← Chapters

အားပြိုင်ခြင်း

Vol. 60 Ch. 672

အားပြိုင်ခြင်း

Vol. 60 Ch. 672

ဝတ်ရုံကို ဝတ်ဆင်လိုက်ပြီးနောက် ကျန်းပေရန်သည် သူ၏ စိတ်ဓာတ်များ ရုတ်တရက် လန်းဆန်းသွားသည်ကို ခံစားလိုက်ရပြီး စောစောက သူ့ကို အတားအဆီးမဲ့စွာ ဝင်တိုက်နေခဲ့သော ဝိညာဉ်ဖိအားများကလည်း ရုတ်တရက် အများကြီး လျော့ကျသွားကာ သူ့ခန္ဓာကိုယ်ပေါ်သို့ အလုံးအရင်းနှင့် ဝင်တိုက်ခြင်း မရှိတော့ပေ။

"ကျေးဇူးတင်ပါတယ် အဘွား"

ရွှီမေယင်က ပြုံးလိုက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ် သူမ၏ မျက်လုံးများထဲတွင် ရုတ်တရက် အလင်းရောင် တစ်ချက် တောက်ပသွားကာ ပြောလိုက်၏။

"ဆရာကျန်း နောက်ထပ် နည်းနည်း အန္တရာယ်များနိုင်တယ် မင်း အင်မော်တယ်ကြီး အနောက်ကို အရင်ဆုတ်နေတာ ပိုကောင်းမယ်"

ရွှီမေယင် ပြောသော အန္တရာယ် ဆိုသည်မှာ ဘာလဲ ဆိုတာကို မသိသော်လည်း ကျန်းပေရန်၏ အကြီးမားဆုံး အားသာချက်မှာ အကြံပေးစကားများကို နားထောင်တတ်ခြင်း ဖြစ်ရာ ဘာမှ ဆက်မမေးတော့ဘဲ ကုလျန်အန်း၏ အနောက်သို့ တိုက်ရိုက် ဆုတ်ခွာသွားလေသည်။

"ဆရာကျန်း"

ထိုစဉ် ကုလျန်အန်းက ရုတ်တရက် လှမ်းခေါ်လိုက်၏။

"အင်မော်တယ်ကြီး ဘာများ ပြောချင်လို့လဲ"

"ခဏနေရင် ကြီးမားတဲ့ လှုပ်ရှားမှုတွေ ရှိလာနိုင်တယ် တကယ်လို့ မင်း ချထားတဲ့ အစီအရင်က သေချာ မလုံခြုံဘူး ဆိုရင် အဲ့ဒီ အနက်ရောင် သူတော်စင်တွေကို ဆွဲဆောင်မိသလို ဖြစ်သွားလိမ့်မယ်"

ကုလျန်အန်း ဆိုလိုသည်ကို နားလည်သော ကျန်းပေရန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

"စိတ်ချပါ ကျွန်တော် ဒီမှာ ရှိနေသရွေ့ ဒီက လှုပ်ရှားမှု တစ်ခုမှ အပြင်ကို ထွက်သွားမှာ မဟုတ်ပါဘူး"

"ဆရာကျန်း ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေတယ် မင်းရဲ့ ဒီစကား တစ်ခွန်းနဲ့တင် ကျုပ် စိတ်အေးသွားပါပြီ"

"စကားမစပ် အင်မော်တယ်ကြီး ခင်ဗျား အဲ့ဒီ သေမင်းမြစ် အကြောင်းကို..."

"ဘုန်း"

ကျန်းပေရန်သည် ကုလျန်အန်းအား သေမင်းမြစ် ၏ အကြောင်းကို မေးမြန်းရန် ပြင်လိုက်စဉ် ရုတ်တရက် ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်ခုက သူ၏ အနောက်ဘက်မှ ထွက်ပေါ်လာခဲ့၏။

မဟုတ်သေးပေ၊ တိတိကျကျ ပြောရလျှင် ပေါက်ကွဲသံ မဟုတ်ဘဲ တစ်ခုခု ဆုတ်ဖြဲခံလိုက်ရသည့် အသံမျိုး ဖြစ်သည်။

လှည့်ကြည့်လိုက်သောအခါ လေထဲတွင် အက်ကွဲကြောင်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး တစ်ကိုယ်လုံး ဝိညာဉ်အငွေ့အသက် မျိုးစုံ ရစ်ပတ်နေသော တာ့ဟူက ကျန်ရိ ဆရာတော် နှင့် အတူတကွ မျက်နှာများ အလွန် ပုံပျက်နေသော ဝိညာဉ် တစ်အုပ်ကို ဆွဲထုတ်လာသည်ကို မြင်လိုက်ရလေသည်။

'ဟိုက်... တကယ်ကြီး ဖမ်းခေါ်လာတာပဲ'

ကျန်းပေရန်၏ မူလ စိတ်ကူးထဲတွင် ဝိညာဉ် သုံးပါးနှင့် စိတ် ခုနစ်ပါးကို ဖမ်းခေါ်လာခြင်း ဆိုသည်မှာ ပုံစံမဲ့ အသိစိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုမျိုး ပိုဖြစ်သင့်ပြီး ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများထဲကလို "ဥုံ ဖွတ်" ဟု ရွတ်ဆိုကာ ဝိညာဉ်ကို ပြန်ခေါ်လာခြင်းမျိုး ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် ကျန်ရိ ဆရာတော် ပြောသော ဝိညာဉ်ဖမ်းခြင်း ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ အရ တကယ်ကို သွားဖမ်းခေါ်လာခြင်း ဖြစ်နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

