← Chapters

ငါလည်း ဘွဲ့ထူးဂုဏ်ထူးတွေ အရှည်ကြီး ရွတ်ပြလို့ရတဲ့သူ ဖြစ်လာပြီ

Vol. 60 Ch. 675

ငါလည်း ဘွဲ့ထူးဂုဏ်ထူးတွေ အရှည်ကြီး ရွတ်ပြလို့ရတဲ့သူ ဖြစ်လာပြီ

Vol. 60 Ch. 675

"အစီအစဉ်သာ အဆင်ပြေချောမွေ့မယ်ဆိုရင် ငါတို့က ထုန်တိုင်းပြည်အတွင်းမှာတင် သူတို့ကို အမြစ်ပြတ် သုတ်သင်နိုင်လိမ့်မယ် အန္တရာယ်ကလည်း အများကြီး လျော့ကျသွားလိမ့်မယ်"

ကျန်းပေရန်၏ နောက်ဆုံးစကားကို ကြားပြီးနောက် တိုင်းပြည်ငါးခုမှ အနက်ရောင် သူတော်စင်များမှာ ကြောင်အအဖြင့် ထိုင်နေကြလေသည်။

'ဒီတစ်လခွဲလောက်အတွင်းမှာ မတွေ့ဖြစ်ကြတာ အန္တရာယ်က ချက်ချင်းကြီး ပျောက်သွားတာလား ဒါဆို ငါတို့ ဒီရက်ပိုင်းအတွင်းမှာ ဘာတွေများ ပြင်ဆင်နေခဲ့ကြတာလဲ'

၎င်းတို့ တွေးလိုက်ကြလေသည်။

ယခုအခါ အဆိပ်ငွေ့များသည် ၎င်းတို့အတွက် ခြိမ်းခြောက်မှု မရှိတော့သော်လည်း ထိုဂူအဆိပ်ကျင့်ကြံသူများထဲတွင် အားကြီးသူများစွာ ရှိနေသေးသည့်အပြင် မည်သို့မျှ အမြစ်ပြတ် သုတ်သင်ရန် ခက်ခဲသော ကိုယ်တိုင်ပြန်လည်ကုသနိုင်သည့် စွမ်းရည်ကြောင့်လည်း ဖြစ်လေသည်။ တကယ်လို့သာ အသေခံတိုက်ခိုက်ရမည်ဆိုပါက ၎င်းတို့ကိုယ်၎င်းတို့ ဘေးကင်းမည်ဟု ရာနှုန်းပြည့် အာမမခံနိုင်ကြချေ။

သို့သော် အန္တရာယ်ရှိမှန်း သိသည့်တိုင်အောင် ၎င်းတို့သည် နောက်ဆုတ်ရန် စိတ်ကူးမရှိကြဘဲ နဂါးနက် ကုန်းမြေတိုက်ကြီး၏ အထွတ်အထိပ် အားကြီးသူများအနေဖြင့် ၎င်းတို့၏ ပခုံးပေါ်တွင် ရှိနေသော တာဝန်ဝတ္တရားများကို ကောင်းစွာ နားလည်ထားကြလေသည်။

အကယ်၍ နဂါးနက် ကုန်းမြေတိုက်ကြီးသာ ပျက်စီးသွားပါက ၎င်းတို့သည်လည်း အရာအားလုံး ဆုံးရှုံးရမည် မဟုတ်ပါလား။

ထို့ကြောင့် ဒီကာလအတွင်း ၎င်းတို့သည် မိသားစုများအတွက် နောက်ဆုံးမှာကြားစရာရှိသည်များကို နည်းနည်းပါးပါး မှာကြားခဲ့ကြပြီး ဖြစ်လေသည်။

အိမ်က မျိုးဆက်သစ်လေးတွေလည်း ငိုယိုခဲ့ကြပြီးဖြစ်သလို အခြေအနေများမှာလည်း လေးလံထိုင်းမှိုင်းခဲ့ပြီးပြီ ဖြစ်သည်။

အခုမှ လာပြီး အန္တရာယ်မရှိတော့ဘူးဟု ပြောနေခြင်း ဖြစ်လေသည်။

မင်းကတော့ တကယ်ကို သိပ်တော်တာပဲ ဟုသာ တွေးလိုက်မိကြတော့သည်။

"အစီအစဉ်ကသာ ဆရာကျန်း ပြောသလိုမျိုး တကယ် ချောမွေ့သွားမယ်ဆိုရင် ငါ လော်ကျင့်ထျန်း က ငါ့ဂိုဏ်းထဲမှာ ဆရာကျန်း အတွက် သက်ရှည်အဆောင်ဘုတ်တစ်ခုကို အမွှေးနံ့သာတွေနဲ့ ပူဇော်ပေးထားမယ် ဂိုဏ်းသားတွေကိုလည်း နေ့ညမပြတ် ဂါရဝပြုခိုင်းမယ်"

လော်ကျင့်ထျန်း၏ တည်ကြည်လှသော မျက်နှာကို ကြည့်ရင်း ကျန်းပေရန်က လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

"သက်ရှည်အဆောင်ဘုတ်ကတော့ ထားလိုက်ပါတော့ အဲ့ဒါက လုံးဝ မလုပ်သင့်တဲ့ အရာလို့ပဲ ပြောပါရစေ"

လော်ကျင့်ထျန်းက ခေါင်းယမ်းကာ ပြန်ပြောလေသည်။

"အာ ဆရာကျန်း မသိလို့ပါ ငါ့ဂိုဏ်းရဲ့ ဖုန်းရွှေက တစ်တိုက်လုံးမှာ"

