဒီလိုဆို ချန်ကျိုစစ်လည်း လုံးဝ ဖုံးကွယ်လို့ မရနိုင်တော့ဘဲ သူ့ရဲ့မကောင်းတဲ့အကြံအစည်တွေ ပေါ်ထွက်လာပါလိမ့်မယ်။ အဲဒီအခါကျ သခင်ကြီးယဲ့လုက အခြေအနေကို ထိန်းသိမ်းလိုက်ရင် ရပါပြီ”

ယဲ့လုဖုန်းမှ ပြောသည်။

“ကောင်းပြီ၊ ခေါင်းဆောင်နန်ပြောတာ အဓိပ္ပာယ်ရှိတယ်။ မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ အချိန်ကျရင် ငါ သူ့ရဲ့ခေါင်းတလားတွေကို စစ်လက်နက်ပစ္စည်းတွေ ထည့်ထားသလား ဖွင့်စစ်ဆေးကြည့်လိုက်မယ်။ စစ်လက်နက်ပစ္စည်းတွေ ရှာတွေ့ခဲ့ရင် ချန်ကျိုစစ်ကို ဖမ်းဆီးပြီး ပြစ်ဒဏ်ခတ်မယ်။ သေဒဏ်ဖြစ်ဖြစ် တိရစ္ဆာန်လို အရေဆုတ်ပစ်တာဖြစ်ဖြစ်ပေါ့”

ထိုအခါ နန်ပါးထျန်းမှ လက်သီးယှက်အရိုအသေပြုလျက် ပြောသည်။

“ကျေးဇူးတင်ပါတယ် သခင်ကြီး။ ဒီငယ်သားက သခင်ကြီးရဲ့ယုံကြည်မှုကို သေချာပေါက် စိတ်မပျက်စေရပါဘူး”

နန်ပါးထျန်း၏ ထိုသို့ပုံစံကို ယဲ့လုဖုန်းမှ ရယ်မောလိုက်ပြီး ပြောသည်။

“အရမ်းကောင်းတယ်၊ ဒါဆို ခေါင်းဆောင်နန်ပြောတဲ့အတိုင်း လုပ်တာပေါ့။ မင်းစိတ်ချပါ၊ ‌ဒီကိစ္စသာ အောင်မြင်ခဲ့ရင် မင်းအတွက် အကျိုးခံစားခွင့် မနည်းစေရပါဘူး။ ချန်ကျိုစစ်သာ မိန်ဂိုဏ်းနဲ့ပူးပေါင်းခဲ့တာမှန်ရင် သူ့ရဲ့ကျားဖြူခန်းမလည်း တစ်ကိုယ်တည်းရပ်တည်ဖို့ အကြောင်းမရှိတော့ဘူး။ ကျားဖြူခန်းမကို မင်းရဲ့ငါးဖမ်းကုန်သည်အဖွဲ့လက်အောက်ကို ပေါင်းထည့်ဖို့ အမိန့်ချပေးမယ်”

“သခင်ကြီးယဲ့လုကို ကျေးဇူးတင်ပါတယ်”

ထိုစကားတွင် နန်ပါးထျန်းသည် အလွန်တရာ စိတ်အားတက်ကြွသွားခဲ့သည်။ ဤသည်မှာ မျှော်လင့်မထားသည့် အကျိုးအမြတ်ဖြစ်သည်။ ကျားဖြူခန်းမကို ငါးဖမ်းကုန်သည်အဖွဲ့လက်အောက်၌ ထိန်းချုပ်ခွင့်ရခြင်းသည် အကျိုးအမြတ်ကြီးဖြစ်၏။ ကျားဖြူခန်းမသည် သူ့အား နှစ်ပေါင်းများစွာ စိတ်မကျေချမ်းနိုင်အောင် ညှဉ်းဆဲထားခဲ့လေရာ ဤတစ်ကြိမ်တွင် သူ၏ရည်ရွယ်ချက်ကြီးကို ဖြစ်မြောက်စေတော့ပေမည်။ ငါးဖမ်းကုန်သည်အဖွဲ့တစ်ခုလုံးကို ထိန်းချုပ်နိုင်ကာ မျန့်ရွှေစီရင်စု၏ စစ်မှန်သော အင်အားအကြီးမားဆုံးပုဂ္ဂိုလ်ကြီး ဖြစ်လာတော့ပေမည်။

ချန်ကျိုစစ်ကို ရှင်းထုတ်ပြီးသည်နှင့် အင်အားအာဏာအလုံးစုံသည် သူ့ထံ ပြန်ရောက်လာတော့မည်။

