← Chapters

သေမင်းမြစ်

Vol. 60 Ch. 671

သေမင်းမြစ်

Vol. 60 Ch. 671

ကုလျန်အန်း၏ ဒီစကားက ရုတ်တရက် နားထောင်လိုက်လျှင် ပဟေဠိဆန်သော စကားတစ်ခွန်းဟု ထင်ရသော်လည်း သေချာ ပြန်လည်စဉ်းစားကြည့်လိုက်သောအခါ ကျန်းပေရန်သည် သူက အသက်စွန့်သွားခဲ့ကြသော ထိုအနက်ရောင် သူတောင်စင်ကြီးများကို ရည်ညွှန်းနေကြောင်း နားလည်သွား၏။

"အင်မော်တယ်ကြီး ထင်တာက ဒီတစ်ခေါက် အောင်မြင်မှု ရှိမရှိက ကျွန်တော်တို့အပေါ်မှာ မမူတည်ဘဲ ဒီအနက်ရောင် သူတော်စင်တွေအပေါ်မှာပဲ မူတည်တယ်လို့ ပြောချင်တာလား"

"လိုချင်ပြီး မရနိုင်တာ တွေးနေပြီး မလုပ်နိုင်တာ ဒါတွေက အဆုံးအစမရှိတဲ့ ဒုက္ခတွေပါပဲ"

ကုလျန်အန်းက လူနားလည်နိုင်သော စကားများကို မပြောသည့် မုဒ်သို့ ပြန်ရောက်သွားသည်ကို မြင်သောအခါ ကျန်းပေရန်လည်း ဆက်မမေးတော့ပေ။ သို့သော် ဝန်မခံချင်သော်လည်း ကုလျန်အန်းနှင့် စကားများများ ပြောပြီးနောက် သူ၏ ပဟေဠိများကို အနည်းငယ် နားလည်လာသလို ခံစားလာရသည်။

ဥပမာအားဖြင့် ဒီစကားထဲတွင် လိုချင်ပြီး မရနိုင်တာ ဆိုသည်က အရမ်းကြီး အတင်းအကျပ် မလုပ်သင့်ကြောင်း၊ ရချင်စိတ် ဆုံးရှုံးရမှာ ကြောက်စိတ် ကြီးမားလေလေ ကိုယ်လိုချင်သော ရလဒ်ကို ရရှိရန် ပို၍ ခက်ခဲလေလေ ဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်ပေမည်။

"အင်မော်တယ်ကြီး ရှင်းပြပေးတာကို ကျေးဇူးတင်ပါတယ် ဒါဆိုရင် အားလုံးပဲ အရင်ဆုံး ပြင်ဆင်ထားပေးကြပါ ကျွန်တော် အခုပဲ ဆေးအိုး အနည်းငယ် ထပ်ဖော်စပ်လိုက်ဦးမယ် နောက်အကျဆုံး ည ၇ နာရီကနေ ၉ နာရီ အတွင်းမှာ ကျွန်တော် သေချာပေါက် ပြန်လာခဲ့ပါ့မယ်"

တစ္ဆေကျင့်ကြံသူများကို နှုတ်ဆက်ပြီးနောက် ကျန်းပေရန်သည် ဆေးဖော်စပ်သည့် အခန်းသို့ အလျင်အမြန် ပြန်လာခဲ့၏။

အဆင့်ကိုး ဆေးဆရာ တစ်အုပ်ကြီးက ရွှေကျီးကန်း ဆေးအိုး နံဘေးတွင် ဝိုင်းရံကာ ဆက်တိုက် ဆွေးနွေးနေကြဆဲ ဖြစ်သည်ကို မြင်သောအခါ သူက ရှေ့သို့ တိုးသွားကာ ပြောလိုက်သည်။

"ဆရာကြီးတို့ ခဏလောက် လမ်းဖယ်ပေးပါလား ခင်ဗျာ"

"ဆရာကျန်း ပြန်လာပြီလား"

"ဆရာကျန်း ကျွန်တော်တို့ကို ဒီဝိညာဉ်စွမ်းအင် သွင်းပေးတဲ့ နည်းစနစ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိလဲ ဆိုတာ နည်းနည်းလောက် ပြောပြပေးလို့ ရမလား"

"ဟုတ်တယ် စိတ်ချပါ ကျွန်တော်တို့က အလကား မသင်ပါဘူး ဆရာကြီးကျန်း လိုချင်တာ ရှိရင် ပြောသာပြောပါ ကျွန်တော်တို့ စုပေါင်းပြီးတော့ပဲ ဖြစ်ဖြစ် သေချာပေါက် ရှာပေးပါ့မယ်"

အဆင့်မြင့် ဆေးဆရာများ၏ စိတ်အားထက်သန်မှုကို ခံစားရပြီးနောက် ကျန်းပေရန်က လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

"ဆရာကြီးတို့ အားနာစရာ မလိုပါဘူး ဒီတစ်ခေါက် နိဗ္ဗာန်ဆေးလုံး ကို ဒီလောက် မြန်မြန် ဖော်စပ်နိုင်ခဲ့တာ အားလုံးရဲ့ ကူညီမှုတွေကြောင့်ပါ တကယ်လို့ ဆရာကြီးတို့က ကျွန်တော့်ရဲ့ ဒီဝိညာဉ်စွမ်းအင် သွင်းပေးတဲ့ နည်းစနစ်ကို စိတ်ဝင်စားတယ် ဆိုရင် ကိစ္စတွေ ပြီးသွားတဲ့အခါ အားလုံးကို သေချာ ရှင်းပြပေးပါ့မယ် ဒါပေမယ့် အခုက လူ့အသက် ကယ်ရမယ့် ကိစ္စ ဖြစ်နေလို့ နောက်ထပ် ဆေးအိုး အနည်းငယ် ထပ်ဖော်စပ်ပြီး လူသွားကယ်ရဦးမယ် အားလုံးပဲ နားလည်ပေးကြပါ"