တစ်တိုက်လုံးမှာ ဆိုသည့် စကားလုံး ထွက်လာသည်နှင့် လော်ကျင့်ထျန်းသည် အခြားသော အနက်ရောင် သူတော်စင် လေးဦးစလုံး၏ အကြည့်များက သူ့ထံသို့ ရောက်လာသည်ကို သတိထားမိလိုက်၏။

"ဘာလဲ မကျေနပ်လို့လား ငါ့ရဲ့ တျန်းယာဂိုဏ်းက ဖုန်းရွှေက တစ်တိုက်လုံးမှာ နံပါတ်တစ်ပဲ"

"ဟဲဟဲ"

ဝူဇီကျန်းက ထိုစကားကို ကြားသောအခါ အေးစက်စက် ရယ်မောလိုက်ပြီးနောက် ပြောလိုက်၏။

"ဖုန်းရွှေနဲ့ ပတ်သက်ရင် ငါ့ရဲ့ ဝေတိုင်းပြည်ကမှ နံပါတ်တစ်ပါ မင်းက ဖုန်းရွှေအကြောင်း နားလည်လို့လား ဒီနေရာမှာ လာပြီး ကြွားလုံးထုတ်နေရတာလဲ"

"ငါက နားမလည်ရင် မင်းက နားလည်လို့လား"

"ကုလျန်အန်းက ငါ့ရဲ့ အလေးထားရတဲ့ ဧည့်သည်တော်ပဲ မင်းတို့ဂိုဏ်းရဲ့ အကြံပေးက ဘယ်သူလဲ"

ကုလျန်အန်း၏ အမည်ကို ကြားလိုက်ရသောအခါ လော်ကျင့်ထျန်းမှာ ခဏတာ ဆွံ့အသွားသော်လည်း အရှုံးမပေးလိုသည့် အနေဖြင့် ခဏအကြာတွင် ရယ်မောရင်း ပြောလိုက်ပြန်သည်။

"ကုလျန်အန်းက မင်းအတွက် ဖုန်းရွှေ ကြည့်ပေးတယ်ဆိုရင်တောင် အများဆုံး ဝေတိုင်းပြည် ထဲမှာပဲ အကောင်းဆုံးနေရာကို ရှာပေးနိုင်မှာပါ တကယ်လို့ သူသာ ငါ့ဆီကို လာမယ်ဆိုရင် မင်းရဲ့နေရာက တကယ်ကို မကောင်းဘူးဆိုတာ သူ သိသွားလိမ့်မယ်"

ကလေးကလား ရန်ဖြစ်နေကြသော အနက်ရောင် သူတော်စင် နှစ်ဦးကို ကြည့်ရင်း ကျန်းပေရန်သည် ရယ်ချင်စိတ်ကို အောင့်ထားရသည့် တစ်ချိန်တည်းမှာပင် ကုလျန်အန်း၏ အဆင့်အတန်းမှာ အလွန်မြင့်မားကြောင်း သိရှိလိုက်ရ၏။ ထိုထိပ်တန်း အားကြီးသူများပင်လျှင် သူ့ကို အတော်လေး ရိုသေကြရလေသည်။

ဗေဒင်ဆရာ လုပ်တာတောင် ဒီလောက်အထိ နာမည်ကြီးတာတော့ လုံးဝကို ဆရာကျလှသည်ဟု ကျန်းပေရန် တွေးလိုက်မိ၏။

အခြားသူများပါ ဒီတိုက်ပွဲထဲသို့ ဝင်လာတော့မည်ကို မြင်သောအခါ ကျန်းပေရန်က လက်ကို ဖိချလိုက်ရင်း ပြောလိုက်လေသည်။

"အတိုချုပ် ပြောရရင် အားလုံးပဲ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြပါ သုံးရက်နေရင် စတင် လှုပ်ရှားကြမယ်"

"ဒီလောက်တောင် မြန်တာလား"

ရွှယ်ခိုင်က အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်၏။

"ဆွဲထားတာလည်း အတော်လေး ကြာနေပြီ မဟုတ်လား"

ကျန်းပေရန်၏ ထိုစကားကို ကြားသောအခါ အနက်ရောင် သူတော်စင်များ အားလုံး မပြုံးဘဲ မနေနိုင်တော့ချေ။

"ဟုတ်သားပဲ တကယ်ကို ကြာနေပါပြီ"

"ဒါဆို သုံးရက်နေမှ ပြန်တွေ့ကြတာပေါ့ ကျွန်တော် ခွင့်ပြုပါဦး"

ကျန်းပေရန်သည် ပြောပြီးသည်နှင့် အစည်းအဝေးခန်းမထဲမှ ထွက်လာခဲ့လေသည်။

မြို့ပြင်သို့ သွားရာ လမ်းတစ်လျှောက်တွင် ကျန်းပေရန်သည် သုံးရက်မြောက်နေ့အတွက် ဘာတွေ ပြင်ဆင်ရမည်ဆိုတာကို စဉ်းစားနေစဉ် သူ၏ နားထဲသို့ အသံလေးသံ ဝင်ရောက်လာခဲ့၏။

ထိုအသံပိုင်ရှင်လေးဦးမှာ အခြားသူများ မဟုတ်ဘဲ စောစောက သူ နှုတ်ဆက်ခဲ့သည့် အနက်ရောင် သူတော်စင်များပင် ဖြစ်ကြလေသည်။

အသံလွှင့်လာသည့် အဓိပ္ပာယ်မှာလည်း အတူတူပင် ဖြစ်ပြီး ခဏလောက် နေခဲ့ပါဦး သူတို့မှာ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိလို့ပါ ဟူ၍ ဖြစ်လေသည်။

