လူအဆင့်ကို ကျော်လွန်သွားပြီ
Vol. 60 Ch. 673
ရွှီမေယင် ၏ စကားကို ကြားပြီးနောက် ကျန်ရှိနေသော တစ္ဆေ ကျင့်ကြံသူ များ အားလုံး တိတ်ဆိတ်သွားကြလေသည်။ ရွှီမေယင် သည် ဒီတစ်ကြိမ်တွင် သူမ၏ ကျင့်စဉ်စွမ်းအားများ ထိခိုက်သွားရုံသာမက သူမ၏ အခြေခံ အုတ်မြစ်ပင်လျှင် သက်ရောက်မှု ရှိသွားနိုင်ကြောင်း အားလုံးက မြင်တွေ့နေရသောကြောင့် ဖြစ်၏။
"အဘွား ပင်ပန်းသွားပါပြီ ဒီတစ်ကြိမ်မှာ ကျွန်တော် အဘွားကို ကျေးဇူးကြွေး အကြီးအကျယ် တင်သွားခဲ့ပါပြီ နောင်တစ်ချိန်မှာ သေချာပေါက် ပြန်ဆပ်ပါ့မယ်"
ကျန်းပေရန် ၏ ရိုးသားလှသော စကားများကို ကြားသောအခါ ရွှီမေယင် က ပြုံးရင်း ပြန်ဖြေလေသည်။
"ဟားဟားဟား ဆရာကျန်း ဆီက ဒီစကားကို ကြားရတာနဲ့တင် ငါ အဘွားကြီး ပင်ပန်းရကျိုး နပ်ပါပြီ တကယ်လို့ ဆရာကျန်း က တကယ် ပြန်ဆပ်ချင်တယ် ဆိုရင် နောင်တစ်ချိန်အထိ စောင့်မနေပါနဲ့တော့ ဒီတစ်ခေါက် ငါနဲ့ အတူတူ လိုက်ခဲ့ပြီး အနားယူရင်း ငါ့ရဲ့ မြေးမလေးနဲ့ပါ တွေ့ကြည့်ရင် ဘယ်လိုလဲ"
ဒီကိစ္စကိုပဲ လှည့်ပတ်ပြီး ပြောနေတော့တာပဲလား ဟု ကျန်းပေရန် စိတ်ထဲမှ အပြင်းအထန် ဝေဖန်လိုက်မိသော်လည်း သူကိုယ်တိုင် ပြောခဲ့သော စကား ဖြစ်သဖြင့် ပြန်လည် ငြင်းဆန်ရန် ခက်ခဲနေလေသည်။ သူက ခေါင်းညိတ်လိုက်ပြီးနောက် ပြန်လည် ဖြေကြားလိုက်၏။
"အဘွား အမိန့်ရှိတဲ့အတိုင်းပါပဲ"
ရွှီမေယင် က ပို၍ပင် ဝမ်းသာအားရ ရယ်မောလိုက်ပြီးနောက် သူမ၏ ပိန်ချုံးနေသော လက်ဖြင့် ကျန်းပေရန် ၏ လက်မောင်းကို ဆုပ်ကိုင်ကာ ပြောလိုက်လေသည်။
"ဒါဆိုရင်တော့ ဒီကိစ္စကို ဒီလိုပဲ သတ်မှတ်လိုက်ပြီနော် ငါ အဘွားကြီးကိုတော့ လာပြီး မလိမ်နဲ့ဦး"
"စိတ်ချပါ ကျွန်တော် ကျန်းပေရန် က ပြောပြီးရင် ဘယ်တော့မှ စကားမပျက်ပါဘူး"
"ဟားဟားဟား သိပါတယ် သိပါတယ်"
"ဟားဟားဟားဟား ငါ လောင်းကြေး နိုင်ပြီဟ နောက်ထပ် ဘယ်သူ ရှိသေးလဲ လာစမ်းပါဦး လာစမ်းပါဦး"
ရုတ်တရက် မိုးကြိုးပစ်လိုက်သကဲ့သို့ အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာလေသည်။ လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ချောင်ကျင်းဟွာသည် မြေပြင်မှ ဝုန်းခနဲ ခုန်ထကာ အလွန် ကြောက်မက်ဖွယ်ကောင်းသော အတွင်းအားများကို ထုတ်လွှတ်လိုက်၏။
ကုလျန်အန်းက မြင်တာနဲ့ ချက်ချင်း ပြောလိုက်လေသည်။
"ငါတို့ အရင်ဆုံး ပျံသန်း စံအိမ်ထဲကို ပြန်သွားလိုက်ဦးမယ်"
ကျန်းပေရန် က ကုလျန်အန်း သည် အသက်ပြန်ရှင်လာသော အနက်ရောင် သူတော်စင်များက သူတို့ကို တစ္ဆေကျင့်ကြံသူများအဖြစ် သိရှိသွားမည်ကို စိုးရိမ်နေမှန်း နားလည်လိုက်သဖြင့် ပြန်ပြောလိုက်၏။
"ကောင်းပါပြီ ကျန်တဲ့ ကိစ္စတွေကို ကျွန်တော်ပဲ တာဝန်ယူလိုက်ပါ့မယ်"
