← Chapters

မိုးနှင့်မြေ တစ်သားတည်း

Vol. 5 Ch. 448

မိုးနှင့်မြေ တစ်သားတည်း

Vol. 5 Ch. 448

ရေနဂါးကြီး မျက်လုံးမှိတ်လိုက်သည့် အချိန်မှာပင် ဆန်းလျန်သည် သူ၏ ဦးခေါင်းထက်ရှိ အထွတ်ထိပ် ဆုံချက်ကိုဖွင့်ကာ ရောင်စုံအလင်းတန်းများ ဖြာလင်းလာပြီး ကောင်းကင်ထက်သို့ ပျံသန်း ထွက်ခွာသွားလေသည်။ ဆန်းလျန်သည် မိုးတိမ်ကို စီးထားပြီး သူ၏ ခန္ဓာကိုယ်မှာ ကြယ်တာရာ စွမ်းအားများသည် အဆုံးမဲ့ လင်းလက် တောက်ပ နေလေသည်။

ဆန်းလျန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် လေနှင့်မိုးသည် ချက်ချင်းပင် ငြိမ်သက် သွားလေတော့သည်။

ရေနဂါးကြီးမှာ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ရင်ထိတ် သွားလေသည်။ ဆန်းသခင်လေး၏ တန်ခိုးစွမ်းအားများမှာ ယုံနိုင်စရာပင် မရှိပေ။ လက်တစ်ချက် ဝှေ့ယမ်းရုံမျှဖြင့် မုန်တိုင်းကိုပင် ငြိမ်သက် သွားစေသည် မဟုတ်ပါလား။

ထို့နောက် ဆန်းလျန်သည် ရေနဂါးကြီး ဦးခေါင်းထက်သို့ ပြန်လည် ဆင်းသက်လာပြီး ခရီး ဆက်ခဲ့ကြလေသည်။

ထိုအချိန်တွင်…

ပင်လယ်ပြင်ထဲတွင် အလွန်မြင့်မားသည့် တောင်တစ်လုံးကို ရေနဂါးကြီး မြင်တွေ့ လိုက်ရလေသည်။

ရေနဂါးကြီးမှာ မျက်မမြင် တစ်ယောက်မဟုတ်ပါ။ သို့သော်… ထိုတောင်မြင့်ကြီးကို ယခင်က သူမြင်တွေ့ခြင်း မရှိဘဲ ယခုမှ ရုတ်တရက် ပေါ်လာခြင်း ဖြစ်လေသည်။

တောင်မြင့်ကြီးကို ကြည့်ပြီး ရေနဂါးကြီး၏စိတ်ထဲတွင် ပျော်ရွှင် သွားလေသည်။ ရေနဂါးကြီးက သူ၏ နဂါးပါးစပ်ကြီးကိုဖွင့်ကာ စကားပြောလိုက်သည်။

“ဆန်းသခင်လေး၊ ဒီတောင်ကြီးက လင်ထိုင်ဖန်းကျွမ်း တောင်လား”

ဆန်းလျန်က ရေနဂါးကြီး၏ ဦးခေါင်းထက်တွင် တင်ပျဉ်ခွေထိုင်ရင်း မျက်လုံးများကို မှိတ်ထားလေသည်။

ရေနဂါးကြီး၏ အမေးစကားကို ကြားမှ ဆန်းလျန်က မျက်ဝန်းကို အသာ ဖွင့်ကြည့်လိုက်သည်။

သူက ရယ်မောလိုက်ရင်း….

“မင်း မြင်နေရတယ်ဆိုရင် အဲဒါ လင်ထိုင်ဖန်းကျွမ်းတောင် မဟုတ်သေးဘူး”

ရေနဂါးကြီးမှာ ဆန်းလျန်၏ စကားကို နားလည်သလိုလို မလည်သလိုလို ဖြစ်သွား ရလေသည်။ နဂါးကြီးက တောင်ခြေဆီသို့ ရောက်အောင် ပျံသန်း သွားလေသည်။ ထို့နောက် အမြီးကို ခါယမ်းကာ တောင်ပေါ်သို့ ခုန်တက်လိုက်သည်။ သို့သော်… နဂါးကြီးမှာ မည်မျှပင်ခုန်ပါစေ တောင်ထိပ်သို့ မရောက်နိုင်ဘဲ ပင်လယ် ရေထဲသို့သာ ပြန်ကျလာလေသည်။

သူ ပင်လယ်ရေထဲမှ ပြန်တက်လာသည့် အခါတွင်တော့ တောင်မြင့်ကြီးမှာ ပျောက်ကွယ် သွားပြီ ဖြစ်လေသည်။