"ဒါလည်း မမှန်သေးဘူး... ရုပ်ပိုင်းဆိုင်ရာ သီအိုရီတွေနဲ့ ဒါကို ရှင်းပြလို့ ရမှာ မဟုတ်ဘူး"

ကျန်းပေရန် စိတ်ထဲတွင် အပြင်းအထန် ဝေဖန်နေစဉ် ကျန်ရိ ဆရာတော် က အနည်းငယ် အားနည်းနေသော လေသံဖြင့် လှမ်းအော်လိုက်၏။

"အဘွားကြီးရွှီ နောက်ဆက်တွဲ ကိစ္စတွေကိုတော့ မင်းကိုပဲ အပ်လိုက်ပြီနော် ဒီအချိန်ကျမှ အရင်တုန်းက ကြွားခဲ့တာတွေ အကုန်လုံးက အလကားပါပဲလို့ လာပြောလို့ မရဘူးဟ"

"ဟားဟားဟား"

ရွှီမေယင် က ခါးကို ကိုင်းကာ ရယ်မောလိုက်သည်။

"ငါ အဘွားကြီးက ဘယ်တုန်းကမှ မလိမ်ဘူး"

ပြောပြီးနောက် သူမက ကျန်းပေရန်ကို တမင်တကာ တစ်ချက် ကြည့်လိုက်ပြီး သူမ၏ မြေးမ အလွန် လှပသည်ဟု ပြောခဲ့ခြင်းကလည်း တကယ်ပါပဲ ဆိုသည့် ပုံစံမျိုး ပြသနေလေသည်။

သို့သော် ဒီတစ်ကြိမ်တွင် ကျန်းပေရန်သည် စိတ်ထဲတွင် ဝေဖန်မနေတော့ဘဲ ယခင်က ရွှီမေယင် နှင့် ကျန်ယိ ဘုန်းတော်ကြီးတို့ ပြောခဲ့သော စကားများကို စတင် ပြန်လည် စဉ်းစားနေလိုက်၏။

ယခင်က ကျန်ယိ ဘုန်းတော်ကြီးသည် အနက်ရောင် သူတော်စင်များ၏ ဝိညာဉ် သုံးပါးနှင့် စိတ် ခုနစ်ပါးကို ဖမ်းခေါ်လာမည်ဟု ပြောခဲ့ချိန်တွင် ရွှီမေယင် က အရင်ဆုံး အထင်သေးစွာဖြင့် မဖြစ်နိုင်ဟု ပြောခဲ့သော်လည်း ကျန်ယိ ဘုန်းတော်ကြီးက တကယ် အတည်ပြောနေမှန်း သိသွားချိန်တွင် သူသာ တကယ် ဖမ်းခေါ်လာနိုင်မည် ဆိုပါက ဒီဝိညာဉ်များကို နှစ်သိမ့်ပေးမည့် ကိစ္စကို သူမ တာဝန်ယူမည်ဟု ပြောခဲ့သည်။

ကျန်ယိ ဘုန်းတော်ကြီးပြောခဲ့သည်ကို ကျန်းပေရန် မှတ်မိနေသေးသည်။ ဝိညာဉ် သုံးပါးနှင့် စိတ် ခုနစ်ပါးတွင် အသိဉာဏ် မရှိသလို တွေးခေါ်နိုင်စွမ်းလည်း မရှိရာ လုံးဝ လွှမ်းမိုး၍ မရနိုင်ကြောင်း ဆိုခဲ့သဖြင့် ရွှီမေယင်၏ စကားကို သူ တစ်ဝက်သာ ယုံကြည်ခဲ့သည်။

ကျန်းပေရန် ထိုသူနှစ်ဦး၏ စကားများကို ပြန်လည် စဉ်းစားနေစဉ် ရုတ်တရက် သူ၏ ကြက်သီးမွေးညင်းများပင် ထသွားစေလောက်အောင် ကောင်းမွန်လှသော သီချင်းသံ တစ်ခုက သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့၏။

'ဟာ... လခွီးပဲ'

ကျန်းပေရန် ကြက်သီးမွေးညင်းများ ရုတ်တရက် ထသွားရခြင်းမှာ ဒီသီချင်းသံက ကြောက်စရာ ကောင်းလွန်း၍ မဟုတ်ဘဲ ကြက်သီးထလောက်အောင် ကောင်းမွန်လွန်းနေသောကြောင့် ဖြစ်သည်။

ယခင်က ဧကရာဇ် တစ်ပါး အနေဖြင့် ကျန်းပေရန်သည် တေးဂီတ ဖျော်ဖြေပွဲ မျိုးစုံကို နားဆင်ခဲ့ဖူးပြီး ဖျော်ဖြေသူ တစ်ဦးချင်းစီတိုင်းက နာမည်ကြီး ပါရမီရှင် အမျိုးသမီးများ ဖြစ်ကြကာ သူတို့၏ သီချင်းသံများကလည်း တကယ်ကို ဆွဲဆောင်မှု ရှိလှပေသည်။

သို့သော် ယခုအချိန်တွင် ကျန်းပေရန်သည် ထိုတေးသံရှင်များ အားလုံးကို ပေါင်းလိုက်လျှင်တောင်မှ သူ့ကို ဒီလောက်အထိ တုန်လှုပ်သွားစေသော ဒီသီချင်းသံကို ယှဉ်နိုင်မည် မဟုတ်ဟု ခံစားလိုက်ရ၏။