ထိုသို့‌အတွေးဖြင့် နန်ပါးထျန်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် အော်ဟစ်ကြွေးကြော်မိလုနီးပါးပင်။ သို့သော် နန်ပါးထျန်း အလွန်ပျော်မြူးနေစဉ်၌ ယဲ့လုဖုန်းမှ ပြောလာသည်။

“အင်းး ဒီရက်တွေအတွင်းမှာ ခေါင်းဆောင်နန် တကယ့်ကိုပဲ ပင်ပန်းသွားခဲ့ရပါပြီ။ အို ဒါနဲ့ ခေါင်းဆောင်နန်က ပြည်နယ်ရုံးတော်ရဲ့ ‌လက်ထောက်ရာဇဝတ်တရားသူကြီးနဲ့ ရင်းနှီးတယ်ဆို”

ထိုစကားတွင် နန်ပါးထျန်း တွန့်ဆုတ်သွားရသည်။ သူသည် မျက်နှာထားတောင့်တင်းသွားရကာ ယဲ့လုဖုန်းကို ကြည့်လိုက်သည်။

ယဲ့လုဖုန်းသည် သူနှင့် ဟွမ်ကျိုးပြည်နယ်၏ ဆက်ဆံရေးများကိုပင် သိရှိနေမည်ဟု နန်ပါးထျန်း မျှော်လင့်မထားခဲ့ပေ။

နန်ပါးထျန်းသည် လက်တလောတွင် ဟွမ်ကျိုးပြည်နယ်ကို သိသိသာသာ မျက်နှာလို မျက်နှာရလုပ်နေခဲ့ခြင်း ဖြစ်သည်။ မျန့်ရွှေစီရင်စုသည် ဟွမ်ကျိုးပြည်နယ်၏ စီရင်ပိုင်ခွင့်အတွင်း တည်ရှိနေခြင်းဖြစ်ပြီး ဟွမ်ကျိုးပြည်နယ်တွင် အရာရှိကြီးများလည်း ရှိသည်။

ထိုအရာရှိများတွင် အင်အားအာဏာအကြီးဆုံးမှာ မုလန်လူမျိုးများ စေလွှတ်ထားသည့် ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်ပြီး ဒုတိယ အင်အားအာဏာအကြီးမားဆုံးမှာ ဟွမ်ကျိုးပြည်နယ်၏ ရာဇဝတ်တရားသူကြီးဖြစ်သည်။ ရာဇဝတ်တရားသူကြီး၏လက်အောက်၌ အဓိက လက်ထောက်နှစ်ယောက် ရှိပြီး တစ်ဦးမှာ လက်ထောက်ရာဇဝတ်တရားသူကြီး ဖြစ်သည်။ ကျန်တစ်ဦးမှာ မြို့စောင့်တပ် တပ်မှူးဖြစ်သည်။

လတ်တလောကာလများအတွင်း၌ ယဲ့လုဖုန်းသည် အလွန်အမင်း ဖိအားပေးနေခဲ့သောကြောင့် နန်ပါးထျန်းသည် ပြင်ပအကူအညီကို ရှာဖွေခဲ့ခြင်းဖြစ်သည်။ သို့ဖြင့် ဟွမ်ကျိုးပြည်နယ် လက်ထောက်ရာဇဝတ်တရားသူကြီးကို ချဉ်းကပ်ခဲ့ပြီး လေးစားမှုကို ဖော်ပြသည့်အနေဖြင့် ငွေပမာဏအမြောက်အများကို လက်ဆောင်ပို့ပေးခဲ့သည်။ ဤသို့ ကိစ္စသေးသေးလေး‌သည်လည်း ယဲ့လုဖုန်း၏ နားထဲသို့ ပြန်ရောက်လိမ့်မည်ဟု နန်ပါးထျန်း မျှော်လင့်မထားခဲ့ပေ။

ထိုသို့အပြုအမူများသည် အရာရှိအသိုင်းအဝိုင်းအတွင်း၌ အလွန်ရှုံ့ချခံရသည့် လုပ်ရပ်ဖြစ်ကာ သစ္စာမဲ့ခြင်း၊ သစ္စာဖောက်ခြင်းအဖြစ် သတ်မှတ်ထားကြသည်။ ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် နန်ပါးထျန်းသည် ချက်ချင်း လက်သီးယှက်အရိုအသေပြုလိုက်ပြီး ပြောသည်။