သူ၏ရှေ့တွင် အဆုံးမရှိသည့် ပင်လယ်ပြင်ကြီးကိုသာ တွေ့မြင်ရသည်။ သို့သော် နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည့် အခါတွင်တော့ သူ့ရှေ့တွင် တောင်မြင့်ကြီးက ကာဆီး နေပြန်လေသည်။ တောင်မြင့်ကြီးထိပ်တွင် သဘာဝကျစွာ လခြမ်းကွေးလေးကိုပင် တွေ့မြင်နေရသေးသည်။

နဂါးကြီးက အံ့သြ တုန်လှုပ်သွားပြီး…

“ဆန်းသခင်လေး၊ ဒီတောင်ကို ဘယ်သူကများ ဖန်ဆင်းထားတာလဲ၊ ဒီတောင်က အတုလား အစစ်လား”

ဆန်းလျန်က ရယ်မောလိုက်ရင်း…

“အဲဒါ သူများဆွဲထားတဲ့ ပန်းချီကားကြီးလေ၊ မင်းတစ်ယောက်ပဲ တကယ့်တောင်လို့ ထင်နေတာ”

ထိုမျှကြီးမားသော တောင်မြင့်ကြီးက ပန်းချီကား တစ်ချပ်တဲ့လား။ ရေနဂါးကြီးက သိပ်မယုံချင်ပေ။ သူ၏ တန်ခိုးစွမ်းအား များကို ထုတ်လွှတ်ကာ တောင်ကို စမ်းသပ် ကြည့်လိုက်သည်။ ထိုအခါ ကျတော့လည်း တကယ့် တောင်အစစ် တစ်လုံးကဲ့သို့ ခံစား ရပြန်လေသည်။ ဆန်းသခင်လေးက ပန်းချီကား တစ်ချပ်ဟု သူ့ကိုပြောသည်မှာ နောက်နေခြင်းများလား။

နဂါးကြီးလည်း မည်သည့်စကားမှ မဆိုတော့ဘဲ အရှေ့သို့သာ ရေဆက်ကူး လာခဲ့လေသည်။

နဂါးကြီးက တောင်မြင့်ကြီးမှာ အစစ်လား၊ အတုလား စဉ်းစားရင်း ချာချာလည် နေစဉ်မှာပင် တောင်မြင့်ကြီးမှာ သူ့ရှေ့မှ ပျောက်ကွယ် သွားပြန်လေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးတွင် မိုးမြေစွမ်းအားများက အလွန်အားကောင်းနေပြီး အေးချမ်း ငြိမ်သက် နေလေသည်။

ထို့နောက်တွင်တော့ လေထဲတွင် စုတ်တံ တစ်ချောင်းပေါ်လာပြီး ထိုစုတ်တံက ကောင်းကင်ထက်တွင် ဆေးခြယ် နေလေသည်။ ထိုစုတ်တံထက်တွင် အစိမ်းရောင် ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ထိုင်နေလေသည်။ ထိုလူငယ်ထံမှ ထူးခြားသည့် တန်ခိုးစွမ်းအားများ ထွက်ပေါ် နေသည်ကို ခံစားသိရှိနိုင်လေ၏။

ဆန်းလျန်က ထိုလူငယ်ကို လုံးဝမကြည့်ပါ။ သူက ရွေ့လျားနေသည့် စုတ်တံကိုသာ ကြည့်နေလေသည်။

“ချင်းယီ၊ မင်းရဲ့စုတ်ချက်က အပိုအလိုမရှိ ပြီးပြည့်စုံတယ်၊ ဒါကြောင့်လည်း သူက မိုးနဲ့မြေ တစ်သားတည်းကျတဲ့ အခြေအနေကို ရောက်ခဲ့တာကိုး၊ မင်းလည်း ဒီမှော်ဝင် စုတ်တံကို ကိုင်နိုင်တာကို ကျုပ်မအံ့သြတော့ပါဘူး”

ထိုအစိမ်းရောင်ဝတ် လူငယ်မှာ ရှန်စန်းကျန်းရန် လုကျိုးယွမ်၏တပည့် စုန့်ချင်းယီပင် ဖြစ်လေသည်။

“မိုးနှင့်မြေ တစ်သားတည်း ကျခြင်း” ဆိုသည့် အဓိပ္ပာယ်မှာ “လူနှင့် စကြဝဠာ တစ်သားတည်းကျခြင်း” နှင့် အဓိပ္ပာယ်နှင့် အတူတူပင် ဖြစ်လေသည်။ သို့သော် မိုးနှင့်မြေ တစ်သားတည်းကျခြင်းက ပိုမိုနက်ရှိုင်းပြီး စေ့စပ် သေချာလေသည်။

