အခန်း (၁၃၀၀-၁၃၀၂)
Vol. 87 Ch. 1300-1302
အခန်း ၁၃၀၀: အစားထိုး! ၂
ဒီပူဖောင်းမြက်က ဝန်ကြီးလုယူလာတဲ့မျိုးစေ့၊ အာကာသထဲကနေစူးစမ်းရှာဖွေရေးအဖွဲ့ပြန်ယူလာတဲ့မျိုးစေ့ဆိုရင်ရော?
ပြဿနာမရှိလောက်ဘူးမလား?
ရုတ်တရက် ချင်လင်အတွေးပေါက်သွားသည်။
ဒါခေါင်းရှောင်နိုင်မယ့်နည်းလမ်းကောင်းမလား?
ထိုအတွေးနှင့် ချင်လင်ကဂိမ်းထဲမှထွက်ပြီး နေလှန်းထားသောပူဖောင်းမြက်မျိုးစေ့ယူကာ သူပြင်ဆင်ထားသောမြေဩဇာနှင့်မြေကြီးတွင်စိုက်သည်။
နောက်ပြီး လက်သင့်ခံနိုင်အောင် သုံးစေ့သာစိုက်သည်။ အကုန်လုံးရှင်ဖို့မဖြစ်နိုင်ဘူးဟုတ်?
အားလုံးပြင်ဆင်ပြီးနောက် ချင်လင်အတော်စိတ်သက်သာရာရသွားသည်။
သူလေ့လာထားသောပညာများကိုအသုံးမချချင်၍မဟုတ်၊ ကံကြမ္မာက အခွင့်အရေးမပေးခြင်းသာ။
ချင်လင် အတွင်းဘက်မှထွက်လာသည်။ ဧည့်ခန်းထဲရောက်သောအခါ ဝန်ကြီးလုကသူ့ကိုမြင်ပြီးဝမ်းသာသွားသည်။
"သူဌေးချင်.. နောက်ဆုံးတော့ထွက်လာပြီပေါ့... ကောင်းလိုက်တာ''
ဝန်ကြီးလုကချင်လင်ကိုမြင်ပြီး ဝမ်းသာအားရရောက်လာကာ_
"သူဌေးချင်.. ချင်းလင်ဓာတ်ခွဲခန်းမှာလည်း ပါမောက္ခလီခိုင်က အထူးမြေဩဇာနဲ့အပင်စိုက်တယ်လို့သတင်းရတယ်''
"အစ်ကိုလီရော စိုက်တာလား?''
ထူးဆန်းသည်ဟု ချင်လင်မထင်။ ဘာပဲဖြစ်ဖြစ် သူမြေဩဇာကိုသုံးရက်နဲ့လုပ်နိုင်သလို အစ်ကိုလီလည်းသူ့ထက်နောက်မကျနိုင်။
သူကအကွက်ရွှေ့ပြီး မျိုးစေ့အစားထိုးလိုက်ခြင်းသာကွာသည်။ စိုက်မရတဲ့မျိုးစေ့ဆိုရင် သူတို့တကယ်မရနိုင်။
ချင်လင်စကားကြောင့် ဝန်ကြီးလုလည်းဝမ်းသာသွားပြီး_
"သူဌေးချင်.. မင်းလည်းစိုက်တာလား?''
နှစ်ယောက်သား လိုက်လည်းလိုက်သည်။
သူတို့စိုက်ပြီးမှတော့ စောင့်ကြည့်ရုံပေါ့။
ချင်းလင်ဓာတ်ခွဲခန်း_
လီခိုင်ကသူ့ရှေ့မှစမ်းသပ်ကန်ကိုကြည့်ရင်း သက်ပြင်းအသာချလိုက်သည်။
ပြီးခဲ့တဲ့သုံးရက်က သူဘာမှမလုပ်ခဲ့။ ပျိုးအိုးထဲအထူးမြေကြီးထည့်ပြီး မျိုးစေ့ထည့်စိုက်သည်။
အပြင်လူများကိုအထူးမြေဩဇာဟုပြောထားသည်။
ပြီးရင် အထူးမြေကြီးက မျိုးစေ့အတွက်အကျိုးရှိမရှိကြည့်ရမည်။
ထုံစံအတိုင်း_
အထူးမြေကြီးက မျိုးစေ့အပေါ်အာနိသင်မရှိပါစေနဲ့ဟုဆုတောင်းမိသည်။ သူနာမည်ခံတာတော်လောက်ပြီ။ မြူတစ်မှုန်စာတောင် ထပ်မခံချင်တော့။
ထိုအတွေးနှင့် သူ့ခေါင်းသူထုလိုက်သည်။
ဒီလိုဆိုရင် သူဘာလို့ဒုက္ခခံပြီး အထူးမြေကြီးနဲ့မျိုးစေ့စိုက်နေတာလဲ?