တစ္ဆေကျင့်ကြံသူ လေးဦးစလုံး ပျံသန်းသော စံအိမ် ထဲသို့ ပြန်ဝင်သွားပြီးနောက် တိုက်ပွဲဝင်လိုစိတ်များဖြင့် ပြည့်နှက်နေသော ချောင်ကျင်းဟွာသည် မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ကာ မှင်သက်သွားလေသည်။
"ဦးလေးရွှန် ရှားမုန်းကျီ ဘာတွေ ဖြစ်ကုန်တာလဲ ဒါက ဘယ်လို ဖြစ်တာလဲ"
"စီနီယာချောင် မလန့်ပါနဲ့တော့ အခု အားလုံး အဆင်ပြေသွားပါပြီ အဲ့ဒီ ဂူကျင့်ကြံသူ တွေကို ထုန်တိုင်းပြည်ထဲကနေ အကုန် မောင်းထုတ်လိုက်နိုင်ပါပြီ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ အဆိပ်ငွေ့တွေ အကုန် ပျောက်သွားပါပြီ"
ကျန်းပေရန်၏ စကားကိုကြားမှ ချောင်ကျင်းဟွာ သည် ကောင်းကင်ကြီး ပြန်လည် ကြည်လင်နေပြီး ယခင်ကလို မှောင်မိုက်မနေတော့ကြောင်း သတိထားမိလိုက်၏။
"ဆရာကျန်း ငါတို့ အောင်မြင်သွားပြီလား ဒါက ဘယ်နေရာလဲ ငါ သူတို့ ယွမ်မြို့တော် ဟို ပိုးကောင်ကြီး"
တစ်ခဏအတွင်း ချောင်ကျင်းဟွာ သည် ဘာကို အရင်ပြောရမှန်း မသိတော့ဘဲ အခြေအနေအရပ်ရပ်ကို နားမလည်နိုင်အောင် ဖြစ်နေလေသည်။
ကျန်းပေရန်သည် ယခုအချိန်တွင် ချောင်ကျင်းဟွာ ၏ ခန္ဓာကိုယ် အခြေအနေနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ အလွန် ကောင်းမွန်နေပြီး သူ၏ မှတ်ဉာဏ်မှာ ထိုနဂါးပုံစံ ဂူကျင့်ကြံသူ နှင့် တိုက်ခိုက်နေခဲ့သော အချိန်တွင်သာ ရပ်တန့်နေကြောင်း သတိထားမိလိုက်၏။
ဒါဟာ ပြီးပြည့်စုံသော အသက်ပြန်ရှင်ခြင်းပင် ဖြစ်လေသည်။
ကျန်းပေရန် သည် စိတ်အေးသွားကာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ မူလက အသက်ပြန်သွင်းရန် အချိန်အတော်ကြာ နှောင့်နှေးသွားခဲ့သဖြင့် သူတို့၏ အသိစိတ်များ ထိခိုက်သွားမည်ကို သူ စိုးရိမ်နေခဲ့သော်လည်း ယခု ကြည့်ရသည်မှာ ဘာပြဿနာမှ မရှိဘဲ အလွန် အောင်မြင်သွားခဲ့ပေသည်။
"စီနီယာချောင် စိတ်ကို အေးအေးထားပါ အားလုံး နိုးလာတဲ့အခါမှ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို ကျွန်တော် အတူတူ ရှင်းပြပေးပါ့မယ်"
"အားလုံး"
ချောင်ကျင်းဟွာ က မြေပြင်ပေါ်ရှိ အလောင်းများကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
"သူတို့က"
"သွား ငါ ဒီမှာ ခုခံထားမယ် မင်းတို့ မြန်မြန် သွားကြ"
ထိုစဉ် နောက်ထပ် အနက်ရောင် သူတော်စင် တစ်ဦးက မြေပြင်မှ ငေါက်ခနဲ ထလာပြီး ပြင်းထန်သော အတွင်းအားများကို ထုတ်လွှတ်လိုက်ရာ သူလည်း အပြည့်အဝ ပြန်လည် သက်သာလာကြောင်း သက်သေပြနေလေသည်။
လေထဲသို့ ခုန်တက်သွားသော ဝေကျွင်းရှုံကို ကြည့်ကာ ချောင်ကျင်းဟွာမှာ မျက်လုံးပြူး သွားရလေသည်။ အကြောင်းမှာ စောစောက မြေပြင်ပေါ်တွင် လဲလျောင်းနေသော သူများ အားလုံးမှာ အသက်ဝိညာဉ် လုံးဝ ကုန်ဆုံးနေပြီး သေဆုံးနေခဲ့ကြကြောင်း သူ သေချာ သိရှိနေခဲ့သောကြောင့် ဖြစ်၏။
