အခန်း (၁၅၈၉-၁၅၉၀)
Vol. 122 Ch. 1589-1590
အခန်း ၁၅၈၉ - အဆက်မပြတ် စမ်းသပ်ခြင်း
ဘေးတွင် ကူညီပေးမည့် နောက်ထပ် ကိုယ်ပွား နှစ်ယောက် ရှိလာသောအခါ စမ်းသပ်မှုများက အများကြီး ပိုမို မြန်ဆန်လာသည်။
တစ္ဆေမျက်လုံး၏ တစ္ဆေနယ်မြေများ အချင်းချင်း ထပ်ပေါင်းလိုက်သောအခါ မမျှော်လင့်ထားသော အကျိုးသက်ရောက်မှုများ အမြဲ ထွက်ပေါ်လာတတ်သည်။
တစ္ဆေမျက်လုံး တစ်လုံးတည်းဖြင့် လုပ်နိုင်သည်က အကန့်အသတ် ရှိသော်လည်း တစ္ဆေမျက်လုံး နှစ်လုံး သို့မဟုတ် သုံးလုံးဆိုပါက အကန့်အသတ်မရှိသော ဖြစ်နိုင်ခြေများကို ဆိုလိုပေသည်။
ဥပမာ - ယန်ကျန့် စတုတ္ထအဆင့် တစ္ဆေနယ်မြေကို ဖွင့်လိုက်သည်။
စတုတ္ထအဆင့် တစ္ဆေနယ်မြေမှာ တစ္ဆေမီးများ လွှမ်းခြုံထားသော တစ္ဆေနယ်မြေ ဖြစ်ပြီး ပဉ္စမအဆင့် တစ္ဆေနယ်မြေနှင့် ထပ်ပေါင်းလိုက်ပါက ထိုတစ္ဆေမီး ကမ္ဘာကြီးကို ဖုံးကွယ်ထားနိုင်သည်။ အကယ်၍ ဆဋ္ဌမအဆင့် တစ္ဆေနယ်မြေကိုပါ ထပ်ပေါင်းလိုက်မည်ဆိုလျှင် တစ္ဆေမီးများကို ချက်ချင်း ပျောက်ကွယ်မသွားစေဘဲ အချိန်အကြာကြီး တည်ရှိနေအောင် လုပ်နိုင်မည် ဖြစ်သည်။
ထိုနည်းတူစွာ စတုတ္ထမြောက် ယန်ကျန့်၏ တစ္ဆေနယ်မြေကိုပါ ထပ်ပေါင်းလိုက်မည်ဆိုလျှင် လုံးဝ အသစ်ဖြစ်သော အပြောင်းအလဲ တစ်ခု ထပ်ဖြစ်လာမည် ဖြစ်သည်။
ဒီလို အရည်အသွေးပိုင်း ပြောင်းလဲသွားမှုက ယန်ကျန့် ကိုယ်တိုင်ကိုပင် အံ့အားသင့်သွားစေသည်။
"ဘယ်လိုပဲ ပြောင်းလဲသွားပါစေ အရင်ဆုံး အခြေခံ အကျဆုံး အစီအစဉ် တစ်ခုကို သတ်မှတ်ရမယ် အဲဒါက တစ္ဆေနယ်မြေကို သုံးပြီး ဒီတမလွန်နဲ့ လူ့ပြည်ကြားက လမ်းပေါ်မှာ သက်ရောက်မှု အကြာဆုံး ဖြစ်အောင် ဘယ်လို လုပ်မလဲ ဆိုတာပဲ"
ယန်ကျန့်က သူ ဘာလုပ်ရမည်ကို အလွန် ရှင်းလင်းစွာ သိထားသဖြင့် မလောဘဲ ထိုဦးတည်ချက်အတိုင်း စနစ်တကျ ရှေ့ဆက်သွားနေသည်။
ယန်ကျန့် အဆက်မပြတ် စမ်းသပ်နေစဉ် လေးနာရီခန့် အကြာတွင် ကျန်းရှန်းကွမ်သည် တမလွန်နှင့် လူ့ပြည်ကြားက လမ်းမှ လွတ်မြောက်လာပြီး ပြန်ရောက်လာသည်။
"ကြည့်ရတာ ငါ့ရဲ့ တစ္ဆေနယ်မြေသစ်က မျှော်လင့်ထားတာထက် ပိုကောင်းပုံရတယ် ခင်ဗျားကိုတောင် လေးနာရီလောက် ပိတ်လှောင်ထားနိုင်တယ်ဆိုတော့ ဘယ်လိုလဲ အကဲဖြတ်ကြည့်ပါဦး"
ယန်ကျန့်က ပြောလိုက်သည်။
ကျန်းရှန်းကွမ်သည် ယခုအခါ ရှက်ရွံ့နေခြင်း မရှိဘဲ အနည်းငယ်ပင် စိတ်လှုပ်ရှားနေသည်။
"ငါ အဲဒီ တစ္ဆေနယ်မြေကို စမ်းသပ်ကြည့်ပြီးပြီ အကျိုးသက်ရောက်မှုက တကယ်ကို ကောင်းတယ် ငါတောင်မှ အလွယ်တကူ မလွတ်မြောက်နိုင်ဘူး ငါ ခန့်မှန်းကြည့်ရသလောက် ဒီတစ္ဆေနယ်မြေက အနည်းဆုံး သုံးနှစ်လောက်တော့ ခံနိုင်မယ် ဒါပေမဲ့ အဲဒီ သုံးနှစ်အတွင်းမှာ တစ္ဆေနယ်မြေရဲ့ သဘာဝလွန်စွမ်းအားက တဖြည်းဖြည်း လျော့နည်းလာမှာဆိုတော့ တကယ့် အသုံးဝင်မယ့် အချိန်က နှစ်နှစ်ခွဲလောက်ပဲ ရှိမယ်"
"နှစ်နှစ်ခွဲပဲလား ကြည့်ရတာ သိပ်မကောင်းသေးဘူး ထင်တယ်"
ယန်ကျန့် မျက်မှောင်ကြုတ်လိုက်သည်။
"မဟုတ်ဘူး ဒါ အရမ်း ကောင်းနေပါပြီ ပထမဆုံး စမ်းသပ်မှုမှာတင် ဒီလောက် အကျိုးသက်ရောက်မှု ရှိနေပြီလေ တကယ်လို့ မင်း အခု လုပ်မယ်ဆိုရင်တောင် အနည်းဆုံး တစ္ဆေနိုးထလာမယ့် အချိန်ကို နှစ်နှစ်ခွဲလောက် နှောင့်နှေးသွားစေနိုင်တယ်"
ကျန်းရှန်းကွမ်က ပြောလိုက်သည်။
ယန်ကျန့်က ပြောလိုက်သည်။
"ဒါက ပဉ္စမအဆင့် တစ္ဆေနယ်မြေ နှစ်ခုကိုပဲ ပေါင်းထားတာလေ တကယ်လို့ သုံးခု၊ လေးခု ဆိုရင်ကော အချိန်ပိုကြာအောင် ဆွဲဆန့်နိုင်မလား ငါ စမ်းသပ်နေတုန်းပဲ ဟိုဘက်ကို ကြည့်လိုက်"
ပြောပြီးနောက် သူက ရှေ့ကို လက်ညှိုးထိုးပြလိုက်သည်။
ရှေ့ရှိ တမလွန်နှင့် လူ့ပြည်ကြားက လမ်းပေါ်တွင် အနီရောင် လမ်းငယ်လေး အပိုင်းများစွာ ရှိနေသည်။ လမ်းငယ်တိုင်းမှာ ကြည့်ရသည်မှာ ဆင်တူသော်လည်း တကယ်တမ်းတွင် လုံးဝ ကွဲပြားခြားနားနေသည်။
ဒါက မတူညီသော စမ်းသပ်မှုများမှ ထွက်ပေါ်လာသော ရလဒ်များ ဖြစ်သည်။