လုကျိုးယွမ်သည် လောကကို ကျော်လွန်သွားခြင်း မရှိဘဲ လူ့လောကတွင် နေထိုင်နိုင်ခြင်း အကြောင်းကို ဆန်းလျန် နားလည်သွားခဲ့ပြီ။ အဘယ်ကြောင့်ဆိုသော် သူက မိုးနှင့်မြေ ဆက်သွယ်ထားခြင်းကို ဖြတ်တောက် မပစ်ခဲ့ဘဲ မိုးနှင့်မြေကို ခိုင်မာစွာ ပေါင်းစည်းစေခဲ့ပြီး သဘာဝတရားနှင့် တစ်သားတည်း အသက်ရှင်သန် နေသည့်အတွက် ဖြစ်လေသည်။

သဘာဝတရားထဲတွင် လုကျိုးယွမ်သည် အမှတ်အသား တစ်ခုအဖြစ် နက်ရှိုင်းစွာရှိနေပြီး မိုးနှင့်မြေကြားတွင် လွင့်မျောနေသည့် လူတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူသည် နဂါးငွေ့တန်း အထိ ခရီးနှင်ပြီးသည့်တိုင် သူ၏ ကျင့်စဉ်လမ်းကို ဆုံးရှုံးခြင်း မရှိဘဲ သူ့နေရာသို့ သူ ပြန်ရောက် လာနိုင်ခြင်း ဖြစ်လေသည်။ သူအသက်ဆုံးရှုံး သွားသည် ဆိုလျှင်တောင်မှ သူသည် မိုးနှင့်မြေ၏ မူလအစကို အသုံးပြုကာ သူ့ကိုယ်သူ အသက် ပြန်သွင်းနိုင်မည် ဖြစ်လေသည်။

လုကျိုးယွမ် အသုံးပြုနေသည့် ထိုတရား အဓိပ္ပာယ်သည် သူရေးသားခဲ့သည့် “တရားအလင်း သိမြင်ခြင်းကျမ်း” မှ စစ်မှန်သည့် အဓိပ္ပာယ်များပင် ဖြစ်လေသည်။

နတ်ဘုရားများသည် မည်သို့ပင် မသေနိုင်သည့် နတ်ဘုရားတစ်ပါး ဖြစ်ပါစေ မိုးမြေ ရှင်သန်မှုနှင့်တော့ နှိုင်းယှဉ်၍ မရနိုင်ပေ။

တစ်ချိန်တည်းမှာပင် ဆရာဘွားဘွား ကျိလင်နတ်သမီးက လောကတွင် နေထိုင်ခြင်းမရှိဘဲ လောကကို ကျော်လွန် သွားလိုခြင်းကို ချက်ချင်းပင် နားလည် သဘောပေါက်ခဲ့လေသည်။

လူဆိုသည်က မွေးဖွားလာပြီး သေဆုံးသင့်သည့် အချိန်တွင် သေဆုံးရမည် ဖြစ်လေသည်။

သို့မဟုတ်ဘဲ ဆက်လက် အသက်ရှင်သန်ပြီး လောကတွင် နေထိုင်လိုပါက ထိုသူ၏ဘဝသည် လောကကို တွယ်ကပ်နေသည့် ကပ်ပါးကောင် တစ်ကောင်နှင့် ခြားနားမည် မဟုတ်ပေ။ ထို့ကြောင့် ကျိလင်နတ်သမီးသည် တစ်ချက်ပင် တုံ့ဆိုင်းမနေဘဲ ထွက်ခွာသွားခဲ့ခြင်း ဖြစ်လေသည်။

ဆရာဘွားဘွား၏ အတွေးများကို နားလည် သွားသည့်အခါ ဆန်းလျန်သည် ဆရာဘွားဘွား၏ နောက်သို့ လိုက်သွား လိုစိတ်များပင် တဖွားဖွား ထွက်ပေါ်လာမိတော့သည်။

လူ့လောကဆိုသည်က လူသားများ တစ်ခဏတာ အလည်လာကြသည့် နေရာပင်ဖြစ်ပြီး မည်သူမျှ အမြဲတမ်း နေထိုင်ခွင့် မရှိနိုင်ဘူး မဟုတ်လား။

ဆန်းလျန်သည် လက်ရှိ အချိန်တွင် ယန်ရွှီး၏ စိတ်ထဲတွင်လည်း မည်သို့ ခံစားနေရမည်လဲ ဆိုသည်ကို သိချင်နေမိလေသည်။