သို့သော် နောက်တစ်စက္ကန့်တွင် ဝေကျွင်းရှုံ က ဘာမှ မဖြစ်ခဲ့သလိုမျိုး ကောင်းကင်သို့ ပျံတက်သွားသည်ကို မြင်လိုက်ရသောအခါ သူ တကယ်ပင် ကြောင်အသွားရလေသည်။
ချောင်ကျင်းဟွာက မေးခွန်းထုတ်ရန် ပြင်ဆင်နေစဉ် သူ၏ ဘေးတွင် လဲလျောင်းနေသော ရှုယုန်ချင်း သည်လည်း ထလာပြီး လက်ထဲမှ အခြေခံအဆင့် မှော်ကိရိယာ ဖြစ်သော မိုးကြိုးပတ်လုံး ကို ထုတ်ယူကာ တိုက်ခိုက်ရန် ပြင်လိုက်စဉ် ပတ်ဝန်းကျင် အခြေအနေများ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။
"ဒါက ဘာတွေ ဖြစ်နေတာလဲ"
ရှုယုန်ချင်း ၏ သံသယများ နှင့်အတူ မြေပြင်ပေါ်တွင် လဲလျောင်းနေသော အနက်ရောင် သူတော်စင် များသည် တစ်ယောက်ပြီးတစ်ယောက် ထလာကြပြီး ဘာပြဿနာမှ မရှိကြပေ။
ဒီအကျိုးသက်ရောက်မှုက တကယ်ကို အံ့မခန်းပါပေ ဟု ကျန်းပေရန် တွေးလိုက်မိ၏။
မူလက ကျန်းပေရန် သည် အားလုံးကို ပုံမှန်အတိုင်း အသက်ပြန်ရှင်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ မည်သို့ပင်ဆိုစေ အနက်ရောင် သူတော်စင် တစ်ဦးကို အသက်ပြန်ရှင်အောင် လုပ်ရန်မှာပင် အလွန် ခက်ခဲသော ကိစ္စ ဖြစ်ရာ ယခုလို တစ်ပြိုင်နက်တည်း အများကြီးကို လုပ်ဆောင်ရာတွင် အချို့မှာ ရူးသွပ်သွားခြင်း သို့မဟုတ် ဒုက္ခိတ ဖြစ်သွားခြင်းမျိုး ကြုံတွေ့ရနိုင်သည်ဟု သူ တွေးထားခဲ့သည်။
သို့သော် အနက်ရောင် သူတော်စင် များ အားလုံးမှာ အင်အားအပြည့်နှင့် နိုးထလာကြပြီး သေဖူးခဲ့သော ပုံစံမျိုး လုံးဝ မပေါက်ဘဲ ဒဏ်ရာပင် မရဖူးသည့်အတိုင်း ဖြစ်နေကြလေသည်။
အားလုံး နိုးလာကြသောအခါ ကျန်းပေရန်က သူတို့ သေဆုံးသွားပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ရှင်းပြပေးလိုက်၏။
"ငါတို့ သေသွားခဲ့တာလား ပြီးတော့ ပြန်ရှင်လာတာလား"
ချောင်ကျင်းဟွာက ဆံပင်ကို ကုတ်ရင်း ကြောင်အအ မျက်နှာဖြင့် ပြောလိုက်လေသည်။
"သေသွားခဲ့တယ် ဆိုတဲ့ အပိုင်းကိုတော့ ငါ နားလည်နိုင်တယ် အဲ့ဒီတုန်းက ငါလည်း ရန်သူနဲ့ အတူတူ သေဖို့ပဲ ဆုံးဖြတ်ထားခဲ့တာ ဒါပေမယ့် ပြန်ရှင်လာတယ် ဆိုတဲ့ အပိုင်းကိုတော့ ဆရာကျန်း အာ မဟုတ်ဘူး ဆရာက ငါ့ကို အသေးစိတ် ရှင်းပြပေးလို့ ရမလား ငါတို့ ဒီလောက် လူအများကြီးကို ဆရာ တစ်ယောက်တည်းရဲ့ စွမ်းအားနဲ့ သေရာကနေ ပြန်ရှင်အောင် လုပ်ခဲ့တာလား"
"ဒါက ကျွန်တော် တစ်ယောက်တည်းရဲ့ စွမ်းအားတော့ မဟုတ်ပါဘူး လူအတော်များများ ဝိုင်းဝန်း ကူညီပေးခဲ့လို့ပါ အတိုချုပ် ပြောရရင် စီနီယာတို့ အားလုံး ပြန်ရှင်လာတာက တကယ်ကို ဝမ်းသာစရာ ကောင်းတဲ့ ကိစ္စပါပဲ"
"ဝမ်းသာစရာ ကိစ္စ ဆိုတာတော့ ဟုတ်ပါတယ် ဒါပေမယ့် ငါ….."