ကြည့်ရတာ သူတို့တွေ ရောက်လာကြပြီပဲ ဟု ကျန်းပေရန် တွေးလိုက်၏။

တကယ်တော့ ကျန်းပေရန်သည် ဒီနေ့ ဒီလူတွေ သူ့ကို လာရှာမည်မှန်း ကြိုတင် ခန့်မှန်းထားခဲ့ပြီးဖြစ်ရာ ထိုဖိတ်ခေါ်မှုများကို သူ အံ့သြမနေတော့ပေ။

၎င်းတို့နှင့် တွေ့ဆုံရန် အချိန်အသီးသီး သတ်မှတ်ပြီးနောက် ကျန်းပေရန်သည် ယွမ်မြို့တော်မှ ထွက်ခွာကာ အဆိပ်ငွေ့များထဲသို့ ဝင်ရောက်သွားလေသည်။

ညနက်ပိုင်းတွင် အနက်ရောင် သူတော်စင် လေးဦးစလုံးနှင့် တွေ့ဆုံပြီးနောက် ကျန်းပေရန်သည် ပျံသန်းသော စံအိမ်ထဲသို့ ပြန်ရောက်လာခဲ့၏။

ထိုလေးဦး သူ့ကို လာရှာသည့် ရည်ရွယ်ချက်က တစ်ခုတည်းသာ ရှိပြီး ၎င်းမှာ ကျန်းပေရန် ခန့်မှန်းထားသည့် အချက်ပင် ဖြစ်လေသည်။

၎င်းမှာ ချောင်ကျင်းဟွာတို့ကို ဘယ်လိုနည်းနှင့် သေရာကနေ ရှင်အောင် ပြန်လုပ်ခဲ့တာလဲ ဆိုသည်ကို မေးမြန်းချင်ကြခြင်းပင် ဖြစ်၏။

တိုင်းပြည်တစ်ခု၏ အရှင်သခင်များ ဖြစ်ကြသည့်အပြင် နဂါးနက် ကုန်းမြေတိုက်ကြီး၏ အရှင်သခင်များလည်း ဖြစ်ကြသဖြင့် ၎င်းတို့သည်လည်း အသက်ကို နှမြောကြပေသည်။ ပုံမှန်အားဖြင့် အသက်ပြန်ရှင်စေသည့် မှော်ကိရိယာများကို ၎င်းတို့ အမြဲ ရှာဖွေတတ်ကြလေသည်။

သို့သော် ရှာတွေ့သမျှမှာ ချွင်းချက်မရှိ အဝါရောင်အဆင့်များသာ ဖြစ်နေတတ်ပြီး အခြေအနေက အလွန် မတည်မငြိမ် ဖြစ်နေသောကြောင့်တည်း။

အနက်ရောင် ဘုရင် အဆင့် ကျင့်ကြံသူများကိုပင် အသက်ပြန်သွင်းရာတွင် မကြာခဏ ကျရှုံးတတ်ကြပြီး ရံဖန်ရံခါ အောင်မြင်လျှင်တောင်မှ ရူးသွပ်သွားတတ်ကြရာ ၎င်းမှာ လုံးဝ အသုံးမဝင်သော ပစ္စည်းများသာ ဖြစ်လေသည်။

သို့သော် မကြာသေးမီက ၎င်းတို့သည် အလွန် အံ့အားသင့်ဖွယ် ကောင်းသော သတင်းတစ်ခုကို ကြားလိုက်ရ၏။

၎င်းမှာ ကျန်းပေရန်သည် အနက်ရောင် သူတော်စင် တစ်ဦးကို သေရာမှ ရှင်အောင် ပြန်လုပ်နိုင်ရုံတင်မကဘဲ အနက်ရောင် သူတော်စင် များစွာကို တစ်ပြိုင်နက်တည်း အသက်ပြန်သွင်းပေးခဲ့သည် ဟူသော သတင်းပင် ဖြစ်လေသည်။

ဒီသတင်း ထွက်လာသည်နှင့် တစ်ပြိုင်နက် အနက်ရောင် သူတော်စင် လောကတစ်ခုလုံးတွင် တကယ်ကို ပွက်လောရိုက်သွားခဲ့သည်။ ၎င်းတို့ တစ်သက်လုံး လိုက်ရှာနေခဲ့သည့် သေရာမှ ရှင်စေသော နည်းလမ်းမှာ ၎င်းတို့၏ အနီးအနားမှာတင် ရှိနေခဲ့သည်ဆိုတော့ ၎င်းတို့ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါ့မည်နည်း။

ကျန်းပေရန်တွင် လုပ်ဆောင်စရာ အရေးကြီးကိစ္စများ ရှိနေသည်ဟု ကြားထားသဖြင့်သာ တိုက်ရိုက် လာမနှောင့်ယှက်ကြဘဲ ငြိမ်ငြိမ်လေး စောင့်နေခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါတွင်မူ တိုင်းပြည်အရှင်သခင် အချို့သည် အခွင့်အရေးကို လက်ဦးမှု ရယူလိုကြသဖြင့် ကျန်းပေရန်ထံသို့ ကိုယ်တိုင် ကိုယ်ကျ လာရောက် ရှာဖွေခဲ့ကြခြင်းပင် ဖြစ်၏။

သို့သော် ဆွေးနွေးပြီးနောက် ကျန်းပေရန် ပေးလိုက်သော အဖြေမှာ အားလုံးအတွက် အတူတူပင် ဖြစ်လေသည်။

၎င်းမှာ သူအနေဖြင့် မည်သည့် အာမခံချက်မှ မပေးနိုင်ကြောင်း ဖြစ်သည်။ အသက်ပြန်သွင်းခြင်း ဆိုသည်မှာ ကံတရား နေရာဒေသ နှင့် လူသားများ၏ စိတ်ဆန္ဒ အားလုံး ပြည့်စုံမှသာ ဖြစ်နိုင်သောကြောင့် သူကိုယ်တိုင်လည်း သေချာပေါက် အောင်မြင်မည်ဟု မပြောနိုင်ချေ။