စုတ်တံသည် ကောင်းကင်ထက်မှ အောက်သို့ တဖြည်းဖြည်း ကျလာပြီး ပုံမှန်စုတ်တံ တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ စုန့်ချင်းယီက စုတ်တံကို လက်တွင်ကိုင်ကာ ကောင်းကင်ထက်မှ ဖြည်းညင်းစွာ ဆင်းသက်လာပြီး ဆန်းလျန်ရှေ့သို့ ရောက်လာလေသည်။

သူက နာကြည်းသည့် အပြုံးတစ်ချက်ကို ပြုံးလိုက်ရင်း…

“လောကမှာ အစ်ကိုဆန်းကို ဖုံးကွယ်ထားလို့ရတာ ဘာမှမရှိဘူးပဲ၊ ကျုပ်လည်း ဆရာက မိုးနဲ့မြေကို တစ်သားတည်းကျတဲ့ အခြေအနေနဲ့ ဒီလောကမှာ နေထိုင်နေတာကို သိတာ မကြာသေးပါဘူး၊ အရင်ကတည်းက အစ်ကိုဆန်းကို ပြောမပြခဲ့တာ ကျုပ်ကို အပြစ်မတင်နဲ့နော်”

ဆန်းလျန်က ပြုံးလိုက်ရင်း…

“ဘယ်လိုလုပ် မင်းကို အပြစ်တင်နိုင်မလဲ၊ မင်းက လုကျိုးယွမ်ရဲ့ တပည့်ပဲလေ”

စုန့်ချင်းယီက သက်ပြင်းချလိုက်ရင်း…

“ကျုပ်က မင်းကိုအမြဲတမ်း သူငယ်ချင်း တစ်ယောက်လို့ သတ်မှတ်ခဲ့တာပါ၊ ပြီးတော့ ချီးရှိုးကလည်း မင်းကို အရမ်း လေးစားတယ်လေ”

“ချင်းယီ၊ ကျုပ်ကလည်း မင်းကိုအမြဲတမ်းပဲ လေးစားခဲ့တယ်ဆိုတာ မင်းမသိဘူးလား”

ဆန်းလျန်က စုန့်ချင်းယီကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

သူ၏အကြည့်များက တည်ငြိမ်ပြီး တိတ်ဆိတ် ငြိမ်သက် လွန်းလေသည်။

“ကျုပ်မှာ လေးစားလောက်စရာ ဘာများရှိလို့လဲဗျာ၊ မင်းကို ဘယ်နေရာမှာများ ယှဉ်နိုင်ခဲ့လို့လဲ၊ ဒါပေမဲ့ ဆန်းလျန်၊ မင်း ကျုပ်ကို ယုံမှဖြစ်မယ်၊ ကျုပ်မင်းကို နည်းနည်းတော့ မနာလိုဖြစ်မိပေမယ့် ကျုပ်က မင်းကို ကူညီချင်လို့ပါ၊ ကျုပ်အကောင်းဆုံး ကြိုးစားမှာပါ”

စုန့်ချင်းယီပုံစံက စိတ်ပျက်လက်ပျက် ဖြစ်နေပုံရလေသည်။

“ကျုပ် မင်းကို တစ်ခါမှ သံသယ မဝင်ခဲ့ပါဘူး၊ ကျုပ်တို့ရဲ့ခင်မင်မှုကိုလည်း တန်ဖိုး ထားပါတယ်၊ မင်းကို ကျုပ်လေးစားခဲ့တာက မင်းက တကယ့်ကို ရိုးသားဖြူစင်တဲ့ စိတ်ထားကို ပိုင်ဆိုင်ထားလို့ပဲ၊ မင်းရဲ့ ကျင့်စဉ်ကိုလည်း ဆက်ပြီး ကျင့်ကြံပါ၊ မင်းရဲ့ အနာဂတ်ဟာ မင်းရဲ့ ဂိုဏ်းတူအစ်ကို ဝမ်ရှီတောက်ထက်တောင် တောက်ပလာဦးမှာပါ၊ ဒါကြောင့်လည်း မင်းရဲ့ဆရာက မင်းကို တန်ဖိုးထားတာပေါ့”

ဆန်းလျန်၏ စကားများက အလိမ်အညာ စကားများ မဟုတ်ပါ။

သူသည် ကျင့်စဉ်လမ်းနှင့် ပတ်သက်ပြီး လူတစ်ယောက်၏ အရည်အချင်းများကို ကောင်းကောင်း သုံးသပ်နိုင်သူ ဖြစ်လေသည်။