သို့သော် ထိုလမ်းငယ်လေးများပေါ်သို့ ဝင်သွားပြီးနောက် ဘာတွေ ဖြစ်လာမလဲ ဆိုသည်ကိုတော့ ဘယ်သူမှ မသိနိုင်ပေ။ အကောင်းဆုံး အဖြေတစ်ခု ရရှိရန် လူတစ်ယောက် ကိုယ်တိုင် သွားရောက် စမ်းသပ်ဖို့ လိုအပ်သည်။
"ငါပဲ စမ်းသပ်ပေးပါ့မယ် မင်း ဘယ်နှစ်ခါပဲ စမ်းစမ်း ငါ အကုန်လုံး ကူညီပေးမယ်"
ကျန်းရှန်းကွမ် အလွန် လေးနက်စွာ ပြောလိုက်သည်။ သူ၏ မျက်လုံးထဲတွင် အလင်းရောင်များ တောက်ပနေပြီး ရင်ထဲတွင် အလွန် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် အောင်မြင်နိုင်မည့် ဖြစ်နိုင်ခြေကို မြင်တွေ့လိုက်ရပြီ ဖြစ်သောကြောင့် ဖြစ်သည်။
ထို့အပြင် စမ်းသပ်မှုများ အကြိမ်ကြိမ် ပြုလုပ်သွားသည်နှင့်အမျှ မှန်ကန်သော အဖြေကို ရှာတွေ့ရန် အချိန်အများကြီး ယူစရာ မလိုတော့ပေ။
မကြာမီ သဘာဝလွန်ခေတ်ကြီးသည် ခဏတာ အဆုံးသတ်သွားပေတော့မည်။
နှစ်နှစ်ဆယ်လောက်ပဲ အဆုံးသတ်သွားမယ် ဆိုရင်တောင် ဒါက ကြီးမားတဲ့ အောင်မြင်မှု တစ်ခုပဲ။
ထို့နောက် တစ္ဆေငယ်ကို ဆက်လက် လေ့လာပြီး အခြား ဖြစ်နိုင်ခြေ တစ်ခုကို ဖန်တီးနိုင်သေးသည် မဟုတ်ပါလော။
မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရပြီး ရှေ့ဆက်ရမည့် လမ်းကြောင်းကိုလည်း တွေ့လိုက်ရပြီ ဖြစ်သဖြင့် ကျန်းရှန်းကွမ်အတွက် ဘယ်လောက်ပဲ ပင်ပန်းပါစေ တန်သည်ဟု ထင်မိသည်။
ထို့ကြောင့် ယခုအခါ သူသည် အလွန် တက်ကြွနေသည်။
"ကောင်းပြီ ဒါဆို အတူတူ ကြိုးစားကြတာပေါ့ ဒီကမ္ဘာကြီးအတွက် နောက်ထပ် နှစ်တစ်ရာ ငြိမ်းချမ်းရေး ဖန်တီးပေးရအောင်"
ယန်ကျန့်က ပြောလိုက်သည်။
"နှစ်တစ်ရာလား ရည်မှန်းချက် နည်းနည်း မြင့်ပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး"
ကျန်းရှန်းကွမ်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ထို့နောက် သူ အချိန်မဖြုန်းတော့ဘဲ ဒုတိယမြောက် လမ်းငယ်လေးဆီသို့ ထပ်မံ လျှောက်သွားလိုက်သည်။ လျှောက်သွားနေစဉ် ပတ်ဝန်းကျင်ရှိ အလင်းရောင်များ ပြောင်းလဲသွားပြီး ကျန်းရှန်းကွမ်၏ ပုံရိပ် အများအပြား ထွက်ပေါ်လာကာ လူတိုင်းက မတူညီသော လမ်းများဆီသို့ အသီးသီး ထွက်သွားကြသည်။
ဒီအချိန်တွင် ကျန်းရှန်းကွမ်လည်း အတည်ပေါက် ဖြစ်နေပြီ ဖြစ်ပြီး အချိန်တိုအတွင်း ရည်မှန်းချက် အောင်မြင်ရန် သူ၏ အစွမ်းကုန် ကြိုးစားတော့မည် ဖြစ်သည်။
ယန်ကျန့်လည်း နဝမအဆင့် တစ္ဆေနယ်မြေကို ထပ်မံ ဖွင့်လိုက်ပြီး တတိယ၊ စတုတ္ထကနေ ဆဋ္ဌမမြောက် ကိုယ့်ကိုယ်ကိုယ်အထိ ခေါ်ယူလိုက်သည်။
သူ၏ ကိုယ်ပွား ခြောက်ယောက်ဆိုသည်မှာ ကန့်သတ်ချက် မဟုတ်သော်လည်း လက်ရှိ စမ်းသပ်မှု အခြေအနေအရ သတ္တမမြောက် တစ္ဆေမျက်လုံး၏ တစ္ဆေနယ်မြေကို အသုံးပြုရန် မလိုအပ်သေးပေ။ ဒီလောက်ဆိုရင် လုံလောက်ပြီ ဖြစ်သည်။
ယန်ကျန့် ခုနစ်ယောက်နှင့် ကျန်းရှန်းကွမ် ငါးယောက်တို့ အလုပ်တွေ စတင် လုပ်ဆောင်ကြတော့သည်။
သဘာဝလွန်လောကမှ သင့်တော်သော အကူအညီများ မရနိုင်တော့သဖြင့် သူတို့သည် ကိုယ့်အားကိုယ်ကိုးပြီး လုပ်ဆောင်ကြရမည် ဖြစ်သည်။
"ဒီလမ်းက ငါးနှစ်လောက် ခံနိုင်တယ် ဒါပေမဲ့ မလုံလောက်သေးဘူး"
"ဒီနေရာက မဆိုးဘူး ငါ ခန့်မှန်းရသလောက် အနည်းဆုံး ရှစ်နှစ်လောက် ခံနိုင်မယ်"
"တစ္ဆေနယ်မြေထဲကို တစ္ဆေမီး လောင်ကျွမ်းတာကို ထည့်လိုက်ရင် တစ္ဆေနယ်မြေရဲ့ အန္တရာယ်ကို ပိုများလာစေပြီး တစ္ဆေတွေ လက်တွေ့ကမ္ဘာထဲ ဝင်လာတာကို ပိုကောင်းကောင်း တားဆီးနိုင်တယ် တစ်ချိန်တည်းမှာပဲ တစ္ဆေမီးက တစ္ဆေတွေကို လောင်စာအဖြစ် အသုံးပြုလို့ အချိန်အကြာကြီး တည်ရှိနိုင်တဲ့ ဖြစ်နိုင်ခြေလည်း ရှိတယ် ဒါက ဆက်ပြီး လေ့လာဖို့ တန်တယ်"
"တစ္ဆေနယ်မြေ သုံးခု ပေါင်းလိုက်ရင် အဲဒီလမ်းက နှစ်နှစ်ဆယ်လောက်အထိ ခံနိုင်တယ် ဒါက တော်တော် ကြီးမားတဲ့ တိုးတက်မှုပဲ"
ကျန်းရှန်းကွမ် ကိုယ်ပွား တစ်ယောက်စီက အနီရောင် လမ်းငယ်လေးထဲမှ ထွက်လာတိုင်း မတူညီသော သတင်းများကို ယူဆောင်လာပေးသည်။