ချောင်ကျင်းဟွာက ပြောရင်း သူ၏ လက်နှစ်ဖက်ကို ထပ်ခါတလဲလဲ ကြည့်နေလေသည်။ အနက်ရောင် သူတော်စင်တစ်ဦး အနေဖြင့် သေရာမှ ပြန်ရှင်လာသည့် ကိစ္စမျိုးကို သူ အကြိမ်အတော်များများ မြင်ဖူးသော်လည်း ၎င်းမှာ ကျင့်စဉ် အဆင့်နိမ့်သော သူများအတွက်သာ ဖြစ်၏။
သူ့လို အနက်ရောင် သူတော်စင် အဆင့် အားကြီးသူများမှာ မှော်ကိရိယာများကို အားကိုး၍ ပြန်ရှင်လာနိုင်သူ အလွန် နည်းပါးလှပြီး ပြန်ရှင်လာလျှင်တောင်မှ ရူးသွပ်သွားခြင်း သို့မဟုတ် ကျင့်စဉ်စွမ်းအားများ အကြီးအကျယ် လျော့ကျသွားခြင်းမျိုး ကြုံတွေ့ရတတ်သည်။
သူ့အမြင်တွင် ထိုသို့ ပြန်ရှင်လာရခြင်းမှာ အလွန် အရှက်ရဖွယ် ကောင်းလှပေသည်။
သို့သော် ယခု သူသည် မည်သည့် နေရာတွင်မှ နေထိုင်ရ မသက်မသာ ဖြစ်ခြင်း မရှိဘဲ ကျင့်စဉ်စွမ်းအားများနှင့် အခြေခံ အုတ်မြစ်မှာလည်း အကောင်းဆုံး အခြေအနေတွင်သာ ရှိနေသဖြင့် ပြီးပြည့်စုံလှသည်ဟု ဆိုရမည် ဖြစ်၏။
ထို့နောက် အခြားသော အနက်ရောင် သူတော်စင် များကလည်း မယုံကြည်နိုင်စွာဖြင့် ပြောလိုက်ကြလေသည်။
"ဆရာကျန်း ဆီမှာ တစ်စုံတစ်ရာ လျှို့ဝှက် နည်းစနစ် ရှိနေလို့လား ဒီလောက်အထိ ကောင်းကင် အလိုကို ဆန့်ကျင်နိုင်တဲ့ ကိစ္စကြီးကို လုပ်နိုင်ရတာ"
"အာ မဟုတ်တာ မဟုတ်တာ"
ကျန်းပေရန် က ချက်ချင်းပင် လက်ဝှေ့ယမ်းပြီး ငြင်းဆိုလိုက်လေသည်။
"ကောင်းကင် အလိုကို ဆန့်ကျင်တယ်လို့ မပြောပါနဲ့ ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း ကြိုးစားကြလို့ပါ ပြီးတော့ ကံတရားကလည်း ကျွန်တော်တို့ဘက်မှာ ရှိနေလို့ အောင်မြင်သွားတာပါ"
သို့သော် ထိုအနက်ရောင် သူတော်စင်များက ကျန်းပေရန် ၏ နှိမ့်ချသော စကားများကို လုံးဝ မယုံကြည်ကြဘဲ သူ့ကို အလွန် အံ့အားသင့်ကာ လေးစားကြည်ညိုသော မျက်လုံးများဖြင့် ကြည့်နေကြလေသည်။
သူတို့သည် ယခင်ကတည်းက ကျန်းပေရန် သည် ကျင့်စဉ်ပညာရပ် တစ်ဆယ့်ခြောက်မျိုးစလုံးကို ကျွမ်းကျင်ပြီး နတ်ဘုရားတစ်ပါး ကဲ့သို့ စွမ်းဆောင်နိုင်သည်ဟု ကြားဖူးထားကြသော်လည်း ယခုအခါတွင်မူ သူသည် အနက်ရောင် သူတော်စင်များကိုပင် သေရာမှ ရှင်အောင် ပြန်လုပ်နိုင်သည်ကို တွေ့လိုက်ရသောအခါ အလွန်ပင် တုန်လှုပ်သွားကြလေသည်။
ဒါဟာ တကယ်ကို နတ်ပြည်က ဆင်းသက်လာတဲ့ နတ်ဘုရား တစ်ပါးပါပဲ ဟု သူတို့ တွေးလိုက်မိကြ၏။
ယခင်က ထိုအနက်ရောင် သူတော်စင်များသည် နတ်ဘုရား ဆိုသည်ကို မယုံကြည်ကြဘဲ နတ်ဘုရား တစ်ပါး လာလျှင်တောင် သူတို့၏ လက်သီးကို ခံနိုင်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့ကြ၏။
သို့သော် ယခုမူ သူတို့ လူသားများ လုံးဝ မလုပ်နိုင်သော ကိစ္စကို လုပ်ဆောင်နိုင်သည့် နတ်ဘုရား အစစ်အမှန် ရှိနေကြောင်း သူတို့ လက်ခံသွားကြလေပြီ။
