အဆုံးအဖြတ် တိုက်ပွဲ
Vol. 5 Ch. 450
အမှောင်တရား၏ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး အချက်မှာ အမှောင်ထဲတွင် မည်သည့် အရာ ရှိနေသည်ကို မသိရခြင်းပင် ဖြစ်လေသည်။
မသိသော အရာများကို ကြောက်ရွံ့ခြင်းသည် သတ္တဝါတိုင်း၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ကြောက်စိတ် ဖြစ်လေသည်။
ဆန်းလျန်သည် သဘာဝတရား ဖြစ်စဉ်များကို အသေးစိတ် တွေ့မြင် နေရသည့်တိုင် အမှောင်ထု အတွင်းတွင် မည်သည့် အရာများ ရှိသည်ကိုတော့ မသိမြင်နိုင်ပေ။ သို့သော် သူက ကြောက်ရွံ့ခြင်း မဖြစ်မိပါ။ သူ၏ စိတ်အစဉ်သည် ကန်ရေပြင်ကဲ့သို့ တည်ငြိမ်လျက် ရှိလေသည်။
အေးစက် မာကျောသည့် နှလုံးသားသည် အခက်အခဲ မှန်သမျှကို ကျော်လွှားနိုင်ပြီး ကျင့်စဉ်လမ်း၏ အတားအဆီးများ အားလုံးကို ဖယ်ရှား ပစ်နိုင်လေသည်။ သူ၏စိတ်ထဲတွင် သူ့ဘဝတွင် တစ်ခါမှ မဖြစ်ဖူးသော ဆုံးဖြတ်ချက် ခိုင်မာမှုများ မွေးဖွား လာခဲ့သည်။ သူ၏ အေးစက် မာကျောပြီး ကြောက်စိတ် ကင်းမဲ့သည့် တာအိုကျင့်ကြံသူ စိတ်ထားကို မည်သည့် အရာကမှ ရပ်တန့်နိုင်မည် မဟုတ်ပေ။
သူသည် တိုက်ပွဲတွင် စိန်ခေါ်သူ တစ်ယောက် မဟုတ်ပါ။ သို့သော် သူသည် လောကတစ်ခွင်တွင် အကြွင်းမဲ့ လွတ်လပ်သူ တစ်ယောက် ဖြစ်လေသည်။ ဖယောင်းတိုင် မီးတောက်လေး ကဲ့သို့ သိပ်မကြာနိုင်တော့သည့် သူ၏သက်တမ်းကိုလည်း သူရှင်းရှင်းလင်းလင်း နားလည်ထားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့်သူသည် ပစ္စုပ္ပန်တွင်သာ နေထိုင်ပြီး လက်ရှိ အချိန်ကိုသာ အကောင်းဆုံး အချိန်ဟု ခံယူ ထားလေသည်။
သူ၏ အသက်ဓာတ် စွမ်းအားများတွင် ခိုင်ခံ့သည့် အနှစ်သာရများ မရှိတော့ပါ။ သူ့ထံမှ ကြယ်တာရာ စွမ်းအားများသည် နောက်ဆုံး အချိန်တွင် ထွန်းလင်းသည့် မီးတောက် တစ်ခုအလား အမြင့်ဆုံးအဆင့် ထွန်းလင်း နေပြီး နဂါးငွေ့တန်းမှ အလင်းရောင်ကိုပင် ကျော်လွန် သွားလေသည်။
ကြယ်တာရာ စွမ်းအား အလင်းတရားသည် အမှောင်ထု ပင်လယ်ကို ထိုးခွင်းလိုက်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှ အမှောင်ထုသည် ပျောက်ကွယ် သွားလေသည်။