သတင်းတိုင်းတွင် အောင်မြင်မှု တစ်ချို့ ပါဝင်နေသဖြင့် ယန်ကျန့်နှင့် ကျန်းရှန်းကွမ် နှစ်ယောက်စလုံး အလွန် စိတ်လှုပ်ရှားနေကြသည်။
လမ်းကြောင်း အားလုံး၏ အချက်အလက်များကို ယန်ကျန့်က အသုံးဝင်သည်ဖြစ်စေ အသုံးမဝင်သည်ဖြစ်စေ မှတ်တမ်းတင်ထားသည်။
အဘယ်ကြောင့်ဆိုသော် မှားယွင်းသော အချက်အလက်များကလည်း နောက်ပိုင်းတွင် အမှား ထပ်မလုပ်မိစေရန် ကာကွယ်ပေးနိုင်ပြီး စမ်းသပ်ချိန်ကို လျှော့ချပေးနိုင်သောကြောင့် ဖြစ်သည်။
"နှစ်နှစ်ဆယ်လောက် ခံနိုင်တယ် ဟုတ်လား ကောင်းတယ် ဒါဆို အဲဒီ ဦးတည်ချက်အတိုင်း ဆက်ပြီး စမ်းသပ်ကြတာပေါ့"
အခြား ခေါ်ယူခံထားရသော ယန်ကျန့်များလည်း ထိုသတင်းကို ကြားသောအခါ နောက်ထပ် ဘာဆက်လုပ်ရမလဲ ဆိုသည်ကို နားလည်သွားကြသည်။
စမ်းသပ်မှုများ ဆက်လက် ပြုလုပ်နေကြသည်။
ဒီတမလွန်နှင့် လူ့ပြည်ကြားက လမ်းပေါ်တွင် တစ္ဆေနယ်မြေ ခြေရာများစွာ ကျန်ရစ်နေပြီး ခြေရာ တစ်ခု ပေါ်လာတိုင်း ယန်ကျန့်သည် အောင်မြင်မှုနှင့် ပိုမို နီးကပ်လာပြီ ဖြစ်ကြောင်း ကိုယ်စားပြုပေသည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ယန်ကျန့် နောက်ထပ် ပြဿနာ တစ်ခုကို ရှာတွေ့သွားသည်။ အဲဒါက နဝမအဆင့် တစ္ဆေနယ်မြေဖြင့် ခေါ်ယူထားသော ဒုတိယမြောက် ကိုယ်ပွားသည် လက်တွေ့ကမ္ဘာထဲတွင် အမြဲတမ်း နေနိုင်မည် မဟုတ်ဘဲ အများဆုံး ရှစ်နာရီသာ နေနိုင်ကြောင်း ဖြစ်သည်။ ရှစ်နာရီ ပြည့်သွားသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားမည် ဖြစ်သည်။
ထို့အပြင် သဘာဝလွန်စွမ်းအားများကို အသုံးပြုခြင်းက လက်တွေ့ကမ္ဘာတွင် နေနိုင်မည့် အချိန်ကို မလျော့နည်းသွားစေပေ။ ဒါကတော့ သတင်းကောင်း တစ်ခု ဖြစ်သည်။
ထို့ကြောင့် ယန်ကျန့်သည် ရှစ်နာရီ တစ်ခါ နဝမအဆင့် တစ္ဆေနယ်မြေကို ပြန်ဖွင့်ကာ အခြား ကိုယ်ပွားများကို ပြန်လည် ခေါ်ယူရမည် ဖြစ်သည်။
တစ်ခုခုကို သေချာ အာရုံစိုက်ပြီး လုပ်နေလျှင် အချိန်က အလွန် မြန်မြန် ကုန်သွားတတ်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ငါးရက်တိတိ ကုန်လွန်သွားခဲ့ပြီ။
ဒီအချိန်တွင် တတိယမြောက် အခန်း အပြင်ဘက်တွင် ဝမ်ရှန်းရှန်း အနည်းငယ် သည်းမခံနိုင်တော့ဘဲ အထဲသို့ ဝင်ကာ အခြေအနေကို စစ်ဆေးကြည့်ချင်နေပြီ ဖြစ်သည်။
"ဝမ်ရှန်းရှန်း မင်းရဲ့ သိချင်စိတ်ကို ထိန်းထားလိုက်ပါ ခေါင်းဆောင်နဲ့ ကျန်းရှန်းကွမ် ပူးပေါင်းပြီး အဲဒီ အခန်းထဲ ဝင်သွားတာ ပြဿနာ တက်မှာ မဟုတ်ပါဘူး တကယ်လို့ တစ်ခုခု ဖြစ်သွားရင် အခုလောက်ဆို တစ္ဆေတွေ အဲဒီ အခန်းထဲကနေ ထွက်လာလောက်ပြီ အခုထိ တစ္ဆေတွေ ထွက်မလာသေးဘူးဆိုတာ အခန်းထဲက အခြေအနေ အားလုံး ခေါင်းဆောင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ"
"စိတ်ရှည်ရှည်နဲ့ ဆက်စောင့်နေလိုက်ပါ သတင်းကောင်း ရလာမယ်လို့ ငါ ယုံကြည်တယ်"
လီယန်၏ အသံက အနီရောင် ခေါင်းတလား တစ်လုံးထဲမှ ထွက်ပေါ်လာပြီး ဝမ်ရှန်းရှန်း၏ သိချင်စိတ်ကို တားဆီးလိုက်သည်။
"ယန်ကျန့် ပျောက်နေတာ ငါးရက် ရှိပြီလေ"
ဝမ်ရှန်းရှန်းက ခပ်အေးအေး ပြန်ပြောလိုက်သည်။
"ခေါင်းဆောင်က သဘာဝလွန်ခေတ်ကြီးကို ဖြေရှင်းမယ့် နည်းလမ်းကို ရှာနေတာ တစ္ဆေတွေကို တိုက်ခိုက်နေတာ မဟုတ်ဘူး နည်းလမ်း ရှာတယ်ဆိုတာ အချိန်ပိုပေးရမှာပဲ"
လီယန်က ပြောလိုက်သည်။
ဝမ်ရှန်းရှန်းက ထပ်ပြောသည်။
"ငါက သိချင်စိတ် တစ်ခုတည်းကြောင့် အထဲကို ဝင်ကြည့်ချင်တာ မဟုတ်ဘူး လျိုရှောင်ယွိက ငါ့ကို ဖုန်းဆက်တယ် အခု ယန်ကျန့် ဖြေရှင်းရမယ့် အရေးကြီးတဲ့ ကိစ္စတွေ ရှိနေပြီတဲ့"
"ခေါင်းဆောင်က အပြင်မှာ တစ်ပတ်ပတ်ပြီး သဘာဝလွန်ဖြစ်ရပ် ဘယ်လောက်တောင် ဖြေရှင်းခဲ့ပြီးပြီလဲ ဒါတောင် ငါးရက်လေးပဲ ရှိသေးတာကို ဌာနချုပ်က မတောင့်ခံနိုင်တော့ဘူးလား"
လီယန်၏ လေသံထဲတွင် မကျေနပ်မှု အနည်းငယ် ပါဝင်နေသည်။
ဘေးရှိ ခေါင်းတလား တစ်လုံးထဲမှ ဟွမ်ကျိယာက ပြောလိုက်သည်။