ဝမ်းသာအားရ ဖြစ်နေကြစဉ်အတွင်း ချောင်ကျင်းဟွာ သည် မြေပြင်ပေါ်တွင် ထမလာသေးသော လူအတော်များများ ရှိနေသည်ကို သတိထားမိလိုက်သဖြင့် သူတို့ နားသို့ သွားကာ အော်ပြောလိုက်လေသည်။
"ဝမ်ဘင်း ခြင်္သေ့အိုကြီး မြန်မြန် ထကြတော့ အိမ်ပြန်ပြီး ခုတင်ပေါ်မှာ အိပ်ရတာက ပို သက်သောင့်သက်သာ ရှိတယ်"
ချောင်ကျင်းဟွာ ၏ အော်သံကြောင့် အသက်ပြန်ရှင်လာမှုကို မယုံနိုင် ဖြစ်နေကြသော အနက်ရောင် သူတော်စင် များသည် မြေပြင်ပေါ်တွင် အိပ်မောကျနေဆဲ ဖြစ်သော သူများကို သတိထားမိသွားကြ၏။
"ဟုတ်တယ် အိုလင်း အိပ်ရာက ထတော့ ဆီးသွားရမယ်လေ မအိပ်နဲ့တော့ ဟေ့"
"ဟားဟားဟား ဒီတစ်သက် မင်းနဲ့ အတူတူ မကစားရတော့ဘူးလို့ ထင်နေတာ မြန်မြန် ထပါ မင်း ငါ့ဆီက နှစ်ပွဲတောင် အနိုင်ရထားသေးတယ်လေ နိုင်ပြီးတာနဲ့ ထွက်ပြေးဖို့ မစဉ်းစားနဲ့"
"ဟားဟားဟား လျိုထိပ်ပြောင်ကြီး မင်းရဲ့ စိတ်စွမ်းအားကလည်း မကောင်းပါလား နိုးတာ နှေးလိုက်တာ ခဏနေ ထလာရင်တော့ မင်းကို ငါ အကြီးအကျယ် လှောင်ရတော့မယ်"
ရှေ့မှ မိတ်ဆွေဟောင်းများ ပြန်လည်ဆုံတွေ့သကဲ့သို့ ပျော်ရွှင်စရာ ကောင်းသော အခြေအနေကို ကြည့်ရင်း ကျန်းပေရန် သည် စကားပြောရန် ကြိုးစားသော်လည်း အဆုံးတွင် ဘာမှ မပြောဖြစ်ခဲ့ပေ။
ကျန်းပေရန်ကို ထိုမိတ်ဆွေဟောင်းများ ဘယ်အချိန်တွင် နိုးလာမည်နည်း ဟု မေးရန် ပြင်လိုက်သော ချောင်ကျင်းဟွာ သည် ကျန်းပေရန်၏ တွေဝေနေသော အမူအရာကို မြင်လိုက်ရချိန်တွင် တစ်ခုခုကို သိရှိသွားပုံရ၏။ သူ၏ မျက်နှာပေါ်မှ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အသက်ပြန်ရှင်လာသည့် ပျော်ရွှင်မှုများမှာလည်း ကြီးမားသော စိတ်ပျက် အားငယ်မှုများ အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားလေသည်။
"သူတို့ နိုးမလာတော့ဘူး မဟုတ်လား"
ချောင်ကျင်းဟွာ က ကျန်းပေရန် ရှေ့သို့ လျှောက်လာပြီး လေးလံသော လေသံဖြင့် မေးလိုက်လေသည်။
သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ကျန်းပေရန်က ပြောလိုက်၏။
"ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်"
သူတို့နှစ်ဦး၏ စကားများ ပြီးဆုံးသွားသည်နှင့် တပြိုင်နက် ပျော်ရွှင်စရာ ကောင်းသော ပတ်ဝန်းကျင်မှာ ချက်ချင်းပင် လေးလံ ထိုင်းမှိုင်းသွားလေသည်။
မိတ်ဆွေဟောင်းများ နောက်တစ်ကြိမ် နိုးမလာနိုင်တော့သည်ကို တွေးမိသောအခါ သူတို့၏ ရင်ထဲတွင် အလွန် ခံရခက်သွားကြ၏။
ထိုစဉ် အနက်ရောင် သူတော်စင် တစ်ဦးက ကျန်းပေရန် ကို ကြည့်ကာ မေးလိုက်လေသည်။
"ဆရာကျန်း ဒါဆို တစ်ကြိမ်တည်းနဲ့ မရရင် နောက်ထပ်"
ထိုသူ စကားမဆုံးမီမှာပင် ကျန်းပေရန် က ခေါင်းယမ်းလိုက်ပြီး ပြောလိုက်၏။
