← Chapters

ရှည်လျားသည့် ညအမှောင်ထဲမှ အလင်းတရား

Vol. 5 Ch. 449

ရှည်လျားသည့် ညအမှောင်ထဲမှ အလင်းတရား

Vol. 5 Ch. 449

စကားသံကို ကြားသည်နှင့် စုန့်ချင်းယီ၏ မျက်နှာထားက တင်းမာ သွားလေသည်။ သူက စုတ်တံကို ကိုင်ကာ တစ်ချက် ဝှေ့ယမ်း လိုက်လေသည်။ စုတ်တံမှ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မှ အရာအားလုံးကို ထုတ်ဖော် လိုက်လေသည်။

သို့သော် ယန်ရွှီးကတော့ ထွက်ပေါ်လာခြင်း မရှိပေ။

စုန့်ချင်းယီမှာ ထိတ်လန့် သွားမိလေသည်။ အမှောင် မိစ္ဆာသခင်သည် သူ၏ ဆရာသခင် ကိုယ်တိုင် ပေးအပ်ခဲ့သည့် မှော်ဝင်ပစ္စည်းကိုပင် ကြောက်ရွံ့ခြင်း မရှိပါလား။ ထိုသူသည် နှစ်ပေါင်း တစ်ထောင်အတွင်း တစ်ယောက်သာ ပေါ်ထွန်းသည့် ကြောက်မက်ဖွယ်ရာ မိစ္ဆာ နတ်ဘုရား တစ်ပါးပင် ဖြစ်လေသည်။

သို့သော် စုန့်ချင်းယီသည် ယခင်က စုန့်ချင်းယီ မဟုတ်တော့ပါ။ ကျင့်စဉ်လမ်းတွင် များပြား လှစွာသော အခက်အခဲများကို ရင်ဆိုင်ခဲ့ရပြီး ရင့်ကျက် လာခဲ့ပြီ ဖြစ်လေသည်။ သူက တိုက်ပွဲတစ်ခု ရင်ဆိုင်ရတိုင်း ပြိုင်ဘက်ကို အနိုင်ယူနိုင်ရန် အတွက် အခက်အခဲများကို ပိုပြီး ရှင်းရှင်းလင်းလင်း နားလည် နေတတ်ခဲ့ပြီ။ ထို့ကြောင့် အမှောင်မိစ္ဆာ သခင်ကို အနိုင်ရနိုင်ရန် မလွယ်ကူကြောင်း သူချက်ချင်း သိရှိ သွားလေသည်။

အလင်းရောင်များ ပျောက်ကွယ်သွားပြီး ညက တိတ်ဆိတ် ငြိမ်သက် သွားလေသည်။

ဆန်းလျန်က ရယ်မောလိုက်ရင်း…

“မင်း ဒေါသတွေ ထွက်နေတာလား”

ထိုစကားက စုန့်ချင်းယီကို ပြောလိုက်ခြင်း မဟုတ်ပါ။

ကောင်းကင်ထက်မှ လခြမ်းကွေးသည် ကြွေကျလာပြီး လခြမ်းကွေး ဓားတစ်လက် အဖြစ် ပြောင်းလဲ သွားလေသည်။ ဓားမှ မိစ္ဆာ အငွေ့အသက်များ ထွက်ပေါ်နေပြီး စုန့်ချင်းယီသည် ဓားကိုပင် ကြည့်ရန် တုန်လှုပ်နေလေသည်။

ထို့နောက်တွင်တော့ …

အမှောင် မိစ္ဆာသခင် ယန်ရွှီး ထွက်ပေါ်လာလေသည်။

သူ၏ ခန္ဓာကိုယ်မှ တန်ခိုး စွမ်းအားများ ထွက်ပေါ်နေပြီး လခြမ်းကွေး ဓားဖြင့် သဘာဝတရားကြီး တစ်ခုလုံးကို ထိုးခွဲ ပစ်တော့မည့် အလား ထင်မှတ်ရလေသည်။

“ကျုပ်က ဒေါသ ထွက်ချင်တဲ့ အချိန်မှာ ထွက်မှာပဲ၊ ဒါပေမဲ့ မင်းကတော့ အဲဒီလို လုပ်လို့ မရဘူး”