သူ အော်လိုက်ရသည့် အကြောင်းရင်းမှာလည်း အလွန် ရိုးရှင်းလှသည်။

ဒီနတ်ပြည်မှ အသံကို ထုတ်လွှင့်နေသူမှာ အခြားသူ မဟုတ်ဘဲ ရွှီမေယင် ပင် ဖြစ်နေသောကြောင့်တည်း။

'ကိုက်ညီမှု လုံးဝ မရှိဘူးဟ'

ရွှီမေယင် ၏ အသွင်အပြင်မှာ လမ်းမပေါ်တွင် အလွယ်တကူ တွေ့နိုင်သော အလွန် သာမန် အဘွားအို တစ်ဦး၏ ပုံစံမျိုး ဖြစ်သော်လည်း ဒီလို လုံးဝ ထင်ပေါ်မှု မရှိသော အဘွားအို တစ်ဦးက ကျန်းပေရန်၏ ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေလောက်သော သီချင်းသံကို သီဆိုနေခြင်း ဖြစ်သည်။

ဒီ ကိုက်ညီမှု မရှိခြင်းကို စကားလုံးများဖြင့် ဖော်ပြရန် တကယ်ကို ခက်ခဲလှပေသည်။

သို့သော် ကိုက်ညီမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မျက်လုံးကို မှိတ်လိုက်သည်နှင့် ကျန်းပေရန်သည် သူ၏ ဝိညာဉ် ဆေးကြောခံလိုက်ရသလို ခံစားလိုက်ရ၏။

ဒီသီချင်းတွင် မည်သည့် စာသားမျှ မပါဝင်သော်လည်း ကျန်းပေရန်၏ အတိတ်က အမှတ်ရစရာ မျိုးစုံကို ဆွဲထုတ်နိုင်စွမ်း ရှိနေပြီး တစ်ခဏအတွင်း နှာခေါင်းများပင် ကျိန်းစပ်လာသလို ခံစားလိုက်ရသည်။

ပြန်လည် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ယခင်က အလွန် ပုံပျက်နေခဲ့သော ထိုဝိညာဉ်များ အားလုံး ငြိမ်သက်သွားကြပြီး တာ့ဟူ ကို အသေအလဲ ပြန်လည်ခုခံခြင်း မပြုကြတော့ဘဲ တောင့်တနေသော မျက်နှာအမူအရာများကို ပြသနေကြသည်ကို ကျန်းပေရန် တွေ့လိုက်ရ၏။

'အနက်ရောင် သူတော်စင်တွေရဲ့ ဝိညာဉ်တွေ တကယ် ဟုတ်တာပဲ'

ဒီဝိညာဉ်များ၏ မျက်နှာများ ပုံမှန် ပြန်ဖြစ်သွားပြီးနောက် သူတို့သည် ရှီးဖုန်းရွာ တိုက်ပွဲတွင် အသက်စွန့်သွားခဲ့ကြသော ထုန်တိုင်းပြည်မှ အနက်ရောင် သူတော်စင်များ ဖြစ်ကြောင်း ကျန်းပေရန် ချက်ချင်း သိလိုက်သည်။

"အံ့မခန်းပါပဲ အဘွားရယ် ကျွန်တော် တကယ် လေးစားသွားပါပြီ အဘွားက ကျွန်တော့်ရဲ့ အရင်းခေါက်ခေါက် အဘွားပါပဲ"

ဒီမြင်ကွင်းကို မြင်လိုက်ရသော ကျန်ယိ ဘုန်းတော်ကြီးကလည်း တကယ်ကို အံ့အားသင့်သွားပုံရပြီး ရွှီမေယင် ကို ဆက်တိုက် လက်အုပ်ချီကာ ပြောလိုက်၏။

သို့သော် ယခုအချိန်တွင် ရွှီမေယင် သည် သီချင်းဆိုခြင်းတွင် အပြည့်အဝ နစ်မွန်းနေပြီး ကိုယ့်ကိုယ်ကိုယ်ပင် မေ့လျော့နေသော အခြေအနေသို့ ရောက်ရှိနေလေပြီ။

ထိုအနက်ရောင် သူတော်စင်များ၏ ဝိညာဉ်များ ပိုပို၍ တည်ငြိမ်လာသည်ကို မြင်သောအခါ ကျန်းပေရန်က မေးလိုက်သည်။

"အင်မော်တယ်ကြီး ဒါ အောင်မြင်သွားပြီလို့ သတ်မှတ်လို့ ရပြီလား"

"အသေးလေး သွားရင် အကြီးကြီး ပြန်လာမယ်"

"ကောင်းတဲ့ နိမိတ်လား"

"မဟုတ်ဘူး"

'ငါ မင်းရဲ့ မအေ... ကို မဟုတ်ဘူး'

ကျန်းပေရန်သည် ကိုယ့်ကိုယ်ကိုယ် ဗေဒင်ပညာကို နားလည်သူ တစ်ဦးဟု သတ်မှတ်ထားပြီး ကုလျန်အန်း ၏ ပဟေဠိများကို တစ်ကြိမ်လောက် ခန့်မှန်းနိုင်ခဲ့ကာမှ သူ့ကို ဒီလို လာလုပ်နေခြင်း ဖြစ်သည်။