ရိုးရိုးမြေနဲ့စိုက်ပြီးအလုပ်မဖြစ်ရင် သူဘာမှမတတ်နိုင်ဘူးပြောလိုက်ရုံပေါ့။
သူဒီလောက်မစွမ်းကြောင်း ဝန်ကြီးလုတို့ကိုပေးသိရမည့်အချိန်ကောင်းပင်။
လီခိုင်ကစဉ်းစားလေလေ လုပ်သင့်သည်ဟုထင်လေလေဖြစ်လာသည်။ အထူးမြေကြီးအကုန်တူးထုတ်လိုက်ရင် ပျိုးပင်မထွက်ဖို့သေချာသည်။
သို့သော် ခပ်လှမ်းလှမ်းမှစောင့်ကြည့်ကင်မရာကြောင့် သူနည်းနည်းဒုက္ခရောက်နေသည်။
နောက်ဆုံး လီခိုင်လက်လျှော့လိုက်သည်။
သူခေါင်းရှောင်ချင်သော်လည်း ဒီပစ္စည်းက အရမ်းအရေးကြီးကြောင်း၊ အထူးသဖြင့် တိုင်းပြည်အတွက်အရေးကြီးကြောင်းသိသည်။
ဒီအပင်စိုက်နိုင်ရင် အာကာသထဲမှာဖြစ်သောအပင်ကိုပထမဆုံးရှာဖွေတွေ့ရှိမှုဖြစ်မည်။ လူသားမျိုးနွယ်အတွက်အလွန်အကျိုးရှိမည်။
သူတမင်ဖျက်ဆီးပြီး အပင်မပေါက်အောင်မလုပ်ပစ်နိုင်။
ထို့ကြောင့် အထူးမြေကြီးကအပင်ပေါ်အာနိသင်မပြဖို့သာဆုတောင်းမိသည်။ ပြီးရင် ရေ ဒါမှမဟုတ် မြေဩဇာမကျွေးတော့။
ထိုအတွေးနှင့် လီခိုင်က သူစိုက်ထားသောမျိုးစေ့ကိုရက်ပိုင်းလောက်စောင့်ကြည့်နေသည်။
ပထမဆုံးနေ့၊ အပင်မပေါက်။ သူသက်ပြင်းချလိုက်သည်။ ရေမလောင်း၊ မြေဩဇာမကျွေး။
နောက်တစ်နေ့၊ မပေါက်။ သက်ပြင်းချလိုက်သည်။ ရေမလောင်း၊ မြေဩဇာမကျွေး။
တတိယမြောက်နေ့၊ မပေါက်။ သက်ပြင်းချလိုက်သည်။ ရေမလောင်း၊ မြေဩဇာမကျွေး။
စတုတ္ထမြောက်နေ့၊ အပင်မပေါက်... ဘာလဲဟ!
“???”
ရုတ်တရက်ထွက်လာသောအညှောင့်ကိုကြည့်ရင်း လီခိုင်ကြောင်သွားသည်။
နေရောင်အောက်တွင် အညှောင့်ကနီရဲနေသည်။
သူစောင့်တာတော့ စောင့်တာပေါ့။
မြန်မြန်ဆန်ဆန်ကြီး။
အထူးမြေကြီးက မျိုးစေ့အပေါ်ဒီလောက်ထိရောက်တာလား?