ယန်ရွှီးဆီမှ နက်ရှိုင်းပြီး မိစ္ဆာဆန်သည့် အသံတစ်သံ ထွက်ပေါ် လာလေသည်။

ဆန်းလျန်က ယန်ရွှီး ဒေါသထွက်နေရသည့် အကြောင်းရင်းကို သိလေသည်။ အဘယ်ကြောင့် ဆိုသော် ဆန်းလျန်က အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်ပြီး ယန်ရွှီး၏ စိတ်ရင်းကို သိရှိ ဖော်ထုတ်နိုင်သူ တစ်ယောက် ဖြစ်နေသောကြောင့်ပင်။

ဆန်းလျန်၏ နှုတ်ခမ်းထောင့်လေးများ မသိမသာ ကွေးညွတ် သွားလေသည်။ ဆန်းလျန်၏ အပြုံးသည် ကြာပန်းလေး တစ်ပွင့်နှင့်တူပြီး လှပ အေးချမ်း လွန်းလေသည်။

“စကားမပြောဘဲ နေလိုက်ကြစို့၊ နောက်ထပ် ဘာဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့”

ယန်ရွှီးကလည်း အပြုံးပါးပါးလေး တစ်ချက် ပြုံးလိုက်ရင်း…

“ဟုတ်ပြီ…”

ယန်ရွှီးက ဓားတစ်လက်ကို ဆွဲထုတ် လိုက်လေသည်။

ထိုဓားမှာ ထျန်းမုန့် နတ်သမီး၏ ထိုက်စု နတ်ဘုရားဓားပင် ဖြစ်လေသည်။

ဆန်းလျန်ဆီမှ ဆရာဘွားဘွား ကျိလင်ပေးခဲ့သည့် ထိုက်ချိယင်ယန် ပန်းချီကား ပျံသန်း ထွက်ပေါ်လာပြီး အနီရောင်နှင့် အနက်ရောင် စင်္ကြံလမ်းနှစ်ခု ထွက်ပေါ်လာလေသည်။ ထိုစင်္ကြံလမ်းများသည် အကန့်အသတ်မရှိပေ။ စင်္ကြံလမ်းထက်တွင် ရေတွင်းတစ်ခု အလား အပေါက်တစ်ခု ရှိနေပြီး အသက် ဓာတ်စွမ်းအားများ စီးထွက် နေလေသည်။ ထိုအရာသည် အတိတ်နှင့် အနာဂတ်ကိုပင် သိမြင်နိုင်စွမ်းရှိပုံ ရလေသည်။

စုန့်ချင်းယီသည် ထိုရေတွင်း အပေါက်ထဲသို့ သူ၏ မှော်ဝင်စုတ်တံကို ပစ်ထည့် လိုက်လေသည်။ ထိုအခါ မှော်ဝင် ပစ္စည်းနှစ်ခု၏ တန်ခိုးစွမ်းအားများ ပေါင်းစပ်သွားပြီး စင်္ကြံလမ်း တစ်ခုလုံး အလင်းရောင်များ လင်းလက် တောက်ပလာလေသည်။

ဆန်းလျန်နှင့် ယန်ရွှီးသည် စင်္ကြံလမ်း တစ်ဖက်စီမှ လမ်းလျှောက် လာကြလေသည်။

ထို့နောက် သူတို့သည် လက်ရှိလောကမှ လွတ်မြောက်သွားပြီး အချိန်နှင့် နေရာ မတူညီသည့် နေရာတစ်ခုသို့ ရောက်ရှိ လာကြလေသည်။

ချောက်နက်ကြီး တစ်ခုဆီမှ စီဆင်း ကျနေသည့် ရေတံခွန် တစ်ခုကို တွေ့မြင်လိုက်ရသည်။

ဆန်းလျန်သည် ချောက်ကမ်းပါးကြီး အထက်ရှိ ဗလာနယ်ထဲတွင် ရပ်နေလေသည်။

ထိုနေရာတွင်…

တောင်တစ်တောင် ရှိနေပြီး တောင်ထိပ်ကို မမြင်ရလောက်အောင် မြင့်မား လွန်းလေသည်။

ထိုတောင်မှာ “လင်ထိုင်ဖန်း ကျွမ်းတောင်” ပင် ဖြစ်လေသည်။

ယန်ရွှီးသည် မည်သည့်နေရာသို့ ရောက်သွားသည် မသိ။ အရိပ်အယောင်ပင် မမြင်ရ လောက်အောင် ပျောက်ကွယ် သွားပြီ ဖြစ်လေသည်။ ထိုသူသည် သူ၏ မိစ္ဆာစွမ်းအားများကို အသုံးပြုကာ ကြယ်သုံးပွင့်ဂူကို မရမနေ ရှာဖွေနေပြီ ဖြစ်ကြောင်း ဆန်းလျန် သိလိုက်လေသည်။