သို့သော်ငြားလည်း ထိုအရှင်သခင်များသည် အလျှော့မပေးကြဘဲ ကျန်းပေရန်ကို ၎င်းတို့၏ ဂိုဏ်းများတွင် ထာဝရနယ်စား အဖြစ် လာရောက် တာဝန်ယူပေးရန် မက်မောစရာ ကမ်းလှမ်းချက်မျိုးစုံ ပေးခဲ့ကြလေသည်။

ဒီ ထာဝရနယ်စား ဆိုသည်မှာ လော်ကျင့်ထျန်း၏ တျန်းယာဂိုဏ်းထဲမှ ထူးခြားသော ရာထူးတစ်ခု ဖြစ်ပြီး အခြားသော အရှင်သခင်များ၏ ဂိုဏ်းများတွင်လည်း ထိုသို့သော ရာထူးမျိုး ရှိကြပေသည်။

၎င်း၏ အဆင့်အတန်းမှာ ဧည့်သည်တော် အကြံပေးပညာရှင်နှင့် ဆင်တူသော်လည်း အကြံပေးထက် ပို၍ လွတ်လပ်မှု ရှိလေသည်။

ယေဘုယျအားဖြင့် အကြံပေး တစ်ဦးသည် ဂိုဏ်းထဲတွင် နေ့စဉ် နေထိုင်ရန် မလိုလျှင်တောင်မှ အနည်းဆုံးတော့ ကိစ္စရှိလျှင် ရှာတွေ့နိုင်ရမည် ဖြစ်ပြီး ကြီးမားသော ကိစ္စများနှင့် ကြုံတွေ့ရပါကလည်း မဖြစ်မနေ လာရောက် ကူညီပေးရမည် ဖြစ်၏။

သို့သော် ဒီ ထာဝရနယ်စားကတော့ မတူပေ။ ၎င်းမှာ နာမည်ခံ သက်သက်သာ ဖြစ်လေသည်။

ဂိုဏ်းထဲက ခံစားခွင့်တွေ အားလုံးကို မင်း ရရှိနိုင်ပေမယ့် ကိစ္စရှိလျှင်လည်း မင်းကို အတင်း ခေါ်ယူမည် မဟုတ်သလို ဘာတာဝန်မှလည်း မရှိပေ။ တကယ်ကို အလုပ်မလုပ်ဘဲ လစာ အလကား စားနေရသည့် ရာထူးကောင်းတစ်ခု ဖြစ်လေသည်။

သေချာသည်မှာ ထိုဂိုဏ်းချုပ်များသည်လည်း ဒီလောက်အထိ မအကြဘဲ ရိုးရိုးသားသား အလကား ပေးမည်တော့ မဟုတ်ပေ။

လူမှုရေး ဆက်ဆံရေး ဆိုသည်မှာ မင်း ငါ့ကို သုံးပြားဖိုး လေးစားရင် ငါ မင်းကို တစ်ကျပ်ဖိုး ပြန်လေးစားရမည် ဆိုသည့် သဘောမျိုး ဖြစ်သည်။

ကျန်းပေရန်သာ ၎င်းတို့ဂိုဏ်းဆီက အကျိုးအမြတ်များကို တကယ် ယူလိုက်မည်ဆိုပါက အပြန်အလှန်အားဖြင့် ဆက်ဆံရေးကလည်း တဖြည်းဖြည်း တည်ဆောက်ပြီးသား ဖြစ်သွားမည်ဖြစ်သည်။

ဒါကြောင့် ဒီ ထာဝရနယ်စား ဆိုသည်မှာ ရာထူးတစ်ခုဟုတောင် မခေါ်နိုင်တော့ဘဲ လက်ဆောင်ပေးဖို့အတွက် အကြောင်းပြချက် တစ်ခုသာ ဖြစ်လေသည်။

ကျန်းပေရန်သည်လည်း ထိုအရှင်သခင်များ၏ မျက်နှာကို မပျက်စေလိုသဖြင့် ပွဲချင်းပြီး လက်ခံလိုက်၏။

ဒါကလည်း သူ၏ ဘွဲ့ထူးဂုဏ်ထူးများကို ရုတ်တရက် လေးခု ထပ်တိုးသွားစေခဲ့ပြီး ယခုဆိုလျှင်

တျန်းယာဂိုဏ်း၏ ထာဝရနယ်စား၊ ကျင့်ယွဲ့ဂိုဏ်း၏ ကောင်းကင်အိမ်တော်သခင်၊ ရော်ဝမ်ဂိုဏ်း၏ တောင်ဖြိုဘုရင်၊ ရွှန့်ဖုန်းဂိုဏ်း၏ အင်မော်တယ်အကြီးအကဲ၊ ရှီအိမ်တော်၏ ပညာရှိဂုဏ်ထူးဆောင် ၊ရှန့်တိုင်းပြည်၏ အရှင်သခင် ၊စိတ်နှလုံးပြန်ဂိုဏ်း၏ အမည်ခံတပည့် ကျန်းပေရန် ဖြစ်လာလေသည်။

အင်း နောင်ဆိုရင် ငါလည်း ငါ့ရဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို အရှည်ကြီး ရွတ်ပြလို့ ရနေပြီဖြစ်သည် ဟု ကျန်းပေရန် တွေးလိုက်မိ၏။

"ပေရန်လေး ပြန်လာပြီလား"