"အသေးလေး သွားရင် အကြီးကြီး ပြန်လာမယ် ဆိုတာ ကောင်းကင်နဲ့ မြေကြီး ပေါင်းဆုံပြီး အရာအားလုံး အဆင်ပြေချောမွေ့မယ် ဆိုတဲ့ အဓိပ္ပာယ်လေ ကောင်းတဲ့ နိမိတ် မဟုတ်ဘူးလား"

"အသေးလေး သွားရင် အကြီးကြီး ပြန်လာမယ် ဆိုတာ အသေးလေးနဲ့ အကြီးကြီးကို လောင်းကြေးထပ်တဲ့ အဓိပ္ပာယ်လည်း ရှိတယ် အဲ့ဒီအထဲမှာ သဘာဝကျကျ အန္တရာယ်တွေ ရှိနေပြီး နည်းနည်းလေး မှားယွင်းသွားတာနဲ့..."

ကုလျန်အန်း က ဗေဒင် အဟောကို ရှင်းပြနေစဉ် ကောင်းကင်ယံတွင် ရုတ်တရက် နောက်ထပ် ကြီးမားသော အက်ကွဲကြောင်း တစ်ခု ထွက်ပေါ်လာခဲ့၏။

ကျန်းပေရန်က ဘာဖြစ်တာလဲ ဆိုတာကို မမေးရသေးမီ ငြိမ်သက်နေပြီ ဖြစ်သော ထိုအနက်ရောင် သူတော်စင်များ၏ ဝိညာဉ်များ နောက်တစ်ကြိမ် ရူးသွပ်လာကြသည်ကို မြင်လိုက်ရလေသည်။

သို့သော် ဒီတစ်ကြိမ်တွင် သူတို့သည် တာ့ဟူ နှင့် ကျန်းယီဘုန်းတော်ကြီးကို မတိုက်ခိုက်ကြဘဲ ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ရူးသွပ်စွာ အော်ဟစ်နေကြပြီး ကြီးမားသော စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကို ခံစားနေရသကဲ့သို့ ဖြစ်နေကြ၏။

"အဟွတ်"

အနက်ရောင် သူတော်စင်များ၏ ဝိညာဉ်များ အော်ဟစ်နေချိန်တွင် သီချင်းဆိုနေသော ရွှီမေယင် ကလည်း သွေးတစ်ပွက် အန်ချလိုက်ပြီး မျက်လုံးနှစ်လုံးတွင် မျက်ဖြူများသာ ကျန်တော့ကာ ဝိညာဉ် ဆွဲထုတ်ခံနေရသကဲ့သို့ ဖြစ်သွားလေသည်။

"ညောင်"

ထိုစဉ် ကုလျန်အန်း ၏ ရင်ခွင်ထဲရှိ ကြောင်ဝါလေးက တစ်ချက် အော်လိုက်၏။

"ကာကွယ်ပေး"

ကုလျန်အန်းက ပြောပြီးသည်နှင့် လက်စွပ်ထဲမှ တွက်ချက်စက်ကို ထုတ်ယူကာ ရွှီမေယင်၏ ဘေးသို့ သွားလိုက်သည်။

ယွီရှူမုကလည်း ကြားသည်နှင့် ချက်ချင်း လိုက်သွားပြီး ကျောက်စိမ်း မျက်နှာဖုံးပေါ်ရှိ တိုတောင်းပြီး ကွေးကောက်နေသော မျက်ခုံးနှစ်ဖက်က တင်းကျပ်စွာ တွန့်ချိုးသွားကာ သူမ၏ လေးလံသော စိတ်ခံစားချက်ကို ဖော်ပြနေလေသည်။

သို့သော် ကျန်းပေရန်ကတော့ ရယ်ချင်စိတ်ကို မနည်း ထိန်းထားရ၏။

ဒီမျက်နှာဖုံးက သူ့ကို ရယ်ချင်အောင် လုပ်နေသလို ချစ်စရာလည်း ကောင်းနေသောကြောင့်ပင်။

ကုလျန်အန်း နှင့် ယွီရှူမု တို့ အတူတကွ ရွှီမေယင် ကို ကာကွယ်ပေးပြီးနောက်မှသာ ရွှီမေယင်၏ မျက်လုံးများက တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်လာပြီး အသက်ရှူနှုန်းကို ထိန်းညှိပြီးနောက် နောက်တစ်ကြိမ် ပြန်လည် သီဆိုလိုက်လေသည်။

ညင်သာသော သီချင်းသံက ထိုအနက်ရောင် သူတော်စင်များ၏ ဝိညာဉ်များကို နောက်တစ်ကြိမ် အနည်းငယ် တည်ငြိမ်သွားစေခဲ့သော်လည်း အနည်းငယ်မျှသာ ဖြစ်ပြီး သူတို့သည် နာကျင်စွာ အော်ဟစ်နေကြဆဲ ဖြစ်၏။

"ဆရာကျန်း မှော်ကိရိယာတွေကို သုံးတော့ မြန်မြန်"

အခု ဘာတွေ ဖြစ်နေလဲ ဆိုတာကို ကျန်းပေရန် မသိဖြစ်နေချိန်တွင် မလှမ်းမကမ်းမှ အသက်ရှူမှန်သွားပြီ ဖြစ်သော ကျန်းယီဘုန်းတော်ကြီးက သူ့ကို အသံကျယ်ကျယ်ဖြင့် လှမ်းအော်လိုက်လေသည်။