သူချန်ကျင်းချင်ကို တပည့်အဖြစ် ရအောင် ခေါ်ယူခဲ့သည်မှာလည်း ထိုသို့ ရိုးသားဖြူစင်သည့် စိတ်ထားကြောင့် ဖြစ်လေသည်။ ချန်ကျင်းချင်နှင့် စုန့်ချင်းယီ၏ စိတ်နေစိတ်ထားများက အလွန်ဆင်တူပြီး ထိုသို့သော စိတ်ထားမျိုးရှိသူကို ရှာဖွေတွေ့ရှိရန်မှာ လွယ်ကူသည် မဟုတ်ပေ။

လူတစ်ယောက်၏ စိတ်ထားဆိုသည်က မွေးရာပါဖြစ်သည့် အတွက် လုပ်ယူပြုပြင်၍ မရစကောင်းပေ။ စိတ်ထားဆိုသည်က လူတစ်ယောက်၏ အဓိကကျသည့် အရည်အသွေး ဖြစ်ပြီး ရိုးသားဖြူစင်သည့် စိတ်ထားကို လူတိုင်း မပိုင်ဆိုင်နိုငပေ။ အချို့ဆိုလျှင် မွေးရာပါ ရိုးသားဖြူစင်သည့် စိတ်ထားကိုပင် ထိန်းသိမ်း ထားရန် ခက်ခဲလေသည်။

စုန့်ချင်းယီ၏ လှည့်စားမှု ပန်းချီသည် သူ၏ ရိုးသားမှုပင် ဖြစ်သည်။

သူက ဆန်းလျန် ဒုက္ခရောက်နေပြီ အထင်နှင့် ဆန်းလျန်ကို ကူညီရန် မရမက ရောက်လာခဲ့ခြင်း ဖြစ်လေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကန္တာရထဲတွင် ဆန်းလျန်နှင့် ပထမဆုံး အကြိမ်တွေ့ဆုံစဉ်က ဆန်းလျန်အပေါ် ထားခဲ့သည့် စုန့်ချင်းယီ၏ ခင်မင်မှုနှင့် ရိုးသားမှုသည် ယခုအချိန်ထိ အတူတူပင် ဖြစ်လေသည်။

သူဆိုလျှင် စုန့်ချင်းယီလောက်ပင် ရိုးသားနိုင်ခြင်း ရှိမည်မဟုတ်ဟု ဆန်းလျန် တွေးနေမိလေသည်။

ရိုးသားခြင်းသည် လှပသည့် လူ့သဘာဝ တစ်ခုဖြစ်လေသည်။ ဆန်းလျန်သည် သူမလုပ်နိုင်သည့် အရာကို လုပ်နိုင်သည့် အတွက် စုန့်ချင်းယီကို မလေးစားဘဲ မနေနိုင်ပေ။

စုန့်ချင်းယီမှာ ဆန်းလျန်၏ စကားများကြောင့် စကားပင် ပြန်မပြောနိုင် ဖြစ်သွားရလေသည်။ သူ့တွင် ဆန်းလျန်ပြောသည့် အရည်အချင်းများ ရှိနေသည်ကို သူကိုယ်တိုင်ပင် သတိမထားခဲ့မိပေ။

သူက နူးညံ့သိမ်မွေ့ပြီး နှိမ့်ချတတ်သည့် စိတ်ထားကို ပိုင်ဆိုင်သည့် ဂိုဏ်းတူ အစ်ကိုဝမ်ရှီတောက်ထက်ပင် သာလွန်နိုင်သည်ဟု ဆန်းလျန်က အခိုင်အမာ ဆိုခဲ့ပြီ။

“ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာကောင်းလိုက်တဲ့ သူငယ်ချင်းတွေလဲကွာ၊ ဆန်းလျန်ရာ ဆန်းလျန်၊ မင်းက သိပ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ၊ မင်းကို အနိုင်ယူပြီးရင်တော့ မင်းနဲ့ပတ်သက်တဲ့ သူတွေအားလုံးကို မင်းနောက်လိုက်ပြီး အဖော်ပြုပေးဖို့ အကုန်လုံးကို သတ်ပစ်ဦးမယ်၊ ဒါမှ တမလွန်မှ မင်းအထီးမကျန်မှာပေါ့”

အသံတစ်သံသည် လေထဲတွင် ထွက်ပေါ်လာပြီး ချက်ချင်းပင် ပျောက်ကွယ် သွားလေသည်။

***

All Chapters