"ဌာနချုပ်ရဲ့ အခြေအနေကို နင်လည်း သိသားနဲ့ ဒီလို အရေးကြီးတဲ့ အချိန်မှာ သုံးလို့ရတဲ့ လူမှ မရှိတော့တာ အရင်က အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ခေါင်းဆောင်တွေကလည်း ပျောက်တဲ့သူက ပျောက်၊ အမိန့်မနာခံတဲ့သူက မနာခံဆိုတော့ ကိစ္စရှိရင် ယန်ကျန့်ကိုပဲ လာရှာကြမှာပေါ့ ယန်ကျန့်လည်း ပင်ပန်းပါတယ် တစ်ဖက်က သဘာဝလွန်ခေတ်ကြီးကို ဖြေရှင်းမယ့် နည်းလမ်းကို ရှာရသေးတယ် တစ်ဖက်ကလည်း အခြေအနေကို တည်ငြိမ်အောင် လုပ်ရသေးတယ် လူတစ်ယောက်ကို နှစ်ပိုင်းခွဲပြီး သုံးချင်နေကြတာလား"
"အပြင်က ကိစ္စတွေထက် အခု ယန်ကျန့် လုပ်နေတဲ့ အလုပ်က ပိုအရေးကြီးတယ်လို့ ငါ ထင်တယ်"
ဝမ်ယုံ၏ အသံကလည်း ခေါင်းတလားထဲမှ ထွက်ပေါ်လာသည်။
"ကြည့်ရတာ မင်း ခေါင်းဆောင်ကို နည်းနည်း နားလည်လာပြီပဲ ကိစ္စတိုင်းမှာ အရေးကြီးတာနဲ့ အရေးမကြီးတာ ရှိတယ် ခေါင်းဆောင်က အပြင်က ကိစ္စတွေ အားလုံးကို ချထားခဲ့ပြီး အဲဒီ တတိယမြောက် အခန်းထဲမှာ စိတ်အေးလက်အေး နေနေတာကို ကြည့်ရင် အခု လုပ်နေတဲ့ ကိစ္စက အပြင်က ကိစ္စထက် ပိုအရေးကြီးလို့ပဲ နှမြောစရာ ကောင်းတာက ဒီအချက်ကို ငါတို့ပဲ နားလည်တယ် ဌာနချုပ်က လူတွေက နားမလည်ကြဘူး"
လီယန်က ပြောလိုက်သည်။
"နေဦး လူတစ်ယောက် ထွက်လာပုံရတယ်"
ရုတ်တရက် ဝမ်ရှန်းရှန်း အမူအရာ ပြောင်းလဲသွားပြီး မှောင်မည်းနေသော အခန်းထဲမှ တဖြည်းဖြည်း နီးကပ်လာသည့် ခြေသံတစ်ခုကို ကြားလိုက်ရသဖြင့် ချက်ချင်း လှမ်းကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် တစ္ဆေငယ်သည်လည်း သူမ၏ ဘေးတွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိဘဲ အန္တရာယ်ကို သတိထားကာ စောင့်ကြည့်နေသည်။
"စမ်းသပ်မှုတွေ ဆက်လုပ်ရဦးမယ် ဒါပေမဲ့ ငါ့ကို ခဏလောက် အနားယူခွင့်ပြုပါ ကျန်တဲ့ ကိစ္စတွေကိုတော့ မင်းတို့ကိုပဲ အားကိုးရတော့မယ်"
ယန်ကျန့်သည် ယခုအခါ အခန်းထဲမှ ဖြည်းညှင်းစွာ ထွက်လာသည်။ သူသည် အလုပ်များကို ဒုတိယနှင့် တတိယ ယန်ကျန့်တို့ထံ လွှဲအပ်ခဲ့ပြီး သူကိုယ်တိုင်ကတော့ ခဏ အနားယူရန် ပြင်လိုက်သည်။
ငါးရက်ဆက်တိုက် မနားတမ်း အလုပ်လုပ်ရသဖြင့် သူ အနည်းငယ် ပင်ပန်းနေပြီ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် တစ်ခါလုပ်တိုင်း သူ နဝမအဆင့် တစ္ဆေနယ်မြေကို ဖွင့်နေရသဖြင့် အကယ်၍ မနားဘဲ ဆက်လုပ်နေပါက သူ၏ အခြေအနေမှာ ပြဿနာ တစ်ခုခု ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
"ယန်ကျန့် နင် နောက်ဆုံးတော့ ထွက်လာပြီ အထဲမှာ ဘာမှ မဖြစ်ဘူးမလား"
ဝမ်ရှန်းရှန်း သူ့ကို ကြည့်ရင်း မေးလိုက်သည်။
"ဘာမှ မဖြစ်တဲ့အပြင် သဘာဝလွန်ခေတ်ကြီး ရောက်လာမှာကို နှောင့်နှေးအောင် လုပ်မယ့် နည်းလမ်းကိုတောင် ငါ ရှာတွေ့သွားပြီ လက်ရှိ ရလဒ်တွေအရဆိုရင် အနှစ်နှစ်ဆယ်လောက်တော့ ငြိမ်းချမ်းရေးကို ဆက်ထိန်းထားနိုင်မယ် ဒါပေမဲ့ ဒီကာလက ငါ မျှော်မှန်းထားတဲ့ အတိုင်းအတာကို မရောက်သေးဘူး ဒါကြောင့် ဆက်ပြီး စမ်းသပ်ရဦးမယ်"
ယန်ကျန့် အကြောဆန့်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ အလောင်းတစ်လောင်းကဲ့သို့ အလွန် တောင့်တင်းနေကြောင်း ခံစားလိုက်ရသည်။
သို့သော် ဒီသတင်းကို ကြားလိုက်ရသောအခါ ဒီနေရာရှိ လူအားလုံး အံ့အားသင့်သွားပြီး စကားပင် မပြောနိုင်တော့ပေ။
အခန်း ၁၅၉၀ - နောက်ဆုံး ထောင်ချောက်
"ဘာ သဘာဝလွန်ဖြစ်ရပ်တွေ ပေါ်လာမှာကို အနှစ်နှစ်ဆယ်လောက် နှောင့်နှေးအောင် လုပ်မယ် ဟုတ်လား ခေါင်းဆောင် ခင်ဗျား ပြောတာ တကယ်လား အတုလား ကျွန်တော် နားကြားမှားတာများလား"
လီယန်၏ အသံထဲတွင် အလွန် အံ့အားသင့်မှုများ ပါဝင်နေပြီး ယန်ကျန့် ပြောခဲ့သော စကားများကို တကယ်ဟု မယုံနိုင်အောင် ဖြစ်နေသည်။