ကျန်းပေရန် က အရင်ဆုံး ကြောင်အသွားပြီးနောက် ကျန်းယီဘုန်းတော်ကြီးပြောသော မှော်ကိရိယာ ဆိုသည်မှာ လူသေကို အသက်ပြန်ရှင်စေနိုင်သော ရတနာများကို ဆိုလိုခြင်း ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွား၏။

"ကောင်းပြီ"

ပြန်ထူးလိုက်ပြီးနောက် ကျန်းပေရန်သည် လက်စွပ်ထဲမှ အနက်ရောင် သူတော်စင်များထံမှ စုဆောင်းထားသော အသက်ပြန်ရှင်စေသည့် မှော်ကိရိယာများ အားလုံးကို အတူတကွ ထုတ်ယူလိုက်သည်။

အသက်ပြန်ရှင်စေသည့် မှော်ကိရိယာများသည် ကျင့်ကြံသူ အများစု၏ အမြင်တွင် အလွန် အသုံးမဝင်သော မှော်ကိရိယာများ ဖြစ်ပြီး မဟုတ်လျှင် အဝါရောင် အဆင့်ဟု သတ်မှတ်ခံရမည် မဟုတ်သော်လည်း ၎င်း၏ ရှားပါးမှုကိုတော့ အနည်းငယ်မျှ မထိခိုက်စေချေ။

ဒီတစ်ကြိမ် တိုက်ကြီးတစ်ခုလုံးမှ အားကြီးသူများ ယွမ်မြို့တော်တွင် လာရောက် စုဝေးမနေပါက ဒီလောက်များပြားသော အသက်ပြန်ရှင်စေသည့် မှော်ကိရိယာများကို ရရှိရန် တကယ်ကို လွယ်ကူမည် မဟုတ်ပေ။

ဒီ အသက်ပြန်သွင်းခြင်း အခမ်းအနား၏ ဦးဆောင်သူ အနေဖြင့် ကျန်းပေရန်သည် ဒီမှော်ကိရိယာများ အားလုံးကို အလွယ်တကူ လက်ခံရရှိခဲ့သည်။ သေချာသည်မှာ ငှားရမ်းခြင်းသာ ဖြစ်ပြီး သုံးပြီးလျှင် ပြန်ပေးရမည် ဖြစ်၏။

အသက်ပြန်ရှင်စေသည့် မှော်ကိရိယာများကို တစ်ခုချင်းစီ ထုတ်ယူကာ အနက်ရောင် သူတော်စင်များ၏ အလောင်းများပေါ်တွင် တင်ထားလိုက်ပြီးနောက် ကျန်းပေရန်သည် ဂါထာများကို စတင် ရွတ်ဆိုကာ ဒီအသက်ပြန်ရှင်စေသည့် မှော်ကိရိယာများကို တစ်ခုချင်းစီ အသက်သွင်းလိုက်လေသည်။

ခဏအကြာတွင် ရွှေရောင် အလင်းတန်းများ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ကျန်းပေရန်သာ ဒီနေရာကို ဖုံးကွယ်ရန် အစီအရင် ကြိုတင် ချမထားခဲ့ပါက ယွမ်မြို့တော် တစ်ခုလုံး၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားမည်မှာ သေချာလှသည်။

"ခဏနေရင် ကြီးမားတဲ့ လှုပ်ရှားမှုတွေ ရှိလာနိုင်တယ်" ဆိုသည့် ကုလျန်အန်း ၏ စကားကို ပြန်တွေးမိသောအခါ ကျန်းပေရန် ပြောချင်သည်မှာ စကားတစ်ခွန်းတည်းသာ ရှိသည်။

'ဗေဒင်ဆရာကို သတ်လိုက်တော့'

ရွှေရောင် အလင်းတန်းများ တစ်ခုပြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်နှင့်အမျှ အော်ဟစ်နေကြသော ဝိညာဉ်များသည် တွေဝေမနေကြတော့ဘဲ ဒီရွှေရောင် အလင်းတန်းများ၏ လမ်းညွှန်မှုဖြင့် သူတို့၏ ကိုယ်ပိုင် ခန္ဓာကိုယ်များဆီသို့ လျှောက်သွားကြလေသည်။

'အောင်မြင်နိုင်ခြေ ရှိတယ်'

ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ ဒီအသက်ပြန်ရှင်စေသည့် မှော်ကိရိယာများက အသုံးမဝင်တာ မဟုတ်ဘဲ ယခင်က မှန်ကန်စွာ အသုံးမပြုခဲ့သောကြောင့်သာ ဖြစ်ကြောင်း ကျန်းပေရန် သိလိုက်၏။

စံပြ ပတ်ဝန်းကျင် တစ်ခု ဖန်တီးပေးလိုက်နိုင်သရွေ့ ၎င်းတို့က တကယ်ကို အစွမ်းထက်လှပေသည်။

သို့သော် ထိုဝိညာဉ်များ သူတို့၏ ခန္ဓာကိုယ်များဆီသို့ တစ်လှမ်းချင်း လျှောက်သွားနေစဉ် ကောင်းကင်ယံရှိ ထိုအက်ကွဲကြောင်းထဲမှ ရုတ်တရက် ခရမ်းရောင် မြူခိုးများ အမြောက်အမြား ထွက်ပေါ်လာပြီး လက်ကြီးများကဲ့သို့ ဒီဝိညာဉ်များကို နောက်သို့ ပြန်လည် ဆွဲယူသွားရန် ကြိုးစားလာကြ၏။