ကျန်းပေရန်က ဒီလို ပြောလာသည်ကို ကြားသောအခါ အဆင့်မြင့် ဆေးဆရာများမှာလည်း ဆက်မေးရန် မသင့်တော်တော့သဖြင့် အသီးသီး ထွက်ခွာသွားကြပြီး ကျန်းပေရန်အတွက် ကျယ်ဝန်းသော နေရာလွတ် တစ်ခုကို ချန်ထားရစ်ခဲ့လေသည်။

ဆရာကြီးခူ သည် နောက်ဆုံးမှ ထွက်သွားသူ ဖြစ်သော်လည်း သူက ကျန်းပေရန်ကို ပြောစရာ စကားရှိ၍ ကျန်နေခဲ့ခြင်း မဟုတ်ဘဲ နိဗ္ဗာန်ဆေးလုံး ဖော်စပ်ရန် လိုအပ်သော ရှားပါးပစ္စည်းများကို ကျန်းပေရန်ထံသို့ လာရောက် ပေးအပ်ခြင်း ဖြစ်၏။

"ကျေးဇူးတင်ပါတယ် ဆရာကြီးခူ"

"ငါက အာ မဟုတ်ဘူး ငါတို့ကသာ မင်းကို ကျေးဇူးတင်ရမှာ ဆေးပညာလမ်းကြောင်းမှာ ကြီးမားတဲ့ တိုးတက်မှု မရှိတာ အတော်လေး ကြာနေပြီ ဆရာကြီးကျန်း က ငါတို့အတွက် မျှော်လင့်ချက် ယူဆောင်လာပေးတာပဲ နောက်ထပ် စကားလွန်ပြီး မေးရဦးမယ် ဆရာကျန်း က မြေကမ္ဘာအဆင့် ဝိညာဉ်ဆေးလုံးကို ဖော်စပ်နိုင်နေပြီလား"

"ဆရာကြီးခူ ဉာဏ်ကောင်းလှချည်လား ဒါပေမယ့် ကျွန်တော်လည်း ကံကောင်းထောက်မလို့ တစ်အိုး ဖော်စပ်နိုင်ခဲ့တာပါ ကိုယ့်စွမ်းအားနဲ့ကိုယ် မြေကမ္ဘာအဆင့် ဆေးလုံးကို တကယ် ဖော်စပ်နိုင်ဖို့ ဆိုတာ အများကြီး လိုပါသေးတယ်"

ကျန်းပေရန်သည် မြေကမ္ဘာအဆင့် ဝိညာဉ်ဆေးလုံးကို ဖော်စပ်နိုင်လောက်ပြီ ဖြစ်ကြောင်း ကြိုတင် ခန့်မှန်းထားခဲ့သော်လည်း ကျန်းပေရန် ကိုယ်တိုင် ဝန်ခံသည်ကို ကြားလိုက်ရချိန်တွင် ဆရာကြီးခူ ၏ နှလုံးသားမှာ မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ချေ။

သူသည် ဒီလို ကံကြမ္မာ အခွင့်အရေးမျိုးကို ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားရှာဖွေခဲ့သော်လည်း အကြိမ်များစွာတွင် လက်ဗလာဖြင့်သာ ပြန်လာခဲ့ရပြီး တစ်ခါတစ်ရံ တကယ် ကြုံတွေ့ခဲ့ရလျှင်တောင်မှ သူ မဆုပ်ကိုင်နိုင်ခဲ့ပေ။

ယခု ကျန်းပေရန်သည် ငယ်ရွယ်ရွယ်နှင့် မြေကမ္ဘာအဆင့် ဝိညာဉ်ဆေးလုံးကို ဖော်စပ်နိုင်ခဲ့ပြီ ဆိုသည်ကို ကြားလိုက်ရသောအခါ သူ၏ စိတ်ထဲတွင် အလွန် ဝမ်းနည်းကြေကွဲသွားမိ၏။

သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီးနောက် ဆရာကြီးခူ က ပြောလိုက်သည်။

"ကြည့်ရတာ အဲ့ဒီ မြေကမ္ဘာအဆင့် ဝိညာဉ်ဆေးလုံး တစ်အိုးက မင်းအတွက် ကြီးမားတဲ့ အသိအမြင်တွေ ရစေခဲ့ပုံပဲ"

"တကယ်ပါပဲ"

ကျန်းပေရန်က ခေါင်းညိတ်လိုက်၏။

အရင်က သိပ်မခံစားခဲ့ရဘူး ဆိုလျှင်တောင်မှ ဒီတစ်ခေါက် နိဗ္ဗာန်ဆေးလုံး ကို ဖော်စပ်သည့် အချိန်တွင်တော့ တကယ်ကို နက်ရှိုင်းသော နားလည်မှုကို ရရှိခဲ့ပေသည်။

"အချိန်ရတဲ့အခါ ငါ့ကို သေချာ ရှင်းပြပြဖို့ မျှော်လင့်နေပါ့မယ်"