ကျန်းပေရန်သည် နောင်တစ်ချိန်တွင် ထိုဂိုဏ်းများဆီမှ အကျိုးအမြတ်အချို့ သွားယူရမလား စဉ်းစားနေစဉ် ရှီဖုန်းလန်က သူ့ထံသို့ ပြေးလာခဲ့လေသည်။

"အင်း"

ကျန်းပေရန်က ခေါင်းတစ်ချက် ညိတ်လိုက်ပြီး လက်ဖက်ရည်ဝိုင်းဆီသို့ သွားရန် ပြင်လိုက်၏။

သို့သော် ရှီဖုန်းလန်က သူ၏ အင်္ကျီစကို ဆွဲကိုင်ကာ ပြောလိုက်လေသည်။

"စောစောက ဦးလေးနှစ်က ငါ့ကို အိမ်ပြန်ပြီး မိသားစု စားပွဲမှာ ပါဝင်ဖို့ လာခေါ်သွားတယ်"

"ငါ ခန့်မှန်းကြည့်ရမလား မင်းကို ခေါ်တဲ့အပြင် ငါ့ကိုပါ ခေါ်လာခဲ့လို့ ပြောလိုက်တယ် မဟုတ်လား"

"ဟုတ်တယ် ပေရန်လေး ဘယ်လိုလုပ် သိတာလဲ"

"ခန့်မှန်းလိုက်တာ"

ကျန်းပေရန်က ပြုံးလိုက်ပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

"ငါ့မှာ အလုပ်များစရာ အရေးကြီးကိစ္စတွေ ရှိသေးတယ်လို့ သူတို့ကို ပြောလိုက်ပါ နောက်ရက်မှပေါ့"

"ဒါပေမယ့် ငါက မင်းနဲ့ အတူတူ ပြန်ချင်တာ"

ရှီဖုန်းလန်က ခေါင်းလေးငုံ့ကာ တိုးတိုးလေး ပြောလိုက်လေသည်။ သူမ၏ လေသံထဲတွင် တောင်းဆိုနေသည့် အရိပ်အယောင်များ ပါဝင်နေ၏။

"အကြောင်းပြချက် တစ်ခု ပေး"

ရှီဖုန်းလန်က ထိုစကားကို ကြားသောအခါ မော့ကြည့်လိုက်ပြီး ကျန်းပေရန်၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။

"ငါ့ရဲ့ စိတ်ထဲမှာတော့ မင်းက ငါ့ရဲ့ မိသားစုဝင် တစ်ယောက် ဖြစ်နေတာ ကြာပြီ မင်းသာ မပါဘူးဆိုရင် ဒီမိသားစု စားပွဲက ပြီးပြည့်စုံမှာ မဟုတ်ဘူး"

ရှီဖုန်းလန်၏ ရိုးသားလှသော စကားများကို ကြားပြီးနောက် ကျန်းပေရန် ခဏတာ စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်၏။

"ဒါဆိုလည်း ထားလိုက်ပါတော့ မနက်ဖြန် အားနေတာနဲ့ပဲ မင်းနဲ့အတူ တစ်ခေါက် လိုက်ခဲ့ပေးပါ့မယ်"

"အော် အင်း ဟုတ်လား"

မူလက ငြင်းပယ်ခံရမည်ဟု ထင်ထားသော ရှီဖုန်းလန်မှာ မျက်လုံးများ ပြူးသွားရလေသည်။

"ပေရန်လေး မင်း သဘောတူလိုက်တာလား"

"အင်း သဘောတူတယ်"

"ဟေး ဝမ်းသာလိုက်တာ"

ဝမ်းသာအားရ အော်ဟစ်လိုက်ပြီးနောက် ရှီဖုန်းလန်သည် ကျန်းပေရန်ကို ဖက်လိုက်လေသည်။

"မင်းကို အချစ်ဆုံးပဲ"

ထိုစကား ထွက်လာသည်နှင့် ဧည့်ခန်းထဲရှိ အကြည့်များစွာသည် ကျန်းပေရန်ဘက်သို့ ရောက်ရှိလာကြပြီး ထိုမျက်ဝန်းများထဲတွင် ပါဝင်သော အဓိပ္ပာယ်များမှာလည်း တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။

"ကဲပြီ သွားဆော့တော့"

ကျန်းပေရန်က ပြောပြီးသည်နှင့် ရှီဖုန်းလန်ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး လက်ဖက်ရည်ဝိုင်းတွင် ထိုင်လိုက်လေသည်။

"ဟုတ်"

ရှီဖုန်းလန်က ပြန်ထူးလိုက်ပြီး ခုန်ပေါက်ကာ ခြံထဲသို့ ပြေးထွက်သွားလေသည်။ သူမ၏ ပါးစပ်မှလည်း သီချင်းတိုးတိုးလေး ညည်းဆိုနေ၏။

ရေနွေးအိုး တစ်အိုး တည်လိုက်ပြီးနောက် ကျန်းပေရန်သည် ဒီနေ့ ဘယ်လက်ဖက်ရည်ကို သောက်ရမလဲဟု စဉ်းစားနေစဉ် ရုတ်တရက် ယွီမျိုးနွယ် ညီအစ်မ သုံးဖော်သည် စာအုပ်စင် နောက်ကွယ်မှ သူ့ကို ချောင်းကြည့်နေသည်ကို သတိပြုမိလိုက်၏။

"ဒီကို လာကြ"

ကျန်းပေရန်က ယွီမျိုးနွယ် ညီအစ်မ သုံးဖော်ကို လက်ယမ်း ခေါ်လိုက်လေသည်။

ယွီမျိုးနွယ် ညီအစ်မ သုံးဖော်သည် ကြားသည်နှင့် ၎င်းတို့၏ လက်ညှိုးကို ကိုယ့်ကိုယ်ကိုယ် ပြန်ညွှန်ပြလိုက်ကြပြီး မျက်နှာပေါ်တွင်လည်း သံသယဖြစ်နေသော အမူအရာများ ရှိနေကြ၏။