"သဘာဝလွန်ဖြစ်ရပ်တွေ ဒီကမ္ဘာပေါ်မှာ စပေါ်လာကတည်းက တစ်ခါမှ မပျောက်ကွယ်သွားဖူးဘူး ပိုပိုပြီးတောင် ဆိုးလာတာ နောက်ဆုံးကျတော့ လူတစ်ယောက်တည်းရဲ့ အင်အားနဲ့ ဖြေရှင်းလို့ မရတဲ့ အခြေအနေကို ရောက်လာပြီ ယန်ကျန့် မင်းရဲ့ စွမ်းရည်က အရမ်း အစွမ်းထက်တယ်ဆိုတာ ငါ သိပါတယ် ဒါပေမဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို အနှစ်နှစ်ဆယ်လောက် ပျောက်ကွယ်သွားအောင် လုပ်ဖို့ဆိုတာတော့ မဖြစ်နိုင်လောက်ဘူး ထင်တယ်"
ဝမ်ယုံက မယုံကြည်ကြောင်း ပြသလိုက်သည်။
"ဒီကိစ္စက ယုတ္တိရှိရှိ မရှိရှိ ဂရုစိုက်မနေပါနဲ့ တကယ်လို့ အောင်မြင်သွားရင်ကော"
ဟွမ်ကျိယာက ပြောလိုက်သည်။
ယန်ကျန့်သည် ဒီအတွက် အနည်းငယ် ပြုံးလိုက်ပြီး ပြန်လည် ငြင်းခုံခြင်း မပြုဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။
"ငါ့ရဲ့ စမ်းသပ်မှု ပြီးသွားတာနဲ့ ချက်ချင်း စတင် လှုပ်ရှားမယ် အဲဒီအခါကျရင် မင်းတို့ အကျိုးသက်ရောက်မှုကို မြင်ရမှာပါ"
"ဒါပေမဲ့ ယန်ကျန့် နင့်လက်ထဲက ကိစ္စတွေကို ခဏလောက် ရပ်ထားလို့ ရမလား လျိုရှောင်ယွိက နင့်ကို အရေးတကြီး ရှာနေတယ် အပြင်မှာ တော်တော်လေး ဖြေရှင်းရခက်တဲ့ သဘာဝလွန်ဖြစ်ရပ်တစ်ခု ပေါ်လာလို့ နင် ဖြေရှင်းပေးဖို့ လိုနေတာ ဖြစ်မယ်"
ဝမ်ရှန်းရှန်းက ချက်ချင်း ပြောလိုက်သည်။
"အပြင်မှာ ဖြေရှင်းလို့ မရတဲ့ သဘာဝလွန်ဖြစ်ရပ်တိုင်းက ခက်ခဲတာချည်းပဲလေ အခု ငါ လုပ်ရမယ့် ကိစ္စက ပိုအရေးကြီးတယ် ဒီရက်ပိုင်းအတွင်း ငါ ဘယ်သဘာဝလွန်ဖြစ်ရပ်ကိုမှ သွားဖြေရှင်းမှာ မဟုတ်ဘူးလို့ လျိုရှောင်ယွိကို သွားပြောလိုက်ပါ"
ယန်ကျန့်က ခေါင်းခါပြကာ တာဝန်ထွက်ရန် ငြင်းဆန်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ယခုအခါ စမ်းသပ်မှုမှာ အရေးကြီးသော အချိန်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ မရပ်တန့်ချင်သောကြောင့် ဖြစ်သည်။
ထို့အပြင် ယန်ကျန့်သည် နိုင်ငံတွင်းရှိ မြို့အများစုကို တစ်ပတ်ပတ်ကာ အခြေအနေ အားလုံးကို တည်ငြိမ်အောင် လုပ်ထားပြီးပြီ ဖြစ်သည်။ ဖြေရှင်းရန် ခက်ခဲသော သဘာဝလွန်ဖြစ်ရပ်များ ရှိနေသေးလျှင်တောင် ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်လာမည် မဟုတ်ဟု သူ ယုံကြည်သည်။ ဘာပဲဖြစ်ဖြစ် ဌာနချုပ်တွင် အသုံးပြုနိုင်သော ဝေ့ကျင်း ရှိနေသေးသည် မဟုတ်ပါလော။
"ကောင်းပြီလေ ဒါဆိုလည်း ငါ သူ့ကို ပြန်ငြင်းလိုက်တော့မယ်"
ဝမ်ရှန်းရှန်းက ပြောလိုက်သည်။
"ပြီးတော့ အခု နင် လုပ်နေတဲ့ ကိစ္စကိုပါ သူ့ကို ပြောပြလိုက်ရမလား"
"ကိစ္စမရှိပါဘူး သူ့ကို ပြောပြလိုက်လည်း ရတယ်"
ယန်ကျန့်က ပြောလိုက်သည်။
ဝမ်ရှန်းရှန်း ခေါင်းညိတ်လိုက်ပြီး လျိုရှောင်ယွိကို ဆက်သွယ်ရန် ဖုန်းသွားယူလိုက်သည်။
ယန်ကျန့် အောက်ထပ်သို့ ဆင်းလာပြီး ခန္ဓာကိုယ်ကို အကြောဆန့်လိုက်ကာ ပြောလိုက်သည်။
"ငါ အပြင်ခဏ ထွက်ပြီး လေညင်းခံလိုက်ဦးမယ် ဒီရက်ပိုင်းတွေထဲမှာ ငါ မျက်စိတစ်မှိတ်တောင် မအိပ်ရသေးဘူး ဒါတွေ အားလုံးက တန်ဖိုးရှိပါစေလို့ပဲ မျှော်လင့်ရတာပဲ"
ပြောပြီးနောက် သူ တစ်ယောက်တည်း ဖြည်းညှင်းစွာ ထွက်ခွာသွားတော့သည်။
သူ ထွက်သွားသည်နှင့် လီယန်တို့မှာ မနေနိုင်တော့ဘဲ ထပ်မံ ဆွေးနွေးကြပြန်သည်။ အဘယ်ကြောင့်ဆိုသော် ယန်ကျန့် ပြောပြခဲ့သော သတင်းကြောင့် သူတို့ အလွန် အံ့အားသင့်သွားကြသောကြောင့် ဖြစ်သည်။
လူတစ်ယောက်တည်းနဲ့ သဘာဝလွန်ဖြစ်ရပ် အားလုံးကို ဖြေရှင်းဖို့ စဉ်းစားထားတာလား။
ဒါက ဘယ်လို တွေးတွေး လုံးဝ ယုံကြည်နိုင်စရာ မရှိပေ။
ယန်ကျန့်သည် ကွမ်ကျန်း လူနေအိမ်ရာအတွင်း တစ်ယောက်တည်း လမ်းလျှောက်နေသည်။ သူ့တွင် အခြား အတွေးများ မရှိဘဲ စိတ်အပန်းဖြေရန်နှင့် ခဏတာ အနားယူရန်သာ ဖြစ်သည်။ သူသည် သွေးရေကန်ထဲမှ ထွက်လာကာစမှာပင် နောက်ထပ် ပြဿနာ တစ်ခုခု ထပ်တက်မည်ကို မလိုလားပေ။
"တစ္ဆေဆရာတွေမှာ ကန့်သတ်ချက် ဆိုတာ ရှိနေသေးတယ် ဘယ်လောက်ပဲ ပြီးပြည့်စုံပါစေ နောက်ဆုံးကျရင် သဘာဝလွန်စွမ်းအားတွေကို အလွန်အကျွံ သုံးမိတဲ့ အခြေအနေကို စိုးရိမ်နေရသေးတယ် တစ္ဆေငယ်လို ထူးခြားတဲ့ ဖြစ်တည်မှုမျိုးကမှ ဒီပြဿနာကို စိုးရိမ်စရာ မလိုတာ နှမြောစရာ ကောင်းတာက တစ္ဆေငယ်က တစ်ကောင်တည်းပဲ ရှိတာ အများကြီး ဖန်တီးနိုင်မယ်ဆိုရင်တော့ အခု သဘာဝလွန်လောကကြီးကို တကယ်ပဲ ရှင်းလင်းပစ်နိုင်မှာ"