လီခိုင်ရင်ထဲမောဟိုက်သွားသည်။
ဒါပေမဲ့ ရလဒ်ကဒီလိုဖြစ်နေပြီ။ စမ်းသပ်စိုက်ခင်းမှထွက်လာပြီး အပြင်မှဖုန်းယူကာ ဝန်ကြီးလုကိုဆက်လိုက်သည်။
"ဟယ်လို ပါမောက္ခလီခိုင်''
ဝန်ကြီးလုကချက်ချင်းဖြေသည်_
"မင်းဘက်က ဘယ်လိုလဲ?''
လီခိုင်ကမတတ်သာပုံနှင့် ဖုန်းထဲပြောလိုက်သည်_
"ဝန်ကြီးလု.. ခင်ဗျားအတွက်သတင်းကောင်းဖြစ်မယ်ထင်တယ်... မျိုးစေ့တစ်စေ့က ပေါက်တယ် ရှင်တယ်''
"ဟုတ်လား?''
ဖုန်းထဲမှဝန်ကြီးလုအံ့ဩဝမ်းသာသံထွက်လာသည်။
ပါမောက္ခလီခိုင်လုပ်နိုင်မှန်း သူသိသည်။ သီးနှံမျိုးစိတ်ပိုင်းမှာနံပါတ်တစ်ဟု ပြည်သူကအသိပမှတ်ပြုထားသည်။
သို့သော် 'ခင်ဗျားအတွက်သတင်းကောင်းဖြစ်မယ်ထင်တယ်'ဟု ပါမောက္ခလီခိုင်ကပြောသောကြောင့် သူနည်းနည်းဇဝေဇဝါဖြစ်သွားသည်။ ဒါပါမောက္ခလီခိုင်အတွက်သတင်းကောင်းမဟုတ်ဘူးလား?
အာကာသမျိုးစေ့ကိုအောင်အောင်မြင်မြင်စိုက်ပျိုးနိုင်တဲ့ပထမဆုံးလူသားဖြစ်တာ ဂုဏ်ယူစရာကြီးမလား?
သူ့အတွေးကိုလီခိုင်သာကြားရင် သေချာပေါက်ပြန်ပြောလိမ့်မည်:
'သရဲပဲအောင်မြင်ချင်မှာ'
လီခိုင်က ပျိုးအိုးနားပြန်ရောက်နေပြီ။ သို့သော် အိုးကိုပြန်ကြည့်ပြီး သူကြောင်သွားသည်။
အညှောက်ကအနီရောင်မဟုတ်တော့ဘဲ မီးခိုးရောင်ဖြစ်နေပြီ။
"ဘာဖြစ်နေတာလဲ?''
လီခိုင် အံ့ဩသွားသည်။
ခဏအကြာ_
နေရောင်မရှိသောကြောင့်ဟု သူလည်းသဘောပေါက်လိုက်သည်။
အမှန်ပင်။ နေပြန်ထွက်လာသောအခါ အညှောက်ကပြန်နီသွားသည်။
အရောင်ပြောင်းတာလား?