"အင်း မင်းတို့ကို ခေါ်တာ"

ကျန်းပေရန်က ခေါင်းညိတ်ပြလိုက်လေသည်။

"စီနီယာ အစ်ကိုကြီး ကျွန်မတို့ကို ရှာစရာ ကိစ္စရှိလို့လား"

ယွီမျိုးနွယ် ညီအစ်မ သုံးဖော်သည် ကျန်းပေရန်ရှေ့သို့ ပြေးလာပြီး တညီတညွတ်တည်း မေးလိုက်ကြ၏။

"အရင်တစ်ခေါက်က ငါ ပြောခဲ့သလိုပဲ မင်းတို့တွေက တေးဂီတပိုင်းမှာ ပါရမီ ပါတယ် မင်းတို့ကို ငါ ကိုယ်တိုင် လမ်းညွှန်ပေးမလို့ပဲ ဒါပေမယ့် အခု မင်းတို့ မြင်တဲ့အတိုင်း ငါ့မှာ အလုပ်များစရာတွေက အရမ်းများနေတယ် ဒါကြောင့် မင်းတို့အတွက် ဆရာတစ်ယောက် ငါ ရှာပေးထားတယ်"

ယွီမျိုးနွယ် ညီအစ်မ သုံးဖော်သည် ထိုစကားကို ကြားသောအခါ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေသည်။ မည်သို့ပင်ဆိုစေ ၎င်းတို့၏ စိတ်ထဲတွင်တော့ စီနီယာ အစ်ကိုကြီးကသာ ၎င်းတို့ကို သင်ပေးစေချင်ကြသည် မဟုတ်ပါလား။

သို့သော် စီနီယာ အစ်ကိုကြီးက အလုပ်များနေသည်ဟု ပြောထားသဖြင့် ဒီအချိန်မှာ သူ့ကို ထပ်ပြီး အနှောင့်အယှက် မပေးချင်ကြပေ။

ထို့ကြောင့် မျက်လုံးချင်း စကားပြောပြီးနောက် သုံးဦးစလုံး ကျန်းပေရန်ကို လက်အုပ်ချီကာ ပြောလိုက်ကြလေသည်။

"စီနီယာ အစ်ကိုကြီး အခုလို စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"အခု ငါ အားနေတုန်းပဲ ဒီမှာ ခဏထိုင်ပြီး အနားယူကြဦး ခဏနေရင် ဆရာနဲ့ တွေ့ဖို့ ငါ ခေါ်သွားပေးမယ်"

"ဟုတ်ကဲ့"

ယွီမျိုးနွယ် ညီအစ်မ သုံးဖော်က ဝမ်းသာအားရ ပြန်ထူးလိုက်ပြီးနောက် မလှမ်းမကမ်းမှ ၎င်းတို့ကို ချောင်းကြည့်နေသော လျိုဇီဂျင်းနှင့် ဖန်းချိုးယောင်တို့ကိုလည်း လှမ်းကြည့်လိုက်ကြ၏။

"စီနီယာ အစ်ကိုကြီး မမလျိုနဲ့ မမဖန်းကိုပါ ကျွန်မတို့နဲ့အတူ ခေါ်သွားလို့ ရမလား ကျွန်မတို့ ငါးယောက်က အမြဲတမ်း အတူတူ တီးခတ်နေကျမို့လို့"

"ရတယ်"

ဒီကိစ္စတွင် ကျန်းပေရန်က ဘာမှ မဖြစ်ပေ။ သုံးယောက် သင်ပေးတာရော ငါးယောက် သင်ပေးတာရော အတူတူပင် မဟုတ်ပါလား။ ဘယ်လောက်အထိ တတ်မြောက်မလဲ ဆိုတာကတော့ ၎င်းတို့၏ ကိုယ်ပိုင် ပါရမီအပေါ်မှာပဲ မူတည်လေသည်။

ထို့ကြောင့် သူက လျိုဇီဂျင်းတို့ နှစ်ဦးကို လှမ်းကြည့်ကာ မေးလိုက်၏။

"ဘယ်လိုလဲ သူတို့နဲ့ အတူတူ လိုက်ချင်လား"

"ကျေးဇူးတင်ပါတယ် စီနီယာ အစ်ကိုကြီး"

ကျန်းပေရန်က စောစောက အသံကို တမင် နှိမ့်မထားသဖြင့် ၎င်းတို့ သုံးဦးစလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး ဖြစ်သည်။ ယခု စီနီယာ အစ်ကိုကြီးက ခေါ်လိုက်သဖြင့် ချက်ချင်းပင် ပြေးလာကြတော့၏။

ညီအစ်မ ငါးယောက် ပျော်ပျော်ရွှင်ရွှင် ရှိနေကြသည်ကို ကြည့်ရင်း ကျန်းပေရန်သည် သူ ပထမဆုံးအကြိမ် တာဝန်ခံ အနေဖြင့် ၎င်းတို့ကို တောင်အောက်သို့ လေ့ကျင့်ရန် ခေါ်သွားခဲ့သည့် အတိတ်ကို သတိရသွားမိလေသည်။

ထိုအချိန်က သူသည် ကျေးရွာအသစ်မှာ အိမ်မွေးတိရစ္ဆာန် ဖမ်းတာတို့ ဆေးမြက်ခူးတာတို့လို တာဝန်တွေကို လက်ခံရရှိထားသည့် လူသစ်တစ်ယောက်လိုပါပဲ။ ဘာဘေးထွက်ဆိုးကျိုးမှ မရှိသည့် တာဝန်လေးတွေကို လုပ်ဆောင်နေခဲ့တာဖြစ်သည်။