"စီနီယာတို့ကို အမှန်အတိုင်း ပြောရရင် သေရာကနေ ရှင်အောင် လုပ်ဖို့က အလွန် ခက်ခဲပါတယ် ဒီတစ်ကြိမ်မှာတော့"
"မပြောပါနဲ့တော့ သေရာက ရှင်အောင်လုပ်ဖို့ ဘယ်လောက် ခက်ခဲသလဲ ဆိုတာ ငါတို့ အားလုံး သိပါတယ်"
ချောင်ကျင်းဟွာက ပြောရင်း ကျန်းပေရန်ကို အရိုအသေပေးလိုက်လေသည်။
"ဒီကျေးဇူးတရားကို နောင်တစ်ချိန်မှာ သေချာပေါက် ပြန်ဆပ်ပါ့မယ် ဒါဆို သူတို့အတွက်ကော အခွင့်အရေး ရှိပါဦးမလား"
ချောင်ကျင်းဟွာ က မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲ ဖြစ်သော မိတ်ဆွေဟောင်းများကို ကြည့်ကာ မေးလိုက်၏။
သူတို့အတွက် အခွင့်အရေး ရှိမရှိ ဆိုသည်မှာ ကျန်းပေရန် အတွက်လည်း ပြောရခက်လှပေသည်။ လောလောဆယ်တွင် အနက်ရောင် သူတော်စင် များ ကို အသက်ပြန်ရှင်အောင် လုပ်ဆောင်ရန် အဓိက အချက် ငါးချက် လိုအပ်လေသည်။
ပထမအချက်မှာ နိဗ္ဗာန်ဆေးလုံး ဖြစ်ပြီး ၎င်းမှာ အခက်အခဲ မရှိလှပေ။ ပါဝင်ပစ္စည်းများ ရှားပါးသော်လည်း ဤနေရာတွင် အနက်ရောင် သူတော်စင် များစွာ စုဝေးနေသဖြင့် စုဆောင်းရန် လွယ်ကူလှ၏။
ဒုတိယအချက်မှာ အသက်ပြန်ရှင်စေသည့် မှော်ကိရိယာများ ဖြစ်ပြီး ၎င်းသည်လည်း အနက်ရောင် သူတော်စင် များစွာ ရှိနေသဖြင့် ပြဿနာ မရှိလှပေ။
တတိယအချက်မှာ တာ့ဟူ ဖြစ်ပြီး ဝိညာဉ်နှင့် ပတ်သက်သည့် အဆင့်တိုင်းတွင် သူ လိုအပ်လေသည်။ ကျန်းပေရန် လိုအပ်သည်နှင့် တာ့ဟူ သည် အမြဲ အသင့်ရှိနေမည် ဖြစ်၏။
သို့သော် နောက်ထပ် နှစ်ချက်မှာမူ အလွန်ပင် ခက်ခဲလှပေသည်။
စတုတ္ထအချက်မှာ ကျန်းယီ ဘုန်းတော်ကြီး ဖြစ်ပြီး သူသည် ထိုဝိညာဉ်များကို ဖမ်းခေါ်လာပေးရန် လိုအပ်လေသည်။ ကျန်းယီ ဘုန်းတော်ကြီး သည် ယခုအခါ အလွန်ပင် အားနည်းနေပြီး ရွှီမေယင် ကဲ့သို့ပင် သူ၏ အခြေခံ အုတ်မြစ်မှာ ထိခိုက်သွားနိုင်ဖွယ် ရှိနေလေသည်။
ပဉ္စမအချက်မှာ ရွှီမေယင် ၏ သီချင်းသံ ဖြစ်၏။ သူမ၏ သီချင်းသံကသာ ရူးသွပ်နေသော ဝိညာဉ်များကို ငြိမ်သက်သွားစေနိုင်သော်လည်း သူမက နောက်တစ်ကြိမ် မကူညီနိုင်တော့ကြောင်း အတိအလင်း ပြောကြားထားခဲ့လေသည်။
ထိုသူနှစ်ဦး၏ အကူအညီ မပါဘဲ ကျန်းပေရန် တစ်ယောက်တည်းနှင့် မည်သို့မျှ မအောင်မြင်နိုင်သဖြင့် သူသည် ချောင်ကျင်းဟွာ ကို အသေအချာ ကတိ မပေးနိုင်ခဲ့ပေ။
"ကျွန်တော် သူတို့ရဲ့ ရုပ်အလောင်းတွေကို သေချာ ထိန်းသိမ်းထားပါ့မယ် သင့်တော်တဲ့ အချိန် ရောက်လာရင် သူတို့ကို အသက်ပြန်သွင်းဖို့ ထပ်ပြီး ကြိုးစားကြည့်ပါ့မယ်"
မျှော်လင့်ချက် ရှိနေသေးသည်ကို ကြားလိုက်ရသဖြင့် အနက်ရောင် သူတော်စင်များ၏ မျက်နှာတွင် အပြုံးများ ပြန်လည် ပေါ်လာပြီး ကျန်းပေရန်ကို အရိုအသေပေးကာ ပြောလိုက်ကြလေသည်။
"ဆရာကျန်းရဲ့ နတ်ဘုရား အတတ်ပညာက တကယ်ကို ပြိုင်ဘက်ကင်းပါတယ် ငါတို့ အားလုံး လေးစားမိပါတယ်"