“သခင်ကြီး အဲဒါက အထင်လွဲတာပါ။ ကျွန်တော်နဲ့ လက်ထောက်ရာဇဝတ်တရားသူကြီးရဲ့ ဆက်ဆံရေးက…”

သို့သော် ယဲ့လုဖုန်းမှ ကြားဖြတ်ပြောသည်။

“ရှင်းပြဖို့မလိုပါဘူး။ မင်းနဲ့ ပြည်နယ်လက်ထောက်ရာဇဝတ်တရားသူကြီးကြားက ကိစ္စတွေကို ငါမသိဘူး။ ဒါပေမဲ့ ငါ မင်းကို တစ်ခုတော့ ပြောလိုက်မယ်။ ပြည်နယ်လက်ထောက်ရာဇဝတ်တရားသူကြီးက ယဲ့လုမျိုးနွယ်ရဲ့ လက်အောက်ခံ မဟုတ်ပေမဲ့ ပေါ်ယန်က ကျရှုံးတော့မှာ။ ပေါ်ယန်မကျရှုံးခဲ့ရင်တောင်မှ ယဲ့လုမျိုးနွယ်က သူတို့ကို ကြောက်ရွံ့မနေဘူး။ ယဲ့လုမျိုးနွယ်က သာ့ချန်ပြည်ကြီးမှာ မယိုင်မလဲရပ်တည်လာတာ နှစ်ပေါင်းရာချီရှိခဲ့ပြီ။ ငါ့ရဲ့ဘိုးဘေးတွေက ထီးနန်းသုံးဆက်တိုင် တိုင်းပြည်ရဲ့အမတ်ကြီးတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ညီလာခံမှာ နက်ရှိုင်းတဲ့အုတ်မြစ်ရှိတယ်။ လက်ရှိမှာ ငါက ညီလာခံအရေးကိစ္စတွေကို ဝင်မစွက်ဖက်နိုင်ပေမဲ့ သိုင်းလောကက ဂိုဏ်းအဖွဲ့အစည်းတစ်ခုကို ရင်ဆိုင်ဖြေရှင်းဖို့လောက်ကတော့ ဘာမှခက်ခဲမနေဘူး”

“အဲဒါကြောင့် ခေါင်းဆောင်နန်.. မျန့်ရွှေစီရင်စုမှာ ငါ့စကားက အတည်ဖြစ်ကြောင်း နားလည်ထားဖို့ မျှော်လင့်ပါတယ်။ ဒီ‌နေရာမှာ ကောင်းကောင်းရှင်သန်ချင်တယ်ဆိုရင် ငါ မင်းကို ကူညီပေးမှာပါ။ ဒါပေမဲ့ သစ္စာမဲ့တဲ့လုပ်ရပ်တွေကို လုပ်မယ်ဆိုရင်တော့ အကြင်နာကင်းမဲ့တယ်ဆိုပြီး ငါ့ကို အပြစ်မတင်ပါနဲ့”

“ကျွန်တော် မလုပ်ရဲပါဘူး”

ထိုစကားများတွင် နန်ပါးထျန်းသည် ဒုန်းခနဲ ဒူးထောက်ချလိုက်ပြီး ပြောသည်။ သူ၏စိတ်နှလုံးမှာ အကြောက်တရားများဖြင့် ရုတ်ချည်း ပြည့်နှက်သွားခဲ့၏။ ယဲ့လုဖုန်း၏ သတိပေးစကားသည် သူ့အား ကျောရိုးထိတိုင် အေးစိမ့်သွားစေခဲ့သည်။

သူတွေးနိုင်သမျှသော မလိုလားအပ်သည့် အတွေးအားလုံး ဦးနှောက်ထဲသို့ ရုတ်ချည်း တိုးဝင်ရောက်လာခဲ့သည်။ ယဲ့လုဖုန်းသည် နန်ပါးထျန်းကို တမင် ဆွပေးလိုက်ခြင်း ဖြစ်ပါ၏။ ချန်ကျိုစစ်သည် နန်ပါးထျန်းကို စောင့်ကြည့်စစ်ဆေးရန် စီစဉ်ထားသည့် ယဲ့လုဖုန်း၏နယ်ရုပ်တစ်ရုပ် ဖြစ်သည်။ သို့သော် နယ်ရုပ်သည် လှည့်ဖျားလိုသည့် လက္ခဏာများ ပြသလာခဲ့လေရာ ယဲ့လုဖုန်းသည်လည်း ရွေးချယ်စရာမရှိတော့ဘဲ နန်ပါးထျန်းကို ဇက်ကြိုးဖြင့် ထိန်းရပေတော့သည်။ မျန့်ရွှေစီရင်စု၏ အင်အားအာဏာရှိသူဟူသည် အဘယ်သို့ဖြစ်ကြောင်းကို နန်ပါးထျန်း သတိကပ်သွားစေရန် ပြသရတော့သည်။