ဟူး အတိတ်ဆိုတာ တကယ်ကို လျင်မြန်တာပဲ မျက်စိတစ်မှိတ်အတွင်းမှာတင် ငါက ဘယ်လိုလုပ်ပြီး နဂါးနက် ကုန်းမြေတိုက်ကြီးရဲ့ ခေါင်းဆောင် ဖြစ်သွားရတာလဲ အရမ်း မြန်လွန်းတယ် အရမ်း မြန်လွန်းတယ်ဟ

ကျန်းပေရန် တွေးလိုက်မိ၏။

"ကျွန်မကိုပါ အတူတူ ခေါ်သွားလို့ ရမလား"

ကျန်းပေရန် သက်ပြင်းချနေစဉ် ယွီမန့်ဝမ်က ရုတ်တရက် လျှောက်လာပြီး မေးလိုက်လေသည်။

အမ်

ကျန်းပေရန် တွေးလိုက်မိ၏။

ကျန်းပေရန်မှာ ခေတ္တမျှ ကြောင်အသွားရသလို ပန်းငါးပွင့်မှာလည်း မှင်သက်သွားကြလေသည်။

၎င်းတို့၏ စိတ်ထဲတွင် ဆရာမရဲ့ အဓိပ္ပာယ်က ကျွန်မတို့နဲ့အတူ သွားသင်ချင်တာလား ဒါဆို နောင်ကျရင် ကျွန်မတို့က စီနီယာ အစ်မလို့ ခေါ်ရမလား ဆရာမလို့ ခေါ်ရမလား ဟု တွေးတောနေကြ၏။

လူအနည်းငယ် ကြောင်အသွားသည်ကို မြင်သောအခါ ယွီမန့်ဝမ်က ချက်ချင်း ပြောလိုက်လေသည်။

"ကျွန်မက တေးဂီတပိုင်းကို အမြဲတမ်း စိတ်ဝင်စားခဲ့တာ အစစ်အမှန် တေးဂီတ ဆရာကြီး တစ်ဦးဆီမှာလည်း တပည့်ခံချင်ခဲ့မိတယ် ဒါကြောင့် တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်"

"သေချာပေါက် ရတာပေါ့"

ယွီမန့်ဝမ် စကားမဆုံးမီမှာပင် ကျန်းပေရန်က လိုလိုလားလား ခေါင်းညိတ်လိုက်၏။

တကယ်တော့ သူသည် ယွီမန့်ဝမ် စကားစလိုက်စဉ်က ခဏတာ ကြောင်သွားခဲ့သော်လည်း မကြာမီမှာပင် နားလည်သွားခဲ့သည်။ ယွီမန့်ဝမ်သည် ရေမှန်အဆောင်၏ အစောင့်အကြပ် တစ်ဦး ဖြစ်ပြီး ရေမှန်အဆောင်သည် တေးဂီတကို အဓိကထားသည့် နေရာ ဖြစ်ရာ သူမအနေဖြင့် တေးဂီတကို မြတ်နိုးသည်မှာ အလွန် ပုံမှန်ကိစ္စ တစ်ခုပင် ဖြစ်သည်။

တေးဂီတကို မြတ်နိုးသူများအတွက် အဆင့်ကိုး တေးဂီတပညာရှင် တစ်ဦးထံတွင် တပည့်ခံရခြင်းထက် ပို၍ ပျော်စရာကောင်းသော အရာ ဘာရှိဦးမည်နည်း။

ကျန်းပေရန် သဘောတူသည်ကို ကြားသောအခါ ယွီမန့်ဝမ်က ပြုံးလျက် အရိုအသေပေးကာ ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ဒါက ကျွန်မရဲ့ တစ်သက်လုံး မက်ခဲ့ရတဲ့ အိပ်မက်ပါ တကယ်ကို ကျေးဇူးတင်ပါတယ်"

"ကာကွယ်သူယွီကလည်း အားနာစရာကြီးပါ ဒါဆို ခဏနေရင် ငါတို့ အတူတူ ထွက်ကြတာပေါ့"

ကျန်းပေရန်က ပြောပြီးနောက် ယနေ့ ဘယ်လက်ဖက်ရည် သောက်မည်ဆိုတာကိုလည်း ဆုံးဖြတ်လိုက်ပြီး လက်ဖက်ရည် ပစ္စည်းများကို ထုတ်ကာ ဖျော်စပ်လိုက်၏。

မကြာမီ ဧည့်ခန်းတစ်ခုလုံး လက်ဖက်ရည် ရနံ့များဖြင့် ပြည့်နှက်သွားလေသည်။

"ဟာ"

ပထမဆုံး တစ်ငုံ သောက်လိုက်ရသော လူတိုင်းသည် တူညီသော ကျေနပ်သည့် မျက်နှာအမူအရာများကို ပြသလိုက်ကြပြီး ဝိညာဉ်များပင် သန့်စင်သွားသလို ခံစားလိုက်ရ၏။

ထိုအချိန်တွင် ရနံ့ကို ရလိုက်သော ရှီဖုန်းလန်သည်လည်း ဆော့ကစားမနေတော့ဘဲ ချုံချီကို စီးနင်းကာ ဧည့်ခန်းထဲသို့ ဝင်လာပြီး အော်လိုက်လေသည်။

"ငါလည်း လက်ဖက်ရည် သောက်ချင်တယ်"