သူ့ရှေ့တွင် နတ်ဗိမာန် တစ်ခုပေါ်လာပြီး ထိုနတ်ဗိမာန်မှာ “မဟာပဲ့တင်သံ ဗိမာန်” ပင် ဖြစ်လေသည်။ မဟာပဲ့တင်သံ ဗိမာန်တံခါးသည် တင်းတင်းကျပ်ကျပ် ပိတ်ထားလေသည်။
ဗိမာန် ဝင်ပေါက်ဝတွင် “လင်ထိုင်ဖန်း ကျွမ်းတောင်၊ ကြယ်သုံးပွင့်ဂူ” ဟု ရေးသား ထားလေသည်။
ဆန်းလျန်က သူ၏ ကြယ်တာရာ စွမ်းအားများဖြင့် ဗိမာန်တံခါးကို ပြင်းထန်စွာ ထိုးခွင်းလိုက်လေရာ ဗိမာန်တံခါးသည် ကြယ်တာရာ စွမ်းအားများ၏ ဒဏ်ကို မခံနိုင်ဘဲ ဝုန်းခနဲ ပွင့်ထွက် သွားလေသည်။
ထိုအချိန်မှာပင်…
ဆန်းလျန်၏ ရှေ့တွင် လရောင်ကဲ့သို့ ဖြူစင်သည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် ယန်ရွှီး ထွက်ပေါ် လာလေသည်။
ယန်ရွှီးနှင့် ဆန်းလျန်သည် အကြည့်ချင်း ဆုံလိုက် မိကြလေသည်။ သူတို့၏ မျက်လုံးများသည် မည်သည့် ခံစားချက်မှ မရှိဘဲ တည်ငြိမ်နေကြသည်။
သူတို့ နှစ်ယောက်ထဲမှ အနိုင်ရသူ တစ်ယောက်သာလျှင် မဟာပဲ့တင်သံ ဗိမာန်ထဲမှ ထူးဆန်းသည့် ကျင့်စဉ်များကို ရရှိနိုင်မည်ကို သူတို့ ကောင်းကောင်း နားလည် ထားကြသည်။
အတိတ်တစ်ချိန်တုန်းက ချင်းရွှမ် နတ်တံခါးတွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်ဆိုးကြီးသည် သူတို့၏ စိတ်ဝိညာဉ်ထဲတွင် တိမ်တိုက် တစ်စအလား လွင့်မျော ပျောက်ကွယ် သွားလေသည်။
ယန်ရွှီးက ပြုံးလိုက်သည်။ လရောင်ကဲ့သို့ ဖြူစင်သည့် သူ၏ဝတ်ရုံသည် လေထဲတွင် လွင့်မျောနေလေသည်။ ထိုဝတ်ရုံသည် မိုးနှင့်မြေကိုပင် တိုက်စား သွားတော့မည့် အလား ထင်မှတ် ရလေ၏။
သူက လက်သီးကို စုပ်ထားပြီး ထိုလက်သီးသည် မိုးကောင်းကင်ကိုပင် ထိုးခွဲတော့မလို ထင်ရသည်။
သို့သော်… ထိုလက်သီးချက်သည် ဆန်းလျန်ဆီသို့ လျှပ်တစ်ပြက် ဝင်ရောက်လာလေသည်။
အချိန်နှင့် နေရာကို ထိုးဖောက်ပြီး ပြင်းထန်စွာ ဝင်ရောက်လာသည့် ယန်ရွှီး၏ လက်သီးချက်သည် ရှောင်တိမ်းရန် မည်သို့မျှ မဖြစ်နိုင်အောင် လျှင်မြန် လွန်းလေသည်။
ဆန်းလျန်ကလည်း ထိုလက်သီးချက်ကို ရှောင်တိမ်းခြင်း မရှိပါ။
သဘာဝတရားကို အဏုစိတ် သိမြင်နိုင်သည့် သူ၏ စိတ်အာရုံဖြင့် လက်သီးချက် ဝင်ရောက် လာသည်ကို ဆန်းလျန်က ကြည့်နေလေသည်။ ထို့နောက် ယန်ရွှီး၏ လက်သီးချက်ကို သူ၏ လက်သီးချက်ဖြင့် ဆန်းလျန်က တန်ပြန် တိုက်ခိုက် လိုက်လေတော့သည်။