ဆရာကြီးခူ က ပြောပြီးသည်နှင့် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဆေးဖော်စပ်သည့် အခန်းထဲမှ ထွက်သွားလေသည်။

"သေချာပေါက် ပြောပြပါ့မယ်"

ဆရာကြီးခူ ၏ ကျောပြင်ကို လှမ်းအော်ပြောလိုက်ပြီးနောက် ကျန်းပေရန်သည် ရွှေကျီးကန်း ဆေးအိုး ရှေ့သို့ သွားကာ စောစောက ဆရာကြီးခူ ပေးသွားသော ရှားပါးပစ္စည်းများ အားလုံးကို ထုတ်ယူလိုက်၏။

နှစ်နာရီ ကြာပြီးနောက် မည်သည့် မတော်တဆမှုမျှ မကြုံတွေ့ခဲ့ရသော ကျန်းပေရန်သည် ကျောက်စိမ်းနီပုလင်း တစ်လုံးကို ကိုင်ကာ ကုလျန်အန်း တို့ကို သွားရှာခဲ့ပြီး သူ၏ ဘက်တွင် အားလုံး ပြင်ဆင်ပြီးစီးပြီ ဖြစ်ကြောင်း ပြောပြလိုက်သည်။

ကျန်ရိ ဆရာတော် ကလည်း ထိုစကားကို ကြားသောအခါ လိုလိုလားလားပင် ပြန်ပြောလိုက်၏။

"ဒါဆို သွားကြစို့"

ပြီးခဲ့သည့် အကြိမ်က ကြီးမားသော အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသော်လည်း မည်သည့် ထိခိုက်မှုမျှ မရှိခဲ့သကဲ့သို့ပင်။

ဒါက ကျန်းပေရန်ကို အားကြီးသူများ ဆိုသည်မှာ သတ္တိကြောင်သူများ မဟုတ်ကြောင်း၊ အန္တရာယ်ကိုပင် လိုက်လံရှာဖွေပြီး ထိုအထဲမှ တိုးတက်ရန် အခွင့်အရေးကို ရှာဖွေတတ်ကြကြောင်း သက်ပြင်းချမိစေခဲ့သည်။

သေချာသည်မှာ ထိုကြောင့် သေဆုံးသွားသော အားကြီးသူများလည်း အနည်းအကျဉ်းတော့ မဟုတ်ပေ။

တစ္ဆေကျင့်ကြံသူ အနည်းငယ်က လူသိရှင်ကြား မဖြစ်ချင်သောကြောင့် ကျန်းပေရန်သည် မည်သည့် အနက်ရောင် သူတောင်စင်ကိုမျှ သက်သေအဖြစ် လာရောက်ကြည့်ရှုရန် မဖိတ်ခေါ်ခဲ့သလို ယဇ်ပလ္လင် ပတ်လည်ရှိ အစောင့်များကိုလည်း အားလုံး ရုပ်သိမ်းလိုက်၏။

ထုန်တိုင်းပြည်မှ အနက်ရောင် သူတောင်စင်များ၏ အလောင်းများ အနီးသို့ ရောက်သောအခါ ကျန်းပေရန်သည် အရင်ဆုံး သူတို့ကို အရိုအသေပေးလိုက်ပြီးနောက် စောစောက ကုလျန်အန်း ပြောခဲ့သော စကားကို ပြန်လည် ရွတ်ဆိုလိုက်လေသည်။

"စီနီယာတို့ ကိုယ့်ကိုယ်ကိုယ် အစွမ်းကုန် ထိန်းချုပ်နိုင်မှသာ ရူးသွပ်မှုဆီ မရောက်မှာပါ"

"ငါ့ဘက်ကတော့ အချိန်မရွေး စလို့ ရပြီ"

မလှမ်းမကမ်းတွင် တစ်ကိုယ်လုံး ယင်စွမ်းအင်များ ထွက်ပေါ်နေပြီ ဖြစ်သော ကျန်ရိ ဆရာတော် က ပြောလိုက်၏။

သူ၏ ဘေးတွင် ရပ်နေသော တា့ဟူ ကလည်း အသင့်ပြင်ထားသော အနေအထားတွင် ရှိနေလေသည်။

"ကောင်းပြီ"

ကျန်းပေရန်က သဘောတူလိုက်ပြီးနောက် ကျောက်စိမ်းနီပုလင်းထဲမှ နိဗ္ဗာန်ဆေးလုံး များ အားလုံးကို ထုတ်ယူကာ အနက်ရောင် သူတောင်စင်များ၏ အလောင်းများ ပါးစပ်ထဲသို့ တစ်လုံးချင်းစီ ခွံ့ကျွေးလိုက်လေသည်။

အဆင့်မြင့် ဝိညာဉ်ဆေးလုံး ဖြစ်သည့် အားလျော်စွာ နိဗ္ဗာန်ဆေးလုံး များသည် ပါးစပ်ထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဆေးဝိညာဉ်စွမ်းအင်များ အဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြ၏။

တိတ်ဆိတ်ခြင်း...