သူတို့နှစ်ယောက်၏ ပထမဆုံး ပြိုင်ပွဲ စတင်ခဲ့ပြီ ဖြစ်လေသည်။

မည်သူကအရင် ကြယ်သုံးပွင့်ဂူကို ရှာဖွေ တွေ့ရှိမည်လဲ…။ အဖြေကတော့ စိတ်ဝင်စားစရာ ကောင်းလှသည်။

သို့သော်…

ဆန်းလျန်က ကြယ်သုံးပွင့်ဂူကို ရှာဖွေခြင်း မရှိပါ။ သူသည် ချောက်ကမ်းပါး ထက်ရှိ ဗလာနယ်ထဲတွင် တိတ်ဆိတ် ငြိမ်သက်စွာ မတ်တတ်ရပ်နေဆဲ ဖြစ်လေသည်။ သူ၏ မူလဝိညာဉ် ခန္ဓာသည် ထိုက်ရွှီးတန်ခိုးစွမ်းအားများဖြင့် တဖြည်းဖြည်း ပေါင်းစပ်နေလေသည်။

တောင်ပေါ်သို့ ရောက်ရှိကတည်းက သူ၏ ခန္ဓာကိုယ်တွင် အဆက်မပြတ် စီးဆင်းနေပြီး သူ့ကို အသက်ဆက် ပေးထားသည့် ကြယ်တာရာ စွမ်းအားများသည် သိသိသာသာ လျော့နည်း သွားလေသည်။ တောင်ပေါ်တွင် ရှိနေသည့် အသက်ဓာတ် စွမ်းအားများသည် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို နက်နက်ရှိုင်းရှိုင်း သန့်စင်ပေးလေသည်။

ဆန်းလျန်၏ စိတ်ထဲတွင် ရေတံခွန်မှ ပဲ့တင်ထပ်နေသည့် ရေကျဆင်းသံကို ကြားလိုက် ရလေသည်။ သို့သော် သေသေချာချာ နားထောင် ကြည့်ပြန်တော့ မည်သည့်အသံမှ မကြားရဘဲ တိတ်ဆိတ် နေပြန်လေသည်။

ဆန်းလျန်သည် တစ်ယောက်တည်း တိတ်ဆိတ် မှောင်မိုက်သည့် နေရာတွင် ရောက်နေသည်ကို စိတ်အနှောင့်အယှက် မဖြစ်မိပါ။

ဆန်းလျန်၏ ကြယ်တာရာ စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်တွင်းမှ တဖြည်းဖြည်းချင်း စိမ့်ထွက်သွားပြီး တောင်တစ်ခုလုံးနှင့် ချိတ်ဆက် မိသွားလေသည်။

ပတ်ဝန်းကျင် တစ်ခုလုံးသည် နွေဦးတွင်ရွာသည့် မိုးစက်များကဲ့သို့ စိုစွတ် ငြိမ်သက် နေလေသည်။

အရာအားလုံးသည် သူနှင့်နီးကပ်စွာ ဆက်နွှယ်နေသည်ဟု ထင်ရသော်လည်း သူ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်သည် ပြိုလဲသွားတော့မည့် အလား ထင်မှတ် ရလေသည်။

သူ၏ စိတ်ဝိညာဉ်သည် နယ်ပယ်အသစ် တစ်ခုအတွင်းသို့ ဝင်ရောက်သွားပြီး လေထုအတွင်းရှိ အစိုဓာတ်နှင့် ရေမှုန်ရေမွှားလေးများကိုပင် ခွဲခြားသိမြင် နိုင်နေလေသည်။ မြေကြီး အတွင်းမှ သေးငယ်သည့် ပိုးမွှားလေးများကိုလည်း မြင်တွေ့နေရပြီး ပိုးမွှားလေးများသည် မြေကြီး အတွင်းသို့ ပုန်းလျှိုး တိုးဝင်ရန် ကြိုးစားနေကြသည်။