စွမ်းအားကြီးမားလွန်းသည့် လက်သီးချက် နှစ်ချက်သည် လေထဲတွင် ထိခိုက်မိသွားပြီး မီးပွားများ ထွက်ပေါ်လာကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်း သွားသလို လေထု တစ်ခုလုံးလည်း တုန်လှုပ် သွားရလေသည်။
ယန်ရွှီး၏ လက်သီးချက်မှာ ပျောက်ကွယ် သွားပြီး ပုံသဏ္ဌာန်မျိုးစုံရှိသည့် နတ်မိစ္ဆာ ဆယ့်နှစ်ကောင် ထွက်ပေါ်လာလေ သည်။
ထိုနတ်မိစ္ဆာ ဆယ့်နှစ်ကောင်သည် ဆန်းလျန် ရှေ့တွင် ရပ်နေလေသည်။ နတ်မိစ္ဆာ ဆယ့်နှစ်ကောင်နှင့် ယှဉ်လျှင် ဆန်းလျန်သည် အလွန်သေးငယ် သွားသကဲ့သို့ ထင်မှတ်ရမည် ဖြစ်လေသည်။
ထိုနတ်မိစ္ဆာ ဆယ့်နှစ်ကောင်မှ ထွက်ပေါ်နေသည့် မိစ္ဆာစွမ်းအားများသည် ကိုးရက် အတွင်းမှာပင် မိုင်ပေါင်း မရေမတွက်နိုင်ဝေးကွာသည့် နဂါးငွေ့တန်းဆီသို့ တိုင်အောင် ပျံ့နှံ့ သွားနိုင်လေသည်။
ယန်ရွှီး၏လက်ထဲတွင် လခြမ်းကွေး ဓားတစ်လက်ကို ကိုင်ထားပြီး ထိုဓားကွေးထံမှ ညည်းညူသံများ ထွက်ပေါ်နေ လေသည်။
ဆန်းလျန်သည် ယန်ရွှီး၏ရှေ့တွင် ရပ်နေလေသည်။
သူက မထီမဲ့မြင် အမူအရာဖြင့် ယန်ရွှီးကိုကြည့်နေပြီး လှောင်ပြောင်သလို တစ်ချက် ရယ်မော လိုက်သည်။
ယန်ရွှီးက နတ်မိစ္ဆာ ဆယ့်နှစ်ကောင်၏ အလယ်သို့ ဝင်ရောက်လာလေသည်။
နတ်မိစ္ဆာ ဆယ့်နှစ်ကောင်သည် တစ်ကောင်ပြီး တစ်ကောင် သူ၏ ခန္ဓာကိုယ် အတွင်းသို့ တိုးဝင် သွားကြလေသည်။ ယန်ရွှီး၏ သွယ်လျသည့် ခန္ဓာကိုယ်သည် ချက်ချင်းပင် ထွားကျိုင်း သန်မာလာပြီး တောင့်တင်း သန်မာသည့် ကြွက်သားများလည်း ထွက်ပေါ် လာလေသည်။ သူ၏စိတ်နှင့်ရုပ်သည် အနက်ရောင် စပျစ်နွယ်ပင်များ အလား လိမ်ယှက် ပေါင်းစပ် သွားလေသည်။
သူ၏မျက်နှာမှာ ချောမော သန့်စင်နေပြီး ယောကျ်ား ပီသလွန်းသည့် စကျင် ကျောက်ပန်းပုရုပ်တု တစ်ခု အလားပင် ထင်မှတ် ရလေသည်။
သူသည် အမှောင်မိစ္ဆာသခင် မဟုတ်တော့ဘဲ ခေတ်အဆက်ဆက်တွင် အကန့်အသတ်မရှိ ကြောက်မက်ဖွယ် ကောင်းလှသည့် မိုးကောင်းကင် နတ်မိစ္ဆာ ဘုရင်ကြီးအဖြစ် ပြောင်းလဲသွားပြီ ဖြစ်လေသည်။
ယန်ရွှီးသည် ဆန်းလျန်ကို သနားစရာ သတ္တဝါလေး တစ်ကောင်ကို ကြည့်သလို စိုက်ကြည့်နေရင်း….