နိဗ္ဗာန်ဆေးလုံး များ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီးနောက် ဒီအနက်ရောင် သခင်ကြီးများ၏ ခန္ဓာကိုယ်တွင် မည်သည့် ပြောင်းလဲမှုမျှ မဖြစ်ပေါ်ခဲ့ပေ။ သို့သော် ဒါက ဝိညာဉ်အာရုံနှင့် သက်ဆိုင်သော ဆေးလုံး ဖြစ်ရာ ရုပ်ပိုင်းဆိုင်ရာတွင် အကျိုးသက်ရောက်မှု မရှိခြင်းက အလွန် ပုံမှန်ကိစ္စ တစ်ခုပင် ဖြစ်သည်။

နိဗ္ဗာန်ဆေးလုံး ၏ အာနိသင် စတင် အလုပ်လုပ်ခြင်း ရှိမရှိ ဘယ်လို စစ်ဆေးရမလဲ ဆိုတာကို ကျန်းပေရန် စဉ်းစားနေစဉ် ရုတ်တရက် သူ၏ ဦးနှောက်ကို အပ်နှင့် ထိုးခံလိုက်ရသလို ခံစားလိုက်ရပြီး ချက်ချင်းပင် ဒီရေလှိုင်းများလို ဝိညာဉ်ဖိအားများက သူ့ထံသို့ ရိုက်ခတ်လာရာ မရည်ရွယ်ဘဲ သူ၏ စိတ်စွမ်းအားများကို စုစည်းကာ ကာကွယ်ရန် ပြင်ဆင်လိုက်မိလေသည်။

"ကြည့်ရတာ မင်းဖော်စပ်တဲ့ ဆေးက အာနိသင် အတော်လေး ကောင်းပုံပဲ ဈေးတစ်ခုလောက် သတ်မှတ်လိုက် ပြီးရင် ငါ့ကို နည်းနည်းလောက် ရောင်းပါ"

ကျန်းပေရန်က ဘာတွေ ဖြစ်နေလဲ ဆိုတာကို စဉ်းစားနေချိန်တွင် ကျန်ယီ ဘုန်းတော်ကြီးက ရှေးဟောင်း စာလုံးမျိုးစုံ ရေးသားထားသော အဝတ်တစ်ခုကို ဖြန့်ချလိုက်ရင်း ပြောလိုက်၏။

"ဒါက သေချာပေါက် ပြဿနာ မရှိပါဘူး ဒါပေမယ့် တကယ် ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို မေးပါရစေ"

"သူတို့ ရောက်လာကြပြီ အကုန် ရောက်လာကြပြီ"

"အနက်ရောင် သူတောင်စင်တွေရဲ့ ဝိညာဉ်တွေလား"

သို့သော် ကျန်းပေရန် မေးပြီးသည်နှင့် တစ်ပြိုင်နက် ကျန်းယီဘုန်းတော်ကြီးသည် ပြီးခဲ့သည့် အကြိမ်ကလိုပင် သူ၏ မျက်စိရှေ့မှ လုံးဝ ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရပြီး တစ်ချိန်တည်းမှာပင် တာ့ဟူ ကလည်း ဘယ်အချိန်ကတည်းက ပျောက်ကွယ်သွားမှန်း မသိလိုက်ပေ။

'သူလည်း တတ်သွားတာလား'

တာ့ဟူ သည် သရဲတစ္ဆေ တစ်ကောင် ဖြစ်သော်လည်း ကျန်းပေရန်၏ မျက်စိရှေ့တွင် မည်သည့်အခါမျှ ပျောက်ကွယ်မသွားခဲ့ဖူးချေ။

ထို့ကြောင့် ယခု ကျန်းပေရန်သည် ကျန်ယီ ဘုန်းတော်ကြီးတွင် အလွန် အစွမ်းထက်သော ကိုယ်ဖျောက်နိုင်စွမ်း ရှိနေခြင်း မဟုတ်ဘဲ အခြားသော ကမ္ဘာတစ်ခုအတွင်းသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်စွမ်း ရှိနေသည်ဟု သံသယဝင်စရာ အကြောင်း ရှိလာပေသည်။

သူ မသိသေးသော ကမ္ဘာတစ်ခု...

တာ့ဟူ ကလည်း သူ့နောက်သို့ လိုက်သွားခြင်း ဖြစ်ပေမည်။

ကျန်းပေရန် စဉ်းစားနေစဉ်မှာပင် ရုတ်တရက် ပို၍ ပြင်းထန်သော ဝိညာဉ်ဖိအား တစ်ခုက သူ့ထံသို့ ရိုက်ခတ်လာပြီး သူ၏ ဦးရေပြားကို ထုံကျင်သွားစေကာ အမည်မသိ တိုက်ခိုက်မှု တစ်ခုကို ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။

တစ်ချိန်တည်းမှာပင် သူ ရုတ်တရက် သဘောပေါက်သွားလေသည်။

'ဒါကြောင့် ပုံမှန် ကျင့်ကြံသူတွေက တစ္ဆေကျင့်ကြံသူတွေကို အမြစ်ပြတ် သုတ်သင်ချင်ကြတာကိုး'

တစ္ဆေကျင့်ကြံသူ မျိုးဆက် ဘယ်လို ပျောက်ကွယ်သွားခဲ့သလဲ ဆိုတာကို ကျန်းပေရန် မသိသော်လည်း တကယ်လို့သာ တစ္ဆေကျင့်ကြံသူများကို ကြီးထွားလာခွင့် ပေးလိုက်မည် ဆိုပါက ထိုအနက်ရောင် သူတော်စင်များသည် ဘယ်လို ကာကွယ်ရမည်ကိုပင် သိကြမည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ သူတို့က သာမန် သရဲတစ္ဆေများကိုပင် မမြင်နိုင်ကြရာ တစ္ဆေကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ဆိုလျှင်တော့ ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ပေ။