သို့သော် အသက်ပြန်ရှင်စေသည့် မှော်ကိရိယာများကလည်း အလကား မဟုတ်ဘဲ ဝိညာဉ်များကို ရစ်ပတ်ရန် ရွှေရောင် သံကြိုးများ အသီးသီး ပစ်လွှတ်ကာ သူတို့ကို ပြန်လည် ဆွဲယူရန် စတင် ကြိုးစားကြပြန်သည်။

ဒီလိုနှင့် တစ်ဖက်က ခရမ်းရောင် လက်ကြီးများ၊ နောက်တစ်ဖက်က ရွှေရောင် သံကြိုးများ ဖြစ်နေလေသည်။

နှစ်ဖက်စလုံး၏ ဆွဲငင်ခြင်းကို ခံနေရသော ဝိညာဉ်များသည် နောက်တစ်စက္ကန့်တွင် အပိုင်းပိုင်း ဆုတ်ဖြဲခံရတော့မလို ဖြစ်နေသော်လည်း မကြာမီ အသက်ရှင်လိုစိတ်က လွှမ်းမိုးသွားပြီး ဒီဝိညာဉ်များသည် ရွှေရောင် သံကြိုးများကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ သူတို့၏ ခန္ဓာကိုယ်များဆီသို့ အစွမ်းကုန် ရှေ့ဆက်သွားကြတော့၏။

"ကိုယ့်ကိုယ်ကိုယ် အစွမ်းကုန် ထိန်းချုပ်နိုင်မှသာ ရူးသွပ်မှုဆီ မရောက်မှာ..." ဆိုတာ တကယ် မှန်တာပဲ

'စစ်မှန်တဲ့ ဗေဒင်ဆရာကို သတ်လိုက်တော့'

"အဟွတ် အဟွတ် အဟွတ်"

သို့သော် အခြေအနေများ ကောင်းမွန်သည့်ဘက်သို့ စတင် ဦးတည်လာချိန်တွင် ရွှီမေယင်က သွေးများ ဆက်တိုက် အန်ချလိုက်ပြီး မူလက ပိန်ချုံးနေသော သူမ၏ ခန္ဓာကိုယ်သည် ပို၍ အားနည်းသွားကာ လေထဲမှ ဖယောင်းတိုင်မီးလေး တစ်ခုလို ဖြစ်သွားလေသည်။

"မရတော့ဘူး... ငါ အဘွားကြီးလည်း တတ်နိုင်သလောက် ကြိုးစားပြီးပြီ ကျန်တာကတော့ သူတို့ကိုယ် သူတို့ပဲ အားကိုးရတော့မယ်"

ဒူးထောက်ကျသွားသော ရွှီမေယင် က ခေါင်းယမ်းရင်း ပြောလိုက်၏။

"အရမ်းကို အစွမ်းထက်နေပါပြီ မင်းမှာ ဒီလို အရည်အချင်း ရှိမှန်း ကျုပ် တစ်ခါမှ မသိခဲ့ဘူး"

ကုလျန်အန်း၏ ချီးကျူးစကားကို ကြားသောအခါ ရွှီမေယင် က ပြုံးရင်း ပြန်ဖြေလိုက်သည်။

"တကယ်လို့ သတ်မှတ်လိုက်ပါ့မယ်"

ရွှီမေယင် ၏ သီချင်းသံ အထောက်အပံ့ မရှိတော့သဖြင့် ထိုအနက်ရောင် သူတော်စင်များ၏ ဝိညာဉ် အခြေအနေများက သိသိသာသာ မတည်မငြိမ် ဖြစ်လာပြီး တစ်ကိုယ်လုံး ပေါ်လာလိုက် ပျောက်သွားလိုက်နှင့် အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်ပုံ ပေါက်နေလေသည်။

"အား"

ခဏအကြာတွင် ယခင်ကလို ပုံပျက်နေသော မျက်နှာသို့ ပြန်လည် ရောက်ရှိသွားသော ဝိညာဉ် တစ်ခုက နာကျင်စွာ အော်ဟစ်လိုက်ပြီး ရွှေရောင် သံကြိုးကို ဆုပ်ကိုင်ထားသော လက်ကို လွှတ်လိုက်ရာ ခရမ်းရောင် လက်ကြီးများ၏ အက်ကွဲကြောင်းထဲသို့ ပြန်လည် ဆွဲယူခြင်း ခံလိုက်ရပြီး ပျောက်ကွယ်သွားတော့၏။

"ဒါက..."

အသက်ပြန်သွင်းခြင်း အစီအစဉ် ကျရှုံးတော့မည့် အခြေအနေကို မြင်လိုက်ရသဖြင့် အလွန် စိုးရိမ်သွားသော ကျန်းပေရန်သည် အဝေးသို့ လှမ်းအော်လိုက်လေသည်။

"တာ့ဟူ သူတို့ကို ကူညီပေးဖို့ ကြိုးစားကြည့်"

တာ့ဟူ သည် တကယ်တော့ သူ ဘာလုပ်ရမလဲ ဆိုတာကို မသိသော်လည်း ကျေးဇူးရှင်က အမိန့်ပေးလာပြီ ဖြစ်ရာ ဘာလုပ်ရမှန်း မသိလျှင်တောင် နည်းလမ်းရှာကာ အစွမ်းကုန် ကြိုးစားရမည်သာ ဖြစ်သည်။