သူ စိတ်ထဲမှ ထိုသို့ တွေးနေမိသည်။
လမ်းလျှောက်သွားရင်းဖြင့် ယန်ကျန့်သည် အိမ်ရာ၏ အလယ်ဗဟိုသို့ တဖြည်းဖြည်း ရောက်ရှိလာသည်။
ဒီနေရာတွင် လမ်းလျှောက်နေသော လူများစွာ ရှိပြီး အားလုံးက အိမ်ရာအတွင်းရှိ နေထိုင်သူများ ဖြစ်ကြသည်။ သို့သော် သူ ပေါ်လာသောအခါ လူအများအပြားက သူ့ကို ပြိုင်တူ လှမ်းကြည့်လာကြသည်။ သူတို့၏ မျက်လုံးများထဲတွင် သိချင်စိတ်များ၊ စိတ်လှုပ်ရှားမှုများနှင့် ကြောက်ရွံ့လေးစားမှုများ ပါဝင်နေသည်။ သိသာသည်မှာ နေထိုင်သူ အများအပြားက ယန်ကျန့်၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို မှတ်မိနေကြခြင်းပင် ဖြစ်၏။
"သူဌေးယန်"
လူတစ်ယောက်က သတ္တိရှိစွာဖြင့် နှုတ်ဆက်လိုက်သည်။
ယန်ကျန့် အနားမှ ဖြတ်သွားစဉ် စကားတစ်ခွန်းမျှ မပြောဘဲ အလွန် စိုးရိမ်ထိတ်လန့်နေသော လူများလည်း ရှိသည်။
သို့သော် စိတ်အေးချမ်းသာမှု ရရှိသွားသော လူများလည်း ရှိလေသည်။
အဘယ်ကြောင့်ဆိုသော် ယန်ကျန့် ဒီအိမ်ရာတွင် ရှိနေခြင်းက ဒီအိမ်ရာတွင် သဘာဝလွန်ဖြစ်ရပ်များ ပေါ်ပေါက်လာမည် မဟုတ်ဘဲ စိတ်ချလက်ချ နေထိုင်နိုင်ကြောင်းကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။
ယန်ကျန့် ထိုထူးဆန်းသော အကြည့်များကို ခံစားမိသောအခါ ဆက်လက် မနေတော့ဘဲ တစ်ပတ်ပတ်ပြီးနောက် ထွက်ခွာသွားတော့သည်။
နားလည်၍မရသော အတားအဆီး တစ်ခုလို ခံစားချက်က သူ သာမန်လူများကြားတွင် ဝင်ဆံ့နိုင်မည် မဟုတ်ကြောင်းကို သတိပြုမိစေသည်။
ခေတ္တ အနားယူပြီးနောက် ယန်ကျန့်သည် အလုပ်ပြန်လုပ်ရန် ပိုကောင်းမည်ဟု ခံစားလိုက်ရသည်။ သို့သော် သူသည် ထိုတတိယမြောက် အခန်းသို့ ပြန်မသွားဘဲ သူ၏ ကိုယ်ပိုင် အိမ်သို့ ပြန်လာခဲ့သည်။
ငါးထပ်မြင့်သော အိမ်ငယ်လေးထဲတွင် ယခုအခါ လူတစ်ယောက်မျှ မရှိပေ။
အဘယ်ကြောင့်ဆိုသော် ကျန်းယန်နှင့် ကျန်းလီချင်တို့မှာ နယ်တွင် ရှိနေဆဲ ဖြစ်ပြီး ပြန်မရောက်လာသေးသောကြောင့် ဖြစ်သည်။
ယန်ကျန့် တစ်ယောက်တည်း ဆိုဖာပေါ်တွင် ထိုင်ကာ လူ့အရေပြားကျမ်း တစ်ခုကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။
ဒီလူ့အရေပြားကျမ်းက သူနှင့်အတူ ပါလာသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ နည်းလမ်းမျိုးစုံဖြင့် သူ့ကို သတ်ရန် အမြဲ ကြိုးစားခဲ့သော်လည်း နှမြောစရာ ကောင်းသည်မှာ နောက်ဆုံးအချိန်အထိ ဒီလူ့အရေပြားကျမ်းမှာ အောင်မြင်ခဲ့ခြင်း မရှိပေ။ အထူးသဖြင့် ယခုလို အခြေအနေမျိုးတွင် လူ့အရေပြားကျမ်း အောင်မြင်နိုင်မည့် ဖြစ်နိုင်ခြေ လုံးဝ မရှိတော့ပေ။
"ငါ သဘာဝလွန်ခေတ်ကြီး ရောက်လာမှာကို တားဆီးနိုင်မယ့် နည်းလမ်းကို မကြာခင် ရှာတွေ့တော့မယ် ဒါပေမဲ့ ဒါတွေ အားလုံးကို အောင်မြင်စွာ လုပ်ပြီးသွားတဲ့ အခါကျရင် မင်းကို အပိုင်းပိုင်း ဖြတ်ပြီး ထာဝရ မြှုပ်နှံပစ်ဖို့ သေချာပေါက် နည်းလမ်းရှာမယ်"
သူ တိုးတိုးလေး ပြောရင်း လူ့အရေပြားကျမ်းနှင့် ဆက်သွယ်လိုက်သည်။
"မင်းမှာ နောက်ဆုံး အခွင့်အရေး တစ်ကြိမ် ရှိသေးတယ် ဒီအရာတွေ အားလုံးကို စောစောစီးစီး ပြီးမြောက်အောင် ငါ့ကို ကူညီပေးမယ်ဆိုရင် မင်းကို ဆက်ထားပေးဖို့ စဉ်းစားပေးမယ်"
လူ့အရေပြားကျမ်းပေါ်တွင် မည်သည့် စာသားမျှ ပေါ်မလာပေ။ မည်သည့် သတင်းအချက်အလက်ကိုမျှ ထပ်မံ ထုတ်ဖော်မပြောပြချင်တော့ပုံ ရသည်။
ယန်ကျန့်လည်း စိတ်ပျက်မသွားပေ။ သူက ဖြတ်လမ်းက သွားလို့ ရမလားဆိုပြီး စမ်းသပ်ကြည့်ရုံသာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဖြည်းဖြည်းချင်း စမ်းသပ်နေရသည်မှာ အချိန် အလွန် ကုန်သောကြောင့် ဖြစ်သည်။
"ငြင်းလိုက်တာလား ဒါဆိုရင်တော့ နှမြောစရာပဲ မင်း နောက်ဆုံး အခွင့်အရေးကို လက်လွှတ်လိုက်ရပြီ"