'ဒါပေမယ့် တစ္ဆေကျင့်ကြံသူတွေက တကယ်ပဲ ဒီလောက် အစွမ်းထက်နေတယ် ဆိုရင်... ဘာလို့ ကျင့်ကြံသူတွေရဲ့ အပြင်းအထန် ပစ်မှတ်ထားခံရတာလဲ'

ရုတ်တရက် သိချင်စိတ် ပြင်းပြလာသော ကျန်းပေရန်သည် အဖြေရနိုင်မလား သိရန် အချိန်တစ်ခု ရှာပြီး ကျန်ယိ ဘုန်းတော်ကြီးသို့မဟုတ် ကုလျန်အန်းကို မေးမြန်းကြည့်ရန် ပြင်ဆင်လိုက်၏။

"ဒီတစ်ခေါက် တာ့ဟူ ကူညီပေးလို့ သူ တကယ် အောင်မြင်သွားပုံပဲ"

ကျန်းပေရန်သည် တစ်လှိုင်းပြီးတစ်လှိုင်း ရိုက်ခတ်လာသော ဝိညာဉ်ဖိအားများကို ခံစားနေရစဉ် ရွှီမေယင် က သားမြေးများကို အလိုလိုက်သကဲ့သို့ ရယ်မောရင်း ပြောလိုက်လေသည်။

နားထင်ကို ပွတ်သပ်လိုက်ပြီးနောက် ကျန်းပေရန်သည် ရွှီမေယင် အနီးသို့ လျှောက်သွားကာ မေးလိုက်၏။

"အဘွား တကယ် ဘာတွေ ဖြစ်နေတာလဲ ဆိုတာ ပြောပြလို့ ရမလား"

ရွှီမေယင် က ခေါင်းလှည့်ကာ ကျန်းပေရန်ကို တစ်ချက် ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် အံ့အားသင့်နေသော အရိပ်အယောင်များ ထင်ရှားစွာ ပေါ်လွင်နေသော်လည်း မကြာမီ ပြုံးရွှင်သော မျက်နှာသို့ ပြန်လည် ပြောင်းလဲသွားကာ ပြောလိုက်သည်။

"မင်းလေးက တကယ် ထူးခြားတာပဲ တကယ်လို့ တခြားလူသာ ဆိုရင် အခုလောက်ဆို မေ့လဲသွားလောက်ပြီ နည်းနည်း တောင့်ခံနိုင်တဲ့သူ ဆိုရင်တောင် ခေါင်းကို ပိုက်ပြီး မြေကြီးပေါ်မှာ လူးလှိမ့်နေလောက်ပြီ ဒါပေမယ့် မင်းကြည့်ရတာ ဘာမှ မဖြစ်တဲ့ပုံပဲ"

'မဖြစ်ပါဘူး'

ကျန်းပေရန်က ခေါင်းယမ်းလိုက်၏။

"ကျွန်တော်လည်း ခေါင်းအရမ်းကိုက်နေတာပါ မနည်း အားတင်းထားရတာ"

"ဟားဟားဟား နှိမ့်ချမနေပါနဲ့ မင်း တကယ် အရမ်း နာကျင်နေတယ် ဆိုရင် ငါနဲ့ ဒီမှာ ရပ်ပြီး စကားပြောနေနိုင်မှာ မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် ရွှီမေယင် က ကုလျန်အန်း ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"အင်မော်တယ်ကြီး ဒီပုံစံအတိုင်း ဆိုရင် ဆရာကျန်း ကလည်း တစ္ဆေလမ်းကြောင်းကို ကျင့်ကြံဖို့ အတော်လေး သင့်တော်တဲ့သူပဲ"

ကုလျန်အန်းက ပြုံးရုံသာ ပြုံးလိုက်ပြီး မည်သည့် အဖြေမျှ မပေးခဲ့ပေ။

ကုလျန်အန်း စကားမပြောသည်ကို မြင်သောအခါ ရွှီမေယင်ကလည်း အတင်းအကျပ် မလုပ်တော့ဘဲ ကျန်းပေရန်အား ကြည့်ကာ မေးလိုက်၏။

"ဘယ်လိုလဲ ငါတို့ ဂိုဏ်း ရဲ့ တစ္ဆေကျင့်စဉ်ကို စမ်းပြီး ကျင့်ကြံကြည့်ချင်လား မင်း တတ်သွားရင် အခု ဘာတွေ ဖြစ်နေလဲ ဆိုတာ သဘာဝကျကျ သိလာလိမ့်မယ်"

"ကျွန်တော် သေချာ စဉ်းစားကြည့်ပါ့မယ်"

"ဟားဟားဟား ငါ့ရဲ့ မြေးမလေးကလည်း အခုမှ တစ္ဆေကျင့်စဉ်ကို စပြီး ကျင့်ကြံနေတာ တကယ်လို့ မင်းသာ လာမယ်ဆိုရင် မင်းတို့ နှစ်ယောက် အဖော်ရတာပေါ့"

ဒီပြဿနာအပေါ်တွင် အချိန်မဆွဲတော့ဘဲ ကျန်းပေရန်က ခေါင်းစဉ်ကို တိုက်ရိုက် ပြောင်းလိုက်လေသည်။

"ဒါဆို တစ္ဆေကျင့်ကြံသူ ဖြစ်လာရင် ဘာလို့ အခု ဘာတွေ ဖြစ်နေလဲ ဆိုတာကို သိလာရတာလဲ ဆိုတာ အဘွား ကျွန်တော့်ကို ပြောပြလို့ ရမလား"