လီခိုင်အံ့ဩသွားပြီး ပျိုးအိုးကိုတခြားဘက်တန်းရွှေ့လိုက်သည်။ အပင်ရိပ်တချို့ကျသောအခါ ပျိုးပင်က အမည်းရောင်ပြောင်းသွား၏။
အလင်းရောင်အောက်ရွှေ့လိုက်သောအခါ အညှောက်ကအဖြူရောင်ဖြစ်သွားပြန်သည်။
“ဒါ…”
လီခိုင် အံ့ဩသွားသည်။
အာကာသပင်ဆိုတဲ့အတိုင်း အံ့ဩစရာပဲ။
အခန်း ၁၃၀၁: အစားထိုး! ၃
ထိုမြင်ကွင်းကြောင့် အထူးနည်းပညာတချို့ကိုတောင်တွေးမိသည်။
ဒါကိုပျိုးထောင်ပြီး တခြားအရာများအတွက်ပစ္စည်းအဖြစ်အသုံးချရင် ကြောက်စရာကောင်းလောက်သည်။
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်ကအလုပ်ခန်းထဲဝင်ပြီး ပူဖောင်းမြက်စိုက်ထားသောပန်းအိုးနားသွားသည်။
ပူဖောင်းမြက်အညှောက်ထွက်နေပြီဖြစ်သောကြောင့် သူလည်းအံ့ဩသွားသည်။
ကြီးထွားနှုန်း +၁ က တကယ်မြန်သည်။
သူက တုံ့ဆိုင်းမနေ။ ပန်းအိုးမပြီး အလုပ်ခန်းထဲမှထွက်လာသည်။
ပူဖောင်းမြက်ထူးဆန်းကြောင်းသူသိထား၍ ဧည့်ခန်းထဲရွှေ့ပြီး ဝန်ကြီးလုတို့ကိုယ်တိုင်မြင်အောင်ပြမည်။
နာမည်ခံမှတော့ လုံးလုံးခံရမည်။
ချင်လင်ကအတွင်းခန်းမှထွက်ပြီး ဧည့်ခန်းထဲပန်းအိုးသယ်လာရာ ဝန်ကြီးလုစောင့်နေသည်ကိုတွေ့ရသည်။
သူဝင်ဝင်ချင်း တန်းရောက်လာပြီး_
"သူဌေးချင်.. မင်းအတွက်သတင်းကောင်းရှိတယ်... ပါမောက္ခလီခိုင်ဘက်က အောင်မြင်သွားပြီတဲ့... အညှောက်ထွက်လာတယ်''
ထိုစကားကြောင့် ချင်လင်နည်းနည်းအံ့ဩသွားသည်။
"အစ်ကိုလီက အဲလောက်ကံကောင်းလား?''
ရှင်အောင်စိုက်နိုင်တဲ့မျိုးစေ့ရှိတာလား?
အထူးသဖြင့် အညှောက်ထွက်တယ်တဲ့။
မမြန်လွန်းဘူးလား?
ဒီပူဖောင်းမြက်မှာ ကြီးထွားနှုန်း +၁ အရည်အသွေးရှိတာတောင် အခုမှပေါက်သည်။
နည်းနည်းစိတ်ကူးယဉ်ဆန်သည်။
"သူဌေးချင်.. ဒါမင်းပျိုးထောင်ထားတဲ့မျိုးစေ့လား?''
ချင်လင်လက်ထဲမှပန်းအိုးကို ဝန်ကြီးလုသတိထားမိပြီး တအံ့တဩမေးသည်_
"အညှောက်သုံးခုထွက်တယ်?''
ဒီတစ်ခါ သူပိုအံ့ဩသွားသည်။
ပါမောက္ခလီခိုင်ရဲ့မျိုးစေ့က အညှောက်ထွက်တာသတင်းကောင်းတစ်ခု။
တချိန်တည်းမှာ သူဌေးချင်ဘက်ကလည်း အညှောက်သုံးခုထွက်သတဲ့။ တကယ်ကို ချင်းလင်ဓာတ်ခွဲခန်းရဲ့သူရဲကောင်းနှစ်ယောက်ပဲ။
ဘာပဲဖြစ်ဖြစ် တရုတ်သိပ္ပံအကယ်ဒမီရဲ့ရုက္ခဗေဒပညာရှင်က မျိုးစေ့ကိုစမ်းသပ်ပြီးနောက် ပျိုးထောင်ဖို့ယုံကြည်ချက်မရှိ။ အစီအစဉ်တောင်ထွက်မလာချေ။
အခုသူဌေးချင်နဲ့ပါမောက္ခလီခိုင်ကိုလွှဲပေးပြီး အချိန်တိုအတွင်းအောင်မြင်သွားသည်။