“ငါ မင်းရဲ့အရာအားလုံးကို သိတယ် ဆန်းလျန်၊ မင်းရဲ့အတိတ်တွေ၊ မင်းရဲ့ အရည်အချင်းတွေ၊ မင်းတွေးသမျှ အတွေးတွေ အကုန်လုံးကို ရောပေါ့”
ယန်ရွှီးက တစ်လုံးချင်း ပြောလိုက်သည်။
ဆန်းလျန်က သူ့ထက် အဆမတန် ကြီးမားနေသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ယန်ရွှီးကို မော့ကြည့် လိုက်လေသည်။
ယန်ရွှီး တစ်ကိုယ်လုံးသည် မိုးမြေစွမ်းအားများနှင့် ပြည့်နေပြီး ကောင်းကင်နှင့် မြေကြီး အကြားတွင် အထင်ရှားဆုံး မိုးကောင်းကင် နတ်မိစ္ဆာ ဘုရင်ကြီး တစ်ပါးအလား ထက်မှတ် ရလေသည်။ ထို့ပြင် ထိုသူသည် ဆန်းလျန်၏ ပြိုင်ဘက်လည်း ဖြစ်လေသည်။
သို့သော် ဆန်းလျန်၏ စိတ်ထဲတွင် မည်သည့် ခံစားချက်ကိုမှ ခံစားရခြင်း မရှိပါ။
ဆန်းလျန်က နူးညံ့စွာ ပြုံးလိုက်လေသည်။
ဆန်းလျန်၏ မျက်နှာမှာ အားနည်းပြီး ကြယ်တာရာ အလင်းရောင်များ မှိန်ဖျော့ နေသည့်တိုင် ထိုအပြုံးကိုတော့ ပီပြင်စွာ တွေ့မြင် ရနိုင်လေသည်။
“အခုအချိန်ကစပြီး ယန်ရွှီးဆိုတာ သမိုင်းမှာ ပျောက်ကွယ် သွားရတော့မယ်”
ဆန်းလျန်၏ အသံက ကြည်လင် ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
ဆန်းလျန်၏ စကားကြောင့် ယန်ရွှီး၏ မျက်နှာ အမူအရာက ပြောင်းလဲသွားခြင်း မရှိပါ။ သူက သူ့လက်ထဲမှ ဓားကွေးကို ကိုင်မြှောက် ပြလိုက်ပြီး…
“ဒီဓားကွေးကို သံသရာ စက်ဝန်းဓားလို့ ခေါ်တယ်၊ စိတ်အာရုံ အရှိတရားဓားလို့လည်း ခေါ်တယ်”
ဆန်းလျန်က ဓားကွေးကို စိုက်ကြည့်လိုက်သည့် အချိန်တွင် ဓားကွေးထံမှ ပိုးချည်မျှင်များ ကွန်ရက်သဖွယ် ထွက်ပေါ်လာလေသည်။
ပိုးခြည်မျှင်များသည် ဓားကွေးထံမှပင် ထွက်ပေါ်လာသည် မဟုတ်ပေ။ လောက တစ်ခုလုံးရှိ အမျက်ဒေါသ ထွက်နေသည့် အရှိတရားများ အားလုံးဆီမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
သံသရာ စက်ဝန်းဓားမှ ထွက်ပေါ်နေသည့် မှော်ဝင် စွမ်းအားများမှာ မြေကြီးကို တုန်လှုပ်စေသလို ကောင်းကင်ကိုလည်း ထိုးခွဲနိုင်လောက်အောင် မြင့်မား လွန်းနေလေသည်။