ကျန်းပေရန်က စကားမဆက်သည်ကို မြင်သောအခါ ရွှီမေယင် ကလည်း အတင်း မပြောတော့ဘဲ ပြန်ဖြေလိုက်၏။

"ဒါက တစ္ဆေကျင့်ကြံသူ လမ်းကြောင်းရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ပဲ အရင်ကဆိုရင် ပြင်ပလူတွေကို လုံးဝ မပြောပြရဘူး ဒါပေမယ့် ဆရာကျန်း က အခု ပြင်ပလူလို့ မခေါ်နိုင်တော့ပါဘူး ငါ အဘွားကြီးကပဲ မင်းကို ပြောပြလိုက်ပါ့မယ်"

ရွှီမေယင် က ပြောပြီးသည်နှင့် လေထဲသို့ လက်ညှိုးထိုးပြလိုက်၏။

"ပြီးခဲ့တဲ့ အကြိမ်က ကျန်းယီဘုန်းတော်ကြီးက အဲ့ဒီ အနက်ရောင် သူတော်စင်တွေကို အသက်ပြန်သွင်းဖို့ ဘယ်လို နည်းလမ်း သုံးမယ်လို့ ပြောခဲ့လဲ ဆိုတာ ဆရာကျန်း မှတ်မိသေးလား"

ကျန်းပေရန်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

"သေဆုံးသွားတဲ့သူတွေရဲ့ ဝိညာဉ် သုံးပါးနဲ့ စိတ် ခုနစ်ပါးကို ဖမ်းခေါ်လာပြီး နေရာတကျ ပြန်ထားပေးမယ်လို့ ပြောခဲ့တာပါ"

"မှန်တယ် ဒါဆို သေဆုံးသွားတဲ့သူတွေရဲ့ ဝိညာဉ် သုံးပါးနဲ့ စိတ် ခုနစ်ပါးက ဘယ်နေရာကို ရောက်သွားလဲ ဆိုတာ မင်း သိလား"

"မသိဘူး"

ကျန်းပေရန်က ချက်ချင်း ခေါင်းယမ်းလိုက်၏။

ရွှီမေယင် က ရယ်မောလိုက်ပြီး ဆက်ပြောလေသည်။

"လောကကြီးမှာ ကျန်ရစ်နေနိုင်တဲ့ ဝိညာဉ်တွေ အကုန်လုံးမှာ ကိုယ်ပိုင် အကြောင်းပြချက် အမျိုးမျိုး ရှိကြတယ် ပြီးတော့ ဒီအကြောင်းပြချက် အများစုက မပြီးဆုံးသေးတဲ့ စွဲလမ်းမှု တစ်ခုခုကြောင့် ဖြစ်တယ် ဒါပေမယ့် စွဲလမ်းမှု ရှိရုံနဲ့ ဒီလောကကြီးမှာ နေလို့ရတယ် ဆိုတာမျိုးလည်း မဟုတ်ဘူး ဒီကြားထဲက ဆက်စပ်မှုကို ငါတို့လည်း သိပ်တော့ နားမလည်ပါဘူး"

"အတိုချုပ် ပြောရရင် လူအများစု သေဆုံးသွားပြီးတဲ့နောက် သူတို့ရဲ့ ဝိညာဉ်တွေက လောကကြီးမှာ ဆက်နေလို့ မရတော့ဘဲ သေမင်းမြစ် ကို သွားရတယ်"

ပြောရင်းနှင့် ရွှီမေယင် က ကျန်းပေရန်ကို အပေါ်သို့ မော့ကြည့်ရန် အချက်ပြလိုက်၏။

"အခု ကျန်းယီဘုန်းတော်ကြီးက အဲ့ဒီ အနက်ရောင် သူတော်စင်တွေရဲ့ ဝိညာဉ်တွေကို ဖမ်းခေါ်လာဖို့ သေမင်းမြစ် ကို သွားနေတာပဲ ဒါပေမယ့် အခု အဲ့ဒီ ဝိညာဉ်တွေက အသိစိတ် မရှိတဲ့ အခြေအနေမှာ ရောက်နေပြီး တစ်ယောက်ချင်းစီတိုင်းက ရူးသွပ်နေတဲ့ မိစ္ဆာတွေလို လူမြင်ရင် လိုက်ရိုက်နေကြတာ တကယ်လို့ တာ့ဟူသာ မကူညီဘူး ဆိုရင် ကျန်းယီ ဘုန်းတော်ကြီးက သူတို့ကို ဖမ်းခေါ်လာနိုင်ဖို့ နေနေသာသာ ပြီးခဲ့တဲ့ အကြိမ်ကတောင် သေမင်းမြစ် မှာ ကျန်ရစ်ခဲ့ပြီး ပြန်မလာနိုင်တော့မလို့ ဖြစ်သွားခဲ့တာ"

"တကယ်လို့ အဲ့ဒီလိုသာ ဖြစ်ခဲ့ရင်... ဘာဖြစ်သွားမလဲ"

"သေမင်းမြစ် ဆိုတာ သက်ရှိတွေ သွားရမယ့် နေရာ မဟုတ်ဘူး တကယ်လို့ အဲ့ဒီမှာ အကြာကြီး နေလိုက်ရင် သဘာဝကျကျပဲ အသက်ဝင်မှုတွေ ပျောက်ဆုံးသွားပြီး အဲ့ဒီ သရဲတစ္ဆေတွေလို ဖြစ်သွားမှာပေါ့"

'ရှီး...'