ကျန်းပေရန်သည်လည်း အများကြီး ပြန်မပြောတော့ဘဲ အရိုအသေ ပြန်ပေးလိုက်၏။
"အခု ဂူမျိုးနွယ်စုတွေက နဂါးနက် ကုန်းမြေတိုက်ကြီး ပေါ်မှာ ဆက်လက် သောင်းကျန်းနေဆဲ ဖြစ်လို့ စီနီယာတို့ အနေနဲ့ ဝမ်းနည်းမှုတွေကို ခဏ ဘေးဖယ်ထားပြီး အခြေအနေအရပ်ရပ်ကို အဓိကထားစေချင်ပါတယ်"
"သူတို့ အသက်ရှင်နေသေးတယ်"
ချောင်ကျင်းဟွာ က အံ့အားသင့်စွာ ကောင်းကင်ယံကို ကြည့်ကာ မေးလိုက်လေသည်။
"ဒီအဆိပ်ငွေ့တွေ အကုန် ပျောက်သွားပြီ မဟုတ်လား"
"ကျွန်တော်တို့က ထုန်တိုင်းပြည် ထဲက အဆိပ်ငွေ့တွေကိုပဲ ရှင်းလင်းထားတာ တခြားနိုင်ငံတွေမှာတော့ အမှောင်ထုက ဖုံးလွှမ်းနေဆဲပါပဲ"
ချောင်ကျင်းဟွာ က ထိုစကားကို ကြားသောအခါ သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
"ဂူကျင့်ကြံသူတွေ မင်းတို့ရဲ့ အဘိုးက ပြန်ရှင်လာပြီဟ လည်ပင်းကို ဆေးကြောပြီး စောင့်နေကြစမ်း"
အခြားသော အနက်ရောင် သူတော်စင်များကလည်း သူတို့၏ ရင်ထဲမှ ဒေါသများကို အသီးသီး အော်ဟစ်ကာ ထုတ်ဖော်လိုက်ကြလေသည်။
ဂူကျင့်ကြံသူ များ၏ လက်ထဲတွင် တစ်ကြိမ် သေဖူးခဲ့သော သူများ ဖြစ်သဖြင့် မည်သူကမျှ သူတို့ထက် ပို၍ နာကျည်းစရာ မရှိတော့ပေ။
နိုးထမလာသေးသော အနက်ရောင် သူတော်စင် များ ၏ ရုပ်အလောင်းများကို သေချာစွာ စီစဉ်ပြီးနောက် ကျန်းပေရန် သည် အသက်ပြန်ရှင်လာသော အနက်ရောင် သူတော်စင် များ နှင့် အတူ ယဇ်ပလ္လင်မှ ထွက်ခွာလာပြီး အစည်းအဝေးခန်းမသို့ ရောက်ရှိလာခဲ့၏။
"ပေရန်ရေ ငါ အခုပဲ ပြောမလို့ပဲ မင်း မင်းတို့"
စာအုပ်များကို သိမ်းဆည်းနေသော ယန်ရှောင်ဘိုသည် မော့ကြည့်လိုက်ချိန်တွင် ချောင်ကျင်းဟွာ ဦးဆောင်သော အနက်ရောင် သူတော်စင်များ ဝင်လာသည်ကို မြင်လိုက်ရလေသည်။
"လူအိုကြီးချောင် ဟားဟား ဟားဟား မင်း မသေနိုင်မှန်း ငါသိသားပဲ မဟုတ်ဘူး သိပ်အကြာကြီး မသေနိုင်ဘူးလို့ ပြောရမှာပေါ့ ဟားဟားဟားဟား"
ရယ်မောရင်း ယန်ရှောင်ဘို သည် ချောင်ကျင်းဟွာ ဆီသို့ အပြေးသွားကာ ဖက်လိုက်ပြီးနောက် အခြားသော အနက်ရောင် သူတော်စင်များကိုလည်း တစ်ဦးချင်း ဖက်ကာ ထုန်တိုင်းပြည်နှင့် တစ်တိုက်လုံးအတွက် အသက်စွန့်ခဲ့မှုများအတွက် ကျေးဇူးတင်စကား ပြောကြားလေသည်။
စိတ်လှုပ်ရှားစရာ အချိန်များ ပြီးဆုံးသွားသောအခါ ယန်ရှောင်ဘို က ကျန်းပေရန် ကို ကြည့်ကာ ပြောလိုက်လေသည်။
"ဆရာကျန်း ခင်ဗျားကတော့ တကယ်ကို ငါ့ရဲ့ အရင်းခေါက်ခေါက် ဆရာကြီးပါပဲ ဒီလောက် ကြီးမားတဲ့ ကိစ္စကြီးကို ဘာအသံမှ မပေးဘဲ အောင်မြင်အောင် လုပ်လိုက်တာပဲ ဘာလို့ ငါ့ကို အကူအညီ မတောင်းရတာလဲ"
"ကျွန်တော်က တစ်ယောက်တည်း လုပ်ရတာ ပို အဆင်ပြေလို့ပါ ယန်ဂိုဏ်းချုပ် အနေနဲ့ အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်"