ဆန်းလျန်၏ မျက်နှာက မည်သူ့ကိုမှ ဂရုမစိုက်သည့်ဟန် ဖြစ်နေသည့်တိုင် ဓားကွေးကို ကြည့်ရင်း ဆန်းလျန်၏ စိတ်များ ရှုပ်ထွေး လာလေသည်။
ဆန်းလျန် နှလုံးသားတစ်ချက် ခုန်လိုက်တိုင်း စိတ်ရှုပ်ထွေးမှုက တစ်ခါ မြင့်တက် လာရသည်။ သို့သော် နှလုံးခုန်သံကို ရပ်တန့်ထား၍လည်း မရပါ။ ယန်ရွှီးထံမှ မိစ္ဆာစွမ်းအားများက ဆန်းလျန်၏ နှလုံးသားထဲမှ မိစ္ဆာစွမ်းအားများ ထွက်ပေါ်လာအောင် နှိုးဆွပေးနေခြင်းပင် ဖြစ်လေသည်။
ဆန်းလျန်က ချက်ချင်းပင် “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်မှ ထူးဆန်းလွန်းသည့် တန်ခိုးစွမ်းအားကို ဖော်ထုတ် လိုက်လေသည်။ ထိုအခါ မိစ္ဆာစွမ်းအားများသည် ချက်ချင်း ရပ်တန့် သွားလေသည်။
သံသရာစက်ဝန်းဓားမှ ပိုးချည်မျှင်များသည် ဆန်းလျန်ကို ကွန်ရက်တစ်ခုအလား တစ်ရစ်ချင်း စတင်ရစ်ပတ်နေပြီး ဆန်းလျန်၏ အသက်ဓာတ် စွမ်းအားများကို စုပ်ယူနေလေသည်။ ဆန်းလျန် နှလုံးသား တစ်ချက် ခုန်လိုက်တိုင်း ရစ်ပတ်မှုက ပိုပြီး တင်းကျပ်လာလေသည်။
သို့သော် နာကျင်မှုကို မခံစားရပါ။ နာကျင်မှုအစား အားနည်းခြင်းနှင့် အကြောက်တရားကို ခံစားရလေသည်။
မရေမတွက်နိုင်သည့် ကွန်ရက်များသည် ဆန်းလျန်ကို ရစ်ပတ်ထားပြီး ကြီးမားသည့် အနက်ရောင် ပိုးအိမ်ကြီးတစ်ခု ဖြစ်လာလေသည်။ ဆန်းလျန်မှာ သူ၏ဓားသိုင်းကို အသုံးပြုရန်ပင် မတတ်နိုင် ဖြစ်နေရသည်။
လောက တစ်ခုလုံးရှိ အရှိတရားများထံမှ ထွက်ပေါ်နေသည့် အမျက်ဒေါသများသည် အနက်ရောင် ပိုးအိမ်ကြီးကို ဖြစ်တည် လာစေသည့် မူလ အရင်းအမြစ်ပင် ဖြစ်လေသည်။ ထိုအမျက်တရား များသည် ဆန်းလျန်၏ နှလုံးသား အတွင်းသို့ ချိုးဖျက် ဝင်ရောက်ပြီး နှလုံးသားကို ထိန်းချုပ် ထားလေသည်။
ဆန်းလျန်သည် သူ၏ မငြိမ်သက်သည့် နှလုံးသားကို ထိန်းချုပ်လိုက်ပြီး အရှိတရားများ ထံမှ ထွက်ပေါ်နေသည့် အမျက်ဒေါသများ ကြားတွင်ပင် ငြိမ်းချမ်းမှုကို ရှာဖွေရန် ကြိုးစား လိုက်လေသည်။
***