ကျန်းယီဘုန်းတော်ကြီးက ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း ကျန်းပေရန် ခန့်မှန်းမိခဲ့သော်လည်း ဒီအန္တရာယ်က ဒီလောက်အထိ ကြီးမားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

အကြောင်းရင်းကို နားလည်သွားပြီးနောက် ကျန်းပေရန်က ရွှီမေယင် ဘက်သို့ ထပ်မံ လှည့်ကြည့်လိုက်ပြီး တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတွင် မျိုသိပ်ထားလိုက်၏။

"ဟားဟားဟား"

ရွှီမေယင် က အခြေအနေကို မြင်သောအခါ ထပ်မံ ရယ်မောလိုက်သည်။

"မင်းက ဒီလောက် အန္တရာယ်များမှတော့ ငါတို့ ဘာလို့ သူနဲ့ အတူတူ မသွားတာလဲ လို့ မေးချင်တာ မဟုတ်လား"

ကျန်းပေရန်က လျှို့ဝှက်ချက်ကို သိသွားသော်လည်း မငြင်းဆန်ဘဲ တိုက်ရိုက် ခေါင်းညိတ်လိုက်၏။

သူ မမေးဖြစ်ခဲ့သည့် အကြောင်းရင်းမှာ ဒီကိစ္စက ဒီလောက် အန္တရာယ်များနေမှတော့ သူတို့ မသွားချင်သည်မှာလည်း အလွန် ပုံမှန်ကိစ္စ တစ်ခု ဖြစ်ရာ ဘာမှ မေးစရာ မလိုတော့သောကြောင့်ပင်။

"ဟားဟားဟား ဝန်မခံချင်ပေမယ့် သေမင်းမြစ် ကို သွားတဲ့ ကိစ္စမှာတော့ တစ်တိုက်ကြီးလုံးမှာ ကျန်းယီ ဘုန်းတော်ကြီး တစ်ယောက်တည်းကသာ အဲ့ဒီမှာ အကြာကြီး နေနိုင်တာ ဒါက သူတစ်ယောက်တည်းပဲ လုပ်နိုင်တဲ့ ကိစ္စပဲ"

"ဒီလိုကိုး"

ကျန်းပေရန်က ရုတ်တရက် နားလည်သွားသလို ခေါင်းညိတ်လိုက်၏။

ဒါက တစ္ဆေကျင့်ကြံသူတိုင်း လုပ်နိုင်သည့် ကိစ္စဟု သူ ထင်မှတ်ထားခဲ့သော်လည်း ယခု ကြည့်ရသည်မှာ ကျန်းယီ ဘုန်းတော်ကြီး၏ သီးသန့် စွမ်းရည် တစ်ခုသာ ဖြစ်ပုံရသည်။

"ဒါပေမယ့် အားလုံးက သေမင်းမြစ်ကို မြင်နိုင်တယ်ပေါ့"

သတိပြန်ဝင်လာသော ကျန်းပေရန်က ထပ်မေးလိုက်လေသည်။

"ဟုတ်တယ်"

ရွှီမေယင် က ခေါင်းညိတ်လိုက်၏။

"ဒါပေမယ့် ငါတို့လည်း အကြာကြီး ကြည့်နေလို့ မရဘူး အဲ့ဒီနေရာက သက်ရှိတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေလို့ ဒါပေမယ့်..."

ရွှီမေယင် က ပြောရင်း ကျန်းပေရန်ကို နောက်တစ်ကြိမ် အကဲခတ်ကြည့်လိုက်သည်။

"ဒါပေမယ့် လောကကြီးမှာ ကျန်ရစ်နေတဲ့ ဝိညာဉ်တွေကိုတောင် တစ္ဆေကျင့်ကြံမှု့ကို ကျင့်ကြံထားတဲ့ သူတွေကသာ မြင်နိုင်တာ ဆရာကျန်း က ဘာလို့ မြင်နိုင်ရတာလဲ မသိဘူး"

"ကျွန်တော်က ငယ်ငယ်ကတည်းက ယင်ယန် မျက်လုံး ပါလာလို့ ဝိညာဉ်တွေကို မြင်နိုင်တာပါ"

"ဟားဟားဟား ဒါဆိုရင်တော့ ဆရာကြီးကျန်း က ငါတို့ တစ္ဆေကျင့်ကြံမှု့ကို ကျင့်ကြံဖို့ တကယ် သင့်တော်တာပဲ ဒီတစ်ခေါက် ကိစ္စတွေ ပြီးသွားရင် ငါနဲ့ အတူတူ လိုက်ခဲ့ပါလား ငါလည်း ငါ့ရဲ့ မြေးမလေးကို မင်းနဲ့ မိတ်ဆက်ပေးမယ်"

ပြောရင်းနှင့် ရွှီမေယင် က အနီးသို့ တိုးကပ်လာကာ အသံကို နှိမ့်၍ ပြောလိုက်၏။

"ငါက ကိုယ့်မြေးမကို ကိုယ်ပြန်ချီးမွမ်းနေတာ မဟုတ်ပါဘူး ငါ အဘွားကြီးက တစ်သက်လုံး လူတွေ အများကြီး တွေ့ဖူးပါတယ် ငါ့မြေးမလေး ထက် ပိုလှတဲ့သူ တစ်ယောက်မှ မတွေ့ဖူးသေးဘူး"