"ဆရာတော် ကျွန်တော် အဲ့ဒီ ဝိညာဉ်တွေ ရှေ့ဆက်သွားနိုင်အောင် သွားကူညီပေးလို့ ရမလား"

တာ့ဟူ က ကျန်ရိ ဆရာတော် ကို ကြည့်ကာ မေးလိုက်၏။

ကျန်းယီဘုန်းတော်ကြီး ကိုယ်တိုင်လည်း ဒီလို အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။ ယခင်က လူများကို အသက်ပြန်ရှင်အောင် ကူညီပေးဖူးသော်လည်း ယခု အခြေအနေနှင့် ယှဉ်လိုက်လျှင် ကလေးကစားသလိုသာ ဖြစ်နေပေသည်။

ခဏတာ စဉ်းစားပြီးနောက် သူက ပြတ်သားစွာ ခေါင်းယမ်းလိုက်၏။

"မရဘူး အသက်ပြန်ရှင်တယ် ဆိုတာ သူတို့ရဲ့ ကိုယ်ပိုင် စိတ်ဆန္ဒအပေါ်မှာပဲ မူတည်တယ် မင်းက သွားကူညီပေးလိုက်ရင် ဝိညာဉ်တွေ ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားရင်တောင် သုံးစားမရတော့ဘူး ဖြစ်သွားလိမ့်မယ်"

ပြောရင်းနှင့် ကျန်ရိ ဆရာတော် က ကောင်းကင်ယံရှိ ဆုတ်ဖြဲခံထားရသော အက်ကွဲကြောင်းကို တစ်ချက် ကြည့်ကာ လက်သီးဆုပ်ရင်း ပြောလိုက်သည်။

"မင်း... အဲ့ဒီ သေမင်းမြစ် အပေါက်ကို သွားပိတ်ကြည့်ပါလား အတင်းတော့ မလုပ်နဲ့ တကယ်လို့ မရဘူးဆိုရင် ပြန်ဆုတ်လာခဲ့"

"ကောင်းပြီ"

တာ့ဟူ က ပြန်ထူးလိုက်ပြီး ချက်ချင်းပင် ကောင်းကင်ယံသို့ ပျံတက်သွားကာ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်အငွေ့အသက် အားလုံးကို ထုတ်လွှတ်၍ ထိုသေမင်းမြစ် အပေါက်၏ အများစုကို ပိတ်ဆို့လိုက်လေသည်။

သို့သော် ဒီသေမင်းမြစ် အပေါက်၏ စွမ်းအားက တာ့ဟူ ထင်ထားသည်ထက် အများကြီး သာလွန်နေပြီး ခဏအကြာတွင် သူ၏ ကိုယ်တွင်းရှိ ဝိညာဉ်အငွေ့အသက်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်ကို ခံစားလိုက်ရကာ ဆက်လက် ပိတ်ဆို့ထားမည် ဆိုပါက သူကိုယ်တိုင် သေမင်းမြစ် ထဲသို့ စုပ်ယူခံရနိုင်ပေသည်။

ယခု အခြေအနေအတိုင်း စုပ်ယူခံလိုက်ရပါက သူ ပြန်လာနိုင်တော့မည် မဟုတ်ချေ။

သို့သော် ကျေးဇူးရှင် အတွက် တာ့ဟူ သည် အနည်းငယ်မျှ ဆုတ်ခွာလိုစိတ် မရှိဘဲ ပိုမို များပြားသော ဝိညာဉ်အငွေ့အသက်များကို ထပ်မံ စုစည်းရန် ကြိုးစားလိုက်၏။

"တာ့ဟူ ဖယ်လိုက်"

တာ့ဟူ အသက်စွန့်တော့မည်ကို သတိထားမိလိုက်သော ကျန်းပေရန်သည် တိုက်ရိုက် ပျံသန်းသွားကာ တာ့ဟူ၏ အနီးသို့ ရောက်ရှိသွားပြီး သူ၏ ဝိညာဉ်အာရုံကို အသုံးပြု၍ သူ့ကို တွန်းဖယ်လိုက်လေသည်။

"ကျေးဇူးရှင် ကျွန်တော် ထပ်ကြိုးစားလို့ ရပါသေးတယ်"

ပျက်စီးလုနီးပါး ဖြစ်နေသော ဝိညာဉ်ခန္ဓာကိုယ်ကို အားတင်းထားကာ တာ့ဟူ က ကျန်းပေရန်ကို လှမ်းအော်လိုက်၏။

"မင်း လုပ်တာ အတော်လေး ကောင်းနေပါပြီ"

ကျန်းပေရန်က ပြောပြီးသည်နှင့် အနက်ရောင် သူတော်စင်များ၏ ဝိညာဉ်များရှိရာသို့ လက်ညှိုးထိုးပြလိုက်သည်။

"ကြည့်လိုက်"

ကျန်းပေရန် ညွှန်ပြသော နေရာသို့ ကြည့်လိုက်သောအခါ တာ့ဟူ သည် သေမင်းမြစ် အပေါက်ကို ပိတ်ဆို့ထားသည့် ခဏတာ အချိန်အတွင်း အနက်ရောင် သူတော်စင်များ၏ ဝိညာဉ်များသည် သူတို့၏ ခန္ဓာကိုယ်များ ရှိရာ ဦးတည်ရာသို့ အတော်လေး ရှေ့ဆက်သွားနိုင်ခဲ့ပြီး ပြန်ရောက်တော့မည်ကို တွေ့လိုက်ရ၏။