ထို့ပြင် ဆန်းလျန်သည် သူ့ကိုယ်သူလည်း ပြန်မြင်နေရလေသည်။

ထက်ရှသည့်မျက်ခုံးများ၊ ချောမောလှပသည့် မျက်နှာ၊ သွယ်လျသည့်တိုင် ယောကျ်ား ပီသသည့် ကိုယ်ခန္ဓာ။ ထို့ပြင် သူ၏ မျက်ဝန်းများကလည်း ကြယ်စင်များ အလား တလက်လက် တောက်ပနေသေးသည်။

ဆန်းလျန်သည် သူ၏ ဘဝအစစ်အမှန်၏ ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။ သူရရှိထားသည့် ဆန်းလျန်၏ ခန္ဓာကိုယ်သာလျှင် ဖြစ်လေသည်။

ဆန်းလျန်၏ ခန္ဓာကိုယ်သည် အနုပညာ လက်ရာ တစ်ခုအလား လှပ လွန်းလှလေသည်။ သို့သော် ထိုခန္ဓာကိုယ်မှာလည်း ရုပ်တရားကို ဆုံးရှုံးခဲ့ရပြီ ဖြစ်လေသည်။

သူ၏အမြင်များသည် ချောက်ကမ်းပါးနှင့် စမ်းချောင်လေး တစ်ခုကို ဖြတ်ကျော်ကာ လင်ထိုင်ဖန်းကျွမ်းတောင်၏ နက်ရှိုင်းသည့် နေရာများသို့ ရောက်ရှိ သွားခဲ့လေသည်။

တောင်က မြင့်သည်ထက် မြင့်လာသည်နှင့် အမျှ သူ၏ စိတ်များမှာလည်း အိပ်မက် ဆန်လာလေသည်။

စိုစွတ်သည့် တောင်ပေါ်မြေတွင် မျိုးစေ့လေး တစ်စေ့ ပေါက်ပွား ရှင်သန်လာသည်ကိုပင် အသေးစိတ် သိမြင် ခံစားနိုင်ပြီး ထိုခံစားချက်က သူ၏ ဝိညာဉ်စွမ်းအားများကို နက်ရှိုင်းစွာ လှုံ့ဆော်ပေးသည်။

ထို့နောက် ပိုမိုမြင့်မားသော နဂါးငွေ့တန်းဆီမှ လောင်ကျွမ်းနေမှုနှင့် အဆုံးမဲ့ စကြဝဠာသည် သူ၏ မျက်ဝန်းထဲတွင် ပေါ်လာလေသည်။ သူ၏ စိတ်ဝိညာဉ်နှင့် သူ၏ဝိညာဉ်အတွင်းမှ နဂါးငွေ့တန်း ဓားဝိညာဉ်သည် စတင် လှုပ်ရှား လာလေသည်။

ဆန်းလျန်သည် သူမြင်တွေ့နေရသည့် စိတ်အာရုံ ခံစားချက်များကို သဘောကျ နေလေသည်။

သူ၏ ခန္ဓာကိုယ်မှာလည်း ပေါ့ပါးနေပြီး စိတ်သွားတိုင်း ကိုယ်ပါ ဖြစ်နေလေသည်။ သူသွားချင်သည့် နေရာသို့ သူချက်ချင်း ရောက်နိုင်လေသည်။

သူ၏ စိတ်ဝိညာဉ်သည် တဖြည်းဖြည်း ပြောင်းလဲသွားပြီး သူသည် အလင်းတရား ဖြစ်လာလေသည်။ သူသွားလေရာ ပတ်ဝန်းကျင်တွင် သဘာဝတရား တစ်ခုလုံးသည် အလင်းတရားကို ခံစားရလေသည်။

သို့သော်…

အလင်းရှိလျှင် အမှောင်လည်း ရှိရမည် ဖြစ်လေသည်။

သို့မဟုတ်… အလင်းနှင့် အမှောင်လည်း ရောနှော နေနိုင်လေသည်။

ပတ်ဝန်းကျင် အမှောင်ထုထဲတွင် ဆန်းလျန်၏ အလင်းတရားသည် နစ်မြုပ် နေလေသည်။ ဆန်းလျန်မှာ ကျယ်ပြောလှသည် သမုဒ္ဒရာထဲတွင် လွင့်မျောနေသည့် လှေငယ်လေး တစ်စင်းနှင့် ဆင်တူလေသည်။ အမှောင်လှိုင်း တံပိုးများက သူ့ကို ရိုက်ခတ်နေလေရာ အချိန်မရွေး သူ့ကို ဖုံးလွှမ်း သွားနိုင်လေသည်။

***

All Chapters