'အဘွားကပဲ အောင်သွယ်တော် သွားလုပ်ပါတော့လား'

ရွှီမေယင် ၏ စကားသုံးခွန်းတွင် သူမ၏ မြေးမအကြောင်း မပါဘဲ မနေသည်ကို မြင်သောအခါ ကျန်းပေရန်မှာ စိတ်ထဲတွင် မပြောဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။

"ဟုတ်ကဲ့ ကျွန်တော် သေချာ စဉ်းစားကြည့်ပါ့မယ်"

ရွှီမေယင်ကို အပေါ်ယံ ဖြေကြားလိုက်ပြီးနောက် ကျန်းပေရန်သည် သေမင်းမြစ် အကြောင်းကို နောက်တစ်ကြိမ် စိတ်ဝင်စားလာပြီး သက်ရှိများ သွားခွင့်မရှိသော ဒီလိုနေရာမျိုးတွင် ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ ဆိုတာကို သိချင်လာမိ၏။

'ဟူး နှမြောစရာပဲ ငါ့ရဲ့ နတ်ဘုရားနဲ့ ဆက်သွယ်ခြင်း အမှတ်သာ နည်းနည်း ပိုများရင် မြင်ရကောင်း မြင်ရနိုင်တယ်'

ကျန်းပေရန်က တာ့ဟူ ကို မြင်တွေ့နိုင်ခြင်းမှာ နတ်ဘုရားနဲ့ ဆက်သွယ်ခြင်း ဟုခေါ်သော ထူးခြားသည့် အမှတ်တစ်ခု ရှိနေသောကြောင့် ဆိုတာကို သူ သေချာပေါက် သိထားသည်။

သို့သော် "နတ်ဘုရားနဲ့ ဆက်သွယ်ခြင်း" က လောလောဆယ် တစ်မှတ်သာ ရှိသေးရာ လုပ်နိုင်သည့် အရာများကလည်း သဘာဝကျစွာပင် အလွန် နည်းပါးလှ၏။

တကယ်လို့သာ ၎င်း၏ အဆင့်ကို နည်းနည်းလောက် မြှင့်တင်နိုင်မည် ဆိုပါက သေမင်းမြစ် ကို မြင်တွေ့ရန်မှာလည်း မဖြစ်နိုင်သည့် ကိစ္စ မဟုတ်ပေ။

သို့သော် ကျန်းပေရန်သည် ယခုအချိန်တွင် မည်သူမျှ မနှောင့်ယှက်ရဲသော အခြေအနေမျိုးသို့ ရောက်ရှိနေပြီး လှပသော မိန်းကလေးများက ကိုယ်တိုင် လာရောက် ကမ်းလှမ်းသည်ဖြစ်စေ၊ မျိုးဆက်သစ် သူဌေးသားများနှင့် လမ်းတွင် ကြုံတွေ့ရသည်ဖြစ်စေ စနစ်က မည်သည့် တုံ့ပြန်မှုမျှ မပြသတော့ဘဲ ရွေးချယ်စရာများ ပေါ်လာမည့် အရိပ်အယောင် လုံးဝ မရှိတော့ချေ။

ဒါက ကျန်းပေရန်ကို အနည်းငယ်ပင် အကျင့်မဖြစ်သလို ခံစားရစေသည်။

'ထားလိုက်ပါတော့ ဘာမှ အများကြီး တွေးနေစရာ မလိုပါဘူး နောင်တစ်ချိန်မှာ စနစ်က တစ်ခါလေးတောင် ရွေးချယ်စရာ မပေးတော့ဘူး ဆိုရင်တောင် ဒီထူးဆန်းတဲ့ အရာတွေက ငါနဲ့ ဘာမှ မသက်ဆိုင်တော့ဘူးပေါ့'

'ငါကတော့ အေးအေးဆေးဆေးပဲ အနားယူချင်တော့တယ်'

"ဝီ"

ကျန်းပေရန်သည် နောင်တွင် ဘယ်လို ပုံစံမျိုးဖြင့် ဆက်လက် အနားယူရမလဲ ဆိုတာကို စဉ်းစားနေစဉ် ရုတ်တရက် ယခင်ကထက် အများကြီး ပိုမို ပြင်းထန်သော ဖိအား တစ်ခုက သူ့ထံသို့ ရိုက်ခတ်လာပြီး သူ၏ မျက်စိရှေ့တွင် အမှောင်ကျသွားကာ အနောက်သို့ပင် လဲကျသွားမတတ် ဖြစ်သွားရ၏。

ကံကောင်းထောက်မစွာဖြင့် ရွှီမေယင်က မျက်စိလျင် လက်လျင် ရှိလှသဖြင့် ကြမ်းကြုတ်သော အငွေ့အသက် တစ်ခုကို စုစည်းကာ ကျန်းပေရန်၏ ရှေ့တွင် ကာကွယ်ပေးလိုက်ပြီး ဝတ်ရုံ တစ်ထည်ကို ထုတ်ယူကာ ကျန်းပေရန်အား ကမ်းပေးရင်း ပြောလိုက်လေသည်။

"ဝတ်ထားလိုက် မင်းအတွက် အသုံးဝင်လိမ့်မယ်"

"ကျေးဇူးတင်ပါတယ်"

ကျန်းပေရန်က ခေါင်းညိတ်လိုက်ပြီး ဝတ်ရုံကို ယူကာ ဝတ်ဆင်လိုက်၏။

All Chapters