ဒါကြောင့်လည်း ဟွားယွမ်မှပညာရှင်များကိုမတွေးမိဘဲ သူတို့နှစ်ယောက်ပျိုးထောင်ရန်ယူလာခဲ့ခြင်းဖြစ်သည်။
ဟွားယွမ်ကပညာရှင်တွေက ဒီနှစ်ယောက်လောက်မဟုတ်။
အခုသူတို့နှစ်ယောက်တပြိုင်တည်းမျိုးစေ့ယူပြီး တပြိုင်တည်းပျိုးထောင်၊ တပြိုင်တည်းအညှောက်ပေါက်လာသည်။ ထူးထူးခြားခြားတိုက်ဆိုင်မှုပင်။ နှစ်ယောက်ကြားအချိတ်အဆက်ကို ကံကြမ္မာကသတ်မှတ်ပေးထားသလားထင်ရသည်။
'ယွီ' မွေးလာပြီး 'ရှဲ့' ဘာလို့သာလဲ မေးရမလိုပင်? သို့သော် သူတို့နှစ်ဦးကြားမှာ ဒီလိုပြဿနာမျိုးမရှိ။ ညီတူညီမျှတောက်ပကြသည်။
ပါမောက္ခလီခိုင်ကမျိုးစေ့တစ်စေ့သာပေါက်ပြီး သူဌေးချင်ကသုံးစေ့ပေါက်ခြင်းကြောင့် ပါမောက္ခလီခိုင်ညံ့သည်ဟုမဆိုလို။ ဘာပဲဖြစ်ဖြစ် ပါမောက္ခလီခိုင်၏တစ်စေ့တည်းသောမျိုးစေ့ကရှင်သည်။
မည်သို့ဆိုစေ သေချာပေါက်ကောင်းသောကိစ္စပင်။
ချင်လင်ကပူဖောင်းမြက်ကို ဧည့်ခန်း၏နေရာကောင်းတွင်ထားလိုက်သောကြောင့် ဝန်ကြီးလုကစိတ်ကူးပေါက်ပြီး လီခိုင်ကိုချက်ချင်းဖုန်းဆက်လိုက်သည်_
"ပါမောက္ခလီခိုင်.. သူဌေးချင်က သုံးပင်ပေါက်တယ်''
"ညီလေးချင်ပျိုးထောင်တဲ့ဟာလည်း ပေါက်တာလား?''
လီခိုင်လည်း နည်းနည်းအံ့ဩသွားသည်။ ပြီးမှ ချင်းလင်ဓာတ်ခွဲခန်းက အထူးမြေကြီးယူသုံးလောက်သည်ဟုတွေးမိသည်။ ညီလေးချင်မှာလည်း အထူးမြေကြီးရှိသောကြောင့် မြေကြီးချင်းအတူတူ တချိန်တည်းပေါက်တာမထူးဆန်း။
ဝန်ကြီးလုကဆက်ပြီး_
"ပါမောက္ခလီခိုင်.. သူဌေးချင်က ပျိုးပင်ကိုစံအိမ်ဧည့်ခန်းထဲရွှေ့လာပြီ... မင်းဘက်ကပြဿနာမရှိရင် ဒီကိုရွှေ့လာပြီးအတူတူထားလို့ရမလား? နှိုင်းယှဉ်ကြည့်ပြီး ဆွေးနွေးလို့ရတာပေါ့''
"ရပါတယ်.. ပြဿနာမရှိပါဘူး''
လီခိုင်ကပျိုးပင်ကိုကြည့်ပြီး ခေါင်းညိမ့်လိုက်သည်။ ဘာပြဿနာရှိရမှာလဲ? ရေမလောင်း၊မြေဩဇာမကျွေးဘဲတောင် ပေါက်နိုင်တာ။
လီခိုင်အဖြေကြောင့် ဝန်ကြီးလုဝမ်းသာသွားသည်။ အခုတော့ အာကာသပင်နှစ်ပင်ကြီးလာပုံကို ကိုယ်တိုင်မြင်ရတော့မည်။ အစက ၁၀ ရက်၊ လဝက်လောက်နေပြီးပြန်မည်ဟု စီစဉ်ထားသည်။
အခုမျိုးစေ့အောင်မြင်သောကြောင့် ခေါင်းဆောင်ကိုအစီရင်ခံပြီး ချင်းလင်အပန်းဖြေစံအိမ်မှာကြာကြာဆက်နေမည်။
ဝန်ကြီးလုကတွေးတောပြီးဖုန်းထုတ်ကာ ခေါင်းဆောင်ဆီဆက်လိုက်သည်။ ဒီအာကာသပင်နှစ်ပင်ကြောင့် သူဘယ်လောက်အံ့ဩသွားမည်မသိ။
အခန်း ၁၃၀၂: အရောင်ပြောင်းနိုင်စွမ်း!