သို့သော် ဒီခြေလှမ်း အနည်းငယ် အတွင်းမှာပင် နောက်ထပ် အနက်ရောင် သူတော်စင် ဝိညာဉ် အချို့က နာကျင်စွာ အော်ဟစ်ရင်း သေမင်းမြစ် ထဲသို့ ပြန်လည် ဖမ်းဆီးခြင်း ခံလိုက်ရပြန်သည်။

ဒီမြင်ကွင်းကို ကြည့်ရင်း ကျန်းပေရန် အလွန် စိတ်မကောင်း ဖြစ်ရသော်လည်း မည်သို့မျှ မတတ်နိုင်ခဲ့ပေ။

နောက်ဆုံးတွင် အနက်ရောင် သူတော်စင် ဝိညာဉ် ငါးခု သေမင်းမြစ် သို့ ပြန်လည် ဖမ်းဆီးခြင်း ခံလိုက်ရပြီးနောက် ကျန်ရှိသော ဝိညာဉ်များ အားလုံး သူတို့၏ ကိုယ်ပိုင် ခန္ဓာကိုယ်များထဲသို့ ပြန်လည် ရောက်ရှိသွားကြ၏။

တစ်ချိန်တည်းမှာပင် ဝိညာဉ်များ အားလုံး ကိုယ်ပိုင် ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိသွားပြီးနောက် သေမင်းမြစ် အပေါက်ကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ကောင်းကင်ယံကလည်း မူလ ပုံစံအတိုင်း ပြန်ဖြစ်သွားလေသည်။

"ဟူး..."

ဝိညာဉ် အားလုံးကို ပြန်မခေါ်နိုင်ခဲ့သည့်အတွက် အနည်းငယ် နှမြောစရာ ကောင်းသော်လည်း နောက်ဆုံးတွင် အများစုကို အောင်မြင်စွာ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ပေသည်။

"တောင်းပန်ပါတယ် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်"

ဝိညာဉ် ပြန်အဖမ်းခံလိုက်ရသော အနက်ရောင် သူတော်စင်များ၏ အလောင်းများကို ဦးညွှတ်ကာ ကျန်းပေရန်က အလွန် ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။

သူသည် ရှီးဖုန်းရွာ တိုက်ပွဲတွင် အသက်စွန့်သွားခဲ့ကြသော ဒီအနက်ရောင် သူတော်စင်များကို တကယ် ပြန်လည် ကယ်တင်ချင်ခဲ့သော်လည်း အသက်ပြန်သွင်းခြင်းက သူ၏ ကျွမ်းကျင်မှု မဟုတ်ရာ ဒီအဆင့်အထိ လုပ်နိုင်ခဲ့ခြင်းကပင် သူ၏ စွမ်းအား အားလုံးကို အသုံးချခဲ့ပြီး ဖြစ်လေသည်။

သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီးနောက် ကျန်းပေရန်က ဝိညာဉ်များ ကိုယ်တွင်းသို့ ပြန်ရောက်သွားပြီ ဖြစ်သော အနက်ရောင် သူတော်စင်များကို ကြည့်ကာ နောက်တစ်ကြိမ် ပြောလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် အစွမ်းကုန် ထိန်းချုပ်နိုင်မှသာ ရူးသွပ်မှုဆီ မရောက်မှာ"

ဒီအဆင့် ရောက်လာမှတော့ သူ တကယ်ကို ဘာမှ ကူညီပေးနိုင်တော့မည် မဟုတ်ဘဲ ဒီအနက်ရောင် သူတော်စင်များ၏ ကိုယ်ပိုင် စိတ်ဆန္ဒကိုသာ အားကိုးရတော့မည် ဖြစ်၏။

ဒီနောက်ဆုံး အတားအဆီးကို ကျော်ဖြတ်နိုင်သရွေ့ သူတို့ အသက်ပြန်ရှင်လာနိုင်မည် ဖြစ်သည်။

ထိုစဉ် တစ္ဆေကျင့်ကြံသူ အနည်းငယ်လည်း ကျန်းပေရန်၏ အနီးသို့ ရောက်လာကြပြီး ပိန်ချုံးနေသော ဟုသာ ဖော်ပြနိုင်သည့် ရွှီမေယင် ၏ ခန္ဓာကိုယ်ကို ကြည့်ကာ ကျန်းပေရန်က ဂရုတစိုက် မေးလိုက်၏။

"အဘွား ဘာမှ မဖြစ်ဘူးမလား"

ရွှီမေယင် က ခါးသီးသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ပြန်ဖြေလေသည်။

"မင်းကို နှစ်သိမ့်ဖို့ ဘာမှ မဖြစ်ပါဘူးလို့ ပြောချင်ပေမယ့် နောက်တစ်ခါ အနက်ရောင် သူတော်စင်တွေကို အသက်ပြန်သွင်းဖို့ မင်း ငါ့ဆီ လာမှာကို ကြောက်လို့ အမှန်တိုင်းပဲ ပြောရတော့မယ် ငါ အတော်လေး မကောင်းဘူး ကျင့်စဉ်စွမ်းအားတွေလည်း အတော်လေး ထိခိုက်သွားလို့ ဒီတစ်ခါ ပြန်သွားရင် အချိန်အတော်ကြာအောင် အနားယူရတော့မယ် ထင်တယ်"

All Chapters