ယဲ့လုဖုန်းသည် နန်ပါးထျန်းကို ကြည့်၍ ရယ်မော၏။

“ဟားဟား ဒါက ဘာအဓိပ္ပာယ်လဲ ခေါင်းဆောင်နန်ရဲ့။ ငါတို့ဆိုတာ မိတ်ဆွေတွေလည်းဖြစ်သလို အချင်းချင်းရဲ့ ဆရာတွေပဲ မဟုတ်ပေဘူးလား။ ငါတို့ကြားမှာ အဆင့်အတန်းကွာဟမှုရှိပေမဲ့လည်း ငါက မင်းကို မိတ်ဆွေတစ်ယောက်လို သဘောထားပါတယ်။ ငါခုနက ပြောလိုက်တဲ့စကားတွေက မင်းကို သိထားစေချင်လို့ပါပဲ။ လူတွေဆိုတာ တစ်ခါတလေမှာ အလျင်စလို ပြုမူတတ်တယ်လေ၊ အဲဒါမကောင်းဘူးရယ်”

ထိုအခါ နန်ပါးထျန်းမှ ပြန်ပြောသည်။

“ဒီငယ်သားက သခင်ကြီးယဲ့လုအတွက် မီးပင်လယ်ကိုလည်း ဖြတ်သန်းပေးမှာပါ။ လုံးဝ အချောင်မခိုပါဘူး”

“ကောင်းပြီ၊ ငါ မင်းကို ယုံကြည်ပါတယ်။ အခု သွားပြင်ဆင်တော့။ အဲဒီစစ်လက်နက်ပစ္စည်းတွေကိုလည်း သေချာပေါက် ရှာတွေ့နိုင်ရမယ် သိပြီလား။ ချန်ကျိုစစ်ကလည်း ချန်ကျိုစစ်ပေမဲ့ တခြားဖက်တွေကိုလည်း မပေါ့ဆသင့်ဘူး။ ချန်ကျိုစစ် မဟုတ်ခဲ့ရင် ငါတို့အတွက် အကျိုးယုတ်စရာတွေ ဖြစ်လာလိမ့်မယ်။ မိန်ဂိုဏ်းသားတွေကို အခွင့်အရေးမပေးမိစေနဲ့”

နန်ပါးထျန်းမှ ချက်ချင်း အခိုင်အမာပြောဆိုသည်။

“ဒီငယ်သားက အလုံးစုံအင်အားစိုက်ထုတ်ပြီး မိန်ဂိုဏ်းသားတွေကို ဖမ်းဆီးပေးပါ့မယ်”

“အရမ်းကောင်းတယ်၊ ဒါဆို ခေါင်းဆောင်နန်ဆီက သတင်းကောင်းကို စောင့်နေပါ့မယ်”

ထို့နောက် ယဲ့လုဖုန်းမှ အားရပါးရရယ်မောရာ နန်ပါးထျန်းသည်လည်း ကြောင်တောင်တောင်ဖြင့် နောက်မှ လိုက်ရယ်ရလေသည်။ ထို့နောက် ယဲ့လုဖုန်းသည် ပြောဆိုဆွေးနွေးမှု ပြီးဆုံးပြီဖြစ်ကြောင်း အချက်ပြလာသည်။ နန်ပါးထျန်းမှာလည်း နဖူးမှ ချွေးများပင် စီးကျနေလေပြီ။

ယဲ့လုဖုန်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်း၏။ သူနှင့် ဟွမ်ကျိုးပြည်နယ် လက်ထောက်ရာဇဝတ်တရားသူကြီး၏ ဆက်ဆံရေးကိုပင် သိနေခဲ့ပေသည်။

သခင်ကြီးယဲ့လုရဲ့ သတင်းအချက်အလက်စနစ်က ကြောက်ခမန်းလိလိပါပဲလား။ ဒီလိုသာဆို ဒီနယ်မြေမှာ သူမသိတဲ့ အရာရော ရှိသေးရဲ့လား။

ယဲ့လုဖုန်းသည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလေရာ နန်ပါးထျန်းသည် သတိလက်လွတ် ပေါ့ဆခြင်းငှာ မတတ်နိုင်ပါချေ။

စာစဉ်ပြီး၏

All Chapters