ဝန်ကြီးလုကဖုန်းထုတ်ပြီး လျှို့ဝှက်နံပါတ်ကိုဆက်လိုက်သည်။ ဖုန်းဝင်သွားသောအခါ ပြုံးရွှင်နေသောမျက်နှာနှင့်_
"ခေါင်းဆောင်.. အစီရင်ခံစရာသတင်းကောင်းရှိတယ်!''
ပေကျင်းရုံးခန်းတစ်ခန်း၌_
ခေါင်းဆောင်က ဝန်ကြီးလုဆီမှဖုန်းဝင်ဝင်ချင်းတန်းမေးသည်_
"ရှောင်လု.. မျိုးစေ့နှစ်စေ့က ဘယ်လိုလဲ?''
အထက်လူတွေက တော်ဝင်ပညာရှင်ကျူး၊တော်ဝင်ပညာရှင်ဟောင်တို့ဒုံးပျံနည်းပညာကိုအမြဲအာရုံစိုက်ထားသည်။ အထူးသဖြင့် အာကာသထဲမှပြန်ယူလာသောအာကာသမျိုးစေ့ပင်။
သို့သော် မျိုးစေ့နှစ်စေ့ကို ရုက္ခဗေဒပညာရှင်များက ကနဦးစစ်ဆေးပြီးနောက် အချက်အလက်ထပ်မရတော့။
တကယ်တော့ တစ်စေ့တည်းသောမျိုးစေ့ဖြစ်နေသောကြောင့် မအောင်မြင်မည်စိုး၍ ဘယ်ပညာရှင်မှတာဝန်မယူရဲခြင်းပင်။
ထိုအချိန်တွင် အလွန်စိတ်ပျက်ပြီး အထူးအစည်းအဝေးတောင်လုပ်ခဲ့သည်။
နောက်ဆုံး ချင်းလင်ဓာတ်ခွဲခန်းကိုမျိုးစေ့နှစ်စေ့ပေးရန်ဆုံးဖြတ်ခဲ့ကြ၏။
ဝန်ကြီးလုကချက်ချင်းအစီရင်ခံသည်_
"သတင်းရှိတယ် ခေါင်းဆောင်... မယုံလောက်ဘူးဆိုပေမဲ့ ကျွန်တော်ချင်းလင်အပန်းဖြေစံအိမ်သွားတော့ သူဌေးချင်နဲ့ပါမောက္ခလီခိုင်က တောင်းဆိုချက်ချင်းတူရုံတင်မကဘူး... မြေဩဇာလုပ်ချိန်လည်းတူတယ်... မျိုးစေ့လည်း တချိန်တည်းစိုက်ပြီး တချိန်တည်းပေါက်လာတာ''
"အဲလောက်တောင်တိုက်ဆိုင်လား?''
ခေါင်းဆောင် အံ့ဩသွားသည်။
ထို့နောက် မျိုးစေ့နှစ်စေ့လုံးအညှောက်ပေါက်သည်ဆိုသောအချက်ကိုအာရုံစိုက်မိသည်။
သူဌေးချင်နဲ့ပါမောက္ခလီခိုင်က အာကာသမျိုးစေ့နှစ်စေ့ကိုပျိုးထောင်လိုက်ပြီလား?
ဒါပေမဲ့ မြန်လွန်းတာ။
ဘာပဲဖြစ်ဖြစ် ဟွားယွမ်ကပညာရှင်တွေတောင်မတတ်သာတဲ့အာကာသမျိုးစေ့မလား?