"ဟားဟားဟားဟား ခင်ဗျားကို ဘယ်သူက အပြစ်တင်ရဲမှာလဲ ခင်ဗျားက အခု ထုန်တိုင်းပြည် တစ်ခုလုံးရဲ့ ကျေးဇူးရှင်ကြီးပဲ ကျေးဇူးတင်ပါတယ် တကယ်ကို ကျေးဇူးတင်ပါတယ်"
ယန်ရှောင်ဘိုက ကျန်းပေရန်ကို ဖက်ကာ သူ၏ ကျေးဇူးတင်ရှိမှုကို ဖော်ပြလေသည်။
ယန်ရှောင်ဘို၏ ကျောကို ပုတ်ပေးလိုက်ရင်း ကျန်းပေရန် က ပြောလိုက်၏။
"ဒီကိစ္စကြီးကတော့ ပြီးသွားပြီ ဆိုတော့ နောက်ထပ် အရေးကြီးတဲ့ ပြဿနာ တစ်ခုကို ဖြေရှင်းဖို့ ကျွန်တော် ဆက်ပြီး အနားယူရပါဦးမယ် အရေးကြီးကိစ္စ မရှိရင်တော့"
"စိတ်ချပါ ဘယ်သူမှ လာမနှောင့်ယှက်စေရဘူးလို့ ငါ ကတိပေးပါတယ်"
"ဒါဆိုရင်တော့ ယန်ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်"
ကျန်းပေရန်က ပြောပြီးနောက် လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး အသက်ပြန်ရှင်လာသော အနက်ရောင် သူတော်စင်များကိုလည်း နှုတ်ဆက်လိုက်လေသည်။
"ကျွန်တော် ဂူမျိုးနွယ်စု တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်စရာတွေ ရှိသေးလို့ ခွင့်ပြုပါဦး"
"ဆရာကျန်းကို ပို့ဆောင်ပေးပါတယ် ကျွန်တော်တို့ တံခါးအထိ လိုက်ပို့ပါ့မယ်"
"မဖြစ်ပါဘူး စီနီယာတို့ ဒီမှာပဲ နေခဲ့ပါ ခွင့်ပြုပါဦး"
အစည်းအဝေးခန်းမ တံခါး ပိတ်သွားသည်နှင့် တပြိုင်နက် ချောင်ကျင်းဟွာက ယန်ရှောင်ဘို ကို ချက်ချင်း မေးလိုက်လေသည်။
"ဆရာကျန်းက ငါတို့ကို ဘယ်လို နည်းနဲ့ ကယ်တင်ခဲ့တာလဲ"
"မင်း ခုနက ကြားသားပဲ ငါလည်း အကူအညီ မပေးခဲ့ရတော့ ဘာမှ မသိဘူး ဒါပေမယ့် ဆရာကျန်း က စိတ်စွမ်းအားတွေကို နိုးထစေတဲ့ ဝိညာဉ်ဆေးလုံး တစ်မျိုးကို ဖော်စပ်နိုင်ခဲ့တယ်လို့တော့ ငါ သိတယ် အစကတော့ ဒါကို ငါလည်း မယုံခဲ့ဘူး ငါလည်း ဆေးဆရာ အဖြစ် အကြာကြီး သင်ယူခဲ့ဖူးတာပဲ ဒီလို ဆေးမျိုး တစ်ခါမှ မကြားဖူးဘူး"
ယန်ရှောင်ဘို က သက်ပြင်းတစ်ချက် ချလိုက်ပြီး လက်ငါးချောင်းကို ထောင်ပြကာ ဆက်ပြောလေသည်။
"ဒါပေမယ့် ငါးရက်ပဲ ငါးရက်တည်းနဲ့ သူက အဆင့်ကိုး ဆေးဆရာတွေကို ဦးဆောင်ပြီး ဒီဆေးကို ဖော်စပ်လိုက်နိုင်တယ် ဒါကိုတော့ ငါ အရှုံးပေးတယ်"
ယန်ရှောင်ဘို ၏ အံ့အားသင့်နေသော စကားများကို နားထောင်ပြီးနောက် ချောင်ကျင်းဟွာ က အထက်ကို လက်ညှိုးထိုးပြကာ မေးလိုက်လေသည်။
"မင်း ထင်တာ သူက အထက်က ဆင်းလာတာလား ငါ သူ့ကို သိပြီးကတည်းက သူ လုပ်သမျှ ကိစ္စတိုင်းက လူသား တစ်ယောက် လုပ်နိုင်တဲ့ ကိစ္စမျိုး တစ်ခုမှ မရှိဘူး ဒါပေမယ့် သူက အကုန်လုံးကို အောင်မြင်အောင် လုပ်ပြသွားတယ်"
"သူ အထက်က ဆင်းလာတာလားတော့ ငါ မသိဘူး ငါ သိတာကတော့ သူကတော့ တကယ်ကို လူသား အဆင့်ကို ကျော်လွန်သွားပြီ ဆိုတာပဲ"
"တကယ်ပဲ ပိုပိုပြီး လူနဲ့ မတူတော့ဘူး"