ယခုအခါ သူ၏ ခြေအောက်မှ သွေးရေများ ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် အနီရောင် လှံရှည် တစ်လက်က သွေးရေများထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ယန်ကျန့်သည် အနီရောင် လှံရှည်ကို ဆုပ်ကိုင်ကာ ဒီလူ့အရေပြားကျမ်းကို အပြီးတိုင် အပိုင်းပိုင်း ဖြတ်ပြီး သွေးရေကန်ထဲတွင် ခွဲခြား မြှုပ်နှံပစ်ရန် ချက်ချင်း ရည်ရွယ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ယခုအခါ သူသည် ဒီအရာကို အားကိုးရန် မလိုအပ်တော့သလို ဒီလူ့အရေပြားနှင့် အဆုံးသတ်ရန် အချိန်ကျပြီ ဖြစ်သည်။
သို့သော် ထိုအချိန်မှာပင် လူ့အရေပြားကျမ်းပေါ်တွင် တွန့်လိမ်နေသော အနက်ရောင် စာသားများ ချက်ချင်း ပေါ်လာသည်။ ယန်ကျန့်၏ စောစောက တောင်းဆိုချက်ကို သဘောတူလိုက်ပုံရပြီး အရေးကြီးသော သတင်းအချက်အလက်များကို အသုံးပြုကာ ဆက်လက် တည်ရှိခွင့်ကို လဲလှယ်ရန် ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။
"ငါ့နာမည်က ယန်ကျန့် မင်း ဒီစာကြောင်းကို မြင်နေရတဲ့ အချိန်မှာ ငါ သေသွားခဲ့ပြီ အခု ငါက သဘာဝလွန်ခေတ်ကြီး ရောက်လာမှာကို နှောင့်နှေးစေမယ့် နည်းလမ်းကို ရှာဖွေနေတယ် ငါရဲ့ နဝမအဆင့် တစ္ဆေမျက်လုံးရဲ့ တစ္ဆေနယ်မြေကို ဖွင့်လိုက်ပြီးနောက်မှာ ငါ ဖြစ်နိုင်ခြေရှိတဲ့ အစီအစဉ် တစ်ခုကို ရှာတွေ့ခဲ့တယ် တစ္ဆေနယ်မြေတွေကို အဆက်မပြတ် ထပ်ပေါင်းခြင်းအားဖြင့် သဘာဝလွန်ကမ္ဘာက လက်တွေ့ကမ္ဘာကို ကျူးကျော်ဝင်ရောက်လာမယ့် အရှိန်ကို နှောင့်နှေးသွားစေနိုင်တယ်"
"အဆက်မပြတ် စမ်းသပ်မှုတွေ လုပ်ပြီးနောက်မှာ ငါက သဘာဝလွန်စွမ်းအားတွေ ကျူးကျော်ဝင်ရောက်လာမှာကို အနှစ်နှစ်ဆယ်လောက် နှောင့်နှေးအောင် လုပ်နိုင်ခဲ့ပြီ ဒါပေမဲ့ ဒါက ငါ့ရဲ့ ကန့်သတ်ချက် မဟုတ်သေးဘူး"
"နောက်ထပ် ရက်အနည်းငယ် ဆက်ပြီး လေ့လာစမ်းသပ်ပြီးနောက်မှာ တိုးတက်မှု ရှိလာတယ် ဒီတစ်ခါတော့ ဒီကာလကို အနှစ်သုံးဆယ်အထိ ငါ ဆွဲဆန့်နိုင်ခဲ့ပြီ"
"အနှစ်သုံးဆယ် ကာလက ငါ့ရဲ့ ကန့်သတ်ချက်ကို ရောက်သွားပုံရတယ် နောက်ပိုင်းမှာ ငါ ဘယ်လောက်ပဲ ဆက်ပြီး လေ့လာစမ်းသပ်ပါစေ ဒီကန့်သတ်ချက်ကို လုံးဝ ကျော်လွန်နိုင်ခြင်း မရှိတော့ဘူး ဘာလို့လဲဆိုတော့ တစ္ဆေနယ်မြေတွေကို အများကြီး ထပ်ပေါင်းလိုက်တာက ကောင်းတဲ့ အကျိုးသက်ရောက်မှု မဖြစ်စေတဲ့အပြင် တစ္ဆေနယ်မြေ တည်ဆောက်ပုံ ရှုပ်ထွေးသွားပြီး တစ္ဆေနယ်မြေကို ပြိုကွဲသွားစေလို့ပဲ"
"ငါ သဘောပေါက်သွားတယ် ဒါက ငါ့ကိုယ်ပိုင် ပြဿနာပဲ ဖြစ်ရမယ် ငါ့ရဲ့ တစ္ဆေမျက်လုံးက ကန့်သတ်ချက်ကို ရောက်သွားပြီ ငါ့ရဲ့ ကိုယ်ပိုင် တစ္ဆေမျက်လုံးရဲ့ သဘာဝလွန်စွမ်းအားကို ပိုအားကောင်းလာအောင် မလုပ်နိုင်သရွေ့ ငါ ဒီအဆင့်အထိပဲ လုပ်နိုင်တော့မယ်"
လူ့အရေပြားကျမ်းပေါ်ရှိ သတင်းအချက်အလက်များက အဆက်မပြတ် ထွက်ပေါ်လာသည်။
"အနှစ်သုံးဆယ်လား"
ယန်ကျန့် ယခုအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
ဒီအချိန်က မရှည်လှသော်လည်း မဆိုးလှပေ။ သို့သော် သူ မျှော်မှန်းထားသော လိုအပ်ချက်နှင့်တော့ အများကြီး ကွာဝေးနေသေးသည်။
"အနှစ်သုံးဆယ်က မလုံလောက်ဘူး အနည်းဆုံး အနှစ်ငါးဆယ်လောက်မှ ရမယ်"
ယန်ကျန့် တိုးတိုးလေး ပြောလိုက်သည်။ သူက နှစ်တစ်ရာ ငြိမ်းချမ်းရေးကို ဖန်တီးချင်သော်လည်း ဒါက စဉ်းစားကြည့်ရုံသာ ဖြစ်ပြီး တစ်ဝက်လောက် လုပ်နိုင်လျှင်တောင် သူ အလွန် ကျေနပ်နေပြီ ဖြစ်သည်။
"ဒါပေမဲ့ မင်း ပြောပြတဲ့ သတင်းအချက်အလက်တွေအရ တစ္ဆေမျက်လုံးရဲ့ သဘာဝလွန်စွမ်းအားကို ဘယ်လို ပိုအားကောင်းအောင် လုပ်ရမလဲဆိုတဲ့ နည်းလမ်းကို သိနေပုံရတယ်"
ဒါက လူ့အရေပြားကျမ်း၏ ထောင်ချောက်တစ်ခု ဖြစ်နိုင်ကြောင်း သူ ဝိုးတဝါး ခံစားမိသည်။ သို့သော် ယခုလက်ရှိ ယန်ကျန့်သည် ထောင်ချောက်ကို မစိုးရိမ်တော့ဘဲ နည်းလမ်း အသုံးမဝင်မည်ကိုသာ စိုးရိမ်နေသည်။
လူ့အရေပြားကျမ်းပေါ်မှ သတင်းအချက်အလက်များ ဆက်လက် ထွက်ပေါ်လာသည်။