ပညာရှင်တွေဆိုရင်လေ့လာသုံးသပ်ပြီး အကြမ်းဖျင်းအစီအစဉ်တောင်ထွက်မလာ။
ချင်လင်ဓာတ်ခွဲခန်းရဲ့သူရဲကောင်းနှစ်ဦးဆိုတဲ့အတိုင်းပဲ။
ပြည်တွင်းမှာ ဒါမှမဟုတ် တစ်ကမ္ဘာလုံးမှာ အပင်မျိုးစိတ်ပျိုးထောင်တာနဲ့ပတ်သက်ပြီး သူတို့ကိုယှဉ်နိုင်သူမရှိချေ။
ဒီနှစ်ယောက်ရှိတာ တိုင်းပြည်အလွန်ကံကောင်းသည်ဟုဆိုရမည်။
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်က ပူဖောင်းမြက်ကိုချလိုက်သည်။
ဝန်ကြီးလုကဖုန်းချပြီးအနားတိုးလာကာ ငုတ်တုတ်ထိုင်ချ၍သေချာစူးစမ်းသည်။
အဖိုးမဖြတ်နိုင်သောရတနာကိုထိုင်ကြည့်နေသလိုပင်။
"သူဌေးချင်.. ဒါဘယ်လိုဖြစ်မယ်ထင်လဲ?''
ဝန်ကြီးလုမမေးဘဲမနေနိုင်။
ချင်လင်ကပူဖောင်းမြက်မှန်းသိသော်လည်း ထုတ်ပြောမည်မဟုတ်ဘဲ ဟန်ဆောင်လိုက်ကာ_
"ဝန်ကြီးလု.. ကျွန်တော်ဒီမျိုးစေ့တွေကိုအခုမှမြင်ဖူးတာဆိုတော့ အပင်ကြီးလာမှပဲသိပါမယ်''
"ဟုတ်တာပေါ့''
ဝန်ကြီးလုက ချင်လင်စကားကိုအကြွင်းမဲ့ယုံသည်။
အဲလိုပဲမလား?
ဒီမျိုးစေ့က အာကာသထဲကယူလာတာ။
ဘယ်လိုဖြစ်လာမယ်ဆိုတာ ဘယ်သူသိမလဲ?
မကြာမီ_
ချင်းလင်အပန်းဖြေစံအိမ်ကားပါကင်သို့ ချင်းလင်ဓာတ်ခွဲခန်းကားနှင့်လုံခြုံရေးအစောင့်များရောက်လာသည်။
အညှောက်ပေါက်သောမျိုးစေ့ကို လီခိုင်ယူလာခြင်းပင်။
လုံခြုံရေးအစောင့်ကပျိုးအိုးသယ်ပြီး ဧည့်ခန်းထဲပို့ကာထွက်သွားသည်။
လီခိုင်က ချင်လင်နှင့်ဝန်ကြီးလုကိုမြင်သည်နှင့်_
"ညီလေးချင် ဝန်ကြီးလု... ဒီအပင်ဘယ်လောက်ထူးဆန်းလဲ တွေးမိမှာတောင်မဟုတ်ဘူး... လာကြည့်ကြည့်''
လီခိုင်က ချင်လင်ကိုဆွဲတောင်ခေါ်သောကြောင့် အောင့်သက်သက်ပြုံးလိုက်သည်။
အစ်ကိုလီက အရုပ်ကြွားချင်တဲ့ကလေးလိုပဲ။
ပြီးတော့ ဘယ်လောက်အံ့ဩစရာကောင်းကောင်း သူဂိမ်းထဲကထုတ်ခဲ့တဲ့ဟာလောက် အံ့ဩစရာကောင်းဦးမလား?
ဝန်ကြီးလုကစိတ်ဝင်စားပြီး ပျိုးအိုးကိုချက်ချင်းကြည့်လိုက်သည်။ သို့သော် မီးခိုးရောင်ပျိုးပင်ကလွဲပြီးဘာမှမတွေ့။
"ပါမောက္ခလီခိုင်.. ဒီအပင်က ပုံမှန်ပဲထင်တယ်''
ဝန်ကြီးလုကဇဝေဇဝါနှင့် ပျိုးအိုးကိုကြည့်လိုက်သည်။
"မပူပါနဲ့ ဝန်ကြီးလု''
လီခိုင်ကချက်ချင်း ပျိုးအိုးကိုမပြီးနေရောင်အောက်ရွှေ့လိုက်သည်။
ခဏအကြာ မီးခိုးရောင်အပင်ကအနီရဲရဲဖြစ်သွား၏။
ထို့နောက် လီခိုင်ကအရိပ်ထဲရွှေ့လိုက်သည်။ အပင်ပေါက်ကလည်း အရိပ်ထဲကအတိုင်း အမည်းရောင်ဖြစ်သွားသည်။
"ဘုရားရေ!''