ချုံချီပေါ်မှ ကျွမ်းကျင်စွာ ဆင်းသက်ပြီးနောက် ရှီဖုန်းလန်သည် လက်ဖက်ရည်ဝိုင်းတွင် ထိုင်ကာ လက်ဖက်ရည်ခွက်ကို အတည်အပေါက် ကိုင်လိုက်၏။ လူကြီးတစ်ယောက်လို ဟန်ဆောင်ကာ အပူကို မှုတ်ထုတ်ပြီးနောက် တစ်ငုံလောက် မြည်းစမ်းလိုက်လေသည်။

"အင်း လက်ဖက်ရည်ကောင်းပဲ လက်ဖက်ရည်ကောင်းပဲ"

လက်ဖက်ရည် သောက်ပြီးနောက် ရှီဖုန်းလန်က ယွီမန့်ဝမ်အား ကြည့်ကာ ပြောလိုက်၏။

"မန့်ဝမ် ပေရန်လေးက ငါတို့နဲ့အတူ စားပွဲကို လိုက်ဖို့ သဘောတူလိုက်ပြီ"

"ဒါဆိုရင်တော့ တကယ်ကို ကောင်းတာပေါ့"

ယွီမန့်ဝမ်က ခေါင်းညိတ်လိုက်၏။

ယွီမန့်ဝမ်ကို ကျန်းပေရန် တစ်ချက် ကြည့်လိုက်သော်လည်း ရှီဖုန်းလန်က သူမကို ခေါ်မည်ဆိုတာကို သူ မအံ့သြပေ။ သို့သော် သူမအနေဖြင့် အနက်ရောင် သူတော်စင်များစွာ စုဝေးနေသော နေရာသို့ သွားရမည် ဖြစ်ရာ အရမ်း စိတ်လှုပ်ရှားနေမလား ဆိုတာကိုတော့ သူ အနည်းငယ် စိုးရိမ်မိလေသည်။

လူတိုင်း လက်ဖက်ရည် သောက်ပြီးသောအခါ ကျန်းပေရန်က မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်၏。

"သွားကြစို့"

"ဟုတ်ကဲ့"

ပန်းငါးပွင့်နှင့် ယွီမန့်ဝမ်တို့သည် တညီတညွတ်တည်း ပြန်ထူးလိုက်ကြပြီး နေရာမှ ထရပ်လိုက်ကြလေသည်။

"အမ် မင်းတို့ ဘယ်သွားဆော့ကြမလို့လဲ"

ရှီဖုန်းလန်က သုံးပုံတစ်ပုံ အံ့သြပြီး ခုနစ်ပုံလောက် စိတ်မကောင်းဖြစ်ကာ မေးလိုက်လေသည်။ သူမ၏ မျက်နှာအမူအရာမှာ မင်းတို့ ငါ့ကို မခေါ်ဘဲ သွားကြတော့မှာလား ဟု ပြောနေသကဲ့သို့ပင် ဖြစ်သည်။

"လုပ်စရာ အရေးကြီးကိစ္စ ရှိလို့ မင်း အရင်ဆုံး ပျံသန်း စံအိမ်ကို ကျင်းကျယ်အဆောင် ရှေ့ကို မောင်းသွားလိုက်"

အရေးကြီးကိစ္စ ရှိသည်ဟု ကြားထားသဖြင့် ရှီဖုန်းလန်လည်း ဆက်မမေးတော့ဘဲ ပျံသန်းသော စံအိမ်ကို စတင် မောင်းနှင်လိုက်လေသည်။

မကြာမီ ပျံသန်း စံအိမ်သည် ကျင်းကျယ်အဆောင် ရှေ့တွင် ဆိုက်ကပ်သွား၏။ ကျန်းပေရန်က ရှီဖုန်းလန်ကို ဒီမှာ စောင့်နေရန် ပြောပြီးနောက် ခြောက်ဦးကို ခေါ်ကာ ဆင်းသွားလေသည်။

ကျင်းကျယ်အဆောင်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုခြောက်ဦးမှာ အဆင့်ကိုး ဆရာကြီးများ၏ အရှိန်အဝါကြောင့် တုန်လှုပ်သွားကြပြီး ကျန်းပေရန်၏ အနောက်တွင် ကပ်၍ လိုက်ပါလာကြ၏။ ၎င်းတို့သည် အခြားသော ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားနေကြရလေသည်။

ထိုအဆင့်ကိုး ဆရာကြီးများသည်လည်း ကျန်းပေရန် ပေါ်လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ဝိုင်းအုံလာကြလေသည်။ လူမရောက်ခင် အသံက အရင် ရောက်လာ၏။

"ဆရာကျန်း ခင်ဗျား မလာတာ ကြာပြီနော် ဒီကို လာထိုင်ပါဦး ကျွန်တော့်မှာ ဆွေးနွေးစရာ စကားတွေ အများကြီး ရှိသေးတယ်"

"ဖယ်စမ်း ဖယ်စမ်း ငါ အရင် လာတာ ဆရာကျန်း ပြီးခဲ့တဲ့ အကြိမ်က ခင်ဗျား ပြောခဲ့တဲ့ ထာဝရတံဆိပ် ကိစ္စက ကျွန်တော့်မှာ တိုးတက်မှုတွေ ရှိနေပြီ ဒါပေမယ့် ထွင်းထုတဲ့အခါမှာ အနည်းငယ် အမှားအယွင်းလေးတွေ ရှိနေလို့ ခင်ဗျားကို လမ်းညွှန်ပေးစေချင်တယ်"

"ဆရာကျန်း ကျွန်တော်ကတော့ ကြယ်တာရာ ဝတ်ရုံထဲက အစီအရင်ကို လဲလှယ်လိုက်ပြီ ခင်ဗျား ကြည့်ပေးပါဦး သင့်တော်ရဲ့လား ဆိုတာ"

All Chapters