"ငါ လေ့လာစမ်းသပ်မယ့် ဦးတည်ချက်ကို ပြောင်းလဲလိုက်ပြီး တစ္ဆေမျက်လုံးရဲ့ သဘာဝလွန်စွမ်းအားကို ပိုအားကောင်းလာစေမယ့် နည်းလမ်းကို စတင် ရှာဖွေခဲ့တယ် ဒါမှသာ အနှစ်သုံးဆယ် ကန့်သတ်ချက်ကို ကျော်လွန်နိုင်မှာ"
"တကယ်လို့ ဒသမအဆင့် တစ္ဆေနယ်မြေကို ဖွင့်လိုက်ရင် တစ္ဆေမျက်လုံး နိုးထလာတာကို ကိုယ်စားပြုတယ် အဲဒီအခါကျရင် ငါ့ခန္ဓာကိုယ်ထဲက သဘာဝလွန် မျှခြေ ပျက်ပြားသွားပြီး တစ္ဆေနိုးထလာလို့ ငါ သေချာပေါက် သေသွားလိမ့်မယ်"
"ငါ တခြား နည်းလမ်းတွေကို ရှာရမယ်"
"ကံကောင်းတာက ငါ နည်းလမ်း တစ်ခုကို ရှာတွေ့ခဲ့တယ် အဲဒါက မေ့ပျောက်ခံထားရတဲ့ သဘာဝလွန် ပစ္စည်း တစ်ခုပဲ တစ္ဆေမှန်"
တစ္ဆေမှန်
တွန့်လိမ်နေသော အနက်ရောင် စာလုံးကြီး နှစ်လုံးမှာ အလွန် ထင်ရှားနေပြီး ယန်ကျန့်ကို တစ္ဆေမှန်အား လုံးဝ မမေ့ပစ်ရန် သတိပေးနေသကဲ့သို့ပင် ဖြစ်သည်။
ယန်ကျန့်၏ မျက်နှာမှာ လေးနက်သွားပြီး အလွန် တည်ငြိမ်စွာဖြင့် ဆက်လက် ကြည့်ရှုနေလိုက်သည်။
လူ့အရေပြားကျမ်းပေါ်ရှိ သတင်းအချက်အလက်များ ထပ်မံ ပေါ်လာသည်။
"ငါ တာချန်းမြို့မှာ ပထမဆုံးအကြိမ် ကြိုးဆွဲချ သေဆုံးခဲ့တုန်းက တစ္ဆေမှန်ကတစ်ဆင့် အောင်မြင်စွာ ပြန်လည် အသက်ရှင်လာနိုင်ခဲ့ပေမဲ့ ပုန်းကွယ်နေတဲ့ အန္တရာယ် တစ်ခုကိုလည်း ချန်ထားခဲ့မိတယ် အဲဒီ တစ္ဆေမှန်ထဲမှာ တစ္ဆေတစ်ကောင် ရှိနေတယ် အဲဒီတစ္ဆေက မူလက လက်တွေ့ကမ္ဘာက ငါ့နေရာကို အစားထိုး ဝင်ရောက်ဖို့ ရည်ရွယ်ထားတာ ဒါပေမဲ့ ကျရှုံးသွားခဲ့တယ် ဒါပေမယ့် အဲဒီတစ္ဆေက ငါ့ရဲ့ ခေါင်းကို အောင်မြင်စွာ အတုခိုးသွားနိုင်ခဲ့ပြီး ရုပ်ရည်က ငါနဲ့ တစ်ပုံစံတည်း ဖြစ်နေတယ်"
"အဲဒီတုန်းက ငါ့ခေါင်းပေါ်မှာ တစ္ဆေမျက်လုံး ရှိနေသေးတယ် ဒါဆို တစ္ဆေမှန်ထဲက အဲဒီ တစ္ဆေကကော တစ္ဆေမျက်လုံးရဲ့ သဘာဝလွန်စွမ်းအားကို အတုခိုးသွားနိုင်ခဲ့မလား"
"အဲဒီတစ္ဆေကို ရှာတွေ့ရင် ငါ ခဏတာလောက် ဒုတိယမြောက် တစ္ဆေမျက်လုံး တစ်လုံးကို ပိုင်ဆိုင်နိုင်ကောင်း ပိုင်ဆိုင်နိုင်လိမ့်မယ် အဲဒီ တစ္ဆေမျက်လုံးက တစ္ဆေမှန်က အတုခိုးထားတဲ့ သဘာဝလွန်စွမ်းအား တစ်ခု သက်သက်ပဲ ဆိုရင်တောင် ငါ့ရဲ့ တစ္ဆေမျက်လုံးရဲ့ သဘာဝလွန်စွမ်းအားကို ခဏတာ အားကောင်းလာအောင် လုပ်ပေးနိုင်လိမ့်မယ်"
"ငါ တစ္ဆေမှန်ထဲကို ဝင်သွားပြီး အဲဒီတစ္ဆေကို ရှာတွေ့ခဲ့သလို အဲဒီ မျက်လုံးကိုလည်း ရှာတွေ့ခဲ့တယ်"
"ငါ ပြီးပြည့်စုံတဲ့ တစ္ဆေမျက်လုံး တစ်စုံကို ပိုင်ဆိုင်သွားပြီ ငါ့ရဲ့ အစီအစဉ် စတင်လို့ ရပြီ"
"ငါ့ရဲ့ စမ်းသပ်မှုက ကြီးမားတဲ့ တိုးတက်မှုကို ရရှိသွားပြီ ငါ ထပ်ပေါင်းထားတဲ့ တစ္ဆေနယ်မြေတွေက ခံနိုင်မယ့် အချိန် နှစ်ဆ တိုးသွားပြီး အံ့ဩစရာကောင်းတဲ့ အနှစ်ခြောက်ဆယ်အထိ ရောက်ရှိသွားပြီ ဆိုလိုတာက ငါ့ရဲ့ အစီအစဉ် စတင်လိုက်တာနဲ့ ဒီကမ္ဘာကြီးကို ငါ အနှစ်ခြောက်ဆယ် ငြိမ်းချမ်းရေး ယူဆောင်လာပေးနိုင်ပြီ"
"အဲဒီနေ့မှာ ငါ အစီအစဉ်ကို စတင်ခဲ့တယ်"
"ငါ အောင်မြင်သွားပြီ သဘာဝလွန်ခေတ်ကြီးကို အနှစ်ခြောက်ဆယ်တိတိ နှောင့်နှေးသွားအောင် ငါ အောင်မြင်စွာ လုပ်နိုင်ခဲ့ပြီ"
လူ့အရေပြားကျမ်း၏ သတင်းအချက်အလက်မှာ ဒီနေရာတွင် ရုတ်တရက် ရပ်တန့်သွားသည်။
ယန်ကျန့် မျက်လုံး အနည်းငယ် ကျဉ်းသွားသည်။
"တစ္ဆေမှန်ထဲမှာ ငါနဲ့ ရုပ်ချင်း တစ်ပုံစံတည်း တူတဲ့ တစ္ဆေတစ်ကောင် ရှိနေသေးတယ် ဟုတ်လား အဲဒီတစ္ဆေမှာလည်း တစ္ဆေမျက်လုံး တစ်လုံး ရှိနေတယ်ပေါ့ သဘာဝလွန်စွမ်းအားက အတုခိုးထားတဲ့ တစ္ဆေမျက်လုံး သက်သက် ဆိုရင်တောင် ခဏတဖြုတ် အသုံးပြုဖို့အတွက် အနှောင့်အယှက် ဖြစ်ပုံမရဘူး"
"ကြည့်ရတာ ဒါက လူ့အရေပြားကျမ်းက ငါ့အတွက် ချထားပေးတဲ့ နောက်ဆုံး ထောင်ချောက် တစ်ခုပဲ ဖြစ်ရမယ်"
ဒီအထဲမှာ ထောင်ချောက် ရှိနေကြောင်း သူ အလိုလို ခံစားမိနေသည်။ သို့သော် လူ့အရေပြားကျမ်းက ထောင်ချောက်ကို ဘယ်နေရာတွင် မြှုပ်ထားသလဲ ဆိုသည်ကိုတော့ သူ မသိပေ။