ဝန်ကြီးလု အံ့ဩသွားသည်။
သိပ္ပံသုတေသနတာဝန်ခံဖြစ်သောကြောင့် ဒီမြင်ကွင်းကိုသူသဘောပေါက်သည်။ ဒါကိုပစ္စည်းအဖြစ်ထုတ်ရင် ဘယ်လိုအသုံးချနိုင်မလဲသူသိသည်။
ချင်လင် အခုမှအံ့ဩသွား၏။
ဒီအပင်ပေါက်က ဘာလို့ပုတ်သင်ညိုလိုဖြစ်နေတာလဲ?
ပုတ်သင်ညိုတောင် သူ့လောက်အရောင်ပြောင်းမမြန်။ ဒီလောက်တိတိကျကျအရောင်ပြောင်းဖို့မဖြစ်နိုင်။
ဝန်ကြီးလုက မနေနိုင်ဘဲဖုန်းထုတ်ကာဆက်လိုက်သည်။
ဟွားယွမ်_
ရန်သွမ့်ဟယ်မှာ ပစ္စည်းသုတေသနအဖွဲ့ခေါင်းဆောင်ဖြစ်သည်။
သူကအချက်အလက်တချို့ကိုစိတ်ပျက်လက်ပျက်ကြည့်နေ၏။
အရွယ်ရနေပြီဖြစ်၍ သုံးလေးနှစ်အတွင်းအနားယူရတော့မည်။
သို့သော် အနားမယူခင်တစ်ခုခုဖန်တီးခဲ့ချင်သည်။
မမြင်ရသောပစ္စည်းမျိုးပင်။
မမြင်ရသောပစ္စည်းမှာ ကမ္ဘာတစ်လွှားရှိနိုင်ငံများရင်းနှီးမြှုပ်နှံနေသောပရောဂျက်တစ်ခုဖြစ်သည်။
ထိုပစ္စည်းကို နည်းအမျိုးမျိုးနှင့်အသုံးချနိုင်ပြီး လက်နက်များကိုအုပ်ထားသောနည်းပညာလည်းပါသည်။
စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းထဲကလို လုံးဝမမြင်ရသောပစ္စည်းမျိုးဖန်တီးဖို့ လက်တွေ့မှာမဖြစ်နိုင်။
လက်ရှိနည်းပညာနှင့်လုပ်နိုင်သောအရာမဟုတ်ပေ။ နောက်နှစ် ၅၀ လောက်မှ ဒီလိုနည်းပညာမျိုးထွက်ကောင်းထွက်လာမည်။
ထို့ကြောင့် လောလောဆယ် အရောင်ပြောင်းပစ္စည်းကိုသုတေသနလုပ်နေသည်။
ပတ်ဝန်းကျင်လိုက်ပြီးအရောင်ပြောင်းနိုင်သရွေ့ အောင်မြင်သည်ဟုယူဆနိုင်သည်။ ဒီအတွက် ပုတ်သင်ညို၏အရောင်ပြောင်းသီအိုရီကိုလည်း ယူသုံးထားသည်။
သို့သော် ဒီလိုအရောင်ပြောင်းနည်းမှာ အားနည်းချက်ရှိသေးသည်။ ပထမအချက်၊ အရောင်ပြောင်းနှေးသည်။ ဒုတိယအချက်၊ အပြည့်အဝအရောင်ပြောင်းခြင်းမဟုတ်။ တစ်ခါတလေ အရောင်ပြောင်းခြင်းက ပုန်းကွယ်ရန်ဖြစ်သည်။ အပြည့်အဝမပြောင်းပါက ပိုသိသာနေမည်။